သကြားရပ်ကဦးဘအေး

မွန်မြတ်ပါပေတယ်ကွာ”

ပေါက်ကျိုင်းက မြင်းလှည်းမောင်းရင်း

“ဒါနဲ့ခုနက စကားပြန်ဆက်ရရင်တော့ ရွှေစည်းခုံစေတီကြီးတည်တဲ့အချိန်က စပြောရမှာပဲဗျာ၊ အနော်ရထာမင်းကြီးက သီဟိုဠ်ကျွန်းက ဘုရင်ကအကူအညီတောင်းလို့ အကူအညီပေးခဲ့တယ်ဆိုပဲဗျ၊ အဲဒီသီဟိုဠ်မင်းကြီး ပထမဝိဇယဗာဟုက အနော်ရထာမင်းကြီးကို ကျေးဇူးတင်တဲ့အနေနဲ့ မြတ်စွာဘုရားရဲ့ စွယ်တော်ပွားတစ်ဆူကို လက်ဆောင်ပြန်ပေးခဲ့တယ်ပေါ့ဗျာ၊ အနော်ရထာမင်းကြီးက စွယ်တော်ကို နန်းတော်ရှေ့မှာ ရတနာပြဿဒ်နဲ့ကိုးကွယ်ခဲ့တယ်၊ ဒီအခါ မင်းဆရာဖြစ်တဲ့ ရှင်အရဟံက အများပြည်သူဖူးလို့ရအောင် စေတီတည်သင့်တယ်လို့ပြောတာနဲ့ စေတီတည်ဖို့အကြံရတာပဲဗျာ”

ပေါက်ကျိုင်းက ကွမ်းတံတွေးတစ်ချက်ထွေးလိုက်ပြီးတော့

“ဒါနဲ့ ရတနာဆင်ဖြူတော်ပေါ်မှာ စွယ်တော်ကိုတင်ပြီး စွယ်တော်ကိန်းဝပ်လိုတဲ့နေရာမှာ ဆင်တော်ရပ်စေသတည်းလို့ အဓိဋ္ဌာန်ပြီး ဆင်တော်ကိုလွှတ်လိုက်တော့ ပုဂံမြို့ကနေထွက်ပြီး ဟောဒီမြစ်ကမ်းဘေးက သဲစည်းခုံကြီးပေါ်မှာ လာပြီးဝပ်နေသဗျာ၊ ဆင်တော်ကိုဘယ်လိုခေါ်ခေါ် မထတော့တာကြောင့်မို့လို့ ဒီနေရာမှာပဲ စေတီတည်ဖို့စီစဉ်ရတယ်၊ သဲစည်းခုံကြီးပေါ်တည်ထားလို့ ရွှေစည်းခုံလို့ခေါ်ကြတာပေါ့ဗျာ၊ ဒီနေရာမှာ တချို့တွေက လူ့ကိုယ်ခန္ဓာက ဆီးခုံနဲ့မှားတတ်ကြတယ်ဗျ၊ အဲဒီနေရာနဲ့ ဘာမှမဆိုင်ပါဘူးဗျာ၊ တကယ်တော့ မြစ်ဘေးမှာဖြစ်နေတဲ့ သဲစုကို အရင်က စည်းခုံခေါ်သဗျ၊ မြစ်လယ်ကျတော့ သောင်လို့ခေါ်တာပေါ့ဗျာ၊ ဒါပါပဲ၊ အစကတော့ ဒီနေရာကလေးက ဆင်တစ်ဝပ်စာလောက်ပဲ သဲစည်းခုံရှိတာဆိုပဲဗျ၊ ဆင်ဝပ်ပြီးတော့ စေတီတည်တော့မယ်လို့ကြံလိုက်ခါမှ သဲစည်းခုံကြီးက တဖြည်းဖြည်းနဲ့နေ့ချင်းညချင်းကြီးထွားလာပြီး ဟောဒီလိုအကျယ်ကြီးဖြစ်သွားတာပဲတဲ့ဗျာ၊ အဲဒါကတော့ အပြင်အံ့ဖွယ်ကိုးပါးထဲက နံပတ်တစ်အချက်ပေါ့”

“အေးကွ၊ မင်းပြောမှငါလည်း သိတော့တယ်၊ ငါလည်း ဆီးခုံဆိုတဲ့ဟာနဲ့ နာမည်တူလိုက်တာဆိုပြီးတော့ တွေးနေမိတာ၊ ဆက်ပြောပါအုံးကွာ”

“စေတီတည်ဖို့ကျတော့လည်း အနော်ရထာမင်းကြီးက စိတ်ပူပန်ရသတဲ့ဗျာ၊ ဘာဖြစ်လို့လည်းဆိုတော့ သဲဆိုတာမျိုးက ရွှေ့လျားတတ်တယ်မဟုတ်လားဗျာ၊ သဲပေါ်မှာစေတီတည်လို့ မခိုင်မာမှာကိုစိတ်ပူပါရော၊ ဒီအချိန် သိကြားမင်းကသိသွားပြီးတော့ ဟောဒီသဲစည်းခုံကြီးကို တန်ခိုးနဲ့လုပ်လိုက်တာ၊ သဲစည်းခုံက ကျောက်တွေအဖြစ်ပြောင်းပြီးတော့ ခိုင်မာသွားပါရောတဲ့ဗျာ၊ ဒါက ဒုတိယအံ့ဖွယ်ပေါ့”

“အေး၊ နားထောင်ရတာတော့ ဆန်းသားကွ”

“တတိယကတော့ ဧရာဝတီမြစ်ကြီးက ဟောဒီစေတီကြီးကို ဦးခိုက်ပြီးတော့မှ ရစ်ဝဲစီးဆင်းတာပဲ၊ လေးခုမြောက်ကတော့ ဒီစေတီကြီးရဲ့ပရဝုန်အကျယ်က ရှစ်ပယ်ရှိတယ်ဆရာကြီးရဲ့၊ ပယ်ဆိုတာ ရှေးကမြေအတိုင်းအတာတစ်ခုပေါ့ဆရာကြီးရာ၊ ခုခေတ်နဲ့တွက်ရင်တော့ ဆယ့်လေးဧကကျော်၊ ဆယ့်ငါးဧကနီးနီးရှိတာပေါ့”

“နောက်တစ်ခါ စေတီတော်ကြီးတည်တော့လည်း တုရင်းတောင်ကနေ ကျောက်တုံးတွေကို အလျားသုံးထွာ၊ အနံတစ်ထွာရအောင် ဖြတ်ရွေပြီးတော့မှ ပုဂံသူပုဂံသားတွေက ဒီနေရာထိအောင် လက်ဆင့်ကမ်းပြီးသယ်ကြသဗျာ၊ ဒါကတော့ နံပါတ်ငါးအံ့ဖွယ်ပေါ့၊ ပြည်သူပြည်သားတွေ ညီညီညာညာနဲ့ကျောက်တွေသယ်တဲ့အခါ နေပူကြတယ်တဲ့ဗျာ၊ ဒါနဲ့ အနော်ရထာမင်းကြီးက ပြည်သူပြည်သားတွေပူနေပြီ အရိပ်ရရင်ကောင်းမှာပဲလို့ ကြံလိုက်တဲ့အချိန်မှာပဲ ဟောဒီဘုရားခြေရင်းကနေစပြီးတော့ တုရင်းတောင်ခြေအထိ မန်ကျည်းပင်ကြီးတွေက နေ့ချင်းညချင်းပေါက်လာသတဲ့ဗျာ၊ မန်ကျည်းဆိုတဲ့အမျိုးက ဆရာကြီးသိတဲ့အတိုင်း အဖြစ်ခက်တယ်မဟုတ်လား၊ သုံးလေးနှစ်ကြာတာတောင်မှ လူတစ်ရပ်ဖြစ်ဖို့မလွယ်တဲ့အပင်တွေလေဗျာ၊ ဒါကတော့ အံ့ဖွယ်ခြောက်ချက်မြောက်ပေါ့၊ လူတွေလည်းသယ်ပြုပြီးလို့ စေတီလည်းပြီးရော အဲဒီမန်ကျည်းပင်ကြီးတွေက ပြန်ပြီးပျောက်ကွယ်သွားရောတဲ့ဗျာ၊ အဲဒါက ခုနစ်ချက်မြောက်ပဲ”

“နောက်တစ်ခုကတော့ စေတီကိုအဝေးကကြည့်ရင် တောင်ကြီးကုန်းကြီးတစ်ခုပေါ်မှာတည်ထားတယ်လို့ မြင်ရတယ်ဗျ၊ တကယ်အနီးရောက်သွားတော့မှ မြေသားအညီမှာတည်ထားတယ်လို့တွေ့ရတာ၊ ဒါကလည်း ထူးဆန်းမှုရှစ်ခုမြောက်ပေါ့ဗျာ၊ တစ်ခါနောက်ဆုံးအံ့ဖွယ်ကတော့ စေတီအရှေ့မျက်နှာစာ လှေကားအနီးမှာ ရေမှန်လို့ခေါ်တဲ့ ရေခွက်ကလေးတစ်ခုရှိသဗျ၊ အဲဒီရေခွက်ထဲမှာ စေတီရဲ့အရိပ်က ပြတ်ပြတ်သားသားထင်ကျန်နေတာပါပဲ၊ စုစုပေါင်းအပြင်အံ့ဖွယ်ကိုးပါးပေါ့ဆရာကြီး”

“မင်းနဲ့တွေ့မှ ငါဒါတွေသိရတယ်ပေါက်ကျိုင်းရာ”

“အတွင်းအံ့ဖွယ်ကိုးပါးဆိုတာကတော့ ထီးတော်အလွန်ကြီးသော်လည်း သံကြိုးမဆိုင်းရခြင်း၊ စေတီရဲ့အရိပ်က တံတိုင်းအပြင်သို့ မရောက်ခြင်း။ စေတီ၏ထိပ်ကနေ ရွှေစက္ကူပစ်ချလျှင် အပြင်သို့မရောက်ခြင်း။ စေတီ၏ မဟာရံတံတိုင်းအတွင်း လူဘယ်လောက်များများ ပြည့်ကျပ်မနေခြင်း။ တန်ဆောင်မုန်းလပြည့်ပွဲတော်တွင် ပထမသပိတ်တော်၌ ဘယ်သူမှ ဆွမ်းဦးမတင်နိုင်ခြင်း။ အဝေးကကြည့်လျှင်ကုန်းလို့ထင်ရတယ်၊ ဟော စေတီအတွင်းကကြည့်ရင်တော့ ကျင်းသဖွယ်ထင်ရခြင်း။ စေတီ၏တစ်ဖက်က တီးတဲ့စည်သံကို အခြားတစ်ဖက်ကနေ မကြားရခြင်း။ မိုးဘယ်လောက်ရွာရွာ စေတီရင်ပြင်၌ ရေမတင်ခြင်း။ စေတီတော် အရှေ့တောင်ထောင့်ရှိ ခရေပင်သည် တစ်နှစ်ပတ်လုံး ဆယ့်နှစ်ရာသီ ပွင့်ခြင်း ဆိုတဲ့ အတွင်းအံ့ဖွယ်ကိုးပါးပေါ့ဆရာကြီး”

“တော်တော်လည်းထူးခြားဆန်းကြယ်တာပဲကွ”

“ဒါကြောင့် ပုဂံမှာ တန်ခိုးမှာရွှေစည်းခုံလို့ ခေါ်ကြတာပေါ့ဗျာ၊ ဘုရားအချင်းချင်း ယှဉ်ပြိုင်ပြောချင်တာတော့မဟုတ်ပေမယ့် တန်ခိုးအရာမှာတော့ ရွှေစည်းခုံစေတီက အင်မတန်တန်ခိုးကြီးသတဲ့ဗျာ”

ကျုပ်တို့စကားကောင်းနေတုန်း မြင်းလှည်းကလေးက ခပ်မြန်မြန်မောင်းလာခဲ့တာ နောက်တော့ ရပ်ကွက်တစ်ခုထဲကိုရောက်ခဲ့ပါရောဗျာ၊ ပေါက်ကျိုင်းက ကွမ်းထွေးရင်း

“ဆရာကြီး၊ ဒါကတော့ ဖွားစောရွာခေါ်သဗျ၊ ဟော ဟိုရှေ့နားကအိမ်မှာ လူတွေစည်ကားနေပုံထောက်တော့ အဘရောက်နေလို့ပဲနေမှာဗျ”

မြင်းလှည်းကလေးကို အိမ်တစ်အိမ်ရှေ့ရပ်လိုက်တယ်ဗျာ၊ အိမ်ခြံထဲမှာရော အိမ်ထဲမှာပါ လူတွေအပြည့်နဲ့ဗျ၊ ပေါက်ကျိုင်းက မြင်းလှည်းကိုအရိပ်အောက်ရပ်ခဲ့ပြီး ဆင်းသွားတာမို့ ကျုပ်လည်းသူ့အနောက်ကနေလိုက်ဝင်ခဲ့ပါတယ်ဗျာ။

(၂)

အိမ်ရှေ့မှာလူတွေအုံခဲနေပါရောဗျာ၊ အိမ်ကတော့ ခြေတံရှည်သစ်သားအိမ်တစ်ခုပဲဗျ၊ လူနာကိုအိမ်အောက်မှာထိုးထားတဲ့ ဆင့်ပေါ်ချပြီး ဖျာပေါ်တင်ထားတယ်၊ လူနာကတော့ ယောက်ျားတစ်ယောက်ပဲဗျ၊ လူနာက တစ်ခြမ်းစောင်းထားတယ်ဗျ၊ သူ့ကျောကုန်းမှာတော့ လက်ဝါးလောက်ရှိတဲ့အနာကြီးတစ်ခုဖြစ်နေတယ်ဗျာ၊ အနာကြီးက ဟောင်းလောင်းကြီးဗျာ၊ နက်တာကလည်း တော်တော်နက်တယ်၊ အထဲက ကျောရိုးဖြူဖြူကြီးကိုတောင် တစ်ဆစ်ခြင်းမြင်နေရတယ်ဗျ၊ အနာက သွေးပုပ်တွေ၊ ပြည်ပုတ်တွေနဲ့ သငံရေတွေကျနေတာများ အောက်ကခင်းထားတဲ့ ဖျာကြမ်းဆိုရင်း ရွှဲရွှဲစိုနေတော့တာပါပဲဗျာ။ လူတစ်ကိုယ်လုံးလည်း အရိုးပေါ်အရေတင်ပိန်ချုံးလို့ဗျ။

လူနာအနားမှာထိုင်နေတဲ့လူကတော့ ပေါက်ကျိုင်းရဲ့အဖေ ဦးဘအေးပေါ့ဗျာ၊ ဦးဘအေးက လူနာရဲ့ခြေရင်းဘက်မှာ ထိုင်နေတယ်၊ ခေါင်းရင်းဘက်မှာကျတော့ လူနာရှင်တွေဖြစ်မယ်ဗျ၊ ဦးဘအေးက လူနာရဲ့အနာကိုသေသေချာချာကြည့်ပြီးတော့

“အင်း၊ အနာ့ပဆုပ်ကျောလုံးပုပ်တဲ့၊ ဒီအနာက တော်တော်အမြစ်တွယ်နေပြီးတော့ ပျောက်ဖို့ခက်နေပါပြီ”

လူနာရှင်က ဦးဘအေးကိုလက်အုပ်ချီပြီးတော့

“ဟုတ်ပါတယ်ဆရာကြီးရယ်၊ ဒီအနာကို ဗမာဆရာတွေလည်းမနိုင်တော့သလို၊ ဆေးရုံကဆရာဝန်တွေကလည်း လက်မခံတော့ဘဲ ကုမရတော့ဘူးလို့ပဲပြောနေပါတယ်”

ဦးဘအေးကခေါင်းညိတ်ပြီးတော့

“အင်းလေ၊ သာမန်ဆေးဆရာတွေအဖို့တော့ ဒီလူနာဟာ ပြန်ကောင်းဖို့လမ်းမမြင်နိုင်တော့ဘူးပေါ့၊ ဒါပေမယ့် ကျုပ်က လူနာတွေကိုမေတ္တာနည်းနဲ့ကုသပေးနေတာဆိုတော့ ဒီလူနာပျောက်နိုင်ဖို့များပါတယ်”

“ဟုတ်ပါ့မလားဆရာကြီးရဲ့၊ လူနာအခြေအနေကို ကျွန်မတို့အသိဆုံးပါ၊ အရပ်ထဲကတော့ ဝဋ်နာကံနာလို့ပြောနေကြပါတယ်”

“ဝဋ်နာကံနာဆိုရင်လည်း သူခံရမယ့် ဝဋ်ကြွေးတွေကို ကျုပ်ဖြေပေးပါမယ်၊ ကဲကဲ ကျုပ်နဲ့ကုမှာလား မကုဘူးလား”

လူနာရှင်တွေက တိုင်ပင်ကြရင်း

“ရောဂါအရှင်းပျောက်မယ်ဆိုရင်တော့ ကုသချင်ပါတယ်ဆရာကြီး”

“တစ်ခုတော့ရှိတယ်၊ ကုသတော့မယ်ဆိုရင် လူနာရှင်တွေကလည်း ဒီလူနာကိုကျုပ်ကုသမယ်ဆိုတဲ့အကြောင်းကို လက်ခံရမယ်၊ လူနာကိုအပ်ရမယ်”

လူနာရှင်မိန်းမကြီးက ခေါင်းညိတ်လိုက်ပြီးတော့

“အပ်ပါတယ်၊ ဆရာကြီးရှင့််၊ လူနာကို ဆရာကြီးစိတ်ကြိုက်ကုသနိုင်ပါတယ်”

ဦးဘအေးက ခေါင်းညိတ်လိုက်ပြီးတော့

“နောက်တစ်ချက်ကတော့ လူနာကိုယ်တိုင်က ကျုပ်ကိုသူ့ရဲ့အသက်နဲ့ခန္ဓာကိုအပ်နှင်းပါတယ်လို့ ပြောပြီး ကိုယ်တိုင်အပ်ရမယ်”

လူနာရှင်က လူနာရဲ့နားအနားကိုကပ်ပြီးတော့ တိုးတိုးကလေးပြောတယ်ဗျ၊ လူနာက ခေါင်းကိုအသာလှုပ်ပြီးတော့

“အပ်ပါတယ်၊ အပ်ပါတယ်”

လို့ တိုးတိုးကလေးပြောတယ်၊ ဒီအခါ ဦးဘအေးက ကြမ်းပြင်ကိုလက်နဲ့ပုတ်လိုက်ပြီးတော့

“ဟေ့၊ ငါမေးမယ်၊ မောင်မင်းကို ကုသဖို့အတွက် ငါဆရာကို မောင်မင်းရဲ့အသက်နဲ့ခန္ဓာကို အပ်နှင်းနိုင်မလား”

“အပ်ပါတယ်”

“မကြားရသေးဘူးကွ၊ ကျယ်ကျယ်ပြော”

“အပ်ပါတယ်ဆရာကြီး၊ အပ်ပါတယ်”

ဦးဘအေးက ခေါင်းတဆတ်ဆတ်ညိတ်ပြီးတော့

“ကောင်းပြီ၊ ကဲ မင်းအပ်တယ်ဆိုရင် ဘုရားတရားကိုသာ အာရုံပြုထားလိုက်”

ဦးဘအေးကပြောပြီးတော့ လူနာရှင်ဘက်လှည့်ပြီး

“ငါ့ကိုကြက်ဥတစ်လုံးပေးပါ၊ အိမ်ကြက်ဖြစ်ပါစေနော်၊ ဈေးဆိုင်ကသွားဝယ်တာမဖြစ်စေနဲ့”

လူနာရှင်က ဘေးနားကလူတစ်ယောက်ကိုပြောလိုက်တော့ ဘေးနားကလူက အိမ်နောက်ဖေးကိုဝင်သွားတယ်ဗျ၊ မကြာပါဘူး ကြက်ဥအသေးကလေးတစ်လုံးကို ကိုင်ပြီးထွက်လာပါရော၊ ဦးဘအေးက ကြက်ဥကိုလှမ်းယူပြီးတော့ သေချာကြည့်ရင်း

“အိမ်ကြက်အစစ်နော်”

“ဟုတ်ပါတယ်ဆရာကြီး”

ဦးဘအေးက မတ်တပ်ရပ်လိုက်ပြီးတော့ လူနာရဲ့ခေါင်းရင်းကိုလမ်းလျှောက်သွားပြီး ကြက်ဥကိုလက်အုပ်ထဲထည့်ပြီး လက်အုပ်ချီလိုက်တယ်ဗျ။

“ပွင့်တော်မူပြီးသော ကကုသန်ဘုရား၊ ဂေါဏဘုရား၊ ကဿပဘုရား၊ ဂေါတမဘုရား ဘုရားလေးဆူနှင့်တကွ၊ နှစ်ကျိပ်ရှစ်ဆူသော ဘုရားများနှင့် ဂင်္ဂါဝါဠုသဲစုမက ပွင့်ပြီးကုန်သော ဘုရားရှင်အားလုံးတို့အား အကျွနု်ပ်ရှိခိုးဦးတင်ပါသည်ဘုရား”

ပြောပြီးတော့ လက်အုပ်ကိုနဖူးပေါ်ကိုတင်လိုက်တယ်ဗျ။

“ဘုရားအဆူဆူကိုရည်မှန်း ရှိခိုးဦးတင်ရတယ့် အကျိုးအားကြောင့် ဟောဒီက လူနာခံစားနေရတဲ့ ရောဂါဝေဒနာအပေါင်းတို့သည့်် ပိန်းကြာဖက်ပေါ်တွင် ရေမတင်သကဲ့သို့ ပျောက်ကင်းသက်သာပြီး၊ မိမွေးတိုင်း ဖမွေးတိုင်း အကောင်းပကတိပြန်ဖြစ်ပါစေသား၊ ရှေ့ဆက်ပြီး လူ့သက်တမ်းတစ်လျှောက်လည်း အိုရခြင်း၊ နာရခြင်းဘေးတို့မှ လွတ်ကင်းကာ ကျန်းမာပကတိ ချမ်းသာစွာရှိနိုင်ပါစေဘုရား”

ကျုပ်လည်းမျက်မှောင်တစ်ချက်ကြုတ်လိုက်မိတယ်ဗျ၊ ဦးဘအေးက ဒီလိုပြောပြီးတော့ ကြက်ဥကိုလက်တစ်ဖက်နဲ့ကိုင်ပြီးတော့ မပြောမဆိုနဲ့ လူနာရဲ့နဖူးကိုပိတ်ရိုက်ထည့်လိုက်တာပဲဗျာ၊ ကြက်ဥက ဂွပ်ခနဲကွဲထွက်သွားပြီးတော့ လူနာလည်းစိုသွားတော့တာပါပဲ၊ နောက်တော့ တစ်ချက်ငြိမ်ကျသွားတယ်၊ ဦးဘအေးက လူနာရဲ့နဖူးကိုလက်နဲ့ပုတ်ရင်း

“ကဲကဲ၊ မကောင်းမှုတွေလွင့်ပျောက်ကုန်ပြီ၊ ကောင်းမှုတွေအမှန်ရောက်ပါစေကွယ်”

ဒီလိုပုတ်ပြီးပြောရင်း မကြာပါဘူးဗျာ၊ လူနာက တဆတ်ဆတ်တုန်လာတယ်ဗျ၊ ခဏကြာတော့ လက်တွေကိုမြှောက်ပြီးတော့ အားယူတယ်၊ နောက်တော့ လှဲအိပ်နေရာကနေ ကုန်းထလာတာပါပဲဗျာ၊ ကြည့်နေတဲ့လူတွေအားလုံး အံ့သြလိုက်ကြတာ မပြောပါနဲ့တော့။ လူနာရှင်တွေဆိုရင် မျက်လုံးကြီးပြူးပြီး ပါးစပ်အဟောင်းသားနဲ့ ယုံကိုမယုံနိုင်ဘူးဖြစ်နေတယ်။

အဲဒီလူက ခုနကဖျာပေါ်မှာ ခြေချိတ်ပြီးထိုင်နေတယ်ဗျ၊ အနားကလူတွေကိုလည်း ငူငူကြီးကြည့်နေတယ်၊ လူနာရှင်အဒေါ်ကြီးက အနားပြေးကပ်ပြီး

“အကို၊ အကိုကြီး အကိုကြီးမနာတော့ဘူးလား”

လူနာက အဒေါ်ကြီးကိုမျက်စောင်းထိုးပြီး

“ကောင်းသွားလို့ အခုလိုထိုင်နေတာပေါ့ မယ်တင်ရ”

“ဝမ်းသာလိုက်တာ ဆရာကြီးရယ်၊ ပုံမှန်ဆိုရင် လူနာက ထိုင်ဖို့မပြောနဲ့ ပက်လက်တောင်မှ မနေနိုင်ဘူးဆရာကြီးရဲ့၊ ဆရာကြီးအစွမ်းကတော့ အံ့မခန်းပါပဲရှင်”

ဦးဘအေးက သူ့လက်တွေကို လက်သုတ်ပုဝါတစ်ထည်နဲ့သုတ်ရင်း

“အေးအေး၊ သူ့အနာက တဖြည်းဖြည်းပျောက်သွားလိမ့်မယ်၊ အနာမှာအသားပြန်တက်အောင်လို့ လူနာကိုအမဲသား၊ ဝက်သား၊ ကြက်သား၊၊ အိုဟာ အသားချည်းများများကျွေး၊ ဟုတ်ပြီလား၊ အသားမျာများစားတော့မှ အသားဓါတ်ရပြီးတော့ အနာက အသားပြန်တက်မှာ”

လူနာရှင်အဒေါ်ကြီးက ခေါင်းကိုညိတ်ပြီးတော့ ဦးဘအေးကိုကန်တော့တာပဲဗျာ၊ နောက်တော့ သူ့လက်ကောက်မှာဝတ်ထားတဲ့ လက်ကောက်နှစ်ကွင်းကိုချွတ်လိုက်ပြီးတော့ ဦးဘအေးကိုထိုးပေးလိုက်တယ်ဗျ၊ ဦးဘအေးက အဒေါ်ကြီးကို မျက်မှောင်ကုတ်ကြည့်ရင်း

“ခင်ဗျားက ဒါဘာလုပ်တာလဲ”

“နည်းတယ်များတယ်သဘောမထားပါနဲ့ဆရာကြီးရယ်၊ ဆရာကြီးကျွန်မအကိုကို ကုသပေးတဲ့အတွက် ဆရာကြီးကို ကန်တော့တဲ့ ဆေးဖိုးငွေပါ၊ ဆရာကြီးလက်ခံပေးပါ”

ဦးဘအေးက ဒေါသထွက်ထွက်နဲ့

“တော်စမ်း၊ ငါက သူများတွေလို အသပြာဆရာမဟုတ်ဘူးဟဲ့၊ ငါလူနာတွေကို လိုက်ပြီးကုသပေးနေတယ်ဆိုတာကလည်း လူနာတွေကို မေတ္တာစေတနာနဲ့ကုသပေးနေတာ၊ ငွေကြေးလိုချင်လို့မဟုတ်ဘူး၊ ငါ့စေတနာကိုနင်တို့က ဒီလိုစော်ကားလိုက်တာပေါ့လေ၊ ဟုတ်လား”

အဒေါ်ကြီးက ပြာပြာသလဲနဲ့

“မဟုတ်ပါဘူး ဆရာကြီးရယ်၊ ဆရာကြီးကိုစော်ကားတာမဟုတ်ပါဘူး”

“ငါ့ကိုကျေးဇူးတင်တယ်ဆိုရင် လူနာကိုသာသေချာဂရုစိုက်၊ ငါ့အတွက်က ရွှေလည်းမလိုဘူး၊ ငွေလည်းမလိုဘူး၊ ငါ့နာမည်တစ်ခါတည်းမှတ်ထား သိကြားအရပ်က သေရွာပြန်ဘအေးတဲ့”

ဦးဘအေးကပြောလိုက်တော့ ကြည့်နေကြတဲ့လူတွေအကုန်လုံးက ဦးဘအေးကိုဝိုင်းပြီးလေးစားကြသဗျာ၊ ဦးဘအေးရဲ့လုပ်ရပ်ကိုကြည့်ပြီးတော့ ချီးမွမ်းကြတယ်၊ ဦးဘအေးက ခြံထဲကနေပြန်ထွက်လာတော့ ကျုပ်တို့နဲ့တွေ့သဗျ။

“အဘ၊ ကျွန်တော်အဘကိုလာကြိုတာ”

ဦးဘအေးက ခေါင်းညိတ်ပြီးတော့

“အေးအေး၊ ဒါဖြင့်ရင်လည်း သွားကြတာပေါ့ကွာ”

ကျုပ်ကိုမြင်တော့ ဦးဘအေးခြေလှမ်းတွေက တုန့်ခနဲရပ်သွားတယ်ဗျ၊

“မင်းပါ ပါတာကိုး”

ဒါပေမယ့် ဘာမှမပြောတော့ဘဲ မြင်းလှည်းပေါ်တက်သွားပါရောဗျာ၊ သူတို့သားအဖနှစ်ယောက်တက်ပြီးတော့ ကျုပ်လည်းမြင်းလှည်းပေါ်တက်ရတာပေါ့၊ မြင်းလှည်းနောက်ဖက်မှာကျုပ်ရယ် ဦးဘအေးရယ်က မျက်နှာချင်းဆိုင်ပြီးထိုင်လိုက်ခဲ့တာပေါ့ဗျာ၊ ဦးဘအေးက ကျုပ်ကိုလည်း မကြည်ကြည့်ကြည့်သလို၊ ကျုပ်ကလည်း ဦးဘအေးကိုကြည့်ရတာ တစ်မျိုးကြီးပဲဗျ။ ဘယ်လိုလဲဆိုတောတော့ မပြောပြတတ်ဘူး၊ ခင်ဗျားတို့စိတ်ထဲဖြစ်ဖူးရင် ဖြစ်ဖူးကြမယ်။ လူတစ်ယောက်ကိုကြည့်လိုက်ရင် ဒီလူက မကောင်းဘူးဆိုပြီးတော့ စိတ်ထဲကသိနေသလိုမျိုးပေါ့ဗျာ၊ ကျုပ်ကတော့ သူ့ကိုမကောင်းဘူးလို့ မစွပ်စွဲချင်ပါဘူးဗျာ၊ သူကဘုရားတရားဆိုလည်း တအားလုပ်တဲ့လူ၊ ပြီးတော့ လူနာတွေကိုလည်း ကုသပေးနေတဲ့သူမဟုတ်လား။

ကျုပ်တို့နှစ်ယောက် နှုတ်ဆိတ်နေတာကို လူကဲခတ်နားလည်တဲ့ ပေါက်ကျိုင်းကသိသွားတဲ့ပုံပါပဲဗျာ၊ ဒါနဲ့ မြင်းလှည်းမောင်းရင်း

“အဘ၊ ဒီနေ့ဘယ်နှယောက်တောင်ကုတာလဲအဘရ”

“အေး၊ မနက်ပိုင်းက ဖွားစောရွာအနောက်ဘက်ခြမ်းက၊ အခုက တစ်ယောက်လေကွာ”

ဦးဘအေးက ကျုပ်ကိုကြည့်ပြီးတော့

“ဒါနဲ့ မင်းရောငါတို့အိမ်ကနေ ဘယ်တော့ပြန်မှာလဲ”

ကျုပ်ကိုမေးတာနဲ့ကျုပ်က ပြန်ဖြေဖို့လုပ်တာပေါ့၊ ပေါက်ကျိုင်းက ဝင်ပြီး

“အဘကလည်းဗျာ၊ ဆရာကြီးက တစ်ပတ်လောက်တင်ပါဗျ၊ ဒါနဲ့ အဘကဆရာကြိးကိုဘာဖြစ်လို့ကြည့်မရတာလဲဗျ”

“အိုကွာ၊ ဒီကောင်က ကောင်းတဲ့ကောင်မဟုတ်ဘူး၊ ဆရာယုတ်ကွ၊ ငါပန်းမွှေးကိုကုပေးမလို့ကြံနေတုန်း ဒင်းကြားကဝင်ပြီးတော့ ကုပေးသွားတာ”

“ဒီလိုတော့မပြောနဲ့လေအဘရာ၊ ဘယ်သူကုကု အခုပန်းမွှေးပြန်ကောင်းသွားပြီမဟုတ်လားဗျ”

“ဘာပဲဖြစ်ဖြစ်၊ ငါကတော့ ဒီကောင်ဆရာယုတ်ဆိုတာသိတယ်၊ ဒီကောင်ငါ့အိမ်မှာ နေတာကိုလုံးဝမကြိုက်ဘူး”

“အဘကလဲဗျာ”

ပေါက်ကျိုင်းဘာပြောရမှန်းမသိတာနဲ့ ဒီလိုပဲပြောပါတော့တယ်၊ ဦးဘအေးက ပေါက်ကျိုင်းကိုလက်ညှိုးထိုးပြီးတော့

“မင်းလည်း၊ ဒီလိုရှုပ်ရှုပ်ယှက်ယှက် ဆရာတုဆရာယောင်တွေကို အိမ်ကိုကြပ်ကြပ်ခေါ်၊ နောက်ဆို ငါတို့အိမ်တိုင်ပါ ချွတ်ယူခံရမယ်ကွ”

လမ်းတစ်လျှောက်ကျုပ်တို့ဘာမှမပြောတော့ပါဘူးဗျာ၊ လမ်းကောင်းတဲ့အခါကျတော့ ပေါက်ကျိုင်းက မြင်းလှည်းကိုအရှိန်တင်မောင်းသဗျာ၊ မြင်းကြီးပေါက်ကျိုင်းကလည်း အားကောင်းမောင်းသန်ကြီးဆိုတော့ ပြေးလိုက်တာမှ လှစ်ခနဲလှစ်ခနဲပဲ။ ဒီအချိန် ဦးဘအေးက ကျုပ်ကိုစိုက်ကြည့်တယ်ဗျ၊ သူ့မျက်နှာကလည်း ပြုံးယောင်သန်းနေသေးတယ်၊ ကျုပ်သူ့ကိုပြန်ကြည့်နေတဲ့အချိန်မှာပဲ ကျုပ်ကိုဘေးနားကနေ တစ်ယောက်ယောက်က အားနဲ့ဆောင့်တွန်းသလိုခံလိုက်ရတာပါပဲဗျာ၊ မြင်းလှည်းက အနောက်ကပွင့်နေတာဆိုတော့ ကျုပ်လည်း မြင်းလှည်းအောက်ကိုပြုတ်ကျပါရောဗျာ၊ ကံကောင်းတာက ကျုပ်လည်းသတိရှိတာနဲ့ မြင်းလှည်းအနောက်က သံတန်းကိုလက်နဲ့ဖမ်းဆုပ်ထားမိတယ်ဗျ၊ ဒီတော့ချက်ချင်းမကျသေးဘဲ တွဲလောင်းကြီးဖြစ်နေတာပေါ့၊ ဒီအချိန် သံတန်းကိုဖမ်းဆွဲထားတဲ့ ကျုပ်လက်ကို အားတစ်ခုက ဖြောင်းခနဲရိုက်ချလိုက်သလိုဖြစ်သွားတယ်ဗျာ၊ ကျုပ်လက်ဖျံမှာ ပူခနဲခံစားလိုက်ရပြီးတော့ သံတန်းကိုဆုပ်ကိုင်ထားတဲ့လက်က လွတ်ကျသွားပါရော၊ မြင်းလှည်းပေါ်ကနေ ထိုင်လျက်သား နောက်ပြန်ကျပြီးတော့ ကတ္တရာလမ်းပေါ်မှာ သုံးလေးပတ်လောက် လိမ့်ပြီးတဲ့အခါ ကျုပ်လည်းလောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားပါရောဗျာ။

(၃)

ကောင်းကင်ကြီးတစ်ခွင်လုံးက မှောင်နေတယ်ဗျ၊ မှောင်နေတယ်ဆိုပေမယ့် ပတ်ဝန်းကျင်ကတော့ လင်းနေသား၊ ကျုပ်ပြောလို့ ခင်ဗျားတို့ရှုပ်သွားပြီထင်တယ်၊ ကောင်းကင်ကြိးက မိုးမှောင်ကျနေသလိုမျိုးဗျ၊ တိမ်ညိုတွေအုပ်ပြီး မှိုင်းမှောင်နေပေမယ့် အလင်းရောင်နည်းနည်းတော့ ရှိနေသေးတယ်ပေါ့ဗျာ၊ ကျုပ်ရောက်နေတာက ဆူးချုံတွေ၊ ချုံပုတ်တွေကြားထဲမှာဗျ၊ အနားမှာလည်း ဘုရားပုထိုးကလေးတွေရှိနေသေးတယ်ဗျာ၊ ဒီနေရာကို ကျုပ်အာရုံထဲမှာတစ်ခေါက်ရောက်ဖူးပါတယ်လို့ တွေးနေတုန်း ကျုပ်အနောက်ကနေ မြင်းဟီသံကြီးကိုကြားလိုက်ရတယ်။

ကျုပ်လှည့်ကြည့်နေတုန်းမှာပဲ မြင်းကြီးတစ်ကောင်က ကျုပ်ဆီကိုပြေးလာပါရောဗျာ၊ ပေါက်ကျိုင်းဆိုတဲ့ မြင်းနက်ကြီးပါ၊ ကျုပ်ကိုပြေးပြီး ဦးခေါင်းနဲ့ခွေ့တော့မယ့်ဟန်နဲ့ ဒုန်းစိုင်းပြေးလာပါရော၊ ကျုပ်လည်း ရှောင်ဖို့အချိန်မရတာနဲ့ မြင်းနက်ကြီးကို မမှိတ်မသုန်နဲ့ကြည့်နေတယ်ဗျ။

မြင်းနက်ကြီးက ကျုပ်ကိုတိုက်တော့မယ့်ဆဲဆဲမှာ ခွာလေးစုံစလုံး တိခနဲနေအောင်ရပ်သွားတယ်ဗျ၊ မြင်းနဲ့ကျုပ်နဲ့ မျက်နှာချင်းထိလုနီးပါးဖြစ်သွားပါရော၊ ဒီအချိန်မြင်းကြီးက ကျုပ်ကိုကြည့်ပြီးတော့

“ခင်ဗျားကျုပ်ကိုကယ်ပါဗျာ”

မြင်းက လူအသံထွက်တယ်ဗျာ၊ ကျုပ်လည်းအံ့သြနေရင်း

“မင်း၊ မင်းကဘယ်သူလဲ”

“ကျုပ်က ငအေးပါ”

“ဘယ်က ငအေးတုန်းကွ”

“ပေါက်ကျိုင်းရဲ့အဖေ ငအေးပါ”

ကျုပ်ဖြင့် မျက်လုံးပြူးသွားတယ်။

“ဟ၊ ပေါက်ကျိုင်းအဖေက ဦးဘအေးလေ၊ လူတွေကိုကယ်တင်နေတဲ့ သူတော်ကောင်းကြီးလေကွ”

မြင်းကြီးက ခေါင်းကိုလှုပ်ခါလိုက်ရင်း

“မဟုတ်ဘူး၊ ကျုပ်ကမှ ငအေးအစစ်၊ ဟောဟိုက ငအေးအတု၊ ငအေးအတုက ကျုပ်ကိုယ်ထဲဝင်ပြီး ကျုပ်ယောင်ဆောင်နေတာဗျ၊ ကျုပ်ကတော့ မြင်းအဖြစ်နဲ့ လှည်းဆွဲနေရတယ်ဗျာ၊ ကျုပ်ဒီကောင့်ကိုမမြင်ချင်ဘူး၊ ကျုပ်မကြည့်ချင်ဘူး၊ ဒီကောင့်ကိုတွေ့တာနဲ့ ခွာနဲ့နင်းပြီးသတ်ချင်နေတာ”

ကျုပ်လည်းအခုမှ တွေးမိတယ်ဗျ။

“ဒါကြောင့်ကိုး၊ ဒါကြောင့် မင်းက ဒီလူကြီးကိုတွေ့တော့ ဒေါသထွက်နေတာကိုး”

“ဟုတ်တယ်၊ ကျုပ်သားလေးပေါက်ကျိုင်းကို ဒီလူကြီးက တစ်ခုခုလုပ်မှာစိုးရိမ်လို့ ကျုပ်ကမြင်းအဖြစ်နဲ့ ပေါက်ကျိုင်းကိုစောင့်ရှောက်နေတာ ကြာပါပြီ”

“နေပါအုံး၊ မင်းကဘယ်လိုဖြစ်လို့ မြင်းဖြစ်သွားရတာလဲ”

မြင်းကြီးက အနားကစေတီကလေးနှစ်ဆူကို တွေတွေကြီးကြည့်ရင်း မျက်လုံးကနေ မျက်ရည်ပေါက်တွေကျလာတယ်ဗျ၊ ရုတ်ခြည်းဆိုသလိုပဲ ပတ်ဝန်းကျင်က အမှောင်ဖုံးသွားတယ်ဗျ၊ ကျုပ်လှည့်ကြည့်တော့ အနားမှာလည်း မြင်းကြီးမရှိတော့ဘူးဗျ၊ ချုံတွေနဲ့ဆိုတော့ မှောင်ပိန်းနေပါရော၊ မကြာခင် ခြူသံတွေကြားရတယ်၊ ချုံတွေကြားထဲကနေ မြင်းလှည်းကလေးတစ်စီး ပေါ်လာတယ်ဗျ။

“ဟော၊ မြင်းလှည်းတစ်စီးပါလား”

မြင်းလှည်းကလာနေရင်း အနားရောက်တော့ ချုံပုတ်တစ်ခုထဲကနေ လူတစ်ယောက်ထွက်လာတယ်ဗျ၊ မြင်းလှည်းသမားကလည်း မြင်းလှည်းကိုအမြန်ရပ်လိုက်ရတာပေါ့ဗျာ၊ ဒီလူက လမ်းလယ်ခေါင်မှာ မတ်တပ်ရပ်နေပါရော။ မြင်းလှည်းသမားက

“ဟေ့ကောင်၊ မြင်းလှည့်ရှေ့ကိုခုန်ဝင်တယ်ဆိုတော့ မင်းကသေချင်နေတာများလား၊ သေချင်ရင် မြင်းလှည်းရှေ့မခုန်နဲ့ကွ၊ ကားရှေ့ကိုခုန်သာဝင်၊ ဒါမှ လျော်ကြေးများများရမှာ”

ဟိုလူက မြင်းလှည်းသမားဘက်ကိုလှည့်ပြီးတော့

“ဟေ့ကောင်ငအေး၊ မင်းအပိုတွေပြောမနေနဲ့၊ မင်းငါ့ကိုသိလား”

မြင်းလှည်းပေါ်ကလူက ငအေးတဲ့ဗျာ။ သူက လမ်းပေါ်ကလူကိုပြူးပြဲကြည့်ပြီးတော့

“မင်းကဘာကောင်မို့လို့ ငါကမင်းကိုသိရမှာလဲကွ”

“ဟား၊ ဟား အေးပေါ့ဗျာ၊ ပုဆိန်ကတော့ သစ်ပင်ကိုမမှတ်မိဘူးဆိုပေမယ့် အခုတ်ခံရတဲ့သစ်ပင်ကတော့ ပုဆိန်ကိုမှတ်မိတယ်ဆိုတာမျိုးပေါ့၊ ကျုပ်နာမည်မျိုးကြီး၊ ခင်ဗျားနဲ့လွန်ခဲ့တဲ့ ခုနစ်နှစ်က နတ်သမီးကမ်းပါးနားမှာ ရန်ဖြစ်ခဲ့တာကိုမှတ်မိသလား”

“အေး၊ မှတ်မိပြီ၊ လတ်စသတ်တော့ မင်းကိုငါက တုတ်နဲ့ရိုက်သတ်ပြီး ကမ်းပါးပေါ်ကနေ ကန်ချခဲ့တာပဲ၊ ဒါနဲ့ မင်းကသေပြီလား၊ အခုသရဲဖြစ်ပြီးတော့ ငါ့ကိုလာခြောက်တာလား”

“သေမလားဗျ၊ မသေလို့ခင်ဗျားဆီရောက်လာတာပေါ့၊ ခင်ဗျားလုပ်ခဲ့တဲ့အပြစ်တွေအတွက် ခင်ဗျားပြန်ပေးဆပ်ရမယ်”

မိုးကြီးဆိုတဲ့လူက မြင်းလှည်းပေါ်ကိုခုန်တက်ပြီးတော့ တုတ်တစ်ချောင်းနဲ့ ငအေးကိုရိုက်ပါရောဗျာ၊ ငအေးဆိုတဲ့လူကလည်း ပြန်ရှောင်ပြီးတော့ သူ့မြင်းလှည်းအိမ်ထဲက ဓါးထုတ်ပြီးတော့ပြန်ခုတ်သဗျ၊ သုံးလေးချီလောက်ချပြီးတော့ မိုးကြီးရင်ဝကို ငအေးက ခြေထောက်နဲ့ကန်ချလိုက်တယ်၊ မိုးကြီးလည်းမြေပေါ်ကို ပက်လက်လန်ကျတာပေါ့ဗျာ၊ ငအေးက ဓါးကိုဝင့်ပြီးတော့ မိုးကြီးရှေ့ခုန်ချလိုက်တယ်။

“အေး၊ အရင်က မင်းကိုသတ်တာမသေပေမယ့် အခုတော့ မင်းသေရမယ်ကွ”

ငအေးက ဓါးနဲ့လှမ်းခုတ်မယ်ပြင်နေတုန်းမှာပဲ ချုံကြားကနေလူတစ်ယောက်တိုးထွက်လာပြီးတော့ ငအေးရဲ့ခေါင်းကိုတုတ်နဲ့ရိုက်ထည့်လိုက်တယ်၊ ရိုက်ချက်ပြင်းတာကြောင့်မို့လို့ ငအေးက အရှေ့ကိုဟပ်ထိုးလဲကျသွားတော့တယ်ဗျ၊ သူ့ဂုတ်ကိုပြန်စမ်းကြည့်တော့ ဂုတ်မှာသွေးတွေစိမ့်ထွက်လာတယ်၊ ငအေးက ဓါးပြန်အကောက်မှာ နောက်ထပ်လူတွေ ချုံကြားကနေထွက်လာပြီး ငအေးကိုတုတ်တွေနဲ့ဝိုင်းရိုက်တော့တာပါပဲဗျာ၊ မြင်းကြီးက နှာမှုတ်ပြီးဟီနေတာနဲ့ မိုးကြီးက

“ဟေ့ကောင်၊ ဒီမြင်းဟီတာနဲ့ လူတွေကြားသွားအုံးမယ်၊ မထူးဘူးကွာ၊ ဒီမြင်းကိုပါ ဆော်ဟေ့”

မြင်းဇက်ကြိုးကိုဆွဲပြီးတော့ မြင်းကြီးကိုလည်း တုတ်တွေနဲ့ဝိုင်းရိုက်နှက်ကြတယ်ဗျာ၊ ဆယ်မိနစ်လောက်ကြာတော့ မြင်းလှည်းသေ၊ ငအေးလည်း ဖုတ်ဖုတ်ညက်ညက်ကိုကျေနေပါရောဗျာ၊ ဟိုလူတွေက အဲဒီတော့မှ ငအေးသေမသေစမ်းကြည့်ပြီး ထွက်ပြေးသွားကြတော့တယ်။ ဒီအခါ ငအေးရဲ့လဲကျနေတဲ့ကိုယ်ကနေ ငအေးတစ်ယောက်ထလာပါရောဗျာ၊ သူ့ရဲ့ဝိညာဉ်ထင်ပါတယ်၊ ထလာပြီးတော့ သေနေတဲ့သူ့ကိုယ်သူပြန်ကြည့်တယ်၊ နောက်တော့ သေနေတဲ့မြင်းကြီးအနားကိုသွားငုံ့ကြည့်တယ်၊ ဒီအချိန်မှာပဲ ငအေးအနောက်မှာ အနက်ရောင်အဝတ်အစားတွေနဲ့ လူတစ်ယောက်ပေါ်လာတယ်ဗျ၊ အဲဒီလူက ငအေးရဲ့ကျောကုန်းကိုတွန်းထည့်လိုက်တယ်ဆိုရင်ပဲ ငအေးက အရှေ့ကိုယိုင်လဲကျသွားပြီးတော့ မြင်းကြီးရဲ့ကိုယ်ထဲကို ဝင်သွားတာပါပဲ၊ မြင်းကြီးဆီ ငအေးဝင်သွားပြီးတော့ မြင်းကြီးက မျက်လုံးတွေပြူးလာတယ်ဗျ။

အနက်ရောင်အဝတ်အစားတွေနဲ့လူက ငအေးရဲ့သေနေတဲ့ခန္ဓာကိုယ်အနားကိုသွားပြီးတော့ ငအေးကိုကြည့်ရင်းရယ်တယ်၊ နောက်တော့ အဲဒီခန္ဓာကိုယ်ထဲကို ဒိုင်ဗင်ထိုးသလို ခုန်ဝင်လိုက်တော့တာပဲ၊ ပြီးတာနဲ့ ပတ်ဝန်းကျင်က အရောင်တွေပြောင်းသွားတယ်၊ ဖြူဖြူတွေ၊ နီနီတွေဖြစ်ကုန်တယ်ဗျ၊ ဘာကိုမှလည်းသဲသဲကွဲကွဲမမြင်ရတော့ဘူး။

“ဒါဆို၊ ငအေးက ငအေးမဟုတ်ဘူးပေါ့၊ တကယ့်ငအေးက မြင်းကိုယ်ထဲဝင်ရောက်ပူးကပ်နေရတာပေါ့”

ကျုပ်လည်း သဘောပေါက်သွားတော့တာပဲဗျာ။ ဒီအချိန် ကျုပ်ကိုယ်လုံးကို တစ်ယေက်ယောက်က ကိုင်ပြီးလှုပ်သလိုဖြစ်နေတယ်ဗျ၊ ကျုပ်လည်း လန့်ပြီးတော့ အော်လိုက်မိတယ်။

“အား . . .”

ကျုပ်လန့်နိုးလာတော့ အနားမှာ ပန်းမွှေးထိုင်နေတယ်၊ ပေါက်ကျိုင်းကလည်း ကျုပ်ဘေးနားမှာထိုင်လို့ဗျ၊ အိမ်ကတော့ ပေါက်ကျိုင်းတို့အိမ်ပါပဲ၊ ကျုပ်လည်းအမြန်ကုန်းထလိုက်တော့ ကျုပ်ခြေရင်းဘက်တစ်နေရာမှာ ဦးဘအေးက ငုတ်တုတ်ထိုင်ပြီးတော့ ရေနွေးကိုဇိမ်ခံပြီးသောက်နေသဗျ၊ ကျုပ်နိုးလာတော့ ကျုပ်ကိုပြီတီတီနဲ့ကြည့်နေတယ်။

ကျုပ်လည်း ဦးဘအေးကိုလက်ညှိုးထိုးမယ်လုပ်လိုက်တော့ ကျုပ်ဘယ်ဘက်လက်က အောင့်ခနဲနာသွားပြီးတော့ ပတ်တီးကြီးလည်းစည်းထားလို့ဗျ၊ ပေါက်ကျိုင်းက ကျုပ်ကိုကြည့်ရင်း

“ဖြည်းဖြည်းပေါ့ဆရာကြီးရာ၊ ဆရာကြီးလက်ဖျံရိုးကျိုးသွားတယ်ဗျ”

ကျုပ်လည်း ညာလက်နဲ့ ဦးဘအေးကိုလက်ညှိုးထိုးပြီးတော့

“ပေါက်ကျိုင်း မင်းအဖေက လူမဟုတ်ဘူး၊ မင်းအဖေက လူမဟုတ်ဘူးကွ”

ပေါက်ကျိုင်းက မယုံသလိုနဲ့

“ဆရာကြီး စိတ်အေးအေးထားပါအုံးဗျာ”

“စိတ်အေးအေးထားပါတယ်ကွ၊ ငါပြောမယ်ပေါက်ကျိုင်း၊ မင်းအဖေက လူမဟုတ်ဘူး၊ အခုမင်းမြင်နေရတဲ့ မင်းအဖေက မင်းအဖေအစစ်မဟုတ်ဘူးကွ”

ပေါက်ကျိုင်းက ကျုပ်ကိုဒေါသထွက်နေတဲ့မျက်နှာနဲ့ကြည့်တယ်ဗျ။

“အရင်ကတော့ အဘက ဆရာကြီးကိုတစ်ဖက်သတ်အမြင်စောင်းနေတယ်ထင်တာ၊ အခုတော့ ဆရာကြီးကပါ ကျွန်တော့်အဖေကို အမြင်စောင်းနေတာပေါ့”

“မဟုတ်ပါဘူး ပေါက်ကျိုင်းရာ၊ ငါအမြင်စောင်းတာမဟုတ်ပါဘူးကွ၊ ငါတကယ်ပြောတာပါ”

“တော်ပါတော့ဆရာကြီးရာ၊ ကျွန်တော့်အိမ်မှာလည်းနေသေး၊ ကျွန်တော့်အဖေကိုစော်ကားတာမျိုးကိုတော့ ကျွန်တော်သည်းမခံနိုင်ဘူး”

“ငါတကယ်ပြောတာပါကွာ”

“တော်ပါတော့ဗျာ၊ တော်ပါတော့၊ ဆရာကြီးထွက်သွား၊ ဆရာကြီး ကျွန်တော့်အိမ်ကနေ အခုထွက်သွား၊ ကျွန်တော်တို့သားအဖအချင်းချင်းကို ရန်တိုက်ပေးဖို့မကြိုးစားပါနဲ့ဆရာကြီး”

“မဟုတ်ပါဘူး၊ မင်းအဖေက ဖုတ်ကောင်ကြီးကွ”

“ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲဗျာ၊ ဖုတ်ကောင်ဆိုတာ မကောင်းဆိုးဝါးဗျ၊ အဘက ဘုရားတရားသိပ်လုပ်တာ၊ တကယ်လို့ သူ့ကိုယ်ထဲကိုဝင်နေတာ မကောင်းဆိုးဝါးသာမှန်ရင် အဘက ဘုရားတရားလုပ်ပါ့မလားဗျ”

ကျုပ်လည်း ဘာပြောရမှန်းကိုမသိဘူးဖြစ်နေတယ်ဗျာ၊ ပေါက်ကျိုင်းက ကျုပ်ကိုဆွဲထူပြီး

“သွားပါတော့ဗျာ၊ ဆရာကြီး ကျုပ်တို့အိမ်ကနေထွက်သွားပါတော့”

ကျုပ်လည်းသက်ပြင်းတစ်ချက်ချပြီးတော့ ထွက်ဖို့ပြင်လိုက်တယ်ဗျ၊ ဒါပေမယ့် ပေါက်ကျိုင်းကိုစိတ်မချလို့

“ပေါက်ကျိုင်း၊ ငါပြောတာနားထောင်စမ်းပါကွာ၊ ဒီတစ်ခါလောက်တော့ ငါပြောတာနားထောင်ပေးပါ၊ မင်းအဖေက လူမဟုတ်ဘူး၊ ဒီအတိုင်းနေရင် မကောင်းတာတစ်ခုခုဖြစ်လာတော့မယ်ကွ”

ပေါက်ကျိုင်းက ကျုပ်ကိုဆွဲထိုးမယ်ဆိုပြီးလက်ဟန်ခြေဟန်ပြင်တယ်ဗျ၊ ဦးဘအေးက

“ငါ့သားမလုပ်နဲ့၊ ဆရာယုတ်ဆိုတာ ဒီလိုပဲကွ၊ ကိုယ့်အိမ်ကိုလည်းတက်နေသေးတယ် သားအဖအချင်းချင်းစိတ်ဝမ်းကွဲအောင်လည်း လုပ်သေးတယ်၊ ဒီလိုလူကို ငါ့သားလက်နဲ့မထိနဲ့ ငါ့သားလက်နဲ့ထိဖို့မတန်ဘူး”

ကျုပ်လည်း ဦးဘအေးကိုလက်ညှိုးထိုးပြီးတော့

“ခင်ဗျားကြည့်နေ၊ ခင်ဗျားရဲ့မကောင်းမှုတွေအကုန်လုံး ဘူးပေါ်သလိုပေါ်အောင် ကျုပ်ဖော်ထုတ်ပြမယ်”

“ခင်ဗျားကြီးပြောနေတာတောင် တော်တော်လွန်နေပြီဗျာ၊ ခင်ဗျားအခု ကျွန်တော့်အိမ်ကဆင်းရင်ဆင်း၊ မဟုတ်ရင်တော့ ခင်ဗျားကြီးကို ကျုပ်ရိုက်ရလိမ့်မယ်”

ပေါက်ကျိုင်းကပြောနေတာမို့လို့ ကျုပ်လည်းအိမ်ပေါ်ကနေဆင်းခဲ့ပါတယ်ဗျာ၊ အချိန်ကတော့ နေဝင်ရီတရော ညီအကိုမသိတသိအချိန်လေးဗျာ၊ ကျုပ်လည်း အိမ်လှေကားရောက်တော့ ဘာစိတ်ကူးပေါက်တယ်မသိဘူးဗျာ၊ ကျုပ်လည်ပင်းမှာဆွဲထားတဲ့ ပုတီးကိုလက်နဲ့ဖြုတ်ပြီးတော့ အနောက်ကိုပြန်လှည့်ရင်း အိမ်ထဲထိုင်နေတဲ့ ဦးဘအေးဆီကိုလှမ်းပစ်ထည့်လိုက်တာပဲဗျာ၊ ဦးဘအေးလည်း အလစ်အငိုက်မို့ထင်တယ်ဗျ၊ ပုတီးက သူ့နဖူးကိုထိပြီးတော့ သူလည်းအနောက်ကိုလန်ပြီးလဲကျသွားပါရောဗျာ၊ ကျုပ်လည်း အိမ်ပေါ်ကိုပြန်တက်ခဲ့တယ်။

ဦးဘအေးနဖူးမှာ မီးလောင်ဒဏ်ရာလို အမည်းကွက်ကြီးဖြစ်သွားတယ်ဗျ၊ ဦးဘအေးက ပေါက်ကျိုင်းကိုကြည့်ရင်း

“သား၊ အဖေ့ကိုလုပ်နေပြီ၊ ဒီဆရာယုတ် ယုတ်မာနေပြီ”

ပေါက်ကျိုင်းက အိမ်နံရံမှာချိတ်ထားတဲ့ ဓါးကိုပြေးဖြုတ်တယ်ဗျ၊ ကျုပ်က ပေါက်ကျိုင်းကိုညာလက်ညှိုးနဲ့ထိုးလိုက်ရင်း

“ပေါက်ကျိုင်း မင်းအသာငြိမ်နေစမ်း”

ကျုပ်ပြောလိုက်တော့ ပေါက်ကျိုင်းကိုတစ်ယောက်ယောက်က ချုပ်လိုက်သလိုမျိုး ငြိမ်သွားတယ်ဗျ၊ ပေါက်ကျိုင်းက ရုန်းပေမယ့် ရုန်းမရတော့ဘူး၊ ပန်းမွှေးကလည်း ပေါက်ကျိုင်းကိုဝင်ဆွဲတယ်၊ ကျုပ်က ဦးဘအေးဘက်ကိုလှည့်လိုက်ပြီးတော့

“ခင်ဗျားလူမဟုတ်ဘူးဆိုတာ ကျုပ်သက်သေပြမယ်”

ကျုပ်လည်း ပုတီးကိုလက်ညှိုးထိုးလိုက်တော့ ပုတီးက ကျုပ်ဆီကိုပြန်လာသဗျာ၊ ပုတီးကိုပြန်ယူပြီးတော့ ဦးဘအေးဆီကိုပြန်ပစ်ထည့်လိုက်တယ်။

“ကိုင်း၊ ဒီကောင့်လည်ပင်းကိုသွားစွပ်စမ်း”

ပုတီးက ဦးဘအေးခေါင်းကို တည့်တည့်သွားစွပ်တယ်ဗျ၊ ခေါင်းအလယ်လောက်မှာ ပုတီးကစွပ်ဝင်နေတယ်၊ ဦးဘအေးကတော့ ပူလို့ဆိုပြီးအော်နေတယ်၊ အော်နေရာကနေပြီး ပုတီးနဲ့ထိတဲ့အသားတွေက မီးတွေကျွမ်းလာပြီးတော့ မီးခိုးတွေအူတက်လာတယ်ဗျ။

“ပြောစမ်း၊ ခင်ဗျားအမှန်ကိုထွက်ဆိုစမ်း”

ဦးဘအေးက ပေါက်ကျိုင်းဘက်ကိုလှည့်ကြည့်ရင်း

“သား၊ အဖေ့ကိုကယ်ပါအုံးကွာ”

“ဘာအဖေတွေသားတွေလုပ်မနေနဲ့၊ မင်းမှန်မှန်ပြောစမ်း၊ မပြောရင် အဲဒီပုတီးက တဖြည်းဖြည်းချင်းကြပ်သွားပြီးတော့ မင်းခေါင်းပြတ်ထွက်သွားတယ်”

ဒီတော့မှ ဦးဘအေးက

“ပြောပါ့မယ်၊ ပြောပါ့မယ်၊ ကျုပ်က လူမဟုတ်ပါဘူးဗျာ”

“တွေ့ပြီလားပေါက်ကျိုင်း၊ မင်းယုံပြီလား”

ပေါက်ကျိုင်းက မျက်လုံးအပြူးသားနဲ့

“အဘ၊ အဘဘာတွေပြောနေတာလဲ”

“ငါမင်းအဘမဟုတ်ဘူး၊ နောက်ပြီး မင်းကလည်း ငါ့သားမဟုတ်ဘူးကွ”

ဦးဘအေးက ပြောပြောဆိုဆိုနဲ့ သူ့ခေါင်းမှာပတ်ထားတဲ့ ပုတီးကိုလက်နဲ့ဆွဲချွတ်တယ်ဗျ၊ ပြီးတော့ ပုတီးကိုပုတ်ချပြီး အိမ်ပေါ်ကနေ ဖားတစ်ကောင်လိုခုန်ပေါက်ဆင်းသွားတာပဲဗျာ၊ ကျုပ်တို့အကုန်လုံး အံ့အားသင့်ပြီးကျန်နေခဲ့တာပေါ့၊ ကျုပ်အိမ်အောက်ကိုဆင်းလိုက်တယ်ဆိုရင်ပဲ ဦးဘအေးက မိုးပေါ်ကိုခုန်တက်သွားသဗျာ၊ ဝါးနှစ်ပြန်လောက်အမြင့်ကိုရောက်သွားပြီးတော့မှ တစ်ဖန် အောက်ကိုပြန်ပြုတ်ကျသွားတော့တယ်၊ ပြုတ်ကျတဲ့နေရာကလည်း အတော်ဝေးဝေးကိုးဗျ၊ ပေါက်ကျိုင်းက လှေကားကနေဆင်းလာပြီးတော့ ခုန်ပျံကျော်လွှားသွားတဲ့ ဦးဘအေးကိုကြည့်နေတယ်။

“အဘ၊ အဘ ဘယ်ကိုသွားတာလဲ”

မြင်ကွင်းအရှေ့မှာတင် ဦးဘအေးက ပျောက်သွားပါတော့တယ်ဗျာ၊ ပေါက်ကျိုင်းကထိုင်ကျသွားပြီးတော့

“ဘယ်လိုဖြစ်ရတာလဲ ဆရာကြီးရာ”

“မင်းအဖေကို လူမိုက်တွေရိုက်တဲ့အချိန်မှာ မင်းအဖေရဲ့ကိုယ်ထဲကို မကောင်းတဲ့ကောင်တစ်ကောင်က ဝင်သွားတာပဲ”

“ဒါဆို ကျွန်တော့်အဖေက သေပြီပေါ့နော်”

“မင်းအဖေက သေပြီးတာကြာပေါ့၊ သူက မင်းအဖေကိုယ်လုံးထဲဝင်ပြီး အနှစ်နှစ်ဆယ်လောက်နီးပါး လူတွေကိုလိမ်ညာနေခဲ့တာ၊ မင်းကိုလိမ်ညာနေခဲ့တာ”

“ဒါဆို၊ ကျွန်တော့်အဘက ဘယ်ရောက်သွားတာလဲ”

ကျုပ်လည်း သက်ပြင်းချပြီးတော့မြင်းစောင်းကြီးကို မေးငေါ့ပြလိုက်တယ်။ ပေါက်ကျိုင်းကလှည့်ကြည့်ပြီးတော့

“ဗျာ၊ မြင်းကြီးပေါက်ကျိုင်းက ကျုပ်ရဲ့အဘတဲ့လား”

“မြင်းကြီးပေါက်ကျိုင်းကလည်း သေပြီးပြီ၊ မင်းအဘရဲ့ဝိညာဉ်ကို မြင်းကိုယ်ထဲပိတ်မိအောင်လို့ အဲဒီလူက လုပ်ထားတာပဲ”

ပေါက်ကျိုင်းက သူ့နားထင်ကိုသူလက်နဲ့အုပ်ပြီး

“မဖြစ်နိုင်ဘူး၊ ဘာတွေလဲ၊ ဘာတွေဖြစ်နေသလဲဆိုတာကို ကျုပ်မသိတော့ဘူး”

ကျုပ်လည်း ပေါက်ကျိုင်းပခုံးကိုပုတ်ရင်း

“မင်းအနေနဲ့ဒီအချိန်မှာ စိတ်ရှုပ်ထွေးနေမယ်ဆိုတာကို ငါနားလည်ပါတယ်ကွာ၊ ဒါပေမယ့် စိတ်ကိုအေးအေးထားပါ၊ ဒီကိစ္စကို ငါဖြေရှင်းပေးပါ့မယ်”

ပေါက်ကျိုင်းက ကျုပ်ကိုအားကိုးတကြီးနဲ့ကြည့်ပြီးတော့

“ဒါဆိုရင် ဆရာကြီးက အဘကို ပြန်ကယ်ပေးမယ်ပေါ့နော်”

ကျုပ်ကခေါင်းညိတ်ရင်း

“လူပြန်ဖြစ်အောင်တော့ မလုပ်ပေးနိုင်ဘူး၊ ဒါပေမယ့် ဘဝကူးကောင်းအောင်တော့ ငါလုပ်ပေးနိုင်မှာပါ”

ပေါက်ကျိုင်းတစ်ယောက် မြေကြီးပေါ် ဖင်ထိုင်လဲကျသွားတော့တယ်ဗျ၊

“အရင်ဆုံးတော့ ဒီဖုတ်ကောင်ကြီးကို လိုက်ဖမ်းပြီးရှင်းလင်းရမယ်ဟေ့”

ကျုပ်ခြံဝန်းထဲကနေထွက်ခဲ့တော့ ပေါက်ကျိုင်းနဲ့ပန်းမွှေးနှစ်ယောက်သား ကျုပ်ကိုငူငူကြီး ငေးကြည့်ပြီးကျန်ခဲ့သဗျာ၊ ဒီအချိန်မှာ မြင်းဇောင်းထဲမှာအိပ်နေတဲ့ မြင်းကြီးပေါက်ကျိုင်းက ဟီသံပေးပြီးတော့ ပဒတ်တွေရပ်ပါရောဗျာ၊ ပြီးတော့အတင်းရုန်းပါရော၊ ဘယ်လောက်ရုန်းသလဲဆိုရင် မြင်းဇောင်းတိုင်တွေပါကျိုးကျပြီးတော့ နောက်ဆုံးမြင်းချည်ထားတဲ့ဇက်ကျိုးက လွတ်ထွက်သွားတယ်ဗျာ၊ ပြီးတာနဲ့ ခြံအပြင်ကိုပြေးထွက်လာပြီးတော့ ကျုပ်အရှေ့မှာလာဝပ်တယ်ဗျ၊ သူဆိုလိုချင်တာကတော့ ကျုပ်ကိုမြင်းပေါ်တက်ခိုင်းတဲ့သဘောပေါ့ဗျာ၊ ကျုပ်မြင်းပေါ်ကိုခွထိုင်လိုက်တယ်ဆိုရင်ပဲ မြင်းကြီးပေါက်ကျိုင်းက ဒုန်းစိုင်းပြေးပါရောဗျာ၊ ကျုပ်ဖြင့်ပြုတ်ကျမှာစိုးလို့ မြင်းလည်ပင်းကို အသားကုန်ဖက်ထားရသေးတာဗျ။ လက်တစ်ဖက်ကလည်း ကျိုးနေသေးတာဆိုတော့ တစ်ဖက်တည်းနဲ့ပဲ အသားကုန်တွယ်ဖက်ထားရတာ။

မြင်းကြီးက ပြေးလွှားရင်းနဲ့ နောက်ဆုံးတော့ ချုံပင်တွေကြားထဲကိုရောက်လာသဗျ၊ အနားမှလည်းဘုရားပုထိုးလေးနှစ်ဆူရှိတယ်၊ ဒီနေရာက ကျုပ်အိပ်မက်ထဲမြင်တဲ့နေရာပါပဲဗျာ၊ အဲဒီနေရာက လှည်းလမ်းလို လမ်းကလေးဖြစ်နေတယ်ဗျ၊ ပြေးရင်းမြင်းကြီးရပ်သွားတော့မှ ကျုပ်လည်းအရှေ့ကိုကြည့်လိုက်တော့ ဦးဘအေးက လမ်းလယ်ခေါင်မှာ မတ်တပ်ရပ်ပြီး ကျုပ်တို့ကိုစူးစူးစိုက်စိုက်နဲ့ကြည့်နေသဗျာ။

“အော်၊ မင်းတို့က သေချင်လို့ ဒီအထိလိုက်လာကြတာပေါ့၊ ဟုတ်လား”

ကျုပ်လည်းမြင်းပေါ်ကခုန်ဆင်းလိုက်တယ်၊ မြင်းကြီးကတော့ ပဒတ်ရပ်ပြီးတဟီဟီအသံပေးပြီးတာနဲ့ ဦးဘအေးကြီးဆီကို ဒုန်းစိုင်းပြေးသွားတာပါပဲဗျာ၊ ဦးဘအေးအနားရောက်တော့ ဦးဘအေးကို ခွာစုံနဲ့ပေါက်ဖို့ခြေထောက်မြှောက်လိုက်တဲ့အခါမှာ ဦးဘအေးက မြင်းကြီးကိုလက်ညှိုးနဲ့ထိုးလိုက်လို့ မြင်းကြီးက အနောက်ကိုလန်ပြီးတော့ ဖင်ထိုင်ပြန်ကျတယ်ဗျ၊ မြင်းကြည့်ရတာ တော်တော်နာသွားပုံရတယ်၊ ဒါပေမယ့်လည်း မြင်းကြိးက မလျော့သေးပါဘူးဗျာ၊ ပြန်ကုန်းထပြီးတော့ ဦးဘအေးဆီကိုပြေးပြန်ပါရော၊ ဦးဘအေးက လက်ညှိုးထိုးလိုက်တဲ့အခါ မြင်းကြီးကလွင့်ထွက်သွားပြန်ရောဗျာ။

“ဟေ့ကောင်မလုပ်နဲ့၊ ရပ်လိုက်စမ်း”

ကျုပ်အော်ပြီးတော့ သူ့ဆီကိုပုတီးနဲ့လှမ်းပစ်ထည့်လိုက်ပါရောဗျာ၊ ပုတီးက ပျံပြီး ဦးဘအေးဆီ တည့်တည့်ဝင်သွားပါရော၊ ဦးဘအေးက သူ့ဆီပျံဝင်လာတဲ့ပုတီးကို လက်ညှိုးထိုးလိုက်တော့ ပုတီးကလေပေါ်မှာရပ်တန့်နေသဗျ။ ကျုပ်လည်း ပုတီးကိုလက်ညှိုးထိုးပြီးတော့

“ဆက်သွား၊ သူ့ဆီတည့်တည့်ဆက်သွားလိုက်စမ်း”

ပုတီးက အရှေ့ကိုတစ်တောင်လောက်ဆက်ရွေ့သွားတယ်၊ ဒါပေမယ့် ဦးဘအေးကလည်း လက်ညှိုးနဲ့ပြန်ထိုးပြီးတော့ ခုခံနေတယ်ဗျ၊ ပုတီးက လေထဲမှာတွဲလောင်းကြီးဖြစ်နေပါရော၊ ဒီအချိန် ဦးဘအေးက ကျန်တဲ့သူ့လက်တစ်ဖက်နဲ့ ကျုပ်ကိုလက်ညှိုးထိုးလိုက်ပါရော၊ ကျုပ်လည်း အလစ်အငိုက်ခံလိုက်ရတာမို့ ရင်ဝကို အုန်းသီးလုံးကြီးတစ်လုံးနဲ့ ဆောင့်ခံလိုက်ရသလို ခံစားရပြီးတော့ အနောက်ကိုလွင့်ထွက်သွားပြီး မြေပြင်ပေါ်မှာနှစ်ပတ်လောက် ကျွမ်းပစ်ထွက်သွားပါတယ်။

လူတစ်ကိုယ်လုံးလည်း ဖုန်တွှေအလိမ်းလိမ်းနဲ့ဖြစ်သွားတာပေါ့ဗျာ၊ ဦးဘအေးက ပုတီးကိုလက်နဲ့ပုတ်ထုတ်လိုက်တော့ ပုတီးလည်းမြေပေါ်ကိုကျသွားတယ်ဗျ၊ ဒီအချိန် မြင်းကြီးက ဦးဘအေးကိုဝင်တိုးပြန်ရော၊ ဦးဘအေးက အလစ်အငိုက်ခံလိုက်ရတာမို့ မြင်းတိုက်တာခံရပြီး အနောက်ကိုလိမ့်ကျသွားတယ်။ နောက်တော့ လဲနေရာကနေ

“တယ်၊ ဒီမြင်းကတော့ ငါကြည့်နေတာအကောင်းမှတ်လို့၊ သေစမ်း၊ မြင်းကိုယ်ထဲမှာကိန်းနေတဲ့ ဖုတ်ကောင်ငအေးလည်း ထွက်စမ်း၊ ဖုတ်ကောင်ကိုယ်ခန္ဓာပျက်စမ်း”

ဦးဘအေးက မြင်းကိုလက်ညှိုးထိုးပြီးပြောလိုက်တယ်ဆိုရင်ပဲ မြင်းကြီးက တစ်ချက်တုန်တက်သွားတယ်ဗျ၊ နောက်တော့ နှာတွေတရှူးရှူးမှုတ်လာပြီးတော့ ဘေးစောင်းကြီးလဲကျသွားတယ်၊ မြင်းရင်ဘတ်က ဖားဖိုကြီးလို ပိန်လိုက်ဖောင်းလိုက်ဖြစ်နေတာဗျာ၊ အသံအကျယ်ကြီးမထွက်နိုင်တော့လို့ အသံသဲ့သဲ့ကလေးနဲ့ ညည်းနေရှာတယ်။

ဦးဘအေးက မတ်တပ်ထရပ်လိုက်ပြီးတော့

“မြင်းတော့သေပြီ၊ နောက်တစ်ယောက်ပဲကျန်တော့တယ်”

ကျုပ်လည်း လက်ကျိုးကြီးနဲ့ဆိုတော့ တော်တော်အားယူပြီးပြန်ကုန်းထရတယ်ဗျ၊ ဦးဘအေးက ကျုပ်ကိုလက်ညှိုးထိုးပြီး

“မင်းကိုငါကမသတ်ချင်လို့ တမင်တွန်းထုတ်နေတာကွ၊ ဒါကိုမင်းက သေချင်လွန်းလို့ သေတွင်းထဲကိုခုန်ဆင်းတာပေါ့၊ ဟုတ်လား၊ မင်းဒီလောက်သေချင်နေတော့လည်း ငါကသတ်ပေးရတာပေါ့ကွာ”

ကျုပ်ကိုလက်ညှိုးထိုးပြီးတော့

“နှလုံးသွေးတွေပွက်ပွက်ဆူပြီး ပါးစပ်က သွေးပွက်ပွက်အန်ကျပြီးတော့ သေစမ်းကွာ”

သူလက်ညှိုးထိုးလိုက်တာနဲ့ကျုပ်တစ်ကိုယ်လုံး ပူတက်လာတယ်ဗျာ၊ အဆိုးဆုံးကတော့ရင်ဝပဲဗျ၊ သူပြောသလို နှလုံးသွေးတွေ ပွက်ပွက်ဆူနေတာများလား မသိပါဘူးဗျာ၊ ရင်တွေပူတက်လာတာ မနေနိုင်ဘူးဗျ။ ကျုပ်လည်း မြေကြီးပေါ်ကို ဒူးထောက်ကျပြီးတော့ ကုန်းကုန်းကြီးဖြစ်သွားတယ်။ ကျုပ်ပါးစပ်ဖွင့်လိုက်တဲ့အခါ ပါးစပ်ထဲကနေ အခိုးအငွေ့တွေထွက်လာပါရောဗျာ။

ဒီအချိန် ဝုန်းခနဲ အသံအကျယ်ကြီးနဲ့အတူမီးလုံးကြီးတစ်လုံး ကောင်းကင်ပေါ်ကိုတက်သွားတာမြင်လိုက်ရတယ်ဗျ၊ မြေကြီးတွေတောင်မှ တုန်ခါသွားတယ်၊ ကျုပ်ခံစားနေရတာတွေလည်း ယူပစ်သလိုပျောက်သွားတော့တယ်၊ ဒီအချိန် ကောင်းကင်ပေါ်ကနေ အသံကြားလိုက်တယ်ဗျ။

“ငါလာတာ နောက်များကျသွားသလားကွ”

ကျုပ်မော့ကြည့်လိုက်တော့ ကောင်းကင်ပေါ်မှာ ဘုရားပျံရသေ့ကြီးက ဝဲပျံနေလို့ဗျာ၊ နောက်တော့ ကျုပ်အနားကိုဆင်းလာတယ်။

“ရသေ့ကြီး . . . ရသေ့ကြီးပါလား”

ဒီအချိန် ဦးဘအေးက မီးခိုးလုံးတွေကြားထဲကနေ ခုန်ထွက်လာတယ်ဗျ၊ ပြီးတော့ ဘုရားပျံရသေ့ကြီးကို လက်ညှိုးထိုးလိုက်တဲ့အချိန်မှာပဲ ဘုရားပျံရသေ့ကြီးက သူ့သင်္ကန်းစကို တစ်ချက်ယမ်းထည့်လိုက်တာ လေပေါ်မှာတဝုန်းဝုန်းနဲ့ လေးငါးချက်ဆက်တိုက်ပေါက်ကွဲထွက်သွားတာပါပဲဗျာ။ ဘုရားပျံရသေ့ကြီးက ဦးဘအေးကိုကြည့်ရင်း

“အမယ်၊ ဒီကောင်က စွမ်းသားဟ”

ဦးဘအေးက နောက်တစ်ချက်တိုက်ဖို့ပြင်နေတဲ့အချိန်မှာပဲ ဘုရားပျံရသေ့ကြီးက

“ကိုင်း၊ လောင်မီးကျလျှက် နတ်တို့စက်တဲ့ကွ၊ ဒင်းလောင်မီးကျပြီးတော့ မီးသွေးတုံးကြီးဖြစ်သွားစမ်းဟေ့”

ဘုရားပျံရသေ့ကြီးက တောင်ဝှေးနဲ့ညွှန်လိုက်တာနဲ့ ဦးဘအေးတစ်ကိုယ်လုံးမီးပွားကလေးတွေဖြစ်လာတယ်ဗျ၊ စက္ကူကိုမီးစတင်လောင်ရင် ဖြစ်တတ်တဲ့မီးပွားကလေးတွေလိုပေါ့ဗျာ၊ နောက်တော့ မီးအကွင်းကလေးတွေက တဖြည်းဖြည်းကြီးလာပြီးတော့ တစ်ကိုယ်လုံးကိုပြန့်သွားတယ်၊ ခဏကြာတော့မှ တစ်ကိုယ်လုံး ဟုန်းခနဲမီးတောက်လောင်တော့တာပဲဗျာ၊ ဦးဘအေးက အသံနက်ကြီးနဲ့အော်ဟစ်ပြီးတော့ မြေပေါ်မှာလဲကျသွားသဗျ၊ သူ့တစ်ကိုယ်လုံးလည်း မီးတွေစွဲလို့ပေါ့ဗျာ၊ ပါးစပ်တွေ နှာခေါင်းတွေထဲက မီးခိုးတွေထွက်ပြီး မကြာပါဘူး မီးသွေးတုံးကြီးတစ်လုံးကို မည်းကပ်သွားတော့တယ်။

“ရသေ့ကြီးလာတာမြန်ပေလို့ပဲဗျာ”

ရသေ့ကြီးက ပြုံးရင်း

“မင်းက ဘာမှမတတ်ဘဲနဲ့ လူစွမ်းကောင်းလုပ်ချင်တာကိုးကွ”

“ဘယ်လိုဗျ”

“အေးလေကွာ၊ မင်းကျင့်ထားတဲ့ကျင့်စဉ်တွေက သည်းခံခြင်းတွေ၊ မေတ္တာတရားကျင့်စဉ်တွေက ဒီလိုကျင့်စဉ်က သူများကိုရန်ပြုလို့ရတဲ့အစွမ်းမရသလို၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ကျတော့လည်း မတတ်သာလှဘူး၊ ဒါနဲ့များ ဒီလိုဖုတ်ဘုရင်ကို စိန်ခေါ်ချင်ရသေးတယ်”

“ဗျာ၊ ဒီလူက ဖုတ်ဘုရင်တဲ့လား”

ရသေ့ကြီးက မီးသွေးတုံးဖြစ်နေတဲ့ ဦးဘအေးအလောင်းကိုကြည့်ရင်း

“ဒီလူအကြောင်းကို ငါစုံစမ်းနေတာကြာပြီကွ၊ မိခါနီးပြီဆိုရင် ကွင်းဆက်ပြတ်ပြတ်သွားလို့ဟေ့၊ အခုတော့ မင်းနဲ့မှ ပက်ပင်းတိုးတာပဲ”

ရသေ့ကြီးက ကျုပ်ဘက်ကိုလှည့်ပြီး

“မင်းဒီလိုမျိုး ဖုတ်ကောင်တွေနဲ့တိုက်ခိုက်ချင်တယ်ဆိုရင်တော့ ဘုရားပျံဂိုဏ်းထဲသာဝင်လိုက်စမ်းပါ၊ တို့ဂိုဏ်းထဲဝင်ရင် အားလုံးနဲ့တိုက်ခိုက်လို့ရမယ်”

“အိုဗျာ၊ မဝင်ချင်ပါဘူး၊ ကျုပ်မတိုက်ခိုက်ချင်ဘူး”

“မတိုက်ခိုက်ချင်ရင် အိမ်မှာနေပေါ့ကွ၊ အခုဘာဖြစ်လို့ ဒီနေရာကိုရောက်နေရတာလဲ”

“ဒါကတော့ဗျာ၊ ဒီလူ့အကြောင်းသိပြီး ခံပြင်းတာနဲ့လိုက်လာခဲ့ရတာ”

ရသေ့ကြီးက ကျုပ်ကိုကြည့်နေရင်း

“ဘာလို့ခံပြင်းတာလဲ”

“ဒီလူက မကောင်းတာတွေလုပ်နေတာကိုးဗျ၊ ဒါကြောင့်ခံပြင်းတာပေါ့”

“ဟား၊ ဟား အဲဒီခံပြင်းတာက မကောင်းသူပယ်တဲ့စိတ်ဓါတ်ရဲ့အရင်းခံပေါ့ကွာ”

“ဗျာ”

“မဗျာနဲ့၊ လောကကြီးမှာ ကောင်းတဲ့သူတွေသာ သူ့အလိုလိုသေတတ်တာကွ၊ မကောင်းတဲ့လူကျတော့ တစ်ယောက်ယောက်က အဆုံးမသတ်ပေးမချင်း မသေနိုင်ကြဘူး၊ သက်ဆိုးရှည်တယ်လို့ပဲ ဆိုရမှာပေါ့ကွာ၊ တို့ဘုရားပျံတွေဆိုတာ မကောင်းတဲ့လူမှန်းသိတာနဲ့ လိုက်ပြီးနှိမ်နင်းဖယ်ရှားကြတယ်၊ ဒါမှ ကောင်းတဲ့လူတွေကို ဒုက္ခမပေးနိုင်မှာလေကွာ”

ဒီအချိန် ကျုပ်မျက်လုံးထဲ ဝင်းခနဲအရောင်တစ်ခုလက်သွားတယ်ဗျ၊ ပြီးတာနဲ့ ရသေ့ကြီးရဲ့ကျောကုန်းမှာ စိန်ရောင်ခြည်လို့ ဝင်းလက်နေတဲ့အရောင်တစ်ခုကပေါက်ကွဲထွက်သွားပြီးတော့ ရသေ့ကြီးလည်း ကျောကော့ပြီး မြေပေါ်ကိုဒူးတစ်ဖက်ထောက်လျှက်သား လဲကျသွားတော့တယ်၊ ကျုပ်ကြည့်လိုက်တော့ ဦးဘအေးအလောင်းကောင်ကြီးက မတ်တပ်ထရပ်နေသဗျာ။

သူ့ကိုယ်မှာလောင်ကျွမ်းထားတဲ့ အသားမည်းမည်းကြီးတွေ တဖြည်းဖြည်းနဲ့ကွဲကျပြီးတော့ အဲဒီအောက်ကနေ နဂိုအရေပြားပြန်ဖြစ်လာတယ်ဗျ၊ မျက်စိရှေ့မှာတင်ပဲ ဦးဘအေးပုံစံပြန်ဖြစ်သွားပါရော၊ ရသေ့ကြီးက ဦးဘအေးကိုကြည့်လိုက်ရင်း

“မင်း . . . မင်း တော်တော်အသက်ပြင်းတဲ့ကောင်ပါလားကွ”

ဦးဘအေးက ရယ်မောရင်း

“ဟား၊ ဟား ခင်ဗျားသူများကိုပဲ ဒီလိုလုပ်လို့ရမယ်၊ ကျုပ်ကိုတော့ ဒါမျိုးလာလုပ်လို့မရပါဘူးဗျ”

ရသေ့ကြီးက တောင်ဝှေးကိုအားပြုပြီး မတ်တပ်ရပ်မယ်အလုပ်မှာ သူ့ပါးစပ်ထဲက သွေးတွေက အထွေးလိုက်ကြီးအန်ကျလာပါရော၊ သူ့ကိုယ်ကလည်း ယိုင်နဲ့သွားတာနဲ့ ကျုပ်ကပြေးထိန်းပေးထားလိုက်ရတယ်။ ဦးဘအေးက ရသေ့ကြီးကိုကြည့်ရင်း

“ခင်ဗျားကြီးအသာနေစမ်းပါအုံးဗျာ၊ လရောင်ကုန်တဲ့ညကျရင် ကျုပ်ရဲ့လက်အောက်ငယ်သားတွေအကုန်နိုးထလာလိမ့်မယ်ဗျ၊ ဟောဒီပေါက္ကံပြည်ကြီးတစ်ခုလုံးကို ကျုပ်ရဲ့ငယ်သားတွေအုပ်စိုးပြီး ကျုပ်ကပြန်ပြီး မင်းမူမယ်ဗျာ”

“မင်းဘယ်သူလဲ”

“ကျုပ်လား၊ ကျုပ်က တမ္ပဝတီပြည့်ရှင် အရည်းဘုရင် ငထေရှင်ပဲ”

အဲဒီလိုပြောပြီးတော့ ဦးဘအေးက ဝမ်းခေါင်းသံကြီးနဲ့ရယ်တယ်ဗျာ၊ သူရယ်ပြီးတာနဲ့ လေပွေတစ်ခုအဖြစ်ပြောင်းလဲသွားပြီးတော့ ကျုပ်တို့မျက်စိရှေ့မှာတင်ပဲ ပျောက်ကွယ်သွားပါရော၊ ကျုပ်လည်းငေးရင်းကျန်နေခဲ့တယ်။

“တောက်”

ရသေ့ကြီးက တောက်တစ်ချက်ခေါက်လိုက်တယ်ဗျ၊ သူ့သင်္ကန်းကိုကြည့်လိုက်တော့ ကျောက သင်္ကန်းမှာတစ်ထွာပတ်လည်လောက်ရှိတဲ့ အပေါက်ကြီးဖြစ်နေပါရောဗျာ၊ ရသေ့ကြီးရဲ့ကျောမှာလည်း တစ်ထွာပတ်လည်လောက်အပေါက်ကြီးဖြစ်ပြီး အသားတွေက မီးသင့်သလိုမျိုး နီရဲနေပါရောလား။

“ဟာ၊ ရသေ့ကြီး ဒဏ်ရာပြင်းတယ်နော်”

“မပူပါနဲ့ကွာ၊ ဒီကောင့်ကိုငါနိုင်ပါသေးတယ်ကွ၊ ငါဒီကောင့်ကို ရအောင်တားမယ်”

“ဘယ်လိုလုပ်ကြမလဲဗျာ၊ ဒီဒဏ်ရာကြီးနဲ့ ရသေ့ကြီးဘယ်လိုလုပ်နိုင်မှာလဲ”

“ငါ့အသက်ကို သစ္စာဆိုပြီးထိန်းထားမယ်၊ ဒီရက်ပိုင်းအတွင်း ဒီကောင့်ကိုနှိမ်နင်းရမယ်”

“အဲဒီလိုလုပ်လို့ရသလား ရသေ့ကြီး”

“ရတယ်အောင်ရှိန်၊ ဒါပေမယ့်် ငါကြာကြာမနေရတော့ပါဘူးကွာ၊ အလွန်ဆုံးခံရင် ခုနစ်ရက်ပဲကွ”

“ဗျာ၊ ဒါဆို အဲဒါပြီးရင် ရသေ့ကြီးသေသွားမှာလား”

ရသေ့ကြီးကခေါင်းညိတ်တယ်ဗျ၊ သေခြင်းတရားဆိုတာကိုတောင် မကြောက်မလန့်ဘဲ ရဲရဲဝံ့ဝံ့ရင်ဆိုင်ရဲတဲ့ ရသေ့ကြီးစိတ်ဓါတ်ကို ကျုပ်ချီးကျူးမိပါတယ်ဗျာ။ ရသေ့ကြီးက ထထွက်သွားတော့ ကျုပ်လည်း မြင်းကြီးကိုတစ်ချက်ကြည့်လိုက်မိတယ်ဗျ၊ မြင်းကြီးက သေနေပြီဆိုပေမယ့် အသက်ငွေ့ငွေ့တော့ရှိသေးတဲ့ပုံပါပဲ၊ သူ့မျက်လုံးရွဲကြီးတွေနဲ့ ကျုပ်ကိုလိုက်ကြည့်နေတယ်၊ ကျုပ်လည်း သူ့အနားသွားထိုင်ပြီးတော့

“ကဲ ဦးဘအေးရေ၊ ခင်ဗျားစိတ်ချလက်ချသာ သွားဗျာ၊ ကျန်တာတွေအကုန်လုံးကို ကျုပ်ကြည့်ကောင်းအောင်လုပ်လိုက်ပါ့မယ်”

မြင်းကြီးက မျက်တောင်တွေပုတ်ခတ်ပုတ်ခတ်လုပ်ပြတယ်ဗျ။

“ပေါက်ကျိုင်းကိုလည်း စိတ်ချပါတော့၊ သူလည်းအရွယ်ရောက်နေပါပြီ”

အဲဒီလိုပြောလိုက်တော့မှ မြင်းကြီးက ဟီးခနဲသက်ပြင်းတစ်ချက်ချပြီးတော့ ငြိမ်သက်သွားပါရောဗျာ၊ ကျုပ်လည်း ခပ်လှမ်းလှမ်းရောက်နေတဲ့ ဘုရားပျံရသေ့ကြီးအနောက်ကို အပြေးလိုက်သွားလိုက်ပါတော့တယ်။ ရသေ့ကြီးက ပါးစပ်ကနေ တဖွဖွရွတ်နေတယ်ဗျ၊ လမ်းလျှောက်တာလည်း ထုံးစံအတိုင်း ထော့နဲ့ထော့နဲ့နဲ့ပေါ့ဗျာ၊ သင်္ကန်းစကနေ သွေးတွေစီးကျနေတာ မြင်မကောင်းဘူးဗျာ။

“ရသေ့ကြီး ဘာတွေရွတ်နေတာလဲ”

“ဟိုကောင်ပြောသွားတာ ကြားတယ်မဟုတ်လား၊ လရောင်ကုန်တဲ့ညကျရင် သူ့လူတွေနိုးထမယ်ဆိုတာလေ”

“ဟုတ်ကဲ့ ကြားပါတယ်၊ ဒါပေမယ့် လရောင်က မကုန်ဘူးမဟုတ်လား”

“မင်းနှယ်ကွာ၊ လရောင်ကုန်တဲ့ညဆိုတာ လကွယ်ညကိုပြောတာကွ၊ အဲဒီအခါ သူက သူ့လူတွေကိုစုစည်းလိမ့်မယ်”

ကျုပ်လည်း မျက်ခုံးပင့်လိုက်ပြီးတော့

“သူ့လူတွေဆိုတာက ဘယ်သူတွေများလဲ”

ကျုပ်တွေးနေရင်း နေ့လည်ကဆေးကုပေးတဲ့အဖြစ်ကို ခေါင်းထဲပြန်ရောက်လာခဲ့တယ်ဗျ၊ ကျောပေါက်ကြီးနဲ့ သေမလိုဖြစ်နေတဲ့လူနာက အကောင်းပကတိဖြစ်သွားပြီးတော့ ငုတ်တုတ်ထထိုင်တာမဟုတ်လား။

“ဟာ၊ ရသေ့ကြီး ကျုပ်သိပြီ၊ သူက သေခါနီးလူနာတွေကိုဆေးကုပေးတယ်ဆိုပြီး ဧကန္တ ဖုတ်တွေသွင်းပေးနေတာများလား”

“မင်းသိရင်ပြီးတာပါပဲ”

“ဟာ၊ သူက ဒီနေရာမှာ ဆေးကုလာတာ နှစ်ကိုဆယ်နဲ့ချီကြာနေပြီဆိုတော့ သူ့လူတွေတော်တော်များနေလောက်ပြီဗျ”

“ဒါပေါ့ကွာ၊ မနက်ဖြန်ကတော့ တော်တော်အရေးကြီးတဲ့နေ့ပဲဟေ့၊ အဲဒီနေ့မတိုင်ခင် ငါသူ့ကိုနိုင်ရင်နိုင် မနိုင်လို့ကတော့ ဟောဒီတစ်မြို့လုံးကလူတွေအဖြစ်ကို တွေးတောင်မတွေးရဲဘူးကွာ”

“နေပါအုံးရသေ့ကြီးရ၊ သူက လကွယ်ညလို့ပြောတာမဟုတ်လား”

“အေးလေကွာ၊ မနက်ဖြန် လကွယ်ညလေကွ”

“ဗျာ”

ကျုပ် ဗျာတစ်လုံးပဲပြောလိုက်နိုင်ပါတော့တယ်ဗျာ။

ဆက်ရန်။

အဂ္ဂဇော်