ဘုန်းကြီးတစ္ဆေ

တယ်ဆိုပဲ ဘုန်းကြီးဖြစ်တော့မှပဲ စိတ်လျော့လိုက်တာတဲ့ဗျာ ကျုပ်တို့ ဘုန်းကြီးက စိတ်ပဲလျှော့တာဗျ ဝိတ်ကတော့ မ‌လျော့ဘူး သူက ဝသာဝနေတာပါ အစားအသောက်က အဲ့ဒီလောက်စားတာမဟုတ်ဘူး ကျုပ်ထင်ပါတယ်။ ကျုပ်တို့ဘုန်းကြီးက မျိုးရိုးလိုက်ပြီး ဝနေတယ်ဆိုတာကို။

ကဲ အဲ့ဒီလိုနဲ့ ကျုပ်တို့လည်း ကျောင်းပြန်ရောက်ပြီး အေး‌ ဆေးဖြစ်နေတာပေါ့ ကိုရင်နှစ်ပါးကလည်း အပါးသားဗျို့ ကျုပ်တို့ ရောက်လာကတည်းက မျက်နှာချင်းဆိုင်လိုက်ပြီဆိုတာနဲ့ ပြုံးနေတော့တာပဲ ကျုပ်တို့ဆို သူတို့ကို အပြစ်မဆိုရက် ပါဘူးဗျာ အဲ့လိုနဲ့ တနေ့ ကျုပ်တို့ကျောင်းကို အရင်တခါလာတဲ့ အမျိုးသမီးကြီး ကားလေးနဲ့ ပြန်ရောက်လာတယ်ဗျ အခုတ ခေါက်တော့ သူရဲ့သမီးနှစ်ယောက်တော့ မပါတော့ဘူး ကျုပ်ကို ကြောက်လို့ မလိုက်ရဲတာတော့ မဟုတ်လောက်ဘူးလို့ထင်တာပါပဲဗျာ ဒီတခေါက်လာတော့ ဆန်အိတ်တော့ မပါ‌တော့ဘူးဗျ တခြားသစ်သီးဝလံလေးတွေတော့ ပါလာတယ် ကျုပ်လည်း လင်ပန်းတချပ်ကိုယူပြီး ဘုးန်ကြီးကို ကပ်လို့ရအောင် သေချာပြင်ပေးရတာပေါ့ ပြီးတော့ အဲ့ဒီလင်ပန်းကြီးကိုကိုင်ပြီး ကျောင်းပေါ် တက်တယ်။ကျောင်းပေါ်‌ရောက်တော့ ဘုန်းကြီးက ပုလ္လင်ပေါ်မှာ အသင့်ထိုင်နေတယ်ဗျ ကျုပ်လည်း ဘုန်းကြီးရှေ့ကို လှုဖွယ်ပစ္စည်းတွေ ချပေးပြီး ဘုန်းကြီးရဲ့မျက်စောင်းထိုးနေရာလေးမှာ ထိုင်လိုက်တာပေါ့ အမျိုးသမီးကြီးက ဘုန်းကြီး ကို လျှောက်တင်တယ်ဗျ ။

“အရှင်ဘုရား တပည့်တော်မရဲ့ဘကြီးကို ကျွတ်လွတ်ဖို့ နည်းလမ်းလေးများ ရှိနိုင်မလား ဘုရား ”

“ဘုန်းကြီးကတော့ နေ့တိုင်း အမျှအတန်းပေးနေတာပါပဲ ဒါပေမဲ့ ဦးဝါလောက က အစွဲကြီးတယ် ဒကာမကြီးရဲ့ ”

“တပည့်တော်ရဲ့ဘကြီးဘုန်းကြီးက တပည့်တော်မရဲ့ကျေးဇူးရှင်ကြီးပါ တပည့်တော် ကောလိပ်တက်တော့ သူကထောက်ပံ့ပေးခဲ့တာပါ အခုအချိန်ထိ ဘကြီးဘုန်းကြီးကို ကျေးဇူးမဆပ်နိုင်သေးဘူး”

“ကျေးဇူးသိတတ်တာ ကောင်းပါတယ် ”

ဘုန်းကြီးက ကျုပ်ကို ကြည့်တယ်ဗျ ဘုန်းကြီးကို ကြည့်ရင်း ကျုပ်တော့ လန့်တယ်ဗျို့ ပြီးတော့ တခုခုကိုအတွေးဝင်သွားတဲ့ ပုံနဲ့ ခေါင်းညိတ်တယ်။ပြီးတော့ သူ့ရှေ့ကဒကာမကြီးကို မိန့်တယ် ။

“ဒကာမကြီး ဘုန်းကြီးမှာ အကြံတခုတော့ ရှိတယ် အဆင် ပြေမလား မပြေသလား‌တော့ မသိဘူး ”

” မိန့်တော်မူပါ ဘုရား ”

“ဘုန်းကြီးရဲ့ကျောင်းသား ဒီကမောင်စနေနဲ့ ကပ္ပိယကြီးတို့က မင်းအင်းသိမ်ရဲ့ အနှောက်အယှက်ကိုတောင် ရှင်းပေးခဲ့တယ် ဘုန်းကြီးကို ပြောပုံအရ နှင်ထုတ်တာမျိုးမဟုတ်ပဲ ညှိနှိုင်းပြီး အောင်နိုင်ခဲ့တယ်ဆိုပဲ ”

သွားပြီဗျို့ ဘိုးကာရဲ့ ကိုယ်ရည်သွေးတဲ့ စကားတွေက အခု ကျုပ်တို့ကို တိုင်ပတ်တော့မယ် ထင်တယ်ဗျ ဘုန်းကြီးစကားကြောင့် ဦးဝါလောကရဲ့တူမက ကျုပ်ကို ပြုံးပြတယ် နောက် ပြီး လှမ်းစကားဆိုလာတယ်လေ

“ငါ့တူ အန်တီ့ကို တခုကူညီနိုင်မလား ဘကြီးဘုန်းကြီးကို ကျွတ်လွတ်အောင် နားချပေးပါကွယ် သူက လူ့ဘဝမှာ ကောင်း မှုကုသိုလ်တွေ အများကြီးပြုခဲ့ပေမဲ့ အစွဲကြောင့် မကျွတ်မလွတ်ဖြစ်နေတာ ကောင်းမှု့တွေကို သတိပေးရင် သူ ဒီဘဝက လွတ်မယ်ထင်တယ် ကူညီပါကွယ် ”

ကျုပ် ဘာပြောလို့ပြောရမှန်း မသိဘူးဗျ ငြင်းလိုက်လို့ကလည်း အဆင်ကမပြေဘူး ဘုန်းကြီးကလည်း ခေါင်းညိတ်ပြဖို့ အချက်ပြနေတယ် အမှန်ဆို ကျုပ်က ငြင်းချင်တာပေါ့ ကံကောင်းလို့ မင်းအင်းသိမ်အခက်အခဲကို ရှင်းနိုင်ခဲ့တာလေ ကျုပ်တို့မှာ ဘာအစွမ်းစမှ ရှိတာမဟုတ်ဘူး အခုတော့ ဘိုးကာရဲ့လိုတာထက်ပိုတဲ့ကြွားလုံးတွေကြောင့် ကျုပ်တို့ ဒုက္ခထပ်ရောက်တော့မယ် ထင်တယ် ကျုပ်လည်း ဖြစ်ချင်ရာဖြစ်ဆိုပြီး ခေါင်းလေးပဲ ညိတ်ပြလိုက်ရတာပေါ့ဗျာ

(၃)

ကျုပ်နဲ့ ဘိုးကာ ဘုန်းကြီးရှေ့မှာ စကားများ‌နေရပြီဗျို့ ဘိုးကာက ကျုပ်ကို ဦးဝါလောကကိစ္စ လက်ခံလိုက်လို့ အပြစ်တင်တယ် ကျုပ်ကလည်း ဘိုးကာကို လိုအပ်တာထက်ပိုပြီးကြွားလို့ အပြစ်တင်တယ် တိုင်တွေကို ပတ်လို့ဗျာ ။

“ဟေ့ကောင် စနေ ဒီကိစ္စ ငါနဲ့ ဘာမှမဆိုင်ဘူး မင်းဘာသာ မင်း လက်ခံတာ ”

“ဘိုးကာက အဲ့လိုပြောလို့မရဘူးလေဗျာ ဘိုးကာကလည်း ဘုန်းကြီးကို တအားကြွားထားတာကိုး ”

“ကြွားတာမကြွားတာနဲ့ မဆိုင်ဘူး မတိုင်ပင်ပဲ မင်းလက်ခံလိုက်တာ မင်းပဲ ဒီကိစ္စကို ရှင်း ”

“လက်မခံလို့ ရမလားဗျ ဘုန်းကြီးက ခေါင်းညိတ်ပြီး အချက် ပြနေတာကို ”

ကျုပ်က အဲ့ဒီလိုပြောတော့ ဘုန်းကြီးက ကျုပ်ကို ကြည့်ပြီး မိန့်တယ်ဗျ

“စနေ ငါနဲ့ ဘာဆိုင်လို့လဲ မင်းကို ခေါင်းညိတ်ပြတာ မဟုတ် ဘဲ ချောင်းဆိုးတာပါဆို မင်းဘာသာမင်း လက်ခံလိုက်တာ ငါ့နဲ့ဘာမှမဆိုင်ဘူး ငါလည်း အဆင်ပြေပါစေဆိုပြီး ဒကာမကြီးကို စကားကျွံသွားတာ ကျန်တာ မင်းကိစ္စ”

ကျုပ်တော့ ဒုက္ခပါပဲဗျာ ဘုန်းကြီးက ခေါင်းညိတ်ပြတာ မဟုတ်ဘူးတဲ့ ချောင်းဆိုးတာလို့ ပြောလာတယ်။ကျုပ်တို့ ဘုန်းကြီးက သီလကိုတော့ ထိန်းတယ်ဗျ ဒီတော့ သူက ညာမှာ မဟုတ်ဘူး ကျုပ်ကသာ ကြောင်တောင်တောင် နဲ့ ကျုပ်ကို ဖိ‌အားပေးနေတယ်ဆိုပြီး လက်ခံလိုက်တာ ထင်တော့ထင်ပါတယ် ကျုပ်လက်ခံလိုက်တော့ ဘုန်းကြီးက အံ့ဩနေတာ ကျုပ်က ဘာလို့လဲဆိုတာမသိဘူး အခုမှ သိတယ်ဗျာ ချောင်းဆိုးတာ က ခေါင်းပါညိတ်ရလားလို့သာ ဘုန်းကြီးကို စိတ်ထဲကနေ မေးပြီး အပြစ်တင်နေမိတာပေါ့ဗျာ

ကျုပ်လည်း ကျုပ်အမှားနဲ့ ကျုပ်မို့ ဘိုးကာကို တင်းလို့ မရတော့ဘူးဗျို့ အဲ့တော့ ဘိုးကာကို ချော့ရတော့တာပေါ့

“ဘိုးကာ ကျောင်းမှာလူဆိုလို့ ဘိုးကာ နဲ့ ကျုပ် နှစ်ယောက် တည်းရှိတာ ”

“ဟေ့ကောင် စ‌နေ မင်းက လူဆိုလို့ မင်းတို့ နှစ်ယောက်တည်းရှိတာဆိုတော့ ငါ နဲ့ ကိုရင်နှစ်ပါးက ဘာလဲ”

ဘုန်းကြီးက ကျုပ်ကို မကျေမနပ်နဲ့ လှမ်းပြောတယ်ဗျ အဲ့‌တော့ ကျုပ်လည်း ဘုန်းကြီးကို လက်အုပ်ချီ မျက်နှာချို သွေးပြီး ပြန်လျှောက်ရတော့တာပေါ့

“လူဝတ်ကြောင်လို့ ပြောချင်တာပါ ဘုရား မမှားသော ရှေ့နေ မသေသော ဆေးသမားမို့ ခွင့်လွှတ်ပါ ဘုရား ”

“‌တော် တော် စနေ ဘုန်းကြီးကို ခေါင်းခေါက်ပြီး ကန်တော့ ကန်တော့ လုပ်နေတာ ငါလည်း ကျောင်းပေါ်တက်တော့မယ် တော်ကြာ ခေါင်းထပ်ခေါက်ခံနေရမှာ စိုးတယ် ”

ဘုန်းကြီးက ပြောပြောဆိုဆို သူ့ ကျောင်းပေါ် ပြန်ကြွသွားတယ်ဗျ အဲ့တော့ ကျုပ်လည်း ဘိုးကာနဲ့ ဆက်ပြီး ဆွေးနွေးရတော့တာပေါ့ဗျာ

“ဘိုးကာရယ် ကျုပ်ကို ကိုယ်ချင်းစာပါဗျာ ကျုပ်တို့က တ‌ ကျောင်းတည်းနေ တရေတည်းသောက်တွေလေ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ မဟုတ်လား ”

“ကိုင်းပင်က ကျွန်းပင်ကို မှီတာကို ပြောဝာာလား အဲ့တာဆို ငါ က ကျွန်းပင် မင်းမရှိလည်း ဖြစ်တယ် ”

ကျုပ်ဘာပြောရမှန်း မသိတော့ဘူးဗျာ အဲ့ဒီ စကားပုံက ကျွန်းပင် နဲ့ ကိုင်းပင်တော့ မဟုတ်လောက်ဘူး ကျုပ်လည်း မသိတာတွေ လျှောက်ပြောလိုက်တာ အခြေအနေက ပိုဆိုးကုန်တယ်ဗျာ အဲ့တာနဲ့ ကျုပ်လည်း ဘိုးကာ အနားလေးကပ်ထိုင်ပြီးတော့ ထပ်မျက်နှာချိုသွေးရတာပေါ့ ။

“ဘိုးကာက ကျုပ်အတွက်တော့ အနှိုင်းမဲ့အားကိုးရာကြီးပါ”

“ဟေ့ကောင် စနေ မင်းကိစ္စတခုကို လက်ခံခေါင်းမညိတ်ခင် အတွေးလေးနည်းနည်းတောင် မဝင်ဘူးလား ဦးဝါလောက က ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ ”

“ကျုပ် သိပါတယ် ဘာဖြစ်ဖြစ် ကျုပ်နဲ့အတူ ရှိနေပေးပါဗျာ ကျုပ် ဦးချကန်‌တော့ပြီး တောင်းပန်ပါတယ် ”

ကျုပ်လည်း စောင်းတန်းအောက်ကို ဆင်း ဘိုးကာရှေ့မှာ ဒူးတုပ်ထိုင်ကန်တော့ပြီး ကူညီပေးဖို့ တောင်းပန်ရတာပေါ့ဗျာ အဲ့ဒီ့မှာ သူလည်း ကျုပ်ကို ဘုကြည့် ကြည့်ပြီး

“ဟေ့ကောင် လွယ်တော့ မလွယ်ဘူးကွ အနုနည်း နဲ့ မရရင် အကြမ်းနည်း သုံးကြတာပေါ့ ”

“ကျေး ကျေးဇူးတင်လိုက်တာဗျာ ”

ကျုပ်က မျက်ရည်လေးဝဲပြလိုက်တော့ ဘိုးကာ ကျုပ် ခေါင်းကို ပုတ်ပြီး ဆက်ပြောတယ်ဗျ

“ငါက မင်းကို ပစ်ထားရက်နိုင်မလား စနေရာ”တဲ့

ကျုပ်က တကယ် ငိုချင်တာ မဟုတ်ဘူးဗျ မူယာမာယာများ လိုက်တာ တော်သေးတာပေါ့ဗျာ ကျုပ်ပလီလိုက်လို့သာပေါ့ နို့မို့ဆို ကျုပ်တော့ ဦးဝါလောကရဲ့ကိစ္စကို ဘယ်ကဘယ်လို စပြီး လုပ်ရတော့မယ်မှန်း သိမှာ မဟုတ်တော့ဘူးဗျို့

(၄)

ညဖက်ရောက်တော့ ကျုပ်နဲ့ ဘိုးကာ ဦးဝါလောကရှိတဲ့ ကျောင်းကြီးဆီကို ဓာတ်မီးလေးကိုယ်စီနဲ့ ကိုယ့်အိပ် ယာလိပ်ကိုသယ်ပြီးတော့ သွားကြတာပေါ့ဗျာ

ကျောင်းကြီးပေါ်ရောက်‌တော့ မှောင်နေပြီလေ ဘိုးကာက ရောက်တာနဲ့ ဘုရားခန်းထဲမှာ ဘုရားမီးပူဇော်ပြီးတော့ ဝါဆို ဖယောင်းတိုင်ကြီးကို ကျုပ်တို့အိပ်မဲ့နေရာအနားမှာ ထွန်းထားတာပေါ့ ကျုပ်တို့လည်း လုပ်ငန်းစဖို့ အချိန်မကျသေးတာနဲ့ ဘိုးကာ နဲ့ စကားလေးဘာလေး ပြောကြတာပေါ့ဗျာ

“ဘိုးကာ ကျုပ် မေးဦးမယ် ဘိုးကာမှာ သားသမီးတွေ ရှိတယ်ဆို ”

“အရင်က ရှိတယ်ကွ သူတို့က ငါ့ထက် အရင်ဆုံးပါးကုန်ကြတာလေ အဲ့တာနဲ့ပဲ ငါလည်း ဒီကျောင်းကို ရောက်လာတာ ”

” ဘိုးကာ မိသားစုနဲ့တုန်းက ဘာအလုပ် လုပ်ပြီး လုပ်ကိုင်ကျွေးခဲ့လဲ သူတို့ကို ”

“မြင်းလှည်းမောင်းတာကွ သိပ်အဆင်မပြေပါဘူးကွာ တချို့ မြင်းလှည်းသမားတွေ ငါ့ပြောတာတော့ ငါ့ရုပ်က တည်နေလို့ မြင်းလှည်းငှါးမစီးရဲကြတာဆိုပဲ ငါလည်း ငယ်ငယ်ကတည်းက ခပ်တည်တည်နေတာလေကွာ ကြီးလာမှ အကျင့်ကို ဘယ်လို လုပ်ပြီး ဖျောက်နိုင်မလဲ ”

“အဲ့တာတော့ ကျုပ်လည်း နားမလည်ဘူး ဒါပေမဲ့ ဘိုးကာက မျက်နှာတည်တယ် အရပ်စကားပြောရရင်တော့ တလောကလုံး သူ့လုပ်စားထိုင်စားနေတဲ့ ရုပ်ဆိုတာ ဘိုးကာကို ပြောတာ ”

“အေး အဲ့တာကြောင့် ထင်တယ်ကွ ငါ အရပ်ထဲမှာ အလုပ် လျှောက်လုပ်တာ ဘာတခုမှ အဆင်မပြေခဲ့ဘူး”

“ဖြစ်တတ်ပါတယ် ဘိုးကာရာ ”

ကျုပ်တို့တတွေ ရောက်တတ်ရာရာတွေ စကားပြောဖြစ်ကြတယ် မြင်းအကြောင်း ဆင်အကြောင်း တောင်တွေ လယ်တွေ မြစ်တွေ အစုံအစုံပါပဲဗျာ အဲ့ဒီလိုနဲ့ ကျုပ်တို့စကားတွေ ပြော ပြီး ညဆယ်နာရီကျော်ကျော်လောက်မှာ ဘိုးကာက ကျုပ်ကို မျက်စပစ်ပြတယ်ဗျ သူပြောချင်တာက ရှင်းပါတယ် အချိန်ကျ ပြီပေါ့လေ ကျုပ်လည်း သိတာပေါ့ ဘိုးကာကိုပဲ ပြန်ပြီး မျက်စ ပစ်ပြလိုက်တယ် ကျုပ်ပြောချင်တာက ဘိုးကာပဲ စလို့ ပြောလိုက်တယ်ပေါ့ဗျာ ။

အဲ့ဒီလိုနဲ့ ဘိုးကာက ဟိုကြည့်ဒီကြည့် ကြည့်လိုက်တယ်ဗျ ပြီးတော့ အသံခပ်ကျယ်ကျယ် နဲ့ ပြောလိုက်တယ်

“ဘုန်းကြီး ဦးဝါလောက ကျုပ်တို့ ဘုန်းကြီးနဲ့ ဆွေးနွေးစရာရှိလို့ လာခဲ့တာပါ နှောက်ယှက်ဖို့လာတာ မဟုတ်ပါဘူး ကျုပ်တို့နဲ့ စကားပြောဖို့ လာခဲ့ပါ ”

ဘိုးကာ ပြောလိုက်တာနဲ့ ကျုပ်တို့အနားမှာ ထွန်းထားတဲ့ ဝါ ဆိုဖယောင်းတိုင်ကြီးက လေမတိုက်ပါပဲ မီးစာက ယိမ်းလာတယ်ဗျာ နောက်တော့ တဖြည်းဖြည်းနဲ့ ပိုယိမ်းလာပြီး မီးငြိမ်း သွားတယ် ဖယောင်းတိုင်မီးငြိမ်းသွားတော့ မှောင်သွားတာပေါ့ ဗျာ အဲ့ဒီအချိန်မှာ ဘိုးကာက သူမှာပါတဲ့ မီးခြစ်လေးကို ခြစ်ပြီး ငြိမ်းသွားတဲ့ဖယောင်းတိုင်ကို ထွန်းလိုက်တယ်ပေါ့ ဖယောင်း တိုင်အလင်းပြန်ရရော ကျုပ် နောက်ကို ဘိုးကာက ကြည့်ပြီးမေးငေါ့ပြတယ်ဗျ ကျုပ်ကလည်း ဘာလဲဆိုပြီး ပြန်မေးတာ ပေါ့

“ဘိုးကာ ဘာလို့လဲ ဘာတွေ မေးငေါ့ပြနေတာလဲ”

“မင်း အနောက်မှာ”

“ကျုပ် နောက်ကဘာတုန်း ”

အမလေးဗျာ ကျုပ်နောက်မှာ ဦးဝါလောကကြီး ရောက်နေတာဗျ အဲ့တာနဲ့ ကျုပ်လည်း လန့်ပြီး ဘိုးကာအနားသွားကပ် ထိုင်တယ်ပေါ့ ကျုပ်လန့်ပြေးတာမြင်‌တော့ ဘုန်းကြီးသရဲ ဦးဝါ လောကကြီးက အသံခြောက်ကပ်ကပ်ကြီးနဲ့ ကျုပ်ကို ကြည့်ပြီးမေးတယ် ။

“ဟေ့ကျောင်းသား မင်းက ငါ့ကျောင်းပေါ် လာပြီး ငါ့ကို ကြောက်နေတာလား ”

ကျုပ်က ဘာမှ ပြန်မပြောဘူး ဘိုးကာကိုသာ လက်တို့ပြီး ပြန်ပြောပေးဖို့ အချက်ပြလိုက်တယ် ”

အဲ့‌တာနဲ့ ဘိုးကာက ကျုပ်ကို မျက်စောင်းထိုးကြည့်ပြီး သူ လည်း မရဲတရဲနဲ့ပဲ ဦးဝါလောကကြီးကို ပြန်ပြောတယ်ဗျ ဘိုးကာ စကားပြောကာနီး ကွမ်းသီးနေလို့ ကျုပ်က နောက်ကျော ထုပေးရသေးတယ်။တော်ကြာ ကွမ်းသီးပြီးသေသွားရင် ခက်ရချည်ရဲ့ ကျုပ်တို့ဖြစ်ပျက်နေတာကို ဘုန်းကြီသရဲ ဦးဝါလောက ကြီးက အေးဆေးကြည့်နေတယ်ဗျာ သူကြည့်တဲ့ အကြည့်ကြီးကလည်း ကြောက်စရာကြီး သင်္ကန်းကြီးကလည်း မဲမဲကြီးပါဗျာ မျက်နှာကလည်း ဖြူစွတ်စွတ်နဲ့ ကျုပ်တို့ စကားမပြောပဲ နေ နေတာကို စိတ်မရှည်တော့ဘူးနဲ့ တူတယ်ဗျ အသံခြောက် ကပ်ကပ်ကြီးနဲ့ ထပ်ပြောလာတယ်

“ဟေ့ကောင်တွေ မင်းတို့ ဒီည ပြောလို့ပြီးမှာလား ”

“ဟို ဟို လန့်ပြီး ကွမ်းသီးသွားလို့ပါ ”

“ဟေ့ကောင် ကပ္ပိယ မင်းပြောစရာရှိတာ ပြော ”

“ဟို ဟို ဘုန်းကြီးတူမက ကျုပ်တို့ကို ပြောခိုင်းလိုက်လို့ပါ ”

“ဘယ်သူလဲ ပြောစမ်း ”

“ဒေါ် သက်ထား ”

ဦးဝါ‌လောကကြီးက ဒေါ်သက်ထားဆိုတာနဲ့ ထိုင်ရာကထပြီး ကျောင်းတိုင်တွေကို တဝုန်းဝုန်းနဲ့ ရိုက်တာဗျာ တကျောင်းလုံးကို ဗြောင်းဆန်နေတာပဲ။ကျုပ် ထင်ထားတာ ‌သူ့တူမဆို ငြိမ်သွားမယ်ထင်တာ အခုတော့ သူတူမဆိုတဲ့ အသံကြားတာနဲ့ ကျောင်းတိုင်တွေကို ရိုက်တာများဗျာ စိတ်ရှိလက်ရှိ ရိုက်ပြီးတော့ ကျုပ်တို့ဆီ ပြန်လာတယ်ဗျ

“မင်းတို့က ငါ့ကို ဒီကျောင်းကနေ နှင်ထုတ်မဲ့ကောင်မ စကားကို နားထောင်ပြီး ငါ့ဆီ လာတာလား ”

“ဟို ဟို အဲ့ဒီလိုလည်း မဟုတ်ရပါဘူး ”

“သွားတော့ မင်းတို့ နောက်တခါ ငါ့ကို ဒီကျောင်းက နှင်ထုတ် မဲ့အကြောင်းကို လာမပြောနဲ့ ”

ကျုပ် အခုမှ နားလည်တယ်ဗျ ဘုန်းကြီးဖြစ်ပြီး ဘာ့ကြောင့် သရဲဖြစ်လည်းဆိုတာ ဒိီဘုန်းကြီးက သူ့ကျောင်းကို အတော်ကို စွဲလမ်းနေတာကိုး တူမလုပ်တဲ့သူက ဒီဘဝက လွတ်စေချင်လို့ ပြောတာကို သူကတလွဲထင်နေတာဗျ အဲ့တာကြောင့် ကျုပ်လည်း တွေးလိုက်တယ် ဒီလိုဘုန်းကြီးမျိုးမှ သရဲမဖြစ် ဘယ်ဘုန်းကြီး ဖြစ်မလဲပေါ့ ပြောတုန်းက စိတ်ထဲက ပြောလိုက်တာ ပဲဗျ ပါးစပ်က လွှတ်ခနဲထွက်သွားတယ်ဗျာ ကျုပ်လည်း အဲ့လိုပြောမိရော ဘိုးကာက ကျုပ်ကို မျက်နှာငယ်လေးနဲ့ ကြည့်‌နေ တယ်ဗျာ ဘုန်းကြီးသရဲကဆို တကိုယ်လုံးအမဲရောင်အခိုးတွေ ထွက်လာ‌နေပြီဗျို့ အတော်ကို ကြည့်ရဆိုးပါတယ် ပြီးတော့ ကျုပ်ကို သေချာကြည့်ပြီးပြောလာတယ်

“မင်း ဘာစကားပြောတာလဲ ”

“ဘာ ဘာပြောမိလို့လဲဗျာ ”

“မင်းပြောတာ မင်းမသိဘူးလား ”

“ကျုပ် ကျုပ် မသိလို့ပါ ဘာပြောမိလို့လဲ ”

“ဟို ကပ္ပိယ ဒီကောင်ဘာပြောတယ်ဆိုတာ မင်းပြောပြလိုက်စမ်း ”

ဘိုးကာကို ဘုန်းကြီးသရဲက ခိုင်းနေတာဗျ အဲ့ဒီလိုလည်း‌ ပြောခိုင်းရော ဘိုးကာက ကျုပ်ကို ကြည့်ပြီး ပြောတယ်။

“မင်း မင်းပဲ ဒီဘုန်းကြီးသရဲ မဖြစ် ဘယ်ဘုန်းကြီးဖြစ်မလဲ တဲ့လေ ”

“ကျုပ်က စိတ်ထဲကနေပြောတာပါ ”

“တောက် သောက်စနေ အခုအချိန်ထိကို ငြင်းနေသေးတယ်မင်းနဲ့ ပေါင်းတာ ငါ စနေဂြိုလ်ထဲကျတာပဲ ဘာလုပ်ရမှန်းမသိ ‌တော့ဘူး ဟိုမှာ တံခါးတွေကလည်း ပိတ်လိုက်ဖွင့်လိုက်နဲ့ ငါတို့ တံခါးဘက်သွားရင် မျက်ခွက်တွေကို ရိုက်မိတော့မှာ ”

ဘိုးကာပြောမှ ကျုပ်သတိထားမိတယ် တံခါးတွေက ဖွင့် လိုက်ပိတ်လိုက်နဲ့ တဝုန်းဝုန်းဖြစ်နေတာဗျာ ကျုပ်လည်း ဘာ လုပ်လို့ လုပ်ရမှန်းကို မသိတာနဲ့ ဘုန်းကြီးသရဲကို ဦးကုန်းချပြီး ဩကာသပါ ဆိုမိလိုက်တယ် ”

ကျုပ်ကန်တော့တာနဲ့ ဦးဝါလောကကြီးက တင်ပျဥ်ခွေထိုင်ပြီး မျက်စိမှိတ်နေတယ်ဗျ။သူအဲ့လိုလုပ်တော့ ကျုပ်လည်း အံ့ဩသလို ဘိုးကာလည်း အံ့ဩနေတာပေါ့ ကျုပ်လည်း ဩကာသဆိုပြီးရော ကျုပ်ကို ဆုပေးတယ်ဗျ ဆုပေးအပြီး ငါးပါးသီလပါပေးရော ကျုပ်လည်း သူမျက်စိမှိတ်နေတုန်း လစ်မလို့ဆိုပြီး ဘိုးကာကို မျက်ရိပ်မျက်ချည်ပြပြီး ထွက်လာတာ တံခါးနားရောက်တော့ ကျုပ်တို့နှစ်ယောက်ရဲ့ဂုတ်ကိုဆွဲပြီး လွှင့်ပစ်တာဗျာ ကျုပ်ဆို ပုဆိုးမြဲမြဲဝတ်ထားလို့သာ တော်ရော့တယ် ဘိုးကာကတော့ ကျောင်းကြမ်းပြင်မှာ ခွေခွေလေးဗျာ ကျုပ်ဖြင့် သနားတောင်သနားတယ် အဲ့တာနဲ့ ကျုပ်လည်း ဘိုးကာ အနားကပ်ပြီး ဘိုးကာကို ထူပေးလိုက်တယ် ။

“ဘိုးကာ အခြေအနေ ကောင်းလား ”

“စနေ ငါ မသေသေးဘူးဟ အဲ့တော့ ကောင်းသေးတယ်လို့‌ ပြောရမှာပဲ ”

ကျုပ်တို့နှစ်ယောက် စကားပြောနေတုန်း ဦးဝါလောကကြီးက ကျုပ်တို့ အနားကပ်လာတယ် သူကြည့်ရတာ အတော်ကို ဒေါသ ထွက်နေပုံပဲ ကျုပ်လည်း ကြံရာမရတာနဲ့ ဘိုးကာကို လက်တို့ ပြီး ဦးဝါလောကကြီးကို ဩကာသနဲ့ ဦးချလိုက်တာပေါ့ဗျာ ကျုပ်တို့ နှစ်ယောက် ဦးချလိုက်တာနဲ့ သူက ကျုပ်တို့နဲ့ မလှမ်း မကမ်းမှာ တင်ပျဥ်ခွေထိုင်ပြီး အစောကလို သီလဆက်ပေးတယ်ဗျာ သီလပေးတော့ ကျုပ်တို့လည်းနောက်ကလိုက်ဆိုရတာပေါ့ဗျာ အခုတော့ ကျုပ်တို့ ပြေးဖို့ မစဉ်းစားမိတော့ဘူး။ ငုတ်တုတ်ထိုင်ပြီး တရားနာနေတာပေါ့ဗျာ ဦးဝါလောကကြီးက အသံခပ်ကျယ်ကျယ်နဲ့ တရားတွေဟောနေတာဗျာ ကျုပ်တို့ကပြေးပေါက်ရှာရင် သူက ချောင်းဟန့်တယ်ဗျ တရားဟောတာများ ဝိပဿနာတရားတွေတောင် ပါလာတယ်ဗျို့ ဒီလောက် တရားကို ကျွမ်းကျွမ်းကျင်ကျင်ဟောနိုင်တဲ့သူတောင် ဘာမှ မဟုတ်တဲ့ကျောင်းကို စွဲပြီး သရဲဖြစ်သေးတယ်ဆို ကျုပ်တို့လို သာမာန်လူတွေရဲ့ အစွဲကို ကျုပ်တွေးမိပြီး တရားသဘော နည်းနည်း နားလည်ပြီး ကြောက်စိတ်ကင်းလာတယ်ဗျ ဘိုးကာဆို အပြောမဟုတ်ဘူး တကယ်ကို တရားနာနေတာဗျ အစပိုင်းက တော့ ဘုန်းကြီးရဲ့အသံက ခြောက်ကပ်ကပ်ကြီးမို့ ကြောက်နေတာ အခုတော့ ဘိုးကာက ဘုရား၊မှန်ပါ့တွေတောင်သုံးပြီး တရားနာနေတော့ ကျုပ်ကြောင်တောင်တောင် ဖြစ်သွားတယ်ဗျာ ဘုန်းကြီးသရဲကလည်း အမှန်အကန်ကြီးကို တရားဟောနေတာ အမယ် သူက တရားထောက်ကို ဘိုးကာကို ဒကာကြီး ဒကာကြီးနဲ့ကို ခေါ်ပြီး ဟောနေတာဗျာ ကျုပ်ထင်တယ် ဒီဘုန်းကြီး ကျောင်းကို စွဲတဲ့အစွဲကိုသာ ဖြုတ်ရင် သူဒီဘဝမှာမနေရဘူး အယ် ကျောင်းဆိုလို့ သူ့ကျောင်းအကြောင်းကိုပါ တရားထဲ ထည့်ဟောတာဗျ

“ကျုပ်တို့ ဒီကျောင်းကြီးကို ဘယ်လောက်ခက်ခက်ခဲခဲနဲ့ ဆောက်ခဲ့ရတယ်ဆိုတာ ဒကာကြီးတို့ သိမယ် မထင်ဘူး ဒကာ ဒကာမတွေရဲ့ ချွေးနည်းစာနဲ့ ကျားကုတ်ကျားခဲ တည်ဆောက်ခဲ့ရတာ ဒီကသစ်လုံးတိုင်ကြီးတွေရဖို့အတွက်ဆို ဆင်တွေ ‌ကျွဲတွေ အတော်ကိုအားစိုက်ပြီး ရုန်းခဲ့ရတာ ကျုပ်ဖြင့် ဒီကျောင်းကြီးကိုဆောက်နိုင်ခဲ့တာ မယုံကြည်နိုင်လောက်အောင်ကို ဖြစ်မိတယ် တို့များရဲ့ဒကာ ဒကာမတွေ ခက်ခက်ခဲခဲနဲ့ တည်ဆောက်လှုဒါန်းခဲ့တဲ့ကျောင်းကြီးကို ကျုပ်တို့တွေ သေချာထိန်းသိမ်းရမယ်မဟုတ်လား ကျုပ်ဖြင့် ဒီကျောင်းကြီးကို မသမာသူတွေ ဖျက်စီးပစ်မှာ သိပ်ကို စိုးရိမ်မိတယ် ”

ဦးဝါလောကက သူ့ကျောင်းအကြောင်းကို ပြောနေတော့ သူ စွဲလမ်းတာလည်း မလွန်ပါလားလို့ တွေးမိပြန်တယ် သူစွဲတဲ့အစွဲက ငါ့ကျောင်းငါ့ကန်ဆိုတဲ့သဘောမျိုး စွဲတာမဟုတ်ပဲ ငါ့ဒကာတွေ ငါ့ဒကာမတွေရဲ့ကျောင်း ပျက်စီးလို့မရဘူးဆိုတဲ့ စိတ်နဲ့ စွဲနေတယ်ဆိုတာ ကျုပ်သတိထားမိလာတယ် အဲ့ဒီလိုနဲ့ ကျုပ်တို့လည်း ဘုန်းကြီးသရဲရဲ့တရားကိုနာပြီး ရေစက်ချတဲ့ အပိုင်းအရောက်မှာတော့ ဦးဝါလောကက ဆက်မဟောတော့ပဲ ကျုပ်တို့ကို စူးစိုက်ကြည့်ပြီး

မင်းတို့ကျောင်းပေါ်က ဆင်းတော့ဆိုပြီး နှင်ထုတ်တော့တာပဲဗျာ ။

ဘာပြောပြောတရားကို သိနေတာကိုတော့ ကျုပ်အံ့ဩမိတယ်ဗျာ သူရဲ့ကိုယ်က အမဲရောင်အငွေ့တွေလည်း သူတရား ဟောနေကတည်းက ပျောက်သွားပြီဗျ ကျုပ်နဲ့ ဘိုးကာလည်း ဦးဝါလောက အခွင့်အရေးပေးတုန်းလေး ကို့ယ်အိပ်ယာလိပ် ကိုယ်ယူပြီး ကျောင်းကြီးပေါ်ကနေ ကုတ်ချောင်းချောင်း နဲ့ ဆင်းရတော့တာပေါ့ဗျာ ။

( ၅)

ကျုပ် နဲ့ ဘိုးကာ ဦးဝါလောကကို ကျွတ်တန်းဝင်ဖို့သွားပြောတာ မအောင်မြင်ဘူးပေါ့ဗျာ အဲ့တာကို ဘုန်းကြီးသိတော့ သူက ဘာမှမဖြစ်သလိုနဲ့ ပြောတယ်ဗျ ။

“ဘိုးကာတို့ သွားပြောလဲမရဘူးဆိုတာ ကျုပ်သိတယ် ”

“သိရင် ဘာလို့လွှတ်တာလဲ ဘုရား ရက်စက်လိုက်တာ အရှင် ဘုရားက တပည့်တော်တို့ကို လူပြည့်မှာ မနေစေချင်တော့ဘူး လား ”

“အဲ့ဒီလိုလည်း မဟုတ်ပါဘူး ”

“အဲ့တာဆို ဘယ်လိုလဲ ဘုရား ”

“မောင်စနေကို ဦးဝါလောက နဲ့ ခင်ခင်မင်မင်ရှိစေချင်လို့ပါ ”

ဘုန်းကြီးက အဲ့လိုမိန့်တော့ ကျုပ်ကလည်း ဘုန်းကြီးကို ပြန်လျှောက်ရတော့တာပေါ့

“အရှင်ဘုရားရယ် တပည့်တော်တို့ကိုဂုတ်ချိုးမလို့ နည်းနည်း ပဲလိုတယ် ငုတ်တုတ်ထိုင်ပြီး ဩကာသ နဲ့ ရှိခိုးလို့သာ တော်သေးတာ ဘုရား”

“အခု ဘာမှမဖြစ်ဘူး မဟုတ်လား နောက်လည်း လာဦးမယ် ငါက‌ မပြောပါဘူး မင်းအင်းဘုန်းကြီးက မင်းတို့အကြောင်း လျှောက်ကြွားထားတယ် ”

ဘုန်းကြီးက အဲ့လိုပြောပြီးတော့ ကျုပ်ကိုကြည့်ပြီး ပြုံးစိစိနဲ့ ကျောင်းပေါ်တက်သွားတယ်ဗျာ ကျုပ်တို့ နှစ်ယောက်ကတော့ ဒူးတံတောင်တွေကအညိုအမဲတွေကို ပရုတ်ဆီလိမ်းနေရင်း အောင့်သက်သက်နဲ့ ဘုန်းကြီးကို ကြည့်နေရတော့တာပေါ့ဗျာ။

နောက်ထပ်စာစဉ် ရှိပါသေးသည်ဗျ ။