အနတ္တနှင့်ဦးလောက

တာတွေကို ကြားလိုက်ရသည်။

“ဟေ့ကောင် အနိစ္စ ရွာထဲကလူတွေက ငါ့အကြောင်းတော့ တော်တော်ပြောတယ်ကွသိလား ဘယ်သူဖြစ်ဖြစ် ဪ ဒုက္ခဒုက္ခ နဲ့နေတယ်”

“အဲ့ဒါ မင်းအကြောင်းပြောနေတာ မဟုတ်ဘူးကွ သူတို့ဒုက္ခရောက်နေလို့ ညည်းနေကြတာ”

“ဟုတ်လောက်ပါဘူးကွ ငါ့ကိုခင်လို့မင်လို့ ငါ့နာမည်ကို တမ်းတနေတာဖြစ်မှာပါ”

“ဒုက္ခကိုခင်စရာလားကွ ဒုက္ခ‌ေရာင်တယ်ဆိုတာမင်းမသိဘူးလား”

“သိတယ်လေကွာ ဒုက္ခဆိုတာငါပဲလေ ဒုက္ခရောက်တယ်ဆိုတာ ငါရောက်တာကိုပြောတာ”

“ဟာကွာ မင်းကိုရှင်းပြရတာလဲ ဒုက္ခပဲ”

“အမယ် မင်း‌ေရာပါငါ့နာမည်ကို တမ်းတလို့ပါလား ဒါကြောင့်ပြောတာပေါ့ကွာ ရွာထဲကလူတွေက ငါ့ကိုခင်မင်ကြပါတယ်ဆို”

ဒုက္ခ ထိုသို့ပြောလိုက်ချိန် ကျောင်းပေါ်ကဆင်းလာသော ကပ္ပိယကြီး ဦးသင်္ခါရက သူတို့နှစ်ယောက်ကိုကြည့်ပြီး

“ဪ ဒုက်ခပါလား”

“ဟုတ်တယ် ကပ္ပိယကြီး ကျွန်တော်ဒီမှာရှိတယ်”

“အေးအေး အဲ့ဒါဆိုလည်း ခဏနေရင်ဆွမ်းစားရအောင်လို့ ဘယ်မှလျှောက်သွားမနေနဲ့”

ကပ္ပိယကြီးထိုသို့ပြောလိုက်ရပေမဲ့ သူပြောခြင်သည်မှာထိုသို့မဟုတ် ဒုက္ခကိုဒုက္ခအကြောင်းရှင်းပြနေသော အနိစ္စတစ်ယောက် ရှင်းပြမရပဲ ဒုက္ခရောက်နေသည့်အတွက်ကြောင့် ဪဒုက္ခပါလားလို့ ရေရွတ်လိုက်ခြင်းဖြစ်သည်။ဒါကို ဒုက္ခက သူ့ပြောသည်ထင်ပြီး ပြန်ပြောလိုက်ခြင်းဖြစ်သည်။ ကပ္ပိယကြီးကလည်း ဆက်ရှင်းပြနေလျှင် သူးပါဒုက္ခရောက်သွားမည်ဆိုး၍ လျှော်လဲရောထိုင်လုပ်လိုက်ရခြင်းဖြစ်သည်။

ဒီလိုနဲ့ ကြာကန်ရွာဘုန်းကြီးကျောင်း‌အောက် ကွပ်ပြစ်ပေါ်တွင် ဦးသင်္ခါရနှင့်အတူ အနိစ္စ ဒုက္ခ အနတ္တတို့ ကျောင်းပေါ်ရှိ ဘုန်းကြီး ကိုရင်များ ဆွမ်းစားပြီးမည့်အချိန်ကို စောင့်နေကြသည်။

ထိုသို့ဖြစ် ကျောင်းပေါ်ရှိဘုန်းကြီး ကိုရင်များ ဆွမ်းစာပြီးတော့ သူတို့လေးရောက်အလှည့်ရောက်လာပြီး ကျောင်းပေါ်သို့တက်ကာ ဆွမ်းစားမည်အလုပ် ကျောင်းထိုင်ဆရာတော်ကြီးက

“ဒုက္ခရောက်ပြီးလားဟေ့”

“ရောက်ပါပြီ ဘုရား”

“အေး ဒုက္ခရောက်ခြင် အိမ်သာသွားပေတော့”

ဆရာတော်ကြီး ထို့သို့ပြောလိုက်တော့ ဆွမ်းစား စားပွဲတွင်ထိုင်ပြီး ထမင်းလုပ်ကို ပါးစပ်ထဲသို့ထည့်ရန်ပြင်နေသော ဒုက္ခတစ်ယောက် ဘာလုပ်ရမှန်းမသိပဲ ဖြစ်နေသည်
အမှန်မှာ ဆရာတော်ကြီးက ဆွမ်းစားနေရင်း ပဲဟင်းကို
အလွန်အကျွံသောက်နေ‌သော ကိုရင်လေးတစ်ပါး ဗိုက်ထဲမှတဂွီဂွီမြည်နေတာကို ကြားပြီးပြောလိုက်ခြင်းဖြစ်သည် ဒါကို ဒုက္ခက သူ့ပြောတယ်ထင်ပြီး ကြောင်အမ်အမ် ဖြစ်နေခြင်းဖြစ်ပြီး အတန်ကြာတော့မှ သဘောပေါက်သွားပြီး သူလည်းဆွမ်းဆက်စားနေလိုက်သည်။

ထိုသို့ဖြစ် သူတို့လေးယောက်လည်း ဆွမ်းစားပြီးပြီဖြစ်၍ လေတဖြူးဖြူး တိုက်နေသော ကျောင်းအောက်ကွပ်ပြစ်ပေါ်တွင် ထမင်းလုံးစီနေကြရင်း လောကကြီးအကြောင်းပြောနေကြသည်။

“လောကကြီးက မတရားဘူးကွ”

ကပ္ပိယကြီး ဦးသင်္ခါရထိုသို့ပြောလိုက်တော့ အနတ္တက

“ဘာဖြစ်လို့လဲဗျာ့ ဦးလောကကြီးက သူ့ဟာသူရွာထဲမှာအေးအေးဆေးဆေးနေတာပါ”

“ငါပြောတာ အဲ့ဒီလောကကိုပြောတာမဟုတ်ဘူးကွ သင်္ခါရလောကကိုပြောတာ”

“ဪ ဒါဆို ကပ္ပိယကြီးဆီမှာ လောကတစ်ခုရှိသေးတယ်ပေါ့”

“မဟုတ်ဘူးလေကွာ ငါပြောတာ ငါ့ဆီမှာလောကရှိတယ်လိုပြောတာမဟုတ်ဘူး လူ့လောကကြီးကိုပြောတာ အဲ့ဒီလူ့လောကကြီး မကောင်းတာကိုပြောတာ”

“ဟုတ်လားဗျာ့ လူ့လောကကြီးက ဘာကြောင့်မ‌‌ေကာင်းတာတုန်း”

အနတ္တ ထိုသို့မေးလိုက်တော့ ဦးသင်္ခါရက

“မင်းစဉ်းစားကြည့်စမ်းကွာ အနိစ္စမိဘတွေဆို ငယ်ငယ်ရွယ်ရွယ်နဲ့အနိစ္စရောက်ကုန်တယ် နောက် ဒုက္ခ သူမိဘတွေလည်း သူ့ကိုမွေးပြီး ဒုက္ခရောက်တယ် နောက်မကြာဘူး အနိစ္စရောက်တယ် နောက်ပြီးမင်းရောဘာထူးလဲ မွေးတုန်းကတော့ ရွှေပေါ်မြတင် ကျိကျိတက်သဌေးသား မကြာပါဘူးဆင်းရဲလိုက်တာမှ ကုန်းကောက်စရာတောင်မရှိတော့လို့ ဘုန်းကြီးကျောင်းကို လာပို့ထားတာ
ဒါကြောင့်မို့ မင်းကို ဆရာတော်ကြီးက အနတ္တ မတည်မြဲခြင်းလို့ နာမည်ပေးထားတာ”

“ဟုတ်လားဗျာ့ ဒါဆိုကပ္ပိယကြီးကိုရော ဘာလို့သင်္ခါရလို့ခေါ်တာတုန်း”

အနတ္တ ထိုသို့မေးလိုက်တော့ ဦးသင်္ခါရက

“ငါလည်း မင်းတို့လိုပါပဲကွာ နိမ့်ချည်မြင့်ချည် ဤနှစ်လီနှင့် အကြိမ်ကြိမ်ဖြတ်သန်း ဘဝလမ်းမှာ စခန်းမသင့်
လမ်းမတင့်လို့ မှန်းချင့်ချိန်ဆပြီး ရွာထဲမှာဇိမ်မကြတာနဲ့ ဒီကျောင်မှာပဲ အစဉ်ထာဝရ နေတော့မယ်လို့လျှောက်လိုက်တော့ ဆရာတော်ကြီးကငါ့ကို သင်္ခါရလို့အမည်ပေးပါရောလားကွာ”

ကပ္ပိယကြီး ထိုသို့ပြောလိုက်တော့ အနတ္တက

“ဟိုဗျာ ကပ္ပိယကြီးကလည်း ရွာထဲမှာနေစရာအိမ်မရှိတော့လို့ ဘုန်းကြီးကျောင်းလာနေတာလို့ပြောလိုက်ပြီးရော”

အနတ္တထိုသို့‌ေပြာလိုက်‌ေတာ့ ဦးသင်္ခါရဘာမှမပြောတော့ပဲပြုံးပြုံးကြီးသာလုပ်နေသည်
ထိုအချိန် ကျောင်းပေါ်မှနေပြီး ဆရာတော်က

“အနိစ်စ ဒုက်ခ အနတ်တ”

ဆရာတော် ထိုသို့ပြောလိုက်သည်နှင့် ဘုန်းကြီးကျောင်းသား သူတို့သုံးယောက်ကို ခေါ်မှန်းသိလိုက်ပြီး ကျောင်းပေါ်သို့တက်ခဲ့ကြသည်။ သူတို့သုံး‌ေယာက်ကျောင်းပေါ်ရောက်တော့ ဆရာတော်က

“ကဲ မင်းတို့သုံးယောက် ဒီစာကို ကျွန်းတောဘုန်းကြီးဆီ သွားပို့စမ်းကွာ”

ဆရာတော် ထိုသို့မိန့်လိုက်တော့ အနတ္တက ဆရာတော်လက်ထဲမှစာကိုယူကာ သုံးယောက်သား ကျောင်းအောက်သို့ပြန်ဆင်းလာခဲ့ကြရင်း

“ဒီအချိန် သွားရင်တော့ ဟိုကိုမှောင်မ ရောက်မှာပဲ”

အနတ္တ ထိုသို့ပြောလိုက်တော့ အနိစ္စက

“မှောင်မှ ရောက်တော့ဘာဖြစ်တုန်းဗျာ့ ကျောင်းမှာနေရတာပျင်းတယ် အဲ့လိုဟိုကျောင်း ဒီကျောင်းသွားနေရာမှ ပျော်စရာကောင်းတာ”

“ဒါဆိုလဲ မင်းတို့နှစ်ယောက်သွားပို့ချေကွာ ငါနေခဲ့မယ်”

ထိုအခါ ဒုက္ခက

“ဒီလိုတော့ ဘယ်ဖြစ်မတုန်းဗျာ့ မနက်ခင်းဆိုတော်သေးတယ် အခုညနေခင်းကြီးဆိုတော့မလိုက်လို့မရဘူး”

“အေးပါကွာ ငါလည်းစကားအဖြစ်ပြောတာပါ ငါမလိုက်လို့မရပါဘူး”

အနတ္တ ထိုသို့ပြောလိုက်ပြီး သုံးယောက်သား ကျွန်းတော ရွာသို့ထွက်ခဲ့လိုက်ကြသည်။

(၂)

သူတို့စာသွားပို့ရမည့် ကျွန်းတောရွာသည် ကြာကန်ရွာ၏တောင်ဘက်မှာရှိပြီး အနည်းငယ်ဝေးသည် ထိုရွာသို့ရောက်ရန် ရွာတောင်ဘက် လယ်ကွင်းများအနောက်ဘက်အစရှိ တောစပ်ကလှည်းလမ်းအတိုင်းသွားရမှာဖြစ်ပြီး ထိုလှည်းလမ်းဘေး၌ အိုမင်းနေသော ဇရပ်ကြီးတစ်ဆောင်ရှိ၍ သရဲခြောက်သည်ဟု နာမည်ကြီးလှသည်။

ထိုဇရပ်အိုကြီးနှင့်ခပ်လှမ်းလှမ်းသို့ရောက်တော့ အနတ္တက တစ်လမ်းလုံး တဟီးဟီးတဟားဟားဖြင့် ဆော့ကစားပြီး လိုက်လာသော အနိစ္စနှင့်ဒုက္ခကို

“ဟေ့ကောင်တွေ ဟိုရှေ့ကဇရပ်ကြီးက သရဲခြောက်တယ်နော် မင်းတို့ကောင်တွေ အဲ့နားရောင်ရင် အသံမထွက်နဲ့ ”

သူထိုသို့ပြောလိုက်တော့ ဒုက္ခက

“အသံထွက်ရင်ဘာဖြစ်တုန်းဗျာ့”

“အေးအသံထွက်ရင် အဲ့ဒီဇရပ်မှာနေတဲ့ မွှေးရှည်သရဲကြီးထွက်လာပြီး မင်းတို့ဗိုက်ကိုဖောက်ပြီး အူတွေကိုနှုတ်စားပစ်လိမ့်မယ်”

“ဟုတ်လို့လားဗျာ ခင်ဗျားကျုပ်တို့ကို ကြောက်အောင်ခြောက်ပြောနေတာမဟုတ်လား”

“မယုံရင် မင်းတို့အဲ့နားရောက်ရင် ဆူညံဆူညံလုပ်ကြည့်ကြပေါ့ကွာ သရဲထွက်လာရင်တော့ မင်းတို့ကိုထားခဲ့ပြီး ငါကတော့ပြေးရမှာပဲ သရဲစားတာတော့မခံနိုင်ဘူး”

သူထိုသို့ပြောလိုက်တော့ တစ်လမ်းလုံး ဆူညံလာသော ထိုနှစ်‌ကောင် ညိမ်ကြသွားပြီး ဘာသံမှမထွက်တော့ပဲ သူ့နောက်မှကပ်လိုက်လာသည်။

ထိုဇရပ်အိုကြီးနားရောက်တော့ အနတ္တက ကြောက်ရွံ့ဟန်ဖြင့် ဇရပ်အိုကြီးကို မရဲတရဲကြည့်ပြီးသွားသည် ထိုအခါ အနိစ္စနှင့်ဒုက္ခ သူ့ပုဆိုးစကိုကိုင်ကာ ကိုယ်လုံးနှင့်ကွယ်၍လိုက်သည်။ဒီလိုနဲ့ ကျွန်းတောကျောင်းကိုရောက်တော့ ကျွန်းတောကျောင်းဆရာတော်က

“အနိစ္စ ဒုက္ခ အနတ္တတို့ပါလား မင်းတို့ဆရာတော် ငါ့ကိုစာပို့ခိုင်းလိုက်ပြီထင်တယ်”

“မှန်ပါ့ဘုရား ဆရာတော် စာပို့ခိုင်းလိုက်လို့ပါ”

အနတ္တ ထိုသို့လျှောက်လိုက်ပြီး သူ့ဆီမှာပါလာသော စာကိုပေးလိုက်သည်။ ထို့‌ေနာက် ကျွန်းတောကျောင်းဆရာတော်ကျွေးသော မုန့်ပဲသွားရေစာတို့ကိုစား‌ေနရင်း တဖြည့်တဖြည်း‌ေနဝင်သွားပြီဖြစ်သည်။

သူတို့လည်း ထိုအခါကြမှ ကျွန်းတောကျောင်းကထွက်ကာ ကြာကန်ကျောင်းကို ပြန်လာခဲ့ကြသည်။

(၃)

လရောင်ဖွေးဖွေး လှည်းလမ်းလေးပေါ်တွင် သုံးယောက်သားအေးအေးဆေးဆေးပြန်လာ‌‌ေနကြရင်း အနတ္တက

“ရှေ့လမ်းဘေး‌က ဇရပ်အိုကြီးနားရောင်ရင်တော့ ငါတော့ရင်လေးသေးတယ်ကွာ”

အနတ္တထိုသို့ပြောလိုက်တော့ ထိုဇရပ်အိုကြီးကို မေ့လျှော့နေကြသော အနိစ္စနှင့်ဒုက္ခ အခုမှသတိရသွားပြီး စိုးရိမ်ထိတ်လန့်လာကြသည်

“ကိုအနတ္တ အဲ့ဒီဇရပ်ကြီးနားရောက်ရင် ကျုပ်တို့ဘယ်လိုလုပ်ကြမတုန်းဗျာ့”

အနိစ္စကမေးလိုက်တော့

“ဘာလုပ်ရမှာလဲကွာ သရဲကလူထွက်တောင်းရင်တော့ မင်းတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်ကို သူစားဖို့ပေးခဲ့ရမှာပေါ့”

“ဟာဗျာ အဲ့လိုလုပ်လို့ ဘယ်ရမလဲဗျာ့ ကျုပ်တို့ဝိုင်းပြီးပြန်ချကြမှာပေါ့ဗျာ့”

“အဲ့လိုလုပ်လို့မရဘူးကွ အဲ့ဒီသရဲအရပ်ကြီးက ထန်းပင်လောက်မြင့်တယ် နောက်ပြီးမျက်လုံးကြီးတစ်လုံး တစ်လုံးကို စကောဝိုင်းကြီးလောက်ရှိတယ်ကွ ဒို့ပြန်ချလဲနိုင်မှာမဟုတ်ဘူး အဲ့ဒီတော့ အခုကတည်း မင်းတို့နှစ်ယောက် လူရွေးထားကြ အဲ့နားရောက်ရင်တစ်ယောက်ကတော့ မဖြစ်မနေထားခဲ့ရမှာပဲ”

“ဒါဆိုလဲ ကိုအနတ္တနေခဲ့လိုက်ပေါ့ဗျာ အကောင်ကြီးတော့ သရဲပိုကြိုက်မှာပါ”

ဒုက္ခထိုသို့ပြောလိုက်တော့ အနတ္တက

” ငါ့ကိုအရိုးရင့်နေလို့ သရဲကမကြိုက်ဘူးကွ မင်းတို့လို အရိုးနုနုလေးတွေကိုမှ သူက ဂျွတ်ဂျွတ် ဂျွတ်ဂျွတ်နဲ့ဝါးစားဝာာ”

“ဟာဗျာ ခင်ဗျား ကျုပ်တို့ကို ကြောင်အောင်ခြောက်နေတာမဟုတ်လား”

“မဟုတ်ပါဘူးကွာ မင်းတို့ကိုငါ့က ဘုန်းကြီးကျောင်းသားအချင်းချင်း ခြောက်မလားကွ မယုံရင် မင်းတို့
ဟိုးက ဇရပ်ကြီးဘေးက ထန်းပင်ကြီးကိုကြည့်စမ်း လှုပ်လှုပ် လှုပ်လှုပ်နဲ့မြင်လား”

အနတ္တထိုသို့ပြောပြီး ရှေ့ခပ်လှမ်းလှမ်းမှာ လှမ်းမြင်နေရပြီဖြစ်တဲ့ ဇရပ်အိုကြီးဘေးမှ ထန်းပင်ကြီးကို လက်ညှိုးထိုးပြကာ

“အဲ့ဒါ သရဲကြီး အသက်ဝင်နေတာကွ မကြာခင် ဒို့သူ့အနားရောက်တော့မယ်ဆိုတာ သိနေပြီ”

“ဟုတ်လို့လားဗျာ့ အဲ့ဒါသူ့ဟာသူလေတိုက်လို့ လှုပ်နေတာပါ”

“ကဲမင်းတို့မယုံရင်လဲမတတ်နိုင်ဘူးကွာ အဲ့နားရောက်မှာပဲ လေတိုက်တာလား သရဲအသက်ဝင်နေတာလားဆိုတာ သိရမှာပဲ”

အနတ္တ ထိုသို့ပြောပြီး ထန်းပင်ကြီးကို ထိတ်လန့်နေဟန်ဖြင့်ကြည့်ကာ တရွေ့ရွေ့လာနေသည် ထိုအခါ အနိစ္စနှင့်ဒုက္ခက သူ၏ခါးကိုကိုင်၍ သူ့နောက်မှကပ်လိုက်လာခဲ့ပြီး ဇရပ်အိုကြီးနာသို့ရောက်တော့

“အနိစ်စ ဒုက်ခ အနတ်တ”

ရုတ်တရက် ဇရပ်အိုကြီးပေါ်မှနေပြီး သူတို့နာမည်များကို ခေါ်သံကြားလိုက်၍ အနတ္တက

“ဟုတ်ပါတယ်ဗျာ့ ကျုပ်တို့ပါ”

“မင်းတို့တကယ်ရောက်လာပြီးကို”

“ရောက်လာပါပြီ အခုလေးတင်ရောက်လာတာပါ”

အနတ္တ ထိုသို့ပြောလိုက်တော့ ဇရပ်ပေါ်မှလူက

“ဟုတ်လား တယ်မြန်တဲ့ဟာတွေပဲ ငါမင်းတို့နဲ့ဝေးရာကိုပြေးနေတာ အခုထိပြေးမလွတ်ပါလားကွ ဘယ်နေရာဖြစ်ဖြစ်မင်းတို့ရှိနေတာပဲ”

“မရှိပါဘူးဗျာ့ ကျုပ်တို့အခုမှ ကျွန်းတောကျောင်းကပြန်လာတာပါ”

“ဟုတ်လား မင်းတို့ကျွန်းတောကျောင်းကို ဘာသွားလုပ်တာတုန်း”

“စာသွားပို့တာပါ”

“ဒါဆိုမင်းတို့က ကျွန်းတောကျောင်းဘုန်းကြီးကို သတိသွားပေးပြီး ငါ့ဆီရောက်လာတာပေါ့ အေးပေါ့လေ ကျွန်းတောကျောင်းဘုန်းကြီးကလည်း ငါနဲ့အသက်မတိမ်းမယိမ်းပဲဆိုတော့ဖြစ်သင့်ပါတယ် ဒါပေမဲ့ သူကဘုန်းကြီးဆိုတော့ မင်းတို့ကသတိပေးပြီး ငါ့ကြတော့ တစ်ခါတည်းလာခေါ်တဲ့သဘောလား”

“မဟုတ်ပါဘူးဗျာ့ ကျုပ်တို့ဒီနားရောက်လာတုန်း ခေါ်သံကြားလို့ပါ”

“အနိစ္စ ဒုက္ခ အနတ္တ မင်းတို့ကိုငါ အကြိမ်ကြိမ်‌ေခါ်ခဲ့ဘူးပါတယ် ဒါပေမဲ့ တစ်ခါမှအခုလို‌ေရာက်မလာခဲ့ဘူး အခုတော့ တကယ်ရောက်လာခဲ့ပြီကို ဒါနဲ့ကျွန်းတောဘုန်းကြီးရော ဘယ်အချိန်အနိစ္စရောက်နိုင်တုန်း”

“ရောက်ပြီးပါပြီဗျာ့ အခုလေးတင်ပဲ အနိစ္စရောက်ခဲ့ပြီးပါပြီ”

“ဟုတ်လား ဒါဆို ကျွန်းတောဘုန်းကြီး ပျံလွန်တော်မူသွားပြီပေါ့ အနိစ္စ အနိစ္စ ဒါလူတိုင်းပြေးမလွတ်နိုင်တဲ့
သင်္ခါရရဲ့ သဘောတရားတွေပဲ ဘုန်းကြီးလဲမလွတ်နိုင် လူလည်းမလွတ်နိုင်ဘူး”

“မဟုတ်ပါဘူးဗျာ ကျွန်းတောဘုန်းကြီး ပျံလွန်တော်မူသွားတယ်ဆိုတာ‌ သူတို့နဲ့မဆိုင်ပါဘူး ဦးသင်္ခါရက ကျောင်းမှာနေခဲ့တာပါ အနိစ္စနဲ့ဒုက္ခကအခုကျုပ်နဲ့အတူပြန်လာပါပြီ”

“အေးပေါ့ အနိစ္စပြန်လာလို့သာပေါ့ သူသာဆက်ရှိနေရင် ကျွန်းတောကျောင်းက ဘုန်းကြီးတွေအားလုံးပျံလွန်တော်မူကုန်ပြီ”

“ဒီလိုလဲ မဟုတ်သေးပါဘူးဗျာ့ အနိစ္စရော ဦးသင်္ခါရရော ကျွန်းတောကျောင်းက ဘုန်းကြီးတွေနဲ့ ခင်ခင်မင်မင်ပါပဲ ဘာပြဿနာမှမရှိပါဘူး”

“အေး အဲ့ဒီလိုအားလုံးနဲ့ ခင်မင်နေတဲ့ကြားထဲကပဲ အနိစ္စတို့ ဒုက္ခတို့ရောက်သွားကြတာမဟုတ်လား”

“အဲ့ဒါတော့ဟုတ်ပါတယ် သူသွားတဲ့နောက်ကို အနိစ္စမဟုတ်ဒုက္ခကတော့ပါသွားတာပဲ”

အနတ္တက ကပ္ပိယကြီး ဦးသင်္ခါရနောက်ကို လိုက်သွားတတ်သော ဘုန်းကြီး‌‌ေကျာင်းသား အနိစ္စနှင့်ဒုက္ခကို ရည်ညွှန်းပြီးပြောလိုက်ခြင်းဖြစ်ပြီး သူပြောတာကိုကြားတော့ ဇရပ်ပေါ်မှလူက

“အနိစ္စနဲ့ဒုက္ခပါသွားမှာတော့ သင်္ခါရကို လူတိုင်း‌ကြောက်ရွံ့ကြပြီပေါ့ မဟုတ်ဘူးလား ဒါသူတို့ အနတ္တရဲ့သဘောတရားကို နားမလည်ကြလို့ပဲ”

ထိုအခါ အနတ္တက သူ့ကိုပြောသည်ထင်ပြီး

“ဟုတ်တယ်ဗျာ့ တခါတလေကျုပ်ပြောတာကိုသူတို့ လက်မခံဘူး ကျုပ်က အနိစ္စနဲ့သင့်တော်မင်ထင်လို့ လိုက်သွားခိုင်းပေမဲ့ အနိစ္စကမလိုက်ပဲ ဒုက္ခကလိုက်ချင်လိုက်သွားတာ အဲ့ဒါဆိုလူတွေဒုက္ခရောက်ပြီသာမှတ်တော့”

“အေးပေါ့လေ ဒုက္ခကိုခေါ်သွားမှတော့ လူတွေဒုက္ခရောက်ကြပြီပေါ့ ဒါလည်း တကယ်တမ်းတွေးကြည့်ရင် သင်္ခါရရဲ့သဘောတရားတွေပဲ”

ထိုအခါ အနတ္တက ကျောင်းမှကျန်ခဲ့သည့် ကပ္ပိယကြီး
ဦးသင်္ခါရကို ပြောနေသည်ထင်ပြီး

“ဟုတ်တယ်ဗျာ့ သူကအသက်သာကြီးတာ သိပျသ‌ဘောမ‌ပေါကျဘူး တခါတ‌လေ အနိစ်စနဲ့ဒုက်ခကို အလိုလိုက်လွန်းတော့ မဖြစ်သင့်တာတွေဖြစ်ကုန်ရော”

“ဒါတွေထားလိုက်ပါတော့ သူတို့ အနတ္တအကြောင်းသိရင် ဘာမှ‌ေကြာက်မှာမဟုတ်တော့ပါဘူး”

ဇရပ်ပေါ်မှလူ ပြောလိုက်သောစကားကြောင့် အနတ္တ ကို့ကိုယ်ကိုသဘောကြသွာပြီး ပြုံးပြုံးကြီပင်ဖြစ်သွာသည်
ထိုအချိန်ထိုဇရပ်ပေါ်လူက

“ငါ အခုသင်္ခါရရဲ့သဘောတရားကိုလည်း နားလည်သွားပြီ”

“ဟုတ်ပါတယ်ဗျာ သူလည်းစေတနာနဲ့ ဒုက္ခကို ခေါ်သွားတာပါ”

“အေး ဒုက္ခနဲ့လည်းအကြိမ်းပေါင်းများစွာကြုံဘူးပြီးသွားပြီ”

“ဖြစ်နိုင်ပါတယ်ဗျာ ဒီကောင်က သာရေးနာရေးဆို အမြဲဘုန်းကြီးတွေနဲ့ပါသွားနေကြပဲ”

“အေးအနတ္တ အကြောင်းကိုလည်း ကောင်းကောင်းကြီးသိလိုက်ပြီကွ”

“ဟုတ်လား ကျုပ်ကမဟုတ်တာဆို ဘာမှမလုပ်တတ်ပါဘူးဗျာ့”

“‌အခုနောက်ဆုံး အနိစ္စရောက်တော့မယ်ဆိုတော့လည်း ငါမကြောက်တော့ပါဘူးကွာ”

ဇရပ်ပေါ်မှလူ ထိုသို့ပြောပြီး အသက်ကိုသာမှန်မှန်ရှူနေသည် ထိုအခါ အနတ္တက အနိစ္စကိုကြည့်လိုက်ပြီး

“အနိစ္စ မင်းကို သူမကြောက်တော့ဘူးတဲ့ကွ အရင်တုန်းက မင်းသူနဲ့ ရန်ဖြစ်ဘူးလို့လား”

ထိုအခါ အနိစ္စက

“ဟာဗျာ ဘယ်လိုလုပ် ရန်ဖြစ်ဘူးမှာတုန်း ကျုပ်အဲ့ဒိလူကို သိတောင်မသိဘူး”

“ဟုတ်လား ဒါဆိုနေဦး ငါအဲ့ဒီလူဘယ်သူလဲဆိုတာ သေချာသွားကြည့်လိုက်ဦးမယ်”

အနတ္တထိုသို့ပြောပြီး ဇရပ်အိုကြီးနားသို့ တိုးကပ်ကြည့်လိုက်သည် ထိုအခါ ဇရပ်အလည်တွင်မျက်လုံးကိုမှိတ်၍ တင်ပလ္လင်ခွေထိုင်ပြီး တရားမှတ်နေပုံရသော လူတစ်ယောက်ကိုမြင်လိုက်ရ၍ သူသေချာကြည့်လိုက်သည်‌။ထိုအခါ သူတို့ရွာထဲမှ စိတ်သိပ်မနှံသူဟု လူတွေပြောနေကြသည့် ဦးလောကကြီးဖြစ်နေမှန်းသိလိုက်ရပြီး အနိစ္စနှင့်ဒုက္ခနားသို့ပြန်လာကာ

“ဦးလောကကြီးကွ ဒို့ကိုမျက်လုံးဖွင့်မကြည့်ပဲ သူပြောခြင်ရာလျှောက်ပြောနေတာ သူကို့သူ တရားပေါက်သွားပြီထင်‌ေနပုံရတယ် လာကွာသွားရအောင်”

အနတ္တထိုသို့ခပ်တိုးတိုးပြောလိုက်ပြီး သူတို့သုံးယောက်ထိုအနားမှ ထွက်လာခဲ့လိုက်သည် ထို့‌ေနာက် သူတို့ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ဇရပ်ပေါ်မှထိုင်နေ‌ေသာ ဦးလောက မျက်လုံးကိုဖွင့်ကြည့်လိုက်ပြီး သူ့အနီးအနားမှာဘယ်သူမှရှိမနေတာမြင်တော့

“အင်း ငါရဲ့ သမာဓိစွမ်းအား‌ေတာ်‌ေတာ်‌ေကာင်း‌ေနပြီပဲ အနိစ္စ ဒုက္ခ အနတ္တဆိုတဲ့ လက္ခဏာရေးသုံးပါးကိုတောင် စိတ်နဲ့တွေးပြီး အမေးအဖြေလုပ်နိုင်နေပြီ ဒီအတိုင်းသာ ဆက်ပြီးကျင့်ကြံသွားရင် မကြာခင် ပုဂ္ဂိုထူး
ပုဂ္ဂိုမြတ်ကြီး ဖြစ်တော့မှာပဲ”

ဦးလောက ထိုသို့ တစ်ကိုယ်တည်းပြောလိုက်ပြီး မျက်လုံးများကိုပြန်မှိတ်ကာ ညိမ်သက်စွာထိုင်နေသည် ထို့နောက် စောစောက အနတ္တ ပြောသွားတာတွေကို ပြန်စဉ်းစားကြည့်လိုက်ပြီး

“အင်း ငါဒီအတိုင်းထိုင်နေလို့တော့ မဖြစ်ဘူး ကျွန်းတောဘုန်းကြီး ပျံလွန်တော်မူတာကိုနောက်ဆုံးအနေနဲ့ သွားဖူမျော်ရဦးမယ် နောက်ပြီးသူပျံလွန်တော်မူတာကို ဘယ်သူမှမပြောပဲ ငါ့ရဲသမာဓိစွမ်းအားနဲ့သိ‌ေနတယ်ဆိုတာကိုလည်း ကျောင်းကဦးဇင်းတွေသိအောင်ပြောပြမှဖြစ်မယ်”

ဦးလောက ထို့သို့တကိုယ်တည်းတွေးလိုက်ပြီး ဇရပ်ပေါ်မှဆင်းကာ တောင်ဝှေးကို တတောက်တောက် ထောက်လျှက် ပါးစပ်မှလည်း အနိစ္စ ဒုက္ခ အနတ္တ အနိစ္စ ဒုက္ခ အနတ္တ ဟုရွတ်ကာ ကျွန်းတောကျောင်းသို့ ထွက်သွားတော့သည်။

(၄)

ထိုသို့ဖြစ် ဦးလောကကြီးတစ်ယောက် ကျွန်းတောကျောင်းကိုရောက်တော့ ကျောင်းထိုင်ဘုန်းကြီးကိုကြည့်ပြီးအံ့ဩနေသည် ဦးလောကကြီး ထိုသို့ဖြစ်နေတာမြင်တော့ ကျောင်းထိုင်ဘုန်းကြီးက

“ဟဲ့လောက နင်ဘာဖြစ်နေတာတုန်း”

“တပည့်တော် အံ့ဩလွန်းလို့ပါဘုရား”

“ဘာတွေများ အံ့ဩနေတာတုန်း”

“ဒီလိုပါဘုရား စောစောက တပည့်တော် ဇရပ်ပေါ်မှာတရားထိုင်နေတုန်း လက္ခဏာရေးသုံးပါးကိုတွေ့လိုက်ပါတယ်”

“တယ်ဟုတ်ပါလား ဒါဆိုလောကကြီးတရားထူးရပြီထင်တယ်”

“မှန်ပါတယ် ဘုရား တပည့်တော်လည်း ကို့ကိုယ်ကို အဲ့ဒီလိုပဲထင်မိပါတယ် ဒါပေမဲ့ တပည့်တော်တွေ့ခဲ့တဲ့ လက္ခဏာရေးသုံးပါးက အရှင်ဘုရား ပျံလွန်တော်မူသွားပြီလို့ပြောပါတယ် အဲ့ဒါဟုတ်မဟုတ်လာကြည့်တာပါ”

“ဘယ့်နဲ လက္ခဏာရေးသုံးပါးက ငါ့ကိုပျံလွန်တော်မူတယ်လို့ပြောတာတုန်း နင်မဟုတ်ကဟုတ်ကတွေ လျှောက်ပြောမနေနဲ့”

“တပည့်တော် မဟုတ်ကဟုတ်က ပြောတာမဟုတ်ပါဘူးဘုရား အာရုံထဲမှာပေါ်လာတာပါ”

“နင့်အာရုံထဲမှာ ဘယ်လိုများပေါ်လာတာတုန်း”

“ဒီလိုပါဘုရား စောစောက တပည့်တော်အာရုံထဲမှာ
အနိစ္စ ဒုက္ခ အနတ္တ သုံးပါပေါ်လာပြီး ဒီကျွန်းတောကျောင်းကို အနိစ္စရောက်ခဲ့တယ်ဆိုတာ သိလိုက်ရပါတယ်ဘုရား နောက်ပြီး ကျောင်းထိုင်ဘုန်းကြီးကို စာသွားပို့တာဆိုတော့ အရှင်ဘုရားကို ပျံလွန်တော်မူ‌‌ေတာ့ဖို့အကြောင်း သတိလာပေးတာမဟုတ်ဘူးလားဘုရား”

“တယ် ပေါက်တက်ကရ အဲ့ဒါ နင်တို့ရွာက ဘုန်းကြီးကျောင်းသား အနိစ္စ ဒုက္ခ အနတ္တ ငါ့ဆီရောက်လာပြီး သူတို့ဘုန်းကြီး ခိုင်းလိုက်လို့ စာလာပို့သွားတာဟဲ့ ဘယ့်နဲ ငါ့ကို ပျံလွန်တော်မူဖို့ သတိပေးရမှာတုန်း”

“မသိပါဘူးဘုရား တပည့်တော်က အသံပဲကြားပြီး လူကိုမမြင်ရတော့ သမာဓိအားတွေကောင်းပြီးစိတ်တန်ခိုးနဲ့သိနေတယ်ထင်လို့ပါ”

“နင်ကစိတ်တန်ခိုးနဲ့သိနေရအောင် ဘာမိုလို့လဲ့”

“စောစောကတော့ မကြာခင် ပုဂ္ဂိုထူးတစ်ယောက်ဖြစ်တော့မယ်လို့ ထင်မိပါတယ်ဘုရား”

“အခုရော ထင်သေးလား”

“အခုတော့ မထင်တော့ပါဘူးဘုရား ပုဂ္ဂိုထူးဖြစ်ဖို့ နဲနဲလိုသေးတယ်ဆိုတာ သိလိုက်ပါပြီ”

“တောက် အခုထိအပြောကမလျှော့ဘူး ဒါနဲ့ နင်က အနိစ္စ ဒုက္ခနဲ့အနတ္တကို မမြင်ရအောင် ဘာလုပ်နေလို့တုန်း နင့်မျက်လုံးတွေကန်းနေလို့လား”

“မျက်လုံးတော့ မကန်းပါဘူးဘုရား ဒါပေမဲ့ မျက်စိတော့ မှိတ်ထားပါတယ်”

“အေးမျက်စိမှိတ်ထားမှတော့ လူကိုမြင်ရမလားဟ သွား ငါ့ကျောင်းကိုလာပြီး ငါ့ကိုပျံလွန်တော်မူပြီလား လာကြည့်တဲ့ကောင်”

ကျွန်းတောဘုန်းကြီး ထိုသို့ပြောလိုက်တော့ ဦးလောက
ခေါင်းကိုကုတ်၍ ကျောင်းပေါ်ကဆင်းလာခဲ့ပြီး

“အင်း အစကတည်းက တဗျာ့ဗျာ့နဲ့ပြောနေတာကို ငါသဘောပေါက်သင့်တယ် အခုတော့ ဘုန်းကြီးတောင်ဝှေးနဲ့ အဆော်မခံရတာကိုပဲ ကံကောင်းတယ်လို့ပြောရဦးမယ်ကွာ”

ဦးလောက ထိုသို့ တစ်ဦးတည်းရေရွတ်ပြီး ကျောင်းအပြင်သို့ပြန်ထွက်လာတော့ ကျောင်းထဲမှာရှိသည့် ဦးဇင်းများ သူ့ကိုကြည့်ပြီးပြုံးရယ်နေကြသည်။

(၅)

ထိုသို့ဖြစ် ဦးလောကကြီးတစ်ယောက် သူ့ကို မဟုတ်ကဟုတ်ကပြောသွားသော အနတ္တတို့နှင့်တွေ့ရန်ကြာကန်ကျောင်းကိုလိုက်လာပြန်သည်။

သူ ကြာကန်ကျောင်းကိုရောက်တော့ ကပ္ပိယကြီးဦးသင်္ခါရက

“ဘယ့်နဲလောကကြီး ဒီအချိန်ကြီး ကျောင်းကို ဘာလာလုပ်သနည်း”

ထိုအခါ လောကကြီးက

“အို သင်္ခါရ အကျွန်ုပ် ကျောင်းကိုရောက်လာရသည်မှာ သင်၏တပည့် သွန်သင်မဲ့ပြီး ကောက်ကျစ်ယုတ်မာ ပြောသည့်ဟာကြောင့် ကျွန်းတောဘုန်းကြီး တောင်ဝှေးဖြင့်တီမည့်ဘေးမှ ငါသီသီကလေး လွတ်ခဲ့ရသည် ထို့ကြောင့်ယခု ရောက်လာပြု၍ သင်၏တပည့်အား ဆုံးမသွန်သင် ပဲ့ပြင်ထိန်းကျောင်း မကောင်းမေတ္တာကောင်းရာညွှန်လတ် အတတ်သင်ပေးဖို့ ငါရောက်လာသည်”

“ဟယ်လောက ငါ၏တပည့် ဆုံးမမဲ့ဟု နင်ပြောဆိုတာ ရိုင်းရာကြသည် အမှန်စင်စစ် တပည့်ချစ်ကို ငါသည်မနှေး ဆုံးမပေး၍ ယဉ်းကျေးလိမ္မာဖြစ်နေပါလျှက် အဘယ်အတွက်ကြောင့် မဟုန်မမှန် ဆိုးညစ်ဟန်ဖြင့် ပြောနေရသနည်း လောကကြီး”

“ဟယ် သင်္ခါရ အစဉ်ထာဝရ သင်မှန်သည်မထင်နှင့်
ငါသည်မနှေး သင်တပည့်အားမေးမည် ဘယ်ပုံဘယ်နည်း မေးမည်နည်းဆိုတော့ တရားရှုမှတ် ငါအရပ်သို့ ရောက်လတ်သောအခါ အနိစ္စ ဒုက္ခ အနတ္တလို့ ငါ၏နှုတ်ဖျား မြတ်တရားကို မွမွရွတ်ဆို နေသည့်ဟာကို
ဗျာဗျာကျွန်ုပ် တမင်လုပ်၍ တရားသဏ္ဍန် ဖွင့်အန်ပြောပြ ငါကြားရပြီး ကို့ကိုယ်ကိုအထင်ကြီး ကျွန်းတောဘုန်းကြီး အနိစ္စခရီး ကြွသွားပြီအထင်ဖြင့် ငါသည်မနှေး အမြန်သွားမေးသည် ထိုသိုသောအခါ မဟုတ်ပါပဲ ငါ့အားငေါက်ငမ်း ဆိုးသွမ်းသူဟု ပြောဆိုလွှတ်သည် မင်းမယုံလျှင်သွားမေးကြည့်”

ထိုသောအခါဝယ် လောကတစ်ယောက် ဒေါသပေါက်၍ ပြောပြသလောက်ကို မယုံမကြည် ဖြစ်‌ေနပါသည့် သင်္ခါရမည်ခေါ် ကပ္ပိယကျော်က ပြန်လည်ပြောပြ သောတဆင်လော့

“အို မိတ်ဆွေလောက သင်ပြောသမျှကို ငါကယုံကြည်ဖြစ်မည်ထင်သလော အနိစ္စ ဒုက္ခ အနတ္တမည်ခေါ် တပည့်ကျော်တို့ ပြောပြစကား ငါကြားပြီးပြီး သင်ကိုတိုင်က မျက်စိစုံမှိတ် ဆိတ်ဆိတ်မနေပဲ မရေမရာ မသေချာသည့်အမေး လျှောက်၍‌မေးသည် မဟုတ်ပါလော ထိုသို့မေမြန်း စူးစမ်းသောခါ တပည့်မှာလည်း မှန်ရာကိုသာ ပြောကြားခဲ့ကြောင်း သင့်ရှေ့၌ပင် ငါထပ်လောင်း၍ မေးပေးမည် ချစ်တပည့်တို့လာခဲ့လော့”

ကပ္ပိယကြီး ဦးသင်္ခါရ ထိုသို့ခေါ်လိုက်တော့ အနိစ္စ ဒုက္ခ အနတ္တတို့ထွက်လာပြီး

“မြတ်သောဆရာ မြတ်ဆရာကြီး တပည့်အပေါင်း ခဝပ်ညောင်းသည် မင်္ဂလာအပေါင်း ပြည့်စေသတည်း”

သူတိုသုံးယောက်လည်း ထိုသို့ သံပြိုင်ပြောလိုက်ပြီး ဦးသင်္ခါရ၏အနားတွင် ကျုံ့ကျုံ့လေးထိုင်နေလိုက်ကြသည်။ထိုသို့ သူတို့ထိုင်နေတာကိုကြည့်ပြီး ဦးလောကကြီးက

“ချိန်ခါယခု လိမ္မာမှုဖြင့် ဆရာ့အနား ပျပ်ဝပ်တွားတာ မြင်သည့်ခါဝယ် ငါသည်ပီတိ လွန်ဖြစ်မိသည် နောင်လည်းထိုသို့ပြုလေတော့ ထိုသို့မဟုတ် တောင်ဝှေးဒုတ်ဖြင့် ရိုက်ကာဆုံးမ ငါပြုရမည် သူ၏တပည့် ငါ့တပည့်တည်း”

ဦးလောကကြီး ထိုသို့ကျေနပ်သွားတာကိုမြင်တော့ ဦးသင်္ခါရက

“မိတ်ဆွေလောက ဒေါသပြေပြောက် စိတ်မကောက်ပဲ
တွေ့ရသောခါ ငါဝမ်းသာသည် တို့နှင့်အတူနေမည်လော”

ဦးသင်္ခါရ ထိုသို့ သူ့ကိုဖိတ်ခေါ်လိုက်တော့ ဦးလောကကြီးက

“မိတ်ဆွေသင်္ခါရ သင်ကဖိတ်ခေါ် ငါသိပ်ပျော်သည်
သို့သော်ယခု ငါနေမှုကား စောသေးသည်ဟု ထင်မိသည်
လောကမည်ခေါ် ငါပျော်သည်က အိမ်လည်းမဟုတ် ‌ကျောင်းမဟုတ်ပဲ အိပ်သော်ဇရပ် နေသော်လမ်းကြား သွာသော်ခြေကျင် ရပ်တစ်ခွင်ကို လှည့်လည်နေရ လွန်ပျော်လှသည် ရှေ့ဆက်ခရီး ထွက်မည်တည်း”

ဦးလောကကြီးလည်း ထိုသို့ပြောပြီး ဦးသင်္ခါရ ဖိတ်ခေါ်တာကို လက်မခံပဲ ကျောင်းအပြင်ဘက်သို့ထွက်သွားလေတော့သည်။

 

အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်

စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။