ပရုပ်ဆီနှင့်တူသောမိန်းမ

မုတ်ဆိတ်ဖြူကြီးသည် ကျွန်ုပ်အား ပြုံးပြလိုက်လေ၏။
“ဒီလိုလူမျိုးတွေက ဘာမှမမြင်တော့ဘူး၊ ဒါကြောင့် ကျုပ်က ခြေထောက်ကို နဂိုကတည်းက ခုံပေါ်တင်ထားတာ။ ကိုယ့်လူက သဘောမပေါက်တော့ အနင်းခံရတာပေါ့လေ။ ကိုယ့်လူဖတ်တဲ့ စာအုပ်ထဲမှာ ခြေထောက်ကို နင်းမိရင် ဘာလုပ်ရမယ်ဆိုတဲ့နည်းများ ပါသေးလား” ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်လေသည်။ ထို့ကြောင့် ကျွန်ုပ်က ..
“ကျုပ်ဖတ်နေတာ ရှေးဦးသူနာပြုစာအုပ် မဟုတာဘူး၊ ဒါတွေ ဘယ်ပါပါ့မလဲ” ဟု ပြန်၍ပြောလိုက်လေသည်။ ထိုအခါ မုတ်ဆိတ်ဖြူကြီးသည် သူ၏ လွယ်အိတ်အတွင်းမှ ပရုတ်ဆီပုလင်းကို ထုတ်ကာ ကျွန်ုပ်အား လှမ်းပေးရင်း …

          “နည်းနည်း ပွတ်ထားလိုက်” ဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း အနင်းခံရသော ခြေထောက်ကို ပရုတ်ဆီပွတ်မည်ဟု ခုံပေါ်သို့ တင်လိုက်ပြီး ကြည့်လိုက်ရာ သွေးခြည်များဥသွားကြောင်း တွေ့ရလေတော့်၏။ ထိုအခါ မုတ်ဆိတ်ဖြူကြီးက …
“သွေးခြည်ဥသွားပြီ ထင်တယ်၊ အရိုးအက်မသွားတာဘဲ ကံကောင်းတယ်မှတ်။ ဒီလူတော်တော်စားတဲ့လူနဲ့ တူတယ်၊ သူ့ခန္ဓာကိုယ်ကြီးက နည်းတာမဟုတ်ဘူး အနင်းခံရတာချင်း တူပေမယ့် သိပ်ပြီးမစားတဲ့လူ နင်းတာနဲ့ စားတဲ့လူ နင်းတာ ကွာတယ်ငါ့လူ၊ သိပ်ပြီးစားတဲ့သူ နင်းရင် ပိုပြီးအီတယ်ကွယ့်” ဟု ပြောလိုက်လေ၏။

ကျွန်ုပ်သည် ပရုတ်ဆီပုလင်းကို ဖွင့်၍ ပရုတာ
်ဆီအနည်းငယ်ကို ကော်ကာ နင်းမိသော နေရာသို့ ပွတ်လိုက်လေ၏။ ပရုတ်ဆီမှာ အတော်ကလေး ကောင်း၏။ ထို့ကြောင့် ပွတ်လိုက်သည်နှင့် ပွတ်သောနေရာမှာ ပူနွေး၍သွားသောကြောင့် အနာသည် သက်သာသွာလေ၏။
“အတော်ကောင်းတဲ့ ပရုတ်ဆီပဲ”  ဟု ကျွန်ုပ်က ပြောလိုက်လေ၏။
“ဘယ်လောက်ပဲကောင်းကောင်း ရောဂါပြောက်တဲ့ ပရုတ်ဆီဆိုတာ ဒီကမ္ဘာမှာ မပေါ်သေးဘူးကွ၊ ပရုတ်ဆီဆိုတာ နည်းနည်းပါးပါး ထိမိခိုက်မိရင် ပွတ်လိုက်၊ လိမ်းလိုက်တာနဲ့ ပူခနဲနွေးခနဲဖြစ်ပြီး သက်သာသလိုရှိပေမယ့် ဘယ်ရောဂါကိုမှ ပျောက်ကင်းအောင် မစွမ်းဆောင်နိုင်ဘူး၊ ရောဂါလဲ မပျောက်ဘူး၊ လူတွေလည်း အများဆုံး သုံးနေတဲ့ ဆေးတစ်မျိုးကို ပြောပါဆိုရင် ပရုတ်ဆီကိုပဲ ပြောရမယ်။
“ဒါကြောင့် ငါတို့ ရှေးဟောင်း အဘိုး အဘွား တရုတ်လူမျိုးတွေက ခဏပန်းကောင်းပြီး ရေရှည်မကောင်းတဲ့လူကို စိတ်ဆိုးလို့ ဆဲရင် ‘ပရုတ်ဆီ’ လို့ ဆဲလေ့ရှိတယ်။ အဆဲခံရတဲ့လူက သိပ်ပြီးနာတယ်။

          “ဘာပဲဖြစ်ဖြစ် ပရုတ်ဆီကလဲ မရှိရင် မဖြစ်ဘူးကွ။ နှာလေးဘာလေးမွှန်ရင် နှာခေါင်းမှာ ပွတ်ရတယ်၊ ခေါင်းလေးဘာလေး ကိုက်တဲ့အခါ နားထင်မှာ ပွတ်ရတယ်၊ ချောင်းလေးဘာလေးဆိုးရင် လည်ပင်းမှာ ပွတ်ရတယ်၊ အသက်ရှု ကျပ်ချင်သလိုလိုဖြစ်ရင် လက်ထဲမှာ ပွတ်ပြီး ရှူရတယ်၊ ချွေးငုတ်နေရင် ရေနွေးပူပူထဲခတ်ပြီး သောက်ရတဲ့အခါမျိုးလဲ ရှိသေးတယ်။ အခု ကိုယ့်လူလက်ထဲမှာ ရောက်နေတဲ့ ပရုတ်ဆီက ရှေးခေတ်က ပေါ်ဖူးတဲ့ ကျားဘမ်းပရုတ်ဆီကွယ့်” ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်လေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း ပုလင်းကို သေချာစွာ ကြည့်လိုက်လေ၏။ ပုလင်းမှာ မတ်စေ့ပုံသဏ္ဌာန် ထောင်ကလေးများ ပါ၏။ အရောင်မှာ နီညိုရောင် ဖြစ်၏။ နဖာချေး၏ အရောင်နှင့် တူ၏။
“ရှေးတုန်းကတော့ ကျားကြီးတစ်ကောင် အဝတ်ကြီးပတ်ပြီး ခေါင်းကိုက်နေတဲ့ ပုံနဲ့ ‘ကိုက်လိုက်တဲ့ခေါင်း၊ ကောင်းလိုက်တဲ့ ဘမ်း’ ဆိုပြီး ကြော်ညာခဲ့တဲ့ ကျားဘမ်း ပရုတ်ဆီပေါ့။ ဘယ်လိုလူမျိုးတွေက ဘယ်လို သိမ်းထားတယ် မဆိုနိုင်ဘူး။ တခါတခါမှာ နှစ်ပေါင်း ငါးဆယ်လောက် ပျောက်သွားတဲ့ ပရုတ်ဆီ၊ ဟိုနားဒီနားမှာ တစ်ပုလင်း၊ နှစ်ပုလင်းစ ဝယ်လို့ရနေပြီ။ ပုလင်းကြီးနဲ့ တစ်မျိုးထုတ်တယ်” ဟု မုတ်ဆိတ်ဖြူကြီးက ပြောပြလေ၏။

          “အတော်ကောင်းပါတယ်။ အခု မပူတော့ဘူး၊ အေးသလို ဖြစ်လာပြီ” ဟု ကျွန်ုပ်က ကျွန်ုပ်၏ ခြေထောက်ကို ညွှန်ပြရင်း ပြောလိုက်လေ၏၊
“ဟုတ်တယ်၊ ပူတစ်ခါ၊ အေးတစ်လှည့်ပဲ ကိုယ့်လူရေ။ ဒါကြောင့် ကျုပ်တို့ အဘိုးအဘွားတွေက ခုတစ်မျိုး၊ တော်တော်ကြာတစ်မျိုး လုပ်တတ်သူတွေကို ‘ပရုတ်ဆီ’ လို့ ဆဲလေ့ရှိတယ်။ အဆဲခံရတဲ့လူက သိပ်ပြီး နာတာကွ။ ဒါပေမယ့် ငါကတော့ ပရုတ်ဆီကို သလောကျတယ်။ ပရုတ်ဆီက မိတ်ဆွေ တိုးစေတယ်ကွယ့်။ ကျိုက်ထီးရိုးတောင် တက်တုန်းက ပရုတ်ဆီကို အကြောင်းပြုပြီး မိတ်ဆွေကောင်း တစ်ယောက် ရခဲ့တယ်။ ရွှေစက်တော်ကို သွားတုန်းကလည်း ပရုတ်ဆီကို အကြောင်းပြုပြီး မိန်းမကြီး တစ်ယောက်နဲ့ ငါနဲ့ မိတ်ဆွဖြစ်ရတယ်။ ဟော .. ကြည့်စမ်း၊ အခုလည်း မင်းနဲ့ ငါနဲ့ မိတ်ဆွေ ဖြစ်ရပြန်ပြီ။ မင်း ဘာအလုပ် လုပ်စားတဲ့လူ ဆိုတာတော့ ငါ အတတ်မပြောနိုင်ဘူး၊ အသည်းငယ်တဲ့ လူဆိုတာတော့ ငါပြောနိုင်တယ်။

          “ဘာဖြစ်လို့လဲဆိုတော့ ခြေထောက်ကို နင်းမိတုန်းက အော်လိုက်တဲ့ အသံဟာ အသည်းကောင်းတဲ့ လူဆိုရင် အမြောက်မှန်မှ အဲဒီလောက် အော်မှာကွ” ဟု ပြောလိုက်ရာ ကျွန်ုပ်သည် ၎င်း၏ စကားကို သဘောကျသောကြောင့် ပြုံးလိုက်လေ၏။ ထို့နောက်မှ ကျွန်ုပ်က ..
“အော်တာတစ်ခုတည်းကို ကြည့်ပြီး ကျုပ်ကို အသည်းငယ်တယ်လို့ အတတ်ပြောတာတော့ နည်းနည်း လွန်တယ်ထင်မယ်” ဟု ပြန်၍ ပြောလိုက်ရာ မုတ်ဆိတ်ဖြူကြီးက …
“အော်တာတစ်ခုတည်းနဲ့ ပြောတာမဟုတ်ဘူး၊ နာရင် အော်တာဟာ သဘာဝပါပဲ။ ဒါပေမယ့် ကိုယ်ဒီလောက် နာနေပြီပဲ၊ နင်းတဲ့လူကို ဆောင့်ပြီး တွန်းလိုက်ပါလား။ ကိုယ့်လူ ဒီလိုလဲ မတွန်းခဲ့ဘူး။ ဘာကြောင့် မတွန်းလဲဆိုတော့ ဟိုလူပြောတဲ့ စကားတွေကို ကိုယ့်လူ ကြားလိုက်တာကိုး။ ဒီတော့ ကိုယ့်လူရဲ့ မသိစိတ်မှာ ဟိုလူကို အတော်ကြီးကျယ်တဲ့ လူကြီးအဖြစ် အမှတ်ပေးထားလိမ့်မယ်။ အဲဒါကြောင့် မတွန်းဝံ့တာ။ စုတ်စုတ်ပြတ်ပြတ် လူတစ်ယောက်သာ ကိုယ့်လူကို နင်းမိစမ်း၊ ကိုယ့်လူ ဒီလိုအော်ရုံ အော်မှာမဟုတ်ဘူး၊။ အခုတော့ ဟိုလူက ဆောရီး ဆောရီးဆိုတာနဲ့ ကိုယ့်လူ ကျေနပ်လိုက်တယ်” ဟု ပြောပြန်လေ၏။ ကျွန်ုပ်မှာ တစ်စုံတစ်ရာ ပြန်၍ပြောဆိုခြင်း မပြုဘဲ ပြုံးလိုက်လေ၏။

                                 ◻

          ထို့နောက် ကျွန်ုပ်က …
“ဘာပဲဖြစ်ဖြစ်ဗျာ ခင်ဗျားပရုပ်ဆီကို အကြောင်းပြုပြီး ခင်ဗျားကိုတော့ ကျေးဇူးတင်ရမှာပဲ” ဟု ပြောလိုက်ရာ မုတ်ဆိတ်ဖြူကြီးက …
“ဟိုတုန်းက မိန်းမပျိုလေး တစ်ယောက်နဲ့ သူ့အမေဟာ ကျိုက်ထီးရိုး တက်လာတယ်။ ‘ရွှေရက်ဆို့’ အတက်လဲရောက်ရော အမေလုပ်တဲ့လူဟာ ခြေသလုံးကြွက်သားတွေ တက်ပါလေရော။ အဲဒီတော့ မိန်းမပျိုလေးလဲ အခက်ကြုံနေတယ်။ အဲဒီအခါမှာ ဘုရားဖူးလမ်းကြုံ လူငယ်တစ်ဦးက ပရုပ်ဆီပုလင်း ထုတ်ပေးလိုက်တယ်။ အဘွားကြီးက အဲဒီ ပရုပ်ဆီလဲ လိမ်းရော ဝေဒနာက သက်သာခွင့် ရသွားတယ်။
“အဲဒါကနေ အကြောင်းပြုပြီး မိန်းမပျိုကလေးနဲ့ လူငယ်ကလေးဟာ ရင်းနှီးသွားတယ်။ နောက်ဆုံးမှာ ချစ်ကြိုက်ပြီး ညားသွားကြတယ် ဆိုပါတော့ကွယ်။ အဲဒီလို ဝတ္ထုသွားမျိုးတွေ ရှေးတုန်းကထုတ်တဲ့ ဒီဇူဇာသက်စောင့် မဂ္ဂဇင်းမှာ အများကြီး ပါဖူးတယ်။ မဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရဘူး။ ပရုပ်ဆီ တစ်ပုလင်းကို အကြောင်းပြုပြီး မိန်းမ ရချင်လဲ ရသွားနိုင်တယ်။ တကယ်လို့ ကိုယ့်လူဟာ ဒီအရွယ်ထိအောင် အမြီးမပေါက်သေးဘူး ဆိုရင်တော့ ပရုပ်ဆီကောင်းကောင်း တစ်ပုလင်းလောက် ဝယ်ပြီး ဆောင်ထားသင့်တယ်” ဟု ပြောလိုက်လေ၏။ ကျွန်ုပ်သည် ပြန်၍မပြောဘဲ ပြုံးလိုက်လေ၏။

          အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်၌ အိမ်ထောင်ရှိ၏။ ကျွန်ုပ်ရရှိထားသော မိန်းမသည်ပင်လျှင် ပရုပ်ဆီကို အကြောင်းပြု၍ ရရှိထားသောကြောင့် ဖြစ်၏။
ကျွန်ုပ်၏ မိန်းမသည် ပရုပ်ဆီကို အလွန်ကြိုက်၏။ မည်သို့ဖြစ်သည်မသိ၊ ကျွန်ုပ်၏ မိန်းမသည် အိပ်ရာဝငသည်နှင့် တစ်ပြိုင်နက် ပရုပ်ဆီပုလင်းကို ဖွင့်ကာ သူ၏ ကိုယ်ခန္ဓာနေရာ အနှံ့အပြားသို့ ပွတ်လေတော့၏။ ကျွန်ုပ်မှာ ခြင်ထောင်တွင်းသို့ ဝင်သည့်အခါတိုင်း၌ ပရုပ်ဆီဂိုဒေါင်တွင်းသို့ ဝင်သကဲ့သို့ ခံစားရလေ၏။ ဤကိစ္စကို အကြောင်းပြု၍ အိမ်ထောင်ကျခါစက မကြာခဏ ရန်ဖြစ်ရလေ၏။
သို့ရာတွင် မည်သို့ ဖြစ်လေသည်မသိ၊ နောင်အခါများ၌ ပရုပ်ဆီအနံ့ မရလျှင်ပင် ကျွန်ုပ်သည် တစ်ခုခု လိုနေသကဲ့သို့ ခံစားရပြီးလျှင် အိပ်၍ မပျော်သကဲ့သို့ ရှိလေတော့၏။

          ထို့အပြင် ကျွန်ုပ်၏ ဇနီးသည် လွန်စွာ နားပူနားဆာ နိုင်၏။ ပြဿနာ မရှိလျှင် ပြဿမာရှာ၏။ ထို့ကြောင့် မကြာခဏဆိုသလို ကျွန်ုပ်က ကျွန်ုပ်၏ မိန်းမအား ..
“နင်ဟာ ပရုပ်ဆီလိုပဲ၊ အလွန်ကို ပူစပ်ပူလောင်နိုင်တဲ့ မိန်းမပဲ” ဟု ပြောရလေ၏။ ထိုအခါမျိုး၌လည်း ကျွန်ုပ်၏ မိန်းမသည် ငြိမ်၍ မနေတတ်၊
“ပရုပ်ဆီနဲ့တူတဲ့ မိန်းမနဲ့ မပေါင်းချင်ရင် မပေါင်းနဲ့၊ ရေခဲတုံးလို မိန်းမ ရှာပြီးပေါင်းပေတော့။ ရှင့်လိုလူမျိုးကို ဘယ်မိန်းမမှ ကျွန်မလို သည်းညည်းခံပြီး ပေါင်းမှာမဟုတ်ဘူး” ဟု ပြန်၍ ရန်တွေ့တတ်လေ၏။

          ထို့ပြင် ကျွန်ုပ်၏ မိန်းမမှာ နတ်ကို လွန်စွာ ယုံသူ ဖြစ်၏။ ၎င်းယုံသော နတ်များမှာလည်း ဝက်သားကြောက်သော နတ်များဖြစ်၏။ တစ်နေ့တွင် ကျွန်ုပ်၏ မိတ်ဆွေတစ်ဦးသည် ကျွန်ုပ်ထံသို့ လာရောက်၍ ယနေ့ခေတ် အသုံးပြုနေသော ပရုပ်ဆီ တော်တော်များများနှင့် ဆပ်ပြာတို့မှာ ဝက်ဆီကို သုံးထားကြောင်း ပြောဖူးလေ၏။ ကျွန်ုပ်သည် ထိုသူ၏ စကားကို အယုံအကြည်မရှိပါ။ သို့သော် ကျွန်ုပ်၏ ဇနီးကို ထိုအကြောင်းကို ပြောပြလေ၏။ ထိုအခါ ကျွန်ုပ်၏ ဇနီးသည် ပရုပ်ဆီနှင့် နတ်အကြားတွင် ဝေခွဲမရ ဖြစ်ရလေတော့၏။
ငယ်စဉ်ကပင် ပေါင်းခဲ့သော ပရုပ်ဆီကို ပေါင်းရမည်လော၊ ကြီးမှ ပေါင်းရသော နတ်ကို ပေါင်းမည်လောဟု ဗျာများရလေတော့၏။ သိုရာတွင် ခေါင်းကိုက်သောအခါ နတ်သည် မည်သို့မျှမတတ်နိုင်။ ပရုပ်ဆီကငါ တတ်နိုင်၏။ထိုအခါ နတ်သည် တန်ခိုးမရှိ၊ ပရုပ်ဆီကသာ တန်ခိုးရှိ၏။ ကိုယ်လက် ကိုက်ခဲသော အခါ၌လည်း သူ၏ နတ်များသည် ပျောက်ကင်းအောင် မစွမ်းဆောင်နိုင်ကြ။ ပရုပ်ဆီကသာ စွမ်းဆောင်နိုင်၏။ စေ့စေ့ပေါက်ပေါက် တွေးကြည့်သော အခါ၌ သူကိုးကွယ်သော နတ်များသည် သူအသုံးပြုသော ပရုပ်ဆီလောက်ပင် တန်ခိုးမကြီးကြောင်း သဘောပေါက်လာလေတော့၏။

         မည်သို့ သဘောပေါက်သော်လည်း အစွဲအလန်း ဟူသည်ကား စွန့်လွှန်ရန် ခက်ခဲ၏။ အစွဲအလမ်းတစ်ခု ရှိပြီဆိုလျှင် စွန့်လွှတ်ရန်အတွက် ပတ်ဝန်းကျင်လို၏။ သတ္တိလို၏။ အရည်အချင်း များစွာလို၏။ ထို့ကြောင့် ကျွန်ုပ်၏ ဇနီးသည် နံပြားကိုလည်း မစွန့်ရဲ၊ ပရုပ်ဆီကိုလည်း မသုံးဘဲ မနေနိုင်၊ ထို့ကြောင့် ပရုပ်ဆီ သုံးကာနီး၌ ..
“ကိုယ်တော်တို့၊ ပရုပ်ဆီထဲမှာ အမဲဆီတွေ ပါရင် ခွင့်လွှတ်ပါ” ဟု တောင်းပန်တိုးလျှ်ိုးသော အလေ့တစ်ခု ပေါ်ပေါက်လေတော့၏။ နောင်တွင် တောုးပန်တိုးလျှိုးသော စကားမပြောဘဲ ပရုပ်ဆီပုလင်းကို ဖွင့်ကာ အပေါ်သို့ မြှောက်လေတော့၏။ ထိုအပြုအမူကို မြင်သောတောမှ အဒေါ်ကြီးတစ်ဦးက …
“စားစရာ သောက်စရာ ဆိုရင်တော့ အဘိုးကို အဒေါ်တို့ဆီမှာလည်း မြှောက်တဲ့ အလေ့အထ ရှိပါတယ်၊ ပရုပ်ဆီကိုတော့ မမြှောက်ပါဘူး မိန်းကလေးရယ်” ဟု ပြောဖူးလေ၏။

◻  ◻  ◻

          ထိုအချိန်မှာပင် ရထားထွက်ရန် ဥသြဆွဲလေ၏။ ထိုဥသြဆွဲသံ၏ မရှေးမနှောင်း၌ပင် မျက်နှာချင်းဆိုင် ထိုင်ခုံသို့ မိန်းမတစ်ဦး ရောက်လာပြီး ထိုင်လေ၏။ ထိုမိန်းမမှာ အသက် (၃၀) ကျော် အရွယ်ခန့် ရှိ၏။ ထိုမိန်းမအား အဒ်ါကြီးတစ်ဦးက လိုက်ပို့သည်။ ထိုမိန်းမသည် ပြတင်းပေါက်မှနေ၍ လိုက်ပို့သော အဒ်ါကြီးအား ..
“ဒေါ်သိန်းရယ်၊ ကမန်းကတန်း ထွက်လာခဲ့တာ ပရုပ်ဆီတောင် ပါမလာဘူး။ ကျွန်မက ခရီးသွားရင် ခေါင်းကိုက်တတ်တယ်။ အခုလဲ မနက်အစောကြီး ရေချိုးတာ ခေါင်းထဲမှာ အုံတုန်တုန်နဲ့” ဟု ပြောစဉ်၌ပင် ရထားသည် ဘီးလိမ့်စ ပြု၏။

          ထိုမိန်းမလည်း လိုက်ပို့သော အဒေါ်ကြီးအား လက်ပြပြီး ကိုယ်ကိုမတ်ကာ ဣနြေ္ဒရရ ထိုင်ချလိုက်လေ၏။ ထိုသို့ ထိုင်လိုက်စဉ်တွင် ကျွန်ုပ်၏ လက်ထဲမှ ပရုပ်ဆီပုလင်းကို မြင်တွေ့သွားလေ၏။ ထိုအခါ ကျွန်ုပ်က ၎င်းအား လှမ်း၍ ပေးရင်း …
“ခေါင်းကိုက်ရင် နဲနဲပွတ်ထားလိုက်ပါလား၊ ကျားဘမ်းပရုပ်ဆီ အစစ်ကလေး” ဟု ပြောပြီး ပေးလိုက်ရာ ထိုမိန်းမလည်း အငှမ်းမရ လှမ်းယူရင်း …
“ကျေးဇူးတင်လိုက်တာရှင်” ဟု ပြောရင်း ပရုပ်ဆီကို အားရပါးရ ကော်ကာ နားထင်ကို ပွတ်၏။ ဇက်ကို ပွတ်၏။ ထို့ပြင် လက်ထဲတွင် ပွတ်၍လည်း အားရပါးရ ရှူလေ၏။ ထိုသို့ ရှူလိုက်ပြီး …
“ကျေးဇူးတင်လိုက်တာရှင်” ဟု ပြောကာ ပရုပ်ဆီပုလင်းကို ပြန်၍ မပေးဘဲ ကိုင်မြဲကိုင်ထားလေ၏။ ထို့နောက် အိမ်သာဘက်သို့ ထသွားလေ၏။ ထိုအခါ မုတ်ဆိတ်ဖြူကြီးက ကျွန်ုပ်အား …
“ကိုယ့်လူက ကိုယ့်ပစ္စည်းလဲ မဟုတ်ဘဲနဲ့ ဟိုကတောင် မတောင်းသေးဘူး၊ ဘာဖြစ်လို့ လောကွတ်သွားလုပ် နေရတာတုန်း” ဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က …
“သူ့ခမျာ၊ ခေါင်းကိုက်နေရှာတယ်ဗျာ” ဟု ပြောလိုက်လေ၏။

          “သူ ခေါင်းကိုက်နေကြောင်း ကိုယ့်လူက ဘယ့်နှယ်လုပ် သိသတုန်း” ဟု မုတ်ဆိတ်ဖြူကြီးက မေးလေ၏။
“စောစောက ဟိုမိန်းမကြီးကို ပြောလိုက်တာ ကြားတယ်လေ” ဟု ကျွန်ုပ်က ပြန်၍ပြောလျှင် မုတ်ဆိတ်ဖြူကြီးက …
“အဲလို ကြားတာနဲ့ဘဲ သု ခေါင်းကိုက်တယ်ဆိုတာ တကယ် ယုံလိုက်ရောလား ကိုယ့်လူရဲ့၊ မိန်းမတွေဆိုတာ သူတို့ပြောတာနဲ့ သုတို့ဖြစ်တာ တခြားစီ ဖြစ်နေတတ်တယ်။ အဲဒါကြောင့် သူတို့စကားကို မယုံရင် အကောင်းဆုံးပဲ ကိုယ့်လူ။ ဘာပဲဖြစ်ဖြစ်လေ ကျုပ်ရဲ့ ပရုပ်ဆီဘူးလေး မဆုံးရင် တော်ပါပြီ” ဟု ပြောလေတော့၏။ ထို့ကြောင့် ထိုမိန်းမထံမှ ပရုပ်ဆီပုလင်း ပြန်ရရှိရေးမှာ ကျွန်ုပ်အတွက် တာဝန်တစ်ခု ဖြစ်နေလေတော့၏။
ထိုအချိန်၌ ထိုမိန်းမသည် အိမ်သာမှ ပြန်လာလေတော့၏။ ထို့နောက် ကျွန်ုပ်အား ပရုပ်ဆီပုလင်းကို ပြန်၍ပေး၏။ ကျွန်ုပ်လည်း မုတ်ဆိတ်ဖြူကြီးထံသို့ ထိုပရုပ်ဆီပုလင်းကို ပြန်၍ ပေးလိုက်လေတော့၏။ ထိုအခါ ထိုမိန်းမက …
“အစ်ကိုကြီး ပရုပ်ဆီပုလင်းကလဲ ရထားတစ်စီးလုံး လိုက်ပြီး ငှားနေတော့တာပဲလား” ဟု မေးလိုက်လေ၏။ ထိုအခါ မုတ်ဆိတ်ဖြူကြီးက ကျွန်ုပ်ဘက်သ်ို့ လှည့်၍ မျက်လုံပြူးပြလိုက်လေ၏၊

                                ◻

          ဤသို့နှင့်ပင် ကျွန်ုပ်သည် မျက်နှာချင်းဆိုင်မှ မိန်းမနှင့်ပါ စတင် ခင်မင်သွားလေတော့၏၊ မုတ်ဆိတ်ဖြူကြီးသည် ပရုပ်ဆီ အနည်းငယ်ကို ဇက်ပိုး၌ ပွတ်၍ ပုလင်းကို လွယ်အိတ်ထဲသို့ ထည့်ကာ အိမ်သာဘက်သို့ ထွက်သွားလေတော့၏၊ ထိုအခါ၌ မျက်နှာချင်းဆိုင်မှ မိန်းမက ကျွန်ုပ်အား …
“မုတ်ဆိတ်ဖြူကြီးနဲ့ အဘိုးကြီးက ရှင့်ပရုပ်ဆီဘူးကို လွယ်အိတ်ထဲ ထည့်လိုက်ပြီ၊ နောက်တော့ မေ့ပြီး သူနဲ့ ပါသွားဦးမယ်” ဟု သတိပေးလေ၏၊ ထိုအခါ ကျွန်ုပ်က …
“အဲဒီ ပရုပ်ဆီဟာ မုတ်ဆိတ်ဖြူကြီးဟာ” ဟု ပြောလိုက်မှပင် မိန်းကလေးသည် သဘောကျ၍ တခစ်ခစ် ရယ်လေ၏။ ထိုသို့ ရယ်ပြီးနောက် …
ကျွန်မကလဲ မဆီမဆိုင် အကုသိုလ်တွေ မျာနေလိုက်တာ” ဟ ပြောလေ၏။ မုတ်ဆိတ်ဖြူကြီးလည်း ပြန်လည် ရောက်ရှိလာပြီး နေရာ၌ ထိုင်လေ၏၊

          ထို့နောက် မုတ်ဆိတ်ဖြူကြီးနှင့် ကျွန်ုပ်တို့ စကားစမြည် ပြောကြလေ၏။ ကျွန်ုပ်သည် မိတ်ဆွေတစ်ဦး ညွှန်ပြမှုကြောင့် တရားထိုင်ရန် အလို့ငှာ တောင်ပေါ်မြို့လေး တစ်မြို့ဆီသို့ သွားခြင်းဖြစ်ကြောင်း ပြောလေ၏၊ ထိုအချိန်၌ပင် ရထားသည် ဘူတာတစ်ခု၌ ရပ်ရန် စက်ရှိန်ကို လျှော့လိုက်လေ၏။ ထိုအခါ မိန်းကလေးက …
“ဘာ ဘူတာလဲ” ဟု ကျွန်ုပ်အား မေးလေ၏၊ ကျွန်ုပ်ကလည်း မသိသောကြောင့် မုတ်ဆိတ်ဖြူကြီးအား …
“ဘာ ဘူတာလဲ” ဟု ထပ်၍ မေးလေ၏။ ထိုအခါ မုတ်ဆိတ်ဖြူကြီးက …
“ကိုယ့်လူ ဖတ်နေတဲ့ စာအုပ်ထဲမှာ ကြည့်လို့ မရဘူးလား” ဟု ပြန်၍ မေးလေ၏။
“ကျုပ်ဖတ်နေတဲ့ စာအုပ်က ဘူတာခရီးစဉ် စာအုပ်မှ မဟုတ်ဘဲဗျ” ဟု ကျွန်ုပ်က ပြောလိုက်ရာ မုတ်ဆိတ်ဖြူကြီးက …
“အခုရပ်တာ ပဲခူးဘူတာ” ဟု ပြောလေ၏။

                              ◻

          ထိုအခါကျမှပင် ကျွန်ုပ်လည်း ရထားအနီးသို့ လာရောက်ရောင်းချသော ဈေးသည်များထံမှ တစ်စုံတစ်ခုသော စားစရာ သောက်စရာများကို ဝယ်ရန်အတွက် ကြည့်ရှုလေ၏။ ထို့နောက် ကြက်ဥနှင့် ကြော်ထားသော ပေါင်မုန့်တစ်ခုကို ဝယ်လိုက်လေ၏။ ကျွန်ုပ်၏ရှေ့မှ မိန်းမကလည်း ပုစွန်ကြော်တစ်ခုကို ဝယ်လိုက်လေ၏။ မုတ်ဆိတ်ဖြူကြီးကမူ ငှက်ပျောသီး တစ်ဖီးကို ဝယ်လိုက်လေ၏။
ရထား ထွက်သောအခါ ကျွန်ုပ်သည် ပေါင်မုန့်ကျော်ကို စားကြည့်၏။ ပေါင်မုန့်ကျော်မှာ အကျန်ကို နွှေးထားသောကြောင့် စား၍မကောင်းဘဲ ရှိလေ၏။ ထို့ကြောင့် ကျွန်ုပ်သည် ပေါင်မုန့်ကျော်ကို လွှင့်ပစ်လိုက်၏။ မိန်းကလေး၏ ပုစွန်ကြော်မှာလည်း အကျန်ပင် ဖြစ်၏။ မိန်းကလေးသည် ကျိတ်မှိတ်၍ စားသော်လည်း နောက်ဆုံး၌ လွှင့်ပစ်လိုက်ရလေတော့၏။ မုတ်ဆိတ်ဖြူကြီးမှာမူ ငှက်ပျောသီး တစ်လုံးကို အခွံနွှာကာ စားနေပြီ ဖြစ်၏၊ ထို့ကြောင့် ကျွန်ုပ်က …
“ဘယ်လိုလဲ၊ ကောင်းရဲ့လား” ဟု မေးလိုက်ရာ မုတ်ဆိတ်ဖြူကြီးက …
“ကောင်းပါ့ဗျာ” ဟု ပြန်၍ ပြောလေ၏၊
“ကျုပ်ဝယ်တဲ့ ပေါင်မုန့်ကြော်ကြီးက အကျန်ကို ပြန်နွှေးထားတာဗျာ၊ ဒါကြောင့် လုံးဝကို စားလို့မရဘူး” ဟု ကျွန်ုပ်က ပြောလိုက်လေ၏။ ထိုအခါ မုတ်ဆိတ်ဖြူကြီးက …
“လူလုပ်တဲ့ပစ္စည်းနဲ့ သဘာဝပစ္စည်း ကွာတယ်။ တကယ်လို့ လိမ်စရာရှိရင် လူလုပ်တဲ့ပစ္စည်းမှ လိမ်လို့ လွယ်တယ်။ သဘာဝပစ္စည်းမှာ မလွယ်ဘူး။ အဲဒါကြောင့် မသေချာတဲ့ နေရာမှာ ဝယ်ပြုစားသောက်မယ်ဆိုရင် သဘာဝ အစားအသောက်ကို ဝယ်ပြီး စား။ ကျုပ်ဟာ အမြဲလိုလို ခရီးသွာနေသူ တစ်ဦးပဲ၊ ဒါပေမယ့် ထမင်းသုပ်အသိုးတို့၊ ဘာလီရည်အတုတို့၊ ဆေးသကြားနဲ့ ဖျော်ထားတဲ့ လက်ဖက်ရည်တ်ု့ တစ်ခါမှ မဝယ်မိဖူးဘူး။ ကျုပ်ဝယ်စားရင် ငှက်ပျောသီးတို့၊ သဘောင်္သီးတို့ အဲဒါမျိုးပဲ ဝယ်စားတာ။ ဒါနဲ့ နေစမ်းပါဦး၊ ကိုယ့်လူ ဖတ်နေတဲ့ စာအုပ်ထဲမှာ ဒီအချိန်မျိုး ပေါင်မုန့်ကြော် ဝယ်စားရင် အကျန်နဲ့ မိနေမယ်ဆိုတာ မပါဘူးလား” ဟု မေးလိုက်လေ၏။ ထိုအခါ ကျွန်ုပ်က …

          “တောက်တီးတောက်တဲ့ဗျာ။ ကျုပ်ဖတ်နေတဲ့ စာအုပ်က မုန့်ဝယ်စားနည်း စာအုပ်မှ မဟုတ်ဘဲ” ဟု ပြန်၍ ပြောလိုက်လေ၏။
ဤသို့နှင့်ပင် ကျွန်ုပ်တို့ သုံးဦးသားသည် ရင်းနှီးသိကျွမ်းကြပြီးနောက် တောင်ပေါ်မြို့ကလေးဆီသို့ ရောက်လာကြလေတော့၏။ မျက်နှာချင်းဆိုင်မှ မိန်းကလေးမှာမူ တောင်ပေါ်မြို့ကလေးမှ ၎င်း၏ အစ်မထံသို့ သွားရောက် လည်ပတ်ခြင်း ဖြစ်ကြောင်း သိရလေ၏။ ကျွန်ုပ် တရားထိုင်မည်ဖြစ်ကြောင်း သိရသောကြောင့် ပဲငပိကြော်များ၊ မုန်ညှင်းချဉ်များ လှူဒါန်းပါရစေဟု ခွင့်တောင်းကာ ကျွန်ုပ်ထံ လာရောက်၍ လှူဒါန်းလေ၏။

           ကျွန်ုပ်သည် မိတ်ဆွေညွှန်ပြသော ဆရာနှင့် တွေ့ဆုံကာ (၄၅) ရက် တိုင်တိုင် တရားထိုင်လေတော့၏။ (၄၅) ရက် ပြည့်သောအခါ၌ ပြန်ခဲ့လေတော့၏၊ ကျွန်ုပ် ပြန်မည့်နေ့တွင် မျက်နှာချင်းဆိုင် ထိုင်ခုံမှ မိန်းကလေးလည်း ထိုမြို့မှ ပြန်ခဲ့လေ၏၊
ဘူတာတွင် တွေ့သဖြင့် လက်မှတ်ကို အတူယူကြရာ ထိုင်ခုံချင်း အတူကျလေတော့၏။ လမ်းတွင် ကျွန်ုပ်က ခေါင်းကိုက်သည် ဆိုသောကြောင့် သူက ပရုပ်ဆီပုလင်းကဘေးကို ထုတ်ပေး၏။ ဘူတာတစ်ခုသို့ ရောက်၍ မုန့်ဝယ်ခါနီး၌ သူကပင် ကျွန်ုပ်အား …
“ဒီတစ်ခါဝယ်ရင် သဘာဝပဲ ဝယ်နော်” ဟု သတိပေးသဖြင့် ကျွန်ုပ်လည်း ငှက်ပျောသီး၊ သဘောင်္သီး၊ လိမ္မော်သီးတိုကို ဝယ်ယူလေ၏။ ထို့နောက် နှစ်ယောက်သား ပျော်ရွှင်စွာ စားသောက်ကြလေတော့၏။

◻  ◻  ◻

           ဤသို့နှင့်ပင် သူနှင့်ကျွန်ုပ်သည် ရင်းနှီးသွားကြလေတော့၏။ ရင်းနှီးသည်ဆိုခြင်းထက် နီးစပ်သွားကြသည်ဆိုလျှင် ပို၍ မှန်ပေလိမ့်မည်။
ရန်ကုန်သို့ ရောက်သောအခါ၌လည်း ကျွန်ုပ်၏ရုံးသို့ မကြာခဏ သူက လာ၏။ ကျွန်ုပ်ကလည်း သူ၏ ရုံးသို့ မကြာခဏ သွား၏၊

          ထို့နောက်တွင်ကား သူက ကျွုန်ုပ်အား ‘မောင်’ ဟု ခေါ်လာ၏။ ကျွန်ုပ်ကလည်း သူ့အား ‘ခင်’ ဟု ခေါ်ဖြစ်လာတော့၏။ ကျွန်ုပ်၏ မိန်းမကြီး မသိအောင် ကျွန်ုပ်သည် ခင့်ထံသို့ ရောက်ရှိခဲ့လေ၏။ ကျွန်ုပ်မှာ လူပျိုမဟုတ်၊ အိမ်ထောင်နှင့် ဖြစ်၏။ ထို့အတူ ခင့်မှာလည်း အပျိုမဟုတ်၊ တစ်ခုလပ်မကလေး ဖြစ်၏။
ကျွန်ုပ်တို့နှစ်ဦး၏ အချစ်ရေးသည် ကြာလေလေ ခိုင်မြဲလေလေ ဖြစ်လာလေတော့၏။ တစ်ဦးကိုတစ်ဦး မမြင်ရလျှင် မနေနိုင်အောင် ဖြစ်လာကြ၏။ ထိုအဖြစ်မှာ ပရုပ်ဆီတစ်ပုလင်းမှ စခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း ကျွန်ုပ်မှာ မကြာခဏ သတိရမိလေ၏။ ကျွန်ုပ်တို့၏ ဖူးစာမှာ ပရုပ်ဆီဖူးစာဟုပင် ဆိုနိုင်လေ၏။

                                  ◻

          တစ်ညတွင် ကျွန်ုပ်သည် ခင့်ထံသို့ သွားလေ၏၊ ထို့နောက် ခင်၏ အခန်းတံခါးကို ခေါက်လိုက်လေ၏။ အတွင်းမှ ခင်က …
“ဘယ်သူလဲ” ဟု မေးလေ၏။ ကျွန်ုပ်က …
“မောင်ပါ” ဟု ပြန်၍ ဖြေသော်လည်း ခင်သည် တံခါးဖွင့်မပေးပေ။ ထို့ကြောင့် ကျွန်ုပ်က …
“မောင်လေကွာ၊ တံခါးဖွင့်လေကွာ” ဟု ဆိုသော်လည်း တံခါးမဖွင့်ပေးပေ။ ကျွန်ုပ်သည် နှစ်နာရီနီးပါး တံခါးအပြင်ဘက်၌ ရပ်နေရ၏။ နောက်ဆုံးတွင် လက်လျှော့၍ ပြန်ခဲ့ရလေ၏။ လမ်းထိပ်သို့ ရောက်သောအခါ၌ အတွေးတစ်ခု ပေါ်လာ၏။ ထို့ကြောင့် ခင့်ထံသို့ ပြန်လာပြီး တံခါးကို ခေါက်ပြန်၏။ အတွင်းမှ ခင်က …

          “ဘယ်သူလဲ” ဟု မေးပြန်သည်။ ကျွန်ုပ်က မောင်ဟု မဖြေတော့ဘဲ …
“ခင်ပါ” ဟု ဖြေလိုက်လေ၏။
ထိုအခါ အတွင်းမှ ခင်သည် တံခါးဆီသို့ အူလျားဖားလျား ပြေးလာပြီးလျှင် တံခါးကို ကပျာကယာ ဖွင့်လေ၏။ ထို့နောက် ကျွန်ုပ်၏ လည်ပင်းကို သိုင်းဖက်လိုက်လေတော့၏။ ပြီးလျှင် …
“မောင်က သိပ်ပြီး သဘောပေါက် လွယ်တာပဲ၊ ခင်လေ တစ်ခု စဉ်းစားနေတာ။ မောင်ရယ် ခင်ရယ်ဆိုပြီး နှစ်မျိုးနှစ်စား ရှိနေသမျှ  တစ်ဦးနဲ့တစ်ဦး သပ်သပ်စီ ဖြစ်နေတယ်။ တစ်ပေါင်းတည်း တစ်စည်းထဲ မရှိဘူ။ ခင်ပဲ ရှိရမယ်၊ ခင်ဟာလဲ ခင်ပဲ၊ မောင်ဟာလဲ ခင်ပဲ ဖြစ်နေရမယ်။ အဲဒါကို မောင် သဘောပေါက်တယ်နော်” ဟု ပြောလိုက်ရာ ကျွန်ုပ်လည်း …
“ဒီလောကကြီးမှာ မောင် မရှိတော့ဘူးလေ၊ ခင်ပဲ ရှိတော့တယ်” ဟု ပြောလိုက်ရာ ခင်သည် သဘောကျလွန်း၍ တခစ်ခစ် ရယ်ကာ ကျွန်ုပ်အား အကြိမ်ပေါင်းများစွာ နမ်ရှုံ့လေ၏။

                                 ◻

          အထက်ပါ အဖြစ်အပျက်များသည် နှစ်ပေါင်း အတန်ကြာခဲ့ပြီ ဖြစ်၏။ ကျွန်ုပ်လည်း အိမ်မှဇနီးနှင့် ခင်တို့၏ အကြားတွင် ကောင်းစွာ နေတတ်လာပြီ ဖြစ်၏။ အိမ်က ဇနီးလည်း ပြောမရသည့် အဆုံး၌ ကျွန်ုပ်အား လက်လျှော့လိုက်ရပြီ ဖြစ်၏။ ကျွန်ုပ်သည် ခင့်ထံသို့ ဗြောင်သွားခွင့် ရလာပြီ ဖြစ်၏။
တစ်နေ့တွင် ကျွန်ုပ်သည် ခင့်ထံသို့ သွားခဲ့၏။ တါံးကို ခေါက်လိုက်၏။ အတွင်းမှ ခင်က …
“ဘယ်သူလဲ” ဟု မေးလိုက်၏။ ကျွန်ုပ်က …
“ခင်ပါ” ဟု ဖြေလ်ုက်၏။ သို့ရာတွင် တံခါးမဖွင့်ဘဲ ရှိပြန်လေတော့၏။ ထိုအခါ၌ ကျွန်ုပ်သည် တံခါး အပြင်ဘက်တွင် တစ်နာရီခွဲခန့် ရပ်စောင့်နေပြီးနောက် ပြန်ထွက်ခဲ့လေ၏။ သို့ရာတွင် ရိုးရိုးမထွက်ခဲ့ဘဲ အပြင်မှ ကလန့်ထိုးခဲ့လေ၏။ ထို့နောက် မျက်စောင်းထိုးရှိ လက်ဖက်ရည်ဆိုင်သို့ ဝင်ကာ အိမ်ခန်းကို မမှိတ်သော မျက်စိနှင့် ကြည့်နေခဲ့လေ၏။

           အတော်အတန် ကြာသောအခါ၌ ခင်၏အခန်းနှင့် ကပ်လျက်အခန်းမှ မိန်းမကြီးသည် ကျွန်ုပ်ထိုးခဲ့သော ကလန့်ကို ဖြုတ်ပေးနေကြောင်း တွေ့ရလေ၏။ ကျွန်ုပ်သည် စိတ်ဝင်စားစွာဖြင့် လက်ဖက်ရည်ဆိုင်တွင်းမှ မုန့်ထဘ့်ထားသော မုန့်ဘီရိုကို ကွယ်ကာ ကြည့်နေလေ၏။ အချိန်မှာ ည (၉) နာရီ ထိုးနေပြီ ဖြစ်၏။ ဤညမှာ တနလာင်္နေ့ည ဖြစ်သောကြောင့် ကျွန်ုပ်သည် ခင့်ထံသို့ လာလေ့မရှိဘဲ ဘုရားသို့ တက်ကာ ဘုရားပေါ်တွင် အိပ်လေ့ရှိသော ညမျိုးဖြစ်၏။

            များမကြာမီ၌ပင် တံခါးကလန့်ကို ဖြုတ်ပေးသော မိန်းမကြီးသည် သူ၏ အခန်းသို့ ပြန်သွားကာ တံခါးကို ပိတ်လိုက်လေ၏။ ထိုအခါ၌ ကျွန်ုပ်၏ ခင်သည် ဝဲယာသို့ စေ့စေ့စပ်စပ် ကြည့်ရှုလိုက်၏။ ထိုသို့ ကြည့်ရှုပြီး များမကြာမီ၌ပင် သူ၏ အခန်းအတွင်းမှ ယောကျာင်္းတစ်ဦး ထွက်လာလေတော့၏။
ထိုသူမှာ ကိုယ်ခန္ဓာ အလွန်ကြီးမားကြောင်း ကျွန်ုပ် သတိပြုမိ၏။ ကျွန်ုပ်သည် လက်ဖက်ရည်ဆိုင် အတွင်းမှ ပြေးထွက်ကာ ထိုသူ၏ ဂုတ်ကို ဖမ်းဆွဲလိုက်လေ၏။ ထိုအခါ ထိုသူကိုလည်း ကျွန်ုပ် ကောင်းစွာ မှတ်မိသွားလေ၏။ ထိုသူသည် တစ်ခါက ရထားပေါ်တွင် ကျွန်ုပ်၏ ခြေထောပ်ကို နင်းသွာဖူးသောသူ ဖြစ်၏။ ထိုသူသည် ကြောက်အားလန့်အားနှင့် ရုန်းကာ ကျွန်ုပ်၏ ခြေထောက်ကို နင်းကာ ထွက်ပြေးလေတော့၏။

          ထိုအခါ ကျွန်ုပ်က ခင့်အား …
“နင် မိန်းမယုတ်ပဲ၊ ဟိုကောင်ကြီးက နင့်လင်ငယ် မဟုတ်လား” ဟု ပြောရာ ခင်သည် ကျွန်ုပ်၏ စကားကို အလေးအနက် မထားဘဲ မြေကြီးပေါ်တွင် တစ်စုံတစ်ခုကို ရှာဖွေနေလေ၏။ ထို့နောက်မှ တွေ့ရှိသွားကာ ကောက်ယူလိုက်လေ၏၊ ထိုအရာမှာ ပရုပ်ဆီ ပုလင်းကလေးပင် ဖြစ်တော့၏။
“နင်ဟာ ပရုပ်ဆီလို မိန်းမမျိုးပဲ” ဟု ကျွန်ုပ်က အြောလိုက်ရာ ခင်က …
“အဲဒီတော့ ရှင်က မပေါင်းချင်ဘူးပေါ့၊ မပေါင်းချင်ရင် ဂျောင်းပေတော့” ဟု ကျွန်ုပ်အား ပြန်၍ ပြောလေတော့၏။ ကျွန်ုပ်သည် သူ၏ပါးကို လှမ်း၍ ရိုက်လိုက်၏၊ ထို့နောက် ထွက်လာခဲ့လေတော့၏။

                                ◻

          ထိုအချန်ကစ၍ ကျွန်ုပ်၏ စိတ်များ ဂနာမငြိမ် ဖြစ်လာ၏၊ ထိုအခါ ကျွန်ုပ်၏ မိတ်ဆွေကောင်း တစ်ဦးက တောင်ပေါ်မြို့လေး တစ်မြို့တွင် တရားပြသော ဆရာတစ်ဦးရှိကြောင်း၊ တရားသွား၍ ထိုင်ငင့်ကြောင်း ပြောပြန်လေ၏၊ ထို့နောက် ထိုတောင်ပေါ်မှ ဆရာ ထုတ်ထားသော တရားစာအုပ်ကလေး တစ်အုပ်ကိုလည်း လက်ဆောင် ပေးလိုက်လေ၏။

          ထို့ကြောင့် ကျွန်ုပ်သည် တောင်ပေါ်မြို့ကလေးသို့ သွားရန်အတွက် ဘူတာရုံသို့ ထွက်ခဲ့လေ၏။ ထို့နောက် ရထားလက်မှတ် ဝယ်ယူကာ ရထားပေါ်သို့ တက်၍ ကျွန်ုပ်၏ ထိုင်ခုံ၌ ထိုင်လိုက်လေ၏။
ခရီးသည်များသည် တက်သူတက်၊ ဆင်းသူဆင်း ပြုနေကြလေ၏။ ခရီးသည်အချို့နှင့် လိုက်ပို့သူအချို့သည် စင်္ကြံလမ်းပေါ်တွင် စကားပြောနေကြလေ၏။ ကျွန်ုပ်သည် လက်ဆောင်ရထားသော တရားစာအုပ်ကို ထုတ်၍ ဖတ်ရှုနေလိုက်လေ၏။

         ထိုအချိန်၌မှာပင် ကျွန်ုပ်၏ နံဘေးထိုင်ခုံသို့ တစ်စုံတစ်ယောက် လာ၍ ထိုင်လိုက်လေ၏။ ကျွန်ုပ်သည် ထိုသူ့ကို လှည့်၍ ကြည့်မိလိုက်လေ၏။ ထိုသူမှာ နှစ်ပေါင်းများစွာက ဤအတိူင်း ဆုံခဲ့ဖူးသော မုတ်ဆိတ်ဖြူ  အဘိုးကြီးပင် ဖြစ်၏။ မုတ်ဆိတ်ဖြူ ကြီးသည်လည်း ကျွန်ုပ်ကို ကောင်းစွာ မှတ်မိသွားလေ၏။

        ထိုအခိုက်မှာပင် အခြားသောခုံမှ တစ်စုံတစ်ယောက်သည် ကျွန်ုပ်တို့ ပြတင်းပေါက်သို့ လာရောက်ကာ ၎င်းကို လိုက်ပို့သောသူနှင့် စကားပြောလေတော့၏။ ၎င်းပြောသော စကားထဲတွင် အမ်ဒီကြီးထံသို့ ပို့ရန်ပစ္စည်းများ စာရင်းလည်း ပါ၏။ ထိုစာရင်းထဲတွင် ဗွီဲဒီယိုအခွေများ၏ အမည်များလည်း ပါ၏။ အမ်ဒီကတော်ကြီး မှာထားသော ခွေးမျိုးကောင်း တစ်ကောင်၏ အကြောင်းလည်း ပါ၏။ ၎င်း၏ အိမ်မှ ရေခဲသေတ္တာ ပျက်နေသည်ကို ရုံးမှ ခိုင်းနေကျလူကို ခေါ်၍ ပြင်ခိုင်းရန်လည်း ပါ၏။ ထို့နောက် ဓါတ်ဆီကို နေ့စဉ်မှန်မှန် ထုတ်ထားရန်လည်း ပါ၏။

          ထိုသူသည် အလုံးစုံ မှာပြီးသောအခါ၌ လိုက်ပို့သူ ပြန်သွားလေ၏။ ထိုသူက နောက်သို့ ဆုတ်လိုက်ရာ ကျွန်ုပ်၏ ခြေထောက်ကို နင်းမိလေ၏။ ထိုအခါ ကျွန်ုပ်သည် ထိုသူအား ဆောင့်၍ တွန်းလိုက်၏။ ထိုသူက ‘ဆောရီး ဆောရီး’ ဟု ပြော၏။ သို့ရာတွင် ကျွန်ုပ်က …
“ဒီမှာ ကိုယ့်လူ၊ ကိုယ့်လူခြေထောက်ကို ဆောင့်နင်းပြီး ဆောရီး ဆောရီးလို့ (၁၅) ခါ ပြောမယ်၊ ကျေနပ်မလား” ဟု ပြောလိုက်ရာ ထိုသူသည် ကျွန်ုပ်၏ ခြေထောက်ကို ကိုင်ကာ အနူးအညွတ် တောင်းပန်သွားလေ၏။

         ကျွန်ုပ်သည် နင်းမိသော ခြေထောက်ကို ခုံပေါ်သို့ တင်၍ ကြည့်လိုက်ရာ ခြေဖျားကလေးများ သွေးခြည်ဥသွားကြောင်း တွေ့ရလေ၏။ ထိုအခါ မုတ်ဆိတ်ဖြူကြီးက သူ၏ လွယ်အိတ်အတွင်းမှ ပရုပ်ဆီပုလင်းလေးကို ထုတ်ကာ ကျွန်ုပ်အား ပေးလိုက်လေ၏။ ကျွန်ုပ်သည် မယူဝံ့မယူရဲ ဖြစ်နေလေ၏။ သို့ရာတွင် ခြေထောက်က နာလွန်းသဖြင့် ပရုပ်ဆီပုလင်းကို ယူကာ ဒဏ်ရာပေါ်တွင် ပရုပ်ဆီကို သုတ်လိမ်းလိုက်လေ၏။
ထို့နောက် မုတ်ဆိတ်ဖြူကြီးအား ယခင်က ဤနေရာ၌ ဤသို့ တွေ့ကြုံရပုံမှအစ နောက်ဆုံး ဖြစ်ပျက်ခဲ့သည့် အတွေ့အကြုံအထိ ပြောပြလိုက်လေတော့၏။

                                 ◻

ထိုအချိန်၌ မျက်နှာချင်းဆိုင် ထိုင်ခုံသို့ မိန်းမတစ်ဦး ရောက်လာလေ၏။ ထိုမိန်းမသည် ပြတင်းပေါက်မှနေ၍ သူ့အား လိုက်ပို့သော မိန်းမကြီးအား အိမ်၌ ပရုပ်ဆီပုလင်း ကျန်ခဲ့ကြောင်းကို ပြောပြလေ၏။ ထို့ပြင် ယခုပင် ခေါင်းကိုက်နေကြောင်းကိုလည်း ပြောပြန်လေ၏။ ထိုအချိန်မှာပင် ရထားသည် ဥသြဆွဲ၍ စတင်ထွက်ခွာနေပြီ ဖြစ်၏။
မျက်နှာချင်းဆိုင်မှ မိန်းမသည် ကျွန်ုပ်၏ လက်ထဲမှ ပရုပ်ဆီပုလင်းကို လှမ်း၍ ကြည့်လိုက်လေ၏။ ကျွန်ုပ်သည် ပရုပ်ဆီပုလင်းကို အဖုံးပိတ်လိုက်ပြီးနောက် မုတ်ဆိတ်ဖြူကြီး၏ လက်သို့ ပြန်၍ ပေးလိုက်လေ၏။ ထိုသို့ ပေးလိုက်ရင်း …
“ပရုပ်ဆီကောင်း သိပ်ပြီးရှားတယ်၊ လူတွေ့တိုင်း လျှောက်ပြီး ဝေမနေနဲ့” ဟု ကျွန်ုပ်က ပြောလိုက်လေ၏။

          ထိုအခါ မုတ်ဆိတ်ဖြူကြီးက …
“ကိုယ့်လူ တရားထိုင်ဖို့ သွားဦးမှာ မဟုတ်လား၊ မသွားနဲ့ ကိုယ့်လူ၊ အပိုပဲ။ ကိုယ့်လူ တရားရမှာ မဟုတ်ဘူး။ ကိုယ့်လူ ရင်ထဲမှာ အတေးအမှတ်တွေ ရှိနေတယ်။ ကိုယ့်လူရဲ့ စိတ်ဟာ အတေးအမှတ်တွေရဲ့ လှောင်အိမ်ထဲမှာ ပိတ်မိနေတယ်။
စိတ်ဆိုတာ တိမ်ကလေးလို လွင့်ပြီး၊ စမ်းရေကလေးလို စီးနေမှ ကောင်းတာ။ အဲဒီလို လွပ်လွပ်လပ်လပ်လေး ရှိနေမှ လွတ်မြောက်မှုနဲ့ ပိုပြီး နီးစပ်လိမ့်မယ် ထင်တယ်။ အခုခါမှာတော့ ကိုယ့်လူဟာ ဒီလိုမဟုတ်ဘူး။ ပရုပ်ဆီကို မုန်းနေပြီ။ ပြီးတော့ ပရုပ်ဆီနဲ့တူတဲ့ မိန်းမကိုလည်း မုန်းနေပြီ။
အမှန်က လောကကြီးဆိုတာ အကြောင်းမဲ့ မောက်မာသူတွေ၊ လောဘအတွက် ယောက်ယက်ခတ် နေတဲ့သူတွေ၊ လော်လီဖောက်ပြားမှုတွေ၊ ဂုဏ်ယူဝင့်ကြွားမှုတွေကြောင့် အသက်ဝင် လှုပ်ရှားနေတာ မဟုတ်လား။ အဲဒီအရာတွေကို ဖယ်လိုက်ရင် လောကကြီးဟာ ဆိတ်ငြိမ်နေတဲ့ တုံဏှီဘောကြီးအဖြစ်ကို ရောက်သွားမှာပေါ့” ဟု ရှည်လျားစွာ ပြောလိုက်လေ၏။

          ကျွန်ုပ်သည် မည်သို့ဖြစ်သည် မသိ၊ မုတ်ဆိတ်ဖြူကြီး၏ စကားကို ကောင်းစွာ နားလည်သွား၏။ ထို့ကြောင့် ရင်ထဲတွင် ပေါ့သွား၏။
“ကျုပ် ပဲခူးဘူတာမှာ ဆင်းပြီး ပြန်တော့မယ်” ဟု ကျွန်ုပ်က ပြောလိုက်ရာ မုတ်ဆိတ်ဖြူကြီးက သူ၏ ပရုပ်ဆီပုလင်းလေးအား ကျွန်ုပ်ကို လက်ဆောင်အဖြစ် ပေးလိုက်လေ၏။

                                 ◻

          ကျွန်ုပ်သည် ကျွန်ုပ်၏ အိမ်သို့ ပြန်လာခဲ့လေတော့၏။ ခင် ( သို့မဟုတ် ) ပရုပ်ဆီနှင့်တူသော မိန်းမထံသို့လည်း မည်သည့်အခါမျှ မသွားတော့ပေ။ သို့ရာတွင် ကျွန်ုပ်သည် ထိုမိန်းမအား မုန်းတီးခြင်း မရှိပါ။ ထို့အတူ ချစ်ခြင်းလည်း မရှိပါ။ ကျွန်ုပ်သည် ချစ်ခြင်း၊ မုန်ုးခြင်းမှ လွတ်မြောက်သွားသည်ဟု ဆိုနိုင်၏။ ထိုမိန်းမအပေါ်၌သာမဟုတ်၊ အရာရာတိုင်း၌ ချစ်ခြင်း၊ မုန်းခြင်း၏ မျဉ်းကြောင်းများကို ကျော်ဖြတ်လာနိုင်ပြီ ဖြစ်၏။
ထို့ကြောင့် မုတ်ဆိတ်ဖြူကြီးထံမှ ရခဲ့သော ပရုပ်ဆီပုလင်းလေးအား ဘုရားစင်ပေါ်သို့ အမြတ်တနိုး တင်ထားလိုက် လေတော့သတည်း။

✳မှတ်ချက်
ဤဝတ္ထု၌ပါသော ကျွန်ုပ်ဆိုသည်မှာ စာရေးသူ မဟုတ်၊ ထို့အတူ တစ်စုံတစ်ယောက်မျှလည်း မဟုတ်ပါ။
တစ်ဖန် ထိုကျွန်ုပ်သည် …
စာရေးသူ ကိုယ်တိုင်လည်း ဖြစ်နေ၏။

                    ◻     ◻     ◻     ◻     ◻

ဆရာ  ®( မင်းသိင်္ခ)