ယက္ခဘုရင် ငထေရှင်

“မကပ်နဲ့၊ ဒီလူရဲ့အနားကို မကပ်ကြနဲ့”

ကျုပ်အော်ပြောလိုက်တော့ လူတွေအားလုံးက ကျုပ်ကိုဝိုင်းကြည့်နေကြသဗျာ၊ ဒီအချိန်မှာပဲ လူသေကောင်ကြီးက သူ့အနားထိုင်နေတဲ့ သူ့မိန်းမရဲ့လည်ပင်းကို အတင်းဖက်ကိုက်တော့တာပဲဗျာ၊ ရုတ်တရက်ဆိုတော့ ဟိုမိန်းမလည်းမရှောင်နိုင်ဘူးဗျာ၊ လူသေကောင်က တက်ခွပြီးတော့ကို ကိုက်ထည့်တာဗျာ၊ သွားတွေဆိုရင် ချွန်ထက်နေပြီးတော့ သင်တုန်းဓါးကြီးတွေအလားမှတ်ရတယ်၊ အဲဒီမိန်းမလည်း အော်လိုက်တာမှ ငယ်သံပါတယ်ဗျာ၊ လည်ပင်းက သွေးကြောမကြီးပေါက်ထွက်သွားတော့ သွေးတွေပန်းထွက်လာတာ မြင်မကောင်းဘူး။

ကျုပ်လည်း လက်ထဲကတောင်ဝှေးတဲ့ ဒီလူရဲ့ကျောကုန်းကို ဘုန်းခနဲရိုက်ထည့်လိုက်တယ်ဗျ၊ ကျုပ်ရိုက်လိုက်တော့ ဒီလူက ကျောကော့သွားပြီး အရှေ့ကိုငိုက်စိုက်ကျပြီးတော့ လဲကျသွားတယ်၊ လူတွေအားလုံးလည်း ထိတ်လန့်နေကြပြီဗျာ၊ ခုနက မိန်းမကြီးကို သူ့အိမ်သားတွေက ပြေးဆွဲတယ်ဗျ၊ သွေးတွေအရမ်းထွက်နေပြီး အဲဒီမိန်းဝတ်ထားတဲ့ အဝတ်အစားတွေအကုန်လုံးက စိုရွှဲနေပါပြီဗျာ။

“အကြီး၊ သတိထားပါအုံးဗျ”

အဲဒီမိန်းမကို ယောက်ျားသားနှစ်ယောက်က ဝိုင်းပြီးပွေ့ထားကြတယ်၊ ဒီမိန်းမကြီးကတော့ ဇက်ကျိုးနေပြီဗျ၊ ကျုပ်သွားကြည့်တဲ့အချိန်မှာပဲ ရုတ်တရက်သူ့မျက်လုံးကြီးက ပြူးပြီးတော့ပွင့်လာတယ်။ နောက်တော့ သူ့ကိုပွေ့ထားတဲ့လူရဲ့ ခေါင်းကိုဆွဲပြီးတော့ အဲဒီလူရဲ့လည်ပင်းကို တအားထကိုက်တော့တာပါပဲဗျာ၊

“အား၊ ငါ့ကိုကိုက်နေပြီ၊ ကယ်ကြပါအုံး”

ဇရပ်ပေါ်က လူတွေအားလုံးပြေးဆင်းကုန်ကြတော့တယ်ဗျ။ ကျုပ်လည်း ဒီမိန်းမကို တောင်ဝှေးနဲ့လွှဲပြီး ဘေးကိုရိုက်ထည့်လိုက်တယ်။ ကျုပ်ရိုက်တဲ့အားက သိပ်မပြင်းပေမယ့် ဒီမိန်းမကိုတောင်ဝှေးနဲ့ထိတော့ ဒီမိန်းမက လွင့်ထွက်သွားပြီးတော့ ဇရပ်ပေါ်ကနေပြုတ်ကျသွားပါရောဗျာ၊ ဒီအချိန်မှာပဲ ကျုပ်ပတ်ပတ်လည်က အလောင်းကောင်တွေက ဖျာလိပ်တွေထဲကနေ တိုးထွက်လာကြတယ်ဗျ၊ သူတို့တင်မကဘူးဗျာ၊ တွင်းတူးပြီးမြှုပ်ထားတဲ့ အလောင်းတွေကလည်း မြေကျင်းတွေထဲကထွက်လာတယ်၊ တွင်းတူးနေကြတဲ့လူတွေဆီကို လူသေကောင်တွေက ခုန်ဝင်ပြီးတော့ အတင်းလုံးထွေးပြီး ကိုက်ဖြတ်ကြတော့တာပါပဲဗျာ။

“ပြေးဟေ့၊ ပြေးဟ”

လူတွေဆိုအသံပေါင်းစုံအော်ဟစ်ပြီး သုဿန်ထဲကနေထွက်ပြေးကြတယ်ဗျ၊ သုဿန်ထဲမှာ ငရဲပွက်သလို ဆူညံနေပါရောဗျာ၊ လူသေကောင်တွေက ကျုပ်ကိုဝိုင်းထားကြတယ်။ အယောက်နှစ်ဆယ်လောက်ရှိတယ်ဗျ၊ ကျုပ်ကိုရုတ်တရက်တော့ ဝင်မဆွဲရဲကြသေးဘူး၊ ဝိုင်းပြီးပဲကြည့်နေကြတယ်။ လူသေကောင်ကြီးတစ်ကောင်က ရယ်မောရင်းနဲ့

“မင်းငါတို့ကိုတားနိုင်မှာမဟုတ်ဘူးကွ၊ မင်းလက်နက်ချလိုက်စမ်းပါ”

“အောင်မာ ငါကဘာလို့လက်နက်ချမှာလဲ”

“ဒါ ငါကမင်းကိုနောက်ဆုံးအကြိမ်သတိပေးတာနော်၊ မင်းလက်နက်ချလိုက်ပြီးတော့ ငါနဲ့ပူးပေါင်းမယ်ဆိုရင် မင်းအတွက်ငါနေရာကောင်းကောင်းတစ်နေရာ စီစဉ်ပေးမယ်”

လူသေကောင်ထဲကိုဝင်ပြီးပြောနေတဲ့သူက ငထေရှင်ဆိုတာကို ကျုပ်သဘောပေါက်လိုက်မိတယ်ဗျ၊

“လတ်စသတ်တော့ ခင်ဗျားက ကျုပ်ကိုလာပြီးမြှူဆွယ်နေတာပဲ၊ လက်နက်လည်းမချနိုင်ဘူး၊ ခင်ဗျားနဲ့လည်းမပေါင်းနိုင်ဘူး၊ ခင်ဗျားလို ယုတ်မာရက်စက်တဲ့အောက်လမ်းကောင်နဲ့ လက်မတွဲနိုင်ဘူး””

လူသေကောင်ကြီးက ရယ်ရင်း

“မင်းအခြေအနေကိုမင်းသိသင့်တယ်အောင်ရှိန်၊ ဘုရားပျံဆိုတာ ဒီအချိန်မှာအားနည်းသွားပြီ၊ ဘုရားပျံတွေခေတ်မရှိတော့ဘူး၊ ပြီးတော့ ဘုရားပျံတွေကလည်း ငါ့ကိုဒီအခြေအနေမှာ ဘယ်လိုမှ အနိုင်ယူလို့မရတော့ဘူး”

လူသေကောင်ကြီးက ကျုပ်ကိုလက်ညှိုးထိုးပြီး

“ဒါမင်းကို ငါနောက်ဆုံးအကြိမ်ကမ်းလှမ်းတာ၊ မင်းသေချာဆုံးဖြတ်ပါ”

ကျုပ်က မျက်နှာကိုမဲ့ရွဲ့လိုက်ပြီးတော့

“အရင်ဆုံး မင်းရဲ့ပါးစပ်ကိုပိတ်ထားလိုက်စမ်းကွာ”

ကျုပ်လည်း ညာဘက်လက်ညှိုးနဲ့ လူသေကောင်ကြီးကိုထိုးလိုက်တယ်၊ လက်စွပ်ရဲ့အစွမ်းကြောင့်ထင်ပါတယ်၊ လူသေကောင်ကြီးက ဝုန်းခနဲပေါက်ကွဲထွက်သွားပြီးတော့ သူ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေက ဇရပ်ပေါ်မှာပြန့်ကျဲသွားတယ်ဗျ၊ တစ်စစီဖြစ်ပြီးတော့ အရိုးတခြားအသားတစ်ခြားကိုဖြစ်သွားတော့တာပဲဗျာ၊ ဒါပေမယ့် ခေါင်းပြတ်ကြီးကတော့ ဇရပ်ကြမ်းပြင်ပေါ်ကိုပြုတ်ကျသွားသဗျ၊ အဲဒီခေါင်းပြတ်ကြီးက ဟက်ဟက်ပက်ပက်ရယ်မောပြီးတော့

“ငါက ဒီလောက်ကမ်းလှမ်းနေတာကို မင်းကလက်မခံဘူးဆိုတော့ မင်းထိုက်နဲ့မင်းကံ ခံပေတော့ကွာ၊ ကဲ ငါ့တပည့်တို့ မင်းတို့အကုန်လုံး နိုးထဖို့အချိန်ရောက်ပြီ၊ ဝေသာလီပြည်ကို ဘီလူးကျသလို၊ အခုလည်း မင်းတို့တွေအကုန် ပေါက္ကံပြည်ထဲက ရှိသမျှလူတိုင်းကို စိတ်တိုင်းကျစားသောက်ကြပေတော့”

ကျုပ်လည်း ခေါင်းပြတ်ကြီးကိုလက်ညှိုးထိုးလိုက်တော့ ခေါင်းပြတ်ကြီးက တစ်စစီပေါက်ကွဲထွက်သွားတော့တယ်ဗျ၊ ဒီအခါ ကျုပ်ကိုအနားက လူသေကောင်တွေအကုန်လုံးက ဝင်လုံးတော့တယ်ဗျာ။ လူသေသုံးလေးယောက်က ကျုပ်ကိုဆွဲချုပ်ပြီးတာနဲ့ ကျန်တဲ့လူသေကောင်တွေက ကျုပ်ကိုအပေါ်ကနေ ဝိုင်းဖိကြတယ်ဗျ၊ ကျုပ်လက်တွေခြေတွေကို အတင်းအကြပ်ဆွဲထားကြတော့ ကျုပ်ဖြင့်မရုန်းသာဘူးပေါ့ဗျာ။

ဒါနဲ့ပဲစိတ်ထဲကနေ”လွှတ်”လို့ အကျယ်ကြီးအော်လိုက်ပြီးတော့ ရုန်းလိုက်တယ်ဆိုရင်ပဲ ဇရပ်ကြီးထဲမှာ ဝုန်းခနဲပေါက်ကွဲသံကြီးထွက်ပေါ်လာပြီးတော့ ကျုပ်ကိုဖမ်းချုပ်ထားကြတဲ့ လူသေကောင်တွေရဲ့ကိုယ်တွေဟာ အစိတ်စိတ်အပိုင်းပိုင်းပြတ်ပြီးတော့ လွင့်ထွက်ကုန်တာပေါ့ဗျာ၊ ကျုပ်လည်း တောင်ဝှေးကိုအားယူပြီးတော့ အတင်းကုန်းရုန်းထလိုက်တယ်ဗျ၊ ဒီအခါ ဇရပ်အောက်က လူသေကောင်တွေက ဇရပ်ပေါ်ကိုခုန်တက်လာပြန်ရောဗျာ၊ ကျုပ်လည်း လက်ထဲကတောင်ဝှေးနဲ့ ဇရပ်ကြမ်းပြင်ကို ဆောင့်ချထည့်လိုက်တော့ ဒီလူသေတွေအားလုံး ဒယိမ်းဒယိုင်နဲ့လဲပြိုကျပြီး ငြိမ်သက်သွားကြပါရောဗျာ။

ဒါနဲ့ကျုပ်ဇရပ်အပေါ်ကနေဆင်းခဲ့တယ်ဗျ။ ဘုရားပျံရသေ့ကြီးက ကောင်းကင်ကိုမော့ကြည့်နေသဗျာ။

“ရသေ့ကြီး ဘာတွေကြည့်နေတာလဲ၊ ငထေရှင်ကတော့ သူ့အကြံအစည်တွေစတင်နေပြီဗျ”

ရသေ့ကြီးက ကျုပ်ကိုမကြည့်ဘဲနဲ့

“အေး၊ ဖြစ်နိုင်တယ်ကွ၊ နေကိုမော့ကြည့်လိုက်စမ်း”

ကျုပ်ကြည့်လိုက်တော့ နေလုံးကြီးရဲ့ထောင့်ကနေ အလုံးတစ်လုံးက တစ်ဖြည်းဖြည်းချင်းတိုးဝင်လာတယ်ဗျ၊ နောက်တော့ ပတ်ဝန်းကျင်တစ်ခုလုံးက တဖြည်းဖြည်းမှောင်ကျသွားတယ်။

“ဒါ၊ ဒါဘာဖြစ်နေတာလဲ”

“နေကြတ်နေတာကွ”

“ဗျာ၊ ဒီလိုအချိန်ကြီးမှာ နေကြတ်ရတယ်တဲ့လား”

“နေကြတ်တဲ့အချိန်မှာ မကောင်းဆိုးဝါးတွေပျော်မြူးတယ်ကွ၊ ငါထင်တာတော့ ငထေရှင်က ဒီအချိန်ကိုစောင့်နေခဲ့တဲ့ပုံပဲကွ”

ကျုပ်တို့ပြောလို့မှ မဆုံးသေးပါဘူးဗျာ၊ ခုနက အပိုင်းပိုင်းဖြစ်သွားတဲ့ လူသေကောင်တွေက သူ့အလိုလိုပြန်ဆက်ပြီးတော့ ကုန်းထလာကြတယ်၊ ခုနက လဲပြိုပြီးငြိမ်သက်သွားတဲ့ လူသေကောင်တွေလည်း ကုန်းထလာကြတယ်ဗျ၊  ဒီတစ်ခါတော့ သူတို့ရဲ့အသားအရေတွေက ရွံ့တွေဗွက်တွေလို မည်းညစ်နေပြီးတော့ မျက်လုံးကြီးတွေကလည်း မီးလုံးတွေလိုနီရဲနေပြန်သဗျာ၊ ပတ်ဝန်းကျင်က တဖြည်းဖြည်းနဲ့မှောင်သွားလေလေ၊ သူတို့မျက်လုံးတွေက ဝင်းလက်လာလေလေပဲဗျ၊ သုဿန်တစ်ခုလုံးက လူသေကောင်တွေထလာတာဆိုတော့ အယောက်ငါးဆယ်လောက်တော့ အသာလေးရှိမှာဗျ။ ကျုပ်က သူတို့နဲ့တိုက်ခိုက်ဖို့လက်ညှိုးညွှန်လိုက်တော့ ရသေ့ကြီးက ကျုပ်လက်ကိုတားတယ်ဗျ။

“ဘာလုပ်တာလဲရသေ့ကြီး၊ ဒီကောင်တွေကို တားရမယ်မဟုတ်လား”

“ဒီကောင်တွေကို ငါတားထားလိုက်မယ်၊ မင်းလုပ်ရမှာကတော့ ငထေရှင်ကိုရှာဖွေဖို့ပဲ”

“ဘယ်လိုဗျ”

“ငါအခုမှ ရေးရေးတွေးမိတယ်ကွ၊ ဒီလူတွေသေပြီးတော့ သုဿန်မှာ မြှုပ်မယ်ဆိုတဲ့အကြောင်းက တကယ်တော့ ငထေရှင်က ငါတို့ကိုလှည့်ထုတ်လိုက်တာပဲကွ”

“ဟာဗျာ၊ ဟုတ်ပါ့မလား”

“မင်းပဲစဉ်းစားကြည့်ပေါ့ကွာ၊ ငထေရှင်က သူ့လူတွေကို လမကွယ်ဘဲနဲ့တောင်မှ လူတွေကိုယ်ထဲထည့်ထားနိုင်တာမဟုတ်လားကွ၊ ဒီတော့ သုဿန်ကိုဘာကြောင့်လာရမှာလဲ မဟုတ်ဘူးလား”

ကျုပ်လည်း သေချာတွေးလိုက်မိပြီးတော့ ခေါင်းညိတ်မိတယ်။

“နောက်တစ်ခုကတော့ လူတွေသေပြီး မြို့ပေါ်မှာရုံးစုရုံးစုဖြစ်ရင် ငါတို့ဒီကိုလိုက်လာမယ်ဆိုတာ သူကတွက်ပြီးသားဖြစ်မယ်ကွ၊ အခု သုဿန်ဆိုတာလဲ ငါတို့ကိုလမ်းကြောင်းလွှဲထားလိုက်တာ၊ ငါတို့ကို ဒီလူသေတွေနဲ့ မအားမလပ်အောင်လုပ်ထားတာကွ”

“ဒါ ဒါဆိုဘယ်လိုလုပ်ကြမလဲ ရသေ့ကြီး”

“ငါ့အထင်တော့ သူငါတို့ကို မြို့ပြင်ကိုပထုတ်ပြီး၊ မြို့ထဲမှာတစ်ခုခုလုပ်ဖို့ကြံစည်နေတဲ့ပုံပဲ၊ ငါတို့ သူ့အကွက်ထဲဝင်သွားလို့မဖြစ်ဘူးအောင်ရှိန်”

“ဟုတ်မယ်ဗျ၊ သူခုနကပြောပုံရအဆိုရင်တော့ ဒီတစ်ခါ သူကြိမ်းသေနိုင်ပြီဆိုပြီးတော့ တွက်ချက်ထားပုံပဲဗျာ”

“ဒါကြောင့် ငါတို့ဒီအတိုင်းလုပ်လို့မဖြစ်ဘူး၊ ဒီတော့ မင်းက မြို့ထဲကိုသွားပြီးတော့ ငထေရှင်ကိုလိုက်ရှာ၊ ငါက ဒီနေရာမှာ ဒီကောင်တွေကို ကြည့်ရှင်းလိုက်မယ်”

“ဖြစ်ပါ့မလားရသေ့ကြီးရာ၊ ရသေ့ကြီးဆီမှာ ဘုရားပျံရဲ့လက်နက်တွေ မရှိတော့ဘူးမဟုတ်လား”

ရသေ့ကြီးကပြုံးရင်း

“လက်နက်တွေမရှိပေမယ့် အစွမ်းတွေတော့ရှိပါသေးတယ်ကွာ၊ ငါနှစ်ပေါင်းငါးဆယ်လောက် စုန်းတွေကဝေတွေနဲ့ ပြိုင်ဆိုင်လာခဲ့တာပါကွ၊ ဒီလူသေကောင်တွေလောက်ကတော့ အပျော့ပဲ”

“ဒါဆို ကျုပ်သွားမယ်ဗျာ”

“စိတ်ချသာသွားစမ်းပါကွ၊ ငါကသေလူပဲဥစ္စာ၊ ဒီကောင်တွေမသတ်လည်း နောက်သုံးရက်လောက်နေရင် သေမှာပဲမဟုတ်လား၊ ဟား၊ ဟား”

ရသေ့ကြီးက ပြုံးရယ်နိုင်ပေမယ့် ကျုပ်ကတော့ မပြုံးနိုင်ပါဘူးဗျာ၊ ဒါနဲ့ ကျုပ်လည်း သုဿန်အပြင်ကိုထွက်ဖို့ပြင်လိုက်တယ်၊ ရသေ့ကြီးပြောသလိုပဲ လူသေကောင်တွေက ကျုပ်အရှေ့ကနေပိတ်ထားကြတယ်ဗျ၊ ရသေ့ကြီးက ကျုပ်အရှေ့ကနေဝင်ရပ်လိုက်ပြီးတော့

“ဟေ့ကောင်တွေ၊ မင်းတို့သတ္တိရှိတဲ့ကောင်တက်လာခဲ့ ငါနဲ့တွေ့မယ်ကွ”

ဝမ်းခေါင်းသံကြီးနဲ့အော်လိုက်ပြီး မကြာပါဘူးဗျာ၊ တစ်ကိုယ်လုံးမီးသွေးတုံးလို မည်းနက်နေတဲ့လူသေကောင်တွေက ရသေ့ကြီးဆီကိုပြေးဝင်လာကြပါရော၊ ရသေ့ကြီးက လူသေကောင်တစ်ကောင်ကို လက်ညှိုးထိုးရင်း

“မီးသင်းထားတဲ့သစ်ငုတ်လို ပြာအတိကျစမ်းဟေ့”

ရသေ့ကြီးပြောပြီးမကြာပါဘူး၊ ပြေးဝင်လာတဲ့ လူသေကောင်က ပြေးရင်းနဲ့သူ့ခြေထောက်တွေက ပြာတွေဖြစ်သွားတယ်၊ နောက်တော့ မြေပေါ်ကိုလဲကျပြီးတော့ ပြာပုံကြီးဖြစ်သွားပါရော၊ ရသေ့ကြီးက ကျုပ်ကိုသွားတော့ဆိုတဲ့ပုံစံမျိုးနဲ့ကြည့်တာနဲ့ ကျုပ်လည်း သုဿန်တစ်ဖက်ကို ပြေးထွက်လာခဲ့တာပေါ့ဗျာ။

သုဿန်အပြင်နားကို အလှမ်းမှာ ကျုပ်အရှေ့မှာတံတိုင်းကြီးတစ်ခုခံနေသလို ခံစားလိုက်ရပြီးတော့ အဲဒီတံတိုင်းကြီးနဲ့ ကျုပ်နဲ့ဝင်တိုက်မိပါရောဗျာ၊ အုတ်နံရံကိုအရှိန်နဲ့ပြေးဆောင့်သလိုဖြစ်ပြီးတော့ ကျုပ်လည်းအနောက်ကိုပြန်လန်လဲကျသွားတယ်၊ နာတာကတော့ တော်တော်ကိုနာတာဗျ။

ကျုပ်လူးလဲထပြီးတော့ ထပ်တိုးပေမယ့် ဒီအရာကြီးက ကျုပ်အရှေ့မှာခံနေသဗျ၊ ထူးတာတော့ အတော်ထူးဆန်းတယ်ဗျာ၊ ဟိုဘက်ကိုအတိုင်းသားမြင်နေရပေမယ့် သွားလို့မရဘူးဗျ၊ ကျုပ်လက်နဲ့ပွတ်ကြည့်တော့ မှန်လိုခပ်ကြည်ကြည်အရာကြီးတစ်ခုက အုပ်ဆိုင်းထားတယ်၊ ကျုပ်အကြံအိုက်နေတဲ့အချိန်မှာပဲ ကောင်းကင်ကနေရယ်မောသံကြီးတစ်ခုကြားရတယ်ဗျ။

“ဟား၊ ဟား၊ ငါ့ရဲ့မှော်ကွန်ခြာစက်ဝန်းထဲကနေ မင်းပြေးလို့ရမလားကွ၊ ဟား၊ ဟား”

အသံကိုကြားလိုက်တာနဲ့ ငထေရှင်ရဲ့အသံဆိုတာကို ကျုပ်သိလိုက်ပါတယ်ဗျာ၊ ငထေရှင်ကဆက်ပြောတယ်ဗျ။

“ငါ့ရဲ့လက်နက်ရပြီးတဲ့အခါ ငါ့ကိုဘယ်သူမှ တားဆီးနိုင်မှာမဟုတ်တော့ဘူးအောင်ရှိန်၊ မင်းဒီထဲမှာ အေးအေးဆေးဆေးနေထားနှင့်ပေါ့၊ ပြီးတော့မှ မင်းနဲ့ငါနဲ့ရှင်းမယ်”

ကျုပ်ဘာလုပ်ရမလဲဆိုတာ တွေးနေမိတယ်ဗျ၊ နောက်တော့မှ ကျုပ်အိတ်ကပ်ထဲမှာထည့်ထားတဲ့ ကြေးစည်ကလေးကိုသတိရလိုက်တယ်၊ ဒါနဲ့ကြေးစည်ကလေးကိုထုတ်လိုက်ပြီးတော့ ဦးဘအေးကိုစိတ်ညွှတ်ပြီး နောင်ဝေေ၀လို့ရွတ်လိုက်တဲ့အချိန်မှာ ကျုပ်လည်းမြေကြီးထဲကို ကျဆင်းသွားတော့တာပါပဲဗျာ။

(၂)

ကျုပ်ခြေထောက်အောက်က မြေကြီးက မာခဲသွားတော့မှ မျက်လုံးဖွင့်လိုက်တော့ ကျုပ်က သရပါဂိတ်တံခါးအနားကိုရောက်နေသဗျာ၊ လူတွေလည်းတစ်ယောက်မှကို မရှိတော့ဘူးဗျ၊ ဒါပေမယ့် ကျုပ်အရှေ့မှာရပ်နေတာကတော့ ဘီလူးကြီးတွေပဲဗျာ၊ လူနှစ်ရပ်နီးပါးအရပ်မြင့်တဲ့ဘီလူးကြီးတွေက ခါးမှာပိတ်စပတ်ထားတာကလွဲရင် ကိုယ်တုံးလုံးကြီးတွေဗျ၊ လက်တွေခြေတွေမှာလည်း ဆူးချွန်လို၊ ဓါးသွားလို အမွှေးအတောင်ကြီးတွေလည်းရှိတယ်၊ နောက်တော့ လက်ထဲမှာလည်း တင်းပုတ်ကြီးတွေ၊ ဆူးလုံးကြီးတွေကိုင်ထားကြတယ်ဗျ။

“ဟေ့၊ ငါ့အရှေ့ကကောင်တွေ၊ ငါ့ကိုလမ်းဖယ်ကြစမ်း”

ဒီအခါ ဘီလူးတစ်ကောင်က

“ညီနောင်တို့၊ ဒီလူက တို့အရှင်ပြောတဲ့လူပဲဖြစ်လိမ့်မယ်၊ ဒီလူကို ကျော်ဖြတ်မသွားအောင် တားဆီးကြစမ်း”

ဘီလူးကြီးတစ်ကောင်က ပြေးတက်လာတယ်ဗျ၊ ကျုပ်လည်းဘီလူးကြီးကိုလက်ညှိုးထိုးပြီးတော့

“လေလိုတိမ်ခိုးလို လွင့်ပါးသွားစမ်းဟေ့”

ကျုပ်လက်ညှိုးထဲကနေ အဖြူရောင်အလင်းတန်းကြိးတစ်ခုထွက်သွားပြီးတော့ ဘီလူးကြီးရဲ့ရင်ဝကိုထိသွားတယ်ဗျ၊ ဘီလူးကြီးက ပြေးနေရင်းကနေ တစ်ချက်တန့်သွားတယ်၊ ဒါပေမယ့် ကျုပ်ပြောသလို တိမ်ခိုးလိုဖြစ်မသွားဘူးဗျာ၊ ဒါနဲ့ကျုပ်ကို တင်းပုတ်နဲ့ထုမယ်ဆိုပြီး ဆက်ပြေးလာပါရော၊ ကျုပ်လည်း သူ့ကိုပဲလက်ညှိုးနဲ့ဆက်တိုက်ထိုးထားမိတယ်ဗျ၊ ဘီလူးကြီးက ပြေးလာရင်းနဲ့ ကျုပ်ကိုတင်းပုတ်နဲ့ထုမယ်ဆိုပြီး လက်အမြှောက်မှာ လေစိမ်းတစ်ချက်ဝေ့တိုက်သွားပြီးတော့ ဘီလူးကြီးက အငွေ့ပျံပြီးတော့ ပျောက်သွားတော့တာပါပဲဗျာ။

ဘီလူးကြီးအငွေ့ပျံထွက်သွားတော့ တခြားဘီလူးတွေက နည်းနည်းတော့ဖြုံသွားတယ်ဗျ၊ ကျုပ်လည်း စိတ်ထဲမှာအန်ချင်သလိုလို၊ မောသလိုလိုကြီးဖြစ်ပြီးတော့ ရင်ထဲလည်းတစ်ဆို့ဆို့ကြီးနဲ့ မောနေတယ်ဗျာ၊ နဖူးမှာလည်း ချွေးစေးတွေကျနေပါရော၊ မသုံးဖူးတဲ့အစွမ်းတွေ သုံးလိုက်လို့များ ဖြစ်သွားတာများလားပဲ။

ကြောက်လန့်နေကြတဲ့ဘီလူးတွေထဲကမှ ခေါင်းမှာမကိုဋ်အထွဋ်ဆောင်းထားတဲ့ဘီလူးတစ်ကောင်က အရှေ့ကိုထွက်လာပြီးတော့

“ညီနောင်တို့ ဒီလူသားကိုမကြောက်ကြနဲ့၊ ဒီလူသားက ဘီလူးတစ်ကောင်တောင် အနိုင်နိင်တိုက်ခိုက်နေရတာ တို့ညီနောင်ခြောက်ကျိပ်လုံး တစ်ပြိုင်နက်တည်း တိုက်ခိုက်မယ်ဆိုရင် ခံနိုင်ရိုးလား”

အဲဒီလိုပြောပြီးတော့ အဲဒီဘီလူးက သူ့လက်ထဲက သံလျက်ကြီးကိုလှည့်နေတယ်ဗျ၊ သူလုပ်တော့ ကျန်တဲ့ဘီလူးတွေကလည်း သူတို့တွေကိုင်ဆောင်ထားကြတဲ့ ဓါးလှံလက်နက်တင်းပုတ်တွေကို ကျုပ်ဆီကိုလှမ်းပြီးပစ်လွှတ်ဖို့ဟန်ပြင်နေကြတယ်၊ ကျုပ်လည်း မောနေတော့ တောင်ဝှေးကိုအားယူပြီး အနိုင်နိုင်ရပ်နေရတယ်ဗျ။

“အားလုံးပဲ ပစ်လွှတ်လိုက်ကြတော့”

ဘီလူးမင်းက အော်လိုက်တော့ ဘီလူးတွေအကုန်လုံးက ကျုပ်ဆီကိုလက်နက်တွေပစ်လွှတ်လိုက်ကြတာပေါ့ဗျာ၊ လက်နက်တွေက လေပေါ်မှာတဝင်းဝင်းတလက်လက်နဲ့ ပျံသန်းလာတာပေါ့၊ သူတို့နဲ့ကျုပ်နဲ့က အတောင်ငါးဆယ်လောက်ပဲဝေးတာဆိုတော့ လက်နက်တွေက မျက်စိတစ်မှိတ်အတွင်းမှာပဲ ကျုပ်အရှေ့ကိုရောက်လာကြတယ်၊ ကျုပ်လည်း ညာဖက်လက်ဝါးကို ဆန့်တန်းလိုက်ပြီးတော့

“ဟိတ်၊ အားလုံးရပ်ကြစမ်း”

ကျုပ်အော်ပေမယ့်လည်း လက်နက်တွေက မရပ်တန့်ဘူးဗျ၊ ကျုပ်လန့်ပြီးတော့ မျက်လုံးတွေမှိတ်ထားလိုက်မိတယ်၊ ဒါပေမယ့် ကျုပ်ကို ဘာမှလာထိတာမခံစားရတော့ ကျုပ်မျက်လုံးဖွင့်ကြည့်လိုက်တယ်ဗျ၊ ဆန်းတာတော့ပြောမနေပါနဲ့ဗျာ၊ သူတို့ပစ်လွှတ်လိုက်တဲ့ လက်နက်တွေက လေထဲမှာတန့်နေကြတယ်ဗျ၊ ပျံသန်းဝင်လာတဲ့ လက်နက်တွေက ကျုပ်လက်ဝါးနားရောက်တော့ အားလုံးက အရှိန်ကုန်ပြီးရပ်တန့်နေသဗျာ။

“မင်းတို့လက်နက်တွေ မင်းတို့ပြန်ယူကြစမ်းဟေ့”

အဲဒီလိုပြောပြီးတော့ လက်ဝါးကိုအရှေ့ကိုတွန်းထည့်လိုက်တော့ လေပေါ်တန့်နေတဲ့လက်နက်တွေက တစ်ဖက်ကိုပြန်လှည့်သွားပြီးတဲ့နောက် ဘီလူးအုပ်ကြီးဆီကို မိုးရွာသလိုတဖွဲဖွဲကျတယ်ဗျ၊ ဘီလူးတွေဆိုရင် တင်းပုတ်တွေထိကြ၊ လှံတွေစိုက်ကြနဲ့ အတော်ခံလိုက်ရတယ်ဗျာ၊ ဘီလူးအုပ်ကြီးဆိုရင် မြေပေါ်မှာပြားပြားဝပ်သွားတော့တာပါပဲ။ နောက်တော့မကြာပါဘူး၊ ဘီလူးကြီးတွေက ပြန်ပြီးကုန်းထလာကြတယ်၊ ဘီလူးမင်းက အစွယ်တငေါငေါနဲ့

“ဟား၊ ဟား ဘီလူးတစ်ကောင်ကို သူ့လက်နက်နဲ့ပြန်သတ်လို့မရဘူးဆိုတာ မင်းမသိဘူးလားကွ၊ ကဲ ညီနောင်တို့၊ တက်ကြ”

ဘီလူးတွေက ညာသံပေးအော်ဟစ်ပြီးတော့ ကျုပ်ဆီကိုပြေးလာကြသဗျာ၊ သူတို့တဝုန်းဝုန်းနဲ့ပြေးလာကြတာ မြေကြီးတွေတောင်မှ တုန်ယင်ကုန်တယ်ဗျ၊ အသံတွေဆိုတာလည်း ဆူညံလို့ဗျို့၊ ကျုပ်လည်း ဘယ်ဘီလူးကို လက်ညှိုးထိုးရမလဲဆိုပြီးတွေးနေတုန်းမှာပဲ မိုးပေါ်ကနေ ခဲလုံးကလေးတစ်လုံးက ဝှီးခနဲပျံသန်းလာပြီးတော့ ဘီလူးတစ်ကောင်ကိုသွားထိသဗျာ၊ ဘီလူးက အဲဒီကျောက်တုံးလေးထိတာနဲ့ အော်ဟစ်ပြိးတော့ အရှေ့ကိုလဲကျသွားပါရော၊ ကျုပ်မော့ကြည့်လိုက်တော့ ကျုပ်ခေါင်းအထက်နား ကောင်းကင်မှာ ဝလုံးပုံစံလေးတွေ အပေါက်ကလေးတွေဖြစ်လာတယ်ဗျ၊ အဲဒီဝလုံးပုံစံကလေးတွေက အနီရောင်ကလေးတွေ လင်းလက်နေကြတယ်၊ နောက်တော့ ဝလုံးထဲကနေ ကျောက်ခဲလေးတွေ ပျံထွက်လာကြပါရောဗျာ။

လောက်စာလုံးလောက် အရွယ်ရှိတဲ့ကျောက်ခဲကလေးတွေက ဘီလူးတွေကိုထိမှန်ပြီးတော့ ဘီလူးတွေအတော်အထိနာကုန်တယ်ဗျ၊ ပြေးလာတဲ့ဘီလူးတွေရဲ့ အရှေ့ဘက်အတန်းက ဘီလူးတွေဆိုရင် ကျွမ်းထိုးပြီးတော့ကို ပစ်လဲကုန်ကြတာဗျာ၊ နောက်တော့ ဘီလူးတွေက တန့်သွားတယ်ဗျ၊ ကောင်းကင်က ဝလုံးအပေါက်ကလေးတွေကိုမြင်တော့ ကြောက်ကြောက်လန့်လန့်နဲ့ လှည့်ပြေးကုန်ကြတာပါပဲဗျာ၊ ဒါပေမယ့် ဝလုံးကလေးတွေက များသထက်များလာပြီးတော့ ကျောက်တုံးကလေးတွေကလည်း မိုးရွာသလိုကို တဖြောဖြောနဲ့ရွာတော့တာဆိုတော့ ဘီလူးတွေက ခြေဦးတည့်ရာထွက်ပြီး ပြေးကြရတော့သဗျာ။

“ငါလာတာ နည်းနည်းနောက်ကျသွားတယ်ကွ”

အသံကြားလို့လှည့်ကြည့်လိုက်တော့ ကျုပ်အနောက်မှာ ဝတ်ဖြူစင်ကြယ်ဝတ်ထားတဲ့လူကြီးက မတ်တပ်ရပ်နေသဗျာ၊ ကျုပ်သူ့ကိုကြည့်ုလိုက်ပြီး

“ဟာ၊ ဘိုးဘိုး၊ ဘိုးဘိုးအောင်ပါလား၊ ဘိုးဘိုးအောင်က ဒီကိုဘာလာလုပ်တာလဲ”

“ဒီမြို့က သာသနာထွန်းကားတဲ့မြို့ပဲကွ၊ သာသနာထွန်းကားတဲ့နေရာမှာ မကောင်းမှုတွေမင်းမူတာမျိုး မဖြစ်သင့်ဘူးမဟုတ်လား၊ ဒါကြောင့် ငါလာပြီးတော့ တားဆီးရတာပဲ”

ကျုပ်တို့စကားပြောနေတုန်း မြေကြီးက ငလျင်လှုပ်သလိုတုန်ခါသွားတယ်ဗျ၊ နောက်တော့ ဘီလူးကြီးတစ်ကောင်က ကျုပ်တို့ဆီကိုလမ်းလျှောက်လာပါရော၊ ဘီလူးကြီးက ခုနကမြင်ခဲ့ရတဲ့ဘီလူးတွေထက် အတော်ကြီးတာဗျ၊ သာမန်ဘီလူးတစ်ကောင်ထက်ကို နှစ်ဆသုံးဆလောက်ရှိတယ်၊ ဘိုးဘိုးအောင်က ဒီဘီလူးကြီးကိုရင်ဆိုင်မယ်အလုပ်မှာ လူကြီးတစ်ယောက်က ကျုပ်တို့အနောက်ကနေ ခုန်ဝင်လာသဗျ။

“ဟေ့၊ ဒီကောင့်ကို ငါ့တာဝန်ထား”

ပုဆိုးကွက်ကျဲကြီးနဲ့ အပေါ်က ဖျင်နီချည်ကြမ်းအင်္ကျီဝတ်ထားတဲ့လူကြီးပေါ့ဗျာ၊ ရုပ်ရည်ကတော့ ခပ်ကြမ်းကြမ်းပဲဗျ၊ မျက်မှောင်ကြီးကလည်း ကြုတ်ထားသေးသဗျာ၊ ဘိုဆံထောက်ဆံပင်ကိုမှ ဆီဝနေအောင်ထည့်ပြီး အနောက်ကိုလှန်ပြီးဖြီးထားသေးတယ်။

“ဟာ၊ ဒီလူကိုကျုပ်သိပါတယ်၊ ဒီလူက ဦးမင်းခေါင်မဟုတ်လား”

ဘီလူးကြီးက ဦးမင်းခေါင်ကို ခြေထောက်ကြီးနဲ့နင်းပါရောဗျာ၊ သူ့ခြေထောက်ကြီးက နှစ်ချို့မန်ကျည်းပင်ကြီးလောက်ရှိတယ်ဗျာ၊ လူကြီးသုံးလေးဖက်စာလောက်တော့ အသာကလေးပဲဗျ၊ အနင်းခံလိုက်ရရင်တော့ ဆင်နင်းတာထက်ဆိုးမယ်ဗျာ၊ ပြားပြားဝပ်ပြီး အမှုန့်ဖြစ်သွားမှာဗျ၊ ဒါပေမယ့် ဦးမင်းခေါင်က တစ်ချက်ကြိမ်းဝါးပြီး

“ဝိဇ္ဇာထိပ်ခေါင် ဘိုးမင်းခေါင်တဲ့ဟေ့”

အဲဒီလိုပြောပြီးတော့ ဘီလူးကြီးရဲ့ခြေထောက်ကို လက်ဖဝါးနဲ့ပြန်တွန်းထည့်လိုက်တာပဲဗျာ၊ ဘီလူးကြီးခြေထောက်နဲ့ထိမိတယ်ဆိုရင်ပဲ ဘီလူးကြီးက တစ်ချက်တုန်သွားပြီးတော့ မြေပေါ်ကိုယိုင်လဲပြီး ကျသွားတယ်၊ မြေကြီးတွေဆိုရင် တုန်တက်သွားပြီးတော့ ဖုန်တွေလဲထလို့ပေါ့ဗျာ၊ ဘိုးမင်းခေါင်က ဘီလူးကြီးကိုခါးထောက်ပြီးကြည့်ရင်း

“မင်းကများ ငါ့ကိုနင်းချင်သေးတယ်တဲ့လား၊ အကောင်ကြီးပြီး အသုံးမကျတဲ့အီးပေါလောကောင်၊ သေးသေးလေးဖြစ်စမ်းဟေ့”

အဲဒီလိုပြောပြီး လဲကျသွားတဲ့ဘီလူးကြီးရဲ့ ခြေထောက်ကို လက်နဲ့ပုတ်ထည့်လိုက်တာနဲ့ ဘီလူးကြီးက ပူဖောင်းလေလျော့သလို တဖြည်းဖြည်းသေးသေးသွားပြီး နောက်ဆုံး မွေးကင်းစကလေးအရွယ်ကလေးဖြစ်သွားတော့တယ်ဗျ၊ ဘီလူးကလေးက ကြောက်ကြောက်လန့်လန့်နဲ့ထွက်ပြေးဖို့လုပ်ပေမယ့် ဘိုးမင်းခေါင်က ဘီလူးကလေးကို ခြေထောက်နေဖမ်းပြီး ဆွဲမြှောက်လိုက်တယ်၊ ဘီလူးကလေးက သူ့လက်ထဲမှာ ယက်ကန်ယက်ကန်ဖြစ်နေပါရောဗျာ။ ဘိုးမင်းခေါင်က ဘီလူးကလေးကိုကြည့်ရင်း

“မင်းကြည့်ရတာ ပူလောင်လိုက်တာကွာ၊ သွားသွား၊ ဧရာဝတီမြစ်ထဲ ရေဆင်းကူးချည်”

အဲဒီလိုပြောပြီးတော့ ဘီလူးကလေးကို တစ်ချက်နှစ်ချက်လွှဲလိုက်ပြီးတော့ ဟိုးဧရာဝတီမြစ်ဘက်ကို ပစ်ထုတ်လိုက်တော့တာပါပဲဗျာ၊ ဘီလူးကလေးက ငယ်သံပါအောင် အော်ဟစ်ရင်း ပျောက်ကွယ်သွားသဗျ၊

“အခုလိုလာကူညီပေးတဲ့ ဘိုးဘိုးတို့ကိုကျေးဇူးတင်ပါတယ်”

“ဘာမှကျေးဇူးမတင်ပါနဲ့ကွာ၊ လူတွေဒုက္ခရောက်မှာကို ကယ်တင်ရမှာငါတို့အလုပ်မဟုတ်လား”

ကျုပ်တို့ပြောနေတဲ့အချိန်မှာပဲ တံခါးပေါက်အတွင်းကနေ ဘီလူးတွေတွေပြေးထွက်လာကြပြန်သဗျာ၊ ဘိုးဘိုးအောင်က ဘီလူးတွေကိုတစ်ချက်ကြည့်လိုက်ရင်း

“ကဲ၊ လူတွေကို ဒုက္ခမဖြစ်အောင်လုပ်ဖို့က ငါတို့တာဝန်ဆိုရင် ငထေရှင်ကို တားဆီးဖို့က မင်းတာဝန်ဖြစ်သွားပြီ အောင်ရှိန်”

ဘိုးမင်းခေါင်ကလည်း

“ဟုတ်တယ်၊ ဘုရားပျံတွေတည်ရှိနေရတဲ့ ရည်ရွယ်ချက်ကလည်း ငထေရှင်ကို တားဆီးဖို့ပဲ၊ အရင့်အရင်ဘုရားပျံတွေတုန်းကတော့ ငထေရှင်ကို ဒီအဆင့်မရောက်ခင်တားဆီးနိုင်ခဲ့ကြတယ်၊ အောင်ရှိန်၊ အခုမင်းအလှည့်၊ မင်းသူ့ကိုတားဆီးရမယ်”

ကျုပ်လည်းခေါင်းညိတ်လိုက်တော့တယ်။

“ဒါနဲ့ ငထေရှင်ကဘယ်မှာလဲ”

ကျုပ်မေးလိုက်တော့ ဘိုးမင်းခေါင်က မျက်မှောင်ကြုတ်ပြီး

“ဟ၊ မင်းက ဘုရားပျံဖြစ်ပြီးတော့ ငထေရှင်ဘယ်မှာလဲဆိုတာ မသိဘူးလား”

“အိုဗျာ၊ ဒါကတော့ ကျုပ်က အခုမှဘုရားပျံဖြစ်တာ တစ်ရက်တောင်မရှိသေးဘူးလေဗျ”

ဘိုးဘိုးအောင်က ရယ်ကျဲကျဲနဲ့

“လုပ်မနေပါနဲ့တော့ င့ါညီရာ ပို့မယ့်ပို့တော့ ရောက်အောင်ပို့ပေးလိုက်ပါ”

“ဟင်၊ ခင်ဗျားတို့နှစ်ယောက်က ညီအကိုတွေလား”

ဘိုးဘိုးအောင်နဲ့ ဘိုးမင်းခေါင်နဲ့က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးတော့

“ဘိုးဘိုးအောင်ဆိုတာလည်း ငါပဲကွ”

ဘိုးမင်းခေါင်ကထပြောတယ်။

“ဘိုးမင်းခေါင်ဆိုတာလည်း ငါပဲ”

ဘိုးဘိုးအောင်ကလည်း ထပြီးပြောပြန်တယ်ဗျ၊ ကျုပ်ဖြင့် ဘာတွေပြောနေမှန်းနားကိုမလည်တော့ဘူးဗျာ။

“ဘာတွေလဲဗျာ၊ ဘိုးဘိုးအောင်ကလည်း ဘိုးမင်းခေါင်ပဲ၊ ဘိုးမင်းခေါင်ကလည်း ဘိုးဘိုးအောင်ပဲဆိုတော့ ခင်ဗျားတို့ကဘာတွေလဲ”

“ဒါတွေက ဘာအရေးလဲကွာ၊ အခုအချိန်မှာ ငထေရှင်လောက်တော့ အရေးမကြီးပါဘူး”

ဘိုးဘိုးအောင်ကပြောတယ်ဗျ၊ ဘိုးမင်းခေါင်ကလည်း

“ငထေရှင်က ရွှေဆံတော်ဘုရားမှာရှိနေလိမ့်မယ်ကွ၊ ကဲ မင်းစိတ်ကိုသေချာခိုင်ခိုင်ထားနော် အောင်ရှိန်”

“ဗျာ၊ ကျုပ်ကိုဘာလုပ်မလို့လဲဗျ”

ကျုပ်ပြောလို့မဆုံးသေးပါဘူး၊ ဘိုးမင်းခေါင်က ကျုပ်ဇက်ပိုးကို သူ့လက်နဲ့အုန်းခနဲအုပ်ရိုက်ချလိုက်တော့တယ်၊ သူ့အရိုက်ခံရပြီးတော့ ကျုပ်လည်း ခန္ဓာကိုယ်ကြီးက ပေါ့ပါးပြီးတော့ အရှေ့ကိုယိုင်ကျသွားတယ်ဗျ၊ ကျုပ်ပတ်ဝန်းကျင်က အရာတွေအကုန်လုံးက လှစ်ခနဲလှစ်ခနဲပြောင်းလဲသွားပြီးတော့ နောက်တော့ကျုပ်လည်း အရှေ့ကိုဟပ်ထိုးလဲကျသွားတော့တာပါပဲ၊ လက်မှာကိုင်ထားတဲ့ တောင်ဝှေးနဲ့မြေကြီးကိုထောက်လိုက်လို့သာ လဲကျမသွားတာဗျ၊ ကျုပ်မော့ကြည့်လိုက်တော့ကျုပ်အရှေ့မှာ စေတီတစ်ဆူမြင်ရတယ်။ စေတီကြီးက အတော်မြင့်တဲ့စေတီကြီးဗျာ၊ စေတီကြီးအပေါ်ကိုတက်တဲ့အုတ်လှေကားတွေကလည်း အတော်ကိုခပ်ရှည်ရှည်ပဲဗျ၊ တန်တော့ ဒီစေတီက ရွှေဆံတော်စေတီဆိုတာ ဖြစ်ရမယ်။

စေတီပေါ်ကိုလှမ်းကြည့်လိုက်တော့ စေတီအထက်ပစ္စယာအုတ်လှေကားကို လူတစ်ယောက်က တက်နေသဗျ၊ အဲဒီလူကတော့ ဦးဘအေးပဲဗျာ၊ စေတီအောက်မှာလည်း ဘီလူးတွေအများကြီးပဲဗျို့၊ ဦးဘအေးက အထက်ပစ္စယာရောက်တော့ အောက်ကဘီလူးတွေကိုလှည့်ကြည့်ပြီး

“ညီနောင်တို့၊ ဒီနေ့က လူသားတွေရဲ့ခေတ်ကုန်ပြီ၊ ဘီလူးတွေရဲ့ ခေတ်သစ်စတဲ့နေ့ပဲ၊ တို့ဘီလူးတွေ ဒီလူသားလောကကို ပြန်လည်အုပ်စိုးကြဖို့အချိန်ရောက်ပြီ”

သူပြောလိုက်တာနဲ့ အောက်ကဘီလူးတွေက တခဲနက်အော်ဟစ်လိုက်ကြတယ်ဗျာ၊ သူတို့အော်သံကြီးက တော်လဲသံကြီးလိုမျိုး ပတ်ဝန်းကျင်တစ်ခွင်ကို ပျံနှံ့သွားပါတော့တယ်။

(၃)

ကျုပ်လည်း စေတီအောက်ဘက်ကိုပြေးသွားလိုက်ပြီးတော့

“ဟေ့၊ လူသားတွေရဲ့ခေတ်မကုန်သေးဘူးကွ၊ ငါတစ်ယောက်လုံးကျန်သေးတယ်၊ လူသားတွေအကုန်လုံး ကုန်သွားတယ်ဆိုရင်တောင်မှ ငါရှိနေသေးတယ်ကွ၊ ငါမင်းကိုရအောင်တားမယ်”

ကျုပ်အသံကိုကြားတော့ ဘုရားအောက်က ဘီလူးတွေအကုန်လုံး လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်ဗျ၊ ဘီလူးတွေက ကျုပ်ကိုတိုက်ခိုက်မယ်ဆိုပြီး အရှေ့တိုးလာကြပါရော၊ ဒီအခါ ဦးဘအေးတစ်ဖြစ်လဲ ငထေရှင်က ဘီလူးတွေကိုတားလိုက်တယ်။

“ဟေ့ကောင်တွေ အသာနေကြစမ်း”

ကျုပ်လည်း ဘီလူးတွေကိုကျော်ဖြတ်ပြီးတော့ လှေကားအတိုင်းဆက်တက်လာခဲ့တယ်ဗျ၊ လှေကားထစ်ကလေးတွေက ကျဉ်းကျဉ်းသေးသေးကလေးပါဗျာ။ အတော်လည်းမတ်စောက်တယ်ဗျ၊ ငထေရှင်ကလည်း ကျုပ်ကိုမြင်တော့ဆင်းလာတယ်၊ ကျုပ်နဲ့ငထေရှင်နဲ့ အထက်ပစ္စယာကိုတက်တဲ့ လှေကားမှာဆုံမိကြတယ်၊ အတော်မြင့်တဲ့နေရာကိုရောက်နေတာကြောင့်မို့လို့ လေကလည်း တဝူးဝူးနဲ့တိုက်ခတ်နေသဗျ။

“ဘယ်သူများလဲလို့ ဘုရားပျံပေါက်စလေး အောင်ရှိန်ပါလားကွ၊ မင်းရဲ့အစွမ်းနဲ့ ငါ့ကိုသတ်လို့ရမယ်လို့ထင်နေတာလားကွ၊။ ဒါဆိုရင်တော့ မင်းမှားပြီအောင်ရှိန်၊ မင်းတို့ဘုရားပျံဂိုဏ်းရဲ့ဘိုးအေကြီး ရသေ့ဓမ္မပါလတောင်မှ ငါ့ကိုသတ်လို့မရဘူး၊ မသတ်နိုင်ခဲ့ဘူးကွ”

“ဘာပဲဖြစ်ဖြစ် ကျုပ်ကတော့ ခင်ဗျားကိုတားရမယ်၊ ခင်ဗျားကို ဟောဒီလူ့လောကကြီးထဲကနေ အပြီးအပိုင်ထွက်ခွာသွားအောင် လုပ်ရမယ့်တာဝန်ရှိတယ်”

ငထေရှင်က ရယ်မောရင်း

“ကောင်းတယ်အောင်ရှိန်၊ သိပ်ကောင်းတယ်၊ ဒါပေမယ့် မင်းရဲ့အကြံက ခါချဉ်ကောင်တစ်ကောင် တောင်ကြီးကိုဖြိုမယ့်အကြံလောက်ပဲရှိတာပါကွာ၊ အခုအခြေအနေအရဆိုရင် မင်းကခါချဉ်ကောင်ဆို ငါကတောင်ကြီးပဲကွ၊ မင်းဘယ်လိုလုပ်ပြီးတော့ ဖြိုနိုင်မှာလဲ၊ နည်းနည်းပါးပါးစဉ်းစားပါအုံးကွာ”

ကျုပ်လည်း ငထေရှင်ကိုလက်ညှိုးနဲ့ထိုးလိုက်တယ်၊ ငထေရှင်က ကျုပ်ကိုစိုက်ကြည့်ရင်း

“ငါ့ကို ဘယ်သူမှလက်ညှိုးနဲ့မထိုးရဘူးကွ”

ငထေရှင်ပြောလိုက်တော့ ကျုပ်လက်ညှိုးက ခေါက်ခနဲကျိုးသွားပြီးတော့ လက်ညှိုးက ဘေးကိုကွေးထွက်သွားတယ်ဗျာ၊ ကျုပ်လည်းနာလို့အော်မိပါရော။ ငထေရှင်က ခေါင်းတညိတ်ညိတ်နဲ့

“အောင်ရှိန်၊ အောင်ရှိန်၊ မင်းက သိပ်ခေါင်းမာတဲ့ကောင်ပဲကွ၊ ကဲပါ၊ မင်းကိုငါနောက်ဆုံးအကြိမ်နဲ့ ကမ်းလှမ်းမယ်၊ မင်းဆီက တောင်ဝှေးရယ်၊ ဓါတ်လုံးရယ်၊ ပုတီးရယ်ငါ့ကိုပေး”

“မပေးဘူး၊ ကျုပ်က ဘာဖြစ်လို့ခင်ဗျားကို ဒီပစ္စည်းတွေပေးရမှာလဲ”

“ဟ၊ လောကမှာ ငါ့ကိုဒုက္ခပေးနိုင်တာဆိုလို့ ဒီပစ္စည်းသုံးခုပဲရှိတာလေကွာ၊ စိတ်ကူးမလွဲနဲ့နော်အောင်ရှိန်၊ ဒီပစ္စည်းလေးတွေ ပေးလိုက်မယ်ဆိုရင် ငါကလည်းမင်းကို စည်းစိမ်ချမ်းသာတွေပြန်ပေးမယ်၊ တမ္ပဝတီပြည်ကြီးကို ငါပြန်လည်ထူထောင်ပြီးတဲ့အခါ မင်းကို ငါ့ရဲ့လက်ဝဲတော်ရံ သစ္စာရှိအမတ်ကြီးအဖြစ်မြှောက်စားမယ်၊ ငါ့တိုင်းပြည်ထဲမှာ မင်းစိတ်တိုင်းကျလုပ်၊ မင်းလုပ်ချင်တာလုပ ်ငါခွင့်ပြုမယ်ကွာ”

“ဒီမှာငထေရှင်၊ ကျုပ်ဝိဇ္ဇာလမ်းကိုလျှောက်ခဲ့စဉ်ကတည်းက အဲဒီစည်းစိမ်ဥစ္စာတွေအကုန်လုံးကို စွန့်လွှတ်ခဲ့ပြီးသားဗျ၊ ဒီမှာ ခင်ဗျားဒီပစ္စည်းတွေလိုချင်တယ်ဆိုရင် ကျုပ်သေမှပဲရမယ်”

“ဟား၊ ဟား အောင်ရှိန်ရာ၊ မင်းရဲ့စိတ်ဓါတ်ကိုတော့ ငါလေးစားသွားပါပြီ၊ ဒီမှာအောင်ရှိန်၊ မင်းငါ့ကိုအနိုင်ယူလို့ရချင်ရမယ် ဒါပေမယ့် မင်းငါ့ကိုသတ်လို့မရဘူး၊ မင်းတင်မကဘူး မင်းတို့ဘုရားပျံဘိုးအေကြီးကနေပြီးတော့ ဘုရားပျံအဆက်ဆက်ငါ့ကိုသတ်ဖို့ကြိုးစားပေမယ့် သတ်လို့မရခဲ့ဘူးလေကွာ၊ မင်းလက်ထက်မှာလည်း ငါ့ကိုသတ်လို့မရသလို၊ နောက်လည်း ဘယ်ယောက်ျားသားကမှ ငါ့ကိုသတ်လို့ရမှာမဟုတ်ဘူးကွ”

ကျုပ်လည်းဘာမှပြောမနေဘဲနဲ့ ငထေရှင်ကိုတောင်ဝှေးနဲ့ထိုးထည့်လိုက်တော့တယ်ဗျ၊ ငထေရှင်က သူ့ဆီတန်းတန်းမတ်မတ်ဝင်လာတဲ့ တောင်ဝှေးကို လက်ဝါးနဲ့ကာထည့်လိုက်တယ်၊ ကျုပ်နဲ့သူနဲ့တောင်ဝှေးတစ်ချောင်းနဲ့အားပြိုင်ကြတယ်ပေါ့ဗျာ၊ ကျုပ်ကတောင်ဝှေးကိုလက်နှစ်ဖက်နဲ့ကိုင်ထည့်လိုက်ပြီးတော့ ဓါတ်လုံးပါတဲ့ လက်စွပ်ကို တောင်ဝှေးနဲ့ထိလိုက်ရင်း

“ငါ့နာမည်အောင်ရှိန်၊ ဘုရားပျံအောင်ရှိန်တဲ့ကွ”

အဲဒီလိုအော်ပြီးတော့ အားကုန်တွန်းထည့်လိုက်တယ်ဗျာ၊ ဒီအခါတော့ ငထေရှင်က မတားနိုင်တော့ဘူးဗျ၊ ဝုန်းခနဲပေါက်ကွဲသံကြီးနဲ့အတူ ငထေရှင်က အပေါ်ကိုလွင့်ထွက်သွားပြီး ပစ္စယာရင်ပြင်ပေါ်ကိုပြုတ်ကျသွားပါရော၊ ကျုပ်လည်း အပေါ်ကိုတစ်ထစ်ချင်းတက်သွားလိုက်တယ်၊ ငထေရှင်က အတော်စိုးရိမ်နေတဲ့မျက်နှာထားနဲ့

“င့ါတပည့်တို့၊ ဒီကောင့်ကိုဖမ်းကြ၊ ဒီကောင့်ကိုသတ်ကြ”

ငထေရှင်အော်လိုက်တာနဲ့ အုတ်လှေကားပေါ်ကို ဘီလူးတွေပြေးတက်လာကြတာပါပဲဗျာ၊ ကျုပ်လည်း အောက်ဘက်ကိုလှည့်ကြည့်လိုက်တော့ ဘီလူးတွေအများကြိး လှေကားအပေါ်ကိုပြေးတက်လာတာ ဖွေးဖွေးလှုပ်နေတာပါပဲဗျာ၊ ကျုပ်လည်း ဘေးဘီကိုကြည့်လိုက်တော့ ကျုပ်ရပ်နေတဲ့လှေကားထစ်ဘေးနားမှာ ကျောက်ခဲကလေးတစ်ခုက ကျနေသဗျ၊ အဲဒီကျောက်ခဲကိုကောက်ယူလိုက်ပြီး

“ပထဝီမြေစက်နဲ့ကိုင်ထည့်လိုက်မယ်၊ လာလေရော့”

ကျုပ်အော်ဟစ်ပြီး ကျောက်ခဲကလေးကို လှေကားပေါ်ကနေလှိမ့်ချလိုက်တယ်၊ ကျောက်ခဲကလေးက လှေကားပေါ်ကနေ တစ်ထစ်ချင်းကျသွားရင်း တဖြည်းဖြည်းကြီးထွားလာတာပါပဲဗျာ၊ နောက်တော့ ကျောက်လုံးကြီးတစ်လုံးဖြစ်သွားပြီးတော့ လှေကားပေါ်ကနေပြေးတက်လာတဲ့ ဘီလူးတွေအားလုံးကို တိုက်ချသွားပါရော၊ ဘီလူးတွေမှာ ကျောက်တုံးပိတဲ့လူကပိ၊ အနောက်ကိုလန်ကျတဲ့လူက လန်ကျနဲ့ အကုန်လုံးဘုရားအောက်ကို အတုန်းအရုန်းပြုတ်ကျကုန်ပါရော။

ကျုပ်အပေါ်ကိုလှည့်ကြည့်လိုက်တော့ ငထေရှင်က ဘုရားအပေါ်ကိုပြေးတက်နေသဗျ၊ ဒီအချိန်မှာ နေကလည်း အပြည့်ကြပ်သွားသဗျာ၊ ပတ်ဝန်းကျင်တစ်ခွင်လုံးက ညဘက်ကြီးလို မှောင်မိုက်လာပါရော၊ ငထေရှင်က ရွှေဆံတော်ဘုရားကို လက်နဲ့ပုတ်လိုက်တဲ့အခါ ဘုရားကတစ်ချက်တုန်ခါသွားပြီးတော့ ဘုရားရဲ့သပိတ်မှောက်နေရာကနေ အလင်းရောင်တွေထွက်လာပြီးတော့ တံခါးတစ်ချက်စာလောက်ပွင့်သွားသဗျာ။

“ဟား၊ ဟား ဓါတ်တော်တိုက်ပွင့်ပြီ၊ အထဲမှာငါ့ရဲ့ သန်လျက်ရှိတယ်၊ သံလျက်ရရင် ဘယ်သူ့ကိုမှ ကြောက်စရာမလိုတော့ဘူး”

ငထေရှင်က ကြုံးဝါးပြီးတော့ အထဲကိုပြေးဝင်သွားသဗျာ၊ ကျုပ်လည်း သူ့အနောက်ကနေအမြန်ပြေးတက်ပြီး လိုက်ခဲ့ရတာပေါ့၊ အထဲမှာတော့ ရွှေရောင်လင်းနေတဲ့သပိတ်တစ်လုံးရှိသဗျ၊ အဲဒီသပိတ်ထဲမှာတော့ ဓါတ်တော်မွေတော်တွေထည့်ထားတဲ့ပုံပဲ၊ သပိတ်ရဲ့ဘေးပတ်ပတ်လည်မှာ သံလျက်တွေကို အပြင်ဘက်ကိုဓါးဦးလှည့်ပြီးချထားတယ်၊ ကျုပ်အထင်တော့ လောကီအစီအရင်တစ်ခုပဲဖြစ်မှာပေါ့ဗျာ၊ ငထေရှင်က သံလျက်ကိုးလက်ထဲက သူ့သံလျက်ကိုရှာဖွေနေပုံရပါတယ်။

“ဟေ့၊ ခင်ဗျားရပ်လိုက်”

ကျုပ်ရောက်သွားတော့ ငထေရှင်က အတော်အံ့သြသွားတယ်၊ ဒါနဲ့ အနားကသံလျက်တစ်လက်ကို ကောက်ကိုင်လိုက်ပြီးတော့

“မီးကျီးခဲဖြစ်ပြိး သေစမ်းကွာ”

ကျုပ်ကိုညွန်ထားပေမယ့် ဘာမှမဖြစ်မလာဘူးဗျ၊ ဒါနဲ့ ငထေရှင်က သံလျက်ကိုကြည့်ရင်း

“ဒါ ငါ့ဟာမဟုတ်ဘူး” လို့ပြောပြီး သံလျက်ကိုပစ်ချလိုက်ပါရောဗျာ။ နောက်ထပ်သံလျက်တစ်ခုကို လက်အလှမ်းမှာ ကျုပ်က သူ့လက်ကိုတောင်ဝှေးနဲ့ရိုက်ချထည့်လိုက်တယ်ဗျ၊ ငထေရှင်က တော်တော်နာသွားတဲ့ပုံပဲ။ ဒါနဲ့ ကျုပ်ကိုလက်ညှိုးညွှန်ပြီးတော့

“တော်တော်ရှုပ်တဲ့ကောင်ပဲ၊ ကျောက်ရုပ်ဖြစ်စမ်းကွာ”

ကျုပ်ကလည်း လက်ဝါးဖြန့်ပြီးကာထားလိုက်တယ်၊ ငထေရှင်လက်ညှိုးက အနီရောင်အလင်းတန်းတစ်ခုထွက်လာတယ်ဆိုပေမယ့် ကျုပ်လက်ဝါးနဲ့မထိဘဲ လေပေါ်မှာတန့်နေတယ်ဗျ၊ ငထေရှင်က နောက်ထပ်သံလျက်တစ်လက်ကိုဆွဲယူလိုက်ပြီးတော့ ကျုပ်ဆီကိုညွှန်ရင်း

“သေစမ်းကွာ”

ဒါပေမယ့် ဘာဆိုဘာမှကိုမဖြစ်ဘူးဗျ၊ ငထေရှင်က အဲဒီသန်လျက်ကိုလည်း ပစ်ချလိုက်ပြန်တယ်။ ပြီးတော့ သံလျက်တွေကိုပြန်ကောက်ပြန်တယ်ဗျ။

“ဘယ်မှာလဲ၊ ငါ့သံလျက်က ဘယ်မှာလဲ”

ငထေရှင်က တော်တော်ကိုစူးစူးစိုက်စိုက်နဲ့ရှာနေတယ်ဗျ။

“မဖြစ်နိုင်ဘူး၊ ရွှေဆံတော်ဘုရား သပိတ်မှောက်ထဲက မြေငလျင်ဖယ်ရှားတဲ့အစီအရင်မှာ ငါ့သံလျက်ကိုသုံးထားတယ်မဟုတ်လား၊ ဘယ်လိုလုပ်ပြီးတော့ ငါ့သံလျက်က မရှိတော့တာလဲ”

ငထေရှင်အံ့သြနေတဲ့အချိန်မှာပဲ ကျုပ်လည်းငထေရှင်ဆီကိုအတင်းခုန်ဝင်လိုက်တော့တယ်၊ ပြီးတာနဲ့ ငထေရှင်ကိုပွေ့ဖက်လိုက်ရင်း

“နောင်ဝေေ၀” လို့ကျုပ်အော်လိုက်တယ်ဆိုရင်ပဲ ကျုပ်ရော ငထေရှင်ရောနှစ်ယောက်စလုံး မြေကြီးအောက်ကိုဖောက်ထွင်းပြီး ကျဆင်းသွားပါရောဗျာ။

“မလုပ်နဲ့၊ မလုပ်နဲ့၊ ငါ့သန်လျက် . . .”

ငထေရှင်ကတော့ အသံရှည်ကြီးနဲ့အော်ရင်း ကျုပ်နဲ့ပါလာခဲ့သဗျာ၊ နောက်တော့ ကျုပ်တို့နှစ်ယောက်စလုံး အုတ်ကြမ်းပြင်တစ်ခုပေါ်ကို ကျသွားတယ်ဗျ၊ ငထေရှင်က အလူးအလဲနဲ့ထလိုက်ရင်း

“ဒါ၊ ဒါဘယ်နေရာလဲ”

“ကျုပ်တို့ဂိုဏ်းပေါ့ဗျာ”

“ဟင်၊ ဒါဆို ငါ့သန်လျက်၊ ငါ့တပည့်တွေ . . .”

“စိတ်မပူပါနဲ့ငထေရှင်ရာ၊ ဒီထဲဝင်ပြီးသွားရင် ပြန်ထွက်ဖို့နည်းလမ်းမရှိဘူးဗျ”

ငထေရှင်က တော်တော်စိတ်ဆိုးသွားတယ်။

“မင်း၊ မင်းကိုငါသတ်မယ်”

ကျုပ်လည်း ငထေရှင်ကိုကြည့်လိုက်ပြီး

“ဒီမှာ၊ ခင်ဗျားဒီနေရာမှာ ကျုပ်ကိုသတ်လို့ရရင်လည်း ခင်ဗျားဒီထဲကနေတော့ ထွက်လို့ရမှာမဟုတ်ဘူးဗျ”

ငထေရှင်က သူ့လက်ဝါးနှစ်ဖက်ကိုပူးလိုက်ပြီးတော့ လက်ညှိုးနှစ်ခုကိုထပ်ရင်းကျုပ်ကိုထိုးလိုက်သဗျာ၊ ကျုပ်ကလည်း လက်ဝါးဖြန့်ပြီးကာကွယ်လိုက်တယ်၊ ဒါပေမယ့် သူ့ပစ်ချက်က ပြင်းတယ်ဗျ၊ ကျုပ်ကာထားပေမယ့်လည်း ပစ်ချက်က ဖောက်ပြီးတော့ ကျုပ်ရင်ဝကိုထိမှန်ပြီး ကျုပ်ဖြင့်အနောက်ကိုလွင့်ထွက်သွားတော့တယ်။

“အေး၊ မင်းရောငါရော ဒီနေရာမှာ အတူတူသေကြတာပေါ့ အောင်ရှိန်ရာ”

ကျုပ်လဲကျနေရာကနေ

“ဒီမှာ ငထေရှင်၊ ခင်ဗျား ကျုပ်တောင်ဝှေးကိုလိုချင်တယ်မဟုတ်လား၊ လိုချင်ရင် ဖမ်းပေတော့”

ကျုပ်လည်းပြောပြီးတော့ ငထေရှင်ဆီကို တောင်ဝှေးကြီးပစ်ထည့်ပေးလိုက်တယ်ဗျ၊ ငထေရှင်က တောင်ဝှေးကိုလက်နှစ်ဖက်နဲ့ဖမ်းကိုင်လိုက်တော့ သူ့လက်တွေက မီးနဲ့ထိသလို ရှဲခနဲမြည်လာပြီးတော့ ငထေရှင်က ဒူးတစ်ဖက်ထောက်ပြီးထိုင်ကျသွားပါရောဗျာ။

“အား၊ ပူတယ်၊ ပူတယ်”

အော်လိုက်တာလဲ ပါးစပ်ကြီးကိုပြဲလို့ဗျ၊ ကျုပ်လည်းချက်ချင်းကောက်ထပြီးတော့ ကျုပ်လက်က ဓါတ်လုံးလက်စွပ်ကိုဖြုတ်လိုက်ပြီး ငထေရှင်ဆီကိုပစ်သွင်းလိုက်တယ်၊ လက်စွပ်က ငထေရှင်ရဲ့မျက်နှာတည့်တည့်ကိုပျံဝင်သွားပြီးတော့ ပါးစပ်ထဲကိုဝင်သွားပါရောဗျာ၊ ဓါတ်လုံးဝင်သွားတာနဲ့ ငထေရှင်က ပါးစပ်ကြီးပိတ်ပြီးတော့ တအုအုနဲ့ လည်ချောင်းမှာလက်စွပ်က ဆို့ပြီးနင်နေတယ်။

နောက်ဆုံးတော့ ကျုပ်လည်ပင်းက ပုတီးကိုဖြုတ်လိုက်ပြီးတော့ ငထေရှင်ရဲ့ လည်ပင်းကိုစွပ်ချဖို့တစ်လှမ်းချင်းလာခဲ့တယ်၊ ငထေရှင်က တုန်ကိုလက်နှစ်ဖက်ကိုင်ပြီး မလှုပ်မရှားနိုင်တော့ဘူးဗျာ၊ ဒါပေမယ့် သူ့ရဲ့ခေါင်းကတော့ မလုပ်နဲ့ဆိုတဲ့ပုံစံမျိုးခေါင်းတခါခါလုပ်နေတယ်၊ ကျုပ်လည်း ပုတီးကိုလက်နှစ်ဖက်နဲ့ သေချာကိုင်ပြီး ငထေရှင်ရဲ့ ခေါင်းကိုပုတီးနဲ့စွပ်ချလိုက်တယ်။

“သွားတော့ ငထေရှင်”

ဒါပေမယ့် သူ့ခေါင်းကိုစွပ်လို့မရဘူးဗျာ၊ ဘယ်လိုစွပ်မရသလဲဆိုရင် သံလိုက်ကိုတောင်တောင်ချင်း၊ မြောက်မြောက်ချင်း ကပ်လို့မရသလိုပဲဗျ၊ မမြင်နိုင်တဲ့အားတစ်ခုက ပြန်ပြီးတော့ တွန်းတင်နေတာဗျ၊ ကျုပ်ပုတီးကိုလက်နှစ်ဖက်နဲ့ကိုင်ပြီးတော့ စွပ်တာတောင်မှ ကျုပ်လက်ကိုအဲဒီအားက တွန်းတင်နေလို့ အတော်ကြာတဲ့အထိ စွပ်မရဘူးပေါ့ဗျာ။

ငထေရှင်ရဲ့လက်တွေ ပြန်လှုပ်ရှားလာတာကို သတိထားမိတယ်ဗျ၊ ငထေရှင်က သူ့လက်ထဲက တောင်ဝှေးကိုပစ်ချပြီးတော့ ကျုပ်ရဲ့လည်ပင်းကို သူ့လက်တစ်ဖက်နဲ့ညှစ်ပြီး မတ်တပ်ရပ်လိုက်ပါရောဗျာ၊ ကျုပ်လည်း ဘာမှမလုပ်နိုင်တော့ဘူးဗျ၊ သူက ကျုပ်ကိုမြှောက်တင်ထားတာဆိုတော့ ကျုပ်လည်းတွဲလောင်းကြီးဖြစ်နေတယ်၊ ငထေရှင်က သူ့ပါးစပ်ထဲက လက်စွပ်ကိုထွီခနဲထွေးထုတ်လိုက်ပြီး

“အဲဒီလက်နက်သုံးခုရှိနေရင်တောင် မင်းတို့ငါ့ကိုသတ်လို့မရပါဘူးလို့ ငါပြောထားတယ်မဟုတ်လားကွ”

ကျုပ်လည်ပင်းတွေ တအားအစ်လာတယ်ဗျာ၊ ဒီအချိန် ကျုပ်အကျီအိတ်ကပ်ထဲက အရာတစ်ခုက လင်းနေတာကိုတွေ့လိုက်ရတယ်၊ အဲဒါကလေးကို လှမ်းနှိုက်လိုက်တော့ ဘိုးဘိုးအောင်တစ်ခါပေးထားဖူးတဲ့ တစ်ပေါက်အင်းကလေးဖြစ်နေတယ်ဗျ။ ကျုပ်အိတ်ကပ်ထဲက အင်းချပ်ကိုနှိုက်လိုက်တာကို ငထေရှင်က သတိထားမိပုံမရဘူး။

“ဟား၊ ဟား သေစမ်းကွာ၊ ငါ့ကိုအမြဲဒုက္ခပေးလာတဲ့ ဘုရားပျံတွေ အဆုံးသတ်တာကိုကြည့်ရတာ မြိန်လိုက်တာကွာ”

ကျုပ်လည်း ခုနက အင်းချပ်ကလေးကို ငထေရှင်ရဲ့နဖူးမှာ ဖတ်ခနဲကပ်ထည့်လိုက်တယ်ဗျ၊ ငထေရှင်ဆိုရင် ကျုပ်ကိုလွှတ်ချလိုက်ပြီးတော့ အော်ဟစ်နေပါရောဗျာ၊ ကျုပ်လည်း မြေပေါ်ကျတာနဲ့ တောင်ဝှေးကိုကောက်ပြီး ငထေရှင်ရဲ့ရင်ဝကိုဆောင့်ထိုးထည့်လိုက်တယ်ဗျ၊ ငထေရှင်က အနောက်ကိုယိုင်လဲကျပြီးတော့ ဒူးထောက်လျက်သားဖြစ်သွားတယ်၊ ကျုပ်လည်းအချိန်ဆိုင်းမနေတော့ဘဲ ပုတီးကိုကောက်ပြီး ငထေရှင်ရဲ့ လည်ပင်းမှာစွပ်ချပေးလိုက်တော့တယ်။

ငထေရှင်ရဲ့ခြေထောက်တွေကစပြီးတော့ တဖြည်းဖြည်းနဲ့ကျောက်သားတွေဖြစ်လာတယ်ဗျ၊ ငထေရှင်က ကျုပ်ကိုမကျေမနပ်နဲ့ကြည့်ရင်း လက်ညှိုးထိုးပြီး

“ငါပြန်လာမယ်အောင်ရှိန်၊ ငါတစ်နေ့နေ့ရောက်အောင်ပြန်လာခဲ့မယ်၊ ငါပြန်လာရင် မင်းကိုငါရအောင်သတ်မယ်”

“လောလောဆယ်တော့ ဒီမှာခဏနားနေပါအုံးဗျာ”

ကျုပ်မျက်စိရှေ့မှာတင်ပဲ ငထေရှင်က ကျောက်ရုပ်ကြီးဖြစ်သွားတော့တယ်ဗျာ၊ ကျုပ်လည်း အဲဒီတော့မှ ခြေပစ်လက်ပစ်ထိုင်ချလိုက်ရတော့တာပဲ။

“ကျုပ်လုပ်တာ . . . ကျုပ်လုပ်တာမှန်တယ်မဟုတ်လား ဦးဖြူစင်”

ရသေ့ကြီးဓမ္မပါလ အရုပ်ကိုကြည့်ရင်းမေးနေမိတယ်။ တကယ်လမ်းကျုပ်လုပ်တာ မှန်ခဲ့ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာက ဘုရားပျံတွေရဲ့ဂိုဏ်း၊ လှို့ဝှက်တဲ့နေရာတစ်ခုမဟုတ်လားဗျာ၊ ဒီနေရာကို ကြေးစည်ကလေးကလွဲပြီး ဘယ်လိုနည်းနဲ့မှ ဝင်လို့ထွက်လို့မရနိုင်ဘူးလို့ ရသေ့ကြီးက ပြောထားဖူးတယ်မဟုတ်လား။ ဘာပဲပြောပြော ငထေရှင်အပြင်မှာလွတ်နေတာထက်စာရင်တော့ ဒီနေရာမှာနေရတာက ပိုပြီးလုံခြုံရမယ်လို့ထင်ပါတယ်၊ ကျုပ်မှမဖွင့်ရင် ဒီနေရာက ပွင့်စရာမရှိတော့ဘူးမဟုတ်လား။

ကျုပ်လက်ထဲကိုင်ထားတဲ့တောင်ဝှေးကိုတစ်ချက်ကြည့်လိုက်မိတယ်။

“ဒီပစ္စည်းတွေက အလွန်အစွမ်းထက်တဲ့ပစ္စည်းတွေပါလား၊ ဒီပစ္စည်းတွေလည်း အပြင်လောကမှ ပျံ့မနေသင့်ဘူး၊ ဒီလုံခြုံစိတ်ချရတဲ့နေရာမှာ ငထေရှင်နဲ့အတူတူ ရှိနေတာက ပိုပြီးစိတ်ချရမယ်ထင်တယ်”

ကျုပ်တွေးပြီးတော့ တောင်ဝှေးကို ရသေ့ကြီးဓမ္မပါလဆင်းတု အရှေ့မှာချထားလိုက်တယ်၊ ပြီးတော့ လက်စွပ်ကိုလည်း အဲဒီမှာပဲ ပြန်တင်ထားလိုက်တယ်။

“ကျုပ်ကတိကို ကျုပ်တည်ပါရစေရသေ့ကြီး၊ ကျုပ်က ငထေရှင်ကို နှိမ်နင်းပြီးရင် ဘုရားပျံအဖြစ်ကနေ အနားယူမယ်လို့ ပြောထားတယ်မဟုတ်လား၊ ကျုပ်တခြားဘုရားပျံတွေလို လူတွေလိုက်ပြီးသတ်ဖြတ်မနေချင်တာကို ရသေ့ကြီးခွင့်လွှတ်ပါ”

ကျုပ်လည်း ကြေးစည်ကလေးကိုင်ပြီးတော့ ဘုရားပျံရသေ့ကြီးရှိတဲ့နေရာကို စိတ်ညွှတ်ပြီး ထွက်လာခဲ့တာပေါ့ဗျာ။

သုဿန်ထဲမှာ အလောင်းကောင်တွေက မီးသွေးခဲတွေဖြစ်နေသဗျ၊ အတုံးအရုံးနဲ့လဲကျနေတဲ့ လူသေကောင်တွေကိုယ်လုံးကနေ မီးခိုးငွေ့တွေထွက်နေပါရောဗျာ၊ ရသေ့ကြီးကတော့ ဇရပ်ပေါ်မှာထိုင်ရင်း အနားယူနေတယ်၊ ကောင်းကင်ကြီးတစ်ခွင်ကတော့ အုံ့မှိုင်းလို့ပေါ့ဗျာ။

“ရသေ့ကြီး၊ အဆင်ပြေရဲ့လား”

ရသေ့ကြီးက ကောင်းကင်ကိုပဲ ငေးကြည့်ရင်း ခေါင်းညိတ်တယ်။

“ငထေရှင်ရော”

“ဘုရားပျံဂိုဏ်းထဲမှာ ကျောက်ရုပ်အဖြစ်နဲ့ ထာဝရချုပ်နှောင်ခဲ့ပါပြီ ရသေ့ကြီး”

ရသေ့ကြီးက ခေါင်းတညိတ်ညိတ်နဲ့ညိတ်တယ်။

“ဉာဏ်ဆေးမိုးရွာတော့မယ်ကွ”

“ဗျာ၊ဉာဏ်ဆေးမိုးတဲ့လား”

“ဝိဇ္ဇာတွေက ဘယ်တော့မှပေါ်ပေါ်ထင်ထင်မနေဘူးလေကွာ၊ အခုအဖြစ်ကိုလည်း လူတွေသိကုန်ပြီဆိုတော့ သူတို့တန်ခိုးနဲ့ မိုးရွာလိမ့်မယ်ကွ၊ အဲဒီမိုးရေနဲ့ထိတွေ့မိတဲ့သူတိုင်းက ဒီအဖြစ်ဆိုးကို မေ့သွားကြလိမ့်မယ်”

“ကောင်းတာပေါ့ဗျာ၊ ဖြစ်နိုင်ရင်ကျုပ်လည်း ဒီအဖြစ်ဆိုးကြီးကို မေ့ပြစ်လိုက်ချင်တယ်ဗျာ”

ပြောနေတုန်း ကောင်းကင်ကြီးက ဂျိန်းခနဲအသံတစ်ချက်ပေးပြီးတော့ မိုးစက်မိုးပေါက်တွေကျလာပါရောဗျာ၊ မိုးတွေက တဖြည်းဖြည်းရွာနေရင်းကနေ အတော်အရှိန်ရပြီးတော့ သဲသဲမဲမဲကိုရွာပါရော၊ မိုးကအတော့်ကိုသည်းတာဗျ၊ ပတ်ဝန်းကျင်ကိုမမြင်ရလောက်တဲ့အထိကိုရွာတာ၊ သုဿန်ထဲမှာ သေနေကြတဲ့လူသေကောင်တွေဆိုရင်လည်း မိုးရေစက်တွေထိမှန်ပြီးတော့ ပြာမှုန်တွေဖြစ်သွားတယ်၊ နောက်တော့ ရေနဲ့မြောပါသွားကြတယ်၊ အဲဒီနေ့က ပုဂံမှာရွာတဲ့မိုးက သမိုင်းတစ်လျှောက်အသည်းထန်ဆုံးရွာခဲ့တဲ့ မိုးဖြစ်မယ်ဗျ။

ကျုပ်လည်းဇရပ်ပေါ်ကဆင်းပြီးတော့ မိုးရေထဲလက်နှစ်ဖက်ကိုဆန့်တန်းထားလိုက်တယ်။ မိုးရေစက်တွေက ရေခဲရေတွေအလား အေးမြနေတာပါပဲဗျာ၊ ကျုပ်လည်းဒီအဖြစ်ဆိုးတွေကို မေ့ပစ်ချင်တယ်၊ ဒါကြောင့်မို့ မိုးရေကိုသေချာခံယူနေမိတယ်။ ရသေ့ကြီးက ကျုပ်ကိုကြည့်ရင်း

“အောင်ရှိန်၊ မင်းဘာလုပ်နေတာလဲ”

“ကျုပ်ဒီအဖြစ်တွေကို မေ့ပစ်ချင်တယ် ရသေ့ကြီး”

ရသေ့ကြီးက ရယ်ကျဲကျဲနဲ့ ကျုပ်ကိုကြည့်ရင်း

“ရူးပါ့ကွာ၊ ဉာဏ်ဆေးမိုးက ဘုရားပျံတွေကို ဘာမှအကျိုးမသက်ရောက်ဘူးကွ၊ မင်းအဝတ်တွေ ရေစိုတာပဲ အဖတ်တင်လိမ့်မယ်”

ကျုပ်ဖြင့် ကြောင်တောင်တောင်ဖြစ်သွားတယ်ဗျ၊ ရသေ့ကြီးက ထိုင်နေရာကနေ ထလိုက်ရင်း

“ကဲ အောင်ရှိန်၊ ငါ့ကိုလိုက်ပို့စမ်းကွာ”

“ဘယ်ကိုပို့ရမှာလဲရသေ့ကြီး”

“ငထေရှင်လည်း သွားပြီဆိုတော့ ငါ့ကတိအတိုင်း ဘုရားပျံဂိုဏ်းလှိုဏ်ဂူမှာ ထာဝရအိပ်စက်ဖို့ပေါ့ကွာ”

ဇာတ်သိမ်းပိုင်းတွင် ဆက်လက်ဖတ်ရှုပါ။

#အဂ္ဂဇော် #ဦးအောင်ရှိန် #စုန်း #သရဲ

စာရေးသူအဂ္ဂဇော်ကိုလေးစားစွာဖြင့် Credit ပေးပါတယ်

#ဂမ္ဘီရဝတ္ထုများစုစည်းမူ