ပေါ် တက်ကြတယ်၊ မာလကာသီးလေးတွေက အပင်ထိပ်မှာရှိတော့ စားရမလားဆိုပြီး တက်ခူးကြတာပေါ့ဗျာ၊ မာလကာပင်က ပေနှစ်ဆယ်နီးပါးမြင့်တာပေါ့ဗျာ၊ ကျုပ်တို့တက်နေတာကို ပေါက်တူးထမ်းပြီးတော့ လမ်းလျှောက်လာတဲ့ ဦးဘသာကြီးက တွေ့သွားတာပေါ့။
“ဟေ့ကောင်လေးတွေ ဘာလို့သစ်ပင်ပေါ်တက်နေတာလဲကွ”
“မာလကာသီးလေးတွေ သီးနေလို့ တက်ခူးတာပါ ဦးဘသာကြီးရဲ့”
“မင်းတို့မာလကာသီးလေးတွေက အကျစ်လေးတွေပါကွာ၊ မပွသေးပါဘူးကွ၊ တက်မနေပါနဲ့”
“ကျစ်လည်း ကျစ်ကျစ်ဗျာ၊ စားမရရင်လည်း ဝါးပြီးထွေးထုတ်မယ်”
ကျုပ်တို့ကလည်း အလျှော့မပေးဘဲနဲ့ ဆက်ပြီးတက်နေတာပေါ့၊ အဲဒီအချိန်မှာ ဦးဘသာကြီးက မာလကာပင်ပေါ်ကိုလက်ညှိုးထိုးလိုက်ပြီးတော့
“ကဲ၊ မင်းတို့အသီးအကျစ်လေးတွေ ပွသွားအောင်လို့ ငါလုပ်ပေးမယ်ဟေ့”
လို့ပြောပြီးတော့ ဘာတွေလဲတော့မသိဘူး ရွတ်လိုက်တာ ကျုပ်တို့မျက်စိရှေ့မှာတင်ပဲ မာလကာသီးတွေက တဖြည်းဖြည်းကြီးလာပြီးတော့ အရောင်ကလည်း ဝင်းလာတာဗျာ၊ ကျုပ်တို့ဖြင့် အံ့သြလို့မဆုံးဘူး၊ ကျုပ်တို့လည်း အပင်ပေါ်ခပ်မြန်မြန်တက်ပြီး မာလကာသီးတွေခူးတာပေါ့ဗျာ၊ ခြောက်လုံးလောက်ရလိုက်တယ်၊ ထွားထွားပွပွကြီးတွေဗျ၊ ဦးဘသာကြီးက ကျုပ်တို့ကိုကြည့်ပြီး ပြုံးပြုံးနဲ့လမ်းဆက်လျှောက်သွားပါရော၊ ကျုပ်တို့လဲ မာလကာသီးတွေကို စားလိုက်ကျတာပေါ့ဗျာ၊ အဲဒီတုန်းကတော့ ကလေးဆိုတော့ မကြောက်ဘူးပေါ့၊ အပင်းထည့်မလား၊ ဆေးထည့်မလားလဲမသိ၊ စုန်းပညာနဲ့ပွအောင်လုပ်ထားလည်း စားလိုက်တာပဲဗျာ၊ အခုဆိုရင်တော့ ဘယ်စားတော့ပါ့မလဲဗျနော်။
(၃)
နောက်တော့ မိုးကုန်လို့ ဆောင်းကူးလာပြီဆိုရင် ကျုပ်တို့ကလေးတွေ စွန်လွှတ်ကျတဲ့အချိန်ပေါ့ဗျာ၊ ဆီစိမ်စက္ကူစွန်လေးတွေကို ဝယ်ပြီး အပ်ချည်လုံးနဲ့လွှတ်ကြရတာပေါ့၊ ဒါပေမယ့် အဲဒီဆီစိမ်စွန်က အဲဒီခေတ်တုန်းက အရမ်းရှားတာဗျ၊ မြိုင်သာမြို့ကိုတက်ပြီး ဝယ်မှရတာလေ၊ မြို့ကိုလည်း ရွာကလူကြုံရှိမှ စွန်မှာလို့ရတာ၊ လူကြုံမှာရင်တောင် လူတိုင်းက ဝယ်ပေးတာမဟုတ်ဘူးရယ်။
တစ်ခါတော့ အဖေက မြို့နယ်အစည်းအဝေးဆိုပြီး မြို့တက်ရပါလေရော၊ ကျုပ်တို့လည်းလိုက်ချင်တာပေါ့၊ ဒါပေမယ့် ကလေးတွေမလိုက်ရဘူးဆိုတော့ အမေ့ကို စွန်တွေပူဆာလိုက်တာပေါ့။ အမေတို့ပြန်လာတော့ စွန်ဆယ်ကောင်လောက်ပါလာတာပေါ့ဗျာ၊ ကျုပ်တို့ကလေးတွေဆိုတာ လုလိုက်ရတာ၊ လူတွေကများပြီး စွန်ကနည်းနေတာကိုး၊ နောက်တော့ အပ်ချည်လုံးနဲ့ စွန်လွှတ်ကြတယ်လေ၊ စွန်လွတ်ဖို့ကလည်း လေကောင်းတဲ့ တလင်းကြီးထဲသွားလွှတ်ကြတာ။
ရွာမှာ ကျုပ်ညီဝမ်းကွဲတစ်ယောက်ရှိတယ်၊ သူ့နာမည်က ငစွေတဲ့၊ မျက်စိစွေနေလို့ အဲဒီလိုခေါ်ကြတာ၊ ငစွေက စွန်လွတ်ချင်တယ်ဆိုတာနဲ့ သူနဲ့ကျုပ် တစ်ယောက်တစ်လှည့် စွန်လွှတ်ကြတာပေါ့။ အဲဒီတလင်းမှာ သူနဲ့ကျွန်တော်နဲ့ နှစ်ယောက်ထဲပဲ ရှိတယ်။ လေကလဲကောင်းတာဆိုတော့ စွန်က မိုးပေါ်ကိုထောင်နေအောင်တက်သွားတာပေါ့၊ ငစွေစွန်လွှတ်နေတော့ ကျုပ်ကလည်း သစ်ပင်ရိပ်ကနေထိုင်ကြည့်နေတာ၊ နောက်တော့ ကျုပ်အလှည့်ရောက်ပြီဆိုပြီး ငစွေဆီကနေ အပ်ချည်လုံးသွားတောင်းတာပေါ့၊ ငစွေကလည်း ပြန်မပေးဘူးလေ၊ ဒါနဲ့ လုကြရင်း အပ်ချည်ကြိုးပြတ်ထွက်သွားပါရောဗျာ၊ ကြိုးမဲ့စွန်ဆိုတာ သိတယ်မဟုတ်လား လေယူရာလွင့်ပါသွားတာပေါ့။ ကျုပ်လည်း ကျုပ်စွန်လေးကို နှမြောတာပေါ့ဗျာ၊ ထပ်ရဖို့လည်းသိပ်မလွယ်ဘူးလေ၊ ဒါနဲ့ ငစွေနဲ့ကျုပ်နဲ့ တလင်းထဲမှာ ထိုးကြပါရော။
တလင်းဘေးက လယ်က ဦးဘသာကြီးရဲ့လယ်ဗျ၊ စပါးတွေသီးပြီး အနံအောင်လိုက်တာ ထောင်နေတဲ့စပါးတစ်ပင်မှမရှိဘူးဗျို့၊ ကွင်းစပ်မှာအလုပ်လုပ်နေတဲ့ ဦးဘသာကြီးပြေးလာပြီးတော့ ကျုပ်တို့ကိုဖြန်ဖြေတာပေါ့၊ ကျုပ်ကလည်း စွန်ပါသွားလို့ဆိုပြီးတော့ ငိုနေမိတယ်၊ ဦးဘသာက ခပ်ပြုံးပြုံးနဲ့
“မပူနဲ့ကောင်လေး၊ မင်းစွန်ကို ငါပြန်ခေါ်ပေးမယ်”
“ဘယ်လိုခေါ်ပေးမှာလဲဗျ၊ ကြိုးပြတ်ပြီးလွင့်သွားတာကို”
ဦးဘသာက ဘာမှမပြောဘဲ လေထဲလွင့်နေတဲ့ စွန်ကလေးကို လက်ညှိုးထိုးလိုက်တယ်၊ စွန်က အတော်ဝေးဝေးကိုရောက်နေပြီဗျ။ ပြာလဲ့နေတဲ့ ကောင်းကင်ပေါ်မှာ ခပ်ရေးရေးပဲမြင်ရတော့တာ၊ ဒါပေမယ့် ဦးဘသာလက်ညှိုးထိုးတဲ့နောက်ကို စွန်ကလေးက လိုက်နေတယ်ဗျာ၊ ထူးဆန်းလိုက်တာတော့ ပြောမနေနဲ့၊ ကြိုးပြတ်ပြီးအထိန်းအကွပ်မဲ့နေတဲ့စွန်လေးက ဦးဘသာကြီး ဘက်ဘက်ကိုလက်ညှိုးထိုးလိုက်ရင် ဘယ်ဘက်ကိုပျံသွားတယ်၊ ညာဘက်ကိုလက်ညှိုးထိုးလိုက်ရင် ညာဘက်ကိုလိုက်ပျံသွားတာ၊ နောက်တော့ တဖြည်းဖြည်းအောက်ကိုကျလာပြီးတော့ ငှက်တစ်ကောင်လိုပဲ ကွင်းထဲကိုဖြတ်ပျံလာတယ်၊ ပြီးတော့ ကျုပ်တို့ခြေထောက်ရှေ့ကို ဖုတ်ခနဲပြုတ်ကျသွားတာဗျာ၊ ကျုပ်တို့ဖြင့် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဘူး။
“ကဲ ကောင်လေးတွေ ရန်ဖြစ်မနေကျနဲ့တော့၊ နောက်တစ်ခါဆိုရင် မင်းအဖေကို ငါသွားတိုင်လိုက်မယ်”
အဖေက ကျုပ်တို့ဆွေမျိုးအချင်းချင်းရန်ဖြစ်တာ လုံးဝမကြိုက်ဘူးဗျ၊ အထူးသဖြင့် ကလေးတွေကိုပေါ့၊ ကျုပ်တို့လည်း စွန်ပြန်ရပြီဆိုတော့ ဆက်မလွှတ်ဘဲ ပြန်လာကြတာပေါ့ဗျာ။
(၄)
ပြောချင်ရာပြောနေတာနဲ့ ခုမှလိုရင်းကိုသတိရတယ်။ ဖိုးတရုတ်ကိုလုပ်သွားတဲ့ မိအေးဆိုတဲ့ စုန်းမက ဒွေးချောင်းရွာမှာနေသတဲ့ဗျ။ ဒွေးချောင်းဆိုတာ ကျုပ်တို့နဲ့သိပ်ပြီးမဝေးတဲ့ ရွာတစ်ရွာပေါ့ဗျာ၊ ရွာရဲ့အရှေ့မှာ ချောင်းတစ်ခု၊ ရွာရဲ့အနောက်ဘက်မှာ ချောင်းတစ်ခု၊ စုစုပေါင်း ချောင်းနှစ်စင်းရှိတဲ့ရွာမို့လို့ ဒွေးချောင်းလို့ခေါ်တယ်လို့ ကျုပ်အဘိုးကပြောဖူးတယ်ဗျ၊ အဲဒီရွာက ရွာငယ်ကလေးပါ၊ တစ်ရွာလုံးက လယ်လုပ်၊ တံငါလုပ်တဲ့ ဆင်းရဲသားရွာကလေးပေါ့။ မိအေးက အသားစားချင်ပေမယ့် ရွာခံလူကို မလုပ်ချင်လို့ ကျုပ်တို့ဆီနယ်ကျော်ပြီး ဖိုးတရုတ်ကိုလာလုပ်တာနေမှာပေါ့ဗျာ။
ဦးဘသာက မိအေးကိုဆုံးမလွှတ်လိုက်တာကို မိအေးက ဘယ်ကျေနပ်နိုင်မှာလဲဗျာ၊ အဲဒါနဲ့ အငြိုးထားတယ်ထင်ပါတယ်။ အဲဒီအဖြစ်ဖြစ်ပြီးတော့ တစ်လလောက်ကြာတော့ မိန်းမနှစ်ယောက် ရွာထိပ်ကိုရောက်လာကြတယ်၊ တစ်ယောက်က အရပ်ခပ်ရှည်ရှည်ပိန်ပိန်ပါးပါး ခေါင်းပေါ်မှာ ခံတောင်းလေးတစ်တောင်းကိုရွက်ထားတယ်၊ နောက်တစ်ယောက်ကတော့ အရပ်ခပ်ပုပု၊ ခန္ဓာကိုယ်က ခပ်၀၀ဗျ။ သူတို့ကရွာထိပ်ရောက်တော့ ဘေးက ကွင်းပြင်ထဲမှာ နွားကျောင်းနေတဲ့ ဖိုးမောင်ဆိုတဲ့ ကောင်လေးကို လှမ်းအော်တယ်၊ ဖိုးမောင်က ကွင်းထဲမှာ နွားတွေလှန်ထားပြီးတော့ သစ်ပင်ရိပ်မှာ အိပ်နေတာလေ။
“ဟဲ့ကောင်လေး၊ နင်တို့ရွာမှာ ဦးသာစံဆိုတဲ့ လူကြီးရှိသလား”
“ဘယ်ကဦးသာစံလဲ၊ ကျုပ်မသိဘူး”
“ဦးဘသာလို့ခေါ်တဲ့လူကြီးလေ”
“သြော်၊ ဦးဘသာဆိုလည်း ဦးဘသာလို့ပြောရောပေါ့ဗျာ၊ ရှိတယ်”
“ဒါဆိုရင်လည်း အဲဒီလူကြီးကို သွားခေါ်ပေးစမ်းပါ”
ဖိုးမောင်ကလည်း အိပ်နေရာကနေ ထတောင်မထဘူးတဲ့ဗျ။
“မခေါ်ပေးနိုင်ဘူးဗျာ၊ တွေ့ချင်ရင် ရွာထဲက သူ့အိမ်လိုက်သွားပေါ့”
“ဟဲ့ကောင်လေး၊ သွားခေါ်ပေးလို့ ပြောနေတယ်လေ”
ဖိုးမောင်ကို အဲဒီမိန်းမနှစ်ယောက်ထဲက ပုပု၀၀မိန်းမက မျက်စောင်းထိုးပြီးကြည့်တယ်တဲ့ဗျ။ သူမျက်စောင်းထိုးတာခံလိုက်ရတဲ့အချိန်မှာ ဖိုးမောင်တစ်ယောက် ကြက်သီးတွေထပြီး တစ်မျိုးကြီးဖြစ်ပြီး ကြောက်လာတယ်တဲ့ဗျာ။ အဲဒီအခါမှာ ပုပု၀၀မိန်းမကို ဘေးနားက အရပ်ရှည်ရှည်နဲ့မိန်းမက လှမ်းတားတယ်တဲ့။
“ညီမလေးရေ၊ စိတ်ကိုလျော့ပါကွယ်”
ဒါပေမယ့် အဲဒီပုပု၀၀မိန်းမက စိတ်မလျော့တဲ့အပြင် ဖိုးမောင်ကိုလက်ညှိုးထိုးပြီးတော့ ပြောတယ်။
“ဟဲ့ကောင်လေး၊ နင်သွားခေါ်ပေးမလား၊ မခေါ်ပေးဘူးလား”
ဖိုးမောင်ကလည်း ခပ်ကပ်ကပ်ကောင်ဆိုတော့ မခေါ်ပေးဘူးလို့ ငြင်းလိုက်တာပေါ့ဗျာ၊ အဲဒီအချိန်မှာ အဲဒီမိန်းမက ဖိုးမောင်ကျောင်းနေတဲ့ နွားကြီးကိုလက်ညှိုးတစ်ချက်ထိုးလိုက်တာ နွားကြီးက ဘာဖြစ်သွားတယ်မသိဘူး ခွာတွေကိုယက်နေတာ ဖုန်တွေထနေရောတဲ့ဗျို့၊ ဖိုးမောင်လည်း နွားကြီးကိုထူးဆန်းပြီးကြည့်နေရင်း နွားကြီးက သူ့ဆီကို ချိုကော့ပြီးပြေးလာပါလေရော၊ အဲဒီနွားကြီးက ဖိုးမောင်အဖေရဲ့ခိုင်းနွားကြီးဗျ၊ အလွန်လူယဉ်တယ်၊ အလွန်လိမ်မာတဲ့ကောင်ကြီး၊ အခုတော့ သခင်ဖြစ်ပြီး အမြဲတမ်းကျောင်းနေတဲ့ ဖိုးမောင်ကိုတောင် လိုက်ဝှေ့ပါရော၊ ဖိုးမောင်မှာ ကြောက်ကြောက်နဲ့ထပြေးရတာပေါ့၊ အဲဒီတော့မှ ပုပု၀၀မိန်းမက ခါးထောက်ပြီး အော်ရယ်နေတော့တာတဲ့ဗျို့၊ နောက်တော့ အသံနက်ကြီးနဲ့အော်လိုက်သေးတယ်။
“အဲဒီဘသာဆိုတဲ့လူကြီးကိုပြောလိုက် ဒွေးချောင်းက မိအေးတို့ညီအမရောက်နေတယ်လို့ ပြောလိုက်စမ်းပါ၊ ဟား၊ ဟား”
အဲဒီအချိန် ဦးဘသာကြီးက သူ့အိမ်ရှေ့ကွပ်ပျစ်မှာထိုင်နေပြီး ကွမ်းစားဖို့ ကွမ်းယာနေတဲ့အချိန်ဗျ။ ရွာလယ်လမ်းအတိုင်း ဖုန်တစ်လုံးလုံးနဲ့ပြေးလာတဲ့ ဖိုးမောင်ကို ဦးဘသာကြီးကကြည့်လိုက်တယ်။ သူ့နောက်က နွားကြီးလိုက်လာတာကိုလည်း တွေ့လိုက်ရတယ်၊ မကြာပါဘူး ဖိုးမောင်က သူ့ခြံထဲကို အမောတကောနဲ့ပြေးဝင်လာတယ်၊ နွားကြီးကလည်း ဖိုးမောင်နောက်ကိုလိုက်နေတုန်းပဲဗျ၊ ဦးဘသာကြီးက နွားကြီးကို ဟိတ် ဆိုပြီးတစ်ချက်ဟောက်လိုက်တာနဲ့ နွားကြီးက ကြိုးနဲ့ဆွဲလိုက်သလို တုန့်ခနဲရပ်သွားပြီးတော့ ခြေလေးဖက်စလုံးထိုင်ကျသွားပြီး လျှာကြီးထွက်ပြီး မောနေတယ်တဲ့ဗျာ။ ဦးဘသာကြီးက တစ်ခုခုမူမမှန်တာသိလိုက်ပြီလေ၊ ဒါပေမယ့် ဖိုးမောင်က အမောဆို့နေလို့ စကားတောင်မပြောနိုင်ဘဲ အသက်ကိုမနည်းရှုနေရတယ်၊ နည်းနည်းကြာတော့မှ။
“ဦးဘသာကြီး၊ ဟို၊ ရွာထိပ်၊ ရွာထိပ်မှာ ဒွေးချောင်းက မိအေးတို့ ညီအမဆိုလား ရောက်နေတယ်တဲ့ဗျ၊ ကျွန်တော့်ကို သွားခေါ်ခိုင်းတာ ခေါ်မပေးလို့ဆိုပြီးတော့ နွားနဲ့လိုက်ဝှေ့ခိုင်းလိုက်တာပဲ”
ဦးဘသာကြီးက ဒေါသထောင်းခနဲထွက်သွားပြီးတော့ ကွပ်ပျစ်ကနေ ထထိုင်လိုက်တယ်ဗျ။ ဒေါသထွက်လွန်းလို့ နဖူးကြောကြီးတွေဆိုရင် တင်းနေတာပဲတဲ့ဗျ။
“သြော်မိအေး၊ မိအေး၊ နင်က နာချင်လို့ ဒီအထိလိုက်လာတာပေါ့လေ”
ဦးဘသာကြီးက တစ်ချက်ပြုံးလိုက်ပြီး ကွမ်းအစ်ကို ဖိုးမောင်ကိုလှမ်းပေးလိုက်တယ်။
“ဟေ့ကောင်ဖိုးမောင် ကွမ်းအစ်ပိုက်ပြီး ငါ့နောက်လိုက်ခဲ့ကွာ”
အဲဒီလိုပြောပြီးတော့ ထွက်လာခဲ့တယ်၊ ခြံပြင်ရောက်တော့ နွားကြီးက လျှာတွေပြာနေပြီး မျက်လုံးကြီးလည်းပြူးနေသတဲ့။ ဦးဘသာကြီးက နွားကြီးကိုတစ်ချက်ကြည့်လိုက်ပြီးတော့
“ဒီကောင်မ မင်းနွားကိုသေအောင်လုပ်လိုက်တာကွ၊ ငါ့ကွမ်းအစ်ထဲက ကွမ်းရွက်တစ်ရွက်နှိုက်ပေးစမ်း”
ဖိုးမောင်လည်း ကွမ်းအစ်ကိုဖွင့်ပြီး အောက်ဆုံးအံထဲမှာထည့်ထားတဲ့ ကွမ်းရွက်တစ်ရွက်ကိုနှိုက်ပေးလိုက်တာပေါ့၊ ဦးဘသာက အဲဒီကွမ်းရွက်ကို လက်ဖဝါးမှာကပ်ပြီး သူ့တံတွေးတစ်ချက်ထွေးချလိုက်တယ်၊ နောက်တော့ နွားကြီးရဲ့လျှာကို အဲဒီကွမ်းရွက်နဲ့ပွတ်ချလိုက်တယ်ဗျ။
“ကဲ၊ မင်းနွားကြီးကောင်းသွားလိမ့်မယ်၊ လာကွာ ငါတို့သွားစို့”
အရင်ခေတ်က ကွမ်းကြိုက်တဲ့သူတွေက အခုခေတ်လို ကွမ်းကိုယာပြီးတော့ ထုတ်မသွားဘူးဗျ၊ ကွမ်းအစ်ကို တကူးတကအပင်အပန်းခံပြီးသယ်ကြတာ၊ စားခါနီးမှ စိတ်ကြိုက်ယာပြီး စားကြတဲ့ခေတ်ပေါ့၊ ဦးဘသာကြီးက အရှေ့ကနေ ခြေလှမ်းကျဲကြီးနဲ့သွား၊ ဖိုးမောင်ကလည်း ကွမ်းအစ်ပိုက်ပြီး အနောက်ကနေပြေးလိုက်သွားတာကိုမြင်တော့ ကျုပ်တို့လည်း သူတို့နောက်ကို လိုက်လာခဲ့ကြတယ်၊ ခုနက ဖိုးမောင်က ရွာလယ်လမ်းကြီးအတိုင်း အော်ဟစ်ပြီးပြေးသွားတာကို ကျုပ်တို့မြင်လိုက်ရတော့ ထူးဆန်းနေပြီဆိုတာ သိလိုက်တယ်လေ။
“စုန်းတွေ ပညာလာပြိုင်တာထင်တယ်”
အဖေက အဲဒီလိုကောက်ချက်ချလိုက်တယ်၊ သူက သိတော့သိတယ် သူတို့ကိစ္စ သူတို့ဖာသာရှင်းကြဆိုတဲ့ပုံစံမျိုးဗျ။ သူက သွားမကြည့်ပေမယ့် ကျွန်တော်က သိချင်တယ်မဟုတ်လား၊ အမေတို့နဲ့အတူ ရွာပြင်ကိုအပြေးထွက်ခဲ့တာပေါ့ဗျာ။
(၅)
ရွာထိပ်မှာ ပေါက်ကုန်းလို့ခေါ်တဲ့ နေရာရှိတယ်ဗျ။ ကုန်းကမူလေးဖြစ်နေပြီးတော့ အဲဒီအပေါ်မှာ လူကြီးနှစ်ဖက်စာလောက်ရှိတဲ့ ပေါက်ပင်ကြီးတစ်ပင်ပေါက်နေတယ်ဗျ၊ အဲဒီကုန်းကလေးကို ပေါက်ကုန်းလို့ခေါ်ကြတယ်၊ အဲဒီနေရာကလည်း ရာဇဝင်ရှိတယ်ဗျ၊ သရဲကလည်းခြောက်လိုက်တာမပြောပါနဲ့၊ အခုလည်း ဦးဘသာက ရွာထိပ်ရောက်တာနဲ့ မိအေးတို့နှစ်ယောက်ကိုစိုက်ကြည့်လိုက်တယ်ဗျ။
“မိအေးက ဘယ်ကောင်မလဲ”
ပုပု၀၀နှဲ့မိန်းမက သူ့ကိုယ်သူလက်ညှိုးထိုးပြတယ်။
“မိအေးဆိုတာ ကျုပ်ပဲ၊ ဟောဒါက ကျုပ်အမ မိသေးပဲ”
ကဝေတွေက သူတို့နာမည်အမှန်ကိုမပြောကြဘူးဗျ။ နာမည်ကိုတမင်ဝှက်ထားကြလေ့ရှိတယ်မဟုတ်လား၊ အခုလည်း မိအေးတို့ မိသေးတို့ဆိုတာ နာမည်ဝှက်တွေဖြစ်မှာပေါ့ဗျာ။ ဦးဘသာက ခပ်လှမ်းလှမ်းမှာမြင်နေရတဲ့ ပေါက်ပင်ကြီးကိုလက်ညှိုးထိုးလိုက်ပြီးတော့
“ကဲ နင်တို့တွေ အဲဒီကိုလာခဲ့ကျ၊ လမ်းလယ်ခောင်ကြီးမှာ ရုပ်ပျက်တယ်”
မိအေးနဲ့ မိသေးက အရှေ့ကဦးဆောင်သွားပြီးတော့ အနောက်က ဦးဘသာနဲ့ ကျုပ်တို့ရွာသားတွေလိုက်ခဲ့ကြတာပေါ့၊ ရွာသားတွေဆိုပေမယ့်လည်း သိပ်မများပါဘူး၊ ဆယ့်ငါးယောက်လောက်ရှိတာပါ၊ နေ့ခင်းအချိန်ကြီးဆိုတော့ လယ်ထဲဆင်းတဲ့သူကဆင်း၊ အလုပ်လုပ်တဲ့လူကလုပ်နဲ့ဆိုတော့ ရွာမှာလူသိပ်မရှိဘူးပေါ့ဗျာ။ ကျုပ်တို့လည်း အဲဒီပေါက်ကုန်းကို တစ်ယောက်တည်းဆိုမသွားရဲဘူးဗျ၊ အခုက လူလဲများတယ်၊ ဦးဘသာကြီးလဲပါတယ်၊ ပွဲကလည်း ကောင်းနေပြီဆိုတော့ ကြောက်ကြောက်နဲ့လိုက်လာခဲ့ကြတာပေါ့ဗျာ။
ပေါက်ပင်ကြီးက အပွင့်တွေက ရဲနေတာပဲဗျာ။ အောက်က ကုန်းမှာလည်း ပွင့်ကြွေတွေနဲ့ ရဲရဲနီလို့ပေါ့၊ ပေါက်ပွင့်ဆိုတာမျိုးက တော်တော်တော့လှတာမဟုတ်လား၊ ဒါကြောင့်စကားပုံတောင်ရှိသေးတယ်၊ အဆင်းသာရှိ အချင်းမရှိသည့် ပေါက်ပွင့်ဆိုပြီးတော့ပေါ့၊ ပေါက်ပင်ကြီးအောက်မှာ ဦးဘသာကြီးက မတ်တပ်ရပ်လိုက်တယ်။ ကျုပ်တို့ကလည်း စုန်းတွေပညာပြိုင်မှာဆိုတော့ ကြောက်တာပေါ့ဗျာ၊ အဲဒါနဲ့ ပေါက်ပင်ကြီးနောက်ကွယ်ကနေ ပုန်းပြိးကြည့်နေကျတာပေါ့။
ဦးဘသာက ဖိုးမောင်ဆီက ကွမ်းအစ်ကိုလှမ်းယူလိုက်တယ်၊ ပြီးတော့ အေးအေးလူလူပဲ ရပ်နေတယ်။
“ကဲ နင်တို့က ဧည့်သည်တွေဆိုတော့ နင်တို့လုပ်ချင်တာလုပ်ကြပေတော့၊ နင်တို့ကို ငါက ဦးစားပေးတယ်”
မိအေးက ဦးဘသာကြီးကို မျက်စောင်းထိုးကြည့်တာနဲ့တင် အရမ်းကြောက်စရာကောင်းတာဗျာ၊ ဦးဘသာကတော့ သူ့ပုံစံအတိုင်းခပ်ပြုံးပြုံးပဲဗျ၊ ရှပ်အကျီအစုတ်ကြီးတစ်ထည်ကိုဝတ်ထားတယ်၊ ရှပ်အကျီကြီးကလည်း ကျောကုန်းက ပေါက်နေသေးတယ်ဗျ။ အောက်က သူ့ကျောကုန်းဖြူဖြူကြီးကို ကျုပ်တို့မြင်နေရတယ်၊ ပုဆိုးကိုခပ်တိုတိုဝတ်ထားပြီးတော့ တာရာဖိနပ် မည်းမည်းကြီးကို စီးထားပြီး ခြေထောက်ကိုအရှေ့ကိုတစ်လှမ်းတိုးပြီး လူက ခပ်နွဲ့နွဲ့ရပ်နေတယ်၊ လက်တစ်ဖက်ကလည်း ကွမ်းအစ်ကို ပိုက်လို့ဗျ။
မိအေးက ဦးဘသာကြီးကို လက်ညှိုးထိုးပြီး ဘာတွေပြောနေမှန်းမသိဘူး ပွစိပွစိလုပ်နေတယ်၊ ဦးဘသာကြီးက ဘာမှမဖြစ်သလို အပြုံးလဲမပျက်ဘူးဗျ။ ကျုပ်ကလည်း စပ်စုတဲ့ကောင်ဆိုတော့ ဦးဘသာကြီးမျက်နှာကိုမမြင်ရလို့ ပေါက်ပင်နောက်ကနေ အသာကလေးထွက်ပြီး အနားကလယ်ရဲ့ကန်သင်းရိုးစပ်ကနေ ဝပ်ပြီးတော့ ကြည့်နေတယ်ဗျ၊ အဲဒီနေရာကနေကြည့်ရင် သူတို့တွေအကုန်လုံးကို ကွက်ကွက်ကွင်းကွင်းမြင်ရတယ်မဟုတ်လား။
မိအေးရွတ်ဖတ်ပြီး ငါးမိနစ်လောက်ကြာတော့ ဦးဘသာကြီးက တစ်ချက်သမ်းလိုက်တယ်၊ ပါးစပ်ကိုလက်ဝါးနဲ့ကာပြီး တဝါးဝါးနဲ့သမ်းပြီးမှ
“ဟဲ့၊ ညည်းပညာတွေက မပြီးသေးဘူးလားဟေ၊ ငါ့မှာ အိပ်တောင်အိပ်ချင်လာပြီ”
ဦးဘသာကြီးဘာမှမဖြစ်ပေမယ့် မိအေးကတော့ ဇောခွှေးတွေပြန်နေပြီ၊ နဖူးက စီးကျနေတဲ့ချွေးတွေဆိုတာ မြင်မကောင်းဘူးဗျာ၊ မေးဖျားမှာလည်း ချွေးတွေကိုသီးနေတာပဲ၊ မိအေးက သူ့အမ မိသေးကိုလှည့်ကြည့်လိုက်တယ်၊ ဆိုလိုချင်တာကတော့ ညီမမနိုင်တော့ဘူး အမလုပ်တော့ဆိုတဲ့သဘောပေါ့။ မိသေးကတော့ ခပ်အေးအေးပဲ၊ သူရွက်ထားတဲ့ ခံတောင်းကလေးကို မြေကြီးကိုချလိုက်တယ်၊ နောက်တော့ ခေါင်းပေါ်က ခေါင်းဖုကိုကိုင်လိုက်တယ်၊ ခေါင်းဖုဆိုတာ ခေါင်းမနာအောင်လို့ ခွေပြီးခံတဲ့ အဝတ်စတစ်ခုပေါ့ဗျာ၊ သူ့ခေါင်းဖုက ပုဆိုးကွက်လိုလို မည်းမည်းကြီးဗျ၊ နောက်တော့ ဘာမပြောညာမပြောနဲ့ အဲဒီခေါင်းဖုနဲ့ ဦးဘသာကြီးကိုလှမ်းပြီးပစ်လိုက်တယ်၊ ခေါင်းဖုက အလိပ်လိုက်ကြီးပြေသွားပြီးတော့ မိသေးလက်ကနေလွတ်သွားတာနဲ့ မြွေကြီးတစ်ကောင်ဖြစ်သွားတာဗျာ၊ ရှင်းနေတာပဲ၊ မြွေကြီးက အကြီးကြီးပဲဗျ၊ လူကြီးလက်ဖျံလောက်တော့ လုံးပတ်ရှိမယ်၊ ပါးစပ်ကြီးဖြဲပြီးတော့ အစွယ်ကြီးနဲ့ ဦးဘသာကြီးဆီကို ပျံပြီးဝင်သွားတာပေါ့။
ပျံဝင်လာတဲ့မြွေကြီးကို ဦးဘသာကြီးက ညာဖက်လက်နဲ့လှမ်းဖမ်းလိုက်တယ်၊ အဲဒီမြွေကြီးက ဦးဘသာကြီးလက်ထဲရောက်တော့ ခေါင်းဖုလုပ်တဲ့ ပုဆိုးပိုင်းကြီးပြန်ဖြစ်သွားတယ်ဗျ၊ လေအဝှေ့မှာ ပုဆိုးပိုင်းကြီးက ဘတ်လတ်ဘတ်လတ်နဲ့ လွင့်နေသေးတယ်၊ ဦးဘသာကြီးက ပုဆိုးပိုင်းကြီးကိုကြည့်ပြီး မဲ့လိုက်တယ်ဗျ။
“နင့်ခေါင်းဖုပုဆိုး အစုတ်ကြီး ငါမလိုချင်ဘူးဟာ၊ သွားစမ်း”
အဲဒီလိုပြောပြီး မိသေးဆီကိုပြန်ပစ်ထည့်လိုက်တာ၊ ခုနက မိသေးလုပ်သလိုဘဲ ဦးဘသာကြီးပစ်လိုက်တုန်းက ပုဆိုးပိုင်းပဲ၊ လက်ကလွတ်သွားတော့ မြွေဟောက်ကြီးပြန်ဖြစ်သွားတယ်၊ မိသေးလဲ ငုံ့ပြီးရှောင်တာမြန်လိုက်လို့၊ နို့မဟုတ်ရင်တော့ မြေကြီးက မိသေးငယ်ထိပ်ကို ကွက်တိပဲဗျာ၊ မြွေကြီးက မိသေးကိုကျော်ပြီး မြေကြီးကိုကျသွားတော့ မြေဟောက်ကြီးအဖြစ်ပဲရှိနေသေးတယ်ဗျ၊ ပါးပျဉ်းကြီးထောင်ပြီးတော့ မိသေးတို့ကို တရှူးရှူးနဲ့ ကိုက်ဖို့လုပ်နေတာများ ဘေးကကြည့်တဲ့ကျုပ်တို့တောင် ကြောက်နေရတယ်ဗျာ၊ မိသေးက မြွေကြီးကို လက်ညှိုးထိုးပြီး အတော်ရွတ်ဖတ်လိုက်ရတယ်၊ အဲဒီတော့မှ မြွေကြီးက ခွေကျသွားပြီးတော့ ခေါင်းဖုအဝတ်စကြီးပြန်ဖြစ်သွားတာဗျ။
မိသေးက ကျေနပ်ပုံမရသေးဘူးဗျ၊ ဒါနဲ့ဘေးမှာသူခုနက ချထားတဲ့ခံတောင်းကလေးကို ကောက်ယူလိုက်တယ်၊ ခံတောင်းအပေါ်ကိုတော့ ပုဆိုးစတစ်စနဲ့ဖုံးထားလို့ အထဲမှာ ဘာထည့်ထားသလဲဆိုတာတော့ မမြင်ရဘူးဗျ၊ ဒါပေမယ့် သူတို့က စုန်းမတွေဆိုတော့ မကောင်းတာတစ်ခုခုဖွက်ယူခဲ့တာဖြစ်မှာပေါ့လေ၊ ဒီအချိန်မှာပဲ ဦးဘသာကြီးက ကွမ်းအစ်ကိုလက်နဲ့ဗိုက်ကြားထဲမှာ ညှပ်ပြီးလက်တစ်ဖက်က ကွမ်းအစ်အဖုံးကိုဖွင့်ပြီးတော့ ကွမ်းရွက်တစ်ရွက်ကိုနှိုက်လိုက်တယ်၊ နောက်တော့ ထုံးဘူးလေးထဲက ထုံးကို လက်ညှိုးနဲ့နှိုက်ပြီးတော့ အေးအေးလူလူကွမ်းရွက်ကို ထုံးသုတ်နေရင်းကနေ
“ဟဲ့ကောင်မလေး၊ နင့်တောင်းကိုဖွင့်ရင် သတိထားနော်”
အဲဒီလိုပြောလို့ မိသေးက တောင်းပေါ်အုပ်ထားတဲ့ပုဆိုးကိုဖွင့်ကြည့်လိုက်တယ်ဗျ၊ ပြီးတော့ မိသေးက အားခနဲအော်လိုက်ပြီး တောင်းကိုမြေပေါ်ကိုပစ်ချလိုက်တာဗျာ၊ တောင်းထဲကနေ မြွေပွေးတွေထွက်လာတာ မနည်းဘူးဗျာ၊ အကောင်သုံးဆယ်လောက်ရှိမယ်၊ မြွေပွေးတွေက ခေါင်းတွေထောင်ပြီးတော့ သူတို့ညီအမကို ပေါက်ဖို့လုပ်နေကြတာ၊ မိသေးက ခြေဖနောင့်ကိုဆောင့်ဆောင့်ပြီး တစ်ခုခုကိုရွတ်လိုက်တော့မှ မြေပွေးတွေက တဖြည်းဖြည်းပျောက်သွားကြတာဗျာ။
မိသေးက ဦးဘသာကြီးကို စုန်းပညာနဲ့မနိုင်တော့ ဆဲတော့တာပဲဗျာ၊ ဆဲနည်းကတော့ စုံနေအောင်ကိုဆဲတာ၊ ဖေနဲ့လဲကိုင်တုတ်တယ်၊ သူ့ပစ္စည်းတွေနဲ့လည်း တိုင်းထွာပြီးဆဲတာပေါ့၊ ဦးဘသာကြီးက ခဏတော့နားထောင်နေသေးတယ်ဗျ၊ နောက်တော့
“ဟဲ့ကောင်မ၊ နားငြီးလိုက်တာ နင့်ပါးစပ်ကိုပိတ်ထား”
အဲဒီလိုပြောလိုက်တယ်ဆိုရင်ပဲ မိသေးခမျာ ပါးစပ်မဟနိုင်တော့ဘူးဗျာ၊ အတင်းအားစိုက်ပြီးအော်ပေမယ့်လည်း ပါးစပ်မပွင့်ဘဲနဲ့ နှုတ်ခမ်းကြီးက စေ့လျှက်သားနဲ့ တအုအုနဲ့ အသံတွေဘဲထွက်တယ်လေ၊ ကျုပ်တော့ အဲဒီမှာ ဦးဘသာကြီးကို အရမ်းလေးစားသွားတာဗျာ၊ သူက ဘာမှတောင်ပြန်မလုပ်ရသေးဘူးနော်၊ အေးအေးဆေးဆေးကွမ်းယာနေတာ။ ကွမ်းယာပြီးတော့မှ အဲဒီကွမ်းယာကိုကိုင်ပြီးတော့ မိသေးတို့ညီအမကိုကြည့်ပြီး
“ကဲ၊ နင်တို့အလှည့်ပြီးပြီ၊ ဒီတစ်ခါ ငါ့အလှည့်၊ နင်တို့ခံနိုင်ရင်ခံကြ”
အဲဒီလိုပြောပြီး ကွမ်းယာကို ပါးစပ်ထဲထိုးထည့်လိုက်ပြီး ဝါးလိုက်တယ်ဗျ၊ သူသုံးလေးချက်လောက် ဝါးတာနဲ့ မိအေးက နားထင်နှစ်ဖက်ကို လက်နဲ့ဖိပြီး အော်တော့တာပဲဗျာ၊ နောက်တော့ မိသေးလည်း လိုက်အော်တာပဲ၊ ဆဲတုန်းကတော့ ပါးစပ်ဖွင့်မရပေမယ့်၊ အော်တာတော့ရတယ်ဗျ၊ ဦးဘသာက ကွမ်းဝါးလိုက် မိအေးတို့ညီအမက အော်လိုက်နဲ့၊ နောက်တော့ ပိုအထိနာလာတယ်နဲ့တူပါတယ်၊ မြေမှာလူးလိမ့်နေတော့တာ၊ ထဘီတွေဘာတွေတောင်ကျွတ်တယ်ဗျာ၊ နောက်ဆုံးမှ မိသေးက
“အောင်မယ်လေး၊ ကြောက်ပါပြီဆရာကြီးရယ်၊ ကျွန်မတို့ကိုချမ်းသာပေးပါ၊ ကျွန်မတို့သေရပါတော့မယ်”
အဲဒီလိုအော်လိုက်တော့မှ မိသေးအော်တာရပ်သွားတယ်၊ မိအေးက မပြောသေးတော့ မိအေးက အော်နေရတုန်းပဲ၊ နောက်တော့မှ မိအေးလည်းမခံနိုင်တော့ဘူးနဲ့တူပါတယ်၊ သူလဲ အတော်တောင်းပန်လိုက်မှ ဦးဘသာကြီးက ကွမ်းဝါးတာရပ်လိုက်တယ်။
“ညည်းတို့မှတ်ပြီလား၊ ဒီပွဲမှာ ညည်းတို့ရှုံးတာ ညည်းတို့သိနော်”
“မှတ်ပါပြီရှင် ဆရာကြီးကိုကြောက်ပါတယ်”
“ပညာသည်တွေပြိုင်ရင် နိုင်တဲ့သူက ဘာလုပ်ရစမြဲလဲဟေ့”
မိသေးတို့ညီအမ နှစ်ယောက်က မြေမှာဒူးလေးတွေထောက်ပြီးတော့
“နိုင်တဲ့လူစိတ်ကြိုက်လုပ်ရပါတယ်”
ဦးဘသာက ပြုံးပြီးတော့
“အေးကောင်းပြီ၊ ငါက သူများတွေကို ပညာတွေဘာတွေမဖျက်တော့ပါဘူး၊ နင်တို့ကို ဒီတစ်ခါတော့လွတ်ပေးလိုက်မယ်၊ ဒါပေမယ့် နင်တို့ကို ငါဒဏ်ခတ်မယ်”
အဲဒီလိုပြောပြီး မိသေးတို့အနားကိုလျှောက်သွားပြီးတော့ သူ့ပါးစပ်ထဲက ဝါးပြီးသားကွမ်းဖတ်တွေထုတ်ပြီး မိသေးပါးစပ်ထဲရော၊ မိအေးပါးစပ်ထဲကိုပါ ခွံလိုက်တယ်၊ ဟိုနှစ်ယောက်ကလည်း ရှုံးတဲ့သူဆိုတော့ ဦးဘသာလုပ်သမျှ ခံရတာပေါ့။
“အေး၊ နင်တို့ဒီနေ့ကစပြီး တစ်နှစ်ပြည့်တဲ့အထိ နင်တို့ပညာတွေကိုငါပိတ်ပင်ထားလိုက်တယ်၊ နင်တို့သုံးရဲတဲ့ပညာသုံးကြည့်စမ်း၊ နင်တို့ဘာဖြစ်သွားမလဲဆိုတာ စောင့်ကြည့်ကြပေတော့”
“မလုပ်ရဲပါဘူးဆရာကြီးရှင့်”
“နင်တို့လည်း ခြေအကောင်းလက်အကောင်းကြီးတွေပဲဟာ၊ ရိုးရိုးသားသားလုပ်ကိုင်စားကြစမ်းပါဟ၊ ထမင်းမငတ်ပါဘူး၊ သွားကြတော့၊ နောက်ဆို နင်တို့အသံကို ငါမကြားချင်ဘူးနော်”
မိသေးက ခေါင်းဖုကြီးကိုကောက်ပြီးတော့ ခံတောင်းထဲကိုထည့်ပြီး ခံတောင်းကလေးကိုပိုက်လိုက်တယ်ဗျာ၊ နောက်တော့ သူတို့ညီအမနှစ်ယောက် ကုပ်ကုပ်ကလေး ရွာကနေပြန်ထွက်သွားကြတယ်၊ ကျုပ်တို့မှာဆိုရင် အသံတောင်ထွက်ရဲတာမဟုတ်ဘူးဗျာ၊ အခုသူတို့ပြန်သွားမှ ဟေး၊ ဦးဘသာကြီးကွဆိုပြီးတော့ အော်ဟစ်လိုက်ကျတာ၊ ဦးဘသာကြီးကတော့ အေးအေးလူလူပဲ ကွမ်းအစ်ကလေးပိုက်ပြီးတော့ ရွာထဲကိုပြန်ဝင်သွားတယ်ဗျ၊ ကျုပ်တို့လဲ ပေါက်ကုန်းမှာ ကြာကြာမနေရဲတာနဲ့ ရွာထဲကိုပြန်ပြေးကြတာပေါ့ဗျာ။
အဲဒီသတင်းရွာထဲကိုပြန့်သွားတော့ တစ်ချို့ကလည်း ဦးဘသာကြီးကိုကြောက်ကြတယ်၊ ကျုပ်တို့ကတော့ မကြောက်ပေါင်ဗျာ၊ ဦးဘသာကြီးကလည်း ခပ်ရိုးရိုးပဲနေပါတယ်၊ မိုးလင်းပြီဆိုရင် တောင်းကြီးတစ်တောင်းထမ်းပြီး လယ်ယာသုံးကိရိယာတွေယူပြီးတော့ လယ်ထဲကိုဆင်းသွားတော့တာပါပဲ၊ ပါးစပ်ကလည်း လေကလေးတချွန်ချွန်နဲ့ ချွန်ရင်ချွန်၊ ဒါမှမဟုတ်ရင်လည်း ကွမ်းကြီးမြုံ့လို့ လမ်းမှာတွေ့တဲ့သူတိုင်းကိုတော့ ပြုံးပြ ရယ်ပြသွားသေးသဗျ။
“ကဲ၊ ဒီနေ့တော့ တော်လောက်ပြီစာရေးဆရာရေ၊ နောက်နေ့တွေအချိန်ရရင်လဲ ဦးဘသာကြီးအကြောင်းကိုဆက်ပြောချင်ပါသေးရဲ့ဗျာ”
ပြီးပါပြီ။
#အဂ္ဂဇော် အားလေးစားလျက်
Leave a Reply