အကွက်ထဲရောက်မှ တဲဆောက်ရခြင်းဖြစ်သည်။
ထိုသို့ တဲဆောက်ရာ၌လည်း သစ်ဝါးပေါသည်ကလည်း တစ်ကြောင်း ကိုလှသောင်းနှင့်ငတူးတို့ပါလာရောက်လုပ်ကိုင်ကူကြသည့်အတွက်လည်း နေမဝင်ခင်ပင် သူတို့နေထိုင်ရမည့်တဲကို ဆောက်လုပ်ပြီးသွားပြီဖြစ်သည်။
ထိုအခါ သူတို့လည်း လှည်းပေါ်တွင်ပါလာသော ပစ္စည်းများကိုတဲပေါ်သို့ ပျောင်းတင်လိုက်ကြပြီး ခဏတဖြုတ်ထိုင်နားလိုက်ကြသည်။နွားပြာကြီး နှစ်ကောင်ကတော့ သူတို့စရောက်ကတည်းက လှည်းဖြုတ်ပြီး လွတ်ကျောင်းထား၍ ဗိုက်ပြည့်နေပြီဖြစ်ပြီး ကိုမြင့်ဆောင် ဤအကွက်ထဲရောက်ရှိစဉ်က တွေ့ရှိခဲ့သည့် သရဲကြီးထိုင်နေသည့် သစ်ပင်ကြီးအောက်တွင် အိပ်နေကြသည်။
ကိုမြင့်ဆောင်လည်း ထိုအခါကြမှ မနှင်းကိုသတိရလိုက်မိပြီး မနှင်းတစ်ယောက် ယခုအချိန် ဘယ်ဘုံဘယ်ဘဝကိုရောက်ရှိနေမလဲဆိုတာ စဉ်းစားနေမိသည်။
ထိုသို့ဖြစ် တဖြည်းဖြည်းမိုးချုပ်လာတော့ ကိုမြင့်ဆောင်လည်း တဲအတွင်းမီးဖိုတစ်ဖို ဖိုလိုက်ပြီး သစ်ပင်ကြီးအောက်မှာအိပ်နေသည့် နွားကြီးနှစ်ကောင်ကို သွားဆွဲ၍တဲအတွင်း၌ချည်လိုက်သည်။ကိုပြူးနဲ့မောင်စိုးကတော့ ညစာစားရန်ချက်ပြုတ်နေကြပြီး သူလည်း တဲအတွင်းမှနေ၍ မနက်ဖန်မည်သည့်နေရမှစ၍ တောခုတ်ရမည်ဆိုတာကိုကြည့်နေလိုက်သည်။
သူထိုသို့ကြည့်နေစဉ် သူ့တိုနှမ်းကြဲမည့်ယာကွက်အစပ်တောစဘက်မှ မဲမဲလုံးလုံးအကောင်ေလးနှစ်ကောင် ဖုန်းဆိုးတောထဲသို့ဝင်လာတာကိုမြင်လိုက်ရပြီး
မှင်စာလေးနှစ်ကောင်ဖြစ်မည်ဟု ခန့်မှန်းမိလိုက်သည်။
သူလည်း ထိုမှင်စာနှစ်ကောင် ဘာများလုပ်မလဲဆိုတာ
သေချာလိုက်ကြည့်နေရင်း သရဲကြီးနေသည့် သစ်ပင်ပေါ်ကိုတက်သွားတာမြင်လိုက်ရသည်။သူထိုသို့ကြည့်နေတာကိုမြင်တော့ ကိုပြူးက
“မြင့်ဆောင် မင်းဘာတွေကြည့်နေတာတုန်းကွ ဟိုသစ်ပင်ကြီးကိုများ လှဲဖို့စဉ်းစားနေတာလား”
“မဟုတ်ဘူးကွ ငါမနက်ဖန်ဘယ်နေရာက တောစခုတ်ရမလဲဆိုတာကြည့်နေတာ”
“ဟုတ်လား ဒါဆိုလဲနောက်မှကြည့်ကွာ အခုထမင်းစားရအောင်”
ကိုပြူး ထို့သို့ ထမင်းစားရန်ခေါ်လိုက်သဖြစ် သူလည်းဆက်မကြည့်တော့ဖြစ်ပဲ ကိုပြူးတို့နှင့်အတူ ထမင်းစားလိုက်ပြီး တဲအပြင်ဘက်ရှိ ဖြုတ်ထားသောလှည်းပေါ်သို့တက်ထိုင်နေလိုက်သည် မကြာမီ ကိုပြူးနဲ့မောင်စိုးလည်း လှည်းပေါ်တက်လာပြီး
“မောင်စိုး မင်းစုန်းတောက်စားတာကြည့်မလား”
ကိုပြူး ထိုသို့မေးလိုက်တော့ မောင်းစိုးက
“ကြည့်မှာပေါ့ဗျာ့ ဒါနဲ့ စုန်းတောက်စားတယ်ဆိုတာဘယ်လိုတုန်းဗျာ့”
“ဘယ်လိုတုန်းဆိုတာ သိချင်ရင် မင်းဒီညမအိပ်သေးနဲ့ဦးကွာ လှည်းပေါ်မှာပဲထိုင်နေပြီး သန်းခေါင်ချိန်လောက်ကြရင် ရွာဘက်ကိုကြည့်လိုက်”
“ဟုတ်လား အဲ့ဒါဆိုရင် ဘာမြင်ရမှာတုန်းဗျာ့”
“အဲ့ဒါဆို မင်းမြင်ချင်တဲ့ စုန်းတောက်စားတာကိုမြင်ရမှပေါ့ကွ”
“ဟုတ်လားဗျာ့ ဒါဆိုရင်ကျုပ်မအိပ်ဘူးဗျာ တစ်ညလုံးထိုင်ကြည့်နေမယ်”
“အေးကွာ ငါလည်းမအိပ်သေးပါဘူးကွ မင်းနဲ့အတူထိုင်ကြည့်နေမှာပါ”
ကိုပြူး ထိုသို့ပြောပြီး လှည်းအိမ်ပေါ်ကို တုံးလုံးလှဲလိုက်သည် ထိုသို့ ကိုပြူးလှည်းအိမ်ပေါ်ကို တုံးလုံးလှဲလိုက်တာမြင်တော့ မောင်းစိုးက
“ဟာ ဦးလေးကိုပြူးကလည်း မအိပ်သေးဘူးသာဆိုတယ် တုံးလုံးကြီးဖြစ်နေပြီး”
“ဒါအိပ်တာမဟုတ်ပါဘူးကွ တုံးလုံးလှဲတာပါ”
“တုံးလုံးလှဲတာဆိုလည်း ပြီးရောဗျာ ကျုပ်ကတော့ တစ်ယောက်ထဲမကြည့်ရဲဘူးဗျာ”
“ဟုတ်လားကွ ဘာဖြစ်လို့တုန် မင်းဆီသူတို့မလာပါဘူး”
“လာလာ မလာလာဗျာ ကြည့်ကိုမကြည့်ရဲတာ”
“မင်းကလည်း ယောက်ျားဖြစ်ပြီးကြောက်တတ်လိုက်တာ မင်းကိုကိုက်မစားပါဘူးကွ”
ထိုသို့ ကိုပြူးနဲ့မောင်စိုး စကားတွေအပြန်အလှန်ပြောနေတာကို ကိုမြင့်ဆောင်ကေတာ့ ဘာမှဝင်မပြောပဲ သစ်ပင်ကြီးဘက်သို့သာ မသိမသာကြည့်နေသည်
သူထိုသို့ကြည့်နေတာကို ကိုပြူးကရိပ်မိပြီး
“မြင့်ဆောင် မင်းအဲ့ဒီသစ်ပင်ကြီးကိုပဲကြည့်နေတာ ဘာတုန်းကွ အဲ့ဒီသစ်ပင်မှာ သရဲများရှိနေလို့လား”
ကိုပြူး ထိုသို့မေးလိုက်တော့ ကိုမြင့်ဆောင်က
“အဲ့ဒါတော့ ငါလည်းဘယ်သိမတုန်းကွ သူဟာသူရှိချင်လည်းရှိနေမှာပေါ့”
“ဒါဆိုမင်းလေးဂွကိုင်ပြီး ကြည့်ကြည့်ပါလားကွ အဲ့ဒါဆို ရှိမရှိသိရတာပေါ့”
“ကြည့်မနေပါဘူးကွာ နေရာတကာ လျှောက်ကြည့်မနေချင်ဘူး သူ့ဟာသူရှိလည်းဘာမှမဖြစ်ပါဘူး သူ့အလုပ်သူလုပ် ကိုယ့်အလုပ်ကိုလုပ်ပဲ”
“အေးပါကွာ ဒါဆိုလည်းပြီးတာပါပဲ ဒါနဲ့ ဒို့ဖိုးခေါင်ကြီးကိုတောင် မခေါ်ခဲ့ရဘူးနော့် သူပါလာရင် အဲ့ဒီသစ်ပင်မှာနေလို့ရတယ်”
ကိုပြူးလည်းထိုသို့ပြောပြီး သစ်ပင်ကြီးကို သူပါကြည့်ကာ
“ဒီလောက်ကြီးတဲ့ သစ်ပင်ဆိုရင်တော့ သရဲရှိလောက်တယ်ကွ ငါမြင်တာနဲ့ကိုသိတယ်”
“ဟုတ်လားကွ ဘယ်နှကောင်လောက်ရှိလောက်တုန်း”
ထိုသို့ပြောလိုက်သည်မှာ ကိုမြင့်ဆောင်မဟုတ်ပဲ သူတို့ဆီကို လာလည်သည့် ကိုလှသောင်းဖြစ်ပြီး သူနှင့်အတူ ငတူးပါ ပါလာသည် သူတို့နှစ်ယောက်၏ ယာကွက်များသည်လည်း ကိုမြင့်ဆောင်တို့၏ ယာကွက်နှင့်သိပ်မဝေးပဲ လှည်းလမ်းလေးသာခြားပြီး အနောက်ဘက်ကပ်လျှက်တွင်ေဘးချင်းယှဥ်လျှက်ရှိနေကြသည်။ထို့ကြောင့် ယခုကဲ့သို့ သူတို့ လာလည်ကြချင်းဖြစ်ပြီး ကိုလှသောင်းက အခုမှ တောထဲတောင်ထဲသို့ ညအိပ်ညည့်နေရောက်ဘူးသည့် မောင်စိုးကို
“မောင်းစိုး မင်းအိပ်သေးဘူးလားကွ”
ထိုအခါ မောင်းစိုးက
“အိပ်သေးဘူးဗျာ့ စုန်းတောက်စားတာ ကြည့်ဦးမလို့”
“ဟုတ်လားကွ မင်းကို ဒီနေ့ည စုန်းတောက်စားမယ်လို့ ဘယ်သူပြောတာတုန်း”
“ဦးလေးကိုပြူး ပြောတာလေဗျာ ဟုတ်ကောဟုတ်လားမသိဘူး”
“ဟုတ်တယ်ကွ ဒီနေ့ည လပြည့်ညဆိုတော့ စုန်းတောက်စားတာကိုကြည့်လို့ရတယ်”
ကိုလှသောင်း ထိုသို့ပြောရင်း လှည်းပေါ်ကိုတက်ထိုင်လိုက်ပြီး
“မြင့်ဆောင် မင်းအကွက်ကိုထဲရောလျှောက်ကြည့်ပြီးလားကွ”
“ကြည့်ပြီးပါကွ မနက်ဖန် တဲပတ်ပတ်လည်ကအရင်စခုတ်ပြီး နောက်နေ့မှပဲမီးပေါင်းလျှို့ရမှာပဲ”
ကိုမြင့်ဆောင် သူ့ကို ကိုလှသောင်း နှမ်းကြဲရန်အတွက်မေးသည်ထင်ပြီး ထိုသို့ဖြေလိုက်တော့ ကိုလှသောင်းက
“ငါပြောတာ အဲ့ဒါမဟုတ်ဘူးကွ မင်းအကွက်ထဲမှာ အကောင်လေး ပလောင်လေးများ ရှိမလားလို့ လိုက်ကြည့်ပြီးပြီလားမေးတာ”
ကိုလှသောင်း ထိုသို့ပြောလိုက်မှ ကိုမြင့်ဆောင် သူ့ကို ကိုလှသောင်းတစ်ေယာက် ဤယာကွက်ထဲတွင်သရဲတစ္ဆေ ရှိမရှိ လိုက်ကြည့်ပြီးပြီလားမေးချင်းဖြစ်မှန်းသိလိုက်သည်။ထိုအခါ ကိုမြင့်ဆောင်က
“ကြည့်မနေပါဘူးကွာ ရှိချင်လည်းရှိနေမှာပေါ့”
ကိုမြင့်ဆောင် ထိုသို့ မယုတ်မလွန်ဖြေလိုက်ပြီး ရွာဘက်ကိုလှမ်းကြည့်နေလိုက်သည်။သူထိုသို့ဖြေလိုက်ရသည်မှာလည်း မောင်းစိုးပါလာ၍ဖြစ်ပြီး အကယ်၍များမောင်စိုးတစ်ယောက် ဘယ်အပင်မှာ ဘာရှိနေသည်ကို သိရှိသွားပါက မသွားရဲမလာရဲဖြစ် အလုပ်ပျက်အကိုင်ပျက် ဖြစ်နေမှာဆိုး၍ဖြစ်သည်။ယခုလည်း သူ ခပ်စောစောက မြင်လိုက်ရသည့် မှင်စာလေးနှစ်ကောင်ကိုလည်း ဘယ့်သူမှမပြောပဲထားလိုက်ပြီး ဒီအတိုင်းပင် နေလိုက်သည်။အကယ်၍များ သူ ထိုအကြောင်းကို ပြောလိုက်ပါက မောင်စိုးတင်မဟုတ်ပဲ ကိုလှသောင်းနှင့်ကိုတူးတို့ပါ သူ့အကွက်ထဲသို့ လာလည်ရဲတော့မည်မဟုတ်တော့
ထို့သို့ဖြစ် သူတို့နှမ်းကြဲရန်တက်လာသည့် လူငါးယောက် ကိုမြင့်ဆောင်၏လှည်းပေါ်မှာ စုထိုင်နေကြပြီး ယောက်တက်ရာရာများပြောနေကြစဉ် ရွာဘက်ဆီမှ တက်လာသော မီးလုံးကြီးတစ်လုံးကို မြင်လိုက်ရပြီး
“မောင်စိုး ဟိုမှာမြင်လားကွ မီးလုံးကြီးတက်လာပြီ”
ကိုပြူးထိုသို့ပြောလိုက်တော့ မောင်စိုးက
“ဟာ ဟုတ်တယ်ဗျာ့ အဲ့ဒါကျုပ်တို့ ရွာပေါ်က တက်လာလာတာလား”
“အေးဟုတ်တယ်ကွ အဲ့ဒီနေရာကဆိုရင် ဒို့ရွာပေါ်ကဖြစ်လောက်တယ်”
“ဟုတ်လား ဒါဆိုရင် ကျုပ်တို့ရွာမှာ စုန်းတွေရှိတယ်ပေါ့”
“ရှိတာပေါ့ကွ အနည်းဆုံးရွာတစ်ရွာမှာ စုန်းခုနှစ်ကောင်တော့ ရှိတယ်တယ်ကွ”
ကိုပြူး သူကြားဖူးနားဝရှိသော ရှေးလူးကြီးများပြောသည့် စကားကိုပြန်ပြောလိုက်သည်။ထိုအခါ မောင်စိုးက
“ဟုတ်လားဗျာ့ ကျုပ်ကတော့ ရွာထဲမှာစုန်းလုပ်တာခံရတဲသူ တစ်ယောက်မှမတွေ့လို့ စုန်းမရှိဘူးလို့ထင်နေတာ”
“အေးပေါ့ကွာ သူတို့လည်း ကိုယ့်ရွာသားအချင်းချင်းမပြုစားချင်လို့နေမှာပေါ့”
ကိုပြူးလည်း ထိုသို့ပြောပြီး ရွာဘက်ကိုဆက်ကြည့်နေသည်။ ထိုအခါ နောက်ထပ်မီးလုံးကြီးတစ်လုံး ထပ်တက်လာတာကို မြင်လိုက်ရပြီး
“ဟိုမှာ နောက်တစ်လုံးကွ”
“အေးဟုတ်တယ်ဗျာ့ ဒါဆိုခုနှစ်လုံးများ တက်လာမလားမသိဘူး”
မောင်စိုး ထိုသို့မေးလိုက်တော့ ကိုပြူးက
“ဒါတော့ ငါလည်းမပြောတတ်ဘူးကွ နေဦး ညောင်ပင်
ကုန်းရွာဘက်ကိုလည်းကြည့်ဦး အဲဒီရွာကလည်းမီးလုံးတွေတက်လာဦးမှာပဲ”
ကိုပြူး ထိုသို့ပြောလိုက်တော့ မောင်စိုးလည်း ညောင်ပင်ကုန်းရွာဘက်ကိုကြည့်လိုက်သည် ထိုအခါ ကိုပြူးပြောသလိုပင် ညောင်ပင်ကုန်းရွာပေါ်မှာလည်း မီးလုံးများကိုမြင်လိုက်ရပြီး အံ့ဩတကြီး ကြည့်နေမိသည်။သူထိုသို့ ကြည့်နေတုန်းမှာပဲ ရွာပေါ်မှမီးလုံးများသည် ရွာအပြင်ဘက်ကို ထွက်လာကြပြီး တစ်ရွာနှင့်တစ်ရွာကို ကူးသန်းနေကြသည်။ထို့နောက် ရွာနှစ်ရွာကြားလောက်တွင် အထက်တက်လိုက် အောက်ဆင်းလိုက်လုပ်နေကြပြီး အချင်းချင်း ပညာပြိုင်နေသလားဟု ထင်မိလိုက်သည်။
မောင်စိုးလည်း ထိုမီးလုံးများကို အတန်ကြာကြည့်နေပြီးနောက်
“ဦးလေးကိုပြူး သူတို့က ဘာကြောင့်ဒီလို လုပ်နေကြတာတုန်းဗျာ့”
မောင်စိုး ထိုသို့မေးလိုက်တော့ ကိုပြူးက
“ငါလည်း အဲ့ဒါတော့သေချာမသိဘူးကွ ရှေးလူကြီးတွေပြောတာတော့ ဒီလိုလပြည့်ညတွေမှာ စုန်းတွေတောက်စားကြတယ်ဆိုတာကိုပဲသိတယ် ဘာကြောင့်တောက်စားလဲဆိုတာတော့မသိဘူး ဒါနဲ့မင်း မီးပြသရဲရောကြည့်ဦးမလား”
ကိုပြူး ထိုသို့မေးလိုက်တော့ မောင်စိုးက
“ကြည့်မှာပေါ့ဗျာ့ ဘယ်မှာတုန်းမီးပြသရဲ”
ကိုပြူးလည်း ထိုအခါ သူတို့ထိုင်နေသော လှည်းပေါ်မှနေ၍ အနောက်ဘက်တောတန်းများဘက်ကိုလှည့်ကာ
“ဟိုမှာလေကွာ မင်းကြည့်စမ်း ဒီလောက်တောကြီးတောင်ကြီးထဲကို ဘယ်သူကမီးလာထွန်းမှာတုန်း”
မောင်စိုးလည်း ကိုပြူးပြရာနေရာသို့ ကြည့်လိုက်တော့ကိုပြူးပြောသည့်အတိုင်းပင် တောတောင်တွေထဲရှိ သစ်ပင်ထိပ်ဖျားများတွင်ပေါ်တွင် မီးများအတန်းလိုက်ထွန်းညှိထားသလို မီးတန်းကြီးကို မြင်လိုက်ရပြီး
“ဟာ ဟုတ်တယ်ဗျာ့ အဲ့ဒါမီးပြသရဲလား”
“ဟုတ်တယ်ကွ အဲ့ဒါမီးပြသရဲပဲ တို့ငယ်ငယ်တုန်းကလည်း မင်းလိုပဲ ကြည့်ပြီးအံ့ဩခဲ့ရတာ အခုရောမင်းဘယ်လိုေနတုန်း”
“ဘယ်လိုနေရမှာတုန်းဗျာ့ ကျုပ်ဒါမျိုးတွေ တစ်ခါမမမြင်ဘူးတာ ကြည့်ပြီး ကြက်သီးတောင်ထလာတယ် လူအများကြီးနဲ့မို့သာကြည့်ရဲတာ”
မောင်းစိုးလည်း သူ့စိတ်ထဲရှိသည့်အတိုင်ပြောလိုက်ပြီး
ထိုအရာများကို စိတ်ဝင်တစားကြည့်နေသည်။ ထိုသို့သူတို့ ထိုအရာများပေါ်စိတ်ဝင်စားနေခိုက် တဲအတွင်းမှချည်ထားသော နွားကြီးနှစ်ကောင်သည် တရှုးရှုးဖြင့်နှာတွေမှုတ်လာပြီး ရုတ်တရက်ထကာ တဲအပြင်ဘက်ကို နားရွက်ကြီးတွေစွန့်ပြီး ကြည့်နေကြသည်။ ထိုသို့ နွားကြီးနှစ်ကောင် ကြည့်နေတာမြင်တော့ ကိုလှသောင်းက
“ဟ မြင့်ဆောင် မင်းနွားနှစ်ကောင် ဘာမြင်လို့အဲ့လိုကြည့်နေတာတုန်းကွ”
“ငါလည်းမသိပါဘူးကွာ နေရာစိမ်းလို့ဖြစ်မှာေပါ့”
“မဟုတ်လောက်ဘူးကွ ဒီယာကွက်က မလုပ်တာကြာပြီဆိုတော့ တစ္ဆေသရဲတွေရှိနေနိုင်တယ် အဲ့ဒါကိုသူတို့မြင်နေရတယ် ထင်တယ်”
“အေး အဲ့ဒါလည်းဖြစ်နိုင်တာပဲ”
ကိုမြင့်ဆောင် ထိုသို့ပြောပြီး လှည်းပေါ်မှဆင်းကာ နွားကြီးနှစ်ကောင်ကို သွာ၍ပွပ်သပ်ပေးလိုက်ပြီး တဲအနောက်ဘက်ကိုကြည့်လိုက်သည်။ထိုအခါ သူ မြင်လိုက်ရသည့် တောစပ်မှတက်လာသော မှင်စာနှစ်ကောင်ကို တွေ့လိုက်ရပြီး သူကိုကြည့်နေတာကို မြင်လိုက်ရသည်။ကိုမြင့်ဆောင်လည်း တဲအတွင်းမှနေပြီး ထိုမှင်စာနှစ်ကောင်ကို လက်ဖြင့် ခြောက်လှန့်ထုတ်လိုက်သည်။သို့သော် မှင်စာလေးနှစ်ကောင်ကပြေးမသွားပဲ သူ့ကိုပင်ပေစောင်းစောင်းဖြင့် ပြန်ကြည့်နေကြသည်။ သူထိုသို့ တစ်စုံတစ်ခုကကို ခြောက်လှန့်ထုတ်နေသည့်ပုံကိုမြင်တော့ ကိုလှသောင်းက
“မြင့်ဆောင် ဘာတွေမြင်လို့ ခြောက်လှန့်ထုတ်နေတာတုန်းကွ”
ထိုအခါ ကိုမြင့်ဆောင်က
“ဘာမှမဟုတ်ပါဘူးကွာ ကြောင်တွေကွ ကြက်ရှိတယ်ထင်ပြီး လာချောင်းတယ်တယ်ထင်ပါရဲ့”
“ဟုတ်လား ဒါဆိုမနက်ဖန် ကြောင်ထောင်ဦးမှပဲ တောကြောင်သားက သိပ်စားလို့ကောင်းတာကွ”
ထိုသို့ ကိုမြင့်ဆောင်နှင့်ကိုလှသောင်း ပြောဆိုနေကြသံကိုကြားတော့ မှင်စာနှစ်ကောင် အဝေးသို့ထွက်သွားသည်
ထိုအခါမှ ကိုမြင့်ဆောင်လည်း လှည်းပေါ်သို့ပြန်လာပြီး
“လှသောင်း မင်းတို့ရေသွားခပ်တော့ ဘယ်သွားခပ်တုန်းကွ”
ထိုအခါ ကိုလှသောင်းက
“ဒီယာကွက်ေဘးက လျှိုတွေထဲပဲ ဆင်းခပ်တာပေါ့ကွ အဲဒီကစမ်းချောင်းထဲမှာ ရေတွင်းတူးထားပြီး အဲ့ဒီရေကိုပဲသုံတာ”
“ဟုတ်လားကွ ဒါဆိုတို့လဲ မနက်ဖန်ချောက်ထဲဆင်းပြီးရေတွင်းတူးရဦးမယ် ဒါနဲ့ နွားရေတိုက်တော့ရော အဲ့ဒီချောက်ထဲပဲဆင်းတိုက်တာလား”
“ဟုတ်တယ်ကွ အဲဒီချောက်ထဲပဲ ဆင်းတိုက်ကြတာပဲ”
ကိုမြင့်ဆောင်လည်း ယခုနှစ်မှ ဤနေရာသို့ နှမ်းကြဲရန်ရောက်လာချင်းဖြစ်၍ သူမသိတာကိုမေးလိုက်ပြီး ကိုလှသောင်းတို့ကတော့ နှစ်စဉ်နှမ်းတက်ကြဲနေကြဖြစ်၍ ဤနေရာအကြောင်းကို သိနေကြပြီဖြစ်သည်။ ထိုသို့ဖြစ်
ကိုလှသောင်းနဲ့ငတူးလည်း တဖြည်းဖြည်း ညည့်နက်လာတော့ သူတို့တဲကို ပြန်သွားကြပြီး ကိုမြင့်ဆောင်တို့သုံးယောက်လည်း တဲပေါ်သို့တက်ကာ အိပ်လိုက်ကြတော့သည်။
(၃)
ထိုသို့ဖြစ် နောက်နေ့မနက်ရောက်တော့ ကိုမြင့်ဆောင်တို့သုံးယောက်လည်း တဲနားပတ်ဝန်းကျင်ကို အရင်ခုတ်ထွင်ရှင်းလင်းလိုက်ပြီး နေ့လည်ခင်းဘက်ရောက်တော့ ယာကွက်ဘေးရှိချောက်ထဲသို့ဆင်းကာ ရေတွင်းတစ်တွင်းတူးလိုက်သည်။ထို့နောက် နွားနှစ်ကောင်ကိုလည်း ချောက်ထဲသို့ ရေဆွဲတိုက်ကာ ယာကွက်အလယ်ရှိ သရဲကြီးနေသည့် သစ်ပင်အောက်မှာချည်ထားလိုက်သည်။
ထိုသစ်ပင်ကြီးသည် အရိပ်အာဝါသကောင်းလှပြီး လေတဖြူးဖြူးတိုးနေ၍ နေလို့ထိုင်လို့ကောင်းလှသည်။ထို့ေကြာင့် ကိုမြင့်ဆောင်လည်း ထိုသစ်ပင်ကြီးအောက်၌ အတန်ကြာနေလိုက်ပြီးမှ တဲသို့ပြန်လာခဲ့တော့ သည်။ သူတဲသို့ ပြန်ရောက်တော့ ကိုပြူးနဲ့မောင်စိုးက ရေမိုးချိုးပြီး၍ တဲသို့ပင်ပြန်လာကြပြီဖြစ်သည်။
ထိုအခါမှ ကိုမြင့်ဆောင်လည်း ချောက်ထဲဆင်းကာ သူတို့တူးထားသော ရေတွင်း၌ရေမိုးချိုးလိုက့်ပြီး တဲပေါ်သို့ပြန်တက်လာကာ သုံးယောက်သား နေ့လည်စာ စားလိုက်ကြသည် ထို့နောက် ခဏတဖြုတ်နားလိုက်ကြပြီး မနက်ခင်းက ခုတ်ထားသည့် တောစမှနေ၍ လက်ကျန်တောများကိုဆက်ခုတ်လိုက်သည်။
ထို့သို့တောခုတ်ရာ၌လည်း သစ်ပင်ကြီးကြီးမားမားမရှိပဲ ဖုန်းဆိုတောသာဖြစ်၍ အလုပ်တွင်လှပြီး ဒီပုံအတိုင်းဆိုလျှင် စောစောစီးစီးပင် နှမ်းကြဲနိုင်မည်ဖြစ်သည်။
ထိုသို့ဖြစ် ညနေဆောင်းတော့ မောင်စိုးကို ညစာအတွက် ထမင်းတက်ချက်ခိုင်းလိုက်ပြီး သူနဲ့ကိုပြူးကတော့ တောဆက်ခုတ်နေလိုက်သည်။ဒီလိုနဲ့ မောင်စိုး တစ်ယောက် ညစာထင်းမင်းဟင်း ချက်ပြီးချိန်လောက်ရောက်တော့ ကိုမြင့်ဆောင် တဲသို့လာပြီး ထမင်းနဲ့ဟင်း လူတစ်ယောက်စာလောက်ကို အင်ဖက်ဖြင့်ထုပ်၍ ဖုန်းဆိုးတောအလယ်ရှိ သစ်ပင်ကြီးေအာက်ကိုယူလာခဲ့သည်။ထို့နောက် သူယူလာခဲ့ေသာ ထမင်းနှင့်ဟင်းများကို သစ်ပင်ကြီးအောက်တွင် အင်ဖက်ဖြင့် ပုံထားလိုက်ပြီး
“ကဲ ဒီသစ်ပင်မှာ ရှိနေသည့် မိတ်ဆွေကြီး ကျုပ်သင့်ကိုထမင်းနဲ့ဟင်းများကျွေးပါတယ် လာရောက်စားသောက်လှည့်ပါ ကျုပ်တို့ဒီအကွက်ထဲမှာရှိနေစဉ် တစ်စုံတစ်ခုအမှားအယွင်းပြုလုပ်မိပါက ဗွေမယူပါနဲ့”
ကိုမြင့်ဆောင် ထိုသို့ပြောပြီး တဲကိုပြန်လာခဲ့လိုက်သည်။သူထိုသို့လုပ်ရသည်မှာ ကြောက်ရွံ့၍လည်းမဟုတ် ခင်မင်လို၍လည်းမဟုတ်ပဲ လူတို့၏ဝတ္တရားရှိသည့်အတိုင်း နေရာဒေသတစ်ခုကိုပြောင်းရွှေ့လာပါက ထိုနေရာထိုဒေသနှင့် ကိုက်ညီအောင်နေတတ်ရသည်။
ဒါကြောင့် ကိုမြင့်ဆောင် ဤကဲ့သို့လာရောက်ကျွေးမွေးရချင်းဖြစ်ပြီး ထိုသစ်ပင်မှာ သရဲကြီးရှိနေမှန်းလည်း သိသောကြောင့်ဖြစ်သည်။
ထိုသို့ဖြစ် ကိုမြင့်ဆောင်တဲပြန်ရောက်တော့ ကိုပြူးသည်လည်း အလုပ်ကတက်လာပြီဖြစ်ပြီး မောင်စိုးနှင့်အတူ ချောက်ထဲဆင်း၍ ရေသွားချိုးကြပြီဖြစ်သည်။
ထိုအခါ ကိုမြင့်ဆောင်လည်း တဲပေါ်တွင် ခဏတဖြုတ်ထိုင်နေလိုက်ပြီး တစ်အောင့်လောက်ကြာတော့ သူစောစောက သွာကျွေးခဲ့သည့် သစ်ပင်ကြီးဆီသို့ပြန်လာခဲ့လိုက်ပြီး သူသစ်ပင်ကြီးနားသို့ရောက်တော့ ထိုသစ်ပင်အောက်မှာ မတ်တတ်ရပ်နေသော လူကြီးတစ်ယောက်ကိုေတွ့လိုက်ရပြီး ထိုလူကြီးက
“မင်းတို့က ဒီနေရာကို နှမ်းကြဲဖို့ရောက်လာတာလားကွ”
“ဟုတ်တယ်ဗျာ့ ကျုပ်တို့ဒီနေရာကို နှမ်းကြဲဖို့ရောက်လာတာ ဒါနဲ့ ဦးကြီးက ဒီသစ်ပင်မှာနေတာလား”
“အေး ဟုတ်တယ်ကွ”
“ဒါဆို ကျုပ်ကျွေးတဲ့ ထမင်းနဲ့ဟင်းကို ဦးကြီးစားရမှာပေါ့”
“စားရပါတယ်ကွာ အဲ့ဒီအတွက်လည်း ကျေးဇူးတင်ပါတယ်”
ကိုမြင့်ဆောင် ထိုသို့ပြောဆိုေနရင်း ထိုလူကြီးကိုသေချာကြည့်လိုက်သည် ထိုအခါ ထိုလူကြီး၏ မျက်နှာတစ်ချမ်းသည် ဓါးဒဏ်ရာကြီးနှင့်ဖြစ်နေပြီး ထိုဒဏ်ရာကိုမြင်ရုံဖြင့် ဤသစ်ပင်မှာနေသည့် သရဲကြီးဖြစ်မှန်းသိလိုက်သည် ထို့ကြောင့်
“ကျုပ်တို့လည်း အခုနှစ်မှ နှမ်းလာကြဲဖူးတာဆိုေတာ့ ဒီနေရာအကြောင်းကို ဘာမှမသိသေးဘူးဗျာ့ ဒါကြောင့် ကျုပ်စောစောက ထမင်းနဲ့ဟင်းလာကျွေးပြီး ကြိုတောင်ပန်းထားရတာ”
ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ ထိုလူးကြီးက
“ရပါတယ်ကွာ ကိစ္စမရှိပါဘူး ဒါနဲ့ မင်းကိုလည်း ငါမြင်ဘူးသလိုတော့ ရှိသားကွ”
ထိုလူကြီးက သူ့ကို သူ့ကိုစေ့စေ့ကြည့်ပြီးပြောလိုက်တော့ ကိုမြင့်ဆောင်က
“ဟုတ်တယ်ဗျာ့ ကျုပ်ဒီကို တစ္ဆေမမနှင်းကို ကူညီရင်းနဲ့ တစ်ခေါက်ရောက်ဖူးတယ်”
“ဟုတ်လားကွ ဒါကြောင့်ငါမင်းကို မြင်ဘူးတယ်လို့ထင်နေတာကို ဒါနဲ့ မင်းတို့ဒီနေရာမှာေနပြီး နှမ်းကြဲမယ်ဆိုရင်တော့ မှင်စာညီနောင်ကို သတိထားမှ ဖြစ်လိမ့်မယ်”
“ဟုတ်လားဗျာ့ ဒါဆိုမနေ့ညက ကျုပ်တဲ့နားကိုရောက်လာတဲ့ မှင်စာနှစ်ကောင် ဖြစ်မယ်ထင်တယ်”
“ဟုတ်တယ်ကွ အဲ့ဒီနှစ်ကောင်ပဲ ဒီနှစ်ကောင်တော်တော် ဆိုးတဲ့အကောင်တွေပါကွာ အကြောက်အလှန့်လဲမရှိဘူး သူတို့လုပ်ချင်ရာလျှောက်လုပ်ေနကြတာ”
“ဟုတ်လားဗျာ့ ဒါဆိုရင်တော့ ကျုပ်တို့သတိထားနေမှဖြစ်မယ် ဒါနဲ့ သူတို့ကဘယ်မှာနေကြတာတုန်းဗျာ့ ကျုပ်မနေ့ကတော့ တောစပ်ကဝင်လာတာကိုတွေ့လိုက်ရတယ်”
“အေးကွ သူတို့နေတာကတော့ ဟိုချောက်ထဲမှာပဲ ဒါပေမဲ့ မိုးချုပ်ပြီးဆိုတာနဲ့ ဒီဖုန်းဆိုးတောထဲကို တက်လာပြီး အကုန်းလုံးဗျောင်းဆန်နေအောင် ဆော့တော့တာပဲ ငါသစ်ပင်ပေါ်ဆို ခဏခဏ တက်လာပြီး အိပ်ပျော်နေတဲ့ ငါမိန်းမ ဆံပင်တွေကို နှုတ်နှုတ်သွားသေးတယ်”
“ဟုတ်လားဗျာ့ ဒီလိုဆိုရင်တော့ တော်တော်ဆိုးတဲ့နှစ်ကောင်ပဲ”
ကိုမြင့်ဆောင်လည်း ထိုသို့ပြောရင်းဆိုရင်နဲ့ သရဲကြီးနှင့် ရင်းနှီးလာသလိုဖြစ်လာသည်။ ထိုအပြင် သရဲကြီးကိုကြည့်ရသည့်မှာလည်း သူတို့ကို ရန်လိုဟန်မပြပဲ အေးအေးဆေးဆေးပင်ဖြစ်ပြီး သူ့အလုပ်သူလုပ် ကိုယ်အလုပ်ကိုယ်လုပ်ဆိုသည့် သေဘာမျိုးဖြစ်သည်။
ဒါကြောင့်ကိုမြင့်ဆောင်လည်း ထိုလူ့ဘဝက ပုံအတိုင်းရှိနေသော သရဲကြီးကို နှုတ်ဆက်ပြီး တဲသို့ပြန်လာခဲ့သည်။သူတဲသို့ ပြန်ရောက်တော့ ကိုပြူးနှင့်မောင်စိုး တဲကို ပြန်ရောက်နေပြီဖြစ်ပြီး သူလည်းချောက်ထဲသို့ဆင်းကာ ရေတွင်း၌ ရေချိုးလိုက်သည်။ ထို့နောက် သူတဲကိုပြန်ရောက်တော့ ကိုပြူးတို့နှစ်ယောက်က ထမင်းပွဲပင် ပြင်ပြီးသွားပြီ ဖြစ်၍ သူလည်း အဆင်သင့်ဝင်စားကာ မနေ့ကညကကဲ့သို့ပင် လှည်းပေါ်၌တက်ထိုင်နေလိုက်သည်။
(၄)
ထိုသို့ သူထိုင်ပြီး မကြာခင် ကိုပြူးနဲ့မောင်စိုးလည်း လှည်းပေါ်ရောက်လာပြီး မနေ့ညကကဲ့သို့ပင် စကားတပြောပြောဖြင့်ရှိနေကြသည် ထိုအချိန်
“ဝေ့ မြင်ဆောင်ရေ့ လာပါဦးကွ ဒီနားမှာ အကောင်လေးနှစ်ကောင် ဖြတ်ပြေးသွားတာမြင်လိုက်လို့”
ထိုသို့ သူတို့ထံလာလည်ေနသည့် ကိုလှသောင်းနဲ့ငတူး ယာကွက်အစပ်လောက်ကနေပြီး လှမ်းအော်သံကိုကြားတော့ ကိုမြင့်ဆောင်က
“ဟုတ်လားကွ ယုံတွေ ကြောင်တွေဖြစ်မှာပါကွာ လာမှာသာလာ လာစမ်းပါ”
ကိုမြင့်ဆောင် ထိုသို့လှည်းပေါ်မှေနပြီး ပြန်အော်ေပြာလိုက်သည့် အသံကိုကြားတော့ ကိုလှသောင်းက
“ယုန်မဟုတ်ဘူးကွ ကြောင်လည်းမဟုတ်ဘူး အဲ့ဒီအကောင်တွေဆို ငါသိတာပေါ့ကွ အခုဟာက လူလိုလို ဘာလိုလိုနဲ့ မတ်တတ်ရပ်ပြီး သွားနေတာကွ”
“ဟုတ်လားကွ အဲ့ဒါဆိုရင်လည်း ဖမ်းခဲ့ကွာ ဒီရောက်မှဘာကောင်တုန်းဆိုတာ သေချာကြည့်ရအောင်လို့”
ကိုမြင့်ဆောင် ထိုသို့ ခပ်နောက်နောက်ပြောလိုက်တောကိုလှသောင်းက သူတို့ဆီကို လာနေရင်း
“အခုတော့ မရှိတော့ဘူကွ စောစောက ငါတို့ရှေ့ကနေဖြတ်ပြေးသွားတာ”
“ဟုတ်လားကွ ဘယ်ဘက်ကိုပြေးသွားတာတုန်း”
ကိုမြင့်ဆောင် ထိုသို့ လှည်းနားရောက်ခါနီးနေပြီးဖြစ်သော ကိုလှသောင်းကို မေးလိုက်တော့ ကိုလှသောင်းက
“ငါ့တို့ လာတဲ့လမ်းရှေ့ကနေပြီး မင်းတို့ယာကွက်ထဲကို ဖြတ်ပြေးသွားတာပဲကွ ငါတို့လည်း ဘာကောင်လေးတွေတုန်းဆိုပြီး လိုက်ကြည့်နေတာ တောထဲဝင်ပြီးပျောက်သွားတာပဲ ငါ့အထင် မှင်စာတွေများ ဖြစ်နေမလားမသိဘူး”
ကိုလှသောင်း ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်က
“ဟုတ်လားကွ မှင်စာတွေဆိုရင်တော့ ညတုန်းက ငါ့တဲနားေရာက်လာတဲ့ မှင်စာနှစ်ကောင်ပဲဖြစ်ရမယ်”
“ဟုတ်လားကွ ညတုန်းကမင်းတဲနားရောက်လာသေးလို့လား”
“ရောက်လာသေးတယ်လေကွာ ငါတောင် မင်းမေးလို့ကြောင်တွေလို့ပြောလိုက်သေးတယ် အဲ့ဒါကြောင်မဟုတ်ဘူးကွ မှင်စာနှစ်ကောင်ပဲ”
“ဟုတ်လားကွ ဒါဆို ဒီမှင်စာနှစ်ေကာင် ဘယ်ကရောက်လာတာတုန်း မသိဘူး ဒါနဲ့ မှင်စာတွေဝင်တိုက်မိလို့ လူလဲသွားရင် သေတတ်ဆို”
“အေး ရှေးလူကြီးတွေကတော့ အဲ့ဒီအတိုင်းပြောတာပဲကွာ ဒါပေမဲ့ ငါလည်းမကြုံဘူးတော့ မသိဘူးကွ”
ကိုမြင့်ဆောင် ထိုသို့ ပြောလိုက်တော့ ကိုလှသောင်းက
“အေးကွာ ဘာပဲဖြစ်ဖြစ် သတိတော့ထားနေရမှာပဲ သူတို့လည်း မကောင်းဆိုးဝါး တစ္ဆေနွယ်ဝင်တွေပဲကွ ပေါ့ဆလို့တော့မဖြစ်ဘူး”
ကိုလှသောင်း ထိုသို့ပြောပြီး လှည်းပေါ်တက်ထိုင်လိုက်သည် ထိုအခါ သူ့နောက်မှာပါလာသည့် ငတူးလည်း လှည်းပေါ်တက်ထိုင်လိုက်ပြီး လှည်းပေါ်မှာ ပက်လက်လှန်အိပ်နေသည့် ကိုပြူးကို
“ကိုပြူး ကျုပ်တို့ မနက်ဖန်ည ညောင်ပင်ကုန်းရွာထဲသွာရအောင်ဗျာ့”
ငတူး ထိုသို့ သူကိုအဖော်ညှိလိုက်တော့ ကိုပြူးက
“မင်းက ဘာသွားလုပ်မှာတုန်းကွ ရောက်တာဖြင့်မကြာသေးဘူး”
“ကျုပ် ရိက္ခာပြတ်သွားလို့ဗျာ့”
“ဟုတ်လား မင်းအမေက လောက်လောက်ငှငှမထည့်ပေးလိုက်ဘူးလား အခုမှရောက်တာ နှစ်ရက်ပဲရှိသေးတယ် ဆန်တွေဆီတွေက ကုန်ပလား”
“မဟုတ်ဘူးဗျာ့ ကျုပ်ပြောတာ အဲ့ဒီရိက္ခာ မဟုတ်ဘူးကျုပ်အတွက် ရိက္ခာကိုပြောတာ”
“မင်းအတွက် ရိက္ခာဆိုတော့ အရက်ကိုပြောတာလား”
“ဟုတ်တယ်ေလဗျာ အဲ့ဒါ ကျုပ်အတွက် ရိက္ခာပဲ”
“အေး ဒါဆိုလဲ ရှင်းရှင်းလင်းလင်းပြောလေကွာ ငါကရိက္ခာဆိုတော့ ဆန်တွေဆီတွေ အောက်မေ့နေတာ ဒါနဲ့ မင်း မနက်ဖန် ဘယ်အချိန်လောက် သွားမှာတုန်း”
“ညနေ အလုပ်သိမ်းတဲ့အချိန် သွားမယ်ဗျာ့ အဲ့ဒါကိုပြူး ကျုပ်နဲ့လိုက်ခဲ့မလား”
“အေး လိုက်ခဲ့မှာပေါ့ကွ တစ်ယောက်အခက်အခဲကို တစ်ယောက်က ကူညီရမယ်မဟုတ်လား”
ကိုပြူး ထိုသို့ ကြီးကြီးကျယ်ကျယ်ပြောလိုက်တော့ ကိုလှသောင်းက
“ကြီးကြီးကျယ်ကျယ် ပြောမနေစမ်းပါနဲ့ ငပြူးရာ မင်းလည်း အရက်သောက်ချင်နေတာမဟုတ်းလား”
“ဘယ်ကသာ အရက်သောက်ချင်ရမှာတုန်းကွ ဒါလူမှုရေးအရကူညီတာ ဟုတ်တယ်မို့လား ငတူး”
“ဟုတ်တာပေါ့ဗျာ့ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ ဆိုသလိုပေါ့ တစ်ဦးအခက်အခဲကို တစ်ဦးကကူညီရင် အရာရာအဆင်ပြေတတ်ပါတယ်”
ငတူးလည်း သူမနက်ဖန် အရက်သောက်ရတော့မည်မို့
ကိုပြူးဘက်မှ လိုက်ပြောပေးလိုက်သည်။ထိုအခါ ကိုလှသောင်းက
“ဘုန်းကြီးရူးနဲ့လှေလူးကတော့ တွေ့နေပြီပေါ့ကွာ”
ကိုလှသောင်း စကားကို ရှုံ့မဲ့ပြောလိုက်ပြီး မျက်နှာကို တဘက်သို့ လှည့်ကာ
“မြင့်ဆောင် ဒီနေ့ည ဟိုမှင်စာနှစ်ကောင် မင်းတဲကို ပြန်လာလောက်သေးလားကွ”
ထိုအခါ ကိုမြင့်ဆောင်က
“အဲ့ဒါတော့ ငါလည်း မပြောတတ်ဘူး မင်းတိုနဲ့တွေ့ပြီး ထိတ်လန့်သွားလို့ လာချင်မှလာတော့မှာ”
“အေးကွ ငါလည်း အရင်ဒီကျောပေါ်ကို နှစ်တိုင်းရောက်ဖူးပါတယ် ဒါပေမဲ့ ဒါမျိုးတစ်ခါမှမကြုံဖူးဘူး အခုနှစ်ကြမှာသာ ထူးထူးခြားခြား လာတွေ့နေတာ”
“ဟုတ်လားကွ ဒါနဲ့မင်းတို့ အရင်နှစ်တွေကရော ဒီအကွက်ထဲကို ရောက်ဖူးလို့လား”
“အေး ဒါတော့ မရောက်ဖူးဘူးကွ အခုနှစ်မှသာ မင်းတို့ရောက်လာလို့ ရောက်ဘူးတာ”
“ဟုတ်လား ဒါဆိုရင်တော့ အရင်နှစ်တွေထဲက ဒီကောင်နှစ်ကောင် ရှိနေတာနေမှာပေါ့ မင်းတို့ဒီဘက်မရောက်လို့သာ မတွေ့တာဖြစ်လိမ့်မယ်”
“အေးကွ ဒါလည်း ဖြစ်နိုင်တယ် အခုငါတို့ပြန်ရင်တောင် ဒီနှစ်ကောင်နဲ့ ပြန်တွေ့နေဦးမလား မသိဘူး”
ကိုလှသောင်း ထိုသို့ပြောလိုက်တော့ ငတူးက
“ကိုလှသောင်း ဒါဆိုရင် ကျုပ်တို့ ဒီည ဒီမှာပဲ အိပ်လိုက်ကြအောင်ဗျာ တဲပြန်မနေတော့နဲ့”
ငတူး ထိုသို့ပြောလိုက်တော့ ကိုလှသောင်းက
“ဖြစ်မလားကွ တဲမှာက နွားတွေတစ်ဖက်နဲ့”
“ဖြစ်ပါတယ်ဗျာ ခင်ဗျားနွားတွေဘယ်သူမှမခိုးပါဘူး”
“မင်း အဲ့ဒီလို စကားကို လွယ်လွယ်မပြောစမ်းပါနဲ့ကွာ နွားတစ်ကောင် တန်ကြေးဆို နည်းတာမဟုတ်ဘူး”
“ဟုတ်ပါတယ်ဗျာ သူများနွားတွေဆိုရင်တော့ တန်ကြေးက နည်းတာမဟုတ်ဘူး ဒါပေမဲ့ ခင်ဗျားနွားတွေကတော့ ကြွက်လောက်ရှိတာဆိုတော့ သူခိုးလဲခိုးမှာ မဟုတ်ပါဘူးဗျာ”
ငတူး ထိုသို့ သူ့နွားတွေကို ကြွက်လောက်သာရှိသည်ဟုပြောလိုက်တော့ ကိုလှသောင်း ငတူးကို လှည်းပေါ်မှကန်ချလိုက်သည် ထိုနောက် သူကိုယ်တိုင် လှည်းပေါ်မှ ဆင်းလိုက်ပြီး
“အေးပေး အရက်သောက်ဖို့နဲ့ မဟုတ်တာပြောဖို့လောက်ပဲတတ်တယ်”ဟုဆိုကာ နှစ်ယောက်သား စကားနိုင်လုရင်း သူတို့၏တဲသို့ ပြန်သွားကြတော့သည်။
အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်
စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။
Leave a Reply