တွင် လွင့်ပြန်လျက်ရှိသည်။သဘောရိုး နှင့် သီဆိုပျော်မြူး နေပေမဲ့ စိတ်တွင်တော့ ကြိတ်မနိုင် ခဲမရဖြစ်လို့ နေသည့်သူမှာ တော့ အခြားသူ မဟုတ်ပေ ဦးပေါက်စ၏ သမီး မြကေသီ ဖြစ်လေသည် ။
မြကေသီသည် အိမ်ပေါ်မှ နေ၍ ပြတင်းတံခါးကို ဖွင့်လိုက်ပြီး
“ဟဲ့ အောက်က တယောက် အပေါ်တက်ခဲ့စမ်း “
“ဟုတ်ကဲ့ပါ မမလေး “
မကြာသော အချိန်တွင် အမျိုးသမီးငယ်လေးတယောက်သည် ပြတင်းတံခါးတွင် ရပ်နေသောမြကေသီ၏ အနားသို့ မီးအိမ်လေးကိုင်ပြီး ရောက်လာကာ ကျိုးနွံစွာဖြင့် စကားဆိုလေသည် ။
“မမလေး ကျမ ရောက်ပါပြီ “
“ဒီ သီချင်းဆိုသံတွေက ဘယ်ကထွက်နေတာလဲ ဒီအချိန်ထိ ဆူညံနေတာပဲ “
“ဟို ဟို သိန်းဇော်တို့ အိမ်က ဧည့်သည်ကောင်လေးတွေနဲ့ ရွာထဲက လူငယ်လေးတွေ သီချင်းဆိုနေကြတာပါ “
“တယ် ဒီသိန်းဇော်က အတော်ကို ရောင့်တက်နေပါလားဟဲ့ ပြီးတော့ ငါ့အဖေကိုရူးအောင် လုပ်တဲ့ကောင်တွေကိုလည်း အိမ်မှာ ထား ထားသေးတယ် ဒီကောင်တွေ ပါးစပ်ပိတ်သွားအောင် နင် မလုပ်နိုင်ဘူးလား မိစန်းကြည် “
“ဟို ကျမ တချက် မွှေချလိုက်ရမလား “
“နင့် သဘောနဲ့ နင် လုပ်ချင်သလိုလုပ် အကုန်မသာပေါ်လည်း အေးတယ် “
“စိတ်ချပါ မမလေး ကျမ သွားလိုက်ပါ့မယ် “
“အေး ဒီကောင်တွေ အသံကို ငါ လုံးဝမကြားနိုက်ဘူး “
မြကေသီ၏ မျက်နှာသည် ရေနံဆီမီးခွက်အလင်းရောင် အောက်တွင် အတော်ကို ခက်ထန်မာကျောလို့ နေသည်။သူမသည် ဦးပေါက်စ၏ သမီးဖြစ်သော်လည်း အဖေ နှင့် မတူပဲ ချောမောလှပသော မိန်းမပျိုလေးတဦး ဖြစ်သည်။သူမသည် မိခင်ဖြစ်သူထံမှ ပညာများကို ဝမ်းထဲကတည်းပင် ရရှိခဲ့သော ဝမ်းတွင်းစုန်းကဝေ တယောက်ဖြစ်သည်။သူမသည် သာမာန် လူတယောက်၏ အရိပ်ကို နင်းပြီး သေသည်အထိ ပြုစားနိုင်သော အဆင့်ရှိလေသည်၊၊သူမသည် တတ်မြောက်ထားသော ပညာရပ်များဖြင့် မည်သူကိုမှတော့ ဒုက္ခမပေးဖူးပေ။ဖခင်ဖြစ်သူ၏ ပညာသည် မနိမ့်ပေ။ထိုသို့သော ပညာရှင်အား တဆယ့်လေးနှစ်အရွယ် ကောင်လေးတယောက်မှ ရူးသွပ်အောင် လုပ်နိုင်စွမ်းသည်ကို သူမ အံ့ဩနေမိသည်။မြို့တွင် အနေကြာသော ကြောင့် မြကေသီသည် မြို့သူတယောက်ကဲ့သို့ လှပတင့်တယ် လွန်းလှ၍ မည်သူမှ ဝမ်းတွင်းစုန်းမ တယောက်ဟု ထင်မိမှာ မဟုတ်ပေ။မရှိခိုးနိုး မလှစုန်းရိုး ရွာဓလေ့ ရပ်ဓလေ့တွင် ရှိသော သူများသည် စုန်းကဝေဟု ပို၍ ထင်မှတ်မည် မဟုတ်ပေ။ယခု မိစန်းကြည်ဟု အမည်ရသော ဦးပေါက်စ၏ တပည့်မလေးသည် ဆရာဖြစ်သူ၏သမီး စကားကို နားထောင်ပြီး အိမ်ပေါ်မှ မီးအိမ်ကို ထားခဲ့ကာ တယောက်တည်း အိမ်အောက်သို့ ဆင်းသွားပါတော့သည်။
◾အခန်း (၃)
သိန်းဇော်၏ အိမ်ရှေ့မြေပြင်တွင် ဖျာများခင်းပြီး သောက် စားပျော်မြူးနေကြသည့်အထဲတွင် ပေတူးသည် ထမင်းအစားများပြီး သာအေး၏ ပေါင်ပေါ်တွင် ခေါင်းအုံးကာ ပြည့်အင့်နေလေသည်။ထိုအရာကို သတိထားမိသော သာရသည်
“ပေတူး မင်းကတော့လေ စားပိုးနင့်ပြီး သေနေဦးမယ်။အိပ်မနေနဲ့ လမ်းလေးဘာလေး ထလျှောက်စမ်း”
“မထနိုင်တော့ဘူး “
“ခွီးတဲ့မှပဲ ဟိုကောင်သာအေး မင်းကောင်ကို တွဲပြီး လမ်း လျှောက်ဖို့ ကူညီပေးလိုက်ဦး ဒီကောင်က အစားအသောက်ဆို စားပိုးနင့်အောင်စားတဲ့ကောင် အပြန် သူ့အလောင်းကို လှည်းနဲ့ တိုက်နေရဦးမယ် “
“ဟာဗျာ နိမိတ်မရှိ နမာမရှိ ကိုသာရကတော့ ပြောရော့မယ် ကျုပ်က “
“ထ စကားများနဲ့ ဟေ့ကောင် သာအေး မင်းတယောက်ထဲ မနိုင်ရင် ဘိုးထင်ကို လမ်းလျှောက်ဖို့ခေါ် တယောက်တဖက်တွဲကြ သကောင့်သားက သေအောင်စားတဲ့ကောင် ငတ်နေတဲ့သူအတိုင်းပဲ “
မောင်ဘိုးထင်နှင့် သာအေးသည် ပေတူးကို ပြစ်တင်ပြောဆိုပြီး ဆဲရေးတိုင်းထွာလိုက်ကာ တဖက်တချက်စီမှတွဲပြီး လမ်း လျှောက်နိုင်ဖို့ ကူညီပေးလိုက်သည်။တခြားသူများသည် ပေတူးကိုကြည့်ကာ
“ဟေ့ကောင် ပေတူး မင်း ကြည့်ရတာ ဗိုက်ကြီးနေတဲ့သူကြနေတာပဲကွာ သွား ဗိုက်ချောင်ရင် ဒီမှာ မင်းကြိုက်တဲ့ ဂျီသားဟင်းရှိသေးတယ် “
“တော်ပါပြီဗျာ အေ့ ကျုပ်မတ်တပ်မရပ်နိုင်တော့ဘူး ဟေ့ကောင်တွေ ထူကြစမ်းပါအုံး”
“မင်းမေကြီးတော် မင်းကိုလည်း ကူညီရဦးမယ် မင်းကလည်းငါတို့ကို ဟောက်သေးတယ် တော်တော်လာတဲ့ကောင်ပဲ ထ “
မောင်ဘိုးထင်သည် ပြောပြောဆိုဆို သာအေးနှင့်အတူ ပေတူးအား တွဲထူပြီး မကျေမနပ်ဖြင့် သိန်းဇော်၏အိမ်ဝိုင်းအတွင်း ထဲတွင် လမ်းလျှောက်ခိုင်းနေရသည်။အတော်ကြာသည်အထိ လမ်းလျှောက်နေချိန် သူတို့၏ ရှေ့သို့ကြိုးခွေများကျလာသည်ကို အိမ်ဝိုင်းထဲတွင် ထွန်းထားသော မီးအိမ်များမှအလင်းရောင်ကြောင့် မြင်လိုက်ရသည်။သူတို့သည် ထိုကြိုးခွေများကို အနီး ကပ်ကြည့်စဉ်မှာပင် ရုတ်တရက် ကြိုးခွေများမှ မဲနက်နေသော မြွေဟောက်များအဖြစ်ပြောင်းသွားပြီး ပါးပျဉ်းထောင်ကာ နှာမှုတ်သံ ပေးပြီး ဘယ်ညာယိမ်းထိုးလျက်ရှိနေသည်။ သာအေး နှင့် ပေတူးသည် မြွေများကို မြင်သောအခါ လန့်ဖြန့်သွားပြီး နောက်သို့ ဆုတ်လိုက်ရင်း
“ဟေ့လူတွေ ဒီမှာ မြွေဟောက်တွေ ရှိတယ် လာဦး “
“ဟုတ်တယ် ဒီကောင်တွေ ပါးပျဉ်းတွေ ထောင်နေတာ ကြောက်စရာပဲ “
ပေတူးသည် သိန်းဇော်တို့ဖက်သို့ အော်လိုက်ရာ သူတို့ ရှိရာသို့ မီးအိမ်များကိုင်ပြီး ရောက်လာကြသည်။ထို့နောက် ဖိုးထွေးမှ မြွေများအား တုတ်တချောင်းယူပြီး ရိုက်မည်ကြံစဉ်
“ကိုဖိုးထွေး မရိုက်နဲ့ ရိုးရိုးမြွေ မဟုတ်ဘူး သတ်လို့လည်း သေမယ် မထင်ဘူး “
“ဘာဖြစ်လို့လဲ ဘိုးထင် “
”ကျုပ်အထင် သူ့အနားကို မကပ်သေးလို့ မကိုက်တာ ဒီမှာ ကြည့် “
ဘိုးထင်သည် ပြောပြောဆိုဆို အနီးအနားတွင်ရှိသော ဝါး ခြမ်းပြားတပြားကို ယူပြီး မြွေများဆီသို့ ပစ်လိုက်၏။ထိုအခါ မြွေများသည် ထိုဝါးခြမ်းပြားအား မြေအောက်မကျမီကပင် ပေါက်နေလေသည်။ထိုအခြင်းအရာကို မြင်သောအခါ ကျန်သူများလည်း အံ့ဩကုန်ပြီး
“ဘိုးထင် ဘယ်လိုလုပ်ရမလဲ ပြောဦး “
“ကိုသိန်းဇော် ခြေဆေးအိုး ရှိလား “
“ရှိတယ်လေ ခြေဆေးရေတခွက် ခပ်ခဲ့ဗျာ “
“အေး အေး “
“ကိုသာရ “
“အေး ဓားမြှောင်ယူပေးဗျာ ပြီးတော့ ပတ်တီးလည်း လုပ်ထားဦး “
“မင်းလက်ဖဝါးကို လှီးမှာ မဟုတ်လား မင်းလက်ကလည်း အမာရွတ်တွေချည်းပဲ”
“နောက်မှပြောဗျာ ကျုပ်ပြောတာသာ အရင်လုပ်ပေး “
“အေးပါကွာ “
သိန်းဇော်သည် ရေတခွက်ခပ်လာပြီး ဘိုးထင်အား ကမ်းပေးလိုက်သလို သာရလည်း ဓားမြှောင်အား ကမ်းပေးလိုက်ပြီး ပုဆိုးစကို ဖြဲကာ ပတ်တီးအသင့်လုပ်ထားလေသည်။မြွေများ သည် အရင်ထက်ပိုလှုပ်ရမ်းလာကာ နေရာလည်း ရွှေ့လာကြသည်။နှာမှုတ်သံတို့လည်း အတော်ကို ပြင်းလို့လာသည်။ ထို့ နောက် ဘိုးထင်သည် သူ၏လက်ဖဝါးကို ဓားနှင့် လှီးလိုက်ပြီး လက်သီးဆုပ်လိုက်ကာ ထွက်ကျလာသော သွေးများအား ရေခွက်ထဲခံပြီး သွေးစက်ချနေစဉ် မန္တန်ရွတ်လေသည်။ရေခွက်ထဲမှ ရေ နှင့် သွေး ပေါင်းစပ်သွားပြီး အရောင်မှာရဲရဲနီလာသောအခါ ဘိုးထင်သည်
“မူလပြန်စမ်း “
ထိုမျှသာပြောပြီး ခွက်ထဲမှ သွေး နှင့် ရေ အရောကို မြွေများထံ ပက်လိုက်လေသည်။ထိုအခါမှ မြွေဟောက်ကြီးများသည် တွန့်လိမ့်ကောက်ကွေးကာ တဖြည်းဖြည်းနှင့် ကြိုးခွေများ သဏ္ဍာန် ပြန်ပြောင်းသွားပါတော့သည်။
◾အခန်း (၄)
”ဘိုးထင် တော်ချက်ကွာ ဒါနဲ့ ငါတို့ကို ဘယ်သူက မြွေ နဲ့ လာတိုက်တာလဲ “
“ဘယ်သူရှိရမှာလဲ ဟိုလူယုတ်မှာပေါက်စရဲ့ သမီးမြကေသီ ပဲ နေမှာပေါ့ “
“ငါကတော့ မကျေနပ်ဘူးကွာ သူ့အဖေက သူ့ရဲ့မကောင်းတဲ့ စိတ်ကြောင့် ရူးတာလေ ငါတို့နဲ့ ဘာဆိုင်လို့လဲ “
“အေး အဲ့တာတော့ ဟုတ်တယ်အခုလို ငါတို့ကို မြွေနဲ့ တိုက်သတ်တဲ့ အထိတော့ မလုပ်သင့်ဘူး “
မူးနေကြပြီဖြစ်သော သိန်းဇော်တို့ သူငယ်ချင်းတသိုက်သည် မြကေသီကို အတော်စိတ်တိုနေကြသည်။အရက်မသောက်သော မောင်ဘိုးထင်တို့မှ မဖြစ်သင့်တာ မဖြစ်ရအောင် ကြားမှ တားဆီးပေးနေရသေးသည်။
“ထားလိုက်ပါဗျာ ကျုပ်တို့က သူတို့လုပ်တယ်ဆိုတာ မြင်တာမှ မဟုတ်တာ “
“ဟေ့ကောင်တွေ မင်းတို့ကို ထိတာက ငါတို့ကို ထိတာပဲ အခု ဒီထဲကလူငယ်တွေက အမှန်တရားကို မြတ်နိုးတဲ့ လူတွေချည်းပဲ သူ့အဖေတုန်းက သိန်းဇော်ကို မြွေနဲ့ တိုက်တယ် အခု သူ့သမီးကလည်း ငါတို့ကို မြွေ နဲ့တိုက်ပြန်တယ် သိန်းဇော် ပြောပါသေးတယ်။တောဝက်သေကတောင် မင်းကို ပက်သေးတယ်ဆို ဦးစံလှ ကယ်လိုက်လို့ဆိုလား “
“အဲ့တာက ဟုတ်တော့ ဟုတ်ပါတယ်”
“တို့ရွာမှာ အခုလို မကောင်းတဲ့ပညာနဲ့ တိုက်တာဆိုလို့ ဦးပေါက်စ နဲ့ သူ့သမီးပဲ ရှိတယ် မင်းတို့ အေးဆေးနေ ဒီစုန်းမကို ရွာက မောင်းထုတ်ကြရင် ဘယ်လိုလဲ သိန်းဇော် “
” ဒီပေါက်စမျိုးဆက်ရှိနေတာကိုက ငါတို့အတွက် မကောင်းဘူး ကြာတယ်ကွာ အိမ်ကို ခဲ နဲ့ သွားပေါက်ကြရအောင် “
“အေး မီးတုတ်တွေလည်းလုပ်ဟေ့ ငါတို့ကို ရန်ပြုရင်တော့ သတ်ပစ်ကွာ “
သွေးဆူနေသော သိန်းဇော်တို့အား မောင်ဘိုးထင်တို့ ထိန်းဖို့ ကြိုးစားကြလေ၏။သို့ပါသော်လည်း ဘယ်လိုမှ ထိန်းမရပေ။ မီးလောင်ရာလေပင့်သည့် အဖြစ်ဟု ပြောရမည် ထင်သည်။ အရက်မူးနေသည့် ဦးစံလှတို့အဖွဲ့ပါ ရောက်လာကာ သိန်းဇော် အား ဦးစံလှမှ အကျိုးအကြောင်း မေးမြန်းလေသည် ။
“သိန်းဇော် မင်းတို့ဆီက သီချင်းဆိုသံ ပျောက်ပြီး ဆူဆူညံညံ ဖြစ်နေလို့ ငါ လာကြည့်တာ ဘာတွေဖြစ်ကြတုန်းကွ “
“ဘာဖြစ်ရမှာလဲ ဦးစံလှရာ မြကေသီဆိုတဲ့ စုန်းမပေါ့ ကျုပ်တို့ကို မြွေ နဲ့ တိုက်သတ်ဖို့ လုပ်တာလေ ဘိုးထင် ရှိနေလို့ တော်သေးတယ် “
“ဒီကောင်မကလည်း သူ့အဖေလိုပဲလားကွ မင်းတို့ ဒီအတိုင်း ငြိမ်ခံနေတော့မှာလား “
“ငြိမ်စရာလားဗျာ ဟိုကောင်တွေ မီးတုတ် လုပ်နေကြတယ်။ပြီးရင် အဲ့ဒီကောင်မအိမ်ကို ခဲ နဲ့ ပေါက်ပြီး နှင်ထုတ်ကြမလို့”
“အေး ကောင်းတယ် ဒီလို စိတ်ကောင်းမရှိတဲ့ စုန်းတွေ ငါတို့ ရွာမှ မရှိစေရဘူး”
ဦးစံလှတို့ ရောက်လာမှ ပိုဆိုးကုန်ပြီ ဖြစ်၏။ရွာထဲမှ လူများ သည်လည်း ဦးစံလှ ရောက်လာပြီမို့ မည်သူမှ တားဆီးဟန်မရှိတော့ပေ။မောင်ဘိုးထင်တို့သည် မဖြစ်သင့်တာ မဖြစ်ရအောင် လူကြီးလုပ်၍ တားနေလေရာ ဦးစံလှသည် သူတို့အား မျက် ထောင့်နီကြီး နှင့် ကြည့်ကာ
“ကောင်လေး ငါက မင်းတို့ကို ထိလို့ မကျေမနပ်ဖြစ်နေတာ နော် ငါ့ရဲ့ဒေါသတွေ မင်းတို့ဆီ ပုံချလိုက်ရတော့မလား “
“အဲ့လိုလည်း မဟုတ်သေးဘူးလေဗျာ “
မောင်ဘိုးထင်မှ ဦးစံလှ၏ စကားကို ခွန်းတုံ့ပြန်မည့်ဟန်ပြင်နေစဉ်မှာပင် ပေတူးမှ သူ၏ပါးစပ်ကို လက်နှင့် ပိတ်လိုက်ပြီး
“မင်းသူ့ တင်ပါးကို ဓားနဲ့ ထိုးထားတာနော် ဟိုကအငြိုး နဲ့ လုပ်လိုက်မှ သေနေဦးမယ် လာ ဒီဘက်ကို သူတို့ကို ကြည့် တားလို့ရမဲ့ပုံပေါ်လို့လား “
ပေတူးသတိပေးလိုက်မှ မောင်ဘိုးထင် ဦးစံလှတို့၏ မျက်နှာ များကို သေချာကြည့်လိုက်မိသည်။ပေတူးပြောသည်မှာ ဟုတ် ပေသည်။သူတို့လက်ထဲမှ မီးတုတ်များကြောင့် အိမ်ဝိုင်းတဝိုင်းလုံးပါမက ဘေးအိမ်များကိုပါ မီးအလင်းရောင် ဖြာကျနေ သည်။ထိုမီးအလင်းရောင်၏အောက်တွင် ဦးစံလှတို့ အဖွဲ့ နှင့် သိန်းဇော်တို့အဖွဲ့ မူးနေကြပြီး ဒေါသထွက်နေကြသည်မှာ မျက်နှာတို့တွင် အထင်းသားပေါ်နေလေရာ နောက်ထပ် ထပ်မတားတော့ပဲ သူတို့ သွားရာနောက်သို့သာ မောင်ဘိုးထင်တို့ အဖွဲ့ လိုက်ပါသွားလိုက်ကြတော့သည် ။
◾အခန်း (၅)
မီးတုတ်များကိုင်ထားကြသော လူတစုသည် သူဌေးကုန်းရွာလေး၏ ရွာလယ်လမ်းအတိုင်း အုတ်အုတ်ကျက်ကျက်နှင့် လမ်းလျှောက်လို့ နေလေသည်။ ဒေါသထွက်နေကြသော ထိုသူများသည် နှုတ်မှလည်း ဆဲရေးတိုင်းထွာနေကြသေးသည်။
“စုန်းမသာ ဝက်ဖြစ်လို့ သတ်ရရင်လည်း ဝက်သားစားရသေးတယ်ကွာ “
“ဟုတ်တယ် နောက်ဆုံး ခွေးသတ်တောင်မှ ခွေးသားစားရဦးမယ် “
“တောက် အရေးထဲ ခွေးသားကြိုက်တဲ့ ကောင်နဲ့ တွေ့နေသေးတယ် ”
“ဟေ့ကောင်တွေ ရှေ့ဆို စုန်းမ မြကေသီရဲ့အိမ်ရောက်ပြီ သတိနဲ့နေ ခဲတွေ ယူခဲ့လား “
“ခဲကတော့ သူတို့အိမ်ဘေးမှာ ပေါတယ် ကောက်လည်း ကောက်ခဲ့ပါတယ် “
“အေးပြီးတာပဲ ဒီကောင်မက စုန်းမဆိုတော့ တုတ်ဓား လက် နက်တွေ ဘယ်သူယူလာကြသေးလဲ မယူခဲ့နဲ့ ငါတို့အတွက် လည်း အန္တရာယ် ရှိတယ် “
သတိပေးနေသူမှာ ဦးစံလှဖြစ်သည်။သူသည် စုန်းမအား နှင်ထုတ်ဖို့လောက်သာ တွေးထားသူဖြစ်သည်။သွေးထွက် သံယို ဖြစ်အောင်တော့ လုပ်လိုဟန် မရှိပေ။ထို့နောက် မီးတုတ်ကို ကိုင်ထားပြီး မြကေသီတို့အိမ်အနားရောက်လုလုတွင် ရှေ့မှ ရပ်လိုက်ပြီး သူ့လူများဘက် လှည့်ကာ
“ဟေ့ကောင်တွေ ငါတို့က မြကေသီကို ဒီရွာမှ မနေအောင်ပဲ နှင်ထုတ်မှာနော် ဘယ်သူ့ကိုမှ သွေးထွက်သံယို မဖြစ်စေနဲ့ ဖြစ်ခဲ့ရင် လုပ်တဲ့ကောင် ငါနဲ့တွေ့မယ် “
“ဟုတ်ကဲ့ပါ ဦးစံလှ”
ဦးစံလှ၏စကားကို ကြားသောအခါမှ မောင်ဘိုးထင်တို့ သက်ပြင်းကိုယ်စီ ချလိုက်မိသည်။ထို့နောက် မြကေသီ၏အိမ်သို့ ဆက်လက် သွားနေကြ၏။မြကေသီ၏ အိမ်ရောက်သောအခါဝိုင်းထဲ ဝင်လိုက်ပြီး အိမ်ရှေ့တွင် ရပ်လိုက်ကြ၏။ဦးစံလှနှင့် သိန်းဇော်တို့ အဖွဲ့ကိုင်ထားသော မီးတုတ်အလင်းရောင်အောက်တွင် မြကေသီ၏ ကြီးမားခန့်ထည်လှသောအိမ်ကြီးကို အတိုင်း သား မြင်နေရလေသည်။မီးရောင်အောက်တွင် မြကေသီ၏ တပည့်လေးများမှာ အိမ်ပေါ်သို့ ကြောက်ကြောက်လန့်လန့်နှင့် တက်ပြေးကုန်ကြ၏။ဦးစံလှသည် အိမ်ကြီးကို ကြည့်ရင်း ကျယ်လောင်သော အသံနှင့် စကားဆိုလိုက်၏။
“မြကေသီ ငါတို့ နင့်ကို အခွင့်ရေးပေးမယ် နင် ငါတို့ရွာက ထွက်သွား နင့်အိမ်တွေ ဝိုင်းတွေလည်း ရောင်းသွား တကယ်လို့ နင် မထွက်သွားဘူးဆိုရင် ငါတို့ အဆိုးမဆိုနဲ့ “
“ဟေ့ မြကေသီ ငါပြောတာကြားလား နင်က ငါတို့ရွာသားမို့ ငါ အခွင့်ရေးပေးနေတာ ငါတို့ကို ဒုက္ခပေးတာလည်း နင်ပဲ ဆိုတာ ငါသိတယ် “
“ဟုတ်တယ် ထွက်သွား စုန်းမ နင့်အဖေကလည်း ရွာကလူတွေကို လိမ်ပြီး ဒုက္ခပေးတာ နင်လည်း တို့ရွာကို ဒုက္ခပေးတဲ့သူပဲ”
“ဟုတ်တယ် ဟုတ်တယ် “
ဦးစံလှ၏ ကျယ်လောင်သော စကားသံအား သူ၏ အဖွဲ့သားများသည် ကျယ်လောင်သောအသံဖြင့် ထောက်ခံအားဖြည့်ပေးနေကြသေး၏ ။
မကြာသောအချိန်တွင် အိမ်ကြီး၏ ပြတင်းတံခါးသည် ဝုန်းကနဲ မြည်သံနှင့်အတူ ပွင့်လာပြီး နီရဲနေသော မျက်လုံးများနှင့် ခါးထောက်ကာ ဦးစံလှတို့အား ကြည့်နေသော မြကေသီကို တွေ့လိုက်ရသည်။မြကေသီသည် ဆံပင်ကို ဖားလျားချထားပြီး မျက်လုံးတို့သည် ဘာမထီသည့် အကြည့်နှင့်ဖြစ်ကာ မျက် ထောင့်တို့ နီနေသည်၊၊သူမသည် စိတ်တိုဒေါသထွက်လွန်း၍ ထင်သည် နှုတ်ခမ်းကို ဖိကိုက်ထား၍ ကိုက်ထားသော နှုတ်ခမ်းမှ သွေးစက်ကလေးများပင် စီးကျနေလေသည်။ထို့နောက် ဒေါသကြောင့် တုန်ယင်နေသောလေသံဖြင့်
“ငါ့အိမ်ထဲလည်း ကျူးကျော်ဝင်သေးတယ်။ငါ့ကိုလည်းစော်ကားရုံတင် မကဘူး ငါ့အဘကိုပါ စော်ကားတယ် နင်တို့ရဲ့ မိုက်ပစ် နင်တို့ ခံရမယ်မှတ် “
“ဟဲ့ စုန်းမ နင်ခြောက်တိုင်း ကြောက်မယ် ထင်နေလား “
“အေး နင်တို့ ငါ့အကြောင်း မသိသေးလို့ ဒီစကားပြောနိုင်တာ ငါအကြောင်း မကြာခင် သိစေရမယ်ဟဲ့ “
မြကေသီသည် ခါးထောက်လျက် စကားပြောနေရင်းမှ သူ၏ ဆံပင်တို့သည် အနောက်သို့ ဝဲပျံလာပြီး နီရဲသောမျက်လုံးတို့မှာ ချက်ချင်း မဲနက်လာကုန်သည်။ထို့နောက် ကြမ်းပြင်အား ဖနောင့်ဖြင့် အားကုန်ပေါက်လိုက်သည်။ ခြေထောက်ကို မမြင်ရသော်ငြား အသံကြောင့် သိနိုင်လေသည်။ထို့နောက် မြကေသီ သည် ဦးစံလှတို့ဘက် လက်ညှိုးထိုးပြီး
“ဟဲ့ အကောင်တွေ အချင်းချင်း ပြန်သတ်ကြစမ်း”
မမြကေသီ၏ ကျယ်လောင်သောအသံကို ကြားပြီးသော ဦးစံလှတို့၏ မျက်လုံးတို့သည် ချက်ချင်း အမဲရောင် ပြောင်းသွားကာ တယောက် နှင့် တယောက် ခက်ထန်စွာ ဒေါသတကြီး သတ်ပုတ်နေကြပါတော့သည် ။
◾အခန်း (၆)
မောင်ဘိုးထင်သည် မြကေသီ ရန်ပြုလိမ့်မည်ဟု ခန့်မှန်းမိသောကြောင့် သူ၏လွယ်အိတ်ထဲတွင် စီရင်ထားသည့်အဆောင် များကို ပေတူး၊သာအေး၊ဖိုးထွေး နှင့် သာရတို့အား ဆောင်ထားစေ၍ မြကေသီ၏ ညှို့ခြင်းကို မခံရပေ။ဒေါသတကြီး မီးတုတ်များဖြင့် အချင်းချင်း ရိုက်ပုတ်နေသော လူအုပ်ကြီးကို ကြည့်ကာ မြကေသီသည် ကျယ်လောင်စွာ ရယ်မောနေလေ၏။မောင်ဘိုးထင်တို့သည် စိတ်ညှို့ခံရပြီး အချင်းချင်းသတ်ပုတ်နေသော သူများကို မည်သို့ သတိလည်အောင် ပြုလုပ်ရမည်တိုင်ပင်နေကြလေသည်။
“ဘိုးထင် ဒီလူတွေကို သတိလည်အောင် ဘယ်လိုလုပ်မလဲ “
“နေဦး ဟိုမှာ ရေစည်ပိုင်း နဲ့ ရေပုံးတွေ ရှိတာပဲ ကဲ ရေတွေ သွားခပ်ကြဗျာ ကျုပ်မှာ အဘ ဆောင်ခိုင်းထားတဲ့ ကဝေပညာဖျက် အစီအရင်ရှိတယ် အဲ့တာကို စိမ်ပြီး ဒီလူတွေကို ပက်ကြည့်ကြမလား “
“မင်းသဘောပဲ ဘိုးထင် ငါတို့ ရေပြေးခပ်ရတော့မလား “
“အေး ခပ် “
ဖိုးထွေး နှင့် သာရ တတွဲ ရေပြေးခပ်သလို ပေတူး နှင့် သာအေးသည်လည်း ရေပြေးခပ်ပြီး မောင်ဘိုးထင်အနားသို့ ပြန်ရောက်လာလေ၏။
“ရော့ ဘိုးထင် မြန်မြန်လုပ် ငါတို့ အနားကပ်လို့တော့ မရဘူး ငါတို့ပါ ရိုက်မှ ဒုက္ခ “
“အနားတော့ မကပ်နဲ့ဗျာ ခပ်လှမ်းလှမ်းက ပက်ကြတာပေါ့ “
“အေးကွာ ထည့် မင်းအစီအရင်ကို “
မောင်ဘိုးထင်သည် သူ၏ လွယ်အိတ်ထဲမှ အစီအရင်ကို ရေပုံးထဲစိမ်လိုက်ကာ ဦးအုန်း သင်ပေးထားသည့် မန္တန်ကိုပါ ရွတ်လိုက်ပြီး
“ကဲ ရပြီ သွားပက်တော့ဗျာ “
“အေး အေး “
ဖိုးထွေးတို့သည် ရေပုံးများကို ဆွဲကာ အချင်းချင်းသတ်ပုတ် နေသော လူအုပ်ကြီးအား ရေနှင့် ပက်လိုက်ရာ ရေထိသော သူများသည် ကြောင်ငေးပြီး ရပ်သွားလေသည်။အခြေအနေကောင်းမှန်းသိသော မောင်ဘိုးထင်တို့သည် နောက်ထပ် ရေပုံး များဖြင့် ရေများပြန်ခပ်ကာ လူအုပ်ကြီးအား လူစေ့လိုက်ပက် လိုက်တော့သည်။ ထိုအခါမှ အချင်းချင်း သတ်ပုတ်နေသော လူများသည် ရေများစိုရွှဲနေပြီး ဒဏ်ရာဒဏ်ချက်များကို စမ်းကာ အံ့ဩနေကြသည်။မီးတုတ်များလည်း ငြိမ်းသွားပြီမို့ အိမ်ဝိုင်းထဲ အမှောင်ရိပ်ကျသွားပြီး မြကေသီ၏ အိမ်ပေါ်တွင်သာ အလင်းရောင် ရရှိလို့နေသည်။ထို့နောက် ဦးစံလှသည် သူတို့ အဖြစ်ကို သူတို့ နားမလည်ပဲ ရှိနေစဉ် ဖိုးထွေးမှ အဖြစ်မှန်ကို ရှင်းပြလိုက်ရာ နောက်တဖန် ချက်ချင်း စိတ်တိုဒေါသထွက်ပြီး မြကေသီ၏ အိမ်ကို ခဲ နှင့် ဝိုင်း ပေါက်လိုက်ကြတော့သည် ။
◾အခန်း (၇)
မြကေသီသည် အိမ်ပေါ်မှနေ၍ သူမအား ရန်ပြုသော လူအုပ်ကြီးအား အချင်းချင်းသတ်ပုတ်အောင် ပြုစားလိုက်ပြီး ရယ် မောကာ ကြည့်နေလေသည်။သူမ၏ နောက်ထံပါးတွင် မိစန်းကြည်အပါအဝင် တခြားသော သူမ၏ လက်အောက်ငယ်သားများမှာ ကြောက်လန့်နေလေ၏ ။
အိမ်ဝိုင်းထဲတွင်ရှိသော လူအုပ်ကြီးသည် မီးတုတ်များနှင့် ရိုက်ပုတ်နေလေရာ ရုန်းရင်းဆန်ခတ်အခြေအနေအောက်တွင် လူငယ်လေးငါးယောက်တို့သည် စိတ်လွတ်နေသော လူအုပ်ကြီးအား ရေများဖြင့် ဖြန်းပက်ပေးနေသည်ကို မြကေသီ ရိုးတိုးရိပ်တိတ် လှမ်းမြင်လိုက်ရသည်။ထိုကောင်လေးများ ရေနှင့် ပက် ပြီးချိန်တွင် လူအုပ်ကြီးသည် အချင်းချင်း ရိုက်ပုတ်နေသည်ကို ရပ်လိုက်ပြီး ကောင်လေးပြောစကားကို နားထောင်လို့နေသည်။အတန်ကြာ နားထောင်ပြီးသောအခါ လူအုပ်ကြီးသည် စိတ်ဆိုးဒေါသထွက်ကာ သူမ၏နေအိမ်အား ဝိုင်းဝန်း၍ ခဲများဖြင့်စတင် ပေါက်လာကြ၏။ခဲများသည် အိမ်ကို တဝုန်းဝုန်းနှင့် ထိပြီး ဖွင့်ထားသောပြုတင်းပေါက်မှတဆင့် အိမ်အတွင်းသို့ပင် ဝင်လာတော့သည်။မြကေသီ ကြောင်ငေးနေသည်ကို သိသော မိစန်းကြည်သည် လက်ကို စောင့်ဆွဲပြီး ခဲအပစ်ခံကာ ပြတင်းတံခါးကို ပိတ်လိုက်ပြီး
“မမလေး ပြေးတော့ သူတို့တွေကို ပြုစားလို့ မရလောက်တေ့ဘူး ဟိုကောင်လေးက အစီအရင်တွေနဲ့ ပက်ထားတာ ဖြည် “
“မပြေးဘူး မိစန်းကြည် ဒီကောင်လေးကို ငါသတ်ရမှ ကျေနပ်မယ် “
“ဒီတိုင်းက မလွယ်ဘူး မမလေး ဆရာကြီး မရူးခင်က ပြောဖူးတယ် အကူညီလိုရင် စိတ်ဖူးတောင်က အောက်လမ်းဆရာကြီး စနေ ဆီသွားပါတဲ့ ဆရာကြီးရဲ့ စကားကို နားထောင်ပါ ဒီလူတွေ အိမ်ပေါ် တက်မလာဘူးလို့ မပြောနိုင်ဘူး “
“နင်တို့ပါ လိုက်မှ ငါသွားမယ်”
“မိစန်းကြည် လိုက်မယ် မမလေး ပြီးရင် ဒီကောင်တွေကို ပြန်ပြီး လက်စားချေမယ် “
ထို့နောက် အိမ်ပေါ်တွင်ရှိသော ပညာသည်များသည် မီးလုံး အဖြစ် ပြောင်းသူပြောင်း၊လင်းတအဖြစ် ပြောင်းသူပြောင်း အရိပ်အဖြစ် ပြောင်းသူပြောင်းကြပြီး အိမ်ကြီး၏ခေါင်မိုးအုပ်ကြွပ်ပြားကို ဖောက်ထွက်ပြီး ကောင်းကင်ယံသို့ ပျံတက်သွားကြရာ ခဲ နှင့် ပေါက်နေသော လူများသည်
“ဟေ့ ဟေ့ ဟိုမှာ စုန်းမတွေ ပြေးပြီဟေ့ ပြေးပြီ “
“တောက် စုန်းမတွေ နင်တို့ နောက်တခါ ရွာထဲဝင်ကြည့် သေမယ် “
အိမ်ဝိုင်းထဲရှိ လူများသည် စိတ်ဆိုးမာန်ဆိုး နှင့် မြကေသီ၏ အိမ်အား စိတ်ရှိလက်ရှိ ခဲ နှင့် ဆက်ပေါက်နေကြသည်၊၊သူတို့ ၏နောက်တွင် ရှိသော မောင်ဘိုးထင်တို့သည် အိမ်ဝိုင်းဝတွင် ခြေပစ် လက်ပစ်ထိုင်ချကာ ခေါင်းကိုခါယမ်းပြီး စိတ်လေးလံစွာနှင့် ခဲနှင့် အိမ်ကို ပေါက်နေသော လူအုပ်ကြီးအား ထိုင်ကြည့် ၍သာ တတ်နိုင်ပါလေတော့သည် ။
◾အောက်လမ်း ဘိုးထင် နှင့် ဝမ်းတွင်းစုန်း မြကေသီ သည်က ဤမျှသာ။မကြာမီ အောက်လမ်း ဘိုးထင်နှင့် အညှာတာမဲ့ စနေ အမည်ရ ဇာတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။
📝မောင်တင်ဆန်း
Leave a Reply