အပင်းမိသူ

ဒေါ်မကြီးကိုကြောက်ရွံ့မိ၏။
မကျေးကလည်း မိဘများသဘောဟုပြောလေ၍
မောင်မျိုးသွင်မှာ မကျေး၏ဖခင်ထံကပ်ရတော့သည်။
မကျေး၏ဖခင်ကြီးကို မကျေးအပေါ်၌မေတ္တာရှိ၍ တောင်းရမ်းလက်ထပ်ချင်ကြောင်းများပြောလေတော့
ဦးမောင်စန်းကဝမ်းသာအားရပင်သဘောတူ၏။

“ဘယ့်နဲ့သဘောမတူဘဲနေလိမ့်မလဲမောင်မျိုးသွင်ရယ်…
ဦးလေးလိုချင်တဲ့သမက်ဆိုတာကလည်း မောင်မျိုးသွင်လို့
ဥစ္စာပေါရုပ်ချောပြီးဇနီးသည်အပေါ်သစ္စာရှိမယ့်လူမျိုးပါပဲ…
ဒီတော့ ဦးလေးဘက်ကလက်ခံပါတယ်ကွာ…”

“ဝမ်းသာလိုက်တာ ဦးလေးရယ်…
ကျုပ်ကိုလက်ခံပေးလို့ကျေးဇူးတင်ပါတယ်ဗျာ…”

ဖခင်ဖြစ်သူမှသဘောတူ၍ မောင်မျိုးသွင်နှင့်မကျေးတို့
ချစ်သူရည်းစားအဖြစ်ရောက်ရှိသွားတော့သည်။
ထိုအဖြစ်ကိုကြည့်၍…

“အစ်ကိုကြီးကလည်းတော်…ကျုပ်တို့သမီးလေးကို
အဲ့လိုပြီးပြီးရောပဲ သဘောတူလိုက်ရသလား”

“ဘာဖြစ်လို့လဲမိန်းမရဲ့…မောင်မျိုးသွင်ဆိုတာ
အခြားမှမဟုတ်တာ…အကြောင်းသိတွေမို့ သဘောတူလိုက်တာပါကွာ…”

“အိုတော်…အကြောင်းပဲသိသိ မသိသိ…
ရုပ်ချောတဲ့ယောကျာ်းတွေက ရှုပ်ပွေတဲ့နေရာမှ
နှစ်​ယောက်မရှိဘူး…။ကျုပ်တို့သမီးလေးကို
အပျော်ကြံသွားမှာ စိုးရိမ်တယ်တော်….”

“မင်းကလည်းစိတ်ပူတတ်လိုက်တာကွာ…
မင်း သမီးလေးအပေါ်ချစ်တာကို အစ်ကိုကြီးသိပါတယ်…
ဒါပေမယ့် မောင်မျိုးသွင်ကတော့ လူကောင်းလေးပါကွာ”

ဦးမောင်စန်းပြောသောစကားများသည် ဒေါ်မကြီး
နားအတွင်းသို့မဝင်ရောက်ခဲ့။
မကျေးလေးအပေါ် တစ်စုံတစ်ခုလွဲမှားသွားမည့်အဖြစ်အား
ဒေါ်မကြီးစိုးရိမ်နေသည်။

တစ်ရက်၌မောင်မျိုးသွင်သည် မကျေး၏အိမ်သို့ရောက်ရှိလာသောအခါ ဒေါ်မကြီးသည် သူကိုယ်တိုင်ပြင်ဆင်ထားသော
လက်ဖက်သုပ်ဖြင့်ဧည့်ခံလေသည်။
မောင်မျိုးသွင်ကလည်းဒေါ်မကြီးသူ့အပေါ်ပြောင်းလဲလာသည်ဟုတွေးရင်း လက်ဖက်သုပ်ကို အားရပါးရစား၏။

ထိုနေ့ မကျေးတို့အိမ်မှပြန်သွားပြီးနောက်ပိုင်း
မောင်မျိုးသွင်မှာပျောက်ချင်းမလှပျောက်သွားတော့သည်။
မောင်မျိုးသွင်ပျောက်ဆုံးသွား၍ မောင်မျိုးသွင်၏
မိဘများမှာ အပူတပြင်းလိုက်လံရှာဖွေကြရသကဲ့သို့
မကျေးမှာလည်းမောင်မျိုးသွင်အတွက်စိုးရိမ်သောကများ
ရောက်ခဲ့ရပြီး နေ့နေ့ညည မအိပ်နိုင်…မစားနိုင်ဖြစ်နေရှာသည်။

********************************
နေ့လယ်စောင်းချိန်မို့ နေသည် အတော်ပူပြင်းလွန်းနေ၏။
ရွာလမ်းမထက်သွားလာသူနည်းပါးနေပြီး
တချို့သွားလာစရာရှိ၍သွားလာနေကြသူများမှာ​တော့
ဝါးခမောက်များကိုဆောင်း၍သွားလာနေကြသည်။
ကလေးသူငယ်များမှာ အရိပ်ရသော
မန်ကျည်းပင်ကြီးများအောက်၌ဆော့ကစားနေကြ၏။
လူကြီးများကတော့သူ့အစုနှင့်သူ အရိပ်ရသော နေရာ၌ ဝိုင်းဖွဲ့ကာ သန်းတုပ်သူကတုပ်၊ မြေပဲတောင့်ခွာသူကခွာဖြင့်
စကားကောင်းနေကြသည်။
ထိုစဥ် ရွာလမ်းမအတိုင်းပြေးလွှားခုန်ပေါက်နေသည့်
လူတစ်ဦး။
ထိုလူသည် အဝတ်အစားများမှာစုတ်ပြဲနေပြီး
ခေါင်း၌လည်း အဝတ်စစုတ်ကြီးတစ်ခုကို
စည်းနှောင်ထားပြီးနှုတ်မှ…

“လာပြီ…ငါလာပြီ….ငါလာပြီဟေ့…ငါလာပြီ”

ကိုအဆက်မပြတ်ပြောနေခဲ့သည်။
မျက်လုံးတို့က ဂဏာမငြိမ်… မျက်နှာကြီးမှာဖုန်များနှင့်
ပေပွလို့နေသည်။

“ဟဲ့…ဟိုမှာကြည့်ကြစမ်း…”

လူကြီးများစကားဝိုင်းသည်တိတ်ဆိတ်သွားပြီး
နေပူကြီးထဲပြေးလွှားနေသော ထိုသူ့ကိုဝိုင်းကြည့်နေကြတော့သည်။
ကလေးများမှာလည်း ကြောက်ရွံ့၍လူကြီးများအနီးသို့
အပြေးသွားကြလေသည်။

“ငါလာပြီဟေ့..ငါလာပြီ…ပတ် ဗေဒိုးကျိ…ကျိ….~~~~”

ဟုအော်ရင်း လက်ကိုချိုး၍ကလိုက်ပြန်သည်။

“ဟဲ့…ရူးနေတာထင်တယ်…”

“အေး…ဘယ်ကအရူးရွာထဲဝင်လာတယ်မသိဘူး”

သူတို့ပြောနေကြစဥ်မှာပင် ထိုသူသည် အပင်အောက်သို့ရောက်လာပြီး….

“ကဲဗျာ…ဟောသည်က ပရိတ်သတ်ကြီးကို
သားသားက ကပြပါမယ်လို့……….
ဟောဒါလက်ချိုးးးးး…..ဟောဒါကခြေချိုးးးး…
ဟောဒါက လည်ချိုးဗျာလို့……………..”

ဆိုပြီးလက်ခြေတို့ကို ချိုး၍ ကပြပြန်သည်။
ကြည့်နေကြသူများမှာကြောက်ရွံ့ရမည်ထက်
ရယ်ဖွယ်ရာဖြစ်နေ၍ ရယ်မောနေကြသည်။

“ဟဲ့…အရူးနင် ဘယ်ကလာတာလဲ”

“အရူး…အရူးဟုတ်လား…အရူးကဘယ်မှာလဲ…
သားသားကြောက်တယ်….သားသားကြောက်တယ်…”

“ဟဲ့…သြော်…မလာနဲ့လေ…ဟဲ့”

အမျိုးသမီတစ်ဦး၏အမေးကြောင့် ရူးနေသူမှာ
ကြောက်ရွံ့ဟန်ဖြင့်လူအုပ်ကြားထဲသို့ပြေးဝင်လေတော့
ကလေးများနှင့်လူကြီးများမှာနေရာမှထပြေးကုန်ကြတော့သည်။
နောက်ဆုံး၌ အရူးတစ်ဦးသာ လမ်းမဘေး မန်ကျည်းပင်၌ကျန်ရစ်ခဲ့တော့၏။

“သူကြီးရေ…ရွာထဲမှာ အရူးတစ်ယောက်ရောက်နေတယ်ဗျ”

“ဟေ…ဟုတ်လား…ဘယ်သူတုန်းကွ”

အကြောင်းကြားလာသော ရွာသားကိုသူကြီးဦးနောင်ချို
မေးလိုက်လေတော့…

“ဟာ…သူကြီးကလည်းဗျာ…အရူးပါဆို ကျုပ်တို့က
သူ့နာမည်ဘယ်သိမတုန်းဗျ…”

“သြော်…အေး ဟုတ်သားကွ…ဒါနဲ့
ဘယ်မှာလဲအဲ့အရူးက”

“ရွာလယ်ကမန်ကျည်းပင်အောက်မှာအိပ်နေတယ်ဗျ…
အရူးသာပြောတာ လူပုံစံကခပ်သန့်သန့်လေးဗျ”

“ဟေ…”

“ဟား…ကျုပ်တို့သူကြီးကတော့ တဟေဟေ နဲ့ပဲဗျို့”

“အေးပါခွေးပုရာ…မင်းပြောတဲ့အရူးက တို့ရွာကလူတွေကို
တုတ်တွေနဲ့လိုက်ရိုက်နေလို့လား”

“အဲ့လိုတော့မလုပ်ပါဘူးဗျာ…ကပြတယ်ဆိုလားပဲ”

“ကပြတယ်ဟုတ်လား…ဒါဆိုဒီအရူးက
အကြမ်းကြီးမဟုတ်ပါဘူးကွာ…သူ့ဘာသာနေပါစေ”

“ဟုတ်ကဲ့ပါသူကြီး…ကျုပ်က
သူကြီးသိအောင်လာပြောတာပါ”

“အေး…အေး…အေး……….”

သောင်ထွန်းရွာ၌ထိုအရူးနေသည်မှာ
တစ်ပတ်လောက်ရှိလာခဲ့လေပြီ။
အရူး၏နာမည်ကိုမသိသောကြောင့်အားလုံးက
ဖိုးချိုဟု ခေါ်ကြ၏။
အမြဲတစေပြုံးစစမျက်နှာထားကြောင့် ထိုသို့ခေါ်ကြခြင်းပင်။

“ဟိတ်ကောင်ဖိုးချို…သွား…သွားပြန်တော့ မလိုက်ခဲ့နဲ့”

မောင်တိုးသည် ဘွားမယ်စိန်တို့အိမ်သို့အသွား၌
လမ်းတွင်အရူးဖိုးချိုနှင့်ဆုံလေသောအခါ အရူးဖိုးချိုသည်
မောင်တိုးနောက်သို့လိုက်လာခဲ့၏။
မောင်တိုးကမလိုက်ခဲ့ဖို့တားမြစ်နေရင်း
ဘွားမယ်စိန်တို့အိမ်ပေါက်ဝထိရောက်လာခဲ့တော့သည်။

“ဟဲ့…မောင်တိုးမဟုတ်လား”

ခြံပြင်မှအသံကြောင့်ကွပ်ပျစ်ခင်း၌ထိုင်နေသော
ဘွားမယ်စိန်သည်လှမ်း၍မေးလိုက်၏။

“ဟုတ်တယ်ဘွား”

“ဘယ်သူ့ကိုမောင်းထုတ်နေတာတုန်း…”

“ဒီမှာ အရူးဖိုးချိုပါဘွားရယ်…ကျုပ်နောက်ကလိုက်လာလို့ပါ”

“ဖိုးချို…ဟုတ်သလား…ခေါ်ခဲ့သူ့ကိုပါ”

“ဟုတ်…ဟုတ်…
ကဲ…ဖိုးချိုကြားတယ်နော်
ဘွားကမင်းကိုခေါ်ခဲ့တဲ့….လာ…လာ…..”

မောင်တိုးသည်.ဖိုးချိုကိုခေါ်၍ ခြံဝိုင်းအတွင်းဝင်လာတော့သည်။
ဖိုးချိုမှာက ရွာကမြင်မကောင်း၍ပေးထားသော
ပုဆိုးနွမ်းလေးကိုခါးတောင်းကျိုက်ထားပြီး
အပေါ်ပိုင်းမှာတော့ချည်အင်္ကျီအနွမ်းလေးကို
ဝတ်ဆင်ထားသည်။
အရူးဖိုးချိုသည်ဘွားမယ်စိန်ကိုမြင်တော့
မျက်နှာလေးအောက်ချ၍
မောင်တိုးဝင်ထိုင်သောထန်းလက်ခုံဘေး၌
ငြိမ်ကုပ်ကုပ်လေးမတ်တပ်ရပ်နေရှာသည်။

“ဒီကောင်​လေးက မောင်ရင်တို့ပြောပြောနေတဲ့
အရူးကလေးဖိုးချိုဆိုတာလား”

“ဟုတ်ပါတယ်ဘွား…ဘွားက
အခုထိသူ့ကိုမမြင်ဖူးသေးတာလားဗျ”

“အေးလေကွယ်…သူကရွာလယ်ပိုင်းမှာနေတော့ဘွားကလည်း
ဒီရက်ပိုင်းအိမ်အပြင်သိပ်မထွက်ဖြစ်ဘူးလေ…
ဒါကြောင့် မတွေ့ရသေးတာကွဲ့”

“ဟုတ်မယ်…ဒီကောင်ဖိုးချိုကတော့ ဘွားကိုမြင်တာနဲ့
ငြိမ်လို့ဗျာ…တခြားလူတွေနဲ့ဆို ကပြရတာနဲ့
အငြိမ်ကိုမနေဘူးဗျ”

မောင်တိုးပြောသော ဖိုးချိုအ​ကြောင်းကိုနားထောင်ရင်း
ဘွားမယ်စိန်သည် ဖိုးချိုကိုကြည့်နေခဲ့၏။
ကြည့်နေရင်းမှ အလိုမကျစွာဖြင့်
မျက်မှောင်ကိုကျုံ့လိုက်ပြန်သည်။
မောင်တိုးကတော့ ဖိုးချိုကိုကြည့်နေသော ဘွားမယ်စိန်ကိုလည်းကောင်း၊ ဘွားမယ်စိန်ကိုမြင်တော့
ခေါင်းလေးငုံ့ကာငြိမ်နေရှာသော
ဖိုးချိုကိုလည်းကောင်း ကြည့်နေလေသည်။

“ကောင်လေး…ဒီနားဆီကိုလာခဲ့စမ်းပါကွဲ့”

ဟု…ဘွားမယ်စိန်သည် ဖိုးချိုကိုခေါ်လိုက်သည်။
ဖိုးချိုကတော့ ခေါင်းလေးငုံ့ကာရပ်နေစဲပင်။

“ဟေ့…ဖိုးချို ဘွားကမင်းကိုခေါ်နေတယ်လေကွာ…”

ဟုမောင်တိုးပြောသော်လည်း ဖိုးချိုကတုပ်တုပ်မျှမလှုပ်။
ထိုအခါ မောင်တိုးသည်ခုံမှထပြီး ဖိုးချိုလက်ကိုဆွဲ၍
ဘွားမယ်စိန်အနီးသို့ခေါ်သွားရ၏။
ဘွားမယ်စိန်အနီးသို့ရောက်တော့လည်း မောင်တိုး၏ကိုယ်ဖြင့်
ကွယ်ကာ ရပ်နေပြန်တော့…

“ကောင်​လေး…မင်းကဘယ်အရပ်ကလာတာလဲ…”

ဟု…မေးပြန်တော့လည်းမောင်တိုးကိုကွယ်၍ပုန်းပြန်သည်။

“ဘွား…ဒီကောင်ကဘာမှမသိဘူးဗျ…
ကျုပ်တို့လည်းမေးပြီးပါပြီ ဘာမှမ​ဖြေနိုင်ဘူး…
ကျွေးရင်စားလိုက်…လူစုံရင်ကလိုက်…ဒါပဲရတာ”

ဟုပြောသောအခါ ဘွားမယ်စိန်သည်ခေါင်းကိုခါရမ်းပြီး…

“မဟုတ်သေးဘူးမောင်ရင်ရဲ့…
ဒီကောင်လေးကထူးခြားတယ်…
သူရူးနေတယ်ဆိုတာ တစ်စုံတစ်ခုရဲ့ပယောကကြောင့်ပဲ…
ဒါကိုဘွားသေချာသိတယ်…ကဲပါ…
ကောင်လေး လာပါ ဘွားအနားကို
မင်းဖြစ်နေတဲ့အရာတွေဘွားသေချာစစ်ကြည့်ချင်သေးတယ်
လာပါငါ့သားရယ်”

မောင်တိုးကိုပြောလိုက်ပြီးနောက် ဖိုးချိုကို
ချော့မော့ကာခေါ်လိုက်သည်။
ဖိုးချိုသည်မောင်တိုးအနောက်မှဘွားမယ်စိန်ကို
ခိုးကြည့်၏။
ပြီးလေတော့ ရှေ့သို့ခပ်လေးလေး ခြေလှမ်းများဖြင့်
လှမ်းလာခဲ့သည်။

“လာပါ…သားရဲ့…ဘွားက ငါ့သားကို
နှောက်ယှက်နေတာတွေကိုဖယ်ရှားပေးမှာပါ…
လာပါကွယ်”

ဖိုးချိုသည် ကွပ်ပျစ်ခင်းပေါ်တက်ထိုင်၏။
ဘွားမယ်စိန်နှင့်မျက်နှာခြင်းဆိုင်အနေအထားလေးဖြင့်
ထိုင်နေရင်း ခေါင်းကိုငုံ့ထားသည်။
ထိုသို့ငုံ့ကြည့်ရင်းမှ မျက်လုံးလေးကိုပင့်ကြည့်ပြန်သည်။
တဖန်သူ၏လက်သည်းတို့ကိုလည်းပါးစပ်နှင့်ကိုက်နေပြန်၏။
ဘွားမယ်စိန်သည် ဖိုးချို၏ခေါင်းလေးအပေါ်သို့
သူ၏လက်ကိုတင်လိုက်ပြီး မျက်လုံးကိုမှိတ်လိုက်သည်။
ဖိုးချိုသည်ကငြိမ်နေ၏။
ခဏမျှကြာတော့ ဘွားမယ်စိန် မျက်လုံးများဖွင့်လာပြီး
ဖိုးချိုကိုသနားဂရုဏာသက်သည့် မျက်ဝန်းများဖြင့်ကြည့်လေသည်။

“ဘွားထင်တာမှန်နေတာပဲ…
အင်းးးးလေ ငါ့သားမှာဖြစ်နေတာတွေ
ဘွားကုသပေးပါမယ်ကွယ်…
ကဲ…မောင်တိုးရေ…မင်းအဒေါ်မိဝင်းအိမ်နောက်ဖေးမှာရှိတယ်
ဘွားကလင်ဗန်းတစ်ချပ်ယူပေးပါလို့ပြောလိုက်…
မောင်ရင်ကဘွားကိုသောက်ရေတစ်ခွက်ခပ်ထားပေး”

ဟု…ပြောလိုက်ပြီးနောက် ကွပ်ပျစ်ပေါ်မှဆင်း၍
ဘုရားခန်းသို့သွားလေသည်။
မောင်တိုးမှာလည်း ဘွားမယ်စိန်ခိုင်းသည့်အတိုင်း
လုပ်ရသည်။
ဖိုးချိုကတော့ ကွပ်ပျစ်၌ထိုင်နေခဲ့၏။
ဘွားမယ်စိန်ဘုရားခန်းမှပြန်ဆင်းလာတော့
မောင်တိုးနဲ့ဒေါ်ဝင်းတို့မှာလည်း
​အသင့်ပြင်ဆင်ထားပြီးကြလေပြီ။

“အမေ…လင်ဗန်းရပြီ”

“အေး…မောင်တိုးမောင်ရင့်ရေခွက်အရင်ပေး…”

“ဟုတ်ကဲ့…ဒီမှာဘွား”

မောင်တိုးသည် ဘွားမယ်စိန်ကိုရေခွက်ကမ်းပေး၏။
မောင်တိုးပေးသောရေခွက်ကိုရလေတော့
ဘွားမယ်စိန်သည် သူ၏လက်အတွင်းပါလာသော
အမှုန့်တို့ကိုထိုရေခွက်အတွင်းထည့်လိုက်ပြီး
သူ၏ဘယ်လက်ညိုးဖြင့် မွှေနှောက်လိုက်သည်။
မွှေနှောက်နေရင်းမှ…

“ဥုံ… ဘုရားဆေး…တရားဆေး…သံဃာဆေး…
ဟောသည် မယ်စိန်ရဲ့ဆေးဟဲ့…
ဒီကလေးမှာထည့်ထားတဲ့အပင်းတွေ
တစ်ခုမကျန်ပြန်ထွက်စေ…..”

ဟုပြောလိုက်ပြီး မန်းမှုတ်ထားသော ရေခွက်ကို
ဖိုးချိုအားသောက်စေသည်။

“ငါ့သား သောက်လိုက်…ဒါမင်းအတွက်
အကောင်းဆုံးဆေးပဲ သောက်လိုက်စမ်း…
သေချာကုန်အောင် သောက်ချပစ်လိုက်စမ်းကွဲ့…”

ဟုပြောလေတော့ဖိုးချိုသည် ချက်ချင်းပင်
မော့သောက်ပစ်လိုက်သည်။
ထိုရေကိုသောက်ပြီးတော့ ဖိုးချိုဟိုသည်ကြည့်၏။
ပြီးလေတော့ လှုပ်ယွလာပြီး ပျို့အန်ချင်သလိုဖြစ်လာ၍
ဘွားမယ်စိန်သည် လင်ဗန်းကိုရှေ့သို့ချပေးလိုက်ကာ…

“အန်ပစ်လိုက်စမ်းသားရဲ့…မင်းရဲ့ကိုယ်ထဲမှာရှိတဲ့
မင်းကိုဒုက္ခပေးနေတဲ့ဟာတွေကို အကုန်ကုန်အောင်
အန်ချပစ်လိုက်…”

ဟုပြောနေရင်းမှာပင် ဖိုးချိုတစ်ယောက်
တဝေါ့ဝေါ့ဖြင့်အန်ချတော့သည်။
ဖိုးချိုခမျာအတော်ကြာအောင်အော့အန်နေခဲ့၏။
အန်လို့ပြီးသွားလေတော့ လူသည်လည်း ဖျော့တော့တော့ဖြင့်
အတော်ပင်ပန်းသွားပုံရသည်။

“ကဲ…လှဲချလိုက်…လှဲချလိုက်…အနားယူလိုက်ဦး”

ဟုပြော၍ဖိုးချိုကိုကွပ်ပျစ်ခင်းပေါ်၌လှဲအိပ်စေသည်။
ဖိုးချိုအန်ထားသောအရာများကိုကြည့်ရင်း
မောင်တိုးနဲ့ဒေါ်ဝင်းမှာ မျက်လုံးများပြူးနေကြရှာသည်။
ဖိုးချိုအန်ထားသည်များက ဆံပင်များ၊ထဘီအစုတ်များ၊
အသားစ များဖြစ်နေခြင်းပင်။

“ကဲ…မောင်တိုးရေ…အဲ့သည်ဟာတွေနဲ့လင်ဗန်းကို
သင်္ချိုင်းမှာမြေနက်နက်တူးပြီးသွားပစ်ချေကွဲ့”

“ဟုတ်…ဟုတ်ကဲ့ဘွား”

ဘွားမယ်စိန်ခိုင်းသည့်အတိုင်းမောင်တိုးခမျာ
ဖိုးချိုအန်ထားသည်များကို
သင်္ချိုင်းသို့သွားကာမြုပ်လေသည်။
ဖိုးချိုကတော့ ကွပ်ပျစ်ခင်း၌အိပ်ပျော်နေရှာ၏။
ဘွားမယ်စိန်မှာ ဖိုးချို၏အနီးကွပ်ပျစ်ခင်းပေါ် ၌
ဆေးလိပ်ကြီးကိုဖွာရှိုက်ရင်းထိုင်နေခဲ့သည်။
အရူးဖိုးချို၏မျက်လုံးများပွင့်လာခဲ့သည်။
အရူးဖိုးချိုအနီး၌ မောင်တိုးတစ်ယောက်သာ ရှိ၏။
ဘွားမယ်စိန်သည်က ဘုရားခန်း၌ရောက်နေပြီဖြစ်ပြီး
ဒေါ်ဝင်းသည်က ညစာအတွက်
မီးဖိုထဲတွင်ချက်ပြုတ်နေလေသည်။
ထိုစဥ် အရူးဖိုးချိုမျက်လုံးပွင့်လာသည်ကို
မောင်တိုးသတိမထားမိ….
ရေနွေးကြမ်းငှဲ့သောက်ရင်း ခြံအပြင်သို့ငေးမောနေခဲ့မိ၏။
အရူးဖိုးချိုမှာတော့ လှဲနေရာမှ ထထိုင်လိုက်ပြီး
မောင်တိုးကိုလည်းကောင်း…၊ပတ်ဝန်းကျင်ကိုလည်းကောင်း
မမြင်ဖူး…မတွေ့ဖူး…မရောက်ဖူးဟန်ဖြင့်
တအံ့တသြကြည့်နေခဲ့သည်။
ခေါင်းကိုဘယ်ညာရွေ့လျားကြည့်နေခဲ့ပြီးနောက်
အနီးတွင်ရှိသော မောင်တိုး၏ပုခုံးကိုပုတ်၍…

“ဟိတ်လူ…ခင်ဗျားဘယ်သူလဲ….”

“ဟာ…ဖိုးချို မင်းပြန်နိုးလာပြီပဲ”

“ဟိတ်လူ…ကျုပ်မေးနေတယ်လေ…ခင်ဗျားဘယ်သူလဲ…
ကျုပ်ကိုဘယ်ခေါ်လာတာလဲ”

“ဟေ…”

ဖိုးချိုသည် မောင်တိုးကို မသိဟန်ဖြင့်မေးနေသည်။
မောင်တိုးမှာဖိုးချိုအမေးကို နားမလည်လေတော့
ဖြေဖို့ခက်နေချေသည်။

“ဟိတ်လူ…ခင်ဗျားက ဘာလဲ…ကျုပ်ကဘယ်လိုလုပ်
ဒီမှာရောက်နေတာလဲ ဖြေလေဗျာ….”

ဟုပြောရင်းဖိုးချိုသည် မောင်တိုး၏ရင်ဘက်ရှိ အင်္ကျီစကို
လက်နှစ်ဖက်ဖြင့် ဆွဲဆုပ်ကိုင်၍မေး၏။
မောင်တိုးသည် ဖိုးချို၏အမူအရာနှင့်စကားများကို
နားထောင်ရင်း ကြောင်အမ်းအမ်းဖြင့် ကြည့်နေခဲ့သည်။

“ဟာဗျာ…ခင်ဗျား ကျုပ်မေးနေတာဖြေလေ…”

“ဖိုးချို…မင်း…မင်း…ငါ့ အင်္ကျီစကို အခုလွှတ်လိုက်နော်…”

“ခင်ဗျားလည်းကျုပ်မေးတာဖြေလေဗျာ…
ခင်ဗျားကဘယ်သူလဲ…
ဒါကရော ဘယ်နေရာလဲ”

“ဟိတ်ကောင်ဖိုးချို…အရူး…
ငါ့အင်္ကျီစကိုလွှတ်လိုက်နော်…ပြီးမှငါ့အဆိုးမဆိုနဲ့”

မောင်တိုးသည် သူ၏ အင်္ကျီစကို ခပ်တင်းတင်းဆွဲဆုပ်ထားသော ဖိုးချိုကိုဒေါသထွက်နေလေပြီ။
ဖိုးချိုကလည်း ဒေါသများဖြင့် မောင်တိုးကို စိုက်ကြည့်နေ့ခဲ့၏။

“အမေနဲ့အဘွားရေ…ဟောသည်မှာကိုကြီးတိုးနဲ့
အရူးဖိုးချိုတို့ရန်ဖြစ်နေကြတယ်တော့်…
ဒီကိုလာကြပါဦး…ထွက်ကြည့်ကြပါဦး…….”

ဆော့ကစားရာမှပြန်လာသော နန်း​ကြိုင်တစ်​ယောက်
ကွပ်ပျစ်ခင်းပေါ်၌ သူတပြန်ငါတပြန်ဒေါသထွက်နေကြသော
မောင်တိုးနှင့်အရူးဖိုးချိုတို့ကိုမြင်လေတော့
အော်ဟစ်ကာခေါ်တော့သည်။
ထိုအခါ ဒေါ်ဝင်းတစ်​ယောက် မီးဖိုအတွင်းမှပြာပြာသလဲ
ဟန်ဖြင့် အဝတ်စုတ်ကြီးတစ်ခုကိုကိုင်၍ ထွက်လာခဲ့၏။

“ဟဲ့….မောင်တိုးနဲ့ ဖိုးချို ဒါကဘာဖြစ်နေကြတာတုန်း”

ဟုကွပ်ပျစ်အနီးရောက်တော့ မောင်တိုးတို့ကိုမေးလိုက်သည်။
မောင်တိုးကလည်း…

“ဒီမှာလေအရီးရာ…ဒီကောင်နိုးလာလာခြင်းပဲ
ကျုပ်ကိုဟိုမေးဒီမေးနဲ့ ကျုပ်ရင်ဘက်က အင်္ကျီစကို
ဆွဲထားတာ…လွှတ်ဆိုလည်းမလွှတ်ဘူး
ဘယ်လိုအရူးလဲမသိပါဘူးဗျာ”

“ဟဲ့…ဖိုးချိုလွှတ်လိုက်လေကွယ်…”

“ကျုပ်အရူးမဟုတ်ဘူး…ခင်ဗျားတို့ကဘယ်သူတွေလဲ
ကျုပ်ကိုဘာလို့ဒီခေါ်ထားကြတာလဲ…
ဘာလဲ ကျုပ်အဖေဆီကငွေလိမ်တောင်းချင်နေကြတာလား”

“ဟင်…”

“အမယ်…အရူးကအလာကြီးပါလားကွ…
ငါ့လက်သီးစာ စားချင်နေတာလား ခွေးမသား”

“ဟဲ့…မောင်တိုးမလုပ်ပါနဲ့ဟဲ့”

ဖိုးချိုစကားကြောင့် မောင်တိုးတစ်ယောက်
လက်သီးလက်မောင်းတန်းတော့သည်။
ဒေါ်ဝင်းနဲ့နန်းကြိုင်တို့ကဆွဲတားကြရ၏။
ထိုသို့ဆွဲရင်း ဖိုးချိုက တွန်းလိုက်၍
မောင်တိုးတစ်ယောက် အရှိန်လွန်ကာ
ကွပ်ပျစ်ပေါ်မှကျတော့သည်။
ဝိုင်းဆွဲကြသော ဒေါ်ဝင်းနှင့်နန်း​ကြိုင်မှာလည်း
ဟန်ချက်ပျက်၍ လဲကုန်ကြ၏။

“ဟာကွာ….တောက်…….”

မောင်တိုးသည်ဒေါသတကြီးဖြင့်
လဲကျနေရာမှကုန်းထသည်။
ဖိုးချိုကို ရန်ပြုဖို့အားခဲလိုက်ချိန်…

“ဟဲ့အကောင်တွေ…အခုရပ်လိုက်ကြစမ်း…”

ဘွားမယ်စိန်ဘုရားခန်းမှဆင်းလာခဲ့သည်။
ရန်သတ်တော့မည့် မောင်တိုးနှင့်ဖိုးချိုတို့မှာလည်း
ဘွားမယ်စိန်အသံကြောင့် ရပ်တန့်သွားကြ၏။

“ဘယ်လိုတွေဖြစ်နေကြတာတုန်း…ဟမ်…
ဘုရားရှစ်ခိုးတာတောင်​ဖြောင့်ဖြောင့်မရှစ်ခိုးရဘူး…
ဟိုအကောင်မောင်တိုး…
ဘာလို့လက်သီးလက်မောင်းတန်းနေရတာလဲဟဲ့…”

“ဘွားဒါက”

“တိတ်…ဟိုအကောင်ကရော ဘာတွေရန်လိုနေတာလဲ…
ဒီကလူတွေအကုန်လုံးက
မကောင်းတဲ့သူတစ်​ယောက်မှမပါဘူး…။
ဘယ်ရောက်နေတယ်…ဘာဖြစ်နေတယ်ဆိုတာသိချင်ရင်လည်း
ကောင်းကောင်းမေးမှပေါ့…အခုတော့ဖြင့်
ဟင်း…………..”

ဘွားမယ်စိန်ဒေါသထွက်နေလေပြီ။
မောင်တိုးတို့အနီးမှဒေါ်ဝင်းတို့သားအမိ မရှိတော့။
မိခင်ဖြစ်သူဒေါသထွက်နေ၍ မီးဖိုထဲဝင်သွားကြပြီး
ထိုထဲမှချောင်းနားထောင်နေကြရ၏။

“ဒါဆိုကျုပ်မေးတာဖြေလေဗျာ…
ကျုပ်ဘာလို့ဒီကိုရောက်နေတာလဲ”

ဖိုးချိုသည် ဘွားမယ်စိန်ကိုမေး၏။

“ဟဲ့မောင်တိုး…ဒင်းကို ဒင်းဒီရွာ
ဘယ်လိုဘယ်ပုံရောက်လာသလဲဆိုတာပြောပြလိုက်…”

“ဟုတ်ကဲ့ဘွား”

ဘွားမယ်စိန်စကားအတိုင်းမောင်တိုးသည်
ဖိုးချိုကိုအစမှအဆုံးထိ ရှင်းပြလိုက်လေသည်။
မောင်တိုးပြောသမျှကိုလည်း ဖိုးချိုမှာ တအံ့တသြဖြင့်နားထောင်နေခဲ့၏။
ဖြစ်ကြောင်းကုန်စင်သိသွားချိန်မှာတော့…

“ဒါဆိုကျူပ်ကရူးနေတာပေါ့….အယ်…မဟုတ်ပါဘူး
ကျုပ်ကရူးခဲ့တာပေါ့”

“ဒါပေါ့ကွာ…မင်းကအရူးဖိုးချိုပဲဟာ”

“အာ…မဟုတ်တာဗျာ…ကျုပ်နာမည်က မျိုးသွင်ပါဗျ…
ပြီးတော့ကျုပ်ကမြို့သား…ကျုပ်အဖေက သူဌေးကြီးဦးမောင်မောင်…ကျုပ်ကအဖေ့အမွေမဆက်ခံဘဲ
ပွဲစားအလုပ်လုပ်တယ်”

“ဒါဆိုမင်းကဘယ်လိုလုပ်ပြီးရူးသွားတာလဲ”

“ကျုပ်လည်းမသိဘူးလေဗျာ……..”

မောင်တိုးနဲ့ အရူးဖိုးချိုတစ်ဖြစ်မောင်မျိုးသွင်၏
စကားများကိုဘွားမယ်စိန်နားထောင်နေသည်။

“မောင်ရင့်နာမည်က မောင်မျိုးသွင်နော်…”

“ဟုတ်ကဲ့”

“အင်း…မောင်မျိုးသွင်…မောင်ရင်ကအပင်းနဲ့အပြုစားခံရလို့
ရူးသွပ်သွားတာ…ဒါဟာ မောင်ရင့်အပေါ်မလိုမုန်းထားဖြစ်နေတဲ့သူက လုပ်လိုက်တာကြောင့်ပဲကွဲ့”

“ကျုပ်လည်း နားမလည်တော့ပါဘူးဗျာ…
ကျုပ်ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာကို…
နောက်ပြီး ကျုပ်အပေါ်မလိုမုန်းထားဖြစ်နေတဲ့
သူဆိုတာကလည်း မရှိသလောက်ရှားပါတယ် ဘွားရယ်…”

“ကဲ..ဒီလိုဆိုရင်ဖြင့် မောင်ရင်
နောက်ဆုံးမှတ်မိတာဘာများရှိသေးသလဲ”

ဟုမေးလေတော့ မောင်မျိုးသွင်သည် စဥ်းစားနေ၏။
စဥ်းစားနေရင်း…

“အဲ့သည်နေ့က ကျုပ်ချစ်သူမကျေး တို့အိမ်ကနေပြန်လာတာ…
လမ်းမှာခေါင်းတွေအတော်မူးလာတာ…
ခေါင်းတွေထောင်မရအောင်မူးပြီး လမ်းဘေးက
အပင်ရိပ်လေးမှာ ကျုပ်မှီပြီးထိုင်နေရတာ…..
အဲ့သည်နောက်ပိုင်းတော့ ကျုပ်ဘာမှမမှတ်မိတော့ဘူးဗျ”

ဟု…ပြောလေတော့ ဘွားမယ်စိန်သည်
တွေးတွေးစစဖြင့်ကြည့်နေခဲ့သည်။

“ဒီလိုဆိုရင် မောင်ရင့်ရဲ့အိမ်ကိုအမှတ်ရပြီပေါ့”

“ဟုတ်ကဲ့…ကျုပ်လေ…အားလည်းနာပါတယ်…
တောင်းလည်းတောင်းပန်ပါတယ်ဗျာ….
ကျုပ်ကိုကယ်တင်ပေးတဲ့သူတွေဆိုတာ ကျုပ်သိလိုက်ရပါပြီ…
ဘွားနဲ့ဒီက အစ်ကို ကိုကျုပ်ကန်တော့ပါတယ်ဗျာ….”

“ဟ….မလုပ်ပါနဲ့…ငါ့ကိုမကန်တော့ပါနဲ့ကွ…”

မောင်မျိုးသွင်သည် ကွပ်ပျစ်ပေါ်မှဆင်း၍
ဘွားမယ်စိန်နဲ့မောင်တိုးကို ကန်တော့လေသည်။
မောင်တိုးမှာ ပြာပြာသလဲတားမြစ်၏။

“ရပါတယ်အစ်ကိုရာ…ကျုပ်ကန်တော့ပါရစေ…
အစ်ကိုတို့ဘွားတို့ကျေးဇူးကြောင့် ကျုပ်အခုလိုပြန်ကောင်းလာတာပါ…မဟုတ်ရင်တော့ကျုပ်ဘဝကဘယ်လိုဘယ်ပုံဖြစ်နေမလဲမသိပါဘူးဗျာ”

မောင်မျိုးသွင်စကား​ကြောင့် မောင်တိုးမှာ
မောင်မျိုးသွင်ကိုသနားနေရှာသည်။

“ငါ့ညီရာ…မင်းကိုအစ်ကိုတို့တစ်ရွာလုံးကချစ်ကြပါတယ်…
ဒီကြောင့် မင်းကိုဘယ်သူမှထိခိုက်အောင်မလုပ်ပါဘူးကွာ”

“ဟုတ်ကဲ့…ကျုပ်လေ အခုဆိုပြန်လည်းကောင်းပြီဆိုတော့ကျုပ်ရဲ့အိမ်ကိုပြန်ချင်တယ်ဗျာ”

“အစ်ကိုတို့လိုက်ပို့မှာပေါ့ကွာ…”

“ကျုပ်ပြန်ရင်တော့ အစ်ကိုနဲ့ဘွားက်ိုလည်း
ခေါ်သွားချင်တယ်ဗျာ…ကျုပ်ရဲ့ကျေးဇူးရှင်တွေကို
ကျေးဇူးဆပ်ချင်လို့ပါ”

မောင်မျိုးသွင်က တောင်းဆိုလေတော့…

“ကျေးဇူးဆပ်တာတွေဘာတွေကိုတော့
ဘွားတို့ဘက်က မလိုချင်ပါဘူးကွယ်…
တစ်ခုတော့ရှိတယ် မောင်ရင့်မှာရန်သူကရှိနေသေးတယ်
မောင်ရင်အခုလိုပြန်သွားရင်လည်း
ထပ်ပြီးရန်မပြုပါဘူးလို့မ​ပြောနိုင်သေးဘူး။
ဒီတော့ ဘွားတို့လိုက်ခဲ့ပေးမယ်…
ဒါက မောင်ရင့်အပေါ်ဖြစ်လာမယ့် ဘေးကို
ရှင်းပေးချင်တာကြောင့်မို့ကွဲ့”

“ကျေးဇူးတင်ပါတယ်ဘွားရယ်…ကျေးဇူးတင်ပါတယ်ဗျာ”

မောင်မျိုးသွင် ဝမ်းသာလွန်းလို့မျက်ရည်များကျနေခဲ့သည်။
ထို့နောက်မောင်တိုးသည် မောင်မျိုးသွင်ကိုသူ၏နေအိမ်ဆီသို့ခေါ်သွားပြီး အဝတ်အစားလဲရေမိုးချိုးစေသည်။
ပြီးနောက်ညစာထမင်းစားကြပြီး သူ၏အိမ်၌သာအိပ်စေ၏။
နောက်တစ်နေ့ရောက်မှသာ တစ်ရွာလုံးကို
မောင်မျိုးသွင်နှင့်မိတ်ဆက်ပေးရှာသည်။
အရူးဖိုးချိုဟုအားလုံးခေါ်နေကြသော မောင်မျိုးသွင်၏
အဖြစ်အပျက်ကိုအားလုံးသိရှိသွားကြလေတော့
ဝမ်းသားဝမ်းနည်းဖြစ်ကုန်ကြတော့၏။

“ငါမပြောဘူးလား…ဒီကောင်လေးက
ရုပ်ရည်သားသားနားနားနဲ့ ဥစ္စာရှိမယ့်ပုံလေးပါလို့”

ဟု…သူကြီးဦးနောင်ချိုကပြောလေသည်။
မောင်မျိုးသွင်ကလည်းသူ့အပေါ်ကောင်းမွန်ပေးကြ၍
ကျေးဇူးတင်ကြောင်းများပြောရှာသည်။

နောက်တစ်နေ့နံနက်၌ ဘွားမယ်စိန်၊မောင်တိုး၊မောင်အုန်းနှင့်
မောင်မျိုးသွင်တ်ို့သည် မောင်မျိုးသွင်၏
ဇာတိမြို့သို့ခရီးထွက်လာကြတော့၏။
ထိုမြို့သို့ရောက်သောအခါ မောင်မျိုးသွင်၏
မိဘများနေထိုင်သော အိမ်ရှိရာသို့ရောက်လာခဲ့ကြတော့သည်။

” အမေ….အဖေ…သားပြန်လာပြီလေ…အမေ….”

“ဟာ…သား….အမေကြီးရေ…ဒီမှာ
မင်းရဲ့သားပြန်လာပြီကွ…လာကြည့်ပါဦးအမေကြီးရ”

မောင်မျိုးသွင်သည် သူ၏အိမ်အတွင်းသို့ဝမ်းသာအားရ
ပြေးဝင်ကာခေါ်လိုက်လေတော့ ဧည့်ခန်း၌ထိုင်နေသော
သားသားနားနားအမျိုးသားကြီးမှာလည်းထိုင်နေရာမှ ထ၍
မောင်မျိုးသွင်ကိုဝမ်းပန်းတသာဖြင့်ပြေးကာပွေ့ဖက်လေသည်။

“အဖေ……..”

“သား…ငါ့သားရယ်…ဘယ်တွေသွားနေတာတုန်း…
အဖေတို့မှာရှာလိုက်ရတာကွာ….မင်းကလည်းလေ”

မောင်မျိုးသွင်၏ဖခင်ကြီးဦးမောင်မောင်တစ်​ယောက်
ဝမ်းသာမျက်ရည်များမှာပါးအထက်ကျဆင်းနေခဲ့ရှာသည်။

“သား……..”

“အမေ……..”

“အမယ်လေးငါ့သားရယ်….အမေ့သားလေးရယ်”

မောင်မျိုးသွင် ၏မိခင်ဖြစ်သူသည် မောင်မျိုးသွင်ကို
မြင်လေတော့ အပြေးပွေ့ဖက်လေသည်။
သားအမိသားအဖသုံးယောက်ပွေ့ဖက်အလွမ်းသယ်နေကြချိန်
ဘွားမယ်စိန်တို့သုံးဦးမှာ ပီတိများဖြာ၍ ရပ်ကြည့်နေကြ၏။
မောင်မျိုးသွင်ကလည်း အမှတ်ရသွားဟန်ဖြင့်…

“အဖေ….အမေ…ဟောဒါ ကျုပ်ကိုကယ်တင်ပေးခဲ့တဲ့
ကျုပ်ရဲ့ကျေးဇူးရှင်တွေပဲဗျ…ဘွားတို့ထိုင်ကြပါဦး…
ကျုပ်ဘွားတို့ကိုမေ့သွားလို့စိတ်မရှိပါနဲ့ဗျာ…”

“ရပါတယ်ကွယ်…ဘွားတို့နားလည်ပါတယ်”

မောင်မျိုးသွင်တို့၏ဧည့်ခန်းအတွင်း၌ ဘွားမယ်စ်ိန်တို့
ထိုင်ကြလေသည်။

“သားရယ် ဘယ်ကိုထွက်သွားတာတုန်း
အမေတို့ကိုလည်းပြောပြပါဦးကွယ်”

“ဟုတ်ပါ့ကွာ…ငါ့သား မင်းဘာတွေဖြစ်ခဲ့တာလဲ…
အဖေတော့သိပ်ကိုသိချင်နေတယ်ကွာ”

မိဘများက မောင်မျိုးသွင်ကိုမေးကြလေတော့
မောင်မျိုးသွင်မှာ.အဖြစ်အပျက်အစုံကို ရှင်းပြရသည်။
မောင်မျိုးသွင်၏မိဘများမှာလည်းအကြောင်းစုံသိကြလေမှ
အံ့သြတုန်လှုပ်ကုန်ကြတော့သည်။

“အလိုလေး…အမေ့သားလေးရယ်
ဘယ်လိုကြောင့်ဖြစ်ရတာလဲ”

“ငါ့သားပြောပုံအရဆိုရင် ဟောသည်က
ဘွားတို့က ကျုပ်တို့ရဲ့ကျေးဇူးရှင်တွေပဲဗျ…
ကျုပ်ကျေးဇူးတင်ပါတယ်ဗျာ…
ဘွားတို့ဘက်က ကျုပ်တို့သားလေးကို ဂရုစိုက်ပေးကြလို့
အခုလိုပြန်ကောင်းလာရတာ….
ကျေးဇူးပါဗျာ….နို့မို့ဆိုရင် ကျုပ်တို့လည်းရှာလို့မဆုံးဖြစ်နေကြရမှာဗျ….”

သူဌေးကြီးဦးမောင်မောင်သည် ဘွားမယ်စိန်တို့ကို
ကျေးဇူးတင်စကားပြော၏။

“အမှန်ပါပဲတော်ကျုပ်တို့အတွက်ဒီကျေးဇူးက
ဆပ်လို့မကုန်နိုင်အောင်အဖိုးတန်လွန်းပါတယ်…
ကျုပ်တို့သားလေးအခုလိုပြန်ရောက်လာတာ
ကျုပ်တို့လင်မယားတင်မကဘူး
သားလေးရဲ့ချစ်သူ မကျေးလေးအတွက်လည်း
သတင်းကောင်းပါတော်…သမီးလေးခမျာမှာ
သားလေးပျောက်သွားကတည်းက
အခုချိန်ထိ တမှိုင်မှိုင်တတွေတွေဖြစ်နေရှာတာ…
ငါ့သားရယ်မင်းအချိန်ရှိတုန်းလေး
သမီးလေးဆီအပြေးသွားလိုက်ပါဦး
သူ့ခမျာလည်းပျော်သွားရှာမှာပေါ့ကွယ်”

“ဗျာ…ကျေးလေး…ဟုတ်သားပဲဗျာ…ကျုပ်ကအမေတို့ကို
အရင်သတိရပြီး ကျေးလေးကိုမေ့နေမိတာ…
ဒါဆိုရင် အမေ…ဘွားတို့ကိုဂရုစိုက်ပေးပါဦး…
ကျုပ်ကျေးလေးဆီကိုသွားလိုက်ဦးမယ်….”

“အေး…အေး…ဂရုစိုက်သွားချေဦး”

“ဟုတ်ကဲ့…ဘွားနဲ့အစ်ကိုတို့…
ကျုပ်ကိုခဏသွားခွင့်လေးပေးပါဗျာ…
ဒီအိမ်မှာလည်း ဘွားတို့ အစ်ကိုတို့ ကြိုက်သလိုနေပါ….
လိုချင်တာ…စားချင်တာမှန်သမျှအားမနာတမ်းပြောပါ
အမေတို့အဖေတို့က စီစဥ်ပေးပါလိမ့်မယ်”

“ရပါတယ်မောင်ရင်ရယ်…သွားလိုရာကိုသွားပါ…
ဒါပေမယ့် ဘွားအနားကိုအရင်ဆုံး ခဏလောက်လေး
လာခဲ့ပါဦး”

ဟု…ဘွားမယ်စိန်ကပြောလေတော့ မောင်မျိုးသွင်သည်
ချက်ချင်းရောက်လာခဲ့၏။
ထိုအခါ ဘွားမယ်စိန်သည်
သူ၏ချည်လွယ်အိတ်လေးအတွင်းမှ ချည်မန်းကြိုးလေးကိုထုတ်ယူ၍ မောင်မျိုးသွင်၏လက်ကောက်ဝတ်၌ ဝတ်ဆင်ပေးလိုက်သည်။
ပြီးနောက်မောင်မျိုးသွင်၏နားအနီးသို့တိုးကပ်၍
စကားခဏပြောလိုက်၏။
ဘေးရှိမောင်တိုးတို့ပင်ထိုစကားသံက်ိုမကြားရလေအောင်
အသံမှာတိုးတိတ်တိတ်နိုင်လွန်းလှသည်။

“ကဲ…သွားလိုရာကိုသွားပေတော့………”

“ဟုတ်ကဲ့ဘွား…ကျုပ်သွားလိုက်ဦးမယ်”

ဘွားမယ်စိန်ခွင့်ပြုလိုက်တော့
မောင်မျိုးသွင်သည် အိမ်ကြီးအတွင်းမှ
အပြေးထွက်သွားတော့သည်။
မောင်မျိုးသွင်တစ်ယောက်ချစ်ရသူမကျေး၏
နေအိမ်ဆီသို့အပြေးတပိုင်းဖြင့်ရောက်ရှိလာခဲ့သည်။
လမ်း၌သူ့အားကြည့်နေကြသူများကိုလည်း
သတိမမူမိအောင် မကျေးကိုအလွန်တွေ့ချင်နေရှာ၏။
သူ၏စိတ်သည်က မကျေးဆီ၌ရှိနေခဲ့ခြင်းပင်။
မကျေး၏နေအိမ်သို့ရောက်တော့…

“ကျေးလေးရေ…..ကျေးလေး….အစ်ကိုလာပြီလေ”

ဟု…အော်ဟစ်ကာခေါ်​လိုက်သည်။
ထိုအခါ အိမ်အတွင်းမှထွက်ပေါ်လာသူမှာက ဒေါ်မကြီးဖြစ်၏။

“သြော်…သြော်…သြော်
မင်းကပေါ်လာသေးတယ်ပေါ့နော်”

“ဒေါ်ဒေါ်…ကျေးလေးရှိလားဟင်…
ကျုပ်သူနဲ့အရမ်းတွေ့ချင်နေလို့ပါဗျာ…
ကျေးလေးအိမ်မှာရှိလားဒေါ်ဒေါ်”

“ဘာတွေလာမေးနေတာလည်း…နင်ထားချင်တုန်းကတော့ နောက်လှည့်မကြည့်ဘဲထားသွားပြီး…
နင့်ကြောင့်ငါ့သမီးလေးခမျာ အရှက်တကွဲကျန်ရစ်ခဲ့ရတာ…
သွား….အခုချက်ချင်းထွက်သွား…ငါ့အိမ်အရိပ်တောင်မနင်းနဲ့”

“မဟုတ်ပါဘူးဒေါ်ဒေါ်ရယ်…ကျုပ်မှာလည်း
အကြောင်းအရင်းရှိပါတယ်…ကျုပ်ကျေးလေးကိုသေချာရှင်းပြမှာပါဗျာ”

“အို…မကြားချင်ဘူး…သွား…အခုထွက်သွား”

ဒေါ်မကြီးသည် ခါးကြီးကိုထောက်၍ ဒေါသတကြီးဖြင့်
မောင်မျိုးသွင်ဘက်မှပြောသမျှကိုလက်မခံဘဲ
တူးတူးခါးခါးမောင်းထုတ်နေခဲ့သည်။

“ကျေးလေး…ကျေးလေး အစ်ကိုခေါ်တာကြားလား”

“ဟဲ့…နင့်ကိုအခုထွက်သွားလို့ပြောနေတာမကြားဘူးလား”

“ခဏလေးပါဒေါ်ဒေါ်ရယ်….
ကျုပ်ကျေးလေးနဲ့တွေ့ချင်လို့ပါဗျာ”

မောင်မျိုးသွင်သည် ဒေါ်မကြီးကို
တောင်းတောင်းပန်ပန်ပြောအပြီး
အိမ်အတွင်းသို့အပြေးဝင်ကာ မကျေးကိုအော်ဟစ်၍
ခေါ်နေတော့သည်။

“ဟာ…မောင်မျိုးသွင်…မင်းပြန်ရောက်လာပြီပေါ့….”

“ဟုတ်ကဲ့ဦးလေး…ကျုပ် ပြန်ရောက်လာပါပြီ…
ကျေးလေးနဲ့ဦးလေးကို ကျုပ်ရှင်းပြစရာတွေကော
တောင်းပန်စရာတွေကောရှိပါတယ်…
အခုတော့ကျုပ်ကိုကျေးလေးနဲ့အရင်တွေ့ခွင့်ပေးပါဗျာ”

“အင်းးးး မင်းဘက်ကပြောမှာကိုဦးလေးတို့ဘက်က
နားထောင်ဖို့အသင့်ပါပဲကွာ…
ဒါပေမယ့် အခုတော့သမီးလေးအိမ်မှာမရှိသေးဘူးကွ…။
သူ့အမေဘက်က အမျိုးများဆီကို
ခဏအလည်အပတ်လွှတ်လိုက်တယ်…
နောက်ရက်ဆိုရင်တော့ပြန်ရောက်ပါပြီကွာ…”

မောင်မျိုးသွင်တစ်ယောက် ချစ်ရသူမကျေးမှာ
အိမ်၌မရှိသည်ကိုသိလိုက်ရသောအခါ
စိတ်တို့နွမ်းလျသွားတော့၏။

“ဒါဆိုရင် ကျုပ်ဦးလေးနဲ့ဒေါ်ဒေါ်ကိုပဲ
အကြောင်းစုံပြောပြခဲ့ပါရစေ”

ဟု…မောင်မျိုးသွင်သည် သူဖြစ်ပျက်ခဲ့သော
အဖြစ်အပျက်အစုံကို ပြောပြခဲ့တော့၏။
ဦးမောင်စန်းသည် မောင်မျိုးသွင်ပြောသမျှကို
အံ့သြ သင့်နေရှာသည်။
ဒေါ်မကြီးကတော့ မျက်မှောင်ကြီးကိုကျုံ့၍
မလိုမုန်းတီးစွာကြည့်နေခဲ့၏။

“အေးကွာ…အခုလိုသိရတော့လည်းမင်းကိုတကယ်သနားမိတယ် မောင်မျိုးသွင်…စိတ်ချကွာ…ဦးလေးသမီးလေးကလည်း
မင်းကိုအတော်မေတ္တာရှိရှာတာ…အခုလိုသိရင်လည်းသူနားလည်ပေးနိုင်မှာပါကွာ………”

“ဟုတ်ကဲ့ပါဦးလေး…”

ထိုသို့ဖြင့် မောင်မျိုးသွင်အိမ်ပြန်လာခဲ့ရသည်။
အိမ်သို့ပြန်ရောက်တော့ မျက်နှာမကောင်းသော
မောင်မျိုးသွင်၏ပုံစံကြောင့် သူဌေးကြီးဦးမောင်မောင်တို့
လင်မယားမှာစိုးရိမ်တကြီးမေးကြရှာသည်။
မကျေးတစ်​ယောက်ခရီးသွားသည်ဆိုတာကိုသိသွားကြလေမှ…

“သြော်…ငါ့သားရာ…အချိန်တွေရှိပါသေးတယ်ကွ…
ဒီလောက်ကြီးစိတ်ပျက်မနေပါနဲ့ဦး…
ပြီးတော့ မင်းရဲ့ကျေးဇူးရှင်ဧည့်သည်တွေကိုလည်း
မမေ့နဲ့ဦးလေကွာ…..”

“မမေ့ပါဘူးအဖေ…ကျုပ်ဘွားတို့ကို ဂရုစ်ိုက်မှာပါ”

“အေး…အေး….”

မောင်မျိုးသွင်သည် ဘွားမယ်စိန်တို့ကို
သူ၏နေအိမ်၌ လိုလေသေးမရှိထား၏။
မောင်တိုး၊မောင်အုန်းတို့ကိုလည်း မြို့ပေါ်နေရာအနှံလိုက်ပို့ပြီး
အဝတ်အစားအသုံးအဆောင်များကိုလည်း ဝယ်ပေးရှာသည်။
ဘွားမယ်စိန်ကတော့….

“အေးကွယ်…မောင်ရင်တို့ချမ်းသာတာကိုဘွားသိပါတယ်…
ဒါပေမယ်လို့ လိုအပ်တာမဟုတ်ရင်ဘွားကဘာကိုမှလက်မခံချင်ဘူး…ဒီ​တော့ဘွားအတွက်ဘာကိုမှ မပေးတာက
ကျေးဇူးဆပ်ခြင်းလို့ပဲ ဘွားကပြောချင်တယ်ကွယ်….”

ဟု…ဘွားမယ်စိန်ကငြင်းဆန်လိုက်သည်။
မောင်မျိုးသွင်နှင့်သူ၏မိဘများကလည်း ဘွားမယ်စိန်စိတ်ဆိုးမည်ကို မလိုလား၍ပြောသည့်အတိုင်း လိုက်နာကြရှာသည်။

မကျေးခရီးမှပြန်ရောက်လာသည်ဟုဦးမောင်စန်း၏အိမ်မှ
အလုပ်သမားတစ်ဦးလာရောက်အကြောင်းကြားလေတော့
မောင်မျိုးသွင်မှာ ဝမ်းသာတကြီးအပြေးသွားတော့သည်။
ဦးမောင်စန်း၏နေအိမ်ဧည့်ခန်းဆီသို့ရောက်တော့
မကျေးနှင့်အတူ ဦးမောင်စန်းတို့လင်မယားကိုပါ
တွေ့လိုက်ရသည်။
မောင်မျိုးသွင်မှာ ဦးမောင်စန်းတို့ရှိနေခြင်းကြောင့်
ဝမ်းသာလွန်းနေသောသူ၏ပုံစံကို ပြန်လည်ပြင်ဆင်လိုက်ပြီး
တည်တည်ငြိမ်ငြိမ်ဖြင့် မကျေးအနီးသို့ရောက်လာခဲ့သည်။
မကျေးသည်လည်း မောင်မျိုးသွင်၏မျက်နှာလေးကိုကြည့်ရင်း
ပြုံးနေသကဲ့သို့…မောင်မျိုးသွင်သည်လည်းမကျေး၏မျက်နှာလေးကို တစ်ချက်မှအကြည့်မခွာခဲ့ပေ။

“ကဲ…ကဲ…သားနဲ့သမီးတို့လွတ်လွတ်လပ်လပ်
စကားပြောကြဦး…လာ…လာ…မိန်းမ”

ဟုဆို၍ ဦးမောင်စန်းသည် နေရာဖယ်ပေးရှာသည်။

“အိုတော်…”

ဒေါ်မကြီးကတော့ မလိုလားစွာဖြင့် မျက်နှာကြီးကို
ရှုံ့မဲ့၍ ထိုင်နေရာမှမထ…။
ထိုအခါ…

“ငါမင်းကိုလာလို့ပြောနေတယ်လေ…”

ဟု…ဦးမောင်စန်းမှ အသံမာမာဖြင့်​ပြောလိုက်လေတော့
ဒေါ်မကြီးသည် ဆောင့်ကြီးအောင့်ကြီးဖြင့်နေရာမှထ၍
ထွက်သွားတော့၏။
ဦးမောင်စန်းတို့ထွက်သွားလေတော့ မောင်မျိုးသွင်သည်
မကျေးအနီးသို့တိုးကပ်၍…

“ကျေးလေး..အစ်ကို့ကိုစိတ်ဆိုးနေလားဟင်”

“ဖေဖေပြောပြလို့အကုန်လုံးကို သိပြီးပါပြီ…
အစ်ကို့ကို ကျေး စိတ်လည်းမဆိုးဖူးဘူး…
ဒီနေ့ဒီချိန်ထိအစ်ကိုတစ်နေ့ပြန်လာမယ်ဆိုတဲ့
စိတ်နဲ့စောင့်နေခဲ့တာပါအစ်ကို….”

“ကျေးရယ်……….”

မောင်မျိုးသွင်သည် မကျေး၏ကိုယ်လေးအားပွေ့ကာ
ဖက်လိုက်လေတော့မကျေးလည်း
အလိုက်သင့်လေးပါသွားရှာသည်။
ပြီးနောက်ချစ်သူနှစ်ဦးမျက်နှာထက်မျက်ရည်များဖြင့်
တစ်ဦးကိုတစ်ဦးစိုက်ကြည့်နေရှာတော့၏။

“ရှီးးးးးးးးးး”

“ဟင်…”

“ဟာ……………”

ထိုအချိန်မြွေကြီးတစ်ကောင်သည်
အိမ်အပြင်ဆီမှမောင်မျိုးသွင်တို့ထိုင်နေသောဧည့်ခန်းဆီသို့
ဒေါသတကြီးဖြင့်ပါးပြင်းကြီးကိုထောင်၍ရောက်လာခဲ့၏။
မြွေတွန်သံကြောင့်မောင်မျိုးသွင်တို့လည်း
အထိတ်တလန့်ကြည့်လိုက်လေတော့
ထိုမြွေကြီးကိုမြင်လိုက်ကြရသည်။
မြွေကြီးသည် မောင်မျိုးသွင်တို့ထိတ်လန့်နေသောအချိန်မှာပင်
မောင်မျိုးသွင်ထံသို့ရောက်လာခဲ့ပြီး
မောင်မျိုးသွင်၏ခြေထောက်ကိုပေါက်ချလိုက်လေတော့…

“အစ်ကို………….”

“ဟင်………..”

“ဟယ်……….”

မကျေး၏စိုးရိမ်တကြီးအော်သံ…
မောင်မျိုးသွင်၏အံ့သြသံ…
မကျေး၏အံ့သြသွားဟန်တို့ တဆက်ထဲထွက်ပေါ်လာခဲ့သည်။
အကြောင်းမှာကမြွေကြီးသည်
မောင်မျိုးသွင်၏ခြေထောက်ကိုပေါက်ချလိုက်ခြင်းမှာပင်
ချက်ချင်းဆိုသလိုကြိုးတစ်ချောင်းအသွင်ပြောင်းသွားသောကြောင့်ဖြစ်သည်။
ရုတ်တရက်ဖြစ်ပျက်လိုက်သော အဖြစ်အပျက်​ကြောင့်
မောင်မျိုးသွင်နှင့်မကျေးတို့ အံ့သြ၍မဆုံးကြ။
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်
မြွေမှဖြစ်သွားသောကြိုးကြီးကိုကြည့်လိုက်ဖြင့်
နားမလည်နိုင်ဖြစ်နေကြချိန်…

“ဟဲ့…ဟဲ့….ဘာဖြစ်ကြတာလဲ”

ဆိုပြီးဒေါ်မကြီးတစ်​ယောက်အပြေးရောက်လာခဲ့သည်။

“သြော်…ဒီကြိုးကဘာလို့ဒီမှာရောက်နေရတာလဲ”

“ဒေါ်ဒေါ်…”

“အမေ…”

ဒေါ်မကြီးလက်ထဲသို့ကြိုးရောက်သွားချိန်
မောင်မျိုးသွင်နှင့်မကျေးမှာ
စိုးရိမ်စွာဖြင့် တားကြလေသည်။

“ဘာဖြစ်နေကြတာတုန်း”

“အမေ…စောစောက မြွေကြီးတစ်ကောင်အစ်ကို့ကို
လာကိုက်တာ…ဒါပေမယ့်မြွေကြီးကအစ်ကိုကိုကိုက်ဖို့လုပ်နေတုန်း ကြိုးကြီးဖြစ်သွားတယ်အမေ….အဲ့ကြိုးကြီးမကိုင်ပါနဲ့…
တော်နေတစ်ခုခုဖြစ်မှအမေရယ်”

“အိုအေ…ညည်းတို့အမြင်မှားတာနေမှာပါ”

“မဟုတ်ဘူးဒေါ်ဒေါ်…ကျေးလေးကော ကျုပ်ကော
သေသေချာချာမြင်ကြတာပါ”

“ဟင်းးးးးအေးလေ နှစ်ယောက်အပြောဆိုတော့ယုံလိုက်မယ်…
ဒါနဲ့မင်းလက်မှာဝတ်ထားတာကဘာလဲ ကောင်လေး”

ဒေါ်မကြီးသည် မောင်မျိုးသွင်လက်၌ဝတ်ဆင်ထားသော
ချည်မန်းကြိုးကိုကြည့်၍မေးလေတော့…

“သြော်…ဒါလား…ဒါဘွားရဲ့အဆောင်လက်ဖွဲ့လေ…
ဘာလို့လဲဒေါ်ဒေါ်…”

“ဘာမှမဟုတ်ပါဘူး…ကဲ…ကဲ…ဒါဆိုရင်
ထိုင်နေကြဦး…ဒါကြီးကို သွားလွှင့်ပစ်လိုက်ဦးမယ်”

ဟု…ပြော၍ဒေါ်မကြီးထွက်သွားတော့သည်။
သို့သော်အခန်းထောင့်အကွယ်မှမောင်မျိုးသွင်ကို
မကျေမနပ်ဟန်ဖြင့်..”တောက်” တစ်ချက်
ခေါက်လိုက်သည်ကိုမောင်မျိုးသွင်တို့မသိရှာပေ။

******************************
မောင်မျိုးသွင်သည် ဘွားမယ်စိန်ထိုင်နေသော
ခုံဆီသို့ရောက်လာခဲ့သည်။

“ဘွား………..”

“သြော်….မောင်မျိုးသွင်….ထိုင်လေကွယ်…”

“ဟုတ်ကဲ့”

“ဘယ်လိုလဲ…ကလေးမလေးနဲ့အဆင်ပြေပြေဖြစ်ခဲ့ရဲ့လား”

“ဟုတ်ကဲ့ဘွား…ကျုပ်နဲ့မကျေးတို့တစ်ယောက်ကိုတစ်ယောက်
နားလည်ပေးနိုင်ကြလို့အဆင်ပြေခဲ့ပါတယ်….”

ဟုပြောရင်းမောင်မျိုးသွင်သည်စကားကိုရပ်လိုက်၏။
မောင်မျိုးသွင်၏အမူအရာကို ဘွားမယ်စိန်တစ်ချက်အကဲခတ်လိုက်အပြီး…

“ဘာကများအဆင်မပြေဖြစ်နေရတာလဲမောင်ရင်….”

ဟု…မေးလိုက်လေတော့ မောင်မျိုးသွင်သည်
သူတို့ကြုံခဲ့ရသော မြွေကြီး၏အဖြစ်ကိုပြောပြလေသည်။
ဘွားမယ်စိန်သည် ခေါင််းတညိတ်ညိတ်နားထောင်၏။
မောင်မျိုးသွင်ကလည်း…

“ဘွား….ကျုပ်ကိုမှာထားတာလေ…
ဒီလက်ပတ်အကြောင်းမေးသူရှိရင်ပြောပါဆိုတာ…
အဲ့တာဘာလို့များလဲဘွား”

“ဒါဆိုရင်ဒီလက်ပတ်အကြောင်းမေးသူရှိလာပြီဆိုတဲ့
သဘောပေါ့လေ…ဟုတ်သလားမောင်ရင်…”

“ဟုတ်ကဲ့”

မောင်မျိုးသွင်သည် ခေါင်းညိတ်၍ဖြေသည်။

“ကောင်းပြီ…ဒါဆိုရင်ဒီလက်ပတ်အကြောင်းကို
မေးတဲ့သူကဘယ်သူများလဲ….
မောင်ရင့်ရဲ့ဆွေမျိုးများထဲကတစ်​ယောက်ယောက် လား…
ဒါမှမဟုတ်ရင်အသိမိတ်ဆွေထဲကပဲလား…”

“ဒီလက်ပတ်အကြောင်းမေးတဲ့သူက
ကျုပ်ချစ်သူမကျေးလေးရဲ့အမေ ဒေါ်မကြီးပါဘွား”

“ဟေ…မောင်ရင့်ချစ်သူအမေ…ဟုတ်သလား”

“ဟုတ်ပါတယ်ဘွား…မကျေးလေးအမေဆိုပေမယ့်လည်း
သူကမိထွေးတော်တာပါ…
ဒါပေမယ်လို့မကျေးလေးအပေါ်မှာတော့
မိခင်အရင်းလိုချစ်ရှာတဲ့သူပါ…”

“သြော်…အင်းးးးအင်းးးးအင်းးးးးဟုတ်ပါပြီကွယ်”

ထို့နောက်
ဘွားမယ်စိန်သည် မောင်မျိုးသွင်ကို
မည်သည့်စကားမှဆက်မပြောတော့။
မောင်မျိုးသွင်လည်းနေရာမှထွက်သွားတော့၏။

နောက်တစ်နေ့၌…

“အိမ်ရှင်တို့…ဗျို့…အိမ်ရှင်တို့”

“ဘယ်သူနဲ့တွေ့ချင်လို့လဲ”

“ဟောသည်အိမ်က…ဒေါ်မကြီးနဲ့တွေ့ချင်လို့ပါ…..”

“ဟုတ်ကဲ့…ဒါဆိုဧည့်ခန်းကစောင့်ပေးကြပါ”

အိမ်ကြီးတစ်လုံး၏ဧည့်ခန်းနေရာ၌ ဘွားမယ်စိန်နှင့်မောင်တိုးတို့ရောက်ရှိနေကြသည်။
အလုပ်သမားလေးညွှန်ပေးသောဧည့်ခန်း၌ထိုင်နေကြစဥ်…
ချောမောသောမိန်းမပျိုလေးတစ်ဦးရောက်လာပြီး…

“ဧည့်သည်တွေလား….ဘယ်သူနဲ့များတွေ့ချင်လို့လဲ”

“မမလေး…ဆရာကတော်နဲ့တွေ့ချင်တယ်ဆိုလို့
ကျုပ်စောင့်ခိုင်းထားတာပါ…”

“သြော်…မေမေ့ဧည့်သည်တွေလား….မေမေ့ကိုရောအကြောင်းကြားပြီးပြီလား ”

“ဟုတ်ကဲ့ အိမ်ဖော်မ မိသေးကိုပြောခိုင်းထားပါတယ်”

“ဟုတ်ပြီ…ဒါဆို ကိုဘမောင်လည်းလုပ်စရာသွားလုပ်လေ…
မကျေးလည်းအပြင်သွားစရာရှိလို့ဒီကဧည့်သည်များ
ခဏလောက်စောင့်ပေးကြပါဦးနော်”

“ရပါတယ်ကွယ်…သမီးသွားစရာရှိတာကိုသွားပါ….
ဘွားတို့ကလည်းစောင့်စရာရှိတဲ့သူကိုစောင့်နေပါ့မယ်”

မကျေးသည်ဘွားမယ်စိန်တို့ကိုနှုတ်ဆက်၍
အိမ်အပြင်သို့ထွက်သွားတော့၏။
မကျေးထွက်သွားတာကြာလေမှ
အပေါ်ထပ်မှဒေါ်မကြီးဆင်းလာခဲ့သည်။
ဒေါ်မကြီးသည် ဧည့်ခန်း၌ထိုင်နေသော
ဘွားမယ်စိန်ကိုစူးစိုက်ကြည့်ရင်း ဧည့်ခန်းသို့
ရောက်လာခဲ့သည်။
ဘွားမယ်စိန်ကိုကြည့်ရင်းခုံ၌ဝင်ထိုင်လိုက်၏။

“တော်တို့ကဘယ်ကလာတဲ့ဘယ်သူတွေလဲ…
ကျုပ်နဲ့မရင်းနှီးတဲ့ဧည့်သည်တွေက
ဘာအကြောင်းများရှိကြလို့ရောက်လာကြတာလဲ”

ဟုမျက်နှာထိမျက်နှာထားဖြင့်မေးလိုက်သည်။

“ညည်းကဒေါ်မကြီးနော်…အင်းးးးညည်းပညာကလည်း
မသေးလှပါလားအေ့….
တော်သေးတာပေါ့လေ မောင်မျိုးသွင်ခမျာ
ပြုဖူးတဲ့ကောင်းမှုကြောင့်ကံလေးကောင်းသွားရှာတာ”

“တော်…တော်…တော်ကြီးကျုပ်ကို
ဘာတွေလာပြောနေတာလဲ”

“ဟဲ့ကောင်မ…နင့်အကြောင်းငါမသိဘူးထင်နေတာလား….
နင့်ကိုမြင်ကတည်းက နင်ဘာအဆင့်…ဘာကောင်မဆိုတာကအစ မယ်စိန်ကသိတယ်ဟဲ့…ဟမ်….နင်ဘာပြောချင်သေးလဲ
ပြောစမ်း”

“တောက်………..”

ဒေါ်မကြီးသည်ဘွားမယ်စိန်ကိုတောက်တစ်ချက်ခေါက်၍
မျက်တောင့်နီကြီးဖြင့်ကြည့်သည်။

“အေးးးး….ညည်းက
ဆတ်ဆတ်ထိမခံဘဲ မာန်ပြည့်နေတယ်ပေါ့လေ
ငါလာခဲ့ရတဲ့အကြောင်းက
ညည်းမောင်မျိုးသွင်အပေါ်ညည်းပညာတွေနဲ့
ဒုက္ခပေးခဲ့တဲ့အကြောင်း ညည်းလင်ကိုပြောဖို့လာခဲ့တာပဲဟဲ့…
အခုတော့ပထမဦးဆုံး ညည်းကိုလာသတိပေးတာ…
ဒီပညာတွေဆက်သုံးနေရင်ညည်းပညာကိုရော
ညည်းကိုပါငါဖယ်ရှားရလိမ့်မယ်”

ဟုပြောကာ ဘွားမယ်စိန်သည်ထိုင်နေရာမှထလိုက်သည်။
ပြီးနောက်တောင်ဝှေးကိုထောက်၍ အိမ်အပြင်သို့ထွက်ဖို့ပြင်တော့သည်။သို့သော်မောင်တိုးကိုအရင်သွားစေပြီး
သူကနောက်မှလိုက်၏။
ထိုစဥ် ဒေါ်မကြီးသည် ဘွားမယ်စိန်ထံသို့မျက်တောင့်နီကြီးဖြင့်
ကြည့်နေလေရာ ကျောပေးထားသောဘွားမယ်စိန်သည်
ဖနောင့်ကိုကြမ်းပေါ်တစ်ချက်ဆောင့်ချလိုက်လေတော့
ဒေါ်မကြီးတစ်ယောက်အရုပ်ကျိုးပျက်လဲကျသွားရှာသည်။
လဲကျနေရင်း ပါးစပ်မှထွက်နေသော သွေးတို့ကိုသုတ်နေသော
ဒေါ်မကြီးသည် ဘွားမယ်စိန်ကိုကြောက်လန့်သွားဟန်ဖြင့်ကြည့်နေရှာသည်။
ဘွားမယ်စိန်ကလည်းကျောပေးလျှက်မှ…

“ဟဲ့ကောင်မ…ညည်းပညာလောက်ကမယ်စိန်ကမမူဘူးနော်…
အေး…ငါနောက်ထပ်တစ်ခေါက်ပြန်လာရင်
ညည်းရဲ့ပညာကိုစွန့်ဖို့ပြင်ထား မဟုတ်လို့ကတော့
ညည်းအကြောင်းအားလုံးသိစေရမယ်”

ဟု…လေသံမာမာဖြင့်ပြော၍နေရာမှထွက်သွားတော့သည်။

********************************

မောင်မျိုးသွင်နှင့်မကျေးတို့၏မင်္ဂလာပွဲအတွက်
လူကြီးများကစီစဥ်ပေးကြသည်။
ထိုသို့စီစဥ်နေရင်း…

“မောင်မျိုးသွင်…”

“ခင်ဗျ…ဒေါ်ဒေါ်…ကျုပ်ကိုခိုင်းစရာရှိလို့လား”

ဒေါ်မကြီးသည်မောင်မျိုးသွင်ကိုခေါ်လိုက်၏။
သူ၏အသွင်မှာဟိုးယခင်က ကဲ့သို့ မလိုမုန်းတီးသည့်ပုံစံ
အလျင်းမရှိရှာ။

“မဟုတ်ပါဘူးကွယ်…မောင်မျိုးသွင်တို့အိမ်မှာ
ဧည့်သည်တွေရှိတယ်ဆို…သူတို့ကောလိုက်မလာကြဘူးလား”

“ဘွားတို့လား…သူတို့ကို ကျုပ်ခေါ်ပါတယ်…
ဘွားကမလိုက်ချင်သေးဘူးဆိုလို့ထားခဲ့တာပါ…
ဒါနဲ့ဒေါ်ဒေါ်ကဘယ်လိုသိတာလဲဗျ…
ကျုပ်များပြောမိလို့လား”

“မ…မဟုတ်ပါဘူးကွယ်… ဦးမောင်မောင်တို့
ပြောလို့သိတာပါ”

“သြော်…ဟုတ်ကဲ့ဒေါ်ဒေါ်…နောက်ဘာများပြောဦးမလဲ
ကျုပ်ပြင်ဆင်စရာလေးလည်းရှိနေသေးလို့လေ”

“ရတယ်…ရတယ်…မောင်မျိုးသွင်လုပ်စရာရှိတာကိုပဲ
ဆက်လုပ်တော့…ဒေါ်ဒေါ်ပြောစရာမရှိတော့ပါဘူး”

မောင်မျိုးသွင်ထွက်သွားလေတော့ဒေါ်မကြီးသည်
မောင်မျိုးသွင်၏နောက်ကျောကိုကြည့်၍
သက်ပြင်းတစ်ချက်ချလိုက်၏။

ထိုနေ့က မောင်မျိုးသွင်နှင့်မောင်မျိုးသွင်၏မိဘများအားလုံး
ဦးမောင်စန်း၏အိမ်၌ရှိနေစဥ် ဒေါ်မကြီးသည်
မောင်မျိုးသွင်၏အိမ်ဆီသို့ရောက်ရှိလာခဲ့၏။
မောင်မျိုးသွင်တို့အိမ်၏ဧည့်ခန်း၌ထိုင်နေကြသော
ဘွားမယ်စိန်နှင့်မောင်တိုးတို့သည် ဒေါ်မကြီးကိုမြင်လေတော့.မောင်တိုးနှင့်မောင်အုန်းတို့က
နေရာမှထ၍ ဘွားမယ်စိန်၏အနောက်၌
မတ်တပ်သွားရပ်ကြသည်။

“ညည်းပေါ်လာသေးသားပဲအေ့”

ဟု…ဘွားမယ်စိန်ပြောလေတော့ ဒေါ်မကြီးသည်
ခုံ၌ဝင်ထိုင်လိုက်ပြီး…

“ကျုပ်လာဖို့ဆုံးဖြတ်ထားတာကြာပါပြီ…
အခုမှပဲလာဖြစ်သွားတာပါ”

“အေး…ညည်းဘယ်လိုစဥ်းစားထားသလဲ…
ဆက်ပြီးမိုက်မဲဦးမှာလား…
ဒါမှမဟုတ် ညည်းလုပ်ထားတဲ့
အမှားတွေကိုပဲပြင်မှာလား….”

“ကျုပ်လေ…ကျုပ်ရဲ့သမီးအရင်းမဟုတ်ပေမယ့်
မကျေးလေးကိုသမီးအရင်းလိုချစ်တာပါ…
နောက်ပြီးမောင်မျိုးသွင်ဟာ သမီးလေးအပေါ်
တန်ဖိုးမထားဘဲ သမီးလေးဘဝကို ဖျက်ဆီးပစ်မယ့်လူလို့
ကျုပ်အတွေးတွေမှားခဲ့ပါတယ်…
ကျုပ်ရဲ့ပညာနဲ့လူတစ်ဖက်သားကိုပြုစားတာအနည်းနဲ့အများရှိခဲ့ပေမယ့် မောင်မျိုးသွင်အပေါ်တော့
ကျုပ်တော်တော်မှားသွားပါတယ်…
မောင်မျိုးသွင်ဟာ သမီးလေးအပေါ်တော်တော်
ချစ်ခင်ရှာတဲ့သူဆိုတာကိုလည်းကျူပ်သေသေချာချာသိလိုက်ပါပြီ”

“အဲ့ဒီတော့…ညည်းဘက်ဆက်လုပ်မလဲ…
ငါ့ဘက်ကလည်းညည်းက မိထွေးပေမယ့်
မကျေးလေးအပေါ်မှာမိခင်အရင်းလိုချစ်ခင်ရှာတယ်ဆိုတာကိုသိလို့ အခုကိစ္စမှာဘယ်သူ့ကိုမှမပြောဘဲ
ညည်းနဲ့တိုက်ရိုက်လာတွေ့တာပဲအေ့….
အရှင်းဆုံးပြောရင်အေ…
အခုကိစ္စမောင်မျိုးသွင်တို့တောင်
ငါ့ဘက်ကအသိပေးမထားဘူး”

“ကျုပ်…ဘွားပြောတဲ့အတိုင်းပညာတွေစွန့်ပါ့မယ်…
ဒါမှကျုပ်သမီးလေးနဲ့မောင်မျိုးသွင်တို့အပေါ်မှားခဲ့တဲ့
အမှားတွေကိုချေလို့ရမယ်ထင်ပါတယ်”

“အင်း…ငါလိုချင်တာကလည်းအဲ့တာပဲအေ့…
ညည်းဘက်ကပညာတွေသာစွန့်ပြီး
ညည်းသမီးနဲ့သားမက်အပေါ်ကို
နောက်ထပ်အမှားသာထပ်မလုပ်နဲ့…
ဒါဆိုရင်အခုကိစ္စတွေကိုငါဘယ်သူ့ကိုမှမပြောဘူးဆိုတာ
ကတိပေးတယ်အေ….
ဒီလိုကိစ္စဆိုတာသိသွားရင်လည်းဘယ်သူ့ဘယ်သူ
အတွက်မှမကောင်းဘူးအေ့”

“ဟုတ်ကဲ့ပါဘွား….ကျုပ်ဘွား​ပြောတဲ့အတိုင်းလုပ်ပါ့မယ်”

ထိုသို့ဖြင့်ဒေါ်မကြီးသည် ဘွားမယ်စိန်ထံသစ္စာဆို၍
သူ၏ပညာများကိုစွန့်ပစ်လေတော့သည်။
ပညာများစွန့်ပစ်ပြီးမောင်မျိုးသွင်တို့၏
မင်္ဂလာဆောင်၌ ဝမ်းသာအားရ ပါဝင်ဧည့်ခံပေးရှာတော့
ဦးမောင်စန်းတို့မှာလည်း အံ့သြဝမ်းသာသွားကြသည်။
မောင်မျိုးသွင်တို့မင်္ဂလာဆောင်ပြီးလေမှသာ
ဘွားမယ်စိန်တို့သောင်ထွန်းရွာကိုပြန်လာခဲ့ကြသည်။
မောင်မျိုးသွင်ကိုတော့ဘေးရန်များထပ်မဖြစ်စေဖို့
ရှင်းလင်းပေးခဲ့ပြီဖြစ်ကြောင်းသာ
ဘွားမယ်စိန်ပြောခဲ့လေသည်။
မောင်မျိုးသွင်တို့နှင့်ဒေါ်မကြီးတို့မှာလည်း
ဘွားမယ်စိန်တို့အတွက်လိုအပ်သော ဆန်၊ဆီ၊ဆား
လက်ဆောင်များကိုလှည်းနှင့်အပြည့်ထည့်ပေးလိုက်ကြ၏။

ကဲ….ဒီလိုနဲ့အပင်းမိသူစာမူလေးပြီးသွားပါပြီ။
ဒေါ်မကြီးအ​ကြောင်းကိုတော့ ဘွားမယ်စိန်ရယ်…
မောင်တိုး….မောင်အုန်းရယ်ပဲသိထားပါတယ်နော်။

ယဥ်မင်း(ကန့်ဘလူ)