လူဝင်စား

မောင်မြကလေးကို ချစ်လိုက်တာအမော။ အဲ … ဦးဘစိန်ဇနီး မပုတို့ကလည်း သူ့ ကြင်ယာဟောင်း မြေးကလး မောင်စိန်လေးကို ထိုနည်းလည်းကောင်းပဲပေါ့ခင်ဗျာ။ ဒီကလေး တွေဟာ များသောအားဖြင့် အဘွားတွေရဲ့ ခါးထစ်ခွင်ပေါ်မှာ ကြီးကြပြီး နို့ဖြတ်တဲ့အခါဆိုရင် သူတို့အဘွားတွေနဲ့ပဲ အိပ်ကြ တော့တယ်ခင်ဗျာ။ ဒီနေရာမှာ ခင်ဗျားတို့က ဒီကလေးတွေဟာ ဘာကြောင့် လူဝင်စားများ ဖြစ် ကြတယ်ဆိုတာ သိရသလဲလို့ စောကြောချင်ကြပေလိမ့်မယ်။ ကျုပ် ပြောပါမယ်။

ဒေါ်ကြာညိုယောက်ျား ဦးမြ သေတဲ့အခါမှာ မလှချုံရဲ့သမီး မြချစ်ကလေးက အိမ်ထောင်ကျ စခင်ဗျ။ အဲ… သားဦးကလေးမွေး တော့ရင်ကလေးဟာ တော် တော်ချူချာသဗျ။ ညည ထထငို တယ်။ ဒါနဲ့ ကျုပ်တို့ တောရွာ ဓလေ့အတိုင်း နတ်ဝင်သည်ဆီမှာ ဆန်ခွက်သွားကြည့်တော့ရင် ‘‘ဒါ ဟာ လူဝင်စားပဲ၊ ဦးမြဝင်စားတာ ပဲ။ ဦးမြဝင်စားတာ၊ ခမည်းလိုလို့ ငိုတာ၊ ဘွားအေကြီးက မြေးကို ခမည်းပေးလိုက်’’လို့ အတပ်ဟော လိုက်ဆိုသကိုးဗျ။
ဒီတော့မှ ဒေါ်ကြာညိုက ဦးမြရဲ့ ကျန်ခဲ့တဲ့လက်စွပ်ကို မြေးကလေးလည်ပင်း ဆွဲပေး လိုက်သဗျ။

ဒါနဲ့ ဒီကလေး ညည အငို ရပ်သွားကောလားလို့ ခင်ဗျားက စောကြောချင်သေးတယ် မဟုတ် လား။ မှန်တယ်၊ လက်စွပ် လည် ပင်းဆွဲပေးပြီး ၄-၅ ရက်လောက် ပဲ ငိုတော့တယ်။ ဘာကြောင့်လဲ ဆိုရင် ဒီနတ်ဝင်သည်ကပဲ ဒီက လေးအတွက် ဘယ်ဘက်အရပ် က ဆရာကိုခေါ်ကုပါလို့ နတ်က ပြောတဲ့အနေနဲ့ တစ်ဆက်တည်း ဟောလိုက်သေးကိုးဗျ။ တကတဲ့ နတ်ဝင်သည်ဟောတဲ့ အရပ်မှာ ကလည်း သူငယ်နာဆရာ ဦးထိပ် ပိတ်က အသင့်ရှိနေပြီးသား။

ဒီတော့မှ သူတို့အားလုံးကပဲ ယုံကြည်သွားကြတယ်။ ဦးမြ မသေခင်တုန်းက သူ့မြေးကလေး ကို အလွန်ချစ်တာလည်း ပြန်ပြီး စမြုံ့ပြန်ကြတယ်။ ဒီမြေးမက လေးကို ဦးမြက ချစ်လွန်းလို့ပဲ မြ ချစ်ကလေးလို့ နာမည်ပေးတာပဲ တဲ့။ ကဲ…သည်တော့ သူ့မြေးသူ ချစ်လို့ သူ့မြေးဝမ်းထဲ ဝင်စား တာကို ဘယ်သံသယဖြစ်စရာလို တော့မတုံး။
အခု ဦးဘစိန်သေပြီး ဝင်စား တာလည်း ဒီနည်းဒီပုံပါပဲခင်ဗျာ။ ဦးဘစိန် မသေခင်တုန်းကလည်း ဒီမြေးမကလေးကို သိပ်ချစ်ခဲ့တာ ပါပဲ။ ဟော … ဦးဘစိန်သေပြီး တစ်နှစ်လောက်အကြာမှ မြချစ် ကလေး ဒီတတိယမြောက်သား စိန်ကလေးကို မွေးတာပဲ။

ကဲ..ပြန်ဆန်းစစ်ကြည့်စမ်း၊ မြချစ်ကလေးရဲ့ ပထမဦးဆုံးသား က မအေဘက်က ဘကြီး၊ တတိ ယသားက ဖအေဘက်က။ ဝင် စားပုံ ဝင်စားနည်းကလည်း မျှမျှ တတလည်းရှိပါပေသဗျာ။ သူ့ ဒုတိယသမီးကလေးပဲ လူဝင်စား မဟုတ်တာ။ ဒီကလေးမလေး မွေးတုန်းက သူမမွေးမီ တစ်နှစ် ပတ်လည်လောက်မှာ သူတို့ဆွေ မျိုးထဲက ထင်ထင်ရှားရှား သေ သွားတဲ့လူကလည်း မရှိဘဲကိုးဗျ။ နို့မဟုတ်ရင် ဒီကလေးမလေး လည်း လူဝင်စားပဲ ဖြစ်ရဦးမှာပဲ။ ဘာကြောင့်လဲဆိုရင် သူတို့အမျိုး က စပယ်ရှယ် လူဝင်စားတာတဲ့ ဗျ။ မလှချုံလည်းပဲ ဒေါ်ကြာညိုရဲ့ ညီမ မကြာပိုဟာ အပျိုဘဝနဲ့ သေပြီး ဝင်စားတာဆိုသကိုး။ မလှချုံအပျိုဖြစ်တော့ရင် မကြာပို သေခါနီးတုန်းကနဲ့ တယ်တူသတဲ့ ဗျာ။ ဒေါ်ကြာညိုပြောပြလေ့ရှိ တယ်။ ငါးဟင်းကြိုက်ပုံချင်း၊ ထဘီနဲ့ နှပ်သုတ်ပုံချင်းတောင် တူသတဲ့ဗျာ၊ အံ့ရော။

ကဲ … ဒီနေရာမှာ ခင်ဗျားက သူတို့ လူဝင်စားကြတာလည်း သူတို့ဆွေမျိုးထဲကချည်း လှည့်ဝင် နေကြရောလား၊ တခြားကများ ဖောက်မဝင်ကြတော့ဘူးလားလို့ စောကြောချင်စိတ် ပေါ်ကောင်း ပေါ်လိမ့်မယ်။ ကျုပ်သိသမျှပြော ရရင်ဖြင့် နှစ်ဦးဖောက်ဝင်တာကို တွေ့ရတယ်ဗျ။ တစ်ဦးက ဥစ္စာ စောင့်ဘဝက လာတာတဲ့ဗျ။ တစ် ဦးကတော့ရင် အံ့သြစရာကောင်း တယ်။ မလှချုံရဲ့ ဦးလေးအရင်း ခေါက်ခေါက်ကို သတ်ပစ်လိုက် တဲ့လူက မလှချုံရဲ့ဝမ်းထဲကို ဝင် စားတာ၊ အခုဆိုရင် အဲဒီကလေး ဟာ အပျိုတောင်ဖြစ်နေပြီ။

လူသတ်တဲ့ လူဆိုးလူမိုက် ဘဝကနေပြီး တမလွန်မှာ မိန်း ကလေးလာဖြစ်တော့ တယ်ပြီး သဘောသကာယလည်း ကောင်း သဗျ။ အလုပ်အကိုင်လည်း အင် မတန်တော်တယ်။ ဣန္ဒြေ လည်း ရှိ၊ လူကြီးတွေကိုလည်း ကြောက် ရွံ့ရိုသေတတ်သဗျ။ ဘာကြောင့် ဒီလိုဖြစ်လာသလဲဆိုတာ အောင် မယ် သူတို့မှာ ဟိုဘဝ သည်ဘဝ ဆက်ပြီး အကြောင်းအကျိုးတွေ ပြောစရာတွေကလည်း အပြည့်ပဲ ရှိသဗျ။

ကဲ … သူ့ခဏထားပြီး ဥစ္စာ စောင့်မလေး ဝင်စားတဲ့အကြောင်း ပထမ ပြောပါဦးမယ်။ ဒေါ်ကြာညို အစ်မရဲ့သမီး မလှဘုံက မွေးတာ ခင်ဗျာ့။ ဒီသူငယ်မကလေးဟာ ခြေလက်အင်္ဂါလည်း မသန်ဘူး။ စကားလည်း မပြောတတ်ဘူး။ အဆွံ့အ,အ ကလေးပဲ။ ဒါနဲ့ သူတို့မေးနေကျ နတ်ဝင်သည် ဒေါ်ရုပ်ဆိုးက ဟောတယ်။ ဥစ္စာ စောင့် ဝင်စားတာတဲ့ခင်ဗျ။ ခြေ လက် အင်္ဂါမသန်တာကတော့ လူ့ဘဝမှာပျော်ပြီး အကြာကြီး မနေ အောင်တဲ့။ စကားမပြော နိုင်တာကတော့ သူစောင့်ခဲ့ရတဲ့ သိုက်ဟာ ဘယ်မှာရှိတယ်၊ ဘယ် လို ရတနာတွေ ဘယ်လိုထား တယ်၊ ဘာကောင်တွေက စောင့် တယ်ဆိုတာတွေ လျှောက်ပြော မှာစိုးလို့တဲ့ ခင်ဗျာ့။

‘‘ဒါပေမဲ့ ကိုယ့်ရင်သွေး ကိုယ့်သားချင်းအနေနဲ့ လူလာဖြစ် နေတုန်းမှာ ညည်းတို့ကောင်း ကောင်းပြုစုကြပါ။ တစ်နေ့မှာ သူဟာ ခြေလက်အင်္ဂါသန်စွမ်း မလာဘူး၊ စကားမပြောနိုင်ဘူးလို့ ဘယ်သူမှ အတပ်မဟောနိုင်ပါ ဘူး။ နို့ပြီး သူတို့ လူသိုက်အကြီး အကဲကလည်း သူတို့ထဲက ဥစ္စာ စောင့် လူ့ဘဝရောက်လာတုန်း ကောင်းမှုကုသိုလ်ပြုဖို့ ပစ္စည်း ဥစ္စာကို တစ်နည်းနည်းနဲ့ ပို့မပေး ဘူးရယ်လို့လည်း မပြောနိုင်ဘူး သိရဲ့လား’’
အဲဒီလို ဒေါ်ရုပ်ဆိုးက ဟော လိုက်သေးတော့ အောင်မယ် သူ တို့ဆွေမျိုးတစ်သိုက်ဟာ ဒီဒုက္ခိ တမကလေးအပေါ်မှာ စိတ်ဝင် စားကြ၊ ပြီးတော့ ကောင်းကောင်း မွန်မွန်ပဲ ပြုစုကျွေးမွေးကြတယ်။ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ လည်း ရှိကြတယ်။ ဒုက္ခိတမက လေးရယ်လို့ပဲ ကလေးချင်းက တောင် နှိမ်နင်းခြင်း၊ နှိပ်စက်ခြင်း မပြုကြဘူးခင်ဗျာ့။

ဒါပေမဲ့ ဒီသူငယ်မလေးဟာ တယ်ပြီး သက်ဆိုးမရှည်ရှာဘူး။ (၈)နှစ်၊ (၉)နှစ်သမီးအရွယ်မှာပဲ အနိစ္စရောက်ရှာတယ်။
ဒေါ်ရုပ်ဆိုးဟောတဲ့အတိုင်း ပဲ ဥစ္စာစောင့်က ခေတ္တလူလာဖြစ် သွားတယ်ဆိုတော့ ဒီကလေးမ လေး သေဆုံးပြီးတဲ့နောက်မှာ ဘယ်လိုများ အိပ်မက်ပေးဦးမလဲ လို့ သူတို့ဆွေမျိုးတစ်သိုက်က မျှော်လင့်ကြသေးသဗျ။ အဲဒါ နှစ် ကလည်းကြာပြီမို့ ကျုပ်လည်း ကောင်းကောင်း မမှတ်မိတော့ ဘူး။ သူ့အမေ မလှဘုံမှာ ဘယ် လိုအိပ်မက်ပေးသလိုလို၊ ရွာ့ အနောက်ဘက်က တောတန်းထဲ ဟင်းရွက်ရှာသွားရင်း လက် ကောက်တစ်ကွင်းပဲ ကောက်ရ သလိုလို ခင်ဗျာ့ ပြောသံကြားခဲ့ရ သေးတယ်။
ကျုပ်တို့ တောရွာဓလေ့မှာ နတ်တို့၊ နတ်ဝင်သည်တို့ကို ယုံ ကြည်သကိုးခင်ဗျာ။ ဝါဝင်ဝါ ထွက်မှာ အိမ်တွင်းအိမ်ပြင် ကန် တော့ဖို့၊ အရေးတစ်စုံတစ်ခုရှိရင် ဆန်ခွက်ကြည့်ဖို့၊ အကြောင်းထူး ရင် ဆိုင်းနဲ့ဗုံနဲ့ ပွဲကြီးလမ်းကြီးပေး ဖို့၊ နတ်ကတော်၊ နတ်ဝင်သည်ဆို တာကတော့ ရွာတိုင်းလိုလိုမှာပဲ ရွာအကြီးနဲ့ အငယ်လိုက်ပြီး အနည်းနဲ့အများတော့ ရှိကြတာ ပဲ။ ရွာကြီးတယ်ဆိုရင် သူ့အပိုင် နဲ့သူ၊ ကိုယ့်ရပ်ကွက်နဲ့ကိုယ်၊ ကဲ ကျုပ်တို့ရွာမှာဆိုရင် ကျုပ်တို့ တောင်ပိုင်းက ဒေါ်ရုပ်ဆိုး၊ အဲ… ဟိုမြောက်ပိုင်းကတော့ ဒေါ်အိမ် မင်း။

သည်နတ်ကတော်တွေဟာ သူ့ရပ်ကွက်နဲ့သူ ဟောရရင် ဆွေ ရေးမျိုးရေး၊ အိမ်တွင်းရေး ကိစ္စ တွေမှာတောင် မှန်တတ်ကြသဗျ။ သူတို့နတ်ဝင်သည်အချင်းချင်းက လည်း သစ္စာစောင့်သိကြတယ်။ ဘယ်လိုလဲဆိုရင် ဥပမာ ကျုပ်တို့ ရွာတောင်ပိုင်းက မမယ်ခက ကိုယ့်ရပ်ကွက်က ဒေါ်ရုပ်ဆိုး ကျော်ပြီး မြောက်ပိုင်းက ဒေါ်အိမ် မင်းဆီသွားပြီး နတ်မေးမယ်ဆိုရင် မဟောဘူးခင်ဗျာ့၊ ဒေါ်ရုပ်ဆိုးဆီ မေးပါလို့ ပြန်လွှတ်တယ်။
တကယ်လို့ မမယ်ခက ‘‘ဟာ… ကျုပ်နဲ့ ဒေါ်ရုပ်ဆိုးနဲ့ ရန် ဖြစ်ထားလို့ပါ၊ သူ့ဆီတော့ မဖြစ် ပါဘူး။ ကလေး ညညထငိုနေတာ လည်း ၄-၅ ရက်တောင် ရှိနေပြီ ဒုက္ခပါပဲ’’ ညည်းညူရင်းဖြင့် ဒေါ်အိမ်မင်းက ‘‘ကဲ ဒါဖြင့်လေ ငါ မရုပ်ဆိုးဆီ ခွင့်ပန်ဦးမယ်’’ပြော ပြီး သူတို့ချင်း တွေ့ဆုံနှီးနှောပြီး တော့မှ မမယ်ခ ကလေးအတွက် ဆန်ခွက်ကြည့်ပေးတတ်သဗျ။ သည်တော့လည်း ဒေါ်ရုပ်ဆိုး ဟောသလိုပဲ မှန်တာပဲခင်ဗျာ့။

အဲသည်လို မှန်ကြလို့ပဲ သူ တို့ဟောလိုက်ရင်ဖြင့် နတ်ကိုယုံ သူမှန်သမျှ လွယ်လွယ်ကူကူပဲ သူတို့အဟောကို ယုံကြသဗျ။
အဲ … မလှချုံရဲ့ ဦးလေး အရင်းခေါက်ခေါက် ကိုကြာရွက်ကို သတ်တဲ့ လူမိုက်ဖိုးဆော့ဟာ ကိုကြာရွက်သတ်ပြီး တစ်နှစ် လောက်အကြာမှာ သူ့လိုပဲ လူ မိုက်အချင်းချင်းက ပြန်သတ်လို့ သေခြင်းဆိုးသေပြီးမှ မလှချုံဝမ်း ထဲ သမီးကလေးအဖြစ်နဲ့ ဝင်စား တယ်လို့ ဒေါ်ရုပ်ဆိုးက ဟော လိုက်တာကိုဖြင့် တော်တော်ပဲ မယုံကြည်စရာ ဖြစ်ကုန်ကြသဗျ။

အဲသည်ကလေးမလေးဟာ ဆိုရင် မွေးလာကတည်းက ခြေ လက်အင်္ဂါ မကောင်းရှာဘူး။ ခြေ ချင်းဝတ်၊ လက်ကောက်ဝတ် တွေမှာ ကြိုးနဲ့ရစ်ထားသလို ကျဉ် ပြီး နေတယ်။ တချို့ ခြေချောင်း လက်ချောင်း အဖျားဆစ်ကလေး တွေမှာ ရစ်ပြီး ပြတ်လုတည်းကာ တွေလည်း ဖြစ်နေသဗျ။
အဲသဟာကြောင့်ပဲ ဒါ ကြောင့် ဖိုးဆော့ဝင်စားတယ်လို့ ဆိုခြင်းဖြစ်သဗျ။ ဘယ်လိုတုံးဆို ရင်ဖြင့် အင်း… သူတို့ရာဇဝင်နဲ့ ရှင်းမှဗျို့။ တစ်ချိန်က ကျုပ်တို့ အရပ်မှာ ရဲဘော်ဖြူအုပ်စိုးစဉ် ဥပဒေမဲ့ မင်းမဲ့ကာလဆိုပါတော့ ခင်ဗျာ။
သည်အခါမှာ ဘယ်ရန်ငြိုး ရယ်ကြောင့်မသိ၊ ဖိုးဆော့ဟာ ကိုကြာရွက်ကို သတ်ပစ်လိုက် သဗျ။ အဲသည်က တစ်နှစ် လောက်ကြာတော့ အခြားလူမိုက် တစ်အုပ်က ဖိုးဆော့ကို သတ်ပစ် ပြန်ရောခင်ဗျာ့။ ဖိုးဆော့ဟာ ကို ကြာရွက်ကို သတ်စဉ်က တစ် ယောက်ချင်းပဲ လက်ဦးအောင် ရင်အုံကို ဓားမြှောင်နဲ့ ထိုးသတ် လိုက်သဗျ။

အဲ … ဖိုးဆော့ကို သတ် တော့ရင် ဟိုက လူများတယ်။ တိရစ္ဆာန်လို အတင်းဖမ်းခေါ်သွား ပြီး ချက်ချင်း သတ်မပစ်သေးဘဲ ကြိုးနဲ့ချည်၊ ထုပ်မှာ ဇောက်ထိုး ဆွဲရိုက်နှက်ပြီး သေလုမြောပါး ဖြစ်တော့မှ ကြိုးဖြေပေး၊ ထွက် ပြေးခိုင်း၊ အဲသည်တော့မှ နောက် ကနေ သေနတ်နဲ့ ပစ်သတ်လိုက် တယ်။
ဒါကြောင့် ဖိုးဆော့သေလို့ လူဖြစ်တဲ့အခါ အဲသည်ကလေးမ ကလေးမှာ ခြေဆစ်လက်ဆစ် ကလေးတွေ ကျဉ်နေတာဟာ ဟို ဘဝက ဖိုးဆော့ကို ကြိုးနဲ့တုပ်ခဲ့ တဲ့ ဒဏ်ရာတွေတဲ့ခင်ဗျာ့။
ကဲ … သဟာထားဦးတော့။ သူများသတ်ခဲ့တဲ့ ဖိုးဆော့လို လူဆိုးလူမိုက်က လူသတ်ခံရလို့ပဲ ဥပစ္ဆေဒကနဲ့ သေခြင်းဆိုးသေပြီး ချက်ချင်းပဲ လူပြန်ဖြစ်ရသလားဆို တာကျတော့ လာပြန်သဗျ။ ကျုပ် တို့ ကြားဖူးနားဝရှိတဲ့ တရားတော် မှာက သတ္တဝါတို့ ကံကြမ္မာဟာ အလွန်ဆန်းကြယ်တယ်။ အကုသိုလ်ရယ်၊ ကုသိုလ်ရယ် နှစ်ခုရှိ တဲ့အနက်က အဲသည်ကာလမှာ တစ်မျိုးစီ ခံစားရတယ်။ အကု သိုလ်ကံ ဖိစီးနေတဲ့အခါမှာ မည် မျှပင် ကောင်းကောင်းမွန်မွန်နေ ဦးတော့၊ အတိတ်က အကုသိုလ် မကုန်သေးသမျှ သည်ဒဏ်ခံနေရ ဦးမှာပဲ။ အဲ… ကုသိုလ်ကံအကျိုး ပေးခိုက် ကြုံနေပြန်ရင်လည်း ဘယ်လိုပဲ မကောင်းမှုပြုနေဦး တော့ ကုသိုလ်ကံကြွင်းက တင်းခံ နေဦးမှာပဲတဲ့ဗျ။

ဖိုးဆော့ လူပြန်ဖြစ်တာ လည်း ထိုနည်းလည်းကောင်းပဲ တဲ့။ ကိုကြာရွက်ကိုသတ်တဲ့ အကုသိုလ်ကံ မပေါ်သေးဘူး။ သည့်အရင်က ပြုခဲ့တဲ့ ကုသိုလ်ကံ ကြွင်းက ရှိနေလို့ လူပြန်ဖြစ်လာ ရတာတဲ့ဗျ။
ကဲ ဒါဖြင့်လည်း လူပြန်ဖြစ် ခြင်းဖြစ်ရင် တခြားသူဝမ်းထဲ ဝင် ပါတော့လား။ ဘယ့်နှယ် ကိုယ် သတ်ခဲ့တဲ့ ကိုကြာရွက်ရဲ့ တူမ မလှချုံဝမ်းထဲမှာ ဝင်ရသလားဆို တာ ကျပြန်တော့လည်း အောင် မယ် … သူတို့ တီးတိုးပြောကြတာ ရှိသေးဗျို့။ ဟဲ…ဟဲ နို့ပြီး ဖိုးဆော့ ဟာ ကိုကြာရွက်ကို သတ်ပြီးမှ သူ့အမှား သူသိပြီး နောင်တရတာ လည်းဖြစ်ပြီး ဒီအမျိုးထဲဝင်ပြီး ကျေးဇူးဆပ်ချင်စိတ် ပေါ်တာ လည်း ဖြစ်နိုင်တယ်လို့ ဆိုကြပြန် သေးဗျ။

‘‘ဒါကြောင့် ကြည့်ပါလား’’ တဲ့။
‘‘ဒီကောင်မလေးဟာ ဘယ် လောက် အလုပ်အကိုင်ကောင်း သလဲ၊ အလုပ်နဲ့ ပြတ်တယ်မရှိ ဘူး။ သူတို့အိမ်က ရက်ကန်းခတ် သံဟာ မပြတ်ကြားနေရတာပဲ။ နို့ ပြီး ဒီကလေးမလေးဟာ ထွေလီ ကာလီလည်း မပူဆာတတ်ဘူး၊ အပြင်ထွက်လည်ခြင်း ပြုခြင်း လည်း မရှိဘူး။ ဣန္ဒြေ သိက္ခာရှိ တယ်ဆိုတာလည်း ဟုတ်ပါတယ်။ သူ့ခြေဖျား လက်ဖျားကလေးတွေ လူမြင်မှာတောင် စိုးရိမ်ရှာပါ တယ်’’
‘‘သြော် … ဖိုးဆော့၊ မင်း ဟို ဘဝတုန်းက မိုက်မဲရမ်းကားခဲ့ သမျှ ဒီဘဝမှာတော့ တယ်ပြီး လိမ္မာလိုက်ပါလားကွယ်’’ပြောတဲ့ လူတွေကလည်း ရှိသေးသဗျ။

အခု ကျုပ်ပြောတဲ့ လူဝင်စား တွေအကြောင်းကို ခင်ဗျားက တော့ ယုံချင်မှ ယုံမယ်ပေါ့ဗျာ။ ကျုပ်တို့ရွာက ဒေါ်ကြာညိုတို့ လူ သိုက်ကတော့ အဟုတ်ပဲ ယုံ ကြည်ကြသဗျ။ သူတို့ယုံကြည်တဲ့ အကျိုးကျေးဇူးလည်း ခံစားရပါ တယ်။ ကြည့်လေ ဒေါ်ကြာညိုရဲ့ ယောက်ျား ဦးမြဟုတ်လား။ နို့ပြီး မလှချုံယောက္ခမ ဦးဘစိန်တို့ဟာ စိန်ကလေး၊ မြကလေးအမည်နဲ့ သူတို့ဆွေမျိုးသိုက်ထဲမှာ လူပြန် ဖြစ်နေကြတော့ သွားလေသူမိဘ အတွက် ဘာမျှ ပူစရာမလိုတော့ ဘူး။ နှစ်လည်သပိတ်တွေတောင် ထပ်ပြီး သွတ်နေစရာ မလိုတော့ ဘူးပေါ့ခင်ဗျာ။ နို့ပြီး ခင်ဗျားတို့ တချို့မြို့ကြီးသားတွေလိုပဲ ကွယ် လွန်သွားသူကို ဘယ်နှလမြောက်၊ ဘယ်နှနှစ်မြောက် လွမ်းဆွတ် သတိရကြောင်း သက်သက် ပိုက် ဆံကုန်ခံပြီး သတင်းစာတွေထဲ ထည့်နေစရာမလိုတော့ဘူး။

ကဲ … ဖိုးဆော့သေပြီး မလှချုံဝမ်းထဲ ဝင်စားတဲ့အကြောင်း လည်း ထပ်ပြောရဦးမယ်။ အစဦး ဟာဖြင့် ဖိုးဆော့က ဒေါ်ကြာညိုရဲ့ မောင်၊ မလှချုံရဲ့ဦးလေး အရင်း ခေါက်ခေါက်ကို သတ်ခဲ့တာဖြစ် လေတော့ ခေတ်ပျက်ထဲမှာ ရုံး တင်လည်း အမှုမလုပ်ရတော့ ဒေါ်ကြာညိုတို့ ဆွေမျိုးတစ်သိုက် နဲ့ ဖိုးဆော့တို့ဆွေမျိုးတစ်သိုက် ဟာ တစ်ဖက်နဲ့တစ်ဖက် ပဋိပက္ခ ဖြစ်နေလိုက်ကြတာ ဒေါ်ကြာညို တို့အထဲကပဲ ဖိုးဆော့တို့ဘက်ကို ပြန်ပြီး ကလဲ့စားချေဦးတော့ မလို လို၊ ဟိုဘက်ဆွေမျိုးနဲ့ ဒီဘက်ဆွေ မျိုးလည်း ခေါ်ခြင်းပြောခြင်း မရှိ ကြ။

အဲ…ဖိုးဆော့လည်း မလှချုံ ဝမ်းထဲ ဝင်စားတယ်လည်းဆိုရော ခင်ဗျာ အဲဒီပဋိပက္ခမှုဟာ တစ်ခါ တည်း ကျေအေးသွားတော့တာပဲ။ ဖိုးဆော့မိန်းမ မယ်ကြိုင်ဟာဆိုရင် ဖိုးဆော့ကျန်ခဲ့တဲ့ ပစ္စည်းကလေး တွေကို လာပြီးခမည်းပေးရတာနဲ့၊ သူ့လင်ဝင်စားကလေး ချော့မြှူ ရတာနဲ့၊ တော်တော်လေး ကြီးတဲ့ အခါမှာ သူ့အိမ်ခေါ်သွားပြီး ကျွေး ရမွေးရတာနဲ့ တစ်ခါတည်း ဆွေမျိုး နှစ်ဖက် ရွှေလမ်းငွေလမ်း ပေါက် သွားတာပါပဲ ခင်ဗျာ့။
ကဲ မနိပ်ဘူးလားဗျာ။ သူတို့ ယုံကြည်မှုနဲ့ သူတို့။

⬛🟥

သော်တာဆွေ
(၁၉၆၆ ခု၊ ဇွန်လ ငွေတာရီ မဂ္ဂဇင်း)မှ ပြန်လည်ဖော်ပြပါ သည်။