ဦးပေါက်

 

(၂)

ကျုပ်လည်း ညနေဖက်ရောက်ရော ဦးပေါက်ကို ညနေစာ စားဖို့ သွားခါ်တာပေါ့ဗျာ။အယ် ဦးပေါက်က သူအခန်းရှေ့ကစောင်း တန်းမှာ တယောက်တည်းရှေ့လျှောက် နောက်လျှောက်နဲ့ တရားမှတ်နေတယ်ဗျ။ကျုပ်စိတ်ထဲ ဒီဘိုးတော် တရားတော်တော်လုပ် တာ ညစာတော့ စားမှာ မဟုတ်လောက်ဘူးပေါ့ ဒါပေမဲ့ တာဝန် အရတော့ မေးဦးမှပါဆိုပြီး သူ့ကို ခေါ်ရတာပေါ့။

“ဆရာကြီး ညနေစာ ထမင်းစားဖို့ လာခေါ်တာပါ ”

“အေး ဟုတ်လား ငါလည်း ဗိုကဆာနေတာနဲ့ အတော်ပဲကွာ လာ သွားစားရအောင် ”

ကျုပ် ထင်သလို မဟုတ်တာနဲ့ ကျုပ်လည်း ဘိုးတော်ကို သိပ်ပြီးအထင်မကြီး‌မိတော့ဘူးဗျာ ဒီပုဂ္ဂိုလ်ကြီး အရောင်ပြလျှောက်လုပ်နေတယ်လို့ပဲ မှတ်လိုက်တာပေါ့ အဲ့တာနဲ့ ကျုပ်လည်း သူ့အပေါ် လေးစားနေတဲ့စိတ်တွေကို မောင်းထုတ်ပစ်လိုက်တာပေါ့ဗျာ။

ကျုပ်နဲ့ ဘိုးကာ က ထမင်း၀ိုင်းကို ပြင်ထားပြီးသားဗျ ဦးပေါက်လည်း စားပွဲနားရောက်တာနဲ့ တန်းလက်ဆေးပြီး တွယ်တာဗျို့ ကျုပ် ကြားဖူးတဲ့အထက်လမ်းဆရာတွေက အသားတွေငါးတွေ မစားဘူး သက်သက်လွတ်လို့ ကြားဘူးတယ်။ခု ကျုပ်တို့ ကျောင်းကိုရောက်လာတဲ့ အထက်လမ်းဆရာက အသားငါး တွယ်ချက်ဗျာ နေ့လယ်က ကျောင်းမှာ ဆွမ်းကျွေးရှိတော့ ကျန်နေတဲ့အသားဟင်းတွေ သူခပ်လိုက်တာ တဝက်ကျသွားတယ် အဲ့တာနဲ့ ကျုပ်နဲ့ ဘိုးကာလည်း တယောက်ကိုတ‌ယောက် ကြည့်လိုက်ပြီး ပန်းကန်ထဲ ဟင်းခပ်ထည့်လိုက်ကြ တာပေါ့ဗျာ။ဦးပေါက်ကတော့ အားရပါးရ ထမင်းစားရင်း ပလုတ်ပလောင်းသံကြီးနဲ့ စကားပြောလာတယ်ဗျ။

“ကောင်လေး ထမင်းကျန်သေးလား ”

“ရှိသေးတယ် အားမနာနဲ့ စားသာစား ဆရာကြီး ”

ကျုပ်က ပါးစပ်က ကောင်းအောင်ပြောရတာ စိတ်က‌တော့ သိပ်မကျေနပ်ဘူးဗျ။အဲ့တာကို ဦးပေါက်က သိနေတာလား မသိပါဘူးဗျာ ကျုပ်ကို ကြည့်ပြီး

“ကောင်လေး မင်းက ငါ့ကို မကျေနပ်ဘူးထင်တယ်။မင်းတို့ မေ့နေတာပါကွာ ဟင်းတွေ ကျန်ပါသေးတယ်။ငါးဖယ်နဲ့ ခရမ်း ချဉ်သီးရယ် ကြက်သား နဲ့ ပင်စိမ်းရယ် ဇလုံကြီးတလုံး နဲ့ အုပ်ထားတယ်။ဆွမ်းကျွေးတဲ့ ဒကာမ တယောက် အုပ်သွားတာ ”

“မဟုတ်တာဗျာ ကျုပ်တို့ ”

ကျုပ်က ငြင်းနေတုန်းပဲ ရှိသေးတယ်။ဘိုးကာက စားပွဲခုံပေါ် တင်ထားတဲ့ ဇလုံတွေကို သွားလှပ်ကြည့်တာ အဟုတ်ဗျို့ ကြက်သားဟင်းတခွက် နဲ့ ငါးဖယ်ခရမ်းချဉ်သီးချက် ဗျာ ကျုပ် နဲ့ ဘိုးကာဆို အံ့ဩလွမ်းလို့ ဦးပေါက်ကို ငေးပဲ ငေးကြည့်နေမိတော့တာပေါ့ဗျာ ။

(၃)

အင်း ကျုပ်လည်း အဲ့ဒီနေ့ကတည်းက ဦးပေါက်ကို မလေးမစား မလုပ်ရဲတော့ဘူးဗျို့။ လူတယောက်ကို အပေါ်ယံကြည့်လို့မရဘူးဆိုတာကို သင်ခန်းစာရသွားတာပေါ့။တခါတုန်းက ညနေဖက် ဦးပေါက်က တောင်ဘက်က တောထဲလမ်းလျှောက်နေတာဗျ။ကျုပ်လည်း ဦးပေါက်ကို လိုက်ချောင်းကြည့်တော့ သူ့ဘေးမှာ ခေါင်းပေါင်းအဖြူ၊အင်္ကျီအဖြူ နဲ့ ဘိုးတော်ကြီးတယောက် တပြုံးပြုံးနဲ့ စကားပြောနေကြတာဗျာ။နောက်ပြီး ကျုပ် ချောင်း ကြည့်နေတဲ့အုန်းပင်ကို ဝတ်ဖြူစင်ကြယ်ဝတ်ထားတဲ့ ဘိုးတော်က မေးငေါ့ပြတော့ ကျုပ် လန့်သွားတာပေါ့ဗျာ။အဲ့တာနဲ့ အုန်း ပင်နဲ့ ပြန်ကွယ်လိုက်ပြီး ဆက်ပုန်းနေတာပေါ့။ခဏအကြာ ထူး ခြားတဲ့ အရိပ်‌အယောင်မရှိတာနဲ့ ပြန်ချောင်းကြည့်လိုက်တော့ ဘယ်သူ့ကိုမှ မတွေ့ရတော့ဘူးဗျ အဲ့တာနဲ့ ကျုပ်လည်း ဟိုကြည့်ဒီကြည့်လုပ်နေတုန်း ကျုပ်ပခုံးကို လက်နဲ့ အပုတ်ခံလိုက်ရလို့ လန့်ပြီး နောက်ကို လှည့်ကြည့်မိတယ်။ဦးပေါက်ဗျာ ကျုပ်ကို ပြုံးပြုံးကြီးနဲ့ ကြည့်ပြီး စကားဆိုတယ်ဗျ ။

“စနေ မင်း ဘာတွေ လိုက်ချောင်းနေတာလဲကွ”

“မချောင်းပါဘူးဗျာ အုန်းသီး စားချင်လို့ အုန်းပင်ပေါ် တက် မလားလို့ပါ”

ကျုပ် ပြောမိပြောရာ ပြောလိုက်တာဗျို့ တကယ်တော့ ကျုပ် လူတရပ်မြင့်အောင်အထိတောင် အုန်းပင်ပေါ် မတက်ဖူးဘူး ဦးပေါက်က ကျုပ် လိမ်တာကို သိနေတဲ့ပုံစံနဲ့ ရယ်တယ်ဗျ ပြီး‌ တော့ ထပ်ပြောသေးတယ် ။

“ကဲ စနေ ငါလည်း အုန်းသီး စားချင်နေတာနဲ့ အတော်ပဲ တက်ကွာ ငါ့အတွက်ပါ ခူးပေး ”

ကျုပ် တိုင်ပတ်ပြီဗျို့။အပင် တကယ်မတက်တတ်ဘူး။မတက်ဘူးဆိုရင်လည်း ကျုပ်လိမ်တာ သိသွားမှာစိုးလို့ ကြိုးစားပြီး တက်ကြည့်တယ် မရပါဘူးဗျာ။ခဏကြာတော့ ဦးပေါက်က ကျုပ်အနားကပ်ပြီး ခေါင်းကို တချက်ပုတ်တယ်ဗျာ ပြီးတော့ တက်တော့ကွာလို့ ပြောတယ် သူ ခေါင်းပုတ်လိုက်တာနဲ့ ကျုပ် အုန်းပင်ကို ဖက်လိုက်တာ လက်က အုန်းပင်မှာ ကပ်နေတယ်ဗျ ။ကျုပ် စိတ်ထဲကနေ လက်ကို သူများတွေတက်သလို တက် ကြည့်မယ်ဆိုပြီး တွေးလိုက်တာနဲ့ မျောက်တကောင်လိုပဲ ကျုပ်ခန္ဓာကိုယ်က ပေါ့ပေါ့ပါးပါးနဲ့ပဲ အပေါ်ရောက်သွားတာဗျာ ။ ကျုပ်ကိုယ်ကျုပ်တောင် အံ့ဩနေရတယ်ဗျာ။ကျုပ် အုန်းပင်ပေါ် ရောက်လာတော့ အုန်းသီးကို ခူးလိုက်တယ်ဗျ။ခူးပြီးတော့အောက်ကို ပစ်ချလိုက်တယ်။ကျုပ်စိတ်ထဲ ငါ အတော်ဟုတ်ပါလားလို့ တွေးမိတုန်း လက်တွေ တုန်လာတယ်ဗျာ ပြန်မဆင်းရဲတော့ဘူး။ကျုပ် ငုံ့ကြည့်တော့ ဦးပေါက်က ပြုံးနေတယ်။အဲ့‌ တော့မှပဲ ကျုပ် သိလိုက်တယ်။ဦးပေါက် ကျုပ်ကို စနေပြီလို့ပေါ့ ကျုပ်လည်း မဆင်းရဲတော့တာ နဲ့ ဦးပေါက်ကို လှမ်းအော် ပြောရတော့တာပေါ့ ။

“ဆရာကြီး ကျုပ် ကျုပ်ကို ကယ်ပါဦး ဒီမှာ ကြောက်လို့သေတော့မယ် ”

“ဟဲ့ကောင်ရ မင်းဘာသာ မင်း တက်သွားတာလေ မင်းတက်တောင် တက်နိုင်သေးတာပဲ ပြန်ဆင်းခဲ့လေကွာ ”

“မ မဆင်းတတ်ပါဘူးဆိုဗျာ ”

“ဟုတ်ပြီ ဟုတ်ပြီ အဲ့တာဆို ငါမေးမယ် မင်းတော်လို့ အုန်းပင် တက်တတ်တာလား ”

“တော်လို့ မဟုတ်ပါဘူးဗျာ ကျုပ်စိတ်ကို ခင်ဗျားက ဘယ်လို လုပ်သိနေရတာလဲ ကျုပ် တော်လို့ မဟုတ်ပါဘူးဗျာ ”

“ဟားးး ဟားးး ကောင်လေးရေ မျက်လုံးပိတ်လိုက်ကွာ”

ဦးပေါက်ပြောသလို ကျုပ် မျက်လုံးမှိတ်လိုက်တယ်။ခဏနေတော့ ကျုပ်အနားကနေ အသံတသံ ထွက်လာတယ်ဗျ။

“ကောင်လေး ‌မျက်လုံး ဖွင့်တော့ ”

“ဗျာ ”

ကျုပ်လည်း ဗျာ တပြီး မျက်လုံးဖွင့်လိုက်‌တာ။ဟာ ကျုပ် အုန်းပင်အောက်ခြေ ရောက်နေပါပေါ့လား။ကျုပ် အံ့ဩနေတုန်းမှာပဲ ဦးပေါက်က ရယ်ပြီး စကားပြောလာတယ်ဗျ ။

“ကဲ ကောင်လေးရေ ငါ့ကို အုန်းသီး ခွဲပေးဦးလေကွာ ”

ကျုပ်လည်း ဘာစောဒကမှမတက်ပဲ ကြည်ကြည်ဖြူဖြူပဲ အုန်းသီး ခွဲပေးလိုက်တာပေါ့ဗျာ ။

(၄)

ကျုပ်တို့ကျောင်းမှာ ဦးပေါက် ရောက်နေတာ လေးရက်ကြာပြီဗျ။ကျုပ်တို့လည်း ဦးပေါက်နဲ့ အတော်ရင်းနှီးနေပြီ။ဘိုးကာကတော့ ပြောမနေပေါ့ဗျာ။သူ့စိတ်ကြိုက် ဦးပေါက် နဲ့ အချိန် တိုင်း စကားပြောနေတာဗျို့။အခုလည်း ကျားထိုးနေတာဗျာ ကျုပ်တို့ကျောင်းရဲ့ချန်ပီယံကြီးတော့ ဦးပေါက်နဲ့ တွေ့မှ ချွေးတွေပြန်နေရပြီဗျို့ ကျုပ်နဲ့ ကိုရင်နှစ်ပါးက‌တော့ ကြိတ်ပြီး ဝမ်းသာနေတာ တဟီးဟီးတဟားဟားနဲ့ပေါ့ဗျာ။ကျုပ်တို့ ရယ်လေ ဘိုးကာက မျက်နှာပျက်လေလေ။ကျုပ်တို့ကို အပြစ်ရှာချင်နေတာဗျို့ ကဲ နောက်ဆုံးတော့ ဘိုးကာ သုံးပွဲပြတ်နဲ့ ရှုံးပါရောဗျာ ပွဲပြီးတော့လည်း ပုံမှန်ပါပဲ က‌စားနေတုန်း ဒေါနဲ့ မောနဲ့လေ အဲ့လိုနဲ့ ဦးပေါက်က ကျုပ်ကို ပြောတယ်ဗျ။

“စနေရေ မင်း ငါ့နောက်လိုက်ခဲ့ပါလား ထိန်ပင်ရွာကို ပယောဂ သွားစစ်မှာ ”

“လိုက်တော့ လိုက်ချင်တယ်ဗျ ဘုန်းကြီးက လွှတ်ပါ့မလား ”

“အင်း လျှောက်ကြည့်ရတာပေါ့ကွာ ဘုန်းကြီး လွှတ်ရင်တော့ မင်း လိုက်မယ် မဟုတ်လား ”

“စနေတို့က မငြင်းပါဘူး‌ဗျာ ”

“ပြီးတာပဲ လာ ဘုန်းကြီးကို သွားလျှောက်ရအောင် ”

ကျုပ်တို့ ဘုန်းကြီးကို သွားလျှောက်တော့ ဘုန်းကြီးက ခွင့်ပြုတယ်ဗျ အဲ့တော့ ကျုပ်လည်း ဦးပေါက် နဲ့အတူ ထိန်ပင်ရွာကို သွားဖို့ ဖြစ်လာတာပေါ့ဗျာ ။

(၅)

ထိန်ပင်ရွာတဲ့ဗျာ ကျုပ် ကြည့်ရသလောက်တော့ ရွာသွားတဲ့ လမ်းမှာ ထိန်ပင်တပင်မှလည်း မတွေ့မိပါဘူး။လမ်းလျှောက်လိုက်ရတာများဗျာ ခြေထောက်တွေတောင့်ပြီး ကြွက်တက်ချင် ပြီ။ဦးပေါက်ကတော့ လေလေးတချွန်ချွန်နဲ့ပဲဗျ။ဒီလောက် လမ်းလျှောက်ရမယ်မှန်းသိရင် ရေဘူးတွေဘာတွေ ယူခဲ့ပါတယ်ဗျာ။မနက်ခင်းလေးနာရီလောက်ကတည်းက လမ်း လျှောက်လာတာ မနက်ရှစ်‌နာရီလောက်ရှိပြီ။အခုထိ မရောက်သေးဘူး။တခါမှလည်း မနားရသေးဘူး ကျုပ်တို့ဆက်လျှောက် လာတာ အခု ဆယ့်တနာရီလောက်ရှိတော့ ကျုပ်လည်း မဟန် နိုင်‌တော့ဘူး သူကတော့ အေးဆေးပဲဗျာ လေချွန်မပျက်တဲ့အပြင် သီချင်းလေးတောင် ညည်းနေသေးတာဗျို့။ကျုပ်ကလည်း လူအို နဲ့ လူပျို၊သူ‌တောင် ဒီလောက်လျှောက်နိုင်သေး တာပဲဆိုပြီး အံကြိတ်လျှောက်နေတာဗျာ နောက်တော့ ကျုပ်လည်း မာနခဝါချလိုက်ပြီး ဦးပေါက်ကို တောင်းပန်ရ‌တော့တာပဲဗျို့။

“ဆရာကြီး ကျုပ် နားချင်ပြီဗျာ ဒီမှာ ခြေထောက်တွေ ကြွက် တက်နေပြီဗျ”

“အေးကွာ နားလို့တော့ မဖြစ်ဘူးကွ ဟိုမှာ လူနာက အရေး ကြီးနေပြီ ”

“မတတ်နိုင်ဘူး ကျုပ်ကတော့ လမ်းကို ဆက်မလျှောက်နိုင်တော့ဘူး”

“နေဦး ကောင်လေး နေဦး”

ဦးပေါက်က ပြောပြောဆိုဆို သူ့လွယ်အိတ်ကြီးထဲမှ တခုခု လိုက်ရှာနေတယ်ဗျ ပြီးတော့ တခုခုကိုစမ်းလိုက်ပြီး ပြုံးတယ် ထုတ်လိုက်တော့ ပဲမြစ်လေး ပါလာတယ်ဗျာ။ကျုပ်ဖြင့် ကြား ဖူးနားဝ ရွှေငပျောသီးတွေ၊တခြား အဟာရသိဒ္ဓိဝင်အသီးအနှံတွေ ကျွေးမယ်ထင်ထားတာ အခု‌တော့ဗျာ ပဲမြစ်တဲ့ ပဲမြစ်တောင် ဗမာပဲမြစ်သေးသေးလေးပါဗျာ။ကျုပ်လည်း စိတ်ညစ်သွားတာပေါ့ဗျာ အဲ့တော့ သူပေးတဲ့ ပဲမြစ်ကို မယူဘူးပေါ့ဗျာ ။ အဲ့တော့ ကျုပ်ကို သူက ပြုံးပြီးပြောတယ်ဗျ ။

“ဟေ့ကောင် စနေ မင်းမှာသာစားစမ်းကွာ ပြီးမှ မောင်ကျန်တတို့ လုပ်မနေနဲ့ ”

“မစားချင်ပါဘူးဗျာ အာမထိလျှာမထိ ရေဆာနေပါတယ် ဆို ဆရာကြီး ပဲမြစ်စားရင် ပိုရေဆာမှာပေါ့ ”

“စားကြည့်စမ်းပါ စနေရာ ရော့ ”

ဦး‌ပေါက်က ကျုပ်ကို ပစ်ပေးတယ်ဗျ။ကျုပ်လည်း သူပစ်ပေးတော့ ဖမ်းလိုက်ရတာပေါ့။ပြီးတော့ ကျုပ် သေချာကြည့် လိုက်တော့လည်း သာမာန်ပဲမြစ်ပါပဲဗျာ။ကျုပ် စူးစမ်းနေတာကို သိတော့ ဦးပေါက်က လှမ်းပြောတယ်ဗျ ။

“ဟေ့ကောင် စားကြည့်စမ်းပါကွာ ငါဈေးထဲက ဝယ်လာတဲ့ ပဲမြစ်ကွ သူပြောတာတော့ အိမ်ကတူးလာတာတဲ့ ”

ကျုပ် ထပ်စိတ်ပျက်သွားတယ် ထူးဆန်းတဲ့ပဲမြစ်များ ဖြစ်နေမလားဆိုပြီးတော့ ထင်မိတာကိုးဗျ။ကျုပ်လည်း သာမာန်ပဲ မြစ်ဆိုတော့ နောက်ထပ်ဘာစိတ်ခံစားချက်မှမရှိပဲ ပဲမြစ်လေးကို အခွံလွှာပြီး စားလိုက်တာပေါ့ဗျာ။စားရတော့လည်း တကယ် ပဲမြစ်ပါပဲ လူ့စိတ်ပြောပါတယ် ပါးစပ်ထဲရောက်တဲ့အချိန်ထိ ကျုပ် ထူးထူးဆန်းဆန်း အရသာတွေဖြစ်နေမလားဆိုပြီး တွေးနေတာဗျ။ကျုပ် ပဲမြစ်လည်းစားပြီးရော ဦးပေါက်က ချက်ချင်း ထပြီး ခရီးပြန်ဆက်တာဗျို့ ကျုပ်လည်း ချက်ခြင်းထပြီး သူ့နောက်က လိုက်ရတော့တာပေါ့ဗျာ ။

(၆)

ကျုပ်တို့တွေ နေမွန်းတည့်လောက်မှာ ထိန်ပင်ရွာအဝင်ကို ရောက်လာတယ်ဗျ။ကျုပ်ကတော့ အခုမှရောက်တယ်ဆိုပြီး ဦးပေါက်ကို ပြောမယ်ကြံတုန်း သူက ကျုပ်ကို အရင်ပြုံးပြပြီး စကားပြောလာတယ်ဗျ ။

“စနေ မင်း ဘာထူးလဲ ”

“ဘာထူးရမှာလဲ ဆရာကြီးရာ ”

“မနက်ရှစ်နာရီနေပူချိန်လောက်က သေမလိုဖြစ်နေတဲ့ကောင်က အခု နေမွန်းတည့်ချိန်ထိ လမ်းလျှောက်လာတာ ညည်းသံတချက်မှ မကြားတော့လို့ ထူးဆန်းလို့ မေးလိုက်တာပါကွာ ”

ဟုတ်သားပဲ။သူပြောမှ ကျုပ်သတိထားမိတယ်ဗျ။ဟိုပဲမြစ်လေး စားပြီးတဲ့နောက်ပိုင်း ကျုပ် ရေဆာပျောက်သွားသလို ဒီ လောက် လမ်းလျှောက်နေတာတောင် မမောပါလား။ကျုပ်ဖြင့် အခုမှ တွေးပြီး ထူးဆန်းလိုက်တာဗျာ။အဲ့တာကြောင့် ရှေ့က သွားနေတဲ့ဦးပေါက်ကို ပဲမြစ် ထပ်တောင်းလိုက်တာပေါ့

“ဆရာကြီး ကျုပ်ကို ပဲမြစ်လေး မ စပါဦးဗျ ”

“စနေ မင်းပြောတော့ မလိုချင်ဘူးဆို ”

“အခု လိုချင်သွားပြီဗျာ ”

“မရဘူး ဟေ့ကောင် တန်ဖိုးသိသွားတော့မှ ပြန်လိုချင်လို့မရဘူး နောက်ကျသွားပြီ”

ကျုပ်လည်း ဘာမှဆက်မပြောတော့ဘူး။သူ့နောက်ကို ဘာစကားမှမပြောပဲ လိုက်သွားလိုက်တာပေါ့ဗျာ ။

မကြာဘူးဗျ။ရွာလယ်လမ်းတိုင်းအတိုင်း လမ်းလျှောက်နေတုန်း လူနှစ်ယောက် ကျုပ်တို့ကိုလာကြိုတာနဲ့ ကြုံတယ်ဗျ။ ကျုပ်တို့လည်း လိုက်သွားတာပေါ့။ရွာလယ်က တိုက်ခံအိမ်တလုံးဆီကိုရောက်တော့ လူကြီးနှစ်ယောက်က ကျုပ်တို့ကို ကောင်းကောင်းမွန်မွန် ဧည့်ခံတယ်။ပြီးတော့ သူတို့ဖြစ်တဲ့ပြဿနာတွေကို ကျုပ်တို့ကို ပြောပြတယ်။ကျုပ်က သေချာနားထောင်နေပေမဲ့ ဦးပေါက်ကတော့ ရေနွေး‌သောက်အမြည်းတွေချည်း လှိမ့်စားနေတာဗျို့။ကျုပ်ဆို အတော်ကို အားနာနေရတယ်။အိမ်ရှင်အမျိုးသားနဲ့ အမျိုးသမီးတို့သည် သမီးဖြစ်သူ ၏ အကြောင်းကို ပြောပြနေရင်းက မျက်ရည်တွေ ဝဲနေတာပေါ့ဗျာ။

“ဆရာကြီး ကျုပ်တို့သမီးလေးက ကောလိပ်တက်ရတော့မှာ ပါ။အခု ကောလိပ်တက်ခါနီးမှ ရူးသလို ဖြစ်နေတာ သူ့ကို မနာ လိုတဲ့သူတွေ လုပ်ထားတာပဲ နေမှာ”

“ဟုတ်ပါတယ် ဆရာကြီးရယ် ကျမတို့သမီးလေးကို ကူညီပါဦး”

အိမ်ရှင်တွေက ပြောနေပေမဲ့ ကျုပ်တို့ ဦးပေါက်ကြီးကတော့ မြေပဲဆန်သုပ်ကို ပန်းကန်ကနေ ကိုင်စားနေတယ်ဗျာ ကျုပ်ကိုလည်း ရေနွေးငှဲ့ခိုင်းပြီး အသောက်မပျက်ဖြစ်‌နေတော့ ကျုပ်ဖြင့် အားနာလိုက်တာဗျာ။နောက်တော့ အိမ်ရှင်ယောကျာ်းဖြစ်သူက စိတ်သိပ်မရှည်ဘူးနဲ့ တူတယ်။အသံနည်းနည်းမာ လာတယ်ဗျ။ကျုပ်အထင်တော့ ဦးပေါက်ကို ရွဲ့ပြီး ပြောလိုက်တာဗျ။

“ဆရာကြီး တော်တော်ငတ်နေရင်လည်း ထမင်းပါ ကျွေးပါ့မယ် ”

အိမ်ရှင်ရဲ့စကားက အ‌တော်တော့ ရင့်သီးတယ်ဗျာ။ဒီလောက် ကြီး စော်ကားတာတော့ ကျုပ်လည်း လက်သင့်မခံနိုင်ဘူး။အဲ့တာနဲ့ ကျုပ်က ပြန်ပြောမလို့လုပ်တော့ ကျုပ်ကို ဦးပေါက်က လက်ကာပြပြီး အိမ်ရှင်ကို ခေါင်းညိတ်ပြတယ်ဗျ။သူပြောချင်
တာ‌က ထမင်းကျွေးပေါ့ဗျာ။အဲ့တော့ အိမ်ရှင်လင်မယားက ဘာမှဆက်မပြောတော့ပဲ ထမင်းပွဲပြင်ပေးတယ်ဗျ။ကျုပ်လည်း အားနာနာနဲ့ တွယ်လိုက်တာ သုံးပန်းကန်ကုန်ပါရောဗျာ။ ကျုပ် ထက်ဆိုးတာက ဦးပေါက် ထမင်းအုပ်တအုပ်လောက်ကို ကုန်တယ်ဗျို့။ကျုပ်တို့ကို အိမ်ရှင်နဲ့ တခြားရွာသားတွေက ငတ်ရန် ကော ဆိုတဲ့ အကြည့်နဲ့ ကြည့်နေတာဗျို့။ကျုပ်လည်း မထူးတော့ပါဘူးဆိုပြီး ပေါ့ပေါ့ပါးပါးပဲ နေလိုက်တယ်။ထမင်းစားပြီးတော့ ဦးပေါက်က ဆေးပေါ့လိပ်လေး ခဲပြီး ဇိမ်ယူနေတယ်ဗျ။ကျုပ်ကတော့ ထန်းလျက်လေးကိုက်လိုက် ရေနွေးလေး သောက်လိုက်နဲ့ပေါ့ဗျာ အိမ်ရှင်နဲ့ အပေါင်းအပါတွေက‌တော့ ကျုပ်တို့ကို မကြည်ဖြူတော့ဘူး။ကျုပ် သူတို့ရဲ့အကြည့်တွေကို သိပါတယ်။ဒီကောင်တွေ လူလိမ်တွေဆိုတဲ့ အကြည့်မျိုးလေ။ဦးပေါက်တောင် ဂရုမစိုက်တာ ကျုပ်လည်း ဂရုမစိုက်တော့ဘူးပေါ့ဗျာ။အဲ့လိုနဲ့ ကျုပ်‌တို့တွေ အေးဆေးနေ နေတုန်း အိမ်ရှင်လင်မယားနှစ်ယောက်လုံးက တယောက်တပေါက်နဲ့ စကားပြောလာတယ်ဗျ ။

“ရှင်တို့ မကုတတ်ရင်လည်း ထမင်းစားပြီးပြီပဲ ပြန်တော့ ဒီမှာတော့ ညအိပ်ဖို့ စဉ်းစားမနေနဲ့ ”

“ဟုတ်တယ် ပုံတွေကြည့်ရတာလဲ ကြောင်တောင်တောင်နဲ့ ရွာက ဦးကြာညွန့် ညွှန်းလို့သာ ပင့်လိုက်ရတာ ခင်ဗျားတို့ ပြန်‌ကြပါတော့ဗျာ ”

ကျုပ်တို့ ဦးပေါက်က စိတ်မဆိုးဘူးဗျို့။လက်ကာပြပြီးတော့ တန်းလျားက ထပြီး အိမ်ပြင်ထွက်တယ်ဗျ ကျုပ်လည်း လိုက်ထွက်လိုက်ရတာပေါ့။ပြီးတော့ ဦးပေါက်က ခြံစည်းရိုးက ဝါးခြမ်းပြားတချောင်းကို ယူပြီး အိမ်ထဲမှာ ကျန်ခဲ့တဲ့ အိမ်ရှင်နဲ့ ရွာသားတွေကို လှမ်းခေါ်တယ်ဗျ။

“ဟေ့ ဟေ့ တရွင်းတချောင်း ယူပြီး ဒီကို လာခဲ့ကြ”

တခွန်းခေါ်တာ မရတော့ နောက်ထပ် အသံကျယ်ကျယ်နဲ့ ထပ်ခေါ်တယ် ။

“ဟေ့ကောင်တွေ ငါခေါ်နေတယ်လေ တရွင်းယူပြီး လာခဲ့ဆို ”

နောက်တခါခေါ်တော့ အိမ်ရှင်က တုရွင်းကြီးထမ်းပြီး ရောက်လာတယ်ဗျ။နောက်ကရွာသားလေးငါးယောက်လည်း ပါတာပေါ့။ဦးပေါက်က ဝါးခြမ်းပြားနဲ့ အိမ်ဝိုင်းထဲက လေးနေရာကို ဝါးခြမ်းပြား‌နဲ့ ထောက်ပြီး တူးခိုင်းတယ်ဗျ။ဟိုလူတွေက လည်း မယုံမကြည်နဲ့ တူးတာပေါ့ဗျာ။လက်နှစ်တောင်လောက်လည်း တူးပြီးရော

“ဟ ဒီမှာ အထုတ်တထုပ်ဗျို့ ”

“‌ကျန်တဲ့နေရာတွေ တူး အထုပ်က လေးထုပ် ဒီနားမှာ လာပုံ ”

အိမ်ရှင်နဲ့ ရွာသားတွေ တ‌ယောက်တလှည့် တူးကြတာ တကယ်ပဲ အထုတ်လေးထုတ်ဗျ။အထုတ်တွေကို ဖြည်ကြည့် ‌လိုက်တော့ အိုးခြမ်းပဲ့တွေပေါ်မှာ သင်္ချာဂဏန်းတွေ ရေးထားတာဗျာ အဲ့တာကို ကြည့်ပြီးတော့ ဦးပေါက်က ပြောတယ်ဗျ ။

“ကဲ ဒါ အင်းတွေပဲ သွား ထင်းနဲ့ မီးဖိုစမ်း ”

မီးလည်းဖို‌ပြီးရော ဦးပေါက်က မျက်လုံးမှိတ်ပြီး တိုးတိုးရွတ်နေတယ်ဗျ။ပြီးတော့ အင်းထုတ်လေးထုတ်လုံးကို မီးဖိုထဲ တထုတ်ချင်းထည့်ပြီး မီးရှို့ပစ်တာပေါ့ဗျာ။အင်းထုတ်တွေ ထည့်တော့ မီးအရောင်တွေ ပြောင်းသွားတာဗျာ။မီးရောင်က ပုံမှန်လည်းဖြစ်သွားရော အိမ်ထဲကနေ ကျုပ်အရွယ် ကောင်မလေး တယောက် ထွက်လာတယ်ဗျ။ပြီးတော့ သူအဖေနဲ့ အမေကို လှမ်းခေါ်တယ်။

“အမေ နဲ့ အဖေ ဘာလုပ်နေတာလဲ သမီး ဗိုက်ဆာနေပြီ။ကောလိပ်တက်ဖို့လည်း ဘာမှ မလုပ်ရသေးဘူး မဟုတ်လား”

အိမ်ရှင်လင်မယားမှာ တအံ့တဩဖြစ်ပြီး ဦးပေါက်ကို ထိုင်ရှိခိုးတာဗျာ ပြီးတော့ တောင်းပန်တယ်။ကျုပ်တို့ ဦးပေါက်က မာနမကြီးပါဘူး သူတို့ကို ပြုံးပြီး နှုတ်ဆက်လိုက်တယ်။ပြီးတော့ ကျုပ်ကိုခေါ်ပြီး တန်းပြန်တော့တာဗျ။အိမ်ရှင်လင်မယား နဲ့ ရွာသားတွေကတော့ ကျုပ်တို့ကို ငေးကြည့်ပြီး ကျန်ခဲ့တာပေါ့ဗျာ။

နောက်ထပ်စာစဉ်များ ရှိသေးသည်။

ကျနော်ရဲ့ page လေးကို Follow ပေးကြပါဦးဗျ။