အနည်းငယ်ယူစားမိလိုက်သေးတာရယ်။
ညနေပိုင်း ကိုလှထွေး မီးသွေးဖုတ်ရာကနေ ပြန်လာချိန်ကျတော့ မတင်မေ ချက်ထားတဲ့ ကြက်သားဟင်းနံ့က တစ်အိမ်လုံးကို မွှေးနေတော့တာကလား။
ကြက်ဖကြီးကိုတော့ မတင်မေက ခွေးဆွဲလို့ သေတယ်ဆိုပြီး ကိုလှထွေးကို ပြောလိုက်တာရယ်။
* * * * *
” ဘယ်လို…တင်မေ့ဆီမှာ ကိုယ်၀န်ရှိနေပြီ…ဟုတ်လား…”
ကိုလှထွေး အံ့သြစိတ်နဲ့ မယုံကြည်နိုင်သေးဘဲ ထပ်မေးမိတာ။
မတင်မေက ရှက်ပြုံးပြုံးရင်း ခေါင်းကို ညိတ်ပြတော့ ကိုလှထွေး အတော့်ကိုပဲ၀မ်းသာသွားရတယ်။
” ငါ…ဘယ်လိုပြောရမယ်မှန်းတောင် မသိတော့ဘူး။ ၀မ်းသာလိုက်တယ်ဟာ…”
ကိုလှထွေးရဲ့ စကားကြောင့် မတင်မေ ကျေနပ်ပြုံး ပြုံးနေမိတော့တာ။
လအနည်းငယ်ကြာလို့ မတင်မေရဲ့ ကိုယ်၀န်ရင့်မာလာတဲ့အချိန်ကျတော့…။
” မိန်းမ…ငါ မနေ့က တောထဲယူသွားဖို့ ၀ယ်ထားတဲ့ အမဲခြောက်တွေရော…”
” မသိဘူးလေတော်…တော် ပဲသိမ်းတာမလား…တကတည်း ကျုပ်ကို လာစွပ်စွဲနေတယ်…”
မတင်မေရဲ့ အဖြေစကားက ဘောက်ဆတ်ဆတ်။ ကိုလှထွေးတောင် အံ့သြမိရတယ်။ ယခင် သူ့မိန်းမက ယခုလို စကားပြော အထအန’မကောက်တတ်။ ယခုမူကား ဘာဖြစ်ဖြစ် ဒေါသကြီးလာတတ်ပြီး ဆတ်ဆတ်ထိမခံ ဖြစ်လာသလိုပဲ။
” အေးကွာ…ခွေးတွေဘာတွေများ ၀င်ဆွဲသလားမသိဘူး။ အိမ်ကို ဂရုတစိုက် ကြည့်ထားဦး မိန်းမရေ…”
ကိုယ်၀န်ရှိန်ကြောင့် သွေးသားပြောင်းလဲတာဖြစ်မယ်လို့ ကိုလှထွေး ဖြေသိမ့်တွေး တွေးမိတော့တာပါ။
အဲ့ဒီ့နေ့က ကိုလှထွေး အလုပ်ဆီကို ပြန်သာထွက်ခဲ့ရတယ်။ စိတ်တို့က အလိုလို လေးလံထိုင်းမှိုင်းလို့။
” ငါ ဘာဖြစ်နေတာလဲ မသိဘူး…”
ကိုယ့်ကိုကို သုံးသပ်ကြည့်ပေမယ့် အဖြေက ရှိမလာ။ တွေးတောရင်း ခြေလှမ်းတွေကပါ လေးလံလာရတယ်။
” တော်ပြီကွာ…နေရတာ တစ်မျိုးကြီးပဲ။ အိမ်ကိုပဲ ပြန်တော့မယ်။ မနက်မှပဲ အလုပ်ကိုသွားတော့မယ်…”
ကိုလှထွေးရဲ့ ခြေလှမ်းတွေက လာရာလမ်းဆီကို။ ခရီးသိပ်မလှမ်းသေးတာမို့ ခဏအတွင်းမှာပဲ အိမ်ဆီကို ပြန်ရောက်ရဲ့။
” ဟင်…”
အသံမပေးမိဘဲ အိမ်ထဲ၀င်မိတဲ့ ကိုလှထွေးဆီက အာမေဋိတ်။ သူတွေ့ရဲ့ မြင်ကွင်းက အံ့သြဖွယ်ရာ။
သူ့မိန်းမ မတင်မေရယ်လေ။ ပျောက်သွားပြီဆိုတဲ့ အမဲသားခြောက်ထုပ်ကို အရှေ့ချပြီး အစိမ်းလိုက် မြိန်ရေယှက်ရေ စားသောက်နေလို့။
ကိုလှထွေး ဘာလုပ်ရယ်မသိဘူး။ မတင်မေကို ကြောင်အမ်းအမ်းနဲ့ ငေးကြည့်နေမိတော့တာ။
” အဟမျး…ဟမျး…”
အချိန်အတော်ကြာတော့ ကိုလှထွေး ချောင်းဟန့်သံ ပေးမိတယ်။
မတင်မေတစ်ယောက် တုန်လှုပ်သွားတယ်။ ပြီးတော့ အမဲသားထုပ်ကို ကမန်းကတန်းဖွက်လိုက်ပြီး…။
” အဲ…ကို…ကိုလှထွေး…”
ကိုလှထွေးက ပြန်မဖြေဘူး။ အိမ်ပေါ်ကိုသာ တက်လာခဲ့တယ်။
” တော်…အလုပ်ကို မသွားဘူးလား…”
” အင်း…”
မတင်မေက ဟန်မပျက်မေးပေမယ့် ကိုလှထွေးကတော့ သိသိသာသာဟန်အမူအယာပျက်ယွင်းလို့။
” ကဲပါ…တော်ပင်ပန်းလာလို့ဖြစ်မှာပါ။ နားနားနေနေ နေပေါ့…”
မတင်မေက ဒီလောက်ပဲ ပြောပြီး အိမ်အောက်ကို ဆင်းသွားခဲ့တယ်။
ကိုလှထွေးမှာတော့ မယားဖြစ်သူရဲ့ ကျောပြင်ကို ကြည့်ရင်း တောင်တောင်အီအီ အဖြေမရှိတဲ့ အတွေးတွေနဲ့…။
* * * * * *
အချိန်ကာလ အနည်းငယ်ကြာချိန်မှာ မတင်မေရဲ့ ဗိုက်က သိသိသာသာပူလာခဲ့ပြီ။
” တင်မေတို့များနော်…အေးမောင်ရဲ့ နာရေးတုန်းက ထမင်းစားတာများဆိုတာ ၀က်သားတွေချည်း ကြုံးစားလို့ နာရေးရှင်ကတောင် ငြိုငြင်လာရရဲ့…”
” ဟုတ်ပါ့တော်…တကတည်း ပြော မပြောချင်ဘူး။ ကျုပ်တို့ဆို သူနဲ့ တစ်ဝိုင်းထဲထိုင်မိတာတောင် မျက်နှာတွေပူလွန်းလို့…”
မတင်မေ နဂိုကထက် အစားအသောက်ကြမ်းတမ်းလာတယ်ဆိုတာကိုလည်း လူသိများလာလေတယ်။ နို့ပေမယ့် စားသာစားတာ လူကတော့ တဖြေးဖြေးပိန်လာတာများ အရိုးပေါ်အရေတင်လေးနဲ့။
ကဲ့ရဲ့ပြောဆိုသူတို့ ပါးစပ်ပေါက်မှာ မတင်မေတစ်ယောက် ရစရာမရှိလောက်အောင်ပဲ။
” သူက ကိုယ်၀န်ကြီးနဲ့ဆိုတော့ သန္ဓေသားအတွက် အာဟာရလိုလို့ စားတာဖြစ်မှာပေါ့…”
” အေးလေ…သူ့ယောက်ျားလှထွေးကလည်း မီးသွေးသမားဆိုတော့ မီးသွေးမပေါ်သေးရင် သူစားချင်တာဘယ်လို ၀ယ်ကျွေးနိုင်ပါ့မလဲ…”
” စားတာတော့ စားတာပေါ့၊ အခုက စားသလောက် ၀မလာဘဲ ပိန်လိမ်လာတာရယ်။ သေချာတာကတော့ ဒီကောင်မကို ဖုတ်၀င်နေတာပဲ ဖြစ်မယ်…”
တဖြေးဖြေးနဲ့ တင်မေဖုတ်၀င်နေတယ်ဆိုတဲ့ ရွာထဲမှာ သတင်းကြီးလာတယ်။
ဘယ်လိုပင်ပြောကြပါစေ ကိုလှထွေးကတော့ သူ့မိန်းမကို အမဲခြောက်ကိစ္စနဲ့ သင်္ကာမကင်းဖြစ်ခဲ့မိပေမယ့် အပြစ်တော့ မမြင်သာခဲ့ဘူး။
” တင်မေ…မင်းစားတာသောက်တာနဲ့ ပက်သက်ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်လွန်းလို့ ရွာထဲမှာ ပြောဆိုကုန်ကြပြီ။ နည်းနည်းပါးပါးတော့ သတိထားပါဦး မိန်းမရယ်…”
ကိုလှထွေး နားမခံသာတော့လို့ မတင်မေကို သတိပေးတဲ့အနေနဲ့ ပြောမိတာ။ တင်မေကတော့…။
” အိုတော်…ရာရာစစ၊ ကျုပ် ပါးစပ်နဲ့ ကျုပ်စားတာတော်။ သူတို့ပါးစပ် အငှါးတပ်ပြီး စားတာမဟုတ်ဘူး။ ပြောချင်သပဆို ပြောကြစမ်းပါစေ။ ဗိုက်ကြီးသည်ပဲ စားမှာပေါ့။ ကျုပ်လိုဗိုက်ကြီးသည်စားတာ အလှူမှာစားရင် အလှူရှင်အတွက် ပိုလို့တောင် ဒါနမြောက်သေးတယ်…”
မတင်မေရဲ့ တုန့်ပြန်စကားကြောင့် ကိုလှထွေးခမျာ ဘာမှမပြောသာ။ သက်ပြင်းကို ခိုးချမိရင်း ခေါင်းကိုသာ ခါရမ်းမိတော့တာရယ်။
* * * * * *
အလယ်အင်းရွာအဖျားက လူချမ်းသာ ကိုသာစိန်တို့မိသားစု အလှူ…။
ငွေကြေးတတ်နိုင်သူတွေမို့ ၀က်သားနီချက်နဲ့ ပဲဟင်း၊ ငါးခြောက်ကြော်နဲ့ ဧည့်ခံကျွေးမွေးတော့ စည်ကားတာမှ ခြိမ့်ခြိမ့်သဲပဲ။
မတင်မေကတော့ ထုံးစံအတိုင်း အလှူကို ရောက်နေပြီး ဆံပင်ကြီးဖားလျားချလို့ ထမင်းဝိုင်းတစ်ခုဆီမှာ သူတစ်ယောက်ထဲ အသားဟင်းတွေနဲ့ ထမင်းကို မြိန်ရေယှက်ရေစားသောက်နေတယ်။
” ညီလေး ဟိုမိန်းမတွေ့လား။ သူ့ဗိုက်ထဲက ကလေးက လူမဟုတ်ဘူး။ ဘီလူးလေးကွ…”
” ဟုတ်တယ်ကွ၊ ခါဒကယက္ခပဲ။ အစားသိပ်ကျူးတယ်။ အခု သူ့အမေရဲ့စိတ်သဏ္ဍာန်ကို လွှမ်းမိုးပြီး စားသောက်နေတာ။ ဒါကြောင့် အဲ့ဒီ့မိန်းမ ပိန်နေတာပေါ့…”
အလှူမဏ္ဍာပ်ရဲ့ ထောင့်တစ်နေရာဆီမှာ ရပ်နေကြတဲ့ အမွှာညီအကိုနှစ်ယောက်ဆီက သူတို့ချင်းပြောနေကြတဲ့ စကားသံတွေ။
သူတို့ပြောနေကြတာတွေကို နံဘေးဆီက အရီးကောင်းက အမှတ်မထင်ကြားမိလေတော့…။
” ဟဲ့…သားတို့ သူတစ်ပါး ကိုယ်၀န်ကြီးနဲ့ကို မဦးမချွတ်မပြောကောင်းဘူး။ နေစမ်းပါဦး သားတို့က ဘယ်ကလဲ၊ ဘယ်သူ့သားတွေလဲ ဘွားလေးကို ပြောချေစမ်း…”
အမွှာညီအကို နှစ်ယောက်က အရီးကောင်းကို မသိပေမယ့် ယဉ်ယဉ်ကျေးကျေးနဲ့ အရိုးခံအတိုင်းပဲ…။
” ကျုပ်တို့က ဥက္ကံရွာက ဦးဘတင့်နဲ့ ဒေါ်မယ်ဆုံတို့ရဲ့ သားတွေပါ…”
” ဟင်…ဒါဆို…ဒိုးညီနောင်ဆိုတာ သားတို့ပေါ့…”
အရီးကောင်းရဲ့ အမေးကို အမွှာနှစ်ယောက်က ခေါင်းညိတ်ပြကြတယ်။ အရီးကောင်း ပါးစပ်အဟောင်းသားဖြစ်သွားရရဲ့။
ဒိုးညီနောင်ဆိုတဲ့ ဒီကလေးတွေက လူထူးဆန်းလေးတွေလို့ သူတို့နယ်တကြောမှာ နာမည်ကြီးနေတာရယ်။
” ကျုပ်တို့ လိမ်ပြောတာမဟုတ်ဘူး ဘွားလေးရ။ အဲ့ဒီ့မိန်းမကြီး ဗိုက်ထဲက ကလေးက အစားသိပ်ကျူးတဲ့ ဘီလူးဆိုတာ ကျုပ်တို့မြင်နေရတာ…”
” ဟုတ်တယ်…ဘွားလေးရဲ့။ သူ့အမေစားသမျှကို အဲ့ဒီဘီလူးက ပြန်ပြီးစားသောက်နေတာ…”
” ခါဒကယက္ခ၊ အစားသိပ်ကျူးတဲ့ဘီလူးပဲ။ သူ့အာသီသ’ကြောင့် သူ့အမေက အခုလို ရုပ်ပျက်ဆင်းပျက် အစားမက်သလိုဖြစ်နေရတာပေါ့။ တကယ်လို့ သူသာမွေးဖွားလာခဲ့ပြီဆိုရင်တော့ ဘွားလေးတို့ ရွာလုံးကျွတ်အောင် သူစားလိမ့်မယ်…”
အရီးကောင်း အံသြမိသွားရတယ်။
” ကဲပါ…အဘွားလေး မြင်သာအောင် သားတို့ပြမယ်…”
စိတ်မြန်တဲ့ ဒိုးငယ်က ပြောပြောဆိုဆိုကိုပဲ အရီးကောင်းရဲ့မျက်နှာအရှေ့ဆီမှာ လက်ကို ၀’သဏ္ဍာန်ကွင်းပြီး ဂါထာတစ်ပုဒ်ရွတ်လို့ ဝှေ့ရမ်းလိုက်တယ်။
” အလိုလေးတော်…”
အရီးကောင်း အတော့်ကို လန့်ဖျပ်သွားရတယ်။ တင်မေရဲ့ အပေါ်မှာ ကျွဲတစ်ကောင်စာလောက်ရှိမယ့် အရိပ်မည်းမည်းကြီးက အုပ်မိုးထားပြီး တင်မေစားသမျှက အဲ့ဒီ့အရိပ်မည်းကြီးရဲ့ ပါးစပ်ထဲကို ရောက်နေတာ။
” အင်း…သားတို့ ပြောသလိုသာဆိုတော့ တစ်ရွာလုံး ဒုက္ခတွေဖြစ်ကုန်တော့မှာပဲ။ ဒါကို ဘယ်လိုလုပ်ကြရပါ့မလဲ…”
အရီးကောင်းက သားသမီးလိုခင်မင်နေတဲ့ တင်မေတို့အတွက် စိုးရိမ်တကြီးအပြော။ အမွှာနှစ်ယောက်ထဲက အကြီးကောင်လေးက…။
” အခုနေတော့ ဘာမှ လုပ်လို့မရဘူး။ လုပ်ရင် အမေဖြစ်သူကို ထိခိုက်နိုင်တယ် ဘွားလေးရဲ့။ စိတ်တော့ သိပ်မပူပါနဲ့။ သူ မီးဖွားတဲ့ရက်ကျမှ သားတို့ လာခဲ့မယ်…”
” သားတို့က တင်မေ့ဗိုက်ထဲက ဘီလူးလေးကို နှိမ်နင်းနိုင်တယ်ပေါ့…ဟုတ်လား…”
” ဟုတ်တယ် ဘွားရဲ့။ သားတို့ လုပ်ပေးနိုင်တယ်…”
ဒိုးငယ်က ပြောတာ။ ဒိုးကြီးက ဒိုးငယ်ကို လက်လှမ်းတို့ပြီး…။
” ဟာ…ညီလေး။ ဖြစ်ပါ့မလား။ ဘာလို့ ကတိပေးလိုက်တာလဲ။ ငါတို့ တစ်ခါမှ ကြုံဖူးတာလည်းမဟုတ်ဘဲနဲ့။ ပြီးတော့ ဘဘုန်းတို့သိရင်လည်း ခွင့်ပြုမှာ မဟုတ်ဘူး…”
” အို…အကိုကလည်း ငါတို့က
ကောင်းတာ လုပ်မှာကို။ ဘဘုန်းနဲ့ ဘဘကပ္ပိယကြီးက ဆူမှာ စိုးရင် အသိမပေးပဲ လုပ်မှာပေါ့။ မဖြစ်စရာတော့ မရှိပါဘူးကွာ။ ငါတို့က သာမန်ညောင်းကျမှ မဟုတ်တာ။ ကျမ်းဂန်တွေကိုလည်း အတော်လေ့လာထားပြီးပြီ။ ငါတို့ရဲ့ လုပ်ရင်ဖြစ်မှာပါ…”
ဒိုးကြီး ဘာမှ မပြောတော့ဘူး။ ဒိုးငယ်ကပဲ…။
” ဘာမှစိတ်မပူပါနဲ့ ဘွားလေးရယ်။ သူမွေးတဲ့နေ့ကျရင် ကျုပ်တို့ လာခဲ့မှာပါ…”
ဒိုးငယ်က ပိုင်ပိုင်နိုင်နိုင်ပဲ ပြောချလိုက်တာ။
အရီးကောင်းကတော့ ဒိုးငယ်ရဲ့ စကားကို နားထောင်ရင်း တင်မေ့ကို တစ်ချက်လှမ်းကြည့်ပြီး ခေါင်းကိုသာ ညိတ်မိလိုက်တယ်။
အလယ်အင်းကနေ ပြန်လာခဲ့ချိန်မှာတော့ ဒိုးညီနောင်တို့ဟာ ဘီလူးကို နှိမ်နင်းဖို့ အင်းတွေ၊ မန္တာန်တွေကို ကြိုတင်စီစဉ်ကြပါတော့တယ်။
* * * * * *
တစ်လလောက်ပဲ ကြာမယ်။
တစ်နေ့မှာတော့ မတင်မေတစ်ယောက် ဗိုက်နာပြီး မီးဖွားဖို့ဖြစ်လာရော။
မနက်ကတည်းက နာလိုက်တဲ့ဗိုက်ကြောင့် မတင်မေဟာ ဒေါသတကြီးနဲ့ကို မြင်မြင်သမျှကို ပတ်ရမ်းနေတော့တာ။ ပြီးတော့ မီးဖွားကာနီးကို အမဲသားစားချင်လို့ဆိုပြီး ကိုလှထွေးဆီက အတင်း တောင်းနေသေးတာ။
သူတို့နယ်မှာ အမဲသားက ပေါ်တုန်းပေါ်ခိုက်ပဲရတာဆိုတော့ ကိုလှထွေးခမျာ ၀ယ်မကျွေးတတ်ဘူး။ ဒီတော့ မတင်မေက ဒေါသတကြီး ကလော်တုတ်တာများ ဘေးပတ်၀န်းကျင်က မကြားဝံ့မနာသာ။
” တင်မေရယ်…မီးဖွားလုဆဲဆဲ ဘာလို့ငါ့ကို ဆဲဆိုနေရတာလဲဟာ။ ငါလည်း နင်ဖြစ်ချင်တာကို လုပ်ပေးနေတာပဲလေ…”
” အိုတော်…ဆဲမှာပဲ။ မဆဲစေချင်ရင် ကျုပ်စားချင်တာ တော် ရအောင် လုပ်ပေး…”
” အမဲသားက ရမှ မရတာ တင်မေရာ ။ ငါ ကျေးတောကုန်းက အမဲဒိုင်အထိတောင် ရောက်ပြီးပြီ။ ဒီနေ့ နွား၀ယ်မရလို့ အမဲမပေါ်ဖြစ်ဘူးတဲ့ဟ…”
” မသိဘူးတော်…ကျုပ်စားချင်တာမရရင် တော့့်အသားကို စားမှာ…”
” ဟာ…”
ကိုလှထွေး အတော့်ကို ထိတ်လန့်သွားရတာ။ မတင်မေပြောပုံက မျက်ထောင့်နီနီ၊ သွားရည်တမြားမြားနဲ့ တကယ့်ကို စားသောက်မယ့် ပုံကြီးလေ။
အဲ့ဒီနေ့ ကိုလှထွေးခမျာ တစ်နေကုန်ကိုပဲ မတင်မေနဲ့ လွတ်အောင် ရှောင်တိမ်းနေရတော့တာရယ်။
ညနေစောင်းလာတော့ မတင်မေ ဗိုက်က တအားနာလာတော့တာမို့ ရွာကလက်သည်ကိုခေါ်ပြီး မွေးဖို့လုပ်ရတော့တာ။
ဒါပေမယ့်လည်း ကလေးသာဆမွးတော့မယ် မတင်မေ ပါးစပ်က ကိုလှထွေးကို သူစားချင်တာမစားရလို့ ကြိမ်းဝါးတဲ့အသံကတော့ စဲမသွားခဲ့ဘူး။
* * * * * *
” အဘွားလေးရေ…အဘွားလေး…”
ဝိုင်းထဲကို ၀င်လာရင်း ဒိုးလေးက အော်တာ။ အရီးကောင်းတစ်ယောက် ထွက်ကြည့်လာတော့ ဒိုးညီနောင်တို့ကို မြင်တော့ အံ့သြလို့ပေါ့။
” ဒိုးကြီးနဲ့ ဒိုးငယ်…သားတို့ မှောင်တောင်မှောင်နေပြီ ဘယ်ကဘယ်လို…”
တကယ်တော့ မတင်မေမွေးမယ့်ရက်ကျ ဒိုးကြီးနဲ့ ဒိုးငယ်တို့ လာခဲ့မယ်ပြောတာကို အရီးကောင်းက မေ့နေတာရယ်။
” ကျုပ်တို့လာတာ အလှူတုန်းက ကိစ္စကြောင့်လေ အဘွားလေးရဲ့။ ဒီမှာ ကျုပ်တို့ အဘလည်းပါတယ်…”
” ဟုတ်ပြီ…ဟုတ်ပြီ…ဘွားလေး မေ့တာမေ့တာ။ ကဲ…လာကြ…လာကြ…”
အရီးကောင်းက ဒိုးညီနောင်တို့အားလုံးကို အိမ်ပေါ်ခေါ်ပြီး နေရာထိုင်ခင်းပေးတယ်။
ဦးဘတင့်ခမျာတော့ အခုထိ ဘာကြောင့် အလယ်အင်းရွာဆီကို သားတွေက လိုက်ပို့ခိုင်းတယ်ဆိုတာ မသိသေးဘူး။
” အဘွားလေး…ကျုပ်တို့ ဘုရား၀တ်ပြုဦးမယ်။ ဟိုဘက်အိမ်က ကာယကံရှင်ရောက်လာရင် အကျိုးအကြောင်း အရင်ပြောပြထားပေးပါ…”
ဒိုးကြီးက ပြောတာ။ ပြီးတော့ ညီအကိုနှစ်ယောက် အရီးကောင်းအိမ်က ဘုရားကျောင်းဆောင်ဆီမှာ ဆီမီးနဲ့ ရေချမ်းတွေကပ်လှူလို့ သူတို့မှာပါလာတဲ့ အမွှေးနံ့သာတိုင်တွေ ပူဇော်ပြီး ၀တ်ပြုကြတော့တာရယ်။
အချိန်က တဖြေးဖြေးမှောင်မိုက်လာခဲ့ပြီ။
” အရီးကောင်း…အရီးကောင်း…ဪ ဧည့်သည်တွေ ရောက်နေတာပဲ…”
အိမ်ရှေ့ဆီက တကြော်ကြော်ခေါ်ရင်း ခေါင်းကုတ်ဖင်ကုတ်နဲ့ ရောက်လာတဲ့ ကိုလှထွေး။
အရီးကောင်းလည်း ပြာပြာသလဲပဲ ကိုလှထွေးကို ဆင်းခေါ်လိုက်ပြီး အကျိုးအကြောင်းပြောပြတော့တာရယ်။
အရီးကောင်းရဲ့ စကားတွေကြောင့် ကိုလှထွေးတစ်ယောက် မယုံကြည်နိုင်စရာ မျက်၀န်းတွေနဲ့…။
” အရီး…ဖြစ်နိုင်ပါ့မလားဗျာ…”
ကိုလှထွေးရဲ့ စကားတောင်မဆုံးသေးဘူး။ သူ့ အိမ်ဘက်ဆီက…။
.
” အမလေး…ကယ်ကြပါဦး။ ဘီ…ဘီလူးလေး။ တင်မေ ဘီလူးလေးမွေးလာလို့…”
အော်သံကြောင့် ကိုလှထွေး သူ့အိမ်ကို အသည်းအသန်ပြေးမိတော့တယ်။
အိမ်ထဲရောက်တော့ လက်သည်ကြီးထွန်းထားတဲ့ အောက်လင်းဓာတ်မီးအရောင်နဲ့ မီးနေခန်းအတွင်းမှာ မြင်လိုက်ရတဲ့ မြင်ကွင်းက…။
သွေးအလိမ်းလိမ်းပေကျံနေတဲ့ မွေးကင်းစကလေးငယ်ဟာ ဆန့်ဆန့်ကြီးဖြစ်နေတဲ့ တင်မေရဲ့ နံဘေးမှာ ငုတ်တုတ်ထိုင်ရင်း သူ့အချင်းကိုသူ ပြန်စားနေတာရယ်။
ဘီလူးကလေးက ကိုလှထွေးကိုမြင်တော့ သူ့ပါးစပ်ကို ဟပြီးမာန်ဖီတော့တာ။
ကြောက်မင်ဖွယ်ရာပါပဲ၊ ပါးစပ်က သာမန်ထက် အဆမတန်ကြီးနေသလို အထဲမှာ အစွယ်တွေပေါက်နေတာကလည်း အာခေါင်အထိပဲ။
ချက်ချင်းပဲ ကိုလှထွေးအိမ်ဆီကို လူတွေ စုပြုံပြီးရောက်လာကြတယ်။ လူတွေကိုမြင်တော့ ဘီလူးကလေးက မာန်ဖီပြီး ထခုန်တာ လူတစ်ရပ်ကျော်ကျော်ပဲ။
” အကိုလှထွေးနဲ့ အားကောင်းမောင်းသန် ယောက်ျားသုံးယောက်လောက်နေခဲ့ပြီး ကျန်တဲ့သူတွေ ဝေးရာဆီသွားနေပေးကြပါ…”
ဒိုးကြီးက မေတ္တာရပ်ခံစကားပြောတာ။ အတော်များများက အထိတ်တလန့်ဖြစ်ပြီး အိမ်ပြင်ထွက်ကြတယ်။ ဦးဘတင့်၊ ကိုလှထွေးနဲ့ အားကောင်းမောင်းသန်ယောက်ျား တချို့ပဲ ကျန်ရစ်တော့တယ်။
” အကို…မင်းဆီက စမ’ အချုပ်အင်းကို ထုတ်တော့…”
ဒိုးငယ်က စိတ်ထက်သူပီပီ အဆောတလျင် ပြောတာ…။
ဒိုးကြီးက ချက်ချင်းပဲ သူ့လွယ်အိတ်ထဲက သိမ်၀င်သပိတ်ကွဲဆီမှာ ရေးဆွဲထားတဲ့ နှိုးထားပြီးသား အချုပ်အင်းကို ထုတ်လိုက်ပြီး ခုန်ဆွမာန်ဖီနေတဲ့ ဘီလူးလေးကို ဦးတည်ပြီး ရစ်ချည်လိုက်တယ်။
” အီး…”
” ဒုန်း…”
ခုန်ဆွနေတဲ့ ဘီလူးလေးကို တစ်စုံတစ်ခုက ချုပ်နှောင်လိုက်သလိုဖြစ်ပြီး မချိုမဆန့်အော်ဟစ်ရင်း ကြမ်းပြင်ဆီကို ပြုတ်ကျလာတာ။
” သူ့ကို ချုပ်ထားတုန်း အမေဖြစ်သူကို အမြန်ဆွဲထုတ်ကြချေ…”
ကိုလှထွေးအပါအ၀င် အားကောင်းမောင်းသန်ယောက်ျားတို့ သတိလစ်နေတဲ့ မတင်မေကို အမြန်ဆွဲထုတ်ကြတယ်။ မတင်မေအပြင်ကိုရောက်တာနဲ့ ဒိုးညီနောင်က အခန်းကို စည်းချလိုက်ပြီး…။
” အားလုံးပဲ အရီးကောင်းတို့ ခြံဘက်ကို သွားနေပေးကြပါ…”
လူအားလုံး ကိုလှထွေး ခြံထဲကနေ ထွက်သွားကုန်ကြပြီ။
” ကဲ…အကို၊ မင်း သူ့ကို ချုပ်မြဲအတိုင်း ချုပ်ပေးထား။ ငါ သူ့ကို နှင်ထုတ်ဖို့ အင်းရိုက်လိုက်တာနဲ့ မင်းက အချုပ်အင်းကို ဖြည်လိုက်တော့…”
ဒိုးငယ်ကပြောပြီးတာနဲ့ သူ့ရဲ့ ဘယ်ဘက်လက်ဖဝါးမှာ တစ်ခုသေဒေဝါအင်းကို ရေးဆွဲအင်းအသက်သွင်းပြီး အချုပ်ခံထားရတဲ့ ခါဒကယက္ခ( ဝါ ) ကလေးငယ်ရဲ့ နဖူးဆီကို လှမ်းရိုက်လိုက်တော့တာ။ ဒိုးငယ်ရိုက်တာနဲ့ ဒိုးကြီးက အချုပ်အင်းကို ဖြေလိုက်တာနဲ့က တစ်ချိန်ထဲပဲ။
” ဝုန်း…”
ကျယ်လောင်တဲ့အသံနဲ့အတူ တစ်အိမ်လုံး သိမ့်သိမ့်တုန်သွားခဲ့တာ။ ကလေးငယ်ဟာ ပျော့ခွေကျသွားပြီး အရိပ်မည်းကြီးတစ်ခုက အခန်းထဲမှာ ပေါ်လာတယ်။
အဲ့ဒီ့အခါမှာတော့ ဒိုးငယ်ကော ဒိုးကြီးပါ ဂေါတမယက္ခမန္တာန်ကို အာဏာစက်ပြင်းပြင်းနဲ့ ရွတ်တော့တာရယ်။ မန္တာန်ကို စရွတ်လိုက်တာနဲ့ပဲ ဒိုးညီနောင်တို့ရဲ့ အနောက်မှာ သံလျက်ကိုင် ရွှေရောင်ယက္ခကြီးက ပေါ်လာခဲ့တယ်။
” အား…အရှင် သံလျက်နဲ့ မခုတ်ပါနဲ့…ကျွန်ုပ် ကြောက်…ကြောက်ပါပြီ…”
မည်းမည်းအရိပ်ကြီးက ရွှေရောင်ယက္ခကြီးကိုမြင်တော့ ဒူးတွေညွတ်ခွေကျသွားပြီး ထိတ်လန့်တကြားအော်တော့တာ။
” ခါဒကယက္ခ…သင်နဲ့ လူ့ဘုံက ဘာမှမသက်ဆိုင်ဘူး။ သင့်ဋ္ဌာနေကို ကောင်းကောင်းမွန်မွန်နဲ့ သင်ပြန်နေပါ…”
” နေ…နေပါမယ်…”
ဒိုးငယ်နဲ့ ခါဒကယက္ခတို့ ပြောနေကြတဲ့စကား။ ဒိုးကြီးက…။
” ကောင်းပြီလေ…သင့်ကတိကို သင်တည်မယ်လို့ ယုံကြည်မိတာမို့ ကျုပ်တို့ညီနောင် သင့်ကို လွှတ်ပေးလိုက်မယ်…”
ဒိုးညီနောင်က ဂေါတမယက္ခမန္တာန်တော်ကို ပြန်ဖြည်လိုက်တယ်။ အဲ့ဒီ့ခဏမှာပဲ အရိပ်မည်းကြီးက အခန်းထရံကို ဖောက်ထွက်လို့ ထွက်ပြေးသွားခဲ့တော့တာရယ်…။
ဒီ့နောက်ပိုင်းမှာတော့ ဒိုးညီနောင်ဟာ အခြားပယောဂတွေ ၀င်လာကြမှာစိုးတဲ့အတွက် ကလေးငယ်အလောင်းကို လေးပိုင်းပိုင်းပြီး အချုပ်အနှောင်အစီအမံနဲ့ နေရာခွဲပြီး မြှုပ်နှံစေခဲ့တယ်။
သတိလစ်နေတဲ့ မတင်မေကိုလည်း အင်းစက္ကူတစ်ရွက်ကို ပြာချရေဖျော်ပြီး တိုက်ကျွေးစေခဲ့တယ်။ အဲ့ဒါကို သောက်ပြီးချိန်မှာတော့ မတင်မေရဲ့ ကိုယ်တွင်းက နံစော်ပြီး မည်းပုတ်နေတဲ့ အညစ်အကြေးအရည်တွေ ကျလာတော့တာ။
ဒီပြဿနာကို ဖြေရှင်းပြီး ကျောင်းကို ပြန်ရောက်ချိန်မှာတော့ ဒိုးညီနောင်တို့ဟာ ဘဘုန်းနဲ့ ကပ္ပိယကြီးတို့ဆီမှာ ခွင့်မတောင်းဘဲ လုပ်ဆောင်ခဲ့မှုအတွက် အပြစ်ပေးခံကြရတော့တယ်။
ညီနောင်နှစ်ယောက် အပြစ်ခံနေသခိုက်မှာပဲ ကျောင်းဆီကို မုတ်ဆိတ်ဖြူဖြူနဲ့ လူကြီးတစ်ယောက်ရောက်လာခဲ့တယ်။
ဒီမုတ်ဆိတ်ဖြူကြီးနဲ့ ပက်သက်တဲ့ အကြောင်းအရာကိုတော့ ဒိုးညီနောင်နဲ့ “ပါရမီဖြည့်ခရီးကြမ်း” စာမူတွင် ဆက်လက်ဖတ်ရှုကြပါကုန်…။
ပြီးပါပြီ။
နောင်ရိုး( ဆေးတပ်)အားလေးစားလျက်
Leave a Reply