မဖဲဝါရဲခွေးကြီး

မကြည့်ကြပါဘူး။

ဘထစ်က လူတွေကို အကဲခတ်ပြီး ကျေနပ်တော့မှ

“ဒီလိုကွ ။ ငါတို့ သုသာန်ထဲကို အောက်လမ်းဆရာတစ်ယောက်
မနေ့က ရောက်လာတယ်ကွ”

“ဟေ အောက်လမ်းဆရာ ဟုတ်လား”

“အေး ဟုတ်တယ် ။ သုသာန်ဇရပ်ပေါ်မှာပဲ နေတယ်။
အဲဒီမှာပဲ စားသောက်ပြီး ညအိပ်တာကွ”

“ဟင် ဒီအောက်လမ်းဆရာက ဘာလာလုပ်တာတုံးကွ”

“တိုက်နွား လာလုပ်တာကွ”

“ဘာကွ ။ ဘထစ် တိုက်နွား ဟုတ်လား”

“အေး ဟုတ်တယ် ။ သင်္ချိုင်းထဲက ရွှံ့ကို တူးပြီးတော့
သူ့မှာ ပါလာတဲ့ အမှုန်တွေနဲ့ ရောနယ်ပြီး တိုက်နွားအရုပ်ကလေး
လုပ်တာကွ”

“နေပါဦး ဘထစ်ရဲ့။ တိုက်နွားဆိုတာက ဘာတုံးကွ”

“ဟာ…တာတေရာ ။ မင်းမှလည်း လည်ပုံလည်ပန်းနဲ့
တော်တော်အ,တဲ့ကောင်ပဲ”

“အေးပါကွာ ငါမှမသိတာ ပြောစမ်းပါဦး”

“တိုက်နွားဆိုတာ အောက်လမ်းဆရာတွေလုပ်တဲ့
အစီအရင်တစ်ခုပေါ့ကွ။သင်္ချိုင်းရွှေံ့ရယ် လူသေကို
မီးသင်္ဂြ ိုဟ် တဲ့ပြာရယ် ။ နောက်ပြီးတော့ ဘီလူးမတံတွေးလို့
ခေါ်တဲ့ မနက်အစောကြီး မြက်ပင်တွေ သစ်ရွက်တွေမှ
ကပ်နေတဲ့ အမြှုပ်ဖြူဖြူတွေလေကွာ
မင်း သိပါတယ်”

“အေး အေး ငါသိတယ်။
သြော် အဲဒါကို ဘီလူးမတံတွေးလို့ ခေါ်တာလား။
အေး ဟုတ်တယ် ဟုတ်တယ်ကွ ။ တံတွေးနဲ့ တော်တော်တူတာ”

“အေး ဟုတ်ပြီ ။ ပြီးတော့ နီနီအမှုန့်တွေက”

“ဘာတုံးကွ ။ နီနီအမှုန့်က”

‘အဲဒါကတော့ တော်တော်ကြောက်စရာကောင်းသားကွ”

“ဟေ…ဘာဖြစ်လို့တုံး”

“အဲဒီနီနီအမှုန့်တွေက ဘုရားပျက်တွေ မင်းမြင်ဖူးမှာပေါ့။
အုတ်ခဲတွေ ပေါ်နေတာလေ”

“အေး မြင်ဖူးတာပေါ့ဟ”

“အဲဒါ ဘုရားပျက်ထဲက ပေါ်နေတဲ့ အုတ်ခဲကို
ဖဲ့ယူပြီး အမှုန့်ထောင်းထားတာဟေ့ ။အဲဒါကို
အောက်လမ်းဆရာက ဘုရားချေးလို့ ခေါ်တယ်ကွ”

“ဟေ ဘုရားချေး ဟုတ်လား ။ ကြံကြဖန်ဖန်ကွာ”

“အေး သင်္ချိုင်းထဲက ရွှံ့ရယ် ။ လူသေပြာရယ်။
ဘုရားချေးရယ် ။ ဘီလူးမတံတွေးရယ် ရောနယ်ပြီး
နွားရုပ်ကလေး လုပ်တာကွ။ အောင်မာ ဒီလူက
နွားရုပ်လုပ်တာတော့ လွှတ်လက်ရာမြောက်တာကွ
နှစ်လက်မလောက်ပဲမြင့်တဲ့ နွားရုပ်ကလေးမှာ
ဂျိုရော ။ မျက်စိရော။နှာခေါးင်းပေါက်ရော။
ခွာကလေးတွေရော။ ပြီးတော့ နွားထီးတစ်ကောင်ရဲ့
အင်္ဂါရော ။အားလုံး အစုံပါအောင် လုပ်တာကွ။
ပြီးတော့မှ တစ်နေကုန် နေလှမ်းရတာ။
နွားရုပ်ကလေး ခြောက်လာတော့ အက်ကြောင်းကလေးတွေ
ထလာရင် သူဖော်ထားတဲ့ရွှံ့နဲ့ အသာကလေး
ပွတ်ပွတ်ပေးတာ။ညနေကျတော့ နွားရုပ်ကလေးက
ခြောက်ပြီး အသားကလေးကို ကျစ်သွားတာပေါ့”

“အဲဒါတွေ မင်းက ဘယ်လိုသိတာတုံး ဘထစ်”

“မနေ့က ကျောင်းပိတ်တော့ ငါ ဘယ်မှမသွားဘဲ
တစ်နေ့ကုန် စောင့်ကြည့်နေတာလေကွာ။
ဒီနေ့ ငါ ကျောင်းလာကာနီးတော့ သူ နွားကို
ဆေးတောင်သုတ်နေပြီကွ”

“ဟေ ဟုတ်လား ။ ဘာရောင်သုတ်တာတုံးကွ”

“အနက်ရောင်ကွ ။ တစ်ကောင်လုံး နက်ပြောင်နေတာကွ။
အဲဒါကို နေပြန်လှမ်းထားတယ်”

“သြော် အဲဒီအောက်လမ်းဆရာရဲ့ နွားရုပ်ကလေးကို
လိုက်ကြည့်ဖို့ ခေါ်မလို့လား။ ဘထစ် တာတေဆိုတဲ့ကောင်က
ရွာမှာ နွားရုပ်လုပ်တဲ့နေရာမှာ နံပါတ်တစ်ကွ။
မင်းအောက်လမ်းဆရာလုပ်တဲ့ နွားထက်
အများကြီးသာအောင် လုပ်ပြလိုက်ချင်သေးရော့ကွာ”

“ဟာ …ဒီကောင်ဟာလေ ။ စကားကို ဆုံးအောင်ဖြင့်
နားမထောင်ဘဲ စွတ်ပြောဖို့ပဲသိတယ်”

“ဟင် နွားရုပ်လိုက်ကြည့်ဖို့ ခေါ်တာ မဟုတ်ဘူးလား”

“မင်းကို နွားရုပ်ကြည့်ဖို့တော့ ငါက ခေါ်မလားကွ တာတေရ။
နွားရုပ်ဆိုတာ လူတိုင်း မြင်ဖူးတာပဲ။ မင်း သေသေချာချာ
နားထောင် ။ ဒီည အောက်လမ်းဆရာက သူ့နွားရုပ်ကို
အသက်သွင်းတော့မှာတဲ့ကွ”

“ဟေ ဒီအရုပ်ကို အသက်သွင်းလို့ရလို့လား”

“အေး အဲဒါကြောင့် မင်းကို ပြောတာပေါ့ကွာ။
အင်မတန် ကြုံခဲတဲ့ ကိစ္စကွ။ မင်း စိတ်ဝင်စားရင်
ဒီည ငါ့ဆီလာခဲ့လို့ ပြောမလို့”

“ဟာ စိတ်ဝင်စားတာပေါ့ကွာ ဘထစ်ရ။
ဒီနွားရုပ်ကလေးကို အသက်သွင်းလို့ရတယ် ဆိုရင်တော့
ဒီလူ တော်တော်ကို စွမ်းတာပဲနော် ဘထစ်”

“အေးပေါ့ကွ။
အဲဒါကို သိချင်နေတာပေါ့။
ကဲ…ဘယ်လိုလဲ မင်း လာမှာလား”

“တာတေဆိုတဲ့ကောင်က အဲဒါမျိုးကို လက်လွှတ်မတဲ့လား
ဘထစ်ရ”

“ငါ သိတယ် တာတေ။ဒါကြောင့် မင်းကို ငါစောင့်ပြီး
ပြောတာပေါ့ကွ”

“စိတ်ချ ဘထစ် ။ စိတ်ချ ။ ဒီည ငါ လာဖြစ်အောင် လာခဲ့မယ်”

“မင်း ဘကြီးက လွှတ်ပါ့မလားလို့ ငါတွေးနေတာကွ”

“ဟာ ငါဘကြီးကို ရအောင်ပြောပြီး လာမယ်ကွာ
မင်းသာ ငါ့ကို ကျောင်းရှေ့က ထွက်စောင့်နေ ဘထစ်”

“အေးပါ ငါ ဆက်ဆက်စောင့်နေမယ်”

သြော် ပြောရဦးမယ်ဗျ ။ ဘထစ်တို့ သုသာန်ကျောင်းရှိတဲ့
သင်္ချိုင်းကုန်းကို မြို့စွန်ဘက်ကို ပြောင်းလိုက်တာ
ကျုပ်ရေးခဲ့ဖူးတယ်မို့လား ။ အခု ကျုပ်ပြောမယ့်
အကြောင်းက ဘထစ်တို့ ဘုန်းကြီးကျောင်းရှိတဲ့
သင်္ချိုင်းမရွှေ့ခင်က ကိစ္စဗျ။ဒီတုန်းက အဲဒီသင်္ချိုင်းကုန်း
မရွှေ့ရသေးဘူး။

အဲဒီညနေ ကျောင်းဆင်းတော့ ကျုပ်အိမ်ပြန်လာတယ်။
ရေမိုးချိုးပြီး စာလေးဘာလေး ကျက်တယ်။
ဆရာထွန်း ပေးလိုက်တဲ့ သင်္ချာတွေကို တွက်တယ်။
ညနေ ခြောက်နာရီလောက်ကျတော့ ဘကြီးနဲံ့
ကျုပ်နဲ့ ထမင်းစားကြတယ်။ထမင်းစားရင်းနဲ့
သူငယ်ချင်းအိမ်မှာ စာအတူတူ သွားလုပ်ချင်တယ်လို့
ဘကြီးကို ခွင့်တောင်းတော့ ဘကြီးက ကျုပ်ကို
မေးတယ်။

“စာအတူတူ လုပ်တာတော့ ဟုတ်ပါပြီ။
မင်းက ဘယ်အချိန် ပြန်လာမှာတုံး”

“မပြန်တော့ဘူး ဘကြီး။ မနက်စောစောမှပဲ ထပြီး
ပြန်ခဲ့မယ်”

“အေး အေး သွားလေ။စာမေးပွဲနီးလာပြီဆိုတော့
စာတော့ ဂရုစိုက်လုပ်နော် တာတေ”

“ဟုတ်ကဲ့ပါ ဘကြီး”

လို့ ကျုပ်က ပြောလိုက်တယ်။
ဟုတ်တယ်ဗျ။ အခု တပို့တွဲ လဆန်းပြီဆိုတော့
ကျုပ်တို့စာမေးပွဲကြီးဖြေဖို့ တစ်လလောက် လိုတော့တာပေါ့ဗျာ။

သုသာန်ကျောင်းကို ကျုပ်ရောက်တော့ မှောင်စပြုပြီဗျ။

“ဟေ့ကောင် တာတေ လာ။ ငါ မင်းကို ထွက်စောင့်နေတာကွ
မင်း လာမှလာပါ့မလားလို့”

“သြော် ဘထစ်ရာ ။ လာမယ်ဆို လာမှာပေါ့ကွာ”

ကျုပ်က ပြောပြောဆိုဆိုနဲ့ ကျုပ်စီးလာတဲ့ စက်ဘီးကို
တွန်းသွားပြီး ကျောင်းကြီးပေါ်ကို တက်တဲ့ အုတ်လှေကားမှာမှီပြီး
သော့ခတ်ထားလိုက်တယ်။ကျုပ်စီးလာတာက
ကျုပ်ဘကြီးရဲ့ ရက်လေးစက်ဘီးဗျ။ဇက်သော့ပါတယ်။

ကျုပ်နောက်က ကပ်ပြီးပါလာတဲ့ ဘထစ်ကို
ကျုပ်က မေးလိုက်တယ်။

“အခြေအနေ ဘယ်လိုတုံးကွ ဘထစ်ရ”

ဘထစ်က သုသာန်ဇရပ်ဘက်ကို တစ်ချက်လှမ်းကြည့်တယ်ဗျ။

“မင်း လှမ်းကြည့်လိုက် တာတေ ။ ဇရပ်ပေါ်မှာတင်
ပလ္လင်ခွေပြီး ထိုင်ကြည့်နေတဲ့လူကို တွေ့လား”

ကျုပ်က ဇရပ်ကို လှမ်းကြည့်လိုက်တယ်။

“အေး…တွေ့တယ်။ အဲဒါလား မင်းပြောတဲ့ အောက်လမ်းဆရာဆိုတာ။
အသက်သိပ်မကြီးသေးပါလား။ငါက အောက်လမ်းဆရာဆိုရင်
အသက်ကြီးကြီးပဲ ထင်နေတာ”

“မကြီးသေးပါဘူးကွ။ဒီဆရာ ရှိလှမှ လေးဆယ်ကျော်ပေါ့ကွာ”

“မင်းပြောတဲ့ ကိစ္စကကော ဒီညလုပ်ဖြစ်ပါ့မလား”

“လုပ်မှာ လုပ်မှာ ။ ငါ ကျောင်းက ပြန်လာတော့
တစ်ခေါက်သွားသေးတယ်”

“ဟေ ဟုတ်လား ။ မင်းကို ဘာပြောတုံး”

“ကျောင်းဆင်းလာပြီလားကွ မောင်ဘချစ်လို့
ငါ့ကို မေးတယ်ကွ။ပြီးတော့ ဒီည နက္ခတ်အဝင် အထွက်
ကောင်းတယ်တဲ့ကွ။ ဒါကြောင့် သူ့နွား မိုးမှောင်ကို
အသက်သွင်းရမယ်လို့ ပြောတယ်”

“ဘာကွ ။ သူ့နွားက မိုးမှောင်တဲ့ ဟုတ်လား”

“အေးကွ တာတေရ ။ သူ့နွားကို ဒီနေ့ပဲ
နာမည်ပေးလိုက်တာတဲ့။ နွားရုပ်ကလေးက
တကယ်လှတာကွ။နက်မှောင်နေတာ။
သူက သူ့နွားကို ဒီညတော့ ငါ့သားကြီး
မိုးမှောင်ကို အသက်သွင်းပေးရမှာပေါ့ကွာ။
မနက်ဖြန်ကျတော့ ကျုပ်နဲ့ ဟောဒီက ကျုပ်သားကြီး
ခရီးထွက်ကြတာပေါ့။
နွားပွဲရှိတဲ့ နေရာတွေ သွားကြတာပေါ့ကွာ
သူ့နွားရုပ်ကလေးကို လူနဲ့ စကားပြောသလို ပြောနေတာကွ”

“ဟာ ဒီလူက နွားပွဲတွေကို ဘာလိုက်လုပ်တာတုံးကွ
ဘထစ်ရ”

“ဒီလိုကွ တာတေရ။ငါလည်း အစကတော့
မသိပါဘူးကွာ။ဦးပဉ္စင်းထွန်းပေါ် ပြောပြတော့မှ သိတာကွ”

“ဦးပဉ္စင်းထွန်းပေါ် ဆိုတာ ဘယ်ကတုံးကွ”

“ဒီကျောင်းကလေ တာတေရာ ။ မင်း ဟိုတစ်ခါလာတုန်းကတောင်
မင်းနဲ့ စကားပြောကြပါသေးတယ်”

“သြော် အဲဒီဦးပဉ္စင်းလား ။ သိပြီ ။ သိပြီ ”

“အေး အဲဒီဦးပဉ္စင်းထွန်းပေါ်က ဒီဆရာကို သိတယ်တဲ့ကွ။
ဦးပဉ္စင်းက ငယ်ဖြူ မဟုတ်ဘူးလေကွာ။
တောထွက်ကြီးဆိုတော့ လူ့ဘဝမှာနေတုန်းက
ဒေသစုံရောက်ပြီး အလုပ်အစုံ လုပ်ခဲ့ဖူးတာကွ။
ဒါကြောင့် ဦးပဉ္စင်းထွန်းပေါ်က ဒီဆရာအကြောင်းကို
ကောင်းကောင်းသိနေတာ”

“ဟေ ဟုတ်လား ဘထစ် ။ ဒီဆရာက ဒီနွားရုပ်နဲ့
ဘာလုပ်တာတုံးကွ။မင်း ဦးပဉ္စင်းများ သိသလား”

“ဟာ တာတေရာ သိတာပေါ့ကွ။
ဒီလိုတဲ့ဟေ့။ငါပြောတဲ့ နွားပွဲဆိုတာက
နွားတွေရောင်းတာကို ပြောတာ မဟုတ်ဘူး။
နွားတိုက်တာကို ပြောတာကွ။ချိန်းပြီးတိုက်တာ
ကြက်တိုက်သလိုပေါ့ကွာ။ပြီးတော့ လောင်းကြတာပေါ့ကွာ။
ထွက်ပြေးသွားတဲ့ နွားက အရှုံးပေါ့ကွာ”

“သြော် …အဲဒါကို ပြောတာလား”

“အေး အဲဒီပွဲတွေမှာ ဒီအောက်လမ်းဆရာကို
တိုးတိုးတိတ်တ်ိတ်ခေါ်ပြီး ငွေတွေပေးကြတယ်။
သူတို့နွားနိုင်အောင် လုပ်ခိုင်းတာတဲ့ဟေ့။
ဟိုတစ်ဖက်ကလည်း လုပ်တာပဲတဲ့ကွ။
ဒါပေမဲ့ ဒီဆရာက ပညာသာတော့ သူက နိုင်တာပေါ့ကွာ။
သူတို့က နွားခပ်ထုံထုံကို ရှာပြီး တိုက်တာတဲ့ဗျာ။
ဟိုဘက်က နွားက ကြီးကြီးထွားထွား။
သွက်သွက်လက်လက်ပေါ့ကွာ။
ယှဉ်ကြည့်လိုက်ရင် ဘယ်လိုကြည့်ကြည့်
သူတို့နွား ရှုံးမယ်လို့ ထင်ကြတာပေ့ါ။
ဒီတော့ လောင်းကြေးကို ဟိုဘက်က
ထပ်ကြတာပေါ့။ ဒီမှာတင် နွားပွဲစတာနဲ့
ဒီဆရာက လူမသိအောင် သူ့ရဲ့တိုက်နွားကို
ဂါထာနဲ့ မန်းမှုတ်ပြီး လုပ်လိုက်ရင်
နွားရုပ်ကလေးက ပျောက်သွားရောတဲ့ကွ”

“ဟင် ဘယ်ရောက်သွားလို့တုန်း”

“ဟာ တာတေကလည်း ဘယ်ရောက်သွားရမှာတုံး
နွားပွဲမှာ ဝင်ဝှေ့တော့တာပေါ့ကွ။
သူတို့နွားဘက်က ဝင်ဝှေ့တာပေါ့”

“ဟာ …နွားကြီးသုံးကောင်တောင် ဖြစ်နေတာ
လူတွေက မတွေ့ဘူးလားကွ”

“ဘယ်တွေ့လိမ့်မတုံးကွာ။အောက်လမ်းပညာပါဆိုမှ။
အဲဒီတော့ နှစ်ကောင်နဲ့ တစ်ကောင်ဝှေ့မှတော့
ဟိုတစ်ဘက်က နွား ဘယ်ခံနိုင်မလဲကွာ
ပြေးတော့တာပေါ့။မပြေးဘဲ ခံဝှေ့တဲ့နွားကျတော့
ဝိုင်းထဲမှာတင် သေတာတဲ့ဗျာ”

“ဟေ အသေဝှေ့တာ ဟုတ်လား”

“ဟာ နွားပွဲနိုင်တော့ လောင်းထားတဲ့ ပိုက်ဆံတွေ
အကုန်ရမှာပေါ့နော်”

“အေးပေါ့ကွ။ဒါကြောင့်လည်း သူ့ကို ဟိုလူတွေက
ငွေတွေ အများကြီး ပေးတာပေါ့။ဒီအောက်လမ်းဆရာက
ငွေဝင်လမ်းဖြောင့် နေတာပေါ့ကွ”

“နို့ သူလုပ်စားတဲ့ နွားက ဘာဖြစ်သွားလို့တုံးကွ”

“ဒါတော့ ဘယ်သိမလဲကွ။ တစ်ခုခုကြောင့်
သေသွားလို့ ရှိမှာပေါ့”

“ဒီညတော့ တိုက်နွားရုပ်ကလေးကို အသက်သွင်းတာ
မြင်ရတော့မှာပေါ့ကွာ”

လို့ ကျုပ် ဝမ်းသာအားရ ပြောလိုက်တယ်ဗျ။
ကျုပ်က ဘထစ်နဲ့ စကားပြောပြီး သုသာန်ဇရပ်ပေါ်ကို
လှမ်းကြည့်လိုက်တော့ အောက်လမ်းဆရာကြီးက
ဇရပ်ပေါ်ကို ဖယောင်းတိုင်တွေ ထွန်းနေတယ်ဗျ။
ပြီးတော့ ပါးစပ်ကလည်း ဘာတွေရွတ်ဖတ်နေမှန်
မသိဘူးဗျာ။ရွတ်သံဖတ်သံတွေကို ခပ်သဲ့သဲ့
ကြားနေရတယ်။ဘထစ်တို့ကျောင်းက ဝင်ဝင်ချင်းမှာ
နတ်လမ်းရှိတယ်ဗျ။

အဲဒီနတ်လမ်းအတိုင်း လျှောက်သွားတော့မှ
ကျောင်းလှေကားကို ရောက်တာ။ကျုပ်နဲ့ ဘထစ်က
နတ်လမ်းထဲမှာ လူထိုင်ဖို့ လုပ်ထားတဲ့ အုတ်ခုံကလေးမှာ
မထိုင်ဘဲ ရပ်ပြီး စကားပြောနေတာဗျ။

“ဟော ကြားလား တာတေ။အဲဒါ မှော်ဂါထာတွေ
ရွတ်နေတာကွ”

“ဟေ ဟုတ်လား ။ မင်းက ဘယ်လိုလုပ်ပြီး
သိတာတုံး ဘထစ်”

“ဦးပဉ္စင်းကြီး ညကပြောတာကွ။အဲဒီဆရာ
ညကလည်း အဲဒီလို ရွတ်နေတာ ငါက ဦးပဉ္စင်းကြီးကို
လျှောက်ကြည့်တာ။ဒီလူ ဘုရားရှိခိုးနေတာလားဆိုတော့
ဦးပဉ္စင်းကြီးက ဘယ်ကလာ ဘုရားရှိခိုးရမှာတုံး။
အောက်လမ်းပါဆိုမှ ခြေဖဝါးမှာတောင် ဘုရားပုံ
ထိုးတဲ့ကောင်တွေကွ။ဒါ မှော်မန္တန်တွေ ရွတ်နေတာလို့
ပြောတယ်”

“တော်တော်တော့ ယုတ်ညံ့တဲ့ လူတွေပဲနော်”

လို့ ကျုပ်က ပြောလိုက်တယ်။ဒီလိုနဲ့ ကျုပ်တို့နှစ်ယောက်
စကားထိုင်ပြောနေကြတာပေါ့ဗျာ။ကျုပ်တို့နှစ်ယောက်
ပြောတယ်သာဆိုရတယ်။တကယ်ပြောတာက ဘထစ်ဗျ။
ကျုပ်က အမေးသမား။ကျုပ် နားမလည်တာတွေကို
မေးယူနေရတာပါ။ဘထစ်ဆိုတဲ့ကောင်က ကြားဖူးနားဝ
အားကြီးရှိတဲ့ကောင်ဗျ။ကျုပ်နဲ့ဘထစ် စကားပြောနေတုန်းမှာ
ညည့်တော်တော်နက်လာပြီဗျ။ဘထစ်က အသာထပြီး
ဇရပ်ဘက်ကို ကြည့်တယ်ဗျ။

“ဟော အောက်လမ်းဆရာ သွားပြီဟေ့”

“ဟေ ဘယ်ကို သွားနေတာတုံးကွ ဘထစ်”

“မသိဘူးကွ။ ဇရပ်ပေါ်က ဆင်းသွားတာပဲ။
ဟော ဇရပ်ရဲ့ အရှေ့ဘက်ကို သွားနေတာကွ။
သြော် ငါသိပြီဟေ့ တာတေရ။အဲဒီမှာ ကွင်းတစ်ကွင်း ရှိတယ်။
ဟိုဘက်က ဂျုံးဂျုံးရွာက နွားတွေတောင် လာလာပြီး
လွှတ်ထားကြတာ။အဲဒီကွင်းက မြက်ပေါတယ်ကွ။
ကဲ လာ မင်းနဲ့ ငါ သူ့နောက်က အသာလိုက်ပြီး
ကြည့်ကြတာပေါ့ကွာ”

ဘထစ်က ပြောပြောဆိုဆို ကျောင်းဝင်းထဲက
ထွက်တယ်။ကျုပ်လည်း သူ့နောက်က ကပ်ပြီးလိုက်ရတာပေါ့ဗျာ။
ဘထစ်က ဇရပ်ဘက်ကို သွားတယ်။ဇရပ်ပေါ်မှာတော့
ဖယောင်းတိုင်တွေ ထွန်းထားခဲ့တာဗျ။

ဟာ အရိုးခေါင်းခွံကြီး တစ်ခုဗျ။
ခေါင်းခွံဖြူဖြူကြီးပေါ်မှာလည်း
ဖယောင်းတိုင်ကြီးတစ်တိုင် ထွန်းလို့ဗျ။
ကျုပ်နဲ့ ဘထစ်လည်း ဇရပ်ရဲ့ မြောက်ဘက်ကနေ
ကွေ့ပြီး လျှောက်ခဲ့ကြတယ်။ဇရပ်မြောက်ဘက်မှာက
ညောင်လမ်းပင်ကြီးတစ်ပင်ရှိတယ်။ညောင်လမ်းပင်
အလွန်မှာတော့ ငှက်ပျောပင်တွေဗျ။
အခိုင်တွေတောင် ကျနေပြီ။

“ဘထစ် ဒီငှက်ပျောတွေက ဘယ်သူစိုက်ထားတာတုံး”

“ဒီသင်္ချိုင်းရဲ့ စန္ဒာလကြီး စိုက်ထားတာလေကွာ”

ကျုပ်တို့နှစ်ယောက် ငှက်ပျောတွေကြားက ဖြတ်လျှောက်
လိုက်ကြတယ်။ငှက်ပျောတောကလေးကို ကျော်လိုက်တော့
အုတ်ဂူတွေဘက်ကို ရောက်လာတယ်။အုတ်ဂူတွေကို
ကွေ့ပတ်ပြီး လျှောက်လိုက်တော့ မြယာပင်တွေ ဘက်ကို
ရောက်လာတယ်ဗျ။ မြယာပင်တွေ လွန်တော့မှ
ကွင်းပြင်ကြီးကို လှမ်းတွေ့နေရတာဗျို့။

“လာ တာတေ။ ဟိုရှေ့က ညောင်ပင်ကြီးနောက်ကနေ
မင်းနဲ့ငါ ပုန်းပြီးကြည့်မယ်”

ကျုပ်နဲ့ ဘထစ် ညောင်ပင်ကြီးအောက်ကို ဝင်လိုက်တယ်။
ကြီးလိုက်တဲ့ ညောင်ပင်ကြီးဗျာ။လူသုံးယောက်ဖက်စာလောက်
ရှိတယ်ဗျ။ကျုပ်တို့နှစ်ယောက် ညောင်ပင်နောက်က
ဝင်ကပ်ပြီး ကြည့်လိုက်တော့ အောက်လမ်းဆရာက
ကွင်းစပ်မှာ စည်းဝိုင်းချတယ်ဗျ။

ပါးစပ်ကလည်း ဘထစ်ပြောတဲ့ မှော်မန္တန်တွေ ရွတ်လို့ဗျ။
လကလေးက ကောင်းကင်မှာ ခပ်မှုန်မှုန်ကလေး
သာနေတယ်။ကွင်းထဲမှာတော့ ဝိုးတိုးဝါးတားကလေးပဲ
မြင်ရတာပေါ့ဗျာ။

အောက်လမ်းဆရာက ကွင်းပြင်ထဲမှာ စည်းဝိုင်းကို
သေသေချာချာ တားနေတာဗျို့။ပါးစပ်က မန္တန်တွေ
မပြတ်ရွတ်ပြီး စည်းချနေတာ။ဒီအချိန်မှာ ကျုပ်က
ကောင်းကင်ကို အမှတ်တမဲ့ မော့ကြည့်မိတော့
ခုနှစ်စင်ကြယ်တောင် အမြီးထောင်စပြုနေပြီဗျို့။
ဟော ပြောရင်း ဆိုရင်း အောက်လမ်းဆရာ
အလုပ်စပြီဗျို့။သူလုပ်ထားတဲ့ နွားရုပ်ကလေးကို
လက်ဝါးပေါ်မှာ တင်ထားပြီး …

“ကဲ…ဖေသားကြီး မိုးမှောင် ။ မင်းကို အသက်ဝိညာဉ်
သွင်းပေးရတော့မယ့်အချိန် ရောက်ပြီဟေ့။
အဝိဥာဉ်ဏက အသက်မဲ့တဲ့ ရွှံ့ရုပ်ကလေးတစ်ရုပ်ကို
ဝိဥာဉ်ဏက အသက်ရှိတဲ့ နွားနက်ကြီးတစ်ကောင်
ဖြစ်လာလေအောင် ဆရာပန်လို့ အမည်သညာ
ခေါ်ဆိုကြပါတဲ့။ကျွန်ပ် ဆရာပန္နဝက ခေတ်အဆက်ဆက်
နှစ်ပေါင်းများစွာကတည်းက ဆရာအစဉ်အဆက်
လျှို့ဝှက်ခဲ့သော နာနာရူပံအတတ်။
မှော်ပညတ်နဲ့ မှော်အစွမ်းပြချိန်ရောက်ပြီမို့
ကျွန်ပ် ဆရာ ပန္နဝရဲ့ အမြန်တမ်းကို မြေထု
လေထု ရေထုအတွင်း သွားလာလှုပ်ရှားနေကြသမျှ
နာနာဘာဝ ။ ဝိနာဘာဝ မှန်သမျှကို နာခံကြစေ။
နာနာရူပံ(ခေါ်)နာနာဘာဝအတတ်ကို စီရင်နေတဲ့
အခိုက်အတန့်မှာ သင်တို့ ဤနေရာမှ ဝေးရာသို့
ထွက်ခွါသွားကြစေ။ကျွန်ပ်ပန္နဝ အစီအရင်
ကိစ္စမပြီးမချင်း ဤနေရာဝန်းကျင်သို့
သင်တို့ ပြန်မလာကြရ။တကယ်လို့
ကျွန်ပ်အမိန့်ကို မနာခံပါက ကျွန်ပ်၏
မှော်မန္တန်ကျိန်စာများအတိုင်း မဟာအဝီစိငရဲကို
ဆင်းလာစေ။မှော်စက်ရောင် ဆရာကြီး
ကျွန်ပ်ဆရာပန္နဝရဲ့ အမိန့်တော်”

ပြောပြောဆိုဆိုနဲ့ အောက်လမ်းဆရာက
မတ်တတ်ထရပ်လိုက်တယ်။

“ဟေ့ကောင် တာတေ ။ ဒီဆရာက ပေါ့သေးသေးမှ
မဟုတ်တာ။ပန္နဝ ဆိုတာ အောက်လမ်းလောကမှ
အင်မတန် နာမည်ကြီးတဲ့ ဆရာကွ”

ဘထစ်က လေသံတိုးတိုးကလေးနဲ့ ကျုပ်နားကို
ကပ်ပြောတယ်။ကျုပ်ကလည်း တိုးတိုးကလေး
ပြန်ပြောရတာပေါ့ဗျာ။

“မင်း သိလို့လားကွ ဘထစ်ရ”

“ငါကြားဖူးတာကွ။ လူကြီးတွေ ပြောကြတာ
အင်မတန် အစွမ်းထက်တယ်ဆိုပဲ”

“သတိထားနော် ငါတို့ချောင်းကြည့်နေတာသိရင်
မလွယ်ဘူးနော် ဘထစ်”

“အေးပါကွ ။ ငါ့ကိုတော့ မလုပ်ပါဘူး။
ငါနဲ့ တော်တော် ခင်နေကြပြီ”

ဘထစ်နဲ့ ကျုပ်နဲ့ ဆရာပန္န ဆိုတဲ့လူကိုပဲ
ကြည့်နေကြတာပေါ့ဗျာ။

“ဟာ သရဲတွေ ပြေးပြီဟေ့ ။
သူ့အမိန့်က တော်တော် ပြင်းပါလားကွ”

“ဟင် …မင်းမြင်ရတာပေါ့ ဟုတ်လား ဘထစ်”

“အေး…မြင်ရတယ်ကွ။ သြော် မင်းကို
အမြင်ဖွင့်ပေးဖို့ မေ့နေတာဟေ့ တာတေရ။
ကဲ မင်းလက်ဝါးပေး ခါတိုင်းလိုပဲ
ငါလက်ဝါးကို ဆုပ်ထား။မလွှတ်စေနဲ့။
ကဲ ဆေးတော်စောင့်ကြီးဗျာ။
ကျုပ် သူငယ်ချင်း တာတေကို နာနာဘာဝတွေ မြင်လို့
တွေ့လို့ရအောင် အမြင်ဖွင့်ပေးပါဗျာ။
မင်း မျက်လုံးမှိတ်ထားတယ်မို့လား တာတေ။
ဖြည်းဖြည်းဖွင့်လိုက်”

ကျုပ်က ဘထစ်ခိုင်းတဲ့အတိုင်း ဖြည်းဖြည်းလေး
ဖွင့်လိုက်တယ်။ဟာ မြင်ရပြီဗျို့။ဘထစ်ပြောတဲ့အတိုင်းပဲဗျာ။

သရဲတွေ သရဲတွေ ပြေးလွှားနေလိုက်ကြတာ
ရုန်းရုန်း ရုန်းရုန်းကို ဖြစ်နေတော့တာဗျို့။
ဆရာပန္နဝက တော်တော်ကို အာဏာစက်ပြင်းတာဗျ။
သူအစီအရင်လုပ်မလို့ ဒီနေရာက ထွက်သွားလို့
အမိန့်ပေးလိုက်တာနဲ့ အားလုံးထွက်ပေးကြရတော့တာဗျ။

သရဲတွေ ထွက်သွားပြီး ကွင်းပြင်ထဲမှာ
ဘာမှမရှိတော့တဲ့အချိန်ကျမှ ဆရာ ပန္နဝက
နွားရုပ်ကလေးကို ပါးစပ်နားတေ့ပြီး
မန္နန်တွေ ရွတ်တော့တာဗျို့။

“ဟာ တာတေရေ။ ဇာတ်လမ်းကတော့ ရှုပ်ပြီဟေ့။
ဟိုမှာ ကြည့်စမ်း မဖဲဝါ လာနေပြီဟေ့။
ဘေးမှာ သူ့ခွေးကြီးလည်း ပါလာတယ်ဟေ့”

“ဟင် ဘယ်မှာတုံးကွ ။ ဘယ်မှာတုံး”

ကျုပ်က ပြောပြောဆိုဆိုနဲ့ ဘထစ်ကြည့်တဲ့ဘက်ကို
လိုက်ကြည့်လိုက်တယ်။

ဟာ ဟုတ်ပါ့ဗျာ ။ မဖဲဝါက ခြေထောက်နဲ့
မြေကြီး ထိတာ မဟုတ်ဘူးဗျို့။မြေပေါ်မှာ
ရှပ်ပြီးလွင့်လာတာဗျ။သူ့ဘေးက ခွေးနက်ကြီးကလည်း
အကြီးကြီးဗျ။မဖဲဝါကတော့ ကျုပ်စိတ်ထင်
အရပ်ဆယ်ပေလောက် ရှိတယ်။
သူ့ဘေးက ပြေးလာတဲ့ ခွေးကြီးကတော့
ကျုပ်စိတ်ထင် နွားမတန်းတစ်ကောင်လောက်
ရှိမယ်ထင်တယ်ဗျ။

ဘထစ်ကို ကြည့်လိုက်တော့ ကျုပ်လိုပဲဗျို့။
မျက်တောင်မခတ်ကို ကြည့်နေတာဗျ။
ဟော ရပ်သွားပြီဗျို့။မဖဲဝါရော ခွေးကြီးရော
ရပ်သွားပြီဗျ။ဆရာပန္နဝကို စိုက်ကြည့်နေကြတယ်ဗျို့။

“သင်္ချိုင်းထဲက သရဲတွေ ထွက်ပြေးလာတာတွေ့လို့
မဖဲဝါကြီး လိုက်ချလာတာကွ တာတေရ”

“အေး ဟုတ်မယ်ကွ ငါ့စိတ်ထင်တော့ ဆရာပန္နဝ
မှားသွားပြီထင်တယ် ဘထစ်ရ”

“ဟေ ဘာဖြစ်လို့တုံးကွ”

“ဟာ မင်း စဉ်းစာကြည့်လေ သူပိုင်တဲ့ သင်္ချိုင်းထဲမှာ
လာပြီး ဆရာပန္နဝက လုပ်ချင်တိုင်း လုပ်နေတာလေကွာ။
သူ့ကိုလည်း ခွင့်တောင်းပုံ မရဘူးကွ။ပြီးတော့
ဒီအထဲမှာနေတဲ့ သရဲတွေကို မဖဲဝါက ထိန်းထားတာ
မဟုတ်လား။အခုလို ရုန်းရင်းဆန်ခတ်ဖြစ်ပြီး
ပြေးလွှားနေတော့ သူတော်တော် မကျေမနပ်
ဖြစ်နေပုံပဲကွ”

“အေး…မင်းပြောတာ ဟုတ်တယ် တာတေ
မဖဲဝါကြီး မျက်လုံးကြီးတွေ နီရဲနေတာကွ။
ဒေါသတော်တော်ဖြစ်နေပုံပဲ”

ဟုတ်ပါ့ဗျာ ။ ဆံပင်ဖားလျားကြီးချပြီး
ထမိရင်လျားကြီးနဲ့ဗျ။မျက်လုံးကြီးတွေက
နီရဲပြီး ဒေါသအရမ်းထွက်နေတဲ့ပုံပဲဗျို့။

ဟော ဟော ဆရာပန္နဝကလည်း မန္တန်ကို
ရွတ်နေတာ တိုးတိုးလေး မဟုတ်တော့ဘူးဗျို့။
မာန်နဲ့ ဋ္ဌာန်နဲ့ကို အသံကျယ်ကျယ်နဲ့
ရွတ်နေတာ။မဖဲဝါနဲ့ ခွေးကြီးကတော့ ဘာမှမလုပ်ပဲ
စိုက်ကြည့်နေကြတာဗျ။မဖဲဝါကြီးက ကွင်းတစ်ဝက်လောက်က
ရပ်နေတာဗျ။ဆရာ ပန္နဝနဲ့ဆိုရင် နည်းနည်းတော့
လှမ်းတာပေါ့ဗျာ ။ဟော ဆရာပန္နဝ မန္တန်ရွတ်တာ
ရပ်သွားပြီဗျ။ဟာ သူ့လက်ဝါးပေါ်မှာ
တင်ထားတဲ့ နွားရုပ်ကလေးက အရောင်တွေ
တဝင်းဝင်း ဖြစ်လာပြီဗျို့။ဟာ နွားရုပ်ကလေး
ဖြုတ်ခနဲ ပျောက်သွားပြီဗျ။

“ဝတ်ထရိန်း ဝတ်ထရိန်း ဝတ်ထရိန်း”

“ဟာ ဘထစ် နွားအော်သံကြီးပါလားကွ”

“အေးကွ အကောင်တော့ မမြင်ရသေးကွ”

“ဟော ဟိုမှာကွ ။ ဟိုမှာ ရေမန်ကျည်းပင်ကြီးဘေးက
မှောင်ရိပ်မှာ ရပ်နေတာကွ။နည်းတဲ့အကောင်ကြီး
မဟုတ်ဘူးဟေ့။ ဘို့ကြီးကို ကောက်နေတာပဲကွ ဘထစ်ရ”

“ဟာ ဟေ့ကောင် တာတေ။ဟိုမှာ ဆရာပန္နဝက
လက်ကြီးနှစ်ဖက် ဘေးကို ဆန့်ထုတ်ပြီး
တဟားဟားနဲ့ ရယ်နေပြီကွ”

“ဟား ဟား ဟား ဟား နတ်ပြည်မှာ မာဃ
လူ့ပြည်မှာ ပန္နဝတဲ့ဟေ့ ဟား ဟား ဟား ဟား”

“အေးကွ ။ သူ့ရဲ့အောင်မြင်မှုအတွက်
အရမ်းကို ပီတိဖြစ်သွားတဲ့ပုံပဲဟေ့ ဘထစ်ရေ”

“ဟာ တာတေ မဖဲဝါရဲ့ ခွေးကြီးကို ကြည့်စမ်း
ပါးစပ်ကြီးဖြဲပြီး မာန်ဖီနေပြီကွ”

“မာန်ဖီမှာပေါ့ ဘထစ်ရ။ဟိုနွားကြီးက ကွင်းထဲကို
ထွက်လာပြီလေကွာ”

“ဟေ ဟုတ်သားပဲကွ။နွားကြီးကိုမြင်လို့
မဖဲဝါရဲ့ ခွေးကြီး မာန်ဖီနေတာကိုး”

“ဟင်း ဟင်း ဟင်း ဟင်း အီး အီး ဟီး ဟီး”

“ဝက်ထရန်း ဝက်ထရန်း ဝက်ထရန်း”

တိတ်ဆိတ်နေတဲ့ ကွင်းပြင်ကြီးထဲမှာ
နွားတွန်သံကြီးရယ်။မဖဲဝါရဲ့ ခွေးကြီး
မာန်ဖီတဲ့အသံရယ် ကြောက်စရာကြီးပါဗျာ။
ထမီရင်လျားနဲ့ အရပ်ဆယ်ပေလောက်ရှိတဲ့
မဖဲဝါကြီးကတော့ ခြေစုံရပ်ပြီးတော့မှ ကြည့်နေတာဗျို့။

ဟာ ဆရာ ပန္နဝရဲ့ တိုက်နွားကြီးက ခွါတွေယက်နေပြီဗျို့။

“ဖြောင်း ဖြောင်း ဖြောင်း”

ဟာ တိုက်နွားကြီးရဲ့ ခွါယက်တဲ့အသံက တဖြောင်းဖြောင်း
ဖြစ်နေတော့တာဗျို့။

“ဟား …ဟား…ဟား…ဟား ဖေ့သားကြီးက ခွါတွေ
ယက်နေပါလား။ ဘာဖြစ်လို့တုံး ဖေ့သားကြီး မိုးမှောင်”

“ဟီး…ဟီး…ဟီး…ဟင်း…ဟင်း”

ဆရာပန္နဝလည်း ခွေးကြီး မာန်ဖီတဲ့ အသံကို
ကြားသွားပြီဗျို့။ကိုယ်ကို ဆတ်ကနဲ ဖြစ်ပြီး
ငြိမ်သွားတယ်ဗျ။

“လက်စသတ်တော့ မဖဲဝါ ရောက်နေတာကိုး။
ငါဆရာ အမိန့်ပြန်ထားတာကိုတောင်
ပမာမခန့်နဲ့ ရောက်လာသေးတာကိုး။ငါဟာ နင်တို့လို
အဆင့်နိမ့်တဲ့ နာနာဘာဝတွေကို မနှိပ်စက်ချင်ဘူး။
ဒါပေမဲ့ မှော်စက်ရောင် ဆရာပန္နဝရဲ့
အမိန့်ကိုတောင် မနာခံဘူးဆိုရင်တော့
နှိပ်စက်ညှင်းပမ်းပြီး ဒဏ်ပေးရတော့မှာပေါ့လေ။
ကဲ ဖေ့သားကြီး မိုးမှောင်ရေ။
မင်း အစွမ်းပြရတော့မယ့်အချိန်
ရောက်ပြီဟေ့။အဲဒီ သရဲမနဲ့ သူ့ခွေးသရဲကို
တစ်ခါတည်းသာ ဝှေ့သတ်လိုက်ပေတော့ဟေ့”

ဒါအမိန့်ပဲဗျ။သခင်ရဲ့ အမိန့်လည်းရရော
တိုက်နွားကြီး မိုးမှောင် တစ်ရှိန်ထိုး
ပြေးထွက်သွားတော့တာပဲဗျို့။
ဟာ မဖဲဝါနဲ့ သူ့ခွေးကြီးဆီကို တန်းပြေးတာဗျို့။
တိုက်နွားကြီး ခွါယက်လိုက်တိုင်း မြက်ပင်တွေ
တဖွားဖွား ကျွတ်ထွက်ကုန်တာဗျို့။
မဖဲဝါက သူ့လက်ကြီးကို ရှေ့ဘက်ကို ဆန့်ထုတ်ပြီး…

“အီး…ဝါး…အီး”

ဆိုတဲ့ အသံကြီးနဲ့ အော်လိုက်တာ
ကျုပ်ဖြင့် ကျောထဲမှာကို စိမ့်သွားတာပါပဲဗျာ။

ဟာ ပြေးထွက်လာပြီဗျို့။မဖဲဝါရဲ့
ခွေးနက်ကြီး ပြေးလာပြီဗျို့။သူ့သခင်မရဲ့
အမိန့်ရတာနဲ့ မြားပစ်လိုက်သလိုကို
ပြေးလာတာဗျို့။တွေ့ပြီ။ကွင်းလယ်မှာ
တွေ့ပြီဗျို့။ဝှေ့ပြီ။တန်းဝှေ့တာပဲဗျာ။
မဖဲဝါရဲ့ ခွေးကြီးကလည်း တိုက်နွားကြီးကို
ခုန်ပြီးကိုက်တာဗျို့။

ခွေးကြီးက နွားရဲ့လည်ဂုတ်ကို
ကိုက်လိုက်တဲ့အချိန်မှာ နွားက
ကြုံးအဝှေ့နဲ့ဆိုတော့ နွားပေါ်ကကျော်ပြီး
မဖဲဝါရဲ့ခွေးကြီး ပြုတ်ကျသွားတယ်။
ဒါပေမယ့် နွားရဲ့လည်ဂုတ်ကိုတော့
ကိုက်မိသွားတာဗျ။နွားရော ။ခွေးကြီးရော
တော်တော်ဒေါသထွက်သွားကြတယ်။

နွားကလည်း နောက်ကို ပြန်လှည့် ။ ခွေးကလည်း
နောက်လှည့်။ တစ်ရှိန်ထိုးပြေးပြီး တိုက်ကြပြန်ရောဗျို့။
ဒီတစ်ခါတော့ မဖဲဝါရဲ့ ခွေးကြီးက နွားကို
မကိုက်ဘဲ နွားမဝှေ့ခင် ကြိုပြီး နွားကျောပေါ်ကို
ခုန်တက်လိုက်တယ်။နွားကတော့ ဒေါသတကြီး
ကြုံးပြီး ဝှေ့လိုက်တာ မြေကြီးတွေရော
မြက်တွေပါ ဖွားခနဲ ဖြစ်ပြီး မြောက်တက်သွားရောဗျာ။
နွားကျောပေါ်ကို ရောက်သွားတဲ့ မဖဲဝါရဲ့
ခွေးကြီးက နွားရဲ့လည်ဂုတ်ကို ကြုံးလိုက်တော့ပဲဗျာ။

“ဝတ်ထရိန်း ဝတ်ထရိန်း အီး”

ဆိုတဲ့ မချိမဆန့်အော်သံနဲ့အတူတူ ကျောပေါ်ရောက်နေတဲ့
ခွေးကို ကွင်းထဲမှာ ကဆုန်ပေါက်ပြေးရင်း ခါချနေတယ်ဗျ။
ခွေးကလည်း လည်ဂုတ်ကို ခဲထားတာ တစ်ချက်မှကို
မလွှတ်တော့ဘူးဗျို့။

“ဝတ်ထရိန်း ဝတ်ထရန်း”

ဆရာပန္နဝရဲ့ တိုက်နွားကြီးက အသံကုန်ဟစ်အော်ရင်း
ကွင်းထဲမှာ ကဆုန်ပေါက်ပြေးနေတော့တာပဲဗျာ။

“ဖြောင်း ဖြောင်း ဖြောင်း”

ကဆုန်ပေါက်ပြေးနေတဲ့ ခွါသံ တဖြောင်းဖြောင်းကိုပဲ
ကြားနေရတဲ့ ဆရာပန္နဝက စိုးရိမ်လာပြီး မန္တန်တွေ
ရွတ်တော့တာပဲဗျာ။

ဆရာပန္နဝ မန္တန်တွေ ထရွတ်လိုက်တော့ နွားကျောပေါ်မှာ
လည်ဂုတ်ကို မလွှတ်တမ်းခဲထားတဲ့ ခွေးနက်ကြီးဟာ
လွင့်သွားရောဗျို့။

“ဟာ…ဆရာပန္နဝရဲ့ မန္တန်က တော်တော်ကိုစွမ်းတာပဲကွ”

“ဟာ မဖဲဝါကြီးတောင် နောက်ခြေနှစ်လှမ်းလောက်
ဆုတ်ပေးလိုက်ရပါရောလား တာတေရ”

“ဟော နွားကြီးက ခွေးကို ပြေးဝှေ့ပြန်ပြီဟေ့”

ဒါပေမဲ့ မထိဘူးဗျို့။ခွေးကြီးက ဘေးကို
လှမ့်ရှောင်ပေးလိုက်ပြီး နွားကို သူ့ကိုယ်လုံးနဲ့
ပြေးတိုက်လိုက်တာ နွားကြီး ဘုန်းခနဲ လဲကျသွားရောဗျာ။
ဟာ ကိုက်ပြီဗျို့။ကိုက်ပြီ။ခွေးကြီးက လဲကျနေတဲ့
နွားပေါ်ကို လွှားခနဲ ခုန်တက်လိုက်ပြီး ကိုက်တော့တာပဲဗျာ။

“ဟီး ဟီး ဟီး ဟီး ဟီး”

မဖဲဝါရဲ့ခွေးကြီး မာန်ဖီနေတဲ့ အသံကြီးက
တကယ်ကို ကြောက်စရာကြီးပါဗျာ။

အီး…အီး…အီး

နွားကြီး မချိမဆန့်အော်တဲ့ အသံကြီးကလည်း
တော်တော်ကို ချောက်ချားစရာပါဗျာ။

“ဟင် ဖေ့သားကြီး မိုးမှောင်။ သား မင်း ဘာဖြစ်သွားတာလဲ”

သွားပြီဗျို့။နွားကြီး ငြိမ်ကျသွားပြီ။
အော်လည်း မအော်တော့ဘူး။ဆန့်ငင် ဆန့်ငင် နဲ့ငြိမ်သွားပြီဗျ။

“ဟာ နွားကြီး ပျောက်သွားပြီကွ။
ဟာ ဟိုမှာ ကြည့်စမ်း ဘထစ်။
မြက်ပင်တွေကြားမှာ လင်းနေတာ တွေ့လား”

“အေး အေး တွေ့တယ်။တိုက်နွားအရုပ်ကလေး
ပြန်ဖြစ်သွားပြီထင်တယ်ကွ။ဟော ဆရာပန္နဝလည်း
မြင်သွားပြီကွ။ဟော အလင်းရောင်တွေ ပျောက်သွားပြီကွ။
သူ့နွားတော့ လုံးဝသေသွားပြီထင်တယ်”

“တောက်”

ကျုပ်ရော ဘထစ်ပါ တုန်သွားတာပဲဗျို့။
ဆရာ ပန္နဝ ထပြီး တောက်ခေါက်က်လိုက်တာ။

“တွေ့ကြသေးတာပေါ့ သရဲမရယ်။
နင် ဘယ်မှ ထွက်မပြေးနဲ့ ။
ငါအစွမ်းကို နင် အခု သိစေမယ်”

ဟော ဆရာပန္နဝ မန္တန်တွေ ရွတ်ပြန်ပြီဗျို့။
မဖဲဝါရဲ့ခွေးကြီးက မဖဲဝါရဲ့ ဘေးမှာ သွားပြီး ရပ်နေတယ်။

“ဟီး ဟီး ဟီး ဟီး”

ပါးစပ်ကြီးဖြဲပြီး မာန်ဖီနေတယ်ဗျ။
ဆရာပန္နဝကို စိုက်ကြည့်ပြီး မာန်ဖီနေတာဗျို့။
မဖဲဝါက ခါးကြီးကုန်းပြီး သူ့ခွေးကြီးရဲ့
ကျောကုန်းကို ပွတ်ပေးနေတယ်ဗျ။

“အီး ဟီး ဟီး ဟီး”

မဖဲဝါကြီးကလည်း အစွယ်ဖွေးဖွေးကြီးတွေပေါ်အောင်
ပါးစပ်ကြီးဖြဲပြီး မာန်ဖီနေရောဗျို့။ဆရာပန္နဝကလည်း
မန္တန်ကို မနားတမ်း ရွတ်တော့တာဗျို့။

မဖဲဝါက ကိုယ်ကို မတ်မတ်ကြီးရပ်ပြီး
ခေါင်းကြီး ကောင်းကင်ကို မော့ထားတယ်။
ပြီးတော့ သူ့လက်ကြီးနှစ်ဖက်ကို အပေါ်ကို မြှောက်လိုက်တယ်။

“ဟာ ဟေ့ကောင်ဘထစ် ။
ကောင်းကင်ကို ကြည့်လိုက်စမ်း။
ဘာကြီးလဲကွ။ငှက်ကြီးလား”

“ဟေ ဟာ ဟုတ်သားပဲကွ။
အတောင်ပံကြီး အကြီးကြီးနဲ့ကွ။
ဟ ငှက်မဟုတ်ဘူး။သရဲကြီးကွ။
အစွယ်ပြူးပြူးကြီးနဲ့ ။
သရဲကြီးက အတောင်ပံကြီးတွေပါတဲ့ သရဲကွ။
ငါ ဒီတစ်ခါပဲ မြင်ဖူးတယ်။
မဖဲဝါ ခေါ်လိုက်တာ ထင်တယ်”

“အေး…ဟုတ်မယ်ကွ။
ဟော ဆရာပန္နဝရဲ့ ခေါင်းပေါ်မှာ
ဝဲနေပြီဟေ့။ဆရာ ပန္နဝကတော့ မျက်စိမှိတ်ပြီး
မန္တန်ရွတ်နေတာကွ။ဒီကောင့်ကြီး ရောက်လာတာကို
မမြင်ဘူးထင်တယ်”

မဖဲဝါက ဆရာပန္နဝကို လက်ညှိုးကြီးနဲ့ ထိုးပြီး …

“ကံကျိုး ကံပေါက် ကာမေသု အောက်လမ်းကောင်ကို
သုတ်သင်ပစ်လိုက်တော့…”

ပီပီသသအသံတော့ မဟုတ်ဘူးဗျ။
မပီမသအသံကြီးနဲ့ ပြောလိုက်တာ။
မဖဲဝါရဲ့ စကားလည်းဆုံးရော အတောင်ပံနဲ့
သရဲကြီးက အပေါ်မှာ ဝဲနေရာကနေ
အောက်ကို ထိုးဆင်းလာရောဗျို့။

မန္တန်ကို အကြိတ်အနယ် ရွတ်နေတဲ့ အောက်လမ်းဆရာကို
ခေါင်းကနေ ဆွဲမ.ပြီး လိမ်ချိုးပစ်လိုက်တယ်ဗျ။
ပြီးတော့ အောက်ကို ပစ်ချလိုက်တယ်။
ချက်ချင်းမသေပဲ မြက်တောထဲမှာ လှိမ့်နေတဲ့
ဆရာ ပန္နဝရဲ့ အသံနက်ကြီးနဲ့ အော်တဲ့အသံဟာ
သင်္ချိုင်းတစ်ခုလုံးကို လွှမ်းသွားရောဗျို့။

“အား …အား…အား”

ဆိုတဲ့ အော်သံကြီးလည်း ကြားရော မဖဲဝါရဲ့
ခွေးနက်ကြီးက လွှားခနဲ ပြေးထွက်လာပြီး
ဆရာပန္နဝရဲ့ လည်မျိုကို ခဲတော့တာပဲဗျာ။

ဟီး ဟီး ဟီး ဟီး

ဆိုတဲ့ ခွေးကြီးရဲ့ မာန်ဖီသံကြားကလည်း
တကယ်ကို ကြောက်စရာကြီးပါဗျာ။

“အား”

ဆရာပန္နဝရဲ့ မချိမဆန့် ခံစားပြီး အော်လိုက်တဲ့
အသံနက်ကြီး တဖြည်းဖြည်းနဲ့ ငြိမ်သွားတော့မှ
ခွေးကြီးက ကိုက်တာကို ရပ်လိုက်တယ်။

သွားပြီ။ မှော်စက်ရောင် ဆရာ ပန္နဝတော့
သွားလေပြီ။မဖဲဝါရဲ့ ပိုင်နက်ကို ဝင်လာပြီး
မဖဲဝါရဲ့ တပည့်လက်သား နာနာဘာဝတွေကို
ပညာစွမ်းနဲ့ နှင်ထုတ်ပစ်လိုက်တာ။
ဆရာပန္နဝရဲ့ အမှားလားတော့ မသိဘူးပေါ့ဗျာ။

မဖဲဝါရဲ့ သရဲခွေးကြီးက တိုက်နွားကြီးကို
တိုက်ခိုက် သတ်ဖြတ်လိုက်တဲ့ မြင်ကွင်းနဲ့
ဆရာပန္နဝကို အတောင်ပံမည်းမည်းကြီးနဲ့
ပျံပြီး ရောက်လာတဲ့ သရဲကြီးက အပေါ်ကို
မသွားပြီး လည်ပင်းကို လိမ်ချိုးလိုက်တဲ့
မြင်ကွင်းတွေဟာ ကျုပ်တစ်သက်တော့ မေ့လို့
ရတော့မှာ မဟုတ်ပါဘူးဗျာ။

“အီး ဟီး ဟီး အီ”

မဖဲဝါကြီးက နောက်ကိုလှည့်ပြီး အော်လိုက်တယ်ဗျ။
ဟော လာကြပြီဗျို့။ စောစောက ဆရာပန္နဝ မောင်းထုတ်လိုက်တဲ့
အကောင်တွေ ပြန်လာကြပြီဗျို့။ပုံသဏ္ဌာန်မှ အစုံပါပဲဗျာ။

နားရွက်အကြီးကြီးတွေရော။မျက်လုံးပြူးပြူးတွေရော။
ကုန်းကုန်းကွကွနဲ့ သွားနေတဲ့ကောင်တွေရော။
သူတို့နေရာကို သူ့တို့ပြန်ရောက်လာလို့
ပျော်နေကြပုံပဲဗျ။

မဖဲဝါရဲ့ သရဲခွေးကြီးကတော့ အဲဒီအကောင်တွေကို
မျက်လုံးပြူးကြီးတွေနဲ့ လိုက်ကြည့်နေတယ်ဗျ။

နာနာဘာဝကောင်တွေက ဆန့်ဆန့်ကြီး
သေနေတဲ့ ဆရာပန္နဝအပေါ်က ကျော်ဖြတ်ပြီး
သွားနေကြတာဗျ။ဆရာပန္နဝသာ အသက်ရှိသေးရင်
ဒီကောင်တွေ ဘယ်လွတ်လိမ့်မလဲဗျာ။

ဒီလောက်များပြားတဲ့ နာနာဘာဝတွေကိုကြည့်ပြီး
ကျုပ်ဖြင့် ကျောထဲမှာ တဖျန်းဖျန်းကို ဖြစ်သွားတာဗျို့။
ကြက်သီးတွေလည်း ထလိုက်တာ မပြောပါနဲ့တော့ဗျာ။
သရဲတွေ သူ့နေရာသူရောက်ပြီး ငြိမ်သက်သွားတော့မှ
မဖဲဝါက နောက်ကို လှည့်ထွက်သွားတယ်ဗျ။
မဖဲဝါရဲ့ နွားမတန်းအရွယ်လောက်ရှိတဲ့ ခွေးနက်ကြီးလည်း
လိုက်သွားတာပေါ့ဗျာ။

“ဝူး ဝူး ဝူး ဝူး”

ဆွဲဆွဲငင်ငင် အူလိုက်တဲ့ မဖဲဝါရဲ့ ခွေးကြီးအသံက
သင်္ချိုင်းကုန်းကြီးတစ်ခုလုံးကို လွှမ်းသွားတော့တာပါပဲဗျာ။

ကျုပ်နဲ့ ဘထစ်လည်း အုတ်ဂူတွေကို ကွေ့ပတ်ပြီး
ကျောင်းကို ပြန်ခဲ့ကြတယ်။သင်္ချိုင်းဇရပ်ပေါ်မှာတော့
ဆရာပန္နဝရဲ့ ပစ္စည်းပစ္စတွေက ဒီအတိုင်းကျန်ခဲ့တာပေါ့ဗျာ။

ကျုပ်လည်း အဲဒီညက ဘထစ်တို့ရဲ့ သုသာန်ကျောင်းမှာ
အိပ်ခဲ့ရတာပေါ့ဗျာ။အိပ်မက်ထဲမှာတော့ မဖဲဝါရဲ့
ခွေးနက်ကြီးလိုက်လို့ ပြေးလိုက်ရတာများ မပြောပါနဲ့တော့။

ပြီးပါပြီ

စာဖတ်ပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အားပေးသွားပါအုံးဗျာ။

  • သင်္ချိုင်းရှင်မ မဖဲဝါ စာအုပ်မှ ကူးယူတငျပွချင်းဖြစ်သည်။