သေချင်တဲကျားတောပြောင်း

သေနတ်တစ်လက်တည်း ယူလာခဲ့မိခြင်းပင်။ ထိုသေနတ်ကလည်း ကျွန်တော့်လက်တွင်းပင်။

သူကိုင်ဆောင်ထားသည့် သေနတ်က နံပါတ်(၁) တရုတ်ပြည်လုပ် ဘေးဆွဲ လေသေနတ်ကလေးပင်။ အမှန်ကလည်း သူနှင့်ကျွန်တော် နှစ်ဦးတည်း ခွဲထွက်လာကြသည်မှာ သားကောင်ကြီးများကို ပစ်ခတ်ဖို့ ထွက်လာခဲ့ကြခြင်းမျိုး မဟုတ်။ စားပင်တွင် စောင့်ကာ အသီးများတို့ကို လာရောက်စားသောက်ကြမည့် ရစ်၊ တောကြက်၊ အောက်ချင်း၊ အောင်လောင်း၊ ငှက်ငနွား၊ ငူစိမ်း၊ ငူကုလားနှင့် မျောက်၊ ကျေးငှက် သာရကာများတို့ကို ပစ်ခတ်ကြရင်း လိုရမယ်ရ သက်စောင့်အဖြစ် ယူဆောင်လာခဲ့သော နှစ်လုံးပြူးသေနတ်ကို ကျွန်တော်က ကိုင်ကာ အဖော်အဖြစ် လိုက်လာခဲ့သည့်ခရီး။ စားပင်ရှိရာဆီသို့ပင် မရောက်ကြသေး။

အလာခရီးတွင် လျှိုကြီးအောက်ဆီမှ မသင်္ကာဖွယ် သားကောင်ငယ်ကလေးတို့၏ အော်လိုက်သံများ ကြားလိုက်ကြရသဖြင့် နှစ်ဦးသား ကမ်းပါးယံထက်သို့ ဖက်တွယ်တက်လိုက်ပြီး လျှိုကြီးအောက်ပိုင်းဆီသို့ ငုံ့ကြည့်လိုက်ကြရင်းမှ ထင်မှတ်မထားဘဲ သားကောင်ကြီးနှင့် သားငယ်သုံးကောင်တို့ကို တွေ့မြင်လိုက်ရခြင်းပင်။

ကျွန်တော်သည်ပင် ကမ်းပါးယံအထက်မှ မမျှော် လင့်ဘဲ ရုတ်တရက် တွေ့မြင်လိုက်ရသော သားကောင်ကြီးကို သေနတ်နှင့် ပစ်ခတ်ရန် ချိန်ရွယ်ပြီး မောင်းတင်လိုက်သော်လည်း ပစ်ခလုတ်ကို ဆွဲဖြုတ်ဖို့ ဝန်လေးနေရသည့် အကြောင်းရင်းက ဝါသနာအရ တောတောင်ကြီးများတို့အတွင်း သားကောင်များကို လိုက်လံပစ်ခတ်သတ်ဖြတ်နေသူဆိုပေမဲ့ ယခုလိုအချိန်မျိုးကျကာမှ မေတ္တာ၊ သနားကရုဏာ၊ ကိုယ်ချင်းစာနာနေမှုနှင့် မုဒိတာပွားနေသည့်အပေါ် မယုံကြည်နိုင်လောက်အောင် တအံ့တဩဖြစ်နေသည့်အကြည့်မျိုးနှင့် စူးစူးစိုက်စိုက် ကြည့်နေရင်း သက်ပြင်းမောကလေးများတို့ကို ရှိုက်ထုတ်လိုက်ကာ ပက်လက်လှန်ကျောခင်းရင်း မိုးကောင်းကင်ဆီသို့ အဓိပ္ပာယ်မဲ့ လှမ်းကြည့်နေသည်။

ကျွန်တော့်လက်တွင်းရှိနေသော သေနတ်ကိုသာ သူကိုင်ဆောင်ထားပါက မလွဲဧကန် ပစ်မည်ကအမှန်။

အာလူးဖြစ်နေသည့် အပြုအမူကိုကြည့်ရင်း ကျွန်တော့်ကိုယ်ကျွန်တော် ပြန်စဉ်းစားနေမိပြန်သည်။ ကျွန်တော်သည် ဝါသနာအရ တောတောင်များအတွင်း လိုက်လံပြီး သားကောင်များကို ပစ်ခတ်သတ်ဖြတ်နေသူတစ်ယောက်ဆိုပေမဲ့ ယခု မျက်စိအောက်တွင် တွေ့မြင်နေရသော သားကောင်ကြီးကို ပစ်ခတ်ရန် မဝံ့မရဲ ဖြစ်နေရသည့်ကိစ္စက ကျွန်တော်မလွန်ပါ။

မြင်ကွင်းကိုလည်း ကြည့်ဦးလေ …။

လျှိုကြီးအောက်ပိုင်းအတွင်းမှ ထူးထူးခြားခြား သား ကောင်ငယ်ကလေးများတို့ အော်ဟစ်လိုက်ကြသည့်အသံများကို ကြားလိုက်ရသည်မို့ ချောက်ကမ်းပါးယံထက်ဆီသို့ နှစ်ဦးသား ချုံနွယ်များအကြားမှ ဝမ်းလျားမှောက် တိုးတက်သွားကြရင်း အသံကြားလိုက်ရာ လျှိုကြီးအောက်ပိုင်းဆီသို့ လှမ်းကြည့်လိုက်တော့ ‘ဂူကြီးအတွင်းပိုင်းဆီမှ ယိုင်နွဲ့စွာနှင့် ချုံပင်ငယ်များအကြားမှ တိုးထွက်လာကြသော တောကြောင်ပေါက်ကလေးများလို အကောင်သုံးကောင်က တိုးထွက်လာသည်ကို တွေ့မြင်လိုက်ကြရသလိုသူတို့နှင့် မျက်နှာချင်းဆိုင်ဘက်ဆီမှ အနက်ကွက် အစက်အပြောက်များတို့အတိနှင့် ကျားသစ်ကြီး တစ်ကောင်က ဂျီ(ချေ)ပေါက်အသေကောင်ကို လယ်ကုပ်မှ ကိုက်ဆွဲလျက် အန္တရာယ်ရှိနေသည်ကို မသိသည့်ပမာ သားသမီးများတို့ ပြေးထွက်လာရာဆီသို့ ကိုက်ဆွဲလာနေသည်။

ဂူကြီးအတွင်းဆီမှ မိခင်ကြီး ပြန်အလာကို စောင့်စားမျှော်လင့်နေကြသည့် သားပေါက်ကလေးသုံးကောင်က မိခင်ကြီး၏ အနံ့အသက်များကို ရသွားကြဟန်ထင့်။ သူတို့မိခင်ကြီး လာနေပြီဟူသောအသိနှင့်-အားရရွှင်မြူးစွာ အလုအယက် ယိုင်ယိုင်နွဲ့နွဲ့ ပြေးထွက်လာကြပြီး အနီးသို့ ရောက်လာသည့် မိခင်ကြီး ဝမ်းဗိုက်အောက်မှ တွဲရရွဲကျနေသည့် နို့အုံမှ နို့ချိုတို့ကို တစ်ကောင်နှင့်တစ်ကောင် အလုအယက် ပတပ်ရပ်လိုက်ကြရင်း သောက်စို့ကြမည့်အသွင်မျိုးနှင့် ငုံခဲလိုက်ကြသည်။

မိခင် ကျားသစ်မကြီးမှာ ရပ်တန့်၍ အတန်ငယ် ငြိမ်သက်နေလိုက်ပြီး ပါးစပ်တွင်း ကိုက်ခဲဆွဲယူလာသော ဂျီအသေကောင်ကို မြေပြင်သို့ လွှတ်ချလိုက်ကာ သူ၏ကိုယ်ထည် ခါးကျောရှည်ရှည်ကြီးကို အထက်ဆီသို့ ရှုံ့လျက် ခါးရိုးကို မြှောက်တင်လိုက်ရင်း တစ်ချက်ဟိန်းလိုက်ရာ သားငယ်များတို့မှာ နောက်ကိုလန်၍တစ်မျိုး၊ မြေပြင်သို့ ဘေးတိုက်ပစ်ကျသွားကြသည်တို့က တစ်သွယ်နှင့် ဖြစ်သွားကြသည်ကို တွေ့မြင်လိုက်ကြရပေသည်။

ကျားသစ်မကြီး၏ ဟိန်းလိုက်သံကြောင့် ဝန်းကျင် တစ်ဝိုက် သိမ့်သိမ့်တုန်ခါသွားသလို အဆက်မပြတ် အော် မြည်နေကြသည့် ပုဇဉ်းရင်ကွဲအော်သံများတို့ပင် တိခနဲ ရပ်တန့်သွားကြကာ လျှိုကြီးဝန်းကျင်တစ်ဝိုက် ကြက်ခြမ်းပင်များတို့ထံမှ ကြက်ခြမ်းသီးမှည့်များကို ထိုးဆိတ်စားသောက်နေကြသည့် တောကြက်တစ်အုပ်သည်ပင် ကတောက်သံညံအောင် ပေးရင်း အဝေးဆီသို့ ပျံပြေးထွက်သွားကြသည်ကိုလည်း တွေ့ မြင်လိုက်ရပေသည်။

သားကောင်ကြီးမှာ ခါးကျောကို ရှုံ့၍ အပေါ်သို့ မြှောက်တင်ထားရာမှ မြေပြင်ပေါ်တွင် လဲကျနေသည့် သူ၏ ကလေးများကို လျှာနှင့်တစ်ကောင်ချင်း လျက်ပေးနေရင်း ချော့မြူနေသည့်အသွင် အတန်ကြာကြာလျက်ပေးရင်း တစ်နေရာဆီသို့ နှာခေါင်းနှင့် တွန်းထိုးဖယ်ရှားကာ အောက်ဘက်တွင်ရှိနေသည့် ဖက်ရွက်အခြောက်တို့ပေါ်သို့ သူ၏ နို့အုံမှ ဖြူဖွေးသော နို့ရည်များ ပန်းထွက်လာကာ နို့များ ချပေးနေသည်ကို တွေ့မြင်လိုက်ရပြန်သည်။

ကျားသစ်မကြီး၏ နို့အုံဆီမှ ထွက်လာသော နို့ရည် ဖြူဖြူတို့သည် အောက်ခံဖက်ရွက်များတို့ဆီသို့အရောက် ကျွန်တော်တို့ ကြည့်နေကြရာ မကြာမီအချိန်ကလေးအတွင်းမှာ ပြင်ပလေနှင့် ထိတွေ့ကာ ချက်ချင်း အရောင်ပြောင်းသွားပြီး ညိုတိုတိုအရောင်ဘက်သို့ လုသွားသည်ကို တွေ့လိုက်ရပေသည်။

ထိုအချိန်တွင် အကောင်ငယ်သုံးကောင်အား မိခင် ကျားသစ်မကြီးက ရုန်းကန်တိုးထွက်လာကာ သစ်ရွက်ခြောက်များတို့ပေါ်ရှိ နို့ရည်များကို သူ့ထက်ငါလု၍ လျှာဖြင့်လျက်ကာ စားသောက်နေကြပေသည်။

ကျားသစ်မကြီးမှာ သားငယ်တို့နှင့် အတန်ငယ် လှမ်း သွားသဖြင့် ဆောင့်ကြောင့်ထိုင်နေရာမှ ကြုံးထလိုက်ပြီး သူကိုက်သတ်ထားသည့် ချေ(ဂျီ)သေကောင်အနီးသို လျှောက်လှမ်းသွားကာ ဝမ်းဗိုက်သားတို့ကို ဖောက်လျက် စားသောက်နေပေတော့သည်။

ထိုအချိန်တွင် အကောင်ပေါက်ကလေးများသည် သစ်ရွက်ခြောက်များပေါ်ရှိ နို့ရည်တို့ ကုန်သွားပြီဖြစ်သဖြင့် မိခင်ကြီး စားသောက်နေသည့် နေရာဆီသို့ တိုးကပ်သွားကာ လေးဘက်ထောက်ပြီး မြေပြင်တွင် ဖင်ထိုင်ချလိုက်ကြရင်း စူးစူးရဲရဲ ကြည့်နေလိုက်ကြသည်။

အတန်ကြာတော့ ထိုအရာသည် စား၍ကောင်းသောအရာ ဖြစ်သည်ကို သိရှိလက်ခံလိုက်ကြသောကြောင့်လားတော့ဖြင့် မသိ။ ရှေ့သို့တိုးလျှက် နမ်းကြည့်သည်။ လျှာဖြင့် လျက်ကြည့်သည်။ ထိုကဲ့သို့ လေးငါး ကြိမ် စမ်းသပ်ပြီး မိခင်ကြီးနည်းတူ အားကျမခံ အလုအယက် ဝမ်းတွင်းသားတို့ကို စားနေကြပေတော့သည်။

မိခင်ကျားသစ်မကြီးသည် ထိုကဲ့သို့ သူ၏ သားငယ် များ တစ်ပျော်တစ်ပါး ဝိုင်းဝန်းစားသောက်နေကြသည်ကို အားရဝမ်းသာသည့် အသွင်မျိုးနှင့် နောက်နားဆီသို့ အနည်းငယ်ဆုတ်ခွာလိုက်ရင်း မြေပြင်ထက်ဆီတွင် ဖင်ထိုင်ချလိုက်ကာ ကျေနပ်အားရ ပီတိဖြာနေပုံမျိုးနှင့် မိမိသင်တန်းပို့ချလိုက်သည့် သင်ခန်းစာ(၁)၊ လေ့ကျင့်ခန်း(၁)၊ စာမျက်နှာ(၁) ကို မိမိ၏ရင်သွေးများ တတ်မြောက်သွားကြပြီဟူသော ပီတိ အသွင်မျိုးဖြင့် သူ၏အမြီးကို မြေပြင်တွင် တဘုတ်ဘုတ်ရိုက်ခတ်ကာ ဂုဏ်ယူဝံ့ကြွားနေသည့်အသွင်မျိုး။

ထိုကဲ့သို့ သူ၏ သားသမီးများ၊ သားကောင်၏ အသားတို့ကို စတင်၍ စားရကောင်းမှန်း သိရှိသွားကြပြီကို ပီတိစိတ်အပြည့်နှင့် စူးစိုက်ကြည့်နေစဉ် ရုတ်ချည်း ခေါင်းထောင်ကာ သူ၏နားရွက်တိုဝိုင်းဝိုင်းလေးနှစ်ခုက ဝန်းကျင်ဘေးဘယ်ညာများတို့ဆီသို့ ကွေ့ဝိုက်ပြီး တစ်ခုခု ထူးခြားသည့်အသံကို ကြားလိုက်ရသဖြင့် စူးစမ်းနေသည့်ပုံ။

ထိုမြင်ကွင်းများတို့ကြောင့် ကမ်းပါးယံအထက်ရှိ ကျွန်တော်က ပစ်ခတ်ဖို့ ဆက်မကြိုးစားတော့ဘဲ သေနတ်ကိုရုပ်ကာ အာလူးကဲ့သို့ပင် မြေပြင်တွင် ကျောခင်းလိုက်ရင်း အကြည့်များကို ကောင်းကင်ပြာကြီးဆီသို့ ပို့လိုက်သလို သက်ပြင်းမောများကို လည်း ထုတ်လိုက်မိပေသည်။

ဝါးရုံကြီးများထက်ဆီမှ ဝါးရွက်များနှင့် မြရာကိုင်း တို့က လေအတိုးတွင် လှုပ်ရမ်းနေကြသည်။ အာလူးကား သားကောင်ကြီးကို ကျွန်တော်မပစ်ဘူးဆိုသည့် ဆုံးဖြတ်ချက်ကို သိသွားပြီမို့ ထပ်မံ စောဒကတက်မနေတော့ဘဲ ကောင်းကင်ကိုသာ စူးစိုက်ကြည့်နေသည်။ ကျွန်တော့်ကို သူ မကျေနပ်ဘူးဆိုတာ မည်သူ့ကိုမျှ မေးနေဖို့မလိုဟု ကျွန်တော်သိလိုက်သည်။

ထိုအချိန်တွင် လျှိုကြီးဆီမှ သစ်ရွက်ခြောက်များတို့ အပေါ် ရှပ်တိုက်ပြေးလွှားသံသဲ့သဲ့ကို ကြားလိုက်ရသဖြင့် စောင်းငဲ့ကြည့်လိုက်ရာ ကျားသစ်မကြီး ပြေးထွက်သွားသည်ကို မြင်လိုက်ရသလို သားပေါက်ကလေးသုံးကောင်ကလည်း မိခင်နောက်သို့ ဒရီးဒယိုင်နှင့် ပြေးလိုက်သွားကြသည်ကို တွေ့ မြင်လိုက်ရပေသည်။

နံနက်ခင်းပေမို့ မြူနှင်းများတို့က ရှိနေဆဲ။ လေပြည် သုတ်ဖြူးလိုက်မှုကြောင့် အတန်ငယ် အေးနေသည်။ ကျေးငှက်သံတစာစာနှင့် မျောက်အော်သံများအပြင် ရစ်ဖကြီးများ၏ အတောင်ခါသံများကိုလည်း ကြားနေရသည်။

မြူနှင်းများ လွှမ်းခြုံရစ်သိုင်းနေကြသလို ခပ်ဝေးဝေးတွင် လှမ်းမြင်တွေ့ နေရသော ‘မဟူရာ’တောင်မြင့်မြင့်ကြီးပင် သူ့ဝန်းကျင်တစ်ခုလုံး အားယူနေဆဲ နေရောင်လဲ့လဲ့ကြား မြမြစိမ်းစိမ်းနှင့် မပီဝိုးတဝါး ထိုတောင်မြင့်ကြီးဘေးမှ မြွေကြီးတစ်ကောင်လို အိပ် မောကျနေသည့် ပဲခူးရိုးမတောင်ကျချောင်းတွင်းရှိ ကြည်လဲ့လဲ့ရေတို့သည် ဖြတ်သန်းတိုက်ခတ်လိုက်သော လေနုအေးတို့၏အရှိန်ကြောင့် လျှပ်ပြေးလှိုင်းတွန့်ကလေးများတို့က ပြေးလွှားဆော့ကစားနေသည့်မြင်ကွင်းက ရိုးမကြီး၏ နံနက်ခင်းနေ့သစ်တစ်နေ့၏ အလှကို ဖော်ပြနေသယောင်။

သားကောင်တို့ ပေါများသော သည်မဟူရာတောင် ကြီးအခြေတောင်ကျချောင်းရိုးတစ်လျှောက်နှင့် ဝန်းကျင်များတို့ဆီတွင် ကျွန်တော်တို့အဖွဲ့ မကြာမကြာ ရောက်ပြီး အမဲသားကောင်တို့ကို ပစ်ခတ်ကြလေ့ရှိသည်။

ယခုလည်း မြေမာဆန်သော လူသွားလမ်းကလေးထက်တွင် ကျွန်တော်တို့နှစ်ဦး အဖွဲ့နင့်ခွဲကာ ငှက်ပစ်ရန်အတွက် စားပင်ရှိရာ ‘လယ်စတုန်း’သို့အလာ လမ်းတွင်ပင် လျှိုကြီး၏ အောက်ပိုင်းဆီမှ သားကောင်ငယ်လေးများ၏ အော်ဟစ်လိုက်ကြသည့်အသံများကို ကြားလိုက်ကြရသဖြင့် ကမ်းပါးယံထက်သို့ တက်ပြီး အသံကြားလိုက်ရာဆီ လှမ်းကြည့်ကြရာ မမျှော် လင့်ဘဲ ကျားသစ်မကြီးနှင့် သားပေါက်စကလေးများတို့ကို တွေ့လိုက်ကြရသဖြင့် မပစ်ခတ်ကြတော့ဘဲ စားပင်ရှိရာဘက်ဆီသို့ ဆက်လက်လျှောက်လှမ်းသွားကြေခြင်းပင်။

ထိုသို့ လျှောက်လှမ်းကြရင်း တစ်နေရာအရောက်တွင် –

“ဒိုင်း …“

လျှောက်လှမ်းနေသည့် လမ်းကမ်းကလေး၏ လက်ဝဲဘက်တောကြီးအတွင်းဆီမှ ပေါက်ကွဲမြည်ဟိန်းသံကြီးတစ်ချက် ကြားလိုက်ရသလို၊ သားကောင်ကြီးတစ်ကောင် ဟိန်းဟောက်သံကိုလည်း ကြားလိုက်ရပြန်သည်နှင့်အတူ မြေပြင်တွင် လူးလှိမ့်ရင်း ဝရုန်းသုန်းကား နာနာကျည်းကျည်း အော် ဟစ်လိုက်သည့်အသံများကိုပါ တစ်ဆက်တည်း ကြားလိုက်ကြရသည်မို့ လှမ်းလက်စ ခြေလှမ်းများတို့ကို ရပ်တန့်ပစ်လိုက်ကြကာ နားစွင့်လိုက်ရင်း အခြေအနေကို အကဲခတ်လိုက်ကြပေသည်။

အခြေအနေ အရပ်ရပ်ကို ကျွန်တော်တွေးဆလိုက် သည်။ မကျွမ်းကျင်သော သေနတ်သမားတစ်ယောက်က လူကို ပြန်အန္တရာယ်ပေးတတ်သည့် သားကောင်ကြီးတစ်ကောင်ကို မထိမခိုက် ပစ်ခတ်လိုက်ပြီဟု အထင်ရောက်လိုက်သလို သားကောင်ကြီးကလည်း မြေပြင်တွင် လူးလှိမ့်နေရင်းမှ ကြုံးထလိုက်ပြီး တောချုံပုတ်ကြီးတစ်ခုကို ခုန်ပျံကျော်လွှားကာ တောထဲသို့ တိုးဝင်ရန် ကြိုးစားလိုက်ဟန်ထင့်။

လမ်းတစ်ဝက်တွင် တစ်ခုခုနှင့် တိုက်မိပြီး မြေပြင်သို့ ပစ်ကျသွားသဖြင့် နာနာကျည်းကျည်း လူးလှိမ့်အော်ဟစ်လိုက်ရင်း အသံပျောက်သွားသည်ကို သတိထားလိုက်မိသည်မို့ အခြေအနေက ပစ်ခတ်လိုက်သည့် သေနတ်သမားကို ပြန်လည်အန္တရာယ်ပေး တော့မည်ဟု တွက်ဆလိုက်မိသဖြင့် အာလူး မျက်နှာကို လှမ်းကြည့်လိုက်မိကာ ထိုနေရာဆီသို့ သွားကြရန် မေးထိုးအချက်ပြလိုက်ရင်း သေနတ်မောင်းခလုတ်ကို ရှေ့သို့ တွန်းပို့ကာ သေနတ်သံကြားလိုက်ရာနှင့်, သားကောင်ကြီး လူးလိမ့်နေသော နေရာဆီသို့ ပြေးလွှားဝင်ရောက်လိုက်ကြပေတော့သည်။

တွေ့လိုက်ရသည့် မြင်ကွင်းကား ကျွန်တော် တွေး ထင်ယူဆထားသလို သေနတ်နှင့် လှမ်း၍ပစ်လိုက်သူမှာ တစ်ယောက်မဟုတ်ဘဲ သားကောင်များ ဝင်လမ်းထွက်လမ်းတို့တွင် မုဆိုးများ ထောင်ထားသည့်(လေးချက်)တစ်ခု ဖြစ်နေသည်ကို တအံ့တဩ တွေ့မြင်လိုက်ရပေသည်။

တစ်ဆက်တည်းပင် သားကောင်၏ အနေအထားကို လှမ်းကြည့်လိုက်ရာ မည်သည့်နေရာဆီသို့ ထိမှန်သွားသည်ကို မခန့်မှန်းနိုင်သော်လည်း မြေပြင်တွင် လူးလှိမ့်ထားသော နေရာတို့တွင် သွေးကွက်ကြီးများတို့က မြင်မကောင်း။

လက်ဖျားကလေးနှင့် တို့သပ်ကြည့်လိုက်ရာ သွေးစများတွင် အမြှုပ်များ ထွက်နေသည်ကို ခန့်မှန်းရခြင်းအားဖြင့် ကျည်ခဲလုံးတို့က အဆုတ်ကို ဖြတ်ဖောက်သွားဟန်ပင်။

ကျွန်တော်က သွေးစက်သွားရာလမ်းကြောင်းကို လိုက်လံကြည့်ရှုနေစဉ် နောက်ကျော တောချုံပုတ်ကြီးအတွင်းဆီမှ သားကောင်တစ်ကောင်က သစ်ရွက်ခြောက်တို့အပေါ် နင်း၍ တိုးထွက်လာသံကို ကြားလိုက်ရသဖြင့် ချုံပုတ်ကြီးအတွင်းဆီမှ ခုန်ထွက်လာသော သားကောင်ကြီးကို ဒူးထောက် ထိုင်ချလိုက်ရင်း သေနတ်မောင်းခလုတ်နှစ်ခုလုံးကို တစ်ပြိုင်တည်း ဆွဲညှစ်ချလိုက်မိပေတော့သည်။

သေနတ်သံကြီးနှစ်ချက်က ဆင့်ကာဆင့်ကာဖြင့်

“ဒိုင်း . . . ဒိုင်း”

တော်လဲလိုက်သည့်အခါ ထွက်ပေါ်လာသည့် အသံကြီးမျိုးဖြင့် တောကြီးတစ်ခွင်လုံး ဖုံးလွှမ်းသွားပေသည်။ သေနတ်ပြောင်းနှစ်ခုအတွင်းမှ ကျည်ခဲလုံး(၁၈)လုံးက ကျွန်တော့်ကို ခုန်အုပ်လာသော သားကောင်ကြီး၏ ကိုယ်လုံးအတွင်း ဖြတ်ဖောက်ကာ နောက်ဘက်ဆီသို့ ပြန်ဆွဲယူသွားခြင်းကို ခံလိုက်ရသည်မို့ ကျည်ခဲလုံးတို့နှင့်အတူ နောက်ပိုင်းဆီသို့ ပြန်ပါသွားပြီး မြေပြင်ဆီသို့ ‘ဘုန်း’ခနဲ ပစ်လဲကျသွားသည်နှင့်အတူ ငြိမ်သက်သွားပေတော့သည်။

နောက်ထပ် တုပ်တုပ်မျှပင် မလှုပ်တော့။

ကျွန်တော်က လျင်မြန်စွာ သေနတ်ဇက်ကို ချိုးလိုက် ပြီး ကျည်သစ်နှစ်တောင့် ထိုးသွင်းကာ ထူးခြားမှုရှိက ပစ်ခတ်ရန် အသင့်အနေအထားမျိုးဖြင့် လှုပ်ရှားလာမည့်သားကောင်ကြီးကို ငံ့လင့်စောင့်စားကြည့်ရှုနေလိုက်မိပေသည်။ သားကောင်ကြီးကို အသေအချာ လိုက်လံကြည့်ရှုနေလိုက်ရင်းမှ တအံ့တသြဖြစ်သွားလိုက်မိသူကလည်း ကျွန်တော်ရယ်သာပင်။

တွေ့မြင်လိုက်ရသည်က မြေပြင်ထက်တွင် ဘေးတိုက်လဲကျသေဆုံးနေပြီဖြစ်သော ကျားသစ်မကြီးမှာ သွေးများဖြင့် စွန်းထင်းနေသည့် မြေပြင်ထက်တွင် လျှာကို တစောင်းကိုက်လျက် အသက်ပျောက်နေပြီး သူ၏ တစ်ကိုယ်လုံးတွင် ကျည်ခဲလုံးများ ဖြတ်ထောက်ထားခြင်းခံထားရသည့် နေရာတို့မှ သွေးများထွက်ကာ ယိုစီးနေသလို ဝမ်းဗိုက်နို့အုံဆီမှ နို့သီးခေါင်းများတွင် နို့ရည်ဖြူဖြူများတို့ တစ်စက်ချင်း ထွက်ကျနေသည့် မြင်ကွင်းကို တွေ့မြင်လိုက်ရသောကြောင့်ပင်။

ကျွန်တော့်အသိတွင် ကံတရားကိုပင် ယိုးမယ်ဖွဲ့ရ လေမည်လားတော့ဖြင့် မသိ။

နားလည်အောင် စကားပုံနှင့် ပြောလိုက်ရလျှင် ‘သေချင်တဲ့ကျား တောပြောင်း’ ဟုသာ ဆိုလိုက်ချင်ပေတော့သည်။

မျက်စိအောက်တွင်ပင် မွေးကာစကလေးငယ် ကလေးများနှင့်မို့ မပစ်ခတ်လိုသဖြင့် တမင်ရှောင်ထွက်လည်း သူ့ကံတရားက ယနေ့တွင်ပင် သေရမည့် အဖြစ်မျိုး။

ကျွန်တော်က မြေပြင်တွင် သွေးအလူးလူး ဒဏ်ရာများစွာတို့နှင့် ဘေးတိုက်လဲကျသေဆုံးနေပြီဖြစ်သော ကျားသစ်မကြီးကို စိတ်မကောင်းခြင်းများစွာနှင့် မသက်မသာကြည့်လိုက်ရင်းမှ မူလပစ်ခတ်ခံလိုက်ရသည့် (လေးချက်)ရှိရာဆီသို့ လှမ်းကြည့်လိုက်မိသည်။ သေနတ်က တူမီးသေနတ်မျိုးပင်။

လေးချက် ဆိုသည်က သားကောင်များကို ထောင်ပြီး ဖမ်းဆီးသတ်ဖြတ်သည့် ထောင်ချောက်မျိုးပင်။ လယ်ထိုးကွင်း၊ သုတ်ကိုင်း၊ သံညှပ်၊ ဂုတ်ပိုက်၊ တုံးဘိနှင့် ကပ်ဘိများတို့ကဲ့သို့ မဟုတ်။ ဒူးလေးကို လေးညှို့ဆွဲတင်ထားပြီး မြားလမ်းကြောင်းတွင် မြားတံကိုထည့်ကာ သားကောင်၏ ဝင်လမ်း၊ ထွက်လမ်း ကို သစ်ပင်နှင့် ကပ်လျက် ချိန်ရွယ်ခြင်းအားဖြင့် သားကောင်နှင့် တိုးမိ၊ တိုက်မိကာ မောင်းခလုတ်ဖြုတ်ပြီး မြားတံက သားကောင်ကို စူးဝင်သောနည်းပင်။

မြားတံတွင် အဆိပ်လူးထားသဖြင့် လေးချက်ထိသော ထိုသားကောင်မှာ ထိုဝန်းကျင် ဆယ်ကိုက်ထက် ပိုမပြေးနိုင်ဘဲ အသက်ပျောက်ပေသည်။

ယခု ကျားသစ်ကြီးကို သုံးလိုက်သောနည်းကား ဒူးလေးနေရာတွင် တူမီးသေနတ်ကို သုံးစွဲလိုက်ခြင်းပင်။

မည်သူထောင်ထားသည့် ထောင်ခြောက်ဆိုသည်ကို တော့ဖြင့်မသိ။ ယခုလို လူသူအရောက်အပေါက် ကျွဲ၊ နွားများတို့နှင့် အလွန်အလှမ်းကွာဝေးသည့် တောကြီးများအတွင်း ထိုနည်းများနှင့် မုဆိုးများ ထောင်တတ်ကြသည်မို့ ထောင်ထားသူမုဆိုးကိုလည်း အပြစ်မဆိုသာ။

ကျွန်တော်က ကျားသစ်မကြီးကို ကြည့်နေရင်း စဉ်း စားနေလိုက်မိသည်က မုဆိုးထုံးစံတစ်ရပ်ပင်။

ယခုကဲ့သို့ သားကောင်ကို နည်းမျိုးစုံနှင့် ထောင်ချောက်ဆင်ပစ်ခတ်ဖမ်းဆီးကြရာတွင် ရရှိသောသားကောင်သည် ထောင်ချောက်ဆင်ဖမ်းဆီးသူနှင့်သာ သက်ဆိုင်သည်။

ယခုမူ မုဆိုးထောင်ထားသည့် ကျားသစ်မကြီးကား မသေသဖြင့် ဒဏ်ရာများတို့နှင့်အတူ အနီးသို့ ရောက်သွားကြသော ကျွန်တော်တို့အား ရန်မူသဖြင့် ထပ်မံပစ်ခတ် စခန်းသိမ်းလိုက်ရသည်မို့ မည်သူနှင့် သက်ဆိုင်သည်ကို တစ်လမ်းလုံးစိတ်ကောက်ပြီး စကားမပြောခဲ့သော ‘အာလူး’ ကို

“ကဲ ဘယ်လိုသဘောရလဲကွ။ ဒီအကောင် ဘယ်သူနဲ့ဆိုင်မလဲ အာလူး”

“ကျွန်တော်တို့ ပစ်လိုက်တာမို့ ကျွန်တော်တို့နဲ့ပဲ ဆိုင်
တယ်လေ။ ယူသွားမယ်”

အာလူးက ထိုကဲ့သို့ ပြောနေလိုက်သည့်အချိန်တွင် နောက်ကျောတောစဘက်ဆီမှ တောတိုးသံများကို ကြားလိုက်ရသဖြင့် လျှပ်တစ်ပြက် အသံကြားရာဆီသို့ လှည့်ကြည့်ရင်း သေနတ်နှင့် ချိန်ရွယ်လိုက်ပြီး စူးစူးစိုက်စိုက်ကြည့်လိုက်တော့ တွေ့မြင်လိုက်ရသည့်မြင်ကွင်းက မိခင်ကြီးနောက်သို့ ပြေးလိုက်လာကြသည့် ကျားသစ်ပေါက်စလေးသုံးကောင်။

ယိုင်ယိုင်နွဲ့နွဲ့ ပြေးလိုက်လာကြသော ကျားသစ်ပေါက်စကလေး သုံးကောင်သည် သေနတ်နှင့် လိုက်လံချိန်ရွယ်ထားကြသော ကျွန်တော်တို့နှစ်ယောက်ရှေ့မှ ကြောက်ရလန့်ရမှန်းမသိဘဲ မြေပြင်တွင် သွေးအလူးလူးနှင့် ဘေးတိုက်လဲကျသေဆုံးနေပြီဖြစ်သော သူတို့မိခင်ကြီးရှိရာဆီသို့ သွားပြီး နို့အုံအတွင်းမှ နို့များကို အငမ်းအရ တစ်ကောင်နှင့်တစ်ကောင် လုယက်သောက်စို့နေသော မြင်ကွင်းကို ကျွန်တော် ဆက်ပြီး မကြည့်လိုတော့သဖြင့် အပြန်လမ်းကို လှမ်းတော့မည်မို့ ခြေလှမ်းပြင်လိုက်စဉ်

“ဒီသုံးကောင်ကို ကျွန်တော် ဖမ်းပြီး ယူလာခဲ့မယ်”

ကျွန်တော် ဘာစကားကိုမျှ ဆက်မပြောလိုသဖြင့် ဆက်လက်ထွက်ခွာလာခဲ့စဉ် နောက်ကျောဘက်ဆီမှ သားကောင်ငယ် ကျားသစ်ပေါက်ကလေးတို့၏ ပြန်လည် မာန်ဖီသံများကို ကြားနေရပေသည်။

အာလူးက အကောင်ကလေးများကို ဖမ်းနေသဖြင့် တုံ့ပြန်ရန်မူလိုက်ကြသည့်အသံမှန်းကို ကျွန်တော် သိလိုက်ပြီး လျှောက်လှမ်းခဲ့ပေတော့သည်။

– ပြီး –

စာရေးသူ – လေးမောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ