သွေးမစပ်သောသွေး

ပြောတဲ့စကားတွေနားထောင်ပြီးတော့ မျိုးချစ်စိတ်တွေအပြည့်နဲ့ပေါ့ဗျာ။ ကျုပ်တို့ စခန်းကရဲဘော်တွေအချင်းချင်းလဲ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ကြတာပေါ့ဗျာ။

“မင်းနာမည်ဘယ်လိုခေါ်သလဲကွ”

သာဒင်က ထောင်ထောင်မောင်းမောင်းနဲ့ ဗလတောင့်တောင့်လူကိုသွားပြီးမိတ်ဖွဲ့တယ်ဗျ၊ ဒီလူက စခန်းမှာတုန်းက ငခွေးလို့ခေါ်ခဲ့တဲ့လူပေါ့ဗျာ၊

“ကျုပ်နာမည် ထွန်းဝေပါ”

“မင်းရဲ့သတ္တိကို ငါလေးစားတာကြာပါပြီ ထွန်းဝေရာ၊ ဒါပေမယ့် မင်းလုပ်ရင်က အခန့်မသင့်ရင် အသက်သေစေနိုင်တာများကွ၊ ဂျပန်တွေကို ဒီလိုသွားလုပ်ရင် ဟိုကသတ်ပစ်မှာကွ”

“အိုဗျာ၊ ကျုပ်သေမှာကိုမကြောက်ပါဘူး၊ ခုလိုခေတ်ပျက်ကြီးမှာ အသက်ရှင်နေတာထက် သေသွားတာက သာပြီးကောင်းတာပေါ့ဗျ”

ကျုပ်နဲ့သာဒင်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ်။

“ကဲထားပါတော့၊ အခုတို့တွေအားလုံးက ရဲဘော်တွေဖြစ်သွားကြပြီဆိုတော့ တစ်ယောက်အကြောင်းတစ်ယောက်မိတ်ဆက်ကြတာပေါ့ကွာ၊ ငါက အရင်စလိုက်မယ်၊ ငါ့နာမည်ကတော့ သာစံ၊ ဒါပေမယ့် တို့ရွာမှာ သာစံက နှစ်ယောက်သုံးယောက်ရှိနေတာရယ်၊ နောက်ပြီးတော့ ငါကလည်း အဲဒီနာမည်ကို မကြိုက်တာနဲ့ သာဒင်လို့ ကိုယ့်သဘောနဲ့ကိုယ်ပြောင်းလိုက်သကွာ၊ ဒါကြောင့် ငါ့ကိုသာဒင်လို့ခေါ်ပေါ့”

ကျုပ်လည်း သာဒင်ကိုကြည့်ပြီး

“နေပါအုံး၊ ခင်ဗျားက ဘယ်လိုလုပ်ပြီးတော့ ဟောဒီတော်လှန်ရေးတပ်ထဲ ရောက်လာရတာလဲဗျ”

“ဒီလိုကွ၊ တို့ရွာကို ဖက်လိပ်ရွာလို့ခေါ်တယ်၊ ဖက်လိပ်ရွာသူကြီးက သိပ်ရက်စက်တဲ့လူပဲကွ၊ ထွက်ပြေးသွားတဲ့ အင်္ဂလိပ်တွေဆီက သေနတ်အကျိုးအပဲ့တွေဝယ်ပြီးတော့ ရွာမှာလူမိုက်ဂိုဏ်းထောင်တယ်ကွာ၊ ရွာကိုဓါးမိုးပြီးအုပ်ချုပ်တယ်၊ ဂျပန်တွေဝင်လာတော့ ရာထူးသိပ်လိုချင်လာတယ်၊ ဒါနဲ့ ဂျပန်တွေကို ခယနေတာပေါ့ကွာ၊ တစ်ခါသားတော့ ဂျပန်တွေက သူပုန်တွေကိုဖမ်းခိုင်းတယ်ဆိုဘဲကွ၊ သူပုန်များများဖမ်းမိတဲ့သူကြီးကို ဆုငွေများများပေးတယ်၊ ကံကောင်းရင် ရာထူးတွေဘာတွေရတတ်တယ်ဆိုပဲကွ၊ ဒါနဲ့ တို့ရွာသူကြီးက ငါတို့ကာလသားတွေကို ကြက်ဝိုင်းရရှိတယ်လို့ မျှားခေါ်ထုတ်ပြီး ဟိုရောက်တော့ တို့တွေကို လူစုပြီး ပုန်ကန်ဖို့လုပ်ပါတယ်လို့ဆိုပြီး ဖမ်းဆီးပြီး ဂျပန်လက်ကိုအပ်လိုက်တာပါပဲကွာ၊ ကံကောင်းလို့ ငါတို့တွေလွတ်ခဲ့ပြီးတော့ ရွာကိုမပြန်ရဲလို့ တောထဲမှာတစ်ပတ်လောက် လည်ပတ်နေထိုင်ရင်း ဗိုလ်ကျော်ခေါင်နဲ့တွေ့တာပဲကွ”

“ထူးလည်း ထူးပါပေ့ဗျာ”

“ဒါနဲ့ အောင်ရှိန်၊ မင်းကရောကွာ”

ကျုပ်လည်း မျက်နှာကိုတည်လိုက်တယ်၊ ကျုပ်ဘဝအကြောင်းတွေးရင် ကျုပ်ရင်နာရတယ်ဗျာ၊

“ကျုပ်အဖေကို စုန်းကသတ်လို့သေခဲ့ရတယ်၊ ကျုပ်အမေကိုလည်း အောက်လမ်းဆရာကြီးက ပညာနဲ့လုပ်ပြီးတော့ ယူထားတာပဲဗျ၊ အခု အဲဒီအောက်လမ်းကောင်ကြီးက ဂျပန်တွေနဲ့ပေါင်းဖက်ပြီးတော့ စည်းရုံးရေးမှူးဆိုပြီးလုပ်နေသဗျ၊ လူမျိုးခြားကိုအလိုလိုက် အကြိုက်ဆောင်ပြီး ကိုယ့်လူမျိုးကိုယ် နှိပ်စက်ညှင်းပန်းနေတဲ့ လောက်ကောင်ကြီးပေါ့ဗျာ၊ အခု ပိတ်ချင်းတောင်ကိုဖြတ်တဲ့ ကားလမ်းဖောက်ဖို့ လူတွေကိုချွေးတပ်ဆွဲတော့ ကျုပ်ပထွေးက ကျုပ်ကိုဖမ်းပြီး ချွေးတပ်ထဲ ထည့်ခဲ့တာပဲဗျာ၊ တောက်”

ကျုပ်လည်း ပြောရင်း ဦးဖိုးစီမျက်နှာကြီးမြင်ယောင်လာပြီး ဒေါသတွေထွက်လာတာပါပဲဗျာ၊ ဒီတော့ ထွန်းဝေက

“ကျုပ်လည်း ဒီလိုအသားထဲကလောက်ထွက်တဲ့ သစ္စာဖောက်ကောင်တွေကိုမကျေနပ်လို့ သတ်ခဲ့တာပဲ”

ကျုပ်နဲ့သာဒင်နဲ့မျက်လုံးပြူးသွားတယ်။

“ထွန်းဝေ၊ မင်းက သူတို့ကိုသတ်ခဲ့တယ်လား”

ထွန်းဝေက ခေါင်းညိတ်တယ်ဗျ၊ ပြီးတော့ ဘာမှမပြောသေးဘဲ တွေတွေကြီးစဉ်းစားနေတယ်။

“ကျုပ်က ရေအေးကွင်းရွာသားပါ၊ ရေအေးကွင်းရွာထိပ်မှာ ဂျပန်တွေက တပ်စွဲထားတယ်၊ ကျုပ်တို့ရွာသူကြီးက ခုနက သူပြောတဲ့ စည်းရုံးရေးမှူးဆိုတာပေါ့ဗျာ၊ ကျုပ်တို့မိဘတွေက ဝမ်းရောဂါဖြစ်လို့ သေသွားကြတော့ ကျုပ်နဲ့ ကျုပ်ညီမလေးပဲ ကျန်ခဲ့သဗျာ၊ ကျုပ်တို့မောင်နှမနှစ်ယောက် မိဘတွေကျန်ခဲ့တဲ့ ယာတွေကိုလုပ်ကိုင်ရင်း အေးအေးချမ်းချမ်းနေခဲ့တာပေါ့ဗျာ”

ထွန်းဝေက ပြောရင်း အသံတွေတုန်ခါလာတယ်ဗျ။

“တစ်ရက်တော့ ကျုပ်က ယာခင်းထဲ ကိုင်းခုတ်ဓါးထမ်းပြီးသွားတာကို သူကြီးက လက်နက်မှုနဲ့ကျုပ်ကိုဖမ်းဆီးသဗျ၊ ဖမ်းပြီးတော့ ကျုပ်ညီမကို ဖိအားပေးတယ်တဲ့၊ ကျုပ်ကိုပြန်လွတ်စေချင်ရင် သူခိုင်းတာကိုလုပ်ရမယ်တဲ့ဗျာ၊ နောက်တော့ ကျုပ်ညီမကို သူကြီးက မတော်မတရားလုပ်ပါရော၊ သူတင်အားမရသေးလို့ တပ်စွဲထားတဲ့ ဂျပန်မာစတာကြီးတွေကိုလည်း ကျုပ်ညီမကိုလက်ဆောင်ပေးသတဲ့ဗျာ”

ထွန်းဝေပြောရင်း မျက်ရည်တွေကျလာတယ်ဗျ၊ ကျုပ်တို့လည်း စိတ်မကောင်းဘူးပေါ့ဗျာ။

“ကျုပ်ပြန်လွတ်လွတ်ချင်း ကျုပ်ညီမကလေးက ရှက်လို့ဆိုပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားရှာတယ်၊ ကျုပ်လည်း ဒေါသထွက်ထွက်နဲ့ သူကြီးအိမ်ကိုတက်ပြီးတော့ ဒီအကျင့်ယုတ်တဲ့သူကြီးကို ဓါးနဲ့မသေမချင်းခုတ်သတ်ခဲ့တယ်ဗျာ၊ ဒါနဲ့ ဂျပန်တွေက ကျုပ်ကိုဖမ်းပြီး ထောင်ချဖို့လုပ်တယ်၊ ချွေးတပ်စခန်းဖွင့်တော့ ချွေးတပ်စခန်းထဲ ထည့်ပေးလိုက်တာပါပဲဗျာ”

ထွန်းငွေက မျက်ရည်တွေသုတ်နေတယ်ဗျ၊ ကျုပ်လည်း ထွန်းဝေပုခုံးကိုပုတ်ပြီး အားပေးလိုက်တယ်၊ ယောက်ျားရင့်မာကြီးတစ်ယောက် မျက်ရည်ကျတာကိုမြင်တော့ ကျုပ်ဖြင့်ဘယ်လိုမှ မခံစားနိုင်ဘူးဗျာ။

“ခင်ဗျားက ကျုပ်ထက်သတ္တိရှိတာပေါ့ ကိုထွန်းဝေ၊ ခင်ဗျားကိုကျုပ်လေးစားပါတယ်၊ ခင်ဗျားညီမအတွက် ခင်ဗျားလက်တုံ့ပြန်နိုင်ခဲ့တာပဲ၊ ကျုပ်ကတော့ ကျုပ်အမေအတွက် ဘာမှမလုပ်ပေးနိုင်ခဲ့ဘူးဗျာ”

သာဒင်က ကျုပ်တို့နှစ်ယောက်ကိုကြည့်ရင်း

“ကဲပါလေ၊ အတိတ်အကြောင်းတွေးပြီးတော့ ဘာမှစိတ်မကောင်းမဖြစ်ကြနဲ့၊ အခုငါတို့တွေ ဒီအထဲမှာ အတူတူဆုံပြီဆိုတော့ ငါတို့ညီအကိုတွေဖြစ်သွားပြီလို့ မှတ်လိုက်ကြတာပေါ့ကွာ”

အသက်မေးလိုက်တော့ သာဒင်က ကျုပ်ထက်တစ်နှစ်ကြီးတယ်ဗျ၊ ထွန်းဝေက လူကောင်သာကြီးတာဗျ၊ ကျုပ်ထက်ခြောက်လလောက်ငယ်တယ်၊ ဒီလိုနဲ့ ကျုပ်တို့ထဲမှာ သာဒင်အကြီးဆုံးပေါ့ဗျာ။

“တို့တွေအားလုံး သွေးမတော်သားမစပ်ပေမယ့် အခုအချိန်ကစပြီးတော့ ညီအကိုတွေလိုနေသွားကြရင်မကောင်းဘူးလားကွာ၊ တစ်ယောက်နဲ့တစ်ယောက် တပ်ထဲမှာ ဖေးကူညီပြီးနေကြမယ်ဟေ့”

“ကောင်းတာပေါ့ ကိုသာဒင်ရာ”

ထွန်းဝေက ဝင်ပြောတယ်ဗျ၊ သာဒင်က ပြုံးလိုက်ပြီးတော့

“ကဲ၊ ရှေးကတော့ ညီအကိုဖွဲ့ရင် သွေးမတော်သားမစပ်ပေမယ့် သွေးသောက်ပြီး သစ္စာပြုကြသတဲ့ကွ”

“စိန်လိုက်လေဗျာ၊ ကြာသလားလို့”

သာဒင်က ကျုပ်တို့ရေခွက်လုပ်ပြီးသောက်တဲ့ ဝါးဆစ်ပိုင်းတစ်ခုကိုယူလိုက်တယ်ဗျ၊ နောက်တော့ ထွန်းငွေက ဓါးတစ်လက်ကိုယူလိုက်တယ်၊ ပြီးတာနဲ့ ကျုပ်တို့လက်မောင်းတွေကိုဆွဲလှန်လိုက်ပြီးတော့ လက်မောင်းသွေးကြောကို ဓါးထက်ထက်နဲ့လှီးလိုက်တယ်ဗျ၊ ကျုပ်တို့ သုံးယောက်ရဲ့လက်မောင်းသွေးတွေကိုဖောက်ပြီးတော့ ဝါးဆစ်ခွက်ထဲ ထည့်လိုက်ကြတာပေါ့ဗျာ။

သာဒင်က ဝါးဆစ်ခွက်ကို နဖူးနားမှာကပ်ပြီးတော့

“ဤ သွေးသစ္စာရည်ကို ရှေ့ထားကာ ကျွန်ပ်ကျိန်ဆိုပါသည်၊ ကျွနု်ပ်တို့သုံးဦးသည် ယခုသစ္စာရေသောက်ပြီးချိန်မှစတင်၍ ညီအကိုအရင်းများသဖွယ် သေအတူ ရှင်မကွာ နေထိုင်ကြပြီး နိုင်ငံလွတ်လပ်ရေးအတွက် ကိုယ်ကျိုးမဖက်ဘဲ တာဝန်ထမ်းဆောင်ပါ့မည်ဟု ကတိပြုပါသည်။ ဤသစ္စာစကားအား ဖောက်ဖျက်မိပါက အသေဆိုးဖြင့်် သေပါစေသား”

သာဒင်က ပြောပြီးတော့ ကျုပ်တို့လည်း သူပြောတဲ့အတိုင်း သစ္စာလိုက်ဆိုကြတယ်ဗျ၊ ပြီးတော့ သွေးခွက်ထဲက သွေးတွေကို တစ်ယောက်တစ်ငုံနဲ့ သုံးယောက်စလုံး နည်းနည်းစီသောက်လိုက်တာပေါ့ဗျာ၊ ပြီးတော့ ကျုပ်တို့သုံးယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီးတော့ သွေးတွေစွန်းထင်းလို့ နီရဲတွေနဲ့သွားတွေပေါ်အောင် ပြိုင်တူရယ်မောလိုက်ကြတယ်။

“ကဲ၊ တို့တွေ စစ်ကြီးထဲ သေရင်လည်း အတူတူသေကြတာပေါ့ကွာ၊ မသေလို့ ရှင်ကျန်နေခဲ့ရင်လည်း တို့တွေသစ္စာမပျက်ကြေးနော်ကွ”

သာဒင်ကပြောတယ်။

“စိတ်ချပါ ကိုသာဒင်ရာ၊ တကယ်လို့ ခင်ဗျားသားသမီးမွေးတဲ့အခါ ကျုပ်ရဲ့သားသမီးနဲ့ မပေးစားလို့ကတော့ ကျုပ်စိတ်ဆိုးမှာနော်ဗျ”

“အောင်မယ်၊ သားသမီးတွေဘာတွေလုပ်နေတယ်၊ ဒီစစ်ပွဲထဲ မသေအောင်ဘဲလုပ်ပါအုံးဗျ၊ ဟား၊ ဟား”

အဲဒီနေ့ကတော့ ကျုပ်ရဲ့ဘဝမှာ မေ့မရခဲ့တဲ့ နေ့တွေထဲက တစ်ခုပါပဲဗျာ။

(၂)

စခန်းကိုတော့ သဖန်းတောစခန်းလို့ အမည်ပေးလိုက်ကြတယ်၊ အဲဒီအနားမှာ တောင်သဖန်းပင်က အစေ့တွေကျပြီး သဖန်းပင်တွေအုပ်အုပ်ဆိုင်းဆိုင်းနဲ့မို့ ဒီနာမည်က လိုက်ဖက်ပါတယ်ဗျာ၊ စခန်းဆောက်ပြီးတော့ ဗိုလ်ကျော်ခေါင်က ဗဟိုနဲ့အဆက်အသွယ်ရတယ်၊ ကျုပ်တို့အနောက်ဘယ်ဒေသက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အဆက်အသွယ်တွေရပြီးတော့ ရိက္ခာတွေ၊ ဆေးဝါးတွေရတယ်ပေါ့ဗျာ။ ကျုပ်တို့လည်း အဲဒီတောထဲတောင်ထဲမှာပဲ စစ်ပညာတွေကိုသင်ယူကြရတာပေ့ါဗျာ။ ခက်ခဲပင်ပန်းတာကတော့ ချွေးတပ်စခန်းနဲ့မခြားပါဘူးဗျာ၊ အစားအသောက်ဆိုရင်လည်း ဆန်ပြုတ်စားပြီး ရိက္ခာကိုချွေတာကြရတာဗျ၊ တစ်ခုကောင်းတာကတော့ တောထဲတောင်ထဲဆိုတော့ ဟင်းစားကပေါတယ်ဗျ၊ တစ်ခါတလေကျတော့ မှိုလေးဘာလေးရတတ်တယ်၊ နောက်ပြီးတော့ ဟင်းသီးဟင်းရွက်တွေ၊ မျှစ်တွေဘာတွေရတယ်၊ တောကောင်လေး ဘာလေးရတဲ့နေ့ဆိုရင်တော့ အသားလေးဘာလေး စားရတယ်ပေါ့ဗျာ။

“ကဲ ကိုယ့်လူတို့၊ အခု ကျုပ်တို့တွေ စစ်ဆင်ရေးစတော့မယ်ဆိုတော့ အရင်လို တစ်ယောက်နာမည်တစ်ယောက်ခေါ်လို့အဆင်မပြေတော့ဘူး၊ တစ်ယောက်နဲ့တစ်ယောက် အမည်ဝှက်တွေနဲ့ခေါ်ကြရမယ်၊ နာမည်မှန်တွေခေါ်တဲ့အခါကျတော့ မတော်တဆ ဖက်ဆစ်ဂျပန်တွေသိသွားတဲ့အခါ ဒီနာမည်ကိုအခြေပြုပြီးတော့ ဖက်ဆစ်ဂျပန်တွေက ဒီလူနဲ့ပတ်သက်တဲ့လူတွေကို ဖိအားပေးပြီး ညှင်းဆဲမှာစိုးရိမ်ရတယ်၊ ဒါကြောင့် အားလုံးပဲ အမည်ဝှက်ကိုအသုံးပြုကြဖို့အကြံလိုတယ်”

ကျုပ်တို့ညီအကိုသုံးယောက်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ်ဗျ၊ ပြီးတော့ ရယ်မောလိုက်ကြတယ်။

“သာဒင်၊ ခင်ဗျားက နဖူးပြောင်တယ်ဆိုတော့ ပြောင်ရှင်းလို့ ခေါ်မယ်ဗျာ”

ကျုပ်ပြောလိုက်တော့ သာဒင်က ခေါင်းညိတ်တယ်ဗျ။

“ဟား၊ ဟား အောင်ရှိန်၊ မင်းကျတော့ နေမကောင်းဖြစ်ပြီး နာလန်ထစဆိုတော့ မင်းရုပ်က မျောက်ခေါင်းရုပ်ပေါက်နေတယ်၊ ဒီတော့ မင်းကိုလည်း မျောက်ခေါင်းလို့ခေါ်မယ်ဟေ့”

ထွန်းဝေက ကျုပ်တို့နှစ်ယောက်နာမည်တွေကို ရေရွတ်ပြီးတော့ ရယ်နေတယ်ဗျ။

“ထွန်းဝေကတော့ ဗလတောင့်တယ်ဆိုတော့ ဗလပေါ့ကွာ၊ ဒါပေမယ့် ဗလလို့သက်သက်ခေါ်တာကျတော့ တစ်ခုခုလိုနေသလိုပဲကွ၊ ဗလကြီးဆိုပြီး ကြီးထည့်ခေါ်ရင်မဆိုးဘူး”

ဒါနဲ့ကျုပ်တို့သုံးယောက်လည်း တစ်ယောက်နဲ့တစ်ယောက် အမည်ဝှက်တွေပေးပြီး ရယ်နေကြတာပေါ့ဗျာ၊ နောက်တော့ ကိုယ်ပေးထားတဲ့အမည်ဝှက်တွေကို ဗိုလ်ကျော်ခေါင်ကိုမိတ်ဆက်ပေးရသဗျ၊ ရွာသားတွေဆိုတော့လည်း ပေးထားတဲ့နာမည်တွေက အမည်ဝှက်တွေထက် နာမည်ပြောင်တွေဖြစ်နေသလိုပဲဗျ၊ စခန်းတစ်ခုလုံးမှာ အရပ်အပုဆုံးလူကိုကျတော့ စံချိန်တင်ပုလို့ စံပုလို့အမည်တွင်သဗျ၊ မျက်စိတစ်ဖက်လပ်နေတဲ့လူကိုကျတော့ ငရမန်ကန်းတဲ့ဗျာ၊ သွားခေါခေါနဲ့ရဲဘော်ကိုကျတော့ အုန်းခြစ်တဲ့ဗျ၊ ခခွေးကို ယပင့်နဲ့ချစ်တာမဟုတ်ဘဲ ခခွေးကို ရရစ်နဲ့ခြစ်တဲ့ အုန်းခြစ်ပေါ့ဗျာ၊ အရပ်ငါးပေကျော် ခြောက်ပေနီးပါးနဲ့ ရဲဘော်ကိုတော့ ခေါင်းမဆန့်တဲ့ဗျာ၊ သေသွားရင် သူ့အရပ်နဲ့အခေါင်းနဲ့မဆန့််လောက်ဘူးဆိုပြီး ပေးထားတာပေါ့၊ ကျုပ်တို့ရဲဘော်တွေနာမည်ကို နားထောင်ပြီးတော့ ဗိုလ်ကျော်ခေါင်တစ်ယောက်ကတော့ မပြုံးဘဲ ဝါးလုံးကွဲအောင် ရယ်တာပေါ့ဗျာ။

“ဟာ၊ မင်းတို့ကောင်တွေနာမည်ကလည်း ဇာတ်ထဲက လူပြက်နာမည်တွေကျနေတာပဲကွာ၊ သူများတွေများ အမည်ဝှက်ဆိုရင် တေဇတို့၊ ထွန်းတောက်၊ လက်ျာတို့၊ စကြာတို့ ပေးတတ်ကြတယ်၊ မင်းတို့ကျတော့ လူနဲ့နာမည်နဲ့လိုက်အောင် ပေးတတ်ပါ့ကွာ၊ ဟား၊ ဟား”

တစ်ချို့ရဲဘော်တွေကျတော့ သူတို့နာမည်တွေကိုမကြိုက်ဘူးဗျ၊ အမည်ဝှက်ကို ကိုယ်တိုင်ပေးတာမှမဟုတ်တာ၊ အများကပေးတာကိုးဗျ၊ ဒါပေမယ့်နောက်တော့လည်း နာမည်တွေနဲ့ရင်းနှီးသွားတော့ ဒီနာမည်တွေခေါ်လို့လည်း ဘယ်လိုမှမနေတော့ဘူးပေါ့ဗျာ။

ကျုပ်တို့စခန်းမှာ အဖွဲ့တွေဖွဲ့ထားပြီးတော့ သူနဲ့သက်ဆိုင်တဲ့တာဝန်တွေကို အလှည့်ကျယူရတယ်၊ သန့်ရှင်းရေးအဖွဲ့၊ ချက်ပြုတ်ရေးအဖွဲ့၊ ကင်းအဖွဲ့ဆိုပြီး အဖွဲ့တွေရှိတယ်၊ အဲဒီအထဲကမှ ဟင်းစားရှာတဲ့အဖွဲ့ဆိုတာလည်း သီးသန့်ရှိသေးသဗျ၊ ဒီတစ်ခါ ဟင်းစားကျတာကတော့ ကျုပ်တို့သုံးယောက်ပေါ့ဗျာ၊ ဟင်းစားရှာဖို့ ကျုပ်တို့ပလိုင်းကလေးတွေ လွယ်ပြီးထွက်လာခဲ့တယ်၊ လက်ထဲမှာလည်း ဝါးချွန်တွေကိုင်လာကြတယ်၊ ဗလကြီးလက်ထဲမှာတော့ ဒူးလေးတစ်လက်ပါသဗျ၊ သေနတ်တွေက ကျုပ်တို့ချွေးတပ်စခန်းက ရလာခဲ့တဲ့ သေနတ်လေးငါးလက်ပဲရှိတာကိုးဗျ၊ သေနတ်ရှိပေမယ့် ကျည်ဆန်ကမရှိဘူးဆိုတော့ သေနတ်ကျည်တွေကိုချွေတာထားရတယ်၊ အမဲလိုက်ဘာလိုက်ကတော့ ဝါးချွန်တွေ၊ ဒူးလေးတွေပေါ့ဗျာ။ တစ်ချို့ကျတော့လည်း ငှက်ထောင်၊ ယုန်ထောင် ထောင်ကြပါသေးတယ်။

“အဓိက အလွယ်ရမယ့် မှိုတွေ၊ မျှစ်တွေ၊ ဟင်းသီးဟင်းရွက်တွေ အဓိက ရှာကြမယ်ဟေ့”

ဒီလိုနဲ့ တောထဲဝင်ခဲ့ကြတာပေါ့ဗျာ၊ ဒီတောဒီတောင်မှာ သုံးလလောက်နေခဲ့တာဆိုတော့ လမ်းတွေကိုကျွမ်းကျင်နေပြီပေါ့၊ ဒါနဲ့ တောထဲရောက်တော့ သုံးယောက်လူစုခွဲလိုက်ကြတယ်။

“မျောက်ခေါင်း၊ မင်းကတော့ မြောင်ထဲကိုဆင်းသွားပြီး ဝါးရုံတွေမှာ မျှစ်တွေဘာတွေ ရှိလိုရှိငြား သွားရှာခဲ့ကွာ၊ ငါကတော့ တောင်စောင်းပေါ်တက်ပြီး ဟင်းသီးဟင်းရွက်လေးဘာလေး ရှာမယ်၊ ဗလကြီးကတော့ ရေတံခွန်ဘက်မှာ သားကောင်ရှိလိုရှိငြား သွားကြည့်ကွာ”

သာဒင်က ကျုပ်တို့ကိုတာဝန်ခွဲပေးတာနဲ့ ကျုပ်တို့လည်း လူစုခွဲလာတာပေါ့ဗျာ၊ နို့မို့ဆိုရင် အချိန်ကုန်ပြီး ခရီးမတွင်ဘူးဖြစ်တတ်တယ်မဟုတ်လား၊ နေ့ခင်းစာ စားချိန်မရောက်ခင် စခန်းကိုပြန်ပြီး ချက်ပြုတ်ရအုံးမယ် မဟုတ်လားဗျာ။

မြောင်ထဲမှာက ရေစပ်စပ်နဲ့ဆိုတော့ စိမ့်အေးနေတယ်ဗျ၊ ဝါးရုံတွေလည်း ပေါမှပေါဘဲဗျာ၊ ကျုပ်လည်း ဝါးရုံသုံးလေးရုံကို လိုက်ပတ်ကြည့်ရင်း မျှစ်စို့ကြီးတွေထွက်နေတဲ့ ဝါးရုံတစ်ခုကိုတွေ့လိုက်ရသဗျ၊ ဒါနဲ့ မျှစ်စို့တွေကို ဓါးနဲ့ခုတ်ဖြတ်ပြီးတော့ ပလိုင်းထဲထည့်နေတာပေါ့ဗျာ၊ ဒီအချိန် တောင်စောင်းပေါ်မှာ တောတိုးသံတွေ၊ အော်သံတွေကို ကြားလိုက်ရသဗျာ၊ ကျုပ်ဖြင့် သာဒင်တစ်ခုခုဖြစ်နေပြီထင်ပြီးတော့ တောင်ပေါ်ကိုအပြေးတက်ခဲ့တာပေါ့ဗျာ။

“ပြောင်ရှင်း၊ ပြောင်ရှင်း”

ကျုပ်ရောက်သွားတော့ သစ်ပင်တစ်ပင်အောက်မှာ သာဒင်က ထိုင်နေတယ်ဗျ၊ သူ့အရှေ့မှာလည်း တောဝက်တစ်ကောင်လဲကျနေပါရောဗျာ၊ တောဝက်က တော်တော်ကြီးတယ်ဗျ၊ ကျုပ်ဖြင့် တောဝက်မြင်တော့ အံ့သြမှင်တက်ပြီး ငေးကြည့်နေမိတယ်။ နောက်တော့ ချုံကြားထဲကနေ ဗလကြီးထွက်လာပါရောဗျာ။

“ဟာ၊ ကိုပြောင်ရှင်း တောဝက်ကြီး ရလိုက်တာပါလားဗျ၊ နည်းတာကြီးမဟုတ်ဘူးဗျာ၊ ခင်ဗျားမှာ လက်နက်မရှိဘဲ တောဝက်ကိုဘယ်လိုပစ်လိုက်တာလဲ”

ဟုတ်တော့လည်းဟုတ်တယ်ဗျ၊ သာဒင်က တောဝက်သာရလိုက်တာ၊ သူ့လက်ထဲ ဘာလက်နက်မှ မရှိဘူးဗျ၊ ဝါးချွန်တစ်ခုပဲရှိတယ်၊ အဲဒီဝါးချွန်ကလည်း မြေပေါ်ကျနေတာပဲဗျာ။ သာဒင်က ပြုံးဖြီးဖြီးနဲ့

“တောဝက်က စမ်းချောင်းကနေတက်လာတာကွ၊ ငါ့မြင်တော့ လန့်သွားတယ်ထင်ပါတယ်ကွာ၊ ငါလည်း လန့်ပြီးတော့ အော်လိုက်မိတာကွ၊ တောဝက်က ကမူးရှူးထိုးနဲ့ပြေးရင်း ဟောဒီသစ်ပင်ကြီးကို ခေါင်းနဲ့ဝင်တိုက်ပြီး မေ့သွားတာပဲ”

ကျုပ်လည်း တောဝက်ကြီးကိုကြည့်လိုက်တော့ တောဝက်ကြီးက အိပ်နေသလိုပဲဗျာ၊ သေတော့ မသေသေးဘူး၊ ဒါနဲ့ ဗလကြီးက ဝါးချွန်နဲ့ထိုးစိုက်ပြီး တောဝက်ကြိးကိုအဆုံးသတ်ပေးလိုက်တယ်၊ ဒီဝက်ကြီးကို ကျုပ်တို့သုံးယောက်တောင် မထမ်းနိုင်လို့ စခန်းပြန်ပြီး လူတွေပြန်ခေါ်ရသေးတယ်ဗျ၊ အဲဒီနေ့ကတော့ တောဝက်သားကို စခန်းကလူတွေအဝစားကြရတာပေါ့ဗျာ၊ ကျုပ်ရဲ့မျှစ်ထည့်ထားတဲ့ ခြင်းတောင်းတောင်မှ သွားယူဖို့သတိမရတော့ဘူးဗျ။

အဲဒီညကျတော့ မီးပုံပွဲကျင်းပကြတယ်၊ ဂျပန်က နေ့တိုင်းတော့မလာနိုင်ဘူးမဟုတ်လားဗျာ၊ မီးပုံဘေးမှာ တောဝက်သားတွေကင်ပြီးတော့ စားကြသောက်ကြတာပေါ့ဗျာ၊ အသားကြိုက်တဲ့ဗလကြီးကတော့ စားလိုက်သောက်လိုက်တာ ပြောမနေပါနဲ့တော့။ ညနက်တော့ ဗလကြီးက ကျုပ်ကိုလက်ကုပ်ပြီးတော့ စခန်းအနောက်ဘက်က ဝါးရုံအနားကို ခေါ်သွားသဗျ။ သူ့ပုံကလည်း တိုးတိုးကြိတ်ကြိတ်၊ ခိုးကြောင်ခိုးဝှက် ပုံစံနဲ့ဗျ။

“ဘာတုန်းဟ ဗလကြီးရ၊ မင်းကြည့်ရတာ တစ်မျိုးပဲ”

“ကိုမျောက်ခေါင်းကို ပြောရအုံးမယ်ဗျ၊ ကိုပြောင်ရှင်းကြည့်ရတာ မသင်္ကာစရာပဲနော်”

“ဟေ၊ ဘာတွေမသင်္ကာဖို့ကောင်းနေလို့လဲကွ”

“ဒီလိုဗျ၊ ဒီနေ့ကျုပ်အမဲလိုက်ထွက်တော့ ချောင်းရိုးနားကိုဆင်းလာခဲ့တယ်ဗျ၊ အဲဒီရေစပ်စပ်မှာ တောဝက်ကြီးတစ်ကောင်က ရေသောက်နေသဗျာ၊ သင်းကွဲဝက်တောင်းကြီးထင်တာနဲ့ ကျုပ်လည်း ဒူးလေးကိုအသင့်တင်ပြီး ပစ်ခတ်လိုက်တာပေါ့၊ ဒါပေမယ့် ဒီဒူးလေးက ကိုမျောက်ခေါင်းသိတဲ့အတိုင်း ဒူးလောက်ချိန်မှ ရင်လောက်ကျတာဆိုတော့ ဝက်ကြီးရဲ့နားရွက်နားကိုပဲ ရှပ်ထိသွားသဗျ၊ ဝက်ကြီးက တောင်စောင်းပေါ်တက်ပြေးတော့ ကျုပ်လည်း အနောက်ကနေအပြေးလိုက်ခဲ့တာပေါ့ဗျာ၊ အဲဒီမှာ ကိုပြောင်ရှင်းနဲ့တွေ့တာပဲဗျ”

“ဘာတွေ့တာတုန်းဟ”

“ဝက်ကြီးက ပြေးရင်းလွှားရင်း ကိုပြောင်ရှင်းနဲ့တွေ့သွားတယ်ဗျာ၊ ကိုပြောင်ရှင်းကို ပြေးပက်မလို့လုပ်နေတဲ့အချိန် ကိုပြောင်ရှင်းက ဝက်ကြီးကိုလက်ညှိုးထိုးပြီး ဘာတွေပြောမှန်းမသိဘူးဗျ၊ အော်လိုက်တာလည်း ဘာဘာသာနဲ့ အော်မှန်းမသိဘူးဗျာ၊ သူ့လက်ညှိုးထိုးပြီးတာနဲ့ ဝက်ကြီးက တုန်းခနဲလဲကျသွားတာပဲဗျာ”

ကျုပ်လည်းတော်တော်ထူးဆန်းသွားတယ်ဗျ။

“ဒါနဲ့ မင်းကဘယ်လိုထင်လို့လဲဗလကြီးရ”

“တောဝက်က သစ်ပင်နဲ့ဆောင့်ပြီး မေ့သွားတယ်ဆိုတာ ညာတာဗျ၊ ကျုပ်မျက်မြင်တွေ့ခဲ့တာပဲဗျာ၊ ကျုပ်အထင်တော့ ကိုပြောင်ရှင်းက စုန်းပညာ၊ ကဝေပညာတတ်တဲ့ ပညာသည်များလားမသိဘူးဗျာ၊ ကျုပ်ကြားဖူးတာက ပညာသည်တွေက လက်ညှိုးတစ်ချောင်းထိုးပြီး ပြုစားနိုင်တယ်လို့ ကြားဖူးတယ်မဟုတ်လား”

“ဟာ၊ ဟုတ်ပါ့မလားဗလကြီးရာ”

“ဟုတ်ပါတယ်ဆိုမှဗျာ၊ ကျုပ်ဖြင့် ကိုပြောင်ရှင်းကို ပညာသည်လို့ထင်နေတာကြာပြီဗျ၊ နောက်ပြီးတော့ စခန်းကလူတွေကလည်း ပြောနေကြတယ်၊ ကိုပြောင်ရှင်းရဲ့အမေက စုန်းမကြီးတဲ့၊ သူတို့မျိုးရိုးကလည်း စုန်းမျိုးရိုးတဲ့ဗျာ”

“တို့တွေညီအကိုအချင်းချင်းကြား သံသယထားလို့မကောင်းပါဘူး ဗလကြီးရာ၊ ဒီလိုလုပ်ကွာ၊ ငါတို့အချင်းချင်း ပွင့်ပွင့်လင်းလင်းမေးကြည့်ကြမယ်”

ဗလကြီးက ခေါင်းညိတ်တယ်ဗျ၊ ဒါနဲ့ ကျုပ်တို့နှစ်ယောက် သာဒင်ဆီကိုသွားကြတာပေါ့ဗျာ၊ ပြီးတော့ သာဒင်ကိုသွားခေါ်ထုတ်လာကြတယ်။ ကျုပ်တို့သုံးယောက် စခန်းနဲ့ခပ်လှမ်းလှမ်း တောအုပ်ထဲကိုရောက်လာခဲ့ကြတယ်။

“ကဲ၊ မင်းတို့ပြောစရာရှိတယ်ဆိုတာ ဘာလဲ”

သာဒင်ကမေးတယ်ဗျ၊ ဗလကြီးက အပြောအဆိုမတတ်ဘူးဆိုတော့ ကျုပ်ပဲပြောရတာပေါ့ဗျာ။

“ဒီလိုပါ၊ ခင်ဗျားကို ကျုပ်တို့က တကယ့်အကိုတစ်ယောက်လို သဘောထားတယ်ဆိုပေမယ့် ခင်ဗျားက ကျုပ်တို့နှစ်ယောက်ကို တကယ့်ညီတွေလို သဘောထားရဲ့သလားဆိုတာတော့ ကျုပ်တို့သံသယဖြစ်မိတယ်”

“ဘာမှ သံသယဖြစ်မနေပါနဲ့ကွာ၊ ငါကလည်း မင်းတို့ကို တကယ့်ညီအကိုအရင်းတွေလို သံယောဇဉ်ရှိပါတယ်ကွ”

“ဒါဆိုရင် ကျုပ်တို့ကိုအမှန်အတိုင်းပြောပြရမှာပေါ့၊ ကျုပ်တို့ကို မပြောဘဲထားတယ်ဆိုတာ တကယ့်ညီအကိုလို သဘောမထားလို့ပဲမဟုတ်လား”

သာဒင်က သူ့မေးစေ့ကိုပွတ်ပြီးတော့

“ကဲပါ၊ မျောက်ခေါင်းရေ၊ မင်းပြောစရာရှိတာသာ ပွင့်ပွင့်လင်းလင်းပြောစမ်းပါ၊ စကားဦးသန်းမနေစမ်းပါနဲ့”

“ကောင်းပြီ ပြောင်ရှင်းရာ၊ ဒီတော့ ကျုပ်လည်းဘွင်းဘွင်းပဲပြောတော့မယ်၊ ခင်ဗျားက စုန်းဆိုဗျ၊ စခန်းကလူတွေ ပြောပုံအရ ခင်ဗျားအမေကလည်း စုန်းမကြီးဆိုပဲ၊ နောက်ပြီး ခင်ဗျားတို့မျိုးရိုးကလည်း စုန်းမျိုးရိုးဆိုပဲ အဲဒါတကယ်ဟုတ်သလား”

ကျုပ်မေးလိုက်တော့ သာဒင်တစ်ယောက် မျက်နှာပျက်သွားတယ်ဗျ၊ ပြီးတော့ ခေါင်းညိတ်ရင်း

“သူတို့ပြောတာဟုတ်ပါတယ်၊ ငါက စုန်းမျိုးရိုး၊ ငါ့အဘွားကလည်း စုန်းမပဲ၊ ငါ့အမေကလည်း စုန်းမတစ်ယောက်ပဲ”

ကျုပ်မျက်လုံးပြူးသွားတယ်၊ ကျုပ်စုန်းတွေကို ဘယ်လောက်မုန်းတယ်ဆိုတာ ခင်ဗျားတို့အသိပဲမဟုတ်လား၊

“ဒါ၊ ဒါဆို ခင်ဗျားကလည်း စုန်းပေါ့”

သာဒင်က ခေါင်းခါရင်း

“ငါမေးမယ် မျောက်ခေါင်း၊ မိဘကမကောင်းမှုဒုစရိုက်လုပ်လို့ သားသမီးတွေကရော မကောင်းတဲ့ဒုစရိုက်လူတွေ ဖြစ်ရိုးလားကွ”

ကျုပ်လည်းခေါင်းခါလိုက်တယ်။

“ဒီလိုတော့လည်း ဘယ်ဟုတ်ပါ့မလဲဗျာ”

“အေး၊ အဲဒီလိုပေါ့ကွာ၊ ငါရှည်ရှည်ဝေးဝေးမပြောချင်ဘူး၊ ဒါပေမယ့် လူတွေစကားကို ချင့်ယုံကြလို့ပဲ ပြောချင်တယ်”

ကျုပ်နဲ့ဗလကြီးလည်း ခေါင်းညိတ်လိုက်ရတော့တယ်၊ ဒီအတိုင်းဆိုရင်တော့ သာဒင်က စုန်းမဟုတ်သလိုပဲပေါ့ဗျာ၊ သူပြောတဲ့အတိုင်းဆိုရင်တော့ အဖေအမေစုန်းဖြစ်တိုင်း သားသမီးက စုန်းလိုက်ဖြစ်ရမယ်လို့ ပုံသေသတ်မှတ်လို့မှ မရပဲလေဗျာ၊ ဒီလိုနဲ့ ကျုပ်တို့ရဲ့စိတ်ထဲက အယူစွဲတွေအကုန်ရှင်းလင်းကုန်ပြီးတော့ ကျုပ်တို့သုံးယောက် ညီအကိုတွေလိုပြန်ပြီး ရင်းနှီးသွားကြတယ်ဆိုပါစို့ဗျာ။

(၃)

ရိက္ခာက ဆယ့်ငါးရက်တစ်ခါလောက်ဆို ပြတ်သွားတတ်တယ်ဗျ၊ ကျုပ်တို့စခန်းမှာ လူသုံးဆယ်လောက်ရှိတယ်ဆိုတော့ ပါးစပ်ပေါက်များတာပေါ့ဗျာ၊ ရိက္ခာမပြတ်ခင် ငါးရက်လောက်အလိုကတည်းက ကျုပ်တို့စခန်းကနေ လူလေးယောက်အလှည့်ကျထွက်ပြီးတော့ ရိက္ခာပို့လာတဲ့လူနဲ့ချိတ်ဆက်ပြီး ရိက္ခာယူရတယ်ဗျ၊ ဒီတစ်ခောက်တို့ ကျုပ်တို့အလှည့််ကျပြီးပေါ့ဗျာ၊ ဗိုလ်ကျော်ခေါင်က သာဒင်ကို တာဝန်ပေးလိုက်တော့ သာဒင်က ကျုပ်တို့ကိုခေါ်တာပေါ့ဗျာ၊ နောက်ပြီး အသစ်ရောက်လာတဲ့ လူသစ်တစ်ယောက်ကိုလည်း ထည့်ခေါ်လာသေးတယ်၊ အဲဒီလူနာမည်က ဂတုံးတဲ့ဗျာ။

ဗိုလ်ကျော်ခေါင်က ကျုပ်တို့ကိုခေါ်ပြီးတော့

“မင်းတို့လေးယောက်၊ ဂန့်ဂေါမြို့ထဲသွားရမယ်ကွ၊ မြို့ထဲမှာ ငါတို့ဗဟိုအဖွဲ့ချုပ်နဲ့ ဆက်သွယ်နေတဲ့လူတစ်ယောက်ရှိတယ်၊ သူက မြို့ထဲမှာ ပွဲရုံဖွင့်ထားတယ်၊ အဲဒီလူနဲ့တွေ့ဆုံပြီးတော့ ရိက္ခာရဖို့လုပ်ရလိမ့်မယ်၊ ဟောဒီစာကိုသေသေချာချာယူသွားပါ၊ ဟိုရောက်ရင် ပွဲရုံထဲကိုဝင်သွားပြီးတော့ “ငါးခြောက်ရောင်းသလား” လို့မေးရမယ်၊ တစ်ဖက်က ရောင်းပါတယ် ဘယ်လောက်သားယူမလဲဆိုရင်၊ အစိတ်သားလို့ပြန်ပြောရုံပဲ၊ ကျန်တာကတော့ သူ့အစီအစဉ်နဲ့ဆက်လုပ်ရမယ်၊ ဟုတ်ပြီလား”

ကျုပ်တို့အကုန်ခေါင်းညိတ်လိုက်ကြတယ်။

“မြို့ပေါ်ကိုသွားတဲ့အခါ သတိထားကြပါ၊ မြို့ပေါ်မှာ ဂျပန်စစ်သားတွေ ခြေချင်းလိမ်နေကြတယ်၊ ပြီးတော့ ဂျပန်ကိုသတင်းပေးနေတဲ့လူတွေလည်းရှိနေတယ်ဆိုတော့ အစစအရာရာ သိုသိပ်နိုင်မှဖြစ်မယ်၊ မင်းတို့နှုတ်လုံရမယ်၊ ပြီးတော့ ဘယ်သူ့ကိုမှလည်း အယုံမလွယ်ကြနဲ့၊ ဟုတ်ပြီလား”

ကျုပ်တို့ခေါင်းညိတ်ပြီးတော့ လွယ်အိတ်တွေပြင်ထားလိုက်ကြတော့တယ်၊ နောက်တစ်နေ့မနက် မိုးမလင်းခင်မှာဘဲ ကျုုပ်တို့စခန်းကနေထွက်ခဲ့ကြတော့တယ်ဗျ၊

သီးနှံထွက်တဲ့အချိန်ဆိုရင် ဂန့်ဂေါမြို့ပေါ်မှာ ပွဲရုံကောက်တဲ့လူတွေရှိတယ်ဗျ၊ ကျုပ်တို့လည်း မြို့ပေါ်တက်ပြီးတော့ ဗိုလ်ကျော်ခေါင်ညွှန်လိုက်တဲ့ ပွဲရုံကိုသွားကြတာပေါ့ဗျာ၊ တောထဲကထွက်လာတာဆိုတော့ လူတွေ့ရင်ခပ်ရှိန်ရှိန်ရယ်ဗျ၊ ဂျပန်စစ်သားတွေနဲ့ ကင်ပေတိုင်တွေကလည်း မြို့ထဲအနှံ့ခြေရှုပ်နေတာပဲဗျာ၊ ပွဲရုံတွေက လေးငါးခုရှိသဗျ၊ ကျုပ်တို့လည်း ပွဲရုံတစ်ခုပြီးတစ်ခု ဝင်ထွက်ပြီးတော့ ငါးခြောက်ရောင်းသလားလို့ လိုက်မေးတာပေါ့ဗျာ၊ သီးနှံရောင်းဝယ်တဲ့ ပွဲရုံတွေဆိုတော့ ငါးခြောက်ရောင်းသလားလို့ မေးလိုက်ရင် ကျပ်တို့ကို အရူးအနှမ်းလို့ကြည့်ကြတယ်၊ ပွဲရုံတစ်ခုဆိုရင် ကျုပ်တို့ကိုမောင်းတောင်ထုတ်သဗျာ၊ နောက်ဆုံးတော့ နှမ်းတွေ၊ ပဲတွေဝယ်တဲ့ပွဲရုံတစ်ခုကိုရောက်ပါရောဗျာ၊

“ကဲ မျောက်ခေါင်းရေ၊ ဒီတစ်ခါတော့ မင်းအလှည့်ကွာ၊ မင်းဝင်မေးလိုက်”

ကျုပ်လည်း ပွဲရုံထဲကိုဝင်သွားပြီးတော့ စားပွဲမှာထိုင်နေတဲ့လူတစ်ယောက်ကို မေးလိုက်တာပေါ့ဗျာ။

“ဗျို့နောင်ကြီး ခင်ဗျားတို့ဆီမယ် ငါးခြောက်ရောင်းဖို့ရှိသလားဗျ”

ဒီလူက ဘေးဘီကိုကြည့်လိုက်တယ်ဗျ၊ ပွဲရုံဆိုတော့လည်း ပဲတွေ၊ နှမ်းတွေကို ခြင်တွယ်နေတဲ့သူတွေနဲ့ ထမ်းပြုသယ်နေတဲ့လူတွေ စုံနေတာပေါ့ဗျာ၊ ဒီလူက ကျုပ်အနားကပ်လာပြီးတော့

“ရောင်းပါတယ် ကိုယ့်လူ၊ ဒါနဲ့ ခင်ဗျားဘယ်လောက်သားယူမလဲ”

“ကျုပ်အစိတ်သားလိုချင်တယ်”

ဒီလူက ခေါင်းညိတ်ရင်း

“ရမယ်ဗျာ၊ ရမယ်၊ ကဲ ကဲ အနောက်ဘက်ကို ကြွခဲ့ကြပါ”

ကျုပ်တို့အားလုံးကို ပွဲရုံအနောက်ကိုခေါ်သွားတယ်ဗျ၊ ပွဲရုံဘေးမှာတော့ ကျီတွေထိုးထားပြီး ပဲတွေ၊ နှမ်းတွေသိုလှောင်ထားကြတာပေါ့ဗျာ၊ ကျုပ်တို့ကိုလည်း ကျီတစ်လုံးထဲကိုခေါ်သွားသဗျ၊ ကျီကို သစ်သားတွေနဲ့အခိုင်အမာဆောက်ထားတာဗျ၊ အောက်မှာတော့ ဂုန်နီအိတ်တွေနဲ့ ထုပ်ပိုးထားတဲ့ ပဲအိတ်တွေကို စီထပ်ထားတယ်၊ ကျီရဲ့အပေါ်ဘက်မှာတော့ ထပ်ခိုးလိုလိုအဆောင်ကလေးရှိတယ်၊ အဲဒီအဆောင်ကလေးအပေါ်ကို ကျုပ်တို့ကိုခေါ်သွားတော့ အဆောင်ပေါ်မှာ တခြားလူတွေလည်း ဆယ်ယောက်လောက်ရှိတယ်ဗျ။

“ခင်ဗျားတို့ ဗိုလ်ကျော်ခေါင်တပ်ကမဟုတ်လား”

“ဟုတ်ပါတယ်၊ ရိက္ခာလာသယ်တာပါ”

“ဒါဆိုရင် ဒီမှာခဏနေအုံးဗျာ၊ တခြားတပ်ဖွဲ့က ရဲဘော်တွေလည်းရှိသေးတယ်၊ လောလောဆယ် ဂျပန်တွေက မြို့အဝင်အထွက်၊ ကုန်စည်အဝင်အထွက်တွေကို စစ်ဆေးနေလို့ အရင်လိုများများမပို့နိုင်သေးဘူး၊ မနက်ဖြန်လောက်တော့ ခင်ဗျားတို့လိုအပ်တဲ့ ရိက္ခာတွေရမယ်၊ ဟုတ်ပြီလား”

ကျုပ်တို့လဲ အဲဒီထပ်ခိုးကလေးအပေါ်မှာပဲ နေကြတာပေါ့ဗျာ၊ ပဲစော်တွေကတော့ နံစော်နေလို့ပေါ့၊ ပွဲရုံပိုင်ရှင်က ကျုပ်တို့ကိုအဲဒီအဆောင်ထဲပဲ နေခိုင်းတယ်၊ ကျုပ်တို့လဲ အဲဒီအထဲမှာပဲနေကြတာပေါ့ဗျာ၊ ညနေစောင်းတော့ ကတုံးက အပြင်ထွက်ချင်လို့တဲ့ဗျာ။

“ကိုပြောင်ရှင်း၊ ကျုပ်အပြင်ထွက်ချင်တယ်ဗျာ”

“ဟာကွာ၊ မင်းကလည်း အပြင်မှာဂျပန်တွေခြေချင်းလိမ်နေပါတယ်ဆို”

“ရပါတယ်ဗျာ၊ ကျုပ်အိမ်ပြန်ချင်လို့ဗျ၊ အိမ်မပြန်ရတာ နှစ်လလောက်ရှိပြီဆိုတော့ ကျုပ်အိမ်ကိုပြန်ချင်တယ်”

“အိမ်က ဝေးသလားကွ”

“မဝေးပါဘူး၊ မြို့ထဲတင်ပါ၊ ကျုပ်သိပ်မိုးမချုပ်ခင် ပြန်ခဲ့မယ်”

သာဒင်က ကျုပ်နဲ့တိုင်ပင်တယ်၊ ကျုပ်ကလည်း သွားခွင့်ပြုသင့်တယ်လို့ ထင်တာပေါ့ဗျာ၊ ကတုံးမှာက မိန်းမနဲ့ ကလေးတစ်ယောက်တောင်ရှိတယ်ဆိုတော့ သူလည်းပြန်ချင်ရှာမှာပေါ့၊ ဒါနဲ့ပဲ ခွင့်ပြုလိုက်ရတယ်။ ညစာမစားခင် ကျုပ်တို့လည်း တခြားနယ်က လာတဲ့ရဲဘော်တွေနဲ့ စကားစမြည်ပြောနေကြတာပေါ့ဗျာ၊ ဒီအချိန် ရဲဘော်တစ်ယောက်က ကျုပ်တို့အားလုံးကိုလှည့််ကြည့်ပြီး

“နေအုံး၊ အိမ်ရှေ့မှာ ဆူဆူညံညံတွေကြားတယ်၊ ခင်ဗျားတို့ အသံတိတ်နေကြ”

ကျုပ်တို့လည်း အသံတိတ်နေပြီးတော့ ပျဉ်ချပ်အကာကြားကနေ ချောင်းကြည့်ကြတာပေါ့ဗျာ၊ ဒီအချိန် မီးတုတ်တွေကိုင်လာတဲ့ ဂျပန်တွေကို တွေ့လိုက်ရသဗျ၊ ဂျပန်စစ်သားတွေရော၊ ဂျပန်ဘက်တော်သား ဗမာတွေလည်း ပါတယ်၊ ကျုပ်ဖြင့် တော်တော်စိတ်ပူသွားတာ။

“ဂျပန်တွေ၊ ဂျပန်တွေ ရောက်လာကြပြီ”

ပွဲရုံပိုင်ရှင်ကတော့ ဘာမှမရှိဘူးဆိုတဲ့အကြောင်း ငြင်းတယ်ဗျ၊ ဒါပေမယ့် ဂျပန်ဗိုလ်က မရဘူးတဲ့ဗျ၊ ခေါင်းပဲခါနေတယ်၊ စကားပြန်ကြီးက

“မဟုတ်ဘူး၊ ကျုပ်တို့သတင်းအတိအကျရထားပြီးသား၊ ခင်ဗျားပွဲရုံအနောက်က ကျီတစ်ခုထဲမှာ သူပုန်တွေပုန်းအောင်းနေတယ်ဆိုပဲ”

“မ၊ မဟုတ်တာပဲ မာစတာကြီးရယ်၊ ဘာမှမရှိပါဘူးဗျာ”

“မရှိကြောင်းမှန်ရင် ခင်ဗျား အရှေ့ကဖယ်နေ၊ ကျုပ်တို့ခင်ဗျားပွဲရုံကိုစိတ်ကြိုက်ရှာမယ်၊ မသင်္ကာတာ မတွေ့ဘူးဆိုရင် ခင်ဗျားပစ္စည်းတွေကို ဘာတစ်ခုမှ မထိခိုက်စေရဘူး”

“မရှိပါဘူးဗျာ”

ဂျပန်ဗိုလ်ကြီးက သူ့ခါးမှာထိုးထားတဲ့ ပစ္စတိုသေနတ်ကိုဆွဲထုတ်လိုက်ပြီး ပွဲရုံပိုင်ရှင်ကိုထိုးချိန်လိုက်တယ်။ ပြီးတော့ ဗမာလိုမပီမသနဲ့

“မောင်မင်းဖယ်၊ မဖယ်ရင် ပစ်မယ်”

အဲဒီလိုပြောပြီးတော့ ဂျပန်စစ်သားတွေလည်း မီးတုတ်တွေ၊ မှန်မီးအိမ်တွေကိုင်ပြီး ကျီတွေထဲကိုဝင်ရှာကြတာပေါ့ဗျာ။ ကျုပ်တို့တွေအကုန်လုံး ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ကုန်တာပေါ့ဗျာ။

“အိုကွာ၊ လာစမ်းပါစေ၊ ငါတို့အဖမ်းတော့မခံဘူး၊ ဒီကောင်တွေကို အသေခံပြီးပြန်တိုက်ကြမယ်”

တခြားရဲဘော်တွေကတော့ ပြောနေပြီဗျ၊ ကျုပ်တို့မှာ လက်နက်ဆိုလို့ ဓါးမြှောင်လောက်ပဲပါတာဗျ၊ ဂျပန်တွေက သေနတ်တွေနဲ့ဆိုတော့ တိုက်ဖြစ်ရင် ကျုပ်တို့သေဖို့ ကြိမ်းသေတယ်မဟုတ်လား၊ ဒီအခါ သာဒင်က ခေါင်းခါပြီးတော့

“မဟုတ်တာပဲ၊ ကျုပ်တို့ပုန်းနေကြမယ်”

“ဟေ့လူ၊ ကျုပ်တို့ဒီထပ်ခိုးပေါ်မှာ ဘာမှမရှိတာ ဘယ်လိုပုန်းမလဲဗျ”

သာဒင်က ဖျင်အုပ်ကြီးတွေကို လက်ညှိုးထိုးပြတယ်ဗျ။ အဲဒီဖျင်စကြီးတွေက ကုန်ကားတွေ၊ လှည်းတွေနဲ့ ပဲတွေပို့တဲ့အခါ အပေါ်ကဖုံးအုပ်တဲ့ ဖျင်စကြီးတွေပေါ့ဗျာ။

“ခင်ဗျားတို့ကျုပ်တို့ အကုန်လုံး အဲဒီအထဲကိုဝင်နေကြရအောင်ဗျာ”

“ဖြစ်ပါ့မလား၊ ဂျပန်တွေက ကျုပ်တို့ကိုလှန်ကြည့်ရင်တွေ့သွားမှာပေါ့”

“ကဲ၊ ငြင်းခုန်နေလို့မပြီးဘူး၊ မြန်မြန်ပုန်းကြ”

ကျုပ်တို့ လူဆယ့််ငါးယောက်လည်း ကျီထောင့်ကပ်ပြီးတော့ စုထိုင်လိုက်ကြတယ်၊ သာဒင်က ဖျင်စကြီးတစ်စဆွဲလာပြီးတော့ ကျုပ်တို့အပေါ်ကို အုပ်ချလိုက်တယ်။ ပြီးတော့ဖျင်စအနားကပ်ပြီးတော့

“မင်းတို့ အသံမထွက်နဲ့နော်”

ကျုပ်တို့စိတ်ထဲမှာတော့ ဒီအစကြီးကို ဂျပန်တွေကိုင်ကြည့်ပြီး တွေ့သွားလို့ကတော့ အားလုံးသေမှာဘဲဆိုပြီး စိုးရိမ်နေတာပေါ့ဗျာ၊ သာဒင်က သူကျတော့ဝင်မပုန်းဘူးဗျ၊ ဖျင်စကြီးကို ဟိုနားက ကိုင်လိုက်၊ ဒီနားကပွတ်လိုက်နဲ့ သေသေချာချာလုပ်နေတယ်၊ နောက်တော့ ကျုပ်တို့ကျီထဲကို ဂျပန်တွေစုပြုံဝင်လာတဲ့ အသံကိုကြားရတယ်။

“ပြောင်ရှင်း၊ မင်းရောမပုန်းဘူးလား”

“ငါ့တစ်ကိုယ်စာက အေးဆေးပါကွာ၊ ဘယ်ပုန်းပုန်းရပါတယ်”

နောက်တော့ မကြာပါဘူးဗျာ၊ ဂျပန်တွေက လှေကားကနေတက်လာပါရောဗျာ၊ ကျုပ်တို့လည်း ရသမျှဘုရားစာအကုန်ရွတ်ပြီးတော့ နေကြရတယ်၊ ဂျပန်စစ်သားသုံးယောက်က သေနတ်ကိုယ်စီကိုင်ပြီး တက်လာကြတယ်ဗျာ၊ သာဒင်လည်း အမှောင်ကျနေတဲ့ နံရံအနားကို ကပ်ပြီးပုန်းနေလိုက်တယ်၊ ဂျပန်စစ်သားတစ်ယောက်က ဖန်မီးအိမ်နဲ့ ထပ်ခိုးအပေါ်ကို သေသေချာချာရှာဖွေကြည့်နေသဗျ၊ ကျုပ်တို့ဖြင့် အသက်တောင်ရဲရဲမရှူရဲပါဘူးဗျာ၊ နောက်တော့ သူတို့အချင်းချင်း ဂျပန်လိုအော်ပြောပြီးတော့ လှေကားပေါ်ကနေ ပြန်ဆင်းသွားကြပါရော။ ကျုပ်ဖြင့်အံ့သြလို့ မဆုံးဘူးဗျာ၊ ရှင်းလင်းနေတဲ့ ထပ်ခိုးပေါ်မှာ ဖျင်စကြီးအုပ်ထားတဲ့ လူအုပ်ကြီးကို ဂျပန်တွေက မတွေ့တာလား၊ တွေ့ပေမယ့် လှန်လှောမကြည့်တာလားတော့ မပြောတတ်ဘူးဗျာ။

သူတို့တွေအကုန်ပြန်ထွက်သွားတော့မှ ကျုပ်တို့လည်း သက်ပြင်းချနိုင်တယ်ဗျာ၊ ဂျပန်ဗို်လ်ကတော့ မကျေမနပ်နဲ့ ကြိမ်းမောင်းနေတယ်ဗျ၊ ဒါနဲ့ဂျပန်တွေပြန်သွားတော့ ကျုပ်တို့တွေတိုင်ပင်ကြတယ်၊ ပွဲရုံပိုင်ရှင်လည်း ရောက်လာတယ်။

“ခင်ဗျားတို့ ဒီမှာဆက်နေလို့မရတော့ဘူးဗျ၊ ဂျပန်စစ်ဗိုလ်က ကျုပ်ပွဲရုံကိုစောင့်ကြည့်ဖို့လူတွေကိုမှာသွားတယ်၊ ဒီတော့ သူတို့နောက်တစ်ကြိမ်ပြန်လာနိုင်သေးတယ်၊ ခင်ဗျားတို့ တစ်နေရာရှာပြီး ပုန်းအောင်းနေသင့်တယ်”

“ကျုပ်တို့က ဘယ်နားမှာသွားပုန်းရမှာလဲဗျ”

အဖွဲ့တွေအချင်းချင်း စကားများကုန်ကြတယ်၊ ဒါနဲ့ပဲ ကျုပ်တစ်နေရာ သတိရသွားတယ်၊ အဲဒီနေရာကတော့ ဂန့်ဂေါမြို့အစွန်နားက ရွှေညောင်ပင်ကျောင်းတိုက်ပဲဗျ၊ ဒါနဲ့ ကျုပ်က မတ်တပ်ရပ်လိုက်ပြီး

“အားလုံးမပူပါနဲ့ဗျာ၊ ကျုပ်ကျောင်းတက်ခဲ့တဲ့ ဘုန်းကြီးကျောင်းရှိတယ်၊ အဲဒီမှာ ကျုပ်ဘကြီးလည်း ရှိသဗျ၊ ကျုပ်တို့လူဆယ့်ငါးယောက်လောက်တော့ ကျောင်းထဲမှာ အေးအေးလူလူနေနိုင်တယ်၊ ပြီးတော့ ကျောင်းဝန်းကလည်း အုပ်အုပ်ဆိုင်းဆိုင်းနဲ့ အကျယ်ကြီးဆိုတော့ ဂျပန်တွေလာရင် ဘယ်နားကိုထွက်ပြေးပြေး ပြေးလို့လွယ်တယ်ဗျ”

နောက်ဆုံးတော့ အားလုံးက သဘောတူကြတယ်၊ ပွဲရုံအနောက်ဖေးပေါက်ကနေ ရပ်ကွက်ထဲကိုခိုးထွက်ကြပြီးတော့ ကျုပ်တို့ပြောတဲ့ ကျောင်းတိုက်ကိုသွားဖို့ လမ်းညွှန်လိုက်တယ်ပေါ့ဗျာ၊ ကျောင်းတိုက်အနောက်ဖက် တောအုပ်မှာ ကျုပ်တို့ဆုံတွေ့ကြမယ်ဆိုပြီးချိန်းလိုက်တယ်။ နောက်ဆုံးတော့ ပွဲရုံဝင်းထဲမှာ ကျုပ်တို့သုံးယောက်ပဲကျန်တော့တယ်။

“မျောက်ခေါင်းနဲ့ဗလကြီး မင်းတို့လိုက်သွားရင်လိုက်သွား၊ ငါကတော့ ဒီမှာကျန်နေခဲ့မယ်”

“ဟာ၊ ကိုပြောင်ရှင်းရ ဖြစ်ပါ့မလား”

“အေး၊ ငါတို့ချည်းပြေးလို့ဘယ်ဖြစ်မလဲကွ၊ ကတုံးတစ်ယောက်ရှိသေးတယ်လေကွာ၊ သူက ငါတို့ပြောင်းသွားတဲ့နေရာကိုမသိရင်အခက်သား၊ ဒီတော့ မင်းတို့ပဲလိုက်သွား၊ ကတုံးပြန်လာရင် ငါသူ့ကိုခေါ်ပြီး အဲဒီကိုလိုက်လာခဲ့မယ်”

သာဒင်ပြောတာနဲ့ ကျုပ်နဲ့ဗလကြီးလည်း ဟိုလူတွေအနောက်ကို လိုက်သွားတာပေါ့ဗျာ၊ ရွှေညောင်ပင်ကျောင်းကိုရောက်တော့ ညနက်နေပြီဗျ၊ ကျောင်းသားတွေရဲ့ စာအံသံတွေကိုကြားပြီး ကျုပ်ဖြင့် ငယ်ဘဝကိုတောင်သတိရသွားမိတယ်၊ ကျုပ်လည်း လေသာကျောင်းပေါ်ကိုတက်လိုက်တော့ ဦးတေဇက ကျုပ်ကိုတအံ့တသြနဲ့ကြည့်တယ်။

“ဟေ့ ဘယ်သူလဲကွ”

“အရှင်ဘုရား တပည့်တော်မောင်ရှိန်ပါဘုရား”

ဦးတေဇကိုလျှောက်ပြီးတော့ ဦးရေဝတနဲ့ ဦးဇင်းကြီးကိုပါ ကျုပ်တို့ ဒီကျောင်းမှာ ပုန်းခိုနေမယ့်အကြောင်း သွားပြောတာပေါ့ဗျာ၊ ကျောင်းထိုင်ဦးဇင်းကြီးဆိုရင် ကျုပ်ကိုတွေ့တော့ တော်တော်ဝမ်းသာနေတယ်ဗျ၊ ကျုပ်တို့ရဲဘော်တွေ ညစာမစားရသေးဘူးဆိုတော့ ကျောင်းသားကြီးတွေက ကျောင်းမှာရှိတဲ့ဆွမ်းဆန်စိမ်းတွေနဲ့ ပဲတွေ၊ အာလူးတွေကို ချက်ပြုတ်ပေးတယ်၊ ရဲဘော်တွေကို မှန်ကူကျောင်းအောက်ဘက်မှာ ကျွေးကြတာပေါ့ဗျာ၊ ကျုပ်လည်း ညစာမစားရသေးဘူးဆိုတော့ ဆာဆာနဲ့စားလိုက်တယ်ဗျ၊ နောက်ပြီးတော့ သာဒင်နဲ့ ကတုံးရောက်လာရင်စားဖို့အတွက် နှစ်ယောက်စာချန်ထားခဲ့လိုက်တယ်၊ ရဲဘော်တွေထဲက လေးယောက်ကို ကင်းချထားပြီး ကျောင်းအဝင်အထွက်လမ်းမှာ သွားစောင့်နေခိုင်းရတယ်ဗျ၊ တော်ကြာ ဂျပန်တွေရောက်လာရင် ခက်မယ်မဟုတ်လား။

စားသောက်ပြီးတော့ ဦးဇင်းရေဝတက ကျုပ်ကိုကျောင်းပေါ်ခေါ်သွားတယ်၊ ဆရာတော်ကြီးက ကျုပ်ကိုပြုံးကြည့်ရင်း

“မောင်ရှိန်၊ သူတော်ကောင်းလေး၊ အခုတော့ ရဲဘော်ဖြစ်နေပြီလားကွဲ့”

“တင်ပါ့ဘုရား”

“ဒါနဲ့ ဝိဇ္ဇာလူနီ နဲ့တွေ့ဖြစ်သေးရဲ့လား”

ကျုပ်လည်းခေါင်းခါလိုက်ရင်း

“မတွေ့ဖြစ်ပါဘူးဘုရား၊ ဝိဇ္ဇာလူနီနဲ့ ဒီကျောင်းက ထွက်ပြီးမကြာခင်ကတည်းက မတွေ့တော့တာပါ”

ဆရာတော်ကြီးက ခေါင်းညိတ်တယ်ဗျ။

“အင်းလေ၊ မင်းနဲ့မဆုံပေမယ့် ငါနဲ့တော့ အမြဲဆုံဖြစ်နေပါတယ်ကွ”

“ဘယ်လိုဆုံတာလဲဘုရား”

“အိပ်မက်ထဲမှာ ဝိဇ္ဇာလူနီက ငါ့ကိုလာလာဖူးတယ်ကွ၊ ပြီးတော့ ငါ့ကိုလည်း လာလာခေါ်တယ်၊ ငါကတော့ သူနဲ့မလိုက်ချင်ပါဘူးကွာ၊ နောက်ပြီးသူက ငါနဲ့တွေ့တိုင်း မင်းအကြောင်းတွေကို ငါ့ကိုပြန်လာလာတိုင်တယ်ကွ၊ မင်းက ထန်းရည်သမားဖြစ်သေးတယ်ဆိုကွာ၊ နောက်ပြီးတော့ ယာခင်းထဲမှာတစ်ယောက်ထဲ နေတယ်ဆိုကွ၊ ဘုရားတရားလုပ်တာလည်း မမှန်ဘူးဆို”

“တင်၊ တင်ပါ့ဘုရား”

“သူက ငါ့ကိုပြောသေးသကွ၊ မင်းကိုတစ်နေ့တော့ သူလာခေါ်မယ်တဲ့၊ ဒါပေမယ့် အခုက အချိန်မကျသေးဘူးတဲ့ကွာ၊ မင်းကျွတ်ချိန်မတန်သေးဘူးလို့ပြောတာပဲ၊ ပြီးတော့ သူက တစ်ခုမှာသွားသေးတယ်”

“ဘာမှာသွားတာပါလဲဘုရား”

“မင်းတွေ့နေတဲ့အခက်အခဲတွေ ပြေလည်ဖို့နည်းလမ်းက မင်းကိုသူပေးခဲ့တဲ့လက်ဆောင်နဲ့ ဖြေရှင်းပါတဲ့ကွာ”

ကျုပ်လည်းမျက်မှောင်ကြုတ်လိုက်မိတယ်။

“အခက်အခဲတွေဆိုပါလား၊ ဘာကိုပြောချင်တာလဲမသိဘူးဘုရား”

“အေး၊ ဒါတော့ ငါလည်းမသိဘူး၊ ငါ့ကိုအဲဒီလိုပြောသွားတာပဲမောင်ရှိန်ရေ”

ဆရာတော်ကြီးက ကျောက်သင်ပုန်းကိုကောက်ယူလိုက်တယ်ဗျ၊ ဦးဇင်းရေဝတက ဆရာတော်ကြီးအနားကို မှန်အိမ်ကလေးယူသွားပေးလိုက်တယ်၊ ဆရာတော်ကြီးက ကျောက်သင်ပုန်းအပေါ်မှာ ကန့်ကူဆံနဲ့ တဒေါက်ဒေါက်ရေးခြစ်လို့ဗျ၊ ဆရာတော်ကြီး ဒီလိုလုပ်နေပြီဆိုရင် သူဗေဒင်တွက်နေတာဆိုတာ ကျုပ်သိပြီးသားပါဗျာ၊ နောက်တော့ ဆရာတော်ကြီးက ခေါင်းတညိတ်ညိတ်နဲ့

“မောင်ရှိန်၊ မင်းက ထွန်းထွန်းတောက်တောက်ဖြစ်အုံးမှာကွ၊ ဒါပေမယ့် အဲဒီထွန်းတောက်မှုကိုလိုက်ရင် မင်းရှုံးနိမ့်လိမ့်မယ်”

“တင်ပါ့ဘုရား”

“ပြီးတော့ မင်းမှာမိတ်ဆွေကောင်းတွေရထားတာပဲဟေ့၊ သူစိမ်းကောင်းရင် ဆွေမျိုးထက်သာတယ်ကွ၊ ဒီမိတ်ဆွေကိုတော့ မင်းသေသေချာချာပေါင်းဖက်စမ်းပါ”

“တင်ပါ့ဘုရား”

“နောက်တစ်ခုကတော့ မင်းမှာ မိတ်ဆွေဆိုးလည်းရှိနေတာပဲ၊ မိတ်ဆွေဆိုးကြောင့် မင်းဒုက္ခရောက်တတ်တယ်ကွနော်၊ မိတ်ဆွေဆိုးက သောကြာသားကွ၊ သူ့စကားကို ချင့်ယုံပေါ့ကွာ”

ဆရာတော်ကြီး ဘာတွေဆက်ပြောမှန်းမသိပေမယ့် ကျုပ်ကတော့ မိတ်ဆွေဆိုးဆိုတာကို စဉ်းစားနေမိတယ်ဗျ၊ သောကြာသားဆိုတော့ ကျုပ်တို့ထဲမှာ သောကြာက သာဒင်ပဲရှိတာလေဗျာ၊ သူ့စကားကို ချင့်ယုံဆိုတော့ မဟုတ်မှလွဲရော သာဒင်က တစ်ခုခုများလား။ ကျုပ်ဖြင့် ဒီအကြောင်းကိုတွေးပြီးတော့ စိတ်ထဲဒွိဟဖြစ်သွားတယ်။

ကျုပ်စဉ်းစားနေတုန်း ဆရာတော်ကြီးက ဦးဇင်းရေဝတကိုကြည့်လိုက်ရင်း

“ရေဝတ၊ သူ့ပစ္စည်းလေး ပေးလိုက်အုံးလေကွာ”

ဦးဇင်းရေဝတက ကျက်သရေခန်းထဲဝင်သွားပြီးတော့ နောက်တော့ ဝါးတုတ်လေးတစ်ချောင်းကိုင်ပြီးထွက်လာတယ်ဗျာ၊ ဝါးတုတ်ကလေးက မီးကျွမ်းထားလို့ အပေါ်ယံတွေတောင် မဲနေပါရောဗျာ။ ကျုပ်လည်း ဦးဇင်းရေဝတပေးတဲ့ ဝါးတုတ်ကလေးကိုလှမ်းယူပြီးသေချာကြည့်လိုက်မိတယ်၊ ဒီဝါးတုတ်ကလေးက ဦးလူနီကျုပ်ကိုပေးခဲ့တဲ့ လက်ဆောင်လေးမဟုတ်လားဗျာ။

ကျုပ်စဉ်းစားနေတုန်း သာဒင်နဲ့ ကတုံးနဲ့ ပြန်ရောက်လာကြသဗျ၊ ကျုပ်လည်း သူတို့နှစ်ယောက်ဆီကိုဆင်းသွားပြီးတော့ သူတို့အတွက်ချန်ထားတဲ့ထမင်းတွေ ကျွေးတာပေါ့ဗျာ။ သာဒင်ထမင်းစားနေတုန်းကျုပ်က သူတို့ကိုကြည့်ရင်း

“ခုနက ပွဲရုံကိစ္စက ကျုပ်အထင်တော့ တိုက်ဆိုင်တာမဖြစ်နိုင်ဘူးဗျ၊ ဒါ သတင်းပေးတဲ့လူရှိလို့နေမှာ”

ကျုပ်ပြောလိုက်တော့ သာဒင်က ငြိမ်ကျသွားတယ်၊ ကတုံးကတော့ အေးအေးလူလူဆက်စားနေတယ်ဗျာ၊ ကျုပ်လည်း သာဒင်မူမမှန်တာကို တွေ့လိုက်ရပြီဆိုတော့။

“ပြီးတော့ စကားပြန်က ပွဲရုံပိုင်ရှင်ကိုပြောတော့ သူတို့သတင်းအတိအကျရထားလို့ ကျီတွေထဲကို လာရှာတယ်လို့ပြောတယ်မဟုတ်လား၊ သေချာတာကတော့ ကျုပ်တို့အထဲမှာ သစ္စာဖောက်တစ်ယောက်တော့ ရှိနေပြီဗျ”

ကျုပ်စကားကိုကြားတော့ အနားယူနေကြတဲ့ရဲဘော်တွေအကုန်လုံး ခေါင်းတွေထောင်လာကြတယ်။

“ဟုတ်တယ်၊ သစ္စာဖောက်တစ်ယောက် ရှိကိုရှိရမယ်”

သာဒင်ကတော့ ခပ်အေးအေးပဲဗျ။

“သစ္စာဖောက်ကြောင့်လည်း ဟုတ်ချင်မှ ဟုတ်မှာပါကွာ”

“သြော်၊ ပြောင်ရှင်း ခင်ဗျားက ဒီလောက်ဘူးပေါ်သလို ပေါ်နေတာကို ဖုံးကွယ်ချင်နေသေးတာလား”

“မဟုတ်ပါဘူးကွာ၊ ဘာပဲပြောပြော ငါတို့ကိုဂျပန်တွေ မတွေ့ခဲ့ဘူးမဟုတ်လား၊ ပြီးခဲ့တာတွေ ပြီးပါစေတော့ကွာ”

ကျုပ်လည်း သာဒင်မျက်နှာကိုလက်ညှိုးငေါက်ငေါက်ထိုးလိုက်ပြီးတော့

“ခင်ဗျားမို့လို့ ဒီလိုစကားပြောထွက်တယ်ဗျာ၊ ခုနက ကျုပ်တို့ကိုသာမိသွားရင် ကျုပ်တို့တော်လှန်ရေးတပ်သားတွေအဖမ်းခံရပြီး ကျုပ်တို့စခန်းတွေကိုလည်း ဂျပန်က တိုက်ခိုက်တော့မယ်မဟုတ်လား၊ ဒါကိုခင်ဗျားမသိတာလား၊ ဒါမှမဟုတ်သိရက်သားနဲ့ တမင် မသိချင်ယောင်ဆောင်နေတာလား”

သာဒင် ဒေါသထွက်သွားပုံရတယ်ဗျ။

“ငါ့ညီ မျောက်ခေါင်း၊ မင်းစကားက ဘာပြောချင်တာလဲ၊ ငါတို့အရှေ့ပိုင်းသားတွေက စကားကိုကွယ်ဝှက်နေတာမကြိုက်ဘူး၊ မင်းပြောချင်တာကို ဘွင်းဘွင်းပြောစမ်းကွာ”

“ဟား၊ ဟား ကောင်းပြီ၊ ကျုပ်ပြောမယ်၊ ခင်ဗျားဟာ သစ္စာဖောက်ပဲ”

ရဲဘော်တွေအားလုံး ထိတ်လန့်သွားကြတယ်။ ကျုပ်လည်းဆက်ပြီးတော့

“ကျုပ်ကို မိတ်ဆွေဆိုးက ဒုက္ခပေးမယ်လို့ ဆိုတယ်ဗျ၊ အဲဒီမိတ်ဆွေဆိုးက သောကြာသား၊ သောကြာသားဆိုတော့ ကျုပ်တို့အဖွဲ့ထဲမှာ သောကြာသားဆိုလို့ ခင်ဗျားပဲရှိတာမဟုတ်ဘူးလား”

သာဒင်က ပြီတီတီနဲ့ရယ်ရင်း

“သြော်၊ ကောင်းပါ့ကွာ၊ သစ္စာဖောက်ဘယ်သူလဲဆိုတာသိအောင် ဗေဒင်မေးပြီးဖမ်းတယ်တဲ့၊ ဟား၊ ဟား”

သာဒင်က စားလက်စထမင်းပန်းကန်ကို ပစ်ချလိုက်ပြီးတော့

“ဟုတ်ပြီ၊ ငါက သစ္စာဖောက်ပဲထားပါတော့၊ မင်းဗေဒင်ဟောတာမဟုတ်ဘဲ ငါကသစ္စာဖောက်ဖြစ်ကြောင်း ဘာနဲ့သက်သေပြမလဲ၊ ငါက သတင်းပေးပြီပဲထားပါတော့၊ ဒီပွဲရုံမှာ ရဲဘော်တွေနေပါတယ်ဆိုတာကို ငါကကြိုသိနေလို့လား၊ ပြီးတော့ ငါက ဂျပန်တွေကို ဘယ်လိုသတင်းပေးမလဲ၊ တကယ်လို့ ငါကသစ္စာဖောက်ဆိုရင်တောင်မှ ငါကမင်းတို့ကို ဘာလို့ပုန်းဝှက်ထားပေးမှာလဲကွ”

ရဲဘော်တွေအချင်းချင်း တီးတိုးစကားတွေပြောဆိုကုန်တယ်ဗျ၊ ကျုပ်လည်း မယုံချင်သေးဘူး၊ ဆရာတော်ကြီး ဗေဒင်ပညာကို ကျုပ်အသိဆုံးဗျ၊ သူ့ဗေဒင်က တစ်ခါမှ လွဲမှားခဲ့ဖူးတာမရှိဘူး။

“ဒါကတော့ ပြောင်ရှင်းရာ၊ မင်းက ငါတို့ကိုအယုံသွင်းတာလည်း ဖြစ်ချင်ဖြစ်နေမှာပေါ့ကွ”

“ဘာ၊ ဘာရယ်ကွ”

“ဟုတ်တယ်လေ၊ မင်းက ဂျပန်တွေလာဖမ်းတော့ ငါတို့ကိုကယ်လိုက်ရပါတယ်ဆိုပြီး ငါတို့ကိုအယုံသွင်းချင်လို့ဖြစ်မှာပေါ့ကွာ၊ အားလုံးပဲ သေချာစဉ်းစားကြည့်စမ်းပါ၊ ဒီလောက်ရှင်းလင်းနေတဲ့ ထပ်ခိုးမှာ၊ ကျုပ်တို့ တစ်ပြုံတစ်မကြိး ဖျင်စကြီးနဲ့အုပ်ပြီးပုန်းနေတာကို ဂျပန်စစ်သားတွေက မမြင်သလိုလုပ်တယ်ဆိုကတည်းက ကျုပ်က ထူးဆန်းပါတယ်လို့ တွေးမိနေသေးတာ၊ လက်စသတ်တော့ ခင်ဗျားက ကျုပ်တို့ကိုအယုံသွင်းမယ်၊ ပြီးတော့ ရာထူးတက်မယ်၊ ပိုပြီးအဆင့်မြင့်တဲ့ တော်လှန်ရေးခေါင်းဆောင်တွေနဲ့ပေါင်းမိတော့မှ ဂျပန်ကိုသတင်းပေးပြီး အကုန်လုံးကိုဖမ်းဆီးဖို့လုပ်တာမဟုတ်လား”

ကျုပ်ပိတ်ပြောလိုက်တော့ သာဒင်တစ်ယောက် ဘာမှပြောနိုင်တော့ဘူးဗျ၊ ကျုပ်ကိုလက်ညှိုးထိုးပြီး မျက်လုံးပြူးကြီးနဲ့ကြည့်နေတာဗျာ၊ နောက်တော့ ဗလကြီးက ထလာတယ်။

“ကိုမျောက်ခေါင်း သတိထားစမ်းပါအုံးဗျာ၊ ခင်ဗျားက သံသယတွေလွန်လွန်းနေပါပြီဗျ၊ ကိုပြောင်ရှင်းက သစ္စာဖောက်မဟုတ်နိုင်ပါဘူး”

ကျုပ်လည်း ဗလကြီးကိုကြည့်ရင်း

“ဟ၊ သစ္စာဖောက်အစစ်က သူသစ္စာဖောက်ပါလို့ လူသိအောင်နေမလားကွ”

“ကိုမျောက်ခေါင်း ဘာပဲပြောပြော ကျုပ်တို့က သွေးဖောက်ပြီးသစ္စာဆိုထားကြတဲ့လူတွေပဲမဟုတ်လား၊ ကိုပြောင်ရှင်း ကျုပ်တို့ကို သစ္စာဖောက်ရင် သူပဲ သစ္စာစူးပြီး သေမှာပေါ့ဗျ”

ကျုပ်လည်း ဗလကြီးစကားကိုနားထောင်ပြီးတော့ ခွက်ထိုးခွက်လန်နဲ့ ရယ်ချလိုက်တော့တယ်။

“ဗလကြီး၊ မင်းကသိပ်ဖြူစင်တာကိုးကွ၊ ငါကတော့ ဟောဒီလိုခေတ်ပျက်ကြီးထဲမှာ သစ္စာတွေ၊ မေတ္တာတွေဆိုတာ အယုံအကြည်မရှိဘူးကွ”

ဒါနဲ့ ရဲဘော်တွေအားလုံးတိုင်ပင်ပြီးတော့ သာဒင်ကို သစ္စာဖောက်လို့စွပ်စွဲပြီး ကျောင်းတိုင်မှာ သင်္ကန်းဟောင်းတွေကို ကြိုးလုပ်ပြီးချည်ထားတာပေါ့ဗျာ၊ သာဒင်ကတော့ ဘာမှမပြောတော့ဘူးဗျ၊

“ခင်ဗျား ဘာငြင်းချင်သေးသလဲ ပြောင်ရှင်း”

“ငါဘာမှ မပြောချင်တော့ပါဘူးကွာ”

“ဟား၊ ဟား အခုမှ သူခိုးလူမိတဲ့မျက်နှာနဲ့လာမလုပ်နေစမ်းပါနဲ့”

ကျုပ်လည်း စိတ်တိုတိုနဲ့ သာဒင်ရဲ့မျက်နှာကိုလက်သီးနဲ့ပိတ်ထိုးလိုက်တယ်ဗျ၊ ကျုပ်လည်းထိုးလိုက်ရော တခြားရဲဘော်တွေလည်း ထလာပြီးတော့ သာဒင်ကိုလက်သီးနဲ့ထိုးကြကြိတ်ကြတယ်၊ နောက်ဆုံး ဗလကြီးက သာဒင်အရှေ့မှာပိတ်ရပ်လိုက်တယ်။

“ဟေ့လူတွေ ခင်ဗျားတို့ထိုးချင်ရင် ကျုပ်ကိုထိုး ကျုပ်အကိုကြီးကိုမထိုးနဲ့”

ကျုပ်လည်း ဗလကြီးကို တော်တော်အံ့သြမိတယ်ဗျ။

“ဟေ့ကောင်ဗလကြီး၊ မင်းဘာလုပ်တာလဲ၊ သစ္စာဖောက်ကို ကာကွယ်ပေးရင် မင်းလည်း သစ္စာဖောက်ဖြစ်သွားမယ်ကွ”

“ဖြစ်ဖြစ်ပေါ့ဗျာ၊ ညီအကိုတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက် ကာကွယ်ကြရတဲ့သဗျ၊ ကျုပ်အခု ကိုပြောင်ရှင်းကို ကာကွယ်ပေးတယ်ဆိုတာ ကျုပ်အကိုတစ်ယောက်ကို လူတွေဝိုင်းနှိပ်စက်တာကို မကြည့်ဝံ့တဲ့ ညီတစ်ယောက်ရဲ့စိတ်နဲ့ပဲ ကာကွယ်ပေးတာ၊ ခင်ဗျားတို့ သူ့ကိုထိုးချင်တယ်ဆိုရင် ကျုပ်ကိုလဲအောင်ထိုး၊ ကျုပ်လဲမှ ကျုပ်အကိုကို ထိလို့ရမယ်”

ရဲဘော်တစ်ယောက်က ပြေးထွက်လာပြီးတော့ ဗလကြီးကိုထိုးတယ်ဗျ၊ ဗလကြီးက အဲဒီရဲဘော်ရဲ့လက်သီးကို သူ့လက်ဝါးကြီးနဲ့ဖမ်းချုပ်ပြီးဆုပ်ကိုင်လိုက်တယ်၊ ပြီးတော့ ရဲဘော်ရဲ့လက်သီးကို ညှစ်ထားတော့ ရဲဘော်က လက်သီးကိုပြန်ပြီးတော့တောင် ရုတ်သိမ်းလို့မရဘဲဖြစ်နေတယ်ဗျာ၊ ဗလကြီးက ရဲဘော်ရဲ့လက်ကိုလိမ်ထည့်လိုက်တော့ အဲဒီရဲဘော်လက်နာသွားပြီးတော့ အနောက်ကိုဆုတ်သွားတယ်၊ တခြားသူတွေလည်း မထိုးရဲတော့ဘူးပေါ့ဗျာ။

“ဗလကြီး မင်းဘာဖြစ်နေတာလဲ”

“ဒီမယ် ကိုမျောက်ခေါင်း၊ ကျုပ်တို့အားလုံးက ရဲဘော်တွေချည်းဘဲ၊ ဒီတော့ ရဲဘော်တွေအချင်းချင်းဆုံးဖြတ်လို့မရဘူးဆိုတာ ခင်ဗျားမသိဘူးလား၊ ကျုပ်ကတော့ ကိုပြောင်ရှင်း သစ္စာဖောက်ဟုတ်တာမဟုတ်တာကို အထက်အရာရှိတွေဆုံးဖြတ်တဲ့ အဆုံးအဖြတ်ကိုပဲ ခံယူမယ်”

အဲဒီညတော့ ဗလကြီးက သာဒင်ကိုချုပ်ထားတဲ့ တိုင်အနားမှာ တစ်ညလုံးငုတ်တုတ်ထိုင်ပြီးစောင့်တယ်ဗျာ၊ ရဲဘော်တွေကတော့ သာဒင်ကိုမကျေနပ်လို့ တောက်တခေါက်ခေါက်နဲ့ပေါ့၊ ဗလကြီးကိုကြောက်တော့ ထပြီးမလုပ်ရဲ့ဘူးပေါ့ဗျာ။

ဒီလိုနဲ့ မနက်မိုးသောက်တော့မယ့်အချိန်ရောက်လာခဲ့တယ်၊ ဦးတေဇက လေသာကျောင်းပေါ်ကနေ တုန်းမောင်းခေါက်ဖို့ ထလာပါရောဗျာ၊ နောက်တော့ တုန်းမောင်းကို စည်းချက်ညီညီနဲ့မခေါက်ဘဲ တဒေါက်ဒေါက်နဲ့ အဆတ်မပြတ်ခေါက်သဗျ၊ ကျုပ်လည်း တုန်းမောင်းခေါက်သံ ပုံမှန်မဟုတ်တာကြောင့် လန့်နိုးသွားတာပေ့ါဗျာ။

“ဘာများဖြစ်ပါလိမ့်”

ဦးတေဇက ကျောင်းပေါ်ကနေဆင်းလာပြီးတော့

“မီးတွေ၊ မီးတွေ”

ဦးတေဇပြောလို့ ကျုပ်တို့ထကြည့်လိုက်တော့ ကျောင်းပတ်ပတ်လည်မှာ မီးရောင်တွေလင်းနေတာပဲဗျာ၊ မီးတုတ်အလင်းရောင်တွေအပြင် မီးဆလိုက်ကြီးတွေနဲ့လည်း ကျောင်းထဲကိုထိုးထားသဗျ၊ မီးရောင်တွေအနောက်မှာတော့ ကာကီရောင်စစ်ဝတ်စုံတွေ ဝတ်ထားတဲ့ ဂျပန်တွေက လက်နက်တွေအပြည့်နဲ့ တန်းစီရပ်နေကြသဗျ။

“ဟာ၊ ဂျပန်တွေ၊ ဂျပန်တွေရောက်နေကြပြီ”

ဂျပန်စစ်တပ်တစ်တပ်က ဘုန်းကြီးကျောင်းကိုဝိုင်းထားပြီဗျ၊ ကျုပ်တို့လည်း ဘာလုပ်ရမှန်းမသိတော့ဘူးပေါ့ဗျာ၊ ဒါ သာဒင်ကြောင့်ပဲဖြစ်မှာဗျ။

“ပြောင်ရှင်း၊ ဒါခင်ဗျားကြောင့်မဟုတ်လား၊ လတ်စသတ်တော့ ခင်ဗျားကအနောက်ဆုံးမှာကျန်နေခဲ့တာ ကတုံးကိုခေါ်ဖို့မဟုတ်ဘဲဗျ၊ ကျုပ်တို့ဘယ်ကိုသွားတယ်ဆိုတာကို ခင်ဗျားပထွေးဂျပန်တွေကို သတင်းပေးဖို့မဟုတ်လား”

“မဟုတ်ဘူး မျောက်ခေါင်း၊ မင်းစွပ်စွဲတာတွေ တစ်ခုမှမဟုတ်ဘူး၊ ငါကဖြူစင်တယ်၊ ငါဖြူစင်ကြောင်း သက်သေပြနိုင်တယ်ကွ”

“အပိုတွေပြောမနေစမ်းပါနဲ့ဗျာ”

ကျုပ်တို့ရဲဘော်တွေအားလုံး ကြောက်ကြောက်ရွံ့ရွံ့နဲ့ မှန်ကူကျောင်းတိုင်လုံးကြီးတွေအနောက်မှာ ပုန်းခိုနေကြတာပေါ့ဗျာ။

ဆက်ရန်။

#အဂ္ဂဇော် #ဦးအောင်ရှိန် #စုန်း #သရဲ

စာရေးသူအဂ္ဂဇော်ကိုလေးစားစွာဖြင့် Credit ပေးပါတယ်