လွမ်းငွေ့ဝေဝေ

ဒီလိုနဲ့ တတိယအချီလောက်အရောက်မှာတော့ တိုက်တိုင်းအောင်က ရန်မျိုးအောင်ရဲ့ နားစကို ဆွဲလိမ်ပြီး ခွပ်ချလိုက်ရာ ဟိုကောင်ခဗျာ အော်ပြီးစည်းအပြင်ဘက်ကိုပြေးပါလေရော။

ကြက်ပွဲမှာက ထွက်ပြေးတဲ့ကြက်ကအရှုံးဆိုတော့ ကိုဖိုးခွေးတို့အနိုင်ရပြီးလောင်းကြေးငွေတွေလဲ မြိုးမြိုးမြက်မြက်ရလိုက်ကြတယ်။

“ ဒါကမင်းအတွက် ထန်းရည်ဖိုး”

“ မယူပါဘူးဗျာ… ကျုပ်က ပျင်းနေတာမို့ လိုက်လာပေးတာပဲရှိတာ”

“ ယူပါကွ… မင်းအတွက်မဟုတ်ရင်တောင် မင်းအမေအတွက် တစ်ခုခုဝယ်သွားလို့ရတာပေါ့”

“ ဟုတ်သားပဲ တိုက်မောင်းရာ… ယူလိုက်ပါကွ”

“ ဒါဆိုလဲပြီးရောဗျာ…”

တိုက်မောင်းက နိုင်ကြွေငွေအချို့ကိုယူပြီး အိတ်ကပ်ထဲထည့်ထားလိုက်တယ်။ ဒီလိုနဲ့ ကိုချက်စူ ထန်းတောနားကိုရောက်တော့ လူတွေရုတ်ရုတ်သဲသဲ ဖြစ်နေတာကြောင့် ဘာများဖြစ်လဲဆိုပြီးကြည့် လိုက်ရာ ရင်ဘတ်မှာ ဓါးဒဏ်ရာနဲ့ သေဆုံးနေတဲ့ ပေါက်ကျော်နဲ့ မြင့်စိုးကိုမြင်လိုက်ရတယ်။

“ ဒါ ဒါက ဘယ်လိုဖြစ်တာလဲ၊ ဦးလေးချက်စူ ဒါကဘယ်လိုဖြစ်တာလဲလို့”

“ ငါလဲအော်သံကြားလို့ ထွက်ကြည့်တော့ နှစ်ယောက်လုံးအသက်ငင်နေပြီ”

“ သူတို့ကို ဘယ်ကောင်ဓါးနဲ့ထိုးသွားတာလဲ သိလား”

တိုက်မောင်းအသံက ဒေါသကြောင့် မာထန်နေသလို အသားတွေက တဆတ်ဆတ်တုန်ခါနေခဲ့တယ်။

“ ကိုတိုက်မောင်း…”

“ ဘာလဲကွ”

“ ပေါက်ကျော်တို့ကို ဓါးနဲ့ထိုးသွားတဲ့လူက သူ့ကို ခလုပ်တိုက်သွားတဲ့သူပဲ”

“ ဘာ… ဒီကောင်တွေကို ပြဿနာမရှာဖို့ အတန်တန်ပြောထားခဲ့တာကိုကွာ”

“ မဟုတ်ဘူး ကိုတိုက်မောင်း… ပေါက်ကျော်တို့က သူတို့ဘာသာထန်းရည်သောက်နေတာ၊ ဒါကို ဟိုကောင်က အပေါ့သွားပြီးအပြန် နှုတ်ဆက်သလို ဘာလိုနဲ့ ဓါးနဲ့ဝင်ထိုးသွာတာပဲ”

“ ဟေ့ကောင် ကျော်ဝင်း… မင်းက ဘယ်လိုအတိအကျသိနေတာလဲ”

“ အာ… ကိုတိုက်မောင်းတို့ အနောက်ဝိုင်းမှာ ကျွန်တော်နဲ့ မောင်ကြွက်ထိုင်နေတာလေဗျာ၊ အဖြစ်အပျက်ကမြန်ဆန်လွန်းတော့ ဘာလုပ်ရမှန်းမသိဖြစ်သွားတာ၊ နောက်ပြီး ဒီကောင်တွေက နှစ်ယောက်ထဲလာတာနော်”

“ သူတို့ကဘယ်ရွာကလဲဆိုတာသိလား”

“ အဲဒါတော့မသိဘူး…”

“ တောက်စ်… ဒါက ငါမရှိလို့ ဖြစ်ရတာကွ၊ မင်းတို့ဘယ်ကကောင်ဆိုတာသိတာနဲ့ အရေခွံခွာပြီး မီးကင်ပစ်မယ်”

တိုက်မောင်းက ဒေါသတစ်ကြီးကြိမ်းဝါးရင်း ပေါက်ကျော်တို့အလောင်းနားထိုင်နေတဲ့အချိန်

“ ပေါက်ကျော်တို့ကိုသတ်သွားတဲ့သူတွေကို ဂျီဝါးရွာမှာမြင်ဖူးတယ်”ဆိုတဲ့အသံကိုကြားလိုက် ရတယ်။

“ သူတို့က ဂျီဝါးရွာကဆိုတာ သေချာလား”

“ သေချာတယ်လို့အတပ်မပြောနိုင်ပေမယ့် ဂျီဝါးရွာဘက်သွားတဲ့အခါတိုင်း သူတို့ကို ရွာထိပ်က ထန်းတောမှာမြင်နေကြဗျ”

“ မင်းက ရေနံကုန်းရွာကမဟုတ်လား”

“ ဟုတ်ပါတယ်… ကိုတိုက်မောင်းတို့ ဘေးက ဝိုင်းမှာ ကျွန်တော်တို့ထိုင်နေတာပါ”

“ ဂျီဝါးရွာက ကောင်တွေကများ ငါ့ရွာထိလာပြီး ငါ့သူငယ်ချင်းတွေကိုသတ်သွားရတယ်လို့ကွာ”

တိုက်မောင်းက အံကိုခပ်တင်းတင်းကြိတ်ပြီး ထန်းတောထဲကနေ ပြန်ထွက်သွားခဲ့လိုက်တယ်။ အဲဒီနေ့ကစပြီး တိုက်မောင်းတစ်ယောက် ဘယ်မှ မသွားတော့ပဲ ငှက်ကြီးတောင်ဓါးကိုသာ မြနေအောင် သွေးနေလေတော့တယ်။

++++++

ဒီကိစ္စတွေဖြစ်ပြီး နှစ်လလောက်အကြာမှာတော့ တိုက်မောင်းဆီကို ကိုဖိုးခွေးရောက်ချလာခဲ့တယ်။

“ တိုက်မောင်း… မင်း ရေနံကုန်းရွာက‌အကြောင်း သိပြီးပြီလား”

“ ဘာအကြောင်းလဲဗျ”

“ မင်းကို လူသတ်တဲ့ကောင် ဘယ်မှာနေတယ်ဆိုတာ ပြောပြခဲ့တဲ့ ရေနံကုန်းရွာသားလေ မှတ်မိတယ် မဟုတ်လား”

“ မှတ်မိတယ်လေ ဘာဖြစ်လို့လဲ”

“ အဲဒီကောင် မနေ့ညက ဓါးထိုးခံရလို့သေပြီတဲ့”

“ ဗျာ… ဘယ်မှာဖြစ်တာလဲကိုဖိုးခွေး”

“ သူ့အိမ်ရှေ့မှာပဲဖြစ်တာတဲ့… ညဘက်ပူလို့ ကွပ်ပြစ်မှာဆင်းအိပ်တဲ့အချိန် ဓါးနဲ့လာဝင် ထိုးသွားတယ်ပြောတယ်”

“ ဘယ်သူထိုးတယ်ဆိုတာ သိရပြီလား”

“ တရားခံကိုအခုထိမမိသေးဘူးတဲ့”

“ အခုလိုလာပြောတာ ကျေးဇူးတင်ပါတယ်ကိုဖိုးခွေး၊ ဒါနဲ့ဘယ်အမေဘေးကများ ခိုးကြောင်ခိုးဝှက်လိုက်သတ်နေလဲမသိဘူး”

“ မင်းလဲသတိထားဦး…ကြားလား”

“ သတိထားပါတယ်…ဒီကောင် ကျုပ်ဆီကိုလဲ တစ်ချိန်ချိန်လာမယ်ဆိုတာ သိနေတယ်”

‌တိုက်မောင်းက အိမ်နံရံမှာ ချိတ်ထားတဲ့ ငှက်ကြီးတောင်ဓါးကို ကြည့်ရင်း မေးကြောတွေ ထောင်လာတဲ့ထိ အံကိုကြိတ်ထားလိုက်တယ်။

“တိုက်မောင်း… နင်ဘာတွေလုပ်ဖို့ကြံနေတာလဲ”

အနောက်ကနေ ရုတ်တရက်ထွက်လာတဲ့အသံကြောင့် တိုက်မောင်း လှည့်ကြည့်လိုက်ရာ ဘုရားဆွမ်းတော်ပန်းကန်ကို ကိုင်ထားတဲ့မိခင်ဖြစ်သူကိုမြင်လိုက်ရတယ်။

“ ဘာမှမကြံပါဘူး”

“ ဟဲ့အကောင် နင်ကို ငါမွေးထားတာ၊ နင်ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေရှိလဲသိတယ်”

“ သိလဲ ပြောမနေပါနဲ့တော့အမေရာ.. ဘုရားဆွမ်းကပ်မယ်ဆိုလဲကပ်ပါတော့”

“ တိုက်မောင်း ငါတစ်ခါထဲပြောထားမယ်နော်၊ နင် ငါ့ကိုစိတ်ဆင်းရဲအောင်လုပ်တာနဲ့ နံရံမှာထိုးထားတဲ့ ဓါးကို ငါ့ဗိုက်ထဲထိုးသွင်းလိုက်မယ်”

“ အမေရာ.. ဘာတွေလျောက်ပြောနေတာလဲ၊ ဘုရားဆွမ်းကပ်စရာရှိကပ်ပါဗျာ”

ဒေါ်တင်မေက တိုက်မောင်းကို မျက်စောင်းထိုးကာကြည့်လိုက်ပြီး ဘုရားဆွမ်းကပ်ရန်ထွက်သွားခဲ့လိုက်တယ်။

++++++

“ ဝုတ် ဝုတ် ဝုတ်”

ရုတ်တရက်ထွက်ပေါ်လာတဲ့ ခွေးဟောင်သံကြောင့် အိပ်ပျော်လုဆဲဆဲဖြစ်နေတဲ့ တိုက်မောင်းတစ်ယောက် ဆတ်ခနဲ ထထိုင်လိုက်တယ်။

“ ခွေးတွေက အိမ်နားတစ်ဝိုက်မှာ ဟောင်နေပါလား၊ ဘာများဖြစ်လို့ပါလိမ့်”

တိုက်မောင်းက စိတ်ထဲကရေရွတ်ပြီး အိမ်နံရံပေါက်ကနေချောင်းကြည့်လိုက်ရာ အမှောင်ထုထဲမှာ လှုပ်ရှားနေတဲ့ လူရိပ်တစ်ခုကို မြင်လိုက်ရတယ်။ အဆိုပါလူရိပ်က ခြံစည်းရိုးနားလဲရောက်ရော အနားမှာရှိတဲ့သစ်ပင်ပေါ်ကနေတစ်ဆင့် ခြံထဲကို ကျော်ဝင်လာခဲ့တယ်။

အဲဒီအချိန်မှာတော့ တိုက်မောင်းက နံရံမှာချိတ်ထားတဲ့ ဓါးကိုအသာဖြုတ်ယူပြီး တံခါးမကြီးနားမှာပုန်းအောင်းကာ အခြေအနေကို စောင့်ကြည့်နေတဲ့အချိန်

“ တိုက်မောင်း… နင် ဓါးကိုင်ပြီး ဘာရပ်လုပ်နေတာလဲ” ဆိုတဲ့‌အသံထွက်လာခဲ့တယ်။

အသံလဲကြားရော ခြံထဲဝင်လာတဲ့လူက ခြံပြင်ကိုထွက်ပြေးသွားတာကြောင့် တိုက်မောင်း တောက်တစ်ချက်ခတ်လိုက်ပြီး

“ အမေအသံကြားလို့ ဟိုကောင်ထွက်ပြေးသွားပြီဗျ”

“ ဘယ်ကောင်လဲ… အိမ်ကိုသူခိုးကပ်လို့များလား”

“ သူခိုးလား ဓါးပြလားတော့မပြောတတ်ဘူး၊ အခုတော့ အမေအသံကြောင့် လွတ်သွားပြီ”

“ ကဲကဲ… စိတ်လျော့ပြီး အိပ်လိုက်တော့၊ အမေ အိမ်တံခါးတွေကို သေချာပိတ်ထားပါတယ်”

“ ကျုပ်ကအမေမျက်နှာကြောင့် ထင်တိုင်းမကျဲသေးတာနော်”

“ အေးပါ… စိတ်လျော့လိုက်တော့နော်”

တိုက်မောင်းလဲ မိခင်ဖြစ်သူစကားကြောင့် ဓါးကို နံရံမှာပြန်ထိုးပြီး အိပ်ယာထဲပြန်ဝင်ခဲ့လိုက်တယ်။

+++++++

“ ရှပ် ရှပ် ရှပ်”

ဇရပ်ဘေးကနေ ထွက်ပေါ်လာတဲ့ ခြေသံကြောင့် အိပ်ပျော်နေတဲ့ ဖိုးကတုံးတစ်ယောက် လေးခွကိုဆတ်ခနဲဆွဲယူကာ ထထိုင်လိုက်တယ်။

“ ဖိုးကတုံး ဘာဖြစ်လို့လဲ”

“ ခြေသံကြားလို့ဆရာ… ဇရပ်နားကို လူကပ်တဲ့အသံပဲ”

အောင်မြတ်သာလဲ ဖိုးကတုံးစကားကြောင့် ဇရပ်လက်တန်းပေါ်မှာထွန်းထားတဲ့ ဖယောင်းတိုင်ကို မီးညှိလိုက်တဲ့အချိန် အမှောင်ထုထဲကနေ ဖြတ်ပြေးသွားတဲ့ လူရိပ်တစ်ခုကို မြင်လိုက်ရတယ်။

“ ဖောက်… ဖောက်…”

“ အား….”

ဖိုးကတုံးရဲ့လက်သံနဲ့အတူ နာကျင်စွာအော်ဟစ်လိုက်တဲ့အသံကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ပါနိုးလာပြီး အသံကြားတဲ့ ဘက်ကိုကြည့်လိုက်ရာ လူတစ်ယောက် မြေကြီးပေါ်လူးလိမ့်နေတာဝိုးတဝါး မြင်လိုက်ရတယ်။

“ ဟေ့… မင်းဘယ်သူလဲ”

မောင်စမက အသံပေးပြီး ဇရပ်ပေါ်က ဆင်းသွားတဲ့အချိန် ညဉ်းညူနေတဲ့သူဆီကနေ လက်ခနဲအရာတစ်ခုထွက်လာခဲ့တယ်။

“ ရွှပ်”

“ အာ့… ဒီကောင်မှာဓါးပါတယ်ဟေ့”

မောင်စမက လက်မောင်းကို အခြားလက်နဲ့ဖိရင်း အော်ပြောလိုက်ပေမယ့် ဖိုးကတုံး၊ မောင်ကောင်းနဲ့ ခွန်းလှတို့က ကြောက်ရွံ့ဟန်မပြပဲ ဝုန်းခနဲ ခုန်ဆင်းသွားခဲ့တယ်။

“ ဟေ့လူ… လက်ထဲက ဓါးကိုချလိုက်စမ်း၊ မချရင် ကျုပ်ပစ်မှာနော်”

“ ဖိုးကတုံး အနားမကပ်နဲ့… ဒီကောင်က သူခိုးလား၊ ဓါးပြလားမသိသေးဘူးဟ”

အဲဒီအချိန် ဇရပ်ပေါ်မှာရှိနေတဲ့ အောင်မြတ်သာ ဆင်းလာပြီး

“ ဒီအချိန်ကြီး ဓါးတစ်ချောင်းနဲ့လိုက်သွားနေပုံ ထောက်ရင် လူကောင်းတော့မဖြစ်နိုင်ဘူး”

“ လူကောင်းမဟုတ်ရင် ပစ်ထည့်လိုက်ရမလားဆရာ”

“ ခဏနေပါဦး ဖိုးကတုံးရယ်၊ သူဘာပြောလဲ အရင် နားထောင်ရအောင်”

“ ဟေ့ကောင် မေးနေတာ မကြားဘူးလား၊ မြန်မြန်ဖြေစမ်း”

ခွန်းလှက အနားမှာရှိတဲ့ ကျောက်ခဲတစ်လုံးကို ကောက်ကိုင်ကာရွယ်ရင်းမေးလိုက်တော့မှ

“ ကျုပ်က ဟိုဘက်ရွာမှာနေပါတယ်၊ ဒီအချိန်ကြီး အဖေနေမကောင်းဖြစ်လို့ ဆေးဆရာလာပင့်တာပါ”

“ ဆေးဆရာလာပင့်တာကလဲ ဓါးနဲ့ပါလား၊ မဟုတ်မှလွဲရော ဆေးဆရာရဲ့လည်ပင်းကို ဓါးနဲ့ထောက်ပြီး ခေါ်မလို့လားကွ”

“ တကယ်ပြောတာပါ၊ ညရေးညတာ တစ်ယောက်ထဲ လာတာဆိုတော့ လိုကာမယ်ကာ ဆောင်ခဲ့တာပါ”

“ မင်းဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့… ခွန်းလှရေ ဒီကောင် အမှန်တိုင်းမပြောလို့ကတော့ ညိုသကျဉ်းကို ခဲနဲ့ထုပစ်လိုက်”

မောင်စမစကားကြောင့် ခွန်းလှက ခဲနဲ့ထုမယ့်ဟန်ပြင်လိုက်ရာ

“ အမှန်တိုင်းပြောပါ့မယ်… ကျုပ် ကျုပ် လူတစ်ယောက်ကိုသတ်ဖို့ ထွက်လာတာပါ”

“ မင်းကဘာလို့ လူသတ်ချင်ရတာလဲ”

“ သူနဲ့ သူ့အပေါင်းအပါတွေက ကျုပ်ရဲ့အကိုကို အောက်ပိုင်းသေတဲ့အထိ ရိုက်ခဲ့ကြတယ်၊ အကိုကလဲ အဲဒီစိတ်နဲ့ ပြီးခဲ့တဲ့လကပဲ ဆုံးသွားခဲ့တယ်၊ ဒါကြောင့် ဒီလူတွေကို ပြန်သတ်ဖို့ ကြိုးစားခဲ့တာပဲ”

“ မင်းအဖြစ်ကလဲစိတ်မကောင်းစရာပဲ၊

ဒါပေမယ့်လူသတ်တာမကောင်းဘူး ဟေ့ကောင်ရ၊ သေရင်လဲ ငရဲရောက်မှာ၊ မသေခင်လဲ တစ်ဖက်နဲ့တစ်ဖက်အငြိုးအတေးတွေကြောင့် စိတ်ဆင်းရဲရမယ်ကွ”

“ ကျုပ်နားလည်ပါပြီ…နောက်လဲမလုပ်တော့ပါဘူး”

“ အေးအေး… နောက်တစ်ခါထပ်လုပ်ရင်လဲ မင်းထိုက်နဲ့မင်းကံပဲ၊ အခု မင်းကြောင့် ငါ့လက်မောင်းရှပ်ထိသွားတာကို တာဝန်ယူရမယ်”

“ ဘယ်လိုတာဝန်ယူမလဲဆိုတာပြောပါ၊ ကျုပ်မနက်မိုးလင်းတာနဲ့ ဖြစ်အောင်လုပ်ပေးပါ့မယ်”

“ အင်း… မင်းအနေနဲ့လုပ်ရမှာက ဒီနေရာမှာ ခဏအိပ်လိုက်ဖို့ပဲ”

မောင်စမက စကားစမြည်ပြောနေရင်း ပါးစောင်ကိုခွပ်ခနဲထိုးချလိုက်ရာ ဓါးကိုင်ထားတဲ့လူ ပျော့ခွေကာသတိလစ်သွားခဲ့တယ်။

“ ဆရာ… ဒီကောင်နောက်မလုပ်ဘူးလို့ပြောတာကို ယုံလား”

“ သူ့မျက်လုံးတွေကိုကကြည့်တာနဲ့သိတယ်လေ၊ ဒါကြောင့် ဘာမှဝင်မပြောတာ”

“ အခု ဒီကောင်ကို ဘယ်လိုလုပ်မလဲဆရာ”

“ မှတ်လောက်အောင်ဆုံးမပြီးပြီဆိုတော့ ဇရပ်ပေါ်ခေါ်တင်လာခဲ့ပါ၊ သူသတိရလာမှ လိုတဲ့အရပ်ကိုသွားပစေ”

မောင်စမတို့လဲ သတိလစ်နေတဲ့သူကို ဇရပ်ပေါ်ခေါ်တင်ပြီးတိုင်မှာကြိုးနဲ့ချည်ထားလိုက်တယ်။ အဆိုပါလူက မနက်အရုဏ်တက်ချိန် ရောက်တဲ့တိုင် သတိမရသေးတာမို့ ချည်ထားတဲ့ ကြိုးတွေကို ဖြေပေးပြီးထန်းလုံးဖြူရွာဘက်ကို ထွက်လာခဲ့လိုက်တယ်။

+++++

အေးမြမြနှင်းငွေ့လေးတွေရဲ့ အထိတွေ့ကိုခံစားရင်း လမ်းလျောက်လာရင်းကနေ အောင်မြတ်သာက ဟက်ခနဲ တစ်ချက်ရယ်လိုက်ပြီး

“ မြဒင်တို့ရွာကတော့ လူဆိုးလူမိုက်တွေ အခုထိမလျော့သေးပါလား” လို့ရေရွတ်လိုက်ပါတော့တယ်။

ရွာထိပ်ရောက်တော့ ထန်းပင်လုံးတွေကို ထုံးဖြူဖြူတွေသုတ်ထားတာမြင်တော့ ဖိုးကတုံးက

“ ဆရာ… ထန်းပင်တွေကို ထုံးသုတ်ထားလို့ ဒီရွာကို ထန်းလုံးဖြူရွာလို့ခေါ်တာလား”

“ ဒီကောင် ပေါက်ပေါက်ရှာရှာမေးပြန်ပီ၊ ထန်းပင်ထုံးသုတ်တယ်ဆိုတာက သူ့အပင်ကိုယ့်အပင်မှတ်မိအောင်လုပ်ထားတာပါ၊ ထန်းလုံးဖြူရွာဆိုတာက ဘယ်ချိန်ထဲကခေါ်လဲ ငါလဲမသိဘူး”

“ ဖိုးကတုံး မင်းသိချင်ရင် ရွာထဲမှာတွေ့တဲ့လူကို မေးကြည့်ပေါ့ကွာ၊ ရွာခံတွေဆိုရင်တော့သိမှာပဲ”

“ ဟုတ်ပီ ရွာထဲရောက်ရင် မေးရမယ်”

အောင်မြတ်သာက ဖိုးကတုံးကိုကြည့်ပြီး သဘောကျစွာရယ်မောလိုက်ပါတော့တယ်။

+++++

အလင်းရောင်နုနုလေးတွေကျဆင်းနေတဲ့ နံနက်အချိန်ခါမှာတော့ ထန်းလုံးဖြူရွာလေးက လှုပ်ရှားကာအသက်ဝင်လာခဲ့တယ်။ မီးခိုးတလူလူ ထွက်နေတဲ့ မုန့်ဈေးဆိုင်တန်း‌တစ်ခုစီအရောက် မှာတော့ မောင်စမက

“ မြဒင်… မင်း မင်း ဘယ်လိုလုပ်ပြီး ဒီရွာကို ရောက်နေတာလဲ”

“ ဟေ့လူ… ခင်ဗျားကဘယ်သူလဲဗျ၊ ကျုပ်နာမည် မြဒင်မဟုတ်ဘူး လူမှားနေပြီ”

“ စမ… သူကမြဒင်မဟုတ်ဘူးလေ၊ သတိထားပါဦး”

အောင်မြတ်သာစကားကြားတော့ မောင်စမ သတိပြန်ဝင်သွားပြီး ဆွဲထားတဲ့လက်ကို လွှတ်ပေးလိုက်တယ်။

“ ဒီလူတွေ ရူးနေကြတာလား… ကြောင်တောင်တောင်နဲ့ကွာ”

“ ရှင် ရှင်တို့က မြဒင်ကို သိနေကြတာလား”

“ အမေ… သူတို့ကဘယ်သူတွေလဲ”

“ နင်အသာနေစမ်းပါ တိုက်မောင်းရယ်”

ဒေါ်မေတင်စကားကြောင့် အောင်မြတ်သာရှေ့တိုး လာပြီး

“ သင်က မြဒင်ရဲ့ ဇနီးလား”

“ ဟုတ်ပါတယ်…ဒါနဲ့ မင်းတို့က သူ့ရဲ့အသိတွေလားဟင်”

“ ဒီကောင်လေးက မြဒင်ရဲ့သားပေါ့၊ ဟားဟားဟား မြဒင်ရေ မင်းက ကိုယ်ပွားလေးထားခဲ့တာပါလား”

မောင်စမက တိုက်မောင်းကို ဓါးထိထားလို့ နာနေတဲ့လက်နဲ့ခပ်တင်းတင်းပွေ့ဖက်ထားလိုက်‌

တယ်။

“ ဟေ့လူ ကျုပ်ကိုလွှတ်စမ်း… အမေ ဒီလူတွေက ဘယ်သူတွေလဲ”

“ မင်းနားလည်အောင် အမေ အိမ်ရောက်မှ ရှင်းပြမယ်၊ ဒီက ဧည့်သည်တွေလဲ အိမ်ကိုလိုက်ခဲ့ကြပါ”

ဒေါ်မေတင်ရဲ့စကားကြောင့် တိုက်မောင်းက ဘာမှနားမလည်တဲ့ဟန်နဲ့နောက်ကနေ လိုက်ပါလာခဲ့တယ်။ အိမ်ရောက်တော့ ဒေါ်မေတင်က အောင်မြတ်သာတို့ကိုကြည့်ပြီး

“ ကိုမြဒင် ထောင်ကလွတ်လာပြီး ရွာကိုပြန်ရောက်တော့ သူအတော်ပြောင်းလဲသွားတယ်၊ အမြဲတမ်း အင်းဆွဲ၊ အင်းသောက်ပဲလုပ်နေခဲ့တာ၊ အဲဒီချိန် ကိုမြဒင်ရဲ့အဖွားကလဲမရှိတော့တာမို့ အကိုကြီးဘသန်း(မြဒင်ရဲ့ဆိုးဖော်‌ဆိုးဖက်သူငယ်ချင်း)က ကျွန်မနဲ့အိမ်ထောင်ချပေးခဲ့တယ်။ ဒါပေမယ့် အိမ်ထောင်ကျပြီးရက်ပိုင်းလောက်အကြာမှာပဲ သူရွာကနေ ပျောက်ချင်းမလှ ပျောက်ကွယ် သွားခဲ့တာ အခုထိပါပဲရှင်၊ သူ သူအသက်ရှင်လျက်ရှိနေသေးလားဆိုတာ ပြောပြပါဦး”

(မြဒင်နောက်ကြောင်းရာဇဝင်တွေကိုတော့ အောင်မြတ်သာနှင့်မောင်းတစ်လုံးမြဒင်၊ အောင်မြတ်သာနှင့်နရသိန်ဝင်ပေါက်၊ အောင်မြတ်သာနှင့်နတ်မျက်စိမြဒင်ဆိုတဲ့ဝတ္တုတွေ မှာဖတ်ရှုနိုင်ပါတယ်)

“ သူကအခု လူ့လောကမှာမရှိတော့ပါဘူး၊ ဒါပေမယ့် တစ်ချိန်ချိန် ဒီအရပ်ဒေသကို သူပြန်ရောက်လာပါလိမ့်မယ်”

“ အမေ ပြောတော့ အဖေက ကျုပ်ငယ်ငယ်လေးထဲက ဆုံးသွားတာဆို”

တိုက်မောင်းစကားကို ဒေါ်မေတင် ဘာမှပြန်မဖြေပဲ အိမ်ခန်းထဲကိုဝင်သွားခဲ့တယ်။ ခဏနေတော့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ ယွန်းသေတ္တာတစ်လုံးကို ထုတ်ယူလာပြီး

“ သူမထွက်သွားခင် တစ်ရက်အလိုမှာ ကျွန်မကိုပေးသွားခဲ့တဲ့သေတ္တာလေးပါ၊ အထဲမှာတော့ သူဆွဲလက်စအင်းအချို့ရှိနေပါတယ်”

အောင်မြတ်သာလဲ ဒေါ်မေတင်ပေးတဲ့ ယွန်းသေတ္တာဘူးကိုဖွင့်ကြည့်လိုက်ရာ ဆွဲလက်စ အင်းအချို့နဲ့ ရေးဆွဲထားပြီးသား အင်းစမတွေကို မြင်တွေ့လိုက်ရတယ်။

“ ဒီအကြောင်းတွေကို သားဖြစ်သူမသိခဲ့ဘူးလား”

“ သူ့အဖေအကြောင်း ဘာမှမသိခဲ့ပါဘူး၊ ကျွန်မ ကိုယ်တိုင်ကလဲ မပြောပြခဲ့ဘူးလေ”

“ ဘာကြောင့်မပြောပြခဲ့တာလဲ… ဒီရွာမှာ မြဒင် ဘယ်လိုကူညီခဲ့တာ ဒေါ်မေတင် အသိဆုံးပဲမဟုတ်လား”

“ ကျွန်မပြောပြလိုက်ရင် သူ့အဖေလို အနားကနေ ထွက်ခွာသွားမှာစိုးရိမ်ခဲ့မိတယ်။ ဒါကြောင့် ငယ်ငယ် လေးထဲက အနားမှာပဲရှိအောင် အလိုလိုက်ခဲ့မိတာ”

ဒေါ်မေတင်စကားကြောင့် တိုက်မောင်းက မျက်လုံးကိုခပ်တင်းတင်းမှိတ်ပြီး အိမ်အပြင်ဘက်ကိုငေးကြည့်နေခဲ့တယ်။

“ တိုက်မောင်း… မင်းအဖေကို မြင်ဖူးချင်လား”

“ ဘယ်လိုပြောလိုက်တာလဲဗျာ… ကိုယ့်အဖေကိုယ် မမြင်ဖူးချင်တဲ့သူရှိပါ့မလား”

“ ရှိပါတယ်.. ကျွန်တော်ဆို အဖေကိုမမြင်ချင်ဘူး”

“ ဖိုးကတုံး တိတ်တိတ်နေစမ်း… မောင်ကောင်း ဒီကောင်ကို အိမ်အောက်ခေါ်သွားလိုက်တော့”

အောင်မြတ်သာ စကားကြောင့် မောင်ကောင်းက ဖိုးကတုံးကိုခေါ်ကာ ခြံအောက်ဆင်းသွားခဲ့တယ်။ အဲဒီအချိန်

“ ကျုပ်အဖေကိုမြင်ရဖို့ ဘာလုပ်ရမလဲ”

“ မင်းမြင်ချင်ရင် ငါတို့ခိုင်းတဲ့အတိုင်းလုပ်ရမယ်”

“ ဘာလုပ်ရမလဲဆိုတာကိုသာပြောပါ၊ ကျုပ်ယောင်္ကျားဗျ မလုပ်နိုင်ဘူးဆိုတာမရှိဘူး”

“ မြဒင်အသေးစားလေးပဲဟေ့”

မောင်စမက သဘောကျစွာပြောရင်း လက်ခုပ်ထတီးပါလေရော။

“ မင်းအနေနဲ့ ခုနှစ်ရက် သီလစောင့်တည်ရမယ်၊ သက်သက်လွတ်စားရမယ်၊ လုပ်နိုင်လား”

“ တစ်ခုတော့ရှိတယ်ဗျ၊ ဒီရက်ပိုင်း ကျုပ်ကိုသတ်ဖို့ ကြံစည်နေတဲ့ကောင် တစ်ကောင်ရှိနေတယ်၊ ကျုပ်သီလစောင့်နေတဲ့အချိန် သူလာရင် ဘယ်လိုလုပ်မလဲ”

“ ငါတို့ရှိနေသမျှကာလပတ်လုံး ဘယ်သူမှ မင်းကို လက်ဖျားနဲ့မထိစေရဘူး”

“ ဒါဆိုလုပ်မယ်ဗျာ… ရှုပ်ပါတယ် ဒီနေ့ကစပြီး လုပ်မယ်”

“ မင်းစိတ်အားထက်သန်နေတယ်ဆိုရင်တော့ လုပ်ပါ၊ အခု တစ်ကိုယ်လုံးကို တရော်ကင်မွန်းနဲ့ဆေးကြောပြီး ပြန်လာခဲ့”

တိုက်မောင်းထွက်သွားတော့ မောင်စမက အိမ်အောက်မှာရှိတဲ့ ဖိုးကတုံးဆီဆင်းသွားပြီး

“ ဖိုးကတုံး… မင်းဘာလို့ အဖေလုပ်သူကိုမတွေ့ချင်ရတာလဲ”

“ ဆရာစဉ်းစားကြည့်လေ… အမေဆုံးတာ နှစ်လမပြည့်သေးဘူး မိထွေး‌ကိုအိမ်ခေါ်လာတယ်၊ မိထွေးမှာပါလာတဲ့ကလေးတွေကိုတော့ ဂရုစိုက်ပြီး သားအရင်းဖြစ်တဲ့ ကျွန်တော်ကိုကျ နွားတင်းကုတ်မှာပေးအိပ်တယ်၊ ဒီလိုအဖေမျိုးဆို ဆရာရောတွေ့ချင်ပါ့မလား”

“ မင်းပြောတာလဲမှန်တာပဲကွ၊ ငါဆိုလဲ အသံတောင် ကြားချင်မှာမဟုတ်ဘူး”

“ ကျွန်တော်ပြောချင်တာလဲအဲဒါပဲဗျ”

ဖိုးကတုံးရဲ့ချက်ကျလက်ကျပြောတဲ့စကားကြောင့် မောင်စမ ဘာမှဆက်မပြောနိုင်တော့ပဲ အိမ်ပေါ် ပြန်တက်လာခဲ့လိုက်တယ်။

+++++

အောင်မြတ်သာလဲ တိုက်မောင်းကို သီလဆောက်တည်တဲ့အချိန် ပြုမူနေထိုင်ရမယ့် အခြေခံသဘောတရားတွေကို သင်ပြပေးပြီး စည်းရုံးခဲ့တယ်။

နှစ်ပေါင်းများစွာ ထန်းရည်၊အရက်သောက်လာတဲ့ တိုက်မောင်းကတော့ ညနေရောက်တာနဲ့ လေချဉ်ပျို့တဲ့ပြဿနာကို စတင်ခံစားလာခဲ့ရပေမယ့် မာကျောတဲ့စိတ်ဓါတ်ကသာ အနိုင်ရခဲ့တယ်။

သုံးရက်မြောက်နေ့အရောက်မှာတော့ လေချဉ်ပျို့တာသက်သာလာပြီး ခုနှစ်ရက်မြောက်တဲ့နေ့မှာတော့ အလုံးစုံပျောက်ကင်းသွားခဲ့တယ်။

အောင်မြတ်သာလဲ ခုနှစ်ရက်ပြည့်တဲ့ညမှာ မျက်စိနှစ်လုံးကို ဒိဗ္ဗစက္ကူအင်းနှစ်ချပ်ကပ်ပြီး အမြင်ဖွင့်စေခဲ့တယ်။

“ တိုက်မောင်း… အာရုံထဲမှာ မြင်ရတာပြောပါ၊ အခုဘာမြင်ရလဲ”

“ ဘာမှမမြင်ရသေးဘူး”

“ တစ်ဖြေးဖြေးနဲ့မြင်လာလိမ့်မယ်၊အာရုံစိုက်ထား”

“ မြူခိုးတွေလိုအရာတွေပေါ်လာတယ်၊ ကျုပ်က အပေါ်စီးကနေကြည့်နေရသလိုပဲဗျ”

“ ဟုတ်တယ်.. မင်းစိတ်က အဲဒီထဲကိုဝင်လို့မရဘူး၊ ဒါကြောင့်အမြင်ပဲဖွင့်ထားပေးတာ၊ နောက်ထပ်ဘာမြင်ရသေးလဲ”

“ လူတစ်ယောက်ပြေးနေတယ်၊ သူ့အနောက်မှာ ခွေးနက်ကြီးတွေလိုက်နေတယ်”

“ ဟုတ်ပြီ ဆက်ကြည့်ထား၊ ဘာမြင်ရသေးလဲ”

“ သူလဲကျသွားတယ်… ခွေးနက်ကြီးက သူ့ကိုခုန်အုပ်ပြီးကိုက်တော့မယ်ဗျ၊ ဟင် လုံချည်တိုတိုဝတ်ထားတဲ့ လူတစ်ယောက်ရောက်လာပြီး ခွေးနက်ကြီးကို ကန်ထုတ်လိုက်တယ်”

“ သူ့မျက်နှာကိုမြင်ရလား”

“ သေချာမမြင်ရသေးဘူး… ဟင်… ကျုပ်နဲ့ တစ်ပုံစံထဲတူနေပါလား၊ အဲဒါ ကျုပ်အဖေလား”

“ နောက်ထပ်ဘာမြင်ရသေးလဲပြောပါဦး”

“ အဲဒီလူက ဆံပင်ဖားလျားချထားတဲ့လူကို ဒူးထောက်ခိုင်းထားတယ်၊ ဟောဟော ဆံပင်ဖားလျားချထားတဲ့သူက မျက်နှာငယ်လေးနဲ့ တောင်းပန်နေသလိုပဲ”

တိုက်မောင်းစကားကြောင့် ခွန်းလှနဲ့ မောင်စမတို့ အချင်းချင်းကြည့်လိုက်ကြတယ်။

“ ဆံပင်ဖားလျားနဲ့သူ ဘာလုပ်နေလဲ”

“ ကျုပ်အဖေကို ကန်တော့နေတာဗျ၊ သူအတော်ကြောက်နေတဲ့ပုံပဲ၊ ဟင်..မြူခိုးတွေ အုံ့လာပြီ.. ဘာမှမမြင်ရတော့ဘူး”

“ ဒီလောက်ဆို မင်းအတွက်လုံလောက်ပါပြီ…”

အောင်မြတ်သာက ဒိဗ္ဗစက္ကူအင်းနှစ်ချပ်ကိုဆွဲဖယ်လိုက်ရာ တိုက်မောင်းအမြင်တွေမူလအတိုင်းပြန်ဖြစ်သွားခဲ့တယ်။

“ မြဒင်က မကြာခင်အချိန်အတွင်း မင်းဆီပြန်လာလိမ့်မယ်၊ သူပြန်လာတဲ့အခါ မပြီးပြတ်သေးတဲ့ကိစ္စတစ်ခုကို ပြီးပြတ်အောင် လုပ်ဆောင်လိမ့်မယ်၊ သူပြန်ရောက်လာခဲ့ရင် နာမည်ကို မြဒင်လို့ပဲခေါ်ပေးပါ”

“ ကျုပ်ဆီဘယ်လိုပြန်လာမှာလဲ၊ အခုထိကျုပ်က ရည်းစားတောင်ထားဖူးသေးတာမဟုတ်ဘူး‌ဗျ”

“ ဖြစ်ချိန်တန်လာရင် သူ့အလိုလိုဖြစ်လာပါလိမ့်မယ်၊ မင်းအနေနဲ့ အရင်ကဆိုးခဲ့မိုက်ခဲ့တာတွေကို ထပ်မလုပ်ဖို့ပဲလိုတာ”

“ ကျုပ်စိတ်ကို အကောင်းဆုံးပြင်ဆင်ပြီးနေပါ့မယ်၊ ဒါကိုတော့ကတိပေးပါတယ်”

“ ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ၊ ဒါနဲ့ သဘက်ခါညသန်းခေါင်အချိန် ခြံထဲကိုလူစိမ်းဝင် လိမ့်မယ်၊ သတိထားပါ”

“ ခင်ဗျားတို့က အဲဒီနေ့ထိ မနေတော့ဘူးလား”

“ နောင်တစ်ချိန် မြဒင်ပြန်လာတဲ့အခါ ကျုပ်တို့နဲ့ဆုံကြဦးမှာပါ၊ ဒါနဲ့ ကျုပ်ကို ကတိပေးထားတာ မမေ့နဲ့နော်”

“ စိတ်ချပါဗျ..ကျုပ်မမေ့ပါဘူး”

အောင်မြတ်သာလဲ တိုက်မောင်းပခုံးကိုဆုပ်ကိုင်ကာ အားပေးလိုက်ပြီး မြဒင်ရဲ့အငွေ့အသက်တွေကျန်ရှိ နေတဲ့ ယွန်းဘူးလေးကို ကိုင်ထားလိုက်တယ်။ အဲဒီအချိန်

“ တိုက်မောင်းရေ ဧည့်သည်တွေကို ထမင်းစားဖို့ ခေါ်ခဲ့ပါဦး” ဆိုတဲ့ ဒေါ်မေတင်ရဲ့အသံကို ကြားလိုက်ရတယ်။

+++++

နောက်တစ်နေ့မနက်ရောက်တော့ အောင်မြတ်သာတို့လဲ တိုက်မောင်းတို့သားမိကို နှုတ်ဆက်ပြီး ထန်းလုံးဖြူရွာကနေ

ပြန်လည်ထွက်ခွာခဲ့ကြတယ်။ ဆရာတပည့်တွေရဲ့နောက်မှာတော့

မြူခိုးတွေနဲ့အုပ်‌ဆိုင်းနေတဲ့ ထန်းလုံးဖြူရွာလေးကတော့ မှိန်ပြပြဖြင့်ကျန်ရစ်ခဲ့ပါတော့တယ်။

+++++

အောင်မြတ်သာတို့ဆရာတပည့်တွေအနေနဲ့ ထန်းလုံးဖြူရွာကနေ ထွက်လာပြီးတဲ့နောက်မှာတော့ အစနောက်ကြမ်းတဲ့ရွာတစ်ရွာကို မထင်မှတ်ပဲ ရောက်လာခဲ့ကြတယ်။

အဲဒီရွာမှာကြုံတွေ့နေရတဲ့ ထူးဆန်းအံ့ဩဖွယ်ဖြစ်ရပ်တွေကို ဘယ်လိုကူညီပေးကြမလဲ၊ အဖွဲ့ထဲမှာ ပါလာတဲ့ ဖိုးကတုံးကရော ဘယ်လိုမွှေဦးမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်စုန်းဖြူမရွာဆိုတဲ့ဝတ္တုမှာဖတ်ရှု ပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)