မြေစာပင်

နှင့် စားအိုးစားခွက် အချို့သာ အိမ်တွင်ရှိကြလေသည်။

“ဝုန်း”
ကျပြန်ပြီနောက်တစ်လုံး။ ဆယ်ဖောအမေသည် မောင်လေး အငဲကို ကောက်ချီကာ ပုဆိုးဖြင့် ကိုယ်တွင်ချည်နှောင်လေသည်။ မောင်လေး အငဲမှာ အသက် ၆ နှစ်ခန့်ရှိပြီဖြစ်သည်။ သို့သော်လည်း အပြေးမကျင်လည်သေးပေ။ ဆယ်ဖောလဲ ပြောစရာမလိုပေ၊ အိမ်မှာရှိတဲ့ အိုးခွက်တစ်ချို့နှင့် ဆန်နှင့် ငါးခြောက်တို့ကို ဆာလာအိတ်အပိုင်းတစ်ခုဖြင့် ထုပ်ကာ ကိုယ်တွင် ကြိုးတစ်ချောင်းနှင့်ချည်လိုက်လေသည်။ သူတို့ သားအမိသည် ငြိမ်သက်စွာဖြင့် ပတ်ဝန်းကျင်ကို နားစွင့်နေကြသည်။

“အမိုး ဒီးဒီး တို့အိမ်ဘက်ကို ကျတာနေမှာ”
ဆယ်ဖော ကခန့်မှန်းလိုက်သည်။ သူ့အမိုးကတော့ ဘာမှပြန်မပြော၊ သူ့မောင်လေးကို ချီထားရင်း မုန့်ဘူးအဟောင်းလေးထဲ ထည့်ထားသော ကွမ်းများကို ယူ၍ ကွမ်းယာနေသည်။

“တုတ် . . တုတ် . . တုတ်”
အုန်းမောင်းခေါက်သံများသည် အချက်ညီညီ ထွက်ပေါ်လာလေသည်။ ဆယ်ဖောတို့ သားအမိ မျက်စိပြုးသွားကြသည်။ အုန်းမောင်းခေါက်သည့် အသံမှာ ရွာကို စွန့်ခွာထွက်ပြေးခိုင်းသည့် အချက်ပေးအသံဖြစ်လေသည်။

ဆယ်ဖောတို့ သားအမိလဲ အိမ်ပေါ်မှ ဆင်းကာ ရွာရှိလူများစုရုံးကြသည့်နေရာသို့ ခြေကုန်ပြေးကြလေသည်။ ရွာမှ လူကြီးများ၊ ကလေးများ၊ ခွေးများ၊ ဝက်များသည် ရွာအနောက်ဖက်တွင် စုဝေးနေကြသည်။ ထိုနေရာလေးသည် ကွင်းပြင်အသေးစားလေးဖြစ်သဖြင့် မြင်ကွင်းရှင်းသည်။ ရွာလူကြီးများ တိုင်ပင်နေကြသည်။

“မနေ့က တောင်ပေါ်က စခန်းမှာ တိုက်ပွဲဖြစ်ကြတယ် . .ဒီနေ့တော့ အဲဒီတိုက်ပွဲရဲ့ အဆက်ပဲထင်တယ်။ ငါတို့ တောင်အောက်ခြေ လျှိုထဲက ဖြတ်ပြီး တောင်ဟိုဖက်ခြမ်းမှာ သွားရှောင်ကြမယ်။ အဲ့မှာ ဖိုးလုံးဂူရှိတယ်”

ရွာလူကြီးတစ်ယောက် ကအကြံပေးသဖြင့် အားလုံး လိုက်နာကြသည်။ ထို့နောက် ရွာရှိလူ ၁၆၀ လောက်အကုန်လုံး တောင်ခြေ လျှိုလေးထဲသို့ တန်းစီပြေးကြလေသည်။

“အမိုးရေ သမီးစာအုပ် ကျန်ခဲ့ပြီ”
ဆယ်ဖောက သူ့အမေကို လှမ်းပြောလိုက်သည်။ ထိုစာအုပ်သည် ဆယ်ဖောဘဝတွင် အဖိုးအတန်ဆုံးနှင့် ဆယ်ဖောအတွက် တန်ဖိုးအရှိဆုံးစာအုပ်ဖြစ်ပါသည်။ လွန်ခဲ့သောနှစ် ခရစ်စမတ်တွင် ခရစ်စမတ်လက်ဆောင်အဖြစ် ဆယ်ဖော ထိုစာအုပ်လေးကို ရရှိခဲ့လေသည်။ ဆယ်ဖောမှာ စာမတတ်ပါ။ သို့သော် ထိုစာအုပ်ထဲတွင် ရုပ်ပုံများအများအပြားပါသောကြောင့်ဖြစ်သည်။ ထိုစာအုပ်ထဲတွင် ဘုရားသခင်ရုပ်လဲပါသည်၊ ယေရှုရုပ်လဲပါသည်။ လူပုံများလဲပါသည်။ တိရစ္ဆာန်ပုံများလဲပါသည်။ ဆယ်ဖောသည် တစ်နေ့တာ အလုပ်များပြီးဆုံးသည့်အခါတိုင်း ထိုစာအုပ်ကို ထုတ်ဖတ်သည်။ ဆယ်ဖောသည် စာအုပ်ထဲတွင်ပါသည့် ပုံကလေးများကို ကြည့်ရတာ အလွန်ပျော်သည်။ စာအုပ် ဘယ်နေရာတွင် ဘာပုံရှိသည် ဆိုတာကို ဆယ်ဖော အလွတ်ရနေပြီဖြစ်သည်။

ဆယ်ဖောတွင် ရည်မှန်းချက်တစ်ခုရှိသည်။ တစ်နေ့တွင် သူမသည် ထိုကဲ့သို့ ရုပ်ပုံများ ရေးဆွဲတတ်လိုခြင်းဖြစ်သည်။ ဆယ်ဖော တို့ရွာတွင် စာသင်ကျောင်းမရှိပါ။ ဘုရားကျောင်းမရှိပါ။ တစ်ခါတစ်ရံသာ ဖာသာများ ရွာသို့လာတတ်သည်။ ခရစ်စမတ်ကာလဆို လျှင်တော့ ဆယ်ဖောတို့ လက်ဆောင်လေးတွေရကြသည်။ ဆယ်ဖော တွင် ခဲတံ မရှိပါ။ စာအုပ်မရှိပါ။ မီးသွေးနှင့် မြေကြီး၊ ဝါးထရံများသည် ဆယ်ဖောပန်းချီရေးဆွဲရာ ကိရိယာများဖြစ်ကြသည်။ ဆယ်ဖောသည် သူ့မောင်ကလေးနှင့် ဆော့ကစားသည့် အခါ ထင်းမီးသွေးတစ်ချောင်းဖြင့် နေပုံ၊ လပုံ၊ ကြယ်ပုံများ ရေးဆွဲပြလေ့ရှိသည်။

ထိုစာအုပ်လေးသည် ဆယ်ဖောအိမ်တွင် ကျန်နေခဲ့လေပြီ။ ဆယ်ဖောသည် ရွာနှင့် သိပ်မဝေးသောကြောင့် အိမ်ကိုပြန်သွားယူရန် ဆုံးဖြတ်လိုက်သည်။ ထိုစာအုပ်သည် သူမအတွက် ရတနာတွေထက်ပင် တန်ဖိုးရှိနေသည်။

“ဆယ်ဖောရယ် မသွားပါနဲ့ကွယ် အမိုးနောက်တော့ ပြန်ဝယ်ပေးပါ့မယ်”
သူ့အမေက တားသည်။ ဆယ်ဖောသည် သူ့အမေစကားကို မယုံပါ။ ဆယ်ဖော ဘဝတွင် နောက်မှ ဆိုလျှင် မရသည်က များသည်။ အမိုးသည် တစ်နည်းမဟုတ်တစ်နည်း ဆယ်ဖောကို ပြန်ဝယ်ပေးရန် ငြင်းဆန်ပေမည်။

“အမိုး ရွာက မဝေးသေးဘူးလေ သမီးပြေးနိုင်ပါတယ်”
ဆယ်ဖောသည် ပြောဆိုပြီးနောက် သူမလွယ်ထားသော ဆန်အိတ်လေးကို ပစ်ချလိုက်ကာ ရွာဖက်သို့ ပြေးထွက်လာလေသည်။ ဆယ်ဖော နောက်တွင် ဘာတွေကျန်ခဲ့သည်ကို သူမစိတ်မဝင်စားနိုင်တော့။ သူမ စာအုပ်လေးကို သာ စိတ်ကရောက်နေသည်။

ဆယ်ဖော ရွာထဲသို့ ပြန်ဝင်လာသည်။ ပစ္စည်းများသော အိမ်ထောင်စုများ၊ ရွာသားတစ်ချို့သည် အခုမှ ရွာထဲတွင် ရှိနေသေးသည်။ ဆယ်ဖောသည် သေနတ်သံများ ဆက်တိုက်ပစ်ခတ်သံများကြားရလေသည်။ ဆယ်ဖော ပြန်လာရာလမ်းတွင် ဒီးဒီးတို့ အိမ်လေးသည် ဖွာလန်ကြဲလျက် မီးများလောင်လျက်ရှိသည်။ ဆယ်ဖောသည် ဒီးဒီးအိမ်ဖက် ခဏရပ်ကြည့်မိသည်။ ဒီဒီးသည် ဆယ်ဖောနှင့် ရွယ်တူကောင်လေး၊ ဆယ်ဖော၏ အချစ်ဆုံးသူငယ်ချင်းဖြစ်သည်။ ထို့နောက် ဆယ်ဖောစိတ်ထဲ သူ့စာအုပ်ကလေးက ဝင်လာသည်။ ဆယ်ဖောသည် သူမအိမ်သို့ ပြေးလာခဲ့လေသည်။

အိမ်ပေါ်သို့ အမြန်ပြေးတက်လိုက်သည်။ သူ့စာအုပ်လေးက ထရံကြားတွင် အခန့်သားရှိနေသည်။ ဆယ်ဖောသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး စာအုပ်လေးကို ယူလိုက်သည်။ ထို့နောက် စာအုပ်လေးကို လက်နှစ်ဖက်ဖြင့် ရင်မှာ ပိုက်ထားလိုက်ပြီး အိမ်ပေါ်မှ ပြန်ဆင်းလိုက်သည်။ အိမ်ပေါ်မှ ပြန်အဆင်းတွင် ဆယ်ဖောသည် သူမတို့ အိမ်ကလေးထဲကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ထို့နောက် အိမ်ပေါ်မှ ပြေးဆင်းလိုက်သည်။

“ဝုန်း”
ဆယ်ဖော အိမ်ပေါ်က အဆင်း အိမ်ရှေ့အရောက်တွင် ဆယ်ဖော၏ ဘေးနားတွင် လက်နက်ကြီးတစ်ခုကျရောက်ပေါက်ကွဲ လေသည်။ ဆယ်ဖောသည် ပေါက်ကွဲသည့် အရှိန်ဖြင့် လွင့်ထွက်သွားသည်။ ခပ်လှမ်းလှမ်းရှိ ဝံအူ ပင်ကြီးအနားသို့ ပြုတ်ကျလေသည်။ ဆယ်ဖောနားတွေပင်းသွားသည်။ မျက်စိတွေ ေ၀ဝါးလားသည်။ ရင်ဘတ်တွင် စာအုပ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားဆဲ။

အခန်း (၂)

မည်မျှကြာအောင် အိပ်ပျော်သွားသည်မသိ ဆယ်ဖော ပြန်နိုးလာသည်။ သူမသည် ရွာထိပ်ကို ပြေးသွားလိုက်သည်။ အချိန်ကားညနက်နေဆဲ မှောင်နေဆဲ၊ ဘယ်နှနာရီ ရှိမှန်းဆယ်ဖောမသိ၊ ကောင်းကင်တွင်လဲ ကြယ်များမမြင်ရပေ။ သေနတ်သံနှင့် လက်နက်ကြီး ကျသံများ ပေါက်ကွဲသံများသည် ဆူညံနေလေသည်။ ဆယ်ဖောသည် ဒါတွေ စိတ်မဝင်စား။ ရွာပြင်သို့ ပြေးထွက်လိုက်လေသည်။

“ဟင် အပါး”
ရွာထိပ်အရောက်တွင် အပါး(အဖေ)နှင့် လူတစ်ချို့ငုတ်တုတ်ထိုင်နေသည်ကို တွေ့လိုက်ရသည်။ အပါးမှာ ဆယ်ဖောတို့ဆီမှ အလုပ်လုပ်မည်ဆိုပြီး ထွက်သွားတာ သုံးနှစ်ခန့်ရှိပြီဖြစ်သည်။ ဆယ်ဖောလဲ ပျော်ရွှင်စွာအော်ဟစ်ရင်း အပါးကို ပြေးဖက်လိုက်သည်။

“အပါးရယ် သမီးလွမ်းလိုက်တာ”
သူမအဖေသည်လဲ သူမကို ကျစ်နေအောင်ဖက်ထားလိုက်သည်။ သမီးမိန်းကလေးတွေ အဖေကို ပိုချစ်ကြသည်မှာ မဆန်းပါ။ သို့သော် နှစ်ကာလရှည်စွာ ဝေးကွာခဲ့ရသည်မို့ ဆယ်ဖောသည် ပိုလွမ်းနေလေသည်။

“သမီး . . . ဆယ်ဖော ဒီမှာမနေရဘူး မေမေတို့ကောဘယ်မှာလဲ”
အပါးက မေးမှ သတိရသွားသည်။

“အမိုး တို့က ရွာပြင်ကနေ လျှိုဘက်ကိုဆင်းပြီး ဖိုးလုံး ဂူဖက်သွားကြမှာ”
ဆယ်ဖော အဖေက အတန်ငယ်စဉ်းစားနေသည်။ ယခုမှ အပါးကို ဆယ်ဖောကြည့်မိသည်။ အပါးသည် အကျီများစုတ်ပြတ်နေသည်။ ပုဆိုးမှာလဲ စုတ်ပြဲနေပြီး တဖွားဖွားဖြစ်နေသည်။

“လာ သမီးလိုက်ခဲ့”
အပါးသည် ဆယ်ဖောကို လက်ဆွဲ၍ ရွာထဲဖက်ကို ပြန်ပြေးလေသည်။ ဆယ်ဖောလဲ အပါးခေါ်၍ တရွတ်တိုက်နီးပါး ပါသွားလေသည်။ သွားရင်းလမ်းတွင် ဒီးဒီးတို့ အိမ်ကိုတွေ့လေသည်။ ဒီးဒီး တို့မိသားစုသည် အိမ်ရှေ့တွင် မတ်တပ်ရပ်နေကြလေသည်။ ဆယ်ဖောက နှုတ်ဆက်ရန် ပြင်လိုက်သော်လည်း အပါးက တအားဆွဲခေါ်သွားသဖြင့် နှုတ်ဆက်ရန် မမှီလိုက်ပါ။

ဝံအူပင်ကြီးနားရောက်လာသည်။ အနီးအနားတွင် သစ်ကိုင်းများကျိုးပျက်နေပြီး ပွထနေသည်။ ထိုဝံအူပင်ကြီးအောက်တွင် ကောင်မလေးတစ်ယောက် လဲလျှောင်းနေသည်။ ဆယ်ဖော သူ့ကို မြင်တော့ အံ့သြသွားသည်။ ထိုကောင်မလေးမှာ ဆယ်ဖော ဖြစ်နေသောကြောင့်ဖြစ်သည်။

“အပါး ဆယ်ဖော ဘာတွေ ဖြစ်နေတာလဲ”
ဆယ်ဖောအဖေသည် ချုံးပွဲချအော်ဟစ်ငိုယိုလိုက်သည်။

“သမီးသေသွားပြီ သမီးရဲ့”

ထိုစကားကို ကြားသောအခါ ဆယ်ဖော ဘယ်လိုမှ မယုံနိုင်ပါ။

“ဒါဆို အပါး . . အပါးကော သေပြီးလား”
(သေပြီးပြီလားကို သေပြီးလား၊ စားပြီးပြီလားကို စားပြီးလား စသဖြင့် ထိုဒေသက ပြောဆိုလေ့ရှိကြသည်။)

“ဟုတ်တယ်သမီး လွန်ခဲ့တဲ့ သုံးနှစ်လောက်က အပါးတို့နဲ့အတူ ရွာသား ၆ယောက်လောက် ပေါ်တာ ဆွဲခံရတယ်။ သူတို့တွေရဲ့ ပစ္စည်းတွေကို အပါးတို့ သယ်ပေးရတာပေါ့။ လက်နက်တွေ၊ ရိက္ခာတွေပေါ့။ အဖေတို့ အနောက်ဖက်တောင်ကြောပေါ်အရောက် အနောက်က ရန်သူတွေလိုက်လာတော့။ အပါးတို့ ပေါ်တာတွေကို လမ်းပေါ်တင် သေနတ်နဲ့ ပစ်သတ်ခဲ့တာပဲ”
အပါးကပြောရင်း မျက်ရည်များကျနေသည်။

“မဟုတ်ဘူး . . . အမိုးပြောတော့ အပါးက တစ်ခြားအရပ်မှာ အလုပ်သွားလုပ်တာဆို”
ဆယ်ဖော လက်မခံချင်ပါ။

“သမီးအမိုးက သမီး စိတ်ထိခိုက်မှာစိုးလို့ သမီးကိုလိမ်ပြောထားတာနေမှာပါ”
ဆယ်ဖောလဲ နောက်ထပ်စကားတွေ ထပ်မပြောတော့ပဲ သူ့အဖေကို သာ ဖက်ထားလိုက်သည်။ ထိုစဉ် ဆယ်ဖောတို့ ဆီသို့ လူနီကြီးနှစ်ယောက်လမ်းလျှောက်လာလေသည်။ ထိုလူကြီးများမှာ အရပ်က တော်တော်မြင့်သည်။ ဝါးပင်ကြီးများနီးပါးအရပ်ရှိသည်။ ခန္ဓာကိုယ်ကြီးတွေကလဲ ကျောက်တုံးကြီးတွေလို အဖုအထစ်တွေနှင့်ဖြစ်ပြီး ထူးဆန်းသည်က တစ်ကိုယ်လုံး အသားအရေများသည် ရွှံ့စေးမြေကဲ့သို့ နီရဲနေခြင်းဖြစ်သည်။ မျက်လုံးကြီးနှစ်လုံးမှာ ဓါတ်မီးရောင်များလို ဝင်းလက်နေကြသည်။

“အပါး ဆယ်ဖောကြောက်တယ် ဘာကြီးတွေလဲ”
ဆယ်ဖောသည် ပြောရင်း သူ့အဖေရင်ခွင်ထဲ မျက်နှာလေး အပ်ထားလိုက်သည်။

“မကြောက်နဲ့ သမီးရဲ့ အဲဒါ အဖူး ရဲ့ လူနီကြီးတွေ သူက ဝိညာဉ်တွေ သရဲတွေကို လမ်းပြပေးလိမ့်မယ်”
ဆယ်ဖောအဖေက ပြောလိုက်သည်။ ဆယ်ဖောလဲ မဝံံ့မရဲနဲ့ ပြန်လှည့်ကြည့်သည်။ ဟုတ်သည်။ ထိုလူကြီးတွေသည် စကားမပြောဘဲ လမ်းလျှောက်နေသည်။ သူတို့နောက်တွင် ဒီးဒီးတို့ မိသားစုအပြင်၊ ရွာထဲမှ ရွာသား သုံးလေးယောက်ခန့် လိုက်ပါနေကြသည်။ ကြက်ဝက်များလဲ လိုက်ပါနေသည်ကိုတွေ့ရသည်။ သူတို့နောက်တွင်တော့ မည်းမည်းအရိပ်များ၊ တစ်ဝက်တစ်ပျက်ဖြစ်နေသော ခန္ဓာကိုယ်များသည် လိုက်ပါနေကြသည်။ သူတို့သည် တစ်နေရာကို ရှေးရှုပြီးသွားနေကြခြင်းဖြစ်သည်။ ဆယ်ဖောတို့ သားအဖလဲ ထိုလူနီကြီးများနောက်မှ ကပ်၍လိုက်ပါသွားကြသည်။

လူနီကြီးများသည် လမ်းကို တစ်လှမ်းခြင်းလျှောက်နေသော်လဲ ဆယ်ဖောတို့မှာ အပြေးတစ်ပိုင်းလိုက်နေရသည်။ ရွာမှထွက်လိုက်ပြီး အလွန်နက်ရှိုင်းသည့် ဝါးတောကြီးတစ်ခုထဲ ဖြတ်သန်းဝင်ရောက်သွားကြသည်။ ဝါးပင်ကြီးများမှာ လူတစ်ကိုယ်စာလောက် တုတ်ပြီး အချို့ဝါးပင်ကြီးများမှာ နှာခေါင်း၊ ပါးစပ်များ၊ မျက်နှာများပေါက်နေကြသည်။ ဆယ်ဖောသည် ရွာနီးချုပ်စပ် တောထဲတွင် ကျင်လည်နေသည်မို့ တောကျွမ်းနေသော်လည်း ထိုနေရာသို့ တစ်ခါမှ မရောက်ဖူးသဖြင့် အထူးအဆန်းဖြစ်နေလေသည်။

မကြာမီ ဝါးတောကြီးအလည်တွင် ပေ ၁၀၀ ခန့်ကျယ်ဝန်းသော မြေကွက်လပ်သို့ရောက်လာကြသည်။ ထိုမြေကွက်လပ်တွင် ဝါးဖြင့်ပြုလုပ်ထားသော တဲကလေးတစ်လုံးရှိသည်။ တဲဆိုသည်ထက် လေးတိုင်စင်နှင့် နတ်ကွန်းနှင့်ပိုတူပေသည်။ ထိုနတ်ကွန်းလေး အပေါ်တွင် အဖိုးအိုတစ်ယောက်ထိုင်နေလေသည်။ နတ်ကွန်း၏ခေါင်မိုးပေါ်အဖိုးအိုက ခြေချထားသည်။ အဖိုးအိုမှာ အသက်မခန့်မှန်းနိုင်အောင် ကြီးလေသည်။ သူ၏ မျက်ခုံးမွှေးများ၊ နှုတ်ခမ်းမွှေးများ၊ မုတ်ဆိတ်မွှေးများသည် ဖြူဆွတ်နေပြီး တွဲလောင်းကျနေရာ အဖိုးအို၏ တစ်ကိုယ်လုံးကို ထိုအမွှေးများက ဖုံးအုပ်ထားလေသည်။

အဖိုးအိုက ဝိညာဉ်များကို တစ်ယောက်ခြင်းဆီ လက်ညိုးထိုးခေါ်လိုက်လေသည်။ လက်ညိုးထိုးသောအခါ ဝိညာဉ်သည် အဖိုးအို၏ရှေ့သို့ အလိုလျှောက်ဆွဲခေါ်ခံရသလိုဖြစ်သွားပြီး ရောက်သွားလေသည်။ အဖိုးအိုသည် ဝိညာဉ်၏ ချက်ကို လက်ဖြင့်အသာပွတ်ကြည့်လေသည်။ နောက်ပြိးလျှင်တော့ ဝိညာဉ်တွေကို တစ်ဖွဲ့ဆီ ဖွဲ့ပြီး နေရာပေးလေသည်။

သို့ဖြင့် ဆယ်ဖောအား အဖိုးအိုက လက်ညှိုးထိုးလိုက်လေသည်။ ဆယ်ဖောမှာ သံလိုက်ဆွဲငင်သလို ခံလိုက်ရပြီး အဖိုးအို၏ရှေ့သို့ ရောက်သွားလေသည်။ အဖိုးအိုက ဆယ်ဖောအကျီကို လှန်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် ဆယ်ဖော၏ ချက်ကို ပွတ်လိုက်လေသည်။ ထိုအခါ ဆယ်ဖော၏ ချက်မှာ မီးတောက်လေးတစ်ခုပေါ်လာလေသည်။ ထိုမီးတောက်လေးကား အပြာရောင်ဖြစ်ပြီး လင်းလက်စွာ တောက်ပနေလေသည်။

အဖိုးအိုမှာ ဆယ်ဖောကို တစ်နေရာတွင်မတ်တပ်ရပ်စေသည်။ ထို့နောက်အခြားသူများကို စမ်းသပ်ပြီး တစ်နေရာတွင် ရပ်ခိုင်းလေသည်။ ထူးခြားသည်မှာ ဒီးဒီးဗိုက်တွင်လဲ မီးတောက်လေးရှိနေသေးသည်။ အဖိုးအိုက ဒီးဒီးကို ဆယ်ဖောရပ်နေသော ဘေးတွင် ရပ်ခိုင်းလိုက်လေသည်။ ဆယ်ဖောလဲ ပျော်သွားလေသည်။

“ဒီးဒီး နင်လာတာ ငါပျော်လိုက်တာဟာ”
ဆယ်ဖောက ပြောလိုက်လေသည်။ ဒီးဒီးမှာ အလွန်အံ့သြနေတုန်းပင်ဖြစ်သည်။

“ငါ . . ငါ ဘယ်လိုသေသွားတာလဲတောင်မသိဘူး”
ဒီးဒီးက ဆိုလေသည်။

“လက်နက်ကြီး ဒုတိယအလုံးက နင်တို့အိမ်ပေါ်ကျသွားတာလို့ ငါထင်တယ်”
ဆယ်ဖောကပြောလိုက်လေသည်။

ဒီးဒီးတို့ သည် လက်နက်ကြီးကျသံကို ကြားလိုက်ရသောကြောင့် အိမ်ပေါ်တွင်ပင် အခြေအနေကြည့်နေစဉ် လက်နက်ကြီးကျည်ဆံ ကျပြီး တစ်မိသားစုလုံးသေဆုံးခဲ့ခြင်းဖြစ်ပေသည်။ ထိုစဉ်အဖိုးအိုသည် စစ်ဆေးမှုပြီးသောကြာင့် လူနီကြီးများအား ဆယ်ဖောတို့ နားမလည်သော ဘာသာတစ်ခုဖြင့် ပြောလိုက်ရာ လူနီကြီးများသည် အခြား ဝိညာဉ်များကို ခေါ်ဆောင်သွားကြလေသည်။ ဆယ်ဖောတို့ကို မူမခေါ်ခိုင်းသေးဘဲ အဖိုးအိုက သူ့ရှေ့သို့ ဆယ်ဖောကော၊ ဒီးဒီးကိုပါ ခေါ်လိုက်လေသည်။ ဆယ်ဖောအဖေနှင့် အခြားသရဲများသည် ထိုနေရာတွင်ပင်ရှီကာ ဟိုဟိုဒီဒီ စကားများပြောဆိုနေကြလေသည်။

“မင်းတို့ နှစ်ယောက်က အမှန်တော့ မသေသေးဘူး၊ ဒါပေမယ့် ငါ လုပ်စရာရှိတဲ့အတိုင်းလုပ်ပေးရမှာပဲ။ မင်းတို့ ကြိုးစားဦးမလား၊ အရှုံးပေးမလား”

အဖိုးအိုက မေးလိုက်လေသည်။ ဆယ်ဖောက သူမ၏ အဖေဘက်သို့ လှည့်ကြည့်လိုက်လေသည်။

“သမီး ကြိုးစားမယ်လို့ပြော”

သူမအဖေက အော်ဟစ်ပြောဆိုလိုက်သည်။ ဆယ်ဖောသည် အဖိုးအိုပြောတာနားမလည်ပါ။

“ကြိုးစားမယ်ဆိုတာဘာလဲ . . အရှုံးပေးမယ်ဆိုတာ ဘာကိုပြောတာလဲ အဖူး”

ဆယ်ဖောကမေးလိုက်သည်။ အဖိုးအိုကတော့ အတန်ကြာအောင် ရယ်မောနေလေသည်။ သူ့ရယ်သံမှာ အသံသေးသေးချွန်ချွန်ကလေးဖြစ်သည်။ လေချွန်သည်နှင့်တူလေသည်။ ဆယ်ဖောသည် အလွန်အမေးအမြန်းထူသော ကောင်မလေးဖြစ်သည်။ သူ့မိခင်က ဆယ်ဖောအား အမြဲတမ်းအမေးအမြန်းထူသဖြင့် အပြစ်ဆိုလေ့ရှိသည်။

“ကြိုးစားမယ်ဆိုရင်တော့ သမီးလူပြန်ဖြစ်ဖို့ မသေသေးတဲ့ သမီးခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ကြိုးစားရမယ်။ အရှုံးပေးတယ်ဆိုတာကတော့ သေမယ်လို့ပြောတာပဲ။ အဖူးက သမီးရဲ့ ချက်က မီးတောက်ကလေးကို ငြိမ်းပေးလိုက်ရလိမ့်မယ်”

ဆယ်ဖောက တစ်ချက်စဉ်းစားနေသည်။ သူမသည် သူမချစ်သည့်အဖေနှင့် ဆုံတွေ့နေပြီဖြစ်သည်။ သူမရွေးချယ်ရခက်နေသည်။

“သမီး သမီးမှာ အမိုးနဲ့ မောင်လေးရှိသေးတယ်လေ”

ဆယ်ဖောအဖေက ကြားဖြတ်ဝင်ပြောလိုက်သည်။

“အပါး . . . ဒီမှာကော လက်နက်ကြီးတွေ၊ သေနတ်သံတွေကြားရင် ပြေးကြရသေးလား”
ဆယ်ဖောက အဖေကို လှမ်းမေးလိုက်သည်။ အဖိုးအိုသည် ဒုတိယ အကြိမ်ရယ်ပြန်သည်။

“တို့က သရဲတွေလေ သမီးရဲ့ အဖူးတို့က ဘယ်မှပြေးစရာမလိုဘူး အဖူးတို့ရွာမှာအေးဆေးနေရုံပဲ”
အဖိုးအိုကဆိုလေသည်။

ဆယ်ဖောသည် စဉ်းစားရခက်နေလေသည်။ သူမ အမြဲလိုချင်နေသည့်ဘဝမျိုးက သရဲဘဝများလားလို့တွေးမိသည်။ စစ်ဖြစ်ရင်ထွက်ပြေးစရာမလိုသော ဘဝကို သူမ အမြဲဆုတောင်းမိသည်။ ယခုလဲ သရဲတွေက ပြေးစရာမလိုပါလား။ သူမ အနီးအနားတွင်လဲ အခြားကလေးသရဲများ၊ လူကြီးသရဲများ အေးဆေးစွာ စကားပြောဆိုနေကြသည်။ လျှောက်သွားနေကြသည်။ သူမနောက်တစ်ချက်စဉ်းစားမိတာက အပါး။ အပါးသည် သူမနှင့်အတူနေနိုင်နေပြီဖြစ်သည်။ သို့သော် သူမအလိုချင်ဆုံးအရာ တစ်ခု သရဲတွေမှာရှိပါ့မလား။ သူမတွေးမိသည်။

“အဖူး ဒီမှာ စာအုပ်ရှိလား”
ဆယ်ဖောကမေးလိုက်လေသည်။

“ဒီမှာ စာအုပ်တော့မရှိဘူး သမီးရဲ့။ တို့သရဲတွေက စာအုပ်မလိုပါဘူးကွာ”
ဆယ်ဖောကို အဖိုးအိုက ပြန်ဖြေလေသည်။ ဒီတစ်ချက်နဲ့တင် ဆယ်ဖော ဆုံးဖြတ်ချက်ချနိုင်ခဲ့သည်။ စာအုပ်မရှိရင်တော့ ဆယ်ဖော သရဲမဖြစ်ချင်ပေ။

“သမီးကြိုးစားမယ် အဖူး”
ဆယ်ဖော ရဲရင့်စွာပြောဆိုလိုက်သည်။ အဖိုးအိုက ခေါင်းညိတ်ပြလိုက်သည်။

“ကြိုးစားမယ်ဆိုတဲ့ အတိုင်းလွယ်တော့မလွယ်ဘူး၊ သမီးဟိုးမှာ တောင်ကြီးမြင်ရလား”
အဖိုးအိုကတောင်ကြီးတစ်တောင်ကို လက်ညိုးထိုးပြသည်။ တောင်ကြီးမှာ အလွန်မြင့်မားသဖြင့် အဝေးကပင်မြင်ရလေသည်။ ဆယ်ဖောလဲ ခေါင်းညိတ်ပြလိုက်သည်။

“အဲဒီတောင်ကြီးရဲ့ အောက်ခြေမှာ ရေကန်တစ်ကန်ရှိတယ်။ အဲဒီရေကန်ထဲကို သမီး မိုးမလင်းခင်၊ နေမထွက်ခင် ခုန်ဆင်းရမယ်။ မခုန်ဆင်းနိုင်ရင် သော်လည်းကောင်း၊ သွားရင်းနဲ့ လမ်းမှာ သမီးရဲ့ ချက်က မီးတောက်လေးငြိမ်းသွားရင်သော်လည်းကောင်း အဲလိုဖြစ်ရင် သမီးသေမယ်၊ မအောင်မြင်ဘူးပေါ့”
ဆယ်ဖောလဲ ခေါင်းညိတ်လိုက်သည်။

“ဒီးဒီး ငါနဲ့အတူလိုက်ခဲ့ပါလား”
ဆယ်ဖောက ဒီးဒီးဖက်လှည့်ကြည့်ရင်းပြောလိုက်သည်။ ဒီးဒီးသည် အနည်းငယ်တွေဝေနေသည်။ နောက်မှ ခေါင်းညိတ်လိုက်လေသည်။ ဆယ်ဖောသည် ဒီးဒီးလဲ လိုက်မယ်ပြော၍ အားတက်သွားသည်။ အဖိုးအိုက ဒီးဒီးအား မေးခွန်းမေးသောအခါ ဒီးဒီးသည် ကြိုးစားမည်ဟုဖြေလိုက်လေသည်။

“အဖူး သူတို့ကို ကျွန်တော် လိုက်ပို့ပေးပါရစေ”
ဆယ်ဖော အဖေက အဖိုးအိုကို ပြောလိုက်လေသည်။ အဖိုးအိုမှာ မျက်မှောင်ကြုတ်သွားပြီး

“မင်း စည်းကမ်းကိုဖောက်ဖျက်ပြီး လူတွေနေတဲ့ရွာထဲကို ဝင်ခဲ့တယ်နော်။ အခုလဲ သူတို့ကို ရေကန်ကို လိုက်ပို့ပေးဦးမလို့လား”

“အဖူး ဆယ်ဖောက ကျွန်တော့်သမီးပါ။ နောက်ပြီးသူတို့က ကလေးတွေလေ”
ဆယ်ဖောအဖေက အထွန့်တက်သည်။

“မင်းလိုက်ပို့ရင်လဲ ငါပိုင်တဲ့နေရာအထိပဲလိုက်ပို့လို့ရမယ်၊ ငါပိုင်တဲ့နေရာကျော်သွားရင် မင်းအတွက် အန္တရာယ်ရှိနိုင်တယ်”

အဖိုးအိုကပြောလိုက်သည်။ ဆယ်ဖောအဖေက ခေါင်းညိတ်လိုက်သည်။ သူတို့သုံးယောက်သည် ဝါးရုံတောမှ ထွက်လိုက်ကြသည်။ အပြင်တွင် တောကြီးတစ်ခုဖြစ်သည်။ သို့ရာတွင် သရဲများနှင့် ပြည့်နှက်နေသည်။ သရဲများသည် ကျောက်တုံးအောက်များတွင် စုဖွဲ့နေကြသလို၊ အချို့မှာ သစ်ပင်သစ်ကိုင်းများပေါ်တွင်နေထိုင်ကြသည်။ အချို့သရဲများမှာ လမ်းလျှောက်နေကြသလို အချို့မှာတော့ မြေနှင့်မထိဘဲသွားနေကြသည်။ အချို့သရဲများမှာ မိုးပေါ်တွင် ပျံဝဲနေကြသည်။

“အပါး သရဲတွေက မိုးပေါ်ပျံနေတာ မိုက်တယ်နော်”
ဆယ်ဖောနှင့် ဒီးဒီးတို့သည် အမျိုးစုံသော သရဲတို့ကို ကြည့်ရင်း လမ်းလျှောက်လာကြသည်။

“သရဲတွေက သရဲဖြစ်တာကြာလာတဲ့အခါ တန်ခိုးတွေရတတ်တယ်။ လေပေါ်ပျံတာတို့ဆိုတာ အနည်းဆုံး ၁၅ နှစ်လောက်သရဲဖြစ်ဖူးမှ လုပ်လို့ရတာပေါ့”

အပါးကပြန်ဖြေသည်။

“ဒါဆို အတီး(ဦးလေး) ကော ဘာတန်ခိုးတွေရပြီလဲ”
ဒီးဒီးက မေးလိုက်လေသည်။

“”အပါးကတော့ ဒီနေရာကနေ ဟိုနေရာကို ရုတ်တရက်သွားလို့ရတာရယ်၊ အမြန်ပြေးလို့ရတာရယ်လုပ်လို့ရပြီ””
ဆယ်ဖော အဖေက ပြန်ဖြေလိုက်သည်။ ထို့နောက်ဆယ်ဖောအဖေသည် ရုတ်တရက် ပျောက်သွားပြီး ဆယ်ဖောတို့အရှေ့ပေ၅၀ ခန့်တွင် သွားပေါ်လေသည်။ ထိုမှ တစ်ဖန် ထိုနေရာတွင် ပျောက်သွားပြီး ဆယ်ဖောတို့ ဘေးနားတွင်လာပေါ်လေသည်။ ဆယ်ဖောနှင့် ဒီးဒီးတို့ အံ့သြ၍ လက်ခုပ်ဝိုင်းတီးလိုက်ကြသည်။

“အပါးက တန်ခိုးသိပ်မရှိသေးတော့ အဝေးကြိးကို ပျောက်ပြီးသွားလို့မရသေးလို့ နို့မို့ဆိုရင် ရေကန်အထိသွားပြစ်လိုက်တယ်”
ဆယ်ဖော အဖေက ပြောလေသည်။

“ကဲ အချိန်မရှိဘူး နေမထွက်ခင် ရေကန်ရောက်မှဖြစ်မယ်”

ဆယ်ဖောအဖေက ပြောလိုက်ပြီးနောက် ဆယ်ဖောနှင့် ဒီးဒီးကို မပြီး ချီလိုက်လေသည်။ ထို့နောက်ကိုယ်ပျောက်သွားကြည့်သည်။ သို့သော် ဆယ်ဖောတို့ပါ မပျောက်ပဲ နေရာတွင် ကျန်နေကာ သူတစ်ယောက်တည်း အရှေ့သို့သွားပေါ်လေသည်။

“အင်း မင်းတို့က သရဲတွေ မဖြစ်ကြသေးတော့ ဒီအစွမ်းကို သုံးမရတာဖြစ်မယ် မထူးဘူး ငါ့ပေါ်တက်ကြ”

ဆယ်ဖောအဖေသည် ပြောရင်းဆယ်ဖောနှင့် ဒီးဒီးကို ချီလိုက်သည်။ ထို့နောက် လျှင်မြန်စွာပြေးလေသည်။ ဆယ်ဖောသည် ကားမမြင်ဖူးဘူးပါ။ စီးဖူးဖို့ဆို ဝေလာဝေး၊ တစ်ခါတစ်ရံ ရွာကိုလာတတ်သော ဖာသာများ ဆရာဝန်များသည် ဆိုင်ကယ်များစီးတတ်ကြသည်။ ထိုအခါ ဆယ်ဖောနှင့်ရွာက ကလေးများသည် ဆိုင်ကယ်ကိုအ ထူးအဆန်းအဖြစ် ဝိုင်းကြည့်ရလေသည်။ ယခုလဲ သူမဖခင်ပြေးနေသော အမြန်နှုန်းကို သူမ မည်သည်နှင့် မနှိုင်းတတ်ပါ။

သရဲဖြစ်ရတာတစ်ခုတော့ ကောင်းသည်။ သစ်ပင် ဝါးပင်နှင့် မြင်သမျှကို ဖြတ်ပြေးလို့ရခြင်းဖြစ်သည်။ သူမအဖေသည် တောင်ကြီးကို ဦးတည်ကာ ဖြတ်ပြေးနေခြင်းဖြစ်သည်။

အခန်း(၃)

ပြေးနေရင်း တစ်နေရာ အရောက်တွင် စမ်းချောင်းရေစီးသံကြီးကဲ့သို့ ဝေါဝေါနှင့် ရေသံကြီးကိုကြားလိုက်ရသည်။ ဆယ်ဖောအဖေ မျက်နှာတစ်ချက်ပျက်သွားသည်။

“အပါး စမ်းချောင်းကြီးတစ်ခုရှိနေသလိုပဲနော်”
ဆယ်ဖောကပြောလိုက်သည်။

“စမ်းချောင်းမဟုတ်ဘူးသမီး အဲဒါကို ငရဲချောင်းလို့ခေါ်တယ်”
ဆယ်ဖောအဖေက ပြန်ပြောလိုက်သည်။ သူတို့သည် ပြေးလွှားနေရင်း ငရဲချောင်းအနားရောက်တော့ ဆယ်ဖောအဖေက ရပ်တန်းလိုက်သည်။ ငရဲချောင်းဆိုသည်မှာ ရေတွေစီးနေသည်မဟုတ်ဘဲ လူ့ခန္ဓာကိုယ်အပိုင်းအစတွေမှာ ရောထွေးနေပြီး ရေများသဏ္ဍာန်စီးဆင်းနေခြင်းဖြစ်သည်။ ထိုသို့စီးဆင်းနေရာမှ ပါးစပ်များ၊ ခေါင်းများသည် အလွန်ကြောက်မက်ဖွယ်ကောင်းစွာ ညည်းညူနေကြသဖြင့် မသိလျှင် စမ်းချောင်းကဲ့သို့ ရေစီးသံကဲံသို့ အသံများဖြစ်ပေါ်နေခြင်းဖြစ်သည်။ ဆယ်ဖောနှင့် ဒီးဒီးတို့လဲ အလွန်ကြောက်လန့်နေကြသည်။ ငရဲချောင်းကြီးသည် ပေ ၄၀ ခန့်ကျယ်ပြီး ဆယ်ဖောတို့သွားမည့်လမ်းတွင် ပိတ်လျှက်ရှိနေသည်။

“အပါး ချောင်းတစ်လျှောက်လိုက်သွားပြီး ရေမရှိတဲ့နေရာမှာ ဖြတ်မယ်ဆိုရင်ကော”
ဆယ်ဖောက အကြံပေးလိုက်သည်။ ဆယ်ဖောအဖေက ခေါင်းခါလိုက်သည်။

“အချိန်တွေအရမ်းကြာနေမယ် အဖေတို့ ဒီနေရာကနေဖြတ်မှဖြစ်မယ်”

“သမီးနဲ့ ဒီးဒီးတို့ သေချာကိုင်ထားကြနော်။ ဒီငရဲချောင်းထဲနစ်သွားရင် အဖေတို့တွေပါအားလုံး ငရဲချောင်းနဲ့လိုက်ပါသွားရပြီး ဒီငရဲချောင်းထဲက သရဲတွေလို အော်ဟစ်နေရလိမ့်မယ်။”

ဆယ်ဖောအဖေက ပြောလိုက်ပြီးနောက် အနောက်သို့ လေးငါးလှမ်းခန့် ပြန်လှမ်းလိုက်သည်။ ထို့နောက် ကိုယ်ကို ကိုင်း၍ အပြေးပြိုင်တော့မည့် အပြေးသမားနှယ် အားယူလိုက်သည်။ ထို့နောက်မကြာခင် ကြီးစွာသော အားဖြင့် အရှိန်ကုန်ပြေးလိုက်လေသည်။

“ယား”
အော်ဟစ်ရင်း ငရဲချောင်းရေကို ဖြတ်ကျော်ပြေးလိုက်သည်။ ငရဲချောင်းအတွင်း ကိုယ်လုံးများ၊ ခြေထောက်များနှင့် ခေါင်းများကို တက်နင်းပြီး အမြန်ဖြတ်ပြေးလေသည်။ ဆယ်ဖောတို့ ပြေးလာသည်ကိုတွေ့သော် ငရဲချောင်းအတွင်းမှ လက်များထွက်လာပြီး မှီရာကို ဝိုင်းဆွဲကြသည်။ ဆယ်ဖောအဖေလဲ ပြေးရင်း ချောင်းတစ်ဝက်ခန့်ရောက်သော် လက်များက ဆယ်ဖော အဖေ၏ ခြေထောက်များကို ဝိုင်းဆွဲထားကြသည်။

“ဒီးဒီးရေ ဟိုဖက်ကို အားယူပြီး ခုန်လိုက်တော့”
ဒီးဒီးလဲ ဆယ်ဖောအဖေ ပြောသည့်အတိုင်း ဟိုဖက်ကမ်းသို့ လှမ်းခုန်လေသည်။ ဟိုဖက်ကမ်းသို့ရောက်ရန် ၈ ပေမှသာ လိုတော့သည်။ ဒးီဒီးလဲ ဟိုဖက်ကမ်းသို့ ရောက်သွားလေသည်။

“သမီး ဆယ်ဖော ခုန်လိုက်”
ဆယ်ဖောသည် ခုန်ရန်ပြင်ဆင်ရင်း သူမအဖေကို စိတ်ပူသွားသည်။ သူမအဖေသည် ငရဲချောင်းထဲပါသွားမည်ဖြစ်သဖြင့် စိုးရိမ်လေသည်။

“အပါး . . အပါးငရဲချောင်းထဲ ပါသွားမှာပေါ့”
ဆယ်ဖောက ဆိုလိုက်သည်။

“ခုန်မှာသာ ခုန်စမ်းပါသမီးရယ်”
ဆယ်ဖောသည် ခုန်ရန်ပြင်လိုက်လေသည်။ ငရဲချောင်းကဆွဲခေါ်သွားသဖြင့် ဆယ်ဖောနှင့်သူ့အဖေမှာ ရေစုန်သို့ ပေ၂၀ ခန့်မျောပါသွားလေသည်။ ဆယ်ဖောသည် ခြေထောက်အားယူပြီးနောက် သူ့အဖေပုခုံးပေါ်မှ နေ၍ ခုန်လိုက်လေသည်။

ဆယ်ဖောသည် တစ်ဖက်ကမ်းသို့ ရောက်သွားလေသည်။ သို့သော် ချောင်းရေထဲမှ လက်တစ်ချောင်းသည် ဆယ်ဖော၏ ခြေထောက်ကို လှမ်းဖမ်းလိုက်လေရာ ဆယ်ဖောမှာ ချောင်းရေထဲသို့ ပြန်ကျမလိုဖြစ်သွားသည်။

“ကယ်ကြပါဦး”
ဆယ်ဖောက အော်ဟစ်လိုက်သည်။ ထိုအခါ ဒီးဒီးသည်ပြေးလာကာ ဆယ်ဖော၏ လက်ကို လာဆွဲထားသည်။ သို့သော်ချောင်းရေစီးနေသဖြင့် နှစ်ယောက်လုံး ချောင်းရေထဲ ပါတော့မလိုဖြစ်နေလေသည်။ ထိုစဉ်ဆယ်ဖော အဖေရောက်လာပြီး သူတို့နှစ်ဦးလုံးအား ဆောင့်စွဲလိုက်သဖြင့် နှစ်ယောက်လုံ း ကမ်းပေါ်ပြန်ရောက်သွားလေသည်။

“ဟင် အပါး”

“အပါးမှာ ကိုယ်ဖျောက်ပြီး တဒဂ္ဂအတွင်းသွားလို့ရတဲ့ အစွမ်းရှိတယ်လေသမီးရဲ့၊ ဒါကြောင့်သမီးတို့ကို သွားခိုင်းလိုက်တာ”

ပြောဆိုရင်း တောင်ကြီးကို တစ်ချက်ကြည့်လိုက်ကာ ဆယ်ဖောနှင့် ဒီးဒီးတို့ကို ချီ၍ ပြေးလေသည်။ အနောက်တွင်တော့ ငရဲချောင်းကြီးက အော်ဟစ်ညည်းညူရင်း စီးဆင်းလျက်ကျန်ရစ်နေခဲ့တော့သည်။

ပြေးရင်းတောင်ကြီး၏နောက်ဖက် ကောင်းကင်ကြီးသည် လိမ္မော်ရောင်ဖြစ်လာလေသည်။ ကြက်သွေးရောင် တိမ်မျှင်တစ်ချို့ကိုလဲ တွေ့လိုက်ရလေသည်။

“မိုးလင်းတော့မယ်ထင်တယ်”
ဆယ်ဖောက ဆိုလိုက်လေသည်။ ဆယ်ဖောအဖေမှာ ခြေကုန်ပြေးနေလေသည်။ တောင်ကြီးမှာ အမြင်သာနီးပြီး အလွန်ခရီးဝေးလေသည်။ ဆယ်ဖောတို့သည် ပြေးရင်းလွှားရင်း ဆယ်ဖောအဖေသည် ရပ်တန့်သွားလေသည်။ သူသည် ဆက်မပြေးနိုင်တော့။ ထိုစဉ်ဆယ်ဖောတို့ အပေါ်မှ အသံကြီးကြားလိုက်ရသည်။

“မင်းဒီထက်မသွားနိုင်တော့ဘူး”
အသံကြိးကို ဆယ်ဖောတို့ မော့ကြည့်လိုက်ကြသည်။ အသံပိုင်ရှင်မှာ အလွန်ကြီးမားသည့် မျက်လုံးကြီးတစ်လုံးဖြစ်သည်။ မျက်လုံးကြီးသည် မိုးကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်နေသလို ထင်ရပြီး အလွန်ကြီးမားလေသည်။ မျက်လုံးကြီး၏ မျက်ဆန်မှာ လမင်းကြီးလိုဖြစ်ပြီး တောက်ပနေလေသည်။

“အဖူးပိုင်တဲ့ နယ်နမိတ်ဆုံးပြီ မင်းလှည့်ပြန်တော့”
မျက်လုံးကြီးမှာဆယ်ဖောအဖေကို ပြောချင်းဖြစ်သည်။

“ကျွန်တော် တောင်ခြေကို သူတို့နှစ်ယောက်ကို လိုက်ပို့မလို့ပါ။ ပြီးရင် ပြန်လာခဲ့ပါ့မယ်”
ဆယ်ဖောအဖေက ရိုသေစွာပြောဆိုလိုက်သည်။

“မရဘူး မင်းမသွားရဘူး”
မျက်လုံးကြီးကပြောလိုက်လေသည်။ သို့သော်ဆယ်ဖောအဖေမှာ အဆုံးထိစွန့်စားရန်ဆုံးဖြတ်လိုက်လေသည်။ သူသည် အားယူပြီး အတတ်နိုင်ဆုံး အမြန်ပြေးလိုက်လေသည်။ မျက်လုံးကြီးမှာ အလွန်ဒေါသထွက်ပြီး ကျန်ခဲ့လေသည်။ မျက်လုံးကြိးသည် တဖြည်းဖြည်း နီလာလေသည်။ ဆယ်ဖောအဖေလဲ အလွန်လျှင်မြန်စွာ ပြေးထွက်လာခဲ့လေသည်။

မကြာမီ ဆယ်ဖောတို့ အနောက်တွင် ဝါးရုံပင်များထက်မြင့်သော ခွေးကြီးနှစ်ကောင်သည် တဖြည်းဖြည်းနှင့်လိုက်လာလေသည်။ ထိုခွေးကြီးများမှာ မည်းနက်နေပြီး မျက်လုံးကြီးတွေကတော့ မီးတောက်များသဖွယ်ဖြစ်နေသည်။ ခွေးကြီးများလာရာလမ်းတစ်လျှောက် သစ်ပင်များ ဝါးရုံပင်ကြီးများသည် ပြိုလဲလျှက်ကျန်ခဲ့လေသည်။

“အပါး နောက်မှ ခွေးကြီးတွေ”
ဆယ်ဖောနှင့် ဒီးဒီးတို့က ခွေးကြီးများကို အံ့သြစွာကြည့်ရင်း အော်ပြောလိုက်သော်လဲ ဆယ်ဖောအဖေမှာ ဆက်လက်ပြေးလွှားလျက်ရှိသည်။ ခွေးကြီးတွေမှာ အလွန်လျှင်မြန်စွာပြေးလာသည်မို့ မကြာမီမှာပင် ဆယ်ဖောတို့ကို မှီလာမည့်ပုံရှိလေသည်။ ဆယ်ဖော အဖေသည် ရပ်တန့်လိုက်လေသည်။ ထို့နောက် ဆယ်ဖောနှင့် ဒီးဒီးကို အောက်သို့ချလိုက်လေသည်။

“ဒီးဒီးရေ အတီး အကူအညီတစ်ခုတောင်းမယ်ကွာ ဆယ်ဖောကို ဂရုစိုက်ပေးပါနော်”
ဒီးဒီးသည် တွေဝေစွာဖြင့်ကြည့်နေပြီး ခေါင်းညိတ်လိုက်လေသည်။

“သမီး ဆယ်ဖောရေ အပါးတို့ခွဲရတော့မယ်၊ သမီးဒီအတိုင်းတည့်တည့်ပဲ တောင်ကြီးဆီကိုဆက်ပြီးပြေးသွားကြ၊ တောင်ခြေကို မကြာခင်ရောက်တော့မှာပါ။ သရဲတွေကို မယုံနဲ့ သတိဝိရိယထား၊ ရေကန်ထဲကိုရောက်အောင်သာပြေးပြီး ရောက်ရင်ဘာမှစဉ်းစားမနေပဲ ခုန်ချလိုက်နော်”
ဆယ်ဖောအဖေက မှာလေသည်။

ဆယ်ဖောမှာ အလွန်ဝမ်းနည်းသွားသည်။ သူမအဖေနှင့် တွေ့ရသည်မှာ သိပ်မကြာသေးယခုထပ်ပြီး ခွဲခွာရပေမည်။ ဆယ်ဖော မျက်ရည်တွေဆို့တက်လာပြီး ငိုချလိုက်လေသည်။

“အပါး သမီးတို့ ဘယ်အချိန်ပြန်တွေ့မှာလဲ”

ဆယ်ဖောက ငိုရင်းမေးသည်။ ဆယ်ဖောအဖေက ခေါင်းခါလိုက်သည်။ ထို့နောက် ဆယ်ဖောတို့နှင့် ဆန့်ကျင်ဘက်ဘေးဖက်သို့ ပြေးထွက်သွားလေသည်။ ခွေးကြီးတွေလဲ ဆယ်ဖောနောက်ဆက်မလိုက်ဘဲ ဆယ်ဖောအဖေပြေးသည့်ဘက်သို့ ဆက်လိုက်သွားကြလေသည်။

“ဆယ်ဖောရေ တို့တွေသွားဆို့”
ဒီးဒးီက ဆယ်ဖောကို သတိပေးလိုက်ပြီး ဆယ်ဖောလက်ကို ဆွဲ၍ ရှေ့မှပြေးလေသည်။ ဆယ်ဖောလဲ အတူပြေးလိုက်လေသည်။ ကောင်းကင်တွင်တော့ ရွှေရောင်အလင်းတန်းများ တစ်စတစ်စနှင့် ထိုးထွက်လာသည်။ မကြာမီ နေထွက်တော့မည်။

ကလေးခြေလှမ်းများဖြစ်သည်ကတစ်ကြောင်း၊ သူမအဖေလို စွမ်းအားမရှိသည်ကတစ်ကြောင်းမို့ ခရီးသိပ်မတွင်လှပေ။ သို့သော်မကြာခင် တောင်ခြေသို့ရောက်သွားကြသည်။ တောင်ခြေတွင် အလွန်တရာ မှောင်မည်းနေသော တောအုပ်ကြီးတစ်ခုကို တွေ့လိုက်ရသည်။ တောအုပ်ထဲရှိ သစ်ပင်များသည် မီးသွေးများအလား မည်းနက်နေသည်။ သစ်ရွက်များမှာလဲ အမည်းရောင်များဖြစ်သည်။ သူတို့သည် ဝိညာဉ်ဘဝနှင့်မို့ မည်မျှပင်ပြေးစေကာမူ မမောပန်းခြင်းဖြစ်သည်။

သူတို့လဲ တောအုပ်ကြီးထဲဝင်လာလိုက်သည်။ ကောင်းကင်တွင်တော့ တောင်ကြီးက သူတို့အပေါ်မိုးနေသည်။ တောအုပ်ထဲတွင် သစ်ပင်ကြီးများက ယိမ်းနွဲ့စွာ လှုပ်ရှားနေကြသည်။ လေမတိုက်ဘဲ သစ်ကိုင်းများက ယိမ်းထိုးနေသည်။ ဆယ်ဖောနှင့် ဒီးဒီးလဲ လက်တွဲရင်း ပြေးလွှားလာကြသည်။ တစ်နေရာတွင် နိမ့်ကျနေသော သစ်ကိုင်းတစ်ခုနှင့် ဒီးဒီးသည် တိုက်မိလေသည်။

“အား နာလိုက်တာ”
ဒီးဒီးက အော်ဟစ်လိုက်လေသည်။ ဒီးဒီးအော်သံကြားသည်နှင့် တပြိုင်နက် သစ်တောကြီးမှာ အသက်ဝင်လာလေသည်။ သစ်ပင်ကြီးများ၏ ပင်စည်တွင် မျက်နှာကြီးများပေါ်လာလေသည်။ သစ်ကိုင်းများသည် မိုးပေါ်မှ နေ၍ ဆယ်ဖောတို့ကို လှမ်း၍ ဆွဲလေသည်။ ဆယ်ဖောတို့လဲ အသားကုန်ပြေးလွှားကြသည်။ သစ်ကိုင်းများသည် ဆယ်ဖောတို့ ခေါင်းပေါ်မှနေ၍ ရွီးခနဲ ရွီးခနဲ ရိုက်ပုတ်နေကြသည်။ ဆယ်ဖောတို့သည် လေးဖက်ထောက်ပြီး ပြေးလွှားကြသည်။ သစ်ကိုင်းများသည် အလွန်မြင့်သည်ကတစ်ကြောင်း၊ တစ်ပင်နှင့် တစ်ပင် အကိုင်းများညိနေသည်က တစ်ကြောင်းကြောင်း ဆယ်ဖောတို့ကို ဖမ်းမမိပါ။

ပြေးလွှားပြီး မကြာခင် ကွင်းပြင်ကြီးတစ်ခုသို့ ရောက်လာလေသည်။ ဆယ်ဖောတို့နှစ်ယောက် အကျီများမှာ စုတ်ပြတ်ကုန်သည်။ လက်များခြေများတွင် ပွန်းပဲ့ကုန်သည်။ ဆယ်ဖောလဲ ကွင်းပြင်ကြီးမှရပ်၍ သစ်တောကြီးဆီ လှည့်ကြည့်လိုက်လေသည်။ သစ်တောကြီးများ တဝုန်းဝုန်းဖြင့် ဗြောင်းဆန်ဆဲဖြစ်သည်။ ဆယ်ဖောတို့လဲ ကွင်းပြင်ကြီးကို ဖြတ်ပြေးကြလေသည်။

ကွင်းပြင်ကြီးတွင် လူပုံသဏ္ဍာန် ဖြူဖြူအကောင်ကြီးများ ဟိုတစ်ကောင် ဒီတစ်ကောင်ရပ်နေကြသည်။ ထိုလူဖြူကြီးများတွင် မျက်နှာပါးစပ်များသဲကွဲစွာမပါဘဲ ပူဖောင်းရုပ်ကြီးများသဖွယ်ဖြစ်နေလေသည်။ ဆယ်ဖောတို့ပြေးလာသည်ကို မြင်လျှင် ထိုလူဖြူကြီးများသည် ဆယ်ဖောတို့နောက် လိုက်လာကြသည်။

“နင့်မီးတောက်လေး ငါတို့ကိုပေး၊ နင့်မီးတောက်လေးငါတို့ကိုပေး”
ဟူ၍ အော်ဟစ်လျှက် လိုက်လာကြသည်။ ထိုဖြူဖြူအကောင်များသည် တဖြည်းဖြည်းများလာလေသည်။ ဆယ်ဖောတို့နောက်တွင် လူအုပ်ကြီးသဖွယ်ဖြစ်ပြီး လိုက်လာကြသည်။ သို့သော် ထိုလူဖြူကြီးများသည် ဆယ်ဖောတို့လောက် မြန်မြန်မပြေးနိုင်ဘဲ ပူဖောင်းများကဲ့သို့ ခုန်ဆွခုန်ဆွဖြင့် ပြေးကြသဖြင့် ဆယ်ဖောတို့ကို မမှီနိုင်ပါ။

ဆယ်ဖောတို့လဲ ပြေးရင်း အရှေ့တွင် ရေကန်ကို တွေ့လိုက်ရလေသည်။ ရေကန်မှာ ကွင်းပြင်ကြီးထဲတွင် စိမ်းလန်းစွာဖြင့်တည်ရှိလေသည်။ ကြာပန်းများလဲပေါက်နေကြသည်။ ရေမျက်နှာပြင်မှာ အပြာရောင်လဲ့နေသည်။ ဆယ်ဖောနှင့် ဒီးဒီးလဲ ရေကန်ကို ခြေကုန်သုတ်ပြီးပြေးလေသည်။ ရေကန်ဘောင်နားရောက်သော် ရေကန်မှာ ရေတွေနှင့်မတူဘဲ မှန်ကြီးတစ်ချက်နှင့် တူလေသည်။

“ဆယ်ဖောရေ ခုန်ချလိုက်တော့”
ဒီးဒီးက အော်ပြောလေသည်။

“ဒီးဒီး နင်အရင်ခုန်ဟာ”
ဆယ်ဖောက ပြန်ပြောလိုက်သည်။

“ဆယ်ဖော သွားပါ နင်အရင်ခုန်ချ ငါနောက်က လိုက်လာခဲ့မယ်ဟုတ်ပြီလား”
ဒီးဒီးက ပြန်ပြောသည်။ ဆယ်ဖောခေါင်းခါလိုက်သည်။

“တို့ နှစ်ယောက် လက်တွဲပြီး တူတူခုန်ကြမယ်လေ”
ဆယ်ဖောက ပြန်ပြောလိုက်လေသည်။ ဒီးဒီးက နောက်သို့လှည့်ကြည့်လိုက်ရာ ထိုလူဖြူကြီးများသည် တရွှေ့ရွှေ့နှင့် ဆယ်ဖောတို့အနားသို့ နီးကပ်လာလေပြီ။

“ငါ လိုက်လို့မရတော့ဘူး”
ဒီးဒီးက ဆိုလိုက်ပြိးနောက် သူ့အကျီလေးလှန်ပြီး သူ့ဗိုက်ကိုပြလေသည်။ ဒီးဒီးဗိုက်တွင် မီးတောက်ကလေးမရှိတော့ပါ။ ဆယ်ဖောသည် မျက်ရည်များကျလာပြီး ချုံးပွဲချငိုလိုက်လေသည်။

“ဘယ်အချိန်ကတည်းကလဲ”
ဆယ်ဖောသည် ဒီးဒီးအားမေးလိုက်လေသည်။ ဒီးဒီးသည် တစ်ဖက်သို့လှည့်ကြည့်ရင်း

“ခွေးကြီးတွေ လိုက်ပြီး တောအုပ်ထဲမဝင်ခင်ထဲက ငါသိလိုက်တာဘဲ၊ ဒါပေမယ့် ငါနင့်အပါးကို ကတိပေးထားတယ်လေ နင့်ကိုငါ့မရရအောင်စောင့်ရှောက်ပြီး ရေကန်ဆီလိုက်ပို့မယ်လို့”
“ဒါဆိုငါလဲ မသွားဘူး”
ဆယ်ဖောက ခေါင်းမာလိုက်သည်။

ထိုစဉ်ဒီးဒီးက
“ဟယ်ဆယ်ဖော နင့်နောက်မှာဘာကြီးလဲ”
ဆယ်ဖောလဲ သတိလက်လွတ်ဖြင့် ရုတ်တရက် နောက်ဖက်သို့လှည့်ကြည့်မိသည်။ ထိုစဉ်ဆယ်ဖောအား တစ်စုံတစ်ဦးက တွန်းချလိုက်သဖြင့် ရေကန်ထဲသို့ ဆယ်ဖောပြုတ်ကျသွားခဲ့သည်။ ဆယ်ဖောအား နောက်မှတွန်းချလိုက်သူကတော့ အခြားသူမဟုတ်ပါ ဒီးဒီးပင်ဖြစ်ပါသည်။
ရေကန်ထဲသို့ ကျသည်မှာ အသူတစ်ရာနက်သည့် ချောက်ကြီးထဲပြုတ်ကျသလို ဖြစ်နေသည်။ ပူသွားလိုက်၊ အေးသွားလိုက်နှင့် ဆယ်ဖော သတိရတစ်ချက်၊ မရတစ်ချက်ဖြစ်နေသည်။ ထို့နောက်ရုတ်တရက် တစ်ယောက်ယောက်မှ ပုတ်နှိုးလိုက်သလိုဖြစ်သွားပြီး ဆယ်ဖောနိုးသွားလေသည်။

မျက်နှာကြက်ဖြူဖြူကြီးကိုတွေ့လိုက်ရသည်။ ဆယ်ဖော ဘေးဘီကိုကြည့်ရန်ကြိုးစားသော်လည်း အားမရှိပါ။ ထို့နောက် လူအများကြီး ဆယ်ဖောရှေ့တွင်ပေါ်လာလေသည်။ အသံများကလဲ ဆူညံနေသည်။ ဆယ်ဖောလဲ ခေါင်းအရမ်းမူးသဖြင့် မျက်စိများကို ပြန်မှိတ်ထားလိုက်လေသည်။ သူမရောက်နေသည့်နေရာကတော့ နယ်မြို့လေးရှိ ခရစ်ယာန်သာသနာပြု ဆေးရုံတစ်ရုံဖြစ်ပါသည်။

ဆယ်ဖော ဆေးရုံတွင် ၃ရက်လောက်မေ့မြောနေခဲ့လေသည်။ ပြန်နိုးလာသောအခါ ဆယ်ဖောတွင် ညာဖက်လက်တစ်ဖက်မရှိတော့ပါ။ ဗုံးစမှန်၍ ဖြတ်ထုတ်လိုက်ရခြင်းဖြစ်ပါသည်။ ဆရာဝန်များက ဆယ်ဖောကို အသက်မရှင်နိုင်ဟု ထင်ထားကြသည်။

ရွာသားများသည် လက်နက်ကြီးများကျပြီးသောအခါ ရွာသို့ ဝင်ရောက်ရှာဖွေကြရင်း ဆယ်ဖောကိုတွေ့သွားသဖြင့် ဆယ်ဖောကို ထမ်းယူကာ နီးစပ်ရာ မြို့လေးရှိ ခရစ်ယာန်ဆေးရုံသို့ ထမ်းပြီး ပို့ကြလေသည်။ ဒီးဒီးမှာလဲ ဗုံးစတွေမှန်ပြီး မသေသေးသောကြောင့် ဆယ်ဖောနှင့် အတူ ဆေးရုံသို့ ပို့ကြလေသည်။ သို့သော် ဒီးဒီးမှာ ဆယ်ဖော သတိရသည့်ရက် မတိုင်မီကပင် သေဆုံးသွားခဲ့လေသည်။ ၇ရက်ခန့်ကြာသော် ဆယ်ဖောအမိုးက ဆယ်ဖောကို လာပြန်ခေါ်သည်။ သို့သော်ဆယ်ဖောရွာကို ပြန်မလိုက်ချင်တော့။ ခရစ်ယန်ဆေးရုံမှာပင်နေခဲ့ပြီး တောက်တိုမယ်ရကူညီလေသည်။

ဆယ်ဖောသည် ထိုအကြောင်းများကို အမိုးကို ပြန်ပြောပြလေသည်။ ဖာသာကိုလဲ ပြောပြလေသည်။ သူနာပြုတွေ၊ သီလရှင်တွေကိုလဲပြောပြလေသည်။ ဖာသာသည် ဆယ်ဖောကို ရုးနေသည်ဟုထင်လေသည်။ ထို့ကြောင့်ဆယ်ဖောကို ဆက်လက်ဆေးကုသနိုင်ရန် ဆေးရုံတွင် ခေါ်ထားချင်သည်။ အမိုးလဲ မတတ်သာသည့်အဆုံး ခေါင်းညိတ်လိုက်လေသည်။

ဆယ်ဖောဆေးရုံမှာကူညီရင်း လေးလခန့်အကြာတွင် ဆယ်ဖော အမိုးနှင့် မောင်လေး ပျောက်ဆုံးနေသည့်သတင်းကို ကြားသိရသည်။ ဆယ်ဖော သုံးရက်လောက်မအိပ်နိုင် မစားနိုင်ဖြစ်ခဲ့ရသည်။ စစ်ရှောင်နေစဉ်အတွင်း တောအတွင်း ထိုသို့ပျောက်ဆုံးမှုများလဲရှိသည်။ ပျောက်ဆုံးသည်ဆိုလျှင် အများစုမှာ လူမသိသူမသိ သေသွားကြခြင်းဖြစ်ပါသည်။ ဆယ်ဖောလဲ နောက်ပိုင်းတွင် ယိုးဒယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လေသည်။

(နိဂုံး)
ထိုင်းနိုင်ငံ မဲဆောက်မြို့တစ်နေရာတွင် လက်တစ်ဖက်ပြတ်ဖြင့် ပင်လယ်စာများကင်ပြီးတွန်းလှည်းလေးဖြင့် ရောင်းချနေသော ဆယ်ဖောကို ယခုတိုင်တွေ့နိုင်သေးသည်။ အခုအခါ ဆယ်ဖောသည် အပျိုကြီးအဖြစ်ဖြင့် တစ်ကိုယ်ရည်တစ်ကာယ ရောင်းချနေထိုင်လျက်ရှိသည်။ အမဆယ်ဖောသည် ယခုအထိ စာမတတ်သေးပါ။ လုံးလုံးမတတ်သည်တော့မဟုတ် တစ်လုံးစနှစ်လုံးစဖတ်တတ်လေသည်။ သူမသည် စကားနည်းပြီး အလုပ်လုပ်ကိုင်ရာတွင် အေးအေးလူလူပင်လုပ်ကိုင်လေသည်။ သို့သော် သူမနှင့် ခင်မင်ရင်းနှီးပြီးပါက သူမငယ်ငယ်တုန်းက အတွေ့အကြုံများကို ပြန်ပြောရင်း မျက်ရည်တွေ ဝဲနေတတ်ပါသည်။

ကျွဲနှစ်ကောင်ခတ်သည့်ကြား မြေစာပင်ဖြစ်နေသော် ကျွဲနှစ်ကောင်ကို အပြစ်တင်ရမည်လား၊ မြေစာပင်ကိုပဲ အပြစ်တင်ရမည်လား မသိတော့ပါ။ သို့သော် အမဆယ်ဖောသည် ကျွဲနှစ်ကောင်ခတ်သည့်နေရာတွင် မြေစာပင်လာဖြစ်သည့် သူမ၏ကံကိုပဲ အပြစ်တင်မည်ဖြစ်ပါသည်။

ပြီးပါပြီ။
ကြိုးစားပါဦးမည်