မြေအောင်းတစ္ဆေနှင့်ဘိုးတော်ဖြူ

ကြောင့် တင်ကြီး နဲနဲတောင် ဟိုက်လာသလို ခံစားရတယ်။

တင်ကြီး နေကို တစ်ချက်မော်ကြည့်လိုက်တယ်။

နေက အခုမှ ရောင်နီလွတ်ကာစရှိသေးရဲ့။ ပွေးက တစ်ညလုံး အစာရှာပြီး မအိပ်မီ နေအထွက်မှာမှ ကျစ်စာ စုန့်တတ်တာမို့ တင်ကြီးအတွက် အချိန်နည်းနည်းရနေသေးတယ်။

ဒါကြောင့် ကုန်းကြောအပေါ်ကို ရောက်တာနဲ့ တင်ကြီးလည်း ထိုင်ချလိုက်ပြီး သူဆောင်လာတဲ့ ကွမ်းကြမ်းအိတ်ဆီက ကွမ်းတစ်ယာထုတ်ယာလို့ ဝါးပြီး အမေဖြေနေလိုက်တယ်။

‘ ကျစ်…ကွစ်…ကွစ်…’

လူသူအရောက်အပေါက်နည်းတဲ့ နေရာမို့လို့ထင်ပါရဲ့။ ကျေးသံငှက်သံတွေဟာ တော်ရုံနေရာတွေထက် ပိုမိုစည်သာနေတယ်။

ကွမ်းတစ်ယာညက်တော့ တင်ကြီးလည်း အမောပြေပြီ။

အရှေ့ဆီက နေရောင်ကလည်း သိသိသာသာ ပျို့တက်လာပါပြီ။

တင်ကြီးလည်း ကွမ်းတံတွေးတစ်ချက် နံဘေးဆီကို ထွေးချလိုက်ပြီး စိုက်ထားတဲ့ မှိန်းတံကို နုတ်လို့ ကုန်းပြန့်ဆီ ဝင်လာခဲ့လိုက်တယ်။

မနေ့က ကြည့်ခဲ့တဲ့ ပွေးစာတွေရှိရာက ကုန်းရဲ့ အနောက်ဘက်ထိပ်နားမှာ။ တင်ကြီးရဲ့ ခြေလှမ်းတွေက သူ မှတ်သားထားတဲ့ နေရာဆီကိုပဲ တစ်စိုက်မတ်မတ် ဥိးတည်လှမ်းခဲ့တယ်။

‘ ဟော…အားလုံးထဲမှာ ဒင်းကလေးက ဝီရိယအရှိဆုံးပေါ့…’

တင်ကြီးအတွက် လာဘ်ကောင်းတယ်ပဲ ပြောရမလားမသိဘူး။

ကျစ်စာတွေနေရာဆီကို မရောက်ခင် ဦးဆုံးတွေ့ရတဲ့ ပွေးကျင်းတစ်ကျင်းက နေထွက်မြေစာစုန့်နေချေပြီ။

ပွေးထိုးကျွမ်းကျင်သူမို့ ညင်သာတဲ့ ခြေလှမ်းတွေနဲ့ တင်ကြီးတစ်ယောက် မှိန်းကို အသင့်ပြင်ပြီး မြေအောက်က ပွေးကျစ်စာတွေ စို့စို့တက်လာတဲ့ ကျင်းအနားကို ချဉ်းကပ်တယ်။

ပွေးဆိုတာက မြေထဲက သတ္တဝါမို့ ခြေလှမ်းကြမ်းလို့ မရဘူး။ မြေရဲ့ တုန်ခါမှုကို သူတို့သိသွားရင် အစာစုန့်နေရင်းက အတွင်းကို ပြန်ဝင်သွားတတ်တယ်။ ဒါကြောင့် ချဉ်းကပ်ချိန်ဟာ အတော့်ကို သတိထားရလေရဲ့။

တင်ကြီးကတော့ ဒါတွေကို ကျမ်းကြေပြီးသားသူမို့ မှိန်းတံကို အသာဝင့်၊ ပွေးကျင်းဆီကို ခပ်သာသာခြေလှမ်းတွေနဲ့ တရွေ့ရွေ့လှမ်းကပ်နေတယ်။ မှိန်းတစ်ထိုးစာနေရာကိုရောက်တော့ တင်ကြီး အသာငြိမ်လိုက်တယ်။ ပြီးတော့ ပွေးကျင်းရဲ့ လားရာဘက်ကို လေ့လာတယ်။

ပွေးကျင်းဟာ ကျင်းပေါက်မရှိဘဲ ကျစ်စာပုံသာမို့ လားရာဘက်မသေချာဘဲ မှိန်းထိုးရင် ကျင်းပေါက်ဆီမရောက်ဘဲ ပွေးလွတ်တတ်တယ်လေ။

လားရာသေချာပြီဆိုတော့မှ တင်ကြီးလည်း မှိန်းကို လက်နဲ့ ချိန်ဆတယ်။ ထိုးချက်ကို ဟန်ပြင်တယ်။ နောက်တော့ တင်ကြီးရဲ့ လက်ထဲက မှိန်းဟာ ပွေးကျစ်စာတွေထဲကို လှစ်ခနဲ ပြေးဝင်သွားတော့တာပေါ့။

‘ ဒုတ်…ဖောက်…’

အထဲက ပွေးကောင်ကို ထိုးမိတဲ့ အသံကို ကြားလိုက်ရတယ်။ မှိန်းတံရဲ့ နောက်ဖျားကို ကိုင်ထားတဲ့ တင်ကြီးရဲ့ လက်ဆီမှာလည်း တိုးလှုပ်မှုကို ခံစားရရှိမိနေလေရဲ့။

သေချာပြီ။

အတွင်းဆီက ပွေးကောင်ကို မိပါလေပြီ။ မှိန်းတံကို အသာတင်းပြီး ကျစ်စာပုံကို တင်ြကီး လက်ခဲက ဓားနဲ့ ယက်ဖယ်လိုက်တယ်။

အစိတ်သားလောက်ရှိမယ့် ပွေးကောင်ဟာ မှိန်းဖျားမှာ ဆန့်ငင်ဆန့်ငင် ရုန်းလို့။ တင်ကြီးလည်း မှိန်းကို အနေအထားမယွင်းစေဘဲ သူ့လက်ထဲက ဓားနှောင့်နဲ့ ပွေးခေါင်းကို ထုလိုက်တယ်။

‘ ဟင်း…စျေးဦးပေါက်တော့ ကောင်းပြီလေ…’

တင်ကြီး ပွေးကောင်ကို ဖြုတ်၊ လွယ်ထားတဲ့ ပလိုင်းထဲကို ထည့်ပြီး ရေရွတ်လိုက်တယ်။

နောက်တော့ အခြားတစ်ကျင်းဆီကို ကူးလိုက်တယ်။

ပွေးကျင်းတွေများပေမယ့် ပွေးဆိုတာ မနက်ပိုင်း၊ ညနေပိုင်း သူ့အချိန်နဲ့သူ ကျစ်စာစုန့်တတ်တာမို့ အခု မနက်ပိုင်းကျစ်တာ စုန့်တဲ့ ပွေးကို တင်ကြီးရှာရတယ်။

တွေ့ပါပြီ တစ်ကျင်း။

တင်ကြီး ပထမကျင်းတုန်းကလိုပဲ ချဉ်းကပ်တယ်။ သူအနားရောက်တဲ့အထိ ပွေးက ကျစ်စာစုန့်ကောင်းတုန်း။ ခြောက်သွေးဖြူလွနေတဲ့ ကျစ်စာတွေအကြား လတ်ဆတ်တဲ့ မြေကျစ်စာစိုစိုတွေက ထိုးထိုးတက်လာနေတယ်။

တင်ကြီး မှိန်းကို ချိန်ဆတယ်။ ပြီးတော့ လှစ်ခနဲ ထိုးတယ်။

မိပြန်တာပါပဲ။

ပွေးကောင်ရဲ့ ရုန်းအားက သိသိသာသာ လက်ကို တိုးတယ်။ ပထမအကောင်ထက် ကြီးမယ်လို့ တင်ကြီးယူဆလိုက်ပြီး ဓားနဲ့ မြေကို ယက်ဖယ်လိုက်တော့ သူထင်တဲ့အတိုင်းပဲ လေးဆယ်သားလောက်ရှိမယ့် ပွေးတစ်ကောင် ထပ်ရပြန်တယ်။

တစ်ခဏအတွင်းမှာပဲ ပွေးနှစ်ကောင်ရလိုက်တာမို့ တင်ကြီး အလွန်ကျေနပ်နေမိတယ်။

ပွေးကျင်းတွေအကြား မနက်ကျစ်စာစုန့်တဲ့ ပွေးကျင်းကို ထပ်ရှာတယ်။

ကျင်းတွေများပေမယ့် ထပ်မတွေ့ရတော့ဘူး။

‘ ဒီအစာစုန့်တွေက ဒီနှစ်ကောင်ရဲ့ လက်ချက်ပဲလား…’

ရှာရင်း ကြာလာတော့ တင်ကြီး စိတ်ထဲ မတင်မကျဖြစ်ပြီး ရေရွတ်တယ်။ ပွေးဆိုတာက တစ်ကောင်ကို ကျစ်စာစုန့်က လေးငါးစုန့် အနည်းဆုံး ရှိတတ်တာကိုး။

တင်ကြီး အခြားတစ်ဖက်ကို သွားကြည့်မယ်လို့ တွေးပြီး ကုန်းပြန့်ရဲ့ မြောက်ဘက်ခြမ်းကို ထွက်ခဲ့လေရဲ့။

မြောက်ဘက်ခြမ်းမှာတော့ မြေပြောင်ပြောင်ကလေးမှာ ပွေးကျင်းလို ကျစ်စာပုံကလေးတွေ ဟိုတစ်စု ဒီတစ်စုရှိနေပေမယ့် အခုနကလောက် မများဘူး။ ဒါပေမယ့် မြေကျစ်စာ အစိုကလေးတွေက တက်နေတော့ တင်ကြီးဝမ်းသာမိသွားရတယ်။

ကျင်းတစ်ကျင်းအနားကို တင်ကြီး ချဉ်းကပ်ပြီး မှိန်းထိုးပြန်တယ်။ အတွင်းက ပွေးကောင်ကို ထိထိမိမိ ထိုးမိတာကို တင်ကြီးခံစားသိရတယ်။

ဓားနဲ့ မြေကို ယက်ဖယ်လိုက်တော့…။

‘ ဟင်…ဘာမှလည်း ရှိမနေဘူး…’

တင်ကြီး အလွန် အံ့သြသွားရတယ်။

အခုလေးတင် မြေစာစုန့်နေတဲ့ ပွေးကောင်ကို သူ့လက်က ထိထိမိမိ မိထားတယ်ဆိုတာခံစားသိနေပါရဲ့နဲ့ အခု ယက်ဖယ်လိုက်မှ ဘာမှရှိမနေဘူး။

ချက်ကောင်းမမိလို့ ပွေးကောင် ရုန်းထွက်သွားတာလို့ တင်ကြီး ထင်မိလိုက်တယ်။

လွတ်ပြီးသားမို့ တင်ကြီးစိတ်က မလွမ်းချင်။

ပွေးကျင်းတွေက ပေါနေတာမို့ နောက်ထပ်တစ်ကျင်းကို ရှာပြန်တယ်။

သူရှိနေရာနဲ့ ကျင်းဆီမှာ မြေစာစုန့်နေတာကို တွေ့လိုက်ရတယ်။

ဒိတစ်ကောင်တော့ မလွတ်စေရတော့ဘူးဆိုတဲ့စိတ်နဲ့ တင်ကြီး စိတ်ကို တည်ငြိမ်အောင်ထားလို့ သေချာလှမ်းကပ်ရင်း မှိန်းနဲ့ ထိုးလိုက်ပြန်တယ်။

‘ ဒုတ်…’

အတွင်းဆီက ပွေးကောင်ကို အသေအချာ ထိထိမိမိ ထိုးမိတဲ့ အသံ။ လက်ဆီက ခံစားချက်။ ဒိတစ်ခါ ထပ်လွတ်မှာစိုးလို့ တင်ကြီးတစ်ယောက် မှိန်းကို တင်းတတင်းဖိပြီး မြေစာကို ယက်ထုတ်လိုက်တယ်။

‘ ဟာ…’

မှိန်းဖျားမှာ ဘာမှရှိမနေပြန်ဘူး။

နှစ်ကြိမ်မြောက်ဆိုတဲ့ အသိနဲ့အတူ ရုတ်တရက် တင်ကြီးစိတ်ထဲ အခုရောက်နေတာဟာ နာမည်ကြီးတဲ့ ဖိုးတာဝါကုန်းဆိုတာ သတိရလိုက်တာမို့ သူ့ကို စမ်းတာလားဆိုပြီး စိတ်က ထောင်းခနဲ ဖြစ်သွားရတယ်။

တင်ကြီးက ကြောက်စိတ်ရှိတဲ့သူမဟုတ်ဘူး။ အယုံအကြည်လည်း မရှိဘူး။ ဒိတော့ ဒေါသနဲ့အတူ ကြမ်းကြမ်းတမ်းတမ်းတွေ ဆဲဆိုရင်း ချက်ချင်းပဲ နောက်တစ်ကျင်းကို ထပ်ရှာတယ်။

သိပ်ကြာကြာ မရှာလိုက်ရဘူး။

သက်ငယ်ပင်လေးငါးပင် ရှိနေရာဆီက နေရာမှာ မြေစာနက်နက်ကလေးတွေ စို့စို့တက်လာတာကို တင်ကြီး မြင်လိုက်ရတယ်။

တင်ကြီးလည်း အဲ့ဒီ့နေရာကို အသာအယာပဲ ချဉ်းကပ်မိပြီး မှိန်းပြင်လို့ အသင့်စောင့်နေလိုက်တယ်။ ခဏကြာတော့ ကျစ်စာကလေးတွေ စုန့်တက်လာတဲ့အချိန် တင်ကြီးလက်ထဲက မှိန်းချက်က မြေဆီကို လှစ်ခနဲ၊ နစ်ခနဲ…။

‘ အား…’

မှိန်းချက်နဲ့ အတူ မြေကြီးထဲက ထွက်ပေါ်လာတဲ့ အော်သံကြီး။ မှိန်းကလည်း တဒုတ်ဒုတ် ရုန်းနေလေရဲ့။

ရုတ်တရက် ထွက်ပေါ်လာတဲ့ အော်သံကြီးကြောင့် တင်ကြီး လန့်ဖျပ်သွားမိတယ်ဆိုပေမယ့် ဒေါသအခံကလည်းရှိနေတာမို့ သိပ်အများကြီး မတွေးတော့ဘဲ မြေစာတွေကို လက်နဲ့ တူးဖယ်ယက်ကြည့်လိုက်တယ်။ ဘာမှရှိမနေပြန်ဘူး။

ဒီလိုနဲ့ နောက်ထပ်သုံးကျင်းလောက် ဆက်တိုက်ကြုံလာရတော့ တင်ကြီးလည်း ဒေါသတွေ ထွက်လာရတော့တယ်။

နေရာကလည်း နာမည်ကြီးတဲ့ ဖိုးတာဝါကုန်းဆိုတော့ တင်ကြီး ဘာဖြစ်နေတယ်ဆိုတာကို ရိပ်မိလိုက်ပြီး…။

‘ ဟေ့ကောင်တွေ။ ငါ့ကို မစမ်းနဲ့နော်။ ငါ့ကို ထပ်စမ်းလို့ကတော့ ငါဘာကောင်လဲဆိုတာ မင်းတို့ကို သိသွားစေရမယ်…’

တင်ကြီး အလွန်ဒေါသထွက်ပြီး ဆဲဆိုရင်း အော်ပြောလိုက်တဲ့ စကားသံ။

‘ ဒုတ်…’

‘ အ…’

ဆဲဆိုပြီးနောက် ခြေလှမ်းလိုက်စဉ် တင်ကြီးရဲ့ ညာဘက်ခြေထောက်ကို သက်ကယ်ငုတ်တစ်ခုက စူးမိလေတော့ရဲ့။

‘ ဟာကွာ…ဒီခွေးမသား ငုတ်က တစ်မှောင့်…’

တင်ကြီးလည်း သူ့ကို စူးတဲ့ ငုတ်ကို ဆွဲနှုတ်ပြီး ငုတ်စူးခံရတဲ့ ခြေထောက်က အလွန်အမင်း နာကျင်သွားရတာကြောင့် ကုန်းကြည့်နေမိတုန်း ဘယ်ကမှန်းမသိတဲ့ ပြင်းထန်လှတဲ့ အပုပ်နံ့ကြီးက နှာခေါင်းဆီကို တိုးဝင်လာတယ်။ အပုပ်နံ့ကြီး ထွက်ပေါ်လာပြီး ရှေးမနှောင်းမှာပဲ…။

‘ တောက်…’

နံဘေးဘက်က ထွက်ပေါ်လာတဲ့ ကျယ်လောင်တဲ့ တောက်ခေါက်သံ။

တင်ကြီး ခေါင်းနပန်းတွေ ကြီးသွားရတယ်။

အဲ့ဒီ့နောက် ငုတ်စူးတဲ့ေ ခြထောက်ကိုတောင် အာရုံမထားမိတော့ဘဲ ထရပ်လိုက်ချိန် ပတ်ဝန်းကျင်တစ်ခိုဆီက တောက်ခေါက်သံတွေက ဆူဆူညံအောင် ထပ်မံပြီး ထွက်ပေါ်လာခဲ့တော့လေရဲ့။

*******

အဲ့ဒီ့နေ့က အိမ်ပြန်ရောက်ချိန် တင်ကြီးတစ်ယောက် ခြေထောက်က ငုတ်စူးတဲ့ အရှိန်ကြောင့် ထင်ပါရဲ့။ ချမ်းစိမ့်စိမ့် ဖြစ်လာခဲ့တယ်။

ဒါနဲ့ အရက်ပြင်းပြင်းတစ်ခွက်သောက်ပြီး မှေးစက်လိုက်တာ တစ်ရေးနိုးချိန်မှာတော့ တင်ကြီးတစ်ယောက် ခြေထောက်ဆီက ငုတ်စူးတဲ့ ဒဏ်ရာက အလွန်အမင်းကိုက်လာရပြီး ကိုယ်တွေလည်း ခြစ်ခြစ်တောက်ပူလို့ အပြင်းဖျားရပါတော့တယ်။

တင်ကြီး ဖျားတော့ တင်ကြီးမိန်းမ အေးသီက ရေဝတ်ဖတ်တွေဘာတွေ တိုက်ပေးရင်း ပြုစုပေးတယ်။ ဒါပေမယ့် အဖျားက ညအချိန်ထိ ကျမလာဘူး။

တင်ကြီးတို့က လင်မယားနှစ်ယောက်ထဲရှိတာ။

သန်းခေါင်ကျော်ခဲ့တဲ့ အချိန်မှာတော့…။

‘ ငါ ဗိုက်ဆာတယ်…’

‘ ဟင်…’

အေးသီခမျာ တင်ကြီးနံဘေး လှဲအိပ်ရင်း မှေးခနဲ အိပ်ပျော်နေတယ်။ ဒီအချိန်မှာ ရုတ်တရက် ငေါက်ခနဲ ထထိုင်ပြီး ပြောလာတဲ့ တင်ကြီးရဲ့ မာဆတ်ဆတ် အသံကြောင့် အေးသီ ဘာဖြစ်မှန်းမသိ လန့်နိုးလာရလေရဲ့။

တင်ကြီးကို ကြည့်လိုက်တော့ ချမ်းတယ်ဆိုလို့ ခြုံပေးထားတဲ့ စောင်တွေကို ဖယ်ချထားပြီး ငူငူကြီး ထိုင်နေလေတယ်။

‘ ကိုတင်ကြီး တော့်အဖျားကျပြီလား…’

‘ အင်း…ငါဗိုက်ဆာလို့…’

တင်ကြီး ပြန်ဖြေသံက အစ်တစ်တစ် လေးတေးတေးကြီး။ အေးသီခမျာ အမှုန်စုံမွှားနဲ့ တင်ကြီးအသံကို တွေးရင်း ကြောင်စီစီ။

‘ ငါ ဗိုက်ဆာတယ်လို့။ ဘာရှိသလဲ…’

‘ ပွေး…ပွေးသားဟင်း ရှိတယ်…’

တင်ကြီးအသံက ခပ်မာမာ ဖြစ်လာတဲ့အတွက် အေးသီက ထိတ်ပြာပြာ ဖြေလိုက်တယ်။

‘ ငါစားချင်တယ်…အမြန်ခူးပေးစမ်း…’

အေးသီလည်း တင်ကြီးကို ကြည့်ပြီး စိတ်ထဲ မသိုးမသန့် ခံစားမိလာရသလိုဖြစ်မိတယ်။

ဒါပေမယ့် ဘာမှတော့ မပြောဘူး။ မီးဖိုဆီဝင်ပြီးတော့ ထမင်းကို အမြန်ဆုံးခူးပေးခဲ့တယ်။

တင်ကြီး လက်ထဲကို ထမင်းဇလုံရောက်တာနဲ့ နင်ရောကာရော အတင်းကုန်းကျုံးပြီး စားတော့တာရယ်။ တစ်ခဏအတွင်းမှာပဲ ထမင်းတစ်ဇလုံဟာ ပြိုက်ခနဲ ကုန်သွားတယ်။

‘ ထည့်ပေးဦး…’

အေးသီ တင်ကြီးဆီက ထမင်းဇလုံကိုယူလို့ မီးဖိုထဲဆီသွားပြီး ထပ်ထည့်ပေးပြန်တယ်။

ဒီတစ်ခါလည်း တင်ကြီးက လက်ကြီးနဲ့ ကုတ်ကုတ်ပြီး ကျုံးစားတာ တစ်ခဏပဲ ကုန်ပြန်တယ်။

‘ ထည့်ဦးမယ်…’

‘ အယ်…ထမင်း မရှိတော့ဘူးတော့်…’

‘ ထမင်းမရှိရင် ဟင်းစားမယ်…’

တင်ကြီးက အသံလေးလေးကြီးနဲ့ အကွန့်တက်ပြီး ပြောလာပြန်တယ်။

အေးသီလည်း တင်ကြီးကို မယုံသင်္ကာနဲ့ စူးစိုက်ပြီး ကြည့်မိတယ်။

‘ ငါ ဗိုက်ဆာလို့…’

‘ အင်းပါ…’

တင်ကြီးက ထပ်ပြောလာချိန်မှာတော့ အေးသီတစ်ယောက် အတွေးထဲ တစ်စုံတစ်ခုကို တွေးမိသိရှိလိုက်ပြီး ကြက်သီးတွေ ဖြန်းခနဲ ထမိရတယ်။

ဒါကြောင့် စိတ်က ဆုံးဖြတ်ပြီး မီးဖိုဆီ ပြေးဝင်လို့ မနက်က တင်ကြီးရရှိလာတဲ့ ပွေးနှစ်ကောင်အနက် တစ်ကောင်ကို ချက်ထားတဲ့ ဟင်းအိုးကို အိုးလိုက်ကြီး ချပေးမိလိုက်တယ်။

ဟင်းအိုးကို မြင်တော့ တင်ကြီးရဲ့ မျက်လုံးတွေက ဝင်းပသွားသလိုပဲ။ ပြီးတော့ အေးသီကို တစ်ချက်မော်ကြည့်ပြီး ပွေးသားတွေကို တစ်တုံးပြီးတစ်တုံးယူလို့ ကျွတ်ကျွတ်မြည်အောင် ဝါးစားတော့တာရယ်။

အေးသီကတော့ ပြောင်းလဲနေတဲ့ လင်သားဖြစ်သူ တင်ကြီးကို ကြည့်ပြီး ဆက်မနေရဲတော့တာမို့ နံဘေးက မိခင်ရဲ့ အိမ်ရှိရာဆီကို တိတ်တဆိတ် ပြေးခဲ့မိတော့တာပေါ့။

အဲ့ဒီ့ညက အေးသီဟာ သူ့မိဘတွေဆီကို အကျိုးအကြောင်းပြောပြပြီး မောင်နှစ်ယောက်ကို အဖော်ခေါ်လို့ အိမ်ပြန်လာကြည့်ချိန် တင်ကြီးကတော့ ဟင်းအိုးအခွံကြီးကို နံဘေးချလို့ အိပ်ရာထဲ စောင်ခေါင်းမြှီးခြုံပြီး တရှူးရှူး အိပ်နေခဲ့ပါပြီ။

*******

တစ်ပါတ်အတွင်းမှာ တင်ကြီးရဲ့ ပုံစံပြောင်းလဲမှုက သိသာလွန်းလှတယ်။

နေ့ဘက်တွေ တစ်နေကုန်အိပ်ပြီး ညဘက်တွေမှသာ ထမင်းကို လေးလုံးအိုးကျွတ်အောင် ထစားတယ်။

အဲ့ဒီ့လို စားချိန်မှာ ဟင်းက အသားဟင်းမဟုတ်ရင်လည်း အေးသီကို ဆူပူကြိမ်းမောင်းနေလိုက်တာ ရစရာမရှိဘူး။

ဒါကြောင့် အေးသီဟာ တင်ကြီးကို ကြောက်ကြောက်လန့်လန့်နဲ့ ညအတွက်ကို အသားဟင်းရဖို့ ကြိုးစားရှာဖွေပြီး ပြင်ဆင်ထားရတယ်။

ဒါပေမယ့်လည်း ဘယ်လိုပဲ စားစား တင်ကြီးကတော့ အဖျားက နေ့ရှိသရွေ့မကျဘဲ လူကလည်း သိသိသာသာကို ပိန်လှီလာပါရဲ့။

တစ်ရက်သားမှာတော့ ရွာကို ဆရာဖြူဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရောက်လာတယ်။

ရွာထိပ်က အံ့ကြီးတို့အိမ်မှာ တည်းတယ်။

ဆရာဖြူဆိုတာ ပိတ်ဖြူစင်သားကို ဝတ်ဆင်ထားတယ်။ အံ့ကြီးတို့မိသားစုရဲ့ ဆော်သြမှုကြောင့် ရွာက လူအချို့တောင် ဘိုးတော်ဆီကို ရောက်လာပါရဲ့။

‘ အေးသီ…အံ့ကြီးတို့ အိမ်မှာ အထက်ဘိုးတော်တစ်ယောက် ရောက်နေတယ်။ နင့် ယောက်ျားကို ဘိုးတော်နဲ့ ပြကြည့်ပါလား…’

အိမ်နီးချင်းတစ်ယောက်ရဲ့ အကြံပေးမှုကြောင့် အေးသီတစ်ယောက် ဘိုးတော်ဖြူရဲ့ ရှေ့မှောက်ကို ရောက်ရတယ်။

အေးသီကို ကြည့်တဲ့ ဘိုးတော်ဖြူရဲ့ အကြည့်တွေက မနှစ်မြို့စရာ။

ပြောမယ့်သာ ပြောရတာ၊ အေးသီဆိုတာက အိမ်ထောင်သည်ပေမယ့် ဒီရွာရဲ့ ခန္ဓာကိုယ် အဆစ်အပေါက်ကောင်းသူတွေထဲ ပါတယ်။

‘ သမီး…ဘာဖြစ်သလဲ…’

‘ ကျွန်မ ယောက်ျား…’

‘ စနေသားကြီးကို တစ္ဆေဘမ်းစားထားတာအတွက် ရောက်လာတာ ထင်တယ်…’

‘ ရှင်…’

အေးသီ အံ့သြသွားရတယ်။

‘ သမီး ဝင်လာကတည်းက အဘက သိပြီးသားပါ။ သမီးမှာ အပူအပင်က သိပ်များနေတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ အဘနဲ့ တွေ့ပြီဆိုတော့ ကောင်းသွားမှာပါ…’

ဘိုးတော်ဖြူရဲ့ နွေးထွေးတဲ့ စကားကြောင့် အေးသီရင်ထဲက အပူတချို့ လျော့ပါးသွားရတယ်။

‘ ကူ…ကူညီပေးပါရှင်…’

‘ အင်းပါ…အဘ ကူညီပေးပါ့မယ်။ ဒီညဦးပိုင်းကို အဘ သမီးတို့အိမ်ဆီကို ကြွလာပါ့မယ်။ တစ်ခုရှိတာက လူနာကို ညနေမတိုင်ခင်မှာ ကြိုးနဲ့ တုပ်ထားပေးပါ။ ပြီးရင် အိမ်ပေါ်မှာ ဘယ်သူမှ မရှိပါစေနဲ့။ သမီးကိုယ်တိုင်ရောပေါ့…’

‘ ဟုတ်ကဲ့ နာခံပါ့မယ်ရှင်…’

အေးသီ ပြန်လာခဲ့တယ်။

ညနေရောက်တော့ နံဘေးအိမ်က မောင်နှစ်ယောက်ရဲ့အကူအညီနဲ့ အဖျားတက်ပြီး ကွေးနေတဲ့ တင်ကြီးကို ကြိုးနဲ့တုပ်ပြီး တိုင်ဆီမှာ ချည်ကြတယ်။

နောက်တော့ အိမ်ပေါ်ဆီမှာ ဘယ်သူမှ မနေဘဲ အောက်ဆင်းပြီး အခြေအနေ စောင့်ကြည့်နေကြလေရဲ့။

တဖြေးဖြေးနဲ့ နေဝင်မိုးချုပ်လာပါပြီ။ ဒါပေမယ့် ဘ်ုးတော်ဖြူကတော့ ရောက်မလာသေးခဲ့ဘူး။ တင်ကြီးကတော့ အိမ်အပေါ်ဆီမှာ ဟစ်အော်ရင်း ရုန်းရင်းဆန်ခတ် သောင်းကျန်းနေပါပြီ။

အဲ့ဒီ့လိုအချိန် ခြံဝဆီက…။

‘ ဖြူတူတူ ညိုတိုတို…ညိုဖြူဖြူ ဖြူညိုညို၊ ငါဟဲ့ နတ်သား အာဂဖွား။ သုံးလီထွဋ်ခေါင် ကာမာရာဇ၊ ဒီလာသကို ဒီတစ်ညမှာ နှိမ်ကွပ်မကူ ကွပ်မည်သာလော့…အယ်…’

အသံနဲ့အတူ ခြံရှေ့မှာ ရပ်တန့်သွားတဲ့ သူရူးတစ်ယောက်။

သူရူးရဲ့ ပုံစံက ပေရေစုတ်ပြတ်နေတယ်။

စူဖောင်းနေတဲ့ လွယ်အိတ်ဟောင်းကြီးကိုလည်း လွယ်ထားပြီး အုန်းလက်ခြောက်ကြီးကိုလည်း မြင်းအဖြစ် ခွစီးထားလေရဲ့။

အစကတော့ သူရူးက သူ့ဘာသာသွားနေတာ။ အေးသီးတို့ ခြံထဲဆီမှာ လူစုစုမြင်တော့ ပြောချင်ရာပြောနေရာက အယ်ခနဲဖြစ်သွား ခြေလှမ်းတွေက ရပ်သွားခဲ့လို့ ခြံထဲဆီကို ဝင်လာခဲ့တယ်။

ပြီးတော့ အေးသီရဲ့ မောင်အငယ်ဖြစ်သူအနားကို ကပ်သွားလိုက်ပြီး…။

‘ မောင်လူသား ဘာဖြစ်နေကြတာလဲ။ အပေါ်မှာ နတ်သဘင်အစည်းအဝေးများ ရှိလို့လား…’

‘ အမလေး…’

မျက်နှာကြီးအနားကပ်ပြီး မေးလာတဲ့ သူရူးကြောင့် လန့်သွားရတယ်။

‘ ဟဲ့ လူသား။ ငါ သူတော်လေး မေးနေတယ်လေ…’

‘ ဪ…ဒီ ဒီက ကျုပ် ယောက်ဖ ဖုတ်ဝင်သလိုဖြစ်နေလို့ဗျ…’

လူငယ်ဆိုတော့ စကားအပြောဆိုက ကောင်းကောင်းပါပဲ။

‘ ဖုတ်ဝင်တာ…ဒါဖြင့် ငါသူတော်လေး သူ့ကို ကြည့်လို့ရမလား…’

‘ မရဘူးဗျ…’

‘ အယ်…ဘာလို့လဲ…’

‘ သူ့ကို ဘိုးတော်ဖြူက လာကုသပေးမှာ…’

‘ ဘိုးတော်ဖြူ။ သူက ဘယ်သူလဲ…’

‘ ဒီရွာကို ရောက်နေတဲ့ ဆရာတစ်ယောက်ဗျ…’

ကောင်လေးက သူရူးကို ရှင်းပြနေတယ်။ အဲ့ဒီ့အခိုက် အကြီးကောင်က…။

‘ ဟေ့…အငယ်ကောင်…’

‘ ဗျာ…’

‘ မင်း ဘယ်သူ့ကို စကားပြောနေတာတုန်း…’

‘ ဒီမှာလေ အကိုရ…’

အငယ်ကောင်က သူ့နံဘေးက သူရူးကို လက်ညှိုးထိုးပြီး ပြောတယ်။

ဒါပေမယ့် အကြီးကောင်က သူရူးကို မမြင်နိုင်ဘူးရယ်။

‘ ဟာ…ဒီကောင်တော့ ဘယ်သူမှမရှိပါဘဲနဲ့။ အပေါ်ကို စိတ်ပူရတာတစ်မျိုးပါဆို မင်းကပါ ပေါက်ကရတွေ လုပ်မနေနဲ့။ ကြားလား…’

အကြီးကောင်က ငေါက်ငမ်းတာမို့ အငယ်ကောင် ဇက်ပုသွားရတယ်။

သူရူးကို ကြည့်တော့ သူ့နံဘေးမှာ ပြုံးလျက်သားရယ်။

‘ ရှူး…ငါသူတော်လေးက ကိုယ်ယောင်ဖျောက်ထားတာ…’

‘ ဟင်…ခင်ဗျားက…’

‘ ဟေ့ကောင် အငယ်ကောင်…’

အငယ်ကောင် အံ့အားသင့်မိသွားတုန်း အကြီးကောင်က လှမ်းငေါက်တာကြောင့် အငယ်ကောင်ခမျာ ကြောင်အအနဲ့ သူရူးကို ကြည့်မိတယ်။

သူရူးကတော့ ရယ်လို့…။

အဲ့ဒီ့အခိုက် ဘိုးတော်ဖြူကြွလာတယ်။

‘ အဘ…အဘကြွလာပြီပဲ။ ကြွပါရှင် အိမ်ပေါ်ကို…’

အေးသီက ပြာပြာသလဲ ကြိုတယ်။

‘ သမီးကြီးပဲ လိုက်ခဲ့၊ ကျန်သူတွေ နေခဲ့ကြ။ လိုက်လာရင် စည်းပေါက်နိုင်တယ်။ လူနာသေနိုင်တယ်။ ဒါကြောင့် ဘယ်သူမှ မလိုက်ကြပါနဲ့…’

ဘိုးတော်ဖြူက အေးသီတစ်ယောက်ကိုသာ ခေါ်ပြီး အိမ်ပေါ်တက်သွားတယ်။

အေးသီလည်း အနောက်ကနေ လိုက်မိတာပေါ့။

‘ ဒီလူသားက မရိုးသားဘူး။ ငါသူတော်လေး လိုက်သွားလိုက်ဦးမယ်…’

သူရူးကလည်း အငယ်ကောင်ကို ပြောပြီး အနောက်ကလိုက်သွားတယ်။ ကျန်သူတွေတော့ မမြင်နိုင်ဘူးပေါ့။

အပေါ်ကို ရောက်တော့ ဘိုးတော်ဖြူက ကြိုးတုပ်ခံထားရလို့ ရုန်းကန်အော်ဟစ်နေတဲ့ တင်ကြီးကို ကြည့်လိုက်ပြီး…။

‘ ဝင်ပူးနေတဲ့ အကောင်က အတော်ကြီးနေတယ်။ သမီး တစ္ဆေနှင်ဖို့ သမီးအကူအညီလိုတယ်။ ဒါကြောင့် အကာအကွယ်ဖြစ်အောင် ဒီဆေးကို သောက်ထားနော်…’

ဘိုးတော်ဖြူက ဆေးတစ်လုံးပေးတော့ အေးသီလည်း သောက်မိလိုက်တယ်။

အေးသီ ဆေးသောက်ပြီးတော့ ဘိုးတော်ဖြူက တင်ကြီးဆီကို သွားပြီး ချည်မန်းကွင်းစွပ်လို့ ဆေးတစ်လုံး ခွံ့ပြန်ကော။

ချည်မန်းကွင်းစွပ်၊ ဆေးသောက်ပီးတာနဲ့ တင်ကြီးရုန်းကန်နေရာက ခေါင်းငိုက်စိုက်ကျသွားတယ်။

‘ ကဲ…သမီးကြီး။ ဒီအကောင်က အတော့်ကို ကြီးတယ်။ ဒီမှာ နှင်လို့ မရနိုင်ဘူး။ သမီးတို့ အိပ်စက်ရာ အခန်းဆီကို ပို့ကြမယ်…’

အေးသီတစ်ယောက် ဆေးသောက်ပြီးကတည်းက အာစေးထည့်ခံထားရသူလိုပဲ။

ဘိုးတော်ဖြူ စေသမျှ လိုက်လုပ်နေမိတယ်။

တင်ကြီးကို အခန်းထဲဆီ မ ပို့ကြရတယ်။

အခန်းထဲရောက်တော့ ဘိုးတော်ဖြူက…။

‘ ကဲ…သမီး။ ဝင်ပူးနေတဲ့ အကောင်ကို နှင်ကြရအောင်။ ပေး သမီးလက်…’

ဘိုးတော်ဖြူက အေးသီလက်ကို ကိုင်လိုက်တယ်။ ပြိ်းတော့ ဆွဲယူပြီး တရှူးရှူး အသက်ရှူလို့ အိပ်မောကျနေတဲ့ တင်ကြီးရဲ့ ရင်ဘတ်ပေါ်ကို ဆွဲယူတင်လိုက်တယ်။

ဒိအခါမှာတော့ ဘိုးတော်ဖြူနဲ့ အေးသီရဲ့ ခန္ဓာကိုယ်ချင်းက ပူးကပ်သွားခဲ့တယ်။

ဒီအခါမှာတော့ ဘိုးတော်ဖြူဟာ အေးသီဆီကို စတင်ပြီး အခွင့်ယူပါတော့တယ်။

*******

အေးသီတစ်ယောက် ဘိုးတော်ဖြူရဲ့ ဆွဲဆောင်ရာကို မငြင်းဆန်နိုင်ဘဲ မိန်းမောရင်း လိုက်ပါမိနေတယ်။

သူမရဲ့ ခင်ပွန်းဖြစ်သူတင်ကြီးကတော့ ဘာမှမသိ၊ နံဘေးဆီမှာ တရှူးရှူးအိပ်လို့ရယ်။

ဘိုးတော်ဖြူဟာ အေးသီရဲ့ အဝတ်တွေကို ချွတ်ဖို့ ပြင်ဆင်နေတယ်။ သူကိုယ်တိုင်မှာလည်း အပေါ်က အင်္ကျီမရှိတော့ဘူး။

‘ တောက်…’

ရုတ်တရက် အနီးကပ်ပြီး ထွက်လာတဲ့ တောက်ခေါက်သံကြောင့် ဘိုးတော်ဖြူ လန့်ဖျပ်ပြီး ကိုယ်ရှိန်သတ်သွားတယ်။

‘ ဘယ်သူလဲ…’

အနီးမှာ ဘယ်သူမှ ရှိမနေဘူး။

သေချာအောင် လှည့်ပတ်ကြည့်ပြီးတဲ့နောက်မှာတော့ ဘိုးတော်ဖြူဟာ သူ့အလုပ်ကို သူပြန်စတယ်။

အေးသီကတော့ ဘာမှကို မသိတတ်တော့တဲ့ အခြေအနေ။

ဘိုးတော်ဖြူဟာ အေးသီရဲ့ အဝတ်တွေကို ချွတ်ဖို့ပြင်တယ်။

‘ ဟီ…ဟီ…ဟီ….’

ရုတ်တရက် ထရယ်လိုက်တဲ့အသံ။

ဘိုးတော်ဖြူ လန့်သွားရပြန်တယ်။ အခန်းထဲ လှည့်ပတ်ကြည်ြ့့ပန်တော့ ဘာမှရှိမနေဘူး။

‘ တောက်…ဘိုးတော်ဖြူကို စမ်းချင်တယ်ပေါ့။ ဘယ်ကောင်လဲကွ…’

‘ ဖြန်း…ဖြန်း…’

ဘိုးတော်ဖြူက ပြောပြောဆိုဆို ကြမ်းပြင်ဆီကို နံဘေးဆီမှာ ချထားတဲ့ သူ့ကြိမ်ကြီးကောက်ယူလို့ ခြောက်ရိုက်ရိုက်တယ်။

‘ ဟီ…ဟီ…ဟီ…’

အသံက ထပ်မံပြီး ထွက်လာပြန်ရော။

ဒီတစ်ခါတော့ ဘိုးတော်ဖြူလည်း အသံရှင်ကို မြင်လိုက်ရပါပြီ။

အသံရှင်က အခြားသူမဟုတ်ဘူး။

အေးသီရယ်လေ။

လှဲလျောင်းနေရင်းက တဟီဟီရယ်နေလေတာ။

ဘိုးတော်ဖြူ ကြည့်ရင်း အံ့အားသင့်သွားတယ်။

‘ သ…သမီး၊ ဘာဖြစ်တာလဲ…’

‘ ဟီ…ဟီ…လူယုတ်မာကြီး…’

‘ ဟာ…’

အေးသီပြောပြောဆိုဆို ငုတ်တုတ် ထထိုင်လာတယ်။ ပြီးတော့ ဆံပင်တွေကို ဖွာလိုက်လေပြီး ပြူးကြောင်ကြောင့် မျက်ဝန်းတွေနဲ့။ အေးသီရဲ့ ပုံစံဟာ မူမမှန်ဘူး။

ဒါကို မြင်တော့ ဘိုးတော်ဖြူဟာ အခြေအနေကို ရိပ်စားမိလိုက်ပြီး အင်္ကျီကို ကောက်ဝတ်ဖို့ ပြင်တယ်။

ဒါပေမယ့် သူနောက်ကျသွားရပြီ။

အေးသီက သူ့အင်္ကျီကို ဆွဲယူပြီး အခန်းထောင့်ဆီကို လွှင့်ပစ်လိုက်ပါတယ်။

‘ မင်း ဘယ်သူလဲ…’

‘ အေးသီလေ…ဟီ…ဟီ…’

‘ မဟုတ်ဘူး…ငါသိတယ်…’

‘ အင်း…ပညာစွမ်းတော့ တင့်ပါရဲ့။ လူကသာ ယုတ်မာတာ…’

ဒီတစ်ခါ ထွက်ပေါ်လာတာကတော့ အခန်းအပြင်ဘက်က အသံ။

ဘိုးတော်ဖြူဟာ အခြေအနေမဟန်မှန်းသိပြီး အခန်းထဲက ပြေးထွက်လေရဲ့။

ဒါပေမယ့် တစ်စုံတစ်ယောက်က ခြေထိုးခံလိုက်သလိုဖြစ်ပြီး ဘိုးတော်ဖြူ လဲကျသွားတယ်။

‘ အောက်ကလူတွေ ဒီလူယုတ်မာကို ဖမ်းဖို့ အပေါ်တက်ခဲ့ကြ…’

အော်သံတစ်ခု။

အောက်ကသူတွေ တက်သင့်မတက်သင့် စဉ်းစားနေချိန်၊ သူရူးနဲ့ စကားပြောဖြစ်တဲ့ အေးသီရဲ့မောင် အငယ်ကောင်က အိမ်ပေါ်ဆီကို ပြေးတက်ပါတယ်။

‘ ဟာ…လာ…လာကွပါဦး…’

အိပ်ခန်းဝဆီမှာ ဘိုးတော်ဖြူဟာ ကုန်းကုန်းကြီးလဲနေတယ်။

အခန်းထဲမှာတော့ အေးသီက အဝတ်အစားတွေဖရိုထရဲနဲ့ ပျော့ခွေလဲကျနေပါရဲ့။

လူမမာ တင်ကြီးကတော့ တရှူးရှူးအိပ်မောကျနေဆဲပဲ။

သူရူးကတော့ အိမ်ရဲ့ ဘုရားကျောင်းဆောင်အရှေ့ဆီမှာ မိန့်မိန့်ကြီးထိုင်လို့ရယ်ပေါ့။

*******

အဖြစ်အပျက် အလုံးစုံကို အကုန်လုံး ဇာတ်ရည်လည်ကြပါပြီ။

တင်ကြီးက သူ့ဘာသာ တစ္ဆေဝင်ပူးတာ။ ဒါကို ဘိုးတော်ဖြူက ကုသပးဖို့ ကြံစည်ရင်း တင်ကြီးမိန်းမ အေးသီအပေါ် တဏှာစိတ် ဝင်မိသွားခဲ့တာရယ်။

အခုတော့ လင်သားအတွက် ပူပန်နေတဲ့ အေးသီတစ်ယောက် ရေတိမ်မနစ်တာကိုပဲ အကုန်လုံးက ဝမ်းသာနေကြရတယ်။

အစောနက ကိုယ်ဖျောက်ထားတယ်ဆိုပြီး အငယ်ကောင်တစ်ယောက်သာ မြင်နိုင်တဲ့ သူရူးကိုတော့ အခုအချိန်မှာ အားလုံးက မြင်နိုင်ခဲ့ကြပါပြီ။

သူရူးက တင်ကြီးကို သူ့အရှေ့ပို့စေပြီး ဝင်ပူးနေတဲ့ တစ္ဆေကောင်ကို နှင်ဖို့ လုပ်ပါတယ်။

တင်ကြီးရဲ့ ဦးခေါင်းကို လက်နဲ့အုပ်ပြီး မန္တာန်ရွတ်တာနဲ့ တင်ကြီးဟာ တစ်ကိုယ်လုံးတုန်ယင်လို့ လာပါတယ်။

‘ ငါသူတော်လေး မေးမယ်။ အခု ဝင်ပူးနေတာ ဘယ်သူလဲ…’

‘ ကျုပ်…မြေအောင်းတစ္ဆေ…’

‘ ဒီလူသားကို နင်က ဘာကြောင့် ဝင်ပူးတာလဲ…’

‘ ဒီလူက ကျုပ်အစာဖြစ်တဲ့ ပွေးတွေကို လာလုတယ်။ ပြီးတော့ ငါ့ကို မှိန်းနဲ့ထိုးပြီး ဆဲဆိုကြိမ်းမောင်းသွားသေးတယ်။ ဒါကြောင့် သူ့ကို ကျုပ်က ဆုံးမတာ…’

‘ ဟဲ့…ကလူ…ကလူ…’

မြေအောင်တစ္ဆေရဲ့ စကားကြောင့် သူရူးက အာမေဋိတ်ပြုတယ်။ ပြီးတော့ မျက်ဝန်းချင်းတေ့ဆိုင်ပြီး စူးစူးစိုက်စို်က် ကြည့်လိုက်ကာ…။

‘ နင်က သူ့ကို ဆုံးမရအောင် နင်က သူ့အမေမှမဟုတ်တာ။ သူ့ကို သူ့အမေက ဆုံးမမှာပေါ့…’

‘ သူက ကျုပ်ပိုင်နက်ကို လာကျူးကျော်ပြီး ကျုပ်ကို စော်ကားတာလေ…’

မြေအောင်တစ္ဆေက ခွန်းတုန့်ပြန်တယ်။ ဒီအခါ သူရူးက…

‘ ဒီမယ် တစ္ဆေကြီး ငါသူတော်လေးပြောမယ်။ ဒီလူသားက နင့်နေတဲ့ နင့်ပိုင်နက်ဆီမှာ တစ်ကြိမ်တစ်ခါ လာကျူးကျော်ပြီး စော်ကားတယ်။ ဒါဆို အခု နင်ကကော သူ့ကို တုန့်ပြန်တဲ့အနေနဲ့ သူ့ပိုင်နက် သူ့အိမ်ရာဆီမှာ ကျူးကျော်ပြီး အခြေချနေတာ ဘယ်လောက်ကြာပြီလဲ။ သူက နင့်ကို ဆဲဆိုသွားတယ်။ ဒါအတွက် သူ့ကို ပြန်တောင်းပန်ခိုင်းမယ်။ အခု နင့်လုပ်ရပ်ကြောင့် သူတို့ဘဝလေးတွေ လူယုတ်မာလက်ထဲမှာ ပျက်ဆီးခံရတော့မလို့၊ ဒါကိုကျတော့ကော နင်ဘယ်လိုလုပ်မလဲ…’

သူရူးစကားကြောင့် တင်ကြီးကို ဝင်ပူးနေတဲ့ မြေအောင်းတစ္ဆေ ခေါင်းငိုက်စိုက်ကျသွားတယ်။

‘ ငါသူတော်လေးက နင်တို့လို လောကသားအတော်များများကို နိုင်လိုမင်းထက် အကြမ်းမဖက်တတ်ပါဘူး။ ဒါကြောင့် အမှန်ကို မြင်ရင် မြင်တယ်ပြောပါ…’

‘ ကျုပ်…မှားပါတယ်…’

မြေအောင်းတစ္ဆေရဲ့ စကားကြောင့် သူရူး ကျေနပ်ပြီး ခေါင်းကို ညိတ်တယ်။

‘ ဒါဖြင့်…နင်ကိ်ုယ်တိုင်ပဲ နင်လုပ်ထားတဲ့ သူ့ဆီက အနာကို ကုသပေးလိုက်ပါ။ ပြီးရင် သူတို့ကို ပြန်တောင်းပန်ပြီး နင့်နေရာ နင်ပြန်ပါ။ ဒီလူသား နေကောင်းလာရင် နင့်ကို ပြန်တောင်းပန်စေပါ့မယ်…’

‘ ကောင်းပါပြီ…’

မြေအောင်တစ္ဆေဟာ လက်တစ်ဖက်နဲ့ ခြေဖဝါးဆီက အနာကို ပွတ်သပ်လိုက်တယ်။

ဒီအခါမှာတော့ အနာဆီက မည်းပုပ်ပုပ် မြေစာတွေ ရောထွေးနေတဲ့ အရည်ပျစ်ပျစ်တွေ ပြည်တွေသဖွယ် စီးကျလာခဲ့ပါတော့ရဲ့…။

အဲ့ဒီ့နောက်မှာတော့ မြေအောင်းတစ္ဆေဟာ တင်ကြီးတို့မိသားစုကို တောင်းပန်ပြီး ထွက်ခွာသွားခဲ့ပါတော့တယ်။

*******

ဖိုးတာဝါကုန်းအရှေ့ဆီမှာ တင်ကြီးတို့ မိသားစုလှည်းနဲ့ ရောက်ရှိနေကြပါတယ်။

သူတို့လက်ထဲမှာ ပွဲလက်ဖက်နဲ့ အခြားစားသောက်စရာတွေ ရှိနေတယ်။

‘ ဒီကုန်းမှာနေထိုင်တဲ့ မြေအောင်းတစ္ဆေအပေါ် ပိုင်နက်ကျူးကျော်မိတာရော၊ ကိုယ်အား နှုတ်အားဖြင့် စော်ကားပြောဆိုမိခဲ့တာရောအပေါ် ကျုပ် တင်ကြီး အနူးအညွတ်တောင်းပန်အပ်ပါတယ်။ ကျုပ်ကို ခွင့်လွှတ်ပေးပါ…’

ကမူလေးတစ်ခုဆီမှာ တောင်းပန်အပ်ရာတို့ကို တင်ပြီး တင်ကြီးက ဆိုလိုက်တယ်။

ပြီးတော့ တင်ကြီးဟာ နံဘေးက ဇနီးဖြစ်သူ အေးသီရဲ့ မျက်နှာကို ကြည်ရွှင်စွာ ကြည့်လိုက်ပါရဲ့။

အရာအားလုံးကတော့ ပြီးခဲ့ပြန်ပါပြီ။

ဒီတစ်ကြိမ်မှာလည်း သူတော်နတ်သားလေးဟာ ကိစ္စပြီးတာနဲ့ တစ်ခါထဲ ထွက်သွားခဲ့သလို၊ တစ်ဖက်က ရေစီးချိန် ကမ်းကိုဖြိုဖို့ ကြိုးပမ်းလေတဲ့ အခွင့်အရေးသမား ဘိုးတော်ဖြူဟာလည်း ရပ်ရွာဆီကတစ်ဆင့် သက်ဆိုင်ရာဆီကို အရေးယူခံဖို့ လွှဲပြောင်းခံခဲ့ရပြီဖြစ်ပါတော့တယ်။

ပြီးပါပြီ။

နောင်ရိုး(ဆေးတပ်)