ဥပါဒါန်အစွဲ

ဝတ်ဆင်ထားသောမိန်းကလေးငယ်တစ်ဦးအား တွေ့လိုက်ရသောကြောင့်ပင်ဖြစ်လေသည်။ ထိုမိန်းမငယ်အား အောင်ချစ်တစ်ယောက်ကြည့်နေစဉ်အခိုက် ” ဖျတ် “ကနဲပျောက်သွား၏။ ထိုအချိန်မှအောင်ချစ်လည်းသတိရသွားပြီး

 

” သရဲ ”

 

.ဟုအော်ကာ ချောင်းကမ်းပါးပေါ်သို့တက်ပြေးလေ၏။ နောက်မှအောင်ချစ်လည်း

 

” ငါစိတ်ထင်တာပါဟု ”

 

တွေးကာစက်ဘီးအားယူ၍ မြို့သို့ဆက်မသွားတော့ပဲ ရွာကိုသာပြန်လာလိုက်ပြီး စက်ဘီးကိုမိုးညိုထံသို့ပြန်ပေးလိုက်သည်။

 

နောက်နေ့ရောက်သော် မိုးညိုတစ်ယောက်ပွဲရုံတွင် ဆန်ဝယ်သူများကျနေသဖြင့်အလုပ်ရှုပ်နေ၏။ အလုပ်သိမ်းချိန်ရောက်သဖြင့် အလုပ်သိမ်းကာရွာသို့ပြန်မည်အလုပ်

 

” ဟဲ့မိုးညို နင်ရွာပြန်မလို့လား ”

 

မိုးညိုလည်းအသံကြားရာ လှည့်ကြည့်လိုက်ရာ မိမိနှင့်တစ်ရွာထဲနေသူ အိမွန်ပင်ဖြစ်လေသည်။

 

” အေးဟ အလုပ်သိမ်းပြီးလို့ရွာပြန်မလို့.. ဒါနဲ့နင်ကဘယ်လိုလုပ်ပြီးဒီကိုရောက်နေတာလည်း ”

 

” ငါမြို့တက်ပြီး အထည်တွေလာယူတာဟ…အပြန်နောက်ကျနေလို့ နင်နဲ့ရွာကိုလမ်းကြုံလိုက်ခဲ့မယ်ဟာ ”

 

” အေး..လိုက်ခဲ့လေ ငါလည်းရွာအပြန်အဖော်ရတာပေါ့ ”

 

ထိုသို့ဖြင့်အိမွန်တစ်ယောက်လည်း မိုးညိုစက်ဘီး၏နောက်ကယ်ရီယာခုံလေးပေါ်သို့ ထိုင်လိုက်သည်။ ထိုအချိန်၌ ” ဘုတ် “ဆိုသောအသံနှင့်အတူ အိမွန်တစ်ယောက်မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

 

” ဟဲ့အိမွန် ဘယ်လိုဖြစ်ပြီးပြုတ်ကြတာလည်း ”

 

” မသိဘူးဟမိုးညိုရ ငါ့ကိုတစ်ယောက်ယောက်က တွန်းချလိုက်သလိုပဲ ”

 

အိမွန်၏စကားကြောင့်မိုးညိုမှ

 

” အိမွန်ရယ် နင့်ဟာနင်ကယောင်ကတန်းနဲ့ နင့်ကိုဘယ်သူကတွန်းချမှာလည်း ”

 

မိုးညို၏စကားကြောင့်အိမွန်လည်းအူတူတူဖြစ်သွားပြီး နောက်တစ်ကြိမ်မိုးညိုစက်ဘီးပေါ်သို့တက်လိုက်သည်။

 

” ဘုတ် “ဆိုသောအသံနှင့်အတူ အိမွန်တစ်ယောက်ထပ်မံပြုတ်ကျပြန်သည်။ မြေပြင်တွင်လဲကျနေသောအိမွန်တစ်ယောက် မိုးညိုစက်ဘီးအားကြည့်လိုက်ရာ စက်ဘီး၏နောက်ခုံတွင်အနီရောင်ဝတ်မိန်းကလေးတစ်ဦးထိုင်နေသည်ကို တွေ့လိုက်ရ၏။ ထိုမိန်းကလေးအား မိုးညိုတစ်ယောက်မတွေ့ရပေ။

 

” အိမွန် ..နင်ဘယ်လိုဖြစ်တာလည်း ထပ်ပြီးပြုတ်ကျပြန်ပြီ ဒီတစ်ခါတက်ရင်သေချာကိုင်ထား ”

 

မိုးညိုရဲ့အမေးအား အိမွန်တစ်ယောက်မဖြေနိုင်ပေ။ ကတုန်ကယင်ဖစ်ကာ

 

” တော်..တော်ပြီဟာ ငါနင့်စက်ဘီးနဲ့မလိုက်တော့ဘူး ”

 

ဟုပြောကာ လဲကျနေရာမှကုန်းထကာ အနောက်ဘက်သို့ပြေးထွက်သွားလေသည်။ မိုးညိုလည်း

 

” အိမွန်ဘာဖြစ်တာလဲ… သူပဲလမ်းကြုံလိုက်မယ်ပြောပြီး အခုပဲမလိုက်တော့ဘူးလုပ်ပြန်ပြီ ကြောင်တောင်တောင်နဲ့….”

ဟု တစ်ယောက်ထဲတီးတိုးပြောလိုက်ပြီး စက်ဘီးအားနင်းကာ သီချင်းလေးတကြော်ကြော်ဖြင့် ရွာသို့ပင်ပြန်လာခဲ့လေသည်။ ထိုသို့ဖြင့် မိုးညိုစက်ဘီးအား နောက်မှလိုက်စီးသော သူငယ်ချင်းမိန်းကလေးများသည် တစ်စုံတစ်ယောက်၏တွန်းချခြင်းခံရ၏။ စက္ဘီးအား ငှားစီးသောမိုးညို၏ယောက်ျားလေးသူငယ်ချင်းများသည်လည်း စက်ဘီးသည်အကြောင်းအရင်းမရှိပဲမှောက်ကာ ဒဏ်ရာများပင်ရရှိလေသည်။ သို့ဖြစ်ပါသောကြာင့် မိုးညိုစက်ဘီးအားမည်သူမျှငှားမစီးရဲတော့ပေ။ မို းညိုသူငယ်ချင်းမိန်းကလေးများသည်လည်း စက်ဘီးနောက်မှလိုက်မစီးရဲပေ။ လိုက်စီးတိုင်းလည်း တစ်စုံတစ်ယောက်၏တွန်းချခြင်းအား ခံရသောကြောင့်ပင်ဖြစ်သည်။

++++++

 

တစ်နေ့၌ မိုးညိုထံသို့အောင်ချစ်တစ်ယောက်ရောက်လာ၏။

 

” မိုးညို မင်းကိုငါပြောစရာတစ်ခုရှိတယ် ”

 

” ပြောလေကွာ အောင်ချစ်ရ ”

 

” ဒီလိုမိုးညို မင်းစက်ဘီးမှာဝိညာဉ်တစ်ခုပူးကပ်နေတယ် ”

 

အောင်ချစ်မှထိုသို့ပြောလိုက်သောအခါ

 

” ဟာ မင်းကလည်းမဖြစ်နိုင်တာ ”

 

” ဖြစ်နိုင်တယ်မိုးညို ..ငါမင်းစက်ဘီးကိုငှားစီးတုန်းကလည်း စက်ဘီးမှောက်ပြီးချောင်းထဲကျသွားတယ်…စက်ဘီးအနားမှာလည်း အနီရောင်ဝတ်မိန်းကလေးတစ်ယောက်ကိုငါတွေ့လိုက်ရတယ်ကွ…ပြီးတော့အိမွန်လည်းမင်းစက်ဘီးနောက်ကလိုက်စီးတာတွန်းချခံရတယ်… အိမွန်ငါ့ကိုပြောပြတယ် မင်းစက်ဘီးနောက်ခုံမှာ အနီရောင်ဝတ်မိန်းကလေးတစ်ဦးထိုင်နေတာကိုသူတွေ့လိုက်ရတယ်တဲ့ ”

 

အောင်ချစ်ရဲ့စကားကြောင့် မိုးညိုတစ်ချက်တွေဝေသွားပြီး

 

” ငါ စမ်းသပ်ကြည့်အုံးမယ်ကွာ ”

 

” အေးပါကွာ ..ဘာပဲဖြစ်ဖြစ်ပေါ့ကွာ မင်းအနေနဲ့သတိထားသင့်တယ်မိုးညို ”

 

” အေးပါကွာ ”

 

အောင်ချစ်လည်းမိုးညိုအားနှုတ်ဆက်ကာ မိုးညိုအိမ်ဝိုင်းထဲကထွက်ခွာသွားလေသည်။ မိုးညိုလည်းမိမိစက်ဘီးအားကြည့်ကာ စက်ဘီး၏ကိုယ်ထည်အား ညာဘက်လက်ကလေးဖြင့်ဆုပ်ကိုင်လိုက်ပြီး

 

” ကဲ ဒီစက်ဘီးမှာကပ်တွယ်နေတဲ့ ဝိညာဉ်ရှိတယ်ဆိုရင် ငါ့ကိုညကြရင်အိမ်မက်လာပေး မဟုတ်လို့ကတော့ ဒီစက်ဘီးကိုသုံးသုံးလုံးဆိုင်မှာ ပြန်ရောင်းပြစ်မယ် ”

 

ဟုပြောလိုက်သည်။ ထိုနေ့၌ မိုးညိုလည်းအိပ်ယာပင်စောစောဝင်ခဲ့လေသည်။ မိုးညို၏အိမ်မက်ထဲ၌

 

” အကို ”

 

ဆိုသောအသံနှင့်အတူ အနီရောင်ဝမ်းဆက်ကိုဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးပေါ်လာ၏။ မိုးညိုလည်း ထိုမိန်းကလေးအား

 

” မင်းဘယ်သူလဲ ”

 

ဟုမေးလိုက်ရာ

 

” ညီမနာမည်ကနန့်မြတ်လေးခင်ပါ ..အကို့စက်ဘီးလေးမှာကပ်တွယ်ပြီးနေနေရတဲ့သူပါ ”

 

” ဒါဆို မင်းကလူမဟုတ်ဘူးပေါ့ ”

 

ဟုပြောကာ မိုးညိုတစ်ယောက်လည်းကြောက်လန့်သွား၏။

 

” မကြောက်ပါနဲ့နော် ညီမကအကို့ကိုဒုက္ခမပေးပါဘူး ”

 

မိုးညိုလည်းမိမိအား ဒုက္ခမပေးဘူးဟုသိလိုက်ရသဖြင့် အနည်းငယ်စိတ်သက်သာရာရသွားပြီး

 

” မင်းက ဘယ်လိုလုပ်ပြီးငါ့စက်ဘီးမှာ ကပ်တွယ်နေရတာလည်း ”

ဟုမိုးညိုမှမေးလိုက်ရာ နန့်မြတ်လေးခင်တစ်ယောက် မျက်နှာလေးမှာငြိုးငယ်သွားရှာပြီး

 

” ဖြစ်ပုံက ဒီလိုအကိုရ…

 

” မေကြီးရေ ဖေကြီးကပြန်မလာသေးဘူးနော် ”

 

” ပြန်လာမှာပေါ့သမီးရယ်… သမီးကိုကြည့်ရတာ မျောက်မီးခဲကိုင်ထားတဲ့အတိုင်းပဲ ဂနာကိုမငြိမ်ဘူး ”

 

နန့်မြတ်လေးခင်တစ်ယောက် ဖခင်ဖြစ်သူပြန်အလာကို လည်တိုင်ကျော့ကျော့လေးဖြင့်မျှော်ကာစောင့်နေလေ၏။ ခနအကြာတွင်

ဦးငွေမောင်းတစ်ယောက် မိုးပြာရောင်စက်ဘီးလေးအားတွန်း၍ပြန်လာသည်ကိုတွေ့လိုက်ရသဖြင့်

 

” ဖေကြီးပြန်လာပြီ ဖေကြီးပြန်လာပြီ စက်ဘီးလည်းဝယ်လာတယ် ”

 

ဟုအော်ပြောကာဝမ်းသာအားရဖြင့်

ဖခင်ဖြစ်သူဦးငွေမောင်းအားပြေးဖက်လိုက်ပြီး နန့်မြတ်လေးခင်တစ်ယောက်ချွဲလေသည်။ ဦးငွေမောင်းလည်း

 

” သမီး.. ဖေကြီးကတိတည်တယ်နော်… သမီးလိုချင်နေတဲ့မိုးပြာရောင်စက်ဘီးကို မရမကကိုရှာပြီးဝယ်လာခဲ့တာ ”

 

” အဲဒါကြောင့်မို့ ဖေကြီးကိုချစ်နေရတာ အာဘွား ”

ဆိုပြီး ဖခင်ဖြစ်သူ၏ပါးပြင်အား ရွှတ်ခလည်းနေအောင်နမ်းလိုက်၏။ ဦးငွေမောင်းလည်း သမီးဖြစ်သူပြုံးပျော်နေတာကို ကြည့်ရင်းပီတီများပင်ဖြစ်လာ၏။

 

” ဖေကြီး သမီးစက်ဘီးစီးလိုက်အုံးမယ် ”

 

” သမီးရယ်.. မိုးပဲချုပ်တော့မယ်မနက်ဖြန်မှစီးပါ့လား ”

 

မိခင်ဖြစ်သူ ဒေါ်ကြာပေါ့မှဝင်ပြောလိုက်ခြင်းပင်ဖြစ်သည်။

 

” မေကြီးကလည်း သမီးကဒီရွာထဲမှာပဲစီးမှာပါ ”

 

” မကြာပေါ့ရယ် သမီးစိတ်ချမ်းသာအောင် ပေးစီးလိုက်စမ်းပါ ”

 

” ကိုငွေမောင်း ရှင်ကြပ်ကြပ်အလိုလိုက်သိလား ရှင့်သမီးကခလေးဆိုးကြီးဖြစ်နေပြီ ”

 

” ဆိုးပါစေမကြာပေါ့ရယ် တို့မှာချစ်စရာဆိုလို့ ဒီသမီးလေးတစ်ယောက်ထဲရှိတာကို ”

 

ထိုနေ့သည်နန့်မြတ်လေးခင်၏၁၈နှစ်ပြည့်မွေးနေ့ဖြစ်ရာ မိမိမွေးနေ့တွင်မိမိအလိုချင်ဆုံးစက်ဘီးအား ဖခင်ဖြစ်သူမှဝယ်ပေးသဖြင့်အပျော်ကြီးပျော်နေကာ ရွာထဲသို့စက်ဘီးဖြင့် လျှောက်ပတ်စီးလေသည်။ သစ်ပင်များအုံ့ဆိုင်းလျှက်ရှိသော မြေသားလမ်းမကြီးပေါ်သို့ မိုးပြာရောင်စက်ဘီးလေးသည် မြန်ဆန်သောအရှိန်ဖြင့်သွားလေ၏။ ၎င်းစက်ဘီးပေါ်တွင်တော့ အနီရောင်ဝမ်းဆက်ကိုဝတ်ဆင်ထားသောနန့်မြတ်လေးခင်တစ်ယောက် စက်ဘီးကိုဟန်ချက်ညီစွာဖြင့်နင်းလာရာ တစ်နေရာတစ်ခုအရောက်…

 

” ဟာ..နွားအုပ်ကြီး….အမယ်လေးကယ်ကြပါအုံးရှင် ”

 

ဟုဆိုကာ စက်ဘီး၏လက်ကိုင်ဘရိတ်အား ညှစ်လိုက်ရာ ဘရိတ်ကမမိသဖြင့် နန့်မြတ်လေးခင်တစ်ယောက် နွားအုပ်ထဲသို့စက်ဘီးရောလူရောရောက်သွားလေသည်။

 

” အား.. အမယ်လေး ….”

 

” ကယ်ကြပါအုံးရှင် နွားတွေလိုက်ဝှေ့နေလို့.. ”

 

” အားးးးးး”

 

ဆိုသောအသံနှင့်အတူ နန့်မြတ်လေးခင်တစ်ယောက် ထိုနေရာမှာတင်နွားဝှေ့ခံရပြီးလူ့လောကကြီးဖြင့်အဆက်အသွယ်ပျက်သွား၏။

+++++

 

” ကိုငွေမောင်း မိုးချုပ်တော့မယ်.. .ရှင့်သမီးအခုထိပြန်မလာသေးဘူး… သမီးလေးစက်ဘီးများမှောက်နေသလားမသိဘူး ”

 

” ဟာ… မကြာပေါ့ကလည်း နမိတ်မရှိနမာမရှိမပြောစမ်းပါနဲ့ ”

 

” အင်းပါ ..ကျမကသမီးအတွက်စိတ်ပူလို့ပြောတာပါရှင် ”

 

ဒေါ်ကြာပေါ့ရဲ့စကားကြောင့် ဦးငွေမောင်းတစ်ယောက် သမီးဖြစ်သူအတွက်စိတ်ပူသွားပြီး

 

” မကြာပေါ့…လာဟာ တို့တွေသမီးလေးနောက်လိုက်သွားရအောင် ”

 

ဆိုပြီး ဦးငွေမောင်းတစ်ယောက် ဇနီးဖြစ်သူဒေါ်ကြာပေါ့အားခေါ်ကာ သမီးဖြစ်သူ၏နောက်လိုက်အားလိုက်သွားလေ၏။ သစ်ပင်များအုံ့ဆိုင်းလျက်ရှိသောမြေသားလမ်းမကြီးပေါ်သို့ သွက်လက်မြန်ဆန်သောခြေလှမ်းများဖြင့် လူနှစ်ယောက်လျှောက်လှမ်းလာလေသည်။ ထိုလူနှစ်ယောက်တို့သည်ကား ဦးငွေမောင်းနှင့်ဒေါ်ကြာပေါ့ပင်ဖြစ်သည်။ ဦးငွေမောင်းတို့လည်း နေရာတစ်ခုသို့ရောက်သောအခါ

 

” သမီး “ဟုအော်ခေါ်ကာ မြေပေါ်တွင်လဲကျနေသော နန့်မြတ်လေးခင်အားပြေးပွေ့လေသည်။

 

” သမီး…သမီး…သမီး ထပါအုံးသမီးရဲ့ ..မေကြီးခေါ်နေတယ်လေ ”

 

” သမီးရေထအုံးလေကွာ မြေကြီးပေါ်မှာအိပ်မနေနဲ့လေ … ဖေကြီးဝယ်ပေးတဲ့စက်ဘီးကို သမီးလေးကြိုက်တယ်ဆို သမီးပြန်ပြောအုံးလေ….သမီး…”.

 

နန့်မြတ်လေးခင်တစ်ယောက် မိခင်ဖခင်တို့၏ခေါ်သံများအား ပြန်မထူးနိုင်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် နန့်မြတ်လေးခင်တစ်ယောက်လူ့လောကကြီးကနေ အပြီးအပိုင်နှုတ်ဆက်သွားသောကြောင့်ဖြစ်သည်။

။ ဦးငွေမောင်းတစ်ယောက်လည်း မိမိသမီးလေးဤကဲ့သို့ အဖြစ်ဆိုးနှင့်ကြုံတွေ့ရသည်ကို ဖြေမဆည်နိုင်ပေ။ ထိုသို့ဖြင့် သမီးဖြစ်သူအလောင်းအားပွေ့ချီကာမျက်ရည်စက်လက်ဖြင့် အိမ်သို့ပြန်လာခဲ့လိုက်၏။ ဦးငွေမောင်းနှင့်ဒေါ်ကြာပေါ့တို့လင်မယားနှစ်ယောက်လည်း သမီးဖြစ်သူနန့်မြတ်လေးခင်သေဆုံးသည့်ကိစ္စနင့်ပတ်သတ်၍ စိတ်ထိခိုက်ကာအစားပျက်အသောက်ပျက်ဖြစ်နေလေသည်။

 

” ကိုငွေမောင်း ရှင်အဲဒီစက်ဘီးကိုသွားရောင်းလိုက်ပါတော့… အဲဒီစက်ဘီးကိုမြင်ရတိုင်း ကျွန်မသမီးလေးကိုပြန်မြင်နေရသလိုပဲ ..အဲဒီစက်ဘီးကြောင့်သမီးလေးကသေရတာ ဟီး ဟီး ဟီး… ”

 

ဖြင့် ဒေါ်ကြာပေါ့တစ်ယောက်လည်း သမီးဖြစ်သူအားသတိရတိုင်း ငိုကြွေးလေ၏။

 

” အေးပါကြာပေါ့ရယ်…ငါအဲဒီစက်ဘီးကိုသွားရောင်းပေးပါ့မယ် ”

 

ဦးငွေမောင်တစ်ယောက်လည်း ၎င်းစက်ဘီးကို မြို့ပေါ်ရှိသုံးသုံးလုံးစက်ဘီးအရောင်း

ဆိုင်တွင် ပြန်လည်ရောင်းချခဲ့သည်။ ထို့နောက်သမီးဖြစ်သူအတွက် ကုသိုလ်ကောင်းမှုများအား လစဉ်လတိုင်းဆိုသလိုပြုလုပ်ပေးလေ၏။ သို့ပေမဲ့ နန့်မြတ်လေးခင်တစ်ယောက် သာဓုမခေါ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် စက်ဘီးအပေါ်စွဲလမ်းသောဥပါဒါန်အစွဲအလမ်းကြောင့်ပင်ဖြစ်လေသည်။

 

” နောက်တော့အဲဒီစက်ဘီးကို သုံးသုံးလုံးဆိုင်ကနေအကိုဝယ်လာတော့ ညီမကစက်ဘီးမှာကပ်ပြီးပါလာတာပါပဲ…” ”

 

နန့်မြတ်လေးခင်တစ်ယောက်လည်း မိမိသေဆုံးခဲ့ရပုံအကြောင်းအား မိုးညိုကိုအကြောင်းစုံရှင်းပြလိုက်ရာ မိုးညိုလည်းနန့်မြတ်လေးခင်အား သနားသွားကာ

 

” ညီမဘဝဇာတ်ကြောင်းကလည်း ရင်နာစရာဇာတ်လမ်းတစ်ပုဒ်လိုပါပဲလားနော် ”

 

” အကို ညီမကိုမနှင်ထုတ်ပါနဲ့နော်… စက်ဘီးကိုလည်းရောင်းမပြစ်ပါနဲ့နော်…”

 

ဟုငြိုးငယ်သောမျက်နှာလေးဖြင့် အသနားခံလေ၏။

 

” စိတ်ချပါ အကိုညီမကိုမနှင်ထုတ်သလို စက်ဘီးကိုလည်းရောင်းမပြစ်တော့ပါဘူး….”

 

” ဟုတ်ကဲ့အကို ”

 

” ညီမ…ညီမ.. ညီမ ”

 

အော်ခေါ်သံနှင့်အတူ မိုးညိုတစ်ယောက်အိမ်မက်မှလန့်နိုးလာ၏။ ဤသို့ဖြင့်မိုးညို၏အိမ်မက်ထဲသို့ နန့်မြတ်လေးခင်တစ်ယောက် ညစဉ်ဆက်တိုက်ဆိုသလိုရောက်လာတက်၏။ အချိန်ကြာလာသည်နှင့်အမျှ မိုးညိုနှင့်နန့်မြတ်လေးခင်တို့နှစ်ယောက်သည်လည်း ဘဝခြားပေမဲ့သံယောဇဉ်များဖြစ်လာကာ ချစ်သူဘဝသို့ပင်ရောက်ရှိလာလေသည်။ ညတစ်ည၌

 

” ချစ်လေ..မောင်နဲ့မခွဲနိုင်ဘူးသိလား ”

 

” မောင်လည်း..ချစ်နဲ့မခွဲနိုင်ပါဘူးကွာ ”

 

” ချစ်တို့အတူနေကြရအောင် မောင်..”.

 

” မောင်လည်း ချစ်နဲ့အတူနေချင်ပြီ…အခုလိုခနလေးတွေ့ရတာကို အားမရတော့ဘူးကွာ ”

 

” ဒါဆိုရင်..လာမယ့်လပြည့်နေ့ညကြရင် မောင့်ကိုချစ်လာခေါ်မယ်လေ…မောင် ချစ်နဲ့လိုက်ခဲ့မှာလား ”

 

” ချစ်သာလာခေါ်လို့ကတော့ မောင်ကလိုက်ပြီးသားပဲ ”

 

” အွန်းပါ မောင့်ဆီကဒီလိုစကားမျိုးကြားရတာ ချစ်ဝမ်းသာပါတယ်… ချစ်ပြန်တော့မယ်နော် ”

 

ဟုပြောကာ နန့်မြတ်လေးခင်တစ်ယောက်လည်း မိုးညို၏အိမ်မက်ထဲမှပျာက်ကွယ်သွားလေသည်။

 

မင်းအောင်နှင့်ပြည့်ဖြိုးလည်း ငပုတောကျေးရွာမှ ဝိညာဉ်နှုတ်တဲ့သရဲမကိစ္စအားဖြေရှင်းပြီးနောက်ခရီးဆက်လာရာ ခရမ်းခွကျေးရွာသို့ပင်ရောက်လာခဲ့လေသည်။ အချိန်အားဖြင့်မိုးချုပ်စပြုနေပြီဖြစ်ရာ ခရမ်းခွကျေးရွာအလယ်ရှိဇရပ်၌သာ တည်းခိုအိပ်စက်လိုက်သည်။

 

” လူလေးရေ.. ထ..ထ.. ထအုံးကွဲ့ ”

 

” ဟာ … အဘပါလား ဘယ်အရေးကိစ္စများရှိလို့ သားဆီကိုကြွလာရတာလဲဗျ ”

 

” ကိစ္စကအရေးကြီးတယ်လူလေး လပြည့်နေ့မတိုင်မီလူလေးသွားကယ်တင်ရမှာ…ကယ်တင်ရမဲ့သူကသာယာကုန်းရွာမှာနေတဲ့ မိုးညိုဆိုတဲ့လူငယ်လေးပဲကွဲ့ ”

 

” ဟုတ်ကဲ့အဘ သားကဘယ်လိုကယ်တင်ပေးရမလဲဆိုတာအမိန့်ရှိပါ ”

 

” ဒီလိုကွဲ့လူလေးရဲ့ မိုးညိုဆိုတဲ့လူငယ်လေးမှာစက်ဘီးတစ်စီးရှိတယ်ကွဲ့..အဲဒီစက်ဘီးမှာ ဥပါဒါန်အစွဲကြောင့်ကပ်တွယ်နေတဲ့သရဲမတစ်ယောက်ရှိတယ်… အဲဒီသရဲမကမိုးညိုဆိုတဲ့လူငယ်လေးရဲ့အိမ်မက်တွေကို ထိမ်းချုပ်ပြီး ညစဉ်ညတိုင်းလိုလိုအိမ်မက်ထဲမှာလာတွေ့တယ်.. နောက်ပိုင်းကြတော့ချစ်ကြိုက်သွားကြတယ်ကွဲ့..လာမဲ့လပြည့်နေ့ကြရင် မိုးညိုရဲ့စိတ်ဝိညာဉ်ကို အဲဒီသရဲမကတစ်ပါထဲခေါ်ဆောင်သွားမှာ အဲဒါကိုလူလေးအနေနဲ့တားဆီးပေးရမယ်ကွဲ့… ”

 

” ဟုတ်ကဲ့ပါအဘ သားကဘယ်လိုတားဆီးပေးရမှာလည်း အမိန့်ရှိပါအုံး.. ”

 

” လူလေးအနေနဲ့က မိုးညိုရဲ့အိမ်မက်ဝင်္ကပါထဲကိုသွားရောက်ပြီး တားဆီးပေးရမှာကွဲ့ ”

 

” တားဆီးပေးတာတော့ဟုတ်ပါပြီ.. သားအနေနဲ့က သူတစ်ပါးရဲ့အိမ်မက်ထဲကို ဘယ်လိုဝင်ရောက်ရပါ့မလဲအဘ ”

 

” အဲဒီအတွက်တော့မပူနဲ့လူလေး လူလေးကိုနာမ်လွှင့်ပြီးအိမ်မက်ဝင်္ကပါထဲထိသွားနိုင်တဲ့ ရုပ်ထားနာမ်ခွာ စမတော်ကိုအဘချီးမြင့်ခဲ့မယ်… လူလေးလက်ဖြန့်ထား ”

 

” ဟုတ်ကဲ့ပါ အဘ ”

 

ကျွန်တော်လည်း လက်ဝါးနှစ်ဖက်အားမြှောက်ကာ ဖြန့်ထားလိုက်သည်။ ထို့နောက် ကျွန်တော့်ရဲ့ဆရာဖြစ်သူမန္တာန်ဝိဇ္ဇာဘိုးအောင်မှ မြတ်စွာဘုရားပုံတော်ကို စမအက္ခရာများဖြင့်ရေးဆွဲထားသော ဘုရားပုံစမချပ်တစ်ခုအား ကျွန်တော့်လက်ဖဝါးပေါ်သို့တင်လိုက်ရာ ထိုစမချပ်မှ ရွှေရောင်များတစ်လက်လက်တောက်ပလာပြီး ရွှေမှုံများဖြစ်သွားကာ ၎င်းရွှေမှုံများသည်လည်း ကျွန်တော်၏ခန္ဓာကိုယ်တစ်ခုလုံးအား နဂါးတစ်ကောင်ရစ်ပတ်သကဲ့သို့ရစ်ပစ်ပြီး ကျွန်တော့်ခန္တာကိုယ်ထဲသို့ တိုးရှိုးဝင်ကာပျောက်ကွယ်သွားတယ်။

 

” ကဲ ..လူလေးကိုအဘ ရုပ်ထားနာမ်ခွာစမချပ်ကိုချီးမြှင့်ပြီးပြီ လူလေးအနေနဲ့လပြည့်နေ့ကြရင် မိုးညိုဆိုတဲ့လူငယ်လေးကိုရအောင်ကယ်တင်ပါ… အဲဒီအိမ်မက်ဝင်္ကပါထဲကိုဝင်မယ်ဆိုရင် လူလေးကိုအဘပေးထားတဲ့ယက္ခညီနောင်ကိုပါခေါ်သွား သူတို့ကလူလေးကိုကူညီပေးလိမ့်မယ် ”

 

” ဟုတ်ကဲ့ပါအဘ ”

 

” အဘ .. အဘ .. အဘ ”

 

ဟုအော်ခေါ်ကာ ကျွန်တော်လည်းအိပ်ယာမှနိုးလာ၏။ အချိန်အားဖြင့် လင်းပိုင်းရောက်နေပြီဖြစ်သဖြင့် ဆက်မအိပ်တော့ပဲမျက်နှာသစ်လိုက်ကာ ထိုဇရပ်၌သာ ဘုရားရှိခိုးခြင်း၊သမထနှင့်ပတ်သက်သောပုတီးစိပ်ခြင်းများအား ဆောင်ရွက်လိုက်လေသည်။ ကျွန်တော်ပုတီးဖြုတ်တော့ ပြည့်ဖြိုးတစ်ယောက်နိုးနေ၏။

 

” ဆရာဒီနေ့အိပ်ယာထတာ စောလှချည်လား ”

 

” ဟုတ်တယ်ပြည့်ဖြိုး ငါအိမ်မက်မက်ပြီးနိုးလာထဲကပြန်မအိပ်တော့တာ ”

 

” ဆရာဒါဆို အကြောင်းထူးပြီပေါ့ ”

 

” ဟုတ်တယ်ပြည့်ဖြိုးရေ ညကအဘငါ့ကို အိမ်မက်ထဲမှာလာပြောသွားတယ်… သာယာကုန်းရွာမှာနေတဲ့မိုးညိုဆိုတဲ့လူငယ်တစ်ယောက်ကို ကယ်တင်ရမယ်လို့အမိန့်ရှိတယ် ”

 

” ဒါဆို..ကျွန်တော်တို့ခရီးဆက်ရမှာပေါ့ ဒါနဲ့ကျွန်တော်တို့ကဘယ်လိုကယ်တင်ရမှာလည်း ”

 

” အိမ်မက်ဝင်္ကပါထဲကိုသွားပြီး ကယ်တင်ရမှာကွ ”

 

” ဗျာ…”

 

မင်းအောင်စကားကြောင့် ပြည့်ဖြိုးတစ်ယောက်အံသြသွား၏။ ထို့နောက်မင်းအောင်လည်း မိုးညိုတို့အကြောင်းစုံကို ပြည့်ဖြိုးအားရှင်းပြလိုက်၏။

 

မင်းအောင်နှင့်ပြည့်ဖြိုးလည်း သာယာကုန်းရွာရှိရာသို့ခရီးဆက်လာရာလမ်း၌

 

” ဆရာ..ကျွန်တော်တစ်ခုလောက်မေးချင်လို့ ”

 

” မေးလေပြည့်ဖြိုးရာ ”

 

” ဒီလိုဆရာရာ အိမ်မက်ဝင်္ကပါဆိုတာ ဘယ်လိုအိမ်မက်မျိုးကိုပြောတာလည်း ”

 

” ဒီလိုရှိတယ်ပြည့်ဖြိုးရ အိမ်မက်ဝင်္ကပါဆိုတာ ကိုယ့်ရဲ့အိမ်မက်ကိုတစ်စုံတစ်ယောက်က ထိန်းချုပ်ထားတာမျိုးပေါ့.. သဘောကတော့ ကိုယ့်အိမ်မက်ထဲမှာ ကိုယ်ကိုတိုင်ရုန်းမထွက်နိုင်အောင် ထိန်းချုပ်ခြင်းခံထားရတာမျိုးပေါ့ကွာ ”

 

” ဆရာ..ဒါဆိုရင်ကိုယ့်အိမ်မက်ကို အဲဒီလူရဲ့စိတ်တိုင်းကျမက်နေရတာမျိုးပေါ့နော် ”

 

” ဟုတ်တယ်ပြည့်ဖြိုး အိမ်မက်ဆိုတာလည်းစိတ်ဝိညာဉ်လွှင့်ခြင်းတစ်မျိုးပဲကွ… ”

 

” ဆရာ..ကျွန်တော်နောက်တစ်ခုလောက်မေးချင်လို့…အထက်ဆရာသခင်တွေက ဘယ်လိုအချိန်တွေအိမ်မက်ပေးတတ်လည်း ”

 

” ဒီကိစ္စနဲ့ပတ်သက်ပြီးမင်းကိုရှင်းပြရမယ်ဆိုရင် အချိန်သုံးချိန်ရှိတယ်ကွ ပထမညဉ့်ဦးချိန်မက်တဲ့အိမ်မက်မျိုးဆို သရဲတစ္ဆေ၊နိမ့်ကျတဲ့ဘုံသားတွေကအိမ်မက်ပေးတတ်တယ်၊ဒုတိယသန်းခေါင်ယံချိန်ကိုတော့ နတ်တွေကအိမ်မက်ပေးတတ်တယ်၊နောက်ဆုံးလင်းပိုင်းအချိန်ကိုတော့ ဗြမ္မာတွေ၊အထက်ဝိဇ္ဇာဆရာသခင်တွေက အိမ်မက်ပေးတတ်တယ်ကွ ”

 

” ဆရာပြောမှပဲ အိမ်မက်တွေအကြောင်းသိတော့တယ် ”

 

ပြည့်ဖြိုးလည်းမိမိသိလိုသမျှ ဆရာဖြစ်သူအားမေးလေ၏။ မင်းအောင်တို့ဆရာတပည့်နှစ်ယောက်လည်း စကားတစ်ပြောပြောဖြင့် ခရီးဆက်လာရာ သာယာကုန်းရွားသို့ပင်ရောက်လာခဲ့လေသည်။ ထို့နောက် သယာကုန်းရွာ၏ရွာထိပ်ရောက်သောအခါ

 

” ဆရာ…ဟိုမှာဘုရားမှာကျွန်တော်တို့နားကြမလား ”

 

ကျွန်တော်လည်းပြည့်ဖြိုးညွှန်ပြသော ဘုရားကိုကြည့်လိုက်တော့ ဘုရားရဲ့ဘွဲ့အမည်က မြပေါင်းဘုရားပင်ဖြစ်လေသည်။

 

” အေးပြည့်ဖြိုးရေ ဒီမြပေါင်းဘုရားမှာပဲနားကြတာပေါ့… ငါတို့တွေရွာထဲဝင်သွားရင် ဟိုသရဲမကရိပ်မိသွားလိမ့်မယ် ”

 

” ဟုတ်ကဲ့ဆရာ ”

 

ကျွန်တော်နှင့်ပြည့်ဖြိုးလည်း မြပေါင်းဘုရား၌နားလိုက်လေသည်။ အချိန်အားဖြင့် တောင်စွယ်မှာနေကွယ်လို့ မှောင်ရီစပျိုးသောအချိန်ပင်ရောက်နေ၏။ ဤနေ့သည်ကား လပြည့်နေ့ဖြစ်သဖြင့် မိမိလုပ်ဆောင်ရမည့်ကိစ္စများအားအချိန်ဆွဲမနေတော့ပဲ သာယာကုန်းရွာတော်ရှင်အားဆင့်ခေါ်လိုက်ရာ ကျွန်တော်ရှေ့သို့ ရှမ်းအနက်ရောင်ဝတ်စုံအားဝတ်ဆင်ထားကာ ဘောင်းတော်စအားခေါင်းပေါင်းထားသောအမျိုးသမီးတစ်ဦးရောက်လာ၏။ ထိုအခါကျွန်တော်လည်း

 

” သင်က ဒီရွာရဲ့ရွာတော်ရှင်လား ”

 

ဟုကျွန်တော်မှမေးလိုက်ရာ အနက်ရောင်ရှမ်းဝတ်စုံဝတ်ထားသောအမျိုးသမီးမှ

 

” ဟုတ်ပါတယ်ဆရာလေး ကျမကဒီရွာရဲ့ရွာတော်ရှင်ပါ ..”

 

” သြော်… ဒါနဲ့သင်ကရှမ်းလူမျိုးလား ”

 

” ဟုတ်ပါတယ်ဆရာလေး… ဒီသာကုန်းရွာကဟိုးတုန်းကရှမ်းလူမျိုးတွေနေထိုင်ကြတာပါ..ခေတ်ကာလကြာညောင်းလာတော့ ရှမ်းလူမျိုးတွေမရှိကြတော့ပဲ ဗမာလူမျိုးတွေနေထိုင်ကြတာပါ..ကျမကရှမ်းလူမျိုးတွေရှိစဉ်ထဲက ဒီရွာမှာရွာတော်ရှင်ဖြစ်နေတာပါ ”

 

” ဒါဆိုရင် သင်ကရွာတော်ရှင်ဖြစ်တာကြာပြီပေါ့ ”

 

” ဟုတ်ပါတယ်ဆရာလေး ”

 

” ဒီရွာမှာနေတဲ့မိုးညိုဆိုတဲ့လူငယ်လေးကိုသရဲမတစ်ကောင်က သူ့ရဲ့ကာမသိဒ္ဓိတန်ခိုးနဲ့ အိမ်မက်ဝင်္ကပါတစ်ခုကိုဖန်တီးပြီး မိုးညိုရဲ့စိတ်ဝိညာဉ်ကိုထိန်းချုပ်ထားတာ သင်သိလား ”

 

” သိပါတယ်ဆရာလေး ”

 

” သင်သိရဲ့သားနဲ့ ဘာလို့မတားဆီးတာလည်း ”

 

ဟု ကျွန်တော်လည်းမေးလိုက်ရော

 

” ဒီလိုပါဆရာလေး ကျမတို့ရွာတော်ရှင်တွေဆိုတာအပြင်စည်းပဲစောင့်တာပါ… အခုဟာက အတွင်းစည်းကဖြစ်တာဆိုတော့က ကျမအနေနဲ့ကတာဆီးပေးလို့မရပါဘူး ”

 

” သြော် အဲသလိုကို.. ဒါနဲ့ အဲဒီသရဲမအမည်ကဘယ်လိုခေါ်လည်း ”

 

ကျွန်တော်မှရွာတော်ရှင်အားမေးလိုက်ရာ

 

” အဲဒီသရဲမအမည်က နန့်မြတ်လေးခင်လို့ခေါ်ပါတယ်ဆရာလေး … ဆရာလေးတို့သူ့ကိုရွာပြင်ထိသာခေါ်ထုတ်ပေးပါ ကျန်တဲ့ကိစ္စကျမတာဝန်ယူပေးပါ့မယ် ”

 

” ကောင်းပါပြီ အခုလိုကူညီပေးတဲ့အတွက် ရွာတော်ရှင်ကိုကျေးဇူးတင်ပါတယ် ”

 

” ဟုတ်ကဲ့ပါဆရာလေး ”

 

ဆိုသောအသံနဲ့အတူ ရွာတော်ရှင်လည်းကျွန်တော်အရှေ့မှ ပျောက်ကွယ်သွားလေသည်။ ကျွန်တော်လည်း မိုးညိုအိမ်မက်ထဲသို့သွားရန်အတွက် ဘုရားရှေ့၌ပုဆစ်တုပ်ထိုင်ကာဘုရားအားကန်တော့လိုက်ပြီး အသက်နှင့်ခန္ဓာအားလှူလိုက်သည်။ ထို့နောက် တပ္ပလင်ခွေထိုင်၍တရားထိုင်လိုက်ပြီးစရဏအားများကိုစုစည်းကာ မိုးညိုဆီသို့ စိတ်ကိုညွှတ်ထားလိုက်ရာ ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးပေါ့ပါးလာသလိုခံစားလိုက်ရပြီး ငှက်မွှေးကဲ့သို့ပေါ်ပါးလာကာ လေပေါ်သို့မြောက်တက်လာ၏။ အောက်ကိုငုံ့ကြည့်လိုက်တော့ တရားထိုင်နေတဲ့ကျွန်တော်ရုပ်ခန္ဓာရယ် ပြည့်ဖြိုးရယ်ကိုတွေ့လိုက်ရ၏ယ ကျွန်တော်နာမ်ခွာသွားမှန်းသတိထားမိလိုက်ပြီးမိုးညိုဆီကိုစိတ်ညွှတ်လိုက်တော့ အချိန်ခနလေးအတွင်းမှာပဲ အိမ်ငယ်လေးတစ်လုံး၏အခန်းငယ်တစ်ခုထဲကို ကျွန်တော်ရောက်သွားတယ်။ ၎င်းအခန်းငယ်လေးရဲ့ကြမ်းပြင်ထက်မှာတော့ လူငယ်တစ်ယောက်အိပ်စက်နေတာကို ထပ်မံတွေ့လိုက်ရသည်။

ထိုလူငယ်လေးသည် မိုးညိုပင်ဖြစ်လေသည်။ကျွန်တော်လည်း

 

” ကဲ ဒီမိုးညိုရဲ့အိမ်မက်စက်ဝန်းပေါ်စေ ”

 

ဟုအမိန့်ပြန်လိုက်ပြီး မန္တာန်တစ်ပုဒ်အားရွတ်လိုက်တော့ ၎င်းလဲလျောင်းနေတဲ့လူငယ်လေးရဲ့ခေါင်းရင်းနားတွင် အနီရောင်နှင့်အနက်ရောင် ရောထွေးစက်ယှက်ထားသော စက်ဝန်းတစ်ခုပေါ်လာသည်။ ထိုစက်ဝန်းထဲသို့ကျွန်တော်လည်းဝင်လာလိုက်ရာ စက်ဝန်းထဲတွင် ပုံရိပ်ယောင်ပုံစံဖြင့်တည်ဆောက်ထားသော ရွာလေးတစ်ရွာရှိနေပြီး စိန်ပန်းပင်ကြီးတစ်ပင်ရှိလေသည်။ ထိုစိန်ပန်းပင်ကြီးအောက်တွင်…

 

” မောင်., ချစ်နဲ့လိုက်ခဲ့တော့ ”

 

” လိုက်မယ်ချစ်… ချစ်ခေါ်တဲ့နေရာဆိုရင်မောင်ကငရဲပြည်ဆိုလည်းလိုက်မှာပဲ ”

 

ဟုဆိုကာ လူငယ်သည်အနီရောင်ဝတ်မိန်းခလေးခေါ်ရာနောက်သို့ လိုက်သွားဟန်အပြု ။ကျွန်တော်လည်း..

 

” ဟေ့…နန့်မြတ်လေးခင် မင်းရဲ့လုပ်ရပ်တွေကိုရပ်တန်းကရပ်လိုက်ပါ ”

 

ဟုပြောလိုက်ရာ

 

” နင်ဘယ်သူလည်း ဘာလို့ငါ့အိမ်မက်ဝင်္ကပါထဲထိလာနိုင်ရတာလည်း ”

 

” ငါဘယ်သူလည်းဆိုတော့ မင်းရဲ့လုပ်ရပ်တွေကို လာတာဆီးတဲ့သူလို့ပဲမှတ်ထားလိုက်ပါ ”

 

” ငါတို့ချစ်သူနှစ်ဦးအတူနေဖို့လုပ်နေတာကို.. နင်ကလာတာဆီးတာဟုတ်လား ..ဟား..ဟား..ဟား ”

 

ဟုရယ်ကာ ကျွန်တော်အားအနီရောင်နဲ့အနက်ရောင်ရောထွေးထားသောစက်တစ်ခုနဲ့ လှမ်းပြစ်လိုက်ရာ ကျွန်တော်လည်းညာဘက်လက်ဖြင့်ကာလိုက်ပြီး ၎င်းစက်များသည်

“ဝုန်း ”

 

အသံနဲ့အတူ ဘေးသို့လွှင့်စင်သွားသည်။ ထို့နောက် ကျွန်တော်လည်း

 

“မူလရုပ်သွင်ပြန်စေ ”

 

လို့အမိန့်ပြန်လိုက်ရော နန့်မြတ်လေးခင်တစ်ယောက် ဖယောင်းချပ်များအားမီးနဲ့ရှို့ခံရသကဲ့သို့ သူမ၏ချောမောလှပပါသည်ဆိုသော အရေပြားအလွှာများတစ်လွှာခြင်းစီကွာကျလာကာ အင်မတန်အကျည်းတန်ရုပ်ဆိုးသောအသွင်ပြင်များ ပေါ်ပေါက်လာ၏။ နန့်မြတ်လေးခင်၏ခန္ဓာကိုယ်မှာလည်း သွေးသံတရဲရဲဖြင့်ပေကျံနေကာ မျက်နှာတစ်ခြမ်းမှာလည်းလောက်များပင် တစ်ဖွားဖွားကျလာ၏။ နန်းမြတ်လေးခင်ရဲ့မူလရုပ်သွင်ကို မိုးညိုတစ်ယောက်မြင်လိုက်ရပြီး ကြောက်လန့်ကာထွက်ပြေးသွားသည်။ ကျွန်တော်လည်းအချိန်မဆိုင်းတော့ဘဲ ယက္ခညီနောင်ကိုလှမ်းခေါ်လိုက်ပြီး နန်းမြတ်လေးခင်ကိုထိန်းသိမ်းခိုင်းလိုက်သည်။ ထို့နောက် ကျွန်တော်နဲ့အတူ ယက္ခညီနောင်ရဲ့လက်အတွင်းမှာချုပ်နှောင်ခံထားရသော နန့်မြတ်လေးခင်ကိုပါခေါ်ပြီး ထိုအိမ်မက်ဝင်္ကပါထဲကပြန်ထွက်လာလိုက်သည်။ ထို့နောက် ကျွန်တော်လည်းကြမ်းပြင်ထက်မှာလဲလျောင်းနေသော မိုးညို၏နှဖူးထိပ်အား ညာဘက်လက်ခလယ်ဖြင့်ထောက်လိုက်ပြီး

 

” မိုးညို၏ စိတ်ဝိညာဉ်သည် မိုးညိုခန္ဓာကိုယ်သို့ချက်ချင်းပြန်ရောက်ပါစေသား ဗုဒ္ဓစက်အာဏာစက် ”

 

ဟုအမိန့်ပြန်လိုက်ရာ အလင်းရောင်များထွက်နေသော ကြည်ပြာရောင်အလုံးငယ်လေးသည် မိုးညိုခန္ဓာကိုယ်အတွင်းသို့တိုးရှိုးဝင်ရောက်ပျောက်ကွယ်သွားလေသည်။ ကျွန်တော်လည်းလှည့်ပြန်မည်အလုပ် ကျွန်တော်ရဲ့နားစည်အတွင်းပိုင်းထဲသို့ ..

 

” လူလေး.. မိုးညိုကိုနန့်မြတ်လေးခင်နဲ့ပတ်သက်တဲ့အရာတွေမေ့သွားအောင် မှတ်ညဏ်ပျောက်စမကို မန္တာန်စုတ်ပြီးနှဖူးမှာကပ်လိုက်”

 

ဟူသောအသံလှိုင်းအားကြားလိုက်ရ၏။

 

ကျွန်တော်လည်းကြမ်းပြင်ထက်တွင်လဲလျောင်းအိပ်စက်နေသော မိုးညို၏နှဖူးထိပ်တွင် မှတ်ညဏ်ပျောက်စမကိုရေးဆွဲလိုက်ပြီး မန္တာန်တစ်ပုဒ်အားရွတ်လိုက်ကာ

 

” မိုးညိုသည် ယခုအချိန်မှစ၍နန့်မြတ်လေးခင်နှင့်ပတ်သတ်သမျှအရာအားလုံးအား မှတ်ညဏ်ထဲကအကုန်ပျောက်ကွယ်ပါစေသား ”

 

ဟုပြောလိုက်၏။ ထို့နောက်ကျွန်တော်လည်း မိမိခန္ဓာကိုယ်ရှိရာစီသို့စိတ်ညွှတ်လိုက်ရာ ခနာအကြာတွင် ကျွန်တော်၏စိတ်ဝိညာဉ်သည် ကျွန်တော်၏ခန္ဓာကိုယ်အတွင်းသို့ပြန်လည်ရောက်ရှိလာပြီး ကျွန်တော်၏နာမ်လွှင့်ခြင်းလုပ်ငန်းအား အပြီးသတ်လိုက်သည်။

 

ကျွန်တော့်စိတ်ဝိညာဉ်နှင့်အတူပါလာသူကတော့ ယက္ခညီနောင်နှင့်အတူ နန့်မြတ်လေးခင်ပင်ဖြစ်သည်။ ကျွန်တော်လည်းရွာတော်ရှင်ကိုဆင့်ခေါ်ရာ

 

” ဆရာလေး ကျမရောက်ပါပြီ ”

 

ဟူသောအသံဖြင့်အတူ အနက်ရောင်ရှမ်းဝတ်စုံအားဝတ်ထားကာ ပေါင်းတော်စအား

ခေါင်းပေါင်းပေါင်းထားသော အမျိုးသမီးတစ်ဦးရောက်လာ၏။ ကျွန်တော်လည်းရွာတော်ရှင်အား

 

” ရွာတော်ရှင်ထံ နန့်မြတ်လေးခင်ကိုအပ်ခဲ့ပါ့မယ်… ရွာတော်ရှင်အနေနဲ့က သူမကိုနောက်နောင်မိုးညိုကိုမနှောက်ယှက်နိုင်အောင်နဲ့ကျွတ်တန်းဝင်နိုင်အောင်လို့ ဆုံးမထိန်းသိမ်းထားပေးပါ ”

 

” ဟုတ်ကဲ့ပါဆရာလေး.. ကျမအနေနဲ့အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးဆောင်ရွက်ပေးပါ့မယ် ” ဟု ရွာတော်ရှင်မှပြောသဖြင့်ကျွန်တော်လည်း

 

” ယက္ခညီနောင်ရေ သင်တို့ချုပ်နှောင်ထားတဲ့ နန့်မြတ်လေးခင်ကို ရွာတော်ရှင်လက်ထဲကိုအပ်လိုက်ပါ ”

 

ဟုပြောလိုက်ရာ ယက္ခညီနောင်လည်းနန့်မြတ်လေးခင်အား ရွာတော်ရှင်ထံအပ်လိုက်ပြီး ပျောက်ကွယ်သွားလေ၏။ ထို့နောက် ရွာတော်ရှင်လည်း နန့်မြတ်လေးခင်အားခေါ်ဆောင်သွားကာ ပျောက်ကွယ်သွား၏။ အချိန်အားဖြင့် လင်းပိုင်းသို့ပင်ရောက်ရှိလာလေရာ ကျွန်တော်နဲ့ပြည့်ဖြိုးလည်း မြပေါင်းဘုရားမှထွက်လာခဲ့လိုက်သည်။

 

” ဆရာအိမ်မက်ဝင်္ကပါထဲမှာ ကြုံရတာတွေကျွန်တော်ကိုပြောပြပါအုံး ”

 

ပြည့်ဖြိုးအား ကျွန်တော်အိမ်မက်ဝင်္ကပါထဲမှာကြုံတွေရသည်များအားပြောပြလိုက်တယ်။

ထိုအခါပြည့်ဖြိုးမှ

 

” ဆရာ. ..ကျွန်တော်တစ်ခုလောက်မေးချင်လို့ ”

 

” မေးစေကွာ ”

 

ဟုကျွန်တော်လည်းပြောလိုက်ရာ

 

” ဟုတ်ကဲ့ဆရာ…နန့်မြတ်လေးခင်ဆိုတာက အသုရကယ်ဘုံသားတစ်ယောက်ဘဲလေ သူ့အနေနဲ့အိမ်မက်ဝင်္ကပါလိုဟာမျိုးကို ဘာကြောင့်ဖန်တီးနိုင်ရတာလည်းဆရာ ”

 

” ဒါကတော့ကွာ သူ့ရဲ့အတိတ်ဘဝကပြုလုပ်ခဲ့ဖူးတဲ့ကုသိုလ်ကံအကြောင်းတရားတွေကြောင့်ပေါ့ကွာ… နန့်မြတ်လေးခင်က လူ့ဘဝတုံးကကုသိုလ်တွေအများကြီးပြုလုပ်ခဲ့ဖူးတယ်ကွ…သူ့သေတော့ သူ့ရဲ့စက်ဘီးအပေါ်စွဲလမ်းတဲ့ ဥပါဒါန်အစွဲကြောင့်အခုလို ဘုံဘဝမျိုးကိုရောက်တာကွ ”

 

” သြော်အဲသလိုကို.. ဥပါဒါန်အစွဲကသိပ်ကြောက်စရာပဲနော်ဆရာ ”

 

” ဒါပေါ့ကွာ..အစွဲဆိုဘာအစွဲမှမကောင်းဘူးကွ.. လူတစ်ယောက်ဟာ သေခါနီးအချိန်သိပ်အရေးကြီးတယ်… တင်္ဂအတွေးနဲ့မိစ္ဆာဖြစ်နိုင်သလို.. တင်္ဂအတွေးနဲ့သူတော်ကောင်းဖြစ်နိုင်တယ်ကွ ”

 

” ဟုတ်ကဲ့ဆရာ ကျွန်တော်မှတ်သားထားလိုက်ပါ့မယ် ”

 

မင်းအောင်နှင့်ပြည့်ဖြိုးလည်း သာယာကုန်းရွာလေးမှ ထွက်လာခဲ့လိုက်သည်။ မနက်မိုးသောက်အလင်းရောက်သော် မိုးညိုတစ်ယောက်သည် အရင်ပုံမှန်အတိုင်းအလုပ်သို့သီချင်းလေးငြီးကာ စက်ဘီးအားနင်း၍သွား၏။ မိုးညို၏မှတ်ဥာဏ်ထဲ၌ နန့်မြတ်လေးခင်ဆိုသည်မှာမရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် မင်းအောင်၏မှတ်ညဏ်ပျောက်စမဖြင့် မိုးညို၏မှတ်ဥာဏ်တစ်ချို့အား ဖျက်ဆီးခြင်းခံလိုက်ရသောကြောင့်ပင်ဖြစ်သည်။

 

နှစ်အတန်ကြာသော် သာယာကုန်းရွာမှာ ရွာတော်ရှင်အသစ်တစ်ဦးပေါ်လာ၏။ ၎င်းရွာတော်ရှင်မှာ အနီရောင်ထိုင်မသိမ်းဝတ်စုံကိုဝတ်ဆင်ထားပြီး ရင်ဘတ်၌အနီရောင်ပိုးပဝါစကိုစည်းထားသော နန့်မြတ်လေးခင်ပင်ဖြစ်လေသည်။

+++++++++++++++++

 

မင်းအောင်နှင့်ပြည့်ဖြိုးတို့ဆရာတပည့်နှစ်ယောက်လည်း သာယာကုန်းရွာမှထွက်လာပြီးနောက် နတ်စင်ရွာသို့ရောက်သောအခါ

 

” ဆရာလေးရေ… ဆရာလေးရေ ”

 

ဟူသောအသံနှင့်အတူကျွန်တော်ထံသို့ လူတစ်ယောက် ရောက်လာ၏။ ကျွန်တော်လည်း ထိုလူအား

 

” သင်ကဘယ်သူလည်း ”

 

” ကျွန်တော်က ဗုဗ္ဗာရုံကျောင်းကကျောင်းစောင့်နတ်ပါ ”

 

” ကျွန်တော့်ဆီလာတာ ဘယ်အရေးကိစ္စများရှိလို့ပါလဲ ”

 

” ဒီလိုပါဆရာလေး ဗုဗ္ဗာရုံဆရာတော်အသည်းအသန်ဖြစ်နေလို့ပါ … ဆရာတော်ကိုဂမုန်းစောင့်ဘီလူးက ပြုစားထားတာပါဆရာလေး ”

 

” ဗျာ… ဂမုန်းစောင့်ဘီလူးဟုတ်လား ”

 

ဟုကျွန်တော်လည်းအံသြစွာဖြင့်မေးလိုက်ရာ

 

” ဟုတ်တယ်ဆရာလေးရေ ဖြစ်ပုံက………

 

# ပြီး # ပိုင်လေး (မအူပင်မြေ )မှရေးသားသည်။ နောက်ဇာတ်လမ်းလေးမှာတော့ မင်းအောင်တို့ဆရာတပည့်နှစ်ယောက် ဂမုန်းစောင့်ဘီလူးကို ဘယ်လိုနှိမ်နင်းမလဲ…ဗုဗ္ဗာရုံဆရာတော်ကိုဘယ်လိုကယ်တင်မလည်း ဆိုတာကိုသိချင်ရင်တော့ * မင်းအောင်နှင့်ဂမုန်းစောင့်ဘီလူး * ဆိုတဲ့ ဇာတ်လမ်းလေးကို စောင့်မျှော်အားပေးကြပါအုံးဗျ။

 

*မင်းအောင်နှင့်ဥပါဒါန်အစွဲ *ဆိုသောဇာတ်လမ်းလေးသည် ကျွန်တော်စာရေးသူပိုင်လေး(မအူပင်မြေ)မှစိတ်ကူးယဉ်ပုံဖော်ထားသော ဇာတ်လမ်းတစ်ပုဒ်ပင်ဖြစ်သည်။ ဤဇာတ်လမ်းလေးတွင် စက်ဘီးအားစွဲလမ်း၍ မကျွတ်လွတ်သောသရဲမဇာတ်ဝင်ခန်းဟာ တကယ့်ဖြစ်ရပ်မှန်ပင်ဖြစ်သည်။ သို့ဖြစ်ပါသောကြောင့် စာဖတ်သူများအနေဖြင့် မမြဲသောသင်္ခါရသဘောတရားမို့ ငါ့ပစ္စည်း၊ငါ့မိသားစု၊ငါ့ပိုင်ဆိုင်မှု စသောဥပါဒါန်အစွဲလမ်းများအား လျော့ချနိုင်ပါစေလို့🙏 ဓမ္မစကား လက်ဆောင်ပါးရင်း🙏 ဆုတောင်းပေးလိုက်ပါတယ်ဗျ။

 

မင်းအောင်စာမူများအား စာစစ်ပေးခြင်း၊စာမူတင်ပေးခြင်းလုပ်ပေးပါသောကျွန်တော်၏ သူငယ်ချင်းဖြစ်သူ …

မောင်ရေခဲစာမူပိုင်ရှင် ” Khoon “ကို အထူးပင်ကျေးဇူးတင်ရှိပါသည်။