ဂမုန်းသူယောင်

ရင်း ရွာလယ်မှာ ရွာသားတစ်သိုက်နဲ့တွေ့ကြပါရောဗျာ၊ ဒီရွာသားတွေလည်း ဓါးတွေလှံတွေနဲ့ကို စောင့်နေတာဗျ။ ဦးဘသာက အနားကိုကပ်သွားပြီးတော့

“လူလေးတို့၊ ဒီရွာမှာ ဦးလူလှအိမ်က ဘယ်အိမ်များလဲ”

ဒီလူတွေက ကျုပ်တို့ကိုစိမ်းစိမ်းကြီးစိုက်ကြည့်တယ်ဗျ။

“ခင်ဗျားတို့ကို မမြင်ဖူးပါလား၊ ခင်ဗျားတို့ ဘယ်ကလာတာလဲ”

“ဇီးကုန်းရွာကနေ လာခဲ့ကြတာပါ”

ဒီတော့ အခြားလူတစ်ယောက်က

“ဦးလူလှဆီလာတာဆိုတော့ ဆိုင်းလာငှားတဲ့ပုံပဲ”

သူတို့အချင်းချင်းပြောရင်း ခေါင်းညိတ်လိုက်ပြီး

“မြောက်ဘက်ကိုကွေ့သွားလိုက်ဗျာ၊ အဲဒီမှာ ဦးလူလှအိမ်ရှိတယ်၊ ခင်ဗျားတို့မြင်ရင်တွေ့လိမ့်မယ်၊ မှားစရာမရှိပါဘူး”

ကျုပ်တို့လည်းသူတို့ညွှန်တဲ့အတိုင်းဆက်လာရင်း မကြာပါဘူးဗျာ၊ အိမ်ကြီးတစ်အိမ်ရှေ့ကိုရောက်သွားပါရော၊ ခြံစည်းရိုးနားမှာ ဆိုင်းဘုတ်တစ်ခုထောင်ထားတယ်ဗျ၊ သွပ်ပြားပေါ်မှာ သင်္ဘောဆေးနဲ့စာလုံးတွေလှလှရေးထားတယ်၊ ချိုတူးက ဆိုင်းဘုတ်ကိုသေသေချာချာကြည့်လိုက်ပြီးတော့

“ဆေးဆရာကြီး ဦးလူးလှ ဆိုပါလား”

ကျုပ်လည်း ချိုတူးခေါင်းကို ဒေါက်ခနဲခေါက်လိုက်ပြီး

“မင့်မေလွှား ဆေးဆရာလားကွ၊ ဆလိမ်ကို လုံးကြီးတင် တစ်ချောင်းငင်လေကွာ၊ ပြီးတော့ ငသတ်၊ ဝစ္စပေါက်နဲ့ဆိုတော့ ဆေးဖြစ်မလား၊ ဆိုင်းပေါ့ကွ”

ချိုတူးက ခေါင်းကုပ်ပြီးတော့ပြုံးဖြီးဖြီးနဲ့

“မသိဘူးလေကိုအလတ်ကောင်ရာ၊ ကျုပ်က အတန်းပညာမှသင်ခဲ့ရတာမဟုတ်တာ၊ စာတောင်မှ တစ်လုံးချင်းပေါင်းဖတ်ရတာဗျ”

ကျုပ်လည်း ချိုတူးကိုဒေါသထွက်နေရင်း သနားမိသွားတယ်၊ တစ်သက်လုံး သဒိုးလုပ်လာခဲ့ရတော့ စာတွေဘာတွေ သေချာတတ်ပုံမရဘူးဗျ၊ ဒါနဲ့ ကျုပ်က ခြံတံခါးမှာရေးထားတဲ့ ဆိုင်းဘုတ်ကလေးတစ်ခုကို ထိုးပြလိုက်တယ်။

“ရော့၊ အဲဒါရော သေချာဖတ်”

ချိုတူးလည်း သေသေချာချာစာလုံးပေါင်းကြည့်ပြီးတော့ အသံအကျယ်ကြီးနဲ့

“ဆေး၊ အဲ . . . မဟုတ်ပါဘူး၊ ဆိုင်းမလိုးပါ”

ဒီကောင်ဖတ်တော့ ကျုပ်တို့တွေလည်းရယ်လိုက်ကြတာပေါ့ဗျာ။ ကျုပ်လည်း ချိုတူးဇက်ပိုးကိုအုပ်ရင်း

“ချိုတူးကွာ မင်းကတော့ ဘယ့်နှယ့်ဆိုင်းမလိုးပါလဲကွ၊ ဆိုင်းမလိုက်ပါလို့ရေးထားတာကွ”

“အိုဗျာ၊ သိမှမသိဘဲ”

ဦးဘသာက ရယ်မောရင်း

“အလတ်ကောင်ရေ၊ ခြံထဲလည်းလူမတွေ့ အိမ်ကြီးကလည်း မှောင်ကျလို့ပါလားကွ၊ ခေါ်ကြည့်ပါအုံးကွာ”

ကျုပ်လည်း ပါးစပ်နားမှာ လက်ဝါးနှစ်ဖက်ကပ်လိုက်ရင်း

“ဗျိုး၊ ဆိုင်းဆရာကြီး၊ ဦးလူလှ”

ကျုပ်ခပ်ကျယ်ကျယ်အော်လိုက်တော့ နှစ်ထပ်အိမ်ကြီးရဲ့ အပေါ်ထပ်က သစ်သားတံခါးတစ်ချပ်က ပွင့်သွားတယ်ဗျ၊ အထဲကနေ မိန်းကလေးတစ်ယောက်က ကျုပ်တို့ကိုလှမ်းကြည့်တယ်။

“ရှင်တို့စာမဖတ်တတ်ဘူးလား၊ ဆိုင်းမလိုက်ပါဘူးလို့ ရေးထားတယ်လေ”

မိန်းကလေးအသံက ခပ်စွာစွာပဲဗျ။

“ဖတ်တတ်ပါ့ဗျာ၊ ကျုပ်တို့က ဆိုင်းငှားဖို့လာတာမဟုတ်ဘူးဗျ၊ ဒီအိမ်မှာတည်းခိုဖို့လာတာ”

“အောင်မယ်၊ တည်းခိုချင်ရအောင် ကျွန်မတို့အိမ်က သာလာယံဇရပ်မဟုတ်ဘူးရှင့်၊ သွားကြစမ်းပါ၊ တခြားအိမ်သွားတည်းကြပါ”

ဒီတော့ ဦးဘသာက အရှေ့ကိုထွက်လာပြီး

“မဟုတ်ပါဘူးကလေးမရာ၊ ဦးလေးတို့ကို တစ်မျိုးမထင်ပါနဲ့၊ ဦးလေးတို့ကို ကျတ်ကွင်းရွာက ဦးလူဝက ဒီမှာတည်းဆိုပြီး ပြောလိုက်လို့ပါ”

ဒီတော့ မိန်းကလေးက ကျုပ်ကိုမျက်စောင်းထိုးပြီးတော့

“တကယ်ပဲ ရှုပ်ရှုပ်ယှက်ယှက်တွေ၊ ဘာတွေလဲမသိဘူး”

အဲဒီလိုရေရွတ်ရင်း ပြတင်းပေါက်တံခါးကိုဝုန်းခနဲဆွဲပိတ်လိုက်တယ်ဗျ၊ ပြီးတော့ အိမ်တံခါးကြီးပွင့်သွားပြီးတော့ လှေကားကနေဆင်းလာတယ်၊ ကျုပ်တို့ဖက်မှာ နှစ်ထပ်အိမ်ဆိုရင် အိမ်ထဲကနေ လှေကားမဖွဲ့ဘဲနဲ့ အခုလိုမျိုး အိမ်အပြင်ကနေ လှေကားတက်ထားလေ့ရှိတယ်ဗျ၊ ဒီမိန်းကလေးက ကျုပ်တို့ဆီကိုလျှောက်လာပြီး ခြံတံခါးမှာခတ်ထားတဲ့ သံကြိုးကိုဖွင့်ပေးတယ်၊ ကျုပ်ကိုလည်းမျက်စောင်းတစ်ချက်ထိုးလို့ဗျာ၊ ကျုပ်လည်း ဒီမိန်းကလေးလာရင် ရန်တွေ့ပစ်လိုက်အုံးမယ်ဆိုပြီး ခဲထားသမျှ သူ့မျက်စောင်းအောက်မှာ အရည်ပျော်ကျသွားတာပဲဗျာ၊ မိန်းကလေးက သိပ်ချောတာဗျ။

“လာလာ၊ အိမ်ထဲဝင်ကြ၊ အချိန်မတော်အချိန်တော်ကြီး”

အားလုံးက ဝင်သွားပေမယ့် ကျုပ်ကတော့ ဒီမိန်းကလေးရဲ့အလှမှာ နစ်မြောနေရင်း ငေါင်ငေါင်ကြီးရပ်နေမိတယ်ဗျာ၊ မိန်းကလေးက ကိုယ်လုံးကိုယ်ပေါက်တောင့်တောင့်၊ အရပ်က မနိမ့်မမြင့်ကလေးဗျ၊ မျက်ဝန်းကလေးတွေကလည်းနက်လို့၊ ပါးမှာလည်း ပါးချိုင့်နှစ်ဖက်လုံးပါသေးတယ်ဗျာ၊ ခင်ဗျားတို့မြင်သာအောင်ပြောရရင် ခုခေတ် ရုပ်ရှင်မင်းသမီး အေးမြတ်သူလိုရုပ်မျိုးပေါ့။ ကျုပ်ငေါင်ပြီးတစ်ယောက်တည်းကျန်နေတော့ ဒီမိန်းကလေးက ကျုပ်ကိုမျက်စောင်းလှမ်းထိုးတယ်။

“ကဲ၊ ရှင်က နေခဲ့ချင်လို့လား၊ နေခဲ့ချင်တယ်ဆိုရင်လည်း နေခဲ့တော့၊ ကျွန်မတော့ တံခါးပိတ်ပြီ”

ဒီတော့မှ ကျုပ်လည်း အသိစိတ်ကပ်ပြီးတော့

“နေ၊ နေပါအုံး၊ ကျုပ်လည်းဝင်ပါရစေ”

ကျုပ်လည်းခြံထဲကိုပြေးအဝင် ခြံတံခါးအောက်ဘက်ဘောင်နားကိုသေချာမကြည့်မိတော့ ခြေထောက်နဲ့တိုက်ပြီး မှောက်လျှက်လဲသွားတာပေါ့ဗျာ၊ လဲတာမှ လက်လွတ်ခွက်ကျွတ်ကိုလဲတာ၊ ဒါနဲ့ အားကိုးစရာအဖြစ် မီရာမီကြောင်းလှမ်းဆွဲလိုက်တော့ အရှေ့မှာရပ်နေတဲ့ ချိုတူးရဲ့ပုဆိုးကို ဆွဲမိပါရောဗျာ၊ လဲကျတဲ့အရှိန်နဲ့ဆိုတော့ ချိုတူးရဲ့ပုဆိုးက ကွင်းလုံးကျွတ်ပြီး ကျုပ်လက်ထဲပါလာတာပေါ့၊ ချိုတူးလည်းလှည့်ကြည့်တော့ ဟိုမိန်းကလေးက ကျုပ်တို့နှစ်ယောက်ကိုကြည့်ပြီး ခွက်ထိုးခွက်လန်ရယ်လို့ဗျ၊ ချိုတူးလည်း ရှက်ရှက်နဲ့အိမ်အောက်ကိုဝင်ပြေးတာပဲဗျာ။ ကျုပ်ကတော့ နာတဲ့ကြားက ကုန်းထရင်း ဒီမိန်းကလေးရယ်တာကိုကြည့်နေမိတယ်၊ ကျုပ်ကြည့်မှန်းသိတော့ ဒီကောင်မလေးက မရယ်တော့ဘူးဗျ၊ ဒါပေမယ့် မျက်နှာက ပြုံးလို့ပေါ့၊ ပါးချိုင့်လေးနှစ်ဖက် ခွက်နေအောင်ပြုံးတာလေးကိုကြည့်ရတာ အမောကိုပြေသွားတာပဲဗျာ။

“တကယ်ပဲ၊ ဘယ်လိုလူတွေလည်းမသိဘူး”

မိန်းကလေးက ရေရွတ်ပြီးတော့ ခြံတံခါးကိုသံကြိုးပြန်ခတ်နေပါရောဗျာ၊ ကျုပ်လည်း လှေကားကလှမ်းတက်တော့ ချိုတူးက လှေကားအကွယ်ကနေလှမ်းအော်တယ်။

“ကိုအလတ်ကောင်၊ ကျုပ်ပုဆိုးပေးလေဗျာ”

ကျုပ်လည်း ဒီတော့မှ လက်ထဲကပုဆိုးကိုသတိထားမိတာဗျ၊ ဒါနဲ့ ချိုတူးဆီကိုပုဆိုးပစ်ပေးရင်း အိမ်ပေါ်ကိုတက်ခဲ့တာပေါ့ဗျာ။

(၂)

အိမ်ပေါ်မှာ ပက်လက်ကုလားထိုင်နဲ့လူကြီးတစ်ဦးထိုင်နေတယ်ဗျ၊ ရေနံဆီမီးခွက်တွေ ထိန်နေအောင်ထွန်းထားသေးရဲ့ဗျာ၊ အဲဒီလူကြီးရဲ့အရှေ့ကြမ်းပြင်မှာပဲ ဦးဘသာက ခွေခွေကလေးဝင်ထိုင်တာနဲ့ ကျုပ်တို့လည်းထိုင်လိုက်တာပေါ့ဗျာ၊ ဒီလူကြီးက ဦးလူဝရဲ့ညီ ဦးလူလှဖြစ်မယ်ဗျ၊ အသက်ကတော့ ငါးဆယ်ဝန်းကျင်လောက်ပဲရှိမယ်ထင်တယ်၊ လူလှဆိုတဲ့အတိုင်း မျက်လုံးမျက်ဖန်ကောင်းကောင်း၊ မျက်ခုံးကောင်းကောင်းနဲ့ ခန့်ခန့်ကြီးဗျ။

“ကျုပ်တို့က ပေတော၊ ဇီးကုန်းဘက်ကနေလာခဲ့တာပါ၊ နွားကြည့်ရအောင်လာခဲ့ရင်း ကျတ်ကွင်းရောက်တော့ လူဝနဲ့တွေ့လို့ လူဝက နိဗ္ဗာန်ရွာရောက်ရင် သူ့ညီဆီမှာတည်းခိုလို့ရတယ်လို့ပြောလို့လာခဲ့ကြတာပါ”

ဦးဘသာက ရိုရိုသေသေပြောတယ်ဗျ၊ ဒီလူကြီးကတော့ ခေါင်းတစ်ချက်ညိတ်ရင်း

“အင်းပါ၊ လူဝလွတ်လိုက်တာဆိုတော့လည်း လက်ခံရမှာပေါ့”

ဒီလူကြီးက စကားကိုခပ်ပြတ်ပြတ်ပဲပြောတာဗျ၊ ပြီးတော့ ဘာမှလည်းဆက်မပြောတော့ဘူး၊ ကျုပ်ကတော့ မျက်လုံးကိုဝေ့ပြီးတစ်ချက်ကြည့်လိုက်တယ်၊ အိမ်ပေါ်မှာ တူရိယာပစ္စည်းတွေစုံလို့ဗျ၊ အိမ်ထောင့်မှာတော့ လူတစ်ရပ်လောက်နီးပါးမြင့်တဲ့ ရှမ်းအိုးစည်ကြီးထောင်ထားပါရော၊ အိမ်နံရံတွေမှာတော့ ဝါးလက်ခုပ်တို့၊ လင်းကွင်းတို့ကိုချိတ်ထားတယ်၊ ဗုံတွေ၊ မောင်းတွေပုံထားတာလည်း အများကြီးပါပဲ၊ ကြည့်လိုက်တာနဲ့ ဆိုင်းဆရာအိမ်မှန်း တန်းသိပါတယ်။

ဒါပေမယ့် ဦးလူဝက သဘောမနောကောင်းပြီး ဖော်ရွေသလောက် ဦးလူလှကြီးကတော့ ခပ်တည်တည်ကြီးဗျ၊ ကျုပ်တို့ကိုလည်း ခပ်စိမ်းစိမ်းပဲ၊ နောက်တော့ စားပွဲပေါ်တင်ထားတဲ့ စာအုပ်တစ်အုပ်ကိုယူပြီးတော့ ရေနံဆီမီးအလင်းရောင်နဲ့ဖတ်နေလေရဲ့ဗျာ၊ ကျုပ်တို့ဧည့်သည်တွေကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့ကိုမထင်တာဗျ။ နောက်တော့ အောက်ထပ်ကနေ ခုနက မိန်းကလေးတက်လာတယ်၊ လက်ထဲမှာလည်း ရေနွေးအိုးနဲ့ ထန်းလျက်ထည့်ထားတဲ့ ဗန်းကိုင်လာတယ်ဗျ၊ ပြီးတော့ ကျုပ်တို့အနားလာချပေးရင်း

“ဦးကြီးတို့ မောကြရောပေါ့၊ ရော့ ရေနွေးသောက်၊ ထန်းလျက်ကလေးစားပါအုံး”

“ကျေးဇူးပါ ကလေးမရယ်”

ဦးဘသာက ရေနွေးငှဲ့တယ်ဗျ၊

“ဒါနဲ့ ဦးကြီးတို့က ရွာကိုဘာလာလုပ်ကြတာလဲ”

“နွားချော၊ နွားကောင်းရှာဝယ်ဖို့လာခဲ့ကြတာပါ”

ဦးလူလှကြီး မဖော်ရွေသလောက် ဒီမိန်းကလေးကတော့ ဖော်ရွေသားဗျ။

“ဒါနဲ့ ဘကြီးနဲ့အသိတွေလား”

“သိတာပေါ့၊ ငါနိဗ္ဗာန်ရွာမှာ နေတုန်းကဆိုရင် နင်တို့အဘိုး ဦးဘိုးလူအိမ်က စားအိမ်သောက်အိမ်ပဲလေ၊ နင့်ဘကြီးလူဝက ငါနဲ့ရွယ်တူပေါ့၊ အဲဒီတုန်းကတော့ နင့်အဖေ လူလှကခပ်ငယ်ငယ်ပဲ၊ ဆယ်နှစ်လောက်ပဲရှိအုံးမှာ”

“သြော်၊ ဒါဆို အဘိုးကိုမီတာပေါ့၊ ဒါနဲ့အဖေ့ကိုရော မမှတ်မိဘူးလား ဦးကြီးရဲ့”

“ငယ်ငယ်တုန်းက တွေ့ဖူးတာဆိုတော့ ငယ်ရုပ်မနည်းပြန်ဖမ်းရတယ်၊ အသက်ကြီးလာတော့လည်း သိပ်မမှတ်မိတော့ပါဘူး ကလေးမရယ်”

မိန်းကလေးက သူ့အဖေဘက်လှည့်ပြီးတော့

“အဖေရော ဒီကဦးကြီးတို့ကို မမှတ်မိဘူးလား”

စာဖတ်နေတဲ့ ဦးလူလှက ဦးဘသာကိုလှမ်းကြည့်ရင်း

“မသိပါဘူး”

တစ်ခွန်းတည်းပြောပြီး စာဆက်ဖတ်နေတာဗျာ၊ အံမယ် ခြေထောက်ကိုတောင်ချိတ်ထားလိုက်သေးတာ။ ကျုပ်တို့မြန်မာ့ဓလေ့အရ ကိုယ့်ထက်အသက်ကြီးတဲ့လူတွေထက် မြင့်တဲ့နေရာမှာ ထိုင်တယ်ဆိုတာက ရိုင်းတယ်မဟုတ်လားဗျာ၊ ဦးဘသာက သူ့ထက်အသက်အများကြီးကြီးတာကို သူကတော့ ထိုင်ခုံပေါ်မှာ အေးအေးလူလူထိုင်လို့ဗျ၊ ကျုပ်ဖြင့် ပြောဆိုလိုက်ချင်တာ ပါးစပ်တွေကို ယားနေတာပါပဲဗျာ။ မိန်းကလေးကတော့ အားနာသွားပုံရတယ်။

“ဒါနဲ့ ဦးကြီးနာမည်ဘယ်လိုခေါ်သလဲရှင့်”

“ဦးကြီးနာမည် သာဒင်ပါ၊ ဒါပေမယ့် လူအများကတော့ ဦးဘသာလို့ခေါ်တယ်”

ဦးဘသာနာမည်ကိုကြားပြီးတော့ မိန်းကလေးက လန့်သွားတယ်ဗျ၊ ဒါနဲ့ကျုပ်အလှည့်ရောက်ပါရော။

“ကျုပ်နာမည်ကတော့ ခင်မောင်ပါ၊ ဟောဒါက ချိုတူး၊ ဒီကလေးကတော့ ငညိုလို့ခေါ်ပါတယ်”

မိန်းကလေးက ခေါင်းပဲညိတ်ပြတယ်ဗျ၊ ဦးလူလှက စာအုပ်ကိုစားပွဲပေါ် ဝုန်းခနဲပစ်ချပြီးတော့ အိမ်ခန်းထဲကို ဝင်သွားတော့တာပါပဲ၊ မိန်းကလေးလည်း မတ်တပ်ရပ်ပြီး

“ကျွန်မ ဦးကြီးတို့ အိပ်ဖို့အတွက်ပြင်ဆင်ပေးမယ်နော်၊ ခါတိုင်း ဧည့်သည်ဆောင်သည်တွေ၊ အဖေ့တပည့်တွေလာရင် အောက်ထပ်မှာအိပ်တဲ့အခန်းရှိတယ်၊ အဲဒီအခန်းကို လှဲကျင်းပေးမယ်”

ကျုပ်လည်း မတ်တပ်ရပ်လိုက်ပြီး

“ခင်ဗျားတစ်ယောက်ထဲဆို ပင်ပန်းနေပါအုံးမယ်၊ ကျုပ်လည်းကူပေးမယ်လေ”

မိန်းကလေးက ခေါင်းညိတ်ပြီးအောက်ဆင်းသွားတာနဲ့ ကျုပ်လည်း သူ့အနောက်ကနေ လိုက်ခဲ့တာပေါ့ဗျာ၊ လှေကားနားရောက်တော့မှ

“ဒါနဲ့ အမိနာမည်ဘယ်လိုခေါ်သလဲ”

“ရှင်ပဲ ခုနက ခေါ်လိုက်တယ်မဟုတ်လား”

“ဘယ်လိုဗျ၊ ကျုပ်ဘာမှ မခေါ်ရသေးပါဘူး”

“ရှင်ပဲ ခုနက အမိလို့ခေါ်လိုက်တယ်မဟုတ်လား”

“ဟာဗျာ၊ အဲဒါကတော့ နာမည်မသိတဲ့မိန်းကလေးတွေဆိုရင် ဒီလိုပဲတင်စားခေါ်တာ”

“အဲဒီထဲမှာ ကျွန်မနာမည်ပါပြီးသားပါတော့”

“ဟင်၊ ဒါဆို ခင်ဗျားနာမည်က အမိလား”

မိန်းကလေးက ကျုပ်ကိုလှည့်ကြည့်ရင်း

“ရှင်တော်တော်ဒုံးဝေးတာပဲ၊ ဘယ်သူက နာမည်ကိုအမိလို့မှည့်မလဲ၊ ကျွန်မနာမည် ရွှေမိ၊ မရွှေမိ၊ ဟုတ်ပြီလား”

“စောစောက ပြောရောပေါ့ အမိရာ၊ အဲ . . . ရွှေမိရာ၊ ဒါနဲ့ ခင်ဗျားအသက်ကရော”

“ရှင့်အသက်ကိုပြောကြည့်လေ”

“နှစ်ဆယ်ကို သုံးနှစ်လောက်ပဲကျော်သေးတာဗျ”

“ဒါဆို ကျွန်မက ရှင့်ထက်ငယ်တာပေါ့”

အိမ်ကြီးရဲ့အောက်ဘက်အရှေ့ခြမ်းကို ဘာမှမကာထားဘူးဗျ၊ အိမ်အောက်မှာ သစ်သားနဲ့ဆင့်တွေထိုးပြီးတော့ မှန်စီရွှေချထားတဲ့ ဆိုင်းဝိုင်းအကာတွေ၊ ဆိုင်းအသုံးအဆောင်တွေကို ထပ်ထားတယ်၊ အနောက်ဘက်ခြမ်းမှာတော့ ထရံနဲ့ကာထားတဲ့အခန်းနှစ်ခုရှိတယ်ဗျ၊ အခန်းတံခါးတွေကိုတော့ ပိတ်ထားတယ်၊ ကျုပ်လည်း အခန်းတံခါးတစ်ခုကိုသွားဖွင့်ဖို့လုပ်တော့ ရွှေမိက ကျုပ်ကို အလန့်တကြားနဲ့လှမ်းအော်တယ်။

“အဲဒီအခန်းကိုမဖွင့်နဲ့”

အသည်းအသန်အော်လို့ ကျုပ်ဖြင့်လန့်သွားတာပဲဗျာ၊

“ဖြည်းဖြည်းအော်ပါ အမိရာ၊ ကျုပ်ဖြင့်လန့်လိုက်တာ”

ရွှေမိက ဘာမှမပြောတော့ဘဲ ခြေရင်းခန်းတံခါးကိုဖွင့်လိုက်တယ်ဗျ၊ လူမနေတာကြာလို့လားမသိဘူးအခန်းထဲက ဖုန်တွေလိမ့်ပြီးထွက်လာတာ၊ ပြီးတော့ မှိုနံ့လိုလို အောက်သက်သက်အနံ့ကလည်းဆိုးလိုက်တာဗျာ၊ ရွှေမိက အခန်းတံခါးတွေဖွင့်ပြီးတော့ တံမြက်စည်းတစ်ချောင်းနဲ့လှဲကျင်းပါရော၊ ကျုပ်လည်း ဖုန်တွေကို ပုဆိုးစုတ်တစ်ခုနဲ့ လိုက်ခါတာပေါ့ဗျာ၊ အခန်းထဲမှာ ဘာပစ္စည်းမှ ကြီးကြီးမားမားမရှိပါဘူး၊ အခန်းက ဟောတိုက်ကြီးပါ၊ လှဲကျင်းပြီးတော့ ရွှေမိက ထန်းချောဖျာတွေယူလာပြီး ခင်းလိုက်တယ်။

“ကဲ၊ ကိုယ့်အိမ်ကိုယ့်ရာလိုသာ သဘောထားပြီး နားကြပေါ့ှရှင်”

“အဟုတ်ပေါ့ဗျာ၊ ကျုပ်လည်း ဒီအိမ်ကို ကိုယ့်အိမ်လိုသဘောထားချင်တာ”

“ဘာရှင့်”

“ဟီး၊ ဟီး စတာပါဗျာ၊ အမိကလည်း စိတ်ချည်းပဲ”

ရွှေမိက ကျုပ်ကိုမျက်စောင်းထိုးပြီးထွက်သွားတယ်ဗျ၊ ကျုပ်လည်း အခန်းရပြီဆိုတော့ ဦးဘသာတို့ကိုတက်ခေါ်တာပေါ့ဗျာ၊ အခန်းထဲမှာ နေရာချထားပြီးတော့ ရွှေမိက ခြင်ထောင်တွေ၊ ခေါင်းအုံးတွေပွေ့ပြီးဝင်လာတယ်၊

“ကျုပ်တို့ ခရီးဝေးကလာရတော့ ညစာမစားရသေးဘူးအမိ”

“မတတ်နိုင်ဘူးရှင် ကျွန်မတို့လည်းစားပြီးပြီဆိုတော့၊ ရှင်တို့စားချင်ရင်တော့ မီးဖိုထဲမှာ ဆန်ရှိတယ်၊ ငရုတ်ကြက်သွန်ရှိတယ်၊ ကိုယ့်ဖာသာချက်ပြုတ်စားပေတော့”

“တတ်လည်း တတ်နိုင်တဲ့အမိပါလား”

ကျုပ်စိတ်ထဲက ရေရွတ်နေတုန်း ရွှေမိကထွက်သွားပါရောဗျာ၊ ကျုပ်ဖြင့် ထူးဆန်းတာရွာအဝင်ကတည်းကပဲ၊ ကျုပ်တို့အညာသူအညာသားတွေဆိုတာ ဧည့်သည်ကိုသိပ်တန်ဖိုးထားတာဗျ၊ ကိုယ့််အိမ်ကို ဧည့်လာရင် အိမ်ရှင်တာဝန်ကျေအောင် မရှိရှိတာလေးနဲ့ ဧည့်ဝတ်ပြုချင်ကြတာ သဘာဝပဲ၊ အခုကတော့ ပြောင်းပြန်ဗျာ၊ ဧည့်ဝတ်ကျေဖို့ နေနေသာသာ ထမင်းတောင် ကိုယ့်ဟာကိုယ်ချက်စားတဲ့လေ။

“ကဲ မထူးတော့ဘူးဗျာ၊ ကျုပ်တော့ဗိုက်ဆာတယ်၊ ဦးဘသာကတော့ နားနေလိုက်ပါ၊ ချိုတူး မင်းကငါနဲ့လိုက်ခဲ့၊ မင်းနဲ့ငါ ထမင်းသွားချက်စားမယ်”

ကျုပ်ခေါ်တော့ ချိုတူးလည်းထလိုက်လာတာပေါ့ဗျာ၊ ခြံနောက်ဖက်မှာ မီးဖိုချောင်အဖြစ် တဲကလေးတစ်လုံးဆောက်ထားတယ်၊ အဲဒီခေတ်တုန်းက ထင်းပဲသုံးတာဆိုတော့ သစ်သားအိမ်တွေဆိုရင် ပျက်စီးမှာစိုးလို့ မီးဖိုကိုအိမ်ထဲမထားဘူးဗျ၊ အခုလိုမျျိုးအိမ်နောက်တစ်နေရာမှာ မီးဖိုတဲထိုးပြီးချက်ကြတာ၊ မီးဖိုတဲကလေးဘေးနားမှာတော့ တဲကလေးတစ်လုံးရှိသေးတယ်ဗျ၊ ထရံနဲ့အလုံပိတ်ပြီး ဆောက်ထားတာ၊ ဝင်ထွက်ဖို့ တံခါးတစ်ပေါက်ပဲရှိတယ်။

“ကိုအလတ်ကောင်ရာ ခုနက မိန်းမကတော့ စကားပြောရတာ အချိုးမပြေပါဘူး”

“အေးကွ၊ ဒီရွာကတစ်မျိုးပဲကွနော်၊ ငါဖြင့် တစ်သက်မှာတစ်ခါ ဧည့်သည်က ကိုယ့်ဖာသာ ချက်ပြုတ်စားရတယ်ဆိုတာ မကြုံဖူးပါဘူးကွာ”

ကျုပ်လည်း အိုးတွေလိုက်လှန်လှောကြည့်ရင်း

“ဟော၊ ဒီအိုးထဲမှာ ဆန်ကွ၊ ချိုတူးရေ မီးမွှေးပြီးတော့ ဆန်လေး သုံးဗူးလောက် ချက်လိုက်စမ်းကွာ”

ချိုတူးကလည်း ကျုပ်ပြောသမျှလုပ်ပါတယ်၊ ထင်းပေါက်တွေနဲ့ မီးမွှေးပြီးတော့ မြေအိုးထဲ ဆန်တွေခပ်ထည့်ပြီးတော့ ထမင်းအိုးတည်တယ်ဗျ၊ ကျုပ်က ချက်တတ်သလိုလို ဘာလိုလိုနဲ့ လုပ်ပြနေရတာပေါ့ဗျာ၊ ကျုပ်ချက်ရင်တော့ သိတယ်မဟုတ်လား၊ ခွေးတောင်မစားဘူးလေဗျာ၊ ဒါနဲ့ ဟိုလှန် ဒီလှန်နဲ့လိုက်လှန်တော့ အုပ်ဆောင်းကလေးတစ်ခုနဲ့အုပ်ထားတဲ့ ကြက်ဥသုံးလုံးကို တွေ့ပါရောဗျာ။

“သူတို့က စားပြီးပြီဆိုတော့၊ ကျန်တဲ့ကြက်ဥသုံးလုံးကို ငါတို့ပဲ စားလိုက်ကြစို့ကွာ၊ ကြက်သွန်နီကလေးပါးပါးလှီး၊ ဆနွင်းလေးဖြူးပြီးတော့ ကျော်လိုက်စမ်းကွာ ချိုတူးရာ”

“ဟုတ်ကဲ့ ကိုအလတ်ကောင်”

“အေး၊ ငါတော့ ခြေလက်သွားဆေးအုံးမယ်ဟေ့”

ကျုပ်လည်း အိမ်ဘေးနားက ရာဝင်အိုးနှစ်လုံးချထားတဲ့နေရာဆီလာခဲ့တာပေါ့ဗျာ၊ တခြားလူတော့မသိဘူး ကျုပ်ကတော့ တော်တော်ညစ်ပတ်နေတာဗျ၊ ဗျဂ္ဃလေးနဲ့လည်း တစ်ပွဲတစ်လမ်းနွဲထားတယ်ဆိုတော့ တစ်ကိုယ်လုံးချွေးတွေ၊ဖုန်တွေ ပေလို့ပေါ့ဗျာ။ ကျုပ်လက်ဆေးခြေဆေးနေတုန်း မီးဖိုဘက်မှာ ချိုတူးအော်သံကြားတယ်ဗျ၊ ဒီကောင်ဘာဖြစ်သလဲဆိုပြီး ကျုပ်လည်းအမြန်ပြေးလာတာပေါ့ဗျာ၊ ချိုတူးက မီးဖိုချောင်မြေပြင်ပေါ်မှာ ဖင်ထိုင်လျက်သားလဲလို့ဗျ။

“ချိုတူး၊ ဘာဖြစ်တာလဲကွ”

“သရဲ၊ သရဲ”

“မဟုတ်တာကွ၊ ဘာတွေ့လို့လည်း”

“သရဲကြီးဗျ၊ ကျုပ်လည်း ကြက်ဥတွေကိုဖောက်ပြီး မွှေနေတုန်း အနောက်မှာ လူတစ်ယောက်လာရပ်တယ်လို့ခံစားလိုက်ရတယ်၊ ဒါနဲ့ ကိုအလတ်ကောင်ထင်လို့ လှည့်မကြည့်ဘဲ စကားတောင်ပြောနေသေးတာဗျ၊ ပြောနေတုန်း ကျုပ်ခါးကိုလက်တစ်ဖက်က လာဖက်တယ်၊ ကျုပ်သေချာငုံ့ကြည့်လိုက်တော့ မိန်းကလေးလက်ဗျာ၊၊ ဒါနဲ့လှည့််ကြည့်လိုက်တော့ အဝတ်အစားမပါတဲ့ မိန်းမတစ်ယောက်ဖြစ်နေတယ်၊ ကျုပ်လည်း သူ့ကိုတွန်းလိုက်ရင်း လဲကျသွားတာပဲဗျာ၊ သူက ပြေးတာမြန်လိုက်တာဗျ”

ချိုတူးပြောတာ နားထောင်ပြီး ကျုပ်တောင်နည်းနည်းကျောချမ်းချင်သလိုဖြစ်သွားတယ်၊ ဒါနဲ့ ဘေးဘီကိုကြည့်ပြီးတော့

“မင်းစိတ်ထင်တာဖြစ်မှာပါ ချိုတူးရာ”

“ဟာ၊ မဟုတ်ဘူးကိုအလတ်ကောင်၊ ကျုပ်သတိကောင်းပါသေးတယ်ဗျ”

“အေးအေး၊ ထားလိုက်စမ်းပါကွာ၊ ဒီတစ်ခါ အဲဒီမိန်းမ လာပါစေအုံး၊ အဝတ်အစားမပါဘူးဆိုတော့ ငါ့အကြိုက်ပဲ၊ ငါသာမင်းနေရာမှာဆိုရင် သရဲမကိုဖက်ပြီး မွှေးမွှေးပေးလိုက်မှာကွ၊ ဟား၊ ဟား”

ကျုပ်က ချိုတူးကြောက်မှာစိုးလို့ တမင်ရယ်ကျဲကျဲနဲ့ပြောလိုက်တာဗျ၊ ချိုတူးလည်း နည်းနည်းကြောက်စိတ်ပြေသွားပုံရတယ်။

“ကိုအလတ်ကောင် မွှေးမွှေးပေးရင် ကျုပ်လည်း မွှေးမွှေးပေးမှာ”

“ပေးပေး၊ လာရဲလာကြည့်စမ်းသရဲမ၊ လူပျိုလက်ဘယ်လောက်မြန်တယ်ဆိုတာ သိသွားအောင်ပြထည့်လိုက်မယ်”

ထင်းမီးကလည်း ကောင်းတယ်ဆိုတော့ ထမင်းတစ်အိုး၊ ကြက်ဥကြော်က ခဏလေးပါပဲဗျာ၊ ချက်ပြုတ်ပြီးတော့ ထမင်းအိုးဟင်းအိုးတွေနဲ့ ပန်းကန်တွေယူပြီးတော့ ကျုပ်တို့တည်းတဲ့အခန်းကို ပြန်လာကြတာပေါ့ဗျာ၊ အဲဒီရောက်တော့ ဦးဘသာတို့ဖို့ ထမင်းတွေခူးခပ်ပေးပြီး ကျုပ်တို့လည်း စားကြတာပေါ့၊ ဆာနေလို့လားတော့မသိဘူး၊ ထမင်းက စားကောင်းချက်ဗျာ၊ ကြက်သွန်နီပါးပါးလှီးထည့်ထားတဲ့ ကြက်ဥသုံးလုံးကြော်ရယ်၊ ပြီးတော့ ချိုတူးလက်ရာ ငရုတ်သီးခြောက်ကို၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူဥနဲ့ ဆားလေးနည်းနည်းထည့်ပြီး ထောင်းထားတဲ့ ငရုတ်သီးဆားထောင်းလေးကလည်း ကောင်းသဗျာ၊ ကျုပ်တို့ ဆာဆာနဲ့ ခေါင်းမဖော်တမ်းစားနေတုန်း မီးဖိုချောင်ထဲမှာ ဟိုလှန်၊ ဒီလှန်လုပ်သံကြားရတယ်ဗျ။

ချိုတူးက ကျုပ်ပေါင်ကိုအသာတို့တယ်၊ သူပြောချင်တာကတော့ သရဲမလှန်တယ်လို့ပြောချင်ပုံပဲ၊ ကျုပ်လည်း သူ့ကိုခေါင်းပြန်ညိတ်ပြလိုက်တယ်၊ နောက်တော့ မီးဖိုချောင်ဘက်ကနေ ကျုပ်တို့အခန်းဆီကို လမ်းလျှောက်လာတဲ့အသံ တဖုတ်ဖုတ်ကြားရသဗျ၊ လမ်းလျှောက်တာတောင်မှ ဒေါသတကြီးနဲ့ ခြေဆောင့်လျှောက်တဲ့အသံမျိုး၊ ကျုပ်တို့လည်း လန့်ပြီးကြည့်နေတုန်း အခန်းတံခါးဝမှာ ဦးလူလှက ဘွားခနဲပေါ်လာပါရော။

“ငါ့၊ ငါ့ကြက်ဥတွေ မင်းတို့စားလိုက်တာလားကွ”

ဒေါသတကြီးနဲ့ အော်ဟစ်ပြီးကိုမေးတာဗျ၊ ကျုပ်တို့လည်းခေါင်းညိတ်တာပေါ့၊ ဦးဘသာက ဦးလူလှကို

“ဟင်းမရှိလို့ စားလိုက်မိတာပါ လူလှရာ၊ မင်းမကြိုက်မှန်းသိရင် ငါတို့မစားပါဘူး”

“ခင်ဗျားတို့က ဘာတွေလဲဗျာ၊ သူများအိမ်လည်း လာအိပ်သေးတယ်၊ သူများစားစရာကိုလည်း ခိုးစားသေးတယ်”

ကျုပ်စိတ်ထဲ ထောင်းခနဲဖြစ်သွားတာနဲ့

“ဟေ့လူကြီး၊ ခင်ဗျားဘာပြောတာလဲဗျ၊ ကျုပ်တို့ခိုးစားတာမဟုတ်ဘူး ခင်ဗျားသမီးကိုယ်တိုင် ချက်ပြုတ်စားဆိုပြီးပြောသွားတာ၊ ပြီးတော့ ခင်ဗျားတို့ကလည်း စားပြီးပြီလို့ပြောတာကိုးဗျ၊ ဒီကြက်ဥလေးသုံးလုံးနဲ့ ခင်ဗျားဘာဖြစ်သွားလို့လဲ၊ ကျုပ်တို့မနက်ကျတော့ သုံးလုံးမဟုတ်ဘူး ခြောက်လုံးပြန်ဝယ်ပြီးပေးမယ် ဟုတ်ပြီလား”

ကျုပ်ထပြောပေမယ့်လည်း ဦးလူလှက တော်တော်စိတ်တိုနေတဲ့ပုံပဲ၊

“မနက်ရောက်တော့ ငါကအဲဒီဥတွေကိုဘာလုပ်ရမှာလဲ၊ ငါအခုလိုချင်တာကွ၊ အခုလိုချင်တာ”

ဦးလူလှ ရှူးရှူးရှဲရှဲဖြစ်နေတုန်း ဦးဘသာက သူ့လွယ်အိတ်ထဲကိုလက်နှိုက်လိုက်ပြီးတော့ ကြက်ဥသုံးလုံးကိုဆွဲထုတ်လိုက်တယ်ဗျ၊

“ရော့ရော့ လူလှရေ၊ ငါလည်းမေ့လို့ဟေ့၊ တို့ကို လူဝက လမ်းမှာစားဖို့ဆိုပြီး ကြက်ဥသုံးလုံးပေးလိုက်သားကွ”

ဦးလူလှက ကျုပ်တို့ကိုကျော်ခွပြီးတော့ ဦးဘသာလက်ထဲက ကြက်ဥသုံးလုံးကိုလှမ်းယူပြီး သေချာကြည့်နေသေးတယ်။

“ကြက်ဥက အစိမ်းလား”

“အစိမ်းပေါ့ကွ”

ဒီတော့မှ ဘာမှမပြောဘဲနဲ့ အခန်းထဲကနေ ခြေလှမ်းကျဲကြီးနဲ့ထွက်သွားပါရောဗျာ၊ ကျုပ်တို့လည်း ဦးလူလှကိုကြည့်ရင်း

“တကယ်ပဲ ဘယ်လိုလူလဲမသိဘူး”

“ဟုတ်ပါ့ဗျာ၊ ရုပ်နဲ့မလိုက်အောင် တော်တော်ပုပ်စပ်တဲ့လူကြီးပဲ”

ဦးဘသာက ကျုပ်နဲ့ချိုတူးကိုဟန့်တယ်။

“ဟေ့ကောင်တွေ၊ သူများအိမ်တည်းပြီး သူများကိုမကောင်းမပြောရဘူးကွ၊ ဘာပဲပြောပြော ငါတို့က သူ့ဧည့်သည်မဟုတ်လား”

“ဒါနဲ့ ဦးဘသာ၊ ခုနက ကြက်ဥက ဦးလူဝက တကယ်ပေးလိုက်တာလား”

“မင်းကွာ၊ ကြက်ဥအစိမ်းကို ဘယ်သူကပေးလိုက်မှာလဲကွ၊ လူလှမခံမရပ်နိုင်ဖြစ်နေလို့ စိတ်ပြေပါစေတော့ဆိုပြီး ငါကပညာနဲ့ဖန်တီးပြီးပေးလိုက်တာ၊ တကယ်တော့အဲဒီကြက်ဥက ငါ့လွယ်အိတ်ထဲက စက္ကူသုံးစကွ”

ကျုပ်လည်းခုမှသဘောပေါက်တော့တယ်၊ အင်းလေ၊ ဒီလိုလုပ်လိုက်တာလည်း ခပ်ကောင်းကောင်းပဲမဟုတ်လား၊ မဟုတ်ရင် ဦးလူလှရုပ်က ကျုပ်တို့ဗိုက်ထဲကိုရောက်သွားတဲ့ ကြက်ဥတောင် ပြန်နှိုက်ယူမယ့် သဘောရှိတယ်ဗျ။

(၃)

စားသောက်ပြီးတော့ အိပ်ကြတာပေါ့ဗျာ၊ ခရီးပန်းလာတာဆိုတော့ အိပ်လို့လည်းတယ်ကောင်းဗျာ၊ ခြင်ထောင်က နှစ်လုံးထဲရယ်ဗျ၊ ဒီတော့ ဦးဘသာနဲ့ ငညိုနဲ့ကိုအတူအိပ်ခိုင်းရတယ်၊ ကျုပ်တို့လူပျိုနှစ်ယောက်ကတော့ ခြင်ထောင်တစ်လုံးပေါ့ဗျာ၊ တစ်နေ့လုံး ပင်ပန်းခဲ့တာဆိုတော့ ခေါင်းချလိုက်ပြီး မကြာဘူး အိပ်ပျော်သွားတော့တာပါပဲ။

အိပ်နေရင်း မျက်လုံးထဲ အရောင်စူးစူးရှရှတွေမြင်တော့ ကျုပ်လည်း မျက်လုံးဖွင့်ကြည့်လိုက်တာပေါ့ဗျာ။ ကျုပ်မျက်လုံးကိုကျုပ် အံ့သြသွားတယ်၊ ကျုပ်ရောက်နေတာ တောအုပ်တစ်ခုထဲရောက်နေတာဗျ၊ မိုးကလည်း စင်စင်လင်းပြီဗျာ၊ တောအုပ်ဆိုပေမယ့် သစ်ပင်ကခပ်ကျဲကျဲပါ၊ အောက်ကမြေပြင်မှာလည်း တောပန်းကလေးတွေက အရောင်အသွေးစုံ၊ ပုံစံစုံဖူးပွင့်နေကြသေးတယ်ဗျာ၊ သစ်ပင်ပေါ်မှာလည်း ငှက်ကလေးတွေက တကျီကျီနဲ့ သာယာနာပျော်ဖွယ်ကောင်းအောင် အော်နေပါရောဗျာ၊ အဲဒီသစ်ပင်တွေရဲ့အလယ်လောက်မှာ နွယ်ကြိုးကြီးတစ်ခုက ဒန်းကြီးလို ကွေးကွေးကြီးကျနေတယ်၊ နွယ်ကြိုးမှာလည်း အဖြူရောင်၊ ခရမ်းရောင် ပန်းကလေးတွေပွင့်နေတာ လှချက်ဗျာ။

အဲ၊ နွယ်ကြိုးပေါ်မှာတော့ မိန်းကလေးတစ်ယောက်က နွယ်ကြိုးကို ဒန်းလိုထိုင်စီးနေတယ်၊ ကျုပ်ဖြင့်ကောင်မလေးကို မျက်လုံးကျွတ်ကျမတတ်အောင်ကို ကြည့်တာပဲဗျာ၊ ကောင်မလေးက အဝတ်အစားမပါဘူးဗျ၊ အသားအရေက ရှမ်းမ၊ တရုတ်မတွေလို ဖွေးပြီးဝင်းနေတာပဲဗျာ၊ ဆံပင်ရှည်ကြီးဆိုတာလည်း နက်မှောင်လို့၊ မိန်းမအင်္ဂါတွေဆိုတာလည်း တော်တော်ကောင်းကောင်းဗျ၊ ကျုပ်ဆို သူ့ဆီကနေ အကြည့်တောင်မခွာနိုင်ဘူးဗျို့။

“လာလေ၊ မောင်ကြီးရဲ့”

မိန်းကလေးက ကျုပ်ကိုလက်ယပ်ပြီးခေါ်တယ်၊ ကျုပ်လည်း သေချာသွားအောင် ကိုယ့်ကိုယ်ကိုယ်လက်ညှိုးထိုးပြလိုက်တော့ မိန်းကလေးက ခေါင်းကိုအသာညိတ်ပြပြီးတော့ ရယ်ကျဲကျဲနဲ့ဗျာ၊ ကျုပ်လည်း မဆိုင်းမတွဘဲ သူ့ဆီပြေးသွားလိုက်တာပေါ့။ မိန်းကလေးက ကျုပ်ရှေ့မှာမတ်တပ်ရပ်လိုက်ပြီး ကျုပ်လက်မောင်းတွေ၊ ရင်အုပ်တွေကို သူ့လက်နုနုကလေးနဲ့ပွတ်တယ်ဗျ၊ ကျုပ်စိတ်တွေ ဘယ်လိုဖြစ်သွားတယ်မသိပါဘူးဗျာ၊ သွေးခုန်နှုန်းတွေမြန်လာပြီးတော့ လူတစ်ကိုယ်လုံးလည်း ဖိန်းတိန်းရှိန်းတိန်းနဲ့ရယ်ဗျ၊ ဒါနဲ့ ဒီမိန်းကလေးရဲ့ကိုယ်လုံးကို အားရပါးရ ဖက်လိုက်တာပေါ့ဗျာ၊ ပြီးတော့ သူ့လည်တိုင်ကလေးကို အသာဖွဖွကလေးနမ်းမိတယ်၊ လည်တိုင်ကလေးက မွေးနေတာပဲဗျာ၊ မိန်းကလေးကလည်း တခစ်ခစ်နဲ့ရယ်တယ်ဗျ။

ကျုပ်လည်း လည်တိုင်တစ်လျှောက်ကိုနမ်းနေတုန်း မိန်းကလေးရဲ့ ပုခုံးပေါ်ကို နှုတ်ခမ်းတစ်ခုက လာကျတယ်ဗျ၊ နှုတ်ခမ်းမဲမဲကြိးကို စူပြီးနမ်းနေတာများ ဘဲနှုတ်သီးကြီးကျနေတာပဲဗျာ၊ ကျုပ်လည်း အဲဒီလူကိုကြည့်လိုက်တော့ ချိုတူးဖြစ်နေတယ်ဗျ။

“ဟေ့ကောင်ချိုတူး၊ မင်းဘာလုပ်တာလဲ”

“ဟာဗျာ၊ ကိုအလတ်ကောင်က ဒါမျိုးကျတော့ လျိုသဗျ၊ ကျုပ်လည်း နမ်းမှာပေါ့”

“ဟေ့ကောင်ချိုတူး၊ ဒါငါ့ဟာကွ၊ သွားစမ်း၊ မင်းသွားတော့”

“ဟာဗျာ၊ ညနေကပြောတော့ အတူတူနမ်းမယ်ဆို”

ကျုပ်နဲ့ချိုတူးလည်း ပြောဆိုရင်း ဒေါသတွေထွက်လာပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ရန်စောင်ကြပါရော၊ ဒီတော့ မိန်းကလေးက ကျုပ်တို့နှစ်ယောက်ကို ကျောသပ်ပြီးတော့ ချော့တယ်၊ သူချော့လိုက်တာနဲ့ ကျုပ်တို့နှစ်ယောက်လည်း တွေေ၀ မိန်းမောသွားကြပါရောဗျာ။ ဒါနဲ့ ဒီမိန်းကလေးကို နှစ်ယောက်သား ပွတ်သပ်နေတာပေါ့။

“ဟေ့ကောင်တွေ၊ ကောင်မလေးကို လွှတ်လိုက်”

အသံကြားတဲ့နေရာကိုကြည့်လိုက်တော့ ဦးလူလှကြီးဗျ၊ သူက တောအုပ်ရဲ့တစ်ဖက်နားကနေကျုပ်တို့ဆီကိုပြေးလာတယ်။

“မင်းတို့ ငါ့မိန်းမကိုမထိနဲ့၊ ငါ့မိန်းမကိုလွှွတ်လိုက်”

ကျုပ်တို့နှစ်ယောက်လည်း ကြောင်အမ်းအမ်းနဲ့ဖြစ်သွားတာပေါ့ဗျာ၊ အဲဒီမိန်းကလေးကို ဆက်ပဲဖက်ရမလို၊ လွှတ်ပဲလွှတ်ချရမလိုဖြစ်နေတာပေါ့၊ ဒီအချိန်မှာ အဲဒီမိန်းကလေးက ရယ်တယ်ဗျ။

“ဟား၊ ဟား ကျွန်မအခုရှင့်ကိုမလိုအပ်တော့ဘူးအဘိုးကြီးရဲ့၊ ကျွန်မ သူတို့ကိုပဲ လိုချင်တော့တယ်၊ ရှင်က ဘာမှသုံးစားမရတဲ့ သက်ကြားအိုကြီးတစ်ယောက်ဖြစ်နေပြီ၊ သူတို့ကတော့ ပျိုပျိုနုနု လူပျိုလေးတွေပဲ”

“ဟဲ့ သူယောင်မ၊ နင့်ကိုငါ တစ်နှစ်တိတိနေ့တိုင်း ကျွေးလာမွေးလာခဲ့တာကိုမှ နင်ကမထောက်၊ ငါ့ကိုဖောက်ပြန်ဝံ့သလား”

“တစ်နှစ်တိတိ ကျွေးခဲ့တယ်ဆိုပေမယ့် ညက ကျွန်မကိုကျွေးတာကတော့ ဘာမှအရသာမရှိတဲ့ ဝါးဖတ်ကြီးပဲ”

ဦးလူလှကြီး အံ့သြသွားတော့သည်။

“ဘာပဲပြောပြော ကျွန်မရှင့်ကိုစွန့်လွှတ်လိုက်ပြီအဘိုးကြီး၊ ရှင်သွားလို့ရပြီ”

အဲဒီမိန်းကလေးက ပြောဆိုရင်း ဦးလူလှကြီးဆီကို သစ်ရွက်တွေပစ်လွှတ်လိုက်တယ်ဗျ၊ သစ်ရွက်တွေက သေးသေးချွန်ချွန်ကလေးတွေပါပဲဗျာ၊ ဦးလူလှကြီးဆီကို သစ်ရွက်တွေက တရွှီးရွှီးအော်ပြီးသွားနေတုန်း ဗြျုန်းဆို ဦးဘသာကြီးပေါ်လာပြီးတော့ သစ်ရွက်တွေကိုလက်ညှိုးနဲ့ထိုးလိုက်တာ သစ်ရွက်တွေအကုန် မီးလောင်သွားပါရောလား။

ဒီမိန်းကလေးက ဦးဘသာကိုတွေ့တော့ လန့်သွားတယ်ဗျ၊ ဒါနဲ့ သူ့ပါးစပ်ကြီးကိုဟလိုက်တော့ အထဲကနေ မြွေလျှာလိုလို လျှာနှစ်ခွကြီးထွက်လာတယ်ဗျာ၊ ပြီးတော့ ကျုပ်နဲ့ ချိုတူးတို့ကို အဲဒီလျှာကြီးနဲ့ နဖူးကိုပွတ်ပါရော၊ လျှာရဲ့အထိအတွေ့ကလည်း တစ်မျိုးကြီးဗျ၊ ကျုပ်လည်းစိတ်ထဲတစ်မျိုးကြီးဖြစ်သွားတာ။

“ကဲ၊ ကောင်လေးတွေ၊ ဟိုအဘိုးကြီးနှစ်ယောက်ကို မောင်းထုတ်လိုက်ကြစမ်း”

ကျုပ်တို့ကိုပြောတော့ ကျုပ်တို့လည်းခေါင်းညိတ်လိုက်တယ်၊ သူပြောတဲ့စကားကို နားထောင်ရတာက တစ်မျိုးပဲဗျ၊ အမိန့်အာဏာသံလို ခက်ထန်ကြမ်းတမ်းတာမဟုတ်ပေမယ့် နားဝင်လွယ်တယ်ပြောရမှာပဲ၊ ကျုပ်နဲ့ချိုတူးလည်း အဲဒီမိန်းကလေးအနားက ထပြီး မတ်တပ်ရပ်လိုက်တယ်၊ အဲဒီမိန်းကလေးက ဦးဘသာကိုလက်ညှိုးထိုးလိုက်တာနဲ့ ကျုပ်တို့နှစ်ကောင်လည်း ဦးဘသာဆီပြေးဝင်သွားပြီးတော့ ဦးဘသာကိုလက်သီးနဲ့ပိတ်ထိုးကြတာပေါ့ဗျာ၊

ကျုပ်လည်း ဦးဘသာမျက်နှာကိုချိန်ပြီး လက်သီးနဲ့အားကုန်ထိုးထည့်လိုက်တာပဲ၊ ဒါပေမယ့် ဦးဘသာကိုမထိဘူးဗျ၊ ဦးဘသာက ကျုပ်တို့အရှေ့မှာပဲ ဖြုတ်ခနဲပျောက်သွားတာ၊ နောက်တော့ ကျုပ်ဇက်ပိုးကို လက်ဝါးနဲ့တစ်ချက် ဖြောင်းခနဲအုပ်တာခံလိုက်ရတယ်၊ ကျုပ်မျက်လုံးထဲလည်း နီနီအရောင်တွေ၊ ပြာပြာအရောင်တွေ မြင်လိုက်ရတာပဲ။

“အား၊ နာ၊ နာတယ်ဗျ”

ဦးဘသာက ကျုပ်နဲ့ ချိုတူးနဲ့ကို ဇက်ပိုးကိုအုပ်ထည့်လိုက်တာဗျ၊ ပြီးတော့

“ဟေ့ကောင်တွေ၊ တဏှာရူးတွေ၊ မင်းတို့ကောင်မကို မင်းတို့ကြည့်လိုက်ကြစမ်း”

ဒီတော့မှ ကျုပ်နဲ့ချိုတူးလည်း အနောက်ကိုလှည့်ကြည့်လိုက်တာပေါ့ဗျာ၊

အလိုလေးဗျာ၊ ခုနက ချောမောလှပတဲ့မိန်းကလေးက အခုတော့ သစ်မြစ်ကြီးလို စိမ်းစိမ်းဖြူဖြူကြီးဖြစ်နေပါလား၊ တစ်ကိုယ်လုံးမှာလည်း အထစ်အထစ်၊ အပိန့်အပိန့်တွေနဲ့ဗျ၊ မျက်နှာကြီးဆိုရင်လည်း ကြောက်စရာသရဲမျက်နှာကြီးဗျာ၊ မျက်လုံးတွေတင် ခြောက်လုံးလောက်ပါတယ်၊ ခေါင်းမှာလည်း ဆံပင်မရှိဘဲနဲ့ သစ်ရွက်ဖားဖားကြီးတွေဗျ။

“အောင်မယ်လေး၊ သရဲ၊ သရဲ”

ဦးဘသာက ကျုပ်တို့ကိုခါးထောက်ကြည့်ရင်း

“ခုမှဘာသရဲလဲကွ၊ ခုနကတော့ မင်းတို့ပဲ သူ့ကိုချစ်လှပါချည်ရဲ့၊ ကြိုက်လှပါချည်ရဲ့ဆိုပြီး ပွတ်သပ်ရင်း မွှေးမွှေးပေးနေတာလေကွာ”

“ဦး၊ ဦးဘသာ အဲဒါဘာကြီးလဲဗျာ”

“အဲဒါ ဂမုန်းသူယောင်ပဲကွ”

“ဗျာ၊ ဂမုန်းသူယောင်တဲ့လား”

“ဟုတ်တယ်၊ မင်းသူယောင်မယ်ဆိုတာကို ကြားဖူးမှာပေါ့”

“ကြားဖူးတာပေါ့ဗျာ၊ ဇော်ဂျီတွေ ရမ္မက်ထန်လာတဲ့အခါကျတော့ သူယောင်သီးတွေကို ဆေးကြိမ်လုံးနဲ့တို့လိုက်ရင် မိန်းကလေးတွေဖြစ်သွားတယ်ဆိုတာမဟုတ်လား”

“အေးဟုတ်တယ်၊ တကယ်တော့ သူယောင်ဆိုတဲ့စကားက ကျယ်ပြန့်တယ်ကွ၊ လူပုံစံအယောင်ဆောင်လို့ရသမျှကို သူယောင်လို့ခေါ်တယ်၊ အခုလည်း ဂမုန်းပင်တစ်ပင်က လူယောင်ဖန်ဆင်းနိုင်လို့ ဂမုန်းသူယောင်လို့ခေါ်တာကွ”

“ဒါဆို ဒီမိန်းမက သစ်ပင်ကြီးပေါ့”

“ဒီဂမုန်းက မိန်းမပုံစံ ပြောင်းလဲနိုင်တယ်၊ ပြီးတော့ ကာမစပ်ယှက်နိုင်တယ်ကွ၊ ကာမစပ်ယှက်တဲ့အခါ ကာယကံမြောက်တော့ စပ်ယှက်မရဘူးပေ့ါ၊ အခုလို အိပ်မက်ထဲမှာ၊ စိတ်ကူးထဲမှာ လွင့်မြောရင်းစပ်ယှက်တာပေါ့ကွာ၊ ဒါပေမယ့် ဒီဂမုန်းနဲ့စပ်ယှက်ပြီးတဲ့သူဟာ တန်းတန်းစွဲသွားသတဲ့ကွ၊ ငါ့အထင် ကာမအထိအတွေ့ကို စွဲလမ်းသွားတာဖြစ်မယ်၊ ဒါကြောင့် တခြားအရာတွေကို သတိမရတော့ဘဲ၊ စားလည်း၊ ဒီစိတ်၊ သွားလည်း ဒီစိတ်နဲ့ဖြစ်ပြီးတော့ အလုပ်အကိုင်တွေပျက်လာတတ်တာပေါ့ကွာ”

“ဟီး၊ ဟီး”

ဂမုန်းသူယောင်က ရယ်တယ်ဗျ။ ပြီးတော့ ကျုပ်တို့ကိုသူ့ရဲ့သစ်ချောင်းလက်တွေနဲ့ လက်ညှိုးထိုးရင်း

“ဘာပဲဖြစ်ဖြစ်၊ နင်တို့ကိုငါဖမ်းစားမယ်၊ နင်တို့ကိုဖမ်းစားမယ်”

ဦးဘသာက မျက်နှာမဲ့လိုက်ပြီး

“စိတ်ကူးမယဉ်နဲ့ သူယောင်မရဲ့”

အဲဒီလိုပြောပြီးတာနဲ့ ဦးဘသာက ပါးစပ်ထဲကနေ လေတွေမှုတ်ထုတ်တယ်ဗျ၊ လေတွေမှုတ်ထုတ်ရင်း အဝါရောင်အခိုးအငွေ့တွေပါထွက်လာတာဗျာ၊ ပတ်ဝန်းကျင်တစ်ခုလုံးကို အဲဒီအဝါရောင်အခိုးအငွေ့တွေက လွှမ်းသွားသဗျ၊ ဦးဘသာက ဒီတော့မှ ကျုပ်ပုခုံးကိုပုတ်ရင်း

“အလတ်ကောင် ထတော့”

အဲဒီလိုပြောလိုက်တာနဲ့ ကျုပ်လည်းဝုန်းခနဲကောက်ထထိုင်လိုက်တာပဲဗျာ၊ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ခြင်ထောင်ထဲမှာဗျ၊ ကျုပ်ထပြီးမကြာဘူး ဘေးနားမှာအိပ်နေတဲ့ ချိုတူးကလည်း မျက်လုံးတွေပြူးကြောင်ပြီးတော့ ငူငူကြီးထလာတယ်၊ ကျုပ်နဲ့ချိုတူး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိတယ်ဗျ။

“ကျုပ်၊ ကျုပ်တို့”

“ကျုပ်တို့အိပ်မက်တစ်ခုထဲ အတူမက်နေကြတာလား”

ဒီအချိန် ဦးဘသာက သူ့ခြင်ထောင်ထဲက ထလာပြီးတော့

“အမှန်ပေါ့ကွာ၊ မင်းတို့ကို ဂမုန်းသူယောင်က အိပ်မွေ့ချပြီးတော့ အိပ်မက်ထဲမှာ ပျော်ပါးဖို့ကြံစည်နေတာကွ၊ မင်းတို့သေသေချာချာ အနံ့ခံကြည့်ကြစမ်းဟေ”

ကျုပ်နဲ့ချိုတူးလည်း အခန်းထဲမှာ နှာခေါင်းတရှုံ့ရှုံ့နဲ့ အနံ့ခံကြည့်လိုက်တော့ ရေမွေးနံ့လိုလို၊ ပန်းနံ့လိုလို ရနံ့သင်းသင်းကလေးတစ်ခုရတယ်ဗျာ၊ ဒါနဲ့ ဦးဘသာက ထထွက်သွားပြီး အခန်းတံခါးကိုဖွင့်လိုက်ပါရော၊ ကျုပ်တို့နှစ်ယောက်လည်း ဦးဘသာအနောက်ကို လိုက်ခဲ့တာပေါ့။ ဦးဘသာက မီးဖိုချောင်နံဘေးနားက တဲကလေးဆီကိုသွားတယ်ဗျ၊ တဲက ထရံနဲ့အလုံပိတ်ကာထားတဲ့တဲဗျ၊ တဲတံခါးကိုတော့ အထဲကနေချက်ချပြီးပိတ်ထားတယ်၊ ဦးဘသာက တံခါးကိုလက်ညှိုးထိုးလိုက်တာနဲ့ တံခါးက လူတစ်ယောက်ဖွင့်လိုက်သလိုမျိုး သူ့အလိုလိုပွင့်သွားပါရော။

“ဟာ၊ ဦးလူလှကြီး”

ဟုတ်တယ်ဗျ၊ တဲထဲမှာ ဦးလူလှတစ်ယောက် ငူငူကြီးထိုင်နေတယ်၊ သူ့အရှေ့မှာလည်း ပန်းအိုးကြီးတစ်လုံးဗျ၊ ပန်းအိုးထဲမှာတော့ တစ်တောင်လောက်ရှိမယ့် သစ်ပင်တစ်ပင်ရှိတယ်၊ သေချာကြည့်တော့မှ ဂမုန်းပင်ဗျ၊ အရွက်တွေကလည်းဝေလို့ဗျာ၊ တစ်ပင်လုံးလည်း စိမ်းနေတာပဲ၊ ဥအနားမှာတော့ ဖြူဖြူအထစ်လေးတွေပါတယ်ဗျ။

“ကဲ လူလှ၊ ခင်ဗျားအခုတော့ အမှန်မြင်ပြီမဟုတ်လား”

ဦးဘသာမေးတော့ ဦးလူလှက ခေါင်းညိတ်တယ်ဗျ။

“ဒါဆို ခုနက ဂမုန်းသူယောင်ဆိုတာ ဒီအပင်ပေါ့”

ကျုပ်မေးလိုက်တော့ ဦးဘသာက ခေါင်းညိတ်ပြီး

“အစစ်ပေါ့ကွာ၊ ဟိုမှာကြည့်စမ်း တဲခေါင်မိုးပေါ်မှာ အပေါက်ကြီးတွေ့တယ်မဟုတ်လား၊ ဂမုန်းသူယောင်ဆိုတာ လရောင်ထိမှလန်းတယ်ကွ၊ သူ့ကိုရေလောင်းရတယ်၊ အစာကျွေးတဲ့အခါကျရင်လည်း ကြက်ဥအစိမ်းတွေဖောက်ကျွေးရတယ်ကွ၊ ဒီအနံ့ကတော့ သူ့အရွက်တွေက မွှေးနေတာပေါ့ကွာ၊ အဲဒီအနံ့နဲ့ လူတွေကိုအိပ်မွှေ့ချပြီး အိပ်မက်ထဲမှာ ကာမစပ်ယှက်တာပဲဟေ့၊ မင်းတို့ကောင်တွေ အခုမအိပ်ချင်ဘူးဆိုတာက ငါခုနက မှုတ်ထားတဲ့ အခိုးအငွေ့တွေကို ရှူထားမိလို့ပေါ့”

“ကျုပ်နားလည်ပြီဦးဘသာ၊ ဦးလူလှက တစ်နှစ်တိတိအစာကျွေးခဲ့ပေမယ့်၊ ဒီညကျတော့ သူဂမုန်းသူယောင်ကိုကျွေးမယ့် ကြက်ဥတွေကို ကျုပ်တို့ကစားလိုက်တယ်မဟုတ်လား၊ နောက်တော့ ဦးဘသာက ပညာနဲ့ စက္ကူစတွေကို ကြက်ဥဖြစ်အောင်လုပ်ပေးလိုက်တာကိုး၊ ဦးလူလှက မသိပေမယ့် ဂမုန်းပင်ကတော့ သိတာပေါ့၊ ဒါကြောင့် ဝါးဖတ်ကြီးလို့ပြောတာကိုး”

ကျုပ်လည်း ဦးလူလှကိုကြည့်လိုက်ပြီး

“ဒီလောက် အန္တရာယ်များတဲ့ ဂမုန်းကို ခင်ဗျားဘာဖြစ်လို့ စိုက်ထားတာလဲ ဦးလူလှ”

ဦးလူလှက ကြေကွဲနေသလိုပဲဗျ။

“ဒီလိုပါကွာ၊ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ငါဆိုင်းအဖွဲ့နဲ့သွားရင်း လုပ်ဖော်ကိုင်ဖက် ဆိုင်းဆရာတစ်ယောက်က ဒီဂမုန်းပင်လက်ဆောင်ပေးတယ်၊ သူယောင်ဂမုန်းတဲ့၊ အိမ်မှာစိုက်ထားရင် လူချစ်လူခင်ပေါတယ်၊ စီးပွားတက်တယ်၊ အထူးသဖြင့် တို့လိုအနုပညာနဲ့ အသက်မွေးတဲ့သူတွေ စိုက်သင့်တယ်ဆိုပြီးတော့ ပေးလိုက်တယ်၊ ညဘက်လရောင်ခံပေးဖို့၊ နေ့ဘက် နေအလင်းရောင်မထိဖို့နဲ့ တစ်နေ့ကိုကြက်ဥသုံးလုံးဖောက်ကျွေးဖို့မှာလိုက်တာပေါ့၊ ငါလည်း အိမ်ရောက်တော့ ဒီလိုစမ်းလုပ်ကြည့်ရင်း သူ့ကိုချစ်ကြိုက်သွားမိတယ်ဆိုပါတော့ကွာ”

“ဟာဗျာ၊ လူမဟုတ်တာကိုများ ချစ်မိရတယ်လို့ဗျာ”

ဦးဘသာက ကျုပ်လက်ကိုဆွဲရင်း

“မင်းမသိဘဲ အပြစ်တင်မစောနဲ့အလတ်ကောင်၊ ဦးလူလှနေရာမှာ မင်းဆိုရင်လည်း ဒီလိုပဲလုပ်မိမှာပဲ၊ ဂမုန်းသူယောင်နဲ့ တစ်ခါ ကာမဂုဏ်ခံစားလိုက်ရင် အပြင်ကရိုးရိုးလူနဲ့ အကြိမ်တစ်ရာလောက် ကာမဂုဏ်ခံစားရသလိုမျိုး ကျေနပ်ပီတိဖြစ်တယ်ဆိုပဲကွ၊ ငါကတော့ လူလှကိုအပြစ်မတင်ပါဘူးကွာ”

ဦးဘသာက ဦးလူလှပုခုံးကိုပုတ်ရင်း

“လူလှရေ၊ အဲဒါ မင်းရဲ့စီးပွားပြိုင်ဖက်က မင်းကိုစည်းစိမ်ပျက်အောင်လုပ်တာကွ၊ မင်း ဂမုန်းသူယောင်နဲ့တဏှာကြောမှ ငြိတွယ်ပြီးတော့ အလုပ်ပျက်အကိုင်ပျက်ဖြစ်ပြီး စီးပွားထိခိုက်အောင်လုပ်တာ၊ ဒီထက်ပိုကြာရင် ကျန်းမာရေးပါထိခိုက်ပြီး မင်းလုံးပါးပါးပြီးသေမှာဟေ့၊ ကံကောင်းတာက မင်းရဲ့သမီးကလေးရှိနေလို့”

“ဟာ၊ ဦးဘသာကလည်း ရွှေမိနဲ့ဘာဆိုင်လို့လဲဗျ”

“ဆိုင်တာပေါ့ ဟကောင်ရ၊ အိမ်မှာအချိန်ပြည့်လူရှိနေတော့ ညအချိန်လောက်ပဲ ဂမုန်းသူယောင်နဲ့ ပျော်မြူးနိုင်တာပေါ့ကွာ၊ ငါကြားဖူးတာကတော့ တောထဲမှာ မုဆိုးတွေ ဂမုန်းသူယောင်နဲ့တွေ့ရင် နေ့နေ့ညညပျော်မွေ့ပြီးတော့ နှစ်ခြိုက်နေလို့ နောက်ဆုံးအစားအသောက်ပျက်၊ အာဟာရပြတ်ပြီး သေသွားကြတယ်တဲ့”

“ကြောက်စရာကောင်းလိုက်တာဗျာ၊ ဒီလူ တော်တော်ယုတ်မာတဲ့လူပဲ”

ကျုပ်ပြောလိုက်တော့ ဦးလူလှလည်း ဒေါသထွက်သွားပုံပဲဗျ။

“တောက်၊ ဒီကောင်ဒါဆို ငါ့ကိုတမင်သက်သက်လုပ်တာ၊ ငါ့ကိုတမင်ခြောက်တွန်းတာပဲ”

“ထားလိုက်ပါတော့ လူလှရာ၊ အသိပညာဗဟုသုတဆိုတာက သမုဒ္ဒရာရေလိုပဲ ကျယ်ပြန့်တယ်ကွ၊ မင်းမသိလို့လုပ်မိတာပဲ၊ တစ်ဖက်သားကိုရန်သွားမူနေရင် မင်းပဲထိခိုက်မှာပေါ့ကွာ”

“ကျုပ်နားလည်ပါပြီး အကိုဘသာရာ၊ ဒီအပင်က မကောင်းမှန်းကျုပ်သိပါပြီ၊ ဒီမကောင်းတဲ့အပင်ကို ကျုပ်ကိုယ်တိုင် စွန့်လွတ်ပါတော့မယ်”

“အေးကွာ၊ ကောင်းတာပေါ့၊ မကောင်းတာကို မကောင်းမှန်းသိတယ်ဆိုတာ ကောင်းဖို့အတွက်လမ်းစပဲတဲ့ကွ၊ အဲဒီမကောင်းတာကို ဆက်မလုပ်ဖြစ်တော့အောင် ကျင့်ကြံနိုင်တယ်ဆိုတာ အောင်မြင်ချင်းတစ်မျိုးပေါ့ လူလှရာ”

“ဒါဆို ဒီဂမုန်းကို ဘယ်လိုလုပ်ကြမလဲ ဦးဘသာ”

“သူကြောက်တာဘာလဲကွ”

ကျုပ်လည်း စဥ်းစားရင်း

“ခုနက ပြောတာတော့ နေမထိရဘူးဆိုလားပဲ”

“အေးပေါ့ကွ၊ ဒီတော့ မနက်နေထွက်တဲ့အခါ နေရောင်အောက်မှာ ခံပေးလိုက်ပေါ့ကွာ၊ လွယ်လွယ်ကလေးပဲ”

ဒါပေမယ့် ဦးလူလှကတော့ ဒီဂမုန်းပင်ကို လှည့်ကြည့် လှည့်ကြည့်နဲ့ဗျ၊ သူ့ကြည့်ရတာ သံယောဇဉ်ပြတ်ပုံမရဘူး၊ အင်းလေ၊ ကာမဂုဏ်ဆိုတာ သောက်လေ သောက်လေ ငတ်မပြေတဲ့ ပင်လယ်ရေဆိုသလိုပေါ့၊ ဘာပဲပြောပြော တစ်နှစ်တောင်နေထိုင်ခဲ့တယ်ဆိုတော့ လွယ်လွယ်နဲ့တော့ ဘယ်မေ့နိုင်ပါ့မလဲဗျာ။

ကျုပ်တို့ဖြင့် တစ်ညလုံးအိပ်လို့မပျော်တော့ဘူးဗျာ၊ ဦးလူလှနဲ့ထိုင်ရင်း စကားစမြည်ပြောနေကြတာ၊ အခုကျတော့မှ ဦးလူလှသရုပ်မှန်ပေါ်လာတယ်ဗျာ၊ ဦးလူလှဖော်ရွှေတာကို ဦးလူ၀ ဘယ်လိုက်မီပါ့မလဲဗျ၊ ပြီးတော့ ဆိုင်းဆရာဆိုတော့ စကားပြောကလည်း သိပ်ကောင်းတာဗျ။ ကျုပ်တို့နဲ့ စကားတွေပြောနေကြရင်း မိုးကိုလင်းသွားရောဗျို့။

မနက်ခင်းနေရောင်ခြည်က ခြံအနောက်ဘက်ကို တိုက်ရိုက်ကျတယ်ဗျ၊ ကျုပ်တို့လည်း တဲကလေးဆီကိုသွားပြီးတော့ တဲတံခါးကိုဖွင့်ထားလိုက်တယ်၊ တဲခေါင်မိုးက အပေါက်ကြီးက အထဲကနေ ပိတ်လို့ဖွင့်လို့ရအောင်လုပ်ထားတာဆိုတော့ အဲဒီအပေါက်ကိုလည်းဖွင့်ပေးလိုက်တာပေါ့ဗျာ၊ မကြာပါဘူး နေရောင်ခြည်တွေက တဲတံခါးပေါက်ကနေ ဝင်လာပါတော့တယ်၊ အဲဒီနေရာင်ခြည်တွေ ဂမုန်းပင်အပေါ်ကိုကျတာနဲ့ ဂမုန်းပင်က ဝေဆာစိမ်းလန်းနေတဲ့အရွက်တွေက တဖြည်းဖြည်းညှိုးလျှော်နွမ်းလျပြီး ကွေးညွှတ်ကျသွားတာပဲဗျာ၊

ဂမုန်းပင်ရဲ့ ပင်စည်က တရှဲရှဲနဲ့အသံတွေမြည်ပြီးတော့ သူ့အလိုလိုအချပ်လိုက် အချပ်လိုက်ကွာကျနေတာဗျ၊ အတွင်းသားတွေကိုနေထိတော့ ဂမုန်းပင်က တဆတ်ဆတ်တုန်ခါရင်းနဲ့ မိန်းကလေးအော်သံလို အသံသဲ့သဲ့နဲ့အော်ပါလေရောဗျာ၊ အပင်က ယိမ်းထိုးနေပြီး နောက်ဆုံးတော့ ညှိုးကျသွားတော့တယ်၊ ကျုပ်လည်း ပိုပြီးသေချာအောင်လို့ ပန်းအိုးကိုမယူခဲ့ပြီးတော့ အိမ်ရှေ့က အရိပ်လွတ်တဲ့နေရမှာ ချထားလိုက်တာပေါ့ဗျာ၊

ရွှေမိတစ်ယောက် တဝါးဝါးသမ်းရင်း နိုးလာတယ်ဗျ၊ မြေပြင်အလွတ်မှာချထားတဲ့ ပန်းအိုးကို ကျုပ်တို့ဝိုင်းကြည့်နေတာမြင်တော့ သူလည်းအံ့သြသွားပုံရတယ်။

“အဖေ၊ ဦးကြီးတို့ ဘာတွေကြည့်နေကြတာလဲ”

လှေကားပေါ်ကနေအောက်ဆင်းလာရင်း

“ဟင်၊ အပင်ကလေးတစ်ပင်ပါလား၊ ရေမလောင်းလို့ထင်တယ် ညှိုးနေတာပဲနော်”

“ရေမလောင်းနဲ့တော့သမီးရေ၊ ဒီအပင်လေးကို ဒီနေရာမှာပဲ ထားလိုက်တော့”

ဦးလူလှက အိမ်ပေါ်တက်သွားတယ်ဗျ၊ ကျုပ်တို့လည်း လုပ်စရာရှိတာလုပ်ကြတာပေါ့ဗျာ၊ နေ့လည်နေမွန်းတည့်ချိန်ရောက်လို့ ကျုပ်က သတိရပြီး ဂမုန်းပင်ကိုပြေးကြည့်တော့ ဂမုန်းပင်က သစ်မြစ်ခြောက်တစ်ခုလို ခြောက်ကပ်နေတာပဲဗျာ၊ ကျုပ်လက်နဲ့ထိလိုက်တော့ ပြာမှုန်တွေလို တဖွားဖွားနဲ့ ကြွေကျသွားပါရောလား။

ပြီးပါပြီ။

အဂ္ဂဇော်