အလင်းသွားချင်နေသူများ

သည်နှင့် ပညာရပ်များ မရှိတော့ဟု အရပ်သုံးစကားသည်က လွယ်ကူမနေပေ။ဆူးတချောင်း စူးနေက ထိုစူးအား ဖယ်ပစ်ဖို့ရာအတွက် လိုအပ်သည်များရှိသည်။ဆူးစူးခံရသော ကာယကံရှင်သည်လည်း ဆူး၏အတိမ်းအနက်အလိုက် ဆူးနုတ်ချိန် နာကျင်မှုသည်က ရှိပေသည်။မနှုတ်ဘဲထားက အထမ်းထက် အဆွဲလေး ဖြစ်နိုင် သည်ပင်။ထို့ကြောင့် ဦးဝင်းမြင့်သည် အခါအခွင့်သင့်သည်နှင့် ဇနီးဖြစ်သူ၏ပညာရပ်များ စွန့်လွှတ်နိုင်ရန် ဦးဖိုးဝေအား ပင့် ဆောင်လာခြင်းဖြစ်သည်။ဦးဝင်းမြင့်သည် အတွေးပေါင်းစုံနှင့် ငြိမ်သက်နေချိန် အိမ်ဝိုင်းအ၀တွင် အမျိုးသမီးတဦး ပေါ် လာလေသည်။ထိုအမျိုးသမီးသည် အသက်အားဖြင့် လေးဆယ်ကျော်အရွယ်မျှသာရှိပြီး ဆံပင်ကို ဖားလျားချထားကာ ထမိန်တိုတိုဝတ်ထားပြီး မျက်နှာသည် မာ‌ကျောခက်ထန်လှသည်။ထို့နောက် အိမ်ထဲသို့ဝင်လိုက်ချိန်တွင် ထိုင်နေသော ဦးဖိုးဝေတို့သုံးယောက်အနက် ဦးဝင်းမြင့်မှ

   “ဘယ်သူလဲ “

   “နင်က မနီရဲ့ယောက်ျားလား”

    “ဘာပြောတယ် နင့် အသက်အရွယ်နဲ့ ငါ့မိန်းမကို မနီလို့ ခေါ်နေတာလား”

    “နင် သိပ်စကားများတာပဲ ဟုတ်လား မဟုတ်ဘူးလားဘဲ ပြောပါ “

   “ဟုတ်တယ် နင်က ဘယ်သူလဲ “

   “နင်က နင့်မိန်းမရဲ့ပညာတွေကို နှုတ်ဖို့ ဆရာခေါ် ထားတယ်ဆိုတာ သူတို့လား”

    ထိုအမျိုးသမီးသည် ဦးဖိုးဝေနှင့် သူရိယကို ကြည့်ကာ လက်ညိုးထိုးပြရင်း စကားဆိုလေသည်။ထိုအခါဦးဝင်းမြင့်သည်

    “ဟေ့ကောင်မ နင် အတော်မိုက်ရိုင်းပါလား ငါ့အိမ်ပေါ်လဲ အချိန်မရှိ တက်လာသေးတယ် ငါ့ဧည့်သည်ကိုလည်း မိုက်ရိုင်းနေသေးတယ် နင်က ဘာလဲ”

    “ငါ ဘာဆိုတာ အရေးမကြီးဘူး နင့်မိန်းမကို ပညာနှုတ်ဖို့ အတွက် ငါ လက်မခံနိုင်ဘူးဟေ့”

     အမျိုးသမီးသည် ခပ်တိုတိုဝတ်ထားသော သူမ၏ထမိန်ကို ဆွဲပြီး ရန်တွေ့ နေရာ အတော်ကို မြင်မကောင်းသည့် အနေအ ထားဖြစ်သွား၍ ဦးဝင်းမြင့် မျက်နှာလွှဲလိုက်ရသည်အထိ ဖြစ်သည်။ထို့နောက် ဦးဝင်းမြင့်သည်

   “ဒီမှာ မိန်းကလေး ကျုပ်တို့ကို မနှောက်ယှက်ပါနဲ့ “

   “နှောက်ယှက်တာ မဟုတ်ဘူး နင့်မိန်းမကို ကာကွယ်နေတာ “

    “တော်စမ်းပါ နင်က ဘာမို့လို့ ဒီစကားပြောနေတာလဲ”

    သူစိမ်းအမျိုးသမီး နှင့် ဦးဝင်းမြင့်စကားများနေပေမဲ့ ဦးဖိုး ဝေ နှင့် သူရိယသည် မည်သည့်စကားမှ ဝင်ရောက်ပြောဆိုခြင်းအမှုမပြုပေ။ထို့နောက် သူစိမ်းအမျိုးသမီးသည် သူမအား ပြန်မပြောဝံ့ဘူးအထင်ရောက်သွားဟန်ရှိ၏။ဦးဖိုးဝေနှင့် သူရိယ ကိုလည်း စတင်ပြောဆိုပါလေတော့သည် ။

    “ဟဲ့ နင်တို့က အထက်လမ်းဆရာတွေလား”

    သူစိမ်းအမျိုးသမီးသည် သူမ မေးသည်ကို ပြန်လည်ဖြေ ကြားခြင်းမရှိသောဦးဖိုးဝေတို့အား ရိုင်းစိုင်းစွာ စတင်ဆက်ဆံလာပါလေတော့သည်။

    “နင်တို့တွေကြည့်ရတာ ဆရာလိမ်နဲ့တူတယ် ဘာမှတတ်မဲ့ပုံလည်းမပေါ်ဘူး”

    ဦးဖိုးဝေ မည်သည့်တုံ့ပြန်မှုမျိုးမှ မလုပ်သောကြောင့် အိမ်ရှင်ဖြစ်သော ဦးဝင်းမြင့်သည် မနေသာတော့ပဲ သူစိမ်းအမျိုးသမီးအား အိမ်ပေါ်မှ နှင်ချလေသည်။

    “ဟဲ့ ကောင်မ နင်ကအတော်ရိုင်းပါလား ငါ့အိမ်ပေါ်လည်း တက်လာသေးတယ် ငါ့ဧည့်သည်တွေကိုလည်း ရိုင်းသေးတယ်  နင်က ဒီရွာကလည်းမဟုတ်ဘူး  နင်က ဧည့်သည်ကောင်းမဟုတ်ဘူး ငါ့အိမ်ပေါ်က ဆင်းတော့”

    “ဟား ဟား ဟား “

    အမျိုးသမီးသည် မခန့်လေးစားကျယ်လောင်စွာ ရယ်မောနေသောကြောင့် ဦးဝင်းမြင့် မကျေမနပ်ဖြစ်ကာ မတ်တတ်ရပ်ရန် ပြင်လိုက်သော်လည်း ထမရဖြစ်နေပြီး အမျိုးသမီးသည် သူ့အားကြည့်ကာ လက်ခုပ်လက်ဝါးတီးကာ သဘောကျစွာရယ်မောနေပါလေတော့သည် ။

◾အခန်း (၃)

     ကောင်းကင်ယံတွင် လိမ့်ခွေနေသောအမျိုးသမီးများသည် အရောင်တလက်လက်နှင့်ပင် တိမ်များကြားထဲတွင် ရယ်မောနေကြသည်။ထိုမြင်ကွင်းအား မြေပြင်မှကြည့်က မီးလုံးများဟုသာ ထင်နိုင်ပေ၏။ရပ်ရွာမှလူများသည် ထိုအရာကို စုန်းတောက်စားသည်ဟု ခေါ်တွင်ကြပေသည်။တိမ်များကြားထဲ တွင် အရိုးအဆစ်များမပါသည့်အလား လုံးခွေနေသော ပညာ သည်များသည် တိမ်အခိုးအငွေ့များကို ပါးစပ်များဟလျက် စားနေရင်းမှ အချင်းချင်းစကားဆိုနေကြသည်။

    “မနီ နင် ပညာတွေ စွန့်တော့မယ်ဆို “

    “အေး ငါ ဒီနေ့တောင် မလာတော့ဘူးလို့ တွေးနေတာ”

    “ပညာတွေမရှိပဲ နင် နေနိုင်လို့လား “

    “နေနိုင်အောင် ကြိုးစားရမှာပေါ့”

    “ငါကတော့ မနေနိုင်ပါဘူး ငါ့ကို မျက်စောင်းထိုးကြည့်တဲ့ကောင်မတွေကို ငါ့အကြောင်းသိအောင် ပြရဦးမယ်”

    “ငါလည်း အဲ့ဒီစိတ်တွေ ပေါ်လာလို့ ပညာတွေစွန့်ချင်တာ “

    “ပညာသည်ပဲဟယ် ပညာနဲ့ပြုစားတာ ဆန်းလို့လား”

     လိမ့်ခွေနေပြီး တိမ်များကြားထဲတွင် မီးတောက်ပမာ အရောင်များတောက်ကာ တိမ်ညွန့်စားနေကြသော ပညာသည်များ ပြောနေကြသည့်စကားဖြစ်သည်။လေးယောက်သော ပညာသည်တို့အနက် ဒေါ်နီအား တခြားသောပညာသည်တို့မှ စကားဆိုနေခြင်းဖြစ်သည်။ထို့နောက် ဒေါ်နီသည်

    “မိစူး မပါဘူးလား “

     “နင့်ကိုသွားခေါ်တာပဲ ဒီကောင်မကလည်း နင့်လိုပဲ ပညာစွန့်ချင်နေတာ “

    “ငါ့အိမ်မှာ ငါ့ပညာကိုအလှုခံမဲ့ဆရာတွေ ရောက်နေတယ် သူတို့နဲ့များ ပြဿနာတက်နေလားမသိဘူး”

    “ငါလည်း မပြောတတ်ဘူး”

    “ငါ ပြန်လိုက်ဦးမယ် ညည်းတို့လည်း ကောင်းကောင်းမွန်မွန်နေကြ သူတပါးတဖက်သားကို ဒုက္ခမပေးကြနဲ့ ကြားလား”

    ဒေါ်နီသည် တိမ်များကြားမှ အောက်သို့လှိမ့်ဆင်းရန် ပြင်လိုက်စဉ် သူမ၏ဆံပင်နေ၍ တယောက်ယောက်မှ ဆွဲခေါ်သွားသဖြင့် အလိုရှိရာသို့မသွားနိုင်ပဲ ထိုသူခေါ်ရာနောက်သို့သာပါသွားလေသည်။အနောက်တွင်တော့ သူမ၏အပေါင်းအသင်းများသည်လည်း လိုက်ပါလာကြသည်။များမကြာသောအချိန်တွင် သစ်ပင်ကြီးများပေါက်ရောက်နေသည့် တောင်ထိပ်တခုသို့ရောက်လာသည်။ထိုအခါမှ ဒေါ်နီ၏ဆံပင်ကို ဆွဲကာခေါ်လာသူသည် ဆံပင်အားလွှတ်၍ ဒေါ်နီအား တောင်ထိပ်မြေကွက်လပ်ဆီသို့ ပစ်ချလိုက်၏။မီးတောက်ပမာလင်းလက်နေသော ဒေါ်နီ ၏ခန္ဓာကိုယ်သည် မတောက်ပတော့သလို ခွေခေါက်နေသော ခန္ဓာကိုယ်သည်လည်း ပြန်လည်ဆန့်တန်းလာကာ သာမာန်လူတယောက်အနေအထားကဲ့သို့ ပြန်ရောက်လာသည်။

     လရောင်ထွန်းလင်းနေသောတောင်ထိပ်တွင် ဒေါ်နီ လဲကျနေပြီး သူရှေ့တွင်တော့ မျက်နှာခက်ထန်လှသည့် မိန်းမပျိုတယောက် ထိုင်နေသည်။သူ၏နောက်တွင် ဒေါ်နီ၏ အပေါင်းအ သင်းများသည် စိုးထိတ်နေသောမျက်နှာတို့ဖြင့် ကြည့်နေကြသည်။မိန်းမပျိုသည် ရုပ်ရည်နှင့် မလိုက်ဖက်လှစွာ ခက်ထန်မာကျောသောစကားသံဖြင့် သူမ၏ ရှေ့မှ ဒေါ်နီအား စကားဆိုလေသည် ။

    “ကောင်မ နင်က ပညာတွေ စွန့်မယ်ဆိုဟုတ်လား””

   “ဟုတ်တယ် ဒီမကောင်းတဲ့ပညာ‌တွေနဲ့ ငါ မရှင်သန်နိုင်တော့ဘူး “

   “ညည်းက အတော်ကို သတ္တိကောင်းနေတယ်ပေါ့လေ”

   “ငါ့ကို လွှတ်ပေးတော့ “

   “ဟားးး ဟားးးး ငါတို့ ရထားတဲ့ပညာတွေက လွယ်လွယ်နဲ့ စွန့်လို့ ရမယ််‌များ ထင်နေလား မိနီ “

    မိန်းမပျိုလေးသည် အမြင်အရ ဒေါ်နီ၏သမီးအရွယ်သာ ရှိသေး၏။ထိုအရွယ်မိန်းကလေးတယောက်ကို ဒေါ်နီအပါအဝင်် ကျန်သောသူများက အဘယ်ကြောင့် တုန်နေအောင်ကြောက်နေကြသနည်း။ထိုသို့ကြောက်ရခြင်းမှာ အ‌ကြောင်းရှိသည်။မိန်းမ‌ ပျိုလေးပုံစံဖြစ်နေသော်လည်း သူမသည် အသက်ရာကျော်နေပြီဖြစ်‌ကာ အတွေ့အကြုံရှိရင့်စုန်းအိုမတယောက်သာ ဖြစ်သည် ။ထိုအတွက် အားလုံးမှ ကြောက်နေရခြင်းလည်း ဖြစ်သည်။မိန်းမပျိုလေးတယောက်၏ကိုယ်ခန္ဓာထဲသို့ ထုံကူးထားခြင်း‌ ကြောင့်သာ ပျိုမြစ်နုနယ်နေခြင်း ဖြစ်သည်။သူမသည် မယ်ဝါဟု အမည်ရပြီး ယခု တောင်ကုန်းပေါ်တွင်ရှိသောပညာသည်များ အားလုံးထဲတွင် ပညာအမြင့်ဆုံးဖြစ်ကာ အတော်ပင် ရက် စက်တတ်သူတယောက် ဖြစ်လေသည်။မယ်ဝါသည်  သူမ၏ ‌ရှေ့တွင်ရှိ‌နေသော ဒေါ်နီအား လက်ညှိုးထိုးလိုက်ကာ သူမ၏ အနောက်မှ ပညာသည်များကို ခပ်မာမာစကားဆိုလာသည် ။

    “ကောင်မတွေ မှတ်ထားကြ ဒီပညာကိုစွန့်တဲ့ဘယ်သူမဆို ဘယ်တော့မှ အရှင်စွန့်လို့ရမှာမဟုတ်ဘူးဆိုတာပဲ ငါတို့ရထားတဲ့ပညာရပ်ကို စွန့်ချင်တယ်ဆိုတဲ့ကောင်မရဲ့ ဇာတ်သိမ်း ဘယ်လိုဖြစ်မယ်ဆိုတာ နင်တို့ အရင်ကြည့်ထားကြ “

    မယ်၀ါသည် သူမ၏လက်ကို တခုခုအား ဆုပ်ညှစ်ဟန်ပြုလိုက်ရာ ဒေါ်နီသည် သူမ၏လည်ပင်းကို လက်နှစ်ဖက်နှင့် ကိုင် ကာ အသက်ရှုကြပ်ဟန် ဖြစ်‌နေလေသည််။ထို့နောက် မယ်ဝါသည် မချိမဆန့်ဝေဒနာခံစားနေရသော ဒေါ်နီကို ကြည့်ကာ တခစ်ခစ်ဖြင့် ရယ်မောနေလေသည်။ထို့နောက် ဆုပ်ညှစ်ဟန်ပြုထား‌သောလက်ကို အပေါ်သို့ မြှောက်လိုက်ရာ ဒေါ်နီသည် လည်း မြေပြင်မှ လိုက်ကြွတက်ကာ လေ‌ပေါ်သို့ တဖြည်းဖြည်းနှင့် မြောက်တက်သွားပြီး ကြိုးဆွဲချခံထားရသည့်လူတယောက်ပမာ ဝေဒနာကို ပြင်းစွာခံစားနေရလေသည်။ထိုအဖြစ်အပျက်ကို မြင်နေရသော ဒေါ်နီ၏အပေါင်းအပါသုံးယောက်တို့သည် မယ်ဝါ၏ရှေ့တွင် ဒူးထောက်လိုက်ကြပြီး

    “အမကြီး တခါလောက်တော့ ခွင့်လွှတ်ပေးပါ ကျမတို့ သူ့အစား တောင်းပန်ပါတယ် “

   “နင်တို့က သူ့ကို အာမခံနိုင်လို့လား’

   “ကျမတို့ သူ့ကို ဖြောင်းဖျပါ့မယ် မသတ်လိုက်ပါနဲ့ အမကြီး”

   “နင်တို့လူကို နင်တို့ ပြောနိုင်တာသေချာလား “

    “သေချာပါတယ် အမကြီး “

    “ကဲ အဲ့တာဆိုလည်း ‌ပြောကြည့်ပေါ့ မရဘူးဆိုရင်တော့ တခါတည်း ဇီဝိန်ချွေပစ်မယ် “

   “ဟုတ် ဟုတ်ကဲ့ပါ အမကြီး “

    မယ်ဝါသည် ဆန့်တန်းထား‌သောလက်ကို လွှတ်လိုက်သည့်အခါ ဒေါ်နီ လေပေါ်မှပြန်ကျလာပြီး ချောင်းတဟွတ်ဟွတ်ဆိုးကာ အသက်ပြင်းစွာရှုနေရပြီး မြေပြင်တွင် လဲကျနေသည်။ထိုအခါမှ ကျန်‌သောအပေါင်းအဖော်သုံးယောက်တို့သည် ဒေါ်နီ၏အနားလာကာ ဖေးကူလိုက်ပြီး ဂရုဏာသက်စွာဖြင့် စကားဆိုကြလေသည် ။

   “မနီရယ် ငါတို့ပြောပါတယ် ငါတို့ပညာ‌တွေက စွန့်လို့မရပါဘူးဆိုတာကို အခု နင်ခေါ်ထားတဲ့ ဆရာလည်း ဘာမှမတတ်နိုင်ဘူးမဟုတ်လား “

    “ဘယ်လိုလုပ် သိနိုင်မှာလဲ ငါတို့က သူတို့မသိနိုင်လောက်တဲ့တောင်တန်းတွေဖက် ရောက်‌နေတာကိုး “

   “အေး မနီ ခေါ်ထားတဲ့ဆရာက ဘာအစွမ်းမှမရှိဘူး ထင်ပါတယ်”

    အပေါင်းအသင်းများက မည်သို့ပင်ယုံကြည်မှုမရှိစေကာမူ ဒေါ်နီသည်က ဦးဖိုးဝေတို့အား ယခုအချိန်အထိ ယုံကြည်‌နေသေး၏။ထို့ကြောင့် အသက်ရှု၍ စကားပြောလာနိုင်သည်နှင့် ‌ ဒေါ်နီသည် သူမအား ‌ကျောပေး၍ ရပ်နေသောမယ်ဝါကို ကြည့် လိုက်ကာ

    “ကျမကတော့ ဒီပညာရပ်တွေကို စွန့်မှာ သေရင်သေပါစေ မကောင်းတဲ့ပညာရပ်ကို နဲနဲလေးတောင် မရှိစေချင်တော့ဘူး”

   “ဘာ “

    မယ်၀ါသည် စိတ်ဆိုးလွန်း၍ သူမ၏ဆံပင်တို့သည်ပင် လေ‌ ပေါ်တွင် ဝဲပျံနေသည်။မျက်လုံးတို့သည်လည်း သာမာန်မဟုတ်တော့ပဲ အဖြူရောင်ပျောက်ပြီး မဲနက်လို့နေလေရာ ဒေါ် နီအား ဖေးမထားသော ပညာသည်သုံးယောက်သည်ပင် လန့်ဖျန့်ကာ ဒေါ်နီအား ဖေးမထားသည်ကိုလွှတ်ချခဲ့ကာ ခပ်လှမ်းလှမ်းတွင် ရပ်နေလိုက်ကြပါသည် ။

◾အခန်း (၄)

     ဦးဝင်းမြင့်၏အိမ်တွင်ဖြစ်သည်။အိမ်ထဲသို့ ရောက်လာသော သူစိမ်းအမျိုးသမီးသည် သူမ၏ ပြောစကားအား ပြန်မပြောနားမထောင်လုပ်နေသော ဦးဖိုးဝေ နှင့် သူရိယအား ဒေါသပုန်ထနေ သည်။ထို့အပြင် အသံကျယ်လောင်စွာနှင့် စကားပြောနေသောထိုအမျိုးသမီး၏အသံကြောင့် ပတ်ဝန်းကျင်မှ လူများနိုးကုန်ကြပြီး လာရောက်စူးစမ်းကြမည်ကို စိုးရိမ်နေသူမှာ ဦးဝင်းမြင့် ဖြစ်ပေသည်။အတန်ကြာအောင် ကျယ်လောင်စွာ အော်ဟစ်စကားဆိုနေသော်လည်း ပတ်ဝန်းကျင်မှ လူမပြောနှင့်။ခွေးများပင် မဟောင်၍ ဦးဝင်းမြင့် အံ့ဩရပြန်သည်။သို့ပေမဲ့ သူပင့်ထားသော ဦးဖိုးဝေတို့အား စော်ကားနေသော ထိုအမျိုးသမီးအား တားဆီးမှသာ သင့်တော်မည် မဟုတ်ပါလား။ထို့ကြောင့် အသံမာမာဖြင့် ဆက်၍တားရပြန်လေ၏ ။

    “မိန်းကလေး ညည်း အတော် လွန်နေပြီနော် ငါ့အိမ်ပေါ်က ဆင်းစမ်း”

    “နင်က အတော်တုန်းတာပဲ ငါတို့ပညာတွေကို ဘာအဆင့်မှ မရှိတဲ့ ဆရာယောင်ယောင်ကောင်တွေက ထုတ်ပေးလို့မရဘူး “

    အချိန်အတန်ကြာသည်အထိ စကားမပြောသော ဦးဖိုးဝေသည် သူ၏ရှေ့တွင် ထမိန်စွန်တောင်ဆွဲပြီး စကားဆိုနေသော  အမျိုးသမီးအား သေချာကြည့်ကာ

    “နင်က ဒီမှာ ငါတို့ကို ရန်တွေ့နေ နင် ခင်လှပါချည်ရဲ့ဆိုတဲ့ မနီကတော့  ဒုက္ခရောက်နေလောက်ပြီ “

    “နင် ဘာစကားပြောတာလဲ နင်က ဘာသိလို့လဲ “

   “မယ်ဝေဆိုတဲ့ ထုံကူးထားတဲ့ ပညာသည်ဆိုရင်တော့ နင် သိမှာပေါ့”

    ဦး‌ဖိုးဝေ၏စကားကြောင့် သူစိမ်းအမျိုးသမီးသည် သူမ၏ မျက်လုံးကို ခေတ္တမှိတ်လိုက်၏။ထို့နောက် တခုခုအား စိုးရိမ် ထိတ်လန့်သည့်အမူအယာဖြင့် အိမ်ပေါ်မှဆင်းသွားသည်နှင့် ချက်ခြင်းပင် ခွေခေါက်ပြီးအ‌ရောင်များတောက်ပလာကာ ကောင်းကင်ယံသို့ ပြန်တက်သွားလေသည်။ထိုအမျိုးသမီး ပြန်တက်သွားသောအခါ ဦးဝင်းမြင့်သည် စိုးရိမ်ထိတ်လန့်သည့်ဟန်နှင့်

   “ဆရာကြီး ကျုပ် ကျုပ်မိန်းမ ဒုက္ခရောက်နေပြီလား”

   “ဘာမှ မပူပါနဲ့ မကြာခင် အကြောင်းစုံသိရ‌တော့မှာပါ “

    ဦးဖိုးဝေ၏စကားကြောင့် ဦးဝင်းမြင့် အနည်းငယ် စိတ်သက် သာရ ရသွားသည်။သို့ပေမဲ့လည်း ‌ဇနီးဖြစ်သူအပေါ် စိုးရိမ်စိတ် တို့မှာ ကင်းသွားခြင်းတော့ မရှိပေ။ထို့ကြောင့် အိမ်အပြင်ဘက်သို့ ပြေးထွက်သွားပြီး မီးလုံးသဏ္ဍန်ဖြင့် ကောင်းကင်ပေါ်ပျံတက်သွားသော သူစိမ်းအမျိုးသမီးအား ငေးကြည့်နေမိပါလေတော့သည် ။

◾အခန်း (၅)

     ဒေါသမာန်ဟုန်အပြည့်နှင့် မယ်ဝါသည်  မြေပြင်တွင် လဲကျနေသော ဒေါ်နီအား စားမတတ်ဝါးမတတ် ကြည့်နေရင်းမှ ကျယ်လောင်သောအသံဖြင့် စကားဆိုလေသည် ။

    “ကောင်မ ပညာလေးမတောက်တခေါက်ကိုများ အသက်ပေးပြီး စွန့်မတဲ့လား”

   “ငါ့ပညာ ငါ့ဘာသာ စွန့်ချင်ရင် စွန့်မယ် နင်နဲ့ ဘာဆိုင်လို့လဲ မယ်ဝါ “

    “ဘာ နင်ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ ပြောစမ်း ကောင်မ “

   “နင့်ကို မယ်ဝါလို့တောင် မခေါ်သင့်ဘူး မကောင်းဆိုးဝါးမကြီး လို့ ခေါ်သင့်တာ”

    “ဟားးး ဟားးး ပြော ‌နင်စိတ်ကြိုက်ပြော မသေခင်လေး နင်ကြိုက်တာသာပြော “

    မယ်ဝါသည် အောင်နိုင်သူတ‌ယောက်ပမာ ရယ်မောနေပြီး ဒေါ်နီအား သနားစဖွယ်သတ္တဝါတကောင်သဖွယ် ကြည့်နေ သည်။ထို့နောက် မယ်ဝါသည် ဒေါ်နီ၏အနောက် မလှမ်းမကမ်းတွင် ရပ်နေသောပညာသည်များကို တချက်ငဲ့စောင်းကြည့်လိုက်ရာ သူတို့အားလုံး တွန့်သွားပြီး ကြောက်လန့်လွန်းလှ၍ မယ်ဝါအား မျက်လုံးချင်းဆုံအောင်ပင် မကြည့်ရဲဖြစ်နေကြသည်။ထို့‌နောက် မယ်ဝါသည်

   “ဟိုကောင်မတွေ နင်တို့ပြောတော့ ဒီကောင်မက ပြောရင်ရမှာပါဆို အခု ဒင်းကို ကြည့်စမ်းပါဦး အစွယ်နဲ့ပါလား “

   “ဟို ဟို ကျမတို့မှားသွားပါတယ် ခွင့်လွှတ်ပေးပါ အမကြီး “

   “တော်စမ်း ညည်းတို့ စကားနားထောင်လိုက်တာ ငါ မှားတယ် ကဲ နင်တို့ ငါ ခိုင်းတာလုပ်မယ် မဟုတ်လား “

   “လုပ် လုပ်ပါ့မယ် “

    ပညာသည်အမျိုးသမီးသုံးယောက်၏စကားကြောင့် မယ်ဝါသည် သဘောကျစွာ တချက်ပြုံးလိုက်ပြီး

   “ကဲ အဲ့တာဆို နင်တို့ မနီကို သတ်လိုက်ကြ”

    မယ်ဝါ၏စကားကြောင့် မနီ အပါအဝင် ပညာသည်အမျိုး သမီးသုံးဦးသည်လည်း အံ့ဩတုန်လှုပ်သွားကြသည်။ပညာ သည်သုံးဦးထဲမှ တယောက်သောအမျိုးသမီးသည် မယ်ဝါအား မျက်နှာညိုးငယ်စွာနှင့် တောင်းပန်လေသည် ။

   “အမကြီးရယ် အဲ့တာတော့ မလုပ်ပါရစေနဲ့ ရှင် “

    “ဘာလဲ ညည်းက ငါ့စကားကို အာခံတာလား”

    “မဟုတ်ပါဘူး အမကြီးရယ် ကျမ အာမခံဝံ့ပါဘူး ဒါပေမဲ့  ကိုယ့်အပေါင်းအသင်းမို့ ကျမတို့ ပြန်မသတ်နိုင် “

    ထိုအမျိုးသမီး စကားပြီးအောင်ပင် ပြောချိန်မရလိုက်ပေ။ လေပေါ်တွင် လက်ကားယားခြေကားရားနှင့် အသက်ရှုကြပ်ပြီး မျက်လုံးပြုးလို့ နေချေပြီ ဖြစ်၏။မယ်ဝါသည် ဝေဒနာပြင်းစွာ ခံစားနေရသော ပညာသည်အမျိုးသမီးကို ကြည့်ပြီး ရယ်မောကာ စကားဆိုလိုက်သေး၏ ။

    “ဘယ်လိုလဲ ငါ့စကားကို အံ့တုချင်တဲ့ကောင်မ နင်လည်း မနီ အတွက် အသက် အသေခံပေတော့ “

    လက်ကိုဆန့်တန်းပြီး စကားဆိုနေသောမယ်ဝါသည် သူ၏ လက်ကို အားထည့်ပြီး လိမ်ချိုးမည့်ဟန်ပြင်နေစဉ် မီးလုံးတလုံးသဏ္ဍန်ပညာသည်တယောက်သည် သူ့အား အရှိန်နှင့် ပြင်းစွာဝင်ဆောင့်လိုက်သောကြောင့် အနည်းငယ်ဟန်ချက်ပျက်သွားရာ အသတ်ခံရလုနီးပါး ပညာသည်အမျိုးသမီးသည်မြေပြင်ပေါ်သို့ကျသွားပြီး ဝေဒနာကို မချိမဆန့် ခံစားနေရလေ သည်။ထို့နောက် မယ်ဝါသည် သူ့အား ဝင်တိုက်သော မီးလုံး   သဏ္ဍန်ပညာသည်အား သေချာကြည့်နေစဉ် ထိုပညာသည်မှာ တဖြည်းဖြည်းခွေခေါက်နေရာမှ ဖြောင့်သွားပြီး ဦးဝင်းမြင့်၏ အိမ်တွင် ဦးဖိုးဝေတို့အား လှောင်ပြောင်ခဲ့သော သူစိမ်းအမျိုး သမီး ဖြစ်နေလေသည်။သူမ၏သာမာန်လူပုံစံကို မြင်လိုက်သည်နှင့် မယ်ဝါသည်

    “ဘယ်သူများလဲလို့  ဆယ့်နှစ်ကြိုး မိစူးပါလား ဘာလဲ နင်က သေချင်လို့  ဒီကို လိုက်လာတာလား “

    “မယ်ဝါ နင့်ရဲ့လုပ်ရပ်က အတော်ကို ဆိုးနေပြီနော် မနီက သူ့ပညာ သူ့ဘာသာ စွန့်ချင်ရင်စွန့်မယ် နင် ၀င်ပါစရာအကြောင်းမရှိဘူး “

   “ဟဲ့ မိစူး  ငါတို့ပညာတွေကို လွယ်လွယ်နဲ့ အစွန့်မခံနိုင်ဘူး  စုန်းဆိုတာ ဘယ်တော့မှ စိတ်ကောင်းဝင်လို့မရဘူး “

   “တော်စမ်း မယ်ဝါ နင့်ဘာသာ မကောင်းဆိုးဝါး စိတ်ဝင်နေရင်လည်း နင့်ဘာသာနင် အေးဆေးနေ ဘာမှမဆိုင်တဲ့သူတွေကို အနိုင်မကျင့်နဲ့ ပြီးတော့ ငါတို့ထက်ပိုပြီး ပညာနိမ့်တဲ့သူတွေကို အနိုင်မကျင့်သင့်ဘူး”

    “ဟားးးး ဟားးးး တချက်လွတ် မိစူးက ဘယ်လိုလုပ်ပြီး လူကောင်းသူကောင်း ဖြစ်သွားရပြန်တာလဲဟဲ့ “

   “အေး ဟုတ်တယ် ငါ့စိတ်ကို ကြာလေမထိန်းနိုင်လေမို့ အခု ငါ့လိုမဖြစ်ရအောင် သူတို့တွေ ပညာစွန့်တာကို ငါ ကူညီရလိမ့်မယ်  “

    “နင်က ငါနဲ့ တိုက်ချင်လို့လား မိစူး “

    “နင် လိုက်နှောက်ယှက်နေတယ်ဆိုရင်တော့ တိုက်ရမှာပဲ “

    “ဟားး ဟားးး ငါလည်း နင့်ကို တိုက်ချင်နေတာနဲ့ အတော်ပဲ “

    မယ်ဝါသည် မိစူးအား မခန့်လေးစားကြည့်နေသည်။ထိုအချိန် မိစူးသည် ဒေါ်နီနှင့် ပညာသည်အမျိုးသမီးသုံးယောက်တို့အား ကြည့်ကာ

    “မနီ နင် မတ်တပ်ရပ်နိုင်လား”

   “ရပ်နိုင်ပါတယ် အမ “

   “ဟို သုံးယောက်ရော နင်တို့ ပျံနိုင်ကြလား “

   “ပျံနိုင်ပါတယ် “

    “ကဲ အဲ့တာဆို ပျံ‌တော့ မနီ နင်ခေါ်ထားတဲ့ ဆရာက နင့်ကို ကာကွယ်ပေးနိုင်တယ် ဒီမှာ ‌နင်တို့ ရှိတယ်ဆိုတာ သူ သတင်းပေးလို့ပဲသိတာ “

   “အမက မလိုက်‌တော့ဘူးလား “

    “ငါ ဒီကောင်မကို တားရဦးမယ် ပြီးတော့ ငါက မကောင်းတဲ့ အလုပ် လုပ်တာတွေများနေပြီ နာမည်တောင် တချက်လွတ်မိစူးလို့ တွင်နေပြီ အဲ့တော့ နင်တို့ပဲ သွားကြတော့ “

    မိစူးသည် ပြောပြောဆိုဆိုဖြင့် သူတို့အား ပြုံးရယ်ပြီး ကြည့်နေသောမယ်ဝါကို လက်ဝှေ့ယမ်းလိုက်ရာ မယ်ဝါ လေပေါ်မြှောက်တက်သွားပြီး

    “မနီ နင်တို့ သွားတော့ “

     မိစူး၏ သတိပေးစကားကြောင့် မနီနှင့် တခြားသော ပညာ သည်သုံးယောက်တို့သည် မီးလုံးသဏ္ဍန်ပြောင်း၍ ကောင်းကင်ဆီသို့ ပျံတက်သွားကြပါလေတော့သည် ။

◾အခန်း (၆)

     ဦးဝင်းမြင့်၏အိမ်တွင် ဦးဖိုးဝေတို့သည် ရေနံဆီမီးခွက်လေးထွန်းပြီး စကားပြောနေကြသည်။

   “ဆရာကြီး အစောက ကျုပ်တို့ကိုလာပြီး ရန်တွေ့တဲ့ အမျိုးသ မီးကို ဆရာကြီးသိလား”

   “ဘယ်သူဘယ်ဝါဆိုတာတော့ မသိပါဘူး ဒါပေမဲ့ အတော်ကို အစွမ်းထက်တဲ့ စုန်းကဝေတ‌ယောက်ဆိုတာတော့ သိတယ်။  သူက ကိုဝင်းမြင့်ဇနီးထက်တောင် အသက်ကြီးမယ်ထင်တယ် “

    “ဗျာ သူ့ကြည့်ရတာက ကျုပ်မိန်းမထက်တောင် ငယ်ပုံပါပဲ “

    “မငယ်ဘူး ကျုပ်ထက်တောင် ကြီးမယ်ထင်တယ် “

   “ဗျာ ဘယ်လို ဆရာကြီး “

    “အင်း နောက်တော့ ကိုဝင်းမြင့် နားလည်သွားမှာပါ “

    ဦးဖိုးဝေသည် ထပ်မံဖြေကြားခြင်းမရှိတော့ပဲ တစုံတခုကို စောင့်မျှော်လို့နေဟန် ရှိသည်။ထို့ကြာင့် ဦးဝင်းမြင့်သည်လည်း ဆက်မ‌မေးတော့ပဲ ငြိမ်၍သာ ထိုင်နေလိုက်၏။များမကြာသောအချိန်၌ အိမ်ဝိုင်းထဲတွင် မီးထွန်းလိုက်သည့်အလား အလင်း ရောင်များ ဝင်းထိန်သွားပြီး တခဏချင်း ပြန်၍ ငြိမ်းကုန်၏။ထိုမီးများ ငြိမ်းသွားသည်နှင့် အိမ်ပေါ်သို့ အမျိုးသမီးလေးယောက် တက်လာသည်။သူတို့သည် ဦးဖိုးဝေ၏ရှေ့တွင် ဒူးထောက် ထိုင်လိုက်ကာ

    “ဆရာကြီး ကျမတို့ရောက်ပါပြီ ကျမတို့ ဒီကို ပြန်လာလို့ရ အောင် အမမိစူးက အနစ်နာခံပေးခဲ့တာပါ တတ်နိုင်ရင် အမမိစူးကို ကယ်ပေးပါဦး ဆရာကြီး”

   “တူမကြီးတို့ တချို့အရာတွေက လွယ်မယောင်နဲ့ ခက်တယ်  တူမကြီးတို့ကကြီးမားတဲ့အပြစ်တွေ မကျူးလွန်ထားလို့သာ ဦးကြီးက ပညာတွေကို စွန့်နိုင်အောင်ကူညီပေးနိုင်မှာ တခြားအရာတွေကတော့ တူမကြီးတို့ပညာတွေ စွန့်ပြီးမှပဲ ဦးကြီး ကူညီနိုင်လိမ့်မယ်။မကြာခင် အာရုံလည်း လာတော့မှာဆိုတော့  သိပ်အချိန် မရှိတော့ဘူး ဦးကြီးမေးမယ် တူမကြီးတို့ထဲက ဘယ်သူပညာစွန့်ချင်သလဲ”

    ဦးဖိုးဝေမှ ဒေါ်နီအပါအဝင် တခြားပညာသည်အမျိုးသမီး  လေးဦးအား သေချာကြည့်၍ မေးလိုက်လေသည်။ထိုအခါ ဒေါ်နီမှ ချက်ချင်းပြန်ဖြေပေမဲ့ ကျန်သော အမျိုးသမီးသုံးဦးသည်က တ‌ယောက်မျက်နှာတယောက် ကြည့်လျက်ရှိရာ ဦးဖိုးဝေမှ ဆက်ပြီး စကားဆိုလေသည် ။

    “ဦးကြီးကတော့  အတင်းအကျပ် မတိုက်တွန်းလိုပါဘူး တခု သိထားရမှာက ဒီပညာတွေက နောင်သံသရာအတွက်တော့ တကယ်ပဲ မကောင်းတဲ့ပညာတွေပါ ပညာမြင့်လာလေလေ  ‌လောဘ မောဟ ဒေါသကို မချုပ်ထိန်းနိုင်လေလေပဲ တူမကြီးတို့မှာ မိသားစုရှိလား”

   “ရှိပါတယ် ဆရာကြီး “

    “သူတို့တွေကရော တူမကြီးတို့ကပညာသည်တွေဆိုတာ သိလား”

    “သူတို့ကတော့ သိပါတယ် ဆရာကြီး”

   “သိတော့ ငါ့ဇနီး ငါ့အမေ ဒီပညာတတ်တယ် ဆိုပြီး ဂုဏ်ယူဝင့်ကြွားကြလား “

    “အဲ့လိုတော့ ဘယ်ပြောမလဲ ဆရာကြီးရယ် ကျမတို့ ပညာတွေက ကြွားစရာကောင်းတဲ့ ပညာတွေမှမဟုတ်တာ သူတို့က လည်း မပြောကြပါဘူး”

   “ဘာလို့ မပြောတာလဲဆိုတာ တူမကြီးတို့ သိလား”

   “သိတာပေါ့ ဆရာကြီးရယ် သူတို့က ရှက်နေတာလေ “

   “ဘာလို့ရှက်တယ်လို့ ထင်လဲ တူမကြီး “

    ဦးဖိုးဝေ၏အမေးကို ပညာသည်သုံးယောက်တို့သည် မဖြေ နိုင်ပေ။ထိုအခါ ဦးဖိုးဝေသည် ဆက်ပြီး စကားဆိုလိုက်ပြန် သည် ။

    “လူတွေက ကောင်းတာလုပ်တဲ့အရာကို ကြွား၀ါချင်ကြတယ် မဟုတ်လား နောက်ဆုံး အပ်ချုပ်တတ်တာကအစ ငါ့ဇနီးက အပ်ချုပ်တတ်တယ် ငါ့အမက အပ်ချုပ်တတ်တယ်ဆိုပြီး အသေးအမွှားလေးတွေကအစ ကြွားတတ်တယ် မဟုတ်လား အခု ငါ့အမေက ဟိုပညာတတ်တယ် ငါ့ဇနီးက ဒီပညာတတ်တယ်လို့ ကြွားကြလား တူမကြီးတို့  “

   “မကြွားပါဘူး ဆရာကြီး “

   “အဲ့တာဆို သူတို့စိတ်ထဲမှာ တူမကြီးတို့ကလုပ်ရပ်ကို လုံးဝမကြိုက်လို့ လို့ မှတ်ပါ ပြောချင်ပေမဲ့ တူမကြီးတို့ကို သူတို့မပြောရဲဘူး ဘာလို့မပြောရဲတာလဲရော သိလား”

   “ကြောက်လို့ ဖြစ်မှာပေါ့ ဆရာကြီးရယ် “

   “ကိုယ့်မိသားစုဝင်တွေကတောင် ကြောက်နေရပြီဆို တူမကြီးတို့အတွက် မကောင်းဘူး နောင်များဆို ကို့ယ့်ရဲ့ခင်ပွန်းနဲ့ သား သမီးတွေ‌အပေါ်မှာတောင် တူမကြီးတို့ရဲ့ဒေါသတွေက တိုးလာလိမ့်မယ်။နောက်ဆို ခင်ပွန်းနဲ့ သားတွေသမီးတွေအပေါ်တောင် အကြင်နာတရား ထားနိုင်မှာ မဟုတ်တော့ဘူး “

    ဦးဖိုးဝေ၏စကားကြောင့် ပညာသည်အမျိုးသမီးသုံးယောက် တို့သည် တွေဝေသွားကြလေသည်။ထို့နောက် သူတို့အချင်း ချင်းကြည့်ကာ

    “ဆရာကြီးပြောတာမှန်တယ် အခုနောက်ပိုင်း တဖြည်းဖြည်း  ကလေးတွေနဲ့ ယောကျ်ားကို ကောင်းကောင်း စကားမပြောနိုင်ဘူးဖြစ်နေတာ “

    “ငါလည်း တူတူပဲ ငါတို့တွေ တဖြည်းဖြည်းနဲ့ အထိန်းချုပ်မဲ့လာပြီနော်”

    “ဟုတ်တယ် လပြည့်ညက နောက်ညပဲ ငါတို့အားလုံး စိတ်အားထက်သန်နေတယ် ပြီးတော့ ငါတို့ကလေးတွေက ငါတို့ကိုတဖြည်းဖြည်းနဲ့ ကြောက်လာကြပြီ။ငါ့သမီးလေးဆို ငါ့အနားတောင်မလာရဲတော့ဘူး အဲ့တာကို ငါ ဝမ်းနည်းရမှန်းမသိဘူး ဖြစ်နေတာ အခု ဆရာကြီးပြောမှ ငါတို့ဘဝတွေ အထီးကျန်တော့မဲ့ အရေးမြင်နေတယ် “

    “ဟုတ်တယ် မယ်ဝါတို့ အမမိစူးတို့ဆို မိသားစုတွေတောင် မရှိတော့ဘူး တကယ်ကို ကြမ်းတမ်းကုန်ပြီ “

   ပညာသည်သုံးယောက်တို့သည် အချင်းချင်းတိုင်ပင်စကားဆိုလိုက်ကြပြီး ဦးဖိုးဝေဘက် လှည့်ကာ

   “ဆရာကြီး ကျမတို့လည်း ပညာတွေစွန့်ချင်ပါတယ် “

    “အင်း တူမကြီးတို့ရွေးတဲ့ လမ်းက မှန်ကန်ပါပေတယ် သာဓု သာဓု သာဓု ပါကွယ် “

   “ဆရာကြီး ကျမတို့ကို ပညာစွန့်တာ ကူညီပြီးရင် အမမိစူးကို ကူညီပေးပါဦး သူနဲ့ တိုက်ခိုက်နေတဲ့မယ်ဝါဆိုတာ မိန်းကလေး ငယ်ငယ်ရွယ်ရွယ်လေးတွေရဲ့ကိုယ်ခန္ဓာထဲကို မကြာခဏထုံကူးနေတဲ့ စုန်းအိုမကြီးပါ သူလက်ထဲက အမမိစူးကို ကယ်ပေးပါဆရာကြီး”

    “ဦးကြီး တတ်နိုင်သလောက်ကူညီပါ့မယ်ကွယ် ကဲ ကဲ လက်အုပ်ချီထားကြ ပြီးတော့ မြတ်စွာဘုရားကို အာရုံပြုထား “

    ဒေါ်နီအပါအဝင် ကျန်သောပညာသည်များသည်လည်း ဦးဖိုးဝေ ခိုင်းသည့်အတိုင်း လက်အုပ်ကိုချီပြီး မျက်လုံးမှိတ်ထားကြလေသည်။ထို့နောက် ဦးဖိုးဝေသည် သူ၏လက်သီးဆုပ်ကို နဖူးတွင်တည်လိုက်ပြီး မျက်လုံးကို မှိတ်ထားလေသည်။ထို့နောက် လက်သီးဆုပ်ဖြင့် ဒေါ်နီတို့ဆီ ပစ်ပေါက်ဟန်ပြုလိုက်သည်။မကြာသောအချိန်တွင် ဒေါနီ နှင့် ပညာသည်များသည် တကိုယ်လုံး တဆတ်ဆတ်တုန်ယင်လာကာ သူတို့၏ပါးစပ်များကို ဟလိုက်ချိန် မဲနက်နေသောယင်ကောင်များသည် ပါးစပ်များထဲမှ ထွက်ပြီး အိမ်အပေါက်ဝဆီသို့ ထွက်ကုန်ပြီး ကောင်းကင်ယံသို့ ပျံတက်သွားရာ ဦးဝင်းမြင့်၏အိမ်ဝိုင်းထဲတွင် မဲနက်သော ယင်ကောင်များကြောင့် လ၏အလင်းရောင်သည်ပင် မထွန်း လင်းနိုင်တော့ပဲ ထိုမဲနက်သောယင်ကောင်များ၏ အရိပ်တို့သာ သူ၏အိမ်လေးထဲတွင် ဖုံးလွှမ်းသွားပါလေတော့သည် ။

◾ဦးဖိုးဝေ နှင့် အလင်းသို့သွားချင်သူများ သည်က ဤမျှသာ။

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို  Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏

📝မောင်တင်ဆန်း