သိုက်မှလာသောမသင်းရီ

 

အရီးသေးတင်သည် မြေပေါ်၌ဆောင့်ကြောင့်ကြီးထိုင်၍
သူ၏ချည်တဘက်ကြီးကိုမျက်နှာအပ်ပြီးငိုနေရှာသည်။
သူကြီးဦးနောင်ချိုလည်းအရီးသေးတင်ကိုကြည့်၍…

“ဟင်း…”ခနဲ သက်ပြင်းချလိုက်လေသည်။

ထိုစဥြ…

“ဟာ…ဘွားရောက်လာတာပဲ…ညကြီးကို”

“အေး…ရွာထဲကသတင်းကြားလို့ရောက်လာခဲ့တာပဲ
မောင်နောင်ချိုရေ…”

“ထိုင်ပါဘွား”

ဘွားမယ်စိန်သည် တောင်ဝှေးကိုထောက်၍ သူကြီးဦးနောင်ချိုအိမ်သို့ရောက်လာခဲ့သည်။
သူကြီးဦးနောင်ချိုကလည်းအံ့သြသွား၏။
ရွာသူတို့ကလည်း ဘွားမယ်စိန်ကို ခုံ၌ထိုင်ဖို့နေရာဖယ်ပေးကြလေသည်။
ဘွားမယ်စိန်က ခုံ၌မထိုင်သေးဘဲမြေပြင်၌ဆောင့်ကြောင့်ထိုင်ကာငိုကြွေးနေသောအရီးသေးတင်ကိုကြည့်၍…

“ဟဲ့…သေးတင်…”

“ရှင်…ရှင်…ဘွား”

“နင့်သမီးက ခုမှပျောက်ဖူးတာလား”

“ရှင်…အဲ့….အဲ့တာ……..”

“ငါ ဟိုးတုန်းကတည်းကမပြောဘူးလား…
နင့်သမီးက သိုက်ကလာတယ်ဆိုတာ..
အခုလည်း နင့်သမီးကိုသူ့သိုက်ထဲက ဆွေမျိုးတွေက
ခဏလာခေါ်သွားပြန်ပြီ…အဲ့သည်တော့
ညည်းဘယ်လိုလုပ်မလဲ”

“အီးးးးဟီးးးးးးးးဟီးးးးးးးးကျုပ်မသိတော့ပါဘူးတော်”

အရီးသေးတင်က ငိုပြန်သည်။
သူကြီးဦးနောင်ချိုတို့က အံ့သြနေကြ၏။

“ဒါဆို သင်းရီက ရည်းစားနဲ့ခိုးပြေးတာမဟုတ်ဘူးပေါ့လေ”

“ဘယ်ကခိုးပြေးရမှာလဲ…သင်းရီအခု ရွာအရှေ့တည့်တည့်က
စေတီဟောင်းအနားမှာရှိတယ်…ညည်းတို့သွားခေါ်ချည်ကြ…”

“ဗျာ….ဟုတ်….ဟုတ်ကဲ့ဘွား”

သူကြီးဦးနောင်ချို ဘွားမယ်စိန်ပြောလိုက်သောစကားကြောင့်
ချီတုံချတုံ ဖြစ်သွားသည်။
အရီးသေးတင်ကတော့အငိုရပ်သွားတော့၏။
ထိုအခါဘွားမယ်စိန်လည်းခုံ၌ဝင်ထိုင်ပြီး သူယူလာသောပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုမီးမြိုက်၍
ရှိုက်ကာသောက်လိုက်သည်။
ပြီးလေမှ…

“သွားရင်…ရော့…ဒီရေမန်းလေးကိုပါတစ်ခါထဲယူသွား…
အဲ့သည်​​နေရာမှာ သင်းရီတောင့်တောင့်ကြီးရပ်နေလိမ့်မယ်…
ရေမန်းနဲ့သာဖြန်းပြီးဒီကိုပြန်ခေါ်လာခဲ့ကြ”

“ဟုတ်ကဲ့ဘွား…ကဲ…မိညို ညည်းတို့အဖွဲ့လိုက်ခဲ့ကြတော့…
မောင်အုန်းတို့က ဘေးရွာတွေသွားနေကြတာဆိုတော့
ဒီမှာလူကမရှိဘူး…အရီးသေးတင်ကတော့အိမ်မှာပဲနေခဲ့ဗျာ
ကျုပ်တို့သင်းရီကိုပြန်ခေါ်လာခဲ့ပါ့မယ်…”

“အေး…အေး…ဂရုစိုက်ကြဦးနော်”

ဘွားမယ်စိန်သည် သူကြီးဦးနောင်ချိုတို့အဖွဲ့၏နောက်ကျောကို
ကြည့်ရင်းသူ၏ဆေးလိပ်ကြီးကို မီးမသေအောင်
ဖွာခနဲဖွာခနဲရှိုက်ကာသောက်နေလေသည်။
အရီးသေးတင်ကတော့နံဘေး၌ ရေနွေးကြမ်းလေးကို
ရေနွေးပန်းကန်လုံးလေးထဲငှဲ့ယူကာသောက်နေရှာတော့သည်။

သူကြီးဦးနောင်ချိုနှင့်ရွာသူတို့သည် မီးတုတ်လေးတစ်ချောင်းသာ ယူလာကြပြီး ရွာအရှေ့ဘက်ဆီသို့ခပ်သုတ်သုတ်လျှောက်လာခဲ့ကြ၏။

“သူကြီး…တစ်ချက်တီးလောက်ပဲရှိသေးတာ
ကျုပ်တော့​ကြောက်တယ်​နော်”

“အေးလေဟယ်…ဘွားခိုင်းလို့သာလာရတာ…
ခပ်ကြောက်ကြောက်ပဲ”

“ဘွားကလည်းသူကိုယ်တိုင်လာလို့ရသားနဲ့.
ငါတို့ကိုဘာလို့ခိုင်းတာလဲမသိဘူး”

“ဟဲ့…ကောင်မတွေ…ဘွားကသူလာလို့ရတာမှန်တယ်…
အခုကိစ္စက သူလိုက်လာဖို့ထိမလိုလို့ငါတို့ကိုခိုင်းတာ…
လာကြလျှာမရှည်ကြနဲ့ ရှေ့ဆိုရောက်ပြီ”

မိညိုတို့အုပ်စုစကားပြောနေကြသဖြင့်သွားသည်မှာ
ပိုနှေးနေခဲ့လေရာ
သူကြီးဦးနောင်ချိုကဝင်ကာဟောက်လိုက်သည်။

“အမယ်လေး…ဘုရားပျက်နဲ့
ပတ်ဝန်းကျင်နဲ့ကတော့ဟုတ်နေပြီ..
ကျုပ်တို့မလိုက်ရဲဘူးသူကြီး”

“အီး…ဟုတ်တယ်သူကြီး….ကျုပ်တို့…ကျုပ်တို့ကြောက်တယ်”

ဘုရားပျက်နှင့်မလှမ်းမကမ်းသို့ရောက်လာခဲ့ကြသည်။
နံဘေး၌သစ်ပင်ကြီးငယ်တို့ဖြင့်အုပ်ဆိုင်းနေသော
ဘုရားပျက်ဆီသို့ ရွာသူတို့မလိုက်ရဲကြ။
ထိုနေရာကို နေ့ပိုင်းဆိုလျှင်တောင် တော်တန်မလာရဲကြသော
နေရာပင်။
ယခုလည်း သူကြီးနှင့်အတူ
ရွာသူမိညိုတို့ ထိုနေရာသို့​ရောက်ရှိလာကြလေပြီ။
ဘေးပတ်ဝန်းကျင်ကိုကြည့်တော့ ပိုးကောင်အော်မြည်များမှလွှဲ၍ မည်သည့်အသံမှမကြားရ။

“ဟယ်….ဟိုမှာ…ဟိုမှာသင်းရီမလား…
ဘုရားပျက်ဘေးမှာတောင့်တောင့်ကြီးရပ်နေတာက”

“ဟာ…ဟုတ်သား…လာကြဟေ့…လာကြ”

မိညိုသည် ဘုရားပျက်တောင်ဘက်ထောင့်၌မတ်တပ်
ရပ်နေသောသင်းရီအားလက်ညိုးထိုးကာပြလိုက်လေတော့
သူကြီးဦးနောင်ချိုမှ မီးတုတ်ကြီးကိုမြှောက်ကိုင်၍
မိညိုတို့ကိုအပါခေါ်လာခဲ့၏။

“နွယ်တွေမြက်တွေဒီလောက်ထူနေတာကို
မကြောက်မလန့်နဲ့ မိသင်းရီကတော့…”

ဟု…သူကြီးဦးနောင်ချိုပြောရင်း မသင်းရီထံရောက်လာခဲ့သည်။

မိညိုတို့အုပ်စုကတော့ကြောက်ဟန်ဖြင့် အနောက်မလှမ်းမကမ်းမှနေနေခဲ့ကြ၏။
သူကြီးဦးနောင်ချိုသည် လူကြီးပီပီ မသင်းရီ၏ပုခုံးက်ိုပုတ်၍…

“ဟဲ့သင်းရီ…”

ဟုခေါ်လိုက်သော်လည်းမသင်းရီသည်ကျောပေးလျက်သားအတိုင်းရှိပြီးတုတ်တုတ်မျှပင်မလှုပ်…။
ထိုအခါ သူကြီးဦးနောင်ချိုလည်း မသင်းရီ၏အရှေ့သို့သွားကာကြည့်လေတော့…

“ဟာ…..သင်းရီ…ဟဲ့…သင်းရီ…..သြော်…”

“ဖြန်း”

သူကြီးဦးနောင်ချိုသည် သင်းရီ၏ပုံစံကြောင့်ထိတ်လန့်သွား၏။
သင်းရီမှာက မျက်လုံးများမှိတ်ပြီး
တောင့်တောင့်ကြီးရပ်နေလေသည်။
ထိုအခါ ဘွားမယ်စိန်ပြောသည်များကိုအမှတ်ရသွားပြီး
ရေမန်းပုလင်းကိုအဖုံးဖွင့်၍ သင်းရီမျက်နှာထံသို့
ဖြန်းခနဲပတ်ချလိုက်သောအခါ…

(ရေမန်းနဲ့မျက်နှာကိုပတ်လိုက်ခြင်းမို့
အသံကတော့အဲ့သည်လောက်မမြည်လောက်)

“ဟင်……”

သင်းရီ၏မျက်လုံးများပွင့်လာကာ ဘေးဘီကို
အလန့်တကြားဟန်ဖြင့်ကြည့်လေသည်။
သူ့အနီး၌ရှိသော သူကြီးဦးနောင်ချိုကိုသော်လည်းကောင်း၊
မလှမ်းမကမ်း၌ရှိသော မိညိုတို့အုပ်စုအားလည်းကောင်း
နားမလည်ဟန်ဖြင့်ကြည့်ကာ…

“ကျုပ်…ဘယ်ကိုရောက်နေတာလဲ”

ဟုမေးလေတော့သည်။

“ဘယ်ကိုရောက်နေတာလဲမမေးနဲ့သင်းရီရေ…
လာ…လာ…ဒီနေရာကအမြန်ဆုံးပြန်ကြစို့”

သူကြီးဦးနောင်ချိုသည် သင်းရီကိုပြန်ကြဖို့ပြောလေတော့
မိညိုတို့ကသင်းရီလက်ကိုလာဆွဲ၍ ရှေ့မှခပ်သုတ်သုတ်ပြန်ကြတော့သည်။
သင်းရီလည်းအတူလိုက်ပါသွားတော့၏။
ရွာထဲသို့ဝင်လာတော့သတင်းမျှော်နေသောရွာသူများနှင့်သက်ကြီးရွယ်အိုများက သင်းရီကိုမြင်လေတော့
ဝမ်းသာအားရဖြင့်မေးကြမြန်းကြသည်။

“ကဲ..ကဲ…ဒီနေရာမှာတစ်ယောက်ချင်းဖြေနေလို့မရဘူး…
အဲ့သည်တော့ကျုပ်အိမ်ကိုပဲခင်ဗျားတို့လိုက်ခဲ့ကြ…
ဒါမှကျုပ်တို့အားလုံးအကြောင်းစုံသိကြရမှာ…”

ဟု…သူကြီးဦးနောင်ချိုကပြောလေမှ
အားလုံးတိတ်သွားကြတော့သည်။
သူကြီးဦးနောင်ချိုတို့အိမ်ဆီသို့သာလိုက်ပါလာကြ၏။
သူကြီးဦးနောင်ချိုအိမ်ဆီသို့ရောက်တော့ခြံပေါက်ဝမှလှမ်းမျှော်နေသော အရီးသေးတင်ခမျာ သမီးဖြစ်သူကိုအပြေးဖက်၍
ငိုပြန်လေသည်။

“အမယ်လေး…သမီးရဲ့…ဘယ်တွေသွားနေတာတုန်း…
အီးးးဟီးးးးးးဟီးးးးးးး”

“အမေ…”

မသင်းရီသည်အရီးသေးတင်ကိုပြန်လည်ဖက်ထားသည်။

“ကဲ…သားအမိနှစ်ယောက်အလွမ်းသည်တာ
ခဏထားဦး..သင်းရီဒီီကိုလာခဲ့ဦး”

“သမီးသွား…ညည်းအဘွားခေါ်နေတယ်…”

အရီးသေးတင်သည်ဘွားမယ်စိန်အသံကြားတော့
မသင်းရီကိုဘွားမယ်စိန်ထိုင်နေသောခုံဆီသို့လွှတ်လိုက်သည်။
မသင်းရီသွားလေတော့ သူကြီးဦးနောင်ချိုတို့ကတော့
မလှမ်းမကမ်း၌သာနေခဲ့ကြ၏။

“လာ…ဘယ်သူကဘယ်ကိုခေါ်သွားတာတုန်းသင်းရီ…”

ဟု…ဘွားမယ်စိန်က ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို
ဖွာရှိုက်လိုက်ပြီးနောက်မီးခိုးငွေ့များကိုပါးစပ်မှမှုတ်ထုတ်လိုက်ကာ မသင်းရီကိုမေးလေသည်။

“ဘွား…ဒါ…ဒါက…”

“သင်းရီ…ညည်းဘွားကိုမညာနဲ့…
ညည်းကိုပြန်ခေါ်နေကြပြီမလား”

ဘွားမယ်စိန်အမေးကြောင့်မသင်းရီသည်
မျက်ရည်လေးတစမ်းစမ်းဖြင့်ခေါင်းကိုညိတ်ပြသည်။

“ဒီတော့ညည်းဘာလုပ်မလဲ…”

“ကျုပ်အမေ့ကိုမထားခဲ့နိုင်ဘူး…အီးးးးးဟီးးးးဟီးးးးးးးးး”

မသင်းရီသည်စကားအဆုံး၌ ငိုချတော့သည်။
မသင်းရီနှင့်ဘွားမယ်စိန်ပြောသောစကားများကို
အရီးသေးတင်ကြားသောအခါ သူ့ခမျာလည်းငိုနေရှာ၏။
ဘေးကလူများကတော့စိတ်မကောင်းကြပေ။

“သိုက်နေရာပြောင်းတော့မယ်လို့အစ်ကိုကြီးကပြောတယ်…
ကျုပ်ကိုပြန်ခေါ်ဖို့သူတို့စိတ်စောနေတယ်ဘွား…”

မသင်းရီသည် ငယ်စဥ်ကတည်းက သိုက်မှလာသူဖြစ်မှန်း
ဘွားမယ်စိန်သိ၍ အရီးသေးတင်ကိုသတိပေးခဲ့၏။

“သေးတင်…ညည်းသမီးကသိုက်ကလာတာအေ့…”

“သမီးလေးကသိုက်ကလာတာဆိုတော့
ကျုပ်ဘာလုပ်ရမလဲဘွား…”

“စောင့်ကြည့်ကြပါဦးစို့ သေးတင်ရယ်…
တချို့သိုက်ဆက်များကလူ့ဘဝကိုလာပုံခြင်းကမတူတော့
ပြောဖို့ကစောသေးတယ်…”

“အဲ့သည်လိုလား…
ဒါဆိုရင်ဘွားပြောသလိုစောင့်ကြည့်ရဦးမှာပေါ့တော်…”

မသင်းရီ ကြီးပျင်းလာသည့်တလျှောက် သူ၏သိုက်အ​ကြောင်း
တစ်လုံးတစ်လေမှမဟခဲ့။
မိခင်ကြီးနှင့်ဘဝကိုခက်ခက်ခဲခဲရုန်းကန်ကာ နေထိုင်ခဲ့ရှာ၏။
ယခုမသင်းရီအသက်သုံးဆယ်ကျော်မှ
အိမ်မက်များကမက်လာခဲ့သည်။
သိုက်နန်းကြီးအတွင်းသို့သူ့အားခေါ်ယူလာကြပြီး
ဘယ်သူဘယ်ဝါဖြစ်ကြောင်းများပြောကြ…ငိုကြဖြင့်
ထိုမျက်နှာများကိုမသင်းရီမှတ်မိလာ၏။
အသက်သုံးဆယ်ကျော်သာလူ့ဘဝ၌နေထိုင်ပါမည်ဟု
ကတိပေးခဲ့၍သာသူ့အားလွှတ်လိုက်ဖြင်းဖြစ်ကြောင်း…
ယခုလည်းသိုက်နေရာရွေ့ဖို့အကြောင်းဖန်လာပြီမို့
မသင်းရီကိုလည်းတပါထဲခေါ်သွားချင်ကြောင်းများပြောလာကြတော့၏။
ယခုလည်း
မသင်းရီတစ်ယောက်အိပ်ရင်းလမ်းလျှောက်သူပမာ…
သိုက်ရှိရာစေတီပျက်ဆီသို့ညဘက်အချိန်မတော်ရောက်ရှိလာခဲ့ပြီး သူ၏စိတ်ဝိညာဥ်သည်ကသိုက်နန်းထဲရှိမောင်နှမများဖြင့်
စကားပြောနေခဲ့သည်။
သူကြီးဦးနောင်ချိုကဘွားမယ်စိန်ခိုင်းသည့်အတိုင်းရေမန်းဖြင့်
ဖြန်းလိုက်လေမှ မသင်းရီသတိပြန်ဝင်လာခဲ့ခြင်းဖြစ်၏။

ဘွားမယ်စိန်သည် ငိုကြွေးနေသော မသင်းရီကိုကြည့်ရင်း…

“ဒီီကိစ္စက ညည်းပြန်မသွားချင်ရိုးမှန်ရင်
ဘွားကူညီပေးပါ့မယ်အေ”

“ရှင်…ဘွားကူညီမယ်…”

“အေးပေါ့အေ…ညည်းတို့သားအမိရဲ့အပူတွေကိုမြင်တော့
ဒီအဘွားကြီးကဘယ်နေသာမတုန်းအေ့…
ဒါကြောင့်…ဆိုင်ရာပိုင်ရာတွေကို
ခွင့်တောင်းပြီးစီစဥ်ကြတာပေါ့အေ”

“အမယ်လေး…ကျေးဇူးတင်လိုက်တာဘွားရယ်…”

အရီးဒေါ်သေးတင်သည်ဝမ်းသာတကြီးဖြင့်ပြောလေသည်။

“ကဲ…ဒါဖြင့်လည်း
မနက်ကြမှပဲစီစဥ်စရာရှိတာစီစဥ်ကြတာပေါ့အေ…
အခုတော့ ကိုယ့်အိမ်ကိုယ်ပြန်လိုက်ကြတော့…”

“ဟုတ်ကဲ့ဘွား…ဒါဆိုမနက်ကျုပ်တို့ဘွားအိမ်ကိုလာခဲ့ပါ့မယ်”

“မလာနဲ့မလာနဲ့…ညည်းတို့အိမ်ကိုပဲဘွားလာခဲ့မယ်…
ပွဲသုံးပွဲသာထိုးထားကြ…
အသီးအနှံကောများများရှာဝယ်ထား”

“ဟုတ်…ဟုတ်ကဲ့ဘွား”

ဘွားမယ်စိန်သည်မသင်းရီတို့သားအမိကိုမှာကြားပြီးသူ၏
နေအိမ်သို့ပြန်သွားတော့သည်။
သောင်ထွန်းရွာသူ၊ရွာသားတို့လည်း
မသင်းရီတို့သိုက်ပွဲတင်မည့်အကြောင်းကို စိတ်ဝင်စားသွားကြသည်။

“မနက်ကြရင်တော့သင်းရီမတို့အိမ်ကိုသွားကြမယ်အေ…”

“ဒါမျိုးအလွတ်ခံရင်တို့ရာဇဝင်ရိုင်းကုန်မှာပေါ့အေ့”

ဟုပင်ပြောကုန်ကြသည်။

******************************

နောက်တစ်နေ့နံနက်ခင်း၌ဘွားမယ်စိန်ကိုမောင်တိုး၊မောင်အုန်းတို့ကိုယ်တိုင်လာခေါ်ကြသည်။
ရွာတောင်ပိုင်းက မသင်းရီတို့အိမ်သို့ဘွားမယ်စိန်ရောက်လာချိန်မှာတော့ လူအတော်များနေသည်ကိုမြင်သွားကာ…

“တို့ရွာသူ၊ရွာသားတွေကအတော်လေးစိတ်ဝင်စားနေကြတာပါလား…ဒါပေမယ့်မောင်နောင်ချိုရဲ့…လူများလွန်းတာက
မကောင်းဘူး…ဒီတော့ခြံဝိုင်းထဲကနေပဲ
လှမ်းကြည့်ကြဖို့ပြောလိုက်ကွဲ့”

“ဟုတ်ကဲ့ဘွား”

သူ​ကြီးဦးနောင်ချိုလည်း ဘွားမယ်စိန်ခိုင်းသည့်အတိုင်းလူများကိုအရင်ရှင်းရသည်။
ဘွားမယ်စိန်သည် မသင်းရီတို့အိမ်အပေါ်ထပ်ရှိဘုရားခန်းသို့သွားကာ ပြတင်းတံခါးများကိုအကုန်ဖွင့်လိုက်သည်။

“ပွဲတွေဒီနားလာချကြ…”

ဟုခိုင်းလေတော့မောင်တိုးတို့ကပွဲများကိုလာချကြသည်။
အသီးအနှံများကိုလည်းပန်းကန်များဖြင့်သပ်သပ်ရပ်ရပ်ပြင်ဆင်ပေးထားသည်မို့ဘွားမယ်စိန်ကသေချာနေရာချ၏။
အားလုံးပြင်ဆင်ပြီးလေတော့သူကြီးဦးနောင်ချိုတို့လူကြီးများရယ်…အရီးသေးတင်တို့သားအမိအပြင်…
မောင်တိုးတို့ကာလသားသုံးလေးဦးတို့ကလည်း
နေရာယူကာထိုင်ကြ၏။
ရှေ့ဆုံးမှာ​တော့ဘွားမယ်စိန်က မိန့်မိန့်ကြီးထိုင်နေလေသည်။
သိုက်ပွဲများဘက်မျက်နှာမူထားသော ဘွားမယ်စိန်သည်…

“ကဲ…အားလုံးတိတ်တိတ်နေကြ…
ဘွားပြောတာတွေအသာနားထောင်ကြတော့”

ဟုပြောလိုက်၏။
ပြီးနောက်…

“မြန်မာပြည်တလွှားရှိ..သိုက်များကိုအုပ်ချုပ်ရပါသော
သိုက်ချုပ်ဘိုးဘိုးကြီးနှင့်တကွဆိုင်ရာပိုင်ရာများကိုခွင့်တောင်းအပ်ပါတယ်…ယခုသောင်ထွန်းရွာသူမသင်းရီနဲ့ပတ်သတ်
ဆက်နွယ်နေသော သိုက်မောင်ဘွားကို
ကျွန်မဘွားမယ်စိန်ပင့်ဖိတ်ပါတယ်…
ဆိုင်ရာပါရာများကလည်းခွင့်ပြုပေးပါလို့…
ခွင့်တောင်းပါတယ်…
မသင်းရီနဲ့ပတ်သတ်နေသောသိုက်မောင်ဘွား…
ယခုနေရာသို့လာရောက်ပေးပါ….လာရောက်ပေးပါ….”

“အင်းးး….ဟင်း….”

ဘွားမယ်စိန်၏တည်ကြည်ပြတ်သားလှသောအသံအဆုံး၍
နောက်ကျောဘက်၌ထိုင်နေသော မသင်းရီထံမှငြီးသံထွက်ပေါ်လာခဲ့သည်။
ထိုအခါ ဘွားမယ်စိန်သဘောပေါက်သွားပြီး
အနောက်သို့လှည့်၍…မသင်းရီထံမျက်နှာမူကာ
ထိုင်လ်ိုက်သည်။

“ဘာကိစ္စကျုပ်ကိုခေါ်တာတုန်း”

မသင်းရီသည်မကျေမနပ်သံဖြင့်​မေးသည်။
ထိုအသံသည်က ယောကျာ်းကြီးတစ်ဦး၏အသံဖြစ်နေ၏။
အရီးဒေါ်သေးတင်နှင့်မောင်တိုးတို့အားလုံးနောက်သို့ပင်ဆုတ်ကုန်ကြသည်။

“အခုလာတာဘယ်သူလဲ…မသင်းရီနဲ့ဘာတော်သလဲ”

“ဒါကျုပ်နှမအငယ်ဆုံး…ခင်ဗျားက ဘိုးဘိုးတို့နဲ့တိုက်ရိုက်ပြောလို့ကျုပ်လာခဲ့ရတာ…ဘာကိစ္စတုန်း”

“ဒီကမသင်းရီရဲ့ဘဝဟောင်းကအစ်ကိုတော်ကြီးက
ဘာများအလိုမကျနေတာတုန်း…”

“ခင်ဗျားတို့က ကျုပ်နှမကိုပြန်မပေးဖို့ကြံနေတာ
ကျုပ်သိတယ်…ဒါပေမယ့်မရဘူး…သူ့အသက်သုံးဆယ်ကျော်ထိပဲကျုပ်ခွင့်ပြုခဲ့တာ…သူ့ကိုရအောင်ပြန်ခေါ်မှာ…”

“အို…သူကရောပြန်လာချင်ပါတယ်ပြောသလား…
သိုက်စည်း…လူ့စည်းဆိုတာဒီကမယ်စ်ိန်ကသိပါတယ်…
ဒါပေမယ့်ပြန်မလာချင်သူကိုအတင်းခေါ်လို့ကောရမလား”

“အိုဗျာ…သူပြန်လာကိုလာရမယ်…သူကတိပေးလို့သာ
ကျုပ်သူ့ကိုလွှတ်လိုက်တာ…အခုလည်းသူ့ကတိအတိုင်းပြန်ခေါ်ဖို့ကျုပ်လုပ်တာ…”

“အင်း…ဒါပေမယ့်ကလေးမက ဒီဘဝမှာသူ့အမေဆိုတဲ့
သံယောဇဥ်ကရှိနေပြီလေ…
ဒါကိုသူထားခဲ့ပြီးဘဝဟောင်းကိုမပြန်ချင်ရှာတော့ဘူး”

“ဒါတွေကျုပ်မသိဘူး…ကျုပ်သိတာရအောင်ပြန်ခေါ်ဖို့ပဲ”

မသင်းရီကိုယ်ထဲဝင်ရောက်နေသူသည်
အလွန်ဒေါသထွက်နေလေသည်။
ဘွားမယ်စိန်ကလည်း…

“ဒီလိုဆိုရင်ဘွားကအနုနည်းသုံးရမလား…
အကြမ်းနည်းသုံးရမလားကွဲ့…”

“ခင်ဗျားကြီးကပညာထက်တယ်ဆိုပြီးလုပ်လို့​ရရိုးလား…
စမ်းကြည့်လေ…ကျုပ်ကတော့ကျုပ်နှမကိုရအောင်ခေါ်မှာ…”

“အကြမ်းနည်းတော့ဘွားမလုပ်ချင်ဘူးကွဲ့…
ဟောသည်ကပုဂ္ဂိုလ်ကလည်း သာသနာအကျိုးပြုဖို့လုပ်ဆောင်နေတဲ့သူမဟုတ်လား…
ဒီတော့ဘွားအနုနည်းနဲ့ပဲဆုံးဖြတ်ချင်တယ်…”

“ခင်ဗျားဘက်က…ဘယ်လိုဆုံးဖြတ်ချင်တာလဲ
ကျုပ်ကိုသေချာပြော”

“ဒီလိုလေ…ဟောသည် ပဲစေ့လေးတွေကို မသင်းရီတို့ရဲ့
အိမ်တိုင်လေးတိုင်မှာမြုပ်ထားမယ်..
ပဲစေ့တစ်စေ့ကပဲဖြစ်ဖြစ်အပင်ပေါက်ခဲ့ရင်
မောင်ရင့်နှမကိုမောင်ရင်ပြန်ခေါ်လို့ရမယ်…
ဒါဆိုရင် ဒီဘက်ကနေလည်းဘယ်လိုနည်းနဲ့မှမတားမြစ်ဘူး…
မခုခံဘူး…။
ဒါပေမယ့်…အဲ့ပဲစေ့တွေသာအပင်မပေါက်ခဲ့ဘူးဆိုရင်တော့ ​မောင်ရင့်နှမကိုသူ့ရဲ့လူ့သက်တမ်းပါသလောက်
နေထိုင်ခွင့်ပေးပါ…သိုက်ကိုလည်း
ပြန်မခေါ်ပါဘူးလို့ကတိပေးပါ”

ဘွားမယ်စိန်သည်သူ၏လက်အတွင်းရှိပဲစေ့လေးများကိုပြကာ
ပြောလေတော့ မသင်းရီထံ၌ဝင်ရောက်နေသော ပုဂ္ဂိုလ်သည်
ပဲစေ့များကိုကြည့်ရင်းငြိမ်သက်သွား၏။
သူသည်လည်းစဥ်းစားနေဟန်တူသည်။
ခဏမျှကြာလေမှ…

“အင်း…ဒီလိုဆိုလည်းရတယ်လေ…
ဒါပေမယ့် ခင်ဗျားတို့ဘက်ကလည်းကတိတော့တည်ပါစေနော်…”

“စိတ်ချပါ….ကတိကိုတည်စေရပါမယ်…”

“ကောင်းပြီ…ကျုပ်ဒီပဲစေ့အပင်ပေါက်တာနဲ့
ကျုပ်နှမကိုလာခေါ်မယ်…”

“ဒါဖြင့်လည်းဘွားတို့အတူတူအောက်ကို ဆင်းပြီး
ပဲစေ့တွေအိမ်တိုင်အောက်မှာမြှပ်ကြတာပေါ့ကွယ်…”

ဘွားမယ်စိန်နှင့်မသင်းရီတို့ အိမ်အောက်သို့ရောက်လာခဲ့သည်။
ရွာသူ၊ရွာသားတို့ကလည်းခြံထဲမှအသာငြိမ်ကြည့်နေကြ၏။

“မောင်တိုးရေ…ဘွားကိုဒီမှာပေါက်ပြားလေးနဲ့
မြေတူးပေးပါဦး”

မောင်တိုးအားတိုင်၏အောက်ခြေမြေသားကိုတူးစေသည်။
တူး၍အပြီး ပဲစေ့လေးကိုထည့်၍မြေမြုပ်လိုက်၏။
ကျန်တိုင်သုံးတိုင်ကိုလည်းထိုနည်းတူစွာပြုလုပ်လိုက်ပြီး…

“ကဲ…ဒါဆိုကျုပ်စောင့်ကြည့်နေမယ်…
ခင်ဗျားတို့ကတိသာတည်ပါစေ….”

“စိတ်ချပါကွယ်…”

ဘွားမယ်စိန်မသင်းရီမျက်နှာကိုစေ့စေ့ကြည့်၍ပြောလိုက်အပြီး
မသင်းရီသည် လဲကျသွားတော့သည်။

“သင်းရီကိုပွေ့ပြီးအိမ်ပေါ်ခေါ်လာခဲ့ကြ”

မောင်တိုးတို့လည်းမသင်းရီကိုဝိုင်းပွေ့၍အိမ်အပေါ်ထပ်သို့
ခေါ်သွားတော့သည်။
ဘုရားခန်းသို့ရောက်မှဘွားမယ်စိန်ကမသင်းရီကို
ရေမန်းဖြင့်ဖြန်းကာသတိပြန်လည်လာစေသည်။
မသင်းရီနိုးလာလာခြင်း…

“အမေ…ဘာ…ဘာတွေဖြစ်သွားလဲ”

ဟုအလန့်တကြားမေးလေတော့ အရီးသေးတင်က
ဘွားမယ်စိန်စီစဥ်ပေးခဲ့သမျှကိုပြောပြလိုက်သည်။

“ဒါဆို…ပဲစေ့..ပဲစေ့အပင်ပေါက်ရင်ကျုပ်သွားရမှာပေါ့”

မသင်းရီသည်မိခင်ကြီးကိုစိတ်မကောင်းစွာ
ကြည့်ရင်းပြောရှာသည်။
ထိုအခါဘွားမယ်စိန်က…

“ပဲစေ့အပင်ပေါက်တာမပေါက်တာထက်…
ညည်းတို့စိတ်ထဲအဲ့သည်အကြောင်းကိုလည်းမထားနဲ့တော့…
အရင်အတိုင်းသာနေကြ…”

“ရှင်…”

“မရှင်နဲ့သင်းရီ…ဘွားပြောတာနားထောင်…
အဲ့သည်ပဲပင်လည်းဘယ်တော့မှအပင်ပေါက်မှာမဟုတ်သလို…
ညည်းအစ်ကိုလည်းလာခေါ်မှာမဟုတ်ဘူး…
ဒါကြောင့်ဒီအကြောင်းတွေခေါင်းထဲကထုတ်ထားလိုက်တော့..
ဒါညည်းတို့အတွက်ဘွားကူညီပေးနိုင်တာပဲ”

ဘွားမယ်စိန်စကားကိုမသင်းရီနားမလည်ဖြစ်နေရှာသည်။
ခဏမျှကြာလေတော့ ဘွားမယ်စိန်ကိုလက်အုပ်ချီ၍
ကန်တော့လေသည်။

“ကျေးဇူးတင်ပါတယ်ဘွားရယ်…
ဘာပဲဖြစ်ဖြစ်ကျုပ်ဘက်ကဘွားကိုယုံကြည်တာမို့…
ဘွားပြောသလိုပဲနေပါ့မယ်…
အခုဆိုကျုပ်နဲ့အမေ့အပေါ်
ဘွားကျေးဇူးတွေရှိသွားပြီိမို့ကျုပ်ကန်တော့ပါတယ်တော်”

အရီးသေးတင်ခမျာလည်းမျက်ရည်များဖြင့်ပျော်နေရှာတော့၏။
*******************************

ထိုနောက်ဖြင့်ရွာထဲ၌…

“ဟဲ့…သင်းရီတို့ပဲစေ့တွေအပင်ပေါက်ရင်တော့
ခက်တော့မှာပဲနော်…ဟိုကပဲစေ့တွေသာအပင်ပေါက်ရင်
သင်းရီကိုလာခေါ်မှာ…”

“အေးလေ..ဘွားနဲ့ကလည်းကတိပေးထားတော့
အပင်သာပေါက်ရင်သင်းရီတို့တော့သနားပါတယ်ဟယ်…”

ဟု…အမျိုးမျိုးပြောနေကြပါသော်လည်း…
မသင်းရီတို့အိမ်ထံသိုက်ပွဲမပေးခင်အချိန်က…

“အမေ…မီးဖိုထဲဘာဝင်လုပ်နေတာလဲ…
ဘာချက်မလိုလဲကျုပ်လုပ်ပေးမယ်လေတော်…”

“အို…အသာနေစမ်းပါမိဝင်းရယ်..
အမေပြင်စရာရှိလို့…ညည်းအသာနေလိုက်”

ဘွားမယ်စိန်သည် မြေအိုးအလွတ်ကိုမီးဖိုပေါ်တင်၍
ပဲစေ့များကိုလှော်နေခြင်းဖြစ်သည်။
ထိုပဲစေ့များကိုမီးပြင်းပြင်းဖြင့်လှော်နေသော မိခင်ဖြစ်သူကို
ဒေါ်ဝင်းမမေးရဲပဲအသာကြည့်နေခဲ့သည်။

ယခုတော့ထိုပဲစေ့များသည် မသင်းရီတို့အိမ်တိုင်အောက်၌မြေဖို့ခံထားရပြီဖြစ်သည်။
မီးပြင်းပြင်းဖြင့်လှော်ထားသောပဲစေ့များသည်
ဘယ်တော့မှအပင်မပေါက်နိုင်ဘူးဆိုတာဘွားမယ်စိန်သိသလို…
မသင်းရီကိုလည်းသူ့သိုက်မှပြန်လာမခေါ်တော့ဘူးဆိုတာ
ကလည်းပို၍သေချာနေပြီဆိုတာ…ဘွားမယ်စ်ိန်အပြင်
သမီးဖြစ်သူဒေါ်ဝင်းတစ်ယောက်သိထားခဲ့ပါသော်လည်း
မည်သူ့ကိုမှပြန်ပြောမပြခဲ့ပေ။

ထိုသို့ဖြင့်ဘွားမယ်စိန်နှင့်သိုက်မှလာသောမသင်းရီ အကြောင်းလေးပြီးဆုံးသွားပါပြီ။

ယဥ်မင်း(ကန့်ဘလူ)