ကျားအိုကြီးရဲ့မာန်

ပြင်းထန်သော ယမ်းအားပေါက်ကွဲသံကြောင့် ချောင်းစပ်သို့ရောက်နေပြီဖြစ်သော ဂျီ(ချေ)သည် ထိတ်လန့် ရပ်တန့်သွားကာ အမောဆို့ လဲပြိုကျသွားသလို ဟင်းကောင်သည်လည်း တောအုပ်တွင်းသို့ ပြန်လှည့်ပြေးဝင်သွားတော့သည်။ ထိုဟင်းကောင် ပြေးလွှားသွားပုံကိုကြည့်ခြင်းအားဖြင့် ခြေထောက်တွင် ဒဏ်ရာရသွားကြောင်း သိလိုက်သည်။

“မတတ်နိုင်ဘူး ကိုပိုက်ရေ။ ဒီနည်းပဲ လုပ်ရတော့တယ်”

“ဒါ မှန်တာပေါ့ ဆရာလင်းရယ်။ သူများအစာကို ဟန့်တားရာ မရောက်ပါဘူး။ ဒုက္ခဆိုးနဲ့ ကြုံနေရရှာတဲ့ ဂျီ(ချေ)တောင်လေးရဲ့အသက် အန္တရာယ်ကို ကာကွယ်ပေးလိုက်တာပဲဗျာ”

စောလူးက သို့နှယ်ပြောရင်း အမောဆို့ လဲကျသွားသည့်ဂျီ(ချေ)ကောင်ထံသို့ ချောင်းကို ဖြတ်ကူးသွားသည်။ ” ကျွန်တော်နှင့်လင်းမြင့်လှိုင်သည်လည်း သူ့နောက်မှ ကပ်လိုက်သွားကြသည်။ဆောင်းကာလ ဖြစ်သည်ကြောင့် ရေသည် ခြေမျက်စိသာပင်ရှိ၏။

“ဟာ”

“ဟင်”

ဂျီ(ချေ)ကောင် နားရောက်သည်တွင် စိတ်မကောင်း ဖြစ်သွားကြသည်။ ကျားခံတွင်းမှ ကင်းရန် အားကျိုး မာန်တက်ပြေးလွှားရုန်းကန်
ခဲ့စဉ် ကူညီသူ ပေါ်လာငြား သတ္တဝါတိုင်း ရှောင်လွှဲမရသော သေခြင်းတရားကြောင့် ကျားစားခံသေရခြင်းမှ လွတ်ငြိမ်းခွင့်ရခဲ့ပေငြားအမော ဆို့သေဆုံးခဲ့ရချေပြီ ဖြစ်၏။

“မထူးပါဘူးဗျာ။ တောတောင်စောင့် နတ်မင်းကြီးက ကျွန်တော်တို့အတွက် တမင်လာဖန်တီးပေးတာ ဖြစ်လိမ့်မယ်။ ဖထီရေ ဒီဂျီ(ချေ)တို ဖျက်ပေးပါဦးဗျာ”

ကျွန်တော့်နံဘေး ရောက်နေသည့် လင်းမြင့်လှိုင်က သို့ပြောရင်းစောလူးကို ပြောလိုက်ပြန်၏။ရေကန်အသင့် ကြာအသင့် ဆိုဘိသကဲ့သို့ စခန်းတဲဆောက်ပြီးထင်းမီးပုံကြီးလည်း မီးဟုန်းဟုန်းတောက်ချေပြီ ဖြစ်သည်ကြောင့် လွယ်လင့်တကူ ရရှိလိုက်သော ဂျီ(ချေ)ကောင်ကို စခန်းသို့ သယ်မလာပြီး
ကောင်လုံးလိုက် မီးကင်လိုက်တော့၏၊
စောလူးက ဂျီ(ချေ)ကောင်ကို မီးကင်နေဆဲ ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် ချောင်းအောက်ဘက်သို့ အနည်းငယ် စုန်ဆင်းလိုတ်ကာကျောက်အိုင်ငယ်လေးတစ်ခုတွင် တိုယ်လက် သန့်စင်ဆေးကြောလိုက်ကြသည်။ ပေါ့ပါး လန်းဆန်းသွားတော့၏။

“ဝေါင်း”

နှစ်ယောက်သား အေးအေးလူလူ ခြေလက်ဆေး သန့်စင်နေကြဆဲမှာပင် ချောင်းတစ်ဖက်ကမ်းမှ ကျားဟိန်းသံကို ကြားလိုက်ရသည်။သူ့အစာ လက်လွှတ်ဆုံးရှုံးလိုက်ရသဖြင့် ဒေါသူပုန်ထနေသောကျားကောင်၏ ဟိန်းသံ ဖြစ်ချိမ့်မည်။ ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ အဓိပ္ပာယ်ပါပါ ပြုံးလိုက်ကြသည်။

စခန်းသို့ ပြန်ရောက်သည်တွင် လင်းမြင့်လှိုင် ယူလာသည့်ဝီစကီနှင့် ချေသား မီးကင်စားရင်း စကားစမြည် ပြောနေကြတော့၏။

ရံခါဆိုသလို ကျားဟိန်းသံကို ဝေးလိုက်၊ နီးလိုက် ကြားနေရသည်။’ စိုးရိမ်ဖွယ် မရှိပါချေ မီးတောက်အားကောင်းကောင်း မီးပုံကြီး
ရှိ၏။ သေနတ်တိုယ်စီလည်း ရှိကြ၏။

“ဒီအကောင်ကြီး သူ့အစာအလုခံရလို့ အတော်ကြီးကို မကျေမနပ် ဖြစ်နေပုံဗျ” သို့နှယ် ကျွန်တော်က ပြောလိုက်၏။

“ဘာလို့များ ဒီအနားမှာတင် တဝဲလည်လည် ဖြစ်နေပါလိမ့်၊ဒီတောက တောကောင် ပေါတာပဲ။ တစ်နေရာ ထွက်သွားရှာချေပေါ့ဗျာ”

သို့ဆိုသလို လင်းမြင့်လှိုင်က ပြောလာသဖြင့် “ဒီလို ဖြစ်လိမ့်မယ်ဗျ၊ ဒီကောင်ကြီးက ကျားအိုကြီးဖြစ်နိုင်တယ်။ နို့မဟုတ် ဒဏ်ရာအနာတရ ရထားတဲ့ကောင် ဖြစ်လိမ့်မယ်။ ဒါကြောင့်လည်း ဂျီ(ချေ)ကောင်လေးကို လွယ်လင့်တကူ လိုက်မဖမ်းနိုင်တာပေါ့”

“ဟာ… သိပ်ဖြစ်နိုင်တာပေါ့၊ ဆရာပိုက်ရယ်”
မုဆိုးစောလူးက ကျွန်တော့် တွက်ဆချက်ကို ထောက်ခံပြောလေ၏။ ကျွန်တော်တို့သည် စားသောက်ပြီးကြသည်တွင် ထင်းမီးပုံနံဘေးထိုင်ကာ စကားစမြည် ပြောနေကြပြန်သည်။

အတန်ကြာတွင်မှ အိပ်ရာဝင်လိုက်ကြတော့သည်။ မုဆိုးကြီး စောလူးသည် အိပ်ရာ မဝင်မီ ထင်းမီးပုံတွင်းသို့ ထင်းတုံးများ ထပ်ထည့်ပြီးလေမှ ကျွန်တော့်နံဘေးလာခွေ တော့၏၊

ကျွန်တော်သည် အိပ်ချင်စိတ် ပေါ်လာ၍ အိပ်ရာဝင်ခဲ့ငြားအတော်နှင့် အိပ်မပျော်နိုင်သေးချေ။ သို့ကြောင့် ဟိုတွေး၊ သည်တွေးတွေးနေဆဲတွင် ညှိစို့စို့အနံ့ဆိုးက နှာခေါင်းထဲ တိုးဝင်လာတော့၏။ သို့ဖြစ်၍ မှိတ်ထားသော မျက်ဝန်းအစုံကို ဖွင့်လိုက်ကာ အနံ့ဆိုး ဘယ်ကလာသည်ကို စူးစမ်းလိုက်သည်။ ပို၍ ပြင်းထန်စူးရှလာသည်ကြောင့် အိပ်နေရာမှ ကပျာကသီ ထထိုင်လိုက်ရင်း ပတ်ဝန်းကျင်တစ်ဝိုက် လှည့်ပတ်ကြည့်လိုက်သည်။

“ဟင်”

တောနက် အမှောင်ထုတွင်းမှ ခါးလေးကို ယိမ်းကာ နွဲ့ကာဖြင့်ကျွန်တော်တို့တဲ ရှိရာသို့ ဦးတည်လျှောက်လာသည့် ကျားကောင်ကိုဖျတ်ခနဲ တွေ့လိုက်တော့၏၊

ထိုကျားကောင်သည် ထင်းမီးရောင်အောက် ရောက်လာသည်။သို့ဖြစ်၍ ကျွန်တော်သည် လက်ဦးမှု ရယူထားရန်အတွက် သေနတ်ကို
ကပျာကသီ ကောက်ယူကာ ကျားကောင်ကို လှမ်းပစ်လိုက်တော့၏၊

“ဒိန်း”

“ဘာဖြစ်တာလဲ. . . ဘာကောင်တွေမို့လဲ”
သေနတ်သံကြောင့် လင်းမြင့်လှိုင်နှင့် စောလူးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ လန့်နိုးလာရင်း မေးကြသည်။ကျွန်တော်သည် ပေလေးဆယ်သာသာမျှသာ အကွာအဝေးရှိသော နေရာမှ ပစ်မှတ်ကို-လွဲချော်အောင် ပစ်ခတ်လိုက်မိသည်လား မသိ၊ကျားကောင်သည် တောနက်အမှောင်ထုအတွင်း လှည့်ပြေးဝင်သွားတော့သည်။

“နီးနီးလေးပစ်ရပေမင့် အိပ်မှုန်စုံမွှား ဖြစ်နေတာရယ်၊ ပြီးတော့ပစ်မှတ်က “ဟင်းကောင်” ဖြစ်နေတော့ ကြောက်ရွံ့စိတ်ဝင်ပြီး တုန်လှုပ်
နေတာရယ်ကြောင့် လွဲချော်သွားတာ ဖြစ်နိုင်တယ်”

သို့ဆိုသလို လင်းမြင့်လှိုင်ကို ကျွန်တော်က ဖာဖာထေးထေးပြောလိုက်၏။ တကယ်တော့ ကျွန်တော်သည် ကျားကို ခြောက်လှန့်ထုတ်
လိုက်ခြင်းသာ ဖြစ်သည်းကျွန်တော်က ကျားကောင် ရောက်လာသည်ကို ဘယ်သို့သိရကြောင်း ပြောပြလိုက်၏။ သည်တွင် လင်းမြင့်လှိုင်က စိုးရိမ်စိတ် လေသံဖြင့်…

“ကိုပိုက် အိပ်မပျော်သေးလို့ တော်သေးတာပေါ့။ နို့မဟုတ်ကျွန်တော်တို့ သုံးယောက်ထဲက တစ်ယောက်ယောက်တော့ဖြင့် ‘ဟင်းကောင်ဆွဲသွားလောက်ပြီပေါ့ဗျ” ပြောလေသည်တွင် မုဆိုးစောလူးက..

“မီးကင်ပြီး ချေသားကို လာဆွဲတာ နေမှာပါ” ဟု ပြောသဖြင့် ကျွန်တော်က စောလူးကို မျက်လုံး စွေကြည့်လိုက်ရင်း. . .

“ဖထီကလည်းလေ၊ ဒီဟင်းကောင်တွေက သွေးသံရဲရဲ အသားစိမ်းစားတဲ့ကောင်တွေပါဗျ။ ဘယ့်နှယ် အသားကင် စားကြမှာတုန်း”

ကိုပိုက် ပြောလိုက်တော့မှ ငြိမ်ကျသွားတော့သည်။

“ကဲ . . ကဲ. . . ဟင်းကောင်ကြီးလည်း လစ်ပါပြီ၊ အိပ်ကြစို့၊ နိုးနိုးကြားကြားတော့ ရှိပါစေနော်”
သို့ ကျွန်တော်က ဆက်ပြောရင်း ဝါးကြမ်းခင်းပေါ် လှဲ၍ အိပ်လိုက်၏။ သည်တစ်ခေါက်တော့ဖြင့် ကြမ်းခင်းပေါ် ခေါင်းချလိုက်သည်
နှင့် အိပ်ပျော်သွားတော့သည်။ သို့ငြား. . .

“ဒိန်း”

*ဒိန်း”

ပြင်းထန်စွာ အော်မြည်ထွက်လာသော သေနတ်သံကြောင့် အိပ်ပျော်နေရာမှ နိုးလာပြန်သည်။

စခန်းအနား ကျားလာကြောင်း။ ညနေက ကျားဖြစ်နေခြင်းကြောင့် ခြောက်လှန့်၍သာ ပစ်လိုက်ခြင်းဖြစ်ကြောင်း လင်းမြင့် လှိုင်ကပြောလာသဖြင့်. . .
“အမှတ်သည်းခြေ မရှိတဲ့ကျား၊ သေချင်ပြီ ထင်တယ်။ ဒီတစ်ကျော့ ပြန်လာလျှင်ဖြင့် ထိအောင်သာ ပစ်တော့ဗျာ။ ဘယ့်နှယ် အိပ်ရတယ်ကို မရှိဘူး. . . အတော် ဒုက္ခပေးတာပဲ”

အိပ်ကောင်းခြင်း မအိပ်ရသည်ကြောင့် သို့နှယ် ကျွန်တော်ကပြောလိုက်သည်။ နောက်ကြမ်းခင်းပေါ် လှဲချလိုက်သည်တွင် “ ဝေါင်း . . .ဝေါင်း. . . ဝေါင်း” ရယ်လို့ ကျားဟိန်းသံများ ပေါ်လာတော့၏။
..
စခန်း ပတ်ပတ်လည်မှ ပေါ်လာသော အသံဖြစ်ချေ၏။ တစ်ပြိုင်နက် အော်သံ ပေါ်လာခြင်း မဟုတ်၊ အသံတစ်သံ ထွက်လာလိုက်၊နောက် ပျောက်သွားလိုတ်၊ တစ်နေရာမှ အသံ ပြန်ပေါ်လာလိုက် ဖြစ်ခြင်းကြောင့်. . . တစ်ကောင်တည်းမှ လှည့်ပတ်အော်နေခြင်းဖြစ်ကြောင်းသိသလှပေ၏။

မည်သို့ဖြစ်စေ၊ ထိုကျားသံကို အလေးမမူ၍ မရတော့ချေ။ ထိုကျားသည် စခန်းတစ်ဝိုက်တွင်သာ ရှိနေ၏။ မည်သို့ အကြံ ရှိလေသည်မသိ။ ဂျီ(ချေ)သားကင်ကို လာချောင်းနေခြင်းတော့ မဖြစ်နိုင်။ ထူးခြားသည်ကား ကျားသံတို့သည် စခန်းနှင့် နီးနီးမှကြားလိုက်ရပြီး တစ်ခဏအကြာတွင် အဝေးကြီး ရောက်သွားပြန်၏။ ကျားတော (ကျားပေါသောတော)များ ရောက်နေသည်များလားရယ် မှတ်ထင်ရတော့၏။

ကျားမာန်တက်ကာ အော်ဟစ်ခြိမ်းခြောက်နေသည်ဖြစ်၍တစ်ညလုံး မအိပ်ရချေ။ သို့ ကျားကောင်ကို သတိထား စောင့်ဆိုင်းကြရင်း ကျလိ- ကျလိ၊ ကွစ်. . . ကွစ်… ကွိ… ရယ်လို့ ငှက်ငယ်များအိပ်တန်းထသံ ကြားရလေမှ အလင်းရောက်လုချေပြီ သိလိုက်သည်ကြောင့် စိတ်ချလက်ချ အိပ်ပျော်သွားသည် သိရသော်လည်း. . .

“အား”

ထိတ်လန့်တကြား အော်ဟစ်သံကြောင့် ဖျတ်ခနဲ လန့်နိုးလာရပြန်သည်။ ကျွန်တော်နှင့် လင်းမြင့်လှိုင် လက်ထဲတွင် သေနတ်ကိုယ်စီရောက်နှင့်ပြီး ဖြစ်နေတော့၏။

“ကိုလင်း. . . တပိုတပါး သွားတဲ့ဘက်ဆီက အသံဗျ”

သို့နှယ် ကျွန်တော်ကပြောပြီး ကပျာကသီ စခန်းတဲပေါ်မှ ဆင်းကာ တပိုတပါးသွားရန် လုပ်တော့သည်။

စခန်းတဲနောက်ဘက် မြောင်းငယ်လေးရှိရာသို့ သွားလိုက်သည်။တောတောင်ထဲတွင် ကျွန်တော်တို့သည် ကြုံရာနေရာတွင် တပိုတပါးသွားခြင်းကို ပြုလုပ်လေ့မရှိချေ။

သတ်သတ်မှတ်မှတ် လုပ်လေ့ လုပ်ထရှိ၏။ မြောင်းငယ်လေး တစ်ခုခုတွင် ကန့်လန့်ဖြတ် သစ်တုံးနှစ်တုံးကိုတင်ထားလိုက်၏။သို့တင်ထားရာ၌ အထိုင်ကျကျ စီမံတင်ထားခြင်း ဖြစ်၏။ ပြီးလျှင် သစ်ခက် သစ်ရွက်များဖြင့်အကာအရံသဘော လုပ်ထားခြင်းဖြစ်သည်။

တပိုတပါးသွားလျှင် ထိုသစ်ထုံးနှစ်တုံးပေါ် ခွထိုင်သွားကြခြင်းဖြစ်တော့၏၊ စခန်းတဲမှထိုနေရာသို့ သွားလမ်းကိုသာလျှင် ရှင်းလင်းထားတတ်၏၊ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် ထိုနေရာသို့ ရောက်လုတွင်ဆူညံသော အသံများကို ကြားရခြင်းအားဖြင့် လူနှင့်ကျား လုံးထွေး သတ်ပုတ်နေသည်ကို မလွဲဧကန်ဖြစ်ကြောင်း သိလိုက်သဖြင့် လူသားဘက်မှအတူအညီ အလျင်အမြန် ပေးနိုင်ရန် ပြေးသွားလိုက်ကြသည်။

“ဝေါင်း… ဝေါင်း…ဝေါင်း”

“အား .. ကဲကွာ .. ကဲကွာ”

လူနှင့်ကျား တိုက်ခိုက်သံ ဆူညံနေတော့၏။ ထိုတိုက်ပွဲကိုထင်းထင်းကြီး မြင်တွေ့ ရချေပြီ ဖြစ်သည်။လူသားကား စောလူးဖြစ်သည်။ ကျားသည် တစ်ညလုံး ကျွန်တော်တို့ကို ချောင်းမြောင်းနေသည့်အကောင် ဖြစ်သည်။

စောလူးသည် သူ့လက်တွင်းမှ ဓားမတိုဖြင့် လုံးထွေးရင်း ခုတ်နေသလို ကျားသည်လည်း လူသားကို ကိုက်ဖဲ့ ဆွဲလုနေသည်။

မမျှတသော တိုက်ပွဲ ဖြစ်သည်။ စောလူးသည် လူကောင် ထွားထွားဖြစ်ငြား ကျားသည် သူ့ထက်ပိုမို၍ တောင့်တင်းကြီးထွား၏။ စောလူး
ကံကောင်းသည်ကား ကျားအိုကျားနာ ဖြစ်နေခြင်းကြောင့်ပင်။

“ဒိန်း”

ကျွန်တော်သည် သေနတ်ကို မိုးပေါ် ထောင်ပစ်လိုက်၏၊ လူသားနှင့် ကျား သဲကြီးမဲကြီး သတ်ပုတ်နေရာမှ တဒင်္ဂ တွေဝေသွားကြကာ
တိုက်ပွဲရပ်ဆိုင်းသွားချိန်ကို အခွင့်ကောင်းယူ၍ လင်းမြင့်လှိုင်သည် ကျားကောင်ကိုလျှပ်တစ်ပြက် ပစ်လိုက်သည်။

”ဒိန်း”

ကျားကောင်၏ ဦးခေါင်းသည် လည်ထွက်သွားကာ ခန္ဓာကိုယ်ကြီးသည် ဘေးဘက်သို့ ခွေယိုင်လဲကျ သွားတော့၏။

“ဂရောင်း. . . ဝေါင်း”
..
လင်းမြင့်လှိုင် ပစ်ခတ်လိုက်သော ကျည်သည် ကျားကောင်၏နဖူးတည့်တည့် ဖြစ်ငြား လှုပ်ရှား ရုန်းကန်နေနိုင်သေးသည်ကြောင့် ကျွန်
တော်သည် ကျားကောင်၏ နှလုံးသားနေရာဆီသို့ ကျည်တစ်တောင့် ပစ်ခတ်သွင်းလိုက်ရပြန်၏။

“ဒိန်း .. ဖောက်”

သည်တော့မှ ကျားကောင် လုံးဝငြိမ်သွားတော့သည်။စောလူးသည် ကျားကောင်၏ ကုတ်ဆွဲ ကိုက်ခဲခြင်း ခံရခြင်းကြောင့် မေ့မြောသွားတော့သည်။ အသားလွှာကွာခြင်း၊ အနည်းငယ် ဒဏ်ရာနှင့် အရေပြား စုတ်ပြဲဒဏ်ရများကြောင့် သူမသေနိုင်လောက်သည်ကိုသိလိုက်ရသဖြင့် စောလူးအတွက် စိတ်အေးရတော့၏၊ကျားကောင်သေကို ကြည့်လိုက်သည်တွင် မနေ့က ဂျီ(ချေ)ကောင်ကို လိုက်ဖမ်းသော ကျားအိုဖြစ်နေသည်ကို သိလိုတ်၏။ ဘယ့်တွက်မူ ကျားကောင်သည် တစ်ချိန်က မုဆိုးတစ်ယောက်နှင့် ကြုံပြီး ထိုမုဆိုးလက်ချက်ဖြင့် သူ၏ ပါးစောင်ကို သေနတ်ကျည် ထိမှန်ခံခဲ့ရဖူးသည်။ ထိုဒဏ်ရာကြောင့် ပါးတစ်ခြမ်းရှိ သွားစွယ်နှင့် သွားများ လုံးဝမရှိတော့ခြင်း။

ပြီးနောက် ကျားကောင်၏ ရှေ့လက်ဝါးပြင်တွင် လွန်စွာမှ ကြီးမားသော ငုတ်စူးဝင်နေခြင်းကြောင့် အနာဖြစ်ကာ ပျောတ်ကင်းခြင်း မရှိ၊ လောက်ကောင်များပင် တွယ်နေလေပြီ ဖြစ်၏။ သို့ကြောင့်လတ်မသန်ခြင်းလည်း ဖြစ်နေပြန်သဖြင့် စောလူး ကံကောင်းသွားခြင်းဖြစ်၏။ နို့မဟုတ်ပါမူ စောလူးအတွက် မတွေးဝံ့စရာပင် ဖြစ်သည်။သို့နှယ် ကျားကောင်သည် ကျားအို ကျားနာ ဖြစ်နေခြင်းကြောင့်ဂျီ(ချေ) သတ္တဝါငယ်လေးကို လွယ်လင့်တကူ မဖမ်းယူနိုင်ခြင်း ဖြစ်သည်။

သို့ငြား ကျားကောင်သည် သူ၏ ဒေါသမာန်ကား နည်းနည်းလေးမျှမလျှော့ပါချေ။ သူ့အစာလုသူဟု သတ်မှတ်ထားသည့် ကျွန်တော်တို့ကို
ဒုက္ခပြန်ပေးရန် အလို့ငှာ တစိုက်မတ်မတ် ဇွဲနပဲကြီးစွာ ချောင်းမြောင်းနေခြင်းဖြစ်သည်။

ကြည့်. . . ဝေလီဝေလင်း အချိန်တွင် တပိုတပါးသွားထိုင်နေသည့် စောလူးကို ဒုက္ခပေးခြင်း ဖြစ်တော့၏။ သို့ငြား သူတွင် မာန်သာရှိ၏။ အားတော့ မရှိပါချေ။

ကျွန်တော်တို့က သူ့ ကို နားလည်ခွင့်လွှတ်ခဲ့ကြ၏။ ထိုသည်ကိုသူမသိ၊ နားမလည်၊ သူနှင့် မအပ်စပ်လေတော့သော ကျားမာန်ကို စွန့်လွှတ်ခြင်း မရှိခဲ့သည်ကြောင့် သူ အသက် ပေးဆပ်လိုက်ရခြင်း ဖြစ်တော့သည်။

မှုခင်းရှုထောင့်မဂ္ဂဇင်း
ဇူလိုင်လ (၂၀၀၂ခုနှစ်)

စာရေးဆရာ -(ကိုပိုက်)