အဘအောင်ကို ကတိပေးထားရသည်။
xxx xxx xxx
နေသာသော နေ့တစ်နေ့တွင် ဖြစ်သည်။
“ဆရာလေး … ဆရာလေး”
“လာပြီဗျို့ … လာပြီ”
ကျွန်တော် အိမ်ထဲမှ ထွက်လာသောအခါ အိမ်ရှေ့တွင် အဘအောင်နှင့် အသက်(၄ဝ)ခန့် ပါးစပ်ထဲတွင် ကွမ်းချေးများကပ်နေသော လူတစ်ယောက်ကို တွေ့ ရသည်။
“လာလေ … အဘ၊ အထဲဝင်လေ”
“ဒီလိုပါ ဆရာလေး။ သူက ကျော်ဇံလှပါ။ သူ့သခွားခင်းထဲမှာ ညဘက်ကျရင် တောဝက်တွေဝင်လာပြီး ဖျက်,ဖျက်နေတာ (၃-၄)ရက်ရှိပြီ။ အတော်ပျက်စီးကုန်တယ်လို့ ပြောတယ်။ အဲဒါ ဆရာလေးတို့ ည ဘက်ကျရင် တောဝက်ပစ်ပေးပါလား”
“အဘ ကျွန်တော်တို့မှာ ပစ်စရာသာ ရှိကြတာ။ ဟုတ်တိပတ်တိ အမဲလိုက်ကျွမ်းတာ မဟုတ်ဘူး အဘရဲ့။ နောက်ပြီး အခုလို ညဘက်ပစ်မယ်ဆိုတာလဲ ကျွန်တော်တို့ တစ်ခါမှ ပစ်ဖူးကြတာ မဟုတ်ဘူး”
“အေးပါ. . . အဘလဲ နားလည်ပါတယ်။ ဒါပေမယ့် ဆရာလေးတို့ အကူအညီပေးမယ်ဆိုရင် အဘ စီစဉ်ပေးပါ့မယ်။ ပစ်မယ်ဆိုတာက လင့်ထိုးပြီး ပစ်မှာကို ပြောတာပါ။ အန္တရာယ်နဲ့လဲ ဝေးပါတယ်။ နောက်ပြီး ဆရာလေးတို့လည်း အတွေ့အကြုံရတာပေါ့။ ဆရာလေးတို့ သေနတ်သာ ပြင်ထားပါ။ ပစ်ဖို့ကိစ္စအားလုံး အဘ စီစဉ်ပေးပါ့မယ်”
ကျွန်တော်က ကျွန်တော့်ရဲဘော်များနှင့် ဆွေးနွေးကြည့်သည်။ အားလုံး သဘောတူကြသည်။
သို့သော်လည်း လင့်ထိုးပစ်ခြင်းသည် လူများလျှင် တောကောင်တွေအတွက် အသိပေးသလိုဖြစ်နေတတ်သောကြောင့် အဘအောင်ကို ကြိုမေးရသည်။
“အဘ ကျွန်တော်တို့အားလုံး လိုက်လို့မရဘူး ထင်တယ်”
“ဟာ. . . အားလုံးတော့ ဘယ်ဖြစ်မလဲ။ နှစ်ယောက်တည်းလိုက်ပါ။ လူများရင် မကောင်းဘူး”
“ဒီလိုဆိုရင် ကျွန်တော်နဲ့ ကိုမင်းနောင်နဲ့ လိုက်မယ်။ အဘ ဘယ်အချိန်လာခေါ်မလဲ”
“အင်း . . . အဘ နေမစောင်းခင် ခပ်စောစောကလေး လာခေါ်မယ်လေ”
အဘအောင်နှင့် ကိုကျော်ဇံလှတို့ ပြန်သွားပြီးနောက် ကျွန်တော်နှင့် ကိုမင်းနောင်တို့နှစ်ယောက် ညဘက် အမဲပစ်ရေးအတွက် ယူစရာရှိသည်များကို ယူကြရန်ပြင်ဆင်ကြသည်။
ကျွန်တော့်အပေါင်းအသင်း ကိုမင်းနောင်သည် တစ်ချိန်က မြစ်ဝကျွန်းပေါ်ဘက်တွင် မိချောင်းဖမ်းသောအလုပ်ကို အတော်ကြာအောင် လုပ်ခဲ့ဖူးသည့်အပြင် အမဲလိုက်ခြင်းအလုပ်ကိုလည်း ကျွန်တော့်ထက်စာလျှင် ဝါရင့်သူတစ်ယောက်ဖြစ်၍ သူနှင့်ကျွန်တော် တွဲမိကြခြင်းဖြစ်သည်။
xxx xxx xxx
ကျွန်တော်တို့နှစ်ယောက်ကို အဘအောင် လာခေါ်သောအချိန်သည် ညနေ (၄)နာရီသာသာခန့်တွင် ဖြစ်သည်။
ကျွန်တော်တို့ ထမင်းကို စောစောစားကြပြီး ညဘက်ဆာလျှင် စားရန်အတွက် ပြောင်းဖူးပြုတ်များကိုလည်း ငှက်ပျောဖက်နှင့်ထုပ်ကာ ထည့်လာခဲ့ကြသည်။
ကိုမင်းနောင်သည် သားကောင်ကြီးများသာ ပစ်ရန်အတွက် သုံးလေ့သုံးထရှိသော ပွိုင့်တူးတူး ကျည်ဆန်အပြင်းစားများကို လက်တစ်ဆုပ်စာ ထည့်လာခဲ့သည်။
ကျွန်တော်တို့သည် ကိုကျော်ဇံလှ သခွားခင်းသို့ (၂)နာရီနီးပါးမျှ တောလမ်းအတိုင်း လျှောက်လာခဲ့ကြရသည်။ ရောက်လာသောအခါ သစ်တိုပင်ကြီးတစ်ပင်၏ မြေပြင်မှပေ(၂၀)သာသာခန့်လောက်တွင် အခိုင်အခံ့ဆောက်ထားသော လင့်ကို တွေ့လိုက်ကြရသည်။
“တောကောင်တွေ ညဘက်လာဖျက်ထားတာတော့ မြင်တဲ့အတိုင်းပဲ ဆရာလေး။ သခွားပင်တွေလည်း ကိုက်ဝါးထားတယ်။ မြေကြီးတွေလဲ ဖွာလန်ကြဲနေအောင် ထိုးဆွထားတယ်။ တစ်ညလောက် ဆော်လိုက်ရင်တော့ ဒီကောင်တွေ လန့်သွားမှာပါ”
ကျွန်တော်တို့သုံးယောက်သည် နေလုံးမပျောက်မီမှာပင် လင့်ပေါ် သို့ ရောက်နေကြပြီးဖြစ်သည်။
အဘအောင်သည် တမာရိုးကလေးကို သွားကြားထိုးရင်း လင့်ပေါ်တွင်မှီလျက် မှိန်းနေသည်။ ကိုမင်းနောင်က ဆေးလိပ်တိုတစ်တို ဖွာကာ ဇိမ်ကျနေသည်။
ကျွန်တော့်မှာ တစ်ခါဖူးမျှ လင့်မပစ်ဖူးသော အတွေ့အကြုံကြောင့် စိတ်ထဲမှာ တစ်မျိုးဖြစ်နေမိသည်။ ငယ်စဉ်က ကြားဖူးဖတ်ဖူးသော လင့်ထိုးလျှင် တောခြောက်တတ်တယ်၊ နာနာဘာဝတွေ အောက်ကလာတတ်တယ်ဆိုသော အတွေးမျိုးဝင်လာပြန်သည်။
မည်သို့ဆိုစေ စိတ်ကိုငြိမ်အောင်ထားရင်း မှုန်မှိုင်းအုံ့ဆိုင်းနေသော တောတောင်များကိုကြည့်ကာ ကျွန်တော်သည် စိတ်ကူးတည့်ရာ လျှောက်တွေးနေမိသည်။
အလင်းရောင်များ တဖြည်းဖြည်း ငြိမ်သက်တိတ်ဆိတ်လာသည်။ ကျေးငှက်သာရကာတို့၏ အော်သံ၊ အိပ်တန်းတက်သံများသည်လည်း တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။
“တောက်. . . တောက်”
“တောက်. . .”
တောက်ခနဲ … တောက်ခနဲ အသံကို ဆက်ပြီး ကြားလာရပြန်သည်။ ကျွန်တော် လင့်ပေါ်တွင် မှိန်းနေသော အဘအောင်ကို လက်ကုတ်လိုက်သည်။ အဘအောင်က …
“ဘာလဲ ဆရာလေး၊ ဝါးခုတ်တဲ့လူတွေက အချိန်မတော်မှ ဝါးလာခုတ်တယ် ထင်လို့လား။ ဒီအရပ်မှာ ဝါးခိုးခုတ်တဲ့သူ မရှိပါဘူး ဆရာလေး။ အဲဒါ ဒေါင်းတွေ တစ်ကောင်နဲ့တစ်ကောင် အချက်ပေးနေကြတာပါ။
စောပါသေးတယ် ဆရာလေး။ (၈)နာရီ၊ (၉)နာရီလောက်မှ ဒီကောင်တွေ လာမှာပါ။ ဆရာလေးတို့ မှိန်းချင်ရင် မှိန်းပါဦးလား။ တော်ကြာ အိပ်ရမှာ မဟုတ် တော့ဘူး”
ထိုအခါတွင်ကျမှ ကျွန်တော်နှင့် ကိုမင်းနောင်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မှောင်မှောင်မည်းမည်းတွင်ကြည့်ကာ ပြုံးမိလိုက်ကြသည်။
ကျွန်တော်တို့နှစ်ယောက်လည်း လင့်ကျဉ်းကျဉ်းလေးပေါ်တွင် ကျောဆန့်ရန် တစ်ယောက်ကိုတစ်ယောက် အားနာနေသောကြောင့် အလကားနေ အလကားပင် ယူလာခဲ့သော ပြောင်ဖူးပြုတ်များကို ဆားနှင့်ပွတ်ကာ စားနေမိကြသည်။
“ကိုမင်းနောင် ဆီးသွားချင်ရင် စောစောလေး ဆင်းပြီး သွားထားနော်”
“ပြီးပါပြီ၊ လင့်ပေါ်မတက်ခင်ကတည်းက စောစောစီးစီး ကိစ္စရှင်းပြီးပါပြီ”
ကျွန်တော်တို့နှစ်ယောက် စကားပြောစရာမရှိသောကြောင့် ငြိမ်သက်သွားကြပြန်သည်။
အဘအောင်ထံမှ ဟောက်သံသဲ့သဲ့ပင် ထွက်ပေါ်လာသည်။ လဆန်းရက်ဖြစ်၍ ထွက်ပေါ်လာသော လရောင်ရေးရေးကြောင့် ပတ်ဝန်းကျင်တွင် အလင်းရောင်များ တဖြည်းဖြည်း တိုးဝင်လာသည်။
တိတ်ဆိတ်ငြိမ်သက်နေသော အမှောင်ထုနှင့်အတူ ကိုက်(၂၀- ၃၀)အကွာလောက်ဆီမှ ဒုတ်ခနဲ … ဒုတ်ခနဲ အသံများကို ကြားလာရပြန်သည်။
ကျွန်တော်နှင့် ကိုမင်းနောင်တို့ တစ်ယောက်ကို တစ်ယောက် လက်ကုတ်ကာ ငြိမ်လျက် နားစွင့်နေကြသည်။
ဒုတ်ခနဲ … ဒုတ်ခနဲ အသံများ ပျောက်သွားပြီးနောက် ရှူးခနဲ … ရှူးခနဲ ဝက်တစ်ကောင်၏ နှာမှုတ်သံကို ကြားလိုက်ရသည်။ ထိုအခါမှ ကျွန်တော်သည် အဘအောင်ကို လှုပ်၍နှိုးလိုက်သည်။ အဘအောင်သည် ဆတ်ခနဲ နိုးလာကာ အသံကို နားစွင့်နေလိုက်သည်။
“ဟုတ်တယ်. . . ဝက်တွေဝင်လာနေပြီ။ ဆရာလေးတို့ အသင့်ပြင်ထားပေတော့”
ကိုမင်းနောင်သည် ပွိုင့်တူးတူးကို အသင့်ကိုင်လိုက်ပြီး နာရီကြည့်လိုက်သည်။
“(၉)နာရီတောင် မထိုးသေးဘူးကွ”
ခဏအကြာတွင် စောစောက ရှူးခနဲ ရှူးခနဲ နှာမှုတ်သံများ ပျောက်ကွယ်သွားပြီးနောက် အိခနဲ အိခနဲ အော်သံများ အဆက်မပြတ် ထွက်လာပြန်သည်။
သည်တစ်ခါတော့ ကျွန်တော်သဘောပေါက်သွား သည်။ အိခနဲအော်သံများသည် ဝက်ပေါက်ကလေးများ တစ်ကောင်နှင့် တစ်ကောင် ဆော့ကစားရင်း အော်ကြသောအသံမှန်း နားလည်လိုက်သည်။ အသံများ တဖြည်းဖြည်း နီးလာသည်နှင့်အမျှ သခွားခင်းများအကြားတွင် ချိုးချိုးချွတ်ချွတ်နှင့် တိုးဝင်လာသော အသံများ ကြားနေရပြန်သည်။
ကျွန်တော်သည် နှစ်လုံးပြူးပြောင်းအတွင်းသို့ ကိုးလုံးကျည်နှစ်တောင့်ကို ထိုးထည့်ပြီး အခြေအနေကို အကဲခတ်နေမိသည်။
ချိုးချိုးချွတ်ချွတ်အသံများသည် တဖြည်းဖြည်းနီးလာလိုက်၊ ဝေးသွားလိုက်နှင့် ဖြစ်နေသည်။ ဝက်များသည် အခြေအနေကို အကဲခတ်ရင်း ဝင်လာဟန်တူသည်။
အသံများ နီးလာသည်နှင့်အမျှ စောစောက အိခနဲ အိခနဲ အသံများ ပျောက်သွားသည်။ ကိုမင်းနောင်က ပွိုင့်တူးတူးကို အသင့်ကိုင်ရင်း ဒူးတစ်ဖက်ထောက်ကာ ငြိမ်လျက်ထိုင်နေသည်။
လင့်နှင့် ဘေးတိုက် သခွားခင်းအစပ်မှ မည်းမည်း မည်းမည်းနှင့် တရွေ့ရွေ့တက်လာသော အကောင် များကို ကျွန်တော်တို့အားလုံး လှမ်းမြင်လိုက်ကြရသည်။
မည်းမည်းသဏ္ဌာန်များ နီးလာလိုက်၊ ဝေးသွားလိုက်နှင့် ခဏအကြာတွင် လင့်နှင့် (၁၄-၅) ကိုက်အကွာအထိ မည်းမည်းသဏ္ဌာန်သုံးခု တက်လာသည်ကို မြင်လိုက်ကြသည်။
တောဝက်များ၏ တရှူးရှူး နှာမှုတ်သံနှင့်အတူ သခွားပင်များကို တဖြုတ်ဖြုတ် ကိုက်ဝါးနေသံကို အတိုင်းသား ကြားနေရသည်။
သခွားခင်းသည် စင်နှင့် အခိုင်အခံ့မဟုတ်ဘဲ မြေပြင်မှ တစ်ပေသာသာခန့်တွင် ဝါးတန်း ဝါးခက် စသည်တို့နှင့် ထောက်ကာ ပြုလုပ်ထားခြင်းဖြစ်သည်။
ကျွန်တော်တို့သည် လင့်နှင့်တဖြည်းဖြည်းနီးကပ်လာမည့် အခြေအနေကို ငြိမ်၍ စောင့်ကြည့်နေကြသည်။
ထင်သည့်အတိုင်းပင် ထိုမည်းမည်းသဏ္ဌာန်များသည် (၁၀)ကိုက် အကွာလောက်အထိ တရွေ့ရွေ့တက်လာကြသည်။
အဘအောင်က ကျွန်တော်တို့နှစ်ယောက်ကို လက်ကုတ်၍ အချက်ပေးလိုက်သည်။ ကျွန်တော်တို့နှစ်ယောက်သည် သေနတ်မောင်းများကို ကျိတ်၍တင်လိုက်ပြီး ကိုမင်းနောင်ကို လက်ဝဲဘက်ကအကောင်ကို ပစ်ရန် လက်ဟန်ခြေဟန်ပြ၍ ထိုးချိန်ပြီး မောင်းကို ဆွဲညှစ်လိုက်သည်။
“ဒိုင်း. . . ဒိုင်း”
သေနတ်နှစ်လက်မှ သေနတ်သံများသည် တိတ်ဆိတ်ငြိမ်သက်နေသော ညကို ပြိုင်တူဖောက်ထွင်းထွက်သွားပြီးနောက် သေနတ်သံကြောင့် တောကောင်များ၏ တောပြိုသံ အော်သံများ ထွက်ပေါ်လာသည်။
အသံများသည် ခဏအတွင်း ပြန်လည်တိတ်ဆိတ်သွားပြန်သည်။
ကျွန်တော်တို့ ပစ်လိုက်သော မည်းမည်းသဏ္ဌာန်နှစ်ခုသည် သခွားခင်းများအကြားတွင် ဗြုန်းဗြုန်းဗြောင်းဗြောင်းမြည်အောင် လူးလှိမ့်နေကြပြီးနောက် တဖြည်းဖြည်း ငြိမ်သက်သွားကြသည်။
အဘအောင် ယူလာသော မီးတုတ်တွင် မီးညှိပြီး ကျွန်တော်တို့အားလုံး လင့်ပေါ်က ဆင်းလာကြသည်။
မီးရောင်အောက်တွင် မည်းပြောင်လျက်ရှိသော တောဝက်နှစ်ကောင်ကို သခွားပင်အကြားတွင် ငြိမ်သက်လျက်ရှိနေသည်ကို တွေ့လိုက်ကြသည်။ အဘအောင်သည် မီးတုတ်ကိုကိုင်၍ တစ်ကောင်ပြီးတစ်ကောင် ကြည့်ရင်း . . .
“ဆရာလေး ဓားမြှောင် ခဏပေးစမ်းပါ”
“ဘာလုပ်ဖို့လဲ အဘရ”
“ဒီကောင်ကြီးက ဝက်သိုးကြီး ဆရာလေးရ။ ဒီကောင်တွေကို အခုချက်ချင်းဖျက်မှာ မဟုတ်ဘူး။ မနက်ဖြန်မှ ဖျက်မှာဆိုတော့ နံကုန်လိမ့်မယ်။ ဒါကြောင့်မို့ မနံအောင်လုပ်မယ်”
အဘအောင်သည် ဝက်သိုးကြီး၏ သိုတံနှင့် သိုတံအရင်းနားရှိ အကျိတ်ကြီးကို ဖြတ်ထုတ်ပစ်လိုက်သည်။
“ကဲ. . . ဒါတွေတော့ မနက်ကျမှပဲ ကျော်ဇံလှတို့ လာယူကြမှာပေါ့။ ကျွန်တော်တို့ ဒီတစ်ည လင့်ပေါ်မှာပဲ ဒုက္ခခံကြတာပေါ့ ဆရာလေးရာ”
ကျွန်တော်တို့သုံးယောက်သည် ဟင်းကောင်းမစားရသည်မှာ ကြာပြီဖြစ်၍ မနက်ဖြန်အတွက် တောဝက်သားဟင်းနှင့် မြိန်မြိန်ကြီး စားကြရမည်ကို တွေးကာ ငိုက်လိုက် မှိန်းလိုက်နှင့် ထိုတစ်ညကို လင့်ပေါ်တွင် အချိန်ကုန်ခဲ့ပါတော့သည်။
– ပြီး –
စာရေးသူ – မောင်မြင့်မား(ဘိုကလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
မုဆိုး တံငါ စာပေများပေ့ချ်မှကူးယူဖော်ပြသည်
Leave a Reply