သိုက်ပြောင်းတဲ့ည

အနည်းငယ်လေးလံလှသည်ဟု ဆိုနိုင်ပေသည်။ ထနောင်းရိပ်မဝင်ခင်မှာပဲ ဦးပေါကြီးက တိုးကျော်ကိုကြည့်ကာ

“မင်းကွာ၊ မင်းလှည်းပြတ်ကျန်ခဲ့လို့ငါတို့က စောင့်နေတာကွ”

“နောက်ကျမှာပေါ့ကွာ၊ တိုးကျော်က မသွားခင် အိမ်သာတက်ချင်သလိုလို ရေသောက်ချင်သလိုလိုဖြစ်နေလို့ဟေ့”

ဘကြီးမိုးအပြောကို တိုးကျော်က မည်သို့မျှမတုန့်ပြန်တော့ဘဲ မချိသွားဖြဲလုပ်နေမိသည်။ အချိန်က ညခုနစ်နာရီခန့်ရှိတော့မည်မို့ ပတ်ဝန်းကျင်တစ်ခွင်လုံးကို အမှောင်ထုကလွှမ်းခြုံထားသည်။ ဦးပေါကြီးက ဘကြီးမိုးကိုကြည့်ရင်း

“ဘကြီးမိုး ကျုပ်တို့ဘယ်လမ်းက သွားကြမလဲဗျ”

“တောလမ်းက လမ်းတိုတယ်ဆိုပေမယ့် ညရေးညတာကျတော့ သွားလို့မကောင်းပြန်ဘူးကွ၊ ငါတို့မှာ အချိန်လည်းရှိတယ်ဆိုတော့ ကပိုင်ရိုးဘက်က ဆင်းမယ်ကွာ”

ဘကြီးမိုးက ဦးဆောင်သူမို့ အားလုံးက ဘကြီးမိုးအကြံအစည်ကိုလက်ခံလိုက်ကြသည်။ တောလမ်းအတိုင်းသွားလျှင် မြို့သို့ သုံးလေးနာရီခန့်သာသွားရသော်လည်း တောထူထပ်ခြင်း၊ အမှောင်ကျခြင်းတို့ကြောင့် နွားလှည်းသွားလာရာတွင် အနှောင့်အယှက်များရှိနိုင်ပေသည်။ ထို့ကြောင့် ဘကြီးမိုးအကြံအစည်ကို အားလုံးက လက်ခံလိုက်ကြခြင်းဖြစ်သည်။ ဘကြီးမိုးက တိုးကျော်လှည်းပေါ်သို့ပြန်တက်လိုက်ပြီး အရှေ့ဆုံးမှစတင်မောင်းနှင်ခဲ့လေသည်။ သူတို့အနောက်တွင် ကောင်းစံ၏လှည်းပါပြီး ဦးပေါကြီးလှည်းမှာ နောက်ဆုံးမှလိုက်လာခဲ့လေသည်။

ဆောင်းအကုန်နွေအကူးမို့ ရာသီဥတုက ပူသည်ဟုလည်းမဆိုသာ၊ အေးသည်ဟူ၍လည်း မဆိုသာပေ၊ ကောင်းကင်တွင် ရှစ်ရက်လခြမ်းကလေးက ကွေးကွေးကလေးသာနေလေသည်။ မိုးကောင်းကင်တွင် တိမ်မှောင်တိမ်လိပ်များကင်းစင်၍ တိမ်ပါးပါးလွှလွှသာ တစ်ပျောက်တစ်လေရှိသည်မို့ လရောင်က ပတ်ဝန်းကျင်ကိုဖြာကျနေလေတော့သည်။ ရွာအပြင်ထွက်လာခဲ့သည့်အခါ လုပ်ငန်းသိမ်းထားသည့် လယ်ခင်းယာခင်းများကို လရောင်အောက်တွင် မျက်စိတစ်ဆုံးတွေ့မြင်နေရလေသည်။ တိုးကျော်က ရွာဆီသို့တစ်ချက်လှည့်ကြည့်လိုက်သည့်အခါ မီးခွက်မီးရောင်ကလေးများ တလက်လက်နှင့် ဂွေးပင်ကောက်ရွာကလေးကို လှမ်းမြင်တွေ့ရလေသည်။

တိုးကျော်မှာ နွားလှည်းမောင်းရင်း ခပ်ပျင်းပျင်းရှိလာသဖြင့် ဘကြီးမိုးကိုစကားစသည်။

“ဘကြီးမိုးနှယ်၊ တောလမ်းကိုကျတော့ ရှောင်ပြီး ဘာဖြစ်လို့ ကပိုင်ချောင်းဘက်က သွားရတာလဲဗျ၊ ကပိုင်ချောင်းဆိုတာကလည်း နာမည်ကြီးပဲမဟုတ်လား”

“ဟ၊ တောလမ်းက လမ်းကြမ်းတယ်ကွ တိုးကျော်ရ၊ သစ်ရိပ်ဝါးရိပ်ကလည်းရှိသေးတယ်၊ ညအမှောင်မှာ ခရီးသွားတယ်ဆိုတာ လမ်းက အများကြီးစကားပြောတယ်ကွ၊ မတော်လို့ နွားတွေက မမြင်မစမ်းနဲ့ ချိုင့်နင်းမိပြီး ခြေကျိုးနိုင်တယ်၊ ဂလိုင်ထဲ လှည်းဘီးကျွံသွားနိုင်တယ်မဟုတ်လားကွ၊ ပြီးတော့ မြို့ကိုညသန်းခေါင်လောက်ကြီး ရောက်သွားလိမ့်မယ်ကွ၊ ဒီအခါ ဆိုင်တွေပိတ်၊ အိမ်တွေပိတ်ထားတာဆိုတော့ ငါတို့တွေစောင့်ရတာ မသက်သာဘူးမဟုတ်လား”

“ကပိုင်ချောင်းက သွားရင်ရောဗျာ”

“ကပိုင်ချောင်းက ခုချိန်ရေမှမရှိတာကွာ၊ သဲလမ်းကြီးကလည်း ဖြူးနေတာပဲမဟုတ်လားကွ၊ အခုလရောင်နဲ့ဆိုရင် နွားတွေမြင်မြင်ထင်ထင်သွားလို့ရတာပေါ့ကွ၊ ပြီးတော့ မနက်သုံးနာရီ၊ လေးနာရီလောက်ဆိုရင် မြို့ကိုရောက်မယ်လေကွာ၊ ဆန်စက်က ခြောက်နာရီဖွင့်တာဆိုတော့ ငါတို့သိပ်ပြီးမစောင့်ရဘူးပေါ့၊ လေးနာရီလောက်ဆိုရင် ဆိုင်တွေဘာတွေလည်းဖွင့်စပြုပြီဆိုတော့ ငါတို့စားလို့သောက်လို့လည်း အဆင်ပြေတယ်မဟုတ်လား”

“ဘကြီးမိုးကတော့ တွေးတတ်ပါပေတယ်ဗျာ၊ ဒါကြောင့်လည်း ရွာမှာအလှူရှိရင် ဘကြီးမိုးပဲ အကုန်စီစဉ်ပေးရတာကိုးဗျ”

“ဟေ့တိုးကျော်၊ လမ်းကိုသေသေချာချာကြည့်မောင်းစမ်း၊ ဒီနားက လမ်းကျဉ်းပြီး လမ်းလည်းကောက်တယ်ကွ၊ တာပေါ်ကနေကျသွားမှ လှည်းမှောက်နေအုံးမယ်”

“ရပါတယ် ဘကြီးမိုးရာ၊ ဒီလမ်းက ကျုပ်မောင်းနေကျလမ်းတွေပါဗျ”

ထိုစဉ်မှာပင် လှည်းဘီးက လမ်းဘေးရှိ ချိုင့်ခွက်တစ်ခုအတွင်းသို့ကျသွားလေသည်။ ချိုင့်မှာသေးငယ်သည်မို့ လှည်းဘီးမကျွံသော်လည်း လှည်းမှာဝုန်းခနဲတုန်ခါသွားတော့သည်။ ဘကြီးမိုးက တိုးကျော်ခေါင်းကိုလှမ်းပုတ်ရင်း

“ငါပြောနေတယ်မဟုတ်လား၊ မင်းကတော့ တော်တော်ပေါ့တဲ့ကောင်ပဲကွ”

“အရင်က ဒီနေရာမှာ ချိုင့်မရှိပါဘူးဗျ၊ ဘယ်လိုလုပ်ပြီးရောက်လာတာလဲမသိပါဘူး”

တိုးကျော်မှာ ခေါင်းကုတ်လျှက် လှည်းကိုဆက်လက်မောင်းနှင်လာခဲ့သည်။

ရွာအထွက်လမ်းမှထွက်လာပြီး ကပိုင်ချောင်းအတွင်းသို့ ဆင်းလိုက်သည်နှင့် မျက်စိတစ်ဆုံးကျယ်ပြောလှသည့် သဲချောင်းကြီးကိုမြင်ရသည်။ ကပိုင်ချောင်းမှာ မိုးတွင်းအခါတွင်တော့ အလွန်ရေစီးသန်သည့် ချောင်းတစ်ခုဖြစ်သော်လည်း ယခုကဲ့သို့ မိုးအလွန်ကာလများတွင်တော့ သဲခုံများသာရှိသည့် သဲချောင်းကြီးအဖြစ်ပြောင်းလဲသွားလေသည်။ ဖြူလွလွသဲသောင်ပြင်ကြီးကို လရောင်ကထိုးလိုက်သည်မို့ ငွေကမ္ဗလာကြီးခင်းထားသည့်နှယ် ဝင်းလက်နေလေသည်။

“ဒါနဲ့ ဘကြီးမိုး၊ ကပိုင်ချောင်းက မြေကြမ်းတယ်လို့ပြောကြပေမယ့် ကျုပ်တော့တစ်ခါမှ သရဲတွေဘာတွေ မမြင်ဖူးသေးပါဘူးဗျာ”

“မမြင်ဖူးတာကောင်းတာပေါ့ကွ၊ ဘာလဲ မင်းက မြင်ချင်လို့လား”

“မြင်ချင်တာတော့ ဘယ်ဟုတ်ပါ့မလဲဗျ၊ ဒါပေမယ့် ကျုပ်ဆိုတဲ့ကောင်က ကိုယ်တိုင်မြင်ရမှ ယုံချင်တာဗျ၊ အခုလူတွေပြောနေကြတဲ့အကြောင်းတွေက ပါးစပ်ပြောတွေပါဗျာ၊ လျှာအရိုးမရှိတိုင်းပြောနေကြတာတွေပါဗျ”

“ဒီလိုလည်းဘယ်ဟုတ်ပါ့မလဲကွ၊ ကပိုင်ချောင်းအကြောင်းကို ဟောဟိုနားက ကပိုင်ရွာသားတွေအသိဆုံးပေါ့၊ တို့ရွာက ဒီလမ်းကိုသိပ်မှ မသုံးကြဘဲကိုး၊ မင်းမယုံပေမယ့် ငါကတော့ယုံတယ်ဟေ့၊ ဘာဖြစ်လို့လဲဆိုတော့ ငါခပ်ငယ်ငယ်ကတည်းက ဒီကပိုင်ချောင်းမှာ သရဲနဲ့ဆုံခဲ့ဖူးလို့ပဲကွ”

တိုးကျော်မှာ အားတက်သွားကာ

“ဟာ၊ ဘကြီးမိုးကိုယ်တိုင်ကြုံခဲ့ဖူးတာလားဗျ၊ ပြောစမ်းပါအုံးဗျာ၊ ဒါမျိုးတော့ ကျုပ်စိတ်ဝင်စားတယ်”

“သေချာလို့လားကွာ၊ ငါပြောတာနားထောင်ပြီးတော့ မင်းကြောက်နေပါအုံးမယ်”

“ဟာဗျာ၊ ဘကြီးမိုးက ကျုပ်ကိုအထင်သေးတာပဲဗျ၊ ကျုပ်နာမည်တိုးကျော်ဗျ၊ သရဲမပြောနဲ့ ဘီလူးတောင်မကြောက်ဘူးဗျာ”

“အေးဒါဆိုရင်လည်း ပြောရတာပေါ့ကွာ၊ အဲဒီတုန်းက ငါအိမ်ထောင်ကျပြီး သမီးကြီးမွေးပြီးစအချိန်ပေါ့ကွာ”

ဘကြီးမိုးက အတိတ်ဖြစ်ရပ်များဆီသို့ ပြန်ပြောင်း ပြောဆိုလေတော့သည်။

(၂)

မိုးတွင်းကုန်ဆုံးပြီး ဆောင်းဦးပေါက်လာသည့်အချိန်တွင် ကပိုင်ချောင်းအတွင်းရေများနည်းပါးသွားလေသည်။ ထိုအခါ သဲသောင်ခုံကြီးများပေါ်ပေါက်လာကာ ကျန်ရှိနေသည့် ရေများမှာလည်း ရေအိုင်ငယ်ကလေးများအဖြစ်သို့ ပြောင်းလဲသွားပြန်သည်။ ထိုရေအိုင်ငယ်ကလေးများအတွင်းတွင်တော့ မိုးတွင်းတစ်တွင်းလုံး ချောင်းအတွင်းဝဲလည်ကျက်စားနေကြသည့် ငါးကြီးငါးငယ်တို့မှာ ရေအိုင်အတွင်း ကျန်ရှိနေတတ်ပေရာ ဘကြီးမိုးတစ်ဖြစ်လဲ ကိုမိုးဦးတို့အတွက်တော့ ဟင်းစားသဖွယ်ဖြစ်နေလေတော့သည်။

ကိုမိုးဦးတစ်ယောက် ယာလုပ်ငန်းပြီးစီးသည့် ညနေစောင်းအချိန်တွင် ကွန်ဝိုင်းပိုက်ကာ ကပိုင်ချောင်းအတွင်းဆင်းလာခဲ့သည်။ မိုးဦးကျတွင် မွေးဖွားခဲ့သည်မို့ ကိုမိုးဦးကို မိဘများက မိုးဦးဟုသာ အမည်ပေးခဲ့သည်။ ထိုစဉ်က ကိုမိုးဦးမှာ အသက်သုံးဆယ်ကျော်သာရှိသေးသည်။ အိမ်ထောင်ကျပြီး ဇနီးသည်ဖြစ်သူ မသင်း ပင်လျှင် သမီးကြီးကိုမွေးဖွားပေးခဲ့သည်မှာ လပိုင်းသာရှိသေးသည်။ မသင်းမှာ ငါးအလွန်ကြိုက်သူဖြစ်လေရာ ကိုမိုးဦးက ယနေ့မသင်းအတွက် ဟင်းစားရှာပေးရန် ကပိုင်ချောင်းအတွင်းဆင်းလာခဲ့ခြင်းဖြစ်သည်။

“ဗျို့ ကိုမိုးဦး စောင့်ပါအုံးဗျ”

အနောက်သို့လှည့်ကြည့်လိုက်သည့်အခါ တစ်ရွာတည်းနေ ဖိုးမှောင်ဖြစ်နေလေသည်။ ဖိုးမှောင်မှာ အသက်ဆယ့်သုံးနှစ်သာရှိသေးသည့် ကလေးတစ်ဦးဖြစ်သည်။ ဖိုးမှောင်က ကိုမိုးဦးနှင့် ဆွေမျိုးမကင်းလည်းတော်စပ်ပေသည်။ ဖိုးမှောင်လက်ထဲတွင်တော့ နှီးဖြင့်ရက်လုပ်ထားသည့် ရက်သဲ့တစ်ခုကို ကိုင်ဆောင်လာလေသည်။

“ဖိုးမှောင် ဘယ်ကိုလိုက်မလို့လဲကွ”

“ကိုမိုးဦးလက်ထဲ ကွန်ဝိုင်းကြီးနဲ့ဆိုတော့ ကပိုင်ချောင်းမှာ ငါးရှာထွက်မယ်မဟုတ်ဘူးလား”

“အေးပေါ့ကွ၊ မင်းလက်ထဲလည်း ရက်သဲ့ကြီးနဲ့ဆိုတော့ မင်းရော အဲဒီသွားမလို့မဟုတ်လား”

“သွားတော့သွားချင်တယ် ကိုမိုးဦးရ၊ ဒါပေမယ့် နေကလည်း စောင်းနေပြီဆိုတော့ နည်းနည်းကြောက်လို့”

“ဘာမှကြောက်မနေပါနဲ့ကွာ၊ နေက အခုမှဝင်စရှိသေးတာပါကွ၊ တို့ရွာကို မိုးမချုပ်ခင်လောက် ပြန်ရောက်မှာပါ”

သို့နှင့် ကိုမိုးဦးနှင့် ဖိုးမှောင်တို့မှာ ကပိုင်ချောင်းအတွင်းသို့ အတူတကွဆင်းသက်ခဲ့ကြလေသည်။ ကပိုင်ချောင်းက သဲချောင်းမို့ ရေကကြည်လင်လှသည်။ ရေအိုင်ကလေးများမှာ ငါးပေခန့်ကျယ်သည့် အိုင်ကလေးများမှစကာ ပေရာနှင့်ချီအောင်ကြီးမားသည့် အိုင်ကြီးများအထိ အစားစားရှိသည်။ ရေအိုင်ကလေးများမှာ ဖိုးမှောင်ကဲ့သို့ကလေးများဖမ်းယူကြသဖြင့် ငါးမှာကုန်သလောက်ရှိနေပြီဖြစ်သည်။ ဖိုးမှောင်မှာ ဆယ်ပေခန့်ကျယ်သည့် ရေအိုင်ကလေးကိုပတ်ကြည့်နေကာ

“ငါးကတော့ ရှားလာပြီဗျ၊ ဒီအိုင်ထဲဆိုလည်း တစ်ကောင်နှစ်ကောင်လားပဲရှိတော့ပါလား”

“ငါးများများရတဲ့နေရာကို ငါသိတယ်ကွ၊ ဖိုးမှောင်ရ”

“ဘယ်နားမှာလဲဗျ”

“ငွေဘုံသာ ဘုရားနားက ကျောက်ထပ်ကြီးနားမှာပေါ့ကွာ”

ကိုမိုးဦးပြောလိုက်သည့်အခါ ဖိုးမှောင်တစ်ယောက်တုန်လှုပ်သွားပြီး

“ဟာ၊ ငွေဘုံသာဘုရားဆိုတာ သိပ်အခြောက်အလှန့်ကြမ်းတယ်ပြောကြတယ်နော်၊ ကျုပ်တော့ မသွားရဲပါဘူး ကိုမိုးဦးရာ”

“ကြောက်မနေစမ်းပါနဲ့ ဖိုးမှောင်ရာ၊ ငါတစ်ယောက်လုံးရှိပါတယ်ကွ၊ မင်းဒီအိုင်လေးတွေထဲ ရှာနေလည်း ဟင်းစားသုံးလေးကောင်အပြင် ပိုမရပါဘူးကွ၊ ငါနဲ့လိုက်ခဲ့စမ်းပါ”

“အဲဒီမှာ ငါးကတော်တော်များသလား ကိုမိုးဦး”

“သရဲခြောက်တယ်လို့ နာမည်ကြီးတော့ လူတွေမလာရဲကြဘူးပေါ့ကွာ၊ ဒီတော့ ငါးတွေကျန်တာပေါ့ကွ၊ ဟိုနေ့က ငါဒီလိုအချိန် တစ်ယောက်တည်း ကွန်သွားပစ်တာ လေးငါးခါပစ်ပြီးတော့ ငါးတော်တော်များများရတယ်ကွ၊ ဟင်းတောင် နှစ်ခါခွဲချက်ရတယ်ဟေ့”

ဖိုးမှောင်မျက်လုံးများ အရောင်လက်သွားသည်။

“ဒါဆို ကျုပ်လည်းလိုက်မယ်ဗျာ”

“အေးလိုက်ခဲ့၊ ကွန်ပစ်ပြီးရင် ငါးတွေဝိုင်းဖြုတ်ပေးပေါ့ကွာ၊ ဟင်းစားရတော့ မင်းကိုငါခွဲပေးပါ့မယ်ကွ၊ ဟုတ်ပြီလား”

သို့နှင့် ကိုမိုးဦးနှင့် ဖိုးမှောင်တို့မှာ ချောင်းရိုးအတိုင်းဆန်တက်လာခဲ့ကြလေသည်။

ကပိုင်ချောင်းအထက်ပိုင်းနားတွင် ကမ်းပါးကြီးတစ်ခုရှိလေသည်။ ထိုကမ်းပါးကြီးပေါ်တွင် ငွေဘုံသာစေတီကိုတည်ဆောက်ထားသည်။ ငွေဘုံသာစေတီမှာ ရှေးခေတ်ကတည်းက တည်ရှိခဲ့သည့် စေတီတစ်ဆူဖြစ်ကာ ဥစ္စာစောင့်များ၊ သိုက်စောင့်များရှိသည်ဟု နာမည်ကြီးသည်။ နှစ်စဉ်ကျင်းပနေကျ ဗုဒ္ဓပူဇနိယ ဘုရားပွဲအချိန်မှလွဲ၍ ငွေဘုံသာဘုရားအနီးတွင် လူသူမရှိတတ်ပေ။

ထိုငွေဘုံသာဘုရားတည်ရှိရာ တစ်ဖက်ကမ်းတွင်တော့ ကပိုင်ရွာကလေးတည်ရှိသည်။ ထိုရွာထိပ်တွင် ရွှေဘုံသာဘုရားဟုဘွဲ့အမည်ရသည့် ဘုရားစေတီတစ်ဆူရှိပြန်သည်။ အများအဆိုအရ ထိုရွေဘုံသာဘုရားနှင့် ငွေဘုံသာဘုရားမှာ မင်းညီမင်းသားနှစ်ဦး ဟိုဖက်ကမ်းဒီဖက်ကမ်းတွင် အပြိုင်တည်ခဲ့ကြသည့် စေတီနှစ်ဆူဟုသိရသည်။ စေတီများ၏ ပုံသဏ္ဍာန်များမှာလည်း အတော်အတန်တူညီလှပေသည်။ ရွှေဘုံသာဘုရားမှာ ရွာထိပ်တွင်တည်ရှိသော်လည်း ငွေဘုံသာဘုရားမှာတော့ ကပိုင်ချောင်းအနီး တောင်ကုန်းတစ်ခုပေါ်တွင် တည်ရှိသည်။ သို့သော် ကပိုင်ချောင်းရေတိုက်စားမှုကြောင့် ယခုငွေဘုံသာဘုရားတည်ရှိနေသည့် ကုန်းမှာ တစ်ခြမ်းသာရှိလေတော့သည်။

ထိုကမ်းပါးကြီးအောက်ဘက်တွင် ကျောက်ချပ်အလွှာများတည်ရှိသည်၊ အချို့ကျောက်ချပ်လွှာများမှာ လူတစ်ယောက်၏ အရပ်ထက်ပင် မြင့်မားသဖြင့် ကျောက်ထပ်ကြီးဟုခေါ်ကြသည်။ ထိုကျောက်အထပ်များအလယ်တွင်တော့ လူကြီးရင်ခေါင်းခန့် နက်သည့် ရေအိုင်တစ်အိုင်ရှိလေသည်။ ယခု ကိုမိုးဦးတို့ဦးတည်နေသည်မှာ ထိုရေအိုင်ဆီသို့ဖြစ်သည်။

ကျောက်ထပ်များကိုဖြတ်ကျော်ခဲ့ပြီးသည့်အခါ ရေအိုင်ကိုလှမ်းမြင်နေလေရသည်။ ကိုမိုးဦးတို့နှစ်ယောက် ရေအိုင်ဆီသို့ရောက်သည့်အခါ နေကလုံးလုံဝင်သွားပြီဖြစ်သည်။ ကောင်းကင်တစ်ခွင်တွင် အနီရောင်အလင်းတန်းများဖြင့် တိမ်တောက်ကာ လှပနေလေသည်။ ကိုမိုးဦးက ရေကိုကိုင်ကြည့်သည့်အခါ ရေများမှာအေးစက်နေလေသည်။ ကိုမိုးဦးက ကျောက်တုံးတစ်ခုပေါ်တွင် ရပ်တန့်လိုက်ကာ ခါးပုံစအတွင်းထည့်လာသည့် ဖွဲနုများကိုလက်တစ်ဆုပ်စာခန့်နှိုက်ယူလိုက်ကာ ရေအိုင်ကလေးဆီသို့ပက်ကျဲလိုက်လေသည်။ ဖွဲနုများမှာ ရေမျက်နှာပြင်တွင် ပြန့်ကျဲနေလေသည်။ မကြာခင်အချိန်မှာပင် ရေမျက်နှာပြင်တွင် လှုပ်ရှားမှုများကိုမြင်တွေ့ရသည်။ ကိုမိုးဦးကျဲပက်လိုက်သည့် ဖွဲများကို ကန်အတွင်းရှိငါးများက လာရောက်စားသောက်ကြခြင်းဖြစ်ပေသည်။

ကိုမိုးဦးက ကွန်ကိုသေချာကိုင်လိုက်ပြီးနောက် ကိုယ်တစ်ခြမ်းစောင်းလျှက် ကွန်ကိုလွှဲယူလိုက်ကာ အဝိုင်းပုံစံဖြစ်သွားအောင် ရေအလယ်သို့ပစ်ထည့်လိုက်လေသည်။ ကွန်မှာ ရေမျက်နှာပြင်ပေါ်သို့ စကောဝိုင်းကြီးနှယ် ဝိုင်းကျသွားကာ ငါးများကိုအလျှင်အမြန်အုပ်မိလေသည်။ ကိုမိုးဦးလည်း အချိန်မဆွဲတော့ဘဲ ကွန်ကိုပြန်ဆွဲယူသည်။ ဖိုးမှောင်ကလည်း ကိုမိုးဦးအား ကူညီကာ ဆွဲယူပေးလေသည်။ ကွန်အတွင်းတွင်တော့ ငါးများကဖွေးဖွေးလှုပ်အောင် လှုပ်ရှားနေကြသည်။ ထိုကွန်အား ကျောက်တုံးပေါ်သို့ဆွဲတင်ယူလိုက်ကာ ငါးများကိုဖြုတ်ရသည်။ ကိုမိုးဦးယူလာသည့် အဝခပ်ကျဉ်းကျဉ်းပလိုင်းတစ်ခုအတွင်းသို့ ငါးများကိုဖြုတ်ထည့်ရသည်။

ငါးမှာ အမျိုးအစားစုံလင်လှသလို အရွယ်အစားလည်းစုံလင်ပေသည်။ တစ်ထွာခန့်ရှိသည့် ငါးများမှစတင်ကာ လက်တစ်ညှိုးခန့်ရှိသည့် ငါးများအစုံဖြစ်သည်။ ကိုမိုးဦးတစ်ယောက်တည်း ငါးဖြုတ်လျှင် အချိန်ကြာတတ်သော်လည်း ယခုတော့ ဖိုးမှောင်ကပါ ဝိုင်းဖြုတ်ပေးနေသဖြင့် အချိန်ခဏလေးအတွင်း ပိုက်ကွန်မှငါးများကုန်သွားတော့သည်။

“တွေ့လားဖိုးမှောင်၊ ကွန်တစ်ချက်နဲ့တင် မနည်းရတာဟ၊ သုံးလေးချက်ဆိုရင်တော့ တောင်းပြည့်မယ်ထင်တယ်”

ဖိုးမှောင်ကလည်း ပျော်မြူးနေလေသည်။ ကိုမိုးဦးက

“ဖိုးမှောင်ရေ၊ ရေအိုင်ဟိုဘက်ခြမ်းကိုဆင်းပြီး ငါးတွေကိုဒီဖက်ကို မောင်းခဲ့ကွာ၊ ငါဒီနားရောက်တော့မှ ကွန်ချက်ပစ်မယ်”

ဖိုးမှောင်မှာလည်း ငါးရလိုဇောဖြင့် ရေကန်တစ်ဖက်သို့ ကွေ့ပတ်သွားလိုက်သည်။ ရေကန်မှာ ပေတစ်ရာခန့်သာ ကျယ်ဝန်းသည်မို့ သိပ်ဝေးဝေးမသွားလိုက်ရပေ၊ ဖိုးမှောင်က ကန်တစ်ဖက်ရောက်သည်နှင့် တုတ်တစ်ချောင်းကိုယူကာ ရေကန်စပ်သို့ဆင်းလိုက်လေသည်။ ပေါင်လယ်လောက်အထိဆင်းသက်လိုက်ပြီးနောက် ထိုတုတ်ဖြင့် ရေမျက်နှာပြင်ကို တဖြန်းဖြန်းထုနှက်ရာ ထိုအခြမ်းတွင်ခိုအောင်းနေကြသည့် ငါးများမှာ ကိုမိုးဦးရှိရာ တစ်ဖက်ဆီသို့ပြေးကူးလာကြသည်။ ကိုမိုးဦးက ဖွဲတစ်ဆုပ်ကျဲကာ ကွန်ချက်ထပ်ပစ်ခတ်လိုက်လေရာ ထိုကွန်ချက်မှာ အစဆုံးပစ်သည့်ကွန်ချက်ထက် ငါးအမိများသည်။

ဖိုးမှောင်ပါပြေးလာကာ ကွန်ရှိငါးများကိုဖြုတ်ကြသည်။ တစ်ထွာခန့်ရှိသည့်ငါးများပင် ဆယ့်လေးငါးကောင်ခန့် ရလေသည်။ ကိုမိုးဦးက ပိုက်မှငါးကိုဖြုုတ်ပြီး ပလိုင်းအတွင်းသို့ထည့်လိုက်သည်။

“ဟာ၊ ဘယ်လိုဖြစ်တာလဲ”

ကိုမိုးဦးရေရွတ်လိုက်မိသည်။ ပလိုင်းအတွင်း ငါးများမှာ သိသိသာသာလျော့နည်းနေသည်ကိုတွေ့ရသည်။ ခုနကတစ်ခေါက် ငါးဖြုတ်သည့်အခါ ပလိုင်းအောက်ခြေကိုပင် ဖုံးမိသော်လည်း ယခုအခါတွင်တော့ ငါးတစ်ကောင်စနှစ်ကောင်စကိုသာ တွေ့ရသည်။

“ငါးတွေလျော့နေပါလားကွ”

ကိုမိုးဦးက ပလိုင်းများပေါက်နေသလားဆိုပြီး လှန်လှောကြည့်နေလေသည်။ သို့သော် မည်သည့်အပေါက်မှမရှိ၊ အပေါက်ရှိ၍ ငါးထွက်ပြေးသည်ဆိုအုံးတော့ ပလိုင်းမှာ ရေကန်နှင့်ခပ်လှမ်းလှမ်းနေရာတွင်ချထားသဖြင့် ငါးမှာထိုမျှလောက်ခုန်သွားနိုင်ပုံမရပေ။

“မင်းယူသေးလား ဖိုးမှောင်”

“ဟာ၊ ကိုမိုးဦးကတော့လုပ်ပြီ၊ ကျုပ်အခုမှ ရေထဲကတက်လာတာပါဗျ”

“အေးကွ၊ ငါးတွေလျော့နေတယ်”

“ဟာဗျာ၊ ဟုတ်ပါ့မလားဗျ၊ ဒီနားမှာ လူဆိုလို့ ကျုပ်ရယ် ကိုမိုးဦးရယ်ပဲရှိတာ၊ ကိုမိုးဦးအမှတ်မှားတာဖြစ်မှာပါ”

ကိုမိုးဦးလည်း မတွေးတတ်တော့ပေ၊ နေရောင်ခြည်တဖြည်းဖြည်းဆုတ်ယုတ်လာပြီး ညမှောင်လာပြီဖြစ်သဖြင့် ကွန်ချက်ထပ်ပစ်နိုင်ရန်အလို့ငှာ ငါးများကိုမြန်မြန်ဖြုတ်၍ ပလိုင်းအတွင်းသို့ကောက်ထည့်ရလေသည်။ ယခုတစ်ခါတွင်တော့ ပလိုင်းသုံးပုံတစ်ပုံခန့် ရရှိသွားပြီဖြစ်သည်။ ကိုမိုးဦးက ပလိုင်းအတွင်းမှငါးများမထွက်နိုင်ရန် သူဆောင်းထားသည့် ဦးထုပ်နှင့်အဝကိုအုပ်ခဲ့သေးသည်။

တတိယတစ်ခါ ကွန်ပစ်သည့်အခါတွင်လည်း ငါးများရပြန်သည်။ ငါးဖြုတ်ပြီး ပလိုင်းထဲထည့်ရန်ကြည့်သည့်အခါ ငါးမှာဖင်ကပ်သာရှိနေပြန်သည်။ ကိုမိုးဦးမှာ အလွန်ဒေါသထွက်နေမိသည်။

“ဟာ၊ ဟုတ်တော့ မဟုတ်တော့ဘူးနော်၊ ငါးတွေပျောက်ပြန်ပြီဖိုးမှောင်၊ မယုံရင် ဒီမှာကြည့်”

ဖိုးမှောင်က ပလိုင်းအတွင်းကြည့်လိုက်ရာ ငါးက လေးငါးကောင်သာရှိသည်။ ဖိုးမှောင်လည်း ခေါင်းကုပ်ရင်း

“ငါးတွေ ပြန်ခုန်ထွက်ကုန်တာများလား ကိုမိုးဦး”

“ငါးခုန်မထွက်နိုင်အောင်လို့ ငါ့ဦးထုပ်နဲ့ပိတ်ခဲ့တာပါကွာ၊ တကယ်လို့ ခုန်ထွက်တယ်ပဲထားအုံး ဒီဦးထုပ်က ကျနေရမှာပေါ့ကွ”

“အင်း ဟုတ်လဲဟုတ်တယ်နော်”

ကိုမိုးဦးက ဒေါသထွက်ထွက်နှင့် မတ်တပ်ရပ်လိုက်ပြီး

“ဟေ့၊ ငါ့ငါးတွေကို ဘယ်ကောင်ခိုးသွားတာလဲကွ၊ စားချင်ရင်လာတောင်းစား၊ ဟင်းစားပေးလို့ရတယ်၊ အခုလိုခိုးကြောင်ခိုးဝှက်တော့မလုပ်နဲ့ ငါမကြိုက်ဘူးဟေ့”

ကိုမိုးဦးက ပြောဆိုရင်း ရေကန်တစ်ဝိုက်ကိုလိုက်ကြည့်နေမိသည်။ ကိုမိုးဦးအော်လိုက်သည့်အသံမှာ ရေကန်အနီး ကျောက်ချပ်များအကြားတွင် ပဲ့တင်ထပ်သွားလေသည်။ ထိုစဉ် ဖိုးမှောင်က တစ်နေရာသို့ လက်ညှိုးထိုးလိုက်ကာ

“ကိုမိုးဦး ဟိုမှာ . . . ဟိုမှာ”

ဖိုးမှောင်လက်ညှိုးထိုးပြလိုက်သည့်နေရာသို့ ကိုမိုးဦးလှည့်ကြည့်ုလိုက်သည့်အခါ သူ့အနောက် ကျောက်တုံးအပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသည့် မိန်းမတစ်ယောက်ကိုတွေ့မြင်လိုက်ရလေသည်။ ထိုမိန်းမကြီးမှာ ထမီအနီရောင်ကိုဝတ်ဆင်ထားကာ တစ်ကိုယ်လုံးရှိအသားများမှာလည်း မဲပြာနေလေသည်။ ကိုမိုးဦးမှာ ထိုမိန်းမကြီးကိုမြင်တွေ့လိုက်သည်နှင့် ထိတ်လန့်သွားသည်။ ထိုမိန်းမကြီးက သွားဖြူဖြူကြီးများပေါ်အောင်ဖြဲပြရင်း လက်တစ်ဖက်ကိုဖြန့်ကာ ကိုမိုးဦးထံသို့ပြေးဝင်လာသည်။

“ဟာ၊ သရဲ . . .သရဲ”

ဖိုးမှောင်မှာ အော်ဟစ်လျက် ရေကန်အနီးမှထွက်ပြေးတော့သည်။ ကိုမိုးဦးမှာ ကွန်ဝိုင်းကိုကောက်၍ ပုခုံးပေါ်တင်လိုက်ကာ ပလိုင်းကိုဆွဲယူလိုက်သည်။ ထိုအခိုက် သရဲမကြီးမှာ ကိုမိုးဦးအနီးသို့ရောက်လာလေသည်။

“ပေး . . ပေး ငါ့ကိုငါးပေး”

လက်ဝါးဖြန့်ကာ ကိုမိုးဦးကိုတောင်းဆိုလေရာ ကိုမိုးဦးက လက်ထဲမှပလိုင်းကိုပစ်ပေါက်လိုက်ပြီး တစ်ဖက်သို့လှည့်ပြေးတော့သည်။ ခပ်လှမ်းလှမ်းရောက်သဖြင့် လှည့်ကြည့်လိုက်သည့်အခါ သရဲမက ပလိုင်းအားဖောက်စားနေသည်ကိုတွေ့လိုက်ရသည်။ ဖိုးမှောင်တစ်ယောက်ကို အရိပ်အယောင်မှပင်မတွေ့ရတော့။ ကိုမိုးဦးလည်း ဆက်ပြေးလေရာ တစ်နေရာအရောက်တွင်တော့ ရှေ့ဆက်ပြေးမရဘဲ တုန့်ခနဲရပ်တန့်သွားသည်။ ကိုမိုးဦးလှည့်ကြည့်လိုက်သည့်အခါ သရဲမကြီးက ကိုမိုးဦးပခုံးပေါ်တင်ကာ ဆွဲလာသည့် ကွန်ဝိုင်းကြီးကို လက်ဖြင့်ဆောင့်ဆွဲထားသည်ကိုတွေ့ရသည်။ ကိုမိုးဦးလည်း တွေးမနေတော့ဘဲ ထိုကွန်ကိုပစ်ချခဲ့ပြီး ရွာသို့သုတ်ခြေတင်ကာ ပြေးလာခဲ့သည်။

“အဲဒီနောက်ပိုင်းကတည်းက ကပိုင်ချောင်းထဲ ငါးမဖမ်းရဲတော့တာပဲဟေ့”

ဘကြီးမိုးပြောပြသည်ကို တိုးကျော်ကနားထောင်လျှက်

“ဘကြီးမိုးက ဘာဖြစ်လို့ပြေးတာလဲဗျာ”

“ဟ၊ သရဲနဲ့တွေ့တာ မပြေးလို့ ငါကဘာလုပ်ရမှာလဲကွ”

“နေရာချင်းသာ လဲလိုက်ချင်ပါတယ်ဗျာ၊ ကျုပ်သာဆို ပြေးမှာမဟုတ်ဘူးဗျ၊ ကျုပ်ငါးကိုလုစားတဲ့ သရဲမကို တစ်ချီတစ်မောင်းလောက်တော့ မှတ်လောက်သားလောက်အောင် ဆော်ပလော်တီးထည့်လိုက်မှဗျ”

“အောင်မာ၊ မင်းက တကယ်မတွေ့ဖူးတော့ ပြောအားရှိတာပေါ့ကွ၊ ငါ့မှာ အဲဒီတုန်းက ခုနစ်ရက်လောက် ဖျားလိုက်သေးတာကွ”

တိုးကျော်မှာ ဟားတိုက်ကာရယ်မောခဲ့သည်။

(၃)

လှည်းမှာ မောင်းနှင်လာရင်းမကြာခင်အချိန်တွင် ကပိုင်ချောင်းဘေး ကမ်းပါးကြီးပေါ်တွင်တည်ရှိသည့် ငွေဘုံသာဘုရားစေတီကို လှမ်းမြင်လိုက်ရလေသည်။ ထုံးများဖြူဖွေးအောင်သုတ်ထားသဖြင့် လရောင်ထိုးလိုက်သည့်အခါ ငွေဘုံသာဘုရားကြီးမှာ တကယ့်ငွေစေတီကြီးတစ်ခုအလား ဝင်းလက်တောက်ပနေလေသည်။ ကမ်းတစ်ဖက်မှ ကပိုင်ရွာကလေးမှာတော့ အမှောင်ထုအတွင်းငြိမ်သက်စွာတည်ရှိနေလေသည်။

“ဟော၊ ပြောရင်းဆိုရင်း ဘုရားအနားတောင်ရောက်လာပေါ့”

ဘကြီးမိုးကပြောဆိုလိုက်ရင်းငွေဘုံသာစေတီကိုရည်မှန်းကာ လက်အုပ်ချီလိုက်လေသည်။ တိုးကျော်က

“ကျောက်ထပ်ကြီးနားဆိုတော့ ဟောဟိုနေရာကြီးဖြစ်မှာပေါ့နော်”

“အေးပေါ့ကွ၊ ဒီအချိန်ဆိုရင်တော့ ကျောက်ထပ်ကြားမှာလည်း ရေအိုင်ဘယ်ကျန်ပါတော့မလဲကွ”

စကားတပြောပြောနှင့် လှည်းကိုမောင်းနှင်လာလေရာ သတိရ၍ ပြန်လှည့်ကြည့်တော့မှ ကောင်းစံမောင်းသည့်လှည်းမှာ သူတို့လှည်းနှင့် အနောက်ခပ်လှမ်းလှမ်းတွင် ပြတ်ကျန်နေခဲ့သည်။ ဦးပေါကြီးလှည်းဆိုလျှင် လရောင်အောက်တွင် မှုန်ဝါးဝါးသာ မြင်တွေ့ရသည်။ ဘကြီးမိုးက

“မင်းက နွားပြာတွေကို ဒုန်းတိုက်လာခဲ့တော့ အရှေ့ကိုစောရောက်နေတာပေါ့ကွာ၊ မဖြစ်ဘူးဟေ့၊ ငါတို့စောင့်မှဖြစ်မယ်”

“ဘာစောင့်စရာလိုလဲဗျာ၊ ကပိုင်ချောင်းကြီးက ဖြူးနေတာပဲကို ဘာများလမ်းမှားစရာရှိလို့လဲ”

“မင်းပြောတာလည်း ဟုတ်တာပဲ၊ ဘာပဲဖြစ်ဖြစ် မြို့ထိပ်နားလောက်ရောက်ရင်တော့ ရပ်စောင့်မှထင်တယ်ကွ”

တိုးကျော်မှာ ပြောဆိုရင်း လှည်းကိုဆက်လက်နှင်လာခဲ့သည်။ ငွေဘုံသာဘုရားအနီးအရောက်တွင် ဘုရားစေတီပေါ်မှတဝင်းဝင်းတလက်လက်အရောင်များကိုတွေ့ရလေသည်။ ဘကြီးမိုးက လှမ်းကြည့်ရင်း

“ဟ၊ စေတီပေါ်မှာ မီးရောင်တွေ့တယ်ကွ၊ တစ်ယောက်ယောက်လာပြီး ဆီမီးပူဇော်သွားတာနေမှာကွ”

ဆက်ကြည့်နေရင်း အလင်းရောင်ကလေးမှာ တစ်ခုမှနှစ်ခု၊ နှစ်ခုမှ လေးခုသို့တဖြည်းဖြည်းပွားများလာပြီးနောက် ဘုရားစေတီတစ်ခုလုံးကို ထိုအလင်းရောင်များက ပတ်ခြုံသွားလေသည်။ တိုးကျော်နှင့် ဘကြီးမိုးတို့မှာ တစ်ယောက်နှင့်တစ်ယောက် စကားပင်မပြောနိုင်ကြဘဲ ထိုအလင်းရောင်များကို တွေဝေပြီးကြည့်နေမိသည်။ အလင်းရောင်များမှာ စေတီအား သုံးပတ်တိတိလှည့်ပတ်ပြီးသည့်အခါ ကမ်းပါးကြီးအတိုင်း တဖြည်းဖြည်းဆင်းချလာလေသည်။

“ဟာ၊ ဘကြီးမိုး၊ လာပြီ၊ လာကြပြီဗျ”

“ဟေ၊ ငါတို့လှည်းနားက ဖြတ်မှာပဲကွ၊ ဟိုးထား၊ လှည်းကိုရပ်ထားစမ်း”

ဘကြီးမိုးပြောသဖြင့် လှည်းကိုရပ်ထားလိုက်ရသည်။ ထိုအလင်းရောင်တလက်လက်များမှာ ကမ်းပါးပေါ်မှဆင်းလာပြီး ချောင်းအတွင်းသို့ရောက်လာသည်။ မကြာမီလရောင်အောက်တွင် နွားဖြူကြီးများဆွဲထားသည့် နွားလှည်းများနှင့် လူများကိုတွေ့လိုက်ရပြန်သည်။ ထိုလှည်းကြီးများ၏ ထိပ်နှင့် အနောက်ဘက်တွင်တော့ ကညင်ဆီမီးတိုင်ကဲ့သို့ မီးတိုင်ကြီးများထွန်းညှိထားကြလေသည်။

“ဟောဗျာ၊ ဆင်းလာတုန်းက အလင်းစက်ကလေးတွေ၊ အခုတော့ ဘယ်လိုလုပ်ပြီး လှည်းကြီးတွေဖြစ်သွားတာပါလိမ့်”

တိုးကျော်မှာ ရေရွတ်နေလေသည်။ အချိန်က ညရှစ်နာရီခန့်ပင်ရှိအုံးမည်၊ လရောင်အောက်တွင် လှည်းကြီးများကို အတိုင်းသားမြင်နေရသည်။ လှည်းပေါ်တွင် လှည်းမောင်းသူအပြင် လှည်းအနောက်တွင်လူများထိုင်လိုက်လာကြသည်။ လှည်းပေါ်တွင်တော့ ရာဝင်အိုးကြီးတစ်လုံးကိုတင်ဆောင်လာသည်။ ထိုရာဝင်အိုးကြီးများတွင်လည်း ထုံးဖြူဖြူနှင့်ရေးသားထားသည့် အက္ခရာများကိုတွေ့ရပြန်သည်။ ထိုလှည်းကြီးက တိုးကျော်တို့လှည်းကို မမြင်တွေ့သည့်အလား တိုးကျော်တို့လှည်းအနီးမှ ဖြတ်သွားသည့်တိုင်အောင် လှည့်ကြည့်ချင်း၊ စကားပြောချင်းများမရှိဘဲ သူ့ဖာသာသူ သွားလာနေကြလေသည်။ လှည်းကြီးကိုးစီးတိတိမှာ ကပိုင်ချောင်းကိုဖြတ်သန်းလျှက် တစ်ဖက်ရှိ ကပိုင်ရွာကလေးဆီသို့ ဦးတည်ကာ သွားလာနေကြခြင်းဖြစ်သည်။ သွားလာနေသည့်အချိန်တွင်လည်း နွားသံများ၊ လူသံများ ဆူညံနေသကဲ့သို့ အကြွေပြားများကိုလှုပ်ခါသည့်အသံကဲ့သို့ တချွင်ချွင်အသံများကိုပါ ကြားနေရလေသည်။

လှည်းကြီးကိုးစီးမှာ ကပိုင်ချောင်းအလယ်ခန့်ရောက်သည့်အခါ တိုးကျော်တို့မြင်ကွင်းမှပျောက်ကွယ်သွားပြီး အလင်းမှုန်အလင်းစက်ကလေးများအဖြစ် ပြန်လည်သေးငယ်သွားတော့သည်။ လှည်းကြီးများဖြတ်သန်းပြီးသွားသော်လည်း ဘကြီးမိုးနှင့်တိုးကျော်မှာ ကြက်သေသေကာ ကြောင်အမ်းအမ်းဖြစ်နေဆဲပင်

“ဘကြီးမိုး၊ ဒီလှည်းတွေကို ဘကြီးမိုးလည်း မြင်လိုက်ရတယ်မဟုတ်လား”

“အေး၊ ငါလည်းတွေ့လိုက်တယ်ကွ”

“မသိပါဘူးဗျာ၊ ကျုပ်တစ်ယောက်တည်းများ မြင်နေရတာလားလို့၊ ဒါနဲ့ ဒီလူတွေက ဘယ်သူတွေလဲမသိဘူးနော်”

“ငါ့အထင်တော့ ဥစ္စာစောင့်တွေဖြစ်မယ်ကွ၊ တို့ငယ်ငယ်က ငွေဘုံသာဘုရားသိုက်အကြောင်း လူကြီးတွေပြောတာကြားဖူးတယ်၊ ဒီဘုရားခြေရင်းက သိုက်ထဲမှာ လှည်းကိုးစီးတိုက် ရတနာတွေရှိတယ်လို့ပြောတာကြားဖူးသကွ”

“ဒါဆို ဒီလှည်းတွေက သိုက်ပြောင်းတာပေါ့နော်ဗျ”

“အေးကွ၊ လှည်းတွေအကုန်လုံး ကပိုင်ရွာကလေးဘက်ကို သွားတာထောက်တော့ ရွှေဘုံသာဘုရားဆီသွားတာပဲနေမှာ၊ ရွှေဘုံသာဘုရားဆိုတာကလည်း သိုက်နန်းရှင်တွေရှိတယ်လို့ ကြားဖူးတာပဲ”

“မဟုတ်မှလွဲရော၊ ဒီရာဝင်အိုးကြီးတွေထဲမှာ ရတနာတွေရှိတယ်ထင်တယ်နော် ဘကြီးမိုး”

“ဟုတ်တာပေါ့ကွ၊ ဘယ်လိုလဲကွ တိုးကျော်ရ သိုက်နန်းရှင်ဆိုတာကို မင်းမြင်ပြီမဟုတ်လား”

ဘကြီးမိုးနှင့် တိုးကျော်တို့စကားပြောနေစဉ်တွင် အနောက်မှ ကောင်းစံမောင်းလာသည့် လှည်းက သူတို့လှည်းနှင့်မီလာလေသည်။ ကောင်းစံက ဘကြီးမိုးတို့ကိုကြည့်ပြီး

“အော်၊ ဘကြီးမိုးတို့ကလည်း သွားနှင့်တာမဟုတ်ဘူး၊ ကျုပ်တို့လိုက်လာမှာပေါ့ဗျ”

တိုးကျော်က ကောင်းစံကိုကြည့်ကာ

“ဒါနဲ့ကောင်းစံ ခုနက ငွေဘုံသာဘုရားပေါ်မှာ မီးတွေလက်နေတာကို မင်းမြင်လိုက်ရလား”

ကောင်းစံက တိုးကျော်စကားကိုကြားသည့်အခါ အထူးအဆန်းသဖွယ်နှင့် ခေါင်းခါပြလေသည်။

“ပြီးတော့ မီးတိုင်တွေထွန်းထားတဲ့လှည်းကြီးတွေ၊ နွားဖြူကြီးတွေကိုရော တွေ့လိုက်ရဲ့လား”

“ကျုပ်ဘာမှ မတွေ့ပါဘူးဗျာ”

“ဟာ၊ ဟေ့ကောင် ဒီလောက်ဆူညံနေတာကိုကွာ၊ တန်တော့ မင်းလှည်းမောင်းရင်း ငိုက်လာတာမဟုတ်လားကွ”

“တောက်တီးတောက်တဲ့ဗျာ၊ ကျုပ်ငိုက်လည်းမငိုက်ပါဘူး၊ လမ်းကိုသေချာကြည့်ပြီး သတိကြီးကြီးနဲ့မောင်းလာတာပါဗျ၊ ငွေဘုံသာဘုရားမှာ မီးရောင်လက်တယ်ဆိုရင် ကျုပ်တို့လည်း မြင်မှာပေါ့ဗျ”

ဘကြီးမိုးက တိုးကျော်ပခုံးအားပုတ်ရင်း

“အဲဒါပဲကွ တိုးကျော်ရ၊ မင်းနဲ့ငါနဲ့ မြင်လိုက်ရတယ်ဆိုတာ ငါတို့က အဲဒီသိုက်က ဥစ္စာစောင့်တွေ သိုက်နန်းရှင်တွေနဲ့ ပဌာန်းဆက်ပါလို့ဖြစ်မယ်ကွ”

ပြောဆိုပြီးနောက် သူတို့လည်း ဆက်လက်မောင်းနှင်လာကြလေသည်။ တိုးကျော်မှာတော့ ထိုအဖြစ်ကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသော်လည်း အခုထိစိတ်ထဲ မယုံနိုင်သေးပေ။

သို့နှင့် စပါးကြိတ်သည့် ကိစ္စလည်းပြီးသွားခဲ့လေသည်။ အပြန်လမ်းတွင်တော့ နေ့ခင်းအချိန်ဖြစ်နေသဖြင့် မည်သို့မှ မထူးခြားပေ၊ သို့သော် ငွေဘုံသာဘုရားအနီးမှ အဖြတ်တွင် တိုးကျော်တစ်ယောက် ကြက်သီးများတဖြန်းဖြန်းထကာ ဘာရယ်မဟုတ်ဘဲ ကြောက်လန့်နေမိသည်။

ရွာသို့ပြန်ဝင်လာသည့်အခါ ညနေအလွန်စောင်းနေပြီဖြစ်သည်။ တိုးကျော်က လှည်းကိုခြံဝိုင်းအတွင်းရပ်လိုက်သည်။ အလှူအတွက် လုပ်အားပေးများက လှည်းတွင်သယ်လာသည့် ဆန်များကို ခပ်ယူကြသည်။ ရွာခံမိန်းကလေးများက ဆန်ထဲတွင် စပါးခွံများ၊ မြက်သီးများနှင့် ဖွဲမှုန်များမပါစေရန်အတွက် စကောများနှင့်ပြာတီးကာ သန့်စင်ယူကြလေသည်။ သန့်စင်သွားသည့် ဆန်များကို ပုတ်တောင်းကြီးများအတွင်းသို့ထည့်ကာ သိမ်းဆည်းကြသည်။

တိုးကျော်မိန်းမ မိညိုမှာလည်း ဆန်ပြာသည့် လုပ်အားပေးအဖွဲ့တွင်ပါဝင်သည်။ တိုးကျော်မှာ ခြေလက်ဆေးကြောပြီး အိမ်ရှေ့သို့ထွက်ခဲ့သည့်အခါ မိညိုက တိုးကျော်ကို စိမ်းစိမ်းကြီးကြည့်နေလေသည်။ တိုးကျော်ပင် ထူးဆန်းသွားပြီး

“မိညို ငါပြန်လာပြီလေဟာ”

မိညိုက ဘာမှမပြောဘဲ ပါးကြောကြီးများထောင်အောင် အံကြိတ်နေပြန်သည်။ တိုးကျော်မှာ အံ့အားသင့်နေစဉ် မိညိုက လက်ထဲမှစကောကိုပစ်ချကာ တိုးကျော်ဆီသို့ခုန်ဝင်လျက် တိုးကျော်ကိုနပမ်းဖက်လုံးတော့သည်။

“ဟဲ့ မိညို၊ နင်ဘာဖြစ်တာလဲ၊ နင်ဘာဖြစ်တာလဲ”

ဆန်ပြာနေသည့်လူများပါ ဝိုင်းဆွဲကြတော့သည်။ ထူးဆန်းသည်က မိညိုမှာအလွန်အားသန်နေပြီး မိန်းကလေး လေးငါးယောက်ဆွဲ၍ပင်မရပေ၊ တိုးကျော်ကိုလည်း ထိုးလိုက်ကြိတ်လိုက်နှင့် နှိပ်စက်နေလေသည်။ တိုးကျော်က ဇနီးမယားမို့ မိညိုကိုပြန်လည်မတိုက်ခိုက်ဘဲ ခုခံ၍သာနေရသည်။

ဘကြီးမိုးတို့ ယောက်ျားသားများက မိညိုကိုဝိုင်းဆွဲတော့မှ မိညိုမှာ တိုးကျော်အားလွှတ်လေသည်။ သို့သော် မကျေနပ်သည့်ဟန်ဖြင့် မျက်စောင်းကြီးခဲကာ တိုးကျော်အားကြည့်နေလေသည်။ ဘကြီးမိုးက မိညိုအားကြည့်ရင်း

“မိညို နင်ဘာဖြစ်တာလဲ၊ တိုးကျော်ကို နင်ဘာမကျေနပ်လို့လဲ”

“မကျေနပ်ဘူး၊ ဒီကောင့်ကိုငါ လုံးဝမကျေနပ်ဘူး”

မိညိုအသံမှာပြောင်းသွားပြီး ကွဲအက်အက်ကြီးဖြစ်နေလေသည်။ ဘကြီးမိုးက မိညို၏အမူအရာကို အကဲခတ်ကြည့်သည်။ အသံပြောင်းချင်း၊ မျက်သားများနီနေခြင်း၊ အလွန်ကြမ်းတမ်းနေခြင်းတို့ကိုကြည့်ကာ မိညိုတစ်ယောက် အပမှီနေပြီမှန်းသိလိုက်သည်။ တိုးကျော်တစ်ယောက်လည်း မိညိုထိုးကြိတ်ထားသဖြင့် မျက်နှာကဖူးယောင်နေပြီဖြစ်သည်။

“တိုးကျော်ရေ၊ မိညိုအပမှီနေပြီဟေ့၊ ရွှေရင်ကျော်ဆရာကြီးကို သွားပင့်စမ်း”

သို့နှင့် ရွာရှိ ရွှေရင်ကျော်ဆရာကြီး အဘချစ်ကို သွားပင့်ရသည်။ အဘချစ်က မိညိုအား ဆေးစောင့်ဝါးစောင့်များဖြင့် ဖမ်းချုပ်ပြီး မေးမြန်းလေတော့သည်။

“နင်ဘယ်သူလဲ၊ ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ”

“ဒီကောင်က ငါ့ကိုစိန်ခေါ်တယ်၊ ဒီကောင့်ကို ငါမကျေနပ်ဘူး”

“ဘယ်လိုစိန်ခေါ်တာလဲ”

“ငါနေတဲ့ ငွေဘုံသာဘုရားအနားက ကျောက်ချပ်ကြီးကိုရောက်တော့ ငါ့ကို အကြောင်းသိအောင် တစ်ပွဲတစ်လမ်း ဆော်ပလော်တီးမယ်လို့ ပြောတယ်”

ဘကြီးမိုးနှင့် တိုးကျော်မှာ အလွန်အံ့အားသင့်နေမိသည်။ အဘချစ်၏ ပညာဖြင့် မိညိုထံတွင် ပူးကပ်နေသည့် သရဲကိုမောင်းထုတ်ရလေသည်။ ထိုတော့မှ တိုးကျော်တစ်ယောက် သရဲတစ္ဆေကို နဖူးတွေ့ဒူးတွေ့ကြုံကာ ယုံလဲယုံသွားတော့သည်။

ထိုအဖြစ်များဖြစ်ပျက်ပြီးနောက် မိုးရာသီသို့ရောက်ခဲ့သည်။ ထိုနှစ်က မိုးဦးကောင်းသဖြင့် မိုးဦးလေးဦးက ပြင်းထန်လွန်းလှပေသည်။ ကပိုင်ချောင်းရေမှာလည်း ခါတိုင်းနှစ်များနှင့်မတူဘဲ အလွန်အားပြင်းစွာစီးဆင်းလေသည်။ ရေစီးပြင်းထန်မှုကြောင့် ငွေဘုံသာဘုရားတည်ထားသည့် ကမ်းပါးကြီးကို ရေတိုက်စားကာ ထိုကမ်းပါကြီးနှင့်အတူ ငွေဘုံသာဘုရားပါ ကပိုင်ချောင်းအတွင်းသို့ ပြိုကျသွားတော့သည်။

ထိုအဖြစ်ကို ဒေသခံရွာသားများက အထူးအဆန်းအနေဖြင့်ပြောဆိုနေသော်လည်း ဘကြီးမိုးကတော့ ခေါင်းညိတ်လျှက်

“ဒါကြောင့်ကိုးကွတိုးကျော်ရ၊ ဒီမိုးဦးမှာ ဒီလိုဖြစ်မယ်ဆိုတာကို သိုက်နန်းရှင်တွေက သိလို့ သူတို့သိုက်ကိုပြောင်းသွားခဲ့တာကိုးကွ”

ငွေဘုံသာဘုရားအောက်တွင် လှည်းကိုးစီးတိုက် ရတနာများရှိသည်ဟူသည့် ပါးစပ်သတင်းကြောင့် ကပိုင်ချောင်းရေကျသွားချိန်တွင် ရွာသူရွာသားများက သွားရောက်ရှာဖွေကြသော်လည်း အုတ်ကျိုးအုတ်ပျက်များမှလွဲ၍ အခြားတန်ဖိုးရှိသည့်အရာ တစ်ခုတစ်လေမှပင် မတွေ့ကြရပေ။ ဖြစ်နိုင်သည်ကတော့ သိုက်ပြောင်းစဉ်ကတည်းက သိုက်နန်းရှင်များမှာ ဘုရားဌာပနာများပါမကျန် အကုန်အစင်ပြောင်းရွှေ့ယူဆောင်သွားသောကြောင့် ဖြစ်နိုင်ပေသည်။

ယခုအခါ ကပိုင်ချောင်းမှာ ဆယ့်နှစ်ရာသီပတ်လုံး ရေမဆင်းတော့ဘဲ သဲချောင်းအဖြစ်သာတည်ရှိတော့သည်။ နောက်လူများက ကပိုင်ချောင်းဟုပင် မသိတော့ပေ၊ ချောင်းတစ်နေရာတွင်တော့ လူတစ်ရပ်ခန့်ရှိသည့် ကျောက်ချပ်ကြီးများရှိနေသေးသည်။ ထိုအနီးတွင် ယခင်က ငွေဘုံသာဘုရားတည်ရှိခဲ့ဖူးသည့် ကုန်းကမူအပိုင်းအစကလေးတစ်ခုရှိကာ ချုံနွယ်ပိတ်ပောင်းများဖုံးအုပ်လျှက် တောဖြစ်၍ ထူထပ်နေပါတော့သည်။

ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်