ပွဲစားမမာယာငွေ

နောက်ပြီး အစ်ကိုက ရုပ်ရှင်မင်းသား ရဲအောင်နဲ့လည်း တူတယ်နော်”

ပြောပြီး ရယ်နေသေး။ အသံက နှာသံလေးနဲ့။ ဟုတ်မှာပေါ့။ ကိုယ်က ထရပ်ကားမောင်းသမား ဆိုတော့ မြို့ထဲမှာ သွားလာ နေရတာလေ။

“ဪ … ဟုတ်လား”
“အစ်ကို မြေဝိုင်း ရှာနေတာ မဟုတ်လား … ညီမ ကူရှာပေးမယ်လေ”
“ခင်ဗျားက မြေပွဲစားလား”
“ဟင်း … ဟင်း … ညီမက မြေပွဲစား စစ်စစ် မဟုတ်ပါဘူး … အစ်ကို့လို ရင်းနှီးတဲ့ သူတွေသာ ကူညီပေးတာပါ … ဒီအရပ်မှာက ပွဲစားတွေ အများကြီး လေ။ ဟိုမှာ ကြည့်ပါလား …၊ မှန်မှန်ကန်ကန် လုပ်တဲ့သူတွေ ရှိသလို ဖြတ်စား လျှပ်စား လုပ်တဲ့ သူတွေလည်း ရှိတာပေါ့ … အစ်ကိုက ရိုးတော့ … အစ်ကို ခံသွားရမှာ စိုးလို့ပါ၊ မြေကွက်တွေ လိုက်ပြမယ်လေ … အစ်ကို ကြိုက်ရင် ပိုင်ရှင်နဲ့ တွေ့ပေးမှာပေါ့ … အစ်ကို့ဘာသာ ဈေးစကားပြော၊ ညီမကို ပွဲခ ပေးစရာ မလိုပါဘူး … အစ်ကို သနားရင် မုန့်ဖိုးပဲ ပေးပါ”

သူမ စကားကြောင့် ကျွန်တော့်စိတ်ထဲ ကျေနပ်သွားတယ်။ သူမ လိုက်ပြတဲ့ မြေကွက်တွေ လိုက်ကြည့်တယ်။ နောက်တော့ ကျွန်တော် ကြိုက်တဲ့ ဝင်းနဲ့ အိမ်လေးကို တွေ့တော့ ပိုင်ရှင် ဆိုသူနဲ့ တွေ့ပေးတယ်။ ဈေးစကား ပြောတယ်။ သူမက ကျွန်တော့်ဘက်က ကူပြောပေး ပါတယ်။ ဒါကြောင့် ကျွန်တော်က ပွဲခထက် မနည်းတဲ့ မုန့်ဖိုး ပေးလိုက်ပါတယ်။

ဝါမဝင်ခင် ကျွန်တော် ပြောင်းလာတယ်။ ဝင်းကလေးက နိမ့်နေလို့ မာယာငွေက မြေဖို့ဖို့ ပြောတယ်။ မြေကားကိုလည်း သူမ ရှာပေးတယ်။ မုန့်ဖိုးလောက်ပဲ ပေးရတယ်။ အဲဒီအချိန်က သဘောကောင်းတဲ့ မာယာငွေကို ကျေးဇူးတင်မိတာ အမှန်ပါ။

ဒါပေမဲ့ ပန်းသတင်း လေညင်းဆောင်၊ လူသတင်း လူချင်းဆောင် ဆိုသလို မာယာငွေရဲ့ သတင်းကို သိလာရတယ်။ ကျွန်တော်နဲ့ အိမ်နီးချင်း ဖြစ်လာတဲ့ အနောက်ဘက် အိမ်က ကိုသံခဲမိန်းမ မဝိုင်းတင် ဆီကပါ။ ကိုသံခဲက အငှားကား မောင်းတယ်။ မဝိုင်းတင်က အိမ်မှုကိစ္စပဲ လုပ်တယ်။

မာယာငွေခေါ် မခင်ငွေကို မုဆိုးမလား၊ တစ်ခုလပ်မ လားတော့ မသိကြပါ။ ကလေး သုံးယောက်နဲ့ မင်္ဂလာ ရပ်ကွက်ကို ပြောင်းလာတာ သုံးနှစ် ရှိတာတော့ သေချာတယ်။ အစက အိမ်ငှား။ နောက် မြေပွဲစား၊ အိမ်ပွဲစား၊ အပေါင်ပွဲစား၊ အထွေထွေ ပွဲစားတွေ လုပ်ရင်း အိမ်ပိုင် ဖြစ်လာတယ်။ နှုတ်သွက်၊ လျှာသွက်တယ်။ တစ်ဖက်လူ ငေးနေအောင်၊ ကျအောင် ပြောနိုင်တယ်။ ဒါတော့ ကျွန်တော့် ကိုယ်တွေ့ပါ။ နောက်ပြီး မာယာငွေက အငြိမ့်မင်းသမီး ဖြစ်ခဲ့တယ်။ ဒါတော့ ဖြစ်နိုင်တယ်။ စကားပြောရင် မာယာသံ ပါတယ်။ ဒါတော့ မငြင်း …။ ကလေးတစ်ယောက် လင်တစ်ယောက် ဆိုတဲ့ စကားကိုတော့ အလွန်အကျွံ ပြောကြတယ် ထင်တယ်။ ထားပါ။ ဒါက မာယာငွေရဲ့ သမိုင်း။

“တကယ်တော့ ကိုမောင်ထွန်းရဲ့ ဝင်းနဲ့ အိမ်က ဆယ့်ကိုးသိန်း ရရင်ကို ရောင်းချင်နေတာ”

မဝိုင်းတင် စကားကြောင့် ကျွန်တော် မျက်လုံးပြူး သွားတယ်။

“ဗျာ … ဟုတ်ရဲ့လား။ ကျွန်တော်က နှစ်ဆယ့်တစ်သိန်း ပေးရတာ”
“ဟုတ်မှာပေါ့ … မာယာငွေ ပြောတာကို ကိုမောင်ထွန်း ယုံသွားတာကိုး … ပိုင်ရှင်က ကျွန်မလည်း အပ်ထားတာလေ … သိန်းနှစ်ဆယ်ထိ ရရင် ပွဲခပေးမယ် … ကျော်ရင် ပွဲညွန့်စားလို့ ပြောထားတာ … မာယာငွေ ပွဲညွန့် တစ်သိန်း ရသွားတာပေါ့”
“သေလိုက်ပါတော့ဗျာ … ဆိုတာက သိန်းသုံးဆယ် ဗျာ၊ ကျွန်တော်က နှစ်ဆယ်နဲ့ ဆစ်တာ … ပိုင်ရှင်က နှစ်ဆယ့်ငါး တင်းခံနေလို့ မာယာငွေက ကြားဝင်ပြီး နှစ်ဆယ့်တစ်သိန်းနဲ့ ဝင်ပြောတာ … ကျွန်တော့်မှာ မာယာငွေကြောင့် ဒီဈေးရတာ ဆိုပြီး မုန့်ဖိုး ငါးသောင်းတောင် ပေးလိုက်တာ”

ကျွန်တော် စိတ်ပျက်ပျက်နဲ့ ပြောလိုက်တယ်။

မဝိုင်းတင်က ပြုံးပြီး “တစ်ဆက်တည်း ဆက်ပြောရဦးမယ် … ကိုမောင်ထွန်း မြေချတာ တစ်စီး ခုနစ်ထောင် ပေးရတယ် မဟုတ်လား … တကယ်တော့ ပေါက်ဈေးက ငါးထောင်ပဲ ရှိတာ”

ကျွန်တော် ကိုယ့်နဖူး ကိုယ်ရိုက်မိ တော့တယ်။

“ကိုမောင်ထွန်း … မာယာငွေနဲ့ပေါင်းရင် ကြည့်ပေါင်းနော် … တော်ကြာ … ဟိုက အပြောကောင်း … အချွဲကောင်းတာနဲ့ စတုတ္တကလေး အဖေ ဖြစ်သွားမယ်”

မဝိုင်းတင်က ရယ်ပြီး ပြောတယ်။

ကျွန်တော့်မှာ ‘ဟာဗျာ’ ပင် မလုပ်နိုင်၊ စိတ်ထဲက မာယာငွေနဲ့ မပတ်သက်တော့ဖို့ ဆုံးဖြတ်လိုက်တယ်။

* * *

(၃)

တစ်ရက် ကုမ္ပဏီ ဝင်းထဲမှာ မန်နေဂျာမရဲ့ နိုင်ငံခြားဖြစ် ခွေးလေးက ပြေးရင်းနဲ့ ကျွန်တော့်ကားကို ဝင်တိုက်မိတယ်။ တော်ပါသေးရဲ့။ ကားဘီးကို ဘေးက ဝင်တိုက်မိပြီး ကျွန်တော်ကလည်း ချက်ချင်း ဘရိတ်အုပ် လိုက်လို့သာပေါ့။

မန်နေဂျာမက နိုင်ငံခြားဖြစ် ခွေးလေးတွေကို တစ်နေ့ တစ်ကောင် သူမ ရုံးခန်းကို ခေါ်လာတတ်တယ်။ မန်နေဂျာမက သူမ ခွေးကို ကားတိုက်ပြီ ဆိုတော့ ရုံးထဲက ပြေးထွက်လာပြီး ကျွန်တော့်ကို လက်ညှိုး ငေါက်ငေါက် ထိုးပြီး နှစ်ပြားမတန် ဆိုတယ်။

ကျွန်တော်က ပြန်ပြောချင် ပေမယ့် သူဌေး မျက်နှာကို မြင်ပြီး စကားတွေ လည်ချောင်းဝ တစ်သွားတယ်။ သူမရဲ့ ခြွေရံသင်းပင်းတွေ ကလည်း ပျာယာခတ်ပြီး ခွေးလေးကို ကောက်ပွေ့ကာ …

“မမ … ခွေးလေးကို ဆေးခန်းသွားပြမှ ဖြစ်မှာ” လို့ ပြောမှ ကားနဲ့ တစ်အုပ် တစ်မကြီး ခွေးကို ဆေးခန်း သွားပြကြတယ်။

ကျွန်တော့်မှာ ရင်မောစွာ၊ စိုးထိတ်စွာနဲ့ ကျန်ခဲ့တယ်။ နောက်နေ့ ရောက်တော့ မန်နေဂျာမက ကျွန်တော့်ကို သူမ ရုံးခန်းထဲ ခေါ်တွေ့တယ်။

“မင်း … မဆင်မခြင် မောင်းလို့ ငါ့ဘေဘီလေး ခြေသန်းကျိုး သွားတယ် … ခွဲရစိတ်ရ၊ ဆေးထိုးရနဲ့ ငွေသုံးသိန်း ကုန်သွားတယ် … အဲဒါ … မင်း လျော်ပေး”

မန်နေဂျာမက မျက်နှာ ခပ်ထန်ထန်နဲ့ ပြောတယ်။

“ဟာ … ဘာလို့ လျော်ရမှာလဲ … ကျွန်တော် မမှားဘူး … အစ်မခွေးက ကျွန်တော့် ကားဘီးကို ဘေးက ဝင်တိုက်တာလေ”

ကျွန်တော်က မဟုတ်မခံ ဆိုတော့ ပြန်ပြောတာပေါ့။ ဒီတော့ မန်နေဂျာမက ပိုစိတ်ဆိုး သွားပုံရတယ်။

“ဘာ … မင်း … မမှားရမှာလဲ … မင်းမှားလို့ ငါ့ခွေး တိုက်မိတာပေါ့၊ မင်းက ဗြောင်ငြင်းတယ် … ဒါမျိုး ငါ မကြိုက်ဘူး … ငွေသုံးသိန်း လျော်ကို လျော်ရမယ် … ၊ အေး … မင်းကို ငါ အချိန်သုံးရက် ပေးမယ် … မလျော်ရင် အလုပ်ဖြုတ် ပစ်မယ် … ၊ မင်းသွားတော့ … ငါ့ကို ဘာမှ ပြန်မပြောနဲ့တော့”

မန်နေဂျာမရဲ့ အမျက်တော်ကို မချေဖျက်နိုင်ဘဲ ကျွန်တော် ပြန်ခဲ့ရတယ်။

ကျွန်တော် မမှားကြောင်း ကျွန်တော် သိပါတယ်။ ကုမ္ပဏီ ဝန်ထမ်း အားလုံး သိတယ်။ ငွေသုံးသိန်း ဆိုတာက ကျွန်တော့် လက်ထဲမှာ မရှိ။ သီတင်းကျွတ်ရင် လက်ထပ်မှာမို့ အခု ကတည်းက ဝယ်ခြမ်းထားဖို့ ငွေနှစ်သိန်းကို ရွာပို့ထားတယ်။ အခုဆို ဝယ်ထားလောက်ပြီ။ ကျွန်တော့် လက်ထဲမှာက သောင်းဂဏန်း လောက်ပဲ ရှိတယ်။

ဖြစ်သမျှကို ကိုသံခဲတို့ မိသားစုကို ရင်ဖွင့်မိတယ်။ ကိုသံခဲကတော့ “ဟုတ်တာပေါ့ … ခင်ဗျား မမှားဘူး” ပဲ လုပ်နေတယ်။

မဝိုင်းတင်က …

“ရှင်တို့သူဌေး တိုင်ပါလား” လို့ အကြံပေးတယ်။

“သူဌေးက ဟောင်ကောင်မှာ … ဒီမှာ ကုမ္ပဏီခွဲ လာဖွင့်တာ … တိုင်လည်း အကြောင်းထူးမှာ မဟုတ်ပါဘူး”
“ဘာလဲ မန်နေဂျာမက သူဌေးရဲ့ စပါယ်ရှယ်ဝမ်း လား”

မဝိုင်းတင်က ပြောတော့ စိတ်အိုက်ရတဲ့ အထဲ ရယ်ချင်သွားတယ်။ ကိုယ့်သူဌေး အကြောင်း ဘာမှ မပြောချင်။

“ဒီလိုဆို မာယာငွေကို ငှားပါလား”

မဝိုင်းတင် စကားကြောင့် လန့်သလို၊ အံ့ဩသလို ဖြစ်သွားတယ်။

“ဘာဆိုင်လို့လဲ … မာယာငွေက ရှေ့နေမို့လား” လို့ မေးလိုက်တယ်။

“ရှင် … ငွေသုံးသိန်း မလျော်ချင်ရင် မန်နေဂျာမကို တောင်းပန် ရမယ်လေ၊ ရှင်က တောင်းပန်မှာ မဟုတ်ဘူး၊ ဒီတော့ မာယာငွေကို ငှားပြီး တောင်းပန်ခိုင်း ရမှာပေါ့။ တောင်းပန်တယ် ဆိုတာ အောက်ကျို့ခံပြီး တစ်ဖက်သူ သနားလာအောင် ပြောရတာ၊ ဒါမျိုး မာယာငွေ တတ်တယ်”

မဝိုင်းတင် အပြောကောင်း တာရယ်၊ ပြဿနာက ငယ်ထိပ်တက် နေပြီမို့ မာယာငွေနဲ့ မပတ်သက်ချင်တော့ ပေမယ့် တစ်ခါပြန် ပတ်သက်ရ ပြန်တယ်။

* * *

(၄)

မဝိုင်းတင်က တစ်ဆင့် မာယာငွေကို သုံးသောင်းနဲ့ ငှားလိုက်တယ်။ စရန်တစ်ဝက် အရင်ပေး ရတယ်။

ညနေပိုင်းမှာ ကိုသံခဲ လေးဘီးကားနဲ့ မန်နေဂျာမအိမ် ထွက်ခဲ့ကြတယ်။ ဇာတ်လမ်းက မစရသေးဘူး၊ မာယာငွေက ဩဇာ စ,ပေးတယ်။ မဝိုင်းတင်ကို ကားရှေ့ခေါင်းခန်း ထိုင်ခိုင်းပြီး ကျွန်တော့်ကို သူတို့ မိသားစုနဲ့အတူ ကားနောက်ခန်း ထိုင်ခိုင်းတယ်။

ကလေးသုံးယောက်။ အကြီး မိန်းကလေးက ၈ နှစ်လောက် ရှိမယ်။ အငယ်ဆုံး နှစ်ယောက်က ယောက်ျားလေး။ မာယာငွေ့ မျက်နှာမှာ ဘာမှ ခြယ်သမထား။ ဒါပေမဲ့ အင်္ကျီတွေက သစ်သစ်လွင်လွင်၊ နောက်ပြီး အဝတ် အိတ်ကြီးလည်း ယူလာကြတယ်။ တကယ့် မိသားစု ပျော်ပွဲစား ထွက်တဲ့ပုံ။

ကားသွားရင်းနဲ့ မာယာငွေက သူမ စီမံချက်တွေကို ပြောပြတယ်။ ကျွန်တော့်ကို ပြောသလို သူ့ကလေးတွေ ကိုလည်း သွန်သင်နေတယ်။

ကျွန်တော့်မှာ မျက်လုံးပြူးပြီး နားထောင် နေရတယ်။ ဖြစ်မှ ဖြစ်ပါ့မလားလို့ စိတ်က ပူမိတယ်။ နောက်ပြန် လှည့်ရ ကောင်းမလား လို့လည်း စိတ်က ကူးမိပြန်တယ်။

“ကိုထွန်း စကား မမှားစေနဲ့နော် … ငွေ ပြောတဲ့ စကားနောက်က အသာ လိုက်ပြော … အရေး အကြီးဆုံးက ဒေါသ မဖြစ်နဲ့နော် … အတတ်နိုင်ဆုံး ခေါင်းငိုက်စိုက် ချနေနော် … ကိုထွန်း ငွေ ပြောတာ မှတ်မိတယ်နော်” နဲ့ မျက်နှာချင်းဆိုင် ထိုင်နေတဲ့ ကျွန်တော့် လက်ကို သူမလက်နဲ့ ကိုင်ပြောနေတော့ ကျွန်တော့်မှာ ဘာပြောရမှန်းတောင် မသိဘူး။ စိတ်တွေ ထူပူ သွားတော့တာပေါ့။

မန်နေဂျာမ အိမ်နဲ့ မနီးမဝေးမှာ ကားရပ် သွားတယ်။ နောက် မာယာငွေတို့ မိသားစုက အဝတ်ဟောင်းတွေ လဲဝတ်ကြတယ်။

ကျွန်တော်နဲ့ ကိုသံခဲက တအံ့တဩ ကြည့်နေတယ်။ မဝိုင်းတင်က ကူလုပ်ပေး နေတယ်။ မာယာငွေရဲ့ ဗိုက်ကို ရေမြှုပ်တစ်ခု ကပ်နေတယ်။ နောက် အင်္ကျီတစ်ထည် ပွပွကို အပေါ်က ဝတ်လိုက်တယ်။ ဆံပင်တွေလည်း ဆွဲဖွနေတယ်။

ဘုရားရေ … မာယာငွေမှာ ဗိုက်တုကြီးနဲ့ ပါလား။

“ကဲ … ကိုထွန်း ရှေ့က သွား … သမီးနဲ့ သားတွေ အမေပြောတာ မှတ်မိတယ်နော်”

မာယာငွေက ကျွန်တော့်ကို အမိန့်ပေးသလို၊ သူမ ကလေးတွေ ကိုလည်း ပြောနေတယ်။

“ဟုတ်ကဲ့ မေမေ … မှတ်မိပါတယ်” ကလေးတွေက ပြိုင်တူဖြေတယ်။

“ကိုထွန်း … သားလေး ချီလေ”

ကျွန်တော့်မှာ အငယ်ဆုံး ကောင်ကို ကောက်ချီရတယ်။ အကြီးကောင်က လက် လာဆွဲတယ်။ ကျွန်တော့် နောက်မှာ မာယာငွေက သူ့သမီးကြီးကို ဖခုံးဖက် လိုက်တယ်။

“ကိုမောင်ထွန်းတို့ မိသားစု အောင်မြင်ပါစေ” လို့ မဝိုင်းတင်က နောက်က လှမ်းစတယ်။ ကျွန်တော့်မှာ သွားရင်းလာရင်း ရှိုးတိုးရှန့်တန့် ဖြစ်နေရတယ်။ ခလုတ် တိုက်မိချင် သလိုလို။ မျက်နှာက ထူအမ်း နေသလို ဖြစ်နေတယ်။

မန်နေဂျာမအိမ် ရောက်တော့ အစောင့်က …

“ဘာကိစ္စလဲ” လို့ ဆီးမေးတယ်။

“ဟို … မန်နေဂျာ မမနဲ့ တွေ့ချင်လို့ပါ အစ်ကိုကြီး”

ကျွန်တော် မပြောခင် မာယာငွေက ချွဲချွဲပျစ်ပျစ် ဝင်ပြောတယ်။ တစ်ခေါင်းလုံး ဖြူနေတဲ့ အစောင့်က “ခဏနေဦး” ဆိုပြီး တိုက်ဆီ ခပ်သုတ်သုတ်သွား သတင်းပို့ပြီး ခပ်သုတ်သုတ် ပြန်လာကာ တံခါးဖွင့်ပေးတယ်။

“ကျေးဇူးနော် … အစ်ကိုကြီး”

မာယာငွေက ပြောပြီး ကျွန်တော်တို့ ဝင်းထဲ ဝင်ခဲ့ကြတယ်။ တိုက်အပေါက်မှာ မန်နေဂျာမက ခါးထောက်ရပ် နေတယ်။

“မင်း မှားတဲ့ အတွက် လျော်ကြေးငွေ သုံးသိန်း လာပေးတာလား” လို့ ဆီးမေးတယ်။

ကျွန်တော်က ဘာပြန်ပြောရမှန်း မသိ။ မာယာငွေ မှာထားသလို ခေါင်းငုံ့နေလိုက်တယ်။ ဒီအချိန်မှာ မာယာငွေနဲ့ ကလေး သုံးယောက်က သမံတလင်းပေါ် ဒူးထောက် လိုက်ကြတယ်။

“မမရယ် … ကျွန်မတို့ သားအမိကို သနားပါရှင်” လို့ ငိုသံလေးနဲ့ ပြောလိုက်တယ်။

“ဘာလဲ … ရှင်တို့က သူနဲ့ ဘာတော်သလဲ” လို့ မန်နေဂျာမက မေးတယ်။

“ကျွန်မက ကိုထွန်း မိန်းမပါ … ဒါ ကျွန်မတို့ ကလေးတွေပါ မမ”
“ကိုမောင်ထွန်းမှာ မိန်းမ ရှိတယ်လို့ မကြားဖူးပါဘူး”

မန်နေဂျာမ ကလည်း လျင်တယ်။

“ဟုတ်လား မမ … သူက သူ့ကိုယ်သူ လူပျိုလို့ ပြောနေတာ နေမှာ မမ … ယောက်ျားတွေက ကွယ်ရာကျ ဒီလိုပဲ”

မာယာငွေက ကျွန်တော့်ကို မျက်စောင်း လှမ်းထိုး လိုက်တယ်။ နောက် မျက်ရည်တွေ ဝိုင်းလာပြီး …

“စီးပွားရေးမို့ ကျွန်မတို့ လင်မယား ချစ်လျက်နဲ့ ခွဲနေရတာပါ မမရယ်၊ ကျွန်မတို့ မိသားစုက ရွာမှာ နေရတာပါ … ရွှေဘို အနောက်ဘက် ဇီးဖြူကုန်း ကပါ၊ ကျွန်မ အဖေက မျက်စိ မမြင်ရှာပါဘူး၊ ကိုထွန်း အဖေ အမေတွေ ကလည်း အိုနေကြတော့ ကျွန်မကပဲ ပြုစုစောင့်ရှောက် နေရတယ်။ ကိုထွန်း လှမ်းပို့တဲ့ ငွေရယ်၊ ကျွန်မ ပျိုးနုတ်၊ ကောက်စိုက်တဲ့ ငွေလေးနဲ့ပဲ ကျွန်မတို့ မိသားစု ချွေတာစားသုံး နေရတာပါ … အဖေကလည်း မျက်စိခွဲရမှာတဲ့ … အခုလို ပြဿနာ ဖြစ်တယ် ကြားတော့ ကျွန်မတို့ သားအမိ လိုက်လာရတာပေါ့ … ကျွန်မတို့မှာ စားစရာ အနိုင်နိုင်မို့ လျော်စရာလည်း မရှိပါဘူး အစ်မရယ်၊ အလုပ်ပြုတ် သွားရင်လည်း သူတင် မကဘူး ကျွန်မတို့ မိသားစုရော၊ ကျွန်မတို့ကို မှီတင်းနေတဲ့ မိအိုဖအို တွေလည်း ဒုက္ခရောက်ကြ ရမှာပါ မမရယ် … ဒါကြောင့် ကျွန်မတို့ အစ်မကို ရှိခိုးတောင်းပန် ပါတယ်ရှင် … သူဌေးနဲ့ အစ်မ မန်နေဂျာက သဘောကောင်းတယ်၊ စိတ်ထား မြင့်မြတ်တယ်လို့ ကိုထွန်းက ကျွန်မတို့ကို အမြဲတမ်း ပြောနေတာပါ မမရယ်”

မာယာငွေမှာ ပြောရင်း မျက်ရည်တွေ တပေါက်ပေါက် ကျကာ မန်နေဂျာမကို ဦးချနေတယ်။

“မမ … ဖေဖေ့ကို အလုပ် မဖြုတ်ပါနဲ့နော် … သမီးတို့ ဒုက္ခရောက်မှာ စိုးလို့ပါ”

အကြီးမလေး ကလည်း ငိုပြီး ကန်တော့ရှာတယ်။ ယောက်ျားလေး နှစ်ယောက်ကလည်း ကန်တော့ကြတယ်။ ဒီတော့ မန်နေဂျာမက သနား သွားသလား၊ စိတ်ရှုပ် သွားသလား မသိဘူး။

“ကဲ … ကဲ … တော်ကြပါ … ကိုမောင်ထွန်း ရှင် မှားတယ် မဟုတ်လား” လို့ မန်နေဂျာမက ကျွန်တော့်ကို လှမ်းမေးတယ်။ ကျွန်တော်က ကျွန်တော် မမှားဘူးလို့ ဖြေမယ် အလုပ် …

“ကိုထွန်း … ကိုထွန်း မှားတယ်လေ … ငွေ့ကိုချစ်ရင် ကိုထွန်း အမှားကို ဝန်ခံလိုက်လေ … မမက အမှန်တရားမှ ကြိုက်တာ”

မာယာငွေက ထလာပြီး ကျွန်တော့် လက်မောင်းကို လှုပ်ပြီး ပြောရှာတယ်။ ကျွန်တော် သက်ပြင်းချပြီး …

“ဟုတ်ကဲ့ … ကျွန်တော် မှားပါတယ် မမ” လို့ ပြောလိုက်တယ်။ ဒီတော့ မန်နေဂျာမက ပြုံးပြီး …

“ရှင် မှားမှန်းသိရင် လျော်တာတော့ လျော်ရမယ် … ဒါပေမဲ့ ရှင့်မိန်းမနဲ့ ကလေးတွေကို သနားလို့ တစ်သောင်းတော့ လျော်ရမယ်” လို့ ပြောတယ်။

မန်နေဂျာမ စကားကြောင့် ကျွန်တော့် ရင်ထဲက အလုံးကြီး ကျသွားတယ်။

“မမ … ကိုထွန်းကိုတော့ အလုပ် မဖြုတ်ပါနဲ့နော်”

မာယာငွေက စိုးရိမ်သံလေးနဲ့ ဝင်ပြောတယ်။

“စိတ်ချပါ … ရှင်က ရှင့်ယောက်ျားကို တော်တော် ချစ်ပုံရတယ် … လျော်ကြေးကလည်း လစာထဲက ဖြတ်လိုက်ပါမယ်။ နေဦး … ကလေးတွေ အတွက် မုန့်ဖိုး ပေးလိုက်ဦးမယ်”

မန်နေဂျာမက အိမ်ထဲဝင်ပြီး ငွေယူတယ်။ နောက် ကလေး တစ်ယောက်ကို မုန့်ဖိုးတစ်သောင်း ပေးတယ်။ မာယာငွေကိုတော့ “ဗိုက်ထဲက ကလေးအတွက်” ဆိုပြီး နှစ်သောင်း ပေးတယ်။ ကျွန်တော့်မှာ ရယ်ချင်လိုက်တဲ့ ဖြစ်ခြင်း။

* * *

(၅)

အပြန်လမ်းမှာ မာယာငွေက ကလေးတွေ ဆာနေပြီ ဆိုတော့ စားသောက်ဆိုင်မှာ ခေါက်ဆွဲကြော် ဝင်ကျွေးရတယ်။ အအေးတိုက်ရတယ်။ ကလေးတွေ မရောက်ဖူးပါဘူး ဆိုတဲ့ တိရစ္ဆာန်ဥယျာဉ် လိုက်ပို့ရတယ်။ အရေးထဲ မဝိုင်းတင်က “ကိုမောင်ထွန်း ပျော်လား” လို့ နောက်နေသေးတယ်။

အိမ်ရောက်တော့ ကျန်ငွေ ၁၅၀၀၀ ပေးရတယ်။

“ငါးထောင်က မဝိုင်းတင်ကို ပွဲခပေးရဦးမှာ” လို့ ပြောသွားတယ်။ ကားခလည်း မယူဘူး ပြောပေမယ့် တစ်သောင်း ပေးလိုက်ရတယ်။

နောက်တော့ စိတ်မော လူမောနဲ့ ခုတင်ပေါ်မှာ ပက်လက်လန် လှဲချလိုက်တယ်။ ဒီတော့ ခဏတွင်း ဖြစ်ပျက်မှုတွေကို ရုပ်ရှင်ပြကွက် ကလေးတွေလို မာယာငွေရဲ့ လှုပ်ရှားမှုကို မြင်နေမိတယ်။ မြင်ရင်း မြင်ရင်းနဲ့ ရွာက လက်ထပ်တော့မယ့် ချစ်သူကို ဘယ်လိုကနေ ဘယ်လို သတိရသွားတယ် မသိဘူး။ အိပ်ရာထဲကနေ ငေါက်ခနဲ ထထိုင်မိတယ်။

ရင်တွေ တဒိုင်းဒိုင်း ခုန်နေတယ်။ ချွေးတွေ ပြန်နေတယ်။

“ဟိုက အပြောကောင်း … အချွဲကောင်းတာနဲ့ စတုတ္ထကလေး အဖေ ဖြစ်သွားမယ်”

မဝိုင်းတင်ရဲ့ စကားသံကို ပဲ့တင်ကြား နေရတယ်။ မဖြစ်ဘူး … မဖြစ်ဘူး။ ခွင့်ယူပြီး ရွာကိုပြန်မှ။ သီတင်းကျွတ်ရင် လက်ထပ်မှ။ ချစ်ရတဲ့သူနဲ့ အိုးသစ်၊ အိမ်သစ်၊ နေရာသစ်ကို နေမှ တစ်သက်တာ စိတ်ချမ်းသာမယ်။

ဒီဝင်း ဒီအိမ်ကို ရောင်းရမယ်။
ဘယ်သူတွေ ဘာပြောပြော မာယာငွေနဲ့ စတုတ္ထအကြိမ် ပတ်သက်ရပေဦးမယ်။

မင်းတင်ထွဏ်း
ရွှေအမြုတေ မဂ္ဂဇင်း၊ မတ်လ ၂၀၁၀