သေနတ်နဲ့လှမ်းပစ်တာနဲ့ မတက်ရဲဘဲ အိမ်ကိုပဲဝိုင်းထားရတယ်ဗျ”
ဦးစံခိုင်တစ်ယောက် စိတ်ပူပန်သွားပြီး
“ဘယ်လိုလုပ်ရမလဲကွာ၊ ဒီမှာကလေးက မွေးနေပြီကွ”
ခင်ကြိုင်က
“ထားလိုက်ပါသူကြီးရယ်၊ ခုနကပဲ ကလေးငိုသံကြားရပြီမဟုတ်လား၊ ခေါင်းထွက်နေရင်မကြာဘူးမွေးပါပြီဗျ၊ ရွာအရေးက အရေးကြီးပါတယ်ဗျာ”
ဦးစံခိုင်လည်း ခေါင်းညိတ်လိုက်ပြီးနောက်
“ဟေ့ကောင်ခင်ကြိုင် မင်းသေသေချာချာစောင့်ကြည့်ထား၊ ကလေးမွေးပြီးရင် ဘာလေးမွေးတယ်ဆိုတာ ငါ့ကိုလာပြောစမ်းကွနော်”
သူကြီးဦးစံခိုင်တစ်ယောက် သူဝတ်ဆင်ထားသည့် တောင်ရှည်ပုဆိုးကြီးကို ခါးတောင်းကျိုက်လိုက်ပြီးနောက် အိမ်ပေါ်မှပြေးဆင်းသွားလေရာ ဖိုးခွေးက သူကြီးကိုကြည့်ရင်း
“သူကြီး၊ ဘာလက်နက်မှ မယူတော့ဘူးလားဗျ”
“မယူတော့ပါဘူးကွာ၊ ဟေ့ကောင်ဖိုးခွေး မြန်မြန်လာကွ”
သူကြီးဦးစံခိုင် ရွာအတွင်းသို့ အပြေးတစ်ပိုင်းဖြင့် ပြေးထွက်လာခဲ့သည်။ ဦးဘောဂတို့မှာ ရွာနှင့်ခပ်လှမ်းလှမ်းနေရာတွင် ဥယျာဉ်ခြံကြီးတစ်ခုတည်ထားကာ မိသားစုလိုက်နေထိုင်ကြခြင်းဖြစ်သည်။ အလွန်ကျယ်ဝန်းလှသည့် ကွမ်းသီးခြံကြီးကလည်း ဝင်ငွေကောင်းလှပေရာ ဦးဘောဂတို့မှာ အလွန်မချမ်းသာလှသော်လည်း စားနိုင်သောက်နိုင်အနေအထားဖြစ်သည်။ ဦးစံခိုင် ကွမ်းခြံအနီးသို့ကပ်ခဲ့သည့်အခါ ခြံအပြင်တွင် ဓါးလှံလက်နက်များကိုင်ဆောင်ထားသည့် ကာလသားများက ပုန်းကွယ်ကာ ခြံကိုဝိုင်းထားကြသည်။
“ဟေ့ ငတင့်၊ မင်းတို့မဝင်ဘူးလားကွ”
“ဝင်ဝံ့ပါ့မလားသူကြီးရာ၊ ခုနက ကျုပ်တို့ခြံထဲအဝင် အိမ်ပေါ်ကနေသေနတ်နဲ့နှစ်ချက်လှမ်းပစ်တာဗျ၊ ခြံစည်းရိုးတိုင်ကိုတစ်ချက်၊ ကွမ်းပင်ကိုတစ်ချက်ထိသွားတယ်”
ဦးစံခိုင်က ခြံအတွင်းသို့လှမ်းကြည့်လိုက်ပြီး
“ဒီကောင်တွေ ဒီသေနတ်ကို ဘယ်ကရပါလိမ့်၊ ဒါနဲ့ ဘယ်နှယောက်လဲဆိုတာ မင်းတို့တွေ့လိုက်လား”
“သုံးယောက်လောက်တော့ရှိမယ်ထင်တယ်ဗျ”
သူကြီးဦးစံခိုင်က ခြံတွင်းသို့အကဲခတ်လိုက်ပြီးနောက် ထသွားရန်ပြင်ဆင်လိုက်စဉ် ကာလသားခေါင်း ငတင့်က ဦးစံခိုင်လက်ကိုဖမ်းဆွဲလိုက်ကာ
“သူကြီး၊ ဒီအတိုင်းဝင်သွားလို့ဖြစ်ပါ့မလား”
“ဖြစ်ပါတယ်ကွ၊ ငါကသေနတ်ပြီးပါတယ်၊ ငါအော်လိုက်တာနဲ့ မင်းတို့အိမ်ထဲကိုပြေးဝင်လာခဲ့ကြ၊ ဟုတ်ပြီလား”
ဦးစံခိုင်မှာ ခြေလှမ်းကျဲကြီးဖြင့် ခြံအတွင်းသို့ ပြေးဝင်သွားလေသည်။ ခြံအရှေ့ဘက်တစ်ခြမ်းလုံးကို ခြံစည်းရိုးများဖြင့်ကာရံထားသည်မို့ ခြံတံခါးတစ်ပေါက်သာ ဝင်ပေါက်ရှိလေသည်၊ ဦးစံခိုင်ခြံတံခါးဆိသို့အရောက်တွင် အိမ်ခေါင်းရင်းခန်းရှိ သစ်သားပြတင်းပေါက်မှာပွင့်ထွက်သွားပြီး ပုဆိုးများဖြင့် မျက်နှာကိုအုပ်သိုင်းစီးထားသည့် လူတစ်ဦးကိုတွေ့လိုက်ရသည်။
“ဟေ့လူ၊ မသေချင်ရင် အနောက်ဆုတ်လိုက်၊ ကျုပ်မှာသေနတ်ပါတယ်နော်၊ ပစ်ထည့်လိုက်ရမလား”
ဦးစံခိုင်က ခါးထောက်လိုက်ပြီး
“ဟေ့ကောင်၊ မင်းတို့တွေ အိမ်ထဲကနေ အေးအေးဆေးဆေးထွက်လာပြီးတော့ အညံ့ခံလိုက်တာကောင်းမယ်နော်၊ နို့မဟုတ်ရင်တော့ မင်းတို့ကို ငါညှာမှာမဟုတ်ဘူး”
“အောင်မာ၊ ခင်ဗျားကြီးက ကြီးကြီးကျယ်ကျယ်နဲ့”
ဦးစံခိုင်က ခြံအတွင်းသို့ဆက်လှမ်းလာခဲ့တော့သည်။ ထိုအချိန် ပြတင်းပေါက်မှ ခြောက်လုံးပြူးသေနတ်တစ်လက်ထွက်ပေါ်လာပြီးနောက် ဦးစံခိုင်ဆီသို့ထိုးချိန်လိုက်သည်ကို ကာလသားများတွေ့လိုက်ကြရသည်။
“ဟေ့လူ၊ ဆက်မတိုးလာနဲ့လို့ပြောတယ်မဟုတ်လား၊ ဒီထက်တိုးလာရင် ကျုပ်ပစ်ထည့်လိုက်မှာနော်”
“မင်းဟာမင်းလုပ်ချင်တာလုပ်ကွာ”
ထိုအခါ အနုကြမ်းသမားမှာ သေနတ်ခလုပ်မောင်းကိုဆွဲညှစ်လိုက်လေသည်။ ခြောက်လုံးပြူးသေနတ် ကျည်ရိုက်တံမှာ ကျည်အိမ်အတွင်းရှိ ကျည်ဆန်အားပြေးရိုက်သော်လည်း ခလောက်ခနဲအသံသာမြည်ကာ ကျည်မထွက်လာခဲ့ပေ။ သေနတ်သမားမှာ ဆက်တိုက်ပစ်သော်လည်း ကျည်တစ်တောင့်မှမထွက်၊ မီးမလိုက်ပေ၊ ဦးစံခိုင်လည်း အချိန်ဆွဲမနေတော့ဘဲ ထိုအိမ်ခေါင်းရင်းပြတင်းပေါက်ဆီသို့ပြေးသွားလိုက်လေသည်။ ပြတင်းပေါက်တံခါးဆီသို့ လွှားခနဲခုန်တက်လိုက်ကာ အံ့အားသင့်နေသည့် သေနတ်သမား၏ ရင်ဝကိုဖနောင့်ဖြင့်ပေါက်ထည့်လိုက်တော့သည်။
သေနတ်သမားမှာ ခွေကျသွားပြီး သေနတ်မှာလည်း ကြမ်းပေါ်သို့ကျသွားလေရာ နောက်ထပ်အနုကြမ်းသမားတစ်ယောက်ခြေရင်းသို့ ကျသွားတော့သည်။ အနုကြမ်းသမားမှာ သေနတ်ကိုအမြန်ကောက်ယူလိုက်ပြီးနောက် ဦးစံခိုင်အားထိုးချိန်ကာ ခလုပ်မောင်းကိုညှစ်နေမိသည်။ တချောက်ချောက်အသံသာထွက်ပေါ်ပြီး ကျည်ဆန်ကမထွက်ပေ၊ ဦးစံခိုင်က ခါးထောက်လိုက်ပြီး
“မင်းတို့သေနတ်က စုတ်နေလို့နဲ့တူပါတယ်ကွာ”
အခြားအနုကြမ်းသမားတစ်ယောက်က ဓါးလွတ်ဖြင့် ဦးစံခိုင်အားဝင်ခုတ်တော့သည်။ ဦးစံခိုင်က မြန်မာ့သိုင်းတတ်ထားသူပီပီ ထိုသူ၏ဓါးချက်ကိုကိုယ်လုံးလွှဲကာ အသာတိမ်းရှောင်လိုက်ပြီး ဓါးကိုင်လက်ကိုဖမ်းချုပ်လိုက်ကာ ရင်ဝကိုဒူးဖြင့်တိုက်ထည့်လိုက်တော့သည်။ ထို့နောက် တစ်ဖန် အနုကြမ်းသမားတစ်ယောက်ဆီသို့ပြေးခုန်ဝင်သွားပြီးနောက် ထိုသူ၏ နားထင်အားလက်သီးနှင့်ထုနှက်လိုက်ရာ ထိုအနုကြမ်းသမားမှာ လဲကျသွားတော့သည်။
သေနတ်ကိုင်အနုကြမ်းသမားမှာ လဲကျနေရာမှထလိုက်ပြီး အိမ်ပေါ်မှဆင်းပြေးရန်အတွက် အိမ်နောက်ဖေးသို့ပြေးဝင်လိုက်လေသည်။ သို့သော် ဦးစံခိုင်က ထိုလူထံသို့ လွှားခနဲခုန်ဝင်လိုက်ပြီး ထိုလူ၏ ပုဆိုးခြုံထားသည့်အစကိုလက်နှင့်ဆွဲထားလိုက်တော့သည်။
“ဘာလဲကွ၊ အခုမှပြေးလို့လွတ်မယ်ထင်နေတာလား”
ထွက်ပြေးသည့်အနုကြမ်းသမားအား တစ်ဖက်သို့ဆွဲလှည့်လိုက်ပြီးထ ိုလူ၏မျက်နှာကို လက်သီးဖြင့်ဘယ်ပြန်ညာပြန်ထိုးလေတော့သည်။ ဦးစံခိုင်၏ ထန်းသီးလုံးခန့်ရှိသည့် လက်သီးများဖြင့် အထိုးခံထိလေရာ အနုကြမ်းသမားမှာ ပျော့ခွေကျသွားလေသည်။
“သူကြီးရေ၊ သူကြီး . . .”
အိမ်ရှေ့မှအော်သံကြားလိုက်ရသည်။ အသံကိုနားထောင်သည်နှင့် ခင်ကြိုင်၏အသံဖြစ်မှန်းသိလိုက်သည်။
“ဟေ့ခင်ကြိုင်၊ ဘာဖြစ်လို့လဲကွ”
“သူကြီးရဲ့ကလေးမွေးပြီဗျ၊ သားလေး၊ သားလေးတဲ့ဗျ”
ဦးစံခိုင်မှာပျော်ရွှင်သွားပြီး ပြုံးဖြီးလိုက်ကာ
“သား၊ သားလေးမွေးတာတဲ့လား”
ထို့နောက် လက်ထဲတွင်ဖမ်းချုပ်ထားသည့် အနုကြမ်းသမားကိုပစ်ချလိုက်ပြီး
“သားမွေးတယ်ဆိုလို့ မင်းကံကောင်းသွားတယ်မှတ်၊ နို့မို့ဆိုရင် မင်းသွားတွေတစ်ချောင်းမှမကျန်အောင် ထိုးပစ်မလို့ကွ”
ဦးစံခိုင်လည်း အိမ်ပေါ်မှပြေးဆင်းလာခဲ့တော့သည်။ ရွာမှကာလသားများကလည်း အိမ်ပေါ်သို့ပြေးတက်လာကြကာ အနုကြမ်းစီးသူများကို ဖမ်းဆီးချုပ်နှောင်လိုက်ကြလေသည်။
(၂)
ဦးစံခိုင်မှာ လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည့်စုံသူတစ်ဦးဖြစ်သည်။ ထို့အတူ ဘာသာတရားလည်းကိုင်းရှိုင်းသကဲ့သို့ အသောက်အစား၊ အပျော်အပါးလည်းကင်းစင်သည်။ သို့သော် ဇာတ်သဘင်တွင်တော့ အထူးဝါသနာထုံလှပေသည်။ ဝါသနာကြောင့် ကျိုက်လတ်မြို့တဝန်း စာဖြူစုရွာတစ်ကြောမှာ ထိုခေတ်က နာမည်ကြီး ဂရိတ်ဦးဖိုးစိန်ဇာတ်၊ စိန်ကတုံးဇာတ်အဖွဲ့များကို ခေါ်သွင်းကာ တကူးတကအားပေးတတ်သူတစ်ဦးဖြစ်သည်။
ထို့အပြင် နယ်ချဲ့အင်္ဂလိပ်များကိုလည်း ကြည့်မရသူတစ်ဦးဖြစ်ပြန်သည်။ မျိုးချစ်စိတ်ဓါတ်ပြင်းထန်သည်။ ရပ်ရွာအေးချမ်းသာယာရေးအရ ရွာသူကြီးလုပ်နေသော်လည်း နယ်ချဲ့အရေးပိုင်၊ မြို့ပိုင်၊ ပုလိပ်များကိုမူကြည့်မရပေ၊ ထိုသူများ၏ လူတန်းစားခွဲခြားမှုကိုလည်း အလွန်မခံချိမခံသာဖြစ်သည်။ ထို့ကြောင့် အင်္ဂလိပ်အရာရှိများနှင့် ခပ်ကင်းကင်းသာနေတတ်သည်။
တစ်နေ့ ဦစံခိုင်နှင့် တူတော်မောင်ခင်ကြိုင်တို့ အိမ်ရှေ့တွင်ထိုင်နေကြလေသည်။ အိမ်၏စီးပွားရေးရာ ကိစ္စများကို တူတောင်မောင်ခင်ကြိုင်သာ လက်လလုပ်ကိုင်နေခြင်းဖြစ်သည်။
“အခုတလော အသံဗလံတွေအကြားရနည်းနေတယ်နော် သူကြီး”
ခင်ကြိုုင်က ဦးစံခိုင်အား သူကြီးဟုသာခေါ်သည်။
“ဘာအသံတွေလဲကွ”
“တခြားမဟုတ်ပါဘူးသူကြီးရာ၊ အရင်တုန်းကဆို ရိုက်မှု၊ နှက်မှု၊ ခိုးမှု၊ ဓါးပြမှုတွေဖြစ်နေတယ်မဟုတ်လား၊ အခုဆို ဒီရွာအနီးတစ်ဝိုက်မှာ ဘာသတင်းမှမကြားတာတောင် အတော်ကြာပြီလို့ပြောချင်တာပါ”
“အေး၊ ဘာသတင်းမှမကြားရတော့လည်း နားအေးတာပေါ့ကွာ”
ထိုစဉ် ဖိုးခွေးတစ်ယောက် ခြံထဲသို့ပြေးဝင်လာပြန်သည်။ ဦးစံခိုင်က ဖိုးခွေးအားကြည့်လိုက်ရင်း
“ဟော၊ ဟိုမှာ ဖိုးခွေးတစ်ယောက်ပြေးလာပြန်ပါလား၊ မင်းကြားချင်တဲ့အသံဗလံတွေများ ပါလာပြီထင်ပါရဲ့”
ဖိုးခွေးက ကွပ်ပျစ်တွင် တင်ပါးလွှဲဝင်ထိုင်လိုက်ပြီးနောက်
“သူကြီး၊ ဟိုသတင်းကြားပြီးပြီလား”
“ဟေ၊ အစမရှိအဆုံးမရှိ၊ ဘာသတင်းတုန်းကွ၊ မင်းညီမ လင်နောက်လိုက်သွားတဲ့သတင်းလား”
“ဟာဗျာ၊ သူကြီးကတော့ ပြောရော့မယ်၊ ဒီတစ်ခါသတင်းကတော့ တော်တော်ထူးတယ်ဗျို့”
ဦးစံခိုင်က ရယ်ကျဲကျဲနဲ့
“ကဲ ဆိုစမ်းပါအုံးကွာ”
“ကျုပ်တို့ရွာနဲ့ခပ်လှမ်းလှမ်း မင်းလှစုရွာကို ဓါးပြငထွားနဲ့အဖွဲ့က ဝင်သောင်းကျန်းနေသဗျ”
“အောင်မာ၊ ဓါးပြတိုက်တာ ဘာဆန်းလို့လဲ”
“ဆန်းတာပေါ့သူကြီးရာ၊ ဓါးပြငထွားတို့မှာ သေနတ်တွေပါသဗျ၊ အခုသူကြီးအိမ်မှာ သူတို့ဓါးပြအဖွဲ့တွေ တပ်ဆွဲထားပြီးတော့ ရွာတစ်ရွာလုံးကို စိမ်ပြေနပြေ ဓါးပြတိုက်နေသတဲ့ဗျာ၊ အခုဆိုရင် သုံးရက်လောက်တောင်ရှိပြီဆိုပဲ”
ဦးစံခိုင်မှာ ထိုစကားကြားလိုက်ရ၍ဒေါသထွက်သွားပြီး
“အောင်မာ၊ တော်တော်လူပါးဝတဲ့ ဓါးပြတွေပါလား၊ ရွာသားတွေက ပြန်မခုခံကြဘူးလားကွ”
“ခုခံချင်တာပေါ့သူကြီးရာ၊ ဒါပေမယ့် ဒီကောင်တွေက သေနတ်တွေနဲ့မဟုတ်လား”
“ဒါဆိုရင်လည်း အင်္ဂလိပ်ကုလားဖြူတွေကို သတင်းပို့ပေါ့ကွ”
“သတင်းကပို့တော့ပို့ထားတယ်ဗျ၊ အထက်က ဘာမှအမိန့််ပြန်မကျသေးလို့တဲ့”
ဦးစံခိုင်တစ်ယောက် ဒေါသထွက်ထွက်နှင့် ကွပ်ပျစ်ကြမ်းခင်းကိုပုတ်လိုက်ပြီး
“တောက်၊ အခွန်အတုပ်ကောက်ဖို့ဆိုရင်တော့ ရွာကိုဆိုက်ဆိုက်လာပြီး၊ ဓါးပြတိုက်နေပါတယ်ဆိုတော့ အထက်အမိန့်မရလို့တဲ့လား၊ ဒင်းတို့အထက်အမိန့်ရတဲ့အချိန် မင်းလှစုရွာတော့ ပြာဖြစ်နေမှာမြင်ယောင်သေးတယ်”
“ဒါကြောင့်ပေါ့ဗျာ၊ ညဘက်ဆိုရင်တော့ မင်းလှစုက ရွာသားတွေက လယ်ကွင်းကိုဖြတ်ပြီးတော့ ခိုးပြေးကြသဗျ၊ ဒါပေမယ့် ဟိုကောင်တွေက ကွင်းထဲလူရိပ်တွေ့တာနဲ့ သေနတ်နဲ့လှမ်းပစ်နေတော့ သေကြတာမနည်းဘူးတဲ့ဗျာ၊ ရွာသားတွေလည်း မပြေးဝံ့တော့ဘူး”
ဦးစံခိုင်က မတ်တပ်ရပ်လိုက်ပြီးတော့ ပုဆိုးပြင်ဝတ်ရင်း
“ဟေ့ကောင်ဖိုးခွေး ငတင့်ကိုသွားခေါ်ကွာ၊ ရွာက ယောက်ျားမှန်သမျှ ဓါးလှံလက်နက်ဆွဲပြီး ငါ့နောက်အခုလိုက်ခဲ့ကြလို့”
ခင်ကြိုင်က စိုးရိမ်တကြီးနဲ့
“သူကြီး၊ သူကြီးဘာလုပ်မလို့လဲ”
“ဘာလုပ်ရမလဲကွ၊ မင်းလှစုကိုသွားပြီး ဒီကောင်တွေကို ဖမ်းရမှာပေါ့”
ခင်ကြိုင်က ဦးစံခိုင်လက်ကိုပြေးဆွဲလိုက်ကာ
“ဟာ၊ မလုပ်ပါနဲ့သူကြီးရာ၊ သူတို့ရွာဖြစ်တာ ကျုပ်တို့နဲ့မှမဆိုင်ဘဲဗျ၊ ပြီးတော့ ဟိုလူတွေမှာလည်း သေနတ်တွေနဲ့မဟုတ်လား၊ အင်္ဂလိပ်တွေက ဂေါ်ရာတွေခေါ်လာပြီး တိုက်ပါလိမ့်မယ်”
“အင်္ဂလိပ်ဆိုတာ အားကိုးလို့မရဘူးခင်ကြိုင်၊ ပြီးတော့ အခုတောင်သုံးရက်ရှိပြီ၊ ဒင်းတို့အရိပ်အခြေမြင်ရသေးလို့လား၊ မင်းလှစုဆိုတာ တို့ရွာနဲ့ ငါးမိုင်လောက်ဝေးတာကွ”
ဖိုးခွေးကလည်း
“ဒါပေမယ့်လည်း ဒီလူတွေက သေနတ်နေတွေနဲ့မဟုတ်လားသူကြီး၊ ကျုပ်တို့ရွာကလူတွေသွားဝိုင်းလို့ သေနတ်နဲ့ပစ်ရင် အလကားအချောင်သေနေပါအုံးမယ်ဗျ၊ ကိုယ့််ရွာဖြစ်တာမှမဟုတ်တာပဲ၊ အနေသာကြီးပါ”
ဦးစံခိုင်က ဒေါသထွက်ထွက်နဲ့ဖိုးခွေးကိုခြေထောက်နဲ့လှမ်းခတ်လိုက်တော့သည်။ ဖိုးခွေးမှာလည်း အကင်းပါးသူပီပီအမြန်ရှောင်လိုက်သဖြင့်သာ မျက်နှာကိုမကန်မိခြင်းဖြစ်သည်။
“ဟေ့ကောင်ဖိုးခွေး၊ ဒီဓါးပြကောင်တွေကိုလွှတ်ထားလိုက်ရင် အခုမင်းလှစုရွာဖြစ်သလို နောက်ဆိုတို့ရွာလည်းဖြစ်လာမယ်ကွ၊ မင်းတို့မလိုက်ရဲရင်နေကြ၊ ငါတစ်ယောက်တည်း ဒီကောင်တွေကိုသွားရှင်းမယ်”
ဦးစံခိုင်က အပြေးတစ်ပိုင်းဖြင့် ခြံဝန်းအတွင်းမှထွက်သွားတော့သည်။ ဖိုးခွေးလည်း ဦးစံခိုင်ထွက်သွားသည်ကိုကြည့်ရင်း
“ဘယ်လိုလုပ်ကြမလဲ ကိုခင်ကြိုင်ရာ”
“ဘာမှလုပ်မနေနဲ့၊ ငတင့်တို့ကိုခေါ်ပြီးတော့ တို့ရွာသားတွေအနောက်ကလိုက်သွားမှဟေ့၊ တစ်ခုခုဖြစ်ကုန်ရင် မကောင်းဘူးကွ”
ခင်ကြိုင်လည်း အိမ်အတက်အဆင်းလှေကားရင်းတွင်ထောင်ထားသည့် လှံတံအားဆွဲယူလိုက်ကာ ဦးစံခိုင်အနောက်သို့အပြေးလိုက်သွားလေတော့သည်။ ဖိုးခွေးလည်း ရွာထဲလှည့်ကာ လူအင်အားစုဆောင်းရတော့သည်။
(၃)
ဦးစံခိုင်မှာ မင်းလှစုရွာကိုအကဲခတ်ကြည့်နေမိသည်။ မင်းလှစုရွာမှာ ရွာငယ်ကလေးဖြစ်သည်။ ရွာပတ်ပတ်လည်တွင် လယ်ကွင်းများက စိမ်းစိုစွာတည်ရှိနေသည်။ နေ့ခင်းကြောင်တောင်ကြီးဖြစ်သော်လည်း ရွာကလေးမှာ လူသူမရှိသည့်အလား တိတ်ဆိတ်နေလေသည်။ ဦးစံခိုင်လည်း ရွာအခြေအနေကိုအကဲခတ်ကြည့်ပြီးနောက် ရွာအတွင်းသို့ခပ်တည်တည်နှင့်ဝင်ခဲ့တော့သည်။
ရွာအပြင်ရွာဦးဘုန်းကြီးကျောင်းအနီးအရောက်တွင် ဘုန်းကြီးကျောင်းဝန်းအတွင်း လူများကိုတွေ့လိုက်ရသဖြင့် ဦးစံခိုင်တစ်ယောက်ရပ်တန့်လိုက်ကာသစ်ပင်အကွယ်တွင် ချောင်းကြည့်နေလိုက်တော့သည်။ ဘုန်းတော်ကြီးကျောင်းအတွင်းမှ ဓါးပြသုံးဦးက ဆင်းလာလေသည်။ ထိုဓါးပြများလက်ထဲတွင်လည်း ကြေးဆင်းတုတော်များ၊ ဘုရားလှူထားသည့် ပစ္စည်းများကိုတွေ့ရသည်။ ထိုသူများအနောက်မှ ဦးဇင်းတစ်ပါးက လိုက်လာပြီး
“ဒကာကြီးတို့ ဦးဇင်းကျောင်းက လိုချင်တာယူပါ၊ ဒီဆင်းတုတော်လေးတော့ ချမ်းသာပေးပါ ဒကာကြီးတို့ရယ်”
ထိုအခါ မုတ်ဆိတ်ကျင်စွယ်ရှိပြီး ထွားကျိုင်းသန်မာသည့်လူတစ်ဦးက
“ဟာဗျာ၊ ခင်ဗျားတို့ကျောင်းမှာ ဟောဒီဆင်းတုကလွဲရင် ကျန်တာအစုတ်အပျက်တွေချည်းဘဲ၊ ဒီဆင်းတုက ရှေးလက်ရာဗျ၊ အင်္ဂလိပ်တွေကိုရောင်းရင် ဈေးကောင်းရလောက်မှာ”
“မလုပ်ပါနဲ့ဒကာကြီးရယ်၊ မလုပ်ပါနဲ့”
ထိုလူက ခါးကြားတွင်ညှပ်ထားသည့် ခြောက်လုံးပြူးသေနတ်ကိုထုတ်ကာ ဦးဇင်းအားချိန်ရွယ်လိုက်ပြီး
“ဒီမှာဦးဇင်း၊ ကျုပ်တို့ကိုဒီဆင်းတု ပေးမလား၊ မပေးဘူးလား”
ဦးဇင်းက ဘာမှမပြောရဲတော့ပေ၊ ထိုအခါ ဦးစံခိုင်လည်း မနေသာတော့သဖြင့်် ကျောင်းဝန်းအတွင်းသို့ပြေးဝင်လာခဲ့လိုက်တော့သည်။
“ဦးဇင်းက ပေးပေမယ့်၊ ငါကမပေးဘူးကွာ”
ဦးစံခိုင်က ကျောင်းဝန်းအဝင်ဝတွင်ရပ်လိုက်ကာ ပြောဆိုလိုက်သဖြင့် ဓါးပြများက လှည့်ကြည့်လိုက်ကြသည်။
“ခင်ဗျားက တော်တော်သတ္တိကောင်းနေပါလား၊ ခင်ဗျားနာမည်ဘယ်သူလဲ”
“ငါ့နာမည်စံခိုင်၊ စာဖြူစုရွာသူကြီးပဲကွ”
ထိုအခါ ဓါးပြများမှာ ထိတ်လန့်သွားကြပြီး
“စာဖြူစုသူကြီးဆိုရင် သေနတ်ပြီးတဲ့သူကြီးပဲ၊ ဆရာငထွား”
ငထွားဆိုသူကတော့ ရယ်မောလိုက်ရင်း
“မင်းတို့တွေက မဟုတ်တဲ့စကားတွေကို နားယောင်ပြီး ကြောက်နေကြတာပဲကွ၊ ငါပြောမယ်၊ ဗမာပြည်မှာ သေနတ်ပြီးတဲ့လူမရှိပါဘူးကွာ၊ ဗမာတွေသာ သေနတ်ပြီးတဲ့အတတ်ကိုတတ်ရင် အင်္ဂလိပ်ရဲ့ကျွန် ဘယ်ဖြစ်မလဲကွ”
ဦးစံခိုင်က အရှေ့သို့ဆက်လျှောက်လာပြီး
“မင်းတို့လက်ထဲက ဘုရားကိုချပြီး ကျောင်းဝန်းထဲက အေးအေးဆေးဆေးပြန်သွားကြပါ”
ငထွားက ရယ်မောရင်း
“ဟား၊ ဟား၊ ကျုပ်ကလည်း အဲဒီလိုသေနတ်ပြီးတယ်တို့ ဘာတို့ကို ကိုယ်တိုင်မြင်ရမှ ယုံတဲ့လူဗျ၊ ဟေ့လူကြီး ခင်ဗျားဒူးထောက်ချလိုက်၊ မဟုတ်ရင် ကျုပ်သေနတ်နဲ့ပစ်ထည့်လိုက်မယ်”
ဦးစံခိုင်က မျက်နှာကိုမဲ့ရွဲ့လိုက်ပြီး
“မင်းမယုံရင်လည်း ပစ်သာပစ်စမ်းကွာ”
ငထွားက ဦးစံခိုင်အား ခြောက်လုံးပြူးနှင့်ထိုးချိန်ကာ ပစ်ခတ်လိုက်လေသည်။ သို့သော် သေနတ်က ကျည်မထွက်၊ မီးမကူးဘဲဖြစ်နေလေသည်။ ဦးစံခိုင်က ရယ်မောရင်း
“မင်းသေနတ်က စုတ်နေလို့ဖြစ်မယ်ကွ”
ငထွားပင် အံ့သြသွားပြီး သူ့သေနတ်သူမယုံသင်္ကာနဲ့ကြည့်လိုက်ကာ မိုးပေါ်သို့တစ်ချက်ထောင်ဖောက်လိုက်တော့သည်။
“ဒိုင်း”
ကျယ်လောင်သည့်သေနတ်သံတစ်ချက်ထွက်ပေါ်သွားတော့မှ ငထွားက ဦးစံခိုင်ကိုချိန်ရွယ်လိုက်ပြီး ထပ်မံပစ်ခတ်လိုက်ပြန်သည်။ သို့သော် သေနတ်ကျည်မထွက်ပေ။ ငထွားမှာမကျေနပ်သေးဘဲ သူ့ကျောတွင်လွယ်ထားသည့် ရိုင်ဖယ်သေနတ်ကိုဆွဲဖြုတ်လိုက်ကာ ထိုသေနတ်ဖြင့်ပင် ပစ်ခတ်ပြန်သည်။ သို့သော် ကျည်မထွက်ပေ။
“ဟေ့ကောင်တွေ၊ မင်းတို့လည်း ဝိုင်းပစ်ကြကွာ”
ဓါးပြလေးယောက်မှာ လက်ထဲမှပစ္စည်းများချပြီး သေနတ်များဖြင့်ထိုးချိန်ကာ ဝိုင်းဝန်းပစ်ခတ်သော်လည်း ဦးစံခိုင်အားချိန်ရွယ်၍ ပစ်ခတ်မရပေ၊ အခြားနေရာများသို့ ပစ်ခတ်သည့်အခါ ကျည်ထွက်နေလေသည်။
“ကဲ မင်းတို့ပြီးရင်ငါ့အလှည့်”
ဦးစံခိုင်က ဓါးပြခေါင်းဆောင်ဖြစ်သူငထွားအား တိုက်ခိုက်ရမည်ဟု တွေးထင်လိုက်ကာ ငထွားထံသို့ပြေးဝင်တိုက်ခိုက်တော့သည်။ ငထွားမှာ သေနတ်များပစ်ခတ်မရသည့်အတွက် လက်ချည်းဗလာဖြင့်သာ ခုခံရတော့သည်။ ငထွားမှာလည်း တိုက်ရည်ခိုက်ရည်ရှိသူတစ်ယောက်ဖြစ်သည့်အတွက် သူတို့နှစ်ဦးအကြိတ်အနယ်တိုက်ခိုက်ကြရလေသည်။ နောက်ပိုင်းတွင်သက်လုံကောင်းသည့် ဦးစံခိုင်ကို ငထွားကဆက်မတိုက်နိုင်တော့ဘဲ ဦးစံခိုင်၏ ပင့်လက်သီးတက်ချက်မှာ ငထွား၏မေးရိုးထံသို့ ပစ်ဝင်သွားပြီးသည့်နောက် ငထွားမှာမြေတွင်မှောက်သွားလေတော့သည်။ ငထွားမှောက်သွားသည့်အခါ ကျန်သည့်ဓါးပြများမှာ အလွန်ကြောက်ရွံ့သွားကြသည်။
“ငထွားပြီးရင် မင်းတို့အလှည့်ပဲ”
ထိုဓါးပြများမှာ သေနတ်များကိုပင်ပစ်ချပြီး ကစဉ့်ကလျားခြေဦးတည့်ရာထွက်ပြေးကြလေသည်။ ထိုအချိန်တွင် စာဖြူစုရွာမှ ချီတက်လာကြသည့် ရွာသားများနှင့် ပက်ပင်းတိုးကာ အဖမ်းခံရတော့သည်။ ဓါးပြများကို ကျိုက်လတ်ဂတ်တဲသို့ ဓါးပြမှု၊ လူသတ်မှုများဖြင့် အပ်လိုက်ကြရသည်။
(၄)
သေနတ်ကိုင်သောင်းကျန်းနေသည့် ဓါးပြများကို လက်ဗလာနှင့် ဝင်ရောက်ဖမ်းဆီးသည့် စာဖြူစုရွာသူကြီး ဦးစံခိုင်၏သတင်းမှာ တောမီးပမာပြန့်နှံ့သွားပြီး ရွာနီးချုပ်စပ်များသာမက ကျိုက်လတ်တစ်ခွင်ပါ ပြန့်သွားလေတော့သည်။ သေနတ်ပြီးသည့် သူကြီးအား ကျိုက်လတ်မြို့ပေါ်မှလူများပင် လာရောက်ကြည့်ရှုတွေ့ဆုံကြသည်အထိဖြစ်သည်။
ဦးစံခိုင်သေနတ်ပြီးသည့်သတင်းမှာ ဗမာများကြားတွင်သာ ပြန့်နှံ့သွားချင်းမဟုတ်ဘဲ ဖျာပုံအရေးပိုင်မင်း မစ္စတာဘောင်းဆိုသူ၏ နားထံသို့ပေါက်သွားလေသည်။ မစ္စတာဘောင်းမှာ အင်္ဂလိပ်လူမျိုးစစ်စစ်ဖြစ်သော်လည်း ဗမာစကား၊ ဗမာစာပေကိုတတ်ကျွမ်းကာ ဗမာလိုပီပီသသပြောနိုင်သူတစ်ဦးလည်းဖြစ်သည်။ အခြားအင်္ဂၤလိပ်အရာရှိများက သေနတ်ပြီးသည်ဆိုသည့် ကိစ္စအားကောလာဟလသဖွယ် မယုံကြည်ကြသော်လည်း မစ္စတာဘောင်းကတော့ ထိုအဖြစ်မျိုးကိုအလွန်စိတ်ဝင်စားသည်။ ထို့ကြောင့် ဦးစံခိုင်အား အရေးပိုင်မင်းရုံးခန်းသို့ ဆင့်ခေါ်လိုက်တော့သည်။
ဦးစံခိုင်မှာ အရေးပိုင်မင်းရုံးခန်းအတွင်းသို့ဝင်လိုက်ကတည်းက မျက်နှာထားတည်တည်နှင့် ခန့်ခန့်ညားညားဖြစ်ကြောင့် မစ္စတာဘောင်းက ရိပ်စားမိလိုက်သည်။ အကြောင်းမှာ အခြားရွာသူကြီး၊ နယ်သူကြီး၊ တိုက်သူကြီးများဆိုလျှင် အရေးပိုင်မင်းနှင့်တွေ့ဆုံရသည့်အတွက် ဝမ်းပန်းတသာ လှိုက်လှိုက်လှဲလှဲနှင့် နှုတ်ဆက်ကာ တံစိုးလက်ဆောင်များလည်း ယူဆောင်လာလေ့ရှိသော်လည်း ဦးစံခိုင်မှာတော့ ခပ်တည်တည် ခပ်တန်းတန်းသာဖြစ်သည်။
“မင်းလှစုရွာမှာ တပ်စွဲနေတဲ့ဓါးပြငါးယောက်ကို ခင်ဗျားကတစ်ယောက်တည်း ဝင်ဖမ်းခဲ့တာဆို”
“ဟုတ်ပါတယ်”
ဦးစံခိုင်က ခပ်ပြတ်ပြတ်ပြောလိုက်သဖြင့် မစ္စတာဘောင်း နားဝင်မတွေ့သည်မှာတော့ အမှန်ဖြစ်သည်။
“နေပါအုံးဗျ၊ ခင်ဗျားစကားပြောတာကလည်း ခပ်ပြတ်ပြတ်ရယ်၊ တခြားသူတွေဆို ကျုပ်နဲ့စကားပြောရင် ဟုတ်ပါတယ်ဘုရား၊ မှန်ပါတယ်ဘုရားဆိုပြီး ထည့်ထည့်ပြောတတ်တယ်၊ ခင်ဗျားက ဒီလိုမပြောပါလား”
ဦးစံခိုင်က အရေးပိုင်မင်းကိုစိုက်ကြည့်လိုက်ပြီး
“ဒီမှာကျုပ်ပြောမယ်၊ သူများပြောတာမပြောတာ ကျုပ်ဂရုမစိုက်ဘူး၊ ကျုုပ်ကတော့ ခင်ဗျားတို့ကုလားဖြူတွေကို ဘုရားတပ်မခေါ်နိုင်ဘူး၊ ခင်ဗျားတို့က ကျုပ်တို့နိုင်ငံကို အဓမ္မသိမ်းယူပြီး ဖိနှိပ်အုပ်ချုပ်နေတဲ့လူတွေပဲ၊ ဒါကြောင့် ကျုပ်ကတော့ ခင်ဗျားတို့ကို ဘုရားလို့မခေါ်နိုင်ဘူး”
မစ္စတာဘောင်းက ပြုံးလိုက်ရင်း
“ကောင်းပါပြီ၊ ခင်ဗျားရဲ့သတ္တိကိုကျုပ်လေးစားလို့ခေါ်လိုက်တာပါ၊ ကဲပါ ခင်ဗျားဒီအမှုအတွက် ဘာများပြောချင်သေးလဲ၊ ကျုပ်အထက်ကိုတင်ပြပေးပါ့မယ်”
မစ္စတာဘောင်းက ဦးစံခိုင်အား ဆုကြေးတောင်းခိုင်းချင်းဖြစ်သည်။ အခြားရွာသူကြီး၊ မြို့သူကြီးများဆိုလျှင် ကိစ္စတစ်ခုကိုဆောင်ရွက်ပြီးသည့်အခါတိုင်း ဆုတော်လာဘ်တော်ချီးမြှင့်ရန် တောင်းခံနေကျဖြစ်သည်။ သို့သော် ရိုးသားလှသည့် ဦးစံခိုင်က ထိုအချက်ကိုမသိဘဲ မစ္စတာဘောင်းအားကြည့်ပြီး
“သေနတ်ဆိုတာ ကျုပ်တို့ဗမာတွေကိုင်ခွင့်မရှိပါဘူး၊ ခင်ဗျားတို့ကုလားဖြူတွေဆီမှာပဲ ရှိတဲ့အရာပါ၊ အဲဒီသေနတ်က ဗမာတွေလက်ထဲတင်မက သူခိုးဓါးပြတွေလက်ထဲပါ ရောက်နေပုံထောက်တော့ ဒီသေနတ်တွေဘယ်ကထွက်သလဲဆိုတာ အလွန်သိသာနေပါတယ်၊ ဒါကြောင့် အရေးပိုင်မင်းနဲ့ အင်္ဂလိပ်အရာရှိတွေ တိုင်းပြည်ကိုတကယ်သာယာငြိမ်းချမ်းစေချင်တယ်ဆိုရင်တော့ ခင်ဗျားတို့ပိုင်တဲ့သေနတ်တွေကို သတိထားထိန်းသိမ်းပေးပါလို့ပဲပြောချင်ပါတယ်”
မစ္စတာဘောင်းမှာ ဦးစံခိုင်စကားကြားသည့်အခါ အံ့သြဘနန်းဖြစ်ပြီး လက်ခုပ်ထတီးမိသည်။
“ခင်ဗျားဟာ တကယ်ဖြောင့်မတ်တဲ့လူပါပဲ ဦးစံခိုင်”
ဦးစံခိုင်က အခန်းထဲမှပြန်ထွက်မည်အလုပ်တွင် မစ္စတာဘောင်းက
“နေပါအုံး ဦးစံခိုင်၊ ကျုပ်တစ်ခုမေးစရာရှိပါသေးတယ်”
ဦးစံခိုင်မှာ တစ်ဖက်သို့ပြန်လှည့်လိုက်ရတော့သည်။
“ခင်ဗျားသေနတ်ပြီးတယ်ဆိုတာ တကယ်ပဲလား”
ဦးစံခိုင်က ခေါင်းသာညိတ်ပြလိုက်သည်။
“ကျုပ်ခင်ဗျားကိုစမ်းချင်တယ်၊ ခင်ဗျားအဆင်ပြေရဲ့လား”
ဦးစံခိုင်က ခေါင်းညိတ်လိုက်ပြီး
“ခင်ဗျားစမ်းချင်သလိုစမ်းပါ”
မစ္စတာဘောင်းက အံဆွဲအတွင်းမှ ခြောက်လုံးပြူးအသစ်တစ်လက်ကိုဆွဲထုတ်ရင်း
“ဗမာတွေမှာ တုတ်ပြီး၊ ဓါးပြီးတဲ့အစီအရင်တွေရှိတယ်လို့တော့ကြားဖူးတယ်၊ ဒါပေမယ့် သေနတ်ပြီးတဲ့အစီအရင်ဆိုတာကတော့ အလိမ်အညာတစ်ခုပဲမဟုတ်လား”
ဦးစံခိုင်က မျက်မှောင်ကြုတ်လိုက်ကာ
“လိမ်ပြောတယ်ဆိုတာ ငါးပါးသီလဖောက်ရာကျပါတယ်၊ ကျုပ်တို့ဗမာတွေက ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲအောင်စောင့်တဲ့အတွက် ဘယ်တော့မှမလိမ်ပါဘူး”
“ဒါဖြင့်ရင် တိုက်ဆိုင်တာဆိုရင်ရောဗျာ၊ ခင်ဗျားကိုပစ်တဲ့သေနတ်တွေက သေနတ်အဟောင်းတွေမို့လို့ များလား၊ ဒါမှမဟုတ် သေနတ်မှာထည့်တဲ့ကျည်ဆန်တွေက အတုတွေလား၊ ရေစိုနေလို့ မီးမကူးတာများလား”
“အပိုတွေပြောမနေပါနဲ့ မစ္စတာဘောင်း၊ ခင်ဗျားမှာ သေနတ်ကောင်းကောင်းရှိတယ်ဆိုရင် ဟောဒီကျုပ်ရင်ဘတ်ကိုသာ တည့်တည့်ချိန်ပြီး ပစ်ထည့်လိုက်စမ်းပါ”
ဦးစံခိုင်က ပြောဆိုရင်း သူဝတ်ဆင်ထားသည့် အကျီရင်ဘတ်ကိုဖွင့်ပေးလိုက်လေတော့သည်။ ထွားကျိုင်းလှသည့် ရင်အုပ်ကြွက်သားကြီးများအပေါ်တွင်တော့ အနီရောင်ဆေးဖြင့်ထိုးနှံထားသည့် ဆေးမင်ကြောင်ရုပ်များ၊ အင်းကွက်များက ပြည့်နှက်နေလေသည်။ မစ္စတာဘောင်းက သူ့သေနတ်အသစ်ကို ကောက်ကိုင်လိုက်ပြီးနောက်
“ကျုပ်သေနတ်က ထုတ်ထားတာမကြာသေးတဲ့သေနတ်အသစ်စက်စက်နော်၊ ခင်ဗျားနောက်မှ နောင်တမရနဲ့ ဦးစံခိုင်”
“တကယ်လို့ အရေးပိုင်မင်း သေနတ်က ကျည်ထွက်ပြီး ကျုပ်သေခဲ့တယ်ဆိုရင်၊ ကျုပ်နဖူးမှာ သေနတ်မပြီးတဲ့သူကြီးလို့ စာရေးပြီး ကျုပ်ကိုမြေမြှုပ်လိုက်စမ်းပါဗျာ”
မစ္စတာဘောင်းက ပြုံးလိုက်ပြီးနောက် ဦးစံခိုင်ကိုသေနတ်ဖြင့်လှမ်းချိန်လိုက်သည်။ ထို့နောက် သေနတ်မောင်းခလုပ်အား လက်ညှိုးဖြင့်အသာညှစ်ချလိုက်လေသည်။
“ချောက် . . .”
သေနတ်အသစ်၊ ကျည်အသစ်ပင်ဖြစ်လင့်ကစား သေနတ်မှာကျည်မထွက်ပေ၊ မစ္စတာဘောင်းက ကျည်အိမ်များကိုဖွင့််ပြီးစစ်ဆေးရာတွင်လည်း ကျည်ဆန်များက အကောင်းပကတိအတိုင်းပင်ဖြစ်နေသည်။ သုံးလေးချက်ပစ်သော်လည်း ကျည်မထွက်သဖြင့် မယုံသင်္ကာနှင့် ပြတင်းပေါက်အပြင်သို့ချိန်ရွယ်ကာ ပစ်ခတ်လိုက်တော့သည်။
“ဒိုင်း”
ကျယ်လောင်သည့် သေနတ်သံတစ်ချက်ထွက်လာပြီးနောက် ပြတင်းပေါက်အပြင်မှ သရက်ပင်၏ပင်စည်အားသွားရောက်ထိမှန်လေသည်။ ထိုအခါ အရေးပိုင်မင်းရုံးခန်း အစောင့်စစ်သားများကပြေးဝင်လာကြသည်။ မစ္စတာဘောင်းက ထိုအစောင့်များကို လက်ကာပြရင်း
“ကျုပ်တကယ်ကြုံမှ ဝန်ခံသွားပါပြီဗျာ၊ တကယ်တော့ သေနတ်ပြီးတယ်ဆိုတာ တကယ်ပဲကိုးဗျ”
မစ္စတာဘောင်းက သေနတ်ကိုစားပွဲပေါ်သို့တင်လိုက်ပြီးနောက်
“ဒါနဲ့ ဘာလို့ဒီလိုမျိုးသေနတ်ပြီးနေတယ်ဆိုတာကို ပြောပြလို့ရနိုင်မလား”
ဦးစံခိုင်က ရင်အုပ်နှစ်ဖက်မှ လေးကွက်အင်းနှစ်ကွက်ကိုလက်ညှိုးထိုးပြလိုက်ရင်း
“ဟောဒီအင်းကြောင့်ပါပဲ၊ ပြီးတော့ သေနတ်ပြီးတဲ့အစီအရင်လုပ်မယ်ဆိုရင် သစ္စာတစ်ခုဆိုရပါတယ်”
“ဘယ်လိုသစ္စာမျိုးများလဲ”
“သေနတ်ကိုကိုင်တွယ်ပြီး မည်သည့်သတ္တဝါ၊ တိရစ္ဆာန်ကိုမှ နာကျင်အောင်မလုပ်ပါဟု သစ္စာပြုပါသည်၊ ထိုသစ္စာမှန်ကန်ပါက ကျွနု်ပ်အားလည်း မည်သူတစ်ဦးတစ်ယောက်မှ သေနတ်မီးပေါက်များဖြင့် နာကျင်အောင်မပြုုလုပ်နိုင်ပါစေနှင့် လို့ သစ္စာဆိုရပါတယ်”
“ဆန်းကြယ်ပါတယ် ဦးစံခိုင်၊ ဒါနဲ့ အဲဒီအစီအရင်လုပ်တဲ့နေရာကိုသိမလား”
ဦးစံခိုင်က မျက်မှောင်ကြုတ်လိုက်ကာ ကြည့်ုလိုက်ရင်း
“အရေးပိုင်မင်းက သေနတ်ပြီးချင်သလား”
“သေချာတာပေါ့ဗျာ၊ သေနတ်တွေနဲ့စစ်တိုက်နေတဲ့ခေတ်မှာ သေနတ်ပြီးတယ်ဆိုတာက ဘုရားသခင်က ပေးအပ်တဲ့အားသာချက်တစ်ခုပါပဲ၊ ကျုုပ်လည်း ဒီအစီအရင်ကိုလုပ်ချင်ပါတယ်”
ဦးစံခိုင်က ခေါင်းခါလိုက်ပြီး
“ခင်ဗျားတို့လို မိစ္ဆာဒိဌိတွေ လုပ်လို့မရဘူး”
ထိုသို့တစ်ခွန်းတည်းပြောကာ ရုံးခန်းအတွင်းမှ ထွက်ခဲ့လေတော့သည်။ အရေးပိုင်မင်းလည်း ဦးစံခိုင်အားချီးကျူးလျှက် ဓါးပြမှုတွင်စွမ်းစွမ်းတမံစွမ်းဆောင်ခဲ့သည့် ဦးစံခိုင်အား ဆုချီးမြှင့်ပေးပါရန် အထက်အရာရှိများကို စာတစ်စောင်ရေးသားပေးလိုက်လေတော့သည်။
(၅)
“စာဖြူစုရွာသူကြီး ဦးစံခိုင် ဆုတော်လက်ခံယူပါ”
နှစ်ပတ်ခန့်ကြာသည့်အခါ နယ်ပိုင်ရုံးမှဝန်ထမ်းများ စာဖြူစုရွာသို့ရောက်လာလေသည်။ ဦးစံခိုင်အား ငွေဒင်္ဂါးများနှင့်အတူ နှစ်လုံးပြူးသေနတ်တစ်လက်နှင့် ကျည်ဆန်အတောင့်သုံးဆယ်ပါသည့် ခါးပတ်တစ်ခုအားပေးအပ်ခဲ့လေသည်။ ဦးစံခိုင်ကတော့ သေနတ်ကြီးအားကြည့်ပြီး သက်ပြင်းတချချနှင့်ဖြစ်နေမိသည်။
“သေနတ်မကိုင်တဲ့လူကိုမှ သေနတ်လာပေးရတယ်လို့ကွာ၊ ငါတော့ ဒါကြီးကို လွှင့်သာပစ်ချင်တယ်”
ခင်ကြိုင်က သေနတ်အားကိုင်ကြည့်ရင်း
“ဒီလိုဘယ်လုပ်လို့ရမလဲ၊ ဒီသေနတ်က သူကြီးကိုပေးတယ်ဆိုပေမယ့် လိုင်စင်နဲ့ဗျ၊ သေနတ်ပျောက်ရင် လက်နက်ပျောက်ဆုံးမှုနဲ့ အမှုအခင်းတောင်ဖြစ်အုံးမှာ”
“ဒါဖြင့်ဘယ်လိုလုပ်ကြမလဲ”
“သေနတ်ကိုအိမ်ရှေ့ခန်းမှာ ချိတ်ထားကြတာပေါ့ဗျာ၊ ဘာပဲပြောပြော သေနတ်ရှိတော့ လူရှိန်တာပေါ့သူကြီးရ”
သေနတ်နှင့် ကျည်ခါးပတ်ကို အိမ်ရှေ့နံရံတွင် ဆွဲချိတ်ထားလိုက်တော့သည်။ အင်္ဂလိပ်ခေတ်က သေနတ်ကိုင်နိုင်သူမှာ နှယ်နှယ်ရရမဟုတ်ပေ၊ အင်္ဂလိပ်အစိုးရက အလွန်အားကိုးယုံကြည်သည့်သူမှသာ သေနတ်ကိုင်ဆောင်ခွင့်ရသည်။ ခင်ကြိုင်ပြောသကဲ့သို့ပင် သေနတ်ရှိသည့်အခါ လူအများက အတော်အတန်ကြောက်ရွံ့ကြသည်။ ယခင်က ရန်ဖြစ်မှု၊ ရိုက်နှက်မှုများတွင် အတော်အတန်ဖြေရှင်းရသော်လည်း ယခုအခါတွင်တော့ သေနတ်ကိုင်သူကြီးရောက်လာပြီဆိုသည်နှင့် ထိုရန်ပွဲမှာ မီးကိုရေနှင့်လောင်းသကဲ့သို့ ငြိမ်သက်သွားလေ့ရှိသည်။ စာဖြူစုရွာတွင်သာမက အနီးအပါးရွာများအထိပါ ဦးစံခိုင်၏ သြဇာက လွမ်းမိုးနေလေသည်။
တစ်မနက်ခင်း နံနက်စာစားနေသည့်အချိန်တွင် ဖိုးခွေးတစ်ယောက် အပြေးရောက်လာပြန်သည်။ ဦးစံခိုင်မှာ ထမင်းစားရင်း ဖိုးခွေးပြေးလာသည်ကိုမြင်လိုက်ရ၍
“ဟာ၊ ဖိုးခွေးတော့ပြေးလာပြန်ပဟေ့၊ ရွာထဲဘာဖြစ်မလဲမသိဘူး”
ဖိုးခွေးမှာ အမောတကောနှင့်
“သူကြီး၊ သူကြီး . . . ရွာပြန်ထန်းတောမှာ ထန်းသမားတွေရိုက်နေကြတယ်တဲ့သူကြီးရ”
“တောက်၊ ဒီကောင်တွေဆိုတာကလည်း မိုးမလင်းသေးဘူးရိုက်နှက်နေကြပြန်ပြီ”
သူကြီးဦးစံခိုင်မှာ ထမင်းစားရင်းလက်ဆေးကာ ဖိုးခွေးအနောက်သို့ထလိုက်သွားသည်။ ခင်ကြိုင်မှာလည်း ထမင်းစားနေရင်း အိမ်ပေါ်သို့ပြေးတက်သွားကာ ကျည်ခါးပတ်ကိုလွယ်လျှက် သေနတ်ထမ်း၍ သူကြီးအနောက်သို့လိုက်လာခဲ့ရသည်။ ရွာပြင်အနီးတွင် ရွာသားများက အုံခဲနေကြသည်။ ထန်းတောထဲတွင်တော့ ရွာခံလူမိုက်များနှင့် အခြားရွာမှလူမိုက်များမှာ ဝါးရင်းတုတ်များဖြင့် ရိုက်နှက်နေကြသည်မှာ ပွဲကြီးပွဲကောင်းဖြစ်နေသည်။
“ဟေ့ကောင်တွေရပ်စမ်း၊ အခုချက်ချင်းရပ်လိုက်ကြစမ်း”
သူကြီးကအော်ဟစ်နေသော်လည်း ရန်ဖြစ်နေသည့်သူများမှာ ဆက်လက်တိုက်ခိုက်နေကြဆဲဖြစ်သည်၊ ခင်ကြိုင်က သေနတ်ကိုကျည်ထိုးပေးပြီး
“ရော့သူကြီး သေနတ်ကိုမိုးပေါ်ထောင်ဖောက်လိုက်၊ ဒီကောင်တွေကြောက်သွားကြလိမ့်မယ်”
ဦးစံခိုင်လည်း သေနတ်ကိုဆွဲယူလိုက်ပြီးနောက် မိုးပေါ်သို့ထောင်ကာ ပစ်ဖောက်လိုက်လေတော့သည်။
“ဒိန်း . . .”
ကျယ်လောင်သည့် သေနတ်သံကိုကြားလိုက်ရသည့်အခါမှသာ တိုက်ခိုက်နေသူများမှာ ရပ်တန့်သွားကြတော့သည်။ ထိုအခိုက် ထန်းပင်ပေါ်မှ ထန်းသမားညွန့်တင်မှာ အော်ဟစ်လျှက်ပြေးဆင်းလာလေသည်။
“ဟ၊ ညွန့်တင် မင်းဘာဖြစ်တာလဲ”
ညွန့်တင်၏ ခြေထောက်တွင် သွေးအလိမ်းလိမ်းနှင့်ဖြစ်နေသည်။ ခင်ကြိုင်က ဦးစံခိုင်အနားကပ်ရင်း
“သူကြီးသေနတ်မိုးပေါ်ထောင်ဖောက်လိုက်တာ ထန်းတက်နေတဲ့ညွန့်တင်ကို ထိသွားပုံရတယ်သူကြီးရ”
ညွန့်တင်ပေါင်ရင်းတွင် ကျည်ဖောက်ရာကိုတွေ့လိုက်ရလေသည်။
“သွားပြီ၊ သွားပြီ၊ ငါ့သစ္စာပျက်ပြီ”
ရန်ပွဲလည်းငြိမ်းသွားသလို ညွန့်တင်ကိုလည်း ဆေးဖိုးဝါးခလျော်ပေးလိုက်ရလေသည်။ သူကြီးမှ မတော်တဆပစ်ခတ်မိခြင်းဖြစ်သဖြင့် ထန်းသမားညွန့်တင်လည်း အထွန့်မတက်ရဲဘဲ ကျေအေးပေးလိုက်ရသည်။ သို့သော် စိတ်မအေးနိုင်သူကတော့ သူကြီးဦးစံတင်ဖြစ်သည်။ ထိုအဖြစ်ကို တူတောင်မောင်ခင်ကြိုင်ကလည်း ရိပ်စားမိသည်။
“သူကြီးကြည့်ရတာ တစ်မျိုးပဲဗျာ၊ ခုတလော မစားမသောက်နဲ့၊ တမှိုင်မှိုင်နဲ့ပါလားဗျ”
“အေးကွာ၊ ငါထားခဲ့ဖူးတဲ့ သစ္စာတစ်ခု ပေါက်သွားလို့ စိုးရိမ်နေတာပါကွ”
ဦးစံခိုင်မှာ သေနတ်ပြီးသည့်ဆေးထိုးနှံခဲ့စဉ်က သေနတ်ဖြင့်မည်သူ့ကိုမှ နာကျင်အောင်လုပ်ပါဟု ဆိုထားသည့် သစ္စာစကားအကြောင်းကို ခင်ကြိုင်အားပြောပြလိုက်လေသည်။ ခင်ကြိုင်က ခေါင်းညိတ်ရင်း
“ဟာဗျာ၊ သူကြီးကလည်း ဒီကိစ္စဖြစ်တာကလည်း မတော်တဆဖြစ်တာပဲမဟုတ်လား၊ သူကြီးက သူ့ကိုနာပါစေတော့၊ သေပါစေတော့ဆိုပြီး ပစ်လိုက်တာမှမဟုတ်တာ”
“အေး၊ ဟုတ်တော့ဟုတ်သားကွနော်”
“နောက်ပြီးတော့ အရေးကြီးတာက စိတ်ပါမှမဟုတ်လား၊ သူကြီးက သူ့ကိုပစ်ချင်လို့ပစ်လိုက်တာမှ မဟုတ်တာသူကြီးရာ၊ ဒီလောက်နဲ့တော့ သစ္စာမပျက်လောက်ပါဘူးဗျ”
ခင်ကြိုင်ပြောသည့်စကားများကို ကြားရသည့်အခါမှပင် သူကြီးဦးစံခိုင်တစ်ယောက် သက်ပြင်းချနိုင်တော့လေသည်။
(၆)
သို့နှင့် နှစ်ပေါင်းများစွာကြာမြင့်လာခဲ့ပြီဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီး မြန်မာနိုင်ငံပင်လျှင် လွတ်လပ်ရေးရရှိခဲ့လေပြီ၊ သို့သော်လည်း အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု သဘောထားချင်းမတိုက်ဆိုင်ရာမှ လက်နက်ကိုင်စွဲတိုက်ခိုက်ကြရင်း တိုင်းနိုင်ငံတစ်ခုလုံးရှုပ်ထွေးခဲ့ရလေတော့သည်။ စာဖြူစုကဲ့သို့ရွာကလေးများတွင် လက်နက်ကိုင်သောင်းကျန်းသူများသာမက၊ တောကြောင်ဟုခေါ်သည့် ဓါးပြ၊ လူမိုက်အဖွဲ့များမှာလည်းပေါ်ပေါက်ခဲ့လေသည်။ စစ်အတွင်းကျန်ရှိနေသည့်သေနတ်များကို ပေါပေါလွယ်လွယ်ရနိုင်သည်မို့ ကျေးလက်တောရွာကလေးများမှာ လက်နက်ကိုင်ထားသူအမျိုးမျိုးတို့၏ နှိပ်စက်အနိုင်ကျင့်ခြင်းကို ခံစားနေရသည်။
ထိုအချိန်တွင် သူကြီးဦးစံခိုင်မှာလည်း အသက်အရွယ်ကြီးရင့်လာပြီဖြစ်သဖြင့် သူကြီးဘဝမှအငြိမ်းစားယူကာ ရွာတွင်တရားအလုပ်အားထုတ်ရင်း အေးအေးချမ်းချမ်းနေထိုင်လျှက်ရှိသည်။ တစ်ညတွင်တော့ သူကြီးဦးစံခိုင်တို့မိသားစုမှာ အိပ်ပျော်နေသည့်အချိန် အိမ်ပေါ်တက်လာသည့်ခြေသံများကိုကြားလိုက်ရသည်။
“ဟေ့၊ အားလုံးထွက်လာခဲ့ကြ၊ ဘယ်မလဲ သေနတ်ပြီးတဲ့ သူကြီးဆိုတာ”
ဦးစံခိုင်လည်း အိမ်ခန်းအတွင်းမှ အပြင်သို့ထွက်လိုက်လေသည်။ ထိုအခါ မျက်နှာဖုံးစွပ်ထားသည့် လူသုံးဦးက သေနတ်များကိုကိုင်ဆောင်ထားလေသည်။
“မင်းတို့ဘယ်သူတွေလဲကွ”
ထိုလူများမှာ ဖန်မီးအိမ်တစ်အိမ်ကိုထွန်းညှိကိုင်ဆောင်ထားသဖြင့် လင်းနေလေသည်။ ထိုအခါ လူတစ်ယောက်က ဦးစံခိုင်ကိကြည့်ရင်း
“ခင်ဗျားကျုပ်ကိုသေချာကြည့်ထား၊ ကျုပ်မျက်နှာကိုခင်ဗျားမှတ်မိသလား”
ဦးစံခိုင်က ထိုလူမျက်နှာကိုသေချာစိုက်ကြည့်လိုက်ပြီးနောက် ခေါင်းခါပြလိုက်လေသည်။
“ခင်ဗျားက ဘယ်မှတ်မိပါ့မလဲ၊ အင်းလေ ရဲဒင်းကတော့ သစ်ပင်ကိုမမှတ်မိဘူးဆိုပေမယ့် အခုတ်ခံရတဲ့သစ်ပင်ကတော့ ရဲဒင်းကိုတစ်သက်မမေ့ဘူးဆိုသလိုပေါ့ဗျာ”
“မင်းတို့ဘယ်သူတွေလဲ၊ မင်းတို့ဘာလိုချင်လို့ ငါတို့အိမ်ကိုလာခဲ့တာလဲ”
“ခင်ဗျားမမှတ်မိတော့လည်း ပြောရသေးတာပေါ့ဗျာ၊ ခင်ဗျားအရင်က ဒီရွာအပြင်က ဦးဘောဂတို့အိမ်ကို အနုကြမ်းစီးတဲ့အဖြစ်ကိုမှတ်မိသလား”
ှုဦးစံခိုင်လည်း ပြန်သတိရသွားကာ ခေါင်းညိတ်လိုက်လေသည်။
“လတ်စသတ်တော့ အဲဒါမင်းလားကွ”
“အစစ်ပေါ့ဗျာ၊ ခင်ဗျားထိုးနှက်လိုက်လို့ ကျုပ်ရဲ့သွားတွေတောင်မှ တော်တော်ကျွတ်ထွက်ပြီး အခုထိမကောင်းနိုင်သေးဘူးဗျ”
“အဲဒါမင်းတို့မကောင်းတာလုပ်လို့ဖြစ်တာလေကွာ၊ ဒီလိုမဖြစ်ချင်ရင် မကောင်းတာမလုပ်နဲ့ပေါ့ကွ”
“အောင်မာ၊ အဲဒါခင်ဗျားလုပ်တာ၊ ခင်ဗျားကြီးလုပ်တာ၊ ကျုပ်တို့အခုလာတာက ခင်ဗျားကြီးဆီက အကြွေးပြန်တောင်းမလို့”
ထိုသို့ပြောပြီး ပစ္စတိုသေနတ်ကိုင်ထားသည့်လူမှာ ဦးစံခိုင်အားပစ်ခတ်လိုက်လေတော့သည်။ သို့သော်ပစ်ချက်မှာအနည်းငယ်အောက်ကျပြီးနောက် ကျည်ချက်က ဦးစံခိုင်၏ ပေါင်ရင်းကိုဖောက်ထွက်သွားလေသည်။ ဦးစံခိုင်မှာ အံ့သြသွားသလို သေနတ်သမားများမှာလည်း အံ့သြသွားမိသည်။
“ကဲ ခင်ဗျားကြီးအခုတော့ သေနတ်ပြီးသလားဆိုတာ ကျုပ်စမ်းကြည့်မယ်ဗျာ”
ထိုအခါ ဦးစံခိုင်က လက်ကာပြလိုက်ပြီး
“နေ၊ နေကြပါအုံးကွာ”
“ဒိုင်း . . .”
သေနတ်သံတစ်ချက်က ကျယ်လောင်စွာပေါ်ထွက်လာခဲ့သည်။ သေနတ်ကိုင်ထားသည့်လူ ပစ်ခတ်လိုက်သည့်ကျည်ဆန်မှာ ဦးစံခိုင်၏လက်ဝါးကိုဖောက်ထွက်ကာ ဦးစံခိုင်၏ရင်ဝတည့်တည့််သို့ထိမှန်သွားလေသည်။ ဦးစံခိုင်လည်း အသံတစ်ချက်သာပြုလိုက်နိုင်ပြီးနောက် လဲကျသွားလေတော့သည်။
သေနတ်သမားများလည်း ဦးစံခိုင်သေသွားသည့်အခါ အိမ်ပေါ်မှပြေးဆင်းသွားကြလေသည်။ အတူနေသည့် ခင်ကြိုင်မှာ သေနတ်သံကြားရသည့်အခါ ခြေရင်းအိမ်မှပြေးတက်လာခဲ့လေသည်။ ခွေကျနေသည့် ဦးစံခိုင်အားထွေးပွေ့လိုက်ပြီးနောက်
“ဦးလေး၊ ဦးလေး သတိထားပါအုံးဗျာ”
ဦးစံခိုင်က ခေါင်းခါလိုက်ပြီး
“ငါ့သစ္စာအတွက် ငါပြန်ပေးဆပ်လိုက်ရတာပဲ ခင်ကြိုင်၊ သစ္စာဆိုတာ အကြားအလပ်မရှိဘူးဆိုတာ ငါလက်ခံလိုက်ပါပြီ၊ အရင်က သေနတ်ပြီးတဲ့ငါက အခု . . . အခုတော့”
ဦးစံခိုင်မှာပြောဆိုပြီးသည်နှင့် ဇက်ကျိုးကျသွားလေတော့သည်။ သေနတ်ပြီးစေရန် ဆေးစီရင်သည့်အချိန်ကပေးထားသည့် ကတိသစ္စာတစ်ခုကိုဖောက်ဖျက်လိုက်ရသည့်အတွက် သေနတ်ပြီးသည့်သူကြီးမှာ သေနတ်ဖြင့်ပင်သေဆုံးသွားခဲ့ပြီဖြစ်လေတော့သည်။ ထိုသူကြီး ဦးစံခိုင်မှာ စာရေးဆရာ၊ ဒါရိုက်တာ ဆရာကြီးဦးသုခ၏ အဖေအရင်းဖြစ်ပါသည်။
ပြီးပါပြီ။
Leave a Reply