လူထူးဆန်းဖိုးသက်ရှည်

နှင့် တောအုပ်အတွင်းသို့ အိမ်ဥိးနှင့်ကြမ်းပြင်ကဲ့သို့ သွားလာနိုင်သည်။ ဝါးပိုးဝါးကြီးကြီး သုံးလုံးခန့်ကို ရွာအရောက်ထမ်းပြန်နိုင်သေးသည်။ တစ်ခါတရံ ရွာလယ်လမ်းတွင် ခြင်းခတ်ကြသည့်အခါ ကာလသားများနှင့်အတူ ခြင်းခတ်လေ့ရှိသေးသည်။

ကိုညိုကြီးတို့ ကာလသားဖြစ်သည့်အခါ ဘိုးသက်ရှည်အသက်ရှည်ရသည့်အကြောင်းကို ဆွေးနွေးငြင်းခုံကြသည်။ ဘိုးသက်ရှည်မှာ ဆေးကောင်းဝါးကောင်းတစ်ခုခုရှိမည်ဟု အားလုံးကထင်မြင်ကြသည်။ နောက်ဆုံး လူငယ်ဘာသာဘာ၀ အလောင်းအစားများပင်ပါလာခဲ့သည်။ ဘိုးသက်ရှည်မှာ ကလေးများထဲတွင် ကိုညိုကြီးကို ပိုမိုခင်တွယ်ကာ တူသားအရင်းသဖွယ်ချစ်ခင်သည်ဖြစ်ရာ ကိုညိုကြီးမှာ ဘိုးသက်ရှည်အား အနီးကပ်စောင့်ကြည့်ရန် တာဝန်ကျလေတော့သည်။ ဘိုးသက်ရှည်တစ်ယောက် ဆေးသုံးမသုံး၊ နည်းကောင်းရှိမရှိကို အကဲခတ်ရန်ဖြစ်သည်။

သို့နှင့် ကိုညိုကြီးမှာ မိဘများနှင့်ရန်ဖြစ်စကားများသည်ဟု အကြောင်းပြကာ အိမ်ပေါ်မှဆင်းလာခဲ့လေသည်။ ရွာစွန် ဘိုးသက်ရှည်အိမ်တွင် သွားရောက်နေထိုင်လေရာ ဘိုးသက်ရှည်ကလည်း ခွင့်ပြုသည်။ ကိုညိုကြီးမှာ အလောင်းအစားလုပ်ထားသည်မို့ ဘိုးသက်ရှည်အား အမြဲမပြတ်စောင့်ကြည့်သည်။ ကိုညိုကြီးကလည်း ဘိုးသက်ရှည်တွင် ဆေးကောင်းဝါးကောင်းတစ်ခုခုရှိရမည်၊ သို့မဟုတ် နည်းလမ်းတစ်ခုခု၊ အဆောင်အစီအရင်များ ရှိရမည်ဟု ယုံကြည်ထားသူဖြစ်သည်။ ကိုညိုကြီးမှာ မနက်အိပ်ရာထသည်မှ ဘိုးသက်ရှည်အား မျက်ခြည်မပြတ်စောင့်ကြည့်ရင်း ညဘက်ဘိုးသက်ရှည်အိပ်သည့်အခါတွင်လည်း အအိပ်ပျက်ခံကာ စောင့်ကြည့်လေတော့သည်။ ထိုသို့ ခုနစ်ရက်တိုင်တိုင်စောင့်ကြည့်သော်လည်း ဘိုးသက်ရှည်မှာ သွားမြဲ၊ စားမြဲ၊ လုပ်မြဲအလုပ်မှလွဲကာ ထူးထူးခြားခြားဘာမှပြုလုပ်သည်ကိုမတွေ့ရသဖြင့် ကိုညိုကြီးတို့ကာလသားတစ်သိုက် လက်လျှော့လိုက်ရတော့သည်။

ဘိုးသက်ရှည်၏ ထူးခြားချက်တစ်ခုမှာတော့ ဘိုးသက်ရှည်မှာ အသားမစားခြင်းပင်ဖြစ်သည်။ မစားမသောက်နိုင်၍မဟုတ်ဘဲ တမင်ကိုမစားခြင်းဖြစ်သည်။ အသားမစားသည့်အတူ ငါးလည်းမစားပေ၊ ယုတ်စွအဆုံး ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်ပင်မစားမသောက်တတ်၊ နေ့တိုင်း အသီးအရွက်အပွင့်များကို ချက်ပြုတ်ကျော်လှော်ကာ စားသောက်တတ်သည်။ အသားကို အတင်းကျွေးလျှင်လည်း လုံးဝမစားဘဲ ကျွေးသူကို ဒေါသတကြီးရန်လုပ်တတ်သည်။ အလှူအိမ်သွားသည့်အခါမျိုးမှာပင် အရွက်သုပ်၊ အချဉ်သုပ်၊ အရည်သောက်ဟင်းလောက်နှင့်သာ စားသောက်တတ်သည်။ အရည်သောက်ဟင်းးပင်လျှင် ပုစွန်ခြောက်ခတ်ထားလျှင်မသောက်ပေ၊ မုန့်ဟင်းခါးဆိုလျှင် ဘိုးသက်ရှည်မစားတော့။ ထို့ကြောင့် အလှူရှင်များက ဘိုးသက်ရှည်အား ကျွေးမွေးချင်သည့်အခါ ဘိုးသက်ရှည်အတွက် သီးသန့် သားသတ်လွတ်ဟင်းကိုချက်ကျွေးရလေသည်။

သီလဖက်လျှင် အသက်ရှည်သည်ဟူသည့် ဆိုရိုးအတိုင်း ဘိုးသက်ရှည်မှာ လပြည့်လကွယ်၊ ဥပုသ်နေ့နှင့် အခါကြီးရက်ကြီးများတွင် ရွာဦးကျောင်းသို့သွားကာ ဥပုသ်သီတင်းအမြဲဆောက်တည်လေ့ရှိသည်။ ရွာဦးကျောင်းဆရာတော်ကပင် ဘိုးသက်ရှည်တစ်ယောက် သီလကောင်းသဖြင့် အသက်ရှည်ခြင်းဖြစ်ကြောင်း မှတ်ချက်ပြုသည်။ သို့နှင့် ဘိုးသက်ရှည်မှာ အမည်ရင်း ဦးကျောက်လုံးဟူသည့် နာမည်ပျောက်ပြီး ဘိုးသက်ရှည်ဟုသာ တွင်နေလေတော့သည်။ နာမည်အတိုင်းပင် ဘိုးသက်ရှည်အသက်မည်မျှရှည်သည်မှန်း မည်သူမှမသိကြပေ။

(၂)

ရွာဦးကျောင်းတွင် အလှူပွဲက ခြိမ့်ခြိမ့်သဲကျင်းပနေလေသည်။ ရွာဦးကျောင်းဆရာတော် ဦးသောဘိတမှာ သူ၏ သက်တော်ငါးဆယ်ပြည့်သည့် ဝိဇာတမွေးနေ့အလှူအဖြစ် လှူဒါန်းနေခြင်းဖြစ်သည်။ ကိုညိုကြီးလည်း ဝတ်ကောင်းစားလှများဝတ်ဆင်ကာ လှည်းပြင်ရင်း ရွာပြင်သို့ထွက်ခဲ့သည်။ အကြောင်းကတော့ ဘိုးသက်ရှည်အား သွားရောက်ခေါ်ဆောင်ရန်ဖြစ်သည်။ ဘိုးသက်ရှည်နေသည့် ခြံမှာ ရွာဦးဘုန်းကြီးကျောင်းနှင့်ဆိုလျှင် ဆန့်ကျင်ဘက်အရပ်တွင်တည်ရှိသည်မို့ ရွာနှစ်ဖက်ထိပ်သကဲ့သို့ဖြစ်နေကာ အတော်လှမ်းလှမ်းသွားရသည်။ ကိုညိုကြီး နွားလှည်းကို ခြံထဲသွင်းလိုက်သည့်အခါ ဘိုးသက်ရှည်က အိမ်ပေါ်မှပြေးဆင်းလာလေသည်။

“ညိုကြီး ဘာလုပ်မလို့လဲကွ”

“အလှူသွားဖို့လာခေါ်တာလေဗျာ၊ ဘိုးသက်ရှည် လမ်းလျှောက်ရင် ညောင်းနေမှာစိုးလို့ လှည်းနဲ့လာခေါ်တာဗျ”

“ညိုကြီးရာ နွားတွေပင်ပန်းပါတယ်ကွ၊၊ ရွာဦးကျောင်းလောက်ကတော့ ငါလမ်းလျှောက်သွားနေကျပဲမဟုတ်လား”

“ကဲ ရောက်မှတော့ မထူးဘူး တက်သာတက်ဗျာ”

ဘိုးသက်ရှည်က နွားလှည်းပေါ်သို့တက်လိုက်သည်။ ယနေ့အလှူရှိသဖြင့် ဘိုးသက်ရှည်တစ်ယောက် ရှပ်အကျီနှင့် တိုက်ပုံကိုဝတ်လာခဲ့ကာ ပုဆိုးအကွက်ကျဲတစ်ထည်အား ဒူးဖုံးရုံဝတ်ဆင်လာခဲ့သည်။ သဘက်အသစ်တစ်ထည်အား ခေါင်းပေါင်းထားပြန်သေးသည်။ မကြာမီမှာပင် ရွာဦးကျောင်းသို့ရောက်လာခဲ့သည်။ ဘိုးသက်ရှည်မှာ မုန့်ဟင်းခါးမစားဘဲ လက်ဖက်ဝိုင်းတွင်သာ နေရာယူလေသည်။ စားသောက်ပြီးသည့်အခါ ရွာဦးကျောင်းဆရာတော်က ဦးဆောင်ကာ သီလပေးချီးမြှင့်လေသည်။ ဥပုသ်နေ့မို့ ဘိုးသက်ရှည်ကဲ့သို့ လူကြီးများက ရှစ်ပါးသီလစောင့်ကြသည်။ ကိုညိုကြီးလည်း ရှစ်ပါးသီလယူလိုက်သည်။ ရွာဦးကျောင်းဆရာတော်၏ နံဘေးတွင်တော့ ရွာဦးကျောင်းဆရာတော်၏ ဆရာဖြစ်သူ ဆရာတော်ကြီးတစ်ပါးကိုလည်းတွေ့ရသည်။ ဆရာတော်ကြီးမှာ သက်တော်ရှစ်ဆယ်ခန့်ရှိနေပြီဖြစ်ကာ အမရပူရတွင် ကျောင်းထိုင်သီတင်းသုံးသူဖြစ်သည်။ ရွာဥိးကျောင်းဆရာတော်မှာ ငယ်စဉ်က ထိုဆရာတော်ကြီးထံတွင် စာပေကျမ်းဂန်များကို သင်ယူခဲ့ရသည်ဟုဆိုသည်။ ယခု ဆရာတော်၏ မွေးနေ့အလှူတွင် ဆရာဖြစ်သည့် ဆရာတော်ကြီးအားပင့်ဖိတ်ကာ လှူဖွယ်ပစ္စည်းများကို လှူဒါန်းမည်ဖြစ်သည်။

သီလပေးနေရင်း ထိုဆရာတော်ကြီးမှာ ဘိုးသက်ရှည်ကို ခဏခဏစိုက်ကြည့်နေသည်ကို ဘိုးသက်ရှည်နံဘေးတွင်ထိုင်နေသည့် ကိုညိုကြီးကသတိထားမိသည်။ ဆရာတော်ကြီးမှာ မျက်မှန်ချွတ်လိုက်၊ တပ်လိုက်လုပ်ကာ ဘိုးသက်ရှည်အား အတော်ကြာကြာစူးစိုက်ကြည့်နေသည်ကိုတွေ့ရသည်။ သီလပေး တရားနာပြီးသောအခါ အချို့လူကြီးများမှာ ဘုန်းကြီးကျောင်းမှ ပြန်သွားကြလေသည်။ ထိုအခါ ဆရာတော်ကြီးမှာ ရွာဦးကျောင်းဆရာတော်အနီးသို့ တီးတိုးကပ်ပြောလေသည်။

“ဘိုးသက်ရှည်၊ ဆရာတော်ကြီးက စကားပြောချင်လို့ လာခဲ့ပါအုံးတဲ့”

ဘိုးသက်ရှည်လည်း ဆရာတော်ကြီးအရှေ့သို့ လက်အုပ်ချီကာလှမ်းသွားလိုက်သည်။ ကိုညိုကြီးတို့မှာ ဘိုးသက်ရှည်နှင့်အတူ လိုက်လံသွားကြသည်။ ဆရာတော်ကြီးက ဘိုးသက်ရှည်မျက်နှာအား အသေအချာကြည့်ရှုပြီးနောက် ပြုံးရယ်လေသည်။

“ဒကာကြီး၊ ဦးဇင်းကိုမမှတ်မိဘူးထင်တယ်”

ဘိုးသက်ရှည်လည်း ထိုဆရာတော်ကြီးကို သေသေချာချာမော့ကြည့်ရင်း ပုံဖမ်းနေပုံရသည်။ ထို့နောက် ခေါင်းခါလျှက်

“တပည့်တော် အရှင်ဘုရားကို တစ်ခါမှမမြင်ဖူးပါဘူးဘုရား”

“ဦးဇင်းက ရုပ်ရည်တွေပြောင်းလဲသွားတာဆိုတော့ ဒကာကြီးဘယ်မှတ်မိပါ့မလဲ၊ ဒါပေမယ့် ဦးဇင်းကတော့ ဒကာကြီးကိုမှတ်မိနေတယ်၊ ဒကာကြီးက ဦးဇင်းတို့ငယ်ငယ်တုန်းကနဲ့ ဘာမှမပြောင်းလဲသေးဘဲ တစ်ပုံစံတည်းပါလား၊ နေပါအုံး ဒကာကြီးနာမည် ဦးကျောက်လုံးမဟုတ်လား”

ဘိုးသက်ရှည်မှာ မျက်နှာတစ်ချက်ပျက်သွားကာ အင်းမလှုပ်၊ အဲမလှုပ်ဖြစ်နေလေတော့သည်။ ဆရာတော်ကြီးက ခေါင်းညိတ်ပြီး

“လောကမှာ ထူးဆန်းတဲ့အဖြစ်တွေအများကြီးရှိတယ်ဆိုတာ ဦးဇင်းသိပါတယ်ဒကာကြီး၊ ဦးဇင်းက အသက်တွေကြီးသွားပေမယ့် ဒကာကြီးက ဦးဇင်းငါးနှစ်သားအရွယ်လောက်ကတည်းက ပုံစံအတိုင်းဖြစ်နေတယ်ဆိုတာ ထူးဆန်းတာပဲဒကာကြီး၊ ဒါဘာလို့ဖြစ်ရတာလဲဆိုတာကို ဦးဇင်းသိချင်တယ်၊ ဒကာကြီးပြောပြနိုင်မလား”

ဘိုးသက်ရှည် ခေါင်းကိုငုံ့ထားလေသည်။

“လိမ်ဖို့မကြိုးစားပါနဲ့ ဒကာကြီးရယ်၊ ဒကာကြီးက အခုဥပုသ်သီလ ယူထားတယ်မဟုတ်လား၊ သီလယူထားပြီးတော့ မုသာဝါဒဆိုတဲ့ကံကို မဖောက်ဖျက်ချင်ပါနဲ့ဒကာကြီး၊ ဒကာကြီးစောင့်ထိန်းတဲ့ သီလကို ရိုသေလေးစားစမ်းပါ”

ထိုတော့မှ ဘိုးသက်ရှည်က ခေါင်းမော့လာကာ

“တင့်ပါဘုရား၊ တပည့်တော်ရဲ့ ထူးဆန်းတဲ့အဖြစ်အပျက်ကို တစ်လုံးတစ်ပါဒမှ မချွင်းမချန်ဘဲ အရှင်ဘုရားတို့ကိုပြောပြပါ့မယ်၊ ဒါပေမယ့် ဒီစကားတွေက တပည့်တော်လိမ်ညာပြောဆိုနေတာမဟုတ်ဘူးဆိုတာကိုတော့ အရှင်ဘုရားတို့ သိစေချင်ပါတယ်”

သို့နှင့် ဘိုးသက်ရှည်မှာ သူ၏ငယ်ဘဝအဖြစ်အပျက်များကို ပြန်ပြောင်းပြောပြလေတော့သည်။

(၃)

မြန်မာသက္ကရာဇ် ၁၁၈၇ခုနှစ်ခန့် ဘကြီးတော်မင်းကြီးအုပ်ချုပ်နေသည့်ကာလဖြစ်ပြီး ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ ပြီးဆုံးခါစအချိန်ဖြစ်နေလေသည်။ ဧရာဝတီမြစ်တစ်ဖက်ကမ်း ပခုက္ကူနယ်ရှိ ရေချောင်းရွာကလေးတွင် ငခဲဆိုသည့် လူတစ်ဦးနေထိုင်သည်။ ငခဲမှာ အသက်ခြောက်ဆယ်ကျော်အရွယ်ရှိပြီဖြစ်သည်၊ ငခဲထံတွင် ယခင်က သားနှစ်ဦးနှင့် မယ်မြဟုခေါ်သည့် ဇနီးမယားတစ်ဦးရှိသော်လည်း သားနှစ်ဦးအနက်တစ်ဦးမှာ စစ်ပွဲအတွင်းသေဆုံးသွားခဲ့ကာ ကျန်တစ်ဦးမှာလည်း ပန်းနာရင်ကြပ်ရောဂါဖြင့် သေဆုံးသွားပြန်သည်။ ဇနီးဖြစ်သူ မယ်မြမှာလည်း သားစိတ်ဖြင့်ပင် အပြင်းဖျားကာသေဆုံးသွားသဖြင့် ငခဲတစ်ယောက်သာ ကျန်ရစ်လေတော့သည်။

ငခဲမှာ မီးသွေးဖုတ်သည့်လုပ်ငန်းနှင့်အသက်မွှေးဝမ်းကြောင်းပြုနေသူဖြစ်ရာ တောတောင်ထူထပ်သည့်နေရာများသို့ သွားလာကာ မီးသွေးဖုတ်ရလေသည်။ ဖုတ်ပြီးသောမီးသွေးများကို လှေဖြင့်သယ်ကာ အခြားမြို့ရွာများတွင် လိုက်လံရောင်းချရလေသည်။ ယခုလည်း ငခဲတစ်ယောက် မီးသွေးဖုတ်ရန်အတွက် ရေချောင်းရွာအရှေ့ဘက်ရှိ တောတန်းကလေးဆီသို့လာခဲ့သည်။ ထိုနေရာတွင် သဘာဝသစ်တောထူထပ်သည်ဖြစ်ရာ မီးသွေးဖုတ်ရန်အသင့်တော်ဆုံးဖြစ်သည်။ ငခဲတစ်ယောက် တောထဲမှ လက်မောင်းလုံး၊ ပေါင်လုံးခန့်ရှိသည့် သစ်ပင်များကိုခုတ်ထစ်ကာ မြေကြီးတွင်တူးထားသည့် မီးသွေးဖိုကြီးထဲသို့ စီထည့်ရသည်။ ထို့နောက် မီးသွေးဖုတ်ပြီး ရရှိသည့်မီးသွေးများကို သယ်ယူရလေသည်။

ထိုနေ့တွင်လည်း မီးသွေးဖုတ်ရန်အတွက် သစ်ခုတ်ကာ မီးသွေးဖိုဆီသို့ သယ်ဆောင်နေသည့်အချိန်တွင် အနောက်ကွယ်မှ ခေါ်သံကြားသဖြင့် လန့်သွားမိသည်။

“ဒကာကြီး၊ ဒကာကြီး”

ငခဲလှည့်ကြည့်လိုက်သည့်အခါ ဖန်ရည်ဆိုးထားသည့် သင်္ကန်းကိုဝတ်ဆင်ထားသည့် ဦးဇင်းတစ်ပါးဖြစ်နေသည်ကိုတွေ့ရသည်။ ဦးဇင်းမှာ အသက်နှစ်ဆယ်ခန့်သာရှိမည်ဖြစ်ပြီး အသားအရေဝါဝင်းကာ စိုပြေနေလေသည်။ ဦးဇင်း၏ လက်တစ်ဖက်တွင် ကြက်ဖတစ်ကောင်အား ပွေ့ချီလားသေးသည်။ ငခဲတစ်ယောက် လူသူမနီးသည့် တောကြီးအတွင်း ဦးဇင်းတစ်ပါးကိုတွေ့လိုက်ရသည့်အတွက် အလွန်ထိတ်လန့်သွားသည်။

“ဘာမှမကြောက်ပါနဲ့ ဒကာကြီး၊ ဦးဇင်းက ဒကာကြီးဆီက ချေးငှားဖို့လာခဲ့တာပါ”

ငခဲလည်း လက်အုပ်ချီလျက်

“တင်ပါ့ဘုရား၊ တပည့်တော်က ဆင်းရဲပါတယ်ဘုရား၊ အရှင်ဘုရားချေးငှားတဲ့အရာက တပည့်တော်မှာရှိတယ်ဆိုရင် တပည့်တော်ချေးငှားပေးဖို့ အသင့်ပါပဲဘုရား”

ဦးဇင်းက ငခဲမီးသွေးဖုတ်သည့် မီးသွေးဖိုကြိးအားလက်ညှိုးထိုးပြပြီး

“တခြားတော့မဟုတ်ပါဘူးဒကာကြီး၊ ဦးဇင်းငှားချင်တာ ဒကာကြီးရဲ့ မီးသွေးဖိုကြီးပါ”

ငခဲတစ်ယောက်စိတ်ပျက်သွားလေသည်။

“အရှင်ဘုရားနှယ်၊ အရှင်ဘုရားက တပည့်တော်ဆီက မီးသွေးဖိုငှားပြီး မီးသွေးဖုတ်မှတော့ တပည့်တောက ်ဘာသွားလုပ်စားရမှာလဲဘုရား”

ဦးဇင်းကရယ်လျှက်

“မီးသွေးဖုတ်မလို့မဟုတ်ပါဘူးဒကာကြီးရယ်၊ ဦးဇင်းကို အဲဒီဖိုကြီး တစ်ညလောက်ပဲငှားစမ်းပါ၊ ဒကာကြီးအကျိုးအမြတ်မနည်းစေရပါဘူး”

တစ်ညဆိုသဖြင့် ငခဲလည်းခေါင်းညိတ်လိုက်တော့သည်။ စိတ်ထဲတွင်တော့ ဦးဇင်းတစ်ပါးက မီးသွေးဖိုငှားပြီး ဘာလုပ်မလဲဆိုတာကို အလွန်သိချင်နေမိသည်။ ငခဲလက်ခံလိုက်သည့်အခါ ဦးဇင်းက သူပိုက်ထားသည့် ကြက်ကို ငခဲအားထိုးပေးလိုက်ပြီးနောက် မီးသွေးဖိုကြီးအတွင်းသို့ ဆင်းသွားလေသည်။ ငခဲလည်း ကြက်ပိုက်ကာ ဖိုအတွင်းခုန်ဆင်းလိုက်လာခဲ့သည်။

“ဒကာကြီးစိတ်ထဲ ဒွိဟဖြစ်နေမှာကို ဦးဇင်းသိပါတယ်၊ ဒကာကြီးနားလည်အောင်ပြောရမယ်ဆိုရင် ဦးဇင်းက အထက်ဝိဇ္ဇာလမ်းတွေကို လေ့လာလိုက်စားနေတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ၊ အခုတော့ ဦးဇင်းထုံကူးဖို့ အချိန်ကျရောက်လာတာမို့ ဒကာကြီးရဲ့ဖိုကို လိုချင်တာပဲကွဲ့”

“တင်ပါ့ဘုရား၊ တပည့်တော်ဘာများလုပ်ပေးရပါမလဲဘုရား”

ဦးဇင်းက ဆေးလုံးသုံးလုံးထုတ်ပေးပြီးသည့်အခါ

“ဦးဇင်းကို ဖိုကြီးထဲထည့်ပြီး ထင်းတွေစီပြီးတော့ မီးသွေးဖုတ်သလိုဖုတ်ရမယ်ဒကာကြီး၊ ဟောဒီကြက်ကတော့ အချိန်ကိုပြပေးဖို့ပါပဲ၊ ညဦးကြက်တွန်ပြီဆိုတာနဲ့ ဟောဒီဆေးလုံးတစ်လုံးကို ဖိုထဲကိုထည့်ပေးရမယ်၊ သန်းခေါင်ကြက်တွန်ချိန်မှာ နောက်ဆေးလုံးတစ်လုံးကိုထည့်၊ နောက်ဆုံးတော့ မနက်ကြက်ဦးတွန်တဲ့အချိန်မှာ ဆေးလုံးနောက်တစ်လုံးကို ထည့်ပေးဖို့ပါပဲ”

“ဒါပဲလားအရှင်ဘုရား”

ဦးဇင်းက ခေါင်းညိတ်လေသည်။

“အားလုံးပြီးသွားတာနဲ့ ဒကာကြီးကို ဦးဇင်းက တန်ရာတန်ကြေးပြန်ပေးပါ့မယ်ဒကာကြီး”

ထိုသို့ပြောဆိုကာ ဦးဇင်းမှာ မီးသွေးဖိုအတွင်းထိုင်ချလိုက်လေသည်။ ငခဲလည်း ကြက်ကိုချလိုက်ကာ ထင်းတုံးများကို ဦးဇင်းနံဘေးတွင်စီစီရီရီထည့်လိုက်ကာ မီးသွေးဖိုကိုအုပ်ကာ မီးသွေးဖုတ်တော့သည်။ စိတ်ထဲမှာလည်း အလွန်လှုပ်ရှားနေမိသည်။ ဦးဇင်းတစ်ယောက် မီးသွေးဖိုကြီးအတွင်း ပြာဖြစ်သွားပြီလားဆိုတာ သိချင်သော်လည်း ဦးဇင်းက မှာခဲ့သည်မို့ မလှုပ်ရှားရဲပေ။

ဦးဇင်းပေးခဲ့သည့်် ကြက်နီကလေးမှာလည်း အလွန်လိမ်မာလေသည်။ မြေတွင်ချထားသည့်အခါမှာပင် မပြေးဘဲ ရပ်မြဲရပ်နေလေသည်။ ညနေပိုင်းတွင် ဖိုကိုပိတ်ကာ မီးသင်းခဲ့ပြီး ညည့်နက်သည့်အခါ ညဦးကြက်တွန်တော့သည်။ ထိုအခါ ဖိုအထက်တွင်ရှိသည့် မီးခိုးထွက်သည့်အပေါက်ကလေးမှ ဆေးလုံးတစ်လုံးအားပစ်ထည့်လိုက်လေသည်။ ရှဲခနဲအသံနှင့်အတူ အစိမ်းရောင်မီးခိုးများမှာ ကောင်းကင်ထက်သို့ ပျံတက်သွားကြသည်။

ငခဲတစ်ယောက် ဆက်လက်စောင့်နေရင်း အိပ်ပျော်သွားမိသည်။ နားထဲကြက်တွန်သည့်အသံကြားမှ ကမန်းကတမ်းထလိုက်ရာ သန်းခေါင်ကြက်တွန်သံဖြစ်နေလေသည်။ ငခဲတစ်ယောက် ယခင်ကအတိုင်း ဆေးလုံးတစ်လုံးအား ဖိုအတွင်းသို့ထည့်လိုက်ရာ အပြာရောင်မီးခိုးလုံးများ ပျံတက်သွားပြန်သည်။

ငခဲဆက်မအိပ်တော့ဘဲ စောင့်နေလေရာ ကြက်ဦးတွန်သည့်အချိန်တွင်တော့ နောက်ဆုံးကျန်သည့် ဆေးလုံးအားပစ်ထည့်လိုက်လေသည်။ ထိုအခါ ရွှေရောင်အဝါရောင်များ ဝင်းလက်သွားပြီးနောက် ငလျင်လှုပ်သကဲ့သို့တုန်လှုပ်သွားသည်။ ဆေးလုံးများကုန်သွားသည့်အခါ ငခဲလည်း ဖိုကိုမဖွင့်သေးဘဲ ဆက်လက်စောင့်ကြည့်နေမိသည်။ လင်းကြက်တွန်သည့်အခါ မီးသွေးဖိုမှာ သူ့အလိုလိုပြိုကျသွားပြီးနောက် အထဲမှဦးဇင်းမှာ မိုးပေါ်ပျံတက်လာသည်ကိုတွေ့လိုက်ရသည်။

“ဒကာကြီးကို ဦးဇင်းကျေးဇူးတင်ပါတယ်ဒကာကြီး၊ ဒကာကြီး လိုရာဆုတစ်ခုကိုသာတောင်းပါ”

ငခဲအတန်ကြာအောင်စဉ်းစားနေမိသည်။ ဦးဇင်းက စိတ်မရှည်တော့သည့်ဟန်ဖြင့်

“ဒကာကြီး တောင်းစရာရှိတဲ့ဆုကိုသာတောင်း၊ ဦးဇင်း မိုးမလင်းခင် ကြွရတော့မယ်”

ငခဲလည်း ခေါင်းထဲအကြံတစ်ခုပေါ်လာခဲ့သည်။ ထိုသည်ကတော့ အသက်ရှည်ဖို့၊ အနာကင်းဖို့ဖြစ်သည်။ မိမိတွင် သားနှစ်ယောက်ရှိသော်လည်း တစ်ဦးမှ အသက်မရှည်ပေ၊ သားငယ်မှာလည်း အနာရောဂါမကင်းသဖြင့် မွေးကတည်းက ချူချာကာ သက်ဆိုးမရှည်ခဲ့သည့်အတွက် ငခဲခေါင်းထဲ အသက်ရှည်ပြီး ကျန်းမာဖို့ကသာ အရေးအကြီးဆုံးဖြစ်ကြောင်းတွေးမိလိုက်သည်။

“တင်ပါ့၊ တပည့်တော် ကျန်းကျန်းမာမာနဲ့ အသက်အရှည်ကြီးနေချင်ပါတယ်”

ဦးဇင်းကပြုံးလျှက်

“ရော၊ ဒီဆေးလုံးလေးတွေကို တစ်ခါတည်းမြိုသာချလိုက်”

ဦးဇင်းလှမ်းပေးသည့်ဆေးလုံးကလေးကို ငခဲကလက်ဝါးဖြင့်ခံယူလိုက်သည်။ ဆေးလုံးကလေးများမှာ အနီရောင်၊ အဝါရောင်၊ အစိမ်းရောင် အရောင်စုံရှိသည့်် ဆေးလုံးခုနစ်လုံးဖြစ်ပြီး ဆေးလုံးတစ်လုံးလျှင် ရွေးစေ့ခန့်သာအရွယ်အစားရှိသည်။ ငခဲလည်း စဉ်းစားမနေတော့ဘဲ ထိုဆေးလုံးကလေးများကို ပါးစပ်အတွင်းသို့ပက်ထည့်ကာ မြိုချလိုက်သည်။

“မှတ်ထားဒကာကြီး၊ သူတစ်ပါးရဲ့အသားကို မစားသရွှေ့ ဒီဆေးရဲ့အာနိသင်ကြောင့် ဒကာကြီးနုပျိုအရွယ်တင်ပြီး ရောဂါကင်းနေလိမ့်မယ်၊ သူတစ်ပါးအသားကို တစ်ရက်စားရင် ဒကာကြီးတစ်ရက်ပိုပြီးအိုလာလိမ့်မယ်”

ထိုသို့ပြောပြီး ဦးဇင်းမှာ ကောင်းကင်ပေါ်သို့ပျံတက်သွားလေသည်။ သို့သော် ငခဲမှာအစိပိုင်းတွင် ဦးဇင်းပြောသည်ကို အယုံအကြည်မရှိဘဲ ငါးများ၊ ပုစွန်များကို ဖမ်းဆီးကာစားသောက်ခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင်တော့ ဦးဇင်းပြောသည့်အတိုင်း အသီးအရွက်များသာ စားသုံးသည့်အခါ ပိုမိုအိုမင်းမသွားဘဲ ယခင်ပုံစံအတိုင်းရှိနေသည်ကိုတွေ့ရလေသည်။

နှစ်ကာလများစွာကြာပြီး ရပ်ရွာအတွင်းမှ လူများသေဆုံးသွားကြသော်လည်း ငခဲမှာ ဆက်လက်မအိုမင်းတော့ပေ၊ ထို့ကြောင့် ရွာသားများက ငခဲအား စုန်းတစ်ယောက်ဟုစွပ်စွဲကာ မောင်းထုတ်ကြသည်။ သို့နှင့်ငခဲလည်း ရွာမှထွက်လာကာ အခြားဒေသများတွင် ဇာတ်မြှုပ်ကာနေထိုင်ရတော့သည်။ အမရပူရသို့ရောက်သည့်အခါ ငခဲဆိုသည့်နာမည်ကိုပြောင်းလိုက်ကာ ဦးကျောက်လုံးဆိုသည့် နာမည်အသစ်ကိုမှည့်လိုက်ခြင်းဖြစ်သည်။

ဘိုးသက်ရှည်ပြောသည်များကို နားထောင်နေရင်း ရွာသားများမှာ အံ့သြဘနန်းဖြစ်ရသည်။ ဆရာတော်ကြီးက ခေါင်းညိတ်လျှက်

“ထူးဆန်းပါပေါ့ ဒကာကြီးရာ၊ ဒါကြောင့် ဒကာကြီးနဲ့ဦးဇင်းနဲ့ ငယ်ငယ်က အမရပူရမှာတွေ့ခဲ့ကြပေမယ့် ဦးဇင်းသာ အိုမင်းသွားတယ် ဒကာကြီးကတော့ ဦးဇင်းငယ်ငယ်က တွေ့ခဲ့ဖူးတဲ့အတိုင်း ရှိနေသေးတာကိုး”

ပြောဆိုပြီးသောအခါ ဘိုးသက်ရှည်မှာ ကျောင်းအပေါ်မှဆင်းသွားလေသည်။ ကိုညိုကြီးလည်း ဘိုးသက်ရှည်အား လှည်းဖြင့်ပြန်လည်လိုက်ပို့ပေးလိုက်လေသည်။ လမ်းတစ်လျှောက်တွင် ဘိုးသက်ရှည်က ငူငူငိုင်ငိုင်ကြီးထိုင်ကာ လိုက်ပါခဲ့သဖြင့် ကိုညိုကြီးက စကားမပြောဖြစ်တော့ပေ။ ဘိုးသက်ရှည်၏ ခြံကလေးဆီသို့ရောက်သည့်အခါမှ ဘိုးသက်ရှည်က ကျန်နေရစ်ခဲ့တော့သည်။

ဘိုးသက်ရှည်အကြောင်းမှာ ရွာတွင်ဟိုးလေးတကျော်ဖြစ်သွားသည်။ သို့သော် နောက်တစ်နေ့မနက်ရောက်သောအခါ ဘိုးသက်ရှည်၏ အိမ်ကလေးမှာတိတ်ဆိတ်နေတော့သည်။ နှစ်ပေါင်းလေးဆယ်ခန့် ရွာတွင်နေထိုင်ခဲ့သည့် ဘိုးသက်ရှည်မှာ သူ၏ လှို့ဝှက်ချက်များ ပေါက်ကြားသွားသောကြောင့် ရွာမှထွက်ခွာသွားပြီဖြစ်သည်။ ကိုညိုကြီးတို့လည်း အနီးအပါးတွင် ဘိုးသက်ရှည်အကြောင်း လိုက်လံစုံစမ်းသော်လည်း မည်သည့်သတင်းအစအနမှ မရတော့ပေ။

သို့သော် ကင်းရွာတစ်ဝိုက်တွင်တော့ ဘိုးသက်ရှည်အကြောင်းမှာ ယုံတမ်းပုံပြင်တစ်ပုဒ်သဖွယ် ပြောဆိုနေကြဆဲဖြစ်သည်။ ယုံသည့်သူများလည်းရှိသလို မယုံသူများလည်းပေါများလေသည်။ အကယ်၍သာ ဘိုးသက်ရှည်အမှန်တကယ်ရှိခဲ့ပါမူ မြန်မာပြည်တစ်နေရာ ဝေးလံခေါင်သီသည့် ရွာငယ်ကလေးများတွင် ဇာတ်မြှုပ်နေထိုင်သည့်ဘိုးသက်ရှည်တစ်ဖြစ်လဲ ဦးကျောက်လုံးအား တွေ့နိုင်မြင်နိုင်ဦးမည်ဖြစ်ပါတော့သည်။

ပြီးပါပြီ။