နွားပျောက်တဲ့ည

ခေါင်းထောင်ကြည့်သည်။

“ဖျန်း၊ ရှီး၊ ဖောင်း၊ ဖုန်း၊ ဖုန်း၊ ဖုန်း၊ ဖျန်း၊ ရှီး၊ ဖောင်း”

အသံတို့အောက်တွင် ဖွတ်ကြီး အသက်ပျောက်သွားသည်။

ဖွတ်ကြီး စားကျင်းဝပ်ရာကျင်းကို ဝိုင်းဝန်းကြည့်ရာမှ သူတို့မမျှော်လင့်သော ပစ္စည်းတစ်ခုအပါအဝင် အခြားအရာများလည်း တွေ့ခဲ့သည်။

ထိုအရာများကား တောင်ဆုပ်ခန့်ရှိသော ဗုံးဆန်ကြီး၊ အချို့က အမြောက်ဆန် မော်တာဆန်ကြီး၊ အချို့က မီးလောင်ဗုံးကြီးဟု ငြင်းခုံကြသော၊ မပေါက်ကွဲသေးသည့် ဗုံး သို့မဟုတ် ကျည်ဆန်ကြီးတစ်ခု၊ နာနတ်သီးလိုလို ဗုံးတစ်ခု၊ မပစ်ရသေးသော ကျည်ဆန် လေး ငါးတောင့်။

ဖွတ်စားကျင်း အစပေါ်ရာမှ တူးရင်းတူးရင်း တွေ့ လာသော ပစ္စည်းများဆက်မတူးဝံ့ကြဘဲ ဉာဏ်ကွန့်မြူးကြသည်။

“ဘယ်တိုက်ပွဲက ကျန်ခဲ့ပြီး ဘယ်သူက ထားခဲ့မှန်းလဲ မသိဘူး။ တို့က ယူပြီး အပ်ရင် ဝှက်ထားတာဆိုရင် တို့အချောင် အသတ်ခံရမယ်။ တွေ့တာကို မယုံကြည်ဘဲ ဘယ်ကရသလဲ၊ ဒီထက်မက ရှိရမယ် ပေးဆို လည်း တို့အခက်အခဲ ဖြစ်မယ်၊ ဒီတော့ တို့လက်စဖျောက်မှဖြစ်မယ်”

“ဘယ့်နှယ်လုပ် လက်စဖျောက်မလဲ၊ ဗုံးတွေ ကျည်ဆန်တွေ၊ တို့တော့ မယူဝံ့ဘူး”

“လွယ်ပါတယ်ကွာ၊ မီးရှို့ပစ်မှာပေါ့”

“ဗုံးနဲ့ ကျည်ဆန်တွေ မီးရှို့တော့ မင့်အဖေတွေက ပေါက်လို့ကွဲလို့ သေကုန်မှာပေါ့”

“ခု ဘာလေ တိုက်နေသလဲ”

“တောင်လေ လကွာ”

“ဝါး သုံး လေးရိုက်လောက် ဝေးအောင် အမှိုက်ချင်း ဆက်ပုံမယ်၊ သူတို့အပေါ် အမှိုက်ပုံကြီးကြီးပုံမယ်၊ မင်းတို့က ဟိုအဝေးမှာရှိတဲ့ ဖောင်းစပင်နဲ့ လိန်ပင်၊ ထိန်ပင်တော အရင်သွားပုန်း၊ ငါက တောင်အဆုံးက အမှိုက်ပုံတန်း မီးစရှို့ပြီးမှ မင်းတို့ဆီ ပြေးခဲ့မယ်၊ လုပ်ရဲလား”

“လုပ်ဟာ၊ သူများ ဗျောက်တောင် ဝယ်ဖောက်နေရသေးတာပဲ၊ ဗျောက်အိုးထက်တော့ မြည်မှာပဲ၊ နောင်လည်းပေါက်မှာ ကွဲမှာ၊ နွားတွေ နင်းမိမှာ မစိုးရိမ်ရဘူး”

အမှိုက်တန်း ဝိုင်းဝန်းပုံ၊ အမှိုက်ကို ဗုံးဆန်နှင့် ကျည်ဆန်ပေါ် စုအုံကာ မီးရှို့သူ ငတောက်ကလွဲ၍ ကျန်သူများက ပြေးပုန်းကြသည်။

ငတောက်က မြက်ခြောက်များထပ်စုပြီး နတ်သမီး မီးခြစ်ထုတ်ကာ မီးခြစ်သည်။ လေတဖြူးဖြူး တိုက်နေရာ မီးခြစ်တစ်ဆန်ဖြင့် မီးရှို့မရ၊ လေးခါ ငါးခါ ပြန်၍ မီးခြစ်မှ မီးစတင်စွဲသည်။ စွဲသောမီးကို လေတဖြူးဖြူးက ပင့်ပေးရာ ဝါး လေး ငါးရိုက် ရှည်သော အမှိုက်တန်းကြီးအလိုက် မီးတောက်က ပြေးလွှားပြီး ပင်မ အမှိုက်ပုံကြီး စွဲလောင်သည်။ ထိုအချိန်၌ ငတောက်သည် ရှေ့လူအုပ်ရှိရာ သစ်ပင်ကြီးအကွယ် ဝေးကွာရာသို့ ရောက်နေပြီ။

ကြီးမားသော မီးတောက်ကြီး ပြင်းပြင်းထန်ထန် တောက်လောင်လာချိန်၌ “ဝုန်း၊ အုန်း၊ ဖောင်း၊ ဖောင်း၊ ဖျောင်း၊ အိမ်း” ဟူသော မြေတုန်ခမန်း အသံတို့က တစ်တောလုံး ညံသွားသည်။ သမင်၊ ဒရယ်၊ ချေများ တောလန့်သံ၊ ကျေးငှက်မျိုးစုံ တောလန့်အော်သံတို့ ဆူဆူညံညံ ထွက်ပေါ်လာပြီး ကျောင်းနေသော နွားအုပ်မှ နွားများလည်း ကြောက်လန့်ကာ ပြေးမိပြေးရာ ပြေးကြသည်။

အချို့ နွားအုပ်က ခေါင်းဦးတည်မိရာ အရပ်ပြေးသည်။ အချို့ နွားအုပ်က ရွာဆီ ဦးတည်ပြေးသည်။ နွားကျောင်းသားများမှာ ကိုယ့်သေတွင်းကိုယ်တူး မဖြစ်စေရန် လွတ်ရာကျွတ်ရာ ပုန်းရှောင်နေသဖြင့် နွားအုပ်ကို သတိမထားနိုင်။ သူတို့ သတိထားနိုင်သော အချိန်တွင် ငတောက် နွားသိုး ငကျင် နွားမဒန်းနှင့် ငပိုင် နွားသိုးဖျန်းတို့ ရှာမတွေ့တော့။

ရွာပြန်သည်ထင်၍ ရွာလိုက်ရှာလည်း ရွာမှာမတွေ့ ၊ တောရှိမည်ထင်၍ တောမှာရှာလည်း တောမှာ မတွေ့ ။ နွားရိုင်းသွင်းချိန် ရွာပြန်ချိန် ခြံအဝင် နွားမပါသောအခါ နွားပျောက်သတ်မှတ်ရတော့သည်။

နွားပျောက်သတ်မှတ်ပါက ရွာထုံးစံအရ နီးစပ်ရာ ရွာများရှိ နွားခြံ နှင့် နွားအုပ်များဆီ မြင်းဖြင့် လူလွှတ်ရသည်။ ရှေ့နောက်တောင်မြောက် လေးစု လေးဖွဲ့ခွဲကာ ညတွင်းချင်း နွားရှာထွက်ရသည်။

နွားကျောင်းသား ခေါင်းဆောင်သုံးဦးက အရေးပေါ်အမိန့် အပြတ်ထုတ်သည်။

မည်သည့်နွားကျောင်းသားမှ ဗုံးဆန် ကျည်ဆန် မီးဖုတ်၍ နွားလန့်ပြေးသည်ဟု ရွာထဲမပြောရ၊ ပြောက ဂျပန်တီး ဆယ့်နှစ်ချက်တီးမည်။ နောက်ရက်မှ ရွာကလူကြီးများသိ၍ မေးလျှင် တောလိုက်သမား များက မီးရှို့သွားသည်ဟု ပြောရမည်။

အမိန့်မထုတ်၍မရ၊ ဗုံးကျည်ဆန်ကို အလွန်ကြောက်တတ်သော လူကြီးမိဘများသည် မီးဖုတ်သည်ကို သိက ကြီးကြီးငယ်ငယ် ဘယ်နွားကျောင်းသားကိုမှ ချမ်းသာပေးမည် မဟုတ်။

“ဒီလောက် သေမင်းငင်ရသလား၊ လက်ကမြင်းရသလား၊ ဆတ်ဆော့ရသလား”

ဟုမေးကာ ကြိမ်နကဲဖြင့် ရိုက်နှက်ဆုံးမခံရမည်။

ကိုယ့်ရှူးကိုယ်ပတ်၊ ကိုယ့်အတတ်နှင့်ကိုယ်စူးသော ဉာဏ်ကြီးရှင် ငတောက်၊ ငပိုင်၊ ငကျင်နှင့် ငကြည်၊ ငကျော်တို့ငါးယောက်မှာ ရွာအနောက် စူးစူးတောများသို့ နွားပျောက်ရှာ တာဝန်ကျသည်။

ဓားရှည်များ၊ ဓားလှံများနှင့် လောက်လေးနှစ်လက်၊ ဘတ်ခွသုံးလက်ပါသော ငတောက်ခေါင်းဆောင်သည့် နွားပျောက်ရှာအဖွဲ့တို့ အနောက်တောသို့ တိုးသည့်အချိန်၌ ညဦးပိုင်းရောက်နေပြီ။ သုံးရက်လ ခုံးမျက်စသည် သူတတ်နိုင်သမျှ အင်အားလေးဖြင့် ရွှန်းမြမြသာနေပြီ။

ညဘက် နွားပျောက်ရှာရာတွင် နွားချူသံနှင့် ခလောက်သံ၊ နွားချုံတိုးသံ နွားအော်သံ၊ နွားသွားလာ၍ ညဉ့်ငှက်လန့်ပျံသံတို့ကို သင်္ကေတထား ရှာရမှန်း နွားပျောက်ရှာနေကြသော ငတောက်တို့ တစ်ဖွဲ့လုံး သိသည်။

တောကို မကြောက်၊ တောကို မစိမ်းသော်လည်း မြွေကြီး မြွေလတ် မြွေငယ်ပေါင်းစုံတို့က ပွဲတော်ကွင်း၌ ကလေးများပီပီ မှတ်သကဲ့သို့ တရွှီးရွှီး တတွဲတွဲ လုပ်နေသောအခါ ရှေ့ခြေချရန်ပင် ခပ်ခက်ခက်။

ခက်ပင်ခက်ငြားသော်လည်း ငတောက်တို့သည် ကိုယ်ဖော်သည့်ဆေး ကိုယ်သောက်ရသူပမာ မငြင်းဝံ့
မညည်းဝံ့နွားတစ်ကောင်လျှင် သုံးလေးရာကျပ်မက တန်သောအခါ ပျောက်လိုက်လျှင် ဆုံးရှုံးနစ်နာမှ မနည်း။

တောကို တိုးရင်း တိုးရင်း သမင်သွင်ချောင် လျှိုမြောင်အနီးသို့ ရောက်မှန်းမသိ ရောက်လာသည်။

သမင်သွင်းချောင် လျှိုမြောင်သည် တောင်မြောက်တန်းတန်း ရှိနေသော လျှိုမြောင်။ ဝါးလေးငါးပြန်မက ကျယ်ဝန်းပြီး မိုးတွင်းအခါ၌ ရေကြောင်းစီးဆင်းသော နေရာ။

မြောက်အစကကျယ်ပြီး တောင်အဆုံး၌ ကျဉ်းကျဉ်းသွားရာ သမင်ချောက်၊ သမင်လိုက်သူများ အားကိုးရာ လျှိုမြောင်၊ မြောက်အဝင်ဝ ရောက်အောင် သမင်ချောင်သွင်းတောင်အဆုံး အဝအနီး၌ ပိုက်စောင့်ထောင်ပါက သမင်အရအမိများသော လျှိုမြောင်ဖြစ်ရာ သမင်သမားကလည်း သဘောခပ်ကျကျ။

ဝဲယာ၌ သက်ရင့် အညာဒေသပေါက် အပင်ကြီးမှာ၊ အပင်ကြီးများပေါ် နွယ်တက်နေသော နဘူး၊ နပဲ၊ မိုးနှံချုံကြီးများက သစ်ကြီးဝါးကြီးများထိပ်၌ တလွင့်တလူလူ။

ဆရာကြီးရွှေဥဒေါင်း ရေးသားခဲ့ဖူးသော လူများ ပုန်းအောင်းနိုင်သော ချုံကြီးများ၊ ဆရာကြီးသော်တာဆွေ အံ့သြခဲ့သော လူပုန်းအောင်းနိုင်သော ချုံကြီးများမှာ ထိုသို့သော ချုံကြီးများပင်။

နဘူး၊ နပဲ၊ မိုးနှံချုံတို့၏ သဘာဝက အမှီမရှိလျှင်မြေပြင်ပေါ် ပြားကျသွားပြီး မြေလျှောက်ကာ ဝါးအပြန်များစွာ ရှည်ထွက်သော ချုံပင်မျိုး။ အမှီရှိက ဝါးဆယ့်လေးငါးခြောက်ပြန်မြင့်သော သက်ရင့်နှစ်ရှည် နှစ်ကြာပင်ဖြစ်စေ၊ ခေါင်းအရောက်တက်ကာ စိုစိမ်းညိုမှောင်ကာ ခေါင်းတထောင်ထောင်။

ထူထပ်သော ချုံနွယ်ပိတ်ပေါင်း၊ လက်ချင်းယှက်ခမန်း ပေါက်ရောက်နေသော အညာသဘာဝ ပေါက်ပင်ကြီးများ ဝန်းရံထားသည့် သမင်သွင်းချောင် လျှိုမြောင်အနီးသို့ ငတောက်တို့ ငါးယောက်အဖွဲ့ ရောက်သောအခါ ဝေါဝေါ ဝေါဝေါ၊ ဝူးဝူး ဝူးဝူးနှင့် တောလှန့်သံတို့ကို စတင်ကြားရသည်။

ထိုသံများကြားရပြီး ရှေ့ဆက် နောက်ဆက်ပင်လျှင် လူစုလူဝေးသံ အုပ်အုပ် အုပ်အုပ် ရုတ်ရုတ် ရုတ်ရုတ် လှုပ်လှုပ် လှုပ်လှုပ် အသံများကို ကြားရသည်။

တောလှန့်သံ၊ လူစုလူဝေးသံများ ကြားပြီးနောက်တွင် ဒုတ် … ဒုတ်ခနဲ ဓားခုတ်သံများ၊ ဖုန်း… ဖုန်း
အုန်း … ဗုန်းခနဲ လဲကျသံများကို အားလုံး ကြားကြရသည်မှာ ကျယ်ကျယ်လောင်လောင်၊ ပီပီသသ၊ နီးနီးကပ်ကပ်၊ သေသေချာချာ။

ငါးဦးစလုံး တန့်ခနဲရပ်သည်။ ထွန်းလာသော မီးပုံးထဲမှ မီးခွက်မှုတ်၊ ပါလာသော တုတ်မီး(လက်နှိပ်မီး) အထိုးရပ်ကာ အခြေအနေကို နားစွင့် အကဲခတ်ကာ ဝန်းကျင်ဝဲယာ ကြည့်ကြသည်။

ဝေါဝေါ ဝူးဝူး အသံများက မရပ်မစဲ။

လူစု ရုတ်ရုတ်အုတ်အုတ် အသံများက ပေါ်ထွက်မြဲ။ ဝုန်း၊ ဘုန်းအသံနှင့် ဒုတ်ခနဲ၊ ဒုတ်ခနဲ အသံက ဝန်းကျင်ကို ထိုးဖောက်လွှမ်းမိုးလာဆဲ။

“ငတောက်”

“ဟေ ငကျင်”

“တို့နွားတွေတော့ လက်လွန်ကုန်ပြီ ထင်တယ်”

“အသံအလိုကတော့ နွားထုသံ၊ နွားလဲသံ၊ နွားဖျက်သံ၊ ခုတ်သံ၊ ထစ်သံပဲ”

“ရှူး တိုးတိုးကွ၊ လူအုပ်က အတော်ကြီးများတဲ့ သဘောကွ “

“ခေတ်ပျက်ဟ၊ မငြိမ်မသက်ကာလ၊ ဒီဘက်က နွားခိုးဓားပြတိုက်၊ ဟိုဘက်ရောက်ပျောက်၊ ဟိုဘက်က နွားခိုးလုယက်၊ ဒီဘက်ရောက်ပျောက်၊ ကြားကာလဟ၊ လွယ်တော့ သူကြွယ်တောင် ခိုးဖြစ်မှာ”

“ဘယ့်နှယ် လုပ်ကြမလဲ”

“နွားခိုးအဖွဲ့ကို ဝင်ခုတ်ရ၊ ထစ်ရ၊ သတ်ရ၊ ဖြတ်ရဖို့က ဝန်လေးစရာ မဟုတ်ဘူး၊ သူသေကိုယ်သေ တွယ်ရုံပဲ၊ မှန်းမရတာက သူတို့လူအင်အားနဲ့ သေနတ်ပါမပါ၊ ငါးယောက်နဲ့ ဆယ်ယောက်ဖြစ်ဦး၊ တို့ကြောက်စရာမဟုတ်ဘူး၊ လူအဆမတန်အင်အားကွာမှာနဲ့ သေနတ်ပါမှာက မတွက်လို့ မရဘူး”

“ဒါဖြင့် တို့လှည့်ပြန်ပြီး သူကြီးနဲ့ရွာက ကာကွယ်ရေးတွေ သွားစုမလား၊ သူကြီးမှာ နှစ်လုံးပြူးရှိတယ်၊ ရွာကာကွယ်ရေးတွေမှာ ဒူးလေးတွေ မြားတွေ ရှိတယ်”

“ဒီလို လုပ်ရအောင်ကွာ၊ တို့ သန်းပင်ကြီးပေါ်ကနေ ချောင်းကြည့်မယ်။ သန်းပင်ကြီးအပေါ်က ချောင်းကြည့်ရင် လျှိုမြှောင်အတွင်းက မြင်ကွင်းသိမယ်၊ လူအင်အားနဲ့ လက်နက်သိမယ်။ ငါပြောတာ အားလုံးသဘောတူရင် သန်းပင်ကြီးအပေါ်ကို တက်ကြစို့”

“တက်ကွာ ယှဉ်နိုင်တဲ့အင်အားဆိုရင် ဝင်ခုတ်ထစ်ရုံပဲ၊ လလည်းသာ နေတာပဲ။ လှမ်းကြည့်ရင် နေ့လိုမြင်နိုင်တာပဲ။ တက်ဆို မြန်မြန်တက် ကွာ”

ငတောက်တို့ ငါးဦးအဖွဲ့သည် သန်းပင်ကြီးအပေါ် တက်ရောက်ပြီး လျှိုမြှောင်ဘက်လှည့်သည့် ကိုင်းဖျားအထိ ခက်ခက်ခဲခဲ လျှောက်ခဲ့ကြသည်။

နေ့ခင်းပမာ ထွန်းလင်းကြည်သာနေသော လရောင်။

လျှိုမြှောင်အတွင်းမှ မြင်ကွင်းက ပီပီသသ၊ ထင်ထင်ရှားရှား။ နွားတစ်ကောင်ကို သတ်ပြီး အရေခွံခွာပြီး၊ ခြေလက်တို့ကို အပေါ် ထောင်ကာ ဗိုက်ခွဲ၍ ဝမ်းတွင်းကလီစာမြုံ ထုတ်နေ၏။ ကလီစာမြုံကို လူတစ်စုအားပေး၍ ကျန်လူစုက အသားဖျက်ယူရန် တက်ညီလက်ညီ ခုတ်နေသည်။

ကျန်လူစုက နွားတစ်ကောင်ကို ပုဆိန်ဖြင့် တစ်ချက်ပြီးတစ်ချက် ထုရာ နွားလဲကျသွားသည်။ လဲကျသွားသော နွားကို ပုဆိန်ဖြင့် ထပ်ထုပြီး အရေခွံကို စတင်ခွာသည်။

အသားဖျက်သူ၊ ဝမ်းတွင်းကလီစာမြုံကိုင်သူ၊ လဲကျစနွား အရေခွံ ခွာသူဖြင့် လူအုပ်စုများမှများ။ နွားနှစ်ကောင်ဘေးတွင် ချည်ကြိုး၊ အပိုကြိုး များ ချည်နှောင်ထားပြီး သတ်ရန် ကျန်သေးသည့် နွားတစ်ကောင်က အတင်းရုန်းကန်နေသော်လည်း ရုန်းမရ၊ ကန်မရ။

လူရေတွက်ကြည့်သောအခါ လူငါးဆယ် ကျော်နေသေးသည်၊

အရပ်လေးမျက်နှာ ကင်းစောင့်သူ လက်ထဲ၌ သေနတ်တော့မပါ၊ ဒူးလေးများ၊ မြားများ၊ လောက်လေးလောက်လွှဲများ ပါသည်။

ငတောက် အချက်ပေးသံက ပြန်ဆင်းရန် အချက်ပေးသံ။

ငပိုင်၊ ငကျင်၊ ငကြည်နှင့် ငကျော်တို့က နားလည်သည်။ ငတောက်ဆင်းသောအခါ သူတို့လည်း ကျွမ်းကျွမ်းကျင်ကျင်ဆင်းသည်။ သန်းပင်ရိပ်အခြေဆုံမိမှ ငတောက်က စကားစသည်။

“ငပိုင်၊ ငကျင်၊ ငကြည်နဲ့ ငကျော် တို့ဘာလုပ်ရင် ကောင်းမလဲ”

ပထမဦးဆုံး အဖြေပေးသူက ငပိုင်။

“ဒါ ရွာကို သက်သက်စော်ကားတာပဲကွ၊ ဒီအတိုင်း ငုံ့ခံလို့ ဖြစ်မလား”

“ဟုတ်တယ် ငပိုင် ပြောသလို တို့ချရမယ်”

ဒုတိယ အဖြေပေးသူက ငကျင်။

ငကြည်နဲ့ ငကျော်ကလည်း မခံချင်စိတ် တဖွားဖွား၊ ခုတ်ချင်ထစ်ချင်သည်။

“တို့ စိတ်လိုက်မာန်ပါ ဝင်ခုတ်လို့ မနိုင်လောက်ဘူး ငကြည်နဲ့ ငကျော်၊ ရွာကို ဒုန်းပြေးမယ်၊ သူကြီးနဲ့ ရွာသားတွေ ပြေးခေါ်ပြီးမှ သူသေ ကိုယ်သေ ဝင်ခုတ်ထိုးရုံပဲ”

“ကြာတယ်ကွာ၊ သူကြီးဆီသွားမယ်၊ ပြေးမယ်ကွာ၊ မောလိုက် နားလိုက် ပြေးလိုက်ပေါ့ ”

ငတောက်တို့ အဖွဲ့သားအားလုံး မခံချင်စိတ်ကြောင့် မြွေမကြောက်၊ ကင်းမကြောက်၊ ရွာရှိရာသို့ ဒုန်းပြေးကြသည်။

ကံအားလျှော်စွာ ဘာမြွေမှမကိုက်၊ သူကြီးအိမ် သူတို့ အမောတကော ပြေးဝင်ချိန်၌ အရှေ့အရပ်နှင့် တောင်အရပ်သို့ လူစုခွဲ နွားရှာသွားသူတို့ ပြန်ရောက်နှင့်ပြီ။ နွား မတွေ့ခဲ့ကြောင်း သူကြီးမင်းအား အစီရင်ခံနေသည်။

မြင်းသမားများလည်း စောစောက ရွာပြန်ရောက်လာပြီး သူတို့ သွားရှာသည့် ရွာများ၌ နွားမတွေ့ခဲ့ ကြောင်း သတင်းပို့ သွားခဲ့ပြီးပြီ။

သူကြီးမင်းက ငတောက်တို့အဖွဲ့ ပြေးဝင် လာကတည်းက တစ်စုံတစ်ခု ထူးခြားမှုတွေ့ခဲ့ပြီဟု သဘောပေါက်သည်။

“ဟဲ့၊ ငတောက်၊ ငပိုင်၊ ငကျင်၊ ငကြည်နဲ့ ငကျော် နင်တို့ ဘာဖြစ်လာကြသလဲ”

“နွား… နွားတွေကို သတ်… သတ်နေတယ်၊ နှစ်ကောင် ကိုင်နေ ဖျက်နေပြီ”

“ဟေ ခေတ်မကောင်းတာ မကောင်းတာပဲဟ၊ ရွာနီးချင်းချင်း ဘယ် ဒီလို စည်းဖောက်လို့ ကောင်းပါ့မလဲ၊ ရွာသားဒလံ ပါသေးလား၊ မင်းတို့က တစ်ခါတည်း မဖမ်းခဲ့ဘူးလား၊ တို့ရွာသားဖြစ်ပြီး ဒီလောက် သတ္တိကြောင်ရသလား၊ ဝင်လုံး ဝင်ခုတ် ဝင်ထိုးပါလား”

“သူကြီးမင်း ခင်ဗျား၊ ကင်းက လေးမျက်နှာ ချထားပါတယ်၊ လေးဒူးတွေ၊ မြားတွေနဲ့ခင်ဗျ၊ လူအုပ်ကလည်း ငါးဆယ်လောက် ရှိတယ်ခင်ဗျ”

“ဟေ ဟုတ်လား ကောင်လေးတွေရာ၊ နွားခိုးတာပဲ လေးငါးယောက်တောင် များလှပါပြီ၊ နင်တို့ဟာ ဒီလောက် လူများမှတော့ ကြောက်ကြောက်နဲ့ ရမ်းသမ်း ခန့်မှန်းပြောတာများလား၊ မျက်စိများ မှားသလား”

“ငါးယောက်စလုံး မျက်မြင်ပါ သူကြီးမင်းခင်ဗျား၊ မြန်မြန်လူစု ဖမ်းပါ”

“ဟ… လက်နက်ကိုင် တပ်ဖွဲ့တွေသာ ငါမလှန်ဝံ့တာ၊ သူခိုးဓားပြလောက်ကတော့ ငါလည်း သူကြီးပဲ၊ ငါ့ရွာသူရွာသားတွေအတွက် ရှေ့က အသေခံ လုပ်ရမှာပေါ့၊ မောင်းထု လူစုကွာ၊ အရှေ့ကင်း အနောက်ကင်း သံချောင်းခေါက်ကွာ၊ မြောက်အရပ် နွားပျောက်ရှာသွားတဲ့ လူတွေ စောင့်မနေနဲ့၊ တုတ်နိုင် ဓားနိုင် လှံနိုင် ဘတ်ခွပစ်တတ်သူမှန်သမျှ အကုန်လိုက်ဖို့ ဆင့်ဆိုထုတ်ကွာ၊ ငါလည်း နှလုံးပြူး စမ်းရတာပေါ့၊ အသာတကြည်အဖမ်းမခံရင် အကုန်ပစ်ချိုးမယ်၊ ကြာတယ်ကွာ၊ ရွာဆော် မယ်ဒလင်မောင်စိန် မောင်းထု။
ငတောက်တို့က ကင်းသံချောင်းတွေဆီ သွားပြော၊ လူစုံရင် ချက်ချင်းထွက်မယ်။

သူကြီးမင်းက အစီအစဉ် ချက်ချင်းလုပ်သည်။

ပထမ ရှေ့သွားအနေဖြင့် သူနှင့် ရွာသားတစ်ရာကျော်တို့က သမင်သွင်းချောင်လျှိုမြောင်သို့ မရောက်မီ အထိသာ မီးပုံး၊ တုတ်မီး (လက်နှိပ်မီး) ထိုးသွားမည်၊ နီးလာက မီးထိုးရပ်၊ အကဲခတ်ကာ လူအုပ်ကို လက်ရဖမ်းမည်။

သူတို့လူအုပ် ထွက်သွားပြီး တစ်နာရီတိတိ အကြာ၌ နောက်မှ လိုက်လာရမည့် ဆယ်အိမ်ခေါင်းနှင့် လူငါးဆယ်အဖွဲ့က မီးတုတ် မီးတိုင်များထွန်း အသိပေး လာခဲ့ရမည်၊ လူမှား မပစ်ခတ်မိစေရန် မီးမပါဘဲ မလာရ၊ တစ်ဦး နှစ်ဦးဖြင့် လူခွဲ နောက်ကလိုက်မလာရ။

ရွာချစ်စိတ် နွားသတ်စားသည်ဟူသော မခံချင်စိတ်ကြောင့် လိုက်လိုသူ ရွာသားအင်အား အများအပြား။ တစ်ရွာလုံးလည်း မအိပ်ကြတော့ဘဲ တလှုပ်လှုပ်၊ တအုတ်အုတ်၊ ဘုန်းကြီးကျောင်း သွားအိပ်သော ကာလသားပေါက်တို့ကို ဝင်ခေါ်ရာမှ ကျောင်းရှိ ရဟန်းသံဃာသာမက ဖိုးသူတော် ကပ္ပိယ အထိ သိသွားကြသည်။

ပိန္နဲတောရွာနှင့် ၂ တိုင် (၄ မိုင်) ဝေးသော သရက်တောရွာမှ လာ၍ ပိန္နဲတောကျောင်း၌ ဒုလ္လဘ ကိုရင် ဝတ်နေသော ကိုရင်ချောက်စောင်းလည်း ထိုကိစ္စ သိသွားသည်။ ကိုရင်ချောက်စောင်းသည် သမင်သွင်းချောင်လျှိုမြောင် အနီး၌ရှိသော သနပ်ခါးတော ပိုင်ရှင် ကိုချောက်စောင်း။

တောင်သူလည်းလုပ်၊ သနပ်ခါးလည်းစိုက်၊ တောကောင်အစုံ လိုက်ခဲ့သော ရွာမုဆိုးတစ်ဦး၊ ယခုမှ သံဝေဂရကာ ရဟန်း၀တ်ရန် ကိုရင်ကြီးဘဝဖြင့် အစပျိုး နေသူ။ သူသည် သူ့တောအနီးမှ သတင်းကြား၍ စိတ်လှုပ်လှုပ်ရှားရှား၊ နောက် လူအုပ်သွားက လိုက်ခွင့်ပြုပါရန် သူ့ဆရာတော်အား လျှောက်ထား ရာ လိုက်ခွင့်ပေးသည်။

ထိုအချိန်တွင် သူကြီးမင်းနှင့် ရွာသားတစ်ရာအဖွဲ့သည် လျှိုမြှောင်၏ အဝင်ပေါက် အထွက်ပေါက်၊ အစအဆုံးကို လူတစ်ဝက်စီ ဖြန့်ခွဲကာ ရုတ်တရက် ပိတ်ဆို့လိုက်သည်။ နှစ်ဖွဲ့ မျက်နှာချင်းဆိုင်လာပြီး ဆုံမိသော နေရာမှ ရပ်တန့်ရန်နှင့် နွားခိုးနွားသတ်သမားများ တွေ့ လာပါက အချက်ပေး ဝိုင်းဝန်းဖမ်းဆီးရန် ညှိနှိုင်းပြီး လျှိုမြှောင်အတွင်း ဇွတ်ဝင်ဇွတ်တိုး မီးဝင်းထိန်နေအောင်ထိုးလျက် ဒုန်းပြေး ဒုန်းရှာ ဒုန်းဝင်သည်။

သမင်များ၊ ဒရယ်များ၊ ချေများ၊ တောခွေးအများသာမက လူအင်အား၊ မီးအင်အား များပြားလွန်းရာ ကြောက်လန့်ပြီး မြွေများကပါ ထွက်ပြေးကြသည်။

အဖွဲ့နှစ်ဖွဲ့ မျက်နှာချင်းဆိုင်သာ ဆုံစည်းမိသွားသည်။ မည်သည့် နွားခိုး နွားသတ်သမားမှ မတွေ့ ။

လူမတွေ့ နှင့်ဦး၊ နာရီပိုင်းအတွင်းကမှ သတ်ဖျက်ထားသော နွားသွေး၊ နွားအရေ၊ နွားအရိုး၊ နွားအညစ်အကြေး၊ အရိအရွဲ တွေ့ရမည်ဟူသော မျှော်လင့်ချက်ဖြင့် လူအားလုံး ပတ်ပတ်ရှာလည်း ဘာနွားသွေး၊ နွားအရေ၊ နွားအရိုးမှ မတွေ့ ။

ငတောက်တို့ တက်ကြည့်ခဲ့သော သဖန်းပင်ပေါ် ပြန်တက်ခိုင်းပြီး နေရာခန့်မှန်းခိုင်းရာ နေရာမလွဲ၊ သည်လျှိုမြှောင်၊ သည်နေရာ၊ သည်တောမှ သည်တော။

စတင်ပြောကြားလာသူ ငါးဦးစရိုက်လက္ခဏာကို သူကြီးမင်း ဓာတ်သိပတ်သိ အတွင်းသိ၊ မလိမ်တတ်၊ မညာတတ်၊ မပတ်တတ်၊ မဖြီးဖျန်းတတ်၊ မသောက်မစားတတ်၊ ပျက်ချော်ချော် မလုပ်တတ်၊ ဒီငတောက်ပါ ငါးဦးပြောစကားနှင့် လက်တွေ့ က ဘာကြောင့်များ ကွာခြားပါသလဲ၊ သူကြီးရော လိုက်လာသူများရော မတွေးတတ်၊ မပြောတတ်၊ တွေ့လို တွေ့ငြား အခြားဘက် ထွက်သော လူအုပ်ခြေရာ၊ နွားခြေရာ ရှာခိုင်းလည်း ဘာဆိုဘာမှ မတွေ့။

ရွာဘက်ဆီမှ မီးတုတ်၊ မီးတိုင်များကို ကိုင်၍ လူအုပ်ကြီးတက်လာသည်အထိ သူကြီးမင်းတို့ အဖွဲ့က လျှိုထဲ မြှောင်ထဲ အဖြေရှာဆဲ၊ ပတ်ပတ် ရှာဆဲ၊ ရွာမှလာသော ဆယ်အိမ်ခေါင်းဦးမျှင်က မြောက်အရပ်သို့ ရွာမှ နွားသွားရှာသောအဖွဲ့ ပြန်လာကြောင်း၊ ဗုံးသံသေနတ်သံ လန့်ပြေးကြသော ပျောက်သွားသည့် နွားအားလုံး ပြန်ရလာကြောင်း၊ ရွာနွားခြံထဲ ထည့်ပြီး ဖြစ်ကြောင်း သူကြီးမင်းအား တင်ပြအစီရင်ခံနေသည်။

“ငမျှင်ရ နင်တို့နွားတွေ ပြန်ရပြီဆိုတော့ ငါဝမ်းသာမဆုံးပေါ့ဟာ၊ ဒီမှာတော့ တို့အဖြစ်က ငိုရအခက်၊ ရယ်ရအခက်ကွ၊ ခက်လိုက်တာကွာ”

သူကြီးမင်းကနောက်မှ လိုက်လာသူ ဆယ်အိမ်ခေါင်းဦးမျှင်နှင့်အဖွဲ့အား အကျိုးအကြောင်း ပြောပြသည်။ ဦးမျှင်နှင့် နောက်မှလိုက်လာသူများက ပါးစပ်ဟောင်းလောင်း၊ ပါးစပ်ဟောင်းလောင်းဖြစ်အောင် မအံ့သြဘဲ စကားဝင်ပြောသူက ကိုရင်ချောက်စောင်း။

“မအံ့သြနဲ့ သူကြီး၊ ကျုပ်လည်း အဲဒါ မြင်ပြီးကတည်းက လန့်ပြီး ကိုရင်ကြီးဝတ်ဖြစ်တာပဲ”

သူကြီးက ဒုလ္လဘကိုရင်ကြီးကို ကြည့်၏။

“ကျုပ်တို့က ဒရယ်ထောင်တာ သူကြီး၊ အဲဒီညမှာ ခု သူကြီးရွာက လူငယ်တွေ မြင်သလို ကျုပ်တို့ တစ်ဖွဲ့လုံး မြင်ခဲ့ဖူးတာပဲ၊ သူကြီးတို့ရွာက ၂ တိုင်ဝေးတော့ ညညမှာ ဒီဘက် မရောက်ဖူးကြလို့နေမှာ၊ ကျုပ်တို့ကတော့ ဒီတောမှာနေတော့ သူများတွေ့ဖူးတယ်ဆိုတော့ မယုံဘူး။ ကိုယ်တွေ့လာမှ ယုံတယ် သူကြီး။ အရင်ဘဝက အကုသိုလ်ဟာ ပြိတ္တာ ဖြစ်တာတောင် အထုံအဆက်အရ အကုသိုလ် လုပ်တုန်းပဲ။

ဘယ်တော့ ကျွတ်မယ်လွတ်မယ် မှန်းဆမရဘူး၊ ဒါစဉ်းစားမိပြီး ကျုပ်လည်း ကြောက်လန့်၊ ရွာကျောင်းမှာတောင် မနေဘဲ ၂ တိုင် ဝေးတဲ့ သူကြီးတို့ ပိန္နဲတောကျောင်း ပြေးလာတာပဲ၊ ဒါတွေ့လာပြီး သူကြီးတို့ လိုက်တယ်ထင်လို့ အကျိုးအကြောင်း ပြောရအောင် ကျုပ် လိုက်လာတာပါသူကြီး။ လူစုပြီး ပြန်ကြ ရအောင် သူကြီး”

“ပျောက်တဲ့နွား ပြန်ရမှတော့ တပည့်တော် ကျေနပ်ပါပြီဘုရား၊ ကဲ.. ငါ့ရွာသားတွေ မီးထိုး၊ မီးတုတ် မီးတိုင်ညှိ၊ ရှေ့နောက် အုပ်မကွဲစေဘဲ ရွာပြန်မယ်ဟေ့”

သူကြီးမင်းနှင့် ရွာသားတို့သည် ဒုလ္လဘ ကိုရင်ချောက်စောင်းနှင့်အတူ ရွာပြန်ခဲ့ကြသည်။

– ပြီး –

စာရေးသူ – တွင်းကြီးဝမ်းမောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ