ဆင်ပစ်ရန်အသွား

တိုင်ပင်ရပါတော့သည်။

၁၉၂၄ ခုနှစ် လက်နက်ဥပဒေအရ ဆင်များကို သုတေသနလုပ်ရုံမှလွဲ၍ လုံးဝပစ်ခတ်သတ်ဖြတ်ခွင့် မရှိပါ။ ပစ်ခတ်ရန်လည်း ပါမစ်လျှောက်ပြီး ခွင့်ပြုချက်ရမှသာ ပစ်ခတ်သတ်ဖြတ်ခွင့် ရှိပါသည်။

ဤကိစ္စကို ပစ်ပြီးမှသာ ခရိုင်သစ်တောဝန်နှင့် ရှင်းမည်ဟု စိတ်ကူးထားပါသည်။

ထို့နောက် မုဆိုးအဖွဲ့နှင့်တိုင်ပင်ပြီး အဓိက စခန်းချပြီး ပစ်ရမည့်နေရာကို ရွေးချယ်ရပါသည်။ နောက်ဆုံးတွင် မုဆိုးအဖွဲ့ မရောက်သည်မှာ အကြာဆုံးဖြစ်သည့် ချောင်းဂီစခန်းကို ရွေးလိုက်ကြပါသည်။

ထိုစခန်းသို့ လွန်ခဲ့သည့်နှစ်နှစ်ခန့်က ဗိုလ်ကြီးအောင်ခင်(အငြိမ်းစားဗိုလ်မှူးကြီး၊ အငြိမ်းစားမြို့တော်ဝန်၊ အငြိမ်းစားသံအမတ်ကြီး)နှင့် ဗိုလ်ကြီးမောင်မောင်အေး (အငြိမ်းစားဗိုလ်မှူး၊ အငြိမ်းစား ဦးဆောင်ညွှန်ကြားရေးမှူး-ဟိုတယ်ခရီးသွား) တို့အဖွဲ့ လွန်ခဲ့သည့်နှစ်နှစ်ခန့်က ရောက်ကြပြီး နောက်ပိုင်းတွင် မည်သည့်အဖွဲ့မှ ထိုနေရာသို့ မရောက်သေးကြောင်း သိရပါသည်။

နေ့လည်စာစားပြီး ကျွန်တော်တို့အဖွဲ့သည် လက်နက် ရိက္ခာအပြည့်အစုံနှင့် မိုင်တိုင်လေးအထိ ကားဖြင့် သွားကြပါသည်။ ညာဘက်သို့ တစ်ဖြည်းဖြည်း ဆင်းကြပါသည်။

ရှေ့ဆုံးမှ စိန်ညိုနှင့် ကိုလှမြင့်တို့မှ ဦးဆောင်ပြီး အလယ်မှ သူကြီးဦးအေးမောင်နှင့် သူကြီးဦးညွန့်မောင်တို့မှ အထမ်းသမားများကို ကွပ်ကဲ၍လည်း ကောင်း၊ နောက်ဆုံးမှ ဦးဘိုးစ၊ ကျွန်တော်နှင့် သန်းဝင်းတို့မှ လည်းကောင်း လိုက်ပါချီတက်သွားကြပါသည်။

မုဆိုးအဖွဲ့ဝင်အားလုံးကိုလည်း ဆတ်ထက်ငယ်သည့် အကောင်ကို မပစ်ရန် မှာကြားထားပါသည်။

လမ်းတွင် ဂျီများ မကြာခဏ တွေ့သော်လည်း မပစ်ကြပါ။

ကျွန်တော်၏ရှေ့မှ ခပ်မှန်မှန်သွားနေသော ဦးဘိုးစ၏ ခြေသလုံးများကို သတိထားကြည့်မိပါသည်။ ဦးဘိုးစသည် အသက် ငါးဆယ်ခန့်ရှိပြီး ဤတောဤတောင်တွင် အခေါက်ပေါင်းများစွာ တက်လိုက်ဆင်းလိုက်၊ သွားလိုက်လာလိုက်ဖြင့် လှုပ်ရှားခဲ့ရသည့် အကြိမ်ပေါင်းများစွာ ရှိနေကြောင်းကို သက်သေပြနေသည့်အလား သူ၏ခြေသလုံးများမှာ လွန်စွာတုတ်ခိုင်ကြီးမားနေသည်ကို ကျွန်တော် သတိထားမိပါသည်။

ကျွန်တော်သည် အရပ်ငါးပေ ဆယ်လက်မခန့်
ရှိသည့် ကာယဗလသမားတစ်ဦးဖြစ်သော်လည်း ဦးဘိုးစ၏ ခြေသလုံးများမှာ ကျွန်တော့်ခြေသလုံးများထက်ပင် တုတ်သည်ဟု ထင်ရပါသည်။

ဆောင်းအကုန် နွေအကူး ရာသီဖြစ်သည့်အားလျော်စွာ ရောင်စုံတောပန်းများ ဝေဝေဆာဆာ ပွင့်လန်းနေကြပါသည်။

တောတောင်၏ သာယာကြည်နူးဖွယ်ကောင်းပုံကို ဖွဲ့ဆိုရရင်တော့ ဦးဩဘာသ ရေးသားတော်မူခဲ့သည့် ဝေသန္တရာဇာတ်တော်ကြီးဝတ္ထုမှ ဟိမဝန္တာချီးမွမ်းခန်းအတိုင်းပင် ဆိုရပေမည်။

မဲဇာတောင်ခြေ အစချီပြီး ရတုပိုဒ်စုံကို ရေးသားခဲ့သည့် လက်ဝဲသုဒ္ဒရအမတ်ကြီးကိုလည်း သတိရမိပါသည်။

သစ်ပင်များပေါ်တွင် လှုပ်ရှားသွားလာ ဆော့ကစားနေကြသည့် မျောက်အုပ်များကိုလည်း မကြာမကြာတွေ့နေရသည့်အပြင် ဂျီများကိုလည်း တွေ့နေရပါသည်။

သစ်ပင်ကြီးများပေါ်တွင် တွယ်ကပ်ပြီး အုံနေကြသည့် ဧရာမပျားအုံကြီးများကိုလည်း မကြာခဏ တွေ့ရပါသည်။

တောမှာ အထက်ရှုပ် အောက်ခြေရှင်းဖြစ်နေပြီး နေပြောက်ပင် မထိုးနိုင်လိုက်လောက်အောင် နက်လှပါသည်။

ဆင်သွားလမ်းဖြစ်သည့် တောင်ဆင်းလမ်းမှာ ခပ်ပြေပြေဖြစ်သော်လည်း တစ်ခါတစ်ရံ မှောက်လျက်လဲကျမည် စိုးသဖြင့် ဘေးတိုက်ဆင်းရပါသည်။

ဦးဘိုးစကတော့ တောကောင်များ စားသည့် စားပင်အမျိုးမျိုးကိုတွေ့တိုင်း ပြောပြပြီး ကျွန်တော့်အား သင်တန်းပေးနေပါသည်။ ကျွန်တော်သိသည့် အပင်ကတော့ ပျဉ်းကတိုးပင်တစ်မျိုးသာ အများအပြားပေါက်ရောက်နေပြီး သစ်လုပ်ငန်းအဖွဲ့မှ ဝင်ရောက်ခုတ်လှဲခြင်း မပြုနိုင်သည်မှာ နှစ်ပေါင်း အတော်ကြာပြီဖြစ်သဖြင့် သစ်ပင်များမှာ ကြီးချင်တိုင်း ကြီးနေကြပါသည်။ ကျွန်း၊ အင်နှင့် ကညင်ပင်များမှာ မတွေ့သလောက်ပင် ဖြစ်ပါသည်။

စခန်းချမည့် ချောင်းဂွအနီးရောက်လျှင်ပင် ဆင် ချေးပုံများ တွေ့ရပါတော့သည်။ ဦးဘိုးစသည် ဆင်ချေးပုံများကို လေ့လာပြီး လွန်ခဲ့သည့် သုံးရက်ခန့်က ပါထားသည့် ချေးများဖြစ်ကြောင်း၊ ဤပတ်ဝန်းကျင်တွင် ဆင်အုပ်ရှိနေမည်ဖြစ်ကြောင်း ဆင်ပစ်ရမည်မှာ သေချာကြောင်း မှတ်ချက်ပြုပါသည်။

ကျွန်တော်တို့သည် စခန်းချမည့် ချောင်းဂွသို့ ညနေ ခြောက်နာရီခန့်တွင် ရောက်သွားကြပါသည်။ အတော်မှောင်နေပြီ ဖြစ်ပါသည်။

ထမင်းချက်ပြီးသော်လည်း ဟင်းကတော့ ငါးရှာသွား သည့် စိန်ညိုနှင့် ကိုလှမြင့်တို့အဖွဲ့ ပြန်လာမှ ချက်ရမည်ဖြစ်ကြောင်း သူကြီးဦးညွန့်မောင်မှ ပြောပါသည်။

သူကြီးဦးညွန့်မောင်သည် အဂ္ဂိယသမားဖြစ်သဖြင့် (ရေဇယံသံ)ကိုရှာရန် လိုက်လာခြင်း ဖြစ်ပါသည်။ ချောင်းဂွတစ်ဝိုက်တွင် ရေဇယံသံများရှိကြောင်း ကြားသိနေရသည်မှာ အတော်ကြာပြီဖြစ်သော်လည်း မရောက်ဖြစ်ပါ။ ရေဇယံသံမှာ ရှည်မျှောမျှောဝိုင်းဝိုင်းဖြစ်သဖြင့် ချိုးလိုက်ရာတွင် မော်တော်ကား ရှပ်ကြိုးနှင့်တူကြောင်း သိရပါသည်။

ညနေခြောက်နာရီခွဲခန့်တွင် ဝါးလုံးအခြောက်များကို မီးတုတ်လုပ်ပြီး ငါးခုတ်ရာမှ ပြန်လာကြသည့် စိန်ညိုနှင့် ကိုလှမြင့်တို့ အဖွဲ့သည် ငါး သုံးပိဿာခန့်နှင့်အတူ ပြန်လည်ရောက်ရှိလာကြပါသည်။ ယင်းငါးများကို တံငါဟင်းချက်၍သော်လည်းကောင်း တစ်ချို့ကို ကင်၍သော်လည်းကောင်း၊ စိန်ညိုရှာလာသည့် တို့စရာ ဟင်းရွက်များနှင့် ကင်ပွန်းချဉ်ဟင်းတို့ဖြင့်လည်းကောင်း ညစာကို မြိန်ရည်ရှက်ရည်တစ်ဝစားလိုက်ကြပါသည်။

ညစာစားပြီး မုဆိုးကြီး ဦးဘိုးစသည် ၄င်း၏စွယ်စုံဆင်ပေါင်းရာကျော်ပစ်ခဲ့သည့် အတွေ့အကြုံများကိုပြောပြနေပါသည်။

ရဲဘော်ဖြူခေတ် တစ်ခေတ်လုံး ဂျပန်ရိုင်ဖယ်ဖြင့်လည်းကောင်း၊ နောက်ပိုင်းတွင် ပွိုင့်သုံးရာ့သုံး ရိုင်ဖယ် ကာဘိုင်သေနတ်များဖြင့်လည်းကောင်း၊ စွယ်စုံဆင်ကြီးများကို ပစ်ခတ်သတ်ဖြတ်ခဲ့ပါသည်။

တစ်ခါက စွယ်စုံဆင်ကြီးတစ်ကောင်ကို တစ်ဆယ့်နှစ်ဘို့ ပြောင်းချောနှစ်လုံးပြူးသေနတ် ကိုးလုံးကျည်ဖြင့် အလွယ်တကူ ပစ်ခတ်ရရှိခဲ့ပုံကိုလည်း စိတ်ဝင်စားဖွယ်ရာ ပြောပြခဲ့ပါသည်။

ဆင်ကိုပစ်ရန် နားတွင်းနှစ်ဖက်နှင့် ဦးခေါင်းတည့်တည့်ရှေ့ပိုင်းရှိ ပျော့ကွက်တစ်နေရာ စုစုပေါင်း သုံး နေရာရှိပါသည်။ ရှေ့တည့်တည့်မှပစ်လျှင် ဆင်သည် ဒူးတုပ်လျက် လဲသွားပြီး လုံးဝမလှုပ်နိုင်တော့ဘဲ ဘေးမှနားတွင်းသို့ပစ်လျှင် တစ်ဖက်သို့ လဲကျသွားပြီး လုံးဝလှုပ်ရှားမှု မရှိတော့ပါ။

ကြက်ကို လည်လှီးသတ်ရသည်မှာ တောင်ပံများခတ်ပြီး လှုပ်ရှားမှုများ ရှိသေးကြောင်း၊ ဆင်ကိုသတ်ရသည်မှာ အလွန်လွယ်ကြောင်း ပြောပြပါသည်။

ဦးဘိုးစသည် ဆင်အုပ်ကိုတွေ့သည့်အခါ မိမိပစ်လိုသည့် ဆင်ကိုမှတ်ပြီး ဆေးလိပ်မီးညှိကာ လေအောက်မှ ချည်းကပ်သွားပြီး ဆယ်ကိုက်၊ ဆယ့်ငါးကိုက်အကွာမှ ကပ်ပြီး ပစ်သဖြင့် သေချာပေါက်ရရှိပါသည်။

ဖြစ်နိုင်ပါသည်။ တစ်ချိန်က ဟင်္သာတနယ်တွင် ဆင်များကို လှံဖြင့် နားတွင်းသို့ထိုးပြီး သတ်နိုင်သည့် (ဆင်ဖိုးထွန်း)ဆိုသည့် လှံကိုင်မုဆိုးတစ်ဦး ရှိခဲ့သည်ကို ကြားဖူးပါသည်။

ဦးဘိုးစသည် တစ်နေ့တွင် ဆင်ပစ်ရန် ဆင်အုပ်စု အနီးသို့ ချည်းကပ်သွားရာ အစွယ်များသည် နှာမောင်းခန့် ရှည်လျားပြီး အစာစားရန်ပင် ခက်ခဲနေသည့် ဆင်အိုကြီးတစ်ကောင်ကို တွေ့ရပါသည်။ ဆင်အိုကြီးမှာ အစွယ်ရှည်သော်လည်း အသက်ကြီးသဖြင့် ဦးဘိုးစသည် သနားသွားပြီး အခြားစွယ်စုံဆင်တစ်ကောင်ကို ပစ်ခတ်ခဲ့ရပါသည်။

ထိုသို့ ကျွန်တော်တို့အဖွဲ့ စကားကောင်းနေခိုက် ချောင်းတစ်ဖက်ကမ်းမှာ တစ်ဝုန်းဝုန်းအသံများ ကြားလိုက်ရပါသည်။

ပထမတွင် ကျွန်တော်သည် ပြောင်အုပ် လန့်ပြေးသည်ဟု ထင်ပါသည်။

နာရီကိုကြည့်လိုက်ရာ ဆယ်နာရီခန့်ရှိနေပါသည်။ မကြာမီ အသံများသည် ပိုမိုကျယ်လောင်လာပြီး နီးကပ်များပြားလာသည်။ ဝါးချိုးသည့်အသံများပါ ကြားလာရပါသည်။

ဦးဘိုးစမှာ ဒါ ဆင်အုပ်ပဲ ဗိုလ်ကြီးဟု ပြောပြီး နောက်နေ့နံနက်တွင် ပစ်ရမည့်အကြောင်း မှတ်ချက်ပေးပါသည်။

ကျွန်တော်သည် သေနတ်သမားအားလုံးကို ချောင်းတစ်ဖက်ကမ်းသို့ ချိန်ထားရန်နှင့် အဆတ်မပြတ် ပစ်ခတ်နိုင်ရန် ကျည်ဆန်များပါ အသင့်လုပ်ခိုင်းထားပါသည်။

ခဏကြာလျှင် ဆင်အုပ်မှ ဒုက္ခပေးလာပါက ရှိသည့်သေနတ်အားလုံး တစ်ပြိုင်တည်း အဆက်မပြတ်ပစ်နိုင်ရန် စိန်ညိုနှင့် ကိုလှမြင့်တို့အား ထိုင်လျှက်အနေအထားဖြင့်ပစ်ရန် ဝါးတန်းတစ်ခု လုပ်စေပြီး ၄င်းတန်းပေါ်သို့ သေနတ်အားလုံး ထောင်ထားစေပြီး မိမိသေနတ်နောက်တွင် အဆင်သင့်ထိုင်နေကြရန် အမိန့်ပေးလိုက်ပါသည်။

မကြာမီ တစ်ဖက်ကမ်းမှ ဆင်အုပ်သည် ပိုမိုပြီးဆူညံလာရာ သေနတ်သမားအားလုံးမှာ ပစ်ရန် ချိန်ထားကြပြန်သည်။

ဦးဘိုးစမှာ ရယ်မောပြီး မပစ်ကြရန် ပြောပါသည်။

အလုပ်သမားများကို ကျွန်တော်တို့ပတ်ပတ်လည်တွင် မီးဖိုစေပါသည်။ အထူးသဖြင့် ဆင်များလာမည့် ဘက်သို့ ပို၍ ဖိုစေပြီး ဝါးလုံးအခြောက်များကို မီးပုံထဲသို့ထည့်ကာ တစ်ဝုန်းဝုန်း တစ်ဒိုင်းဒိုင်းနှင့် ဗုံးခွဲသံကဲ့သို့ အသံများ ပြုလုပ်စေပါသည်။

မကြာမီဘင်အုပ်သည် တစ်ဖြည်းဖြည်း အသံတိုး သွားပြီး နောက်ကြောင်းပြန်လည် ဆုတ်ခွာသွားကြပါသည်။

ထိုအခါရောက်မှ ဦးဘိုးစသည် ဤနေရာတွင် ယခုလိုညအခါမျိုးများတွင် ဆင်၏ အန္တရာယ်ကို မကြောက်ရကြောင်း၊ ကြောက်ရမည်မှာ ကျား၏ အန္တရာယ်ပင်သာ ဖြစ်ကြောင်း၊ ဤဒေသတွင် ကျားများ ပေါကြောင်း ပြောဆိုသတိပေးပါသည်။

ဤတွင် ကျွန်တော်သည် အတော်လေး ကျောချမ်းသွားပါသည်။

သို့သော်လည်း မီးဖိုများ ဖိုထားခြင်း၊ ဦးဘိုးစ၊ စိန်ညိုနှင့် ကိုလှမြင့် မအိပ်ကြပဲ သေနတ်ကိုယ်စီဖြင့် မီးလှုံပြီး ကင်းစောင့်နေကြပါသည်။

နာရီကို ကြည့်လိုက်တော့ နံနက် နှစ်နာရီထိုးခါနီးနေပါပြီ။ ထိုအချိန်ရောက်မှ ကျွန်တော် အိပ်ရန် ပြင်ဆင်ရပါတော့သည်။

ကျွန်တော်အိပ်သည့် နေရာမှာ ဆင်သွားလမ်းတွင် ကျရောက်နေသဖြင့် ကျောက်တုံးများ မရှိပါ။ ကျောက်စ ကျောက်နများမှာလည်း ဆင်များ သွားပါများသဖြင့် သဲထဲတွင် နစ်မြုပ်နေပါသည်။ သို့အတွက် ခိုးလုခုလု မဖြစ်ပါ။

ကျွန်တော်သည် ဗိုလ်ကြီးအောင်ခင် လက်ဆောင်ပေးထားသည့် (Sleeping Bag) ခေါ် အိပ်သည့်အိတ်ကြီးဖြင့် အိပ်ရန် ပြင်ဆင်ပါသည်။ ထိုအိတ်ကြီး မှာ ဇစ်ဖြင့် အတွင်းမှဆွဲစိ၊ ဆွဲဖွင့်ရသဖြင့် ဤတောထဲတွင် အိပ်ရသည်မှာ အန္တရာယ်များလှသောကြောင့် ခါးအထိသာ ဇစ်ကို ဆွဲတင်ထားပါသည်။

ရေတပ်မှ နောင်တော်ကြီး ကိုထွန်းအောင် ပေးထား သည့် ရေတပ်မတော်သုံး နက်ပြာရောင်လည်ရှည် ဆွယ်တာကြီးကို ဝတ်ပြီး ကြည်းတပ်မတော်သုံး ခေါင်းစွပ်ဖြင့်စွပ်ပြီး လက်သုံးတော် ပွိုင့်သုံးသုညသုညခြောက် ဆီမီးအော်တိုရိုင်ဖယ်ကြီးကို ကျည်အပြည့် ဖြည့်ကာ ရင်ဘတ်ပေါ်တွင် ကန့်လန့်ဖြတ်နှင့်တင်ပြီး လက်နှစ်ဖက်ဖြင့် ကိုင်ပြီး အိပ်လိုက်ပါသည်။

နံနက်လေးနာရီခွဲခန့်တွင် ကျွန်တော် အိပ်ယာမှ နိုးပါသည်။ မျက်နှာသစ်ပြီး ညမှကျန်သည့် ငါးတံငါဟင်းနှင့် ထမင်းစားပြီး ရေနွေးကြမ်းသောက်ရင်း ယနေ့လုပ်ဆောင်ရမည့် အစီအစဉ်ကို တိုင်ပင်ဆွေးနွေးကြပါသည်။

အဓိက ဆင်ပစ်မည့်သူကို ဦးဘိုးစအား ရွေးလိုက်ပြီး သူကြီးဦးအေးမောင်၏ ပွိုင့်သုံးရာခုနစ်ဆယ့်ငါး မက်ဂ်နန်းရိုင်ဖယ်ကြီးကို ထိပ်ဖူးအမာဖြင့်၄င်း၊ ဒုတိယအရန်အဖြစ် ကျွန်တော်မှ ပွိုင့်သုံးသုညသုညခြောက်ဆီမီးအော်တိုရိုင်ဖယ်နှင့် ထိပ်ဖူးအချွန်နှင့် အမာများ ကျည်များဖြင့်လည်းကောင်း၊ တတိယ
လူမှာ ကိုလှမြင့်ဖြစ်ပြီး တစ်ဆယ့်နှစ်ဘို့ ပြောင်းချောနှစ်လုံးပြူးကို ကျည်မကြီးများ(Ball/slug) ဖြင့် လည်းကောင်း၊ စတုတ္ထနှင့် ပဉ္စမ လူများမှာ စိန်ညိုနှင့် သန်းဝင်းတို့ဖြစ်ကြပြီး သုံးရာ့သုံးရိုင်ဖယ်နှင့် ကာဘိုင်များ ကိုင်ရမည်ဖြစ်ပါသည်။

အကယ်၍ ဆင်များမှ မိမိတို့အဖွဲ့ကို အန္တရာယ်ပြုလာပါက ရှေ့လက်များကို ကာဘိုင်နှင့်ပစ်ရန် သန်းဝင်းအား မှာထားပြီး ကျည်အသစ် တစ်ရာ့နှစ်ဆယ် ပေးထားပါသည်။

မိုးလင်းသည်နှင့်တစ်ပြိုင်နက် ကျွန်တော်တို့ ဆင်ပစ် မုဆိုးအဖွဲ့သည် အစီအစဉ်အတိုင်း ဦးဘိုးစမှ ဦးဆောင်ပြီး စခန်းမှ စတင်ထွက်ခွာကြပါသည်။

သူကြီးဦးအေးမောင်နှင့် သူကြီးဦးညွန့်မောင်တို့သည် နှစ်လုံးပြူးတစ်လက်၊ ပွိုင့်တူးတူးတစ်လက်နှင့် အထမ်းသမားများနှင့်အတူ စခန်းစောင့် ကျန်ခဲ့ပါသည်။

သူကြီးဦးညွန့်မောင်ကတော့ အဂ္ဂိယထိုးရန် ရေဇယံသံကို ရှာနေပြီ ဖြစ်ပါသည်။

တစ်ဖာလုံကျော်ကျော်ခန့် ဆင်သွားလမ်းအတိုင်း ခပ်ပြေပြေ တက်သွားပြီးလျှင်ပင် ညက ဆင်အုပ်သောင်းကျန်းထားသည့် အစအနများကို တွေ့ရပါတော့သည်။

ဝါးရုံများ ဖရိုဖရဲ ပြိုလဲနေခြင်း၊ သစ်ပင်ငယ်များကျိုးပဲ့နေခြင်းနှင့် သစ်ကိုင်းများ ကျိုးပဲ့နေခြင်းနှင့် ဆင်ချေးများကို တွေ့ရပါသည်။

နောက်ထပ် တစ်ဖာလုံခန့် ဆက်သွားပြီး ဦးဘိုးစသည် ရုတ်တရပ် ရပ်လိုက်ပြီး သစ်ပင်ကြီးတစ်ပင်​၏ ရှစ်ပေခန့်မြင့်သည့် ပင်စည်နေရာကို လက်ညှိုးထိုးပြပြီး ဆင်အုပ်မှ ခေါင်းဆောင်ဆင်ထီးကြီးမှ အစွယ်နှင့် ထိုးထားသည့် မာန်စွယ်ရာဖြစ်ကြောင်း အစွယ်ရာနှစ်ခုကို ပြပါသည်။

ဤဆင်အုပ်တွင် ဆင် အကောင်(၂ဝ)ခန့် ပါမည်ဖြစ်ကြောင်း ပြောပြီး ဆက်လက်သွားကြရာ မာန်စွယ်ရာသုံးခုခန့် တွေ့ပြန်သဖြင့် ဦးဘိုးစသည် မာန်စွယ်ကျိုး ကျန် မကျန် သေချာစွာ ကြည့်ပါသည်။ မြေကြီးပေါ်တွင်လည်း ရှာပါသည်။ မာန်စွယ်သည် အစွမ်းထက်ကြောင်း ပြောပါသည်။

ဆင်အုပ်နောက်သို့ ကျွန်တော်တို့အဖွဲ့သည် ခပ်သွက်သွက် လိုက်သွားကြရာ တောင်ကြော၏ ဝဲဘက်တစ်နေရာတွင် ဆတ်ထီးကြီးတစ်ကောင်သည် စားပင်မှ ကြွေကျနေသည့် အသီးများကို စားနေရာမှ ကိုက်ခြောက်ဆယ်အကွာမှ ကျွန်တော်တို့အဖွဲ့ကို ဘေးတိုက်ပေးပြီး ကြည့်နေပါသည်။

ဦးဘိုးစသည် အချိန်ဆွဲမနေတော့ပဲ သူ၏ရိုင်ဖယ်ကြီးနှင့် မတ်တပ်ရပ်အနေအထားမှ ပစ်လိုက်ရာမှ လက်ပြင်သို့မှန်ပြီး ဆတ်ကြီးမှာ နေရာတွင်ပင် လဲကျသေဆုံးသွားပါသည်။

ကျွန်တော်တို့အဖွဲ့သည် ဆတ်ကြီးလဲနေသည့် နေရာသို့ ပြေးသွားကြပြီး ဂျိုကြီးလှကြောင်း အချိန်ရှစ်ဆယ်ခန့် ထွက်မည်ဖြစ်ကြောင်း ခန့်မှန်းပြောဆိုနေကြပါသည်။

ထိုသို့ပြောဆိုနေရာမှ တောင်စောင်းတစ်နေရာ ကိုက်ခုနစ်ဆယ်ခန့်အကွာတွင် ဆတ်ကြီးတစ်ကောင် ကန့်လန့်အနေအထားဖြင့် ကျွန်တော်တို့အဖွဲ့အား ကြည့်နေသည်ကို မြင်လိုက်ရာ ကျွန်တော်၏ ရိုင်ဖယ်ဖြင့် ထိပ်ဖူးအချွန်ကျည်ဖြင့် ပစ်လိုက်ရာ လက်ပြင်ကို ထိမှန်ပြီး ခွေကျနေစဉ်မှာပင် ကိုလှမြင့်က နှစ်လုံးပြူးကျည်မကြီးဖြင့် ထပ်မံပစ်လိုက်ရာ ဆတ်မှာ တောင်စောင်းအောက်သို့ လွင့်စင်ကျသွားပါသည်။

ကျွန်တော်သည်ကို လှမြင့်အား အပြစ်တင်ပါသည်။ ကျွန်တော်၏ သေနတ်သည် ယမ်းအားပြင်းပြီး ထိပ်ဖူးသေးပြီး ချွန်သဖြင့် ဆတ်၏နှလုံးသားကို ဖောက်ပြီး ကျည်သည် တစ်ဖက်မှ ထွက်သွားသဖြင့် ချက်ချင်းမလဲပဲ ဖြည်းဖြည်းချင်း စလိုးမိုးရှင်းဖြင့် လဲနေကြောင်း၊ နှလုံးပြူးမှ ကျည်မကြီးသည် အလုံးကြီးဖြစ်ပြီး ဒဿမရှစ်ခန့်အချင်း (Calilre) ရှိသဖြင့် ထိချက်ပြင်းပြီး ကျည်မှာ ဖောက်မထွက်သဖြင့် ဆတ်မှာ တောင်အောက်သို့ လွင့်စင်ကျသွားခြင်း ဖြစ်ကြောင်း ရှင်းပြပါသည်။

ကျွန်တော်တို့သည် ဆတ်ရှိရာ တောင်အောက်သို့ ဆင်းကြည့်ရာ ထင်သည့်အတိုင်းပင် ကျွန်တော် ပစ်သည့်ကျည်သည် ဆတ်၏ နှလုံးသားကို ဖောက်ပြီး တစ်ဘက်သို့ ဖောက်ထွက်သွားပြီး ကိုလှမြင့်ပစ်လိုက်သည့် ကျည်မကြီးမှ ဆတ်၏ ကိုယ်လုံးအလယ်တည့်တည့်ကို ထိမှန်ပြီး ကျည်မှာ ကိုယ်လုံးတစ်ဖက်၏ အရေပြားကို မဖောက်ဘဲ ဖုနေသည်ကိုတွေ့ရပါသည်။

နာရီကို ကြည့်လိုက်ရာ နံနက်ကိုးနာရီခန့်သာရှိပြီး ဆင်အုပ်နောက်သို့ ဆက်ပြီး လိုက်သင့် မလိုက်သင့် ဆွေးနွေးကြပါသည်။

ဆတ်နှစ်ကောင်ရပြီးသည်က တစ်ကြောင်း၊ ဗိုလ်မှူးအုန်းမောင်တို့ အဖွဲ့ကို ကြိုဆိုဧည့်ခံရန် ရှိနေသည်ကတစ်ကြောင်း၊ ရာဇဝတ်မှု မကင်းသည့် ဆင်ပစ်ရန်အလုပ်ကို မလုပ်လိုသည်ကတစ်ကြောင်းတို့ကြောင့် ဆင်အုပ်နောက်သို့ ဆက်မလိုက်ရန် ဆုံးဖြတ်လိုက်ပါ သည်။

ထို့ကြောင့် ခြေမြန်တော် စိန်ညိုအား စခန်းသို့ပြန်ပြီးအထမ်းသမားများအားခေါ်ရန် စေလွှတ်လိုက်ပြီး ကျွန်တော်တို့လေးဦးမှာ စကားစမြည်ပြောပြီး နားပြီး ကျန်ခဲ့ပါသည်။

စိန်ညိုနှင့် အထမ်းသမားများသည် ဆယ်နာရီခွဲခန့်တွင် ရောက်လာကြပါသည်။ ထိုအထဲတွင် ကျွန်တော်နှင့်အတူ အမဲပစ်ရန် အဖော်လိုက်လာသည့် အိမ်နီးချင်း ရန်ကုန်မှကောလိပ်ကျောင်းသား ကိုမျိုးညွန့်ဆိုသူလည်း ပါလာပါသည်။

ဆတ်များကို အရေမခွာတော့ပဲ ခြေနှစ်ချောင်း လက်နှစ်ဖက် ကိုယ်နှစ်ခြမ်းနှင့် ခေါင်းတစ်လုံး စုစုပေါင်း ခုနစ်ပိုင်းပိုင်းလိုက်ပြီး ဝမ်းတွင်းသားများကို ပုဆိုးတစ်ထည်ဖြင့်ထုပ်ပြီး သယ်လာကြပါသည်။

အထမ်းသမားများမှ ဆတ်နှစ်ကောင်၏ အပိုင်းတစ်ဆယ့်လေးပိုင်းကို မျှပြီး ရှေ့နောက်ထားကာ ထမ်းပြီး သယ်လာကြပါသည်။ လမ်းတစ်ဝက်အရောက်တွင် တစ်ဆယ့်ငါးနှစ်ခန့်ရှိ အထမ်းသမားလေးမှာ ပင်ပန်းသဖြင့် ငိုပါတော့သည်။

ထို့ကြောင့် သူ၏ခွဲတမ်းကို မုဆိုးအဖွဲ့မှ မျှပြီး ထမ်းပေးရပါသည်။ ကောလိပ်ကျောင်းသား ကိုမျိုးညွန့်မှာ ကျွန်တော့်အား တော်တော်ပေတဲ့လူဟု မှတ်ချက်ပြုပါသည်။

ကျွန်တော်တို့အဖွဲ့သည် စခန်းသို့ နေ့လည် တစ်ဆယ့် နှစ်နာရီခွဲခန့်တွင် ပြန်ရောက်လာကြပြီး ဝမ်းတွင်းသားများကို ချက်ကြပြီး အခြောက်လှမ်းရန်မျှင်ပြီး အသားများကို ကျောက်တုံးများပေါ် တင်ပြီး လှမ်းပါသည်။

ကျွန်တော်သည် ဆတ်သားကင်ကို အဝစားမည်ဟုအားခဲကာ မိုးခိုသားများကို လက်သီးဆုပ်နီးပါး အတုံးကြီး ငါးတုံးတုံးပြီး ကိုယ်တိုင်ကင်ပါသည်။ ကင်ပြီးသောအခါ စားရာတွင် တစ်တုံးကိုပင် ကုန်အောင် အတော်စားရပါသည်။

ထမင်းစားရာတွင် ဝမ်းတွင်းသားအရည်ကိုဆမ်းပြီး စိန်ညို၏ ကင်ပွန်းချဉ်ရည်ကို သောက်ပြီးစားရပါသည်။

ကျွန်တော်သည် သူကြီးဦးညွန့်မောင်အား ရေဇယံသံ ရ မရ မေးရာ မရကြောင်း ပြောပါသည်။

ကျွန်တော်သည် ချောင်းအတွင်းရှိ ကျောက်များကို လေ့လာရာတွင် ထန်းသီးလုံးခန့် အုန်းသီးလုံးခန့်ရှိ အာလူးကျောက်များက အများဆုံးဖြစ်ပြီး အရွယ်အစားမျိုးစုံ တွေ့ရပါသည်။ ကျောက်အမျိုးအစားမှာ ရခိုင်ရိုးမတွင် အများဆုံးဖြစ်သည့် သဲကျောက်ကများပြီး ထုံးကျောက်နှင့် နှမ်းဖတ်ကျောက်အနည်းငယ်စီ ပါကြပါသည်။

ညနေပိုင်းတွင် ဆတ်သားခြောက်များထည့်ရန် ခြင်းများရက်ပြီး ထည့်ကြရာ ခြင်းဆယ်ခြင်းအပြည့် ရရှိပါသည်။ ညအိပ်သည့်အခါတွင် မီးဖိုများ ပတ်ပတ်လည်တွင် ဖိုပြီး မုဆိုးတစ်ယောက် အထမ်းသမားတစ်ယောက်စီဖြင့် အလှည့်ကျ ကင်းစောင့်စေပြီး အိပ်ကြရပါသည်။

နောက်နေ့နံနက်စောစော ကျွန်တော်တို့အဖွဲ့သည် တဖြည်းဖြည်း ညောင်ကျိုးစခန်းသို့ တက်သွားကြပါသည်။ စခန်းသို့ တစ်ဆယ့်နှစ်နာရီကျော်ကျော်ခန့်တွင် ရောက်ကြပါသည်။

ခြေမြန်တော် စိန်ညိုသည် ရှေ့ဆုံးမှ တစ်ဦးတည်း တက်သွားပြီး ဂျီတစ်ကောင်ကို ပစ်ပြီး တစ်နာရီခန့် စောပြီး ရောက်နှင့်နေပါသည်။

ကျွန်တော့်တို့အဖွဲ့သည် တစ်ဆယ့်နှစ်နာရီကျော်ကျော်ခန့်တွင် ညောင်ကျိုးစခန်းသို့ ရောက်ကြပါသည်။

စိန်ညိုသည် အသက်နှစ်ဆယ့်ငါးနှစ်ခန့် ရှိ၍ အရပ်ငါးပေခုနစ်လက်မခန့်ရှိပြီး ပိန်ပိန်ပါးပါးဖြင့် တောင်တက်တောင်ဆင်း အလွန်ကျွမ်းကျင်သူဖြစ်ပါသည်။ ဖိနပ်မစီးပဲ အမဲကောင်များကို ပစ်ရာတွင် ကိုက်နှစ်ဆယ်သုံးဆယ်ခန့်အထိ ချဉ်းကပ်ပြီး ပစ်လေ့ရှိသဖြင့် သူပစ်လိုက်သည့် အမဲကောင်သည် တစ်ချက် တည်းနှင့် ကိစ္စပြီးပါသည်။

ပြည်ထဲရေးဌာန အတွင်းဝန် ဒုတိယဗိုလ်မှူးကြီး စိန်လွင်တို့အဖွဲ့သည် ရခိုင်တိုင်းမှ မြို့များကို စစ်ဆေးပြီး တောင်ကုတ်လမ်းအတိုင်း ပြန်လာပြီး ညောင်ကျိုးစခန်းတွင် နေ့လည်စာစားပြီးစ အချိန်တွင် ကျွန်တော်တို့အဖွဲ့ ရောက်ရှိလာကြပါသည်။

(ထိုခေတ်က ဝန်ကြီးဌာနကို ဝန်ကြီးဌာနဟုမခေါ်သလို ဝန်ကြီးကိုလည်း ဝန်ကြီးဟုမခေါ်ပါ။ ပြည်ထဲရေးဌာန ပြည်ထဲရေးဌာနတာဝန်ခံဟု ခေါ်ပါသည်။)

ကျွန်တော်သည် ဒုတိယဗိုလ်မှူးကြီးစိန်လွင်အား ဆတ်သားခြောက်တစ်ခြင်း လက်ဆောင်ပေးလိုက်ပါသည်။

အစောင့်လိုက်ပါလာသည့် ရဲအရာရှိမှလည်း သူတို့အဖွဲ့အတွက် တစ်ခြင်းပေးရန် မေတ္တာရပ်ခံသဖြင့် တစ်ခြင်းပေးလိုက်ပါသည်။

အစောင့်လိုက်ပါလာသည့် ရဲများသည် သူတို့၏ ကားရှေ့တည့်တည့်တွင် ကျားကြီးတစ်ကောင် ငုတ်တုတ်ထိုင်နေသည်ကို တွေ့လိုက်ရပါလျှက် မပစ် လိုက်ရသည်ကို တစ်ယောက်နှင့်တစ်ယောက် အပြစ်တင်စကား ပြောနေကြသည်ကို ကြားနေရပါသည်။

မကြာမီ ဒုတိယဗိုလ်မှူးကြီး စိန်လွင်နှင့်အဖွဲ့သည် ပြည်မြို့ဘက်သို့ ဆင်းသွားကြပါသည်။

နာရီဝက်ခန့်အကြာတွင် တောင်ကုတ်ဘက်မှ ဒုတိယ ဗိုလ်မှူးကြီးအုန်းမောင်နှင့်အဖွဲ့ ရောက်ရှိလာကြရာ ကျွန်တော်သည် အသင့်ပြင်ထားသည့် ဘီယာ၊ ဝီစကီနှင့် ဖွယ်ဖွယ်ရာရာ ပြုလုပ်ထားသည့် ဂျီသားပြုတ်ကျော်၊ ဆတ်သားခြောက် စသည်တို့ဖြင့် ဧည့်ခံပြုစုပါသည်။

ရေခဲမလိုပဲ ညောင်ကျိုးစမ်းရေတွင် စိမ်ထားသည့် ဆော်ဒါပုလင်းများနှင့် ဘီယာပုလင်းများမှာ ရေခဲစိမ်ထားသည့်ပမာ အေးမြနေပါသည်။

ထိုခေတ်က ဆော်ဒါတစ်လုံးတစ်မတ်၊ ဘီယာ တစ်လုံး နှစ်ကျပ်နှင့် ဝီစကီတစ်လုံး ကျပ်လေးဆယ်သာ ပေးရပါသည်။

သူတို့အဖွဲ့ကို ဧည့်ခံရသည်မှာ အလွန်သက်သာပါသည်။ ကျပ်တစ်ရာခန့်သာ ကုန်ပါသည်။

ဗိုလ်မှူးအုန်းမောင်သည် သူ ရခိုင်တွင် ဆိုက်ဘေးရီးယားငန်းကြီးသုံးကောင်ကို ပစ်ခတ်ရမိခဲ့ကြောင်း ဂုဏ်ယူဝင့်ကြွားစွာ အားရပါးရပြောနေပါသည်။ ဆိုက်ဘေးရီးယားမှ ငန်းများ၊ မန်ဒါလီများ၊ ဘဲများသည် ပူနွေးသည့် အာရှတိုက်တောင်ပိုင်းသို့ ပြောင်းရွှေ့နေထိုင်ကြပြီး နွေဦးရောက်မှ အုပ်စုလိုက် ပြန်သွားလေ့ရှိပါသည်။

ဗိုလ်မှူးကြီးအုန်းမောင်သည် ကျွန်တော်တို့အဖွဲ့ ပင်ပန်းနေသဖြင့် ညောင်ကျိုးစခန်းတွင် တစ်ညနားပြီး ကျန်ခဲ့ကြရန်နှင့် တပ်မှူးသည် ဆင်တဲတွင် ရောက်ရှိနေသဖြင့် တပ်မှူးနှင့်ပင် တပ်ကို ဆက်လိုက်မည်ဖြစ်ကြောင်း မိန့်ကြားပါသည်။

ကျွန်တော်သည် ဗိုလ်မှူးကြီးအား ဆတ်သားခြောက်တစ်ခြင်းနှင့် ဆတ်ချိုနှစ်ခုအား လက်ဆောင်အဖြစ် ပေးလိုက်ပါသည်။

ဗိုလ်မှူးကြီးသည် ဆင်တဲသို့ အဆင်းတွင် ဒေါင်းတစ်ကောင်ကို ပစ်လို့ရကြောင်း၊ ယင်းဒေါင်းကို နမ့်ဆင်းဟိုတယ်တွင် ပြုတ်ကျော်လုပ်ပြီး မိတ်ဆွေများကို ဖိတ်ခေါ် ကျွေးမွေးပြုစုကြောင်း သိလိုက်ရပါသည်။

ဗိုလ်မှူးကြီးတို့အဖွဲ့ ဆင်းသွားကြပြီး မကြာမီ ညောင်ခြေထောက်မှခေါ်လာသည့် အထမ်းသမားများကို ထမင်းကျွေးပြီး တစ်ယောက်ကိုငွေကျပ်တစ်ဆယ်နှင့် ဆတ်သားခြောက်တစ်ပိဿာခန့် လုပ်အားခအတွက် ရှင်းပေးပြီး ညောင်ခြေထောက်အရောက် ကားဖြင့်လိုက်ပို့ရာ ၄င်းတို့အဖွဲ့ ပျော်ရွှင်မြူးတူးစွာ ဆင်းသွားကြပါသည်။

မုဆိုးအဖွဲ့အား ဟင်းစားပေးရခြင်း၊ လမ်းခရီးတစ်လျှောက်ရှိ မိတ်ဆွေများ၊ တပည့်များအား အလှူဒါန ပြုရခြင်း စသည်တို့ကြောင့် ရန်ကုန်အိမ်အရောက်တွင် ဆတ်သားခြောက် တစ်ခြင်းကို အတော်ကြိုးစားပြီး ချန်ထားရပါသည်။

ကျွန်တော်၏ ဖခင်ကြီးမှ သိပ်မကျေနပ်ပါ။

“မင်းဟာ ဆင်သတ်ပြီး အရပ်ဝေနေတဲ့ကောင်ဘဲ”

ဟု ပြောပါသည်။ အမဲပစ်သည်ကိုလည်း မကြိုက်ပါ။

ကျွန်တော်သည် စစ်သားတစ်ယောက်ဖြစ်ခြင်း၊ အင်ဂျင်နီယာတစ်ယောက်ဖြစ်ခြင်းနှင့် ဝါသနာအလျောက် လက်လှမ်းမီသည့် တောတောင်များကိုသွားပြီး နယ်မြေအခြေအနေ၊လမ်းပန်းဆက်သွယ်ရေး၊ အင်ဂျင်နီယာပစ္စည်းများကို လေ့လာရင်း အမဲပစ်လေ့ ရှိပါသည်။

– ပြီး –

စာရေးသူ – ဗိုလ်လုံ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

မုဆိုး တံငါ စာပေများပေ့ချ်မှကူးယူဖော်ပြသည်