အဖွားပေးသောအမွေ

အဖိုးနဲ့အိမ်ထောင်ကျလို့အဲ့ဒီရွာမှာလိုက်နေခဲ့တာလို့ အမေဖြစ်သူပြောပြ၍သူရသိရသည်။

သူရတို့လှည်းအဖွားဖြစ်သူခြံထဲဝင်လိုက်တော့ လူတော်တော်များများကိုတွေ့လိုက်ရတယ်။ သူရလည်း အိမ်ပေါ်သို့တက်ကာအဖွားဖြစ်သူအခန်းထဲဝင်သွားလိုက်တယ်။

အဖွားက မျက်လုံးလေးမှိတ်ပြီးကုတင်ပေါ်မှာပုတီးစိပ်နေလေတယ်။ သူရကအဖွားဖြစ်သူဘေးမှာထိုင်လိုက်ပြီး အဖွားလက်ကလေးကိုကိုင်လိုက်တယ်။

“အဖွား မြေးလေးရောက်ပြီနော်”

အဖွားကမျက်လုံးဖွင့်ပြီးသူရကိုပြုံးပြလေတယ်။ အဲ့ဒီနောက်အခန်းထဲမှာရှိနေတဲ့သူတွေဘက်လှည့်ပြီး…။

“ငါ့မြေးနဲ့ ငါနှစ်ယောက်တည်းစကားပြောစရာရှိတယ် သားတို့သမီးတို့အပြင်ထွက်နေပေးပါ”

အခန်းအတွင်းကလူတွေလည်းအဖွားစကားကြောင့်အခန်းထဲကအကုန်ထွက်သွားခဲ့တယ်။ သူရနဲ့ အဖွားဖြစ်သူပဲကျန်ခဲ့တယ်။

“မြေးလေး ”

”ဗျာအဖွားပြောလေ”

”အဖွားက သေနေ့စေ့နေပြီကွဲ့ အဖွားမသေခင်လေးမှာငါ့မြေးကို အမွေပေးခဲ့ချင်တာလေးရှိတယ်”

”ဟုတ်အဖွား”

” လာပါဦးအဖွားနားတိုးပါအုံး”

အဖွားဖြစ်သူက သူ့လက်နှစ်ဖက်လုံးနဲ့သူရမျက်လုံးကိုအုပ်လိုက်လေတယ်။ ပြီးတော့ ပါးစပ်ကနေဥုံခံကာတစ်စုံတစ်ခုရွတ်ဖတ်နေတယ်။

သူရမှာ အဖွားဖြစ်သူလက်နဲ့အုပ်ထားတဲ့မျက်လုံးနှစ်ဖက်လုံးကပူရှိန်းရှိန်းဖြစ်လာတာကိုသတိထားမိလိုက်တယ်။ စိတ်ထဲမှာလည်း အဖွားဆေးလိမ်းပြီးလက်မဆေးဘူးနဲ့တူတယ်လို့ထင်နေခဲ့တယ်။

အဖွားဖြစ်သူက သူရမျက်လုံးကိုအုပ်ထားတဲ့လက်တွေဖယ်လိုက်ပြီး ပြုံးပြလိုက်တယ်။ အဲ့ဒီနောက်လက်တွေကိုပြန်ချပြီး မျက်လုံးမှိတ်သွားခဲ့တယ်။

“အဖွား အဖွား အဖွား!! အမေတို့ ဦးလေးတို့လာကြပါဦး အဖွားခေါ်လို့မရတော့ဘူး”

အဖွားဖြစ်သူက ဘယ်လောက်ခေါ်ခေါ်ပြန်နိုးမလာတော့ပဲသေဆုံးသွားခဲ့တယ်။ အဖွားရဲ့သားသမီးတွေနဲ့ ဆွေမျိုးနီးစပ်တော်တဲ့သူတွေမှာလည်း ရွှေတောင်ကြီးပြိုကဲ့သို့ငိုကြွေးကြလေတယ်။

အဖွားဖြစ်သူရက်လည်နေ့ညမှာ သူရကိုအိပ်မက်ပေးလေတယ်။ သစ်ပင်ကြီးတစ်ပင်အောက်မှာအဖွားကထိုင်နေတယ်။ သူရကိုလက်ယပ်လှမ်းခေါ်၍ သူရလည်းသွားလိုက်တယ်။

“မြေးလေး မနက်ဖြန်ရွာကိုမြန်မြန်ပြန်တော့ ရွာမှာဒုက္ခရောက်နေကြပြီကွဲ့ ပြီးတော့ အောင်မြတ်ကိုကူညီပေးလိုက်ဟုတ်ပြီလား”

သူရစကားပြန်ပြောမလို့လုပ်လိုက်ချိန် အမြင်အာရုံတွေဝေဝါးသွားပြီးသူရအိပ်မက်ကနေနိုးလာခဲ့တယ်။ မနက်မိုးလင်းတဲ့အခါမှာတော့ ရွာကိုပြန်လာခဲ့လိုက်တယ်။

ဘိုးအောင်မြတ်တို့ဝိုင်းရှေ့ကအဖြတ် အိမ်ရှေ့က သစ်ပင်အရိပ်အောက်မှာထိုင်နေတဲ့ ဘ်ုးအောင်မြတ်ကသူရကိုလှမ်းခေါ်လေတယ်။

“မြေးသူရ လာပါဦးကွဲ့”

သူရလည်းလှည်းကိုရပ်လိုက်ပြီး ဘိုးအောင်မြတ်ဝိုင်းထဲကိုဝင်လာခဲ့လိုက်တယ်။ ပြီးတော့ ဘိုးအောင်မြတ်ဘေးမှာဝင်ထိုင်လိုက်တယ်။

“မြေးလေးအဖွားဆုံးသွားပြီဆိုဟုတ်လား”

”ဟုတ်တယ်ဘိုးရဲ့ အဖွားရက်လည်ပြီးလို့ကျုပ်လည်းပြန်လာလိုက်တာ”

”အင်း စိတ်တော့မကောင်းပါဘူးကွယ် ဒါပေမဲ့လည်း လူဆိုတာအချိန်တန်ရင်ဒီလမ်းပဲသွားကြရမှာ မြေးလေးအဖွားက ဒီခန္ဓာဒုက္ခကြီးကနေ ကင်းလွတ်သွားပြီလို့သာမှတ်လိုက်ပါကွယ်”

သူရလည်း ဘိုးအောင်မြတ်မမြင်အောင်မျက်ရည်တွေကိုတဖက်လှည့်ကာသုတ်လိုက်တယ်။

”ဒါနဲ့ ဘိုးကကျုပ်ကိုဘာပြောစရာရှိလို့လဲ”

”ဒီလိုလူလေးရဲ့ အခုရွာမှာ ညညဆိုရင်ဘယ်ကမှန်းမသိတဲ့သဘက်ကြီးနှစ်ကောင်ဝင်လာကြတယ်ကွဲ့ ပြီးရင်တစ်ရွာလုံးကိုလျှောက်ပတ်သွားနေတဲ့အသံကိုကြားရတယ်”

”ဗျာ!! ဘိုးကဘယ်လိုဖြစ်ပြီးသိတာလဲ”

”ဘိုးက မဟာဂန္ဓာရီ(အထက်လမ်း)ပညာကို သင်ခဲ့ဖူးတယ်ကွဲ့ ဗေဒင်လည်းအနည်းအကျဥ်းတော့တတ်တယ် ဒီသဘက်နှစ်ကောင် ရောက်လာပြီးအစပိုင်းကိစ္စမရှိပေမဲ့ အခုမနေ့ညက မောင်ရီတို့အိမ်က နွားနှစ်ကောင်ကိုဝင်စားသွားလို့ နှိမ်နင်းမှရတော့မယ် အဲ့ဒါမြေးက ကူညီပေးပါဦးကွဲ့”

”ဗျာ မြေးကဘယ်လိုကူညီပေးရမှာလဲဘိုး”

”ည၇နာရီလောက်မှာ ကြက်နှစ်ကောင်ချက်နဲ့ဆန်သုံးပုံးချက်ကိုယူပြီး သင်္ချိုင်းထဲမှာ မဖဲဝါကိုပင့်ပြီးမေးပေးရမှာကွဲ့ ဘိုးက မဖဲဝါကို ဒီအတိုင်းအကူညီတောင်းမရလို့ပါ”

”ဘိုးပြောသလိုကျုပ်ကလုပ်ပြီပဲထားဦး ကျုပ်မှမဖဲဝါကိုမမြင်ရတာဘိုးရဲ့”

”ဪ မြေးလေးနှယ့်ကွယ် မြေးလေးအဖွားက မြေးလေးကိုအမွေပေးခဲ့တယ်မလား”

”မပေးလိုက်ဘူးဘိုးရဲ့ ပေးမလို့လုပ်နေတုန်း အဖွားဆုံးသွားတာ”

ဘိုးအောင်မြတ်ကခေါင်းကိုဘယ်ညာခါရမ်းလိုက်ပြီး လမ်းပေါ်ကအပင်ကြီးတစ်ပင်ကိုလက်ညိုးထိုးပြလေတယ်။

”ဟိုးးက အပင်ပေါ်ကိုကြည့်လိုက်ပါဦးမြေးလေး ဘာမြင်ရလဲ”

သူရလည်းဘိုးအောင်မြတ်ပြတဲ့အပင်ပေါ်ကိုကြည့်လိုက်တော့ ထိတ်လန့်ဖွယ်ရာပုံအမျိုးမျိုးနဲ့နာနာဘာဝများကိုမြင်လိုက်ရတယ်။

အရင်တုန်းကနာနာဘာဝဆိုတာကို ကြားသာကြားဖူးခဲ့ပေမဲ့လက်တွေ့မြင်လိုက်ရတော့သူရအနည်းငယ်ထိတ်လန့်မိသွားတယ်။

“မလန့်ပါနဲ့မြေးရဲ့ သူတို့ကမြေးကိုဘာမှလုပ်လို့မရပါဘူးကွဲ့”

”ဘိုး ကျုပ်က ဘာဖြစ်လို့သူတို့ကိုမြင်နေရတာလဲ”

”ဟားဟားဟားဟား အဲ့ဒါမြေးလေးရဲ့အဖွားပေးတဲ့အမွေပေါ့ကွ”

”ဗျာ!!”

သူရမှာမျက်လုံးအစုံပြူးသွားခဲ့တယ်။ ဘိုးအောင်မြတ်က အဝေးတစ်နေရာဆီကိုငေးကြည့်ကာ..။

“မြေးလေးအဖွားက အောက်လမ်းတတ်သူမှန်သမျှကြောက်ရတဲ့ အထက်လမ်းပညာသည်တစ်ဦးကွဲ့ အောက်လမ်းတတ်တဲ့သူမှန်သမျှမြင်းခကျေးရွာသူဒေါ်နန်းကြာမြိုင်ဆိုတာနဲ့မြေပြင်မှာပြားပြားဝပ်နေခဲ့တာ

သူ့ပညာတွေကိုဘယ်သူ့ကိုမှမသင်ပေးခဲ့ဘူး သူ့သားသမီးတွေပညာသင်ပေးပါပြောရင်တောင် သင်ပေးခဲ့တာမဟုတ်ဘူးကွဲ့

အခုမြေးလေးကိုပါရမီပါလို့ သူကအမြင်အာရုံဖွင့်ပေးခဲ့တယ် ဒါပေမဲ့ မြေးလေးနာနာဘာဝတွေကိုသာမြင်နိုင်မယ် သာမာန်လူကိုသာသိနိုင်ပြီးအောက်လမ်းပညာရှင်ကိုသိနိုင်ဦးမှာမဟုတ်ဘူး

ဒါ့ကြောင့်မြေးလေး၇ရက်သတ်သတ်လွတ်စားပြီးအဓိဌာန်ဝင်လိုက်ပါ”

”ဟုတ်ကဲ့ပါဘိုးကျုပ်လုပ်ပါ့မယ် ဒါနဲ့အဖွားက ဘယ်သူ့ဆီကနေဒီပညာကိုသင်ခဲ့တာလဲ”

”နှစ်တွေကြာညောင်းခဲ့ပြီကွဲ့ဘိုးအသက်၁၃နှစ် မြေးလေးအဖွားအသက်၁၈နှစ်မှာ ရွာကိုယောဂီဝမ်းဆက်နဲ့လူသုံးဦးရောက်လာတယ်

အဲ့ဒီတုန်းကရွာကိုအောက်လမ်းပညာရှင်တွေကပြုစားပြီးချုပ်ကိုင်ထားတာကွဲ့ အဲ့ဒီလူသုံးဦးကပဲကယ်တင်ပေးခဲ့တယ်

မြေးလေးအဖွားကိုလည်းဒီပညာတတ်ချင်လားမေးပြီးသင်ပေးခဲ့တာ သူတို့ပြောတာတော့ ပါရမီပါသူရယ် သူတို့နဲ့ပဌာန်းဆက်ရှိသူရယ်ကိုပဲ ပညာသင်ပေးခွင့်ရှိတယ်ပြောတာ ဘိုးသင်ချင်တာတောင်မသင်ခဲ့ရဘူး

နောက်မှရွာကိုအထက်လမ်းဆရာကြီးတစ်ဦးရောက်လာပြီးဘိုးကိုအနည်းအကျဥ်းသင်ပေးသွားတာ”

”ရွာကိုကယ်တင်ခဲ့တဲ့ လူသုံးဦးကဒီအချိန်တော့မရှိလောက်တော့ဘူးပေါ့နော်ဘိုး”

”အင်း ဒါကိုတော့ဘိုးမှာပြောပိုင်ခွင့်မရှိဘူးကွဲ့ မြေးလေးလည်းအိမ်ပြန်ဦးလေ ညကြဘိုးဆီလာခဲ့ ဘိုးအဆင်သင့်လုပ်ပေးထားမယ်”

”ဟုတ်ကဲ့ပါဘိုး ဒါဆိုကျုပ်ပြန်ပြီ”

”အေးအေး မြေးလေး”

သူရလည်းဘိုးအောင်မြတ်ကိုနှုတ်ဆက်ပြီးအိမ်ကိုပြန်လာခဲ့လိုက်တယ်။ အိမ်မှာရေချိုးပြီးလို့ထမင်းစားနေတုန်း သူရ သူငယ်ချင်းတွေ​​​ရောက်ချလာခဲ့တယ်။

“ဟေ့​​ကောင်သူရ ဘာတွေနဲ့စားနေတာတုန်းဟ”

”မင်းတို့တွေဘယ်ကပေါက်ချလာတာတုန်း လူစုံတတ်စုံပါ့လား”

”မင်းဆီကိုပဲလာခဲ့တာ ငါတို့တွေမစုံတာကြာပြီမလား”

ဟန်ကြီးကပြောရင်းထရံကိုမှီကာထိုင်ချလိုက်တယ်။ အောင်ဌေးလင်းကတော့ ရေခပ်သောက်နေတယ်။ ထူးအောင်ကလှေခါးတစ်မှာထိုင်ပြီးဆေးလိပ်သောက်နေလေသည်။

“အေးကွမင်းတို့ဆီတောင်ခဏနေလာတော့မလို့”

”မင်းကဘာလုပ်မလို့လဲ”

”ဒီလိုကွ ငါ့ကိုဘိုးအောင်မြတ်က မဖဲဝါပင့်ခိုင်းလို့ကွ”

”ဘယ်လိုဘိုးအောင်မြတ်ကမဖဲဝါပင့်ခိုင်းတယ် ဟုတ်လားသူရ”

အောင်ဌေးလင်းကပြောရင်းသူရဘေးမှာဝင်ထိုင်လိုက်တယ်။ ထူးအောင်ကလည်းဆေးလိပ်ကိုအောက်ချပြီးသူရနားကပ်လာတယ်။

“အေးကွ ညညဆိုရွာထဲကိုသဘက်နှစ်ကောင်ဝင်ဝင်လာလို့တဲ့”

”ဒါဆိုဦးလေးခိုင်သင်းတို့အိမ်ကနွားတစ်ရှဥ်းသဘက်တွေစားသွားတာပေါ့”

”အေးကွငါ့ကိုဘိုးပြောပြလို့သိရတာ အဲ့ဒါညကြရင်မင်းတို့လိုက်ခဲ့ဦး”

”မင်းမခေါ်လဲငါတို့ကလိုက်မှာပဲ
ဒီလိုကိစ္စမျိုးဘယ်လက်လွတ်ခံလို့ဖြစ်မလဲကွ ဘိုးအောင်မြတ်ကမဖဲဝါကိုတွေ့ဖူးတယ်လို့ ပြောပြပြီးကတည်းကငါတို့ကစိတ်ဝင်စားနေတာ”

(ဘိုးအောင်မြတ်မဖဲဝါနဲ့ဘယ်လိုတွေ့သလဲဆိုတာကို သူရနှင့်မဖဲဝါတွေ့ဖူးသောဘိုးအောင်မြတ်တွင်ဖတ်ရှူနိုင်ပါတယ်)

”အေးပါကွာဟုတ်ပါပြီ”

”ဒါနဲ့သူရ တို့ရွာထိတ်ကဇရပ်မှာလူနှစ်ယောက်ရောက်နေတယ်နော်”

”ဟေ ဘယ်ကလူတွေလဲကွ”

”မသိဘူးကွ ယောဂီဝမ်းဆက်နဲ့ပဲ”

”ငါတို့ပြီးရင်သွားကြည့်ရအောင်”

သူရလည်းထမင်းအမြန်စားလိုက်တယ်။ ခဏလောက်နေတော့ သူရတို့သူငယ်ချင်းလေးယောက်ရွာထိတ်ကိုထွက်လာခဲ့တယ်။

ရွာထိတ်ကဇရပ်ထဲမှာယောဂီဝမ်းဆက်နဲ့ အသက်၄၀အရွယ်လူကြီးနှစ်ယောက်ကိုမြင်လိုက်ရတယ်။ သူရတို့လည်းသူတို့ဘေးကိုသွားလိုက်တယ်။

“ဦးလေးတို့က ဘယ်သူတွေလဲကျုပ်တို့ရွာမှာတစ်ခါမှမမြင်ဖူးပါဘူး”

အောင်ဌေလင်းမေးလိုက်တာကို
ပိန်ပိန်ပါးပါးနဲ့လူကြီးကပြန်ဖြေလေတယ်။

“ဦးလေးတို့က ခရီးသွားတွေပါကွ ဒီရွာထိတ်ကဇရပ်မှာခဏနားနေကြတာ”

“ဪ ဟုတ်ကဲ့ လိုအပ်တာရှိပြောပါနော် ကျုပ်တို့ရွာလာတာဆိုတော့ကျုပ်တို့မှာတာဝန်ရှိပါတယ်”

အဲ့ဒီအချိန် ခန္ဓာကိုယ်နည်းနည်းကြီးတဲ့လူကြီးကသူရမျက်လုံးကိုအသေအချာစိုက်ကြည့်နေလေတယ်။ သူရကထိုလူ့မျက်လုံးကိုစိုက်ကြည့်လို့မရပဲမျက်လုံးကအလိုအောက်ကိုကျကျသွားပြီးခေါင်းပါငုံ့ထားတယ်။

သူရလည်းစဥ်းစားလို့မရအောင်ပင်ဖြစ်နေတယ်။ ပိန်ပိန်ပါးပါးနဲ့လူကြီးကသူတို့နာမည်ကိုမိတ်ဆက်လေတယ်။

“ဒီက ငါ့တူတို့နာမည်ဘယ်လိုခေါ်ကြလဲကွဲ့”

”ကျုပ်နာမည်ကဟန်လင်းသန့်ပါ ဟန်ကြီးလို့ပဲခေါ်ကြတယ်ဦးလေး သူ့နာမည်ကအောင်ဌေးလင်း သူကတော့ထူးအောင် ဟိုဘက်ကတစ်ယောက်ကသူရတဲ့”

“အေးအေး ဦးလေးနာမည်ကသာကျော်တဲ့ ဒီကဦးကြီးနာမည်ကတော့ဦးတာတီးတဲ့ မှတ်ထားနော်လူလေးတို့”

ဦးတာတီးဆိုသူကသူရကိုအသေချာစိုက်ကြည့်ပြီး ဦးသာကျော်ကိုလှမ်းပြောလေတယ်။

“သာကျော်ရေ ဒီကလေးကငါတို့ဂိုဏ်းတော်ကပညာနဲ့အ​မြင်အာရုံဖွင့်ထားတာပဲကွ”

”ဒီကလေးလား ကိုတာတီး ဒါဆိုဆရာပြောတာမှန်နေတာပေါ့”

”အေးပေါ့ကွ ဆရာပြောတာမမှားဖူးပဲကိုကွ ”

သူရမှာသူတို့ပြောတာကိုဘာတစ်ခုမှနားမလည်ပေ။ ဒီလိုနဲ့သူရတို့အုပ်စုထိုလူတွေနဲ့စကားပြောနေလိုက်ကြတယ်။ ညနေကြမှာရွာထဲကိုပြန်လာခဲ့ကြသည်။

ည၇နာရီထိုးခါနီးကြတော့ဟန်ကြီးတို့သူရအိမ်ကိုရောက်လာကြတယ်။ သူရလည်းသူတို့ကိုခေါ်ပြီးဘိုးအောင်မြတ်အိမ်ဘက်ကိုထွက်လာခဲ့တယ်။

ဘိုးအောင်မြတ်က ထမင်းတောင်းကိုပေးပြီး မဖဲဝါပင့်နည်းသူရကိုသင်ပေးနေလေတယ်။ ဉာဏ်ကောင်းတဲ့သူရကသုံးလေးခေါက်မှာအလွတ်ရသွားတယ်။

အောင်ဌေးလင်းကထမင်းတောင်းထမ်းပြီး ဟန်ကြီးနဲ့ထူးအောင်ကတော့အောင်လင်းဓာတ်မီးတစ်လုံးစီနဲ့ မြင်းခကျေးရွာရဲ့သင်္ချိုင်းကုန်းကိုထွက်လာခဲ့ကြတယ်။

သင်္ချိုင်းကိုရောက်တာနဲ့ ဂူကြီးကြီး ပေါ်မှာဖတ်ရွက်ခင်းပြီးထမင်းဟင်းတွေပုံကာ ဘေးကနေဖယောင်းတိုင်ထွန်းထားတယ်။ ဘေးမှာလည်းဖလားတစ်လုံးထဲရေထည့်ပြီးချထားလိုက်တယ်။

သူရက ဟန်ကြီးတို့ကိုသူ့နောက်မှာနေခိုင်းပြီး လက်အုပ်ချီကာမဖဲဝါစပင့်လေတယ်။

(ဒီနေရာမှာစာရေးသူပြောချင်တာက မဖဲဝါပင့်တာကို ဆရာတာတေရဲ့စာအုပ်ထဲမှကောက်နှုတ်ရေးသားထားခြင်းဖြစ်ပါတယ်)

”အရှေ့နေထွက်၊ အနောက်နေဝင်၊ တောင်တံငါကွန်၊ မြောက်ဓူဝံအတွင်းရောက်ရာအရပ်ကနေမြန်းမကြာကြွလှမ်းခဲ့ပါလို့ သင်္ချိုင်းရှင်မကြီးမဖဲဝါအား မြင်းခရွာသားကျုပ်သူရမှစားပွဲသောက်ပွဲများနဲ့ ပင့်ဖိတ်ပါတယ် ကြွပါသင်္ချိုင်းရှင်မကြီးခင်ဗျာ”

သူရကတစ်ခါပင့်တယ်မလာဘူး။ နှစ်ခါပင့်တယ်ဘာမှမထူးခြားပေ။ သုံးခါမြောက်ကြတော့ ခွေးတစ်ကောင်ရဲ့ဆွဲငင်ငင်အူလိုက်တဲ့အသံကိုသူရတို့ကြားလိုက်ရတယ်။

မကြာပါဘူးဂူတွေပေါ်ကနေအရပ်၁၀’လောက်ရှိတဲ့မိန်းမတစ်ယောက်ကဘေးမှာခွေးနက်ကြီးတစ်ကောင်နဲ့သူရဆီကိုပြေးလာလေတယ်။

သူရလည်းမဖဲဝါကိုကြည့်ပြီးစိတ်ထဲမှာတော့အနည်းငယ်ကြောက်ရွံ့နေတယ်။ ဘေးကခွေးနက်ကြီးမှာလည်းနွားမတန်းလောက်ကိုရှိတယ်။

မဖဲဝါကဂူပေါ်ကထမင်းဟင်းတွေကိုကြည့်ပြီးလက်ခုပ်နဲ့ယူပြီးပါးစပ်ထဲထည့်ပြီးစားနေတယ်။ ကြက်သားတွေဆိုလည်းဂျိုးဂျိုးဂျွတ်ဂျွတ်မြည်အောင်ကိုဝါးစားတယ်။

သူ့ခွေး​ကြီးနက်ကျော်ကိုလည်းကြက်သားတွေပြစ်ကျွေးလေတယ်။ စားပြီးသွားတဲ့အခါမှာတော့ ဖလားထဲကရေကိုသောက်နေတယ်။

ဟန်ကြီးတို့မှာတော့မဖဲဝါကိုမမြ​င်ရပဲ ထမင်းဟင်းခဏလေးနဲ့အကုန်ကုန်သွားတာကိုကြည့်ပြီးအံ့သြနေတယ်။

ရေဖလားမှာလည်းအလိုအလိုမြောက်တက်သွားကာ ပြန်အကျမှာရေတွေတစ်စက်မှာပါမလာတာကိုလည်းဟန်ကြီးတို့သုံးယောက်လုံးသတိထားမိလိုက်တယ်။

မဖဲဝါကသူရကိုစိုက်ကြည့်ပြီးပြောလေတယ်။

“ဟဲ့ကလေး ငါ့ကိုခေါ်တာဘာလုပ်ဖို့လဲ”

”ဒီ…ဒီလိုပါသင်္ချိုင်းရှင်မကြီးခင်မျာကျုပ်တို့ရွာကိုညညဆိုသဘက်ကြီးနှစ်ကောင်ဝင်ဝင်လာလို့ဘယ်လိုဖြေရှင်းရမလဲဆိုတာ ပြောပြပေးစေလိုပါတယ်”

”ဟဲ့အဲ့ဒါ ဒေါ်နန်းကြာမြိုင်ဆိုတဲ့သူကိုသတ်ခိုင်းထားတာဟဲ့ ဒေါ်နန်းကြာမြိုင်နှိမ်နင်းခဲ့တဲ့အောက်လမ်းကောင်ဖိုးထင်ရဲ့တပည့်က သူဆရာအတွက်လက်စားပြန်ချေတာ ဒါပေမဲ့ဒေါ်နန်းကြာမြိုင်ကဒီရွာမှာမရှိတော့ သဘက်နှစ်ကောင်ကညတိုင်းလှည့်ပတ်ရှာနေတာ”

သူရလည်းအဖွားဖြစ်သူကိုသတ်ချင်နေတာသိသွားတော့အံ့သြသွားခဲ့တယ်။

”ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပေးပါသင်္ချိုင်းရှင်မကြီး”

”နင်တို့ရွာအဝင်ပေါက်နားက ခြံစည်းရိုးတိုင်အခြေမှာအင်းတစ်ချပ်ရှိတယ်ဟဲ့အဲ့ဒီအင်းကိုမီးရှို့ပြစ်လိုက် ဒါပေမဲ့သဘက်နှစ်ကောင်ကချက်ချင်းထွက်သွားမှာမဟုတ်ဘူး ရွာထိတ်ကဆရာတွေကိုအကူညီတောင်းလိုက် ငါသွားပြီ”

မဖဲဝါကပြောစရာရှိတာပြောပြီးတာနဲ့ဂူတွေပေါ်ကနေဖြတ်ကာ သူရဲ့ခွေးကြီးနက်ကျော်နဲ့အတူပြန်သွားခဲ့တယ်။

”ကဲသူငယ်ချင်းတို့ ပစ္စည်းတွေသိမ်းလိုက်တော့ မဖဲဝါပြန်သွားပြီ”

”အေးအေး ဒါနဲ့မဖဲဝါကဘာပြောသွားတာလဲ”

”ဒီလိုကွ”

သူရလည်းဟန်ကြီးတို့ကိုအကြောင်းစုံရှင်းပြလိုက်တယ်။ ဟန်ကြီးတို့လည်းအံ့သြော်သွားကာ ရွာကိုအမြန်ပြန်လာခဲ့ကြတယ်။

ဘိုးအောင်မြတ်ကိုအကျိုးကြောင်းပြောပြပြီးဘိုးအောင်မြတ်နှင့်အတူသူရတို့သူငယ်ချင်းအုပ်စုရွာထိတ်ကိုထွက်လာခဲ့တယ်။

ရွာစည်းရိုးတိုင်အောက်လို့ပြောလိုက်၍ ဘယ်တိုင်အောက်မှန်းမသိသေးတာကြောင့်အရိပ်အခြေအနေစောင့်ကြည့်နေကြတယ်။

တစ်အောင့်မျှကြာတော့ ကုက္ကိုပင်ကိုဝိုက်ပြီးအခြေကပ်ထားတဲ့ရွာစည်းရိုးတိုင်ထဲကနေ အငွေ့တွေထွက်လာတာကိုမြင်လိုက်ရတယ်။ သူရကဘိုးအောင်မြတ်ကိုလက်ကုတ်ပြီးလှမ်းပြလိုက်တယ်။

ဘိုးအောင်မြတ်ကလည်းသူလည်းမြင််တယ်ဆိုတဲ့ပုံစံမျိုးနဲ့ခေါင်းညိမ့်ပြတယ်။ အငွေ့တွေကတဖြည်းဖြည်းများလာကာ အငွေ့တွေကြားထည်းကနေ သဘက်ကြီးနှစ်ကောင်ပေါ်လာခဲ့တယ်။

သူရမှာအတော်ကိုလန့်သွားလေ၏။ သဘက်ကြီးတွေရဲ့အရပ်က ထန်းပင်လောက်ထိရှိနေပြီးခန္ဓာကိုယ်ကြီးတွေကအတော်ကြ်ိးမားလေသည်။ မျက်လုံးတွေကဟင်းချိုသောက်ပုကန်လုံးလောက်ထိကိုရှိလေ၏။

ပါးစပ်ကြီးတွေမှာလည်း အလွန်ကိုကျယ်လွန်းလှသည်။ လျှာကြီးတွေမှာလည်းရင်ဘက်ထိကိုတွဲလောင်းကျနေ၏။ ခန္ဓာကြီးအိပဲ့အိပဲ့နဲ့ရွာထဲကိုထွက်သွားကြတယ်။

သူရလည်းပုန်းနေရာကထွက်လာပြီး ရွာစည်းရိုးတိုင်ခြေအောက်ကိုတူးလိုက်လေတယ်။ သိပ်မတူးလိုက်ရပဲ အင်းပြားလေးတစ်ချပ်ပေါ်လာတယ်။

ကြေးပြားကိုမီးရှို့နေချိန်ရွာထဲကိုဦးသာကျော်နဲ့ဦးတာတီးက လွယ်အိပ်ကိုယ်စီနဲ့ဝင်လာကြတယ်။

သူရလည်းဦးတာတီးတို့ကိုဖြစ်ကြောင်းကုန်စင်​ပြောပြလိုက်တော့ ဦးတာတီးက လွယ်အိပ်ထဲကနေ တစ်စုံတစ်ခုထုတ်ကာ ပါးစပ်နားတေ့ပြီးတစ်ခုခုရွတ်နေလေတယ်။

သူရသေချာကြည့်လိုက်တော့အင်းတစ်ချပ်ကိုတွေ့လိုက်ရတယ်။ ဦးတာတီးကအင်းကို ရွာဘက်လှမ်းပြစ်သွင်းလိုက်တဲ့အခါမှာတော့ ခုဏကသဘက်ကြီးနှစ်ကောင်က ကျယ်လောင်စွာအော်ပြီးပြေးထွက်လာကြတယ်။

ဦးတာတီးကသဘက်တွေရှေ့မှာရပ်လိုက်တယ်။ သူရတို့ကတော့ ဦးသာကျော်နောက်ကနေလှမ်းကြည့်နေခဲ့တယ်။

“ဟဲ့ အမွှာသဘက်ညီနောင်သင်တို့အပြစ်ကိုသင်တို့သိရဲ့လား”

သဘက်နှစ်ကောင်က မြေပြင်ပေါ်ကိုဒူးထောက်ကာလက်အုပ်ချီပြီး ဦးတာတီးပြောတာနားထောင်နေတာကို သူရအ့သြစွာတွေ့လိုက်ရတယ်။

“သင်တို့ညီနောင်ကို လူသူမရှိတဲ့သမုဒ္ဒရာကျွန်းရဲ့အလည်မှာကြိုးတုတ်ထားရလိမ့််မယ် သင်တို့အမှန်တကယ်ကောင်းမှုကုသိုလ်ပြုလုပ်ချင်မှသာလျင် ကြိုးတွေအကုန်ပြတ်ပြီး လွတ်မြောက်လိမ့်မယ်”

ဦးတာတီးထိုသို့ပြောအပြီးမှာတော့ဘေးနားကနေရွှေရောင်တဝင်းဝင်းနဲ့ဂိုဏ်းစောင့်ပုဂ္ဂိုလ်တွေပေါ်လာပြီး သဘက်နှစ်ကောင်ကိုခေါ်ဆောင်သွားခဲ့တယ်။

ဒါကိုတော့သူရမှာမမြင်ရပေ။ ဦးတာတီးလည်းကိစ္စအလုံးရှင်းပြီလို့သူရတို့ဘက်လှည့်ပြောလိုက်တယ်။ သူရတို့လည်းထိုအခါမှသာလျင်သက်ပြင်းချနိုင်ကြပါတော့တယ်။

~~~~
ပြီးပါပြီ။

စာရေးသူ။ နောက်အပိုင်းမှာတော့
တာတီးနဲ့သာကျော်ကသူရကိုပညာတွေသင်ပေးမလားဆိုတာဖတ်ရှူရမှာပဲဖြစ်ပါတယ်။ စောင့်မျှော်အားပေးကြပါဦးဗျ။

(ဪဒါနဲ့တာတီးနဲ့သာကျော်ကို
သိကြလိမ့်မည်ထင်ပါတယ်)

ဤစာမူသည်စိတ်ကူးအတွေးပုံရိပ်မျှသာဖြစ်ပါသည်။ အမှားယွင်းတစ်စုံတရာပါရှိခဲ့ပါက ကျွန်တော်မိုးထွန်းမှတောင်းပန်အပ်ပါ၏။

တချို့နေရာများတွင် ဆရာများရဲ့စာကိုမှီခိုကာရေးသားထားပါသည်ဟုဝန်ခံပါသည်။

(ဆက်လက်ကြိုးစားပါဦးမည်။)
စာရေးသူ စာဖတ်သူများအား
အစဥ်ထာဝရ ချစ်ခင်လေးစားလျက်
မိုးထွန်း(မကွေး)
19.8.2022