စိတ်ညို့ဝိဇ္ဇာမောင်ထွန်းမြှာ

ပေါင်းများစွာနဲ့စစ်ဆေးပြီးမှ တာဝန်ပေးကြတာ”

“ ဒါဆိုရင် ဒီပုဂ္ဂိုလ်က ထွက်ရပ်ပေါက်မဟုတ်ဘူးပေါ့”

သက်ခိုင်စကားကြောင့် အောင်မြတ်သာက ပါးလွှာတဲ့နှုတ်ခမ်းလေးအောက်မှာ ပုန်းကွယ်နေတဲ့ သွားတက်ဖြူဖြူလေးပေါ်အောင် ရယ်လိုက်ပြီး

“ အမှန်တိုင်းပြောရရင် သူက မင်းတို့ရောက်ဖူးတဲ့ မဟာမြိုင်တောရဲ့အတွင်းပိုင်းကိုတောင် သွားခွင့်မရှိဘူး၊ ဘယ်လိုလဲ ဒရဝမ်လုပ်မလား… ကိုယ်နေမယ့်အပင်နှစ်ပင်(သက်ခိုင်အတွက် ညောင်ပင်၊ တောက်ရအတွက် သပြေပင် မဟာမြိုင်တောမှာပေါက်နေတဲ့အကြောင်းကိုတော့ အောင်မြတ်သာနှင့်နတ်မျက်စိမြဒင်ဝတ္တုမှာဖတ်ရှုနိုင်ပါတယ်)ကြီးထွားသန်မာအောင် ကျင့်ကြံမလား”လို့ပြောတော့ သက်ခိုင်နဲ့တောက်ရက

“ ဒရဝမ်တော့မလုပ်ပါဘူး ကျွန်တော်တို့က ဆရာလိုဖြစ်အောင်ပဲကြိုးစားမှာ… “လို့ပြောကာ ရယ်မောလိုက်ကြတယ်။
+++++++++

“ အ… အ… အ….အ”

ဇရပ်ဘေးမှာပေါက်နေတဲ့ အပင်ပေါ်ကနေ မနားတမ်းအော်နေတဲ့ ကျီးသံကြောင့် မှေးခနဲအိပ်ပျော်နေတဲ့ သက်ခိုင်နဲ့ တောက်ရတို့ နိုးလာခဲ့တယ်။

“ နိုးလာရင် ကိုယ်လက်သန့်စင်ကြဦး. ပြီးတာနဲ့စထွက်ကြမယ်”

အောင်မြတ်သာစကားကြောင့် သက်ခိုင်တို့ ကပျာကယာထလိုက်ကြပြီး ကိုယ်လက်သန့်စင်ကာ လွယ်အိတ်ကောက်လွယ်တဲ့အချိန် ဇရပ်ဘေးမှာအော်နေတဲ့ ကျီးကန်းက အရှေ့ဘက်စူးစူးကို ထပျံသွားခဲ့တယ်။

“ လမ်းပြကတော့ အရှေ့ဘက်ကို ညွှန်ပြနေပြီဆိုတော့ ငါတို့လဲသွားကြရအောင်”

အောင်မြတ်သာတို့ဆရာတပည့်လဲ ကျီးကန်းထပျံသွားတဲ့ အရှေ့ဘက်စူးစူးကိုထွက်လာခဲ့ကြတာ ပတ်ဝန်းကျင်ကို ရှင်းလင်းစွာမြင်ရတဲ့ အချိန်ကိုရောက်လာခဲ့တယ်။ လယ်ကွင်းတွေ၊ ဖုန်းဆိုးမြေတွေကို ကျော်ဖြတ်လာပြီးတဲ့နောက်မှာတော့ လမ်းလေးခွဆုံတစ်ခုကိုရောက်လာခဲ့တယ်။

“ အ…အ…အ…အ”

“ ဆရာ… ဒီတစ်ခါတော့ အရှေ့မှာမှိန်ပြပြမြင်နေတဲ့ရွာဘက်ကို ကြည့်ပြီး အော်နေပါလား”

“ ဒီပုံစံအတိုင်းဆိုရင် အခုမြင်ရတဲ့ရွာမှာ ငါတို့ရှာနေတဲ့ပုဂ္ဂိုလ်ကိုတွေ့နိုင်ချေရှိတယ်… သွားကြရအောင်”

အောင်မြတ်သာတို့ထွက်သွားတော့ သစ်ပင်ပေါ်မှာ နားနေတဲ့ကျီးကန်းက လာရာလမ်းအတိုင်းကိုပျံလှည့်သွားခဲ့တယ်။

အောင်မြတ်သာတို့လဲ ရွာထဲမဝင်ခင်မှာပဲ အဝတ်အစားတွေကိုလဲလှယ်လိုက်တော့ စပါးပွဲစားတွေလို ခရီးသွားတွေလိုဖြစ်သွားခဲ့တယ်။
++++++

“ စပါးဝယ်ဖို့ ရှာနေတာလား…. ကျုပ်နေရာလိုက်ပြပေးမယ်လေ … အလုပ်ဖြစ်မှ ပွဲခပေးလို့ရပါတယ်”

ရွာထဲစဝင်တာနဲ့ အနောက်ကနေလိုက်ပြီး တတွတ်တွတ်ပြောနေတဲ့ လူကိုမြင်တော့ အောင်မြတ်သာက

“ လောလောဆယ်တော့ ကျုပ်တို့ခရီးပန်းလာလို့ တည်းလို့ရမယ့်နေရာရှာပေးလို့ရမလား”

“ ရတာပေါ့ ရတာပေါ့… ကျုပ်လိုက်ရှာပေးမယ် ခဏစောင့်”

အပေါ်ပိုင်းဗလာကျင်းထားပြီး ဟောင်းနွမ်းနေတဲ့လုံချည်ကို ခပ်တိုတိုဝတ်ထားတဲ့လူက အောင်မြတ်သာတို့ကို ရွာထိပ်က သစ်ပင်အောက်မှာ စောင့်ခိုင်းပြီး ခပ်သွက်သွက်ထွက်သွားခဲ့တယ်။

“ ဆရာ ဒီလူကိုကြည့်ရတာ ဟိုစပ်စပ်ဒီစပ်စပ် ပါမယ့်ပုံပဲ … ကျွန်တော်တို့အတွက် အသုံးဝင်မယ်ထင်တယ်နော်”

“ ငါတို့ရှာနေတဲ့လူကိုမတွေ့ခင်အချိန်ထိ အနေအထိုင်၊ အပြောအဆို၊ ကိုယ်အမူအယာတွေကအစ သတိထားပါ။ ငါတို့ရင်ဆိုင်ရမယ့်သူက ပေါ့သေးသေးမဟုတ်ဘူးနော်”

“ ဟုတ်ကဲ့ပါဆရာ ကျွန်တော်တို့သတိထားပါ့မယ်”

ရွာအဝင်ဝသစ်ပင်အောက်မှာ နာရီဝက်လောက်ထိုင်စောင့်ပြီးတဲ့အချိန်မှာတော့ ရွာထဲဝင်သွားတဲ့လူပြန်ရောက်လာပြီး

“ အဆင်ပြေတယ်ဗျို့…. တည်းမယ့်အိမ်အပြင် စားရေးသောက်ရေးပါ အဆင်ပြေအောင် ညှိခဲ့ပေးတယ်။ အိမ်ရှင်ကလဲ ယောင်္ကျားလေးဆိုတော့ မိတ်ဆွေတို့အတွက် ပိုအဆင်ပြေတာပေါ့ဗျာ”

“ ဒါဖြင့် ကျုပ်တို့ သွားလို့ရပီလား”

“ ရပါပြီ ရပါပြီ ကျုပ်လိုက်ပို့ပေးပါမယ်”

အရှေ့ကနေ တက်ကြွတဲ့ခြေလှမ်းတွေနဲ့ထွက်သွားတဲ့ လူက လမ်းတစ်ဝက်ရောက်တော့

“ ဆရာတို့အတွက် ကျုပ်အဆင်ပြေအောင် စီစဉ်ထားပေးတာဆိုတော့ မုန့်ဖိုးပဲဖိုးလေး မစဦးနော့”

“ ဒါတော့ လုပ်ပေးရမှာပေါ့… ခင်ဗျားနာမည်က ဘယ်လိုခေါ်လဲ”

“ ကျုပ်နာမည်က စိုးဝင်းလို့ခေါ်တယ်၊ ရွာထဲကကိစ္စမှန်သမျှ စိုးဝင်းမသိတာမရှိဘူး၊ ဆရာတို့လိုအပ်တာရှိလဲ အချိန်မရွေးခေါ်ခိုင်းလို့ရတယ်နော်”

အောင်မြတ်သာက ရေပက်မဝင်အောင်ပြောနေတဲ့သူရဲ့ လက်ထဲကို ငွေစက္ကူအချို့ထည့်ပေးလိုက်ပြီး

“ စိတ်မပူပါနဲ့ ကျုပ်တို့လိုအပ်ရင်ခေါ်မှာပါ…အော် ဒါနဲ့ တည်းရမယ့်အိမ်မှာနေတဲ့သူဘယ်နှစ်ယောက်ရှိလဲ”

“ လောလောဆယ် အသက်၆၀အရွယ် အဖိုးကြီးတစ်ယောက်ပဲရှိတာ၊ သူ့သားသမီးတွေကတော့ နှစ်လသုံးလလောက်မှ လာကြည့်ကြတာဆိုတော့ ဆရာတို့အတွက်အဆင်ပြေမှာပါ”

စကားတစ်ပြောပြောနဲ့လမ်းလျောက်လာရင်း တည်းမယ့်အိမ်ရှေ့ကိုရောက်လာခဲ့တယ်။

“ ဦးဘဇော်… ဗျို့ဦးဘဇော် ဒီမှာ တည်းမယ့်သူတွေရောက်နေပြီဗျ”

စိုးဝင်းအသံကြောင့် အိမ်ပေါ်ကနေ လူကြီးတစ်ယောက်ဆင်းလာပြီး
“ ဧည့်သည်တွေတောင်ရောက်နေပြီကိုး… အိမ်ပေါ်တက်ပြီး လွတ်လွတ်လပ်လပ်သာနေ… အဘက တစ်ယောက်ထဲနေတာဆိုပြီး အားမနာကြနဲ့”

“ ဟုတ်ကဲ့ပါအဘ ကျေးဇူးတင်ပါတယ်”

အောင်မြတ်သာတို့အိမ်ပေါ်ရောက်တော့ စိုးဝင်းက မယောင်မလည်နဲ့တက်လာပြီး

“ ဆရာသမားတို့ ခွက်ပုန်းတွေဘာတွေလိုချင်လဲပြောနော်… “

“ လိုရင်ပြောပါ့မယ် လောလောဆယ် ကျုပ်တို့မလိုသေးပါဘူး”

“ အော် ပြောဖို့မေ့နေတာဗျာ.. ဆရာတို့ထမင်းစားဖို့အတွက် ဘယ်လိုစီစဉ်ကြမလဲ… ချက်ပို့ပေးရမယ်ဆိုလဲပြောနော်… ကျုပ်လိုက်ချိတ်ပေးမယ်”

“ ကျေးဇူးတင်ပါတယ်ဗျာ နေ့လည်စာအတွက်ကိုတော့ သက်သက်လွတ်တစ်ခုခုစီစဉ်ခဲ့ပေးဗျာ…ဒီမှာ ပိုက်ဆံယူသွားဦး”

“ ဆရာ ပေးတဲ့ပိုက်ဆံက များလိုက်တာ သက်သက်လွတ်ကအဲလောက်မလိုပါဘူး”

“ ဒါဖြင့်လဲ ညနေအတွက်ပါတစ်ခါထဲယူထားလိုက်တော့ … ကျုပ်တို့လဲခရီးပန်းလာလို့ နားလိုက်ဦးမယ်”

အောင်မြတ်သာက စကားစကိုဖြတ်လိုက်တော့မှ စိုးဝင်းတစ်ယောက်အိမ်ပေါ်ကနေဆင်းသွားခဲ့တယ်။
+++++

“ ဆရာ ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ”

လွယ်အိတ်ကိုချွတ်ရင်းမေးလိုက်တဲ့ သက်ခိုင်စကားကြောင့် အောင်မြတ်သာက အိမ်အောက်မှာ ထင်းခွေနေတဲ့ အိမ်ပိုင်ရှင်ကို မျက်စပစ်ပြပြီး

“ လောလောဆယ် စပါးပေါက်စျေးတွေကိုစုံစမ်းဖို့လုပ်ပါ… ညနေစောင်းရင်တော့ စိုးဝင်းကိုခေါိပြီး အနီးနားရွာတွေပတ်ကြည့်ကြတာပေါ့”လို့ပြောလိုက်တော့ သက်ခိုင်က အလိုက်သိစွာ ခေါင်းညိမ့်ပြလိုက်တယ်။

မွန်းတည့်ချိန်ရောက်တော့ စိုးဝင်းတစ်ယောက် ထမင်းချိုင့်ကိုဆွဲပြီးရောက်ချလာခဲ့တယ်။ အောင်မြတ်သာတို့ ထမင်းစားနေတုန်း အိမ်ပိုင်ရှင်လူကြီး မယောင်မလည်နဲ့ရောက်လာပြီး

“ ဧည့်သည်တွေတောင် ထမင်းစားနေပါရောလား… ကျုပ်အိမ်မှာ ကြက်သားနဲ့ဘူးသီးချက်ထားတာ ယူစားပါလား”

“ မစားတော့ပါဘူး အဘ၊ ကျွန်တော်တို့က အလုပ်လုပ်ချိန်ဆို သက်သက်လွတ်ပဲစားလို့ပါ”

“ ဟေ ဟုတ်လား… အဘရဲ့ သားအငယ်ဆုံးလဲ မင်းတို့လို သက်သက်လွတ်ပဲစားတာဆိုတော့ သူရှိရင်အဖော်ရဦးမှာ”

အိမ်ပိုင်ရှင်လူကြီးစကားကိုကြားတော့ စိုးဝင်းက

“ အငယ်ကောင်ဆိုတော့ ထွန်းမြှာကိုပြောတာပေါ့ ဟုတ်လားအဘ”

“ အေးလေ ငါ့သားသမီးတွေထဲမှာ သူ့လောက်သိတတ်တဲ့သူရှိမှမရှိတာ”

“ အဘပြောမှ သတိထားမိတယ်… ထွန်းမြှာကိုမတွေ့တာကြာနေပြီနော်”

“ မတွေ့ဆို မြို့တက်ပြီးအလုပ်လုပ်နေတာကိုး… သူပြန်လာရင် ဒီကဧည့်သည်တွေနဲ့မိတ်ဆက်ပေးရမယ်”

အောင်မြတ်သာတို့လဲ စကားစပြတ်အောင် ထမင်းစားနေတာကိုလက်စသတ်လိုက်ကြတယ်။

စိုးဝင်းက စားသောက်ပြီးတဲ့ ချိုင့်တွေကို ဆွဲခြင်းထဲထည့်ပြီးပြန်ဖို့အလုပ်မှာ သက်ခိုင်က

“ ညနေကျရင် အခြားရွာတွေသွားချင်လို့ လိုက်ပို့ပေးပါဦး”

“ ရတာပေါ့ ကျုပ်ကအလုပ်မရှိလို့ပျင်းနေတာနဲ့အတော်ပဲဗျာ၊ ညနေကျရင် ကျုပ်လာခေါ်မယ်”လို့ပြောကာ ပြန်သွားခဲ့တယ်။
++++++

တလင်းပြင်ပေါ်မှာ စပါးလွှေ့နေကြတဲ့ လူတွေက စိုးဝင်းနဲ့အတူပါလာတဲ့ အောင်မြတ်သာတို့ကိုမြင်တော့ စပါးပွဲစားတွေလာတယ်အထင်နဲ့ ရေနွေးကြမ်း၊ ထန်းလျက်ခဲတွေနဲ့ဧည့်ခံခဲ့ကြတယ်။

အောင်မြတ်သာတို့လဲ သဏ္ဍာန်လုပ်သရုပ်တူအောင် စပါးစျေးတွေမေးမြန်းပြီး အခြားရွာဘက်ကိုဆက်ထွက်လာခဲ့ကြတယ်။ လမ်းမှာရောက်တတ်ရာရာစကားတွေပြောနေရင်းကနေ အောင်မြတ်သာက

“ အိမ်ရှင်အဘမှာ သားသမီးဘယ်နှစ်ယောက်ရှိလဲဗျ”

“ ကျုပ်သိရသလောက် သုံးယောက်ရှိတာ၊ အကြီးဆုံးသားနဲ့ အလတ်မကတော့ မြို့မှာအိမ်ထောင်ကျနေတယ်ပြောတာပဲ။ အငယ်ကောင်ကတော့ အိမ်ကိုဆယ်ခါတစ်ခါလောက်ပဲပြန်လာတာ”

“ အဘက သူ့သားအငယ်ကိုအတော်ချစ်ပုံပဲနော်”

“ ထွန်းမြှာကိုပြောတာလား…. “

“အင်း ဟုတ်တယ် “

“ ထွန်းမြှာက လူတစ်မျိုးပဲဗျ… ငယ်ငယ်ထဲက လူတွေနဲ့သိပ်မရောပဲ တစ်ကိုယ်ထဲနေတာ။ တစ်ခါတစ်လေ ရွာကနေပျောက်ပျောက်သွားပြီး ပြန်လာရင်လဲ တစ်ရက်နှစ်ရက်လောက်ပဲနေတာ၊ ရွာထဲကလူတွေပြောတာကတော့ ထွန်းမြှာက ဘိုးတော်ရူးရူးနေတာတဲ့”

“ ဘယ်လို ဘိုးတော်ရူး ဟုတ်လား”

“ ဟုတ်တယ် ဒီအကြောင်း အဘကိုပြန်မပြောနဲ့ဦး”

“ ပြောစရာလားဗျာ… ကျုပ်တို့ကအဲလောက်တော့ နားလည်ပါတယ်”

“ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ထွန်းမြှာရွာကို တစ်ခေါက်ပြန်လာခဲ့သေးတယ်။ သူက ညသန်းခေါင်အချိန်ဆိုရင် ဝတ်ဖြူစင်ကျယ်ဝတ်ပြီး ခေါင်မိုးပေါ်တက်ထိုင်တာဗျ”

“ ဟင် ဘာလို့ခေါင်မိုးပေါ်တက်ထိုင်တာလဲ”

“ ကျုပ်လဲဘယ်သိမလဲဗျ… ရွာထဲမှာပြောတာကတော့ လရောင်ခံတယ်ဆိုလားပဲ… ထွန်းမြှာကိုတော့အထင်မသေးနဲ့နော်… သူများအောက်လမ်းနဲ့လုပ်ထားတဲ့ ကောင်မလေးတစ်ယောက်ရဲ့အသက်ကိုတောင် သူကယ်ပေးခဲ့သေးတာ”

“ ပြောစမ်းပါဦး ဘယ်လိုကယ်ခဲ့တာလဲ”

“ဆရာတို့ ရွာထဲရောက်တဲ့အခါ ရေနံချေးတွေသုတ်ထားတဲ့ ပျဉ်ထောင်အိမ်တစ်လုံးတွေ့လိမ့်မယ်…အဲဒီအိမ်ပိုင်ရှင်သမီးကို အခြားတစ်ယောက်က အောက်လမ်းနဲ့လုပ်တာ၊အဲဒီအချိန် ထွန်းမြှာကလဲရှိနေတော့ ကောင်မလေးကို သူ့ရှေ့ခေါ်ပြီး မျက်တောင်မခတ်ပဲစိုက်ကြည့်တာ ဟိုကောင်မလေးကိုလုပ်ထားတဲ့သူက သူ့အကြည့်ကိုမခံနိုင်ပဲ ဝင်ပူးပါလေရော၊ ထွန်းမြှာက ဝင်ပူးနေတဲ့ကောင်မလေးကိုစိုက်ကြည့်ပြီး ဘယ်နေရာမှာ ဘာမြုပ်ထားလဲဆိုတာ မေးတော့တာပဲ၊ အခြားဆရာတွေပယောဂကုရင် ဝင်ပူးတဲ့သူက အနည်းနဲ့အများတော့ အာခံကြတာပဲမဟုတ်လား”

“ ဒါပေါ့ ဘယ်သူက ချက်ချင်းဝန်ခံမှာလဲ”

“ ဟဲဟဲ ထွန်းမြှာ ကုတာကိုဆရာတို့မြင်ရင်အံ့ဩသွားမှာ… သူကဝင်ပူးတဲ့ကောင်မလေးကိုစိုက်ကြည့်ပြီး မေးတာ.. ဟိုက တစ်ခွန်းတောင်အာမခံပဲ အကုန်ဖော်တာဗျ”

စိုးဝင်းစကားကြောင့် သက်ခိုင်က အောင်မြတ်သာကို လှမ်းကြည့်ပြီး အဓိပ္ပါယ်ရှိစွာခေါင်းငြိမ့်ပြလိုက်တယ်။

အိမ်ပြန်ရောက်တော့ အောင်မြတ်သာက အိမ်ရှေ့ကွပ်ပြစ်မှာထိုင်ကာ ရေနွေးကြမ်းသောက်နေတုန်း အိမ်ပိုင်ရှင်အဘရောက်လာပြီး

“ ဧည့်သည်တွေပျင်းနေကြပြီထင်တယ်…”

“ ပျင်းတယ်လို့လဲမဟုတ်ပါဘူးအဘရာ… ဒီလိုပါပဲ”

“ ဒီလိုပါပဲတွေ ဘာတွေလုပ်မနေနဲ့ … ဧည်သည်တို့စာဖတ်ရတာဝါသနာပါရင် ထွန်းမြှာအခန်းထဲမှာ သူဖတ်နေကျစာအုပ်တွေရှိတယ်… ယူဖတ်ကြလေ”

အိမ်ပိုင်ရှင်စကားကြောင့် သက်ခိုင်နဲ့တောက်ရတို့က အလိုက်သင့်စွာနဲ့

“ ရေနွေးကြမ်းလေးသောက်လိုက် စာအုပ်လေးဖတ်လိုက်နဲ့ အဆင်သင့်လိုက်တာဗျာ” လို့ပြောလိုက်တော့ အိမ်ရှင်အဘက ထုပ်တန်းပေါ်မှာတင်ထားတဲ့ သော့တစ်ချောင်းကိုယူကာအခန်းတံခါးကိုဖွင့်ပေးခဲ့တယ်။

သက်ခိုင်တို့လဲ ဖယောင်းတိုင်မီးကိုယူပြီး အခန်းထဲဝင်သွားတော့ သပ်ရပ်စွာပြုလုပ်ထားတဲ့ စာအုပ်စင်ပေါ်မှာ ဖုန်အနည်းငယ်တက်နေတဲ့ စာအုပ်အချို့ကိုမြင်လိုက်ရတယ်။

“ ဧည့်သည်တို့အဆင်ပြေတဲ့စာအုပ်ယူဖတ်ပြီးရင် သူ့နေရာသူပြန်ထားပေးနော်… အဘ သားက သူ့စာအုပ်တွေကို နေရာတကျမထားရင် အရမ်းစိတ်ဆိုးတာ”

“ ဟုတ်ကဲ့ပါအဘ… ကျွန်တော်တို့ သေချာပြန်ထားပေးပါ့မယ်”

သက်ခိုင်တို့လဲ စာအုပ်စင်ပေါ်မှာရှိတဲ့ စာအုပ်တွေကိုလှန်လှောရှာဖွေကြည့်ရာ စိတ်ညို့ပညာရပ်နဲ့ဆိုင်တဲ့စာအုပ်ပေါင်းများစွာကိုတွေ့ရှိခဲ့တယ်။

အဒီအချိန် စာအုပ်စင်ပေါ်မှာတင်ထားတဲ့ အစီအရင်ငန်းရုပ်တစ်ခုရဲ့ မျက်လုံးတွေက မီးခဲလိုနီရဲလာတာမြင်တော့ သက်ခိုင်က ကိုင်ထားတဲ့ စာအုပ်ကိုအသာပြန်ချပြီး ဂမ္ဘီရစာစောင်တစ်စောင်ကိုသာယူလာခဲ့လိုက်တယ်။

အိမ်အောက်ကွပ်ပြစ်ရောက်တော့ သက်ခိုင်က ဘေးဘီကိုကြည့်ပြီး
“ ဆရာ ..ထွန်းမြှာဆိုတဲ့လူက ကျွန်တော်တို့ရှာနေတဲ့သူဖြစ်နိုင်တယ်၊ အခုဆို ကျွန်တော်တို့သူ့အခန်းထဲဝင်တာကို အစီအရင်ငန်းရုပ်ကတစ်ဆင့် သိနေလောက်ပြီထင်တယ်”

“ ငါထင်တဲ့အတိုင်းပါပဲလား… ဒါပေမယ့် ထွန်းမြှာဆိုတဲ့လူအကြောင်းသိရသလောက်တော့ သူတစ်ပါးမပေါ်ယုတ်မာတာမမြင်မိသေးဘူး..ငါ့စိတ်ထင် သူက တပသီအကျင့်ကိုကျင့်နေတဲ့ ပုဂ္ဂိုလ်ထင်တယ်”

“ တပသီအကျင့်ဆိုတာက ဘယ်လိုမျိုးလဲဆရာ”

“ တပသီဆိုတာက ကျောထောက်နောက်ခံ ဂိုဏ်းတွေမရှိပဲ မိမိရဲ့စိတ်ကူး၊ မိမိရဲ့ဥာဏ်နဲ့တစ်ဦးထဲ ကျင့်ကြံတဲ့သူတွေကိုခေါ်တာ.. မင်းတို့ဆိုရင် ငါတို့ဂိုဏ်းကိုအမှီပြုထားတဲ့အတွက် အနှောက်အယှက်တွေဝင်လာရင်လဲ ဂိုဏ်းမှာရှိတဲ့အစောင့်တွေက သတိပေးတာမျိုး၊ ကြားခံဝင်ပေးတာမျိုးရှိပေမယ့် တပသီအကျင့်ကျင့်တဲ့သူတွေကတော့ ဝင်လာတဲ့အဖျက်စွမ်းအားတွေကို သူတို့ရဲ့ဥာဏ်ပညာနဲ့ပဲဖြေရှင်းကြရတယ်။ အချို့တွေဆိုရင် အဖျက်စွမ်းအားကို ရင်မဆိုင်နိုင်ပဲ ရူးသွပ်သွားကြတာ”

“ ဒါဆိုရင် ထွန်းမြှာဆိုတဲ့လူက သူဖတ်မှတ်ထားတဲ့အကြောင်းအရာတွေကိုအခြေခံပြီး ကျင့်ကြံနေတဲ့သူပေါ့”

“ ဒီပုဂ္ဂိုလ်က မဟာမြိုင်တောထဲကိုဝင်နိုင်ဖို့အရည်အချင်းမပြည့်မှီသေးပေမယ့် သူ့ပညာရပ်က သာမန်ထက်ပိုနေတာကိုတော့ငြင်းလို့မရဘူး”

“ သူ့ကိုစောင့်လို့တော့မဖြစ်တော့ဘူးထင်တယ်နော်ဆရာ.. ကျွန်တော်တို့တစ်ခုခုလုပ်သင့်နေပြီမဟုတ်လား”

“ ဒီညသန်းခေါင်အချိန်ရောက်တာနဲ့ သူဘယ်မှာရှိတယ်ဆိုတာသိရမှာပါ… လောလောဆယ် ယူလာတဲ့စာစောင်ကို အခြားဘယ်သူမှမထိမကိုင်အောင်သတိထားပါ”

အောင်မြတ်သာစကားကြောင့် သက်ခိုင်က ကိုင်ထားတဲ့စာစောင်ကို မဖတ်တော့ပဲ ခုံအလွတ်တစ်ခုပေါ်မှာတင်ထားလိုက်တယ်။ ညသန်းခေါင်အချိန်ရောက်တော့ အောင်မြတ်သာက ခုံပေါ်တင်ထားတဲ့ စာစောင်ကို အရှေ့မှာချပြီး ဂါထာတစ်ပုဒ်ကို မနားတမ်းရွတ်ပါလေရော။

“ တောက်…. ရှပ် ရှပ် ရှပ်… ဟင်းးး”

ထွန်းမြှာရဲ့အခန်းထဲကနေ တောက်ခတ်သံတွေအပြင် မကျေမနပ်တဲ့ပုံစံနဲ့လမ်းလျောက်နေတဲ့ ခြေသံတွေကိုကြားတော့ အောင်မြတ်သာက ရွတ်ဖတ်နေတာကိုရပ်လိုက်ပြီး

“ ငန်းအစောင့်က ထွန်းမြှာဘယ်မှာရှိတယ်ဆိုတာ သိနေတယ်”

“ ကျွန်တော်တို့ ငန်းစောင့်ကိုခေါ်ပြီး မေးရင်တော့ အဖြေတစ်ခုရမယ်ထင်တယ်နော်”

“ လောလောဆယ် အိမ်ရှင်အဘကို အိပ်မွေ့ချရလိမ့်မယ်… ဒီကိစ္စကိုတောက်ရက တာဝန်ယူပေးပါ”

အောင်မြတ်သာစကားအဆုံးမှာ တောက်ရက အိမ်နောက်ဘက်ကိုဝင်သွားပြီး အိပ်မွေ့ချရာမှာသုံးတဲ့အင်းကို နနွင်းတက်မှာပတ်ကာ မီးရှို့လိုက်တယ်။ မကြာခင် အင်းစာရွက်နဲ့ပတ်ထားတဲ့ နနွင်းတက်ထဲကနေ အခိုးငွေ့တွေထွက်လာပြီး အိမ်ထဲမှာဝေ့ဝဲနေခဲ့တယ်။

“ ဆရာ … ငန်းစောင့်ကို ခေါ်လို့ရပါပြီ”

တောက်ရစကားကြောင့် အောင်မြတ်သာက ကွပ်ပြစ်ခြေရှင်းမှာရှိတဲ့ မြေကြီးကို ပြောင်နေအောင်လှဲလိုက်ပြီး ကြယ်ပုံစံစမကွက်ကိုရေးဆွဲလိုက်တယ်။ ပြီးတော့မှ စာစောင်ကို လွတ်နေတဲ့အကွက်မှာချလိုက်ပြီး

“ ဒီစာစောင်ပေါ်မှာတည်ရှိနေတဲ့ လက်ဗွေပိုင်ရှင်ရဲ့ အခိုင်းစေငန်းစောင့်ပုဂ္ဂိုလ်အား ကျွန်ုပ်အောင်မြတ်သာမှ လေးစားစွာပင့်ဖိတ်အပ်ပါတယ်။ သင်ဟာမကောင်းတဲ့ ငန်းစောင့်မဟုတ်တဲ့အတွက် ကျွန်ုပ်တို့အနေနဲ့ သင့်ကိုရိုင်းပြစွာမဆက်ဆံဘူးဆိုတာ ကတိပေးပါတယ်။ သင့်အနေနဲ့ ကျုပ်တို့ပင့်ဖိတ်တာကို ကြားတယ်ဆိုတယ်ရင် ဒီစာစောင်ရဲ့ ပထမစာရွက်ကို လှန်ပြပါ” လို့ပြောလိုက်တော့ အင်းကွက်အလယ်မှာရှိတဲ့ စာစောင်ရဲ့ပထအစာရွက်က လေမတိုက်ပဲ သူ့အလိုလိုလှန်သွားတာကိုမြင်လိုက်ရတယ်။

“ သင်ရောက်လာပြီဆိုရင် ကျုပ်တို့မေးတာ အမှန်တိုင်းဖြေပေးဖို့ တောင်းဆိုပါတယ်။ ကျုပ်တို့ကသင်ရဲ့ သခင်ကို ဒုက္ခရောက်အောင်လုပ်မယ့်သူတွေမဟုတ်ပဲ နည်းမှန်လမ်းမှန်ဖြစ်အောင် ကူညီပေးမယ့်သူတွေဆိုတာ သိမယ်ထင်ပါတယ်။ ဒါကြောင့် သင့်သခင် ယခု ဘယ်အရပ်ဒေသမှာရှိနေတယ်ဆိုတာ ကျုပ်တို့ကိုပြောပြပေးပါ”

အောင်မြတ်သာစကားအဆုံး စာစောင်မှာရှိတဲ့စာရွက်တွေ အရှေ့အနောက်လှုပ်ရမ်းပြီးတဖျတ်ဖျတ်နဲ့ ထောင်လာပါလေရော။ ဆယ်စက္ကန့်လောက် လှုပ်ခါပြီးတဲ့အချိန်မှာတော့ ထုံးသင်္ကန်းသုတ်ထားတဲ့စေတီတစ်ဆူရဲ့ပုံတော်မှာ ရပ်သွားခဲ့တယ်။

သက်ခိုင်လဲ စာစောင်မှာပါတဲ့စေတီဘွဲ့နာမည်ကို ကြည့်လိုက်တော့ “ လောကချမ်းသာလိုတရစေတီ”ဆိုတဲ့ဘွဲ့တော်အပြင် စေတီရဲ့တည်နေရာကိုပါမြင်တွေ့ခဲ့တယ်။

အောင်မြတ်သာလဲ ထွန်းမြှာရှိတဲ့နေရာကိုသိရပြီမို့ ခေါ်ထားတဲ့ငန်းစောင့်ကိုပြန်လွှတ်ပေးပြီး အိမ်ပိုင်ရှင်အဘရဲ့အိပ်ယာဘေးမှာ ငွေအချို့ကိုချပေးကာ စေတီရှိတဲ့အရပ်ကို ညတွင်းချင်းထွက်လာခဲ့လိုက်တယ်။
++++++++

လဆန်းရက်ဖြစ်တဲ့အတွက် အလင်းရောင်က လမ်းခရီးကို ဖြောင့်ဖြူးစေဖို့အကူအညီပေးခဲ့သလို လိုရာခရီးကိုရောက်ဖို့အတွက် အားထည့်နေကြတဲ့ အောင်မြတ်သာတို့ရဲ့ခြေလှမ်းတွေက လျင်မြန်သွက်လက်နေခဲ့တယ်။

အောင်မြတ်သာတို့လဲ ညသန်းခေါင်အချိန်ကနေစထွက်လာခဲ့တာ မနက်လင်းအားကြီးချိန်ရောက်တော့ ထုံးသင်္ကန်းအဖြူရောင်သုတ်ထားတဲ့ စေတီတစ်ဆူကို အဝေးကနေ ဖူးမြင်လိုက်ရတယ်။

လူသူအရောက်ပေါက်နည်းတဲ့အရပ်ဒေသဖြစ်ပေမယ့် စေတီရဲ့ ဂြိုလ်တိုင်တွေမှာတော့ လတ်ဆတ်မွှေးကြိုင်တဲ့ စံပယ်ပန်းတွေကို နှီးနဲ့သီပြီး ပူဇော်ထားတာကို ကြည်နူးစွာဖူးမြင်လိုက်ရတယ်။

အောင်မြတ်သာတို့ စေတီပေါ်ကိုခြေချတာနဲ့ တစ်ပြိုင်နက်စနေထောင့်ဘက်ကနေ ခပ်အုပ်အုပ်ရယ်သံတစ်ခုနဲ့အတူ မျက်နှာမှာကျောက်ပေါက်မာအနည်းငယ်ပေါက်နေတဲ့ လူတစ်ယောက်ထွက်လာခဲ့တယ်။

“ ခင်ဗျားက ထွန်းမြှာ ဖြစ်မယ်ထင်တယ်”

“ ဟုတ်ပါတယ် ကျုပ်ကထွန်းမြှာပါ… ဒီက ပုဂ္ဂိုလ်တွေကိုကြည့်ရတာ ကျုပ်ကိုအရမ်းတွေ့ချင်နေတဲ့ပုံပဲ”

ထွန်းမြှာရဲ့စကားကိုအောင်မြတ်သာက ဘာမှမပြောပဲ ဆည်းလည်းသံတွေတချွင်ချွင်မြည်နေတဲ့ ထီးတော်ကို မော့ကြည့်နေခဲ့တယ်။

“ ကျုပ်အသိအရပြောရမယ်ဆိုရင် ခင်ဗျားတို့က ကျုပ်ရဲ့အလုပ်ကိုတားဆီးဖို့လာတဲ့သူတွေပဲဖြစ်ရမယ်… ဟုတ်တယ်မလား”

ထွန်းမြှာရဲ့အသံကရုတ်တရက် မာထန်သွားပြီး နှုတ်ခမ်းကနေ မဲ့ပြုံးတစ်ခုထွက်ပေါ်လာခဲ့တယ်။

“ ခင်ဗျားပြောတာမှန်ပါတယ်… ကျုပ်တို့က မဖြစ်သင့်မဖြစ်ထိုက်တဲ့ကိစ္စရပ်ကိုတားဆီးဖို့တာဝန်ပေးချက်အရ ခင်ဗျားဆီကိုရောက်လာရတာပဲ… ဒါကြောင့် ခင်ဗျားအခုကြံစည်နေတဲ့ ကိစ္စကိုလက်လျော့ပြီး ခရီးကိုရောက်အောင်သွားဖို့အကြံပြုချင်ပါတယ်”

“ ကျုပ်လုပ်ရမယ့်ကိစ္စကို ခင်ဗျားတို့ဝင်စွက်ဖက်စရာမလိုပါဘူး… ထွန်းမြှာက ဆုံးဖြတ်ပြီးသားကိစ္စကိုပြန်ပြင်ရိုး ထုံးစံမရှိဘူး… ခင်ဗျားတို့မှာ အစွမ်းအစရှိတယ်ဆိုရင်တော့ ကျုပ်ကိုရအောင်တားကြလေ”

ထွန်းမြှာရဲ့ခနဲ့တဲ့တဲ့စကားသံအဆုံးမှာ စေတီဘေးမှာရှိနေတဲ့ တောအုပ်ထဲကနေ ကျားဟိန်းသံတွေနဲ့အတူ အခြားတောကောင်တွေရဲ့ မာန်ဖီသံအချို့ကိုပါကြားလိုက်ရတယ်။

“ ဆရာ ဒီလူ ကျွန်တော်ကို စိတ်ညို့နေပြီထင်တယ်…”

သက်ခိုင်က မျက်နှာကို ဘေးတစ်ဖက်လွှဲပြီးပြောလိုက်တဲ့အသံကြောင့် အောင်မြတ်သာက တောက်ရလက်မောင်းကိုဆွဲကာ အနောက်ကိုပို့လိုက်ပြီး

“ သူနဲ့မျက်လုံးချင်းမဆုံအောင် သတိထားကြ… မင်းတို့စိတ်တွေထွေပြားတာနဲ့ သူ့အမိန့်ကိုနာခံရလိမ့်မယ်”

“ ဟက်ဟက်ဟက် … ဘယ်လိုလဲဗျ ကျုပ်ကိုစေ့စေ့ကြည့်ပြီးတောင်စကားမပြောကြေတော့ဘူးဆိုတော့ ကျုပ်ကပဲ သတင်းပါးလိုက်ပါမယ်… လာမယ့် နှစ်ရက်အတွင်း မဟာမြိုင်တောထဲကိုဝင်ပြီး ကျုပ်အရည်အချင်းပြည့်မှီကြောင်းသက်သေပြပါမယ်… ခုတော့ ကျုပ်တပည့်လေးတွေက ခင်ဗျားတို့ကို ကောင်းမွန်စွာဧည့်ခံကြပါလိမ့်မယ်”

ထွန်းမြှာစကားအဆုံးမှာ တောထဲကနေ လွှားခနဲ ခုန်ထွက်လာတဲ့ ကျားရိုင်းအချို့ကိုမြင်လိုက်ရတယ်။

” ဝေါင်း …..”

အစွယ်တွေဖွေးနေအောင်မာန်ဖီရင်း ထွက်မရအောင် ပိတ်ဆို့ထားတဲ့ ကျားငါးကောင်ကိုမြင်တော့ အောင်မြတ်သာက
“ ကျားရိုင်းတွေကိုစိတ်ညို့ပြီး ခိုင်းထားတာပဲ… ဘယ်သူမှရင်ပြင်အောက်ကိုမဆင်းကြနဲ့” လို့ပြောလိုက်တဲ့အချိန် ထွန်းမြှာက စနေထောင့်မှာချွတ်ထားတဲ့ ဖိနပ်ကိုကောက်ကိုင်ကာ အိန္ဒြေရရ ဆင်းသွားခဲ့တယ်။

“ ဆရာ ဟိုလူပြေးပြီထင်တယ် … ဘယ်လိုလုပ်ရမလဲ”

“ မင်းတို့နှစ်ယောက် ငါပြန်မရောက်မချင်း ရင်ပြင်ပေါ်ကနေမဆင်းမိစေနဲ့”လို့ပြောကာ တင်ပလ္လင်ခွေထိုင်ချပြီး မျက်လုံးကိုစုံမှိတ်ထားလိုက်တယ်။

သက်ခိုင်နဲ့တောက်ရလဲ အောင်မြတ်သာရှုမှတ်တဲ့အတိုင်း စိတ်ကိုငြိမ်သက်အောင်ထားပြီး စေတီကိုသာအာရုံပြုနေခဲ့တယ်။

မကြာခင် အောင်မြတ်သာရဲ့ ခန္ဓာကိုယ်ထဲကနေ ကိုယ်ပွါးရုပ်သွင်တစ်ခုထွက်လာပြီး မာန်ဖီနေတဲ့ကျားရိုင်းကောင်တွေကြားထဲကနေ အပြင်ကိုထွက်သွားခဲ့တယ်။

“ အ..အ..အ”

အောင်မြတ်သာလဲ အဆက်မပြတ်အော်မြည်နေတဲ့ ကျီးအာသံကြောင့် အပေါ်ကိုမော့ကြည့်လိုက်ရာ တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူနေတဲ့ ကျီးဖြူတစ်ကောင်ကိုမြင်လိုက်ရတယ်။ ကျီးဖြူကအောင်မြတ်သာကိုလဲမြင်ရော သစ်ကိုင်းပေါ်ကနေ အောက်ကိုထိုးဆင်းလာရာ လမ်းတစ်ဝက်မှာတင် တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူနေတဲ့ ယောင်္ကျားတစ်ယောက်အဖြစ်ပြောင်းသွားခဲ့တယ်။

“ ဆရာလိုက်ရှာနေတဲ့သူက တောစောင့်နတ်အကူအညီနဲ့ မြေကြောရှုံပြီး အခြားနေရာတစ်ခုကိုထွက်ပြေးသွားတာတွေ့လိုက်တယ်”

“ သင်ကဘယ်သူပါလဲ… ဘယ်လိုကြောင့် ကျုပ်ကိုမြင်တွေ့နေရတယ်ဆိုတာ ပြောပါဦး”

အောင်မြတ်သာစကားအဆုံးမှာ တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူနေတဲ့လူရဲ့မျက်လုံးတွေဂနာမငြိမ်ဖြစ်လာပြီး ဘာမှဆက်မပြောပဲနေတာမြင်တော့

“ သင်က ကျုပ်ကိုလမ်းလွဲအောင် လုပ်ဆောင်ဖို့ တာဝန်ပေးခံထားရတဲ့သူမဟုတ်ပါလား…”

“ မဟုတ်ပါဘူး… ကျွန်တော်က မဟာမြိုင်တောရဲ့…”

အရှေ့မှာရှိနေတဲ့သူရဲ့စကားမဆုံးခင်မှာပဲ အောင်မြတ်သာက အင်းပေါက်ထားတဲ့လက်ညိုးနဲ့ ထိုးပြီး မူလပြန်စေလို့အမိန့်ပေးလိုက်ရာ ရှည်လျားတဲ့ဆံပင်ကို အနီရောင်ဘောင်းတော်ကြိုးနဲ့ပတ်ထားတဲ့သူအဖြစ်ကိုပြောင်းသွားခဲ့တယ်။

“ အသင်ဘယ်သူလဲ… ဘာကြောင့်ကျုပ်ကိုသတင်းအမှားတွေပေးရတာလဲဆိုတာပြောပါ”

“ သတင်းအမှားမဟုတ်ပါဘူး ဆရာရှာနေတဲ့သူက တောစောင့်နတ်အကူအညီနဲ့ မြေကြောရှုံပြီး အခြားနေရာကိုထွက်ပြေးသွားပါတယ်”

ဒီတစ်ခါမှာတော့ အောင်မြတ်သာ သဘောပေါက်သွားပြီး မျက်လုံးတည့်တည့်ကို အင်းပေါက်ထားတဲ့ ညာလက်ညိုးနဲ့ထိုးကာ

“ စိတ်ကိုထိန်းချုပ်ထားတဲ့အရာမှန်သမျှ ပယ်ပျောက်စေ” လို့အမိန့်ပြန်လိုက်တော့မှ ရီဝေဝေဖြစ်နေတဲ့မျက်လုံးတွေပုံမှန်အတိုင်းပြန်ဖြစ်သွားတာကိုမြင်လိုက်ရတယ်။

“ အသင် သတိပြန်ရလာပြီလား…”

“ ကျုပ် ကျုပ် …ဘယ်လိုဖြစ်လို့ ဒီကိုရောက်နေတာလဲ”

“ သင့်ကို စိတ်ညို့ဝိဇ္ဇာလို့ ခေါ်တဲ့သူက ထိန်းချုပ်သွားတာပါ…အခုတော့ သင်ပုံမှန်အတိုင်းပြန်ဖြစ်ပါပြီ”

“ ကျေးဇူးတင်ပါတယ်ဆရာ… ကျွန်တော်က ဒီတောကို စောင့်ရှောက်ရတဲ့ တောစောင့်နတ်ပါ… လွန်ခဲ့တဲ့သုံးလလောက်က လောကချမ်းသာစေတီကို လူတစ်ယောက်ရောက်လာပြီး အနီးတစ်ဝိုက်မှာရှိတဲ့ နတ်တွေကို ဆင့်ခေါ်ခဲ့ပါတယ်။ အဲဒီထဲကစပြီး သူ့အမိန့်ပေးတာကို ကျုပ်တို့ဘယ်လိုမှလွန်ဆန်မရတော့ဘူး။ သူက ကျုပ်တို့ပိုင်တဲ့ စီးတော်ကျားတွေကိုလဲ လိုအပ်ရင်သုံးဖို့ဆိုပြီး ဖမ်းဆီးထားပါသေးတယ်”

“ ဒါဆိုရင် စေတီပတ်ပတ်လည်မှာ မာန်ဖီနေတဲ့ ကျားရိုင်းတွေက တောမှာရှိတဲ့ နတ်ကြီးတွေရဲ့စီးတော်ကျားတွေပေါ့”

“ ဟုတ်ပါတယ်ဆရာ… နတ်ကျားတွေကို ယဉ်ပါးအောင်ထိန်းချုပ်ထားတဲ့ ခါးစည်းကိုဖြုတ်ပြီး စိတ်ရိုင်းဝင်အောင်ပြုစားထားတာပါ… “

“ သူအခု မဟာမြိုင်တောကို အခွင့်မရှိပဲဝင်ဖို့ကြိုးစားနေတာမို့ သင့်အနေနဲ့ကျုပ်ကို သူရှိနိုင်မယ့်နေရာသိရင်ပြောပြဖို့ မေတ္တာရပ်ခံပါတယ်”

“ သူကဒီတောမှာရှိတဲ့ စေတီနှစ်ဆူမှာ အလှည့်ကျနေထိုင်ပါတယ်။ ကျုပ်အထင်ပြောရရင် သူအခု လောကကျန်းမာစေတီမှာရှိမယ်လို့ထင်တယ်”

“ လောကကျန်းမာစေတီ ဟုတ်လား”

“ ဟုတ်ပါတယ်ဆရာ…. ဒီတောထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကျင့်ကြံအားထုတ်ပြီး ပေါက်ရောက်ခဲ့တဲ့ စိတ်ညို့ဝိဇ္ဇာဆရာတစ်ပါးရှိခဲ့ဖူးတယ်။ သူနုစဉ်အခါ ကျင့်ကြံခဲ့တဲ့နေရာမှာ လောကချမ်းသာစေတီကိုတည်ခဲ့ပြီး ပညာစဉ်မြင့်မားလို့ထွက်ရပ်ပေါက်ချိန်မှာတော့ လောကကျန်းမာစေတီကိုတည်ထားခဲ့တယ်။ လောကကျန်းမာစေတီရဲ့အတွင်းပိုင်းဌာပနာတိုက်ထဲမှာတော့ သူ့ဘဝတစ်လျောက်ကျင့်ကြံခဲ့တဲ့ဖြစ်စဉ်တွေနဲ့ ကျင့်ကြံရမယ့်နည်းလမ်းတွေရေးထားတဲ့ ပရပိုက်တစ်ထုပ်ကိုထည့်သွင်းဌာပနာခဲ့တဲ့အတွက် တောမှာစောင့်တဲ့နတ်ကြီးတွေက ​ လော က ကျန်းမာစေတီကို မသမာသူတွေမတွေ့ရအောင် ဖွက်ထားပေးခဲ့ကြတယ်။ အခုဆရာရှာနေတဲ့သူက တောမှာရှိတဲ့ နတ်ကြီးတွေရဲ့စိတ်ကိုညို့ပြီး စေတီရဲ့လျှို့ဝှက်ချက်တွေကိုသိရှိခဲ့တယ်။ သူ့အကြောင်းကိုဘယ်သူမှပြန်ပြောလို့မရအောင်လဲ မှတ်ဥာဏ်တွေကိုဖျောက်ပစ်ခဲ့သေးတာ။ ကျုပ်တောင်ဆရာရဲ့ကျေးဇူးကြောင့် ဖြစ်ပျက်ခဲ့တာတွေ ပြန်မှိတ်မိခဲ့တာပါ”

“ ကျင့်စဉ်အသေးစိတ်ရေးထားတဲ့ ပရပိုက်ကိုရတာတောင် သူဘာလို့ မဟာမြိုင်တောကိုဝင်မယ့်နံပါတ်စဉ်မရသေးပါလိမ့်”

“ အဲဒါတော့ ကျုပ်တို့ဥာဏ်မမှီလို့ မသိပါဘူးဆရာ… “

“ သင့်အနေနဲ့ ကျုပ်ကို လောကကျန်းမာစေတီတည်ထားတဲ့နေရာကိုလိုက်ပို့ပေးနိုင်မလား”

“ ဆရာ ဆန္ဒရှိရင် ကျုပ်လိုက်ပို့ပေးပါ့မယ်… ဒါပေမယ့် ဆရာ့ကို ကျုပ်လိုက်ပို့တာကိုတော့ သူမသိအောင် ထိန်းသိမ်းပေးပါလို့ တောင်းဆိုပါတယ်”

“ ကျုပ်ရဲ့ကျင့်ကြံခဲ့တဲ့သီလတွေကို တိုင်တည်ပြီးကတိပေးပါတယ်… “

အောင်မြတ်သာစကားအဆုံးမှာ တောစောင့်နတ်က သူ့ခါးမှာပတ်ထားတဲ့ ခါးစည်းအစကို ကမ်းပေးတဲ့အတွက် လှမ်းကိုင်လိုက်တဲ့မျက်စိတစ်မှိတ်အတွင်းမှာ ရွှေရောင်တဝင်းဝင်းတောက်နေတဲ့စေတီတစ်ဆူရဲ့ ပရဝဏ်နားကိုချက်ချင်းရောက်ရှိသွားခဲ့တယ်။

စေတီရဲ့အပေါ်မှာတော့ အငွေ့တစ်ထောင်းထောင်းထနေတဲ့ ဆွမ်းတွေအပြင် မွှေးကြိုင်လှတဲ့ပန်းတွေကို ပူဇော်နေတဲ့ ယောင်္ကျားမိန်းမအချို့ကိုမြင်လိုက်ရတယ်။ အောင်မြတ်သာလဲ စေတီပေါ်ကိုချက်ချင်းမတက်သေးပဲ မလှမ်းမကမ်းမှာရှိတဲ့ သစ်ပင်အကွယ်ကနေ ကြည့်နေခဲ့တယ်။ မကြာခင် ဆွမ်းနဲ့ပန်းလာကပ်သူတွေရှိရာကို ရေခွက်တစ်ခွက်ကိုင်ပြီးရောက်လာတဲ့ ထွန်းမြှာကိုမြင်လိုက်ရတယ်။

ဆွမ်းလာလှူတဲ့သူတွေက ထွန်းမြှာကိုမြင်တော့ ဦးခေါင်းတွေငုံ့ပေးပြီး တစ်ခုခုကိုတောင်းခံနေတဲ့ပုံစံကိုမြင်တွေ့ခဲ့တယ်။ ထွန်းမြှာကတော့ ကိုင်ထားတဲ့ရေခွက်ထဲက ရေတွေကိုလက်နဲ့ဆွတ်ယူပြီး ဦးခေါင်းတွေကိုပုတ်ပေးလိုက်တော့မှ ဆွမ်းလာကပ်တဲ့သူတွေပျောက်ကွယ်သွားခဲ့ကြတယ်။

စေတီပေါ်မှာလူရှင်းပြီဆိုမှ ထွန်းမြှာက လွယ်အိတ်ထဲကနေ ကြေးပုရပိုက်တစ်ထုပ်ကိုထုတ်ယူကာ သဲကြီးမဲကြီးဖတ်ပါလေရော။

“ သင်က ပန်းတိုင်ရောက်ဖို့ လက်တစ်ကမ်းအကွာမှာ ဒုက္ခရောက်နေတာပဲ”

ကျောအနောက်ဘက်ကနေ ကြားလိုက်ရတဲ့အသံကြောင့် ဖတ်လက်စပုရပိုက်ကို ပိတ်ပြီး အံ့ဩတဲ့မျက်လုံးတွေနဲ့ လှည့်ကြည့်ပြီး

“ ဘယ်သူများလဲလို့ …. မိတ်ဆွေဟောင်းကြီးဖြစ်နေပါလား၊ သင့်အနေနဲ့ ဒီအထိလာနိုင်တာကိုမြင်တော့ ချီးကျူးမိပါတယ်ဗျာ”

“ သင် ကျုပ်ကိုစူးစိုက်ကြည့်ပြီး စိတ်ကိုထိန်းချုပ်ဖို့ကြိုးစားလဲအချည်းနှီးဖြစ်နေမှာ… ဘာကြောင့်ဆိုတော့ သင့်အရှေ့ရှိနေတဲ့ကျုပ်က နာမ်ရုပ်တစ်ခုဖြစ်နေလို့ပဲ”

“ သင်လို လူက နာမ်နဲ့ရုပ်ကို ထပ်တူကျအောင်ခွဲထုတ်နိုင်တယ်ပေါ့လေ… ဟက်ဟက် သင့်ပညာက အဆင့်မြင့်တာကိုလက်ခံပေမယ့် နာမ်ရုပ်ခွဲထွက်နိုင်တာကိုတော့ ကျုပ်မယုံကြည်နိုင်ဘူး”

“ ကျုပ်ကလဲ သင်ယုံကြည်ပါလို့ မတိုက်တွန်းပါဘူး… ဒါပေမယ့် သင်ကျင့်ကြံထားတဲ့ပညာတွေဆုံးရှုံးခံနိုင်ရင်တော့ ဖြတ်လမ်းနည်းကိုဆက်သုံးပါ”

အောင်မြတ်သာစကားကြောင့် ထွန်းမြှာရဲ့မျက်လုံးနှစ်လုံးက အနီရောင်အဖြစ်သွားကာ ပါးစပ်ကနေလဲ တစ်တွတ်တွတ်ရွတ်ပါလေရော။ မကြာခင်မှာပဲ စေတီရဲ့ လေးဘက်လေးတန်ကနေ လက်လေးဘက်မှာ လက်နက်တစ်မျိုးစီကိုင်ဆောင်ထားတဲ့ နတ်ဘီလူးလေးကောင်ထွက်ပေါ်လာပြီး အောင်မြတ်သာကို စားမတတ်ဝါးမတတ်မျက်နှာထားနဲ့စူးစိုက်ကြည့်နေခဲ့တယ်။

“ သင် ကျုပ်ကို ဘယ်လိုပဲရန်ပြုပါစေ …. ကျုပ်ကတော့ ဒီနေရာကနေတစ်းဖဝါးမှမရွေ့ပဲ သင်ပြုသမျှကို သည်းခံပါ့မယ်”

အောင်မြတ်သာစကားကိုကြားတော့ ထွန်းမြှာက

“ ကိုယ့်ကိုကိုယ်အထင်ကြီးလှတဲ့သူရဲ့ခန္ဓာကိုယ်ကို စေတီပေါ်ကနေဆွဲခေါ်ပြီး မှတ်သားလောက်တဲ့အထိ ထုနှိက်စေ” လို့အမိန့်ပေးလိုက်တော့ နတ်ဘီလူးလေးကောင်က စွဲကိုင်ထားတဲ့ လက်နက်တွေကိုဝင့်ကာ အောင်မြတ်သာထံပြေးဝင်လာခဲ့တယ်။ဒါပေမယ့် အနားမရောက်ခင်မှာပဲ ငရဲမီးတစ်မျှ ပူလောင်တဲ့ဒဏ်ကြောင့် အနောက်ကို ပြန်ဆုတ်သွားခဲ့ကြတယ်။

“ မဖြစ်နိုင်ဘူး…. စေတီစောင့်နတ်ဘီလူးတွေရဲ့ အစွမ်းကို တောစောင့်နတ်တွေတောင် မခံနိုင်တာ ဒီလူကဘာကြောင့် ရင်ဆိုင်နိုင်ရတာလဲ…”

ထွန်းမြှာတစ်ယောက် နဖူးကနေချွေးစေးတွေကျလာတဲ့ထိ ကြောက်ရွံ့နေတာကိုမြင်တဲ့ အောင်မြတ်သာက

“ သင်အမြင်မှန်ရသင့်ပြီ… သင့်အနေနဲ့ တစ်ကိုယ်ထဲကျင့်ကြံတဲ့တပသီအကျင့်ကိုတစ်စိုက်မတ်မတ်လုပ်ခဲ့မယ်ဆိုရင် အခုချိန် မဟာမြိုင်တောထဲကိုဝင်လို့ရမယ့် နေရာလွတ်တစ်ခုရမယ်ဆိုတာ ကျုပ်ရဲရဲကြီးအာမခံတယ်။ ဒါပေမယ့် အခုတော့ ဖြတ်လမ်းနည်းကိုလိုက်ပြီး အခြားသူဖောက်ခဲ့တဲ့လမ်းကိုလျောက်နေတဲ့အတွက် သင့်ရဲ့ကိုယ်ထဲမှာ လည်ပတ်နေတဲ့ဓါတ်သဘောတွေ မမျှတပဲ ကျင့်ကြံသမျှအရာမထင်ဖြစ်နေခဲ့တာကို သင်လဲအနည်းငယ်သိမယ်ထင်ပါတယ်”

“ ဒါဆို ကျုပ်က ခက်ခက်ခဲခဲရထားတဲ့ ဒီပုရပိုက်ကို စွန့်လွှတ်မှ မဟာမြိုင်တောထဲဝင်ခွင့်ရမယ်ဆိုတဲ့သဘောလား”

“ သာမန်လူအဖြစ်ကနေ နတ်၊ ဘီလူး၊ ဥစ္စာစောင့်တွေကို စေခိုင်းနိုင်တဲ့အဆင့်ရနေပြီဖြစ်တဲ့ သင်က ဒီထက်တစ်ဆင့်တက်ဖို့ဆိုတာ သိပ်မခက်ခဲတော့ပါဘူး၊ ကျုပ်အနေနဲ့ သင့်လိုပါရမီပါတဲ့လူတစ်ယောက်ရဲ့ဘဝ အမြင့်ကနေ အောက်ကိုထိုးကျမှာမလိုလားလို့ အခုလို ကိုယ်တိုင်ကိုယ်ကျလာရောက်ပြောဆိုနေရတာပဲ”

“ ကျုပ်ကိုဆုံးမနေရအောင် သင်ကရော မဟာမြိုင်တောထဲရောက်ဖူးခဲ့လို့လား”

ထွန်းမြှာစကားအဆုံးမှာ အောင်မြတ်သာက သက်ပြင်းရှည်တစ်ချက်ကိုချပြီး မျက်လွှာကိုမှိတ်လိုက်တဲ့အချိန် နဖူးပြင်ပေါ်ကနေ အမှတ်စဉ် ၂၅၄ဆိုတဲ့ နံပါတ်တစ်ခုက ရွှေရောင်တဝင်းဝင်းနဲ့ပေါ်လာခဲ့တယ်။

“ သင် … သင်က မဟာမြိုင်တောထဲကို အသက်အငယ်ဆုံးနဲ့ထွက်ရပ်ပေါက်ဝိဇ္ဇာအမှတ်စဉ်၂၅၄ ရခဲ့တဲ့သူပေါ့…. ဟာ… ကျုပ်မှားပြီ … ကျုပ်ရဲ့အတ္တတွေကြောင့် သူတော်ကောင်းကိုစော်ကားမိပြီ… အီးဟီးဟီး”

မျက်နှာကိုလက်နဲ့အုပ်ကာ ငိုကြွေးနေတဲ့ ထွန်းမြှာကိုမြင်တော့ အောင်မြတ်သာက

“ သင်နောက်မကျသေးပါဘူး…. ကျုပ်ပြောတဲ့အတိုင်း သင်ကျင့်ကြံကြည့်ပါ … သင့်အတွက် အကျိုးရှိစေမယ်လို့ ကျုပ်ရဲရဲကြီးပြောရဲပါတယ်”

ဒီတစ်ခါမှာတော့ ထွန်းမြှာ ကျနေတဲ့မျက်ရည်တွေကို လက်ခုံနဲ့သုတ်လိုက်ပြီး လွယ်အိတ်ထဲမှာထည့်ထားတဲ့ပုရပိုက်ကိုထုတ်ကာ

“ ကျုပ်ခန္ဓာတည်မြဲနေသရွေ့ သူတစ်ပါးဖောက်ထားတဲ့လမ်းကို မလျောက်တော့ဘူးလို့ကတိပေးပါတယ်… ဒီပုရပိုက်ကိုလဲ မူလနေရာမှာပြန်ထားပေးပါမယ်”လို့ပြောလိုက်တဲ့အချိန် အရပ်လေးမျက်နှာကနေ ဝမ်းသာအားရ လက်ခုပ်တီးသံတွေအပြင် သာဓုခေါ်သံတွေကို ကြားလိုက်ရတယ်။

“ သင့်ဆုံးဖြတ်ချက်ကို သဘောကျနှစ်သက်တဲ့သူတွေရဲ့ ချီးကျူးတဲ့အသံတွေကို ကြားလိုက်တယ်မဟုတ်လား… ဒီအသံတွေကို ခွန်အားအဖြစ်သုံးပြီး ကျန်နေတဲ့တစ်ဆင့်ကို တက်လှမ်းနိုင်ပါစေလို့ လှိုက်လှိုက်လှဲလှဲဆုတောင်းပေးလိုက်ပါတယ်”

အောင်မြတ်သာစကားအဆုံးမှာ ထွန်းမြှာက သူရပ်နေတဲ့နေရာမှာတင်ထိုင်ချကာ စိတ်ကိုလိုသလိုစေခိုင်းနိုင်ဖို့အပြင်းအထန်ကြိုးစားခဲ့တယ်။

ဒီမြင်ကွင်းကိုမြင်တဲ့အောင်မြတ်သာက ရင်ထဲကလာတဲ့အသံနဲ့ သာဓုသုံးကြိမ်ခေါ်ဆိုကာ စေတီပေါ်ကဆင်းလာတော့ ပြုံးရွှင်တဲ့မျက်နှာထားတဲ့ အသင့်စောင့်နေတဲ့ တောစောင့်နတ်ကိုမြင်လိုက်ရတယ်။

+++++++++++

ဝိုင်းစက်ပြီး ကြည်လင်နေတဲ့ လမင်းရဲ့ဘေးမှာတော့ ပြိုးပြိုးပျက်ပျက်လင်းလက်နေတဲ့ ကြယ်မှုန်ကြယ်စလေးတွေက ဟိုတစ်စဒီတစ်စနဲ့ အလှဆင်နေခဲ့သလို လောကချမ်းသာစေတီတစ်ခွင်မှာလဲ အောင်မြတ်သာတို့ဆရာတပည့်တွေပူဇော်ထားတဲ့ ဆီမီးအလင်းရောင်တွေက တဖိတ်ဖိတ်တောက်ပနေခဲ့တယ်။

“ ဆရာ…. နက္ခတ်အရဆိုရင် ဒီညဟာ မဟာမြိုင်တောထဲကို လူတစ်ယောက် ခိုးဝင်မယ့်နေ့ပဲနော်”

“ ဟုတ်တယ် … နက္ခတ်တွေက ဘယ်တော့မှ မမှားကြဘူး…”

“ ဗျာ…. ဒါဆို ကျွန်တော်တို့ရှာတွေ့ခဲ့တဲ့သူက မဟာမြိုင်တောထဲ ခိုးဝင်သွားနိုင်ခဲ့တာလား”

တောက်ရ စကားကြောင့် အောင်မြတ်သာက ကောင်းကင်ယံမှာ မှိန်လုပျောက်ကွယ်ခါနီးဖြစ်နေတဲ့ ကြယ်ကိုလက်ညိုးထိုးပြပြီး

“ အဲဒီကြယ်အစုထဲက အလယ်မှာရှိတဲ့ကြယ်က လွန်ခဲ့တဲ့နှစ်ရက်မှာ အလင်းအားပြင်းပြင်းနဲ့တောက်ပခဲ့တယ်၊ ဒါပေမယ့် အခုတော့ တစ်ဖြေးဖြေးမှိန်လာပြီး အစက်အပျောက်လောက်ပဲကျန်တော့တယ်လေ.. အခုမြင်နေတဲ့ကြယ် ကောင်းကင်ယံကနေပျောက်သွားတာနဲ့ မဟာမြိုင်တောထဲကို လူတစ်ယောက် ရောက်သွားတော့မှာ… “

“ ဟင် …. ကြယ်အစုထဲက အလင်းအားကောင်းတဲ့ ကြယ်ဆိုတာ ခိုးဝင်မယ့်သူကို ကိုယ်စားပြုတာမဟုတ်လား၊ အခုကြယ်အလင်းရောင်မရှိတော့ဘူးလေ…ဒါလဲ ဝင်မယ့်သူရှိနေသေးတာလား”

“ အခုဝင်မယ့်သူက ခိုးဝင်မှာမဟုတ်ဘူး…. တရားဝင်အမှတ်စဉ်နဲ့ ခေါင်းမော့ရင်ကော့ပြီးဝင်မှာ”

အောင်မြတ်သာစကားကြောင့် သက်ခိုင်တို့လဲ မှိန်လုဆဲဆဲဖြစ်နေတဲ့ကြယ်ကိုပဲစူးစိုက်ကြည့်နေခဲ့ရာ ညသန်းခေါင်အချိန်အရောက် ကြယ်ရောင်လဲအပျောက်မှာ တောထဲကနေ ဝမ်းသာအားရအော်ဟစ်သံတွေနဲ့အတူ သာဓုခေါ်သံတွေက အတိုင်းအဆမဲ့ထွက်လာခဲ့တယ်။

သက်ခိုင်နဲ့ တောက်ရကတော့ ထူးဆန်းတဲ့အဖြစ်ကို ကြည့်ပြီး အံ့ဩနေတဲ့အချိန် အောင်မြတ်သာဆီကနေ အလွန်ကြည့်ကောင်းတဲ့ အပြုံးတစ်ခုထွက်ပေါ်လာခဲ့တယ်။
+++++++++

မနက်အရုဏ်တက်တော့ အောင်မြတ်သာတို့ဆရာတပည့်တွေ စေတီကနေပြန်ထွက်လာခဲ့ရာ ဆယ့်နှစ်ရာသီပွဲစျေးသည်တွေနေတဲ့ ရွာတစ်ခုကိုရောက်လာခဲ့တယ်။ ဒါကလဲ ရွာမှာရှိတဲ့သူတွေကြုံတွေ့နေရတဲ့ဘေးကို ဖြေရှင်းပေးနိုင်ခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့သလို စာရေးသူအတွက်လဲ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

ဒီအကြောင်းအရာတွေကိုတော့ အောင်မြတ်သာနှင့် ဇာတ်တူသားစားရွာသားများဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)