သူမကြိုက်ပေ။
အစောပိုင်းက လန့်သလိုဖြစ်သွားသဖြင့် စိတ်ကအနည်းငယ်မောသွားသည်။ အနည်းငယ် လေ့ကျင့် လှုပ်ရှားထားတာရောမို့ ရေငတ်လေသည်။
ခေါက်ဆွဲကြော်ကမလာသေး ဘီယာအရင်ရောက်တာမို့ အသာလေး ငုံကာသောက်လိုက်သည်။
အမောပြေဘိခြင်း၊ ဒီကြားထဲ ဗိုက်ကဆာလာသဖြင့် တကြုတ်ကြုတ်မည်လာတော့သည်။
‘ဆရာရေ ရပါပြီဗျ ,ကြက်သားနဲ့ခေါက်ဆွဲကြော်’
စားပွဲထိုးလေးကို မချခိုင်းဘဲ ဆိုင်ရှင်က သူကိုယ်တိုင် ကောင်းမြတ်ထက်အတွက်ချလာပေးသည်။
‘ညီလေးရေ၊ ဟင်းချိုပူပူနဲ့ အချဥ်လေးပါယူခဲ့ဟေ့’ ဟု စည်စည်ေ၀ေ၀ပြောလေ၏။
ပုံမှန်ဆိုလျင် ဆိုင်ကလူကျချိန်မည်သူ့ကိုမျှ အဖက်မလုပ်အား၊ ဘီယာသောက်သူ၊ အရက်သောက်သူ။ စားစရာမှာသူများအတွက်လုပ်ပေးနေရသဖြင့် ယားလို့ပင်မကုတ်အား။
သည်ကနေ့ မြို့လေးမှာတိတ်ဆိတ်သည့်နေ့မို့ ဆိုင်ကလူကျဲ၊ သည်ကြားထဲ သူ့လည်း စပ်စုစိန်မို့
အမှုအကြောင်းသိချင်သည်။ ကောင်းမြတ်ထက်က အင်စပက်တာမှန်းသိပြီးသားမို့ စပ်စုဖို့ချဥ်းကပ်လာခြင်းဖြစ်၏။
ဗိုက်ဆာနေသဖြင့် သူ့ကိုလည်း ဂရုမစိုက်အား၊ ကောင်းမြတ်ထက် ရောက်လာသည့် ခေါက်ဆွဲကြော်ကိုသာ စိတ်၀င်စားသည်။ ခေါက်ဆွဲ၊ ဂေါ်ဖိထုတ်၊ ဥနီ၊ ကြက်သား၊ ကြက်သွန်မိတ်များနှင့် ကြော်ထားသည်မှာ မွေးကြိုင်လျက်စားချင်စရာ၊ သခွားသီးကို ဆော့စ်နှင့်အချဥ်ထည့်ပေးထားသည်ကို လည်းထည့်စားရင်း ဆာဆာနှင့်စားနေမိသည်။
‘ဆရာတနေကုန်ပင်ပန်းလို့ ဗိုက်ဆာနေတာနဲ့တူတယ်’
‘အမှုကလည်းဆက်တိုက်နှစ်မှုတောင်မှကိုး’
ဟုမှတ်ချက်ပေးလိုက်သည်။ ကောင်းမြတ်ထက်နား မယောင်မလည်လုပ်နေသည်။
ပြီးတော့’
‘အမှုကဘာထူးသေးလဲဆရာ’
‘မထူးသေးပါဘူးဗျ’
‘သူများတွေပြောတာတော့ ကွင်းဆက်လူသတ်သမားဆိုဆရာ’
‘ဟာပြောချင်တာတွေပြောနေကြတာပါ၊ ဘာမှ မသိသေးပါဘူး’
‘သူကသဲလွန်စလည်းဘာမှမချန်ဘူးဆိုဟုတ်လား’
သူတို့ကိုဘဲ အမှုလိုက်ခိုင်းလျင် ကောင်းမလားဟု ကောင်းမြတ်ထက်တွေးနေမိသည်။ သူစားစရာရှိတာကို စားလိုက်သည်။ အစားစားချိန် အလုပ်ကိစ္စစဥ်းစားလျင် စားစရာတွေအရသာ မရှိနိုင်တော့။ ဒါမျိုးတော့ အဖြစ်မခံနိုင်။ ဆိုင်ရှင်ပြောနေသမျှကို နားလျံထားလိုက်ခါ တခါတခါမှ အဖြေပေးလိုက်၏။ အဖြေမှာ ဘာမှမသေချာသေးဆိုသည့် အချက်ပင်ဖြစ်၏။
သို့သော် သူ့မှတ်ချက်တစ်ခုက သူ့ကို စိတ်၀င်စားစေသည်။ ကွင်းဆက်လူသတ်သမားသည် စစ်လက်နက်ပစ္စည်း ကျွမ်းကျင်စွာသုံးနိုင်ကြောင်း အရပ်မနိမ့်မမြင့်နှင့် ဘယ်သန်ဖြစ်ကြောင်းကအစ အရပ်ထဲမှ လူများ သိနေကြသည်ကိုဖြစ်သည်။ ထားပါလေ။ လူသတင်းလူချင်းဆောင်သည်ဘဲနေမည်။ သတင်းအကုန်လုံးကလည်း ခေတ်ကာလအရ လူအများသိရှိနိုင်ရန် လွယ်ကူလွန်းနေသည်။ အင်တာနက်ခေတ်ကြီးမဟုတ်ပါလား။
ကောင်းမြတ်ထက်များများ မပြောတော့ဘဲ စားသောက်ခြင်းအမှုကို လက်စသတ်လိုက်၏။
‘ဘယ်လောက်ကျလဲဗျ’
‘—-ကျပါတယ်’’
ငွေရင်းပြီး ဆိုင်ထဲမှထွက်လာသည့်အခိုက် ဆိုင်ရှင်က
‘ဆရာရေ လူဆိုးမြန်မြန်ဖမ်းပေးပါ၊ လူတွေကြောက်လို့ အပြင်မထွက်တော့
စျေးရောင်းမကောင်းလို့ပါ’ဟု ပြောလိုက်သည်။
ကောင်းမြတ်ထက်စိတ်ထဲတွင်တော့
‘အော်လူတွေ၊ လူတွေ၊
လူတွေသေနေတာကို စိတ်ပူလို့မဟုတ် ကိုယ့်အတွက်ကိုယ်တွေးပြီး
စျေးရောင်းမကောင်းလို့ လူသတ်သမားကို မိစေချင်တာကိုး ‘ ဟုတွေးမိရင်း
လူသည် အမြဲကိုယ့်အတ္တကိုသာ ရှေ့တန်းတင်ကြသူများဖြစ်သဖြင့် မည်သူ့ကိုမျှ အထင်ကြီးစရာမရှိသလို အထင်သေးစရာလည်း မလိုကြောင်းပိုသဘောပေါက်နေမိသည်။
ဆိုင်ထဲမှထွက်ခါ လမ်းလျောက်လာလိုက်သည်။ ဆိုင်နှင့်စခန်းသည် သိပ်မေ၀းတော့၊ ထို့အပြင် စားသောက်ပြီးခါစမို့ ဖြေးဖြေးအေးအေးသာ လျောက်လာလိုက်တော့သည်။ လမ်းတလျောက် အိမ်တော်တော်များများသည် ယခင်လို ဆူညံဆူညံမဟုတ်ဘဲ တခါးပိတ်ထားကြသည်။ ယခင်ကဆို အချိန်အတော်ညနက်သည်အထိ မီးဖွင့်၊ တခါးဖွင့်ကာ နေကြသည်။ယခုတော့ မြို့သည် ညဥ့်တောင်မနက်သေးဘဲ သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်စပြုနေ၏။အကုန်လုံး ကြောက်စိတ်များလွမ်းမိုးနေကြသည်။ ဆိုးသည်စွာသည်ဆိုသည့် လူမိုက်ကြီးများ အဖွဲ့များပင် ငြိမ်ကျနေ၏။
ကောင်းမြတ်ထက်တို့ ရဲစခန်း၀င်းမတိုင်ခင်တွင် စခန်းပတ်လည်ကို ဖြတ်သည့် မြို့ကို ဖြတ်လာသည့် ရေမြောင်းလေးအစရှိသည်။ ထိုနေရာအနီးတွင် နှစ်အတော်ချို့နေသည့် ပင်စည်ကြီးမားလှသည့် သက်ရင့် သစ်ပင်ကြီး တစ်ပင်ရှိသည်။ထိုသစ်ပင်နှင့် မလှမ်းမကမ်းတွင် လမ်းမီးတိုင်တစ်တိုင်ရှိသည်။ ပြီးလျင် စခန်းအ၀င်အပေါက်တွင်လည်း လမ်းမီးတိုင်ရှိသည်။ မီးတိုင်၏ အလင်းရောင်ကြောင့် ပတ်၀န်းကျင်ကို ကောင်းစွာမြင်နိုင်သလို မိမိအရိပ်ကိုလည်း တွေ့နိုင်သည်။
ကောင်းမြတ်ထက် ညစာစားအပြီးမို့ ဗိုက်လေးလေးနှင့် ခပ်နှေးနှေးလမ်းလျောက်လာသည်။ အိမ်ရောက်အစာကြေလျင် မကြာခင်အိပ်ရာ၀င်ရန်သာရှိ၏။ သစ်ပင်ကြီးအောက်သို့ရောက်လာသည်။ ခါတိုင်းလည်း အပင်အောက်မှ ဖြတ်နေကြ၊ မဖြတ်ဘဲလည်း သူတို့စခန်းကိုမရောက်၊ ကလေးများကို ကြောက်စေချင်လျင် ထိုအပင်ကြီးနှင့်ခြောက်ကြသည်။ အမှန်မှာ သစ်ပင်ကဘာမှမလုပ်။ သူ့သဘာ၀အတိုင်းပင်၊ လူများကသာ ကြီးမားသော သစ်ပင်ကိုအကြောင်းပြု လုပ်ဇတ်တွေခင်းကြသည်။
သစ်ပင်ကြီးအောက်မှ အဖြတ်တွင် သစ်ပင်ပေါ်ရှိသစ်ရွက်များ လေလေးတမျှင်ပင်မတိုက်ဘဲ ဟဲကနဲ မြည်သံကိုကြားလိုက်၏။ ဘာလေမှမတိုက်။ သစ်ပင်ကသစ်ရွက်များလည်း မလှုပ်ဘဲ၊ လေတိုက်လျင် မည်သကဲ့သို့ တရှဲရှဲကြားနေရသည်။ လာပြန်ချေပြီ။ သူကြက်သီးမွှေးညှင်းများထောင်ထလာသည်။
ကောင်းမြတ်ထက် သစ်ပင်နှင့်သစ်ရွက်များကို မကြည့်တော့ဘဲ စိတ်ထိမ်းကာ ဆက်လျောက်လာသည်။
‘နင်တို့ကဘာလုပ်ချင်နေတာလဲ’
ဟုစိတ်ထဲမှမေးနေမိသည်။ မီးတိုင်ကြောင့် သူ့အရိပ်ကို မြင်ရသည်။ သူ့အရိပ်မှာ ဘောင်းဘီရှည်နှင့်ဖြစ်သည်။ သို့သော်ကြည့်နေရင်း သူ့အရိပ်ရှိသူ့ခေါင်းပေါ်တွင် တခုခုကရှည်မျောမျောနှင့် မျောပါလာသလိုလို မြင်နေရပြန်သည်။ ထိုအခိုက်မှာပင် ဆေးပြင်းလိပ်နံ့က နှာခေါင်းထဲ ထောင်းကနဲထလာသည်။ သည်တခါတော့ သူမရတော့၊ သူ့အခန်းရောက်အောင် ခပ်သွက်သွက်လေး ပြေးလာလိုက်တော့၏။
အခန်းပေါက်၀နားရောက်သော် ဆေးပြင်းလိပ်နံ့ပျောက်သွားလေတော့သည်။
သော့တံကိုသော့ပေါက်ထဲ ထိုးသည်ပင် အခြေအနေကမကောင်း။ သူ့လက်ကတုန်နေသဖြင့် တော်တော်နှင့်သော့တံက သော့ပေါက်ထဲသို့မ၀င်။ စိတ်ကို အတည်ငြိမ်ဆုံးထားပြီး နောက်တခေါက်ပြန်လုပ်မှ သော့ဖွင့်လို့ရသွားတော့သည်။
သေဆုံးသူနှစ်ယောက်လုံးသူ့နောက်ကို လိုက်နေကြသည်။ သူတို့ရှိနေကြောင်းပြနေကြသည်။ ဘာကြောင့်များပါလိမ့်ဟု ကောင်းမြတ်ထက်စိတ်ထဲ သံသယများစွာ၀င်နေမိသည်။ သူဘာများလုပ်မိလို့ပါလိမ့်ဟုလည်းတွေးနေမိသည်။ ဘုန်းကြီးတွေဘာတွေကို မေးလျင်ကောင်းမလားဟုလည်း စဥ်းစားနေမိသည်။
‘အော်သိပ္ပံနည်းမကျပါဘူးလေ၊ မဟုတ်သေးပါဘူး’ ဟု ဖြေသိမ့်မိပြန်၏။အမှန်တော့ တစ်ခုခုတော့ လုပ်မှဖြစ်မည်။
++++Sandar Wai, Alexander++++++
‘ကိုဆန်းထွန်းနော်’
‘ဟုတ်ပါတယ်ဆရာ’
‘ကိုမြတ်ခိုင်ဆုံးတဲ့နေ့, အဲ့ဒီညက ခင်ဗျား ဘယ်မှာရှိနေလဲ’
‘ကျွန်တော်အိမ်မှာပါဘဲ’
‘ခင်ဗျားတို့ဖဲ၀ိုင်းမရှိဘူးလား’
‘ရှိတယ်ဆရာ၊ မောင်ညှက်တို့အိမ်မှာရှိတာပါ”
‘အဲ့ဒီမှာဘယ်သူတွေရှိလဲ’
‘မောင်ညှက်၊ ဂွတို၊ သိမ်းမောင်၊ ကျွန်တော်နဲ့ မြတ်ခိုင် တိုပါ’
‘အစောပိုင်းထဲကဆိုတော့ မြတ်ခိုင်ကရှုံးတယ်’
‘သူကချေးပြီး ရိုက်ချင်တာ၊ ဘယ်သူမှသူ့ကို ငွေမချေးပေးလို့အိမ်ပြန်တော့တာပါ’
‘အဲ့ဒါကြောင့်အားလုံးလည်း ပြီးသွားပါတယ်’
‘ခင်ဗျားတို့ပြန်တဲ့အချိန်က’
‘ကိုးနာရီလောက်ပါ’
‘အဲ့ဒါပြီးတော့ကျွန်တော်လည်းအိမ်ပြန်၊ ရေမိုးချိုးထမင်းစားပြီးအိပ်တာပါဘဲ’
‘ခင်ဗျားက ဖဲ၀ိုင်းရှိရင် ကိုမြတ်ခိုင်ကို အချိန်မရှိလည်းသွားခေါ်တတ်တာဟုတ်သလား’
‘ဟုတ်ကဲ့, အသုဘတွေဘာတွေမှာ၀ိုင်းကောင်းရင်လည်းခေါ်တတ်ပါတယ်’
‘အသုဘဘဲလား’
‘မဟုတ်ပါဘူး’
‘တခါတလေ၊ တခြားကစားသူတွေအိမ်မှာဆိုလဲခေါ်ပါတယ်’
‘ကိုမြတ်ခိုင်က လာခေါ်လို့မှာမှာထားလို့ပါ’
‘အေးဗျာလောင်းကစားသမားအချင်းချင်း သစ္စာရှိတာပေါ့’
‘အဟားး, ဟုတ်ကဲ့ဗျ’ ဟုဆန်းထွန်းကရယ်သလိုနှင့်ပြောလိုက်၏။
အရက်သမား၊ လောင်းကစားသမားအချင်းချင်းတောင် သည်လောက်သစ္စာရှိလျင်
လင်နှင့်မယားချစ်လို့ယူထားသူများ သစ္စာရှိသင့်သည်မဟုတ်ပါလား။
စခန်းမှူး ခင်မောင်ထွန်း သူတွေ့သည့်သစ္စာဟုရေးထားသော ပန်းရောင်ကဒ်ပြားကို ယခုမှစိတ်ကပြန်ပြီးသေချာကြည့်ရန်သတိရသွားသည်။
‘ခင်ဗျားပြန်ရောက်ပြီး အိမ်မှာရှိနေတာဆိုတော့ ခင်ဗျားအိမ်ကလူတွေကို မေးရတော့မှာပေါ့’
သည်လိုနှင့် ဆန်းထွန်းတစ်ယောက် အလီဘိုင်ခိုင်မာသွားပြန်သည်။
ဒေါက်တာ ဆင်းငုံဖူးထံမှ အစီရင်ခံစာထွက်လာသည်။ မြမာလာအတွက်ဖြစ်သည်။
ယခင်ပြောထားသည့်အချက်များထက်မပို၊ ထိုဓါးဒဏ်ရာများနှင့်ပင်သေဆုံးခြင်းဖြစ်သည်။ သေဆုံးချိန်ဖေါ်ပြချက်အရ ထိုနေ့က မိုးသည်းသည်းမည်းမည်းရွာနေသည့်အချိန်ဖြစ်သည်။
မည်သည့်နည်းနှင့်မဆို သူမကို ဓါးနှင့်ထိုးသည့်သစ်ပင်ကြီးအောက်တွင် ခြေရာကျန်နိုင်သည်။
စခန်းမှူးခင်မောင်ထွန်း၊ အင်စပက်တာ ကိုသုတကိုခေါ်လိုက်သည်။
‘ကိုသုတရော၊ ကောင်းမြတ်ထက်ရော ဒီမှာ ဒေါက်တာဆင်းငုံဖူးရဲ့ အစီရင်ခံစာ’
‘သိပ်မထူးခြားဘူး၊ ဘယ်သန်နဲ့ မြောင်းပါတဲ့စစ်ဖက်သုံးဓါးမြှောင်ကိုသုံးထားတာဘဲ.
‘ဘာဒီအင်အေမှမကျန်ခဲ့ဘူး၊ လတ်တလောအထိ၊’
‘ခုက ဟိုနေ့က ခြေရာရှာတာ မိုးနဲ့ရေစီးသန်တော့ဘာမှမရဘူးနော်’
‘ခု သစ်ပင်ကြီးအောက်ကို တခေါက်ပြန်ကြည့်ရအောင်’
‘ဟိုနေ့ကကြည့်တာ ဘာမှမရခဲ့တာဆရာ’
‘ဟုတ်တယ်၊ ကျွန်တော်သိပါတယ်’
‘သူကခြုံပုတ်ထဲကို၀င်ဆွဲရင်း မြက်နဲ့ဖိတဲ့အရာမျိုးကျန်နိုင်တာဘဲ၊ တခြားနေရာတွေက သဲနဲ့ရေစီးကြောင်းက ဖျက်သွားတာလေ’
‘ခုကသုံးရက်တောင်ရှိပြီဆိုတော့’
‘ဘယ်လိုဘဲဖြစ်ဖြစ်တခေါက်ပြန်ကြည့်ရအောင်’ ဟု စခန်းမှူးက တိတိကျကျ အဆုံးအဖြတ်ပေးလိုက်၏။
ကောင်းမြတ်ထက်ဘာမှမဖြေခင် ကိုသုတက
‘ဟုတ်ကဲ့ဆရာ ကျွန်တော် ခုဘဲသွားလိုက်ပါ့မယ်’ ဟု အဖြေပေးလိုက်လေသည်။
‘စပယ်တို့၊ ဆရာမမသင်းကျန်းမာရေးအခြေအနေရော’ ဟုဒုရဲအုပ်စပယ့်ကိုပါ စခန်းမှူးကလှည့်မေးလိုက်သည်။ သူသည် တတ်နိုင်သမျှ ဒေါင့်စေ့အောင်ကြည့်နေမိသည်။
‘ဒီနေ့တော့ နေ့လည်ကျောင်းဆင်းချိန် ခွင့်ခနယူပြီးစခန်းလာမယ်ပြောပါတယ်ဆရာ၊
ဆေးသောက်ဆေးစားလုပ်နေပါတယ်တဲ့’
‘သူ့ကိုလည်းကြည့်ထားပါတယ်၊ မိန်းခလေးရဲမေကို စောင့်ကြည့်ခိုင်းထားတာပါ’
‘သစ္စာ’
ပန်းရောင်ကဒ်’
သူဘာကိုပြောချင်တာလဲ’
စခန်းမှူးခင်မောင်ထွန်းတစ်ယောက် သေသေချာချာ စဥ်းစားနေမိသည်။
သူတို့၏ မှန်းဆချက် မလွဲလျင် ကွင်းဆက်လူသတ်သမားတစ်ယောက်ထဲသေချာသည်။
မြမာလာ၊ ခင်ပွန်းကောင်းကိုသစ္စာမဲ့သည်။ ကိုမြတ်ခိုင် ဇနီးကောင်းကို နည်းမျိုးစုံနှိပ်စက်သည်။
အိမ်ထောင်ရေးသည် ချစ်ခင်သူနှစ်ဦးတည်ဆောက်ထားပြီး တစ်ဦးနှင့်တစ်ဦး သစ္စာရှိရမည်မဟုတ်ပါလား။
ဘယ်သန်မို့ စောင့်ကြည့်ခိုင်းထားသည့်လူမိုက် ဇော်ကြီး၊ သူ့အလုပ်သူလုပ်သည်။ သူကလည်းနာမည်ကသာ ဇော်ကြီး လူကလူ့ဗလံလေးဖြစ်သည်။ အတိုက်အခိုက် အသတ်အပုတ်အတော်လေးကျွမ်းလို့သာ အကောင် သေးလေးနှင့် လူစွာ၊ လူမိုက်လုပ်နေခြင်းဖြစ်သည်။ သူနှင့်ကိုချိုထွန်းတို့လည်း ပတ်သက်သည့်အချက်ကို မတွေ့ရသေး။ အစောင့်ရဲများလည်း စောင့်ကြည့်ရင်းပျင်းတောင်လာကြသည်။ ကိုချိုထွန်းလည်း သူ့အလုပ်နှင့်သူ၊ ဇော်ကြီးတို့လည်း သူ့ကိစ္စနှင့်သူလည်ပတ်နေကြသည်။သံသယဖြစ်စရာကမတွေ့သေး။ စောင့်ကြည့်တာတော့ အမှုမှန်မပေါ်မချင်း သတိလွတ်လို့မရပေ။
မြမာလာကို သတ်သည့်နေ့က မိုးရေစီးပြီး မိုးကြီးလွန်းသဖြင့် ရေစီးများနှင့် ခြေရာပျောက်သလိုဖြစ်ခဲ့၏။ ယခုပင် ဓါးဒဏ်ရာတူနေသည်။ ကိုမြတ်ခိုင်နှင့်ရေတွင်းနားကရှူးဖိနပ်နံပါတ် ဆိုဒ်၄၀၊ ဓါးကို ဘယ်ဘက်လက်နှင့်ကောင်းကောင်းအသုံးပြုသည့် ဘယ်သန်၊သည်မြို့ကလား၊ တခြားမြို့ကရော။ မေးစရာနှင့်စဥ်းစားစရာများ။
ကြေးစားလား၊ ကြည့်မရလို့လုပ်ချင်သူလား။ ကိုယ်တိုင်က မကြိုက်နှစ်သက်သည့်သူလား။
လတ်တလောတွင်တော့ ကိုချိုထွန်း၊ ကိုအောင်လွင်နှင့်စေ့စပ်နိုင်သည့် သက်ထား အကုန်လုံး သွေးရိုးသားရိုးပုံစံဘဲတွေ့နေရသည်။ ကိုချိုထွန်းမှာ ယခုမှပင် ကိုအောင်လွင်နှင့် သူ့မိန်းမ ဖေါက်ပြန်နေမှန်းသိသွားပုံရလေသည်။
“”ဟင်းး””
စခန်းမှူးခင်မောင်ထွန်း သက်ပြင်းတချက်ကိုမှုတ်ထုတ်လိုက်ရင်း
‘မင်းစိတ်ရှည်ရမယ်လေ’ ဟု သူ့ကိုယ်သူသတိပေးနေမိသည်။
သူ့အိမ်ကထည့်ပေးလိုက်သည့် ထမင်းချိုင့်လေးကိုဖွင့်ရင်း မိသားစု၏ တန်ဖိုးကြီးမားပုံ၊ ခင်ပွန်းဇနီးတို့ သစ္စာရှိသင့်ပုံကို သူပိုခံစားရသည်။ သည်အမှုနှစ်ခုစလုံး၏ ရည်ရွယ်ချက်သည် တခုတည်းပင်ဖြစ်သည်။
သူ့ဇနီးက ထမင်းချိုင့်ထဲ သူကြိုက်တတ်သော ကြက်ခြောက်စပ်ကြော်၊ မျှစ်ကြော်လေးထည့်ပေးထားသည်။
အပြင်အလုပ်မလုပ်သော်လည်း သားသမီးမွေးရ၊ ထိမ်းကျောင်းရ၊ ၀င်ငွေထွက်ငွေမျှတအောင်ထိန်းရသည့် အိမ်ထောင်ဖက်များ၏ တန်ဖိုးမှာကြီးမားလှသည်။
ဆရာမမသင်းတစ်ယောက်မသေယုံတမယ် ကြိတ်မှိတ်ခံစားနေရသော ဒဏ်ရာများကို ယခုမှပင် ပေါ်ပေါ်တင်တင် ကုသနေရရှာသည်။ သစ္စာထားပြီး ချစ်ခင်ရမည့်သူက အတွင်းလှိုက်စားဒုက္ခပေးနေခဲ့သည်မို့ သစ္စာဆိုသည့် စကားလုံးကို တမလွန်အထိသိအောင် သူနှင့်ထည့်ပေးလိုက်သည့်လူသတ်သမား၏ ရည်ရွယ်ချက်ကို သိသလိုလို ရှိလာ၏။သူ၏ရည်ရွယ်ချက်ကိုလည်း သဘောပေါက်လာပြီ။ သို့ဆိုလျင် ဖြစ်နိုင်ချေများကို ဆက်ကြည့်ရမည်။ဖမ်းမမိခင်နောက်ထပ်ဖြစ်လာနိုင်စရာများကိုကြည့်ရမည်။
ထိုအခိုက် ကိုသုတနှင့်အဖွဲပြန်ရောက်လာသည်။
‘ဆရာရေ သတင်းကောင်းဘဲဗျ’
ဆက်ရန်
Sandar Wai, Alexander
စာချစ်သူများစိတ်ချမ်းသာ ကိုယ်ကျန်းမာ လိုရာများပြည့်၀ကြပါစေ။
၂၆/၉/၂၀၂၄
Leave a Reply