“အောင်ရှိန်၊ မင်းအမေက လောလောလတ်လတ် စိတ်ထိခိုက်နေလို့ပါကွ၊ မင်းကိုတကယ်မပြတ်ပါဘူးကွာ၊ လောလောဆယ်တော့ မင်းအမေရှေ့ မျက်နှာမပြနဲ့အုံး”
“ဟာ၊ ဘကြီးပြုံးရာ ကျုပ်က မျက်နှာမပြလို့ဖြစ်မလား”
“ငါပြောတာနားထောင်စမ်းပါအောင်ရှိန်ရ၊ မင်းအဖေဆုံးလို့ မင်းအမေက ဝမ်းနည်းနေတာ၊ မင်းလိုက်မလာတော့လည်း တော်တော်ဝမ်းနည်းရှာတာကွ၊ အခုသူ့စိတ်အခြေအနေက ပုံမှန်ဖြစ်သေးတာမဟုတ်ဘူး၊ မင်းကိုတွေ့တိုင်း ရန်ဖြစ်ငိုယိုပြီး မူးမေ့နေပါများရင် မကောင်းဘူးကွ၊ ဒီတော့ ရွာထဲက တစ်အိမ်အိမ်မှာ မင်းခဏရှောင်နေပါကွာ၊ ငါတို့လည်း မင်းအမေကို နားချပေးပါ့မယ်”
ကျုပ်လည်း ဘာမှမတတ်နိုင်တော့ဘူးလေဗျာ၊ ဒါနဲ့ အိမ်ကနေလှည့်ပြန်ခဲ့တာပေါ့၊ မူးမေ့လဲသွားတဲ့အမေ့ကိုတော့ ဆွေမျိုးတွေက ဝိုင်းပြီးနှာနှပ်နေကြတယ်၊ အမေဒီလိုဖြစ်တာမြင်တော့ ကျုပ်ဘယ်စိတ်ကောင်းမလဲဗျာ၊ ခြံရှေ့ရောက်တော့ ကျုပ်လည်း ဘကြီးပြုံးကိုကြည့်ရင်း
“အဖေ၊ အဖေဘယ်လိုဖြစ်တာလဲဗျ”
“လေသင်တုန်းဖြတ်ပြီး ဆုံးသွားတာပါ”
ကျုပ်ခေါင်းခါပြီး
“မဟုတ်ဘူး၊ အမေပြောတာ ဒီလိုမဟုတ်ဘူး၊ ကျုပ်အဖေကို ဒေါ်ထွေးရင်ကြီး ပြုစားပြီးသတ်လိုက်တာဆိုဗျ”
ဘကြီးပြုံးမျက်နှာ ကွက်ခနဲပျက်သွားတယ်။
“မဟုတ်ပါဘူးအောင်ရှိန်ရာ၊ မင်းဘယ်ကနေကြားလာတာလဲကွ၊ ကျောရွာက ဆေးဆရာကြီးပြောတာကတော့ လေသင်တုန်းဖြတ်သွားတာပါ၊ မင်းအဖေက ထန်းရည်မူးပြီး မြစ်ထဲရေဆင်းချိုးတယ်၊ ပြီးတော့ တစ်ညနေလုံး အအေးပတ်ရာကနေ အပူအအေးမမျှဘဲ ဆုံးသွားတာပါကွာ”
ကျုပ်ကတော့ မယုံဘူးဗျာ၊ ဘကြီးပြုံးတို့က ကျုပ်ကိုအဝေးရောက်နေတယ်ဆိုပြီး တမင်ညာတာဗျ၊ ကျုပ်လည်း ညာမှန်းသိနေတော့ ဆက်မမေးဖြစ်တော့ဘူး၊ ဒါနဲ့ ရွာအရှေ့ဘက်ကိုထွက်ခဲ့ပြီး အဖေ့ကိုမြှုပ်ထားတဲ့ သုဿန်ကုန်းကိုထွက်လာခဲ့တာပေါ့ဗျာ။ သုဿန်ကုန်းက ကျုပ်တို့ရွာနဲ့ တော်တော်လှမ်းလှမ်းဗျ၊ ရွာပြင်လမ်းကနေ ပတ်ထွက်လာခဲ့တော့ ရွာစွန်က တဲကလေးမှာ ဒေါ်ထွေးရင်ကြီးကို လှမ်းမြင်လိုက်ရတယ်ဗျာ၊ ဒေါ်ထွေးရင်က ကွမ်းတွေဝါးရင်း ခြေထောက်တစ်ဖက်ချပြီး အိမ်ရှေ့မှာထိုင်နေတာဗျ၊ ကျုပ်ကိုမြင်တာနဲ့ ပြီတီတီနဲ့ပြုံးရင်း ကွမ်းတံတွေးတွေကို ထွေးလိုက်သေးတယ်။
“ဟဲ့ ကောင်လေး၊ နင့်အဖေသေပြီလေ၊ ဟား၊ ဟား”
ဒေါ်ထွေးရင်မျက်ခွက်ကြီးကြည့်ပြီး ကျုပ်တော်တော်ဒေါသထွက်လာတယ်ဗျာ၊ ကျပ်အဖေသေတာကိုများ တပြုံးပြုံးနဲ့ ပျော်ရွှင်နေတဲ့ပုံနဲ့ပြောတာဗျ၊ ကျုပ်လည်း အဘွားကြီးကို မျက်စောင်းထိုးကြည့်ပြီး တောက်တစ်ချက်ခေါက်လိုက်တာပေါ့ဗျာ။
“အောင်မယ်၊ လူက လက်တောက်လောက်ရှိသေး၊ ငါ့များကို တောက်တွေဘာတွေခေါက်နေပါလား၊ ငါလုပ်လိုက်ရလို့၊ တော်ကြာ သားအဖနှစ်ယောက်လုံးကို ငါသတ်တယ်ဆိုပြီး လူတွေပြောနေကြအုံးမယ်”
ူသူ့စကားအသွားအလာကို နားထောင်လိုက်ပြီး ကျုပ်သိလိုက်ပါပြီ၊ ဒါပေမယ့် ဒေါ်ထွေးရင်ကို ယှဉ်ပြိုင်ဖို့ကလည်း ကျုပ်မှာ ဘာပညာမှရှိတာမှမဟုတ်တာပဲဗျ၊ ကျုပ်လည်း လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီးတော့ ခပ်သွက်သွက်လှမ်းထွက်ခဲ့တယ်။ ဒေါ်ထွေးရင်က ကျုပ်ကိုကြည့်ပြီး ခြောက်ကပ်ကပ်ရယ်သံကြီးနဲ့ လုပ်ပြီးရယ်နေသေးသဗျာ။
(၂)
သုဿန်ကုန်းကို ရောက်တော့ နေတောင်အတော်ကျနေပြီဗျ၊ ရွာအရှေ့ဘက် တောင်ကုန်းကလေးအနားမှာ သုဿန်တစ်ခုရှိတယ်၊ အဲဒီနေရာကို သုဿန်ကုန်းလို့ခေါ်ကြတယ်၊ ကုန်းတစ်ခုလုံးကို သစ်ကြီးဝါးကြီးတွေက ပတ်ပတ်လည်ပေါက်နေတော့ အုပ်ဆိုင်းနေတာပေါ့ဗျာ၊ သစ်ပင်ကြီးတွေအလယ်မှာတော့ မြေကွက်လပ်ကြီးရှိတယ်ဗျ၊ မြေကွက်လပ်ကြီးမှာတော့ မြေပုံမို့မို့တွေ၊ မှတ်တိုင်တွေက အများအပြားရှိတာပေါ့ဗျာ၊ ကျုပ်လည်း အနီးပတ်ဝန်းကျင်ကိုလိုက်ကြည့်လိုက်တော့ မြေပုံအသစ်တစ်ပုံကိုတွေ့လိုက်ရတယ်ဗျ၊ အဲဒီမြေပုံရှေ့ကိုပြေးလိုက်တော့ သစ်သားပြားမှာ ဆေးအဖြူနဲ့ရေးထားတဲ့ အဖေ့နာမည်ကိုတွေ့လိုက်ရသဗျာ။
“ဦးဘရှိန်၊ အသက် (၄၅) နှစ်”
ကျုပ်လည်း မှတ်တိုင်ကိုမြင်တော့ ဘယ်လိုဖြစ်လာသလဲမသိပါဘူးဗျာ၊ ရင်ထဲ ဆို့ဆို့တက်လာပြီးတော့ အဖေ့ရဲ့မှတ်တိုင်ကလေးဖက်ပြီး ငိုတော့တာပဲဗျာ။
“အဖေ၊ ကျုပ်ရောက်ပြီ၊ အဖေ့သား အောင်ရှိန်ရောက်ပြီအဖေရဲ့၊ အီး၊ ဟီး”
တိတ်ဆိတ်နေတဲ့ သုဿန်တစ်ခုလုံးကို ကျုပ်ငိုသံက ဖုံးလွှမ်းသွားတယ်ဗျ၊ ကျုပ်လည်း တော်တော်စိတ်မကောင်းဘူး၊ အဖေ့ရဲ့ နောက်ဆုံးမျက်နှာကလေးကိုတောင်မှ ကျုပ်မမြင်လိုက်ရဘူးမဟုတ်လားဗျာ။ ကျုပ်ငိုရင်းငိုရင်း တဖြည်းဖြည်း မှောင်လာတယ်၊ နေလည်းဝင်တော့မှာပေါ့ဗျာ၊၊ ကျုပ်ဆိုငိုရလွန်းလို့ ထပ်ပြီးမငိုနိုင်တော့ဘဲ ရှိုက်နေမိတယ်ဗျ၊ သုဿန်ကုန်းက သစ်ပင်ကြီးအရိပ်တွေနဲ့ဆိုတော့ ပိုပြီးမှောင်တယ်၊ ကျုပ်ငိုလို့ကောင်းနေတုန်း ကျုပ်အနောက်ကနေ ခေါ်သံတစ်ခုကြားလိုက်ရတယ်။
“သား၊ အောင်ရှိန်”
အသံက အဖေ့အသံဗျ၊ ကျုပ်လည်း ချာခနဲလှည့်ကြည့်လိုက်တာပေါ့ဗျာ၊ အဖေက သစ်ပင်ကြီးတစ်ပင်ရဲ့ ပင်စည်ကိုကိုင်ပြီး မတ်တပ်ရပ်နေတယ်ဗျ၊ အဖေမှ အဖေအစစ်ပါ၊ အပေါ်ပိုင်းအင်္ကျီချွတ်ကြီးနဲ့ဗျ၊ အောက်ပိုင်းမှာတော့ ပုဆိုးတိုတိုအစုတ်ကလေးဝတ်လို့ရယ်၊ ခေါင်းပေါင်းကိုလည်းပေါင်းထားသေးတယ်၊ အဖေက သစ်ပင်အောက်ကနေပြီးတော့ ရီဝေနေတဲ့မျက်လုံးတွေနဲ့ ကျုပ်ကိုကြည့်တယ်။
“အဖေ၊ အဖေလား”
ကျုပ်အဖေ့ဆီသွားဖို့ထလိုက်တော့ အဖေက လက်ကာပြပြီး
“သား၊ သားအဖေ့ဆီမလာနဲ့၊ သားအနားကို အဖေမကပ်နိုင်ဘူးသား”
“အဖေရာ၊ အဖေဘယ်လိုဖြစ်ရတာလဲ”
အဖေက မျက်နှာကိုအောက်ချသွားတယ်ဗျ၊ ဘာမှတော့မပြောဘူး၊ ကျုပ်လည်း ဒီတော့မှ ကျုပ်အခုမြင်နေရတဲ့အဖေက လူမဟုတ်ဘူးဆိုတာ သိလိုက်ရတာဗျာ။
“အဖေ၊ အဖေ မကွျှတ်မလွတ်ဘူးလားအဖေရာ”
“ဟုတ်တယ်သား၊ အဖေမကျွတ်ဘူး၊ ဒေါ်ထွေးရင်က အဖေ့ကိုခေါ်ထားတယ်သား၊ အဖေသူ့ဆီမှာ ဝိုင်းပြီးကူညီလုပ်ကိုင်ပေးနေရတယ်”
ကျုပ်စိတ်ထဲ အံ့လည်းအံ့သြတယ်၊ ဒေါသလည်းထွက်လာတာဗျ။
“တောက်၊ ဒီအဘွားကြီးတော့ ကျုပ်နဲ့တွေ့ပြီသာမှတ်လိုက်ဗျာ”
အဖေက ခေါင်းခါရင်း
“မလုပ်နဲ့ငါ့သား၊ အခုလည်း ဒေါ်ထွေးရင်အလစ်မှာ အဖေခဏထွက်ခဲ့ရတာ၊ သားကိုသတိပေးချင်လို့ပဲငါ့သား၊ သားကို အဖေ့လိုဖြစ်မှာစိုးရိမ်လို့ သတိလာပေးတာပဲ”
“ဘာဖြစ်လို့လဲအဖေရ”
“ဦးနှောကြီးတို့ ပညာတတ်တယ်ဆိုတာ သိပေမယ့် အဖေစိတ်မထိန်းနိုင်ခဲ့ဘူးငါ့သား၊ ဒါနဲ့ သူတို့ကိုသွားပြီး ရန်စမိလိုက်တယ်၊ သူတို့ကပညာသည်ဆိုတော့ အဖေပဲခံရတာပေါ့သားရယ်၊ အခုလည်း သားစိတ်လိုက်မာန်ပါမလုပ်ပါနဲ့၊ ဦးနှောနဲ့ ဒေါ်ထွေးရင်ဆိုတာ လူသတ်ဖို့ဝန်လေးတဲ့လူတွေမဟုတ်ဘူးသား”
ကျုပ်ဆို ဒေါသတွေထွက်လွန်းလို့ လက်တွေတောင် တဆတ်ဆတ်တုန်နေတာဗျ။
“ဒီတော့ သားလည်း ရွာမှာ အေးအေးလူလူပဲနေပါသား၊ အဖေကျန်ခဲ့တဲ့ ယာမြေတွေကို သားဆက်လုပ်ကိုင်ပြီး မင်းအမေကိုလုပ်ကျွေးပါကွာ၊ တခြားသူတွေနဲ့ ရန်မဖြစ်အောင်နေရမယ်၊ ကုန်ကုန်ပြောရရင်တော့ စုန်းတွေနဲ့ သွားမပတ်သက်တာ အကောင်းဆုံးပဲသားရေ”
ကျုပ်လည်း အဖေ့ဆီကိုတဖြည်းဖြည်းတိုးသွားလိုက်တယ်၊ အဖေက မိုးပေါ်ကိုတစ်ချက်မော့ကြည့်ပြီးတော့ တော်တော်ကြောက်ရွံ့သွားတယ်ဗျ။
“အဖေ့ကို ဒေါ်ထွေးရင်ကြီးခေါ်နေပြီ၊ ဒေါ်ထွေးရင်က အဖေလစ်ထွက်သွားတာကို သိသွားပြီသားရဲ့၊ အဖေသွားရတော့မယ်၊ အဖေမသွားရင် သူတို့လင်မယားက အဖေ့ကိုနှိပ်စက်ကြတော့မှာ”
အဖေက ပြောဆိုရင်း သစ်ပင်တွေအနောက်ကို လှစ်ခနဲဝင်ပြေးပြီး ပျောက်သွားပါရောဗျာ၊ ကျုပ်လည်း အဖေ့အနောက်ကိုလိုက်ခဲ့ပေမယ့် အဖေ့ကို အရိပ်အယောင်တောင် မတွေ့ရတော့ဘူးဗျ၊ အဖေက ဒေါ်ထွေးရင်တို့ကို ဘာမှမလုပ်ပါနဲ့ဆိုပေမယ့် ကျုပ်ကတော့ ငြိမ်ခံမနေဘူးလို့ ယူဆလိုက်တယ်၊ ဒါနဲ့ သုဿန်ထဲကနေ ခြေလှမ်းကျဲကြီးနဲ့ထွက်လာခဲ့တယ်။
“ဟာ၊ အောင်ရှိန်၊ မင်းပြန်ရောက်ပြီလား”
ရွာအပြင်နားက ထန်းတောကိုအဖြတ် ထန်းတဲထဲက ဦးမောင်ကြီးက လှမ်းနှုတ်ဆက်တယ်ဗျ၊ ဦးမောင်ကြီးဆိုတာ ထန်းသမားကြီးပေါ့ဗျာ၊ ကျုပ်တို့နဲ့လည်း ဆွေမျိုးမကင်းတော်တယ်ဗျ၊ တစ်ကိုယ်တည်းသမားကြီးပေါ့၊ ထန်းတောထဲမှာ ထန်းတဲဆောက်ပြီး တစ်ယောက်တည်းနေရင်း ထန်းတက်တယ်၊ ထန်းရည်ရောင်းတယ်၊ ထန်းလျက်ချက်တယ်ပေါ့ဗျာ၊ အခုလည်း ညနေစောင်းမို့ ဦးမောင်ကြီးတစ်ယောက် ထန်းရည်မူးပြီး တော်တော်ထွေနေပြီဗျ၊ လက်ထဲမှာတော့ နေ့ခင်းပိုင်း ကွင်းထဲချအအေးခံထားတဲ့ ထန်းလျက်တွေကို ပြန်သိမ်းရင်း တောင်းထဲထည့်နေတယ်။
“မင်းအဖေဘယ်လိုသေတယ်ဆိုတာ မင်းသိပြီးပြီပေါ့”
ကျုပ်လည်း ခေါင်းခါလိုက်ပြီးတော့ ထန်းတဲထဲကိုဝင်လာခဲ့တယ်။
“ရွာထဲက လူတွေကတော့ လေသင်တုန်းဖြတ်တယ်ဆိုပဲ၊ ငါကတော့ မယုံပါဘူးကွာ၊ ဘာလို့လဲဆိုတော့ မင်းအဖေကို ဒေါ်ထွေးရင်ပြုစားတော့ ငါလလည်းရှိနေတယ်ကွ”
ဦးမောင်ကြီးစကားကြောင့် ကျုပ်သိပ်သိချင်သွားတယ်။
“ကျုပ်ကိုပြောပြပါဗျာ၊ ဒေါ်ထွေးရင်နဲ့ အဖေနဲ့ ဘယ်လိုဖြစ်တယ်ဆိုတာ ပြောပြစမ်းပါ”
ဦးမောင်ကြီးက ထိုင်ချလိုက်ပြီးတော့ ထန်းရည်တစ်မှုတ်ခပ်သောက်ရင်း ခံတွင်းရှင်းတယ်ဗျ၊ ပြီးတော့ ဟိုးဝေးဝေးကိုငေးကြည့်ရင်း
“ဒီလိုကွ၊ လွန်ခဲ့တဲ့တစ်ပတ်လောက်က ယာခင်းတွေသိမ်းတယ်၊ မင်းတို့အခင်းကလည်း ပဲတော်တော်ရတယ်ဆိုပဲကွ၊ ပဲတွေကိုသိမ်းနေတုန်း ဒေါ်ထွေးရင်ကြီးက မင်းတို့အိမ်ဆီရောက်သွားသတဲ့၊ သူပဲစားချင်လို့ ပဲတွေတင်းငါးဆယ်လောက် ပေးပါဆိုပြီးတောင်းတယ်တဲ့ကွာ”
“ဟာဗျာ၊ တော်တော်တရားလွန်တာပဲ”
“မင်းအမေကတော့ ပဲတွေပေးခိုင်းတယ်၊ ဒါပေမယ့် မင်းအဖေက မကျေနပ်ဘူးပေါ့ကွာ၊ ပဲဈေးကလည်း ကောင်းနေတာဆိုတော့ တင်းငါးဆယ်ဆိုတာကလည်း မနည်းဘူးပေါ့ကွာ၊ ဒါနဲ့ နောက်တစ်နေ့ပဲ ငါ့ဆီလာတယ်၊ ထန်းတဲမှာ ထန်းရည်မူးအောင်သောက်ပြီးတော့ ဓါးလွတ်ကိုင်ပြီးထွက်သွားတာပဲကွာ၊ ငါလည်း ဒီကောင့်ရုပ်ကိုကြည့်ပြီး စိတ်ထင့်နေတာနဲ့ အနောက်ကလိုက်သွားတာပေါ့၊ မင်းအဖေက ဒေါ်ထွေးရင်တို့ဆီသွားတဲ့ ရွာပြင်လမ်းဘေးနားက ချုံထဲမှာစောင့်နေတာကွ၊ မကြာပါဘူး ဒေါ်ထွေးရင်ကြီးတစ်ယောက်တည်း ထွက်လာပါရော၊ မင်းအဖေလည်း ဒေါ်ထွေးရင်သူ့ကိုနည်းနည်းလွန်သွားတာနဲ့ ချုံကွယ်ထဲက ခုန်ထွက်ပြီးတော့ ဒေါ်ထွေးရင်လည်ပင်းကို အားကုန်ခုတ်ချလိုက်တာပဲကွာ”
“ဗျာ၊ အဖေ၊ အဖေက ဒေါ်ထွေးရင်ကို သတ်တာပေါ့”
“အေး၊ သူလည်းတော်တော် စိတ်ထိခိုက်နေမှာပေါ့ကွာ၊ တစ်ရာသီလုံး နွားနဲ့ဖက်ပြီး နဖူးကချွေး ခြေမကျအောင် ခက်ခက်ခဲခဲရုန်းကန်လာရတဲ့ ပဲတွေဆိုတော့ ဘယ်သူက အလကားပေးနိုင်မှာလဲကွာ”
“ဒါနဲ့ ဘာတွေဆက်ဖြစ်သလဲဗျာ”
“ဒေါ်ထွေးရင်ခေါင်းကြီးပြတ်ပြီး မြေပေါ်ကိုလိမ့်ကျသွားတာပေါ့၊ မင်းအဖေက ပျော်ပြီးအော်နေလိုက်သေးတယ်။ ဒီအချိန် မြေပေါ်က ခေါင်းပြတ်ကြီးက စကားတွေပြောပြီးတော့ ဒေါ်ထွေးရင်ကိုယ်လုံးက ခေါင်းပြတ်ကိုကောက်ပြီး ခေါင်းမှာပြန်ဆက်တယ်ကွ၊ မင်းအဖေကို လက်ညှိုးနဲ့ထိုးပြီး ပါးစပ်ကလည်း တတွတ်တွတ်နဲ့ပြောတာပဲကွာ၊ မင်းအဖေလက်ထဲ ကိုင်ထားတဲ့ ဓါးကပြုတ်ကျပြီး မင်းအဖေမြေမှာလဲသွားပါရော”
“တောက်၊ ဒီအဘွားကြီးကတော့ဗျာ”
“ပြီးတော့ လဲကျသွားတဲ့မင်းအဖေ ငယ်ထိပ်ကို ဖနောင့်တွေနဲ့ချည်းပေါက်တာကွ၊ ငါလည်း ငါ့မျက်စိရှေ့မှာဖြစ်တယ်ဆိုပေမယ့် လူလုံးထွက်မပြရဲလို့ ချုံကွယ်မှာပုန်းနေရတယ်၊ ဒေါ်ထွေးရင်ထွက်သွားတော့မှ မင်းအဖေကိုပြေးပွေ့ရတာပေါ့ကွာ၊ မင်းအဖေတစ်ကိုယ်လုံးက တောင့်တင်းပြီးတော့ အသားတွေဆိုရင်လည်း တဆတ်ဆတ်တုန်နေတာပဲကွာ၊ ငါရွာကိုပြန်ထမ်းလာပြီးတော့ အိမ်ကိုပို့ပေးသေးတယ်၊ အဲဒီညမှာပဲ မင်းအဖေဆုံးတာပါပဲကွာ”
ကျုပ်စိတ်တွေတော်တော်ခံပြင်းလာတယ်၊ ဒါနဲ့ ဦးမောင်ကြီး ထန်းလျက်တောင်းကြီးတွေ့တော့မှ ကျုပ်တစ်ခုသတိရသွားတယ်၊
“ဦးမောင်ကြီး၊ ကျုပ်ကို ထန်းလျက်တစ်တောင်းပေးစမ်းပါဗျာ”
“ဟ၊ မင်းကဘာလုပ်မလို့လဲ”
“ကျုပ် လုပ်စရာရှိလို့ပါ”
ဦးမောင်ကြီးက ဘာမှမပြောပါဘူး၊ လေးပြည်ဝင်တဲ့ ထန်းလျက်တောင်းကို ကျုပ်ကိုပုတ်ပြတာနဲ့ ကျုပ်လည်း ထန်းလျက်တောင်းထမ်းပြီးတော့ ထွက်လာခဲ့တာပေါ့ဗျာ။ ကျုပ်မှာလည်းအကြံနဲ့ဗျ၊ သူတို့ပဲပညာတတ်တာမဟုတ်ဘူး၊ ကျုပ်မှာလည်း တတ်တဲ့ပညာတွေရှိတယ်၊ ဒီစုန်းမကို ကျုပ်တတ်တဲ့ပညာနဲ့ လုပ်မယ်ဆိုပြီး ရွာဆီကိုထွက်လာတာပေါ့ဗျာ။
(၃)
ရွာအပြင်ရောက်တော့ ခွေးလေခွေးလွင့်သုံးကောင်က ပြေးလွှားဆော့လို့ဗျ၊ ကျုပ်လည်း ထန်းလျက်တောင်းထဲက ထန်းလျက်သုံးလေးခဲယူလိုက်ပြီးတော့ ခွေးတွေကိုပစ်ကျွေးလိုက်တယ်၊ နောက်တော့ ခွေးတွေကိုကြည့်ပြီးတော့
“ဟေ့ကောင်တွေ၊ ရွာထဲကခွေးတွေရော၊ အနီးအနားရွာတွေက ခွေးတွေပါ မင်းတို့အကုန်ခေါ်ခဲ့ကြကွာ၊ ပြီးရင်ဟောဒီကိုလာခဲ့၊ မြန်မြန်လာကြနော်၊ နောက်ကျတဲ့ခွေးကို ထန်းလျက်မကျွေးဘူး”
ခွေးသုံးကောင်က ကျုပ်စကားကြားပြီးတာနဲ့ ပြေးထွက်သွားကြတယ်၊ ကျုပ်လည်း ရွာအပြင်လမ်းမှာ ခွေးတွေကိုထိုင်စောင့်နေတာပေါ့ဗျာ၊ နာရီဝက်လောက်ကြာတော့ ဖုန်လုံးကြီးတွေ တထောင်းထောင်းတွေ့လိုက်ရတယ်ဗျ၊ ခွေးအုပ်ကြီးက ပြေးလာတာ နည်းတာမဟုတ်ဘူးဗျာ၊ အနည်းဆုံးတော့ အကောင်နှစ်ရာလောက်ရှိတယ်၊ ကျုုပ်လည်း သူတို့အရှေ့မှာရပ်လိုက်ပြီးတော့ သူတို့ကိုဦးဆောင်ပြိး ခေါ်လာခဲ့တယ်။
ဒေါ်ထွေးရင်တို့ လင်မယားက ရွာအပြင်ဘက် ရွာပတ်လမ်းအနားမှာ တဲကလေးထိုးပြီးနေကြတာဗျ၊ ရွာစွန်ကျပြီးတော့ လူသူနဲ့တော်တော်ဝေးတဲ့နေရာပေါ့ဗျာ၊ ကျုပ်လည်း ထန်းလျက်တောင်းကြီးကို ခွေးအုပ်ထဲကိုပစ်ထည့်လိုက်ပြီး ကျွေးလိုက်တယ်၊ ပြီးတော့ ဒေါ်ထွေးရင်အိမ်ရှေ့မှာ ခါးထောက်ပြီးမတ်တပ်ရပ်လိုက်တယ်။
“ဗျို့၊ အဘွားကြီး ဘာလုပ်နေတာလဲဗျ”
ဒေါ်ထွေးရင်က ယောက်မကြီးကိုင်လို့ ထွက်လာတာပေါ့ဗျာ။
“အံမယ်၊ သေနာကောင်လေးက ငါ့များအဘွားကြီးတဲ့”
“ခင်ဗျားပဲ အစွမ်းရှိတာမဟုတ်ဘူး၊ ကျုပ်မှာလည်းအစွမ်းရှိတယ်၊ ပညာရှိတယ်ဗျ”
နောက်တော့ ကျုပ်က ခွေးတွေဘက်ကိုလှည့်ကြည့်ပြီး
“ကဲ၊ ငါ့ကောင်တွေ၊ ဒီအဘွားကြီးအိမ်မှာ စားစရာတွေရှိတယ်ကွ၊ မင်းတို့ကြိုက်သလောက်သာ မွှေနှောက်ပြီးတော စားသောက်ပေတော့၊ အိမ်ကိုဖြိုဖို့လည်း မမေ့ကြနဲ့အုံး”
ကျုပ်ပြောလိုက်တာနဲ့ ခွေးအုပ်ကြီးက အော်ဟစ်ပြီးတော့ ဒေါ်ထွေးရင်တို့ တဲပေါ်ကိုပြေးတက်ကြတာပဲဗျာ၊ အကောင်နှစ်ရာဆိုတဲ့အားက နည်းတာမှမဟုတ်တာ၊ ဒေါ်ထွေးရင်ကြီးဆိုရင် ခွေးတွေကိုအော်ဟစ်ပြီး မာန်မဲနေကြတာ၊ ခွေးတွေက အိမ်ပေါ်တက်ပြီး ရှိသမျှပစ္စည်းအကုန် ကိုက်ဖြတ်တော့တာပဲဗျာ၊ အိုးတွေခွက်တွေဆိုရင်လည်း တွန်းချ၊ လှိမ့်ချကြပြီးတော့ အကုန်ခွဲပစ်ကြတာဗျာ၊ ကျုပ်ဖြင့် အားရဝမ်းသာနဲ့ ရယ်မောပြီးထိုင်ကြည့်နေမိတာ၊ ခွေးတွေအကုန်လုံးအိမ်ပေါ်တက်ပြီး ခုန်ကြပေါက်ကြတော့ တဲအိမ်ကလည်း မခိုင်တော့ဘူးဗျာ၊ တိုင်တွေကျိုးကျပြီးတော့ ခွေးတွေက ထရံတွေ၊ အမိုးတွေကို ဖျက်ဆီးကြလို့ မျက်စိရှေ့မှာတင် တဲအိမ်ကလေးတစ်ခုလုံး ပြားပြားဝပ်သွားတယ်ဗျ၊ ဒေါ်ထွေးရင်က ကျုပ်ကိုလက်ညှိုးထိုးပြီး တော်တော်ဒေါသထွက်နေတာ၊ ကျုပ်လည်း ကိုယ်လုပ်ချင်တာလုပ်ပြီးပြီဆိုတော့ သူလုပ်ရင်လည်း ခံရမှာပဲဆိုပြီး ရင်ကော့ပေးထားလိုက်တာ၊ ထူးဆန်းတာကတော့ ကျုပ်ကိုဒေါ်ထွေးရင်က ဘာမှမလုပ်ဘဲ အော်ဆဲတော့တာပဲဗျာ၊ ခွေးတွေက တစ်အိမ်လုံးကို စိတ်ကြိုက်ဖျက်ဆီးနင်းခြေပြီးတော့မှ သူ့အစုနဲ့သူ ပြန်သွားကြတော့တာပဲ။
“မှတ်ထားအဘွားကြီး၊ ဒါအကင်းပဲရှိသေးတယ်၊ ခင်ဗျားကြီး ကျုပ်အဖေကိုလုပ်သလို ခင်ဗျားပြန်ခံစားရလိ့မ်မယ်ဗျ”
ကျုပ်လည်း ဒေါ်ထွေးရင်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီးပြောရင်း အဲဒီနေရာကနေ ထွက်လာခဲ့တာပေါ့ဗျာ၊ မိုးကတော့ တော်တော်မှောင်ပြီဗျ၊ ကျုပ်လည်း ရွာထဲမဝင်တော့ဘဲနဲ့ ဦးမောင်ကြီးရဲ့ ထန်းတဲကလေးဆီကိုလာခဲ့တော့တာပါပဲဗျာ၊ ကျုပ်ဖြင့်တစ်နေ့လုံး နေရထိုင်ရတာမကောင်းဘူးဗျ၊ ထမင်းဆိုတာလည်း တစ်စေ့မှပါးစပ်ထဲမရောက်သေးဘူး။
“ငါ့တူ ဘာစားပြီးပြီလဲ”
ကျုပ်လည်း ခေါင်းခါပြလိုက်တယ်။
“အေးကွာ၊ မစားရသေးဘူးဆိုတော့ မင်းကိုဧည့်ခံရမှာပေါ့၊ တစ်ခါတစ်လေ ငါ့တဲကိုလာတဲ့ဧည့်သည်ဆိုလို့ မင်းပဲရှိတယ်မဟုတ်လား”
ဦးမောင်ကြီးက ပြောဆိုရင်း တဲအောက်ကိုဆင်းသွားတယ်ဗျ၊ တဲအောက်မှာ ခြင်းနဲ့အုပ်ထားတဲ့ ကြက်မတစ်ကောင်ကိုဆွဲထုတ်လိုက်ပြီးတော့ ခြေထောက်ကနေပြီး ဇောက်ထိုးကိုင်လာတယ်။
“ဦးမောင်ကြီး၊ ဘာလုပ်မလို့လဲကွ”
“စားစရာမှမရှိတာကွာ၊ ကြက်မချက်စားမလို့ပေါ့ကွ”
“ဟာဗျာ၊ ကျုပ်စားဖို့အတွက်နဲ့တော့ သတ်မနေပါနဲ့ဗျာ”
ကျုပ်ပြောတာတောင် နောက်ကျသေးတယ်၊ ဦးမောင်ကြီးက ကြက်မကို တဲအရှေ့နားက ထန်းလုံးတိုင်နဲ့ ရိုက်သတ်နေပါရောဗျာ၊ ကြက်မမှာ မချိမဆံ့အော်ရင်း သေရှာတယ်၊
“စားစမ်းပါ ငါ့တူရ၊ တိရစ္ဆာန်ဆိုတာ လူချွတ်မှကျွတ်တာကွ၊ ငါသာရိုက်သတ်ပြီး ချက်စားဘူးဆိုရင် ဒီကြက်မ တိရစ္ဆာန်ဘဝနဲ့ အကြာကြီးဆက်နေရအုံးမယ်မဟုတ်လား”
ကျုပ်လည်း ဘာမှမပြောချင်တော့ပါဘူးဗျာ၊ ကြက်မကို အကြွပ်ကြော်ပြီးတော့ ထမင်းဖြူနဲ့ကျွေးတယ်ဗျ၊ ကျုပ်လည်း ဆာဆာနဲ့စားလိုက်တာ ထမင်းသုံးပန်းကန်လောက်တော့ အသာကလေးပြောင်ပါရောဗျာ၊ ကြက်မအသားကလည်း ခုတင်ရိုက်သတ်ထားလို့လားတော့မသိဘူးး ချိုလိုက်တာဗျာ၊ ဦးမောင်ကြီးကတော့ ထမင်းမစားဘဲ ကြက်ကြော်နဲ့ ထန်းရည်ပဲသောက်နေတယ်ဗျ၊ ထမင်းစားပြီးခါမှ ကျုပ်လည်း အမေ့ကိုသတိရပြိး ငိုနေမိတယ်။
“ဟာ၊ အောင်ရှိန်ရာ၊ မင်းကလည်း ယောက်ျားတန်မဲ့ ငိုမနေစမ်းပါနဲ့”
“အိုဗျာ၊ ကျုပ်က ကလေးပဲရှိသေးတာ၊ ငိုမှာပေါ့ဗျ”
“ငိုနေရင် မျက်ရည်ကုန်တယ်ကွအောင်ရှိန်ရ၊ မင်းရင်ထဲမှာ ခံစားနေရတာတွေကို ငါနားလည်ပါတယ်ကွာ၊ ငါ့မိဘတွေလည်း နှစ်ယောက်စလုံး ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားကြတာမဟုတ်လား၊ ငါ့တုန်းကဆို မင်းထက်တောင်ငယ်သေးတယ်”
ဦးမောင်ကြီးက ထန်းရည်ထည့်ထားတယ် မြေခွက်တစ်ခွက်လှမ်းပေးရင်း
“ရော့ အောင်ရှိန်သောက်လိုက်စမ်းကွာ”
“ဟာဗျာ၊ ထန်းရည်ဆိုတာ မူးယစ်စေတတ်တဲ့ယစ်မျိုးပဲဗျ၊ သူရာအရက်ဆိုတာ မသောက်ကောင်းပါဘူးဗျာ”
ဦးမောင်ကြီးက ပြုံးရင်း
“မင်းကွာ၊ ဘာတွေပြောနေပါလိမ့်၊ ထန်းရည်ဆိုတာ သောက်ကောင်းတယ်ကွ၊ ထန်းရည်အရက်တွေ မသောက်ကောင်းဘူးဆိုတာ တကယ်တော့ မသောက်ခိုင်းတာမဟုတ်ပါဘူးကွာ၊ မသောက်ရင် မကောင်းဘူးလို့ပြောတာပါ၊ လာစမ်းပါ မင်းကလည်း”
“အိုဗျာ၊ ဆရာတော်မှာထားတယ်၊ ကျုပ်ကိုအရက်မသောက်ရဘူးတဲ့”
“အဲဒီဘုန်းကြီးတွေက သူတို့မသောက်ဖူးတိုင်း မကောင်းဘူးထင်နေကြတာကွ၊ တကယ်လို့သာ မကောင်းဘူးဆိုရင် ဟောဒီထန်းရည်ကို ဘယ်သူကများအရသာခံပြီး လာသောက်နေမှာလဲကွ၊ သောက်ပါ၊ တစ်ခွက်လောက်တော့သောက်လိုက်၊ ငါ့တုန်းကဆိုရင်လည်း ဝမ်းနည်းပြီးတော့ ငိုချင်လာရင် ဒီထန်းရည်လေးမော့လိုက်တာပဲ”
ကျုပ်လည်း မငြင်းသာတော့တာနဲ့ ဦးမောင်ကြီးပေးတဲ့ ထန်းရည်ခွက်ကိုယူပြီး တစ်ကျိုက်မော့သောက်လိုက်တာပေါ့ဗျာ၊ ထန်းရည်က ချဉ်စုပ်စုပ်နဲ့ စူးစူးခါးခါးအရသာကြီးဗျာ၊ ကျုပ်ဖြင့် အဲဒီတော့မှ ထန်းရည်သောက်ဖူးတာ။
“ဖွီး၊ အဝင်ဆိုးလိုက်တာဗျာ”
“အေး၊ ထန်းရည်ဆိုတာ အဝင်သာဆိုးတာကွ၊ ရင်ထဲရောက်ရင်တော့ နေလို့ကောင်းသား၊ သောက်၊ သုံးခွက်လောက်တော့သောက်”
သုံးခွက်လောက် သောက်ပြီးတော့ ကျုပ်လည်းတော်တော်လေး နေလို့ကောင်းလာတယ်ဗျ၊ ငါးခွက်လောက်သောက်ပြီးတော့ ဘာကိုမှမသိဘဲ မှောက်လျက်သား လဲကျသွားပါရောဗျာ။
(၄)
“ဟေ့ကောင် မောင်ရှိန်၊ ဟေ့ကောင်”
ကျုပ်ကိုခေါ်သံကြားလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျုပ်အရှေ့မှာ လူတစ်ယောက်က မတ်တပ်ရပ်နေသဗျ၊ ကျုပ်လည်း မူးမူးနဲ့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ဦးလူနီဖြစ်နေတယ်။
“အော်၊ ခင်ဗျားကြီးပါလား၊ ခင်ဗျားကြီးပေါ်လာပြီး ကျုပ်ကိုလာရှုပ်လို့ ကျုပ်အခုလိုဖြစ်ရတာ၊ အဲဒါခင်ဗျားကြောင့်”
“မောင်ရှိန်၊ မှားပြီ၊ မင်းမှားပြီ၊ မင်းအရင်က ငါးပါးသီလလုံသလောက် အခုတော့ ထန်းရည်တွေသောက်ပြီး မူးနေပါလားကွ”
“ဘာဖြစ်လဲဗျာ၊ ကျုပ်ဖာသာကျုပ်သောက်တာ၊ ခင်ဗျားအပူမပါဘူး”
“မောင်ရှိန်၊ မင်းတော်တော်ခက်တဲ့ကောင်ပဲ၊ လူမိုက်နဲ့ပေါင်းမှတော့ မင်းပျက်ပြီပေါ့ကွ၊ ငါကမင်းကို စေတနာနဲ့ပြောတာနော်”
“စေတနာတွေဘာတွေလုပ်မနေပါနဲ့ဗျာ၊ ခင်ဗျားသာ တကယ်စေတနာရှိရင် ကျုပ်အဖေကို ပြန်အသက်သွင်းပေး၊ ကျုပ်အဖေကိုပြန်ခေါ်ပေး”
ဦးလူနီက ကျုပ်ကိုမျက်ထောင့်နီနဲ့ကြည့်တယ်။ ကျုပ်လည်း ရယ်ရင်း
“ဘာလဲဗျ၊ ခင်ဗျားမလုပ်နီုင်ဘူးမဟုတ်လား၊ ကျုပ်သိပြီးသားပါ၊ ခင်ဗျားတို့ ဝိဇ္ဇာတွေဆိုတာ အလကား အားအားယားယား သူများကိုလိမ်စားနေတဲ့လူတွေပဲ”
ဦးလူနီက ခေါင်းခါရင်း
“မောင်ရှိန်၊ မောင်ရှိန်၊ မင်းကို ငါမို့လို့ခွင့်လွှတ်နေတာကွ၊ တခြားလူကို ဒီလိုသွားပြောရင် မင်းဒုက္ခဖြစ်တာကြာပေါ့၊ မင်းကို ဘာလို့ ဒေါ်ထွေးရင်ကြီးက ပြုစားလို့မရတာလဲဆိုတာမင်းသိလား၊ မင်းညနေက သူ့တဲကိုခွေးနဲ့ဖျက်ကတည်းက သူက မင်းကိုသေအောင်လုပ်မလို့ကွ၊ ဒါပေမယ့် မင်းက ငါးပါးသီလလုံနေတော့ မင်းကိုသူမပြုစားရဲဘူးဖြစ်နေတာ၊ အခုတော့ မင်းစည်းပေါက်ပြီ၊ မောင်ရှိန်၊ မင်းကိုငါနောက်ဆုံးအကြိမ်သတိပေးမယ်၊ မင်း ပေပေတေတေ မနေစမ်းပါနဲ့ကွာ”
“အိုဗျာ၊ ကျုပ်ဖာကျုပ် ဘယ်လိုနေနေပေါ့ဗျ၊ ခင်ဗျားစကားကို ကျုပ်နားထောင်စရာအကြောင်းမရှိဘူး၊ ခင်ဗျားစကားနားထောင်ခဲ့မိလို့ ကျုပ်အဖေသေတာကိုတောင် အရေးမစိုက်နိုင်ခဲ့ဘူးမဟုတ်လား”
ဦးလူနီက ဘာမှမပြောတော့ဘဲ ကျုပ်အနားကိုကပ်လာတယ်၊ ပြီးတော့ ကျုပ်ဇက်ပိုးကို လက်ဝါးနဲ့ဖြောင်းခနဲနေအောင်ရိုက်ပြီးတော့ ချာခနဲလှည့်ပြီးထွက်သွားတာပဲဗျာ၊ ကျုပ်ဖြင့်် ဦးလူနီနောက်ကျောကိုကြည့်ပြီး ရယ်နေမိတယ်ဗျာ။
“ဟား၊ ဟား၊ ဟား”
“ငါ့တူ မင်းဘာတွေရယ်နေတာလဲ”
အသံကြားလို့ မျက်လုံးဖွင့်ကြည့်တော့ ကျုပ်က ထန်းတဲထဲမှာဗျ၊ ဦးမောင်ကြီးက ကျုပ်အနားလာထိုင်တယ်။
“ဘယ်လိုလဲကွ၊ ထန်းရေဝင်တော့ နေလို့ကောင်းသွားတယ်မဟုတ်လား”
“ကောင်းပါ့ဗျာ၊ သိပ်ကောင်းတာပဲ”
“ဒါဆိုလည်း နောက်တော့ နည်းနည်းချင်းစီသောက်ကွ၊ ယောက်ျားမှန်ရင် ထန်းရည်နဲ့မကင်းရဘူး”
စောစောစီးစီး ဦးမောင်ကြီးက ထန်းရည်သောက်နေပါရောဗျာ၊ ကျုပ်လည်း သူ့လက်ထဲက ထန်းရည်ခွက်ကိုလှမ်းတောင်းရင်း သောက်ဖို့ပြင်လိုက်တယ်၊ ပါးစပ်အနားရောက်တော့မှ သတိဝင်လာတယ်။
“ဦးလူနီကြီးက ထန်းရည်သောက်တာ မကြိုက်ဘူးလို့ မှာခဲ့တယ်မဟုတ်လား”
တစ်ချိန်ထဲမှာပဲ နောက်ထပ်အတွေးတစ်ခုဝင်လာပြန်တယ်ဗျ။
“အို၊ ဘာဖြစ်လဲ၊ ငါ့ဖာသာငါသောက်တာ၊ သူနဲ့ဘာဆိုင်လဲ၊ ဒီလောက်တောင်ရှိလှတာ သူမကြိုက်တဲ့ထန်းရည် သောက်တယ်ကွာ၊ သောက်တယ်”
ကျုပ်လည်း အဲဒီတုန်းက ဦးလူနီကိုမုန်းလို့ ကန့်လန့်တိုက်မယ်ဆိုတဲ့ စိတ်ပဲရှိတယ်ဗျာ၊ ဦးမောင်ကြီးက ခဏနေတော့ ကျုပ်ကိုမှိန်းတစ်ချောင်းပေးတယ်ဗျ။ နှစ်လံလောက်ရှည်တဲ့ ဝါးတုတ်ထိပ်မှာ သံချောင်းသုံးချောင်းကို ခက်ရင်းခွလိုတပ်ထားတဲ့ မှိန်းပေါ့ဗျာ၊ ကျုပ်လည်း မှိန်းကိုကြည့်ရင်း
“ဘာလုပ်မလို့လဲ ဦးမောင်ကြီး”
“ငါ့တူကို ဧည့်ခံဖို့ပေါ့ကွာ၊ ထန်းရည်ဆိုတာ ကြွက်ကြော်နဲ့မှလိုက်တာကွ၊ မြစ်ဘေးယာခင်းတွေ ပဲပေါ်တဲ့အချိန် ကြွက်တွေတအားဖောက်တယ်ဆိုလို့ ညတုန်းက ငါထောင်ချောက်တွေ သွားထောင်ခဲ့သေးတယ်၊ မင်းက အိပ်နေတော့ ဘယ်သိမလဲ၊ အခု ကြွက်သွားဖော်မယ်လေကွာ၊ လိုက်ခဲ့”
ကျုပ်လည်း လုပ်စရာမရှိတာနဲ့ မှိန်းနဲ့လိုက်ခဲ့တာပေါ့ဗျာ၊ ကြွက်ထောင်ချောက်ဆိုတာ ဝါးနဲ့လုပ်ထားတဲ့ ထောင်ချောက်ဗျ၊ ထောင်ချောက်တစ်ခုအနားရောက်တော့ အထဲမှာ ကြွက်ကြီးတစ်ကောင်ဗျာ၊ ထောင်ချောက်ထဲပိတ်မိပြီး ခြေထောက်တစ်ဖက်လည်း ညှပ်နေသေးတယ်ဗျ၊ ဦးမောင်ကြီးက ကျုပ်ကိုကြည့်ပြိး
“ကဲ ငါ့တူ၊ လက်ထဲက မှိန်းနဲ့ ဒီကြွက်ကို ချွတ်ပေးလိုက်တော့”
ထောင်ချောက်ထဲက ကြွက်ကိုကျုပ်လည်း မှိန်းနဲ့ထိုးပြီး လက်စသတ်ပေးလိုက်တယ်၊ ကြွက်ကြီးက အော်ဟစ်ရင်း လူးလှိမ့်လို့ဗျ၊ တော်တော်ကြာမှ သေသွားတာ၊ ကျုပ်နဲ့ ဦးမောင်ကြီး ထောင်ချောက်တွေလိုက်ဖော်တာ ကြွက်ကြီးလေးကောင်ရတယ်ဗျ။ ဒါနဲ့ကျုပ်တို့ ကြွက်တွေဆွဲပြီး ယာခင်းထဲက ပြန်တက်ခဲ့ကြတာပေါ့ဗျာ။
ရွာထိပ်နားမှာနေတဲ့ ခွေးလေခွေးလွင့်တွေက ကျုပ်တို့ကိုမြင်တော့ ထိုးဟောင်ပါရောဗျာ၊ ကျုပ်လည်း ခွေးကိုကြည့်ရင်း
“အောင်မာ၊ ငါ့များဟောင်နေသေးတယ်၊ ပါးစပ်ပိတ်ပြီး ဝပ်နေစမ်း”
ကျုပ်ပြောပေမယ့် ခွေးက ရပ်မသွားတဲ့အပြင် ကျုပ်ကိုပါကိုက်မယ်ဆိုပြီး တဂီးဂီးတဂဲဂဲ လုပ်လို့ဗျ၊ ကျုပ်လည်း ကိုယ့်ကိုယ်ကိုယ်တောင် မယုံနိုင်ဘူးဗျာ။ ဒါနဲ့ ခွေးတွေကို သုံးလေးခါလောက်အော်ပြောတာပေါ့၊ ခွေးတွေက ကျုပ်စကားကိုနားမထောင်ကြတော့ဘူးဗျ။
“ငါ့တူရာ၊ ခွေးဆိုတာ ပါးစပ်နဲ့ပြောလို့ ရရိုးလားကွ၊ ဒီခွေးတွေ နားလည်အောင် ဒီလိုလုပ်ရတယ်”
ဦးမောင်ကြီးက ခွေးတစ်ကောင်ကို လက်ထဲကမှိန်းနဲ့လှမ်းပစ်ထည့်လိုက်တယ်၊ ခွေးရဲ့နောက်ဘက်ပေါင်ကို မှိန်းကစူးသွားပြီးတော့ ခွေးတွေအကုန် တကိန်ကိန်နဲ့ပြေးကုန်တာပဲဗျာ၊ မှိန်းကတော့ ပြုတ်ကျနေခဲ့တာပေါ့၊ ဦးမောင်ကြီးက ကျုပ်ကိုကြည့်ရင်း
“တွေ့လား၊ ခွေးတွေက ဒီလိုပြောမှ နားလည်တာကွ၊ ဟား၊ ဟား”
ပေါင်တစ်ချောင်းထိသွားလို့ ခြေထောက်တွဲလောင်းချပြီး ခုန်ဆွခုန်ဆွပြေးတဲ့ခွေးကို ကျုပ်နဲ့ဦးမောင်ကြီးနဲ့ကြည့်ရင်း ဟက်ဟက်ပက်ပက်ရယ်လိုက်ကြတာပေါ့ဗျာ။ ကျုပ်အထင်တော့ ဦးလူနီက သူမကြိုက်တာလုပ်လို့များ၊ ကျုပ်ဆေးအစွမ်းတွေကို ပြန်သိမ်းသွားတာလားမသိဘူးဗျ၊ ပြန်သိမ်းသွားလည်း ကျွန်တော်က မမှုပါဘူးဗျာ၊ တကယ်တော့ လူကောင်းလုပ်ရတယ်ဆိုတာ သိပ်ပြီးငြီးငွေ့ဖို့ကောင်းတယ်ဗျ၊ အခုတော့ ကျုပ်နဲ့ဦးမောင်ကြီးတို့ အတွဲညီညီပေါင်းမိပြီးတော့ သူများတွေက မကောင်းမှုလို့သတ်မှတ်ထားတဲ့အရာတွေကို လိုက်လုပ်ကြတာ သိပ်ပျော်ဖို့ကောင်းသဗျာ၊ ကျုပ်စိတ်ထဲလည်းတွေးမိတယ်။
“သြော်၊ ဒါကြောင့် လူတွေက လူဆိုးလူမိုက်တွေ လုပ်ကြတာကိုး၊ လူဆိုးလူမိုက်ဆိုတာ နာမည်ပဲမကောင်းတာ၊ ပျော်ဖို့တော့ကောင်းသား”
ပြီးပါပြီ။
အဂ္ဂဇော်
Leave a Reply