ထိုင်နေတယ် ဘိုးတော်က ကျုပ်ကို ငွေတချို့ ထုတ်ပေးတယ်ဗျ။ပြီးတော့ ဘူတာရုံထဲကို မျက်စပစ်ပြပြီး
“ကောင်လေး လက်မှတ်သွားဝယ်ကွာ “
ကျုပ်လည်း ဘာမှပြန်မပြောပဲ ဘူတာရုံထဲ ဝင်ခဲ့လိုက်တယ် လက်မှတ်ရောင်းတဲ့ အပေါက်လေးကနေတဆင့်ကြည့်မိတော့ ရုံပိုင်ကအိပ်နေတာ တွေ့ရတယ်။အစောကြီးရှိသေးတာကိုဗျာ ဒါပေမဲ့ ကျုပ်လည်း ဘိုးတော်က ခိုင်းတာဆိုတော့ နှိုးလိုက်ရတာပေါ့ ။
“ရုံပိုင်ကြီး ဗျို့ ရုံပိုင်ကြီး “
“ဟေ့ ဘယ်သူတုန်းကွ အစောကြီး ငါးနာရီမှ ရထားဆိုက်မှာ မင်းတို့ကလည်း သုံးနာရီပဲ ရှိသေးတယ် ဘာလုပ်တာလဲ “
“လက်မှတ်ဖြတ်ချင်လို့ပါဗျာ”
“တောက် အခုမှ တော်တော်ဝီရိယကောင်းနေတဲ့ ကောင်နဲ့ လာတွေ့နေတယ် ဘယ်နှစ်စောင်လဲ ပြော”
“နှစ်စောင်ပါ “
“ရော့ ပေးငွေ “
ကျုပ်လည်း လက်မှတ်ယူ ငွေပေးပြီးတာနဲ့ ရုံထဲကနေ ပြန်ထွက်ပြီး ဘိုးတော်ထိုင်နေတဲ့ ရုံအပြင်က ခုံဘေးမှာ ၀င်ထိုင်လိုက်တယ်။ကျုပ်လည်း ဘိုးတော်ကို လက်မှတ်ပေးလိုက်ပြီး
“ဘိုးတော် ငါးနာရီမှ ရထားဆိုက်မှာ အခုက အစောကြီး ရှိသေးတယ် တရေးလောက် အိပ်လို့ ရသေးတာကို “
“ဒီဘူတာထဲမှာ လုပ်စရာတခုရှိလို့ပေါ့ကွာ မင်း ခဏစောင့်နေမကြာခင် သိလာလိမ့်မယ် “
ကျုပ်လည်း ဘာမှပြန်မပြောပဲ ဘိုးတော်ဘေးမှာ ထိုင်နေတယ်။မကြာပါဘူးဗျာ မိန်းကလေးတယောက် ကျုပ်တို့ကို ကျောပေးပြီး သံလမ်းအတိုင်း လမ်းလျှောက်နေတာ ကျုပ်ဖြင့် ဒီကောင်မလေး ဘာလုပ်တာလဲဆိုပြီး ကြည့်နေရင်း သူက သံ လမ်းကြီးပေါ်မှာ အိပ်လိုက်တယ်ဗျာ ကျုပ်လည်း မျက်လုံးပြူးသွားတယ် အဲ့တာနဲ့ ဘိုးတော်ကို လက်တို့ပြီး ပြောမယ်ကြံတုန်း ဘိုးတော်က လက်ကာပြတယ် သူမြင်တယ်ပေါ့ဗျ ခဏနေတော့ ကျုပ်ကို ဘိုးတော်က တိုးတိုး လာပြောတယ်။
“ဟေ့ကောင် စနေ မင်းအဲ့ဒီအနားသွား အဲ့ကောင်မကို လမ်းဘေးကို မပြီး သွားဖယ်လိုက်စမ်းကွာ “
“ဘိုးတော်က စကားပြောတယ် ရိုင်းတာပဲဗျ”
“မင်းစကားတော်တော်များတာပဲ ငါခိုင်းသလိုသာ လုပ်စမ်း ပါကွာ “
ကျုပ်လည်း ဘိုးတော်ကို ပြန်မပြောတော့ပဲ ခပ်လှမ်းလှမ်းက ရထားလမ်းပေါ်မှာ ကန့်လန့်ဖြတ်အိပ်နေတဲ့ ကောင်မလေးဆီ သွားလိုက်တာပေါ့ဗျာ ကျုပ် အဲ့အနားကပ်သွားလေ ကြက်သီးတွေ ထလေပဲဗျ အဲ့လိုနဲ့ပဲ တဖြည်းဖြည်းနဲ့ အဲ့ဒီမိန်းကလေးအနားရောက်ခါနီးမှာ အိပ်နေတာက မိန်းကလေးမဟုတ်ပဲ သစ်တုံး ကြီးဖြစ်နေတာဗျို့ ကျုပ် လန့်သွားတယ်။ ကျုပ်မျက်စိနဲ့ကို မိန်းကလေး လမ်းလျှောက်သွားပြီး အိပ်တာကို မြင်ခဲ့တာပါဗျာ ဘယ်လိုဖြစ်ပြီး သစ်တုံးကြီးဖြစ်သွားမှန်းကို မသိဘူး အဲ့တာနဲ့ ကျုပ်လည်း အဲ့သစ်တုံးကြီးကို မနိုင်မနင်းနဲ့ သံလမ်းပေါ်ကနေ အားကုန်သုံးပြီး ဖယ်လိုက်ရတာပေါ့ဗျာ။ကျုပ် သစ်တုံးကြီးကို ဖယ်ပြီးတော့ ဘိုးတော်အနားကို ပြန်လာတယ် ဘိုးတော်က ကွမ်းကို ဝါးနေတယ် ဘာမှမဖြစ်သလိုပဲဗျ တော်သေးတာပေါ့ဗျာ ကျုပ်နဲ့ ဘိုးတော် ဘူတာကို စောရောက်နေလို့သာပဲ ကျုပ် ထင်ပါတယ် ဒီလိုတွေဖြစ်မယ်မှန်းသိလို့ စောလာတာပဲဖြစ်မယ် ဆိုတာလေ။ကျုပ်လည်း ခပ်ကြာကြာအထိ ဘာစကားမှ မပြောပဲ ထိုင်နေသေးတယ်။နောက်တော့ ကျုပ်သိချင်တဲ့စိတ်ကို ထိန်းမရတာနဲ့ မေးလိုက်တယ်ဗျာ ။
“ဘိုးတော် အစောက မိန်းမတယောက်ကနေ ဘယ်လိုလုပ် သစ်သား ဖြစ်သွားတာလဲဗျ”
“ပညာသည်တယောက်က ရထားပေါ်မှာပါတဲ့ကောင်တယောက်ကို မကျေနပ်လို့ သူ့ပညာနဲ့ တိုက်တာပေါ့ကွာ “
“ဟ လူတယောက်အတွက်နဲ့ဗျာ ကျန်တဲ့သူတွေ အကုန်ဒုက္ခရောက်ကုန်မှာပေါ့ “
“မင်းကလည်းကွာ ပညာသည်ပါဆိုမှ သူတို့က ဘယ်လိုလုပ် ဂရုစိုက်မှာလဲဟ”
ကျုပ်လည်း ဘာမှ ထပ်မမေးပဲ ဘိုးတော်အနားထိုင်ပြီး ဘိုးတော် လွယ်ထားတဲ့လွယ်အိတ်ကြီးကို ကျုပ် ကူလွယ်ပေးဖို့ ယူလိုက်တာပေါ့ဗျ။
(၃)
မနက်ငါးနာရီထိုးတော့ ရထားဆိုက်တယ်ဗျ အဲ့ဒီအချိန် လူတွေကလည်း စုံနေပြီပေါ့ဗျာ ကျုပ်တို့လည်း အေးအေးဆေး ဆေး ထိုင်ခုံမှာ ၀င်ထိုင်တာပေါ့ ရထား ဘူတာကထွက်တော့ မနက်ခင်းအလင်းရောင်လည်း ရပြီဆိုတော့ လူတွေက စကားတွေ ပြောကြတာပေါ့ဗျာ ကျုပ်နဲ့ ဘိုးတော်ရဲ့မျက်နှာချင်းဆိုင်မှာ ယောဂီဝတ်စုံနဲ့ မိန်းမကြီးတယောက်နဲ့ အပေါင်းအပါတွေက သူတို့ခုံမှာတင်မကဘူး သူတို့နဲ့ မျက်စောင်းထိုးလျှောက်လမ်းဟိုးဘက်ကထိုင်ခုံကလူတွေနဲ့ပါ စကားပြောနေတာဗျာ သူတို့ပြောနေတာလည်း နားထောင်ကြည့်ဦး။
“ကျမက မြို့သာမြို့နောက်ဘက်ရပ်ကွက်က ထွက်ရပ်ပေါက်ဆရာတော်ရဲ့တပည့်လေ သူက ထီဂဏန်းပေးတာ တအားမှန်တာ အခုထွက်ရပ်ပေါက်ဆရာတော်က မြို့အပြင်က မြတောင် မှာ သီတင်းသုံးနေတာလေ “
“ဟုတ်လား ထွက်ရပ်ပေါက်ဆရာတော်ဆိုပြီး နာမည်ကြီးနေတာ သူ အတိတ်ပေးလို့ ထီထိုးလိုက်တာ လူတွေ တော်တော် ပေါက်ကြတယ်ဆိုပဲ “
“ဟုတ်ပါ့တော် ကျမတို့ရဲ့ဆရာတော်ကို လာပြီး ဖူးနိုင်ပါတယ်”
ယောဂီဝတ်စုံဝတ် မိန်းမကြီးနဲ့ တခြားမိန်းမကြီးတွေ စကား ပြောနေကြတာဗျ။ကျုပ်ကလည်း နားထောင်နေတာပေါ့။သူတို့တွေက စကားပြောတာ အရှိန်တွေရလာတယ်ဗျ။နေထွက်လေ အသံကျယ်လာလေပါပဲ။ကျုပ်က ဘိုးတော်ကို ကြည့်လိုက်တယ်။ဘိုးတော်က စကားများနေတဲ့ ယောဂီဝတ်မိန်းမကြီးကို ကြည့်နေတယ်ဗျ နောက်တော့ စကားဆိုတယ် ။
“နေပါဦးဗျ ခင်ဗျားတို့ပြောနေတဲ့ ထွက်ရပ်ပေါက်ဆရာတော်ဆိုတာ နှစ်ဆောင်ပြိုင်ရပ်ကွက်ထဲမှာ ဆွမ်းခံနေတဲ့ ကိုရင်ကြီးကို ပြောတာလား”
“မိုက်ရိုင်းလိုက်တာ ရှင် ဘာစကားပြောတာလဲ ထွက်ရပ်ပေါက်ဆရာတော်ကို “
“အဲ့တာ ကိုရင်ကြီး ကျုပ်က ဒီနယ်သားပဲ နှစ်ဆောင်ပြိုင်ရပ်ကွက်ထဲမှာနေတာ စိတ်နောက်နေလို့ ကျုပ် ငယ်ငယ်ကနေခဲ့တဲ့ ကျောင်းကဘုန်းကြီးက ကိုရင်ကြီး ဝတ်ပေးထားတာ ဘာထွက်ရပ်ပေါက်လဲ သူ့ဘာသာ ဆွမ်းခံထွက်ရင်း မြေကြီးမှာ တုတ်နဲ့ လျှောက်ခြစ်ထားတာတွေ မှန်သွားတာ တချို့ဘုမသိ ဘမသိတွေက ထွက်ရပ်ပေါက်၊ထွက်ရပ်ပေါက်နဲ့ လျှောက်လုပ်နေတာ အဲ့တာ ကိုရင်ကြီး “
ဘိုးတော်က အဲ့ဒီလိုပြောတော့ ယောဂီဝတ်အမျိုးသမီးကြီးက ဒေါသတွေ ထွက်နေတယ်ဗျ။ဘိုးတော်ကိုများ ပြောဆိုနေသေးတယ် ။
“ရှင်ကသာ ဘိုးတော်ယောင်ယောင် ဘာယောင်ယောင်နဲ့ သူတော်ကောင်းကို ပြစ်မှားနေတာ “
“နင်တို့ကသာ အရူးကို ဘန်းပြပြီး လုပ်စားနေတာ “
“ရှင် ရှင် ဘာပြောတယ် “
“အဲ့တာ ကိုရင်ကြီးဘွဲ့က ကိန္ဒတဲ့ လူနာမည်က ကြက်ဖကြီး အဖေက ဦးမဲ အမေက ဒေါ်တုတ် နင်တို့ကသာ အရူးကို မြတောင်ပေါ်ခေါ်ပြီး အလှုခံစားနေတဲ့ဟာတွေ မဟုတ်လား သူ့ဘာသာရူးနေတဲ့သူတောင် အေးဆေး မရူးရဘူး “
“နင် နင်”
“ပြောလေ ပြောစမ်း “
ဘိုးတော်က အတော်ကို ကက်ကက်လန်အောင် ရန်တွေ့နေတယ်ဗျ ကျုပ်ဖြင့် ထင်တောင် မထင်ထားပါဘူးဗျာ ဒီဘိုးတော်က ဘယ်လိုဘိုးတော်လဲလို့တောင် ထင်လိုက်မိတယ်။ ယောဂီ ဝတ်နဲ့မိန်းမကြီးက စိတ်တိုပြီး ကျုပ်တို့ရှေ့ကနေ ထွက်သွားပြီး တော့ တခြားတယောက်နဲ့ ခုံလဲတယ်ဗျ။ကျုပ်တို့ကိုလည်း မျက် စောင်းထိုးပြီး ကြည့်သွားတာပေါ့ ဘိုးတော်ကတော့ ခပ်တည်တည်ပဲ။ကျုပ်ဖက် လှည့်ပြီးတောင် စကားပြောလိုက်သေးတယ် ။
“အရူးကိုများ ထွက်ရာပေါက်တဲ့ တကယ်ပဲ သူတော်ကောင်းတွေကို သိက္ခာချတဲ့မိန်းမကြီးကွာ မင်း ကျောင်းပြန်ရင် နှစ်ဆောင်ပြိုင်ရပ်ကွက်ထဲ ကြက်ဖကြီးလို့ လိုက်မေးကြည့် မြတောင်က ကိုရင်ကြီးလေလို့ ပြောလိမ့်မယ်။ငါတို့အရပ်က သိပါတယ် ကိုရင်ကြီးက ဘာဆိုတာ ဘေးကလူတွေက ကိုရင်ကြီးရဲ့ ပေါက်ကရတွေ တိုက်ဆိုင်နေတာကို တကယ်အဟုတ်ကြီး မှတ်နေတာ “
ဘိုးတော်က ကျုပ်ကို ကြည့်ပြီး သူသိတဲ့အကြောင်းကို ပြောပြနေတယ်ဗျ ဘိုးတော်နဲ့ ကျုပ်လည်း စကားတပြောပြောနဲ့ ရထားစီးနေတာပေါ့ဗျာ အစောက ယောဂီဝတ်စုံနဲ့ မိန်းမကြီးရဲ့ အပေါင်းပါတွေကတော့ မျက်စောင်းတထိုးထိုးနဲ့ပေါ့ဗျာ။
(၄)
ရထားနဲ့ မနက်စောစောကနေ သွားလိုက်တာ ညဆယ့်နှစ်နာရီမှ ကျုပ်တို့ဆင်းရမဲ့နေရာကို ရောက်တယ် ကျုပ်တို့ရထားပေါ်က ဆင်းခါနီးတော့ ဘိုးတော်က ကျုပ်ကို နှိုးတယ် ကျုပ်က အိပ်နေတာကိုး အဲ့တာနဲ့ ကျုပ်လည်း ဘိုးတော်ရဲ့လွယ်အိတ်ကြီး လွယ်ပြီး ရထားပေါ်က ဆင်းလိုက်တယ်။ဘူတာက ရွာဘူတာလေးပါပဲ သေးသေးလေး လူတွေတောင် သိပ်မရှိဘူး။ကျုပ်တို့ ရထားပေါ်ကဆင်းတာနဲ့ လူကြီးနှစ်ယောက် ကျုပ်တို့အနားလာတယ်ဗျ သူတို့ရဲ့ပုံတွေ ကြည့်ရတာတော့ ရိုရိုးကြီးတွေပါ လက်ထဲမှာလည်း ဓာတ်မီးတယောက်တလက်နဲ့ဗျာ ဘိုးတော် ကို မြင်တော့ မရဲတရဲနဲ့ စကားဆိုတယ် ။
“ဘိုးတော်စိန် ဆိုတာလားဗျ”
“ဟုတ်ပါတယ် “
“ကျုပ်တို့က တောင်ညီနောင်ရွာကပါ ဘိုးတော်ကို လာစောင့် နေတာပါ”
“အားနာတယ်ဗျာ ကျုပ်တို့ကို တော်တော်စောင့်လိုက်ရလို့ “
“ရပါတယ်ဗျာ “
ရွာသားနှစ်ယောက်က ရှေ့ကနေ ဦးဆောင်ပြီး ရထားဘူတာဘေးက လှည်းဆီ သွားလိုက်ပြီး ဖြုတ်ထားတဲ့ နွားတွေကို ကောက်နေတယ်ဗျ။နွားလည်းကောက်ပြီးရော ကျုပ်တို့ နှစ်ယောက်လည်း လှည်းပေါ် တက်လိုက်တာပေါ့ ပြီးတော့ ရထားလမ်းလေးပေါ်ကနေဆင်းပြီး လှည်းလမ်းအတိုင်း တအိအိနဲ့ သွားနေတာပေါ့ဗျာ လှည်းစီးနေတုန်းမှာ ရွာသားကြီးတယောက်က ဘိုးတော်ကို စကားဆိုတယ်ဗျ ။
“ဘိုးတော် ဘိုးတော်ကို လာမကြိုခင်လေးပဲ ရွာပေါ်ကနေ ငှက်ဆိုးတကောင် ပျံသွားပြီး မကြာခင် ကလေးတယောက်ဆုံးတယ်။ငှက်ဆိုးတခါအော်တိုင်း ကျုပ်တို့ရွာက ကလေးတယောက် ဆုံးပါးနေတော့တာပဲဗျာ “
“ကလေးတွေ နာမကျန်း ဖြစ်နေတာရှိလား “
“အကောင်းကြီးတွေဗျ ငှက်ဆိုးအော်ပြီဆိုတာနဲ့ ကလေးက တက်မတတ် ချက်မတက် အော်ငိုတော့တာပဲ ပြီးတာနဲ့ အကောင်းကြီးကနေ ချက်ချင်းဆုံးသွားတာ”
“ကလေးက ဘယ်နှနှစ်အရွယ်တွေလဲ “
“သုံးနှစ်အောက်တွေ ဘိုးတော် “
“အင်း တော်တော်တော့ ထူးဆန်းနေပြီ။ကဲ ကျုပ်တို့ကို ခင်ဗျားတို့ရွာရဲ့သင်္ချိုင်းနား ချပေးခဲ့ဗျာ။လုပ်စရာရှိတာ တခါတည်းလုပ်ကြတာပေါ့ ပြီးတော့ ခင်ဗျားတို့ ပြန်ပေတော့ “
ဘိုးတော်က အဲ့လိုပြောတော့ ကျုပ်ဖြင့် လန့်လိုက်တာဗျာ သန်းခေါင်ယံအချိန်ကြီးကို သင်္ချိုင်းကို ချခဲ့ဆိုပါလား ဘိုးတော် အဲ့လိုပြောတော့ ကြယ်ရောင်သဲ့သဲ့အောက်မှာ လှည်းမောင်းနေတဲ့ ရွာသားကြီးက ဘိုးတော်ကို လှည့်ကြည့်တယ်ဗျ ပြီးတော့ အားတုံ့အားနာဟန်နဲ့
“ဘိုးတော် မနက်ဖြန်မှ အေးအေးဆေးဆေး “
“လူ့အသက်တချောင်းကို အေးအေးဆေးဆေးနဲ့ အဆုံးခံနိုင်လား”
ဘိုးတော်အဲ့လို ပြောတော့ လှည်းသမားကြီး ဘာမှထပ်မပြောတော့ဘူးဗျ။ဘိုးတော်စိန်က လူ့ကန့်လန့်ကြီးပါဗျာ တကယ် တော့ ရထားပေါ်မှာလည်း ပြဿနာတက်လိုက်သေးတယ်။သူ့တို့ဘာသာသူတို့ အရူးကို ထွက်ရာပေါက်လို့ ပြောနေတာ သူနဲ့ ဘာဆိုင်တာမှတ်လို့ လျှာကို ရှည်တယ်လို့ ကျုပ်တွေးနေတာဗျ လှည်းစီးရင်းနဲ့ ခဏနေတော့ ဘိုးတော်က ချောင်းတချက် ဟန့်ပြီး ကျုပ်ကို စကားဆိုလာတယ် ။
“ဟေ့ကောင်စနေ ကိုယ်နဲ့ မဆိုင်ဘူးဆိုတာ ဘယ်အရာမှ မရှိဘူး မှတ်ထား”
“ဗျာ ကျုပ် ဘာပြောလို့လဲ “
“မှတ်ထားကွ မဟုတ်တာကို မဟုတ်ဘူးလို့ ပြောရဲရမယ် ။မင်း ပြောလိုက်လို့ မဟုတ်တာကို အဟုတ်ထင်နေတဲ့ သူတွေ ထဲမှာ အမြင်မှန်ရသွားတဲ့သူတွေလည်း ရှိနိုင်တာပဲ “
အဲ့တော့မှ ဘိုးတော် ကျုပ် စိတ်ထဲက တွေးနေတာတွေကို သိနေတယ်ဆိုတာ ကျုပ် သတိထားမိတော့တယ်။သူ ပြောတာ လည်း ဟုတ်တာပဲဗျ ဘယ့်နှယ် အရူးကိုများ ထွက်ရပ်ပေါက် ကိုယ်တော်ဆိုပဲ လူတွေနဲ့လည်း တကယ် မလွယ်ဘူးဗျ။အဲ့လိုနဲ့ လှည်းလေးက ရွာအဝင်မှာ ရပ်လိုက်တယ်။ပြီးတော့ ခြုံနွယ် တွေ အုံ့ဆိုင်းနေတဲ့နေရာကို ရွာသားကြီးတယောက်က ဓာတ်မီး နဲ့ ထိုးပြပြီးတော့ စကားဆိုလာတယ်။
“ဘိုးတော် ဒါ ကျုပ်တို့ရွာရဲ့ သင်္ချိုင်းပဲ ဇရပ်လေးတော့ ရှိတယ်။ဘိုးတော်တို့ ဓာတ်မီးမပါရင် ဓာတ်မီးတလက် ယူထားပါလား”
“ဟုတ်ကဲ့ ကျုပ်ကို ပေး ကျုပ် ယူထားမယ် “
ဘိုးတော် မည်သည့်စကားမှ ပြန်မပြောခင် ကျုပ်က ရွာသားကြီး ကမ်းပေးတဲ့ ဓာတ်မီးကို ယူထားလိုက်တယ်ဗျ။ပြီးတော့ လှည်းရပ်ပေးတော့။ကျုပ်နဲ့ ဘိုးတော် လှည်းပေါ်က ဆင်းလိုက်တယ်။အဲ့ဒီအချိန် ကျုပ်တို့ခေါင်းပေါ်ကနေ ငှက်ဆိုးတကောင်က အော်ပြီး ရွာထဲ ပျံသွားတယ်ဗျာ။အဲ့ဒီငှက်ဆိုး ရွာထဲပျံသွားတာကို ကြည့်ပြီး ရွာသားကြီးနှစ်ယောက်က အထိတ်တလန့် ဖြစ်နေကြတယ်ဗျ အဲ့တာကိုသိတဲ့ ဘိုးတော်က သူတို့ကို ရွာထဲ ဝင်ခိုင်းလိုက်တယ် ။
“ကဲ ခင်ဗျားတို့ ပြန်ကြတော့ ခင်ဗျားတို့ပြောပုံအရဆို အခု ငှက်ဆိုးက ရွာပေါ်ကနေ ဖြတ်ပျံသွားတယ်ဆိုတော့ ကလေးတယောက် ထက်ပိုပြီးသေမယ်ဆိုတဲ့ သဘောပေါ့ ဟုတ်လား”
“ဟုတ်ပါတယ် ဘိုးတော် “
“ဒီည ကလေးတယောက် မသေရင် အကုန်လုံး အဆင်ပြေပြီ မဟုတ်လား”
“ဟုတ်ပါတယ် ကဲ ကဲ ပြန်ကြတော့ အိမ်မှာ အေးအေးဆေး ဆေး နားကြပေတော့”
ဘိုးတော် ပြန်ခိုင်းလိုက်တော့ ရွာသားနှစ်ယောက်က လှည်းမောင်းပြီး ရွာထဲ ဝင်သွားတယ်ဗျ။ကျုပ်နဲ့ ဘိုးတော်လည်း သင်္ချိုင်းနဲ့ မလှမ်းမကမ်းက ဇရပ်ကို သွားရတာပေါ့ ဇရပ်ကလည်း ပျက်စီးနေပါပြီဗျာ။တိုင်တွေကလည်း ဘယ်ကမြင်းမသား ဓားနဲ့ ခုတ်ထားလဲ မသိပါဘူး ကျုပ်တို့ လူတွေရဲ့ လက်ကမြင်းချက်က တောရော မြို့ရော အတူတူပါပဲဗျာ သူ့အလိုလိုနေတဲ့ တိုင်ကိုတောင် ဓားနဲ့ ထစ်သွားသေးတာ ကျုပ်လည်းဇရပ်ကို ဓာတ်မီးနဲ့ လိုက်ထိုးကြည့်ပြီး စိတ်ထဲကနေ ဇရပ်ကို ဖျက်လိုဖျက်စီးလုပ်တဲ့ ကောင်တွေကို ကျိန်ဆဲနေတာပေါ့ဗျာ ဘိုးတော်ကတော့ ကွမ်းလေးကို ဝါး တင်ပုလ္လင်ခွေထိုင်ပြီး ဇရပ်ကို ကြည့်နေတယ်။ကျုပ်ကတော့ ဓာတ်မီးကို ဟိုထိုးကြည့် ဒီထိုးကြည့်ပေါ့ဗျာ နောက်တော့ ဘိုးတော်က စိတ်မရှည်တော့ဘူးထင်တယ် ကျုပ်လက်ထဲက ဓာတ်မီးကို ဆတ်ခနဲ ဆွဲယူပြီး ပိတ်လိုက်တယ် ပြီးတော့ ပြန်ပေးပြီး စကားပြောတယ်ဗျ ။
“မင်းလက်က အငြိမ်ကို မနေတတ်တဲ့ကောင်ပဲကွ မီးမထိုးနဲ့ မီးပိတ်ထား ခဏနေ ငှက်ဆိုးသင်္ချိုင်းဖက် ပျံလာရင် ငါ မီးထိုးဆို ထိုးလိုက် ကြားလား”
“ဟုတ် ဟုတ် “
ကျုပ်လည်း ဘာမှမပြောတော့ပဲ ဇရပ်ပေါ်မှာ ထိုင်နေတာပေါ့ ဘိုးတော်ကတော့ ကွမ်းယာကို အဆက်မပြတ်ဝါးနေတာဗျာ ကွမ်းတံတွေး ထွေးလိုက် ထပ်ဝါးလိုက်နဲ့ ဟုတ်နေတာပဲ နည်းနည်းကြာတော့ ကျုပ်ကို စကားပြောတယ်ဗျ။
“ဟေ့ကောင် စနေ ငါ့အိပ်ထဲမှာ ကွမ်းအစ်ပါတယ် ကွမ်းယာ ပေးထားဦး”
“အင်းပါဗျ ဘိုးတော် ကွမ်းစားတာက လွန်တယ်”
“မင်းက ဒါလေးတောင် မလုပ်ပေးချင်ဘူးလား “
“မဟုတ်ပါဘူးဗျာ ကွမ်းယာတာက ဘာပင်ပန်းတာမှတ်လို့ “
“အေး အဲ့တာဆိုလည်း ယာ တော်တော်စကားများတဲ့ကောင် “
ကျုပ်တို့နှစ်ယောက်ကတော့ အတော်ကို အပေါက်အလမ်းတွေ တည့်နေချက်ဗျာ ဟုတ်နေတာပဲ ကျုပ် ကွမ်းကို စမ်းပြီးယာလိုက်ရတယ် မီးမထိုးနဲ့လို့ ပြောထားတာ မဟုတ်လား ကျုပ် ကွမ်းနှစ်ယာ ယာပြီးတော့ ဘိုးတော်က တောင်းတာနဲ့ ကျုပ်လည်းပေးလိုက်တယ် ခဏနေတော့ ဘိုးတော်က တထွီးထွီးနဲ့ ကွမ်းတွေကို ထွေးထုတ်နေတယ်ဗျ။ကျုပ်ကိုလည်း ငေါက်ရောဗျို့။
“ဟေ့ကောင်စနေ မင်း ငါ့ကို တမင်လုပ်တာ မဟုတ်လား ထုံးတွေ အပုံလိုက်ထည့်ပေးလိုက်တာက “
“ဘိုးတော် မမြင်မစမ်းနဲ့ ကွမ်းယာရတာဗျာ ကွမ်းစားတဲ့ ကောင်လည်း မဟုတ်ဘူး ထုံးနည်းလား များလား ကျုပ်က ဘယ်လိုလုပ်သိမလဲ ဘိုးတော်ပဲ မီးမဖွင့်နဲ့ဆို ကျုပ်လည်း မမြင်မစမ်းနဲ့ ကွမ်းယာရတော့တာပေါ့ဗျ”
“အေး အေး မင်းမမှားဘူး ငါ မှားတာ ငါမှားတာ “
ဘိုးတော်က ကျုပ်လက်ထဲက ကွမ်းအစ်ကို ဆတ်ခနဲယူပြီး သူ့ဘာသာယာနေတယ် ခဏနေတော့ ရွာထဲက ခွေးတွေ ဆိုးဆိုး ဝါးဝါး အူပါရောဗျို့။ကျုပ်လည်း ကြောက်တာပေါ့ဗျ အဲ့တော့ ဘိုးတော်နားကို ပိုကပ်ရတာပေါ့ ဘိုးတော်က ကျုပ် ကပ်လာတာကို သိတယ်ဗျ။
“ဟေ့ကောင် စနေ ငါလည်း ဇရပ်ပေါ်ကနေ အပြင်ထွက်ကျတော့မယ် အဲ့လောက် မတိုးနဲ့ဟ “
“ခွေးအူသံကြီးက ကြောက်စရာကြီးကို ဘိုးတော်ရာ “
“ကြောက်မနေနဲ့ ဆရာတော့်ကျောင်းမှာနေပြီး ဒါလေးတောင်ကြောက်နေရလား တကယ့်ကောင် “
သူပြောမှ ဟုတ်သား ကျုပ်ကလည်း ကြောက်ချင်ရင် ကြောက်နေတာ မကြောက်ရင်လည်း မကြောက်ဘူး။ခွေးတွေအူနေတာ ကျုပ်တို့ ထိုင်နေတဲ့ဇရပ်အနားကို ရောက်လာပြီဗျ ကျုပ်လည်း ကြောက်တာပေါ့ဗျာ။ခွေးအူသံကြီးတွေက ရိုးရိုး အူတာ ဟုတ်ဘူးဗျ။တခုခုကိုတွေ့လို့ ဆွဲဆွဲငင်ငင်ကြီးကို အူနေတာ ခွေးအူသံတွေ ကျုပ်တို့ဇရပ်နားရောက်တော့ ရပ်သွားပြီး ဇရပ်ဖက်ကို တက်လာတဲ့ ခြေသံလိုလို ဘာလိုလို ကြားတယ် ခဏနေတော့ ကျုပ်တို့ကို ကျောပေးပြီး မိန်းမကြီး တယောက်ဗျာ ဆံပင်ကြီးဖားလျားကြီးနဲ့ သင်္ချိုင်းဘက်ကို သွားနေတယ်။ကြယ်ရောင်ဆိုတာကလည်း ညတအားမှောင်နေတဲ့အချိန် ရိုးတိုးရိတ်တိတ်တော့ မြင်ရတယ် မဟုတ်လား အဲ့တာကို မြင်တော့ ဘိုးတော်က ရုတ်တရက် သူ ဝါးနေတဲ့ ကွမ်းတွေကို ထွေးထုတ်လိုက်ပြီး
“ဟေ့ မဖဲဝါ ရပ်စမ်း “
ဟ ဘိုးတော်က မဖဲဝါဆိုပါလား ကြားဖူးနေတာတော့ ကြာပြီ မမြင်ဘူးသေးဘူး အဲ့တာဆို ဒါကြီးက မဖဲဝါဆိုပါလား ကျုပ်တို့ဘိုးတော် အာဏာပြင်းချက်ဗျာ ရပ်စမ်း ဆိုတာတောင် မဖဲ ဝါကြီးက မရပ်ဘူး ဆက်သွားနေတယ်။ဘိုးတော်က အသံခပ်မာမာနဲ့ ထပ်ပြောတယ်ဗျ ။
“ဟဲ့ မဖဲဝါ ငါပြောနေတယ်လေ ရပ်စမ်းဆို “
မဖဲဝါက မရပ်ဘူးဗျ သောက်ဂရုတောင် မစိုက်ပါဘူးဗျာ။ဘိုးတော်က စိတ်တိုသွားတယ်ဗျ။သူ့လွယ်အိတ်ကြီးကို ကျုပ်ဆီကနေ တောင်းလိုက်ပြီး အထဲက ဘာထုတ်လိုက်တယ်မှန်း မသိပါဘူး ဗျ အဲ့တာလေးကို ခပ်တိုးတိုးမန်းပြီး ပစ်လွှတ်လိုက်တာ မဖဲဝါကိုယ်မှာ အရောင်တလက်လက်တောက်နေတဲ့ မီးကြိုးတွေက ရစ်ပတ်ကုန်ရောဗျို့ ဘိုးတော်အစွမ်းကလည်း မသေးဘူးဆိုတာ ကျုပ် သိလိုက်ပြီ။ပြီးတော့ ဘိုးတော်က အောင်နိုင်သူတယောက်ပမာ အသံကြီးနဲ့ မဖဲဝါကို ပြောတယ်ဗျ ။
“မဖဲဝါ ငါ ရပ်ဆိုတဲ့အချိန်မှာ နင်ရပ်လိုက်ရင် အခုလို နာမှာ မဟုတ်ဘူး နင်တော်တော် မိုက်ပါလား “
ဘိုးတော် စကားပြောပြီးတော့ မဖဲဝါကြီးက အသံအက်အက်ကြီးနဲ့ စကားပြန်ပြောတယ်ဗျာ
“နင် ရပ်ခိုင်းတာက မဖဲဝါလေ ငါက မဖဲဝါမှ မဟုတ်တာ ငါ့နာမည် မိသန်းစိန်ဟဲ့ “
ကျုပ် ဘာပြောရမှန်း မသိ ဖြစ်သွားတယ်။ဘိုးတော်ကလည်း အသံတိုးတိုးနဲ့ ကျုပ်ကို စကားပြောတယ်ဗျ ။
“ငါက သိပ်မမြင်ရတော့ ကိုယ်ခန္ဓာအနေအထားကို ကြည့်ပြီး မဖဲဝါ ထင်သွားတာဟ မှားသွားတယ် “
တော်တော်ဆိုးတဲ့ ဘိုးတော်ဗျာ သရဲမကိုတောင်မှားပြီး နာမည်ခေါ်နေရတယ်လို့ နာမည်မှားခေါ်ပြီး မရပ်တော့ သူကများစိတ်တိုရတယ်ရှိသေး။ကျုပ်တို့ ဘိုးတော်က သူ့အမှားတော့သူသိသားဗျ ချက်ချင်းပဲ သူချုပ်ထားတာကို ဖြေပေးလိုက်ပြီး သရဲမကိုတောင် တောင်းပန်လိုက်သေးတယ် ။
“ပေး မိသန်းစိန် ငါ မှားသွားတယ် နင် ဒီနားရပ်နေ ငါနင့်ကို မေးစရာရှိတယ် “
“ဘာမေးမှာလဲ မေး ငါအချိန် မရှိဘူး “
“နင် ရွာထဲ ဘာသွားလုပ်တာလဲ “
“ငါ့ဘာသာ ဘာလုပ်လုပ် နင့်အပူလား”
“မိသန်းစိန်က ငါ့ကို အာခံချင်နေတာပဲ “
ဘိုးတော်က ပြန်ချုပ်ခိုင်းတယ်ဗျ ပြီးတော့ တခုခုကို ဆွဲသလို လုပ်လိုက်တာ မိသန်းစိန် ဆိုတဲ့သရဲမ ကျုပ်တို့နဲ့ မလှမ်း မကမ်းကို ရောက်လာတယ်။နောက်တော့ ဘိုးတော်က အသံ ခပ်ပြတ်ပြတ် နဲ့ ထပ်မေးတယ် ။
“မိသန်းစိန် နင် ရွာထဲ ဘာသွားလုပ်တာလဲ ပြောစမ်း “
“ငါ ငါ အစာသွားရှာတာ “
“ဟဲ့ မိသန်းစိန် နင့်အစာက ဘာလဲ “
“ငါ ကလေးတယောက်နဲ့ မဝလို့ နောက်တယောက် ထပ်လာခေါ်တာ “
“မိသန်းစိန် ကလေးတွေကို သတ်နေတာ နင်လား “
“ဟုတ်တယ် “
ထိုစဉ် ငှက်ဆိုးတကောင် ကျယ်လောင်စွာ အော်မြည်ပြီး သင်္ချိုင်းဘက်ဆီကို ပြန်လာတယ်ဗျ အဲ့တာနဲ့ ဘိုးတော်က ကျုပ်လက်ထဲက ဓာတ်မီးကို ယူပြီး ငှက်ပျံလာတဲ့ နေရာကို ထိုးလိုက်တာ အမလေးဗျာ ဓာတ်မီးရောင်အောက်မှာ ကလေးတယောက်ကို ငှက်တကောင်က ချီထားတယ်ဗျ။ကလေးလေးက တလူးလူးတလိမ့်လိမ့်နဲ့ ငှက်ကြီးက ဇီးကွက်လို ငှက်ကြီးပဲ ဒါပေမဲ့ လူ မျက်နှာကြီးနဲ့ဗျာ အဲ့အချိန် ဘိုးတော်က တောက်တချက်ကို ခေါက်ပြီး သူ့လွယ်အိတ်ထဲက အလုံးလေးတလုံးကို ထုတ်ပြီး ငှက်ကြီး ပျံနေတာကို ပစ်ထည့်လိုက်တာဗျို့။ဘိုးတော် ပစ်လိုက်တာနဲ့ အဲ့ဒီအလုံးလေးက ရွှေရောင်လိုတောက်ပြီး ငှက် ကြီးရဲ့ခေါင်းကို ထုတ်ချင်းဖောက်သွားတာဗျ။အဲ့ဒီတော့မှ ငှက်ကြီးက ကလေးကို လွှတ်ချလိုက်တာ ကျုပ်က လန့်သွားတာပေါ့ဗျာ ကလေးလေး အမြင့်ကြီးကနေ ပြုတ်ကျတော့မယ် ဆိုပြီးတော့ပေါ့ ဘိုးတော်က အေးဆေးပဲဗျာ ကလေးလေး ကျလာရာ တလျှောက်ကို ဓာတ်မီးနဲ့ ထိုးထားတယ် ကျုပ် အံ့ဩလွန်းလို့ ဗျာ ကလေးလေးက ကျုပ်တို့ ဇရပ် နဲ့ မလှမ်းမကမ်းကို ကျလာတာဗျ အောက်ကျတာက ဘာမှ မဖြစ်ဘူးဗျို့ တခစ်ခစ် နဲ့တောင် ရယ်နေသေးတယ် ဘိုးတော်က ကလေးလေးကို ခေါ်တယ်ဗျာ ။
“ကလေး လာ လာ “
ကလေးလေးကလည်း တခစ်ခစ်နဲ့ လာတာဗျို့ ဘိုးတော်အနားရောက်လာတော့ ဘိုးတော်က ကျုပ်ကို ဓာတ်မီး ထိုးခိုင်းတယ် ပြီးတော့ ကလေးကို ကောက်ချီတယ် ပြီးတော့ ဆက်တောင်ထိုး လုပ်သလို လုပ်ပြီး ရွာထဲကို လွှင့်လိုက်တာ ကျုပ်တောင် လန့်သွားတယ်ဗျာ ဘိုးတော်လည်း ပစ်လိုက်ရောကလေးလေးက တခစ်ခစ်နဲ့ လေထဲမှာ ဝဲပြီး ရွာထဲဝင်သွားပါလေရောဗျာ အဲ့အချိန်မှ ဘိုးတော်က သက်ပြင်းချပြီး
“စနေ မင်းကလေး ဝိညဉ်ကို မြင်နေရတာလား “
“ဗျာ အဲ့တာ ဝိညဉ်လား “
“အေးလေ မင်း ကလေးဝိညဉ်ကို မြင်နေရတာလား မင်းက ဝိ ညဥ်တွေကို မြင်နိုင်နေတာပဲ “
“မမြင်နိုင်ပါဘူးဗျာ အခုမှ မြင်တာ “
ဘိုးတော်က ကျုပ်လက်ထဲက ဓာတ်မီးကို ပြန်ယူပြီး ကျုပ်မျက်နှာကို ထိုးကြည့်တယ် ပြီးတော့ ကျုပ်လက်ကို ကြည့်ပြီး
“ဟေ့ကောင် မင်းမျက်လုံးနားက ထုံးတွေက ဘာဖြစ်တာလဲဟ”
“ဘိုးတော်ကို ကွမ်းယာပေးရင်း အိပ်ချင်လို့ မျက်လုံး ပွတ် လိုက်မိတာ “
“အေး ငါသုံးတဲ့ ထုံးတွေကြောင့် ပရလောကကို မြင်နိုင်နေရတာဟ မြန်မြန်သုတ်ပစ်စမ်း သရဲမ မိသိန်းစိန်ကို မင်း မြင်နေကတည်းက ငါ အံ့ဩနေတာ ဒါ့ကြောင့်ကိုး “
ကျုပ်လည်း ပေနေတဲ့ထုံးတွေကို သုတ်လိုက်ရော ကျုပ်တို့ရှေ့မှာ ကြိုးတုတ်ခံထားရတဲ့ မိသန်းစိန်သရဲမကို မမြင်ရတော့ ဘူးဗျို့။နောက်တော့ ဘိုးတော်က ကျုပ်မမြင်ရတော့တဲ့ မိသန်းစိန်သရဲမကို ငေါက်ငမ်းပြီး ရိုက်ပုတ်နေတယ်ဗျ။ကျုပ်သာ အစောက ဘိုးတော်ရဲ့ထုံးကြောင့်သာ ဒါတွေကို မြင်ခဲ့ရရင် တော့ ဘိုးတော်ကို ကြည့်ရတာ အရူးကြီးတယောက်တည်း ပြောဆိုနေတယ်ပဲ ထင်မိမှာပဲ။ကျုပ် ထင်ပါတယ် မိသန်းစိန်ကို တယောက်ယောက် လက်ထဲ အပ်လိုက်ပုံပဲ သင်္ချိုင်းထဲ ကြည့်ပြီး လှမ်းခေါ်နေပုံထောက်ရင်တော့လေ ကျုပ်လည်း မမြင်ရတော့ သေချာမသိဘူးပေါ့ဗျာ အဲ့လိုနဲ့ အချိန်ကလည်း နှစ်နာရီ သုံးနာရီဝန်းကျင်လောက် ရှိမယ် ထင်တာပဲ ဘိုးတော်က ထိုင်ရာကထပြီး ကျုပ်ကို ပြောတယ်ဗျ ။
“ကဲ စနေ ငါတို့ ပြန်စို့ကွာ မနက်အစောရထားနဲ့ ပြန်ကြတာပေါ့ မိုးလင်းလို့ ရွာသားတွေ ငါတို့ကို တွေ့ရင် နာမည်ကြီး နေဦးမယ် နာမည်ကြီးရင် ငွေရှာချင်တဲ့စိတ်က ပေါက်လာတယ်ကွ အဲ့တော့ နာမည်မကြီးအောင် ပြန်ကြစို့ဟေ့ “
အဲ့လိုနဲ့ ကျုပ်တို့လည်း မိုးမလင်းသေးဘူး ခြေလျင်လျှောက်ပြီး ရွာနဲ့တော်တော်လှမ်းတဲ့ ဘူတာလေးဆီကို သွားလိုက်ကြပါ တော့တာပေါ့ဗျာ ။
▪️နောက်ထပ်စာစဉ်များ ရှိသေးသည်။
ကျနော် Page လေးကို Like Follow လုပ်ပေးပြီး အားပေးကြပါဦးခင်ဗျ။
Leave a Reply