မြွေဖမ်းသမား

လူးလိမ့်ပြီး သွေးပွက်ပွက်အန်ကာ သေသည်။ ဘာဆေးမှ ကုချိန်မရှိ။

သွေးပွက်ပွက်အန်ကာ၊ လူးလှိမ့်ရင်း ဆန့်ငင် ဆန့်ငင် ဖြစ်ကာ၊ သေသွားသူကို ကြည့်ရင်းမှ ရှေးလူကြီးသူမများ၏ စကားကို ငတော ပိုသဘောပေါက်သည်။

အချို့မြွေက ဆေးမမီ။
အချို့မြွေက ကုသခွင့်မပေး။
အချို့ မြွေက ဆေးမီသည်။
အချို့မြွေက ကုသခွင့်ပေးသည်။

သည်အချက်ကို လက်တွေ့မျက်မြင် ငတော သင်ခန်းစာ ရခဲ့၏။ သင်ခန်းစာရခဲ့သောကြောင့် ငတော မြွေမဖမ်းဘဲ နေခဲ့သလား၊ နေမရပါ။

မြွေဖမ်းသမားဟူသည် ကြာကြာဝါးမှ ခါးမှန်းသိလာသူ မဟုတ်။ ခါးမှန်းသိပါလျက်နှင့် ကြိတ်မှိတ် ပေဝါးနေရသူများ ဖြစ်၏။ ဆူးမှန်းသိလျက် တက်နင်းနေသူ ဘဝပမာ၊ တူညီလှစွာသော ဘဝဆိုးပိုင်ရှင်မှာ မြွေဖမ်းသမား။

မီးမှန်း သိပါလျက်နှင့် ပွေ့ဖက်နေရသူများ ဘဝပမာ၊ တူညီလှစွာသော ဘဝအကျိုးပေး နုံချာလှသော ဘဝ ပိုင်ရှင်များမှာ မြွေဖမ်းသမား။

ဆုပ်စူးစားရူး ဖြစ်စေသော ပဒိုင်းသီးကို ဆုပ်လည်း ဆုပ်ရ စားလည်းစားရသလို ရင်နင့်ဖွယ်ရာ ဘဝကို ကျရောက်နေသူမှာ မြွေဖမ်းသမား။

သောက်လျှင် သေပေလိမ့်မည်ဟု သိနေပါလျက်နှင့် မသောက်ချင်ဘဲ မလွဲမရှောင်သာသဖြင့် အဆိပ်ခွက်ကို သောက်ရသောသူ၏ ကြေကွဲတုန်လှုပ်ဖွယ် ဘဝမျိုးသို့ ကျရောက်နေသူမှာ မြွေဖမ်းသမား။

မြွေဖမ်းသမားသည် မီးကိုတိုးသော ပိုးဖလံကဲ့သို့ မီးရောင်ကို ရွှေရောင်ထင် ဝင်တိုးသူမဟုတ်။ သိလျက်နှင့် ဝိပါတ်ကြမ္မာ ငင်ခြင်းပင်။

ငသော် မြွေကိုက်သေဆုံးပြီးသည့် နောက်ရက်ကလည်း ငတောတို့ မြွေဖမ်းထွက်ခဲ့ရသေးသည်။ ရှေ့လူ ငသော်က မြွေဖမ်းရာမှ မြွေကိုက်ခံရသောကြောင့် မနေ့ကသေသည်။ နောက်နေ့၌ ငတောနှင့် ငလုံးသည် သေမထူး နေမထူး သဘောထားကာ စားဝတ်နေရေးအတွက် မျက်စိကန်း တစ္ဆေမကြောက် လုပ်ခဲ့ရသည်။

နောက်နေ့များ၌ အိမ်သာကျင်း နှစ်ကျင်းတူး၊ သစ်ပင်လှဲ အလုပ်ကို ငတောတို့ ပုတ်ပြတ်လုပ်ခဲ့ရသည်။ ငသော်အိမ်ကို ရက်မလည်မချင်း စောင့်အိပ်ပေးရန် ရွာဝတ္တရား ရပ်ဝတ္တရားလည်းရှိ။ အိမ်နီးချင်း ဘဝတူ လုပ်ဖော်ကိုင်ဖက်ဟူသော အသိလည်းရှိနေသဖြင့် နေ့ခင်း၌ ကျပန်း အလုပ်လုပ်၊ ညဖက်၌ တောလိုက်ထွက်သော ထုံးစံကို ခေတ္တဖျက်လျက် အသုဘအိမ်၌ ညအိပ်ခဲ့၏။ မြွေဖမ်းမထွက်ခဲ့။

ငသော် ဆွမ်းသွတ်အကြိုနေ့နှင့် ငသော် ဆွမ်းသွတ်သောနေ့၌ ငတောနှင့် ငလုံးသာမက သူတို့တစ်အိမ်လုံး တတ်အားသမျှ ကူညီညာ လုပ်ခဲ့သည်။ ဆွမ်းမသွတ်မီရက်နှင့် ဆွမ်းသွတ်သောရက် နှစ်ရက်စလုံး ငတောတို့ ဘာအလုပ်မှ မလုပ်နိုင်။ ဝင်ငွေတစ်ပြားမှ မရှိ။

အိမ်နီးချင်းဘဝတူ၏ နောက်ဆုံးပွဲဖြစ်သောကြောင့် ငတောတို့ မျက်ကွယ်မပြုရက်။ ဝင်ငွေမရှိသော်လည်း ဖြစ်သလိုရှာဖွေချက်ခဲ့၏။ မနေ့က ရက်လည်ပွဲမှာ ငတောတို့ တက်နိုင်သမျှ ကူညီညာ လုပ်ခဲ့ပြီးပြီ။

ယနေ့တော စားဝတ်နေရေးအတွက် မြွေဖမ်းထွက်ခဲ့ကြသည်။ မြွေဖမ်းခက်ရင်းကို လက်မှကိုင်၊ ကြက်ပေါင်ဘတ်ခွနှင့် လောက်စာလုံးကို လွယ်အိတ်ထဲထည့်၊ လွယ်အိတ်ကိုလွယ်ကာ ငတောက ရှေ့မှသွား၏။ မြွေဖမ်းညှပ်၊ ပေါက်ပြား၊ တောလိုက်ဓားရှည်နှင့် မြွေထည့်မည့်အိတ်ကို ယူဆောင်ကာ ငလုံးက နောက်မှလိုက်၏။ ငတောတို့ မြွေဖမ်းထွက်ချိန်က နံနက်ခင်း။

(၂)

မြွေဖမ်းရာတွင် နေ့သမားနှင့် ညသမား မတူညီ။

ညသမားက မြွေတွန်သံနှင့် ရင်ဆိုင်တွေ့ မြွေကို အဓိက ထားရသည်။

နေ့သမားက မြွေလူးကြောင်းနှင့် မြွေစွန့်သော မစင်ကို အဓိထားရသည်။ လင်းမြွေကဲ့သို့သော မြွေမျိုးကိုသာ နေ့သမားက ရင်ဆိုင်တွေ့တတ်သည်။

ကျန်မြွေများကို ရှာရဖွေရ တူးရသည်။

ညသမားက မြွေဖမ်းသွားရင်း မြွေတွန်သံကို အမြဲနားစွင့်ရသည်။ မည်သည့်မြွေဖြစ်ကြောင်း တွန်သံနားထောင် ခွဲခြားရသည်။

မြွေပွေးက ဝပ်ကျင်းအဝင်၊ ဝပ်ကျင်းအထွက် အချိန်တိုင်း၌ အမြဲတွန်သံပေးသည်။ မြွေပွေးတွန်သည်က တစ်ခွန်းတည်းပါ။ သူတွန်သံက ရွှီ၊ မြွေဟောက်ကလည်း ကျင်းဝင် ကျင်းထွက်၌ အမြဲတွန်လေ့ရှိသည်။ မြွေဟောက်တွန်သံက နှစ်ခွန်းတည်းပါ။ သူ့တွန်သံက ရွှီ ရွှီ။

လင်းမြွေက ကျင်းဝင် ကျင်းထွက်မှလည်း တွန်သည်။ စည်းကပ်မထားဘဲ၊ သူတွန်ချင်သော အချိန်မှာလည်း တွန်သည်။ လင်းမြွေတွန်သံက ဆက်တိုက် စဉ်တိုက်သံ၊ ရွှီ ရွှီ ရွှီ ရွှီ ရွှီ ရွှီ။

မြွေသည် ထိုအချိန်များတွင်သာမက၊ သူ့စရိုက် သူ့အကျင့်နှင့် သီးခြားဟန်ရှိသော တွန်သံများ ပိုင်ရှင် ဖြစ်သည်။ အချို့မြွေက နာရီကြက်(နရီကြက်) တွန်သကဲ့သို့ သူ့တွန်ချိန် ရောက်က အမြဲတွန်သည်။ ယေဘုယျ ကွာခြားချိန်မှာ လေးနာရီခြားတတ်ကြောင်း ငတော တွေ့ဖူးသည်။

လူများ ခုန်ပေါက်ပျော်မြူး သီဆိုပြေးလွှားနေသကဲ့သို့ ပြုမူတတ်သော မြွေလည်းရှိသည်။ ပျော်မြူးနေခြင်း ဖြစ်ဟန်ရှိသည်။ နွားသိုးများ ချိုသွေးလိုက်၊ ခုန်ပေါက်လိုက် တွန်လိုက် လုပ်သကဲ့သို့ ထိုမြွေသည် ရှေ့နောက်ဝဲယာ လှည့်ပတ်ပြေးလွှားကာ ရပ်လိုက်၊ မြူးလိုက်၊ ဆန့်ဆန့် ခုန်လိုက်၊ တွန်လိုက်ဖြင့် လှုပ်လှုပ်ရှားရှား တွန်သံတစာစာ။ သူ့ကို ဘယ်နှစ်ခွန်းတွန်သည်ဟု ပုံသေ သတ်မှတ်မရ၊ သူမြူးသလောက် တွန်တတ်သည်။

မြွေဖမ်းသမားက တောဝင်နေသည်ဟု ပြောလေ့ရှိသော မြွေက အဝေးကြီးမှပင်လျှင် အော်လာသည်။ စိတ်ဆိုးမာန်ဝင်ကာ တွန်ရာ၌ပင် လှိုင်းခတ်နေသည်။ အဝေးကတည်းက တဝေါဝေါအော်၊ တရွှီးရွှီး တွန်လာသော ဒေသမြွေအား အမှောင့်ပယောဂ ပူးနေသည်ဟု မြွေသမားက ယူဆပြီး ရင်ဆိုင်တွေ့ မဟုတ်က ဖမ်းခဲသည်။ ရင်ဆိုင်တွေ့ လာပါက လူကိုတိုက်ရာ၊ ကိုက်ရာ၌ အငြိုး အာဃာတကြီးသည်။ ဒေါသကြီးသည်။

ဒေါသကြီးလွန်းသောကြောင့် မာန်ထန် ထန်ဖြင့် များစွာ ဆက်တိုက် တွန်သောအခါ ပုံမှန် ရွီသံပင် မမြည်။ စကားပြောမြန်သောအခါ ပလုံးပထွေးဖြစ်သလို ဒေါသဖြင့် အော်သောအခါ အသံမပီသလို ဖြစ်တတ်သည်။ လေပြင်းပြင်းဖြင့် တွန်ရာ ရွီးခနဲ ရွှီးခနဲ ဖြစ်သည်။ ကိုက်မိက မသက်သာ။

မြွေပွေးက တစ်ခွန်းတည်းသာ တွန်သည် မဟုတ်။ မြွေပွေးတွန်သံအစစ်မှာ ရွှီမဟုတ်၊ မြွေပွေး အမက ကွီ ကွီ ကွီ ကွီ ဟု တွန်သည်။ မြွေပွေးက တီ တီ တီ တီနှင့် တွန်သည်။

မြွေဟောက်က နှစ်ခွန်းမတွန်၊ တစ်ခွန်းထဲ တွန်သည်ဟု သူ့အမှတ်သညာ၊ ကိုယ်အမှတ်သညာ၊ သူ့နား ကိုယ့်နား၊ သူ့အကြား ကိုယ့်အကြား၊ မတူညီကြ။ မူကွဲ အမှတ်ကွဲ ရှိသည်။ မြွေသမားအများစု လက်ခံသောမြွေ တွန်သံမှာ လေချွန်သံကဲ့သို့ ရွှီ ရွှီ ရွှီ ရွှီ။

မည်သည့်မြွေက မည်သို့တွန်သည်၊ မည်သည့်အသံဖြင့် တွန်သည်။ ဘယ်နှခွန်းတွန်သည်ဟု မူကွဲ အယူကွဲ ရှိသော်လည်း တူညီသည့်အချက်မှာ မြွေပွေးတွန်သံက ကြည်သည်။ မြွေဟောက်တွန်သံက အ,သည်။ လင်းမြွေက ဆက်ရက်ပေါက်မည်သကဲ့သို့ ဆက်တိုက် စဉ်တိုက် တွန်သည်ဟူသော အချက် ၌ အားလုံး အမှတ်သညာတူကြသည်။

မြွေသည် ယေဘုယျအားဖြင့် ညနေဝင်မိုးချုပ်မှ အရုဏ်တက်ချိန်အတွင်း အစာရှာတတ်သည်။ သို့သော် လူများ စက်ရုံ အလုပ်ရုံ အလုပ်ဆင်းသကဲ့သို့ အချိန် အတိအကျ ပိုင်းမရ။ အစာရရှိမှု၊ မရရှိမှု၊ သဘာဝရန်သူတွေ့မှု၊ မတွေ့မှု၊ ရာသီဥတုအခြေအနေနှင့် မြွေပြန်ချိန်က ဆက်စပ်နေသည်။ သည်အချက်များ ဆက်စပ်စဉ်းစား သဘာဝကျကျ ချိန်ဆရသည်။

ငတောတို့ မြွေဖမ်းသမား အမှတ်အသားအရ ဝပ်ကျင်းမှ တွန်သံပေး ထွက်လာသော မြွေသည် အစာရှာ ထွက်မည်။ အစာရှာပြီးသော အချိန်၌ သူ့ဝပ်ကျင်းဖြစ်သော နေရာသို့ပြန်မည်။ ဝပ်ကျင်းအဝင်မှာ တွန်သံပေးသည်။ မြွေဝပ်ကျင်းက မြေပြင် ဖြစ်ချင်ဖြစ်မည်။ တောင်ပို့ထဲ ဖြစ်ချင်ဖြစ်မည်။ မည်သည့်နေရာဖြစ်ဖြစ် သူ့ဝပ်ကျင်း သူပြန်သည်။

မြွေသည် တိရစ္ဆာန်ဖြစ်သောကြောင့် ရောက်ရာ ပေါက်ရာနေ၊ တွေ့ကရာသွားဟု ငတောတို့ ငယ်စဉ်က ထင်ဖူးသည်။ သူ့အသက်တစ်ချောင်း မသေရေးအတွက် သူ့လုံခြုံရာကို သူ ရှာဖွေသော ဗီဇသိ မြွေ၌ရှိသည်။

နေရာတစ်ခု၌ မြွေတစ်ကောင်သည် မည်မျှ ကြာကြာ နေသည်အထိတော့ ငတောတို့ မလေ့လာဘူး။ နယ်လွန်ခြင်း၊ နယ်သစ်ပယ်သစ် ပြောင်းရွှေ့ခြင်း၊ သဘာဝရန်သူကို တိမ်းရှောင်ခြင်း မပြုပါက မြွေသည် သူ့ဝပ်ကျင်းသို့ သူ ပြန်ရခြင်းကို တာဝန်တစ်ခုကဲ့သို့ မှန်မှန်ပြုလုပ်သည်။

ဝပ်ကျင်းမှအထွက် မြွေတွန်သံ ပေးလာပါက ကြားလာသည့် နေရာသို့ မြွေဖမ်းသမားက သွားရသည်။ စိုက်ပျိုးထားသော ယာခင်းများထဲ၌လည်း မြွေခွေလေ့ ရှိရာ၊ ထိုနေရာမှ တွန်လာက ယာခင်းပြင် အထွက် စောင့်ရသည်။ တွန်သံကို အဝေးမှ ကြားရပါက သူလာနိုင်ရာကို မှန်းဆကာ ကြိုသွားရသည်။ မြွေက အလာ၊ လူကအရှာဖြစ်ရန် အတွေ့အကြုံက စကားပြောသည်။

အစာဖြစ်သော ကြွက်၊ ငှက်၊ ငါး၊ ဖား ရှိသော နေရာကို သိထားမှသာ ရှာဖွေရာ အဆင်ပြေသည်။

မြွေတွန်သံမကြားရပါက ရင်ဆိုင်တွေ့ နိုင်သော ကြွက်တို့၊ ငှက်တို့ရှိရာ ချုံပုတ် ချုံနွယ်များ ထူထပ်သော ကန်ဇာရိုးများ၊ ငါး ဖား ရှိနိုင်သော ရေအိုင်များ၊ ရေကန်များဘက်ဆီသို့ သွားရသည်။ မီးထိုးရှာပြီး တွေ့လာသော မြွေကို ဖမ်းရသည်။ တစ်ခါတစ်ရံ ညလုံးပေါက်သွားသော်လည်း တစ်ကောင်မှမရ။ တစ်ခါတစ်ရံ တစ်နေရာထဲ နှစ်ကောင်ပြိုင် ဖမ်းရသည်။

ညသမား မြွေရှာရာ၌ မြွေတွန်သံနှင့် ရင်ဆိုင်တွေ့ မြွေကို အဓိကထားရှာရသကဲ့သို့ နေ့သမား မြွေဖမ်း ရာတွင် မြွေလူးကြောင်းနှင့် မြွေမစင်ကို အဓိကထားရသည်။

နေ့ခင်းတွင် တွေ့ ရတတ်သော မြွေမှာ လင်းမြွေ။ ခြွင်းချက်အဖြစ် ဆောင်းကာလ နှင်းစိုရွှဲရာ မြက်ဖုတ်များပေါ်တွင် နေခြည်ပျပျနွေးနွေးရှိချိန်၌ မြွေဟောက်နှင့် မြွေပွေးကို တစ်ခါတစ်ရံ ရှားရှားပါးပါး တွေ့ရတတ်၏။ ထိုအချက်မှအပ နေ့ခင်း၌ မြွေပွေး၊ မြွေဟောက်သည် သူ့ဝပ်ကျင်း၌ သူနေ၏။

ထိုသို့ ဝပ်ကျင်းအတွင်း၌ နေ့ခင်းတွင် နေလေ့ရှိသော မြွေကို တွေ့စေရန် မြွေဖမ်းသမားက မြွေအဝင်အထွက် ညွှန်ပြထားသော လူးကြောင်း၊ မြွေရှိကြောင်း ညွှန်ပြသော သက်သေခံသော မြွေမစင်ပုံကိုသာ အားကိုးရသည်။

(၃)

“ငလုံးရေ ဒီမြွေလူးကြောင်းကို သေသေချာချာ ကြည့်ထားဟေ့။ မိုးနှံ့ချုံကြီးကို အဖေပတ်ပြီး လှည့်ပတ်ကြည့်လိုက်ဦးမယ်”

ငတောရော ငလုံးပါ တွေ့လာသော မြွေလူးကြောင်းကို ကြည့်၍ ဝမ်းပန်းတသာ။

တစ်မနက်လုံး ဒူးညောင်းအောင် မြွေလူးကြောင်း ရှာခဲ့၏။ ရှာသော်လည်း မတွေ့၊ ယခုမှာ မြွေလူးကြောင်း တွေ့သည်။ မြွေသည် ခြေမပါ၊ လက်မပါ။ လူးကာ၊ လွန့်ကာ၊ တွန့်ကာ သွားလေ့ရှိသော သတ္တဝါ။

သူ သွားလာရာတွင် လူးထား၊ လွန့်ထား၊ တွန့်ထားသော မြေပြင်ထက်မှ အကြောင်းအရာကို မြွေလူးကြောင်းဟု ခေါ်သည်။ နေ့ခင်း မြွေရှာသမားက မြွေလူးကြောင်းနှင့် မြွေမစင် တွေ့လာက အလွန်ဝမ်းသာသည်။ မြွေတွေ့တော့မည့် ရှေ့ပြေးနိမိတ်ဟု ယူဆကြသည်။

ငတောက သူ့လက်ခုပ်တစ်ဖောင်မျှမက မြင့်၍ လူ့လက် သုံးလေးလံစာမကကျယ်သော မိုးနှံ့ချုံကြီးကို သုံးလေးပတ်အထိ လှည့်ကာ ပတ်ကာ အားပါး တရကြည့်သည်။ ကြည့်၍ အားရမှ အဖြေမှန်တွက်ဆရသည့် ကျောင်းသားငယ်ကဲ့သို့ မြူးမြူးကြွကြွဖြင့် ငလုံးရှိရာ ပြန်လာသည်။

“မြွေလူးကြောင်းကို ကျုပ် သေသေချာချာ ကြည့်ပြီးပြီ အဖေရ၊ မြွေပွေးလူးကြောင်းမှ မြွေပွေးလူးကြောင်း”

“ဟုတ်တယ် ငလုံး၊ အဖေလည်း စတွေ့ကတည်းက ကြည့်လိုက်ပြီးပြီ။ မြွေလူးကြောင်းက အသစ်လည်း အသစ်ကွ၊ မြွေကလည်း မင်းပြောတဲ့ မြွေပွေး။ မြွေပွေးမှ အကောင်တစ်ကောင်ကောင်ကို မျိုထားတဲ့ မြွေပွေး။ လေးငါးဆယ်သားလောက် ရှိမှာ၊ မိုးနှံ့ချုံကြီးထဲ ဝပ်ကျင်းမှာ သူ ရှိလိမ့်မယ်”

ငလုံးသည် သူ့အဖေ စကားကို နားထောင်ပြီး အံ့အားသင့်နေ၏။ မြွေလူးကြောင်းကိုကြည့်ပြီး မြွေအမျိုးအစားအား ငလုံး ခွဲခြားတတ်သည်။

မြွေလူးကြောင်းက ကကြီးလို ယပက်လက်လို ပုံသဏ္ဌာန်များ ဆက်တိုက် စဉ်တိုက် ထိလုနီးပါး အထိ လူးရာ၊ လွန့်ရာ၊ တွန့်ရာ၊ စိပ်လွန်းသည်။ မြွေဟောက်လူးကြောင်းက လူးရာ၊ လွန့်ရာ၊ တွန့်ရာ၌ မြွေပွေးလောက် မစိပ်၊ အလတ်စားအဆင့်မျှသာ ရှိသည်။

လင်းမြွေလူးကြောင်းက လူးရာ၊ လွန့်ရာ၊ တွန့်ရာ အလွန်ကျဲသည်။ လွန့်ရာ တွန့်ရာပါသည် ဆိုရုံမျှသာ ရှိသည်။ သည်အချက်ကိုကြည့်ပြီး ငလုံးက မြွေအစား ခွဲပြောသည်။

သူ့အဖေက သူ့ထက်စုံစုံလင်လင် ပြောသွားရာ သည်မျှအထိ သူဉာဏ် မမီသောကြောင့် အံ့အားသင့်ရသည်။

သူ့အဖေသည် ရမ်းပြော၊ မှန်းပြော၊ အပေါ်ယံ သပ်ကာ ရှပ်ကာ ပြောလေ့မရှိ။ ယုတ္တိရှိရှိ သဘာဝကျကျသာ ချင့်ချိန် ပြောလေ့ရှိကြောင်း ငလုံး သိသည်။ ဟုတ်သည်။ ငတောကလည်း အကြောင်းမဲ့ ပြောခြင်း မဟုတ်။ မြွေလူးကြောင်းမှ ပေးလာသော အဖြေကို ပြန်ပြောခြင်းသာ ဖြစ်သည်။

ငတော တစ်ချက်ချင်း အဖြေရှာကြည့်သည်။ မြွေလူးကြောင်းက စိပ်လွန်း တွန့်လွန်းနေသည်။ သည်အချက်အရ မြွေပွေး။

မြွေလူးကြောင်းပေါ် ဖုန်တင်မနေ၊ အမှိုက်စ သစ်ရွက်ခြောက်၊ လုံးဝမရှိ။ သည်အချက်အရ လူးကြောင်းသစ်မြွေလူးကြောင်း တစ်နေရာက အခြားနေရာများထက် ကျယ်နေသည်။ ဖုထစ်နေသည်။ သည်အချက်အရ မြွေက သားကောင်မျိုထားခြင်း။

မြွေကြီးက လူးကြောင်းကြီးသည်။ မြွေငယ်က လူးကြောင်း ငယ်သည်။ မြွေလူးကြောင်းသည် အငယ်စားမဟုတ်။ အလတ်စားထက်လည်း ကြီးသည်။ အလတ်စားထက်ကြီးသော မြွေသည် လေးငါးဆယ်သား ပတ်ဝန်းကျင်မြွေ ဖြစ်သည်။ သည်အချက်အရ လေးငါးဆယ်သားခန့် ရှိမည့်မြွေဟု လူးကြောင်းကိုကြည့်ပြီး ငတော ပြောခဲ့၏။

မြွေလူးကြောင်း၌ အမြီးအဆုံးသည် မိုးနှံချုံကြီးထဲအဝင်၌ ထင်းနေ၏။ မြွေသည် မိုးနှံချုံထဲ ဝင်ပါပြီဟု အမြီးရာက ဖော်ပြနေ၏။ ငတောက မိုးနှံ့ချုံထဲ မှ အခြားတဖက် ကူးသွား မသွား၊ လူးကြောင်းသည် မိုးနှံ့ချုံပြင်ပ ထွက် မထွက် ပတ်ပတ်ရှာသည်။

သုံးလေးပတ်ရှာသော်လည်း မိုးနှံချုံပြင်ပသို့ ထွက်ရာမတွေ့။

သည်အချက်အရ မြွေကြီးသည် မိုးနှံ့ချုံထဲ၌ ရှိလိမ့်မည်ဟု ငတော မှန်းဆပြောနိုင်သည်။ သည်သို့ အဖြေထုတ်နိုင်ရန် လူးကြောင်းက သိသိသာသာ ဖော်ပြနေသည်။

“ဒီမြွေကြီးကို ဘယ်လိုလုပ် ဖမ်းမလဲ အဖေ”

“မိုးနှံ့ချုံကြီး အကျယ်အဝန်းက လူ့လက်သုံးလေးလံလောက်ပဲကွာ၊ ချုံခုတ် ချုံရှင်းပြီး ရှာရုံပဲပေါ့၊ မင်းက အောက်ကိုကြည့်ကြည့်ပြီး ရှေ့ကခုတ်၊ အဖေက နောက်ကရှင်းရှင်းလိုက်လာမယ်”

ငတောခိုင်းသည်နှင့် တစ်ပြိုင်နက် ငလုံးက တောလိုက်ဓားဖြင့် ချုံကို စတင်ခုတ်သည်။ ရှေ့က ငလုံးမှ ခုတ်နောက်မှ ငတောက ရှင်းရှင်းလိုက်လာသည်။

မြွေဟူသည် အထက်ရှုပ် အောက်ရှင်း နေရာ၌ ဝပ်ကျင်း ပြုလုပ်ရန် ရွေးချယ်လေ့ရှိသည်။ ဝပ်ကျင်းရွေးချယ်ရာ၌ အန္တရာယ် နည်းပါးသော နေရာမှ သာ သူ့ဝပ်ကျင်းကို သူ ပြုလုပ်သည်။ ချုံဘေးဝဲယာကို လူကလည်း ထင်းခုတ်သည်။ ကျွဲ၊ နွား၊ သိုး၊ ဆိတ်ကလည်း စားသည်။ ချုံအလယ်ပိုင်းကို လူရော၊ တိရစ္ဆာန်ပါ ရှောင်သည်။ ဆူးရှိ၍လည်းဖြစ်သည်။ မြွေနေတတ်မှန်းသိသော တောသူ တောင်သားများ ဖြစ်ကြသောကြောင့်လည်း ထိုနေရာမဝင်၊ တိရစ္ဆာန်လည်း အသွားမခံ။

မြွေကလည်း အနှောင့်အယှက် နည်းပါးသော ထိုနေရာကို နှစ်သက်သည်။ သူ့ဝပ်ကျင်းကို ထိုနေရာမျိုး ရွေးလုပ်သည်။ မြွေဝပ်ကျင်းက မြွေတစ်ကောင် လုံခြုံသည်။ မြွေသည် သူ့ဝပ်ကျင်းကို တွယ်တာသည်။ လယ်ယာ ချောင်းမြောင်းထဲ၌ အစာပေါချိန်၊ နယ်လွန်ချိန်၊ သဘာဝဘေး ရှောင်တိမ်းချိန်၌ ရောက်လေ့ရှိသော်လည်း၊ ပုံမှန်အားဖြင့် အစာရှာပြီးက သူ့ဝပ်ကျင်းသူ ပြန်သည်။

ဝပ်ကျင်းအတွင်း၌ မည်သည့်ပစ္စည်းမှ အရှိမခံ၊ သစ်ခက်သစ်ရွက် သစ်ရွက်အမှိုက် အရှိမခံ။ မစင်စွန့်လျှင် ဝပ်ကျင်းအတွင်း၌ စွန့်။

စပါးကြီး၊ စပါးအုံးတို့ စားပို့နင့်၍ မသွားလာနိုင်ချိန်နှင့် နယ်လွန်ချိန်၊ ရှောင်တိမ်းပုန်းရှောင်နေချိန်၌ မဆိုလို။

ဤအချက်ကို သိထားသော ငတောတို့က မြွေဝပ်ကျင်းကိုသာ ဦးတည်ရှာနေသည်။ ဝပ်ကျင်းတွေ့ မြွေတွေ့ ၊ မြွေတွေ့ ဝပ်ကျင်းတွေ့ ၊ ကျွဲကူး ရေပါ ဖြစ်လိမ့်မည်ါ

နှစ်ယောက်စလုံး လက်အောင့်၊ ခါးညောင်း၊ ခြေကိုက်၊ ချွေးတစ်ပြိုက်ပြိုက် ကျသည့်တိုင်အောင် မြွေမတွေ့ ၊ မတွေ့ တွေ့အောင်ရှာဖို့ တာဝန်ရှိသောကြောင့် ထပ်မံခုတ်ထွင် ရှင်းလင်းရှာမှ မိုးနှံချုံ့ရင်း ဝပ်ကျင်း၌ ခွေနေသည့် မြွေကြီးကို တွေ့သည်။ ငါးဆယ်သားခန့် ရှိနိုင်သော မြွေပွေးကြီး။

မြွေပွေးကြီး အပေါ်၌ နေပြောက်မထိုးနိုင်အောင်ပင်လျှင် မိုးနှံ့ရွက်ချင်း ထပ်၊ မိုးနှံခက်ချင်းထိ မိုးနှံကိုင်းချင်း ရှုပ်ရှုပ်ထွေးထွေး။

ထိုအောက်ခြေဝပ်ကျင်းထဲ၌ အခွေပေါ် ခေါင်းတင်နေသော မြွေပွေးကြီးမှာ အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်။

သူ့ကို မတွေ့ တွေ့အောင် ရှာဖွေလာသော ငတောတို့က သူ့ကို ဖမ်းဆီးရန်၊ အနီးကပ် ဖမ်းကွင်း ရှင်းလင်း နေသည်ကိုပင်လျှင် ထီမထင်ဟန်၊ မလှုပ် မယှက်။

“ငလုံး”

“ဗျာ၊ အဖေ”

“ချုံများကို ထင်းခုတ်သံ၊ နွား သိုး ဆိတ်အုပ် တိုးဝှေ့ထားသံကို ယဉ်ပါးနေတဲ့ မြွေပွေးကြီး ဖြစ်မယ်ကွ။ လှုပ်ကို မလှုပ်ဘူး။ အနီးကပ် ဖမ်းကွင်းရှင်းဖို့ ခုတ်ရာမှ သူ့ကို သွားပြီး သစ်စသစ်န ဓားစာ မထိမိစေနဲ့။ ဒီမြွေကြီးအပြင် ဘေးမြွေ ရှိ မရှိ သေသေချာချာကြည့်။ ဘေးမြွေမရှိရင် ဒီလောက်ဆို ဖမ်းကွင်းသာပြီ။ ဘေးမြွေမှရှိတာ သေချာရင် စဖမ်းကြရအောင်”

ရှေ့မြွေဖမ်းနေခိုက် ဘေးမြွေမှမကိုက်စေရန် ဘေးမြွေကို ကြည့်သည်။ ဘေးမြွေ မရှိသည် သေချာသောအခါ မြွေဖမ်းရန် ပြင်ဆင်သည်။

ငတောနှင့် ငလုံးက တွဲဖက် မြွေဖမ်းနေကြ လူများပီပီ မည်သူက မည်သို့ လုပ်ရမည်၊ မည်သည့် တာဝန်ယူရမည်ကို အထူးပြောစရာမလို။ ငတောတာဝန်က မြွေကို မြွေဖမ်းခက်ရင်းဖြင့် ခွထိုး ပေးရမည်။

ငလုံး တာဝန်က ငတော မြွေဖမ်းခက်ရင်းဖြင့် ခွထိုးထားသောမြွေအား မြွေဖမ်းညှပ်ဖြင့် ဖမ်းရမည်။ ငလုံး ဖမ်းညှပ်ထားသော မြွေကို မြွေထည့်သည့်အိတ်အတွင်း သွင်းရာ၌ ငတောက အိတ်ကို ဟပေးပြီး ငလုံးက အိတ်တွင်း ထည့်ပေးရမည်။

“ငလုံးရေ တိမ်းလိုက် ချော်လိုက်ရင်တော့ လူမပြောနဲ့၊ နွားမဒန်းတောင် ဘုန်းခနဲပစ်လဲပြီး သေနိုင်တဲ့ မြွေပွေးကြီးနော်၊ သတိတစ်ချက်မှ မလစ်နဲ့”

“ဟုတ်ကဲ့ အဖေ၊ အဖေ စမှာဖြင့် စတော့”

ငတောက မြွေဖမ်းခက်ရင်းဖြင့် မြွေကြီးကို ခွထိုးဖမ်းရန် စတင်ရမည့် အကွက်အကွင်းကို အပြန်ပြန် အလှန်လှန် ချိန်ဆနေသည်

မြွေဖမ်းခက်ရင်းရိုးအရှည်မှာ နှစ်တောင်ထွာမျှသာ ရှိသည်။ ထိုခက်ရင်း ကို သီးသန့်ပြုလုပ်ထားရသည်။

မြွေဖမ်းခက်ရင်းစွယ်ကို သာမန် ခက်ရင်းစွယ်ကဲ့သို့ လက်ဝါးသစ်၊ ခြောက်သစ်မထားရ။ ခက်ရင်းစွယ်နှစ်စွယ်ကြား အကျယ်ကို သာမန်ခက်ရင်းကဲ့သို့ လက်လေးငါးသစ်မကျယ်စေရ။ ခက်ရင်းစွယ်ကို အချွန် အတက် မထားရ။

မြွေဖမ်းခက်ရင်းစွယ်မှာ အရှည်လက်နှစ်သစ်၊ အကျယ် လက်နှစ်သစ် မျှသာရှိသည်။ မြွေကို ခွထိုးပါက အချွန်အတက် ဖြစ်ခဲ့လျှင် မြွေပေါက်ပြဲသွားနိုင် သည်။ ထိုသို့ မပေါက်မပြဲစေရန် ထိပ်တုံးထားရမည်။

ခွေနေသော မြွေကြီးသည် သူ့အနီး လူရောက်နေသည်ကို မသိလေဟန် ခပ်တည်တည်။ အခွေပြေစေရန်အတွက် ငတောက မြွေဖမ်း ခက်ရင်းစွယ်ဖြင့် ထိပေးလိုက်ရာ လျင်မြန်လိုက်သည်ဖြစ်ခြင်း။ ဖျောက်ခနဲပေါက်ကာ ပေါက်ပေါက် ဖြေဖြေ အခွေဖြေသည်။

အခွေဖြေပြီးသော မြွေကြီး၏ ကိုယ်လိုစိတ် ပြည့်ဝစေရန် ငတောက ခက်ရင်းဖြင့် ထိထိ ကလိကလိ ဆွဆွပေးသည်။ ဖျောက်၊ ဖျောက်၊ ဖျောက်၊ ဖျောက်ဖြင့် မြွေကြီးပေါက်သည်မှာ ချက်စေ့ လက်စေ့၊ ကြိမ်ရေများစွာ ပေါက်ရင်း ပေါက်ရင်း မိုးနှံ့ပင်ချုံရိပ်မှ လွတ်ရာသို့ မြွေကြီး တစ်စ တစ်စဖြင့် ရောက်လာသည်။

ဖမ်းကွင်းသာသော အချိန်၌ ငတောက မြွေကြီးကို တစ်ချက်ထပ်မံ ကိုက်စေရန် ခက်ရင်းနှင့်ထိပေးသည်။ ထိလာသော ခက်ရင်းအား ပေါက်၍ မြေပြင်အပေါ် မြွေခေါင်းပြန်အကျ၌ ဂုတ်နောက် လက်နှစ်သစ်ကွာခန့်ကို မှန်းကာ ငတောက ခက်ရင်းဖြင့် ခွဖိထိုးလိုက်သည်။ ခွဖိထိုးထားသော ခက်ရင်းရိုးကို အားထည့်ကာ အပေါ်မှ ဖိသည်။ ခက်ရင်းစွယ်က လက်လေးငါးခြောက်သစ်ရှိလျှင် မြွေကြီးရှေ့တိုးလည်းရမည်။ နောက်ဆုတ်လည်း ရမည်။ ခက်ရင်းနှစ်ခုကြားက လက်လေးငါးသစ်ရှိလျှင် မြွေကြီးချောင် ထွက်မည်။

မြွေဖမ်းခက်ရင်းက လက်နှစ်သက်မျှသာ အကျယ်ရှိရာ ဇက်နောက်ဖိထိုးထားသောအခါ မြွေကြီးရှေ့တိုးနောက်ဆုတ် လုပ်မရ၊ ကျပ်တင်းနေသည်။ မြွေခေါင်းကို မြေပြင်ပေါ်ချပြီး ဝဲယာမှ သံငုတ်ညှပ်စိုက် ရိုက်သလို၊ အပေါ်မှ ဖိထားသလို ဖြစ်နေရာ လှုပ်မရရှားမရ။

မြွေဖမ်းခက်ရင်းနှင့် ထိုးခြင်းသည် မြွေသက်သကဲ့သို့ ပစ်ထိုးခြင်းမဟုတ်။ ရည်ရွယ်ကတည်းက မြွေကို ဖမ်းချုပ်၊ ခေါင်းဖိထားသကဲ့သို့ ထိုးရခြင်းဖြစ်ရာ ကျွမ်းကျင်ဖို့၊ လက်ဆမှန်ဖို့၊ ခွထိုးတတ်ဖို့ အလွန်လိုသည်။ မြွေရိုင်းကို ထိန်းချုပ်ရအောင် ထိုးရခြင်းဖြစ်ရာ လက်ဆ အရေးကြီးသည်။ ငတောက ဖမ်းနေကျဖြစ်ရာ မြေပေါ်ကို မြွေခေါင်းချပြီး အပေါ်က ကပ်ဖိထားသကဲ့သို့ ခွထိုးထားရာ ကျွမ်းကျွမ်းကျင်ကျင်။

ငတောမြွေဖမ်းခက်ရင်းအောက်မှ မြွေခေါင်းရှိရာသို့၊ ငလုံး၏ မြွေဖမ်းညှပ်က ရစ်ဝဲလာသည်။ ညှပ်ကွင်း ချိန်ဆနေသည်။

မြွေဖမ်းညှပ် အရှည်မှာ ဝါးမာသုံးတောင်ထွာ အရှည်ရှိသည်။ ယင်း ဝါမာ၌ မျက်နှာနှစ်ခု၊ ဘက်နှစ်ခုပါသည်။ တစ်ဖက်က မြွေဖမ်းညှပ်ဘက်၊ တစ်ဖက်က မြွေဖမ်းညှပ်အား ဟပေး၊ စေ့ပေး၊ မြွေအား ဖမ်းပေး၊ လွှတ်ပေးမည့် နိုင်လွန်ဆွဲကြိုးဘက် ဖြစ်သည်။ တစ်ဖက်က ဖမ်းဘက်၊ တစ်ဖက်က ဆွဲဘက်၊ ညှပ်အား စေ့ပေး ဟပေးသောဘက်။

မြွေဖမ်းညှပ်မည့်ဘက်၌ သံနန်းကြိုးပါသည်။ ဝါးမာသုံးတောင်ထွာခန့်။ အရှည်၏ အောက်ဆုံး လက်နှစ်သစ်ကွာ၌ အပေါက်ဖောက်ထားသည်။ အောက်ဆုံးမှ အထက်ဘက်တစ်မိုက်ကွာခန့်တွင် သံနန်းကြိုးကို ရိုက်ကာ အသေမြှုပ်ထားသည်။ အသေမြှုပ်ထားသော သံနန်းကြိုးကို အောက်ဘက်သို့ ဆွဲယူပြီး လက်လေးသစ်အကွာ၌ ကြိုးဖြင့် သေသေချာချာ တုပ်နှောင်ပြီး၊ ဂငယ်ကွေး ဖြစ်စေရန် လုပ်ယူရသည်။

သံနန်းကြိုး ဂငယ်ကွေး လုပ်ပြီးသောအခါ သံနန်းကြိုးအဆုံးကို ဖောက်ထားသည့်အပေါက်မှ နိုင်လွန်ကြိုးဘက်သို့ ထုတ်လိုက်သည်။ တစ်ဖက်မှ ထွက်လာသည့် ဂငယ်ကွေးပုံစံ သံနန်းကြိုးအဖျားကို နိုင်လွန်ကြိုးဖြင့် ဆက်သည်။ ထိုနိုင်လွန်ကြိုးက ဝါးမာတိုင်ထိပ်၌ ရိုက်ထားသော သံငုတ်တွင် ချည်ထားသည်မြွေကို ဂငယ်ကွေး သံနန်းကြိုးအတွင်း သွင်းပြီးက နိုင်လွန်ကြိုးကို တင်းတင်းကျပ်ကျပ် ဆွဲရသည်။ ထိုအခါ သံနန်းဂငယ်ကွေးက ဝါးမာတုတ် အရင်းအထိ ရောက်လာပြီး မြွေကို ဖျစ်ညစ် ဖမ်းညှပ်ထားရာ မြွေမကိုက်နိုင် မလှုပ်နိုင် မထွက်နိုင် မရုန်းနိုင်။

မြွေဖမ်းခက်ရင်းအောက်မှ မြွေပွေးကြီး၏ ခေါင်းရှေ့သို့ ငလုံးမြွေဖမ်းညှပ်ကပ်လာသောအခါ ငတောက မြွေဖမ်းခက်ရင်းဖြင့် ခွဖိထိုးရာ မသိမသာခပ်ဖြည်းဖြည်း ဖော့ပေးလျှော့ပေးသည်။ ငလုံး မြွေဖမ်းညှပ်နှင့် မြွေပွေးခေါင်းနှင့် ထိလုနီးပါးအထိ ရောက်လာသည်။ ထိလုနီးပါး ဖြစ်နေသော မြွေဖမ်းညှပ်က မြွေးပွေးကြီး ဦးခေါင်းတို့၏ အနေအထားအား ငတောကျေနပ်သောကြောင့် မသိမသာ လျှောပေးရာမှ သိသိသာသာ ဝင်လျှင်၊ မြွေဖမ်းခက်ရင်းကို ကြွပေးလိုက်သည်။ ငတောက မြွေဖမ်းခက်ရင်းကို ကြွအပေး၊ ငလုံးက ညှပ်ကို ရှေ့အတိုး၌ မြွေကြီးသည်၊ ညှပ်အတွင်းသို့ စွပ်တိုးစွပ်ဝင်သည်။

မြွေကြီးခေါင်းက ဂငယ်ကွေးကို ကျော်လိုက်လျှင် ကျော်ချင်း ငလုံးက နိုင်လွန်ကြိုးကို အားကုန် ဆွဲစေ့သည်။ သံနန်းကြိုး ဂငယ်ကွေးက မြွေကြီးကို ဆွဲယူပြီး ဝါးမာတုတ်ရင်းအထိ ကပ်ထားရာ မြွေကြီးမျက်လုံးပြူးနေသည်။ လူးလွန့်ဆန့်တန်း ရုန်းကန်သော်လည်း မရ။

မြွေဖမ်းညှပ်က မြွေကြီးကို ဖမ်းညှပ်ထားဆဲ၌ပင်လျှင် ငတောက မြေဩဇာအိတ်ခွန်ဟောင်းနှစ်လုံးကို ထပ်ထားသည့် မြွေထည့်မည့်အိတ်ကို ဘယ်ညာ ချဲ့ရနိုင်သမျှချဲ့သည်။ ဖြေရသမျှ ဖြဲကာ ကိုင်ပေးထားသည်။

ငလုံးက မြွေဖမ်းညှပ်ရော ဖမ်းမိသည့် မြွေကြီးကိုပါ အိတ်အတွင်း သွင်းရာ၌ သူ့အဖေလက်နှစ်ဖက်ကို မြွေခေါင်းဖြင့် မထိမိစေရန်နှင့် မြွေက လှမ်းကိုက်၍ မမီစေရန် သတိကြီးစွာထားပြီး အိတ်တွင်းထည့်လိုက်သည်။ အိတ်အတွင်းသို့ မြွေဖမ်းညှပ်ရော၊ မြွေကြီးရောရောက်သွားမှ ညှပ်ကြိုးကို လျှော့ပေးလိုက်သည်။ ညှပ်ကြိုးလျှော့မှ လွတ်သွားသော မြွေကြီးသည် အိတ်အတွင်း၌ တရှူးရှူး တရှဲရှဲ။

ငတောရော ငလုံးပါ ယခုမှ ဟင်းချနိုင်သည်။

(၄)

တောင်ပို့ကြီးဘေးမှ တွေ့ရှိသော မြွေချေးကို ငတောရော ငလုံးပါ အကြိမ်ကြိမ် ပြန်လှန်ကြည့်ကာ မြွေရှိနိုင် မရှိနိုင် ချင့်ချိန်နေကြသည်။ သည်မြွေသည် သူ့ဝပ်ကျင်း အတွင်း၌ မစင်စွန့်လေ့မရှိ။

သူ့မစင်ကို သူ့ဝပ်ကျင်း အနီး၌လည်း စွန့်တတ်သည်။ သွားရင်းလာရင်းလည်း စွန့်တတ်သည်။ မြွေမစင် တွေ့ ရှိခြင်းသည် မြွေသွားခဲ့ လာခဲ့ပါသည် ဆိုသော သဲလွန်စနှင့် မြွေနေထိုင်ခြင်း ရှိမရှိ ဆုံးဖြတ်ရာ၌ ထည့်သွင်း စဉ်းစားနိုင်သော အချက်အလက်မျှသာ ဖြစ်သည်။ မြွေလူးကြောင်းနှင့် မြွေတွန်သကဲ့သို့ မြွေအမျိုးအစား ခွဲခြားနိုင်သည်အထိ တိကျသော အထောက်အထား မဟုတ်။

မြွေစွန့်သော မစင်ကို မြွေဖမ်းသမားကသိသည်။ မြွေချေးသည် ပုတတ်ချေး၊ တောက်တဲ့ချေးနှင့် လုံးဝမတူ။ သိသိသာသာ ကွဲကွဲပြားပြား။ ပုတတ်ချေး အရောင်က အဖြူနှင့် အနက်ရောင်။ ဆီးသီးကင်းသေးသေးခန့် အတောင့်လေးများ ဖြစ်သည်။

တောက်တဲ့ချေးအရောင်က အဖြူဆွတ်ဆွတ်။ လက်တစ်ဆစ်ခန့်အရွယ်ရှိပြီး ပုတက်ချေး
သဏ္ဌာန်တောင့် မာမာကျောကျော။

မြွေချေးရောင်မှာ အဖြူတစ်ပိုင်း အနက်တစ်ပိုင်း အပုံလိုက် ယိုလေ့ရှိပြီး ပျော့သည်။ မြွေချေး၌ ငှက်မွေးကြွက်မွေး ပါတတ်သည်။ အချို့မြွေများက ဝမ်းပျက်သော ကလေးသူငယ် ဝမ်းသွားထားသည်နှင့် သဏ္ဌာန်တူသည်။

တောင်ပို့ဘေးမှ တွေ့သော ချေးသည် မြွေချေးတော့ သေချာ၏။ တောင်ပို့ဟူသည် ခြတို့နေထိုင်ရာ အဆောက်အအုံ၊ မြေအတွင်း၌ အကန့်ကန့်၊ အခေါင်းခေါင်းများရှိပြီး မြေအပေါ်၌ တောင်သဏ္ဌာန်ပို့နေသော အပေါ်ပေါက်ပါသည့် မညီမညာသော မြေထု၊ မြေဆိုင်ကို ခေါ်သည်။ တောင်ပို့ကြီးက ခွေးအ၊ တောကြောင်၊ ဖွတ်အထိ နေလေ့ရှိသည်။ မြေပေါ်ကျင်းခပ်မဝပ်သော မြွေများသည် တောင်ပို့ထဲ၌လည်း နေထိုင်လေ့ရှိသည်။ တောင်ပို့နှင့် နီးစပ် အဆင်ပြေက မြွေဥရာ မြွေပေါက်ရာ၌ တောင်ပို့သည် အကာအကွယ်ကောင်း ဖြစ်သောကြောင့် မြွေတို့ဥရာ သားပေါက်ရာ လုံခြုံသော နေရာဖြစ်သည်။

ငတောတို့ တောင်ပို့အနီး၌ တွေ့ နေသော မြွေချေးမှာ အဟောင်းလည်း အမြောက်အမြားပါသည်။ လောလောဆယ် စွန့်ပစ်ထားသော မြွေချေးအစိုလည်း ပါသည်။ မြွေချေးအဟောင်းရော အသစ်ပါတွေ့ ရှိခြင်းသည် မြွေအမြဲတမ်း နေထိုင်သော အထောက်အထား ဖြစ်နိုင်သည်။

သို့ရာတွင် ထိုမြွေချေးကို စွန့်ပစ်ခဲ့သော မြွေသည် လင်းမြွေဖြစ်ခဲ့ပါက တောင်ပို့ထဲ၌ ရှိ မရှိ မသေချာ။ လင်းမြွေကို နေ့ကောင်ဟု မြွေသမားက ခေါ်သည်။ တွန်ရာ၌လည်း သူတွန်ချင်သည့် အချိန်တွင် တွန်ပြီး သွားလာရာ၌လည်း လျှောခနဲ လျှောခနဲဖြင့် သူသွားချင်ရာကို စည်းမဲ့ကမ်းမဲ့ သွားတတ်သော အကောင်ဖြစ်ရာ သည်လိုမြွေမျိုးနေခဲ့ပြီး နေ့ခင်းဘက် အစာရှာ သွားနေချိန်၌ တူးမိက ပိုးသာကုန် မောင်ပုံ စောင်းမတတ် လူပင်ပန်း မြွေမရ ဖြစ်မည်။

တောင်ပို့ထဲ၌ ငန်းပုပ်ကလည်း တစ်ခါတစ်ရံ ဥချ ဝပ်ကျင်းလုပ်တတ်သည်။ မြွေဟောက်ကလည်း ဥချ ဝပ်ကျင်းလုပ်တတ်သည်။ ငန်းပုပ်လို မြွေမျိုး ဥချထားစဉ် သွားတူးမိက သူ့အသက် ကိုယ့်အသက် လုယက်ရမည့် ဘဝမျိုးအထိ ရောက်ကြရသည်။ အရှုံးနှင့် အမြတ်၊ အကျိုးနှင့် ဘေးအန္တရာယ်ကို ငတောက လူကြီးဖြစ်သောကြောင့် ငလုံးထက် များစွာ စဉ်းစားရသည်။

ငန်းပုပ်နှင့် မြွေဟောက် ကြောက်ပြီး တောင်ပို့ကို မတူးမဖြိုခဲ့ကလည်း မြွေဖမ်းသမားသိက္ခာကျမည်။ မိုက်ရူးရဲ စွပ်တူး၍ တိမ်းစောင်းလွဲချော်သွားက လူကြီးဖြစ်သူ ငတောမှာ တာဝန်ရှိသည်။ မည်သို့လုပ်မှ အကောင်းဆုံးဖြစ်မည်ကို ငတော စဉ်းစားနေ၏။

“အဖေ”

“ဟေ”

“တောင်ပို့ထဲမှာ မြွေရှိဖြစ်တယ်ဗျ၊ မြွေချေးက အဟောင်းရော အသစ်ရော”

“ခက်တာက လင်းမြွေနေတာ ဖြစ်ခဲ့ပြီး အဲဒီမြွေက အပြင်အစာရှာထွက်နေရင် တူး အလကားဖြစ်မှာ”

“အဖေ ဘယ်လိုလုပ်မလဲ”

“စဉ်းစားနေတယ်”

“လက်နဲ့ ပေါက်ပြားစိုက်ရတာပဲ အဖေရာ၊ ကျုပ်တူးလိုက် ဖြိုလိုက်ပါ့မယ်”

“ကွာ … အဖေလည်း တူးချင်တာပေါ့၊ ငန်းပုပ်နဲ့ မြွေဟောက်များ ဖြစ်မလားလို့ ချိန်ဆရတာ”

“ငန်းပုပ်နေနေ၊ မြွေဟောက်နေနေ တူးပေါ့ဗျ၊ ဦးလေးပေါက အဲလိုမြွေကို ဝက်သားနဲ့ ဒဲ့လဲမတဲ့”

“ဝက်သတ်တဲ့ ငပေါလား၊ သူက ပြောတာလား”

“ဟုတ်တယ် အဖေ၊ အဲဒီ ဦးလေးပေါ”

“ဝက်သားနဲ့ ဒဲ့ချင်းလဲရတာ မလဲရတာထက် ဖြစ်လာနိုင်တဲ့ဘေးလည်း တွက်ရသေးတယ်ကွ။ ကဲ ဒီလိုလုပ် မင်းက ပေါက်ပြားနဲ့ပေါက်ဖြို၊ သတိနဲ့လုပ်၊ အဖေက ခြတောင်ပို့ အကန့်ကန့်တွေအခေါင်းခေါင်းတွေကို ဘယ်လိုတူး၊ ဘယ်လိုဖြိုဆိုတာ ကြည့်ပြီးဘေးက ပြောမယ်”

သားဖြစ်သူ ကြောက်သွားမည်စိုးသောကြောင့်သာ စကားကို ထိန်းပြောရသည်။ ငန်းပုပ်နှင့် မြွေဟောက်ဖြစ်က ပစ်ခတ်နိုင်ရန် ကြက်ပေါင်ဘတ်ခွနှင့် လောက်စာလုံးကို လွယ်အိတ်ထဲမှထုတ်၊ မြွေဖမ်းခက်ရင်းကို လက်လှမ်းအမှီထားပြီး ငတောက ဘေးမှ စောင့်ကြည့်ပြောသည်။

တောင်ပို့သည် ခြေအထက်၌ အခေါင်းပေါက်ပါသော မတ်မတ်ထောင်ထောင်များ ဖြစ်သော်လည်း အတွင်းပိုင်း၌ ခြများက စနစ်တကျဖြင့် အကန့်ကန့်များ၊ အခေါင်းများကို သေသေ သပ်သပ် ဖောက်ထားသည်။ မြွေများအဖို့ ခိုလှုံနေထိုင်ရာ ဝင်ထွက်သွားလာစရာ နေရာကောင်းဖြစ်သည်။ တောင်ပို့ကို ပေါက်ပေါက်ဖြိုပြီး တစ်ဝက်ခန့် မရှိတရှိအရောက်၌ ငတောသည် အထိတ်တလန့် အတင်းအော်သည်။

“ဆုတ် … ငလုံး ဆုတ် … မြန်မြန်ဆုတ်”

ငလုံးကို ဆုတ်ခိုင်းသကဲ့သို့ ငတောလည်း ခုန်ခုန်ဆုတ်ဆုတ် နောက်သို့ ရောက်သည်ထက် ရောက်ရန် ဆုတ်သည်။ ဆုတ်ဆုတ် နှိုက်နှိုက်ပင်လျှင် လွယ်ထားသော အိတ်ထဲမှ ကြက်ပေါင်ဘက်ခွနှင့် လောက်စာလုံးကို အလျင်အမြန် ထုတ်ပေး။

ဖြိုနေသော တောင်ပို့မှ ပြိုကျလာသော မြေစာများကို ပေါက်ပြားဖြင့် ဘေးဆွဲထုတ်နေသော ငလုံးသည် ပေါက်ပြားဖြင့် လက်ပြန်ရိုက်ရန် အချိန်မရလိုက်။ ထွက်ပေါ်လာသော မြွေကို မြင်လျှင်မြင်ချင်း ပေါက်ပြားကိုင်လျက် ငလုံးသည် နောက်သို့ အားကုန်ခုန်ဆုတ်သည်။ ငတောတို့ သားအဖသည် တောသမားပီပီ ရန်သူကို တိုက်ခိုက်ရေးထက် မိမိဘေးအန္တရာယ် မကျရောက်ရေးကို အရင်ရှောင်ရှားသည့် ဉာဉ်စွဲကြောင့် လွတ်ရာအထိ ဆုတ်သည်။

ထွက်ပေါ်လာသော မြွေမှာ တောကြီးမြွေဟောက်။

“တောကြီးမြွေဟောက်က သူ့အစွမ်းပြတော့မှာဟေ့။ ဒီလောက်ဆိုရင် တို့ လွတ်ပါတယ်”

ငတော ပြောနေဆဲမှာပင်လျှင် ပါးပျဉ်းထောင်နေသော တောကြီးမြွေဟောက်က သူ့ကိုယ်ခန္ဓာကို အောက်ပိုင်းမှ အထက်ပိုင်း မြင့်တက်လာစေရန် ဆန့်လျက်ဆန့်လျက် မြှင့်သည်။ ပါးပျဉ်းကြီးကို ဝဲယာ၊ ယာဝဲ၊ ဘယ်ပြန် ညာပြန် ယိမ်းပြီး လျှာ တစ်လစ် တစ်လစ် ထပ်ပြန်တလဲလဲ ထုတ်သည်။

“လာတော့မှာဟေ့ … လာတော့မှာဟ”

မြွေဟောက်အကျင့်၊ မြွေဟောက်အကြံက ဒါပဲဖြစ်သည်ဟု ဓာတ်သိဖြစ်နေသော ငတော အော်ပြောသည့် အတိုင်းပင်။ တောကြီးမြွေဟောက်ထံမှ တံတွေးဟု ခေါ်နိုင်သော အမြှုပ်များ၊ အခိုးအမှုန်များ၊ အရည်အစက်များ ဖွားခနဲ ဖွားခနဲ ထွက်လာသည်။ သူတို့နှင့် လက်လှမ်းမီသောနေရာဖြစ်က မြွေဟောက်သည် မျက်လုံးထဲသို့ တန်းခနဲဝင်အောင် သူတို့ပါးစပ်မှ တံတွေးဖြင့် ပက်နိုင်သည်။

မြွေဟောက် တံတွေးခေါ်သော မြွေအမြှုပ်၊ အခိုးအမှုန်၊ အရည် အစက် အဝင်ခံလိုက်ရပါက ရုတ်တရက် မီးပွင့်သွားသလိုဖြစ်ပြီး အမှောင်ကြီး ခေတ္တ ဖုံးသွားသည်အထိ ဝေဒနာ ခံစားရသည်။

တိရစ္ဆာန်များ မျိုရန်အတွက် တံတွေးဖြင့် ပက်ခြင်း၊ အခိုးအငွေ့ဖြင့် မှုတ်ခြင်းကို မြွေဟောက်က ဦးစွာပြုလုပ်သည်။ ပြီးမှ သူ့သားကောင်ကို သူ ရစ်ပတ် သတ်ပြီး မျိုသည်။

သူ့တံတွေးဖြင့် လှမ်းပက်နေသူများမှာ သူ့ထက် အသိဉာဏ်ရှိသော လူများဖြစ်ကြောင်းနှင့် သူ့အခိုးအငွေ့လွတ်ရာအထိ ခုတ်ဆုတ်ရှောင်နေပြီဟု တိရစ္ဆာန်ဖြစ်သော တောကြီးမြွေဟောက်သည် မသိ။ အားကုန် အင်ကုန်ပင်လျှင် အမြှုပ်များ၊ အခိုးအငွေ့များ၊ အမှုန် အရည် အစက်များကို ဒေါသတကြီး လှမ်းမှုတ်ထုတ်ပက်နေရာ မြွေကြီး၏ ပါးပျဉ်းမှာ ရှေ့တိုးနောက်ငင် မြွေကြီးမည်မျှ မှုတ်မှုတ်ပက်ပက် ငတောတို့နှင့် တစ်လံကွာ၌သာ လာလာ ကျသည်။

ငတောတို့ရွာတွင် တောကြီးမြွေဟောက်ကိုက်၍ သေသူ များပြားလှပြီ။ မိန်းမနှင့် ကလေးများကို အထူးလိုက်တတ် ကိုက်တတ်သောမြွေ။ သူ့ဝပ်ကျင်းအနီးရောက်က ကျား မ ကြီးငယ်မရွေး ရန်ရှာတတ်သောမြွေ။ သည်မြွေကို အရှင်ထား၍ မဖြစ် မိမိရရပစ်မှ ဖြစ်မည်။

“တောင်ကြီးမြွေဟောက်ရေ၊ အားရအောင်မှုတ်ထား၊ ပက်ထား၊ မင်းအလှည့်ပြီးရင် ငါ့အလှည့်လာလိမ့်မယ်၊ ဘယ်ယိမ်း ညာယိမ်း ခေါင်းတိမ်း ရှောင်နိုင်ရင် မင်းအာဂကောင်ဟေ့”

ငတောက ဘတ်ခွလောက်စာအိမ်ထဲသို့ လောက်စလုံးထည့်လျက် ပစ်ရန်ချိန်ရွယ်ရင်း ပြောရင်း ပြောသည်။ လူကို လှမ်းပက်၊ လှမ်းမှုတ်ချိန်၌ ငိုက်လာသော ပါးပျဉ်းခွက်ကို ငတော မပစ်သေး။ ထပ်မံမှုတ်ရန် ပါးပျဉ်းကို တည့်တည့်ပြန်မတ်လိုက်ချိန်၌ ရှီးခနဲ ဖောင်းခနဲနေအောင် ငတောပစ်သည်။

လျှောက်ပြေးနေသော ကြွက်ကို ပစ်ခဲ့သည့်လက်။ ထန်းပင်များပေါ် အိပ်နေသည့် စွန်ကို ပစ်ခဲ့သည့်လက်။

အမြီးတန်းနေအောင် ပြေးနေသော ပုတတ်ကို ပစ်ခဲ့သည့်လက်။

ထိုလက်ပိုင်ရှင် ငတော၏ ပစ်ချက်သည် တောကြီးမြွေဟောက်ကို နှစ်ချက်မပစ်ရ။ ရှီး ဖောင်းခနဲ မြည်သံပေးကာ မြွေပါးပျဉ်းခွက်ကြီးကို ဆောင့် တွန်းပြီး တောင်ပို့နောက် ပစ်ကျစေရန် လှန်ချိုးလိုက်သကဲ့သို့ ဖြစ်သွားကာ မြွေကြီး လူးလူးလွန့်လွန့်။

“ကဲ ငလုံးရေ မင်းဝက်သားတွဲကြီးကို မင်းကြည့်ရှင်းပြီး ယူခဲ့ဟေ့”

ငတောက ကွမ်းတစ်ရာဝါးရန် သူ့ကွမ်းထုပ်ကို ဖြေ၏။

မြွေဟောက်က ဝက်သား ဖြစ်တော့မည်ကို တွက်ဆပြီး ငတောက ခိုင်းလျှင်ခိုင်းချင်း ငလုံး သွားသည်က သွက်သွက်လက်လက် ဖျတ်ဖျတ်လတ်လတ်။

တောကြီးမြွေဟောက်ကို ခေါင်းဖြတ်၊ တောင်ပို့ထဲမှ ဆွဲထုတ်၊ ထန်းလက်လျှော်ရှာ၊ ထန်းလက်လျှော်ဖြင့် ငလုံးက တွဲနေဆဲမှာပင်လျှင် အနောက် အရပ်ဆီမှ ဆူဆူညံညံအသံများကို ငတောကြားလိုက်ရသည်။ ဘာသံပါလိမ့်။

ဟ ဆက်ရက်အုပ် တောလှန့်သံပါလား။ ဆက်ရက်အုပ်က ဘာကြောင့် တောလှန့်ပါသလဲ။

(၅)

ဆက်ရက် (ဇရက်)အုပ် တောလှန့်ခြင်းကို ရှေးလူကြီးသူမများက ဘေးအန္တရာယ်ဖြစ်နိုင်သော အကောင်တစ်ကောင်ကို တွေ့ရှိ၍ အော်ဟစ်ခြင်း ဟုလည်း ပြောကြသည်။ သူတို့မနိုင်သော ဘေးအန္တရာယ် ပေါ်ပေါက်လာသောကြောင့် နိုင်သောသူက သိရှိစေရန် တိုင်တည်ခြင်းဟုလည်း ဆိုကြသည်။ သူတို့ကဲ့သို့သော ဘဝတူ ဆက်ရက်(ဇရက်)များကို အန္တရာယ်သိရှိနိုင်စေရန် တပ်လှန့်နိုးဆော်ခြင်းဟုလည်း အဓိပ္ပာယ်ကောက်ကြသည်။

ဆက်ရက်ငှက်တို့ အုပ်လိုက်၊ အဖွဲ့ အသင်းပင်းလိုက် တကျွိကျွိ၊ တဂဲဂဲ၊ တကျွီကျွီ အော်မြည်လာက ဤနေရာ၌ ပုံမှန် အနေအထားထက် ပိုမိုသော ထူးခြားချက်ရှိနေပြီ၊ ဖြစ်နေပြီဟု ငတောတို့ကဲ့သို့သော တောအတွေ့အကြုံ ရင့်ကျက်သူများက သိကြသည်။

ငတောနှင့် ငလုံးတို့သည် ဆက်ရက်အုပ် တောလှန့်သံဟု ခေါ်သော တကျွိကျွိ၊ တဂဲဂဲ၊ တကျွီကျွီ စုပေါင်း အော်မြည်နေသော အနောက်စူးစူးအရပ်ကို အလျင်အမြန်ပင် သွားရောက်ကြသည်။ တစ်စုံတစ်ခု ထူးခြားမှု တွေ့နိုင်သည့်အတွက် စိတ်လည်း ဝင်စားသည်။ သိလိုစိတ်လည်း ပြင်းပြသည်။

သူတို့ သွားနေဆဲမှာပင်လျှင် တောဆက်ရက် (တောဇရက်)ခေါ်သော ဆက်ရက်ခေါင် ဖြူရော၊ ရိုးရိုးဆက်ရက် (ရိုးရိုးဇရက်)ဟု ခေါ်သော ဆက်ရက်ခေါင်းမည်းရော ရောထွေးစုပေါင်းပြီး ချုံကြီးတစ်ချုံဘေးကို ကြည့်ကာ တကျွိကျွိ၊ တဂဲဂဲ၊ တကျွီကျွီ အော်ဟစ် ဆူညံနေဆဲဖြစ်သည်။ ငတောတို့ နီးကပ်လာသည်တိုင် ဆက်ရက်အုပ်ကြီးက ပျံမပြေးသေး။ လူနီးလေ တောလှန့်သံကို ဆူဆူညံညံ ပေးလေပင်။

ဆက်ရက်အုပ် အဓိကထားလျက်ဝဲကာ၊ ပျံကာ၊ ကြည့်ကာ၊ အော်ကာ၊ ပတ်ကာ၊ လှည့်ကာ ပျံသန်းနေသော နေရာသို့ ရောက်သောအခါ ငတောရော ငလုံးပါ မျက်နှာဝင်းဝင်းထိန်ထိန် ..

ဟုတ်သည်။ သူတို့အခေါ် ငါးဆယ်သားကျော်လျှင် ရှယ်ဈေးပေးလေ့ရှိသော လင်းမြွေဝါကြီး။ လင်းမြွေဝါကြီးသည် လူကြီးလက်ကောက်ဝတ်အထိ တုတ်သည်။ ဝဝဖြိုးဖြိုး။ ပဲလင်းမြွေသီးကြီးလို ပြည့်ပြည့်ဝဝ။

လင်းမြွေဝါကြီးသည် ဆက်ရက်အုပ် တောလှန့်သံလည်း ထည့်မတွက် လွန့်လည်းမလွန့်။ ငတောနှင့် ငလုံးတို့ သူ့ဘေးရောက်နေသည်ကိုလည်း မသိ။ ထင်းဖျင်ထားသော ချင်းရဲချုံဟောင်းထဲရှိ ကြွက်တွင်းမကြီးထဲမှ သူ့သားကောင်ကိုသာ ဖမ်းဆီးရရှိရေးအတွက် အာရုံဇောကပ်နေသည်။

ကြွက်တွင်းမကြီးနှင့် ကြွက်တွင်းခွဲ၌ ကြွက်တွင်းမကြီးက အောက်သို့ အနက်စိုက်ဖောက်ထားသည်။ နေတွင်းဟု ခေါ်သည်။ တွင်းခွဲကဘေးသို့ ထွက်တွင်း၊ ဝင်တွင်းဟု ခေါ်သည်။ တွင်းမကြီးထဲသို့ သူ့ကိုယ်ခန္ဓာ သုံးချိုး တစ်ချိုးခန့် ရောက်အောင်သွင်းပြီး အစာဇောကပ်လျက် ရှိသည်။ သူ့ခန္ဓာကိုယ်ကြီး ရှေ့တိုးလိုက် နောက်ဆုတ်လိုက်ဖြင့် ခေါင်းဇောက်ထိုးဆင်းပြီး အမြီးနှင့်ခန္ဓာကိုယ် သုံးချိုး နှစ်ချိုးခန့်ကို အပေါ်မှာထားပြီး လှုပ်ရှားဆဲပင်။

သည်အချိန်မှာ မြွေကြီးကို ချက်ချင်းဖမ်းလျှင် ရသည်။ ငတောတို့က မဖမ်းသေး။ မြွေအပြင် ကြွက်ပါ ဟင်းစားရစေရန် စောင့်ကြည့်သည်။ မြွေကြီး က သူတို့ကို မမြင်မချင်း သူတို့မှာ စောင့်ကြည့်ချိန် ရှိသည်။ ငတောတို့ ကြည့်နေဆဲမှာပင်လျှင် လင်းမြွေဝါကြီးသည် သူ့ခန္ဓာကိုယ်ကို နောက်သို့ အတင်း ပြန်ဆုတ်သည်။

ခေါင်းဇောက်ထိုးထားလျက် ကြွက်ကို နှိုက်နေရာမှ ကြွက်က အပေါ်သို့ တက်ပြေးလေသလားတွင်းမကြီးထဲမှာ လှည့်ပတ်ပြေးနေသလား ငတောတို့ မမြင်ရ။ ကြွက်တွင်းမကြီးထဲ သွင်းထားသော သူ့ခန္ဓာကိုယ်ကို ရှေ့တိုးနောက်ဆုတ်ပြီး ဘေးတွင်းခွဲထဲသို့ ခေါင်းကို ပြောင်းလိုက်သည်။

တွင်းခွဲကို ကြွက်တို့က သူတို့သွားသာရုံ မျက်နှာမူရာ အရပ်ထွက်နိုင်ရုံ တိုတို တိမ်တိမ်သာ ပြုလုပ်ထား သော ထုံးစံရှိသည်။

ကြွက်သည် တွင်းခွဲမှ အပြင် ပြေးသွားသလား။ တွင်းမကြီးမှ တွင်းခွဲဆီ ကူးသွားသလား။

မြွေကြီးခန္ဓာကိုယ် အတိုးအဆုတ်လုပ်ချိန်၌ မျက်ခြည်ဖြတ်ပြီ။

အခြားတွင်းခွဲ၌ ရှောင်တိမ်းသွားသလား ငတောတို့ မှန်းဆမရ။ မြွေကြီးသည် ခေါင်းပြောင်းထားသော တွင်းခွဲအဆုံး၌ မတွေ့သဖြင့် နောက်ပြန်ဆုတ်ကာ အခြားတွင်းခွဲကို ပြန်ရှာလျှင် ငတောတို့ကို မြင်သေးမည် မဟုတ်။ ယခုမူ တွင်းခွဲအဆုံးမှ သူ့ခေါင်းကို အပြင်သို့ ထွက်ပြူကြည့်ရာ ငတောတို့ကို မြင်သွား၏။

မြွေကြီးရှာသည်က ကြွက်။

တွေ့လာသည်က သူ့ကိုယ်ခန္ဓာအထက်ပိုင်းကို စီးမိုးပြီး သူ့ခေါင်းကို ကြည့်နေသော လူသားနှစ်ဦး။ ထိုလူသားနှစ်ဦး၏ ခြေထောက်ရှေ့မှ ကျန်နေသော သူ့ခန္ဓာကိုယ်အစိတ်အပိုင်း။

ရှေ့ပြေးမှ လွတ်မလား။ နောက်ပြေးမှ လွတ်မလား။

လူရှိရာနောက်သို့ ပြန်မဆုတ်ဘဲ ရှေ့သို့သာ သူပြေးမှ လွတ်တော့မည်။ သည်သို့ တွက်ဆပြီး တွင်းအပြင်တွင် ကျန်ရစ်သော ခန္ဓာကိုယ်ကို မြွေကြီးက အမြန်ဆုံး ရုပ်သိမ်းသည်။ ရှေ့သို့ပြေး၊ ပြေး … လွတ်အောင်ပြေးဟု မြွေကြီးက သူ့ကိုယ်သူ အားပေးပြေး၏။

အလို…ဘာဖြစ်ပါလိမ့်၊ အို… ထူးဆန်းလိုက်တာ။
သူ ပြေးနေတာက ရှေ့။ သူ့ခန္ဓာကိုယ်ကြီးက နောက်သို့သာ ရောက်ရောက်နေပါမင့်ကလားဟု မြွေကြီး အံ့အားတသင့် ဖြစ်နေသည်။

ဟုတ်သည်။ လစ်ပြေးတော့မည့် မြွေကြီးကို ငတောတို့က ရပ်ကြည့်မနေတော့၊ အမြီးမှဆွဲကာ တွင်းအပြင် ထုတ်နေသည်။ မြွေကြီးမှာ နောက်သို့သာ ယက်ကန်ယက်ကန်ဖြင့် ပါလာသည်။ ခေါင်းကြီးပါ တွင်းပြင်ပ ရောက်လာသည်။

မြွေပဲ လူကို အလျှော့ပေးလို့ ရရိုးလား။

လင်းမြွေဝါကြီးသည် မြွေမာန၊ မြွေဒေါသဖြင့် သူ့ကိုဖမ်းထုတ်လိုက်သော ငတောအား တွင်းအပြင် ရောက်လျှင်ရောက်ချင်း အားရပါးရပင်လျှင် အချက်ပေါင်း မြောက်မြားစွာ ဆက်တိုက်စဉ်တိုက်ပေါက်သည်။ ကိုက်သည်။

“ဟာ အကောင်ကြီးကလည်း ဒေါနကြီးပဲ။ ဒီလောက် ကိုက်ရရင် တော်ရောပေါ့၊ ကဲလာ”

ငလုံးက ပြောပြောဆိုဆိုပင်လျှင် လင်းမြွေဝါကြီး၏ ဇက်ကို ဝင်ဆုပ်သည်။ ငတောကိုပါမက ငလုံးကို ဆက်တိုက်စဉ်တိုက် ကိုက်သည်။ ငလုံးအရယ် အပြုံးမပျက်။

ငလုံးက ဇက်ဆုပ်၊ ငတောက နောက်ပိုင်းမှ မယူပြီး မြွေထည့်သော အိတ်ထဲသို့ လင်းမြွေဝါကြီးကို ပစ်ထိုးထည့်သည်။

ယခင်ကတော့ လင်းပိုင်းမှာ လင်းမြွေကိုက်လျှင် သေတတ်သည်ဟု ငတောတို့ ဒေသဆိုင်ရာ ရှေးစကားအရ လင်းမြွေကိုက်မည်ကို ကြောက်ခဲ့ကြဖူး ၏။ မြွေများကို လက်တွေ့ ဖမ်းဆီးသောအချိန်တွင် လင်းမြွေကိုက်လည်း ဘာမှ မဖြစ်မှန်း သိလာကြသည့်အတွက် လင်းမြွေဝါ ဖမ်းဖမ်း၊ လင်းမြွေဖြူ ဖမ်းဖမ်း မြွေဖမ်းခက်ရင်းနှင့် မြွေဖမ်းညှပ်ကို မသုံးတော့။ လင်းမြွေဆိုလျှင် လက်ရဖမ်းသည်။

လင်းမြွေသွားများက ငါးဘတ်သွား၊ ကိုက်လျှင် သွေးသာစို့သည်။ မြွေဆိပ်မတက် ဒဏ်ရာမပြင်းထန်၊ သွေးစိုရုံမျှကို မြွေဖမ်းသမားက ဆူးစူးရုံမျှ သဘောထားသည်။ အမှုမထား။

ရောင်းချရန် မြွေပွေးနှင့် လင်းမြွေ၊ ဝက်သားနှင် လဲရန် မြွေဟောက်ရပြီးနောက် ငတောရော ငလုံးပါ ရွာကို ပြန်ခဲ့၏။

– ပြီး –

စာရေးသူ – တွင်းကြီးဝမ်းမောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ