မြိုင်သာရှာပုံတော်

တက်ရမယ်လို့ ရေးထားတာမှမဟုတ်တာ၊ ဒါဆို အဖေနေမကောင်းလည်း တခြားသူကို ကိုယ်စားပြုပြီး တက်ခိုင်းလို့ရတာပဲမဟုတ်လား၊ ဟိုရောက်တော့မှ အဖေအသည်းအသန်ဖြစ်နေတယ်လို့ ပြောပြရင် သူတို့နားလည်ပေးကြမှာပါ”

ကျုပ်ပြောတော့ ကိုမြင့်ကလည်း ခေါင်းညိတ်တယ်ဗျ။

“ဟုတ်တယ်သူကြီး၊ သူကြီးနေမကောင်းရင် ကိုယ်စားလှယ်လွှတ်လိုက်တာ ပိုပြီးအဆင်ပြေမယ်”

အဖေ့မျက်နှာက စူပုတ်သွားပြီးတော့

“ခက်တာက ကျုပ်ကလွဲရင် ဒီလိုအရေးကိစ္စကိုဘယ်သူကမှ မလုပ်တတ်တာပဲဗျ၊ ရွာကလူတွေကလည်း အဲဒါမျိုးဆိုရင်လွှတ်လို့မရဘူး၊ အရင်တစ်ခါ မြို့ကိုလွှတ်လိုက်တာ ပြဿနာဖြစ်ပြီးပြန်လာတာသာ ကြည့်တော့”

ကိုမြင့်က အဖေ့ကိုကြည့်ရင်း

“ဒါဆို သူကြီးအိမ်က တစ်ယောက်ယောက်လွှတ်ပါလားဗျာ”

“မဖြစ်ပါဘူးကွာ၊ အကြီးကောင်က စာတွေပေတွေ ဝါသနာပါတဲ့ကောင်မဟုတ်ဘူး၊ သူက ရပ်ရေးရွာရေးကိုလည်း သိပ်စိတ်ဝင်စားတာမဟုတ်ဘူးကွ၊ အဲ . . . အလတ်ကောင်ကျတော့”

အဖေက ဆက်မပြောဘဲ ကျုပ်ကိုကြည့်တယ်ဗျ။ ကျုပ်လည်း အဖေ့ကိုကြည့်လိုက်ပြီး

“အဖေ၊ ကျုပ်ကဘာဖြစ်လို့လဲဗျ”

အဖေက ပြောချင်ပေမယ့် အားနာသလိုလို ဘာလိုလိုနဲ့ဆက်မပြောဘူးဗျာ၊ ဒီအခါ ကိုမြင့်က

“အလတ်ကောင်ကျတော့ ရပ်ရေးရွာရေးစိတ်ဝင်စားတယ်မဟုတ်လား၊ ပြီးတော့ သူကြီးရဲ့လက်ထောက်လုပ်နေတာ သူပဲမဟုတ်လားသူကြီးရဲ့၊ ဘာပဲပြောပြော တခြားသူထက်စာရင် အလတ်ကောင်က ရပ်ရေးရွာရေးအုပ်ချုပ်ရေးတွေကိုတော့ သူများတွေထက်ပိုသိတာပေါ့ဗျာ၊ ကျွန်တော်ကတော့ အလတ်ကောင်ကိုလွှတ်လိုက်တာ ပိုပြီးသင့်တော်မယ်လို့ထင်သဗျ”

အဖေလည်း ကြံရာမရတဲ့အဆုံး ကိုမြင့်ပြောတဲ့စကားကို ခေါင်းညိတ်ပြီးထောက်ခံလိုက်တော့တယ်။

“အေးကွာ၊ ဒါဆိုရင်လည်းအလတ်ကောင်၊ သန်ဘက်ခါလုပ်မယ့်အစည်းအဝေးကို မင်းပဲသွားတက်လိုက်စမ်းပါကွာ”

ကျုပ်ကိုအရေးပေးခံရတယ်ဆိုတော့ ကျုပ်ပျော်သွားတာပေါ့ဗျာ။ အဖေကတော့ ကျုပ်ကိုသေချာမှာရှာတယ်။

“ဟိုရောက်ရင် ငါတော်တော်နေမကောင်းဖြစ်လို့ မလာတာလို့ လူကြီးတွေကိုသေချာပြောပြနော်ကွ၊ ပြီးတော့ ဗလာစာအုပ်နဲ့ခဲတံယူသွားပြီး သူတို့ဘာတွေပြောတယ်ဆိုတာ သေသေချာချာမှတ်သားလာခဲ့၊ မင်းကတော့ ဘာမှဝင်ပြီးမဆွေးနွေးနဲ့ ဟုတ်ပြီလား”

“ဟုတ်ကဲ့ပါအဖေရ၊ ကျုပ်ကောင်းအောင် စီစဉ်လိုက်ပါ့မယ်”

“မင်းကောင်းအောင်လုပ်မှာကိုပဲ ငါကကြောက်တာကွ၊ ကဲ အစည်းအဝေးက သန်ဘက်ခါဆိုပေမယ့် မနက်ဖြန်ကတည်းက မြိုင်သာတက်ဖို့ပြင်တော့ဟေ့၊ မြိုင်သာရောက်ရင် ငါ့တူမျိုးကြီးအိမ်မှာ တစ်ညသွားတည်းလိုက်၊ နောက်နေ့ အစည်းအဝေးတက်ပြီးတော့ နေ့လည်အစည်းအဝေးပြီးတာနဲ့ မြိုင်သာကနေ ကားစီးပြီးတော့ အိမ်ကိုတန်းတန်းမတ်မတ်ပြန်လာခဲ့၊ ဟုတ်ပြီလား”

“ဟုတ်ကဲ့ပါအဖေရာ၊ စိတ်ချစမ်းပါဗျ”

မြိုင်သာသွားရမယ်ဆိုတော့ ကျုပ်ပျော်သွားမိတာအမှန်ပဲဗျ၊ မိုးတွင်းတစ်တွင်းလုံးလည်း ရွာမှာလယ်လုပ်ပြီး ကုပ်နေရတဲ့အပြင် အခုလယ်တွေသိမ်းပြီးတာတောင်မှ ရွာကနေဘယ်ကိုမှမသွားရသေးဘူးမဟုတ်လားဗျာ။

ညနေရောက်တော့ ကျုပ်လည်းရွာထဲလှည့်လိုက်အုံးမယ်ဆိုပြီးထွက်ခဲ့တာပေါ့ဗျာ၊ အမှတ်မထင်ဘဲ လမ်းမှာဦးဘသာကြီးနဲ့တွေ့သဗျ၊ ကျုပ်လည်းပြုံးဖြီးဖြီးနဲ့

“ဦးဘသာ ဘယ်သွားမလို့လဲဗျ”

“တရုတ်ကြီးတို့ဆိုင်ကိုသွားမလို့ပါကွ၊ ဒါနဲ့ မင်းရောဘယ်လဲကွ၊ မျက်နှာကလည်း ပြီတီတီနဲ့ပါလား”

“ဘယ်မှမဟုတ်ပါဘူးဗျာ၊ မနက်ဖြန်မြိုင်သာသွားမယ်ဆိုတော့ ရွာအရှေ့ပိုင်းက အမျိုးတွေ ဘာမှာအုံးမလဲဆိုပြီးတော့ သွားမေးမလို့ဗျ”

“ဟ၊ မင်းမြိုင်သာသွားမှာလား၊ ဘယ်သူတွေရောပါသေးလဲကွ”

“လောလောဆယ်တော့ ကျုပ်တစ်ယောက်တည်းပေါ့ဗျာ၊ အကိုကြီးနဲ့အငယ်ကောင်ကလည်း ယာခင်းကျဲဖို့အလုပ်တွေများနေတယ်မဟုတ်လား”

“နေပါအုံး၊ မင်းက ဘာကိစ္စနဲ့ မြိုင်သာသွားမှာလဲကွ”

ကျုပ်လည်း ပြုံးလိုက်ရင်း

“မြိုင်သာမြို့နယ်ကောင်စီက အစည်းအဝေးတဲ့ဗျာ၊ အဲဒါ အဖေကနေမကောင်းတော့ ကျုပ်က အဖေ့ကိုယ်စား သူကြီးနေရာကနေ သွားတက်ပေးရမယ်တဲ့ဗျ”

“ဟ၊ ဟုတ်ရောဟုတ်ရဲ့လားကွ၊ မင်းအဖေသူကြီးက မင်းလိုရူးတူးပေါတောကောင်ကို ကိုယ်စားလှယ်လွှတ်မလားကွ”

“ဟုတ်လို့ပြောနေတာပေါ့ ဦးဘသာရာ၊ ကဲ ဒါနဲ့ ဦးဘသာရော ဘာမှာအုံးမလဲ”

ဦးဘသာက တစ်ချက်စဉ်းစားရင်း

“မင်းတစ်ယောက်တည်းဆိုရင်တော့ ငါလည်းလိုက်ချင်သကွ”

“ဦးဘသာက ဘာလိုက်လုပ်မလို့လဲဗျ”

“ဒီလိုပဲ လုပ်စရာလေးရှိလို့ပါကွာ၊ ဒါနဲ့ ငါလိုက်လို့ရတယ်မဟုတ်လား”

ကျုပ်လည်းပျော်သွားမိတယ်ဗျ။.

“ဟာ၊ ဦးဘသာ ကျုုပ်နဲ့တကယ်လိုက်မလို့လား၊ ဒါဆိုရင်တော့ ပျော်စရာကြီးဗျာ၊ ဦးဘသာလိုက်တော့ ကျုပ်လည်းအဖော်ရတာပေါ့ဗျ၊ ဒါနဲ့ဘယ်လိုဖြစ်လို့ ဗြုန်းစားကြီးလိုက်ချင်ရတာလဲဗျ”

“အိုကွာ၊ ဒီလိုပါပဲ”

ဦးဘသာက ဒီလိုပါပဲလို့ပြောတာ သူ့မှာအကြောင်းပြချက်မရှိလို့ဆိုတာကို ကျုပ်နားလည်ပြီးသားပါ၊ ဒါနဲ့ ကျုပ်က ဦးဘသာပခုံးကိုကိုင်ပြီး

“ဘာလဲ ဦးဘသာက ကျုပ်ကိုစိတ်မချလို့လိုက်မှာလား”

“မဟုတ်ပါဘူးဆိုနေကွာ”

“ကျုပ်သိပါတယ်ဦးဘသာရာ၊ ဦးဘသာ သူများကိုပဲ သွားလိမ်ပတ်လို့ရမယ်၊ ကျုပ်ကိုတော့ လိမ်လို့မရပါဘူးဗျ”

ကျုပ်ပြီတီတီနဲ့ပြောတော့မှ ဦးဘသာက ကျုပ်ဘက်လှည့်ပြီး

“အေး၊ မင်းသိရင်ပြီးတာပဲ၊ မင်းလိုအူကြောင်ကြား ငဒူလဒူက မြိုင်သာကိုတစ်ယောက်တည်းတက်သွားပြီးတော့ ဘယ်လိုပြဿနာတွေရှာလာမလဲ၊ ဘာဇာတ်ရှုပ်တွေခင်းမလာမလဲဆိုတာကို စိတ်ပူလို့ လိုက်တာဟေ့၊ မျောက်ထိန်းဖို့လိုက်တာ ဟုတ်ပြီလား”

ပြောပြီးတော့ ဦးဘသာရော ကျုပ်ရော ပြိုင်တူရယ်လိုက်ကြတာပေါ့ဗျာ။

(၂)

အစည်းအဝေးက သန်ဘက်ခါမှဆိုပေမယ့်လည်း ကျုပ်တို့ကတော့ တစ်ရက်ကြိုသွားဖို့ ပြင်ကြရတာပေါ့ဗျာ၊ မြိုင်သာမြို့နဲ့ ကျုပ်တို့ရွာနဲ့က မနီးမဝေးဆိုပေမယ့်လည်း အတော်ကလေးသွားရတယ်မဟုတ်လားဗျာ၊ အစည်းအဝေးလုပ်တဲ့နေ့မှ ထသွားလို့ကတော့ မဖြစ်ဘူးဗျ၊ ဘာလို့ဆို ရွာကနေ ရှစ်မိုင်လောက်ဝေးတဲ့ တန်းမြင့်ရွာကိုသွားရမယ်လေဗျာ၊ ကျုပ်တို့ရွာက ကားလမ်းမှ မပေါက်တာဘဲ၊ တန်းမြင့်ရွာရောက်တော့လည်း မြိုင်သာကိုသွားတဲ့ လိုင်းကားကိုစောင့်စီးရမယ်မဟုတ်လား၊ လိုင်းကားက တစ်နာရီမှတစ်စီးလောက်လာတတ်တာဗျ၊ မနက်ငါးနာရီအစောဆုံးလာတဲ့ လိုင်းကားကိုစီးရင်တောင်မှ မြိုင်သာကို မနက်ကိုးနာရီ၊ ဆယ်နာရီလောက်ရောက်တတ်တာဗျ၊ ဒီကြားထဲ လမ်းမှာကားပျက်တာတို့၊ အင်ဂျင်ပူတာတို့ဖြစ်ရင်တော့ နေ့လည်မွန်းတည့်ခါနီးမှသာ ရောက်တတ်တော့တာ၊ အစည်းအဝေးဆိုတာ အချိန်တိကျရတယ်ဆိုတော့ တစ်ရက်ကြိုသွားပြီး မြိုင်သာမှာတည်းမှ အဆင်ပြေမှာမဟုတ်လားဗျာ။

ဒါနဲ့ ကျုပ်လည်း လွယ်အိတ်တစ်လုံးပြင်ပြီး ခရီးထွက်ဖို့ပြင်လိုက်တယ်ပေါ့ဗျာ၊ တစ်ရက်နဲ့နေ့တစ်ပိုင်းဆိုတော့ အဝတ်အစားတစ်စုံလောက်ပဲထည့်တော့တယ်၊ မနက်စောစော အကိုကြီးက လှည်းဆင်ပြီးတော့ ကျုပ်ကို တန်းမြင့်ရွာအထိလိုက်ပို့တယ်၊ အဖေနဲ့အမေက လမ်းခရီးမှာဂရုစိုက်ဖို့တဖွဖွမှာတယ်။

“မင်းဘာမှ လုပ်စရာမလိုဘူးနော်အလတ်ကောင်၊ အစည်းအဝေးမှာ ဘာတွေပြောသလဲဆိုတာကို သေသေချာချာရေးပြီးမှတ်သားခဲ့ဖို့ပဲ”

အဖေကမှာပြီး သုံးဖို့စွဲဖို့ပိုက်ဆံထုတ်ပေးသဗျ၊ အမေကလည်း ကျုပ်အနားကပ်လာပြီးတော့

“လမ်းခရီးမှာ အစစအရာရာ ဂရုစိုက်နော်၊ လူစိမ်းတွေကိုမယုံနဲ့၊ လူဆိုးမှာ ချိုပါတာမဟုတ်ဘူး”

“သိပါတယ်အမေရာ၊ ကျုပ်နဲ့အတူတူ ဦးဘသာကြီးလည်း ပါပါသေးတယ်”

အဖေက ခေါင်းညိတ်ရင်း

“အေးလေ၊ ဘာပဲပြောပြော၊ မင်းတစ်ယောက်တည်း သွားမှာထက်စာရင် ဦးဘသာပိုတော့ ပိုပြီးစိတ်ချရသပေါ့ကွ”

အကိုကြီးက လှည်းဆင်ပြီးတာမို့လို့ လှည်းကအသင့်ဖြစ်နေပြီဗျ၊ ကျုပ်အားလုံးကိုနှုတ်ဆက်ပြီး လှည်းပေါ်တက်လိုက်တော့ အကိုကြီးက လှည်းကိုခပ်သော့သော့မောင်းနှင်ပြီး အိမ်ကထွက်ခဲ့ပါရောဗျာ၊ ဦးဘသာအိမ်ရှေ့ရောက်တော့ ဝီရိယကောင်းတဲ့ ဦးဘသာက အိမ်ရှေ့မှာအသင့်စောင့်နေပြီဗျ၊ သူလည်းလွယ်အိတ်တစ်လုံးပဲ ပါတာပါပဲ၊ နောက်လက်တစ်ဖက်ကတော့ သူရဲ့လက်စွဲတော် ဒန်ကွမ်းအစ်ကြီးပေါ့ဗျာ၊ ဦးဘသာက ကွမ်းကြိုက်တဲ့သူမို့ ဘယ်နေရာသွားသွား ကွမ်းအစ်တစ်လုံးတော့ အမြဲရအောင်သယ်တတ်တယ်မဟုတ်လား။ ကျုပ်တို့အိမ်ကနေထွက်လာတော့ ရောင်နီစလာနေတဲ့အချိန်ပေါ့ဗျာ။

ရွာထိပ်ရောက်တော့ ဦးဘသာက ရွာတော်ရှင်နတ်နန်းကိုကြည့်ရင်း တီးတိုးတီးတိုးနဲ့ရေရွတ်နေသဗျာ၊ ခဏကြာတော့မှ ကျုပ်လည်းဦးဘသာကိုကြည့်ရင်း

“ဦးဘသာ၊ ဘာတွေပြောနေတာလဲဗျ”

“ခရီးထွက်တော့မယ်ဆိုတော့လည်း ထုံးစံအတိုင်း ရွာတော်ရှင်ဆီကို သတင်းပို့ရတာပေါ့ကွာ”

“ဦးဘသာတို့ စုန်းတွေကလည်း မလွယ်ပါလားဗျ၊ တစ်ခုခုလုပ်မယ်ဆိုရင် ဟိုလူ့ခွင့်တောင်း၊ ဒီလူ့ခွင့်တောင်းရနဲ့ ခရီးသွားမယ်ဆိုရင်း အသိပေးလိုက်ရတာ ပြောမနေပါနဲ့တော့”

“ဒါကတော့ လုပ်ရိုးလုပ်စဉ်ကိုးကွ၊ စုန်းကဝေတွေမှာလည်း သူတို့သတ်မှတ်ထားတဲ့ စည်းဘောင်တွေရှိတယ်ကွ၊ ငါကလည်း စုန်းဆိုတော့ အဲဒီစည်းဘောင်တွေကို လိုက်နာရတာပေါ့ကွာ”

“နေပါအုံးဗျ၊ တကယ်လို့ အဲဒီစည်းဘောင်တွေကို မလိုက်နာရင် ဘာဖြစ်တတ်သလဲ”

“တို့လူတွေလိုပေါ့ကွ၊ အစိုးရကနေ ထုတ်ပြန်ထားတဲ့ ဥပဒေတွေရှိတယ်မဟုတ်လားကွာ၊ အဲဒီဥပဒေတွေကို မလိုက်နာရင် ဘာဖြစ်တတ်သလဲ”

“ဒဏ်ကြေးပေးရတယ်၊ အမှုကြီးရင် ထောင်တွေဘာတွေကျတယ်မဟုတ်လားဗျာ”

ဦးဘသာက ခေါင်းညိတ်ပြီး

“အေး၊ တို့စုန်းတွေကြားထဲလည်း ဒီလိုပဲပေါ့ကွာ၊ စည်းဘောင်တွေမလိုက်နာရင် သတိပေးခံရတတ်တယ်၊ အရေးယူခံရတတ်တာပေါ့ကွာ၊ အရေးယူခံရတာထက်စာရင် ဒီလိုသတင်းပို့ရတာက ဘာမှမဟုတ်ပါဘူးကွာ”

ကျုပ်တို့သွားနေရင်း ရွာအထွက် ဇရပ်ပျက်အနားရောက်တော့ နွားလှည်းက တုန့်ခနဲရပ်တန့်သွားတယ်ဗျ၊ နွားနှစ်ကောင်ကလည်း ခြေစုံရပ်ပြီး နေတော့တာ၊ အကိုကြီးက ကြိမ်လုံးမြှောက်ပြီး

“တယ်၊ ဒီကောင်တွေကတော့၊ ဟေ့ကောင်တွေ သွားကြလေကွာ၊ မဟုတ်ရင် ငါ့ကြိမ်စာမိမယ်ကွ”

အကိုကြီးက အော်ငေါက်ကြိမ်းမောင်းပေမယ့်လည်း နွားတွေက အေးအေးလူလူပါပဲဗျာ၊ ပုံမှန်ဆိုရင် ဒီကောင်ကြီးတွေက ဒီလိုမဟုတ်ဘူးဗျ၊ အိမ်ကနွားပြာကြီးတွေက လူစကားတော့ အတော်ကလေးနားလည်သား၊ လှည်းမောင်းနေရင်း အရှိန်လေးနည်းနည်းကျလာပြီဆိုရင် သူတို့ကိုငေါက်လိုက်တာနဲ့ အရှိန်ပြန်တင်ပြီးသားပဲဗျ၊ အခုများတော့ လှုပ်တောင်မလှုပ်တော့တာပဲဗျာ။

“ဟာ၊ ဒီကောင်တွေဘာဖြစ်နေသလဲမသိဘူး”

အကိုကြီးက လှည်းအောက်ကိုခုန်ဆင်းသွားတယ်ဗျ၊ ကျုပ်လည်း ဦးဘသာကိုလှည့်ကြည့်လိုက်တယ်၊ ဦးဘသာမျက်လုံးကတော့ ပြူးကြောင်ကြောင်နဲ့ဖြစ်နေသဗျ၊ ကျုပ်အထင် ဦးဘသာ တစ်ခုခုသိနေတဲ့ပုံပဲ။

“ဦးဘသာ၊ ဘာဖြစ်နေတာလဲဗျ”

“တို့လှည်းကို မသွားစေချင်လို့ ဆွဲထားကြတာဟေ့”

ဦးဘသာပြောတော့ ကျုပ်လည်း လှည်းအနောက်နဲ့ ဘေးဘယ်ညာကိုကြည့်ပြီး

“ဘယ်သူမှမတွေ့ပါဘူးဗျာ၊ ဘယ်သူဆွဲထားတာလဲဗျ”

“ဖက်လိပ်ရွာဟောင်းက တို့အဘိုးတွေပါ”

ကျုပ်ဖြင့်လန့်သွားတယ်ဗျ၊ ဖက်လိပ်ရွာဟောင်းဆိုတာ ကျုပ်တို့ရွာရဲ့အရင်နေရာဟောင်းကြီးပေါ့ဗျာ၊ ရှေးဗမာဘုရင်တွေခေတ်ကတည်းက ဖက်လိပ်ရွာက ရှိခဲ့တာဗျ၊ ဂျပန်ခေတ်မှာ ဖက်လိပ်ရွာထဲ ပလိပ်ရောဂါ၊ ကျောက်ရောဂါတွေဖြစ်ပြီး လူတွေအစုလိုက်အပြုံလိုက်သေကြလို့ ရွာနေရာရွေ့ပြောင်းရင်း ကျုပ်တို့အခုနေတဲ့နေရာကို ရောက်လာပြီး ရွာနာမည်လည်း ဇီးကုန်းရွာဆိုပြီး ဖြစ်သွားတော့တာပါပဲဗျာ၊ အဲဒီဖက်လိပ်ရွာမှာ ဦးဘသာငယ်ငယ်က နေခဲ့သဗျ၊ ဦးဘသာအမေကလည်း စုန်းမကြီးပဲလေဗျာ၊ ဒေါ်ပျင်းလို့ခေါ်တယ်၊ တော်တော်စွမ်းတဲ့စုန်းမကြီးပေါ့၊ ဦးဘသာအဘွားကလည်း စုန်းမကြီးပဲ၊ နာမည်က ဘွားမယ်ဖြူတဲ့ဗျ၊ ခပ်ချောချော ခပ်ဖြူဖြူဆိုပဲဗျာ၊ ဘွားမယ်ဖြူဆီမှာ ယောက်ျားခုနစ်ယောက်ရှိသဗျ၊ သူယူတဲ့ယောက်ျားတွေအားလုံးကလည်း စုန်းထီးကြီးတွေပဲတဲ့၊ အဲဒီစုန်းထီးကြီးတွေသေတော့ မကျွတ်မလွတ်ဘဲ ဖက်လိပ်ရွာမှာ နေထိုင်ကြတယ်ဗျာ၊ ဘွားမယ်ဖြူက သူ့ယောက်ျားတွေကို သရဲအဖြစ်မွေးထားတာလို့လည်း ပြောကြသေးတာပဲ၊ အခုလှည်းကိုဆွဲနေတယ်ဆိုတာလည်း အဲဒီသရဲကြီးတွေဖြစ်မှာဗျ။

“လုပ်ပါအုံး ဦးဘသာရာ၊ သူတို့ကဘာဖြစ်လို့ကျုပ်တို့ကိုမသွားစေချင်တာလဲဗျ”

“အေး၊ ငါလည်းသိတော့မသိဘူးကွ၊ အရင်က မြိုင်သာကိုငါအခေါက်ခေါက်အခါခါသွားနေကျပါ၊ ဒါမျိုးတွေတစ်ခါမှမဖြစ်ဖူးဘူး၊ ထူးတော့ထူးတယ်ဟေ့”

ဒီအချိန်အကိုကြီးက နွားတွေကို နဖားကြိုးကနေပြီး ဆောင့်ဆောင့်ဆွဲပါရောဗျာ၊ နဖားကြိုးဆွဲခံရရင် နွားတွေမခံနိုင်ကြဘူးဆိုပေမယ့် အခုတော့ နွားတွေက အေးအေးဆေးဆေးပါပဲဗျာ။

“ဟာ၊ ဒီကောင်တွေဘာဖြစ်လို့ ပေကပ်နေကြတာလဲမသိဘူး၊ အရေးအကြောင်းဆိုရင် ဒီကောင်တွေက ဂျိုကြွလာကြပြီ”

အကိုကြီးက နွားတွေကိုမြည်တွန်တောက်တီးနေတော့တယ်၊ ဦးဘသာက လှည်းအနောက်ကိုကြည့်ပြီးတော့

“ကဲ အဘိုးတို့၊ ဒီခရီးက ကျုပ်သွားလို့မဖြစ်ဘူးဗျ၊ ကျုပ်သွားကိုသွားမှဖြစ်မယ်၊ အဘိုးတို့လှည်းကိုလွှတ်လိုက်ပါ”

အဲဒီလိုခပ်တိုးတိုးပြောလိုက်တယ်ဗျ၊ ဒါပေမယ့် လှည်းက ဒုံရင်းအတိုင်းပါပဲဗျာ၊ ဦးဘသာက စိတ်ဆိုးဆိုးနဲ့

“အဘိုးတို့ကို ကျုပ်လက်မပါချင်ဘူးနော်အဘိုးတို့၊ ကျုပ်သွားရမယ် လွှတ်ဆိုလွှတ်လိုက်တော့ဗျာ”

ဒါလည်း ဘာမှမထူးခြားပါဘူးဗျာ၊ ဒါနဲ့ ဦးဘသာက လှမ်းကြမ်းပြင်ကို သူ့လက်နဲ့ဝုန်းခနဲတစ်ချက်ပုတ်လိုက်တယ်ဗျ၊ အဲဒီလိုပုတ်လိုက်တော့မှ လှည်းက အရှေ့တိုးအနောက်ဆုတ်ဖြစ်သွားတယ်ဗျာ၊ နွားတွေကလည်း အပြေးတစ်ပိုင်းနဲ့သွားတော့တာပါပဲ၊ အကိုကြီးတောင် ကြောက်လန့်တကြားနဲ့ လှည်းပေါ်ကိုခုန်တက်လိုက်တယ်ဗျ။

“ဟာ၊ ဒီကောင်တွေက ပေတဲ့အခါလည်းပေတယ်၊ ဟော သွားမယ့်သွားတော့လည်း ဒုန်းပြေးတာပါလားဟ”

နွားပြာကြီးနှစ်ကောင်က လှည်းလမ်းကြီးအတိုင်း ဒုန်းစိုင်းပြေးတော့တာပါပဲဗျာ၊

ဒီလိုနဲ့ ကျုပ်တို့လည်း ခရီးဆက်ခဲ့သပေ့ါဗျ။ တန်းမြင့်ရွာရောက်တော့ မနက်ငါးနာရီခွဲဖြစ်သွားပြီဗျ၊ တစ်နာရီမှတစ်စီးလာတတ်တဲ့ လိုင်းကားကို ကျုပ်တို့စောင့်ရတော့မှာပေါ့ဗျာ။ ငါးနာရီလာတတ်တဲ့လိုင်းကားကိုကျော်သွားပြီဆိုတော့ ခြောက်နာရီလာမယ့်လိုင်းကားကိုပဲ စောင့်ရုံရှိတာပ၊ ကျုပ်တို့ခေတ်တုန်းက ကတ္တရာလမ်းဆိုတာလည်း ကျောက်ခင်းလမ်းသာသာပါပဲဗျာ၊ လမ်းမှာလည်း ချိုင့်တွေ၊ ကျင်းတွေအများကြီးနဲ့ဗျ၊ အဲဒီကတ္တရာလမ်းကြီးမှာ ရံဖန်ရံခါလာတတ်တဲ့ အိမ်စီးကားလေးတွေ၊ ဂျစ်ကားလေးတွေကလွဲရင် ကားလမ်းမကြီးက အမြဲရှင်းလင်းနေတတ်သဗျ။

တစ်နာရီတစ်ခါ လာတတ်တဲ့လိုင်းကားတွေကလည်း စစ်ကျန်ကားတွေများတယ်ဗျာ၊ ကားအို ကားဟောင်းကြီးတွေပေါ့ဗျာ၊ အဲဒီကားကြီးတွေရဲ့အနောက်မှာ သစ်သားနဲ့ခရီးသည်တွေထိုင်ဖို့ အိမ်ကြီးဖွဲ့ထားတယ်၊ အဲဒီသစ်သားခေါင်မိုးပေါ်မှာတော့ ဝက်ခြံလိုမျိုး ခြံတစ်ခုရိုက်ထားသဗျ၊ တစ်နာရီတစ်ခါ လာတတ်တာဆိုတော့လည်း ခရီးသည်နဲ့ ကားနဲ့အင်အားမမျှဘူးပေါ့ဗျာ၊ ကားအနောက်ဘက် သစ်သားအုံထဲမှာက များသောအားဖြင့် ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မိန်းကလေးတွေပဲ လိုက်စီးကြရတာ၊ ယောက်ျားသားတွေကတော့ ကားနောက်ဘက်က သံတန်းတွေမှာ ခြေနင်းပြားကိုနင်းရင်း ခိုစီး၊ တွယ်စီးကြရတာများပါတယ်၊ ကားခေါင်မိုးပေါ်က ဝက်ခြံပေါ်မှာတော့ ကုန်စည်တွေဘာတွေတင်တတ်သဗျ၊ အဲဒီကုန်စည်တွေအပေါ်မှာ ယောက်ျားလေးတွေထိုင်ပြီးလိုက်လို့ရတယ်၊ တစ်ခါတစ်ခါ ကားကြောပြတ်သွားရင်တော့ လူတွေမဆံ့တော့ဘူးဗျို့၊ ဒီလိုအချိန်မျိုးဆိုရင် ကားအပြင်ဘက် ဘေးတစ်ဖက်တစ်ချက်မှာ တပ်ထားတဲ့ သံတန်းတွေကိုပါ တွယ်ပြီးစီးကြရသဗျာ၊ အဲဒီခေတ်က သယ်ယူပို့ဆောင်ရေးကတော့ ဒီလိုပါပဲဗျာ။

မြိုင်သာကားလမ်းနံဘေးမှာတော့ အကြော်တဲကလေးတွေ၊ မုန့်တဲကလေးတွေရှိသဗျ၊ ကုက္ကိုပင်ကြီးအရိပ်အောက်မှာ ကားဂိတ်ကိုတည်ထားတာဆိုတော့ အရိပ်တော့ရသဗျာ၊ ကားစောင့်ရင်း မုန့်လေးဘာလေးလည်း စားလို့ရတာပေါ့၊ အကိုကြီးက ကျုပ်တို့ကို ကားဂိတ်မှာချပေးခဲ့ပြီး လှည်းကိုပြန်လှည့်တယ်ဗျ။

“သြော်၊ ဒါနဲ့အလတ်ကောင်၊ မြိုင်သာကအပြန် မြခြူးဆေးလိပ်တစ်စည်းလောက် ဆွဲလာခဲ့စမ်းပါကွာ၊ ငါပိုက်ဆံပြန်ပေးပါ့မယ်”

အကိုကြီးက ကွမ်းတော့မစားပေမယ့် ဆေးလိပ်တော့ဖွာတတ်တယ်ဗျ၊ ဆေးလိပ်ဖွာရင်လည်း တော်ရုံအိမ်လိပ်တဲ့ ဆေးပေါ့လိပ်တွေကို မဖွာတတ်ဘူးဗျ၊ မြိုင်သာမြို့က မြခြူးဆေးလိပ်ကိုပဲ ဖွာတတ်တာ၊ ကျုုပ်က ဆေးလိပ်မသောက်တော့ ဆေးလိပ်ရဲ့အရသာကို မသိပေမယ့် အကိုကြီးကတော့ ဆေးလိပ်အရသာကိုခံတတ်သဗျာ၊ မြခြူးဆေးလိပ်က အရသာကချိုချိုကလေးတဲ့ဗျ၊ သောက်ပြီးရင် ပါးစပ်ထဲမှာ ချိုပြီးကျန်ခဲ့တယ်ဆိုပဲ၊ ပြင်းတာကလည်း ပြင်းတယ်ဆိုတော့ ဆေးပေါ့လိပ်တစ်လိပ်ကို အာသာပြေရုံ တစ်ဖွာနှစ်ဖွာလောက်ဖွာပြီးတော့ မီးသတ်ပြီး နားရွက်ကြားပြန်ညှပ်ထားတာပါပဲ၊ အလုပ်လုပ်ရင်း ပါးစပ်ချဉ်လာရင် ပြန်ထုတ်သောက်နဲ့ဆိုတော့ မြခြူးဆေးလိပ်က တခြားဆေးလိပ်ထက် အသောက်ခံတယ်ဆိုသဗျ။

ကျုပ်နဲ့ဦးဘသာလည်း အကြော်တဲကလေးတစ်တဲထဲကိုဝင်ခဲ့ကြတယ်၊ မနက်က ဘာမှမစားရသေးတော့ ဗိုက်ကဆာတာပေါ့ဗျာ၊ ဒါနဲ့ အကြော်မှာပြီး စားမယ်လုပ်တုန်းမှာပဲ ကားဂိတ်ကလူတွေက ဝိုင်းအော်ကြတယ်။

“ဟော၊ ကားလာပြီ၊ ကားလာပြီဟေ့”

တခြားကားစောင့်နေတဲ့သူတစ်ယောက်က ထအော်ပြောတယ်ဗျ၊ သူပြောတဲ့အတိုင်းပဲ လိုင်းကားတစ်စီးက အိပဲ့အိပဲ့နဲ့မောင်းနှင်လာသဗျ၊ ကျုပ်လည်း မုန့်စားမလို့ရှိသေးတယ် ကားက ဂိတ်ကိုထိုးစိုက်ဝင်လာသဗျ။ ပုံမှန်ဆိုတစ်နာရီတစ်ခါလာတဲ့ကားက အခုခြောက်နာရီမထိုးခင် ငါးနာရီခွဲကြီးရောက်ချလာပါရောလား။

“ဟ၊ ကျားသားမိုးကြိုး ကားကြီးက ချောင်လို့ပါလားကွ”

ဦးဘသာက ရေရွတ်လိုက်တယ်ဗျ၊ ဟုတ်လည်းဟုတ်တာပဲ၊ ကားကအတော်ချောင်တယ်ဗျ၊ ကားနောက်ခန်းမှာတောင် ကားစီးတဲ့လူက သုံးလေးယောက်ပဲရှိတာ၊ လိုင်းကားက လမ်းတစ်လျှောက်ရွာစဉ်ရပ်ပြီးလာတာဆိုတော့ လူတွေကုန်တွေနဲ့ ပြည့်ကျပ်နေတတ်တာ ထုံးစံပဲဗျာ၊ ကျုပ်တို့ယောက်ျားလေးတွေဆိုရင် ကားနောက်ခန်းမှာထိုင်ဖို့ဆိုတာ စိတ်တောင်မကူးရဲပါဘူးဗျာ၊ စပယ်ယာက အမြဲတမ်း ကားခေါင်မိုးပေါ်ကိုပဲ တွန်းတွန်းတင်တတ်တာ၊ အခုတော့ ကားနောက်ခန်းမှာ ထိုင်စီးရပြီဆိုပြီး ကျုပ်လည်း အမြန်တက်လိုက်တော့တယ်၊ ကျန်တဲ့ခရီးသည်တွေလည်း တက်လိုက်တာပေါ့ဗျာ။

ကားမောင်းထွက်ခဲ့တယ်ဆိုရင်ပဲ စပယ်ယာက ပိုက်ဆံလိုက်တောင်းတာပေါ့ဗျာ၊ ကားခက တန်းမြင့်ရွာကနေ မြိုင်သာအထိဆိုရင် တစ်ယောက်မှ ပြားရှစ်ဆယ်ပဲကျတာဗျ၊ နှစ်ယောက်ဆိုရင် တစ်ကျပ်ငါးမူးပဲပေးရတယ်၊ ကျုပ်လည်း တစ်ကျပ်နဲ့ငါးမူးကိုလှမ်းလိုက်တော့

“ကားခက တစ်ယောက်ကိုတစ်မတ်ပဲပေးပါဗျာ”

“ဟာ၊ ဘယ်လိုဖြစ်တာလဲကွ၊ ငါ့တစ်သက်နဲ့တစ်ကိုယ် ကားခတစ်မတ်ဆိုတာ မကြားဖူးဘူးကွ”

စပယ်ယာက ခေါင်းကုတ်ပြီးတော့

“ဒီလိုဗျ၊ ကျုပ်တို့ကားက မြိုင်သာမြို့မှာ စက်သွားပြင်ရမှာဗျ၊ အစကတော့ လူတင်ဖို့စိတ်ကူးမရှိပေမယ့် အနီးအပါးလောက်ဆိုရင် တင်လို့ရတယ်လို့စိတ်ကူးပြီး တန်းမြင့်ရွာနားရောက်တော့မှ လူတင်ခဲ့တာပဲဗျို့”

“သြော်၊ ဒါ့ကြောင့်သက်သာနေတာကိုး၊ ရော့ ငါနဲ့ဒီအဘကြီးနဲ့နှစ်ယောက်ကွာ ငါးမူးစေ့ယူလိုက်နော်”

စပယ်ယာက ကြောင်ကြည့်နေရင်း

“တစ်မတ်စေ့မပါဘူးလားဗျ”

“မင်းနှယ်ကွာ၊ တစ်ယောက်တစ်မတ်လေ၊ နှစ်ယောက်ငါးမူးကျတယ်မဟုတ်လား အဲဒါငါးမူးစေ့ယူပေါ့ကွ”

“မဟုတ်ပါဘူးဗျာ၊ ကျုုပ်ဟိုအနောက်က အဒေါ်ကြီးကို တစ်မတ်စေ့အမ်းရအုံးမှာဗျ၊ လက်ထဲလည်းတစ်မတ်စေ့မရှိတော့ တစ်မတ်စေ့ပါရင် ကူညီပါနောင်ကြီးရာ”

တော်တော်ရှုပ်တဲ့စပယ်ယာပဲလို့ကျုပ်ကတွေးရင်း လွယ်အိတ်ထဲလက်ကိုစမ်းလိုက်တယ်ဗျ၊ အကြွေစေ့အသေးအမွှားလောက်က လွယ်အိတ်ထဲ ဒီအတိုင်းထည့်ထားရုံပဲမဟုတ်လား၊ ဒါပေမယ့် ကျုုပ်ဆီက အကြွေစေ့တွေက ဘယ်ထောင့်ကိုသွားကပ်နေသလဲ မသိပါဘူးဗျာ၊ တော်တော်နဲ့ နှိုက်လို့မရတာနဲ့ ဦးဘသာက သူ့အိတ်ကပ်ထဲက တစ်မတ်စေ့နှစ်စေ့ထုတ်ပြီး စပယ်ယာကိုပေးလိုက်တယ်။

“ကဲ ရော့ရော့၊ ငါ့ဆီကပဲယူလိုက်တော့”

စပယ်ယာက ကျုပ်ငါးမူးစေ့ကို ပြန်ပေးသဗျ၊ ကျုုပ်လည်း လှမ်းယူလိုက်ရော ဦးဘသာက ကျုပ်ကိုကြည့်ရင်း

“အကြွေတွေကို လွယ်လွယ်ကူကူထားလေအလတ်ကောင်ရာ”

ဆိုပြီးတော့ ကျုုပ်ကိုငေါက်ပြောလိုက်ပါသေးတယ်ဗျာ၊ ကားက ကြားရွာတွေမရပ်တော့ဘဲ မြိုင်သာကို တိုက်ရိုက်မောင်းတော့တာပါပဲ။

(၃)

ဒီလိုနဲ့ကျုပ်နဲ့ဦးဘသာ မြိုင်သာကို ရောက်ခဲ့တာပေါ့ဗျာ၊ မြိုင်သာကားဂိတ်ကဆင်းပြီး ကားဂိတ်နဲ့ခပ်လှမ်းလှမ်းဈေးအရှေ့နားက မုန့်လက်သုပ်သည်ကြီးဆီကို ဦးဘသာက သွားလိုက်တယ်ဗျ၊ ဘာမှမစားရသေးတော့လည်း ဗိုက်တွေကဆာလှပြီလေဗျာ၊ မနက်က အကြော်စားမလို့ဘဲရှိသေးတယ်၊ ကားကရောက်လာတာကိုးဗျ၊ မုန့်လက်သုပ်သည်ကြီးဆီကနေ မုန့်လက်သုပ်ဝယ်စားတော့ မုန့်လက်သုပ်ရောင်းတဲ့ အဒေါ်၀၀ကြီးက ဦးဘသာကိုကြည့်ပြီး

“မပြန်သေးဘူးလား”

ဦးဘသာက အဒေါ်ကြီးကိုကြည့်ပြီးတော့

“အခုမှရောက်တာပါ”

အဒေါ်ကြီးက မုန့်တီဖတ်တွေကို လက်တစ်ဖက်က နယ်ဖတ်ရင်း

“ဘယ်နှရက်ကြာမှာလဲ”

“တစ်ညပဲ၊ မနက်ဖြန်ညနေပြန်မယ်”

အဒေါ်ကြီးက ခေါင်းကိုဆတ်ခနဲညိတ်လိုက်တယ်ဗျ၊ ကျုပ်လည်း ဦးဘသာအနားကိုတိုးကပ်ပြီးတော့

“ဦးဘသာ၊ သူနဲ့ဦးဘသာက သိလို့လား”

“မသိဘူးလေ”

“ဟာ၊ မသိတာများ ဘာဖြစ်လို့အရေးတယူ စကားပြောနေရတာလဲဗျ၊ ပြီးတော့ သူကလည်း စစ်လားမေးလားနဲ့ပါလား”

ဦးဘသာက ဘေးဘီကိုကြည့်ပြီး ကျုပ်အနားကိုကပ်ရင်း

“ဟေ့အလတ်ကောင်၊ သူ့ကိုမင်းမမှတ်မိဘူးလားကွ၊ သူက စုန်းတွေရဲ့သတင်းပေးလေကွ၊ ဒီကိုရောက်ရင်ရောက်တဲ့အကြောင်း၊ ခရီးထွက်ရင်ထွက်မယ့်အကြောင်း ဝင်ပြောရတယ်လေကွာ”

ကျုပ်ကတော့ အဒေါ်ကြီးကိုဘုကြည့်တစ်ချက်ကြည့်လိုက်တာပေါ့ဗျာ၊ အဒေါ်ကြီးက ကျုပ်ကိုပြုံးကြည့်ရင်း

“ဘာလိုလဲကောင်လေး၊ ပေါ့တာလား၊ ငန်တာလား”

“မလိုတော့ပါဘူးဗျာ”

ကျုပ်ပြောပြီးတော့ မုန့်လက်သုပ်တစ်ဇွန်းကို ဇွန်းနဲ့ခပ်ပြီးစားလိုက်တယ်ဗျ၊ အဒေါ်ကြီးကိုစိတ်ရောက်နေတာနဲ့ ကျုပ်လည်း မုနု့်လက်သုပ်ဇွန်းကို သေချာမကြည့်ဘဲ စားလိုက်တာပေါ့ဗျာ၊ ဝါးနေရင်းနဲ့မှ ကျုပ်ပါးစပ်တွေ ပူတက်လာတယ်ဗျ၊ နောက်တော့ စပ်လိုက်တာ လွန်ပါရောဗျာ၊ သူများဆိုင်မှာမို့ ထွေးထုတ်မရတော့လည်း မြိုချလိုက်ရတာပေါ့ဗျ။

“အား၊ စပ်တယ်၊ စပ်တယ်၊ အောင်မယ်လေးဗျာ၊ ငရုတ်သီးစိမ်းကိုက်မိတယ်”

ကျုပ်လည်း တော်တော်စပ်သွားတာနဲ့ လျှာကိုအပြင်ကိုတစ်လစ်ထုတ်ပြီး လက်နဲ့ယပ်တောင်ခပ်သလို ခပ်နေမိတယ်၊ အဒေါ်ကြီးက ကျုပ်ကိုကြည့်ပြီး တဟားဟားနဲ့ ဟက်ဟက်ပက်ပက်ကို ရယ်ပါရောဗျာ၊ သူ့ပါးစပ်ပြဲကြီးကို ဖြဲကားပြီး တဟားဟားနဲ့ကိုအော်ရယ်တာဗျ၊ ဦးဘသာက ကျုပ်ကိုလှည့်ကြည့်ပြီး

“မင်းက သေချာမှ ကြည့်မစားဘဲကွ”

“မဟုတ်ပါဘူး ဦးဘသာရာ၊ ကျုပ်ပန်းကန်ထဲမှာ ငရုတ်သီးစိမ်းက ဘယ်လိုရောက်နေရတာလဲဗျ၊ မုန့်လက်သုပ်နဲ့ ငရုတ်သီးစိမ်းနဲ့ ဘာမှမဆိုင်ဘူးလေဗျာ”

ဦးဘသာက ဘာမှမပြောဘဲ ကျုပ်ကိုရေအေးတစ်ခွက်လှမ်းပေးတယ်ဗျ၊ ကျုုပ်လည်း ရေအေးသောက်လိုက်တော့မှ နည်းနည်းနေသာထိုင်သာရှိသွားတယ်ဗျာ။ စပ်တာကတော့ တော်တော်စပ်တာဗျ၊ ပူလိုက်တာလည်း တအားပဲဗျာ။ ကျုပ်သိပါပြီဗျာ၊ ဒီမိန်းမကြီးက စုန်းမကြီးဗျ၊ သူ့မုန့်လက်သုပ်တွေ စားကောင်းအောင်ကိုလည်း ပညာတွေနဲ့စီရင်ထားတယ်ဆိုပဲဗျာ၊ ဒါကြောင့် မြိုင်သာမှာ သူ့မုန့်လက်သုပ်က နာမည်ကြီးပေါ့ဗျ၊ အခုလည်း ကျုပ်ခုနက သူ့ကိုမျက်စောင်းထိုးလိုက်တာကို မကျေနပ်လို့ ကျုပ်ကိုလုပ်တာနေမှာဗျ၊ ကျုပ်ပန်းကန်ထဲမှာ ငရုတ်သီးစိမ်းမရှိတာတော့ သေချာပါတယ်ဗျာ။

စားသောက်ပြီးတော့ ဈေးဘက်ထွက်ခဲ့တယ်ဗျ၊ ဈေးအရှေ့ဘက်ရောက်တော့ မြခြူးဆေးပေါ့လိပ်လို့ ဆိုင်းဘုတ်တပ်ထားတဲ့ ဆိုင်ကြီးတစ်ဆိုင်ကို တွေ့လိုက်မိတယ်။

“ဦးဘသာရေ၊ အကိုကြီးအတွက် ဆေးလိပ်တစ်စည်းလောက် ဆွဲသွားအုံးမယ်ဗျာ”

“အေးအေး၊ မင်းကိုငါဟိုအရှေ့က စောင့်နေမယ်”

ဆိုင်ထဲကိုဝင်လိုက်တော့ ဆေးလိပ်ရောင်းတဲ့မိန်းကလေးတွေအများကြီးပဲဗျာ၊ ဈေးဝယ်သူတွေနဲ့အလုပ်ရှုပ်နေတာပေါ့၊ မြခြူးဆေးလိပ်ဆိုတာကလည်း ဟောဒီမြိုင်သာမြို့ပတ်ဝန်းကျင်မှာ နာမည်ကြီးတာကိုးဗျ၊ ကျုပ်လည်း ဆိုင်ထဲကြည့်နေရင်း ကောင်မလေးတစ်ယောက်ကိုတွေ့သွားတော့တယ်။

ဆေးလိပ်ရောင်းနေတဲ့ကောင်မလေးတွေအများကြီးထဲမှာ အဲဒီတစ်ယောက်က သိပ်ချောတာပဲဗျာ၊ ဆံပင်ရှည်ကို ကျစ်ဆံမြီးနှစ်ဖက်ကျစ်ပြီး နားအနားမှာပြန်ခွေထားတယ်ဗျ၊ မျက်တောင်လေးတွေကလည်း ကော့ကော့ကလေးဗျာ၊ မျက်ဆံကလေးတွေလည်း နက်လို့ဗျ၊ နှာတံသွယ်သွယ်လေးနဲ့ စကားပြောရင်းဆိုရင်း သွားဖြူဖြူကလေးတွေကလည်း ဖွေးနေတာပဲဗျာ၊ ဆေးလိပ်ရုံက တခြားမိန်းကလေးတွေနဲ့ စနောက်နေတယ်ထင်ပါရဲ့ဗျာ၊ သူပြုံးရယ်လိုက်တာလေးကို ကြည့်နေရင်း ကျုပ်တော့ သူ့အလှမှာ မြောပါသွားပါတော့တယ်၊ ဒါနဲ့ ကျုပ်လည်း သူ့အနားကိုတဖြည်းဖြည်းတိုးကပ်လာတာပေါ့ဗျာ၊ သူ့ရှေ့မှာ ကျုပ်ရပ်လိုက်တော့မှ ကျုပ်ကိုကြည့်ပြီး မျက်နှာကတည်သွားတယ်။

“ဘာလိုချင်လို့လဲ”

ကျုပ်လည်း သူ့ကိုလက်ညှိုးထိုးလိုက်ပြီး

“ခင်ဗျား”

မိန်းကလေးက စိတ်ဆိုးသွားတယ်ထင်ပါတယ်ဗျာ။

“ဘာရှင့်၊ ရှင်ဘာပြောတာလဲ”

ကျုပ်လည်းအခုမှ အသိစိတ်ဝင်ပြီးတော့

“မ၊ မဟုတ်ပါဘူးဗျာ၊ ခင်ဗျားအနောက်က ဆေးလိပ်တစ်စည်းလောက်လိုချင်လို့ပါ”

မိန်းကလေးက ကျုပ်ကိုမျက်စောင်းထိုးရင်း

“ဘယ်လိုလူမှန်းမသိဘူး၊ ရုပ်ကိုက အူကြောင်ကြားနဲ့၊ နွားကိုပလာတာ ကျွေးထားတဲ့ရုပ်”

မိန်းကလေးက ပြောပြောဆိုဆိုနဲ့ အနောက်ကိုလှည့်လိုက်ပြီးတော့ ဆေးလိပ်တစ်စည်းကိုလှမ်းယူလိုက်တယ်၊ ပြီးတော့ ကျုပ်ကိုလှမ်းပေးလိုက်တယ်ဗျာ၊ ကျုပ်လည်း ဆေးလိပ်ကိုယူပြီး သူ့ကိုငေးကြည့်နေတာပေါ့။

“ဆေးလိပ်တစ်စည်းကို ခုနစ်ကျပ်ခွဲပါတော်”

ကျုပ်လည်း အဲဒီတော့မှ ပိုက်ဆံကိုအမြန်ထုတ်ပြီးပေးလိုက်တယ်၊ ဒီမိန်းကလေးရုပ်ကိုကြည့်ရတာ သိပ်ကျက်သရေရှိပြီး၊ သိပ်ကြည့်လို့ကောင်းတာပဲဗျာ၊ ကျုုပ်လည်း ဗို့အားပြင်းတဲ့ လူပျိုအကြည့်တွေနဲ့ စူးစူးစိုက်စိုက်ကြည့်နေမိတာပေါ့ဗျာ၊ မိန်းကလေးက ပိုက်ဆံပြန်အမ်းရင်း

“ဘာယူအုံးမလဲ”

“ဘာမှမယူတော့ပါဘူးဗျာ”

“မယူတော့ဘူးဆိုရင် ကြွပါရှင်၊ တကယ်ပဲ ဘယ်လိုလူလဲမသိဘူး”

ကျုုပ်လည်း ဆေးလိပ်ဆိုင်ထဲကနေ တစ်လှမ်းချင်းထွက်လာခဲ့မိတယ်၊ ထွက်လာရင်းလည်း အဲဒီမိန်းကလေးကို လည်ပြန်ပြီး တစ်ချက်နှစ်ချက် ကြည့်မိသေးတယ်ဗျာ၊ မိန်းကလေးက ကျုပ်နဲ့မျက်လုံးချင်းဆုံသွားတော့ သူ့နှုတ်ခမ်းကိုကိုက်ပြတယ်ဗျ၊ အဲဒီလိုနှုတ်ခမ်းကိုက်ပြီး စိတ်တိုနေတာကလေးကိုက ချစ်စရာကလေးဗျာ၊ ကျုပ်လည်း အနောက်ကိုလှည့်ကြည့်လှည့်ကြည့်နဲ့ သွားတုန်း အရှေ့က ဓါတ်တိုင်ကြီးကိုမမြင်ဘဲ နဖူးစောင်းနဲ့တိုက်မိသွားတော့တယ်။

“အောင်မယ်လေး၊ သေပါပြီဗျ”

ကျုပ်လည်း လန့်ပြီးအော်လိုက်မိတာပေါ့ဗျာ၊ ကျုပ်ဓါတ်တိုင်နဲ့တိုက်မိတာကို ဆေးလိပ်ဆိုင်ထဲက မိန်းကလေးတွေကြည့်ပြီးတော့ ဝိုင်းရယ်ကြပါရော၊ ကျုပ်လည်း ဒီတော့မှ ရှက်ရှက်နဲ့ ပစ္စည်းတွေပြန်ကောက်ယူပြီးတော့ သုတ်ခြေတင်ပြီးထွက်ခဲ့ပါရောဗျာ၊ ဦးဘသာက ဈေးရှေ့က ထယ်သွားတွေ၊ ထွန်သွားတွေချပြီး ရောင်းတဲ့ဆိုင်မှာရှိနေတယ်ဗျ၊ ကျုပ်လည်းသူ့အနားရောက်သွားရော ကျုပ်ကိုကြည့်ရင်း

“ဟာ၊ အလတ်ကောင် မင်းဂျိုစောင်းမှာ နီရဲနေပါလားကွ၊ ဘာဖြစ်တာလဲ”

“ဘာဖြစ်ရမလဲဗျာ၊ ဓါတ်တိုင်ကြီးနဲ့ဝင်ဆောင့်မိတာဗျ”

ဦးဘသာက ခါးထောက်ပြီးတော့

“ဆေးလိပ်ဆိုင်က မိန်းကလေးတွေကိုငေးမောရင်းနဲ့ အရှေ့ကဓါတ်တိုင်ကြီးကို ဝင်တိုက်မိတယ်မဟုတ်လားကွ”

ကျုပ်ဖြင့်တော်တော်အံ့သြသွားမိတယ်ဗျာ။

“ဟာ၊ ဦးဘသာက ကျုပ်ဖြစ်တာကို အကုန်သိနေပါလား၊ မဟုတ်မှလွဲရော သူများစိတ်ထဲက အကြံတွေကို သိနိုင်တဲ့အစွမ်းများရှိနေသလားဗျာ”

“အောင်မယ်လေး၊ မရှိပါဘူးကွာ၊ မင့်အဖြစ်လောက်က တွေးကြည့်တာနဲ့တင် ရုပ်လုံးပေါ်ပါတယ်ကွ၊ ဆေးလိပ်ဆိုင်ဆိုတာ ကြည့်ပျော်ရှုပျော်ရှိတဲ့ ချောချောမောမောမိန်းကလေးတွေကို အရောင်းခန့်ထားတာ ထုံးစံပဲကွ၊ ဆေးလိပ်သောက်တယ်ဆိုတာကလည်း ယောက်ျားထုက ပိုများတယ်မဟုတ်လား၊ ဒီလိုနည်းနဲ့ ဖောက်သည်တွေကို ဆွဲဆောင်တာနဲ့တူပါတယ်ကွာ၊ မင်းဆေးလိပ်သွားဝယ်တယ်ဆိုကလည်းက အဲဒီဆိုင်က အရောင်းကောင်မလေးတွေကိုငမ်းပြီး ဓါတ်တိုင်ကြီးနဲ့ဝင်ဆောင့်တယ်ဆိုတာ တွေးကြည့်တာနဲ့ ရေးရေးတင်မဟုတ်ဘူး၊ ထင်ထင်ရှားရှား ပေါ်ပါတယ်ကွ”

ကျုပ်လည်း နာနေတဲ့နဖူးကိုပဲ ပွတ်နေမိတော့တယ်။

“ဘာပဲပြောပြော ဓါတ်တိုင်နဲ့တိုက်တယ်ဆိုပေမယ့်လည်း တန်ပါတယ်ဗျာ”

“ဟောကြည့်၊ ပြောရင်းဆိုရင်းတောင်မှ အကြောမသေသေးပါလား၊ ငေးတာလည်းကြည့်ငေးအလတ်ကောင်ရေ၊ နောက်တစ်ခါဆိုရင်တော့ ဓါတ်တိုင်နဲ့မတိုက်ဘဲ ကားနဲ့တိုက်မိနေမှာမြင်ယောင်သေးတယ်ကွာ”

ကျုပ်လည်း ပြုံးဖြီးဖြီးကြီးလုပ်နေလိုက်တော့တယ်၊ ဦးဘသာက တစ်ဖက်ကိုလှည့်လိုက်ပြီး

“ကဲ၊ သွားကြစို့၊ ငါတို့တွေ မျိုးကြီးအိမ်မှာတည်းမှာမဟုတ်လားကွ”

“ဒါပေါ့ဗျာ၊ မြိုင်သာကိုလာမှတော့ ကိုမျိုးကြီးအိမ်ပဲ တည်းရတော့မှာပေါ့ဗျ”

ဒီလိုနဲ့ဦးဘသာနဲ့ ကျုပ်နဲ့ ကိုမျိုးကြီးနေတဲ့ ပန်းဆွဲရပ်ကွက်ဘက်ကို လျှောက်ခဲ့ကြတာပေါ့။

“ဖြစ်ရမယ်အလတ်ကောင်ရေ၊ မင်းကတော့ ဖြစ်လိုက်ရင် အဆန်းချည်းပဲ”

ဦးဘသာက လမ်းတစ်လျှောက် ကျုပ်ကိုဆူပူကြိမ်းမောင်းသွားပါသေးတယ်ဗျာ။

(၄)

ကိုမျိုးကြီးဆိုတာ ကျုပ်တို့ရွာသားပဲဗျ၊ ကျုပ်တို့နဲ့လည်း ဆွေမျိုးမကင်းတော်ပါတယ်၊ သူက မြိုင်သာဘုရားပွဲလှည့်ရင်း မြိုင်သာမြို့က အပျိုကြီးတစ်ယောက်နဲ့ ငြိသွားပါရောဗျာ၊ အပျိုကြီးကလည်း ငွေကြေးရှိတဲ့အထဲကပါသဗျ၊ မြိုင်သာမြို့ထဲမှာပဲ ဆန်တွေဆီတွေရောင်းတဲ့ ကုန်ခြောက်ဆိုင်တစ်ဆိုင်ဖွင့်ထားသေးတယ်ဗျာ၊ သိုက်တူးတယ်လို့ပဲပြောပြော ကိုမျိုးကြီးတစ်ယောက် အပျိုကြီးနဲ့ညားပြီးတော့ မြိုင်သာမှာပဲ အခြေချဖြစ်သွားတယ်ဆိုပါတော့ဗျာ၊ ကိုမျိုးကြီးအခုနေတဲ့အိမ်ကလည်း အတော်ခပ်ကြီးကြီးဆိုတော့ ကျုပ်တို့ရွာကအမျိုးတွေ မြိုင်သာတက်လာတိုင်း ကိုမျိုးကြီးအိမ်မှာ သွားတည်းရတာ ထုံးစံပါပဲဗျာ။

“ဟာ၊ အလတ်ကောင်ပါလား၊ ဆိုင်းမဆင့်ဗုံမဆင့်နဲ့ဟေ့၊ ဒါနဲ့ ဦးလေးရောပါသလားကွ”

“ဘယ်သူမှ မပါပါဘူးကိုမျိုးကြီးရာ၊ ဒီတစ်ခေါက်မြိုင်သာလာတာ ကျုပ်တစ်ယောက်တည်းဗျ၊ အဲ၊ ဦးဘသာကြီးတော့ ပါသဗျ”

ကျုပ်ကိုခြံတံခါးလာဖွင့်ပေးတဲ့ ကိုမျိုးကြီးက ဦးဘသာကိုတစ်ချက်ကြည့်လိုက်တယ်ဗျ၊ ဦးဘသာက စုန်းဆိုတော့ သူ့အိမ်မှာလက်သင့်ခံချင်ပုံမရဘူးထင်ပါတယ်ဗျာ၊ ဒါနဲ့ကျုပ်ကိုကြည့်ရင်း

“သူရော၊ ငါတို့အိမ်မှာတည်းမှာလားကွ”

“ဒါပေါ့ဗျာ၊ ဦးဘသာက ကျုပ်နဲ့အဖော်လိုက်လာတာကိုး၊ ဒါနဲ့ ဘာဖြစ်လို့လဲကိုမျိုးကြီး”

ကိုမျိုးကြီးက မျက်စိမျက်နှာပျက်နေသဗျာ၊ ကျုပ်ကလည်း အရူးမှမဟုတ်ပဲဗျ၊ ကိုမျိုးကြီးဘာကိုဆိုလိုချင်တယ်ဆိုတာကို ကျုပ်တန်းသိတာပေါ့၊ သူက ကျုပ်တည်းတာကိုလက်ခံချင်ပေမယ့် ဦးဘသာကိုတော့ သူ့အိမ်မှာ မတည်းစေချင်ဘူးထင်ပါတယ်၊ ဦးဘသာကိုလှည့်ကြည့်လိုက်တော့လည်း ဦးဘသာက မျက်နှာညှိုးလို့ဗျ၊ ဒါနဲ့ ကိုမျိုးကြီးဘာမှမပြောခင်မှာ ကျုပ်ကပဲ။

“ရတယ်ကိုမျိုးကြီး၊ ဦးဘသာမတည်းရဘူးဆိုရင် ကျုပ်လည်းမတည်းတော့ဘူး၊ ရွှေမြင်တင်ဘုရားခြေရင်းမှာ ဇရပ်တွေပေါပါတယ်”

ကျုပ်က ပြန်လှည့်ထွက်မယ်လုပ်တော့မှ ကိုမျိုးကြီးက ခြံထဲကပြေးထွက်လာပြိး ကျုပ်လက်ကိုလာဆွဲတယ်ဗျ။

“မဟုတ်ပါဘူးအလတ်ကောင်ရာ၊ ဇရပ်မှာမတည်းပါနဲ့ကွ၊ လာပါ၊ ငါ့အိမ်မှာပဲတည်းကြပါ”

ကျုပ်လည်းပြန်လှည့်လိုက်တယ်၊ ကိုမျိုးကြီးက ဦးဘသာကိုကြည့်ရင်း

“ဦးလေးလည်းလာပါ၊ အိမ်ပေါ်ကိုကြွပါဗျာ”

ဒီတော့မှ ဦးဘသာလည်း ကျုပ်အနောက်ကနေ လိုက်လာခဲ့တော့တာပါပဲဗျာ။

အိမ်ပေါ်ကိုတက်ပြီးတော့ ကျုပ်တို့အိမ်ဦးခန်းမှာထိုင်လိုက်ကြတယ်၊ အိမ်က ခြေတံရှည်အိမ်ကြီးပါဗျာ၊ ရှေးလက်ရာဆိုတော့လည်း တိုင်လုံးကြီးတွေက အကြီးကြီးဗျ၊ ကြမ်းခင်းကြီးတွေဆိုရင်လည်း ထုနဲ့ထည်နဲ့ပဲ၊ အိမ်ဦးခန်းမှာထိုင်လိုက်တော့ ကိုမျိုးကြီးက အိမ်နောက်ဖေးကိုပြေးဝင်သွားတယ်ဗျ၊ ခဏကြာတော့မှ ရေနွေးကရားအိုးကိုလင်ပန်းတစ်ခုထဲထည့်ပြီး ပြန်ထွက်လာတယ်။ ကျုပ်တို့အရှေ့မှာထိုင်ချလိုက်တော့ ကျုပ်က

“ဒါနဲ့ ကိုမျိုးကြီးတစ်ယောက်တည်းလား၊ အပျိုကြီးကိုရော မတွေ့ပါလားဗျာ”

“ဟာကွာ၊ အခုအပျိုကြီးမဟုတ်တော့ပါဘူးကွ၊ ငါနဲ့ညားနေပြီပဲဥစ္စာ”

“ကျုပ်တို့က ပါးစပ်ထဲ အပျိုကြီးလို့ပဲ စွဲနေလို့ပါဗျာ”

“အေး၊ သူက အိမ်မှာရှိပါတယ်၊ ဒါပေမယ့် . . .”

ကိုမျိုးကြီးက ဆက်မပြောတော့ဘဲ ဦးဘသာကိုကြည့်နေတယ်ဗျ။ ကျုပ်လည်း သိချင်တာနဲ့

“ဒါပေမယ့် ဘာဖြစ်တာလဲဗျာ”

“နေမကောင်းဘူးကွ”

“ဟုတ်လား၊ အင်းလေ ဒီလိုအချိန်ဆိုတော့ တုပ်ကွေးမိတာဖြစ်မှာပေါ့ဗျာ”

“ဘာဖြစ်မှန်းတော့ မသိဘူးအလတ်ကောင်ရေ၊ မြိုင်သာက ဆရာဝန်တွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းပြနေတာလည်း ကုန်သလောက်ရှိပြီ၊ သက်ကိုမသက်သာတာဟ”

ကိုမျိုးကြီးကြည့်ရတာလဲ မသက်မသာနဲ့ဗျာ၊ ဦးဘသာက ထပြီးတော့

“အဲဒါ ပယောဂပဲကွ”

ကိုမျိုးကြီးက ဦးဘသာကိုကြည့်မရပါဘူးဆိုမှ ဦးဘသာက အဲဒီလိုထပြောလိုက်တော့ စိတ်တိုသွားတယ်ထင်ပါတယ်ဗျာ။ ဦးဘသာကို မျက်ထောင့်နီကြီးနဲ့ကြည့်ပြီး

“ခင်ဗျားတို့လူတွေက အဲဒီလိုပဲဗျာ၊ တစ်ခုခုဆို ပယောဂ၊ ပယောဂလို့ ခေါင်းစဉ်တပ်ပြီးတော့ ငွေတွေချူစားဖို့ပဲချောင်းနေတာမဟုတ်လား”

ကျုပ်က ကိုမျိုးကြီးပခုံးကိုကိုင်လိုက်ပြီး

“သိပ်ပြီးဒေါသမထွက်ပါနဲ့ ကိုမျိုးုကြီးရာ ဦးဘသာက တခြားလူတွေလိုမဟုတ်ပါဘူးဗျ၊ သူဒီလိုပြောရတာ အကြောင်းတစ်ခုတော့ရှိမှာပါ”

“မင်းသူ့ဘက်က ရှေ့နေလိုက်ပေးမနေနဲ့အလတ်ကောင်၊ ဦးဘသာ ဘယ်လိုလူဆိုတာ ငါသိပါတယ်ကွ၊ သူ့အမေကလည်း စုန်း၊ သူကလည်း စုန်းကြီးမဟုတ်လား”

ဦးဘသာက ခေါင်းတစ်ချက်ညိတ်ပြီး

“ဟုတ်ပြီမျိုးုကြီး၊ ဒါဆိုရင် မင်းကိုငါမေးမယ်နော်၊ မင်းအခု ဆရာဝန်တွေနဲ့ကုတော့ ဆရာဝန်တွေက မင်းကိုဘာရောဂါလို့သေချာပြောသလဲကွ”

“ဒါတော့ သေချာမပြောပါဘူး၊ ကျုပ်ကလည်း နားမှမလည်တာ၊ သူတို့က သုံးလေးရက်တစ်ပတ်လောက်ကုပြီးရင် လက်လျော့လိုက်တာချည်းပဲ”

“ဟုတ်ပြီ၊ မင်းမိန်းမအခုဖြစ်တာကြာပြီမဟုတ်လား၊ အခုလိုဖြစ်တော့ သူ့စီးပွားရေးတွေမလုပ်နိုင်တော့ဘူးမဟုတ်လား”

ကိုမျိုုးကြီးက ခေါင်းညိတ်ပြီးတော့

“ဒါတော့ဟုတ်တယ်ဗျ၊ အခုသူဖြစ်နေတာ သုံးလကျော်လောက်တော့ရှိပြီ၊ အခုဆိုရင် အစားလည်းသိပ်မဝင်တော့ဘူး၊ ရေလည်းချော့တိုက်နေရတဲ့အခြေအနေဖြစ်နေပြီ၊ သူအခုလိုဖြစ်တော့ ဈေးထဲက သူ့ဆိုင်လည်း ပိတ်ထားရတာ ကြာပြီပေါ့ဗျာ၊ ခုတောင်မှ ဆိုင်ထွက်မရောင်းမယ့်အတူတူ သူများကိုပြန်ရောင်းလိုက်မလားလို့ စဉ်းစားနေရတယ်”

ဦးဘသာက မျက်လုံးကိုမှိတ်လိုက်တယ်ဗျ။

“မင်းမိန်းမဗိုက်က မွေးတော့မယ့်လူနာလို ဗိုက်ကြီးဖောင်းနေပါရောလား၊ လက်မောင်းတွေကလည်း အရိုးပေါ်အရေတင်ပဲ၊ သွားတွေခေါထွက်နေပြီးတော့ ပါးချောင်၊ နားချောင်တွေလည်း ကျလို့ပါလားကွာ၊ နဂိုရုပ်တောင်မပေါ်တော့ဘူး”

ကိုမျိုးကြီးတော်တော်အံ့သြသွားတယ်ဗျ။

“ဦး၊ ဦးဘသာက ကျုပ်မိန်းမကို တစ်ခါမှမမြင်ဖူးဘဲနဲ့ ဒါတွေဘယ်လိုသိတာလဲဗျ”

“ပညာတွေကြောင့်ပေါ့ကွာ၊ မင်းခြံဝန်းရှေ့မှာ ရပ်လိုက်ကတည်းက မင်းခြံထဲမှာ ထူးဆန်းတဲ့အနံ့တစ်မျိုးရနေပြီးသားကွ၊ အိမ်ပေါ်တက်လာတော့ အဲဒီအနံ့က ပိုဆိုးလာသကွာ၊ ခုဒီမှာထိုင်နေတော့မှ ဟောဟိုအိမ်ခန်းထဲက အနံ့ဆိုးဆိုးဝါးဝါးတွေထွက်နေတယ်ကွ”

ကျုပ်နဲ့ကိုမျိးကြီးလည်း နှာခေါင်းတရှုံ့ရှုံ့နဲ့ ပြိုင်တူအနံ့ခံလိုက်ကြတယ်ဗျ။ ဦးဘသာက ကျုပ်တို့ကိုကြည့်ရင်း

“ရော်၊ ခက်ပါလား၊ ဒီအနံ့က သာမန်လူတွေမရနိုင်တဲ့အနံ့ကွ၊ သေချာတာကတော့ မင်းမိန်းမ အပျိုကြီးကို ပယောဂနဲ့တိုက်ခံနေရပြီဟေ့၊ နားလည်တတ်ကျွမ်းတဲ့ဆရာနဲ့သာ ပြသပြီးတော့ ကုပေတော့၊ ငါတို့ရောက်လာတာ အချိန်မီသွားတယ်၊ နောက်ထပ်လေးငါးရက်သာနောက်ကျရင် မင်းမိန်းမအပျိုကြီး သေလောက်ပြီကွ”

ဦးဘသာပြောတော့မှ ကိုမျိုးကြီးက တော်တော်ထိတ်လန့်သွားတယ်ဗျာ၊ ကျုပ်လည်း ဦးဘသာပေါင်ကိုအသာတို့ရင်း

“ဦးဘသာရာ၊ ပို့မယ့်ပို့တော့ ကူးတို့ရောက်အောင်ပို့စမ်းပါဗျ၊ ဦးဘသာ ဒီဟာကိုကိုင်တွယ်နိုင်တယ်မဟုတ်လား”

ဦးဘသာက ခပ်တည်တည်နဲ့

“ဒီမှာအလတ်ကောင်၊ သူများကိုကုသပေးတယ်ဆိုတာက လူနာရှင်က ကြည်ဖြူမှဖြစ်တာကွ”

ကိုမျိုးကြီးတစ်ယောက် လှုပ်လှုပ်ရှားရှားဖြစ်သွားပြီးတော့

“ဒါဆိုရင် အားကိုးပါတယ် ဦးဘသာရာ၊ ဦးဘသာ ကုတတ်တယ်ဆိုရင် ကျုပ်မိန်းမကို ကုပေးပါဗျ၊ အဖိုးအခ မနည်းစေရပါဘူး”

“ဒီမှာ မျိုးကြီး၊ ငါအခု မင်းမိန်းမအပျိုကြီးကို ကုသပေးမယ်ဆိုတာက မင်းနဲ့ငါက တစ်ရွာတည်းသားချင်းဖြစ်နေလို့ ကူညီချင်ရုံသက်သက်ပဲကွ၊ တခြားသူဆိုရင် ငါ့ကိုငွေဘယ်လောက်ပုံပေးပေး၊ ငါကူညီမှာမဟုတ်ဘူး”

ကိုမျိုးကြီးက ပျာပျာသလဲနဲ့

“တောင်းပန်ပါတယ် ဦးဘသာရာ၊ ဘာပဲပြောပြော ကျုပ်မိန်းမခံစားနေရတဲ့ ရောဂါပျောက်ဖို့သာ အရေးကြီးပါတယ်”

ဦးဘသာက ခေါင်းညိတ်ပြီးတော့ တင်ပလ္လင်ခွေပြီးထိုင်လိုက်တယ်ဗျ၊ နောက်တော့ အိမ်ခန်းထဲကို စူးစူးစိုက်စိုက်ကြည့်ပြီးတော့ ကြမ်းကိုလက်နဲ့ပုတ်လိုက်တယ်။

“ကဲ အိမ်ခန်းထဲက အကောင်၊ ဒီကိုထွက်လာခဲ့စမ်း”

ကိုမျိုးကြီးက

“ဦးဘသာ၊ ကျုပ်မိန်းမက အစာတောင်ကောင်းကောင်းမစားနိုင်လို့ အရိုးပေါ်အရေတင်ဖြစ်နေတာပါ၊ လမ်းတောင်မလျှောက်နိုင်တော့ပါဘူးဗျာ”

“မင်းတိတ်ထားစမ်းမျိုးကြီး၊ မင်းဘာမှဝင်မပြောနဲ့”

ဦးဘသာက ကြမ်းကိုလက်နဲ့နောက်တစ်ချက်ပုတ်လိုက်ပြီးတော့

“ကဲ ငါခေါ်နေတယ်လေ၊ အကောင်လား၊ ကောင်မလား၊ ထွက်လာခဲ့စမ်းပါ”

ဒီအချိန် အိမ်ခန်းထဲကနေ ဝုန်းခနဲအသံကြီးကြားလိုက်ရတယ်ဗျာ။ ပြီးတော့ တဒုန်းဒုန်းနဲ့ ခြေသံကိုလည်းကြားလိုက်ရတယ်၊ ခြေသံက ကြမ်းပြင်ပေါ်ကို ဖနောင့်နဲ့ပေါက်ပြီး လျှောက်နေတဲ့အသံမျိုးဗျ။ နောက်တော့ အရှေ့ခန်းကို အပျိုကြီးထွက်လာသဗျာ၊ ဦးဘသာပြောတဲ့အတိုင်းပဲဗျ၊ ဗိုက်ကြီးက ပူတင်းဖောင်းကားနေပြီးတော့ လူတစ်ကိုယ်လုံးလည်း အရိုးနဲ့အရေလောက်ရှိတော့တာ၊ ဆံပင်ဖွာဖွာရှည်ရှည်ကြီးနဲ့ မျက်တွင်းကလည်း ဟောက်ပက်ကြီးဗျို့။ ကျုပ်တောင်ကြည့်ရင်း တော်တော်လန့်သွားတာဗျ၊ အပျိုကြီးက တဒုန်းဒုန်းနဲ့လျှောက်လာပြီးတော့ ကျုပ်တို့နဲ့ဆယ်ပေလောက်အကွာ ကြမ်းပြင်မှာရပ်လိုက်တယ်။ ဦးဘသာကို စိမ်းစိမ်းကြီးကြည့်ပြီး

“သြော်၊ ဘယ်သူများလဲလို့ ရှင်ပါလား၊ ရှင်ဒီအိမ်ကနေအခုထွက်သွား”

တကယ်ဆိုရင် ဦးဘသာနဲ့ အပျိုကြီးနဲ့က မခင်ဘူးဗျ၊ ကိုမျိုးကြီးရွာမှာမင်္ဂလာ လာဆောင်တဲ့အချိန်လောက်ကပဲ တစ်ခါတွေ့ဖူးတာမဟုတ်လား၊ အခု ဦးဘသာကို သိနေပုံထောက်တော့ တစ်ခုခုတော့ တစ်ခုခုပဲဗျ၊ ဦးဘသာက အပျိုကြိးကိုကြည့်ရင်း

“တိတ်စမ်း၊ နင်ဘယ်သူလဲဆိုတာ ငါသိတယ်နော်၊ နင်လုပ်ထားတာတွေ ချက်ချင်းဖြုတ်သိမ်း၊ မဟုတ်ရင်တော့ ငါ့အဆိုးမဆိုနဲ့”

အပျိုကြီးက ဒေါသတကြီးနဲ့အော်ဟစ်ရင်း

“ထွက်သွား၊ ရှင်ဒီအိမ်ကနေထွက်သွား၊ ကျုပ်အိမ်ကနေထွက်သွား”

ဦးဘသာက မဲ့ပြုံးပြုံးရင်း

“အောင်မာ၊ နင်ကများ ဒီအိမ်က နင့်အိမ်တဲ့လား၊ ဟဲ့ စုန်းမ၊ နင်သူများကိုသာ လှည့်စားလို့ရချင်ရမယ်၊ ငါ့ကိုလှည့်စားလို့ရမယ်များထင်နေတာလား”

ဦးဘသာပြောတော့ အပျိုကြီးက အသံနက်ကြီးနဲ့အော်ပြီး ဒေါသတွေထွက်တော့တာပဲဗျာ၊ ဒါနဲ့ ကိုမျိုးကြီးက မတ်တတ်ထပြီးတောာ့ သူ့မိန်းမဆီကိုပြေးသွားတယ်။

“မိန်းမ၊ စိတ်နည်းနည်းလျော့ပါအုံးကွာ”

ကိုမျိုးကြီးအနားရောက်သွားတော့ အပျိုကြီးက ကိုမျိုးကြီးကို လက်ပြန်တစ်ချက်ရိုက်ထည့်လိုက်တယ်ဗျာ၊ လူပိန်တာရိုးလေးက ရိုက်ထည့်လိုက်တဲ့ရိုက်ချက်က ပြင်းသဗျ၊ ကိုမျိုးကြီးလို ယောက်ျားရင့်မာကြီးတောင်မှ အနောက်ကိုလွင့်ထွက်သွားပြီးတော့ အိမ်ရဲ့သစ်သားနံရံနဲ့ နောက်စေ့နဲ့ဆောင့်သွားတယ်၊ ပြီးတော့ ကိုမျိုးကြီး ဇက်ကျိုးကျသွားတော့တာပါပဲ။

“ကိုမျိုးကြီး”

ကျုပ်အော်ဟစ်ပြီး ကိုမျိုးကြီးကိုပြေးဆွဲလိုက်တယ်ဗျ၊ ကိုမျိုးကြီးက သေတော့မသေဘူး၊ အသက်တော့ရှူနေသေးတယ်၊ ကျုပ်အထင်တော့ ခေါင်းထိပြီး မေ့သွားတာဖြစ်မယ်ဗျ၊ ဒီအချိန်မှာပဲ အပျိုကြီးက ဦးဘသာဆီကိုအတင်းဝင်ပြေးသွားတော့တယ်၊ ဦးဘသာက အပျိုကြီးကိုလက်ညှိုးထိုးပြီးတော့

“ရပ်စမ်း၊ အဲဒီမှာရပ်နေစမ်း”

ဦးဘသာပြောပေမယ့် အပျိုကြီးက လုံးဝရပ်မနေပါဘူးဗျာ၊ ဦးဘသာဆီကိုအတင်းဝင်ပြေးပါရော၊ ဦးဘသာလည်း တော်တော်အံ့သြနေတဲ့ပုံပဲဗျ။ ဦးဘသာက အပျိုကြီးကို မရပ်တန့်နိုင်တော့တာမို့လို့ ကျုုပ်လည်း အပျိုကြီးဆီကိုပြေးဝင်လိုက်ရတော့တယ်၊ အပျိုကြီးရဲ့ လက်နှစ်ဖက်ကိုသိုင်းပြီး အနောက်ကနေဖမ်းချုုပ်ဆွဲထားရတယ်ဗျ၊ အပျိုကြီးကိုဆွဲရတာ နွားသိုးကိုဆွဲရသလိုပါပဲဗျာ၊ ကျုပ်ဖြင့် ခြေကန်ပြီးတော့ဆွဲထားရတယ်၊ အပျိုကြီးက ဦးဘသာကို သူ့လက်သည်းတွေနဲ့လှမ်းကုတ်သဗျ၊

“အား၊ မရတော့ဘူးဦးဘသာ၊ ကျုပ်မရတော့ဘူး”

အပျိုကြီးရုန်းတာ နွားရုန်းတာထက်တောင် သန်သေးသဗျာ၊ ကျုပ်လည်း သူရုန်းတာကို မဆွဲနိုင်တဲ့အဆုံးမှာ ဦးဘသာက ကွမ်းအစ်ထဲက ကွမ်းရွက်တစ်ရွက်ကိုယူလိုက်ပြီးတော့ အပျိုကြီးရဲ့နဖူးမှ လက်ဝါးနဲ့ကပ်ထည့်လိုက်တော့တယ်၊ ဒီတော့မှ အပျိုကြီးက ကျောက်ရုပ်ကြီးတစ်ရုပ်လို တောင့်တောင့်ကြီးရပ်သွားပါရော။ ဒါပေမယ့် မျက်နှာကတော့ လှုပ်နေသေးသဗျ။

“ငါသူ့ကိုပြုုုစားထားတာကို ရှင်ဘာလို့ဝင်ရှုပ်ရတာလဲ”

“အောင်မာ၊ ဒီလူက တို့ရွာသား၊ ဒီလူရဲ့မိန်းမကလည်း တို့ရွာသူတစ်ပိုင်းပဲ၊ သူ့ကိုငါကယ်ခွင့်ရှိတယ် ကောင်မရဲ့၊ ပြောစမ်း၊ နင်ဘာဖြစ်လို့ သူ့ကိုလုပ်ရတာလဲ”

“ငါ့ကို သူများက ငွေပေးပြီးလုပ်ခိုင်းလို့”

“ဘယ်သူလုပ်ခိုင်းတာလဲ”

“သူတို့ဆိုင်ရဲ့ ဘေးဆိုင်က ညီအမလုပ်ခိုင်းတာ၊ သူသေရင် ပိုက်ဆံငါးရာပေးမယ်တဲ့၊ နောက်ပြီး သူ့ကိုလည်း ငါက အစိမ်းသရဲအဖြစ် မွေးထားအုံးမှာ”

“နင့်အကြံတော်တော်ပက်စက်တာပဲ၊ ဘာပဲဖြစ်ဖြစ် နင်ရှေ့ဆက်တိုးရင် နာဖို့ပဲရှိတယ်၊ ဒါကြောင့် နင်အခုကတည်းက နောက်ဆုတ်လိုက်တော့၊ နင်သူ့ကိုလုပ်ထားတဲ့ ပညာစက်တွေကိုထုတ်ပြီး သူ့ကိုအကောင်းပကတိဖြစ်အောင် ပြန်လုပ်ပေးခဲ့”

“မလုပ်ပေးဘူး၊ လုံးဝမလုပ်ပေးနိုင်ဘူး၊ ရှင်မကျေနပ်ရင် ကျုုပ်ကိုသတ်လိုက်”

“ဟင်း၊ နင်ကများ တော်တော်သေချင်နေပုံပဲ၊ နင့်ကိုသေအောင်မသတ်ပါဘူး၊ ဒါပေမယ့် သေမလောက်နာကျင်အောင်တော့ ငါလုပ်ပြမယ်”

ဦးဘသာက အဲဒီလိုပြောပြီးတော့ သူ့ကွမ်းအစ်ထဲက ထုံးလက်တစ်တို့ကိုယူလိုက်ပြီးတော့ ခုနုက အပျိုကြီးနဖူးမှာကပ်ထားတဲ့ ကွမ်းရွက်အောက်ဘက်ကိုသုတ်ပါတော့တယ်၊ အပျိုကြီးဆိုရင် မျက်နှာကြီးရှုံ့မဲ့တက်လာပြီးတော့ ငယ်သံပါအောင် အော်ပါရောဗျာ၊ မျက်ရည်တွေလည်း တပေါက်ပေါက်နဲ့ စီးကျလာသဗျ၊ နောက်တော့ အံကိုအတင်းကြိတ်ပြီး ခံရှာတယ်၊ သွားချင်းကြိတ်တဲ့အသံတွေတောင်မှထွက်တယ်ဗျာ။

“သြော်၊ နင်က ခံနိုင်ရည်ရှိတယ်ပေါ့ဟုတ်လား၊ ကဲ ထုံးနောက်တစ်ထပ် သုတ်လိုက်မယ်၊ လာလေရော့”

ဦးဘသာက ကွမ်းရွက်ပေါ်ကို ထုံးတွေထပ်သုတ်တယ်ဗျ၊ အပျိုကြီးဒီတစ်ခါတော့ အံတောင်မကြိတ်နိုင်တော့ပါဘူးဗျာ၊ အော်ဟစ်ပြီး ငိုယိုနေတာပါပဲ။

“ကဲ စုန်းမ၊ ငါနောက်ထပ် ထုံးတစ်ထပ်သုတ်ရင် နင်အသေပဲနော်၊ နင့်အသက်ကိုနင်မနှမြောဘူးလား၊ နင်သေချင်တယ်ဆိုရင်လည်း ငါနင့်ကို ငရဲပြည်ပို့ပေးမယ်”

“မလုပ်ပါနဲ့ရှင်၊ ရှိခိုးဆိုရင်ခိုးပါ့မယ် ထုံးသုံးထပ်တော့ မသုတ်ပါနဲ့”

“နင့်ကိုငါ ရှိခိုးခိုင်းတာမဟုတ်ဘူး၊ သူ့ကိုလုပ်ထားတဲ့ နင့်ပညာစက်တွေအကုန်နှုတ်သိမ်းသွား၊ သူ့ကိုလည်း အကောင်းပကတိအတိုင်းရှိစေနော်၊ နောက်ထပ်လည်း သူ့ကိုထပ်ပြီး မပြုစားရဘူး”

“ဟုတ်ကဲ့၊ ဟုတ်ကဲ့ မပြုစားတော့ပါဘူး”

ဦးဘသာက ကွမ်းရွက်ကိုနဖူးကနေ ခွာပေးလိုက်တယ်ဗျ၊ ဒီတော့မှ အပျိုကြီးက ပြန်လှုပ်လို့ရသွားတယ်ဗျာ၊ လှုပ်လို့ရတာနဲ့ သူ့နဖူးကိုသူ လက်နဲ့ပြန်ရိုက်ပြီးတော့ ကြမ်းပြင်ပေါ်ကို ဒုန်းခနဲလဲကျသွားတော့တာပါပဲ။

“သွားပြီလား ဦးဘသာ”

“သွားပြီ၊ သွားပြီ”

ကျုပ်တို့ကြည့်နေတုန်း အပျိုကြီး ဗိုက်ထဲကနေ လေတွေသက်လာသဗျာ၊ တဘူဘူတဂွမ်ဂွမ်နဲ့ အီးတွေပေါက်ပါရော၊ အနံ့ကလည်း ပုပ်စော်နံနေတာပါပဲဗျာ၊ ကျုပ်ဖြင့် မခံနိုင်လို့ နှာခေါင်းကိုလက်နဲ့ပိတ်ထားရသဗျ။ လေတွေက ပြတ်တောင်းပြတ်တောင်းထွက်လာရာကနေပြီး နောက်တော့ ရှူးခနဲမရပ်မနားထွက်တော့တယ်ဗျ၊ သူဝတ်ထားတဲ့ထမီကြီးဆိုရင် လေတွေထွက်လို့ မိုးပေါ်ကိုတောင်ပျံတက်နေတယ်၊ ကားဘီးပေါက်သလိုမျိုး လေတွေတရှူးရှူးနဲ့ထွက်ပြီးသွားတော့ သူ့ဗိုက်ကြီးက ချပ်သွားသဗျာ။

“ဟာ၊ မိန်းမ၊ မိန်းမ”

ဘယ်အချိန်ကတည်းက နိုးနေမှန်းမသိတဲ့ ကိုမျိုးကြီးက အပျိုကြီးကို ပြေးပွေ့တယ်ဗျ၊ အပျိုကြီးကို အခန်းထဲပြန်ထည့်ပြီးတော့မှ ကိုမျိုးကြီးပြန်ထွက်လာတယ်။

“ဘယ်လိုဖြစ်သွားတာလဲဗျာ၊ ကျုပ်တော့ ဇက်ကြောတွေအောင့်နေတာပဲ”

ဦးဘသာက ရေနွေးသောက်ရင်း

“မကျေနပ်လို့လုပ်တာနေမှာကွ၊ လုပ်တဲ့လူက သူရောင်းတဲ့ဈေးဆိုင်ရဲ့ ဘေးဆိုင်က  ညီအမနှစ်ယောက်တဲ့ကွာ၊ မင်းမိန်းမသေရင် ငါးရာပေးမယ်ဆိုပြီးလုပ်ခိုင်းတာတဲ့”

ကိုမျိုးကြီးက မျက်လုံးပြူးသွားပြီးတော့

“ဟာ၊ ဟုတ်ရောဟုတ်ရဲ့လားဗျာ၊ ဒီညီအမနှစ်ယောက်က ကျုပ်မိန်းမနဲ့သိပ်ခင်တာဗျ၊ ညီအမတွေလိုကိုနေတာ၊ ကျုပ်တို့အိမ်နဲ့ဆိုရင်လည်း စားအိမ်သောက်အိမ်လိုဖြစ်နေပြီဗျ၊ ဦးဘသာပြောမှ ကျုပ်စဉ်းစားမိတယ်ဗျာ၊ အခုလည်း  ကျုပ်တို့ဆိုင်မထွက်တာကြာလို့ ကျုပ်တို့ဆိုင်ခန်းကိုပြန်ရောင်းပါတဲ့ဗျာ၊ သူတို့က ကာလတန်ကြေးပေးပြီးဝယ်ပါ့မယ်တဲ့”

ဦးဘသာက ခေါင်းညိတ်ရင်း

“အင်းပေါ့ကွာ၊ သစ်ကောက်ဝါးကောက်သာမြင်ရပေမယ့် လူ့အတွင်းစိတ်ကိုတော့ မမြင်ရဘူးမဟုတ်လားကွ၊ ဒီညီအမက မင်းတို့အပေါ်ကောင်းသလိုလိုနဲ့ နောက်မှာအကျင့်ယုတ်နေတာကွ၊ မင်းမိန်းမသေသွားရင် မင်းတို့ဆိုင်ကိသူတို့ယူပြီးတော့ ဆက်ဖွင့်ချင်တဲ့သဘောဖြစ်မှာ”

“ဟုတ်မယ်ဗျ၊ ရောင်းကုန်ကလည်း အတူတူပဲ၊ ဆန်၊ ဆီ၊ ဆား စားသောက်ကုန်တွေရောင်းကြတာဆိုတော့ တကယ်တမ်းကြည့်ရင်တော့ စီးပွားပြိုင်ဖက်တွေပဲဗျ”

ကိုမျိုးကြီးတစ်ယောက်တော့ ဦးဘသာကြီးကို တော်တော်ယုံသွားတော့တောပါပဲဗျာ၊ ဦးဘသာကို ငွေကြေးကန်တော့ပေမယ့် ဦးဘသာက ထုံးစံအတိုင်းမယူခဲ့ပါဘူးဗျာ၊ ဒီလိုနဲ့ ကျုပ်တို့ ကိုမျိုးကြီးဝယ်ကျွေးတဲ့ ညစာစားခဲ့ကြပြီးတော့ အိပ်လိုက်တော့တာပေါ့ဗျာ။

ဆက်ရန်။

#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ