အငြိုးကြီးသူ

ကျောင်း၌ စာသွားသင်နေခြင်းဖြစ်၏။

ဒေါ်ပြုံးရီကလည်းသူ၏အခက်အခဲကိုဘွားမယ်စိန်အား
အကြောင်းစုံပြောပြတော့သည်။

***********************************

ဒေါ်ပြုံးရီ၏ခင်ပွန်းဆုံးပါးသွားသည့်နောက်ပိုင်း
သားကြီးဖြစ်သော ကိုဘတင့်က စီးပွားရေးကို
ဦးစီးလုပ်ကိုင်ပေးရှာသည်။
သမီးလတ်ဖြစ်သူမ တိုးတိုးဝေနှင့် သမီးငယ်ဖြစ်သူ
စိုးစိုးဝေတို့ကတော့အသက်အားဖြင့်
သုံးနှစ်မျှကွာခြားကြသည်။

“အမေ…”

“ဟေ သား…ပြောလေ”

မိသားစုထမင်းဝိုင်း၌ကိုဘတင့်ကမိခင်ဖြစ်သူကို
ခေါ်လိုက်ခြင်းပင်။
ကိုဘတင့်ကအငယ်မစိုးစိုးဝေကို စိုက်ကြည့်ပြီး…

“အမေ့သမီးကိုကြည့်ပြောထားဦး…
ဒင်းကိုကျုပ်စက်ကိုမလာခိုင်းနဲ့…ကျုပ်မကြိုက်ဘူး…”

“ဟဲ့…ဘာများဖြစ်လို့လည်းသားရယ်…
သားညီမဘာတွေများအမှားလုပ်မိလို့တုန်းကွဲ့”

“အမှားလုပ်တာမဟုတ်ပါဘူးအမေရာ…
မိန်းကလေးဖြစ်ပြီး သိက္ခာမရှိဘူး
ယောကျာ်းတွေစကားဝိုင်းဆိုဝင်ဝင်​​ပြောနေတာလေ…
ဒင်းကိုကျုပ်ကြည့်မရဘူးနော်…
အမေပြောရင်ပြောထားမဟုတ်ရင်ကျုပ်အပြစ်မဆိုလေနဲ့”

ကိုဘတင့်စကားကိုဒေါ်ပြုံးရီ ခေါင်းလေးညိတ်လိုက်ပြီး…

“ဟုတ်ပါပြီသားရယ်…
သားညီမကိုအမေပြောပါ့မယ်ကွယ်”

ဟုပြောလိုက်သောအခါစိုးစိုးဝေက ဆူဆူအောင့်အောင့်မျက်နှာထားဖြင့် ထမင်းဝိုင်းမှထထွက်သွားတော့သည်။

“ဟောကြည့်…အမေတွေ့တယ်နော်…
ဒင်းကလေ…အကြီးမနဲ့များတခြားဆီပါဗျာ…
ကျုပ်စိတ်နဲ့တော့ဒင်းတွေ့တော့မယ်…
တော်ပြီဗျာ…ကျုပ်စက်ကိုပဲသွားတော့မယ်”

“သားကြီးရယ် စားစရာကိုကုန်အောင်စားသွားပါဦး…”

“စားချင်စိတ်မရှိတော့ပါဘူးဗျာ”

ကိုဘတင့်ကလည်းထမင်းဝိုင်းမှထွက်သွားတော့သည်။

ထမင်းဝိုင်း၌ကျန်ရစ်သည်က တိုးတိုးဝေနဲ့ဒေါ်ပြုံးရီသာ…။
သားနဲ့သမီးဖြစ်သူကိုကြည့်ပြီး ဒေါ်ပြုံးရီသက်ပြင်းချ၏။
ပြီးနောက်…

“သမီးတို့အဖေသာရှိရင်အခုလိုတွေဖြစ်မှာမဟုတ်ဘူး…
အမေဒီမိသားစုအပေါ်မှာဘာမှမပြောနိုင်​ဘူးသမီးရယ်…
အမေကတော်တော်ကိုမသုံးမကျတဲ့သူပါကွယ်…”

ဟုပြောရင်းမျက်ရည်များကျလေတော့
တိုးတိုးဝေကပြာ​ပြာသလဲနေရာမှထ၍…

“အဲ့သည်လိုလည်းမဟုတ်ပါဘူးအမေရယ်…
ညီမလေးကလည်းငယ်သေးတယ်မဟုတ်လား…
အစ်ကိုကြီးကလည်းသူ့ကိုယောက်ဖလို့ခေါ်ခံရလို့
ဒေါသထွက်နေတာထင်ပါရဲ့…မငိုပါနဲ့နော်…
အမေငိုရင်သားသမီးတွေဘယ်အဆင်ပြေပါ့မလည်း…
မငိုပါနဲ့တော့အမေရယ်…”

ဟု…တိုးတိုးဝေကနှစ်သိမ့်ပေးရှာသည်။
ထိုအခါမှ ဒေါ်ပြုံးရီက မျက်ရည်များကိုသုတ်လိုက်ရ၏။

တစ်ရက်၌ တိုးတိုးဝေ၏သူငယ်ချင်း ကိုလွင်မောင်
အိမ်သို့ရောက်လာခဲ့သည်။

“ဟော…လွင်မောင်…မင်းရောက်နေတာလားကွ”

တိုးတိုးဝေနှင့်စကားပြောနေသော လွင်မောင့်အား
ကိုဘတင့်ကမေးလိုက်သည်။
လွင်မောင်က ချက်ချင်းထိုင်နေသာခုံမှထ၍…

“ဟုတ်ကဲ့ခဗျ…ကျွန်တော်အစောလေးကမှရောက်တာပါ”

“ထိုင်စမ်းပါကွာ…ကဲ…ကဲ…စကား​ပြောကြဦးဟေ့…
အစ်ကို ယူစရာရှိလို့အိမ်ပြန်လာတာ”

ဟုဆိုကာ ကိုဘတင့်က ဧည့်ခန်းထဲမှထွက်သွားတော့သည်။
တိုးတိုးဝေနဲ့လွင်မောင်ကတော့တစ်ယောက်နှင့်
တစ်ယောက်ကြည့်ရင်းပြုံးနေမိကြ၏။
လွင်မောင်နှင့်တိုးတိုးဝေတို့ခင်တာလည်း
အတော်ကြာလေပြီ။
မိသားစုချင်းကလည်းရင်းနှီးကြ၍
သားသမီးချင်းကလည်းခင်မင်နေကြခြင်းပင်။
လွင်မောင့် မိဘများက တိုးတိုးဝေတို့ထက်ပို၍
ချမ်းသာကြသည်။
လွင်မောင်ကတိုးတိုးဝေကို
ချစ်ခွင့်ပန်ထားသည်မှာလည်းတစ်နှစ်မျှရှိချေပြီ။
တိုးတိုးဝေဘက်က အဖြေပြန်မလာသေးသောကြောင့်
လွင်မောင် မကြာခဏလာရောက်အဖြေတောင်းနေရ၏။

“ဝေရယ်…နင်ကလည်း အဖြေလေးတော့ပေးဦးမှပေါ့”

“သြော် လွင်မောင်ရယ်…
တစ်သက်ပေါင်းဖို့ကိုတစ်နှစ်လေးများမစောင့်နိုင်ဘူးလား”

“ဟောဗျာ…နောက်တစ်နှစ်ထပ်စောင့်ရဦးမှာလား…
ကျုပ်အသည်းကိုအမဲဖြတ်သလိုများဖြတ်တော့မလို့လား
မတိုးတိုးဝေရယ်…”

“အမယ်…အပိုတွေသိပ်ပြောတာပဲ…
နေပါဦးလွင်မောင်ရယ်…ဝေ စဥ်းစားပါရစေဦး”

“ခက်ပါပေ့ ဝေရယ်…”

လွင်မောင် အလိုမကျသလိုမျက်နှာထားဖြင့်ပြောလိုက်သည်။
တိုးတိုးဝေကတော့ပြုံး၍သာနေ၏။
ထိုစဥြ…

“ကိုလွင်မောင်…ဟောသည်မှာ
အိုဗာတင်းလေးသောက်ပါဦး”

“ဟောဗျာ…အိုဗာတင်း စျေးကကြီးပါဘိနဲ့
စိုးစိုးရယ်”

“မကြီးပါဘူးကိုလွင်မောင်ရယ်…
တစ်နေ့ကအစ်ကိုကြီးဆီလာလည်တဲ့
မျက်နှာဖြူကလက်ဆောင်ပေးသွားတာပါ…
ဒီလောက်တော့စိုးစိုးတို့ဧည့်ခံနိုင်ပါသေးတယ်”

စိုးစိုးဝေကပြုံး၍ပြောလိုက်သည်။
လွင်မောင်ကလည်းခေါင်းလေးညိတ်၍…

“ကျေးဇူးတင်ပါတယ်စိုးစိုးရယ်…
ဒါပေမယ့်အစ်ကိုမကြိုက်လို့မသောက်တော့ပါဘူး…
ဝေဝေ….ငါပြောတာကိုစဥ်းစားထားပေးဦးနော်…
အခုတော့အဖေခိုင်းထားတဲ့ကိစ္စလေးရှိလို့ပြန်လိုက်ဦးမယ်”

“အင်းပါ…”

“စိုးစိုး ခြံရှေ့ထိလိုက်ပို့မယ်လေ…”

“ရပါတယ်စိုးစိုး…အစ်ကိုသွားပြီ”

စိုးစိုးဝေက အိမ်ထဲမှာလွင်မောင်ကိုလှမ်းကြည့်နေခဲ့သည်။
စိုးစိုးဝေကိုကြည့်ရင်း တိုးတိုးဝေ သက်ပြင်းသာချမိတော့၏။

တစ်ရက်၌…

“ကဲ…အမေတို့မိသားစုလေးဆုံတုန်း
အမေပြောစရာလေးပြောပါဦးမယ်ကွယ်…”

“ဘာများပြောမလို့လဲအမေ”

“တခြားမဟုတ်ပါဘူးသားကြီးရယ်…
မောင်လွင်မောင်ရဲ့မိဘများက သမီးကြီးကိုသူ့သားနဲ့
လက်ထပ်ပေးချင်တယ်လို့စကားဆိုနေကြတယ်…
ဒါလည်းငါ့သားကြီးသိပြီးလောက်ပါပြီလေ…”

“သားသိပါတယ်အမေ…
လွင်မောင်က ဝေဝေကိုသဘောကျနေတာကော
ဟိုကမတုန်မလှုပ်နဲ့ကျောက်ရုပ်ကြီးဖြစ်နေတာကော
အကုန်လုံးကိုသားသိတာပေါ့…”

ဟု…ကိုဘတင့်ကရယ်ကျဲကျဲပြောလိုက်တော့
တိုးတိုးဝေကရှက်ရှက်နဲ့ခေါင်းကိုငုံ့ထားသည်။
စိုးစိုးဝေကတော့ အစ်မဖြစ်သူကို ဒေါသတကြီးစိုက်ကြည့်၏။
ပြီးနောက်နေရာမှဆတ်ခနဲ ထ၍ထွက်သွားလေသည်။

“ဟဲ့…စိုးစိုး…ဘယ်ကိုသွားတာလဲ
ဒီမှာလူကြီးတွေစကားပြောနေတာကို
အသာထိုင်နားထောင်လေ”

“အမေတို့ဘာသာပြောချင်တာသာပြောကြတော့
ကျုပ်ကတော့တစ်ခုမှနားမထောင်ချင်ဘူး”

“စိုးစိုးဝေ…နင်ရိုင်းလှချည်လား…”

“နေပါစေသားရယ်…ဒီကောင်မလေး
ဘာကိုစိတ်ကောက်နေတယ်မသိဘူး…
ထားလိုက်ပါသားရယ်…”

ဟု…​ဒေါ်ပြုံးရီကတားလိုက်သည်။
ပြီးနောက်လည်း…

“အဲ့တာငါ့သားကြီးနဲ့သမီးဝေဝေတို့က
ဘယ်လိုသဘောရကြလဲ…”

“မေးနေရသေးလားအမေရယ်
ကျုပ်ကတော့ သဘောတူပြီးသားပါဗျ…
​ဒါပေမယ့်… ဝေဝေ…နင်ကောဘယ်လိုဆုံးဖြတ်ထားလဲ…”

ဟု တိုးတိုးဝေကိုမေးတော့…

“အစ်ကိုကြီးတို့သဘောပါပဲ…
အစ်ကိုကြီးတို့က ကောင်းစေချင်လို့သဘောတူတာကို
ဝေဝေမငြင်းပါဘူး…”

ဟုပြောသောအခါ…

“အမယ်လေးဗျာ…မူယာကလည်းများပါ့…
သူလည်းလက်ခံချင်နေတာကို
ဒီအစ်ကိုမသိဘူးထင်နေသလား….ဟင်…”

“ကဲပါသားရယ်…သားညီမကိုစမနေပါနဲ့…
သမီးကြီးနဲ့မောင်လွင်မောင်တို့ရဲ့ကိစ္စက
အတည်ဖြစ်ပြီဆိုတော့သားကြီးကိစ္စကရောဘယ်လိုများလဲ…”

“သားကဘာကိစ္စရှိလို့တုန်းအမေရဲ့”

“ဟောတော်…အကြီးဆုံးကမင်္ဂလာမဆောင်သေးဘဲ
အငယ်တွေကမင်္ဂလာဆောင်တာဘယ်ကောင်းမလဲသားရဲ့”

“ဟာဗျာ…အမေကလည်း ကျုပ်က
ဒီတစ်သက်မယူဖြစ်ပါဘူးဗျာ…ကျုပ်ညီမတွေအတွက်သာ
အမေသေချာစီစဥ်ပေးစမ်းပါဗျ”

ဟု…ကိုဘတင့်ကပြောတော့
ဒေါ်ပြုံးရီနှင့်တိုးတိုးဝေတို့ကကိုဘတင့်ကိုကြည့်၍
ရယ်မောနေကြတော့၏။
ထိုသို့ဖြင့် တိုးတိုးဝေနှင့်လွင်မောင်တို့ကို
နှစ်ဖက်မိဘကသဘောတူ၍မင်္ဂလာဆောင်ဖို့ရန်တိုင်ပင်ဆွေးနွေးကြလေသည်။
မင်္ဂလာဆောင်ဖို့ရန်တစ်လအလို၌…

“ဝေါ့….အေ့….”

“ဟဲ့….သမီး…နေများမကောင်းတာလား…”

တဝေါ့ဝါ့ဖြင့်အန်ချင်သလိုပျို့နေသော
တိုးတိုးဝေကိုဒေါ်ပြုံးရီမေးလိုက်သည်။
တိုးတိုးဝေက….

“မသိပါဘူးအမေရယ်…လည်ပင်းမှာ
တစ်စို့ကြီးဖြစ်နေလို့အန်ချင်နေမိတာ…”

“အစာများမကြေတာလား…
ဆေးလေးဘာလေးကောသောက်ထားလားသမီး”

“ဟင့်အင်း…”

တိုးတိုးဝေကခေါင်းခါငြင်းလိုက်သည်။

“ခက်ပါ့ကွယ်…လာ…လာ…အမေဆေးတိုက်မယ်…
တစ်နေ့ကဆေးဆရာကြီးဆီကဝယ်ထားတာ
အစာမကြေတာဖြစ်ရင်သောက်လို့ရတယ်သမီးရဲ့”

ဟုပြော၍ဒေါ်ပြုံးရီက တိုးတိုးဝေကိုဆေးတိုက်သည်။
သို့သော်လည်းတိုးတိုးဝေမှာ မကြာခဏပျို့အန်ချင်နေ၏။
ဒါတင်မကသေး ခေါင်းများပါမကြည်မလင်ဖြစ်လာ၍
အိပ်ရာထဲ၌လှဲ၍သာနေရတော့သည်။
ကိုဘတင့်ကဆေးဆရာပြေးပင့်ပါသော်လည်း
ဆေးဆရာပေးသောဆေးနှင့်တိုးတိုးဝေ
တစ်ယောက်မသက်သာပေ။
တစ်ပတ်မျှကြာသည်အထိ
ဆေးဆရာကလေးငါးဦးမျှစုံသွားသည်။
တိုးတိုးဝေကတော့အိပ်ရာပေါ်၌
လူမမာတစ်ယောက်ကဲ့သို့ခွေခွေလေးလှဲနေရှာ၏။

“အမေ…”

“ဟေ…သမီး….ဘာများတောင်းချင်လို့လဲ
အမေ့ကိုပြောလေ”

တိုးတိုးဝေအနီး၌ ဒေါ်ပြုံးရီက
စိတ်မချစွာစောင့်ကြည့်နေသည်။
ထိုအချိန်တိုးတိုးဝေက ခေါ်လိုက်၍ဒေါ်ပြုံးရီ
တိုးတိုးဝေကိုမေးလိုက်လေသည်။
နံဘေး၌လည်းအိမ်အကူဖြစ်သော
ညိုညိုကလည်းရှိနေခဲ့သည်။
တိုးတိုးဝေက လေသံခပ်တိုးတိုးဖြင့်…

“ညက အိမ်မက်ထဲမှာလေ ကျုပ်ခေါင်းကို
မိန်းမကြီးတစ်​ယောက်ကအပ်တွေနဲ့စိုက်နေတာအမေရဲ့…
သူအပ်စိုက်လိုက်တိုင်းကျုပ်မှာခေါင်းတွေ
ကိုက်လိုက်တာအမေရယ်…
နောက်ပြီးသူ့ပုံစံကြီးကလည်း
အရမ်းကြောက်ဖို့ကောင်းတယ်”

“ဟင်…ဘုရား…ဘုရား…ဘုရား…
သမီးအိမ်မက်ကလည်းကြောက်စရာပါလား…”

တိုးတိုးဝေပြောသည်များကိုဒေါ်ပြုံးရီ
သေချာနားထောင်အပြီးမျက်လုံးပြူးသွားသည်။

“မမကြီးကိုမနာလိုလို့အောက်လမ်းနဲ့များ
တိုက်ထားသလားမသိဘူးနော်..ဒေါ်ဒေါ်…”

“ဟယ်…ညိုညိုရယ်အဲ့သည်လိုတွေက
တကယ်ရှိလို့လား”

“ဟင်…ဒေါ်ဒေါ်တို့ကဒါမျိုးတွေ
မတွေ့မမြင်ဖူးတော့မသိတာနေမှာပါ…
ဒီလိုမျိုးတွေက တကယ်ရှိတယ်ဒေါ်ဒေါ်ရဲ့…”

ညိုညိုစကားကြောင့် တိုးတိုးဝေနှင့်ဒေါ်ပြုံးရီတို့
သားအမိအတွေးများသွားကြသည်။

“အဲ့သည်လိုရှိတယ်ထား…
ဆရာကောင်းသမားကောင်းကကော
ရှာလို့လွယ်ပါ့မလားညိုညိုရယ်…”

“မမကြီးယုံမလားတော့မသိဘူး…
ကျုပ်ကိုမွေးတဲ့ သောင်ထွန်းရွာမှာ ဘွားမယ်စိန်ဆိုတဲ့
အမေကြီးတစ်​ယောက်ရှိတယ်…
အမေကြီးကိုကျုပ်တို့ရွာတင်မကဘူးနော်
ဘေးနားရပ်နီးရပ်ဝေးကရွာတွေအထိ
အတော်အားကိုးကြတာ…အားကိုးဆိုတော်
ကျုပ်တို့အမေကြီးကသိပ်စွမ်းတာ…
စုန်းတွေ…ကဝေတွေဆို ကျုပ်တို့ရှေ့တင်
သေပွဲဝင်ရတာတွေကအစရှိတယ်မမကြီးရဲ့…”

ညိုညိုပြောသည့်ဘွားမယ်စိန်ဆိုသည့်
အကြောင်းကိုနားထောင်ပြီးဒေါ်ပြုံးရီမှ…

“ညိုညိုပြောတာကိုတောင်စိတ်ဝင်စားသွားပြီကွယ်…”

ဟုပြောတော့တိုးတိုးဝေကခေါင်းညိတ်သည်။

“ဒါဆိုရင်လည်းခဏနေပါဦးဒေါ်ဒေါ်…
ကျုပ်မှာမိဘတွေပေးလိုက်တဲ့ရေမန်းပုလင်းလေးရှိတယ်…
အဲ့သည်ရေမန်းကလည်း
အမေကြီးကိုယ်တိုင်လုပ်ပေးတဲ့ရေမန်းဒေါ်ဒေါ်ရဲ့…
အခုမမကြီးကိုအဲ့သည်ရေမန်းအရင်တိုက်ကြည့်ရမယ်…
ဒါမှကျုပ်ပြောတာမှန်လားမမှန်လားသိမှာ…”

“အေး…အေး…ကောင်းတယ်ညိုညို…
သွား…ညည်းရေမန်းပုလင်းသွားယူချည်…”

“ဟုတ်ကဲ့ဒေါ်ဒေါ်…”

ညိုညိုအခန်းထဲမှထွက်သွားသည်။
ခဏမျှကြာတော့ ရေမန်းပုလင်းလေးကိုင်၍
အခန်းထဲသို့ဝင်လာခဲ့၏။

“ဒေါ်ဒေါ်…ဒီမှာ…”

ရေမန်းပုလင်းလေးကို ဒေါ်ပြုံးရီဆီကို
ညိုညိုကပေးလိုက်သည်။
ဒေါ်ပြုံးရီက ညိုညိုရေမန်းပုလင်းကိုယူလိုက်ပြီး…

“သမီးကြီး…ထ…အမေထူမယ်…
ရေမန်းလေးသောက်ကြည့်ရအောင်နော်…”

“ဟုတ်…”

တိုးတိုးဝေကိုထူပေးပြီးနောက် ရေမန်းများကို
တိုက်လိုက်သည်။
ရေမန်းတိုက်ပြီးနောက်အိပ်ရာထက်သို့
တိုးတိုးဝေပြန်လှဲလိုက်၏။
ဒေါ်ပြုံးရီနဲ့ညိုညိုတို့က ကုတင်နံဘေး၌ထိုင်ကာ
အခြေအနေကိုစောင့်ကြည့်နေကြသည်။
ခဏကြာတော့…

“အွတ်….ဝေါ့….”

ဟုသောအသံများနှင့်အတူ တိုးတိုးဝေက
အော့အန်တော့သည်။

“သမီး…အဆင်ပြေလားဟင်….
ရေ…ရေသောက်မလား”

ဒေါ်ပြုံးရီကတိုးတိုးဝေ၏ကျောကိုဖိနိပ့်ပေးရင်းမေးသည်။
တိုးတိုးဝေကတော့အန်သည့်ခွက်ထဲသို့
အဆက်မပြတ်အန်ချနေသည်။
အန်လို့ပြီးသွားတော့မှ…

“အမေ…လာကြည့်ပါဦး”

ဟုပြော၍သူအန်ထားသည့်ခွက်ကိုပြသည်။

“ဟင်…အဖြူအမြုပ်တွေပါလား…
ဒါတွေကသမီးအန်ထားတာတွေလား”

“ဟုတ်တယ်အမေ…သမီးအန်သမျှက
ဒီလိုကြီးတွေဖြစ်နေတာပြီးတော့
လည်ပင်းထဲမှာတစ်စို့နေတာကြီးကလည်း
အခုအန်လိုက်တော့
သက်သာသွားသလိုပဲ အမေ…”

“ငါ့သမီးအသံကအစ မာလာပါလား…
သက်သာသွားတာလားသမီး…”

“ဟုတ်တယ်အမေ…သမီးခေါင်းမကြည်တာတွေလည်း
မရှိတော့ဘူး…အတော်လေးနေလို့ကောင်းလာတယ်”

“ဟင်…ဒါဆိုရင်ဒီရေမန်းကအတော်လေး
စွမ်းတာပါလား…”

ဒေါ်ပြုံးရီကသမီးဖြစ်သူကိုကြည့်ရင်းအံ့သြနေသည်။
ညိုညိုကတော့ဝမ်းသားနေရှာသည်။

“ညိုညိုကိုကျေးဇူးတင်ရမှာပဲအမေရယ်…
သူ့ကြောင့်သာသမီးသက်သာလာတာ…”

“ဟုတ်ပါရဲ့…မေ့နေလိုက်တာ…
ကျေးဇူးတင်ပါတယ်ညိုညိုရယ်”

“ရပါတယ်ဒေါ်ဒေါ်ရယ်…ညိုညိုကို
ကျေးဇူးမတင်ဖို့မလိုပါဘူး…”

ညိုညိုစကားကြောင့်ဒေါ်ပြုံးရီနှင့် တိုးတိုးဝေတို့
တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီးပြုံးနေကြသည်။

တိုးတိုးဝေသက်သာလာ​တာကိုသိတော့ ကိုဘတင့်မှာ
ညီမဖြစ်သူအတွက်အတော်ပျော်နေခဲ့သည်။

“တော်သေးတာပေါ့ညီမလေးရယ်…
အစ်ကိုကြီးမှာညီမလေးကိုကုသပေးနိုင်တဲ့
ဆေးဆရာကောင်းဘယ်အရပ်မှာရှိသေးသလဲလို့
မိတ်ဆွေတွေကိုအပူကပ်ရတာအမောပဲ…
အခုလိုသက်သာသွားတော့လည်းအတော်လေး
ဝမ်းသာမိပါတယ်…”

ဟု…ပြောရှာသည်။
စိုးစိုးဝေကတော့နံဘေး၌မတ်တပ်ရပ်လျှက် ကိုဘတင့်တို့
ပြောတာကိုနားထောင်နေခဲ့သည်။

နောက်တစ်ရက်နံနက်ခင်းရောက်တော့…

“အမေ…”

“ဟေ…သမီး…ပြောလေ…”

နံနက်စာပြင်ဆင်နေသောဒေါ်ပြုံးရီနှင့်ညိုညိုတို့အနီးကို
တိုးတိုးဝေရောက်လာသည်။
မျက်နှာကမရွှင်မလန််းဖြစ်နေ၏။

“ညကလေ…”

“ညကဘာဖြစ်လို့လဲသမီး”

တိုးတိုးဝေ၏မျက်နှာကိုကြည့်ရင်းဒေါ်ပြုံးရီ
စိုးရိမ်လာသည်။

“ညကအိမ်မက်ထဲမှာတစ်နေ့ကမိန်းမကြီးပဲ…
သမီးဗိုက်တွေကိုလှိမ့်လှိမ့်ကန်နေတာအမေ…
အခုမနက်နိုးလာတော့ဗိုက်တွေအရမ်းအောင့်တယ်အမေ…
ကျုပ်နေရတာအတော်လေးခံရခက်နေတယ်…”

“ဟင်…ဗိုက်တွေအောင့်နေတယ်ဟုတ်လားသမီး…
ခက်ရချည်ရဲ့….အမေဘာလုပ်ပေးရမလဲဟင်…”

“မမကြီးကိုခုံမှာအရင်ထိုင်ခိုင်းပါဦး…
ညိုညိုရေမန်းပုလင်းသွားယူဦးမယ်”

ဟုဆိုကာညိုညိုကမီးဖိုခန်းထဲမှထွက်သွားတော့သည်။
ခဏကြာတော့ရေမန်းပုလင်းလေးယူပြီး
ညိုညိုပြန်ရောက်လာ၏။
တိုးတိုးဝေကတော့အတော်လေးနာကျဥ်နေဟန်ရသည်။
နဖူး၌ချွေးစေးများပင်ထွက်လို့နေရှာသည်။

“မမကြီး…ရေမန်းလေးသောက်လိုက်ပါဦး…”

ဟုဆိုကာညိုညိုက တိုးတိုးဝေကိုရေမန်းတိုက်သည်။
ရေမန်းသောက်ပြီးနောက်တိုးတိုးဝေငြိမ်သွားသည်။
ဒေါ်ပြုံးရီနှင့်ညိုညိုတို့ကတော့တိုးတိုးဝေ၏
အခြေအ​နေကိုကြည့်ကြည့်နေကြရသည်။

“အမေ…..”

“ပြောလေသမီး…သက်သာရဲ့လားဟင်…”

“ညိုညိုပေးတဲ့ရေမန်းကတကယ်စွမ်းတာပဲအမေ….
သမီးဗိုက်တွေမအောင့်တော့ဘူး…
သက်သာသွားပြီအမေ”

သမီးဖြစ်သူသက်သာသွားသည်ဆိုတော့
ဒေါ်ပြုံးရီဝမ်းသာသွားသည်။
သို့သော်အတွေးများဝင်လာပြီးလေမှ…

“သမီးကြီး…”

“ရှင်အမေ”

“အမေတို့လေ ညိုညိုရဲ့ရွာကို
လိုက်သွားကြရင်မကောင်းဘူးလား”

“ဘာလို့လဲအမေ”

“အမေတွေးနေတာ…သမီးကြီးလည်းမင်္ဂလာဆောင်ရက်ကနောက်လဆိုရင်ရောက်တော့မယ်…
ဒီတော့အခုသမီးကြီးမှာဖြစ်နေတဲ့အရာတွေကို
ညိုညိုပြောတဲ့အမေကြီးနဲ့ကုပေးချင်တယ်…
သမီးသဘောကရောဘယ်လိုရှိသလဲ”

“အမေပြောတာမဆိုးဘူးနော်…
သမီးလည်းအဲ့သည်လိုပဲကုလိုက်ချင်တယ်”

ဟုတိုးတိုးဝေကပြောလိုက်သည်။

ထိုသို့ဖြင့်သားအမိနှစ်ယောက် ကိုဘတင့်ကို
အကျိုးအကြောင်းရှင်းပြပြီး သောင်ထွန်းရွာကို
သွားခွင့်တောင်းကြ၏။

“အမေတို့ပြောတာကို ကျွန်တော်နားလည်ပါတယ်…
ဒါပေမယ့်လွင်မောင့်ကိုရော
ဘယ်လိုများပြောသွားကြမလဲဆိုတာတော့
သိချင်မိတယ်အမေ”

“အို…အစ်ကိုကြီးကလည်း…လွင်မောင်ကို
ညီမလေးပြောထားပါတယ်…
သူကလည်းသွားပါလို့ပြောပါတယ်အစ်ကိုကြီးရဲ့”

“ဒီလိုဆိုရင်လည်းကောင်းပါတယ်…
ဒါနဲ့အငယ်မစိုးစိုးဝေကိုရောခေါ်သွားကြမှာလား”

“အမယ်လေး…မင်းညီမကအိမ်အရေးကို
စိတ်မဝင်စားပါဘူးသားရယ်…
တစ်နေ့တစ်နေ့အိမ်ကပ်တယ်လည်းမရှိဘူး…
အိမ်မှာဘာတွေဖြစ်နေသလဲဆိုတာကိုလည်း
သူစိတ်မဝင်စားဘူး…ဒီတော့ ဦးသိုက်ရယ်ညိုညိုရယ်
အမေတို့သားအမိနှစ်​ယောက်ရယ်ပဲသွားကြမယ်ကွယ်…”

“လမ်းခရီးတော့ဂရုစိုက်ကြပါအမေ…
ကျုပ်ကဒီမှာနေခဲ့မှ ရမှာဆိုတော့စိတ်ကတော့မချဘူး…
တကယ်ဆိုကျုပ်ကိုယ်တိုင်ပဲလိုက်ပို့ချင်တာပါ…”

“နေခဲ့ပါသားရယ်…အမေတို့ပဲသွားလို့ရပါတယ်”

ထိုသို့ဖြင့် ဒေါ်ပြုံးရီတို့သားအမိလည်း
သောင်ထွန်းရွာသို့ ညိုညိုကိုအဖော်ခေါ်၍
ခရီးထွက်လာခဲ့ကြသည်။
ဒေါ်ပြုံးရီ ရှင်းပြသမျှကိုနားထောင်ပြီးချိန်တွင်
ထန်းလက်ခုံ၌ထိုင်နေသောဒေါ်ဝင်းမှ…

“ဒါဆိုရင်အစ်မက မိညိုအလုပ်လုပ်တဲ့
အိမ်ကသူဌေးပေါ့လေ…”

“ဟုတ်ပါတယ်ညီမ…”

ဒေါ်ပြုံးရီနှုတ်မှဖြေအပြီး ဘွားမယ်စိန်က
ခေါင်းလေးတညိတ်ညိတ်ဖြင့်…

“အင်း…ညည်းအခက်အခဲတွေကိုတော့
ဘွားသိလိုက်ရပါပြီ…
ဒါနဲ့ညည်းသမီးလည်းအတူပါတယ်ဆို…
အခုမတွေ့ပါလားအေ့”

“တော်နေ…ညိုညိုနဲ့အတူလိုက်လာပါလိမ့်အမေကြီး…
ကျွန်မကအရင်စကားကြိုလာပြောတာပါ”

“သြော်…အေး…အေး…အေး
ဒါဆိုရင်လည်းစောင့်ကြတာပေါ့”

“ဟုတ်ကဲ့”

ဘွားမယ်စိန်တို့လည်း ညိုညိုနှင့်တိုးတိုးဝေတို့
အလာကိုစောင့်နေကြတော့သည်။
ခဏကြာတော့ညိုညိုနှင့်တိုးတိုးဝေတို့ရောက်လာကြ၏။

“အရီး…နေကောင်းတယ်နော်…”

“မိညို…အသားအရည်တွေတောင်ဖွေးလို့ပါလား…
မြို့ကြီးသူကြီးကျလို့ပါလားအေ”

“ဟုတ်ပါ့အရီးရယ်…”

“အမေကြီး…ဒါက ကျွန်မသမီး…
တိုးတိုးဝေလို့ခေါ်ပါတယ်…
ညိုညိုကိုလည်းအခုကိစ္စကိုတပါးသူတွေ
မသိပါစေနဲ့လို့မှာထားပါတယ်..
ဒါ့ကြောင့်လည်းကျွန်မတစ်ယောက်ထဲ
အရင်ဆုံးထွက်လာခဲ့တာပါအမေကြီးရယ်…”

“ဟုတ်ပါပြီတူမကြီး…
ကဲလာသမီး…ဘွားနားကိုဝင်ထိုင်”

“ဟုတ်ကဲ့”

ညိုညိုကတော့ဒေါ်ဝင်းအနီးကထန်းလက်ခုံ၌ထိုင်နေသည်။
တိုးတိုးဝေက ဘွားမယ်စိန်နံဘေးသို့ဝင်ကာထိုင်၏။

“အခုကောဘယ်လိုနေသေးလဲသမီး”

“အခုတော့နေရတာသက်သာနေသလိုပါပဲအမေကြီး”

“ဟုတ်ပါပြီအေ…အခုဘွားက သမီးမှာ
ဘယ်လိုအမှောင့်ပယောဂတွေဖြစ်နေသလဲဆိုတာကို
စစ်ကြည့်ပေးမယ်…”

“ဟုတ်ကဲ့”

“ခြေကိုဆင်းထိုင်လိုက်​တော့ သမီး”

ဘွားမယ်စိန်က တိုးတိုးဝေကိုခြေဆင်းထိုင်စေသည်။

“သမီးခေါင်းကိုဘွားကိုင်မယ်…”

ဟုဆိုကာဘွားမယ်စိန်ကသူ၏ညာလက်ဖြင့်
တိုးတိုးဝေ၏ခေါင်းကိုကိုင်လိုက်သည်။
မျက်လုံးကိုလည်းမှိတ်ထားပြီးအာရုံခံကြည့်နေပုံရ၏။
ခဏကြာတော့ဘွားမယ်စိန်မျက်လုံးများပွင့်လာခဲ့ပြီး…

“ဘွားပြောတာကိုဟုတ်လား…
မဟုတ်လားပဲသမီးဘက်ကဖြေရတော့မယ်…”

“ဟုတ်ကဲ့ပြောပါအမေကြီး…”

“သမီးအိမ်မက်ထဲမှာမက်နေတဲ့အမျိုးသမီးက
ဆံပင်ကိုဖျားလျားချထားတယ်…
သူ့ရဲ့ဘယ်ဘက်နှာခေါင်းမှာ
မှည့်နက်ကြီးတစ်လုံးလည်းရှိနေတယ်…”

“ဟယ်…ဟုတ်တယ်…
ကျုပ်အိမ်မက်ထဲကမိန်းမကြီးနှာခေါင်းမှာ
မှည့်ကြီးရှိတာရောရှိတဲ့နေရာကောက
အမေကြီးပြောသလိုတစ်ထပ်ထဲပဲ”

“အင်း…ဘွားကြည့်မိသလောက်တော့
ဒီအောက်လမ်းကိုစေခိုင်းတဲ့သူရှိနေတယ်အေ့…”

“ရှင်…စေခိုင်းသူ…
ဘယ်သူကများခိုင်းသလဲဆိုတာကိုရော
သိလို့ရမလားအမေကြီး…”

“မဖြေခင်မှာဘွားဘက်ကမေးစရာရှိတယ်…
အခုချက်ချင်းအောက်လမ်းကိုခေါ်ပြီးအပြစ်ပေးလို့ရပေမယ့်
ဘွားဘက်ကသမီးကိုလည်းမေးချင်သေးတယ်လေ…”

“ဟုတ်…မေးပါအမေကြီး”

“သမီးရဲ့အဝတ်အစားအသုံးအဆောင်ပစ္စည်းတွေထဲက
လတ်တလောပျောက်တာရှတာများရှိသလား…
ပျောက်တာသိပြီးမှ…ပြန်တွေ့တဲ့ပစ္စည်းတွေ
ကောရှိသလားသမီး”

ဘွားမယ်စိန်၏အမေးကို တိုးတိုးဝေစဥ်းစားနေသည်။
စဥ်းစားလို့ရသွားလေမှ…

“တစ်လောကတော့ကျွန်မအရမ်းကြိုက်တဲ့
တဘက်လေးတစ်ထည်ကိုရှာလို့မတွေ့
ဖြစ်ဖူးပါတယ်အမေကြီး…
ဒါပေမယ့်ပျောက်ပြီးနှစ်ရက်ကြာတော့ပြန်တွေ့ပါတယ်…
အဲ့တာဘာများဖြစ်လို့လဲဟင်…”

တိုးတိုးဝေ၏အဖြေကို ဘွားမယ်စိန်ကခေါင်းညိတ်သည်။

“သမီးအသုံးအဆောင်နဲ့သမီးကိုတိုက်ထားတာ…
အခုမြို့ကိုပြန်ရောက်ရင်အဲ့သည်ပစ္စည်းကို
အရင်လွှတ်ပစ်လိုက်ပါ…”

“ဟုတ်ကဲ့”

“နောက်ပြီး…သမီးကို အင်္ဂါသမီးကအငြိုးထားနေတယ်…
ဒါကြောင့်သမီးမှာအခုလိုတွေ ကြုံနေရတာပေါ့အေ”

“ရှင်…အင်္ဂါသမီး…”

“အင်း…ဒါတော့ထားလိုက်တော့…
ဘွားဘက်ကတစ်ဖက်ကအောက်လမ်းကိုနောက်မလုပ်ဝံ့အောင်
စီရင်ပေးမယ်…လက်ရှိတော့သမီးကို
အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိမလုပ်ဘဲ…
အငြိုးနဲ့နှိပ်စက်နေတာပါ…
ဒါတွေပျောက်ကင်းအောင်ဘွားစီရင်ပေးမယ်…
တစ်ဖက်ကိုလည်းသူပြုသလိုသူခံရစေမယ်သမီး…”

“ကျေးဇူးတင်ပါတယ်အမေကြီးရယ်…”

“ရပါတယ်အေ…ကဲ…ကဲ…ကဲ…
အောက်လမ်းက်ိုခေါ်မယ်…စိတ်ကိုလျော့ချထားတော့”

“ဟုတ်ကဲ့…”

“ကဲ…ဟောသည်စနေသမီးကိုဒုက္ခပေးနေတဲ့
အောက်လမ်းအတတ်နဲ့ပြုစားနေတဲ့ပုဂ္ဂိုလ်အခုချက်ချင်း
ရှေ့မှောက်အရောက်လာခဲ့ပါ…
ငါမယ်စိန် ခေါ်တယ်ဟေ့…ပုန်းစရာမရှိ…ခိုစရာမရှိ…
တားဆီးသူမရှိစေရဘဲအရောက်လာစေ…”

ဟု…ဘွားမယ်စိန်ကလေသံမာမာဖြင့်ပြောလိုက်သည်။
ထိုအခါ တိုးတိုးဝေ၏ကိုယ်မှာဆတ်ခနဲတုန်သွားလေသည်။

“ရောက်ပြီလား…”

ဘွားမယ်စိန်ကမေးတော့ တိုးတိုးဝေကခေါင်းညိတ်ပြသည်။

“နင်ဘာနဲ့လည်းဆိုတာငါသိတယ်…
ဒီကလေးရဲ့ကိုယ်ထဲကနင့်ပညာတွေကို
အကုန်ဖယ်မလား…
ငါကိုယ်တိုင်ဖယ်ရမလားပဲပြော…”

ဟုမေးသောအခါမည်သို့မှမပြောဘဲ
ခေါင်းကြီးငိုက်စိုက်ဖြင့်နေသည်။

“ဘုန်း”

ဘွားမယ်စိန်ကကွပ်ပျစ်ခင်းကိုလက်ဝါးဖြင့်ဘုန်းခနဲ
ရိုက်လိုက်တော့ တိုးတိုးဝေလန့်သွားသည်။

“ဟဲ့…ငါဘာကောင်မလည်းနင်သိတယ်မလား…
ငါ့ကိုအာခံရင်ဘာဖြစ်လာမလဲဆိုတာ
ထပ်သိချင်နေတာလားဟဲ့…”

ဟုမေးတော့မှ လက်နှစ်ဖက်ကိုကာ၍…

“မ…မဟုတ်ပါဘူး…
ကျုပ်ကိုခေါ်ကတည်းက အမေကြီးပညာကိုကျုပ်သိပါတယ်…
ကျုပ်မယှဥ်ဝံ့ပါဘူးအမေကြီးရယ်…”

“အေး…ဒါဆိုရင်နင့်ပညာတွေကိုဒီကလေးမကိုယ်ထဲမှာ
ရှိသမျှအကုန်ပြန်နုတ်သွား…
နင့်ကိုဘယ်သူခိုင်းသလဲဆိုတာငါမမေးဘူး…
ငါသိတယ်…နင့်လုပ်ထားသမျှသာနင်ပြန်ယူ…”

“ဟုတ်…ဟုတ်ကဲ့…
ကျုပ်ပညာတွေကိုအကုန်ပြန်နုတ်ပေးပါ့မယ်…
ကျုပ်ကိုတော့ချမ်းသာပေးပါအမေကြီးရယ်…”

“တယ်…ဒီကောင်မ…ငါပြောတဲ့အတိုင်းပဲ
ညည်းလုပ်…မဟုတ်ရင်ညည်းပညာပါစွန့်ရအောင်
ငါလုပ်ပစ်မိမယ်….”

“မလုပ်ပါနဲ့အမေကြီးရယ်….
ကျုပ်တောင်းပန်ပါတယ်…
ကျုပ်ကိုခွင့်လွှတ်ပေးပါ…
သူ့ကိုယ်ထဲမှာကျန်တဲ့ကျုပ်ပညာတွေကိုနှုတ်ပေးပါ့မယ်…”

“အေး…အခုနှုတ်…အသေးအနုတ်ကအစမကျန်စေနဲ့…
ကျန်တာနဲ့ညည်းလည်းအသေပဲ…”

“ဟုတ်…ဟုတ်ကဲ့”

ဟုပြော၍တိုးတိုးဝေကသူ၏ခေါင်းကို
လက်နှစ်ဖက်ဖြင့်ခါချသည်။
မျက်နှာကိုလည်းလက်ဖြင့်သက်ချသည်။
ပြီးနောက်ပါးစပ်ထဲသို့လက်ထိုး၍ အန်ဖို့ပြင်လေတော့
ဒေါ်ဝင်းက ခွက်တစ်ခုယူကာပေးလိုက်၏။
ဒေါ်ဝင်းပေးသောခွက်ထဲကို…

“ဝေါ့….ဝေါ့…”

ဟု…အန်ချတော့၏။
အန်လို့ပြီးလေတော့မှ…

“ကုန်ပါပြီအမေကြီး”

“သေချာတယ်နော်…ငါစစ်ကြည့်လို့ပေါ်လာရင်
ညည်းအသေပဲနော်…”

“သေချာပါတယ်အမေကြီး”

“အေး…မိဝင်းရေတစ်ခွက်ယူခဲ့”

“ဟုတ်ကဲ့အမေ”

ဒေါ်ဝင်းကရေတစ်ခွက်အပြေးခပ်ပေးသည်။

“ရော့…ရေခွက်ကိုကိုင်…ငါပြောတဲ့အတိုင်းဆို”

“ဟုတ်ကဲ့”

ဘွားမယ်စိန်က ရေခွက်ကိုတိုးတိုးဝေထံပေးလိုက်သည်။
ပြီးနောက်
ယခုကဲ့သို့တိုးတိုးဝေအပေါ်၌
အောက်လမ်းဖြင့်ဘယ်သောအခါမှထပ်၍
မနှောက်ယှက်တော့ပါဘူးဆိုပြီးသစ္စာဆိုခိုင်းလေသည်။
သစ္စာဆိုကျိန်တွယ်ပြီးလေမှ ရေကိုသောက်ခိုင်း၏။

“ကဲ…ရပြီ…ညည်းလိုက်ပြန်တော့…
ကိုယ်ကျိန်ထားတာကို…ကိုယ်သတိရနော်…
နောက်တစ်ကြိမ်ဆိုတာလည်းထပ်ရှိလာမှာ
မဟုတ်ဘူးဆိုတာမမေ့နဲ့…”

“ဟုတ်ကဲ့”

တိုးတိုးဝေကွပ်ပျစ်ခင်းအထက်သို့လဲကျသွားသည်။

“မိဝင်း…ခေါင်းအုံးလေးယူပေး…
ကလေးမလေးနားပါစေဦး…”

“ဟုတ်ကဲ့အမေ”

ဘွားမယ်စိန်ခိုင်းသည့်အတိုင်းဒေါ်ဝင်းကခေါင်းအုံးလေးယူပေးပြီး တိုးတိုးဝေ၏ခေါင်းအောက်၌ခုပေးထားလိုက်သည်။
တိုးတိုးဝေကတော့အိပ်မောကျလို့နေ၏။

“အခု…ကျွန်မ သမီးလေးသက်သာပြီပေါ့နော်အမေကြီး”

“သက်သာပါပြီ…အောက်လမ်းကလည်း
အကုန်ပြန်ထုတ်ပေးသွားပြီလေ….ညည်းလည်းမြင်တာပဲ”

“ဟုတ်ကဲ့”

“မိဝင်း”

“ရှင်အမေ”

“ဒီခွက်ကိုမြေတူးပြီးသွားမြုပ်ချည်…
ညည်းတူမညိုညိုကိုလည်းခေါ်သွားလိုက်…”

“ဟုတ်ကဲ့အမေ”

ဒေါ်ဝင်းကဆံပင်ချည်များအထွေးလိုက်ရှိသောခွက်ကို
ယူ၍ ညိုညိုကိုခေါ်ကာသွားမြုပ်ကြသည်။

“အမေကြီးရယ်…စိတ်တော့မရှိပါနဲ့
သမီးကြီးလည်းသက်သာပြီဆိုပေမယ့်
သူ့ကိုဘယ်သူကမကျေနပ်လို့အခုလိုလုပ်နေသလဲဆိုတာ
ကျွန်မသိချင်သေးတယ်ရှင်…”

“အင်း…ညည်းသိချင်တာသေချာလား…”

“ဟုတ်ကဲ့သေချာပါတယ်အမေကြီး”

“အေး…သူ့ကိုအောက်လမ်းနဲ့တိုက်ခိုင်းသူက
ညည်းတို့အနီးကပဲအေ့…ဘွားအမြင်မှာတော့
ညည်းတို့နဲ့အနီးကပ်ရှိနေသူပဲ…
အသက်ကလည်းငယ်သေးတယ်”

“ရှင်…”

“ကဲပါလေ…ညည်းတို့ပြန်ရင်
ဖယောင်းတိုင်တစ်တိုင်ပေးလိုက်မယ်…
ညည်းသမီးကိုယ်တိုင်ထွန်းရမယ်…
ရွတ်ရမယ့်စာကိုလည်းသင်ပေးလိုက်မယ်…
ဒါဆိုရင်ညည်းသမီးကိုလုပ်တဲ့သူလည်း
ညည်းသမီးခံစားရသလိုတန်ပြန်ထိလိမ့်မယ်…
ဒါပေမယ့်ဖယောင်းတိုင်ကိုတစ်တိုင်ပဲပေးလိုက်မယ်…
ညည်းသိချင်ယုံတင်ပဲမလား”

“ဟုတ်ပါတယ်အမေကြီး”

“အေး…အေး…အေး…”

ဒေါ်ဝင်းတို့လည်းပြန်ရောက်လာကြသည်။
ဘွားမယ်စိန်နှင့်ဒေါ်ပြုံးရီတို့ကတော့
မိသားစုအကြောင်းများပြောရင်း တိုးတိုးဝေနိုးလာသည်က်ို
စောင့်နေကြ၏။
အတော်လေးကြာလေမှတိုးတိုးဝေနိုးလာခဲ့သည်။
သူမအဖြစ်ကိုဒေါ်ပြုံးရီကပြောလေမှ
တိုးတိုးဝေလည်းပျော်ရွှင်သွားရှာသည်။
ဘွားမယ်စိန်ကိုကန်တော့ပြီး
ကျေးဇူးတင်ကြောင်းများပြောလေ၏။
ဘွားမယ်စိန်ကလည်း တိုးတိုးဝေအတွက်ချည်မန်းကြိုးနှင့်
ဖယောင်းတိုင်တစ်တိုင်ပေးသည်။
ဖယောင်းတိုင်ထွန်းလျှင်ရွှတ်ဆိုရမည့်
စာကိုလည်းသင်ပေးလိုက်၏။
ပြီးနောက် ဒေါ်ပြုံးရီကရေမန်းလေးပေးပါဦး
အမေကြီးဟုပြောသောကြောင့်
ရေမန်းပုလင်းတစ်လုံးပေးလိုက်လေသည်။
ထိုသို့ဖြင့် ဒေါ်ပြုံးရီတို့လည်းနောက်ရက်မနက်၌
မြို့သို့ပြန်သွားကြတော့သည်။

မြို့သို့ရောက်တော့….

“သမီးကြီး…အမေကြီးပြောတာကိုမမေ့နဲ့နော်…
ညဘက်ဘုရားရှစ်ခိုးရင်းနဲ့ဖယောင်းတိုင်လေးကိုထွန်းလိုက်ဦး”

“ဟုတ်ကဲ့အမေ”

တိုးတိုးဝေကညဘက်ဘုရားရှစ်ခိုးတော့
ဘွားမယ်စိန်သင်ပေးလိုက်သည့်အတိုင်း
ဖယောင်းတိုင်ကိုထွန်းသည်။
လွှတ်ပစ်ရမည်ဟုမှာထားသော တဘက်ကိုလည်း
သတိတရဖြင့်လွှတ်ပစ်လိုက်၏။

နောက်တစ်ရက်နံနက်ခင်းသို့ရောက်တော့…

“ညိုညို…ဟိုကောင်မလေးကောမထသေးဘူးလား”

စိုးစိုးဝေထမင်းဝိုင်းသို့ရောက်မလာသေး၍ ညိုညိုကို
ကိုဘတင့်ကမေးလိုက်သည်။

“ခါတိုင်းဆိုနိုးပါပြီ…ညိုညိုသွားနိုးလိုက်မယ်နော်…”

ဟုဆိုကာညိုညိုက စိုးစိုးဝေ၏
အခန်းဆီကိုထွက်သွားလေသည်။
ခဏကြာတော့စိုးစိုးဝေလိုက်မလာသေးဘဲညိုညိုမှ
ဒေါ်ပြုံးရီအနီးကိုကပ်၍…

“မမလေးကနေမကောင်းဘူးဒေါ်ဒေါ်…
အိပ်ရာထဲကနေကိုမထနိုင်ဘူးဖြစ်နေတယ်…”

“ဘယ်လို…အငယ်မနေမကောင်းဘူး
ဟုတ်လားညိုညို”

“ဟုတ်ကဲ့ဒေါ်ဒေါ်…”

ဒေါ်ပြုံးရီတစ်ယောက်စိုးစိုးဝေ၏
အခန်းဆီကိုသွားတော့သည်။
ကိုဘတင့်နဲ့တိုးတိုးဝေတို့ကလည်းအနောက်မှ
အတူလိုက်လာကြ၏။

“သမီးငယ်…နေမကောင်းဘူးဆို…”

ဟုဒေါ်ပြုံးရီကမေးတော့…

“ကိုယ်တွေလက်တွေကိုက်ခဲပြီးနေလို့ထိုင်လို့
မကောင်းလို့ပါအမေရယ်…
တစ်ကိုယ်လုံးလည်းပူလောင်နေတာပဲ…နေရခက်လိုက်တာ…”

ဟု…စိုးစိုးဝေကငြီးတွားလေသည်။
စိုးစိုးဝေကိုကြည့်နေရင်းမှဒေါ်ပြုံးရီတစ်စုံတစ်ခုကို
သတိရသွားသည်။
တိုးတိုးဝေနှင့်ညိုညိုတို့ကလည်းသတိရသွားဟန်တူသည်။

“အငယ်မ…နင်ဘာမဟုတ်တာတွေလုပ်ထားသေးလဲ”

“ဘာကိုလဲအမေရာ…လူမှနေလို့မကောင်းပါဘူးဆိုနေ”

“ဟုတ်သားပဲအမေကလည်း…
ကျုပ်သူ့အတွက် ဆေးဆရာခေါ်ပေးလိုက်ရမလား”

“သားကြီး…မင်းအသာနေ…
မင်းထမင်းစားပြီးရင်စက်ကိုသွားတော့
မင်းညီမရောဂါကိုအမေတို့ကုပေးနိုင်တယ်…”

“ဟင်…ဟုတ်ရဲ့လားအမေကလည်း”

“ငါမင်းအမေပါ…အမေပြောတာကိုနားထောင် ”

“ဒါဆိုလည်းပြီးတာပဲဗျာ”

ကိုဘတင့်အခန်းထဲမှထွက်သွားတော့သည်။
ကျန်ရစ်ခဲ့သောဒေါ်ပြုံးရီ၊တိုးတိုးဝေနှင့်ညိုညိုတို့၏
သင်္ကာမကင်းအကြည့်တွေကြောင့် စိုးစိုးဝေမှ…

“လူမှနေလို့မကောင်းပါဘူးဆိုနေ…
ဘာတွေလာကြည့်နေကြတာလဲ…”

ဟု…ဒေါသသံဖြင့်အော်လေသည်။

“ဟဲ့…အငယ်မ.. နင်အခုဘာဖြစ်နေတယ်လို့ထင်လဲ”

“ဘာဖြစ်ရမှာလဲ…နေလို့မကောင်းတာလေ”

“အေး…အဲ့တာငါသိတယ်…
အခုနင်လည်းနင့်အစ်မဖြစ်သလိုဖြစ်နေပြီ…
နင်ပြုသမျှနင်ကုနိုင်သလား စိုးစိုးဝေ”

“ရှင်…အစ်မ…အစ်မ​ဖြစ်သလို…ဟုတ်လားအမေ”

စိုးစိုးဝေမျက်လုံးပြူးသွားသည်။
ဒေါ်ပြုံးရီကိုအထိတ်တလန့်ဖြင့်ပြန်မေး၏။

“နင်ဘာလို့နင့်အစ်မကိုအငြိုးထားရတာလဲစိုးစိုးဝေ…
နင်ဘာကိုမကျေနပ်နေတာလဲ”

“အမေ…တော်ပါတော့”

“သမီးကြီးညည်းအသာနေ…စိုးစိုးဝေ…
​ငါမေးနေတာကိုနင်ဖြေ”

တိုးတိုးဝေက ဒေါသထွက်နေသောမိခင်ဖြစ်သူကို
တားသည်။သို့သော် ဒေါ်ပြုံးရီကစိုးစိုးဝေကိုဆက်မေးနေ၏။

“ကျုပ်ကဘာမကျေနပ်ရမှာလဲ…
မကျေနပ်စရာမရှိပါဘူး…”

“နင်မညာနဲ့…နင့်အစ်မကိုနင်အောက်လမ်းနဲ့လုပ်ထားလို့
အခုနင်တန်ပြန်ခံနေရတာ…ဆက်ညာနေရင်တော့
နင်သေဖို့ပဲကျန်တော့တယ်…ငါတို့လည်းမကယ်နိုင်ဘူး…”

“ဟင်…သေ…သေမယ်…
ဟုတ်လား…ကျုပ်ကဘာလို့သေရမှာလဲ”

“အေး…အခုနင့်ကိုယ်မှာဖြစ်နေတဲ့ဝေဒနါက နင့်အစ်မကို
အောက်လမ်းနဲ့တိုက်ထားတဲ့သူကိုပြန်ခံစားရအောင်လို့
လုပ်ထားတာ…နင်အသက်ရှင်ချင်သေးရင်အမှန်တိုင်းသာပြော”

ဒေါ်ပြုံးရီစကားကြောင့်စိုးစိုးဝေကြောက်လန့်သွားသည်။
အသားများတဆတ်ဆတ်တုန်ရီလာပြီး…

“အမေ…သမီးကိုကယ်ပါအမေရယ်…
သမီးမသေချင်သေးပါဘူး…သမီးကိုကယ်ပါနော်…”

ဟု…လက်အုပ်ချီကာပြောသည်။
မျက်ရည်များကလည်းပါးနှစ်ဖက်၌ရွဲရွဲစိုနေသော
စိုးစိုးဝေကိုကြည့်ပြီး ဒေါ်ပြုံးရီက…

“ဘုန်း….ဘုန်း….ဘုန်း…”

“ကောင်မ…အတော်ယုတ်မာတဲ့ကောင်မ…
ကိုယ့်အစ်မကိုမှအောက်လမ်းနဲ့လုပ်ရက်တယ်…
နင်သေရမယ်…ငါ့လက်နဲ့နင်သေရမယ်”

“အမေ…အမေစိတ်ကိုထိန်းပါအမေရယ်…
ညီမလေးကငယ်သေးတယ်မလား…
တော်ပါတော့အမေရယ်…”

တဘုန်းဘုန်းဖြင့်စိုးစိုးဝေ၏ကျောကိုရိုက်လေတော့
တိုးတိုးဝေမှအတင်းဆွဲတားရသည်။
ဒေါ်ပြုံးရီကတော့ဒေါသများထိန်းမရဖြစ်နေရှာသည်။

“သမီးမှားပါတယ်အမေရယ်…သမီးမှားပါတယ်…
မမက ကိုလွင်မောင်နဲ့ယူမှာကိုမနာလိုပြီး
သမီးလုပ်မိတာပါ…သမီးမှားပါတယ်အမေရယ်…”

ဟုပြောရင်း စိုးစိုဝေ ငိုရှိုက်လေသည်။
တိုးတိုးဝေခမျာ အမေနဲ့ညီမဖြစ်သူကိုကြည့်ရင်း
အတော်လေးနေရခက်နေ၏။

“ညီမလေးကိုသမီးခွင့်လွှတ်ပါတယ်အမေ…
သူ့ကိုထပ်မရိုက်ပါနဲ့နော်…”

တိုးတိုးဝေစကားကြောင့်ဒေါ်ပြုံးရီ စိုးစိုးဝေကိုမရိုက်တော့ဘဲ

“ကြားတယ်နော်…နင့်ကြောင့်သေမတတ်ဝေဒနာတွေကို
ခံစားခဲ့ရတဲ့နင့်အစ်မကနင့်ကိုခွင့်လွှတ်တယ်တဲ့…
ကဲပြော…နင်ကရောနင့်အစ်မကို
ဘာပြန်လုပ်ပေးမှာလဲစိုးစိုးဝေ…”

ဟု…ဒေါ်ပြုံးရီကမေးတော့ စိုးစိုးဝေကုတင်ပေါ်မှဆင်းသည်။
ညိုညိုကတော့စိုးစိုးဝေကိုတွဲချပေးရ၏။
စိုးစိုးဝေက ကြမ်းပြင်ပေါ်ထိုင်ပြီးလက်အုပ်ကိုချီလို့
အစ်မဖြစ်သူတိုးတိုးဝေကို…

“စိုးစိုးမှားပါတယ်မမရယ်…
စိုးစိုးမှားပါတယ်…
မမအပေါ်မှာ မကောင်းတဲ့အတွေးတွေနဲ့အခုလိုလုပ်မိတာပါ
စိုးစိုးမမကိုမမုန်းပါဘူးမမရယ်…
စိုးစိုးကိုခွင့်လွှတ်ပေးပါနော်”

ဟုငိုကာယိုကာတောင်းပန်လေသည်။
တိုးတိုးဝေကလည်းမျက်ရည်များဖြင့်…

“အစ်မခွင့်လွှတ်ပါတယ်ညီမလေးရယ်…
ဒါပေမယ့်…နောက်ကိုတော့ဒါမျိုးတွေထပ်မလုပ်ပါနဲ့နော်…”

“စိုးစိုးကတိပေးပါတယ်…
စိုးစိုးမမအပေါ်မှာဘယ်တော့မှ
ဒီလိုအမှားမျိုးမလုပ်တော့ပါဘူး”

တိုးတိုးဝေက စိုးစိုးဝေကိုခွင့်လွှတ်ပေးသလို
စိုးစိုးဝေကလည်းနောက်ထပ်ဒီလိုကိစ္စမျိုးထပ်မလုပ်တော့ပါဘူးဟု ကတိပေးလေသည်။
သို့သော်ဒေါ်ပြုံးရီကတော့စိုးစိုးဝေကိုစိတ်ဆိုးပြီး
စကားပင်မပြောတော့ပေ။

သုံးရက်မျှကြာတော့…

“အမေ…ညီမလေးကိုစိတ်မဆိုးပါနဲ့တော့အမေရယ်…
ညီမလေးလည်းသူ့အမှားသူဝန်ခံပြီး…
သမီးတို့ကိုကတိပေးထားပြီပဲ…
ခွင့်လွှတ်ပေးလိုက်ပါနော်…”

“အမေကအမေပါသမီးကြီးရယ်…
အမေအပြစ်မယူရက်ပါဘူး…
ဒါပေမယ့်သမီးငယ်အခုလိုကိုယ့်သွေးသားအပေါ်
လုပ်ရက်တာကိုတော့အမေစိတ်ဆိုးမိတယ်…”

“စိတ်မဆိုးပါနဲ့တော့အမေရယ်…
ညီမလေးလည်းဒီနှစ်ရက်အတွင်းအရင်လို
မဆိုးရှာတော့ပါဘူး
အိမ်မှာနေပြီးအိမ်ကိစ္စတွေဝိုင်းကူပြီး
သူ့အမှားသူပြင်နေတာပါအမေ…
သူကအမှားပြင်တော့သမီးတို့ဘက်ကလည်း
လက်ခံပေးရမှာပေါ့အမေရယ်…”

“အင်း…သမီးကြီးပြောတာလည်းမှန်ပါတယ်…
အမေလည်းသမီးကြီးရဲ့မင်္ဂလာဆောင်ကို
အမေတို့မိသားစုလေးပျော်ပျော်ရွှင်ရွှင်လေးနဲ့ပဲ
ပြီးဆုံးချင်တာပါ…”

“မင်္ဂလာဆောင်ဆိုလို့ပြောရဦးမယ်အမေ…
သမီးတို့မင်္ဂလာဆောင်ကိုသောင်ထွန်းရွာကအမေကြီးကို
ဖိတ်ရအောင်လေ…အမေကြီးက ကန်တော့တဲ့
ငွေကြေးကိုလည်းလက်မခံဘူးဆိုတော့…
အခုသမီးမင်္ဂလာဆောင်ကိုဖိတ်ပြီး
ကျွေးမွေးဧည့်ခံပေးချင်တယ်အမေရယ်…
ဒီမှာလည်းအမေကြီးစိတ်ကြိုက်နေလို့ရတာပေါ့”

“အေး…သမီးကြီးပြောတာလည်းဟုတ်သားပဲ…
ဒါဆိုရင်အမေကိုယ်တိုင်သွားပြီးဖိတ်လိုက်မယ်…
သမီးကြီးကတော့မင်္ဂလာရက်ကလည်းနီးနေပြီမလို့
နေခဲ့ပေါ့ကွယ်…”

“ဟုတ်ကဲ့အမေ”

ဒေါ်ပြုံးရီနဲ့ညိုညိုတို့လည်းသောင်ထွန်းရွာကို
တစ်ခေါက်ထပ်ပြန်ကြသည်။
ဘွားမယ်စိန်ကို မင်္ဂလာဆောင်အတွက်ဖိတ်တော့
ဘွားမယ်စိန်ကမောင်တိုးနဲ့မောင်အုန်းကိုပါ
အဖော်ခေါ်၍မြို့သို့အတူလိုက်လာကြသည်။
ဒေါ်ပြုံးရီတို့မိသားစုကလည်း
ဘွားမယ်စိန်ကိုကျေးဇူးရှင်ဟုသတ်မှတ်ပြီး
လိုလေသေးမရှိထားကြသည်။
တိုးတိုးဝေ၏မင်္ဂလာဆောင်ပြီးတော့လည်း
သုံးလေးရက်မျှဆက်၍နေကြ၏။
သုံးလေးရက်နေပြီးမှ သောင်ထွန်းရွာကို
ဘွားမယ်စိန်တို့ပြန်​သောအခါနွားလှည်းပေါ်၌
ဆန်အိတ်များ၊ဆီပုံးများကိုလည်းအပြည့်
ထည့်ပေးလိုက်ကြပြန်သည်။

ထိုသို့ဖြင့် တိုးတိုးဝေနှင့်လွင်မောင်တို့လည်း
ဇနီးမောင်နှံအဖြစ်ရောက်ရှိသွားသကဲ့သို့
စိုးစိုးဝေမှာလည်းယခင်လိုမဆိုးရှာတော့ဘဲ
ဒေါ်ပြုံးရီရဲ့သမီးလိမ္မာလေးအဖြစ်နေထိုင်သွားလေသည်။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)