ထွက်လာတာပေါ့ ကျုပ် မထွက်ခင်လေးမှာ ကိုရင်ကြီးက သူ့သေတ္တာထဲက သူ့ငွေတွေကို ထုတ်ပြီး ကိုရင်ငယ်ကို ပေးနေတာ မြင်ခဲ့ရတယ်ဗျာ ။
(၂)
ကျုပ်လည်း ကိုရင်လေးအကြောင်းကို ဘိုးကာကို ပြောပြတာပေါ့ အဲ့တော့ ဘိုးကာက သူစုထားတဲ့ငွေလေးတွေကို ကွမ်းဖိုးပဲ ချန်တယ်ပြီး ကျန်တာတွေအကုန်ယူပြီး ချက်ချင်းပဲ ကိုရင်လေးအခန်းကို သွားတာပေါ့ ကျုပ်နဲ့ ဘိုးကာ ကိုရင်လေးအခန်းထဲရောက်တော့ ကိုရင်လေးက သူ့ပစ္စည်းတွေ ထုတ်ပြီးနေပြီဗျာ ။ ပြီးတော့ သူသင်္ကန်းလေးတွေကို ခေါက်ပုံထားပြီး ငေးကြည့်နေတယ် ကျုပ်အထင်တော့ သူ လူထွက်ရတော့မှာကို တွေးပြီး ၀မ်းနည်းနေတာလေ။ဘိုးကာက အဲ့ဒီမြင်ကွင်းကိုမြင်တော့ ကိုရင်လေးကို ပြောတယ်ဗျ ။
“ကိုရင် အခု ပြန်မလို့လား”
“ဟုတ်တယ် ဘိုးကာ လူထွက်ပြီး ပြန်တော့မလို့ပါ “
“မဟုတ်သေးပါဘူး ကိုရင်ရယ် ရော့ တပည့်တော်ရဲ့ငွေလေးကို အရင် လက်ခံထား တပည့်တော်တို့ ဘုန်းကြီးကိုလည်း လျှောက်ကြည့်တာပေါ့ “
ဘိုးကာက အဲ့ဒီလိုပြောပြီး ကိုရင်လေးနဲ့အတူ ဘုန်းကြီး ကျောင်းပေါ်တက်သွားတာပေါ့ ကျုပ်လည်း နောက်ကလိုက်သွားရတာပေါ့ဗျာ။ကျောင်းပေါ်ရောက်တော့ ဘုန်းကြီးက ကျုပ်တို့ အုပ်စုလိုက်လာတာကို အံဩနေတဲ့ပုံနဲ့ ။
“ကဲ လျှောက်စမ်းပါဦး ထူးထူးဆန်းဆန်း လူစုံတက်စုံပါလား”
“လူစုံပါတယ်ဘုရား ကိုရင်လေးအဖေ အသည်းအသန်ဖြစ်နေလို့ ရွာပြန်မလို့တဲ့ ဘုရား “
“ပြန်လေ အဆင်ပြေမှ ပြန်လာပေါ့ “
ဘုန်းကြီးက သာမာန်လေးပဲ တွေးပြီးပြောတာဗျ အဲ့တာနဲ့ ကိုရင်လေးလည်း ဘုန်းကြီးကို လက်အုပ်ချီပြီး လျှောက်တင်လိုက်တယ်။
“ဘုန်းကြီးဘုရား တပည့်တော်ကို လူထွက်ခွင့်ပြုပါဘုရား”
“ဟေ ဘာလို့လဲ ကိုရင်လေးရဲ့”
“တပည့်တော်ရဲ့အဖေကို ဆေးကုဖို့ နဲ့ တပည့်တော်ရဲ့ အမေကို လုပ်ကိုင်ကျွေးမွေးဖို့ လူထွက်မှ ဖြစ်မှာမို့ပါ ဘုရား “
“ဟေ အဲ့လိုလား ကိုရင်ကရော လူထွက်ချင်တဲ့စိတ်ဖြစ်လား “
“အမှန်အတိုင်းပြောရရင်တော့ လူမထွက်ချင်ပါဘူး ဘုရား”
ဘုန်းကြီး ခဏတွေးနေတယ်ဗျ ပြီးတော့ စာရွက်တရွက်ကို ယူပြီး ဖောင်တိန်နဲ့ ရေးနေတယ်။ရေးလို့ပြီးတော့
“ဘိုးကာ “
“ဘုရား “
“စနေ ကိုပါခေါ်ပြီး ကိုရင်လေးတို့ ရွာကိုလိုက်သွား ပြီးတော့ ဒီစာကိုယူ မြို့ထဲက မိဘမေတ္တာဆန်စက်ကို သိတယ် မဟုတ်လား”
“သိပါတယ် ဘုရား ဦးအေးလွင်ဆန်စက် မဟုတ်လား”
“ဟုတ်တယ် အဲ့ဒီ့ကို အရင်ဝင်ပြီး ဒီစာ ပေးလိုက်”
“တင်ပါ့ဘုရား “
“ကဲ ကဲ အချိန်ဆွဲမနေတော့နဲ့ လုပ်စရာရှိတာ မြန်မြန်လုပ် ကိုရင်လေးလည်း လူထွက်မနေနဲ့ ဖခင်ကြီးကိုဆေးကုဖို့အတွက်လည်း ပူမနေနဲ့ ဘုန်းကြီး အဆင်ပြေအောင် လုပ်ပေးမယ် ကိုရင့်ဒကာကြီး သက်သာတော့မှပဲ ဘိုးကာတို့ စနေတို့နဲ့ တခါတည်း ပြန်လာခဲ့ ကြားလား”
“တင်ပါ့ ဘုရား”
အဲ့ဒီလိုနဲ့ ကျုပ်တို့လည်း ခရီးထွက်ဖို့ ဖြစ်လာတာပေါ့ ကိုရင်လေးတို့ရွာက ဒီနယ်က မဟုတ်ဘူးလေ တောင်တွင်းကြီးဘက်ကဗျ အဲ့တာကြောင့် ထင်ပါတယ် ကိုရင်လေးက ဝက်သားကို ဝက်တားလို့ပဲ ခေါ်တတ်တာ။အဲ့တာတွေ ထားပါတော့ ကျုပ်တို့ လည်း ချက်ချင်းပဲအထုတ်တွေ ပြင်ပြီး မြို့ထဲအရင်သွားလိုက်ကြတာပေါ့ဗျာ ။
(၃)
ကိုရင်လေး၊ဘိုးကာ နဲ့ ကျုပ်တို့သုံးယောက် လိုင်းကားလေးစီးသွားကြတာ မြို့ထဲရောက်တော့ မိဘမေတ္တာဆန်စက်ကို သွားကြတာပေါ့ ဆန်စက်ကြီးက အကြီးကြီးပဲ ကျုပ်တို့ရွာကလို နှစ်ခါလောက် ပြန်ကြိတ်ရတဲ့ဆန်စက် မဟုတ်ဘူး တခါတည်းထည့်တာနဲ့ ဆန်တန်းရတာ စပါးလုံးတို့ ဆန်ကျိုးတာတို့ သိပ်မဖြစ်ဘူးတဲ့ဗျာ စက်ထဲတခါထည့်ရင် လှည်းတစီး၊နှစ်စီးစာတိုက် လောက်ကို ဇလားထဲ အသာထည့်လို့ရတယ်တဲ့ဗျ ကျုပ်တို့ ရွာတွေကလို နည်းနည်းလေးပဲ ထည့်ကြိတ်ရတဲ့စက် မဟုတ်ဘူး။ ကျုပ်လည်း စက်လည်နေတာကို ငေးကြည့်နေမိတယ်ဗျာ ။ ဆန်စက်က အလုပ်သမားလေးတွေက ကျုပ်တို့နဲ့ ကိုရင်လေး တွေကို ထိုင်ခုံမှာ ထိုင်ခိုင်းထားပြီး ဆန်စက်နောက်က အိမ်ကြီး ကို အလုပ်သမားတယောက်က သွားပြောပေးတယ်ဗျ။မကြာပါဘူး ခေါင်းပေါင်းကြီးပေါင်းထားတဲ့ ဘိုးကာ နဲ့ အသက်တူရွယ် တူလောက်ရှိတဲ့ ဦးကြီး ထွက်လာတယ်။ကျုပ်တို့ကို မြင်တာနဲ့ ပြုံးရွှင်ပြီး စကားဆိုတယ်ဗျ ။
“ဘိုးကာရေ ကျုပ်တော့ လှုခွင့်ရပြီထင်တယ်ဗျ လာ လာ အိမ်ပေါ်ကို။ကိုရင်လေး ကြွပါဘုရား ဆွမ်းစားချိန်လည်း နီးနေပြီပဲ ဟေ့ တင်မောင် မင်းအရီးနဲ့ မင်းအမကို သွားပြော ကိုရင်လေးကို ဆွမ်းကပ်ဖို့ နဲ့ ဘိုးကာတို့ကို ထမင်းကျွေးဖို့ မြန်မြန်ပြင်ဆင်လို့ “
ဆန်စက်ပိုင်ရှင်က ကျုပ်တို့ကို ကြိုဆိုရင်းနဲ့ သူတပည့်တွေကို တခါတည်း ခိုင်းသွားတာဗျ အတော်ကို အကွက်စေ့တယ် ကျုပ်တို့လည်း ဆန်စက်ပိုင်ရှင်ကြီးရဲ့ နှစ်ထပ်အိမ်ကြီးပေါ် လိုက်သွားကြတာပေါ့ဗျာ အိမ်ပေါ် ရောက်တော့ ကိုရင်လေးကို ခေါင်းရင်းခန်းမှာထားပြီး နေရာချတယ် မကြာပါဘူး သူ့တပည့်တယောက်က ကာဖီ နဲ့ မုန့်တွေ လာချတယ်ဗျို့ ကျုပ်တို့လည်း ဗိုက်ဆာဆာ နဲ့ နှစ်ခုလောက် ကောက်ကြိတ်လိုက်တာပေါ့ ပြီးတော့ ဆန်စက်သူဌေးကို ကျုပ်တို့ဘိုးကာက သူ့လွယ်အိတ်ထဲ က ဘုန်းကြီးပေးတဲ့စာကို ထုတ်ပေးပြီး စကားဆိုတယ်ဗျ ။
“ကဲ ဦးအေးလွင် ကျုပ်တို့ဘုန်းကြီးက စာပါးလိုက်တယ် “
“ဟုတ်လား “
ဦးအေးလွင်က စာကိုယူဖတ်တယ် ပြီးတော့ ပြုံးတယ် သူ့အပြုံးက ကျေနပ်နေတဲ့အပြုံးဗျာ နောက်ပြီး ကိုရင်လေးကိုကြည့်ပြီးတော့ လျှောက်တင်တယ်ဗျ ။
“ကိုရင်လေး လူထွက်စရာမလိုပါဘူး ဘုရား ကိုရင့်ကို တပည့်တော်လှုရမှာ ဝမ်းမြောက်ပါတယ်ဘုရား ကိုရင်လေးအဖေ ဆေးကုဖို့တင် ဘယ်ရမလဲ အသုံးစရိတ်လည်း လိုမှာပေါ့ “
ဦးအေးလွင်က အဲ့ဒီလိုပြောပြီးတော့ ဆွမ်းကပ်ဖို့ လာပြင်ပေးတဲ့ အမကြီးကို လှမ်းစကားပြောတယ်ဗျ ။
“သမီးကြီး နင့်အမေကို ပြောလိုက်ဦး ကိုရင်လေးအဖေ ဆေးကုဖို့ လှုမယ် အဖေ့သေတ္တာထဲက ငွေတသိန်း ထုတ်ခဲ့လို့ ပြောလိုက်စမ်းပါ သမီးရေ “
“ဟုတ်ကဲ့ အဖေ “
ငွေတသိန်းတဲ့ဗျာ ရွှေတကျပ်သား ငါးသောင်းဆိုတော့ နှစ်ကျပ်သားဖိုးဗျ ကျုပ်တို့က အဲ့လောက်လှုမယ်လို့ကို မထင်ထားတာ ဒါပေမဲ့ စိတ်တော့ မချရသေးဘူးဗျ။ဦးအေးလွင်ရဲ့ဇနီးက ဘယ်လိုအခြေအနေရှိလဲ မသိသေးဘူးလေ ငြူငြူစူစူဖြစ်နေရင် ကျုပ်တို့လည်း မနေရဲ မထိုင်ရဲ ဖြစ်နေမှာ။မကြာပါဘူးဗျာ အသားဖြူဖြူ ဒေါင်ကောင်းကောင်းနဲ့ ဦးအေးလွင်ထက် ငယ် တဲ့ အမျိုးသမီးတယောက် ရောက်လာတယ်ဗျ သူက တရာတန် ငွေအုပ်လိုက်အပြင် နောက်ထပ်ငွေတွေပါ ယူလာတာဗျ။သူ့နောက်မှာ ကိုရင်ကို ဆွမ်းပြင်ပေးနေတဲ့ အမကြီးလည်းပါလာတယ် သူတို့မျက်နှာတွေက ပြုံးရွှင်နေတာပဲ အဲ့တော့မှ ကျုပ်လည်း စိတ်သက်သာရာ ရသွားတာဗျို့။ပြီးတော့ ဦးအေးလွင်၊ဇနီး နဲ့ သမီးတို့က ကိုရင်လေးကို လျှောက်တယ်ဗျ ။
“ကိုရင်လေး လူမထွက်နဲ့ ဘုရား ကိုရင့်ဒကာကြီးကို ဆေးဖိုးလှုဒါန်းငွေအပြင် ဒီနှစ်သောင်းက တပည့်တော်မ လှုတာ ဒီက တသောင်းက တပည့်တော်မရဲ့သမီး လှုတာပါ ဘုရား”
“အဲ့လောက်အများကြီး မလိုပါဘူး ဒကာမကြီး ကိုရင့်ဒကာကြီးကို ဆေးကုဖို့ လုံလောက်ရင်ပဲ ရပါပြီ”
“ကိုရင်ရယ် လိုတာပေါ့ ဆေးရုံဆေးခန်းသွားတယ်ဆိုတာ ဘယ်လောက်ကုန်မယ်မှန်း သိတာမဟုတ်ဘူး တပည့်တော်မတို့ အလှုကို လက်ခံပါဘုရား”
ကျုပ်ဖြင့်ဗျာ ဒီလောက် အလှုအတန်းရက်ရောတဲ့ မိသားစုကို တခါမှ မတွေ့ ဖူးဘူးဗျာ ဦးအေးလွင်က ဆက်ပြီး ပြောတယ်ဗျ ဘိုးကာကိုလေ
“ဘိုးကာရေ ဆရာတော်က ငွေတကျပ်မှ လှုတာမကြိုက်ဘူးဗျ ကျုပ်တို့မှာကလည်း ငွေက ပေါနေတာလေ ဆရာတော်က ကိုရင်လေးကို လှုပေးဖို့ ပြောတယ်ဆိုကတည်းက သာသနာ အတွက် လိုအပ်လို့ဆိုတာ ကျုပ်တွေးမိတာပေါ့ အခုလို လှုဒါန်း နိုင်အောင်ကူညီပေးတဲ့ ဘိုးကာ နဲ့ ဟော့ဒီက တူကြီးတို့ကို ကျေးဇူးတင်ပါတယ်ဗျာ”
အံ့ရောဗျို့ ဦးအေးလွင်က ကျုပ်တို့ကိုတောင် ကျေးဇူးတင်နေသေးတာဗျို့ အဲ့လိုနဲ့ ကျုပ်တို့လည်း ဦးအေးလွင်အိမ်မှာ နေ့လယ်စာစားပြီး မြို့ထဲက ရထားလက်မှတ်ဖြတ်ပြီးတာနဲ့ တောင်တွင်းကြီးကို သွားကြတာပေါ့ဗျာ။
(၄)
ရထားပေါ်မှာ ကျုပ်နဲ့ ဘိုးကာက စကားပြောနေပေမဲ့ ကိုရင်လေးက ငေးငိုင်နေတယ်ဗျ။ကျုပ်အထင် သူ့အဖေကို စိတ်ပူနေမှာပေါ့။ဘိုးကာကလည်း ကိုရင်လေးကို စိတ်မပူဖို့ အားလုံးအဆင်ပြေသွားမဲ့အကြောင်း ပြောတာပေါ့ အဲ့ဒီလိုတွေပြောပေးတော့မှ ကိုရင်လေးစိတ်သက်သာရာရသွားတယ်ဗျ။အဲ့ဒီလိုနဲ့ ကျုပ်တို့လည်း မနက်ဝေလီဝေလင်းလောက်မှာ တောင်တွင်းကြီးကိုရောက်တယ်ဗျာ။တောင်တွင်းကြီးကို ရောက်တော့ မနက်စာစားပြီး မြို့ပြင်ကို ကြုံရာနဲ့ ဆက်ထွက်ခဲ့ရတယ်။ကိုရင်လေးတို့ရွာက အတော်တောကျတာပဲဗျ။သဲသောင်ခုံတွေပေါ် ဖြတ်ပြီး လမ်းလျှောက်နေတုန်း လှည်းကြုံရလို့ ကံကောင်းသွားတယ်ဗျို့။နေက မြင့်လာတော့ နေကအတော်ပူတယ်ဗျာ။ကျုပ်ဆို အတော်လေးကို ပင်ပန်းနေပြီ အဲ့လိုနဲ့ ခေါင်းလောင်း ထိုးချိန်လောက်မှ ကိုရင်လေးတို့ ရွာကို ရောက်တယ်ဗျ။ရွာက တော့ မသေးဘူးဗျ။ရွာနာမည်က ခပ်ဆန်းဆန်းပဲ သလဲကုန်းရွာတဲ့ဗျာ။ဒီရွာကိုလာတဲ့လမ်းကတော့ တကယ် သဲပေါတယ်ဗျ။ရွာကလူတွေက ရိုးရိုးကြီးတွေ ကျုပ်တို့ထက်ပိုပြီး နည်းနည်းတော့ရှေးရိုးစွဲတဲ့ပုံပဲ။လမ်းမှာတွေ့တဲ့အသိကတောင် ကိုရင်လေးကို ဘာပြောတယ်ထင်လဲ ဒီလိုပြောတာဗျ ။
“ကိုရင် ပြန်လာပြီလား ကိုရင့်အဖေက အကွက်ထဲ အပေါ့စွန့်တယ်ဆိုပဲ ကန်တော့တောင် မပြောဘူးတဲ့ အဲ့တာ နှမ်းငုတ် မျက်လုံးထိုးမိတာ အခု ဖျားနေတာ သတိတောင်လစ်တယ်တဲ့ ကိုရင်ရေ သူ့ကိုပြောတော့ ဒါတွေလက်မခံဘူး မလုပ်ရဘူးဆိုလို့ တပည့်တော်တို့လည်း ငြိမ်နေရတာ “
အဲ့ဒီဦးကြီးက စကားပြောပြီးတာနဲ့ ကိုရင့်ခြေလှမ်းတွေက ပိုပြီး သွက်နေတယ်။ကျုပ်ကတော့ အတော်ကို ခြေတွေလက်တွေ မသယ်ချင်တော့ဘူးဗျ လှည်းကြုံက ရွာအဝင်အနားထိ ရောက်လို့သာ တော်သေးတယ်။အဲ့လိုနဲ့ ကျုပ်တို့ကိုရင်လေးအိမ်ကို ရောက်တယ် ဆိုပါတော့ဗျာ။ကျုပ်ပင်ပန်းနေတာ ကိုရင်လေးက သိတယ်ဗျ အိမ်ဝင်ဝင်ချင်း ကျုပ်အနားကိုကပ်လာပြီးတော့ ပြောတယ် ။
“ကိုစနေ ဒကာကြီးကို လှည်းနဲ့ မြို့ဆေးရုံကို ပို့မှာ ကိုစနေ နဲ့ ဘိုးကာကတော့ အိမ်မှာနေပြီး နားဦး “
“တင်ပါ့ “
ကိုရင်အိမ်လေးက ခပ်သေးသေးဗျ။သစ်လုံးတိုင် ဝါးကြမ်း ခင်း သက်ငယ်မိုးအိမ်လေးထဲ ကျုပ်တို့ ရောက်သွားတော့ အိမ်နီးနားချင်းတွေပါ ရောက်နေပြီး ကိုရင်လေးအမေကဆို သူ့သားကိုရင်လေးကို မြင်တော့ ဝမ်းသာနေတာများ ကြားထဲက ကျုပ်တောင် အတော်ပီတိဖြစ်ရတယ်။ကိုရင်လးက ငွေတွေကို သူ့အမေလက်ထဲထည့်ပြီး ချက်ခြင်းဆေးရုံတင်ခိုင်းတယ်ဗျ။အိမ်နီးနားချင်းတွေကလည်း ကူညီကြတာပေါ့။ဆေးရုံကို ကျုပ်တို့ လိုက်မယ်လို့ပြောပေမဲ့ ကိုရင်လေးက မလိုက်ခိုင်းဘူး။ကျုပ်တို့ရုပ်တွေ ကြည့်ပြီး သနားနေတာ ထင်ပါတယ်။ဘိုးကာဆို ယပ်တောင်တခတ်ခတ်နဲ့ မှိုင်တိမှိုင်တိုင် ဖြစ်နေတယ်။အဲ့လိုနဲ့ ကိုရင်က သူ့အဖေဒကာကြီးကို ချက်ခြင်းပဲ ဆေးရုံတင်ကြတယ်ပေါ့ဗျာ။ကျုပ်တို့တွေကတော့ ကိုရင်လေးရဲ့အိမ်မှာ ကျန်နေခဲ့တာပေါ့။ကိုရင်လေးအမေက ဆေးရုံမသွားခင် ရွာကလူကြီးတွေကို တိုးတိုးကပ်ပြောခဲ့တယ်။ကျုပ်ကြားမိတာတော့ တောထုတ်ပေးဖို့ဆိုလားပဲ ငွေပေးတော့ အဲ့လူကြီးက မယူဘူးဗျ သူ့ဘာသာပဲ လုပ်လိုက်မယ်တဲ့ ကျုပ်ကလည်း စပ်စုချင်တာနဲ့ပဲ ကိုရင်လေးတို့ သွားတာနဲ့ အဲ့ဒီလူကြီးအနားကပ်ပြီး တိုးတိုးမေးတာပေါ့ ။
“ဦးကြီး “
“ဘာတုန်း ငါ့တူ”
“တောထုတ်တယ်ဆိုတာ ဘာပြောတာလဲဗျ “
“မင်းက သိချင်လို့လား “
“သိချင်တာပေါ့ “
“အဲ့တာဆို ညနေ ငါ့နောက်လိုက်ခဲ့ကွာ”
“ဟုတ်ကဲ့ “
ကျုပ်လည်း သိချင်တာ နဲ့ ဘိုးကာကိုတောင် မပြောဘူးဗျို့ ဘိုးကာကတော့ ကိုရင်လေးတို့ အိမ်နီးနားချင်းတွေ ထမင်းခူး ခပ်ပြီး ကျွေးတာကို စားနေပြီ။ကျုပ်ကလည်း စပ်စုချင်တာနဲ့ ဗိုက်ဆာနေတာကိုတောင် မေ့သွားတယ် ဘိုးကာ လှမ်းခေါ်တော့မှ ကျုပ်လည်း ထမင်းစားလိုက်တာပေါ့ဗျာ ။
(၅)
ညနေမိုးချုပ်တော့ နေ့လယ်ကပြောခဲ့တဲ့ ဦးကြီးက ကျုပ်တို့ဆီ လာတယ်ဗျ။ပြီးတော့ ကြက်တကောင်လည်း ပါလာတယ်။ ကျုပ်ကို ဘာမှမပြောခိုင်းဘူး။ကျုပ်လည်း သူတို့ လုပ်တာကို ထိုင်ကြည့်နေတာပေါ့ သူတို့က ကြက်မွေး၊ကြက်အူ၊ခြေ သည်းလက်သည်းတွေပါ ဖက်လေးတဖက်နဲ့ စုထည့်ထားတာဗျ။ ပြီးတော့ ကြက်သားဟင်းချက်တော့လည်း ဘာမှမထည့်ဘူး။ကျုပ်ထင်တယ် ဆီ၊ဆား၊အချိုမှု့န့်၊နနွင်းမှုန့် ထည့်တာကို မတွေ့ဘူး ချက်တော့ ချက်လိုက်တာပဲ။ကျုပ်မမြင်ခင် ထည့်တာဆိုရင်တော့ မပြောတတ်ဘူး။ကျုပ်လည်း ဘာမှ မပြောရဲဘူးလေ။မမေးနဲ့လို့ ပြောထားတာကိုး ပြီးတော့ ထမင်းတအိုးလည်း တည် တယ်ဗျ။နောက် အဲ့တာတွေကို အုပ်နဲ့ ထည့်ပြီးတော့ ကြက် ဖျက်တုန်းက အညစ်အကြေးတွေကိုလည်း ယူပြီး တောထဲ သွားတာပေါ့ လမ်းမှာ ငပျောဖက်လည်း ခုတ်ခဲ့သေးတယ်ဗျ။ ဘိုးကာက ကျုပ်အနားလေးကို လာပြီး တိုးတိုးပြောတယ်ဗျ ။
“မင်းဘာလုပ်မလို့ စဉ်းစားနေတာလဲ စနေ “
“ဒီဦးကြီးတွေနဲ့ လိုက်သွားမလို့ဗျ “
ဘိုးကာက ကျုပ်ကို တော်တော်စပ်စုတဲ့ကောင်လို့ သဘောရတဲ့အကြည့်နဲ့ ကြည့်ပြီး သွားအိပ်နေတယ်ဗျ။ကျုပ်ကတော့ ရွာက လူကြီးတွေရဲ့နောက် လိုက်သွားတာပေါ့ဗျာ ။
ကျုပ်တို့ ရွာသင်္ချိုင်းကိုကျော်ပြီး မလွှပင်တွေ ပေါက်နေတဲ့ ယာကွက်ကို သွားနေတာဗျ ဓာတ်မီးလေးတွေတော့ ပါတာပေါ့ဗျာ ကျုပ်ရယ် ဦးကြီးနှစ်ယောက်ရယ်ဗျ တလမ်းလုံးဘာစကား တခွန်းမှ မပြောဘူးဗျို့။တချက်တချက် မြေဝပ်ငှက်က ရှေ့က ထထပျံတော့ နည်းနည်းလန့်တာပေါ့ဗျ ကျုပ်လည်း မမေးမိ အောင် မနည်းထိန်းနေရတာဗျာ အဲ့ဒီလိုနဲ့ ကျုပ်တို့တွေ မလွှပင်တွေပေါက်နေတဲ့ ယာကွက်ကို ရောက်ပြီဗျို့ အဲ့ဒီကိုရောက်တော့ ဦးကြီးတယောက်က ငပျောဖက်ကို ခင်းတယ်ဗျို့။ ပြီးတော့ ထမင်းဟင်းတွေပုံ အစောက ကြက်ဖျက်တုန်းကကြက်တောင်ပံ ဘာညာတွေကို အဲ့ငပျောဖက်နဲ့ တတောင်အကွာမြေပြင်မှာ ချထားတယ်ဗျ ပြီးလဲပြီးရော ကျုပ်တို့ကို ဦးကြီးက ခပ်လှမ်းလှမ်းမှာ သွားနေခိုင်းတယ်။သူကလည်း ပြောဆိုပြီးတာနဲ့ ကျုပ်တို့အနား လာနေတယ်။ကျုပ်အထင် ဆယ်မိနစ်လောက်ကြာတော့ ဦးကြီးက ငပျောဖက်နဲ့ ထမင်းဟင်းတွေ ချထားတဲ့နေရာကို ဓာတ်မီးထိုးကြည့်တယ်ဗျ ဘာမှ မရှိပါဘူးဗျာ ပြီးတော့ သူက ရှေ့ကသွားပြီး ရေဘူးကို ဖွင့်ပြီး လက်ဆေးတယ် ကျုပ်ကိုလည်း ဆေးခိုင်းတယ် ပြီးတော့ ဘာမပြောညာမပြောနဲ့ ကြက်သားနဲ့ ထမင်းတွေကို ထိုင်စားနေတယ်ဗျာ။ ကျုပ်ကလည်း ကြားသာကြားဖူးတာ တခါမှမကြုံဖူးတော့ အံ့ဩနေတာပေါ့ လမ်းလျှောက်ရတာကြာတော့ ဗိုက်က ဆာနေတော့ သိပ်စဉ်းစားမနေဘူး လွေးလိုက်တာပေါ့ဗျာ။ ကြက်သားက ဗမာကြက်သားဆိုတော့ ကောင်းကောင်းချက်မထားပေမဲ့ စားကောင်းတယ်ဗျ။ကျုပ်တို့သုံးယောက်လည်း စားသောက်ပြီး အုပ်တွေကို ပြန်သယ်လာပြီး အိမ်ပြန်လာတာပေါ့ဗျာ သရဲက စားမစားတော့ မသိဘူး ကျုပ်တို့ သုံးယောက်ကတော့ ဗိုက်ကိုကားလို့။မကားရိုးလားဗျာ ဦးကြီး တောထုတ်ဖို့ ကိစ္စတုံးလိုက်တဲ့ ကြက်က တပိဿနီးပါး ဥတုန်းမကြီးကိုး အဲ့လိုနဲ့ ကျုပ်တို့လည်း အပြန်လမ်းမှာ စကားတပြောပြောနဲ့ ပြန်လာကြတာပေါ့ဗျာ။
(၆)
ကျုပ်တို့လည်း ကိုရင်လေးတို့ရွာရောက်တာ တပတ်ရှိပြီဗျ ဆေးရုံသွားတဲ့ ကိုရင်တို့အခြေအနေကတော့ ကောင်းတယ်လို့ လူကြုံနဲ့ပြောတယ်။ကျုပ်တို့လည်း ဆေးရုံကို သွားရဦးမယ်ဆို ပြီး ရွာထဲကလူတွေကို အကူအညီတောင်းပြီး ကားစီးမဲ့နေရာအထိ လိုက်ပို့ခိုင်းရတာပေါ့။လှည်းသမားက သဘောကောင်းတယ်ဗျ စကားပြောရင်တော့ ရှင်းရှင်းလင်းလင်း ပွင့်ပွင့်လင်းလင်းပဲဗျ ။
“ကိုရင်လေးကတော့ တကယ့်စံပဲဗျာ “
“ဘာလို့လဲကွဲ “
“ဘာရမှာလဲ ဦးကြီးရာ ကျုပ် ဟိုနေ့က ဆေးရုံလိုက်သွားသေးတယ်လေ။ဆေးရုံရောက်တော့ ကိုရင်လေးအဖေဦးမောင်မောင်က မျက်စိအနားက အနာကို ခွဲရမှာတဲ့ဗျ ကုန်တာတော့ တော် တော် ကုန်တယ်ဗျ။ကျုပ်အထင် နှစ်သောင်းလောက်ကုန်မယ် ထင်တယ်။လူကလည်း အားနည်းနေတာတဲ့လေ ဆေးရုံရောက်တာ အချိန်မှီလို့တဲ့ဗျ။သူ့အဖေက ထူထူထောင်ထောင်ဖြစ်ပြီး တရက်နှစ်ရက်နဲ့ နေကောင်းလာတော့ ဆေးရုံမှာ ငွေခက်ခဲတဲ့သူတွေကို လှုပစ်တာဗျို့ ကျုပ်ရှေ့မှာပဲ ဦးမောင်မောင်က ပြောတယ်ဗျ။ကိုရင်က သူဆေးကုဖို့နဲ့ မတ်တပ်စာလေး တလစာငါးရာလောက်ပဲ ချန်ထားတယ်တဲ့ ကျန်တာ အကုန်ပြန်လှုတယ်တဲ့ဗျာ သူတို့စားလို့ကုန်တာထက် တခြားသူတွေ အသက်အတွက် ပြန်လှုတော့ အလှုရှင် ပိုကုသိုလ်ရတယ်ဆိုပဲ ကိုရင်က ဒကာမကြီးကိုတော့ သူ လုပ်ကျွေးနိုင်ပါသေးတယ်တဲ့ဗျို့ တ ကယ့် စံပဲဗျာ “
အဲ့ဒီစကားကို လှည်းသမားကြီးကပြောပြတော့ ဘိုးကာက ပြုံးတယ်ဗျ ကျုပ်ကလည်း ကိုရင်လေးအဖေ နဲ့ အမေရဲ့ စိတ်ဓာတ်ကို တကယ်ကြိုက်တယ်ဗျာ အဲ့ဒီလို နဲ့ ကျုပ်တို့တွေ ကားလမ်းပေါ်ရောက်တော့ ကြုံရာကားတားစီးပြီး မြို့ဆေးရုံကို ရောက်လာတာပေါ့ ဆေးရုံရောက်တော့ ကိုရင်လေးက အံ့ဩနေတယ်ဗျ သူက ပြောတယ်။ဆေးရုံက တရက်နှစ်ရက်လောက်ဆို ဆင်းရတော့မယ်တဲ့လေ ကိုရင်လေးက ပျော်နေတာဗျ သူ့အဖေကလည်း တော်တော်လေးကို ထူထူထောင်ထောင် ဖြစ်လာတယ်။ကျုပ် တွေးမိတယ် တပတ်လောက်နဲ့ ထူထူ ထောင်ထောင်တန်းဖြစ်လာတာ ကျုပ်တို့ တောထုတ်တာနဲ့များ ဆိုင်နေမလားလို့ပေါ့ စဉ်းစားကြည့်ဗျာ အကြာကြီးနေမကောင်းဖြစ်နေတာ မျက်လုံးဘေးကအနာကို ခွဲပြီးတာနဲ့ပဲ တန်းပြီး ထူထူထောင်ထောင် ဖြစ်လာတာလေ။ကိုရင်လေးအဖေက ဘိုးကာကို စကားပြောလာတယ်ဗျ။
“ကျုပ်သား ကိုရင်ကို ကျုပ်ကိုယ်တိုင် ရဟန်းခံပေးချင်တယ်”
“ဖြစ်ရမှာပေါ့ဗျာ “
“ကျုပ်ကို ဆေးဖိုးလှုပေးတဲ့ အလှုရှင်ကိုလည်း ပြောပေးပါဗျာ ကျုပ် မေတ္တာပို့ပြီး ကန်တော့ပါတယ်လို့ “
“စိတ်ချပါဗျာ ပြောလိုက်ပါ့မယ် “
ဒီနေ့လေးက ကျုပ်အတွက် တကယ် စိတ်ချမ်းသာစရာနေ့လို့ ပြောရမယ်ဗျ ကိုရင်လေးမိသားစုလည်း အဆင်ပြေ၊တခြား ဆေးရုံတက်နေတဲ့ မပြေလည်သူတွေလည်း အဆင်ပြေပေါ့ ဆေးရုံထဲက တချို့လူတွေဆို ကိုရင်လေးကို ကျေးဇူးတင်ပြီး လာကန်တော့တာ သူတို့ရဲ့ပါးစပ်ဖျားမှာတော့ ဦးအေးလွင်နဲ့ မိသားစု ကျန်းမာပါစေ ချမ်းသာပါစေဆိုပြီး မေတ္တာပို့နေကြတာပေါ့ဗျာ။ကိုရင်လေးက သူလှုလိုက်တဲ့သူတွေကို ဦးအေး လွင် မိသားစု မိဘမေတ္တာဆန်စက်က လှုတာဆိုပြီး ပြောတာဗျ ကျုပ် ကိုရင်လေးတို့မိသားစုရဲ့စိတ်ဓာတ်ကို တကယ်ကို မလေးစားပဲ မနေနိုင်ဘူးဗျာ။ငွေတသိန်းဆိုတာ နည်းတဲ့အမောက် မဟုတ်ဘူးနော်။ပြီးေတာ့ကျုပ် သင်ခန်းစာတခုရလိုက်တယ်ဗျ။အလှုခံတဲ့သူတွေက လိုသလောက်ပဲ ယူရမယ်။တခြားအဆင်မပြေတဲ့သူတွေကို အခွင့်အရေးပေးရမယ် ဆိုတာရယ် ပြီးတော့ ဇိဝိတဒါနကုသိုလ်က ဘယ်လောက်ပီတိဖြစ်တယ်ဆိုတာကိုပေါ့ ကျုပ်ဒီအကြောင်းကို ဘိုးကာနဲ့ တိုင်ပင်ပြီး မိဘမေတ္တာဆန်စက်ပိုင်ရှင် ဦးအေးလွင်ကို ပရစေတနာပွားနိုင်ဖို့ ပြန်ပြောပြမယ်လို့ တွေးလိုက်ရင်း ကျုပ်တို့ ကျောင်းပြန်မဲ့ရက်ကို ကိုရင်လေးက သဘက်ခါလို့ သတ်မှတ်လိုက်တယ်ဗျာ။
📖မောင်စနေ
နောက်ထပ်စာစဉ်များ ရှိပါသေးသည် ။
Page လေးကို Like & Follow ပေးကြပါဦးဗျ။
Leave a Reply