အင်းစောင်းကြီးကတစ္ဆေမောင်နှမ

 

ဒီလိုနဲ အဘိးုထွေးနဲ့ အဘတုတ်တို့ ဦးဆောင်ပြီး နှစ်ဖက်ရွာသားတွေကို ကျခတ်ရွာမှာ စုဝေးစေလို့ လက်ရှိဖြစ်နေတဲ့ ကိစ္စကို အဖြေရှာတိုင်ပင်ကြပါတော့တယ်။

‘ အားလုံးပဲ အခုဖြစ်နေတဲ့ ကိစ္စတွေဟာ ငါတို့တွေအထဲက တစ်စုံတစ်ယောက်က အင်းပိုင်တွေကို အပြစ်လုပ်မိတယ်လို့ ယူဆမိတယ်။ ဒါကြောင့် အခု ဒီအတွက်ကို အားလုံးစုဝေးပြီး အပြစ်လုပ်မိသူက လုပ်မိကြောင်း ဝန်ခံလာဖို့ တောင်းဆိုချင်ပါတယ်…’

အဘိုးထွေးက စကားကို စလိုက်တယ်။ အဘတုတ်က…

‘ ဘာကြောင့်ပဲ လုပ်လုပ်၊ ဘယ်သူကပဲ လုပ်လုပ်၊ အခုဖြစ်နေတဲ့ ကိစ္စတွေဟာ နှစ်ရွာလုံးအတွက် ပျက်သုဉ်းနိုင်တဲ့အထိကို ဖြစ်ပျက်နေပါပြီ။ ဒါကြောင့် လုပ်ဆောင်သူဟာ အပြစ်သိသိ၊ သစ္စာရှိရှိနဲ့ ထွက်လာပေးဖို့ လိုပါတယ်…’

အဘိုးထွေးနဲ့ အဘတုတ်တို့က အရှေ့ကနေ အပြစ်လုပ်သူ ထွက်လာဖို့ ပြောဆိုပါတယ်။

ဒါပေမယ့် တကယ်အပြစ်လုပ်သူ မောင်ကြီးက နေမကောင်းတာကြောင့် စ်န်ပန်းရွာမှာပဲ ကျန်ရစ်တဲ့အတွက် အဖြေက ထွက်မလာခဲ့ပါဘူး။

‘ ကဲ…ကိုဘိုးထွေးရေ အဖြေကလည်း ထွက်မလာဘူး။ ဒီတော့ ငါတို့တတွေ အင်းပိုင်မောင်နှမကို ဒိအတိုင်းပဲ ပွဲပေးပြီး တောင်းပန်မှ ထင်တယ်…’

အဘတုတ်က အကြံပြုတယ်။

ဒီအကြံအတိုင်းပဲ နောက်တစ်နေ့မှာတော့ ရွာနှစ်ရွာစုပေါင်းပြီး အင်းအစပ်နားမှာ ကန်တော့်ပွဲနှစ်ပွဲနဲ့ တောင်းပန်ပွဲကို ပြုလုပ်ကြတယ်။

တောင်းပန်ပွဲ ပြုလုပ်နေချိန်မှာ လူအုပ်ထဲက မိန်းမကြီးတစ်ယောက်ကို အင်းပိုင်အစ်မက ဝင်ရောက်ပူးကပ်လာတယ်။

‘ သစ္စာဖောက်တွေ။ ငါတို့ကျွေးလို့ ငါတို့ကို ကျေးစွပ်တာ။ နင်တို့ကို ငါတို့မောင်နှမ မကျေဘူး။ နင်တို့ ဘယ်လိုတောင်းပန်ပါစေ ငါတို့ ခွင့်မလွှတ်ဘူး…’

ဝင်ပူးခံရတဲ့ မိန်းမကြီးက အသံကုန်ဟစ်အော်တယ်။

ဒီအခါမှာ အဘိုးထွေးနဲ့ အဘတုတ်တို့က အင်းပိုင်အစ်မကို အကျိုးအကြောင်း ဝင်မေးကြတော့…။

‘ နင်တို့အထဲက တစ်ယောက် သစ္စာဖောက်တယ်။ ဆရာစုတိကို ခေါ်လာပြီး ငါတို့ မောင်နှမကို ပျက်စီးကြောင်းကြံစည်တယ်။ ဆရာစုတ်နဲ့ သူ့တပည့်ကိုတော့ ငါတို့ သတ်လိုက်ပြီ။ လိုက်ပို့တဲ့ကောင် အဲ့ဒီ့ကောင်ကိုတော့ ငါတို့ မမှတ်မိလိုက်ဘူး။ နင်တို့အထဲက တစ်ယောက်ဆိုတာတော့ သေချာတယ်…’

အဘိုးထွေးတို့ အဖြစ်ကြောင်းကုန်စင်ကို နားလည်ကြပြီ။

သူတို့ထင်တဲ့အတိုင်းလည်း ဖြစ်နေတာမို့ အင်းပိုင်အစ်မကို ထပ်ပြီးတော့ တောင်းပန်ကြတယ်။ တောင်းပန်နေတုန်းမှာပဲ အင်းပိုင်အစ်မက ရုတိတရက်ထွက်သွားပြီး အင်းပိုင်အငယ်က ရောက်လာတယ်။

‘ မရဘူး။ ငါတို့က ငါတို့ရဲ့လုပ်သားတွေကို ငဲ့ညှာခဲ့တာ။ မင်းတို့အားလုံး သူ့ကို ရှာပေးနိုင်ရင် သက်သာမယ်။ မဟုတ်ရင်တော့ တစ်ရွာလုံးကို ခွင့်မလွှတ်ဘူး။ အသေဆိုးနဲ့ သေတဲ့အထိ ငါလုပ်မယ်…’

အင်းပိုင် အငယ်က သက်ရှိထင်ရှားရှိကတည်းက ဒေါသကြီးတတ်တယ်ဆိုတာ ရှေ့မီနောက်မီဖြစ်တဲ့ အဘိုးထွေးနဲ့ အဘတုတ်တို့ သိကြတယ်။ ဒါကြောင့် မျက်စိပျက်နှာတွေ ပျက်ကုန်ကြရပြီး…။

‘ ကျုပ်တို့ သူ့ကို ရအောင် ဖော်ထုတ်ပေးပါ့မယ်…’

‘ သုံးရက်ပဲ အချိန်ပေးမယ်…’

‘ စိတ်ချပါ သုံးရက်အတွင်း ရအောင် ထုတ်ဖော်ပေးပါ့မယ်…’

အင်းပိုင်အငယ်က ထွက်သွားခဲ့ပြီ။

အဲ့ဒီ့နောက်တော့ နှစ်ဖက်ရွာသားတွေဟာ မျက်စိမျက်နှာတွေ ပျက်ပြီး သူလား၊ ငါလား သို့လောသို့လော အတွေးတွေနဲ့…။

********

‘ သူတော်…’

နားထဲမှာ ကြားမိရတဲ့ အသံကြောင့် သစ်ပင်အောက်ထိုင်ပြီး တုတ်ကလေးတွေ မြေဆီ စိုက်လိုက်၊ ခေါင်းကို တဗျင်းဗျင်းကုတ်လိုက်နဲ့ ရှိနေတဲ့ သူတော်တစ်ယောက် ဟိုဒီလှည့်ကြည့်မိတယ်။

‘ ဘယ်သူလဲ ဘိုးသိကြားလား…’

‘ အေး…ဟုတ်တယ်’

အသံက သူရှိနေရာရဲ့ နံဘေးဘက် သစ်ပင်ဆီက ထွက်လာတယ်။

‘ ဒါနဲ့ ဒီတစ်ခါတော့ နင် မအိပ်သေးပါလား…’

တစ်ဖက် အပြောကြောင့် သူတော်တစ်ယောက် စပ်ဖြီးဖြီးဖြစ်သွားပြီး သူ့ခေါင်းသူ ပြန်ကုတ်လို့ကာ…။

‘ အဟီး ဟုတ်တယ် ဘိုးသိကြားရဲ့။ သူတော် တွေးနေမိတာက အခုထိ အဖြေမရသေးလို့…’

‘ ဟင်…နင်က ဘာတွေတွေးနေတာလဲ…’

‘ ဒီမှာလေ၊ ဒိတုတ်ချောင်းတွေ…’

‘ အင်း တုတ်ချောင်းတွေက ဘာဖြစ်လဲ…’

‘ ဒီတုတ်ချောင်းတွေကလေ သူတော်က မြေဆီမှာ စိုက်လိုက်ရင် မတ်နေပြီး ပစ်ချလိုက်ရင် လဲသွားတာ ဘာကြောင့်လဲလို့…’

‘ ဟင်…အဲ့ဒါက ဖြစ်ခြင်းပျက်ခြင်းရဲ့ အရှိတရားလေ သူတော်။ ဒါကို နင်က ဘာတွေ အလုပ်ရှုပ်ခံပြီး တွေးနေတာလဲ…’

‘ မဟုတ်သေးဘူးနော် ဘိုးသိကြား။ ဖြစ်ခြင်းပျက်ခြင်းရဲ့ အရှိတရား သူတို့ကို သူတော်က ဘာမှမလုပ်ရင် ဘာမှမဖြစ်ဘူးလေ။ ဒါကြောင့် သူတော်လုပ်တဲ့ အရှိတရားဆိုရင် ပိုမှန်မနေဘူးလားဟင်…’

‘ ဟဲ့…သူတော်…’

‘ ခင်ဗျာ…’

‘ ငါအခု နင့်ဆီရောက်လာတာ နင့်ရှိအရှိတရားကို နာယူဖို့မဟုတ်ဘူး။ ငါ နင့်ကို စေစရာရှိလို့…’

‘ ဟုတ်ကဲ့ ဘိုးသိကြား…’

‘ နင်ရှိနေတဲ့ ဒီအရပ်ကနေ တောင်ဘက် နှစ်ရွာမြောက်မှာ အင်းစောင်းကြီးဆိုတာ ရှိတယ်။ ပြီးတော့ အင်းနံဘေးမှာ စိန်ပန်းနဲ့ ကျခတ်ဆိုတဲ့ ရွာနှစ်ရွာလည်း ရှိတယ်။ အခု အဲ့ဒီ့အင်းက အင်းစောင့်မောင်နှမနဲ့ အဲ့ဒီ့ရွာက ရွာသားတွေ ပြဿနာတစ်ခုဖြစ်နေတယ်။ ဒါကို နင်သွားရှင်းပေးရမယ်။ အဓိက ဂရုစိုက်ရမှာက အင်းစောင့်မောင်နှမဟာ မကြာခင်မှာ ကျွတ်လွတ်ခွင့်ရတော့မှာ။ ဒါကြောင့် သူတို့ဒေါသက သူတို့ကို ဆက်ပြီး မချည်နှောင်ဖို့ နင်က အသေအချာ ဂရုစိုက်ပေးရမယ်…’

‘ ဟင် ရှုပ်ထွေးနေတာပါပဲလား။ ဒါကို သူတော်က ဘယ်လိုဖြေရှင်းရမှာလဲ…’

‘ ဒါတော့ နင့်အစွမ်းအစပဲလေ။ ဒါတွေကို ဖြေရှင်းပြီး နင်ကိုယ်တိုင်ဖြေမှပဲ ပြေမယ့် အပြစ်ကြွေးမို့ နင့်ကိုယ်တိုင် ကြံဆချေ…’

‘ အစွမ်းအစ…အင်း…အစွမ်းအစဆိုတာ သူတော်လုပ်တဲ့ အရှိတရားနဲ့အတူတူပဲ ဖြစ်ရမယ်။ ဟုတ်ပြီ ဟုတ်ပြီ ဘိုးသိကြားရေ့။ သူတော် သိပါပြီ…အဟီး…’

သူတော်တစ်ယောက် ပြောပြောဆိုဆိုပဲ ထရပ်လိုက်တယ်။ နောက်တော့ သူ့ရဲ့ လိုတရအိတ်ကြီးကို လွယ်၊ အုန်းလက်ခြောက် မြင်းကြီးကို ကောက်ယူခွလိုက်တယ်။

‘ ဟဲ့ သူတော် ဒါက ဘယ်လိုဖြစ်တာလဲ…’.

‘ သူတော်လုပ်တဲ့ အရှိတရားကို သိချင်လှပြီလေ ဘိုးသိကြားရဲ့။ ဒါကြောင့် သွားတော့မယ်…ဟဲ့…ဖေ့သားကြီး…’

သူတော်တစ်ယောက် ပြောပြောဆိုဆို နေရာကနေ တောင်အရပ်ကို ဦးတည်လို့ ပြေးထွက်သွားခဲ့ပြီ။

‘ ဟော…ဒီသူတော်ဟာလေ အတော့်ကို ထိန်းရခက်တာပဲ…’

သစ်ပင်ဘက်က ထွက်ပေါ်လာတဲ့ အသံပါ။

အဲ့ဒီ့နောက်တော့ အရာအားလုံးဟာ သဘာဝတရားရဲ့ အသံတို့က လွဲပြီး တိတ်ဆိတ်ငြိမ်သက်လို့ပေါ့…။

*******

‘ မောင်ကြီးရာ မင်းမို့လို့ လုပ်ရက်တယ်ကွာ…’

အဘတုတ်က မောင်ကြီးကို ပြောလိုက်တယ်။ ဒီအခါမှာ အဘိုးထွေးက…။

‘ တကယ်ဆိုကွာ အင်းစောင့်မောင်နှမက ငါတို့ရဲ့ ကျေးဇူးရှင်တွေကွ။ သူတို့ခမျာ သူတို့ရဲ့ လုပ်သားတွေဖြစ်တဲ့ ငါတို့တတွေကို အဖေကစလို့ သားအထိ ဒီအင်းစောင်းကြီးမှာ လုပ်ကိုင်ခွင့်ပေးခဲ့တာ။ ဒါကို မင်းက အခုလိုလုပ်တော့ ဘယ်ကောင်းပါ့မလဲ…’

သက်ကြီးဝါကြီးနှစ်ယောက်ရဲ့ ဆူပူမှုကို မောင်ကြီး ခေါင်းငုံ့မျက်ရည်ကျရင်း ခံနေရှာတယ်။

အပြစ်လုပ်သူမှ ထွက်ပေါ်မလာရင် နှစ်ရွာလုံး ဒုက္ခရောက်ရမယ်ဆိုတော့ မောင်ကြီးတစ်ယောက် မနေသာတော့။

သူသေချင်သေပါစေတော့။ အင်းစောင့်မောင်နှမက အပြစ်ပေးသမျှတို့ကို ခံယူမယ်ဆိုပြီး သူလုပ်မိတာ ဖြစ်ကြောင်း ပြောပြလိုက်တယ်။

ဒီအခါမှာတော့ အားလုံးက မောင်ကြီးကို အပြစ်ဝိုင်းဆိုကြတော့တာရယ်။

တကယ်တမ်းတော့ မောင်ကြီးဟာလည်း ရိုးသားသူတစ်ယောက်ပါ။ ဆရာညိုတို့ ဆရာတပည့်က စည်းရုံးကောင်းတာမို့ သူ လောဘဝင်ရပြီး လိုက်သွားမိခဲ့တာရယ်။

‘ ပေးထားတဲ့ အချိန်က ဒီညနေဆို ပြည့်တော့မယ်။ ကိုဘိုးထွေး။ သူ့ကို ဒီညနေ မတိုင်ခင်ဘဲ အင်းစောင့်တို့ဆီကို အပ်ကြတာပေါ့…’

ရွေးချယ်စရာမရှိကြဘူးလေ။

မောင်ကြီးကို ကြိုးနဲ့ တုပ်နှောင်လိုက်ကြတယ်။ ပြီးတော့ အင်းအစပ်ရေဆိပ်ဆီကို ရွာနှစ်ရွာက လူစုလူဝေးကြီးနဲ့ ခေါ်လာကြတယ်။

မောင်ကြီးရဲ့ မိန်းမ မိဒေါင်းနဲ့ သူ့သားလေး ဖိုးပေတို့က မောင်ကြီးအတွက် ငိုကြွေးကြတာပေါ့။

ရွာအထွက်ကို ရောက်တော့ အုန်းလက်မြင်းကြီးကို စီးပြီး ခုန်ပေါက်ပြေးလာတဲ့ သူရူးတစ်ယောက်နဲ့ ဆုံလေတယ်။

သူရူးက လူအုပ်ကြီးကိုမြင်တော့ ခုန်ပေါက်နေတာကို ရပ်လိုက်ပြီး စူးစမ်းကြည့်တယ်။ ပြီးတော့ မနေနိုင်မထိုင်နိုင်နဲ့ တစ်ယောက်အနားကို လှမ်းသွားပြီး…။

‘ ဟေ့…နင်တို့ သူ့ကို ကြိုးတုပ်ပြီး ဘာလုပ်ကြမလို့လဲဟင်…’

သူရူးကပ်သွားပြီး မေးတဲ့သူက သူရူးကို တစ်ချက်လှည့်ကြည့်လာပြီး…။

‘ သူက အင်းစောင့်မောင်နှမအပေါ် အပြစ်လုပ်လို့ သူ့ကို အခု အင်းစောင့်မောင်နှမဆီ သွားအပ်မလို့…’

‘ ဟင်…’

မေးမြန်းခံရသူက ပြောပြီး အရှေ့က လူအုပ်ကြီးအနောက်ကို ဆက်လိုက်သွားတယ်။ သူရူးကလည်း မရမက လိုက်သွားပြီး…။

‘ အပ်ပြီးရင် သူ့ကို အဲ့ဒီ့အင်းစောင့်တွေက ဘာလုပ်ကြမှာလဲ…’

‘ သူ့ကို သတ်ပစ်ပြီး စားပစ်မှာပေါ့…’

‘ ဟာ…ဒါဆို သူက သေသွားမှာပေါ့…’

‘ အင်းပေါ့…’

သူရူးက သူ့ခေါင်းသူ ကုတ်တယ်။ ပြီးတော့ လူအုပ်ကြီးကို ကျော်ပြီး အရှေ့က ကြိုးတုပ်ခံထားရသူကို ခုန်ဆွဆွနဲ့ လှမ်းကဲကြည့်တယ်။ အသေအချာမမြင်ရဘူး။

‘ ဒါဆို ဟိုက မိန်းမနဲ့ ကလေးက သူသေမှာမို့ ငိုနေတာပေါ့။ အမလေးလေး…
ငါ သူတော်လေး စိတ်မကောင်းဖြစ်လိုက်တာ…အီး…ဟီး…ဟီး…’

သူရူးက ရေရွတ်ပြီး ရှိုက်ကြီးတငင်ငိုကြွေးတယ်။

အမေးခံရသူကတော့ သူရူးကို စိတ်ပျက်စွာကြည့်ရင်း ဘာမှမပြောတော့ဘဲ ခြေလှမ်းကို ခပ်သွက်သွက် လှမ်းထွက်လိုက်တယ်။

ဒါပေမယ့်လည်း သူရူးက ထပ်ချပ်မကွာ လိုက်လာခဲ့ပြီး အနားရောက်တော့ တစ်စုံတစ်ခုကို တွေးမိသွားဟန်နဲ့ အငိုတိတ်လို့ တဟဲဟဲ ရယ်လေကာ…။

‘ ဟေ့…ဟေ့ အဟီး။ ဟေ့ ဟေ့…ငါသူတော်လေးတစ်ခု အကြံရတယ်။ ဟိုလေ…သူမသေအောင် ငါသူတော်လေးက သူ့အစား သေပေးမယ်လေ…’

‘ ဟာ…ခင်ဗျားကလည်း ဘယ်လိုလုပ်ရမှာလဲ။ သူ အပြစ်လုပ်တာ သူခံရမှာပေါ့…’

‘ ဪ…အဲ့ဒီ့လိုလား။ ဘယ်လိုလဲ မသိဘူးနော်…’

သူရူးက ခေါင်းကို ကုတ်ရင်း တွေးမရဟန်နဲ့ ကျန်ရစ်ခဲ့တယ်။

အဲ့ဒီအချိန် လူအုပ်ကြီးက မောင်ကြီးကို ခေါ်ပြီး အင်းအစပ်နားကို ရောက်လေပြီ။

‘ အစ်မတော်စိန်ပန်းနဲ့ အကိုလေးကျခတ်တို့ခင်ဗျာ။ အစ်မနဲ့ အကိုတို့အပေါ် အပြစ်လုပ်သူကို ကျုပ်တို့ ဖော်ထုတ်နိုင်ခဲ့ပါပြီ။ သဘောအရှိတိုင်းသာ အရေးယူပါချေတော့…’

အဘတုတ်က အင်းစပ်ကနေ သစ်ခြောက်ပင်ဘက်ကို လှမ်းမျှော်ပြီး ပြောလိုက်တယ်။

‘ ကဲ…သူ့ကို သူ့လှေပေါ်ဆီ တင်လိုက်။ ပြီးရင် အင်းထဲ မျှောလိုက်တော့…’

မောင်ကြီးကို ကြိုးတုပ်ရက်နဲ့ သူပိုင်ဘောက်တူလှေလေးအပေါ်ဆီ တင်လိုက်ကြတယ်။

‘ မိဒေါင်း…ငါမရှိတော့ရင် နင်နဲ့ သားလေး အဆငိပြေအောင် နေကြပါနော်…’

မောင်ကြီးက သူ့ရဲ့ နောက်ဆုံးစကားအဖြစ် မိဒေါင်းတို့သားအမိကို မှာလေတယ်။ မိဒေါင်းတို့သားအမိမှာ မောင်ကြီးအတွက် မျက်ရည်မဆည်နိုင်လောက်အောင်ပဲ။ နှစ်ဖက်ရွာသူရွာသားတွေလည်း သူတို့ကို ကြည့်ပြီး မခံစားသာကြဘူး။ သူတို့လည်း မတတ်သာလို့သာ လုပ်ကြရတာလေ။

‘ ကဲ…မျှောလိုက်တော့ကွာ…’

အဘတုတ်ဆီက စကားသံ။

မောင်ကြီးကို လှေပေါ်ဆီ တင်နေတဲ့ ရွာသားတစ်စုက လှေကို အင်းထဲဆီ တွန်းလွှတ်လိုက်တယ်။

လှေက အင်းထဲကို မျောသွားတယ်။ အစက အသာအယာမျောနေရင်း နောက်တော့ ရုတ်တရက်ကြီး ထူးဆန်းစွာနဲ့ တစ်စုံတစ်ခုက ဆွဲယူလိုက်သလို သစ်ခြောက်ပင်ဆီကို ချောခနဲ ပြေးထွက်သွားတယ်။

‘ ဟာ…’

အကုန်လုံး အံ့အားသင့်ကုန်ကြတယ်။ အဲ့ဒိ့အချိန် အားလုံးရဲ့ နောက်ပါးဆီက သူရူးက အရှေ့ဆီကို တိုးတက်လာလေပြီး လှေဆီကို စူးစိုက်ကြည့်လို့ မန္တာန်တစ်ပုဒ်ကို တီးတိုးရွတ်ဆိုလေတယ်။ လှေဟာ တရှိန်ထိုးသွားနေရာက တန့်သွားပြီး အနောက်ဆီကို တရှိန်ထိုး ပြန်လာလေတယ်။

‘ ဟာ…လှေ…လှေက ဒီဘက်ကို ပြန်လာနေပြီ…’

ဒါကို မြင်တော့ သူရူးက သဘောကျပြီး တဟီးဟီး ထရယ်လိုက်လို့…။

‘ အဟေး…သူမသေတော့ဘူး။ သူ မသေတော့ဘူး…ဟေ့…ဟေ့…’

သူရူးက ဟစ်အော်ပြီး ကခုန်လေတော့တယ်။

လှေက ကမ်းဆီကို တရှိန်ထိုး ပြန်ဆိုက်ကပ်လာတယ်။

အဲ့ဒိ့အချိန်…။

‘ ဘယ်သူလုပ်တာလဲ….ဒါ ဘယ်သူလုပ်တာလဲ…’

လူအုပ်ထဲက အသံနက်ကြီးနဲ့ ထအော်တာ။

အားလုံး အသံရှင်ကို ကြည့်မိကြတော့ ဟိုတစ်နေ့တုန်းက အင်းစောင့်တို့ ဝင်ပူးခံရတဲ့ မိနိးမကြီး။ အသံက အင်းစောင့်အငယ်ရဲ့ အသံ။

‘ ငါတို့ လှေကို ဆွဲနေတာကို တစ်ယောက်ယောက် ဝင်ပြီး နှောက်ယှက်တယ်။ သတ္တိရှိရင် ခိုးကြောင်ခိုးဝှက်မလုပ်စမ်းနဲ့။ အရှေ့ထွက်လာခဲ့…’

ဒေါသတကြီး ကြိမ်းမောင်းတယ်။

သူရူးကတော့ ဘာကိုမှ ဂရုမမူ။ သူ့ဘာသာ ကခုန်နေဆဲပဲ။

‘ ထွက်မလာဘူးပေါ့။ ရတယ်…ငါတို့ ဒီကောင့်ကို ဒိနားတင် သတ်စားလိုက်တာပေါ့…’

‘ ဟင်…’

ကခုန်နေတဲ့ သူရူး ရပ်တန့်သွားတယ်။

မိန်းမကြီးဆီက ရိပ်ခနဲ ထွက်လာတဲ့ အင်းစောင့်ကျခတ်ရဲ့ ရိပ်က မောင်ကြီးဆီကို လွင့်ခနဲ။

ဒါပေမယ့် သူရူးက လက်ညှိုးညွှန်ပြီး မန္တာန်ရွတ်လို့ ဖနောင့်တစ်ချက်ပေါက်ချလိုက်ပြီး…။

‘ ဟဲ့…သီလပုဏ္ဏက မန္တာန်စောင့်တွေ သူ့ကို တားကြစမ်း…’

သူရူးရဲ့ အမိန့်သံအဆုံး မောင်ကြီးရဲ့ အနားဆီကို ရောက်လုရောက်ခင်ဖြစ်နေတဲ့ အင်းစောင့်ကို မြေကြီးထဲက တိုးထွက်လာတဲ့ မန္တာန်စောင့်ပုဏ္ဏကဘီလူးက ဆွဲချလိုက်တာမို့ မြေဆီကို ဖြုတ်ခနဲ ပြုတ်ကျသွားတယ်။ ပြီးတော့ လက်တွေခြေတွေကို မန္တာန်စောင့်ဘီလူးက ချုပ်နှောင်လိုက်လေတယ်။ အဲ့ဒိအခိုက်…

‘ မောင်လေး…’

အင်းထဲဘက်က ဟစ်အော်သံနဲ့အတူ လွှားခနဲ လွင့်ပါးလာတဲ့ အင်းစောင့်စိန်ပန်းရဲ့ အရိပ်။

ဒါပေမယ့် အခုနက သူရူးစေထားတဲ့ မန္တာန်ရဲ့ အဟုန်က မကုန်သေးတာမို့ ရေပြင်ဆီက နောက်ထပ် မန္တာန်စောင့်ဘီလူးနှစ်ကောင်တိုးထွက်လာပြီး လွင့်ပါးလာတဲ့ စိန်ပန်းကို ဆီးကြိုလို့ ချုပ်နှောင်ဖမ်းဆီးလိုက်ပါတယ်။

‘ မန္တာန်အစောင့်တို့ ဒီလူသားတွေကို အကြားအမြင် ခေတ္တခဏ ပိတ်ပင်ထားပေးပါ…’

သူရူးဆီက အမိန့်စကားသံ။

အဲ့ဒီ့ခဏမှာပဲ ရွာနှစ်ရွာပေါင်းထားတဲ့ လူအုပ်ကြီးဆီက ဘာကိုမှ မမြင်၊ မကြားရတော့ကြောင်း ပြောဆိုတဲ့ အသံတွေ စီညံအောင် ထွက်ပေါ်လာပါတော့တယ်။

*******

‘ ငါတို့ကို လွှတ်ပေးစမ်း…ငါတို့ကို လွှတ်…နင်ဘယ်သူလဲ…’

မန္တာန်စောင့်တို့ ချုပ်နှောငိထားတဲ့ စိန်ပန်းတို့ မောင်နှမဆီက ရုန်းရင်းဆန်ခတ် အော်ဟစ်သံတွေ ထွက်ပေါ်လာတယ်။

‘ စိတ်မဆိုးကြပါနဲ့ အင်းစောင့်ကြီးတို့ မောင်နှမရယ်။ ငါသူတော်လေးကို ဘယ်သူလဲဆိုတော့ ငါသူတော်လေးက နတ်သားလေးပါကွယ့်။ အခုလို ငါသူတော်နတ်သားလေး နင်တို့အရှေ့မှာ ကိုယ်ထင်ပြလာရတဲ့ အကြောင်းကတော့ နင်တို့မောင်နှမနှစ်ယောက် အပြစ်ထပ်ပြီး လုပ်မိမှာစိုးလို့ပဲ။ ငါသူတော်လေးပြောတာ နင်တို့ သိကြသလား…’

‘ မသိဘူး ငါတို့ နားမလည်ဘူး။ ဒီကောင်တွေ ငါတို့ကို စော်ကားတာ။ ငါတို့ရဲ့ ဥစ္စာကို လိုချင်တာ အပြစ်ပေးသင့်လို့ ငါတို့ ပေးတယ်…နင် ဝင်မပါနဲ့…’

‘ ငါ သူတော်လေးအပေါ် နင်တို့က ကြမ်းတမ်းရိုင်းစိုင်းလိုက်တာ။ အင်း…ထားပါတော့ ငါသူတော်လေး စိတ်ဆိုးလို့ တစ်ခုခုလုပ်ရင် အပြစ်က ထပ်တိုးပြီး နတ်သားမဖြစ်ဘဲ နေမယ်။ ဒီတော့ နင်တို့ကို သေသေချာချာပဲ ပြောပြတော့မယ်။ တစ်ခါတုန်းက သူဋ္ဌေးကြီးတစ်ယောက်ရှိတယ်ကွယ့်။ သူက သေသွားရင် သူပိုင်ဆိုင်တာတွေ ယူသွားချင်တာကြောင့် မြေကြီးထဲမှာ မြှုပ်နှံခဲ့တယ်။ တကယ်တမ်း သူသေသွားတော့ ဥစ္စာစွဲလန်းစိတ်နဲ့ သူဋ္ဌေးကြီးက သူမြှုပ်နှံခဲ့တဲ့အနားမှာ ပြိတ္တာကြီးဖြစ်သွားကော။ ပြိတ္တာကြီးဖြစ်သွားတော့ သူဟာ သူ့ပစ္စည်းတွေကိုလည်း ထိကိုင်မရ၊ အသုံးပြုလို့လည်း မရ။ အစားသောက်ကလည်း ဆင်းရဲ၊ နေရတော့လည်း မြေပေါ်မှာ ပုရွက်တွေ အုံကျင်းနဲ့ ကိုက်ခဲတာကို ခံရပြန်ကော။ ဒါပေမယ့် သူဋ္ဌေးကြီးက ပြိတ္တာကြီးဘဝမှာ နှစ်လေးဆယ်လောက်နေခဲ့ပြီးနောက်မှာ သူစွဲလန်းတာတွေကို မထိရမကိုင်ရနဲ့ ဒုက္ခဆင်းရဲ ခံနေရတာကို စိတ်ကုန်ခမ်းလာရတယ်။ ဒါကြောင့် သူနေတဲ့အနားကနေ ရဟန်းတော်တစ်ပါး ဖြတ်သန်းလာချိန် ပုစ္ဆာတချို့ အမေးအဖြေလုပ်ပြီးတော့ လွတ်မြောက်ရာကို မေးချိန်မှာ ဒါနကုသိုလ်ကို သိရတယ်။ ဒါနဲ့ သူဋ္ဌေးကြီးဟာ သူပိုင်တဲ့ ပစ္စည်းကို ရဟန်းဆီအပ်နှံပြီး သံဃာတစ်ဝက်၊ လူပုဂ္ဂိုလ်တစ်ဝက်ဒါနပြုစေတယ်။ သူ အပ်နှံတဲ့ ရဟန်းတော်ဟာ ရရှိတဲ့ ပစ္စည်းတွေကို သူဋ္ဌေးကြီးအတွက် လိုအပ်တဲ့ ဒါနကုသိုလ်တွေ ပြုပေးတော့ သူဋ္ဌေးကြီးဟာ ပြိတ္တာဘဝကနေ ကျွတ်လွတ်ပြီး ချမ်းသာရာကို ရခဲ့တယ်တဲ့ကွယ့်…ကဲ…ငါသူတော်လေး ပုံပြင်က ဒါပါပဲ…ဟီး…ဟီး…’

သူရူးက ရယ်မောလိုက်တယ်။

စိန်ပန်းတို့ မောင်နှမကတော့ သူရူးစကားကို လိုက်မရယ်နိုင်ကြဘူး။

သူတို့ လူ့ဘဝတုန်းက အတိတ်တွေကို ပြန်မြင်ယောင်မိကြတယ်။

ငါးတွေအကြားမှာ ပျော်ရွှင်နေတဲ့ သူတို့မောင်နှမ။

အကုသိုလ်အလုပ်တွေထဲ နေ့စဉ်ဖြတ်သန်းခဲ့ပြီး ရုသိုလ်ရေးတစ်ခုမှ မရှိခဲ့ဘူး။

တစ္ဆေဘဝမှာလည်း သူတို့ ဥစ္စာအပေါ် ကြောင့်ကျစိတ်နဲ့ သူတကာကို ခြောက်လှန့်ခဲ့တယ်။ ကိုယ့်ရဲ့ ငယ်သားတွေဖြစ်တဲ့ စိန်ပန်းနဲ့ ကျခတ်ရွာက သူတွေက လွဲပြီး သူစိမ်းသူရံတွေကို စော်ကားတယ်ထင်ရင် အသေသတ်တာမျိုးအထိ လုပ်ခဲ့ကြတယ်။ ဒါပေမယ့် အခု သူရူးပြောသလိုပဲ ဒီဥစ္စာတွေကို သူတို့ ထိကိုင်သုံးစွဲခွင့် မရရှိကြဘူး။

သူတို့မှားနေပြီ။

သူရူးက သူတို့ကို လမ်းပြပေးသူပဲ။

‘ ဟဲ့…နင်တို့ အိပ်ပျော်သွားကြတာလား။ ငါသူတော်လေးပြောတဲ့ ပုံပြင်ကို နားထောင်ပြီးရင်လည်း ကောင်းမကောင်းလေးတော့ ဝေဖန်ဦးပေါ့။ အခုတော့ အားနာပါးနာတောင် မရှိကြပါလား…ငါသူတော်လေး ငိုမိတော့မယ်…အင့်…ဟင့်…ဟင့်…’

သူရူးက ပြောပြီး ငိုမဲ့ဟန်ကို ပြုတယ်။ ဒိအချိန်မှာ အင်းစောင်အငယ်ဖြစ်တဲ့ ကျခတ်က…

‘ ကျုပ်တို့မှားခဲ့ပြီ သူတော်ရယ်…’

‘ ဟင်…’

‘ ဟုတ်ပါတယ် သူတော်။ ကျုပ်တို့ တကယ်မှားပါတယ်တော်…’

အင်းစောင့်မောင်နှမ မျက်ရည်တွေ စီးကျလာတယ်။

သူတော်ကလည်း ဒါကို ကြည့်ပြီး ရှုံ့မဲ့မဲ့ဖြစ်လို့…။

‘ နင်တို့ကလည်း မငိုနဲ့လေ။ ငါသူတော်လေးလည်း ငိုမိတော့မယ်။ ဘိုးသိကြားက ပြောတယ်။ နင်တို့နှစ်ယောက် ကျွတ်လွတ်ဖို့က မကြာတော့ဘူးတဲ့။ ဒါကြောင့် နင်တို့ကြောင့် သွေးစွန်းတာတွေ ထပ်မဖြစ်ပါစေနဲ့တဲ့။ ဒါကြောင့် ငါသူတော်လေးက ဝင်တားတာ…’

‘ ကျေးဇူးတင်ပါတယ် သူတော်ရယ်။ ကျုပ်တို့ မငိုတော့ပါဘူး။ ကျုပ်တို့တကယ့်စိတ်ရင်းနဲ့ကို ကျွတ်လွတ်ချင်ပါပြီ။ စိတ်ချပါ ကျုပ်တို့ကြောင့် သွေးစွန်းတာတွေ ထပ်မဖြစ်စေရတော့ပါဘူး…’

‘ နင်…နငိတို့ တကယ်ပြောတာလား…’

‘ တကယ်ပါ သူတော်ရယ်…’

‘ ဒါဆိုရင်တော့ ငါသူတော်လေး ဝမ်းသာမိပါပြီ…’

‘ သူတော်ပြောသလို ကျုပ်တို့ အမြန်ဆုံး ကျွတ်လွတ်အောင် နေပါ့မယ်…’

‘ ကောင်းပါပြီလေ။ ဒါဖြင့်လည်း နင်တို့ သွားလို့ရပါပြီ…’

အင်းစောင့်မောင်နှမဆီက ကတိစကားအဆုံး ချုပ်နှောင်ထားတဲ့ မန္တာန်စောင့်ဘီလူးတွေ ရိပ်ခနဲ ကွယ်ကုန်တယ်။

အင်းစောင့်မောင်နှမ ထရပ်လိုက်ကြတယ်။

နောက်တော့ သူတို့နေထိုင်ရာ အင်းအလယ်က သစ်ခြောက်ပင်ကြီးဆီကို လွင့်ခနဲ ပြန်သွားကြလေတယ်။

သူရူးလည်း မောင်ကြီးကို ကြည့်လုိ့ လက်ဖျစ်တစ်ချက်တီးလိုက်တယ်။ တုပ်နှောင်ထားတဲ့ ကြိုးတွေအကုန်ပြေကုန်လေရဲ့။

အဲ့ဒီ့နောက်တော့ သူရူးဟာ မမြင်၊ မကြားရလို့ ရုတ်ရုတ်သည်းသည်းဖြစ်နေတဲ့ လူအုပ်ကြီးကို ကျောခိုင်းပြီး ထွက်ခဲ့လိုက်တယ်။

အတော်ဝေးဝေးဆီကို ရောက်ချိန်မှာတော့ ကျောခိုင်းရက်က မြင်စေကြားစေလို့ ပြောပြီး လက်ဖျစ်တီးရင်း အဝေးကို ပြေးထွက်သွားပါတော့တယ်။

*******

နှစ်တချို့ ကြာခဲ့ပါပြီ။

အခုများမှာတော့ စိန်ပန်းရွာကော ကျခတ်ရွာပါ နှစ်ရွာစလုံး စည်ကားသိုက်မြိုက်နေပါပြီ။

တကယ်လို့များ အင်းစောင်းကြီးဆီကို အလည်သွားမယ်ဆိုရင်တော့ ရွာနှစ်ရွာထိပ်က စေတီဖြူဖြူလေးတွေကို ဦးဆုံးဖူးမြင်နိုင်မှာဖြစ်ပြီး စိန်ပန်းရွာဆီမှာတော့ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကိုပါ မြင်တွေ့နိုင်ပါတယိ။

အဲ့ဒိ့ကျောင်းဆီမှာ ကျောင်းထိုင်သူကတော့ သက်တော်ခြောက်ဆယ်အရွယ်ရှိနေပြီဖြစ်တဲ့ တစ်ချိန်က မောင်ကြီးဘဝကနေ အင်းစောင့်မောင်နှမဖြစ်စဉ်အပြီး လူဝတ်ကြောင်ဘဝကို စွန့်ခဲ့တဲ့ ဆရာတော်ဥူးသိက္ခာပါပဲ။

အင်းထဲကတော့ သစ်ခြောက်ပင်ကြီးကတော့ မရှိတော့ပါဘူး။ စေတီနှစ်ဆူနဲ့ ကျောင်းကြီးကို တည်ပြီးချိန် တစ်ညသားမှာ ပင်စည်က ကျိုးကျပြီး အင်းရေပြင်ဆီကို နစ်ဆင်းသွားခဲ့ပြီဖြစ်ပါတယ်။

ပြီးပါပြီ။

နောင်ရိုး(ဆေးတပ်)

#တုတ်ပီးဓားပီးငထွားထောင်တွင်းဂမ္ဘီရဝတ္ထုများအတွက် မန်ဘာဝင်ကြေး ၃၀၀၀ ကျပ်ဖြင့် ဝင်ရောက်နိုင်ပါတယ်ခင်ဗျာ🙏🙏🙏