“ကြီးတယ်ဟေ့ … နှစ်ဆယ်သားလောက်တော့ ရှိ မယ်”
ဟု ဆိုကာ ဖားကိုကောက်၍ ပလိုင်းထဲ ထည့်လိုက်သည်။ တစ်နာရီခန့်အကြာ ဖားများ ပလိုင်းတစ်ဝက်ကျော်ရပြီးသည့်နောက် နှစ်ဦးသား ရွာဘက်သို့ လှည့်ပြန်ခဲ့ကြတော့သည်။
ထိုညအဖို့ သိန်းဆောင်တို့၏ သန်းခေါင်ညစာသည် ဖားသားဆီပြန်ဟင်းနှင့် ထမင်းမြိန်လှပါချေသည်။
xxx xxx xxx
“ဝါဆိုဝါခေါင် ရေဖောင်ဖောင်” ဆိုသည့်အတိုင်း ချောင်းပြည့်မြောင်းလျှံ လယ်တစ်ကွင်းလုံး ရေတို့ဘောင်းလန်နေပါပြီ။ စိုက်ပျိုးပြီးစ စိမ်းဝါရောင် အဆင်းဖြင့် ကောက်ပင်ပျိုတို့သည် လေယူရာ ယိမ်းနွဲ့ကခုန်နေကြချေပြီ။
ဖားများသည် ကောင်ပင်ပျို စပါးရွက်များကို ဖျက်ဆီးကိုက်ဖြတ်ကြသော ပိုးမွှားများကို စားသောက်ရင်း လယ်ကွက်များလည်း ကန်သင်းဘောင်ပြည့် ရေလျှံနေသဖြင့် ညဘက်တွင် လယ်ကန်သင်းရိုးဘောင်ပေါ်တွင် တက်ရောက်နေကြပါသည်။
ထိုဖားများကို အရပ်အခေါ် “ကန်သင်းတက်ဖား” ဟု ခေါ် ကြသည်။
သိန်းဆောင်တို့နှစ်ဦး ဝါခေါင်တစ်လလုံး ကန်သင်းတက်ဖား ရိုက်စားကြပါတော့သည်။
ကန်သင်းတက်ဖား ရိုက်ပုံမှာ ဖားမီးအုပ်ကို မြှောက်၍ ရှေ့သို့ မျှော်ကြည့်ရင်း ခပ်သုတ်သုတ် သွားရသည်။ ခပ်လှမ်းလှမ်းတွင် ဖားကိုတွေ့ရလျှင် ခပ်မြန် မြန်ပြေးပြီး အလျင်အမြန်ရိုက်ရသည်။ လူက မသွက်လက်၍ မမီလိုက်လျင် ဖားကလယ်ကွက်ထဲသို့ စွပ်ခနဲ ခုန်ချသွားတော့သည်။
သိန်းဆောင်တို့အဖို့ ကန်သင်းတက်ဖား ရိုက်စားကြ ပြီး ဝါခေါင်တစ်လလုံး ဖားဟင်းစား မပြတ်ပါချေ။
ဝါခေါင်လကုန်၍ တော်သလင်းလရောက်သည်နှင့် နေမင်းကြီးသည် ကျဲကျဲတောက်ပူပြင်းပါတော့သည်။
နေကပူ၊ ရေကပူနှင့် ငါးပုစွန်များ သေ ကြေပျက်စီးကြသဖြင့် “တော်သလင်းနေ၊ ပုစွန်သေ” ဟူသော စကားပုံ ပေါ်ပေါက်လာခြင်းဖြစ်ချေမည်။
ထိုအချိန်တွင် ဖားတို့သည် ချောင်းစောင်း၊ မြောင်းစောင်းရှိ ခြုံများအောက်တွင် အအေးဓာတ်ကို ရှာဖွေရင်း ဝပ်၍ နေတတ်ကြသည်။ ထိုဖားတို့ကို “နန်းထိုင်ဖား” ဟုခေါ်ကြသည်။
နန်းထိုင်ဖားတို့ကို ရှာဖွေစားသောက်ရန်အတွက် လက်နက်အဖြစ် တောင့်တင်းသော မှိန်းတစ်ချောင်းသာ လိုအပ်သည်။
နန်းထိုင်ဖားတို့သည် အကောင် သန့်၍ ကြီးထွားသလောက် အနေအထိုင် အလွန်ကျစ်လစ်လှသည်။ ခြုံနွယ်အမြစ်များအကြား၊ ချောင်များ၊ ဂုတ်များအောက်တွင် ဝပ်နေတတ်သော နန်းထိုင်ဖားတို့ကို ရှာဖွေရာတွင် အလွန်မျက်စေ့လျင်ရသည်။ တစ်ခါတစ်ရံ ဖားမျက်လုံးတစ်လုံးသာ တွေ့ ရတတ်သလို လက်ကလေးတစ်ချောင်း ပေါင်လေးတစ်ချောင်း ဖြည်းဖြည်းချင်း သွင်း၍ အနားရောက်မှ အပိုင်ဆောင့်ထိုးရသည်။ မှိန်းထိသော ဖားအော်သံသည် ကလေးငိုသံနှင့် ဆင်တူလှ၏။
ဆူဖြိုးလှသော နန်းထိုင်ဖား နှစ်ကောင် သုံးကောင်ခန့် ရပြီဆိုလျှင် ဟင်းတစ်အိုး အပြည့်ချက်ရသည်။
သိန်းဆောင်တို့အဖို့ တော်သလင်း၊ သီတင်းကျွတ် နှစ်လလုံးလုံး နန်းထိုင်ဖား ထိုး၍ စားကြပြီး ဖားဟင်းစား မပြတ်ကြပါချေ။
တန်ဆောင်မုန်းလ ရောက်ပြီဆိုလျှင်ဖြင့် စပါးပင်တို့သည် စပါးသီး ဖြစ်လာမည့် နို့ရည်ခဲတို့ကို အရွက်တို့ ဖြင့် ပတ်၍ဖုံးပြီး တောင့်တင်းသော အူတိုင်အလုံးများ ဖြစ်လာကြပြီ။
“ဖုံးတုံးလုံးတုံး တန်ဆောင်မုန်း” လသည် မိုးနှောင်းကာလဖြစ်သဖြင့် မိုးအရွာ ကျဲလာချေပြီ။ ရေများ တစ်စထက် တစ်စ ခန်းခြောက်လာကြသဖြင့် ကဏန်း၊ ပုစွန်လုံးတို့သည် မြေအောင်းရန်အတွက် တွင်းများ စတင်ပြုလုပ်ကြတော့သည်။
ပုစွန်လုံးများသည် တောင့်တင်းသန်မာသော ခြေလက်များဖြင့် သုံးလေးတောင်ခန့်နက်သော ကျင်းများကို ပြုလုပ်နိုင်ကြပြီး မိုးကုန်စပြုသည်နှင့် ကျင်းအဝကို မြေပျော့များဖြင့် ပိတ်ကာ မြေအောင်းနေထိုင် ကြပါတော့သည်။
ထိုအခါ ကျင်းမတူးတတ်ကြသော ဖားကြီးများသည် မြေပျော့သေးသော ပုစွန်လုံးကျင်းအဝကို ခေါင်းဖြင့် တိုး၍ဖောက်ကာ ဝင်ရောက်ကြပါသည်။ ကျင်းအတွင်းရောက်ရှိသွားသော ဖားကြီးနှင့် အိမ်ရှင်ပုစွန်လုံးတို့သည် မိုးနှောင်းကာလမြေအောက် တိုက်ပွဲဆင်နွှဲကြပါတော့သည်။
ပုစွန်လုံးက ဖားထက်အရွယ်လည်း ကြီးထွား၊ အင်အားလည်း ကြီးမားနေလျှင် ဖားသည် ကျင်းမှ ပြန်၍ ထွက်ကာ နောက်ထပ် ပုစွန်လုံးကျင်း ထပ်မံရှာ ဖွေရပါသည်။
ပုစွန်လုံးနှင့် ဖား အင်အားညီမျှနေလျှင်တော့အပြင်းအထန် တိုက်ခိုက်ကြကာ ပုစွန်လုံးတပြန် ဖားတပြန် ဖြစ်တတ်ကြ၏။
ဖားက ပုစွန်လုံးထက် အင်အားကြီးမားပါက အလွယ် တကူ ဝါးမြိုကာ ဝင်ရောက်ခဲ့သော ကျင်းပေါက်အဝကို ပြန်လည်ပိတ်ဆို့ပါသည်။ ပိတ်ဆို့ပုံမှာ ဖားသည် ခြေလက်တို့ဖြင့် ကျင်းအပေါ်သို့ ပြန်၍ ကန်တက်ကာ ခေါင်းကိုမော့၍ နှုတ်သီးဖြင့် ကျင်းအတွင်းမှ ရွှံ့ပျော့များကို ထိုးယူလာပြီး ကျင်းအဝတွင် ရွှံ့တုံး ငယ်လေးများ ကပ်ထားခဲ့သည်။
အကြိမ်ကြိမ် ပြုလုပ်ပြီးသောအခါ ကျင်းအဝသည် ရွှံ့များဖြင့် ပိတ်ဆို့ကာ ခုံးခုံးလေး ဖြစ်ကျန်ခဲ့သည်။ ကျင်းအောင်းကာလ အာဟာရအဖြစ် ပုစွန်လုံးကို ဝါးမြိုပြီးဖြစ်သော ဖားသည် ကျင်းအောက်ခြေတွင် အအေးဓာတ်ကို ရယူကာ နောက်ထပ် မိုးမကျမီအထိ ကျင်းအောင်းနေထိုင်ကြပါတော့သည်။
ထိုဖားတို့ကိုပင် အရပ်အခေါ် “ကျင်းအောင်းဖား”ဟု ခေါ်ကြပါသည်။
xxx xxx xxx
ဝါရင့် ဖားရှာသမား သိန်းဆောင်အတွက် ကျင်းအောင်းဖား ရှာဖွေရန် ဖားချိတ်တစ်ခုနှင့် တူရွင်းတစ်ချောင်းသာ လိုအပ်သည်။
ဖားချိတ်ပြုလုပ်ပုံမှာ တစ်ထွာကျော်ခန့် သံချောင်းငယ်ကို အဖျားတွင် သံဒစ်ပြုလုပ်၍ ပစောက်ပုံ ပြန်၍ ကွေးထားရသည်။ ဝါးယား အရင့်ပိုင်း မနုမရင့်တစ်လံကျော်ခန့်ဖြတ်၍ လက်ညှိုးလုံးခန့်အရွယ် ပြုလုပ်ကာ ဝါးတံအဖျားကို သံချိတ်အရင်းဖြင့် ခိုင်မြဲစွာ ကပ်၍ ချည်လိုက်လျှင် ဖားချိတ်တစ်ခု ရပါပြီ။
ဖားကျင်း ကွေ့ကောက်နေလျှင်လည်း ပျော့ပျောင်းသော ဝါးက အလိုက်သင့် ကွေး၍ လိုက်သွားပေလိမ့်
မည်။
ဖားခိုအောင်းနေသော ကျင်းကို တော်တန်ရုံနှင့် မရှာတတ်ကြချေ။ အတွေ့အကြုံရင့်နေသော သိန်းဆောင်အဖို့မူ ထမင်းစား ရေသောက်၊ သူ့နောက်က တကောက်ကောက်လိုက် ကာ ဖားရှာအတွေ့အကြုံ ယူနေသော စံဖူး၏ မျက်လုံးများက ကျီးကန်းတောင်းမှောက်။
ဖားကျင်းတစ်ကျင်းကို တွေ့လိုက်ရသော သိန်းဆောင်က စံဖူးကို လှမ်းခေါ် လိုက်သည်။
“ဟေ့ကောင် စံဖူး၊ ဒီမှာ လာကြည့်။ အဲဒါဖားကျင်းပဲ”
သိန်းဆောင်က ဆက်၍ ပညာပေးသည်။
“ကျင်းအဝကိုကြည့်၊ ဘေးတစ်ဖက် တစ်ချက်မှာ ဖားလက်ရာကို တွေ့လား။ အဲဒါ ပုစွန်ကျင်းကို ခေါင်းနဲ့တိုးပြီး ဖောက်ဖို့ အားယူပြီး လက်ထောက်ထားတာ။ သူ့နောက်က မြေခွက်ပြောင်ပြောင်လေးနှစ်ခုတွေ့လား။ အဲဒါ ဖားဒူးခေါင်းရာ။ နောက်က ခြေရာနှစ်ခုက နောက်ခြေထောက်နှစ်ဖက် အားယူပြီး ကန်ထားတဲ့အရာ”
စံဖူးက …
“ဟုတ်ပြီ၊ သဘောပေါက်ပြီ သိန်းဆောင်”
ဟု ပညာရ၍ ကျေနပ်သော လေသံဖြင့် ပြန်ပြောသည်။ သိန်းဆောင်က…
“အေး … ကျင်းဝမှာ သင်္ကေတတွေ တွေ့ရပေမယ့် ကျင်းက ဟောင်းလောင်းဖြစ်နေရင် ဖားရှိဖို့က မကျိန်းသေဘူး။ ဟောဒီလို ဖားခေါင်းဆို့ တွေ့ပြီဆိုရင်တော့ ဖားရှိတာ သေချာပြီ”
ပြောပြောဆိုဆို သိန်းဆောင်က ဖားခေါင်းဆို့ကို လက်ဖြင့် ကုတ်ယူကာ ပြလိုက်သည်။ ဖားခေါင်းဆို့က အပြင်က ခုံးခုံး၊ အတွင်းကခွက်ပြီး ပြောင်ချောနေ၏။
“ဖားလက်ရာ၊ ဒူးရာ၊ နောက်ခြေထောက်ရာ အကွာအဝေးကို ကြည့်ပြီး ခန့်မှန်းရရင် အစိတ်သားအထက်မှာ ရှိလောက်တယ်။ ကဲ ကျင်းအဝကို ဖဲ့ပြီး တူးတော့”
သိန်းဆောင်က ဆေးလိပ်တိုကို မီးညှိဖွာရှိုက်ပြီး ပြောလိုက်သည်။ စံဖူးက တူရွင်းဖြင့် ကျင်းကို အဝတစ်တောင်၊ အနက်တစ်တောင်ခန့် ဖဲ့၍ တူးလိုက်သည်။
သိန်းဆောင်က အဝပေါ်လာသော ကျင်းထဲသို့ ဖားချိတ်ကို သွင်းလိုက်ပြီး ကျင်းဆုံး၍ ဖားချိတ်ဆက်၍ မရတော့သည်အထိ ထိုးနှစ်လိုက်ကာ ဘယ်ညာလှည့်ကစားလိုက်သည်။ ဖားချိတ်ကို အပေါ်မလိုက် အောက်ချလိုက်ဖြင့် မြန်မြန်လေး လှုပ်ရှားလိုက်သောအခါ နစ်သွားသော လက်အတွေ့က ဖားကိုချိတ်မိကြောင်း သိလိုက်ရပြီး တဖြည်းဖြည်းချင်းအပေါ် သို့ ဆွဲတင်လိုက်သည်။
ကျင်းဝတွင် ဖားချိတ်ဖြင့် ချိတ်မိပြီး ပေါ်လာသော ဖားကြီးက သုံးဆယ်သားခန့်။
ဆက်၍ ဖားကျင်းရှာဖွေကြရင်း သိန်းဆောင်က လှမ်း၍ ခေါ်လိုက်ပြန် သည်။
“စံဖူးရေ … ဒီကျင်းကတော့ မင်းအတွက် ပညာခန်းပဲ။ ကျင်းဘေးပတ်လည်မှာ ခြေရာလက်ရာ ဘာမှ မရှိဘူး။ ဒါပေမယ့် ဖားခေါင်းဆို့ထားတဲ့အတွက် ဖားကျင်းဆိုတာ သေချာတယ်။ အဲဒါ ခြေရာပျောက်ဖားကျင်းပဲကွ။ မင်း ဘေးပတ်လည် တစ်လံကျော်လောက်အကွာ လိုက်ရှာကြည့်လိုက်စမ်း။ ဖားခြေရာ ရှိကို ရှိရမယ်”
“တွေ့ပြီကွ … ”
စံဖူးအော်သံ ကြားလိုက်ရသဖြင့် သိန်းဆောင်သွား၍
ကြည့်လိုက်ရာ ဖားခြေရာလက်ရာများ တွေ့လိုက်ရ၏။ ကန်သင်းရိုးဘောင်အမြင့်ပေါ်တွင် ဖြစ်ချေ၏။
“စံဖူးရေ … မင်း သေသေချာချာ မှတ်ထား။ ဖားက ကန်သင်းရိုးဘောင် အမြင့်ပေါ်က ကြည့်နေမယ်။ ပုစွန်လုံးက ကျင်းလုပ်ရက်တန်းလန်းနဲ့ အပေါက် မပိတ်ရသေးဘူး။ ဖားက ကန်သင်းရိုးဘောင်ပေါ်ကနေကျင်းအဝကို မှန်းပြီး ချိန်သားကိုက် ခြေရာပျောက် ခုန်ပြီးဝင်သွားတာ”
စံဖူးက…
“တော်တော်လည်တဲ့ ဖား၊ အံ့ဩကို ချရော”
သိန်းဆောင်က …
“ဒါတော့ကွာ … သူတို့လည်း သူတို့အသက်အန္တရာယ် လုံခြုံဖို့ ကြံဖန်ပြီး ကာကွယ်ရှောင်တိမ်းရတာပေါ့”
ထိုကျင်းမှ အစိတ်သားခန့် ဖားကြီးတစ်ကောင် ရလိုက်ပြန်ပါသည်။
နောက်ထပ် သုံးကျင်းခန့် တူးပြီးသောအခါ နှစ်ဆယ်သားခန့် ဖားကြီးသုံးကောင် ရပြီးနောက် သိန်းဆောင်က
“တော်ပြီကွာ … စံဖူး၊ တစ်ပိဿာကျော်လောက် ရနေပြီ။ ပြန်ကြမယ်။ ပြန်ရင်းနဲ့ လမ်းမှာ ရှာသွားကြတာပေါ့”
ဟု ဆိုကာ ရွာဘက်သို့ လှည့်ပြန်ခဲ့ကြပါတော့သည်။
xxx xxx xxx
ရွာဘက်သို့ ပြန်လာကြရင်း ဟိုဟိုဒီဒီ ကြည့်လာသော သိန်းဆောင်၏ မျက်လုံးများက ဖားတစ်ကျင်းကို တွေ့လိုက်ရပြန်သည်။ သိန်းဆောင်၏ လက်များက ဖားခေါင်းဆို့ကို ကော်၍ ဖွင့်လိုက်၏။
“ဖားရှိတာ သေချာတယ်ကွ။ ကျင်းအဝကို ဖော်တော့”
သိန်းဆောင်က ကျင်းဘေးတွင် ထိုင်ချရင်း ပြောလိုက်သည်။ စံဖူးက ဝမ်းသာအားရဖြင့် ထိုင်ချလိုက်ကာ တူရွင်းဖြင့် တူးဖော်လိုက်သည်။
သိန်းဆောင်က ပေါ်လာသော ကျင်းပေါက်ထဲသို့ ဖားချိတ်ကိုချကာ ချိတ်လိုက်စဉ် တင်းခနဲ ဖြစ်သွားသော လက်အတွေ့ကြောင့် ဖားချိတ်ကို တဖြည်းဖြည်းချင်း အပေါ်သို့ ဆွဲတင်လာရင်း
“စံဖူးရေ … ဖားက တော်တော်ကြီးတယ်ကွ။ လက်ကိုနစ်နေတာပဲ”
အားပါးတရ ဝမ်းပန်းတသာ ပြောလိုက်သည်။
ဖားချိတ်ဆွဲတင်၍ အဆုံးတွင် ကျင်းဝတွင် ပေါ်လာသည်က ရှူးခနဲ အသံဖြင့် ပါးပျဉ်းထောင်ထလာသော မြွေဟောက်ကြီးတစ်ကောင်၏ ခေါင်း တစ်လုံး။
သိန်းဆောင်တစ်ယောက် ကယောင်ကတမ်းဖြင့် ဆတ်ခနဲ မြွေဟောက်လည်ပင်းကို ဖမ်းဆုပ်လိုက်မိ သည်။
ကံအားလျော်စွာ လည်ပင်းကို မိမိရရ ဖမ်းဆုပ်မိသဖြင့် မြွေဟောက်ကြီး၏ ပါးစပ်က အပြဲသား၊ ကွေးကွေးကောက်ကောက် အစွယ်ကြီးနှစ်ချောင်း ကလည်း မြင်ရသူအဖို့ အသည်းတုန် အူတုန်စရာ။
ဖြစ်ရပုံက ဖားကျင်းနှင့် နှစ်လံကျော်ခန့်အကွာတွင် ဟင်းလင်းပွင့်နေသော ကြွက်တွင်းပေါက်အတွင်း အစာရှာဝင်ရောက်သွားသော မြွေဟောက်ကြီးသည် ကြွက်တွင်းဂယ်ပေါက်များမှတစ်ဆင့် ဖားကျင်းအ တွင်း ရောက်ရှိသွားပြီး အဆင်သင့် တွေ့ရသော ဖားကိုမြိုကာ နောက်ကြောင်း ပြန်အဆုတ်၊ သိန်းဆောင်၏ ဖားချိတ်ဖြင့် ခါးလည်ကို ဖြတ်အချိတ် ခံရကာ အပေါ်သို့ ဆွဲတင်ခံရခြင်း ဖြစ်သည်။
“အမလေး … လာကြပါဦးဗျ၊ ကယ်ကြပါဦး”
ကြောက်လန့်တကြား အော်လိုက်သော သိန်းဆောင်၏အသံ ကြားလိုက်ရမှ ကြက်သေသေနေသော စံဖူး သတိဝင်လာပြီး…
“သိန်းဆောင် … မလွှတ်လိုက်နဲ့နော်၊ မြဲမြဲဆုပ်ထား”
ဟု အော်ဟစ်ပြောဆိုလိုက်သည်။
မြွေဟောက်ကြီး၏ ပြဲနေသော ပါးစပ်ကြီးထဲမှ အစွယ်ဖွေးဖွေးထိပ်တွင် သီးနေသည့် အဆိပ်ရည်များကို ကြည့်ရသည်မှာ ထိတ်လန့်စရာ ကောင်းလှသည်။ သည်အကောင်ကြီးမျိုးသာ အကိုက်ခံရလျှင် တုန်းခနဲ လဲသေသွားနိုင်၏။
“ငါက ဒီလိုပဲ ဆုပ်ထားရတော့မှာလားကွ။ ငါ့ကိုကယ်ပါဦး သူငယ်ချင်းရာ”
သိန်းဆောင်အသံတို့က ကတုန်ကယင်။ ဒူးတို့က တဆတ်ဆတ် တုန်လျက်။ မျက်လုံးတွေပင် ပြာစပြု လာနေပြီ။ အမြင်အာရုံတွေ မသဲကွဲချင်တော့။
“ဆုပ်မထားရင် မင်း ပြန်ကိုက်မှာပေါ့ကွ”
စံဖူးကလည်း အနားမကပ်ရဲ။ ဘာလုပ်ရမှန်းလည်း မသိ။
သိန်းဆောင်ကလည်း မြွေဟောက်ကြီး၏ လည်မြိုကို တင်းသည်ထက် တင်းအောင် ကြောက်ကြောက်နှင့် ဆုပ်ထား၏။
နာရီဝက်ကျော်ကျော်ခန့် ကြာလာသောအခါ စံဖူးက …
“မြွေကို ဆတ်ခနဲ ရှေ့ကို ပစ်ချလိုက်သိန်းဆောင်။ ငါပြေးရိုက်မယ်”
ထူပူနေသောသိန်းဆောင်က …
“မင်း အပိုင်ရိုက်နော်။ မထိရင် ငါ သေမှာကွ။ ကဲဟေ့ … တစ် နှစ် သုံး”
ဟုပြောကာ မြွေကို ရှေ့သို့ လွှတ်ပစ်အချ စံဖူးက တူရွင်းငန်းပြားဖြင့် ပြေးရိုက်ရန် ပြင်လိုက်သည်။
သို့သော် သူ့လက်က တဝက်တပြက်နှင့် လေထဲမှာပင် ရပ်တန့်သွား၍ မရိုက်ဖြစ်တော့ပါ။
မြွေဟောက်ကြီး မလှုပ်နိုင်တော့ဘဲ သိန်းဆောင် ကြောက်အားလန့်အားဖြင့် လည်မြိုကို ညှစ်ထားသည့်ဒဏ်ကြောင့် မြွေဟောက်ကြီးခမျာ အန္တရာယ်မပေးနိုင်တော့ဘဲ သေသွားခဲ့လေပြီ။
နာရီဝက်ကျော်ကျော်ခန့် အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသော သိန်းဆောင်တစ်ယောက် ငါးရှဉ့်အိုင်ရွာဘက်သို့ ကမူးရှူးထိုး သုတ်ခြေတင်ပြေးလွှား လျက် ရှိ၏။ နောက်ကို တစ်ချက်ကလေးမျှပင် လှည့်မကြည့်။ ဖားမုဆိုးအလုပ်ကို သူ စိတ်ကုန်သွားခဲ့ပြီဖြစ် မှန်း သိသာ၏။
စံဖူးမှာလည်း ဖားတွဲကြီးကို ကမန်းကတမ်း ကောက်ယူပြီး သိန်းဆောင်နောက်သို့ အပြေးအလွှား လိုက်လျက် ရှိပါတော့သည်။
သည်တစ်ခါ စားရမည့် ဖားသားဟင်းတစ်ခွက်က သူတို့အတွက် လျှာရင်းမြက်မည်ပင် မထင်တော့ပါလေ။
စုံထောက်မဂ္ဂဇင်း
– ပြီး –
စာရေးသူ – ဉာဏ်ဦးစံ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Leave a Reply