လူသေလက်ညိုးခေါင်မိုးထိုး

သာမက အခြားရွာကလူတွေပါ အလုပ်လာလုပ်ခဲ့ကြတယ်။ အခုလဲ ရွှေတောင်ရွာသူဌေးဦးသန်းလှိုင်အပ်ထားတဲ့ စပါးတွေကို တစ်ပတ်အတွင်း အပြီးလုပ်ပေးမယ်ဆိုပြီးကတိခံထားတဲ့ အချိန်ကစပြီး အလုပ်သမားတွေကဖျား၊ စက်ကလဲ အလိုလိုနေရင်း ရပ်ရပ်သွားတဲ့အတွက်ကြောင့် မနက်ဖြန်အမှီပေးရမယ့် ဆန်အိတ်တွေရဖို့အတွက် အလုပ်သမားတွေ နားချိန်တောင်မရပဲ လုပ်နေခဲ့ရရှာတယ်။

နေ့လည်လောက်ရောက်တော့ မောင်ကြီး ရောက်လာပြီး
“ ဆရာ စက်က မော်တာမလည်တော့ဘူး”

“ ဟင် ဟိုနေ့ကပဲ အသစ်ထည့်ထားတာလေ … ဘယ်လိုဖြစ်တာလဲ..”

“ ဟုတ်တယ်ဆရာ ကျွန်တော်တို့စမ်းကြည့်တော့လဲ ချို့ယွင်းချက်မတွေ့ဘူး..ဒါပေမယ့် နာရီဝက်လောက် လည်ပြီးရင် အလိုလိုရပ်ရပ်သွားတာ … ဟိုလုပ်ဒီလုပ်နဲ့ဆိုရင် တစ်နာရီလောက်ကြာမှ ပြန်လည်တယ်…ဒီပုံအတိုင်းဆိုရင် ဆန်အိတ်တွေအချိန်မှီပြီးမှာမဟုတ်ဘူး”

“ ဟူးးး အရင်ကဒီလိုတစ်ခါမှမဖြစ်ဘူးပါဘူး… ကဲကဲ မရရင်လဲ အခြားစက်တွေကို အကူအညီတောင်းပြီး လုပ်ခိုင်းကြည့်ပါဦးမယ်”

“ ဆရာ မပြောခင်ထဲက ကျွန်တော်လိုက်မေးပြီးပြီ…သူတို့ကလဲ မလုပ်ပေးချင်ကြဘူးဆရာ… ဟိုဘက်တစ်လမ်းကျော်က “ ဘသန်း ဆန်စက်”ပိုင်ရှင်ဆိုရင် ကျွန်တော်တို့အခုလိုဖြစ်တာကို အတော်သဘောတွေ့နေပုံပဲ”

“ မရတဲ့အဆုံးတော့ ကိုသန်းလှိုင်ကိုပဲ တောင်းပန်ရတော့မှာပေါ့”

ဦးမြလူက သူ့ဘဝမှာ တစ်ခါမှမဖြစ်ဘူးတဲ့ ကိစ္စကိုစဉ်းစားပြီးတွေးတောနေတဲ့အချိန်

“ ဆရာ အိမ်ပြန်နားလိုက်ပါ…ကျွန်တော်တို့ ဒီတစ်ညလုံး ကြိုးစားပြီးလုပ်ကြည့်ပါ့မယ်…အလုပ်သမားတွေကိုလဲ သေချာပြောပြထားတဲ့အတွက် ဆရာစိတ်မပူပါနဲ့”

“ အေးကွာ မင်းတို့ရဲ့ အားထုတ်မှုကို အသိအမှတ်ပြုပါတယ်.. “

ဦးမြလူက မောင်ကြီးရဲ့ပခုံးကိုပုတ်ကာ အားပေးရင်း ပိုက်ဆံအိတ်ကိုယူကာ ထွက်သွားခဲ့တယ်။

မောင်ကြီးတို့လဲ မနားမနေ လုပ်လာခဲ့တာ ညဦးပိုင်းလောက်ရောက်တော့ ဆန်စက်အနောက်ဘက်အမှောင်ထုထဲကနေ အသံနက်ကြီးနဲ့အော်တဲ့ အသံတစ်ခုကိုကြားလိုက်ရတယ်။

“ မောင်သာရ … ဆန်စက်အနောက်ဘက်က အော်သံကြားတယ် … ဘယ်သူဘာဖြစ်တာလဲမသိဘူး”

“ ငါတို့လဲကြားတယ်.. ဒါပေမယ့် အဲဒီအနောက်ဘက်မှာ လူမှမနေတာ .. အသံကဘယ်လိုထွက်လာတာလဲ”

အလုပ်သမားနှစ်ယောက်တွေပြောနေတဲ့အသံကြောင့် ဆန်အိတ်တွေကိုရေတွက်နေတဲ့ မောင်ကြီးက

“ ထားလိုက်ပါကွာ…ငါတို့အလုပ်က မနက်ကိုဆန်အိတ်တွေအမှီပေးနိုင်ဖို့ပဲ… ကြိတ်ထား ငါ့ကောင်တွေ”

မောင်ကြီးက အလုပ်သမားတွေကို အားပေးကာ ဆန်စက်အနောက်ဘက်ဆီကိုမျက်လုံးရောက်သွားခဲ့တယ်။

“ ဟင်… ဘာကြီးလဲဟ”

ဆန်စက်အနောက်ဘက် အမှောင်ထုထဲကနေ ထွက်နေတဲ့ နီနီရဲရဲမျက်လုံးနှစ်လုံးက မောင်ကြီးကို စူးစိုက်ကြည့်နေတာကိုမြင်လိုက်ရတယ်။

တော်ရုံမကြောက်တတ်တဲ့မောင်ကြီးတောင် နီရဲနေတဲ့မျက်လုံးနှစ်လုံးကိုတွေ့တော့ အနည်းငယ်ထိတ်လန့်သွားပြီး
ဓါတ်မီးနဲ့ထိုးကြည့်ရာ သွပ်ပြားအဟောင်းတွေနဲ့ကာထားတဲ့ ဆန်စက်ကိုပဲမြင်လိုက်ရတယ်။

မောင်ကြီးလဲ စိတ်ထင်တာနေမှာပါဆိုပြီး အမှုမဲ့အမှတ်မဲ့နေနေတဲ့အချိန် အလွန်ကိုပြင်းထန်တဲ့ပုတ်အဲ့အဲ့အနံ့တစ်ချို့က ဆန်စက်ထဲဝင်လာခဲ့တယ်။

“ ဝေါ့ ဝေါ့ ..ထွီ… နံလိုက်တာကွာ ဘာအနံ့ကြီးလဲ”

အလုပ်သမားတွေဆီက ထွက်လာတဲ့အသံကြောင့် မောင်ကြီးလဲ နှာခေါင်းကိုလက်နဲ့ပိတ်ပြီး

“ ကြွက်တွေဘာတွေသေနေတာလားမသိဘူး…”

“ မဖြစ်နိုင်ဘူးနော်ဆရာ … ကြွက်သေရင်တောင် အနံ့က ချက်ချင်းမရဘူးလေ…အခုက ချက်ချင်းကြီးရလာတာ.. နှာခေါင်းတောင်ဖွင့်မနိုင်ဘူး”

“ သေချာအောင် လိုက်ရှာကြည့်ကြပါဦး… ဒီအနံ့နဲ့တစ်ညလုံးအလုပ်လုပ်ဖို့အဆင်မပြေဘူး”

မောင်ကြီးစကားကြောင့် အလုပ်သမားတွေလဲ ဓါတ်မီးတွေနဲ့ ဟိုထိုးဒီထိုးလိုက်ရှာကြရာ

“ အောင်မလေး….သရဲ သရဲ သရဲ…”ဆိုပြီးအော်လိုက်တဲ့ မောင်သာရ အသံကိုကြားလိုက်ရတယ်။

“ ဟေ့ ဟေ့ သာရ ဘာဖြစ်တာလဲ”

မောင်ကြီးတို့ရောက်သွားတော့ ရင်ဘတ်ကိုလက်နဲ့ဖိပြီး အကြောက်လွန်နေတဲ့ မောင်သာရက အမှောင်ဘက်ကို လက်ညိုးထိုးရင်း

“ အဲ အဲ က ဆန်အိတ်ပေါ်မှာ ငုတ်တုပ်ထိုင်နေတာ… ဆံပင်တွေကအရှည်ကြီးနဲ့ကျောပေးပြီးထိုင်နေတာဆရာ”

“ ဟာကွာ ဒီဆန်စက်ထဲ ငါနေလာတာ နှစ်ပေါက်နေပါပြီ… မင်းပြောသလို ဟုတ်ချင်မှဟုတ်မှာပါ.. မျက်လုံးအမြင်မှားတာဖြစ်နေပါဦးမယ်”

“ ကျွန်တော် မလိမ်ဘူး…တကယ်ပြောတာ အဲဆန်အိတ်တွေပေါ်မှာ ငုတ်တုတ်ထိုင်နေတာ… ကျွန်တော်ဆက်မလုပ်ရဲတော့ဘူးဗျာ… ကျွန်တော်ကိုအလုပ်ထုတ်ချင်လဲထုတ်..”

မောင်သာရက ကြောက်လန့်တကြားနဲ့ပြောရင်း ထမင်းချိုင့်ကိုဆွဲကာ ထွက်သွားခဲ့တယ်။

ကျန်တဲ့အလုပ်သမားတွေကလဲ မောင်သာရ စကားကိုကြားတော့ မျက်နှာသေလေးတွေနဲ့ မောင်ကြီးကိုကြည့်နေခဲ့တယ်။

“ မင်းတို့ကိုကြည့်ရတာ စိတ်မပါတော့သလိုပဲ..”

“ အဲလိုလဲမဟုတ်ပါဘူးဆရာရယ်.. ညကြီးအချိန်မတော် ဆန်စက်ထဲမှာ ကျွန်တော်တို့ခြောက်ယောက်လောက်ပဲရှိတာ … ခုနကလိုများထပ်ဖြစ်….”

အလုပ်သမားတွေရဲ့စကားမဆုံးခင်မှာပဲ ဆန်စက်ခေါင်မိုးပေါ်ကနေ ယောင်္ကျားတစ်ယောက်ရဲ့ ခြောက်ကပ်ကပ်ရယ်သံတစ်ခုထွက်ပေါ်လာခဲ့တယ်။ ရယ်သံနဲ့အတူ ဆန်စက်ပြောင်းတိုင်အောက်ခြေကို သံချောင်းနဲ့ တဒေါင်ဒေါင်ခေါက်သံပါထပ်ထွက်လာတော့ အလုပ်သမားတွေရော မောင်ကြီးပါ ငယ်သံပါအောင်အော်ပြီး ပြေးကြပါလေရော။

နောက်နေ့ရောက်တော့ ဦးမြလူလဲ သူ့ဆီအပ်ထားတဲ့ဆန်အိတ်အော်ဒါတွေမပေးနိုင်တဲ့အတွက် သူဌေးဦးသန်းလှိုင်ရဲ့ စိတ်ညိုညင်မှုကိုရခဲ့တယ်။ အဲဒီရဲ့အကျိုးဆက်ကတော့ သူဌေးဦးသန်းလှိုင်က သူ့ဆီကထွက်တဲ့စပါးတွေအကုန်လုံးကို “ဘသန်းဆန်စက်”ဆီပေးလိုက်တာပဲ။

ဦးမြလူရဲ့ဆန်စက်ကလဲ တစ်ဖြေးဖြေးနဲ့နာမည်ကျလာပြီး အလုပ်သမားတွေကလဲ လုပ်ခပိုပေးတဲ့ “ဘသန်းဆန်စက်”ဘက်ကိုပြောင်းသွားခဲ့တာ လူရင်းတပည့်အချို့သာကျန်ရှိခဲ့တယ်။

ဆန်စက်ကလဲ အဆင်မပြေ အခြားစီးပွါးရေးတွေကလဲ လျော့ရဲလာတာမို့ ဦးမြလူတစ်ယောက် စိတ်ထောင်းကိုယ်ကျေဖြစ်ပြီး အိပ်ယာထဲဘုန်းဘုန်းလဲပါလေရော။

ဆန်စက်ထဲမှာလဲ အရင်ကညပိုင်းတွေမှသာ အခြောက်အလှန့်ရှိပေမယ့် အခုဆိုရင် နေ့ခင်းကြောင်တောင်တောင် အံကြိတ်တဲ့အသံ၊ ငိုညဉ်းသံတွေကြားတဲ့အတွက် အလုပ်သမားတွေအားလုံး မလုပ်ရဲကြတော့ပဲ ပိတ်ထားရတဲ့အထိဖြစ်လာခဲ့တယ်။

ဦးမြလူတို့မိသားစုမှာလဲ ညနေ နေဝင်ရီတရောအချိန်ရောက်ပြီဆိုရင် သမီးဖြစ်သူက တစ်ငိုငိုတစ်ရီရီဖြစ်ကာ ကယောင်ကတမ်းတွေဖြစ်နေတာကြောင့် မြို့နဲ့မလှမ်းမကမ်းမှာရှိတဲ့ ဘရသေ့ဆီကိုသွားဖြစ်ဖို့အကြောင်းဖန်လာခဲ့တယ်။

ဘရသေ့က ပယောဂကုရာမှာ အရမ်းနာမည်ကြီးတဲ့အတွက် မြို့ခံတွေအပြင် အခြားရပ်ဝေးရပ်နီးကလူတွေပါ လာကုကြတယ်။ အခုလဲ ဦးမြလူတို့မိသားစုက ဘရသေ့နဲ့တွေ့ဖို့အတွက် မနက်စောစောထပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်နေတဲ့အချိန် အိမ်ရှေ့ခြံစည်းရိုးအပေါက်ဝနားမှာ နှာမှုတ်ပြီးခွါယက်နေတဲ့အသံတစ်ခုကိုကြားလိုက်ရတယ်။

“ စန်းရီ … စန်းရီ အိမ်ရှေ့မှာ နွားတစ်ကောင်ရောက်နေတယ်ထင်တယ်….ငါ့နားထဲ နှာမှုတ်သံလိုလို ခွါယက်သံလိုလို ကြားနေရတယ်”

ဦးမြလူက အဝတ်အစားလဲနေရင်းပြောလိုက်တဲ့အသံကြောင့် သမီးဖြစ်သူကိုအိပ်ယာကနှိုးနေတဲ့ မိန်းမဖြစ်သူက အိမ်ပေါက်ဝကိုလှမ်းကြည့်ပြီး

“ ဘာကောင်မှမတွေ့ပါဘူး တော် နားကြားမှားတာဖြစ်မယ်”

မိန်းမဖြစ်သူစကားကြောင့် ဦးမြလူ ဘာမှဆက်မပြောတော့ပဲ အပေါ်ရုံအနွေးထည်ကိုဝတ်ကာ အိမ်အောက်ကိုဆင်းလာခဲ့လိုက်တယ်။

“ မောင်ကြီး အခုထိမရောက်လာသေးပါလား…ဒီကောင်ကို သေချာမှာထားရဲ့သားနဲ့”

ဦးမြလူလဲ ဗျစ်တောက်ဗျစ်တောက်ပြောနေရင်း ဖက်ကြမ်းဆေးလိပ်ကိုဖွာနေတဲ့အချိန် နွားလှည်းကိုအသော့မောင်းလာတဲ့ မောင်ကြီးကိုမြင်လိုက်ရတယ်။

“ ဆရာတို့တောင်အသင့်ဖြစ်နေပါရောလား…ဒီမနက်မှ ငနက်ပြာက ပေကပ်ကပ်လုပ်နေလို့ နောက်ကျသွားတယ်ဆရာရေ”

“ အေးအေး ရပါတယ်ကွာ… စန်းရီ ဒီမှာမောင်ကြီး ရောက်နေပြီ အသင့်ဖြစ်ရင်သွားကြရအောင်”

“ လာပြီ တော်ရေ လာပြီ”

ဦးမြလူတို့လဲ လှည်းပေါ်တက်ပြီး ထိုင်ရုံရှိသေး လှည်းမှာဆွဲထားတဲ့ ငနက်ပြာနဲ့ တိုင်းလုံးက တစ်စုံတစ်ခုကိုမြင်တဲ့ဟန်တဲ့ တစ်ရှူးရှူး တစ်ရှဲရှဲဖြစ်ပါလေရော။

“ ဟေ့ ရှီး ရှီး …. ဟာ ဒီနှစ်ကောင် ဘာဖြစ်နေတာလဲ”

မောင်ကြီးက မာန်မဲရင်း နွားရိုက်တုတ်နဲ့ နှစ်ချက်လောက်ရိုက်ပြီး နှဖားကြိုးကိုဆွဲလိုက်တော့မှ ငြိမ်သက်သွားခဲ့တယ်။ ဦးမြလူတို့ထွက်လာပြီး တစ်နာရီလောက်ကြာတော့ ဘရသေ့နေတဲ့ တောကျောင်းနားကိုရောက်လာခဲ့ကြတယ်။

မနက်စောစောထလာတဲ့ ဦးမြလူတို့အရှေ့မှာတောင် လူပေါင်းသုံးဆယ်လောက်က အသင့်စောင့်နေကြတာမြင်တော့
“ ဒီပုံစံနဲ့ဆို နောက်ကျဦးမယ်ထင်ပါတယ်”

“ ဘယ်တတ်နိုင်ပါ့မလဲဆရာ… ဆရာလဲ အခုတစ်လော ကျန်းမာရေးချူချာနေတာ အတော်ကိုပိန်သွားတယ်နော်”

တပည့်ဖြစ်သူ မောင်ကြီးစကားကြောင့် ဦးမြလူ လက်ထဲက ဖက်ကြမ်းဆေးလိပ်ကိုအငွေ့တစ်ထောင်းထောင်းထနေအောင် ဖွာလိုက်ပြီး

“ ပစ္စည်းသင်္ခါရ လူသင်္ခါရပဲ ငါ့ကောင်ရေ…အရင်က အောင်မြင်ခဲ့သလောက် အခုဆိုရင် ငါ့ဆန်စက်နာမည်က ဟိုးအောက်ဆုံးရောက်နေပြီ..”

ဆရာတပည့်နှစ်ယောက် လေပေးဖြောင့်နေတဲ့အချိန်

“ ဘရသေ့ ဆွမ်းစားပြီးပြီဟေ့”ဆိုတဲ့အသံကြောင့် လှည်းပေါ်ကနေရပ်ကြည့်လိုက်ရာ တဲကျောင်းထဲကနေဆင်းလာတဲ့ ဘရသေ့ကိုမြင်လိုက်ရတယ်။

ညစ်နွမ်းနေတဲ့ဒေါက်ချာ၊ အရောင်ပျယ်လွင့်စပြုနေတဲ့ ဖန်ရည်ဆိုးအဝတ်တွေကို ကျနစွာဝတ်ဆင်ထားတဲ့ ဘရသေ့အနောက်မှာတော့ ရုပ်ရည်တည်ကြည်ခန့်ညားတဲ့ လူသုံးယောက် ကပ်ပါလာတာကိုလှမ်းမြင်လိုက်ရတယ်။

ဘရသေ့ဆီလာကြတဲ့သူတွေထဲမှာပါတဲ့ အပျိုဖြန်းမလေးတွေအပြင် နှစ်ဆယ်ကျော်မိန်းမပျိုတွေက ဘရသေ့အနောက်မှာရှိနေတဲ့ လူသုံးယောက်ကိုစိတ်ဝင်တစား ကြည့်နေခဲ့ကြတယ်။

ဘရသေ့ကတော့ သူ့အရှေ့မှာရှိနေတဲ့သူတွေကို လမ်းဖယ်ခိုင်းပြီး ဦးမြလူတို့လှည်းရှိရာဘက်ကို တည့်တည့်လာနေတာကိုမြင်လိုက်ရတယ်။

“ ဆရာ ဘရသေ့က ကျွန်တော်တို့ဆီလာနေတာဗျ”

မောင်ကြီးအသံကြောင့် လှည်းပေါ်မှာထိုင်နေတဲ့ ဦးမြလူတို့မိသားစုတွေ အောက်ကိုဆင်းလိုက်ကြတဲ့အချိန်

“ ဒကာကြီးက မြဆန်စက်ပိုင်ရှင်လား”

“ ဟုတ်ပါတယ်ဘုရား… တပည့်တော်က မြဆန်စက်ပိုင်ရှင်ပါ”

“ အိမ်း ဒကာကြီးကြုံနေရတဲ့ကိစ္စတွေကို ဒီက လူငယ်တွေက ကူညီပေးကြလိမ့်မယ်ကွဲ့….“

ဘရသေ့က အနောက်မှာပါလာတဲ့လူသုံးယောက်ကိုလက်ညိုးထိုးပြပြီး သူ့ရဲ့ကျောင်းသင်္ခန်းဆီကိုပြန်ဝင်သွားခဲ့တယ်။

“ ဘရသေ့က ဒီလိုပြောမှတော့ ဦးတို့လဲ လက်ခံဖို့ပဲရှိတော့တာပေ့ါ… ဒါနဲ့ဆရာလေးတို့ကို ဦးတို့ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေပြောပြပါရစေ”

“ ကျွန်တော်တို့ဘက်ကလဲ နားထောင်ဖို့အသင့်ပါပဲ…ဒါပေမယ့် ဒီနေရာက လူအရမ်းများလို့ ဟိုးဘက်အရိပ်ရတဲ့နေရာမှာ အေးဆေးထိုင်ပြောကြရအောင်”

ကြည်လင်ရှင်းသန့်နေတဲ့မျက်နှာပိုင်ရှင်ရဲ့ စကားသံကြောင့် ဦးမြလူစိတ်ထဲ အလိုလိုနေရင်း ယုံကြည်တဲ့စိတ်တွေဖြစ်ပေါ်လာခဲ့တယ်။

အရိပ်အာဝါသကောင်းတဲ့ သပြေပင်အောက်ကိုရောက်တော့ ဦးမြလူက

“ ဦးလေး နာမည်က ဦးမြလူပါ… ဒါကတော့ ဦးလေးမိန်းမနဲ့သမီး… စန်းရင်နဲ့ မြသီတာလို့ခေါ်တယ်… သူကတော့ ဦးလေးရဲ့တပည့် မောင်ကြီးတဲ့”

“အားလုံးကိုတွေ့ရတာဝမ်းသာပါတယ်… ကျွန်တော်နာမည်ကတော့ အောင်မြတ်သာပါ… သူတို့နှစ်ယောက်ကတော့ သက်ခိုင်နဲ့ တောက်ရလို့ခေါ်ပါတယ်… ကျွန်တော်တို့ကို ဘရသေ့က ကိစ္စတစ်ခုအကူအညီတောင်းချင်တယ်ဆိုလို့ ရောက်လာကြတာပါ…ဒီရောက်တော့မှ ဦးကြီးတို့ဆီအပ်လိုက်တော့တာပဲ…”

လှပညီညာတဲ့သွားတွေပေါ်အောင် ရယ်သွေးလျှမ်းပြီးပြောလိုက်တဲ့ အောင်မြတ်သာရဲ့စကားကြောင့် ဦးမြလူမျက်နှာပေါ်မှာအပြုံးတွေထွက်ပေါ်လာခဲ့တယ်။

“ ဦးလေးတို့အခုလာတာက စီးပွါးရေး၊ကျန်းမာရေးကိစ္စတွေ သိချင်လို့လာခဲ့ကြတာ… ဒီနှစ်အတွင်း စီးပွါးရေးကျချက်က ကန်တော့ထဲကိုရေထည့်သလိုပဲ ဘာမှကိုအဖတ်မတင်တာ…ဒီကြားထဲ ကျန်းမာရေးကလဲ ချူချာ… ဟောဒီက သမီးကလဲ ညနေနေဝင်ရီတရောရောက်ရင် တစ်ငိုငိုတစ်ရီရီဖြစ်လာရော…”

“ ဦးကြီးတို့ပြောပုံအရဆိုရင် တစ်စုံတစ်ယောက်လုပ်ထားတဲ့ပုံပဲ…အဆင်ပြေရင် အလုပ်လုပ်တဲ့နေရာနဲ့ နေတဲ့အိမ်ကို လိုက်ကြည့်ပါရစေ..”

“ ဆရာလေးတို့ လိုက်ကြည့်ရင် ပိုကောင်းတာပေါ့ဗျာ… ကဲကဲ အခုပဲကျုပ်လှည်းပေါ်တက်ပြီးလိုက်ခဲ့ကြ”

ဦးမြလူက ဝမ်းသာအားရပြောပြီး အောင်မြတ်သာတို့ကို လှည်းပေါ်ကောက်တင်ကာ ခေါ်လာခဲ့တယ်။

နေထန်းတစ်ဖျားလောက်ရောက်တော့ အိမ်ရှေ့ကိုရောက်လာပြီး
“ ဟောဒါက ကျုပ်နေတဲ့အိမ်ပဲ ဆရာလေး… ဘာထူးခြားမှုရှိလဲကြည့်ပေးပါဦး..”

အောင်မြတ်သာလဲ ဦးမြလူနေအိမ်ကို ခေတ္တမျှမျက်လုံးဝေ့ကြည့်လိုက်ပြီး

“ အိမ်ကိုကြည့်ပြီးပြီဆိုတော့ အလုပ်လုပ်တဲ့နေရာကို သွားကြည့်ပါရစေ..”

“ ဆရာလေး အိမ်မှာဘာဖြစ်နေတာလဲ ပြောပါဦး”

“ သိပ်လဲမလောပါနဲ့ ဦးကြီး… ကျွန်တော်တို့အားလုံးကြည့်ပြီးရင်သေချာပြောပြပါမယ်”

အောင်မြတ်သာစကားကြောင့် ဦးမြလူ ဘာမှထပ်မမေးတော့ပဲ ဆန်စက်ရှိရာဘက်ကိုခေါ်သွားခဲ့တယ်။ ဆန်စက်အထဲကိုရောက်တော့ လှည့်ပတ်ကြည့်ပြီး

“ ဦးကြီးတို့ကို နာလံမထူနိုင်အောင်လုပ်ထားတာပဲ…”

“ ဘယ်သူလုပ််တာလဲဆရာလေး”

“ ဘယ်သူဘယ်ဝါလုပ်တယ်ဆိုတာသိဖို့ထက် အခုလက်ရှိဖြစ်နေတဲ့အရာတွေကိုအရင်ရှင်းထုတ်သင့်တယ်လို့ ကျွန်တော်မြင်မိတယ်”

“ ဆရာလေးတို့သဘောပါ .. ကျွန်တော်အိမ်နဲ့ဆန်စက်ကိုလဲဆရာလေးတို့ကိုအပ်ပါတယ်”

“ ဒီညတော့ ကျွန်တော်တို့ဆန်စက်ထဲမှာပဲအိပ်ပါ့မယ်…ဦးကြီးဘက်ကလူတစ်ယောက်တော့ ကျွန်တော်တို့နဲ့တူတူထားမှရမယ်…ဒါမှဘာတွေဖြစ်တယ်ဆိုတာ ပြန်ပြောပြနိုင်မှာ”

“ ဒီလောက်ကတော့လုပ်ပေးရမှာပေါ့ဆရာလေးရယ်… မောင်ကြီး မင်းကဒီညဆရာလေးတို့နဲ့အတူတူနေပေးလိုက်ကွာ.. အဆင်ပြေတယ်မဟုတ်လား”

“ မပြေစရာမရှိပါဘူးဆရာရယ်…ကျွန်တော်လို ပေပေတေတေနေတဲ့သူကို ဒီလိုဘဝရောက်အောင်ဆရာပဲ ပြုစုပျိုးထောင်ပေးခဲ့တာ…ဒီလောက်ကတော့ လုပ်ပေးနိုင်ပါတယ်”

“ အော် ဒါနဲ့ ညနေဘက်ကျုပ်တို့ဆီလာတဲ့အခါ မဆစ်ဆီ၅ကျပ်သားနဲ့ဦးမြလူရဲ့ဝတ်နေကျအင်္ကျီတစ်ထည်ယူလာခဲ့ပေးပါ”

“ မဆစ်ဆီဆိုတာ ဘယ်လိုဆီကိုပြောတာလဲဆရာလေး ..ကျွန်တော်သိပ်နားမလည်လို့”

“မဆစ်ဆီဆိုတာက ပဲတွေ နှမ်းတွေကိုဆုံမှာကြိတ်တဲ့အခါ အမှိုက်တွေ ပဲဖတ်နှမ်းဖတ်တွေကိုစစ်ထုတ်မထားပဲရောနေတဲ့ဆီကိုပြောတာပါ”

“ အော်… သိပြီသိပြီ စိတ်ချဆရာလေး ကျွန်တော်သေချာယူလာခဲ့ပါမယ်”

“ ဒါဖြင့်လဲ ကျွန်တော်တို့ဆန်စက်ထဲမှာပဲ ပြင်ဆင်စရာရှိတာပြင်ဆင်ထားလိုက်ဦးမယ်…ညနေမှပြန်ဆုံကြတာပေါ့”

အောင်မြတ်သာစကားအဆုံးမှာ ဦးမြလူနဲ့မောင်ကြီးတို့နှုတ်ဆက်ပြီးပြန်ထွက်သွားခဲ့ကြတယ်။

အောင်မြတ်သာလဲ ဦးမြလူတို့ပြန်သွားတာနဲ့ ဆန်စက်ထဲမှာရှိတဲ့ဘုရားကျောင်းဆောင်ပေါ်မှာ ဖယောင်းတိုင်အမွှေးတိုင်ထွန်းပြီး ထိုင်မယ့်နေရာကိုသန့်ရှင်းရေးလုပ်ကာ သင်ဒိုင်းစွယ်စုံအင်းကို စီရင်ခဲ့တယ်။

သက်ခိုင်နဲ့တောက်ရတို့ကလဲ အောင်မြတ်သာစီရင်နေတဲ့ အင်းကိုမြင်ပြီး

“ ဆရာ ဒီအင်းက ဘယ်လိုနေရာတွေမှာသုံးရတာလဲ”

“ ဒီအင်းက စွယ်စုံသုံးလို့ရတဲ့အင်းလို့ပြောလဲရတယ်… ဒီအင်းကိုသုံးမယ့်သူက သစ္စာရှိဖို့တော့လိုမယ်… မင်းတို့နှစ်ယောက်လဲ သင်ဒိုင်းစွယ်စုံအင်းကို စီရင်ဖို့ပြင်ကြပေတော့”

သက်ခိုင်နဲ့တောက်ရလဲ အောင်မြတ်သာရဲ့သင်ကြားပြသမှုအောက်မှာ သင်ဒိုင်းစွယ်စုံအင်းကို အောင်မြင်စွာစီရင်နိုင်ခဲ့တယ်။

“ ဒီအင်းရဲ့အစွမ်းကဘယ်လိုရှိတယ်ဆိုတာ မင်းတို့သိချင်နေကြပြီထင်တယ်”

“ ဟုတ်တယ်ဆရာ … ဒီအင်းက ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲအရမ်းသိချင်နေတာ”

“ ညကျရင် သင်ဒိုင်းစွယ်စုံအင်းရဲ့အစွမ်းကို မျက်ဝါးထင်ထင်မြင်ကြရမှာပါ”

…….

ညနေစောင်းရောက်တော့ မောင်ကြီး ပြန်ရောက်လာပြီး
“ ဆရာလေးတို့မှာတဲ့ဆီတွေလဲပါလာတယ်…ဒါက ဦးမြလုဝတ်နေကျအင်္ကျီ”

အောင်မြတ်သာလဲ မောင်ကြီးပေးတဲ့အင်္ကျီကို ဆွဲဖြဲပြီး အစကို ကျေးခြေထောက်သဏ္ဍာန်ကျစ်ကာ

“ ဒီကျေးခြေထောက်ကျစ်ထားတာကို မဆစ်ဆီထဲမှာစိမ်ထား ညနေ မှောင်စပျိုးတာနဲ့လုပ်ငန်းစကြမယ်”

“ ဟုတ်ကဲ့ဆရာလေး… ဒါနဲ့ဆရာလေးတို့စားဖို့ ထမင်းချိုင့်ယူလာခဲ့တယ်…အရင်စားလိုက်ကြပါဦး”

အောင်မြတ်သာတို့လဲ မောင်ကြီးယူလာတဲ့ ထမင်းချိုင့်ထဲကနေ အသီးအရွက်ကြော်တစ်မျိုးထဲကိုထုတ်ကာ စားခဲ့ကြတယ်။

“ ဆရာတို့က အသားမစားကြဘူးလား”

“ ဟုတ်ပါတယ် ကျွန်တော်တို့က အသားလွတ်ရှောင်ထားကြလို့ပါ…အခုလဲစားရတာအတော်ကောင်းပါတယ်”

မောင်ကြီးကတော့ သူယူလာတဲ့ ဟင်းကိုကောင်းတယ်ပြောတဲ့အတွက် ဝမ်းသာကာပျော်ရွှင်နေခဲ့တယ်။

မှောင်စပျိုးချိန်ရောက်တော့ အောင်မြတ်သာက သူစီရင်ထားတဲ့ သင်ဒိုင်းစွယ်စုံအင်းကို အောက်မှာခံပြီး အပေါ်ကနေ မဆစ်ဆီထည့်ထားတဲ့ခွက်ထဲ ကျေးခြေထောက်ကျစ်ထားတဲ့အစကိုထည့်ကာ မီးရှို့လိုက်တယ်။

“ ဘာအသံကြားကြား မကြောက်နဲ့…ဒီမီးစာမကုန်ခင် ဆန်စက်ထဲမှာဘာရှိတယ်ဆိုတာပေါ်လာလိမ့်မယ်”

မောင်ကြီးလဲ အောင်မြတ်သာတို့အနားမှာကပ်ထိုင်ပြီး အခြေအနေကိုစောင့်ကြည့်နေခဲ့တာ ညကိုးနာရီလောက်ရောက်တော့ ဆန်စက်ခေါင်မိုးပေါ်ကနေ ကြောက်မက်ဖွယ်အော်သံနဲ့အတူ အထုပ်တစ်ထုပ်ပြုတ်ကျလာတာကိုမြင်လိုက်ရတယ်။

“ ဆရာ … ဘာလဲမသိဘူး ကျလာတယ်ရော..”

“ သွားကောက်ပြီးဖွင့်ကြည့်…အထဲမှာဘာရှိလဲသိရတာပေါ့”

မောင်ကြီးလဲ ပိတ်စအနီနဲ့ထုပ်ထားတဲ့အရာကိုဖွင့်ကြည့်လိုက်ရာ ဆီစိမ်စက္ကူနဲ့ပတ်ထားတဲ့လက်ညိုးတစ်ချောင်းအပြင် မြေမှုန့်နဲ့လုပ်ထားတဲ့အရုပ်တစ်ရုပ်ထွက်လာခဲ့တယ်”

“ ဆရာ … လူ…လူ…လက်ညိုးကြီး”

မောင်ကြီးအော်သံကြောင့် သက်ခိုင်အသေချာကြည့်လိုက်ရာ

“ ဟာ…. ဆရာ ကြည့်ပါဦး နေဝင်လဝင်ရေခမ်းငါးအင်းကို လက်ညိုးနဲ့ပတ်ထားတယ်…နောက်ပြီး ကဝေမဇက်ကျိုးအရုပ်နောက်ကျောမှာ ပျက်ရင်ပျက် မပျက်ရင်ထွက်ဆိုပြီး ရေးထားသေးတယ်ဆရာ”

“ သူတို့က ဒီဆန်စက်ကိုရော လူကိုပါ အပြီးလုပ်တာပဲ… “

အောင်မြတ်သာစကားအဆုံးမှာ ဆန်စက်ဘေးဝါးရုံပင်နားကနေ ကျယ်လောင်စွာ တောက်ခတ်တဲ့အသံတစ်ခုကိုကြားလိုက်ရတယ်။

“ တောက်ရ အသံကြားတဲ့နေရာကို သွားကြည့်ဦး… “

တောက်ရလဲ အောင်မြတ်သာစကားကြောင့် တောက်ခတ်သံကြားတဲ့ ဝါးရုံပင်အောက်ကိုကြည့်လိုက်ရာ အခေါင်းပြင်နဲ့ထုထားတဲ့ ဘီလူးရုပ်တစ်ရုပ်ကိုမြင်လိုက်ရတယ်။

“ ဆရာ မီးကျွမ်းနေတဲ့အခေါင်းပြင်နဲ့ထုထားတဲ့ဘီလူးရုပ်တစ်ရုပ်တော့တွေ့တယ်”

“ အားလုံးကို တစ်နေရာထဲပုံထားလိုက်… ဒီမီးစာကုန်ရင် မီးရှို့ပစ်ရမယ်”

တောက်ရလဲ ဆန်စက်ထဲကနေထွက်လာတဲ့အရာတွေကိုစုပုံထားပြီး ပစ္စည်းတွေမှာစွဲကပ်နေတဲ့သူတွေထွက်မရအောင် စည်းချထားလိုက်တယ်။ မဆစ်ဆီနဲ့ထွန်းထားတဲ့မီးစာကုန်တာနဲ့ ပစ္စည်းတွေအားလုံးကို မီးရှို့လိုက်ရာ ဆန်စက်ထဲကနေ ငယ်သံပါအောင်အော်ပြီး ထွက်ပြေးသွားကြတဲ့ အရိပ်မဲမဲတွေကို အောင်မြတ်သာတို့တွေမြင်လိုက်ကြရတယ်။

“ဒီဆန်စက်ထဲမှာတော့ ဘာမှမရှိလောက်တော့ဘူး…နောက်တစ်ခါ မသင်္ကာစရာတွေ့တယ်ဆိုရင် ဒီအင်းကိုအောက်ခံထားပြီး ကျွန်တော်တို့လုပ်သလိုလုပ်ပါ….မနက်ဖြန် မနက်မိုးလင်းတာနဲ့ ဦးမြလူအိမ်ကိုသွားရမယ်…”

“ ဦးမြလူအိမ်မှာက ဘာလုပ်စရာရှိလို့လဲဆရာလေး”

“ အခုလုပ်ထားတဲ့သူက အိမ်ရော ဆန်စက်ကိုပါ တိုက်ထားတဲ့သဘောမှာရှိတယ်… အခုဆန်စက်ကကိစ္စကိုရှင်းပြီးပြီဆိုတော့ အိမ်မှာရှိတဲ့အရာကိုရှင်းထုတ်ရဦးမယ်”

“ အခုလိုလုပ်တာ ဘယ်သူလဲဆိုတာ သိချင်လိုက်တာ ဆရာလေးရယ်… သိလို့ကတော့ တောက်”

မောင်ကြီးက အံကိုကြိတ်ပြီးပြောလိုက်တဲ့ ဒေါသသံကြောင့် အောင်မြတ်သာက
“ ကျွန်တော်တို့လိုဆရာတွေက ဘယ်သူလုပ်တယ်ဆိုတာသိရင်တောင်မပြောပြကြတာ ဘာကြောင့်လဲသိလား…”

“ ဘာလို့မပြောပြတာလဲ ဆရာလေး”

“ အခု ဘယ်သူလုပ်တယ်ဆိုတာ ပြောပြလိုက်လို့ သိသွားရင် ခင်ဗျားဘာလုပ်မလဲ…”

“ လုပ်တဲ့သူကိုမှတ်လောက်အောင်ပညာပေးမှာပေါ့”

“ ဟုတ်တယ် ဘယ်သူမှသည်းခံနိုင်မှာမဟုတ်ဘူး… ဒါကြောင့် သိလဲမပြောပဲ ရေငုံနှုတ်ပိတ်နေခဲ့ကြတာဟာ အမုန်းတရားတွေကို ဆတိုးမများချင်တဲ့အတွက်ကြောင့်လို့ဆိုရမယ်”

“ ကဲကဲ မီးစာလဲကုန်ပြီဆိုတော့ ခင်ဗျားလဲ နားလိုက်ပါဦး…ကျွန်တော်တို့လဲ ဘုရားဝတ်ပြုလိုက်ဦးမယ်”

မောင်ကြီးလဲ အောင်မြတ်သာတို့ဘုရားဝတ်ပြုနိုင်ဖို့အတွက် ဘာမှဆက်မပြောတော့ပဲ ဘယ်သူလုပ်နိုင်လဲဆိုတာတွေးရင်းအိပ်ပျော်သွားခဲ့တယ်။

မနက်မိုးလင်းတော့ ဦးမြလူတို့အိမ်ကိုသွားပြီး သင်ဒိုင်းစွယ်စုံအင်းကိုမီးထွန်းရာ ခြံရှေ့တံခါးပေါက်ဘေးကနေ ခြေထောက်ကျိုးနေတဲ့တိုက်နွားရုပ်တစ်ရုပ်ထွက်လာခဲ့တယ်။

အောင်မြတ်သာတို့လဲ ခြေတစ်ဖက်ကျိုးနေတဲ့တိုက်နွားရုပ်ကိုဓါတ်ဆီလောင်းမီးရှို့ဖျက်စီးပစ်ခဲ့ပြီး တစ်အိမ်လုံးကို ရေမန်းတွေနဲ့ပက်ဖြန်းပေးခဲ့တယ်။

ဦးမြလူကတော့ အောင်မြတ်သာတို့ကိုကျေးဇူးတင်လွန်းတဲ့အတွက် ငွေတွေအထပ်လိုက်ကန်တော့မယ်လုပ်တော့

“ ဒီငွေတွေကို ဘရသေ့ ဘုရားတည်တဲ့အခါမှာလှူပေးပါ”လို့ပဲပြောခဲ့တယ်။

အောင်မြတ်သာတို့လဲ ဦးမြလူအိမ်နဲ့ဆန်စက်မှာရှိနေတဲ့ပြဿနာတွေကိုဖြေရှင်းပေးပြီး ပြန်သွားတဲ့အချိန်

“ ဆရာ … ဆရာ … “

“ မောင်ကြီး ဘယ်လိုဖြစ်လို့ အော်နေတာလဲ… “

“ ဆရာ ဟို ဟို ဘသန်းဆန်စက်ပိုင်ရှင်မိန်းမကြီး တစ်ကိုယ်လုံးမီးလောင်ဖုတွေနဲ့ ဆေးရုံတင်လိုက်ရတယ်”

“ဟာ ဘယ်လိုဖြစ်တာလဲ…”

“ အဲဒါတော့ ကျွန်တော်လဲမသိဘူး…အရပ်ထဲမှာပြောနေတာကတော့ ရေနံဆီမီးအိမ်ကိုယ်ပေါ်ပြုတ်ကျတာတဲ့”

“ ကျွတ် ကျွတ် ကျွတ်…. အတော်ပူလောင်နေမှာပဲ”

ဦးမြလူက ဂရုဏာသက်စွာရေရွတ်ရင်း တစ်ခုခုကိုစဉ်းစားမိဟန်နဲ့..

“ မောင်ကြီး ငါတို့….”

“ ဗျာ ဆရာ ဘာပြောမလို့လဲ”

“ ဘာမှမဟုတ်တော့ပါဘူးကွာ….” လို့ပြောရင်း အိမ်ထဲဝင်သွားခဲ့တယ်။

++++++++

အောင်မြတ်သာတို့လဲ ဦးမြလူအိမ်ကနေထွက်လာပြီးနောက်ပိုင်း အသက်ဝင်နေတဲ့အရုပ်ကိုပိုင်ဆိုင်ထားတဲ့ ကလေးမလေးကိုကယ်တင်ခဲ့ရသေးတယ်။

ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့်အသက်ဝင်နေသောအရုပ်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)