ထပ်မံမှာလိုက်သည်။
“ကဲ မိတ်ဆွေ အကြော်က တကယ်ကောင်းပါပေတယ်။နောက်တပွဲလောက်ဗျာ ”
“ရတာပေါ့ဗျာ ကဲ မိညိုရေ အကြော်နောက်ထပ်တပွဲ ယူသွားမယ်တဲ့ဟေ့ အပို ထည့်ပေးလိုက်ပါဦး ”
“စိတ်ချပါတော် ”
ဦးတင်အုန်းသည် သူ၏ ဇနီးသည်အား အကြော်အပိုထည့်ရန် ကူပြောပေးနေခြင်း ဖြစ်၏။တောသူတောင်သား လူရိုးများဖြစ်သည့်အတွက် စေတနာကောင်းပေသည်။မြို့နယ်အစုံရောက်ဖူးသော ဦးဖိုးဝေ နှင့် သူရိယသည် ယခု ဆိုင်မှ အကြော်သည် လိုတာထက်ပိုပြီး ဈေးသင့်နေသည်ကို သတိထားမိသည်။အကြော်တပွဲကို ငါးခုပါရာ ထိုအကြော်ငါးခုသည် ထမင်းစားပန်းကန် တချပ် ပြည့်မောက်နေတော့သည်။လူတယောက် အကြော်သုံးခု ကုန်အောင်ပင် မနည်းစားရမည် ထင်၏။ဦးဖိုးဝေ နှင့် သူရိယ မှာ အစားကြီးသူများမို့ အကြော်တပွဲကို အသာလေးကုန်၏ ။ဦးတင်အုန်းသည် သူ၏ ဇနီးသည် အင်ဖက်ကို ကန်တော့ပုံ သဏ္ဌာန်ထိုးပြီး ထည့်ပေးထားသောအကြော်ကို ဦးဖိုးဝေတို့အား ပေးလိုက်ရင်း ပြုံးရွှင်စွာ စကားဆိုလေသည်။
“ဧည်သည်ကြီးရေ အမှန်ဆို ခင်ဗျားတို့ကို ဇရပ်မှာ မတည်းခိုင်းချင်ဘူး ကျပ်အိမ်မှာ တည်းစေချင်တာ သို့ပေမဲ့ သမီးပျိုလေးရှိနေတော့ မသင့်တော့လို့ပါဗျာ ”
“ရပါတယ်ဗျာ ရပါတယ် ကျုပ်တို့နားလည်ပါတယ်”
“အကြော်တပွဲဖိုးပဲ ပေးခဲ့ပါ ခင်ဗျားတို့က ဧည့်သည့်တွေမို့ ”
“မဟုတ်တာ ဘယ်လောက်ကျလည်း အကုန်တွက်လိုက်ပါ ”
“တပွဲမှ တဆယ်ထဲ တဆယ်ပဲ ပေးခဲ့ ”
“တပွဲ တဆယ်က မနည်းဘူးလားဗျ မြို့မှာဆို တခု ငါးကျပ်လောက်ရှိတယ် ဒီ့ထက်တောင် အကြော်အရွယ်အစား သေးတယ်”
“ကျုပ်တို့က အကြော်ရောင်းတယ်ဆိုတာ ကျုပ်မိန်းမ မိညို ရဲ့ ဝါသနာအရ ရောင်းနေတာ ဒါတောင် မြတ်ပါသေးတယ် ဗူးသီးကလည်း ခြံထွက် ကြက်သွန်ကလည်း ခြံထွက် မိတ်သလင် ဆိုလည်း ခြံကပဲ ထွက်တာဆိုတော့ အကုန်လုံးလိုလို ခြံထွက်ပါပဲဗျာ ဆီလည်း ကြိတ်ထားတယ် ဆန်လည်း ကို့ယ့်ဆန်နဲ့ ကိုယ် ”
“အဲ့တာကြောင့်မို့ အကြော်က အတော်အရသာရှိနေတာ ထင်ပါ့ ”
“တပွဲဖိုး တဆယ်ပဲ ပေးပါ ”
“ဟာ မဟုတ်တာ ”
“ကျုပ်တို့က ဧည့်သည်ဆို ဧည့်ခံတတ်တဲ့ အကျင့် ရှိလို့ပါ ”
“ဟုတ်တယ် ဧည့်သည်ကြီးရေ တပွဲဖိုးပဲ ပေးခဲ့ပါ ကျမ ယောကျာ်းအကြောင်း ကျမသိတယ် ဧည့်သည်ကြီးတို့ကသာ နှစ်ပွဲဖိုးပေးရင် နောက်နေ့ ဧည့်သည်ကြီးတို့ကို အကြော်ကိုမရောင်းခိုင်းပဲ နေလိမ့်မယ် ”
“အဲ့လိုတော့ မလုပ်ပါနဲ့ အကြော်ကတော်တော် စားကောင်းလေတော့ မနက်ဖြန်လည်း လာစားဦးမှာ အဲ့တော့ဒီလိုလုပ် မနက်ဖြန် လာစားရင်တော့ အပြည့်ယူ တကယ်လို့ မယူဘူးဆို ရင်ဖြင့် ကျုပ်တို့လည်း လာမ၀ယ်တော့ဘူးဗျာ ”
“ဦးတင်အုန်းသည် ဦးဖိုးဝေပြောသည်ကို သဘောကျကာ လက်ခံလိုက်လေသည်။ထိုစဉ် အကြော်ဆိုင်လေးဆီသို့ မျက် နှာပြုံးအချိုချိုနှင့် လူတယောက် ဝင်လာလေသည်။ဦးတင်အုန်းမှာ ထိုသူအား မြင်သည်နှင့်
“ပြုံးချို ဒီနေ့ နောက်ကျနေ ပါလား ”
“နောက်ကျဆို နွားတကောင် ပျောက်နေလို့ ကိုတင်အုန်းရေ ”
“ပြန်တွေ့ပြီလား ”
“မတွေ့ သေးပါဘူးဗျာ ကျုပ်ကလည်း ညနေဆို ခင်ဗျားအကြော်လေး မစားရမနေနိုင်ဆိုတော့ နွားပျောက်တာကို သူရင်းငှားတွေကို ရှာခိုင်းပြီး လာရတော့တာပေါ့ ”
ပြုံးချိုဆိုသော လူသည် အသက် သုံးဆယ့်ငါးနှစ်ခန့် လူရွယ် တယောက်ဖြစ်ပြီး မျက်နှာမှာ နာမည် နှင့် လိုက်အောင် ပြုံးချို သူ ဖြစ်သည်။သူသည် ဦးဖိုးဝေတို့နှင့် မျက်နှာချင်းဆိုင်ရှိ တန်းလျားတွင် ၀င်ထိုင်လိုက်ပြီး ဦးဖိုးဝေ နှင့် သူရိယအား ပြုံး ပြလာ၍ ဦးဖိုးဝေ နှင့် သူရိယလည်း ပြန်လည် ပြုံးပြလိုက်လေသည်။ထို့နောက် ပြုံးချိုသည် အကြော်ကို မကြည့်ပဲ အိမ်ထဲသို့သာ ဝေ့ဝိုက်ကြည့်နေလေ၏။ထိုသူ၏အကြည့်အား သဘော ပေါက်သော သူရိယသည် စိတ်ထဲမှ ကြိတ်ပြုံးလိုက်မိသည်။ သူရိယ ရယ်ချင်ရသည်မှာ အခြားတော့ မဟုတ်ပေ။နွားပျောက် သည်ကိုပင် ဂရုစိုက်မအားပဲ အကြော်လာစားပုံ ထောက်ကြည့်သောအခါ အကြော်တခုတည်း စားချင်၍ လာသည်က မဟုတ် နိုင်၊အကြော်ဆိုင်အိမ်မှ မိန်းကလေးကို လာပိုးပန်းခြင်းကြောင့်သာ ရောက်လာခြင်း ဖြစ်နိုင်သည်။ထိုအကြောင်းအား သိဟန် မတူသော လူရိုးကြီးများဖြစ်သည့် အကြော်သည်လင်မယားမှာ သူတို့ အကြော်ကောင်းလွန်း၍သာ တရက်မပျက် လာစားနေ သည်ဟု ထင်ပုံရသည်။ယခုလည်း ပြုံးချိုသည် အကြော်တပွဲမှာကာ အကြော်သည်၏ အိမ်အတွင်းသို့သာ မျက်လုံးကစား နေလေ၏။နွားပျောက်သည်ကို စိတ်ပူဟန်ရှိသော အကြော် သည် ဦးတင်အုန်းမှာ အကြော်ပန်းကန်ချပေးရင်းနှင့် စကားဆိုလေ၏ ။
“ပြုံးချို မင်း ဘယ်နွားပျောက်တာလဲ နွားပေါက်စလား ”
“မဟုတ်ဘူး ဗျ စာဥပျောက်သွားတာ ”
“ဟိတ်ကောင် အဲ့တာဆို သေချာလိုက်ရှာလေကွာ အချိန် ကြာ ရင် မကောင်းဘူး ”
“ရှာနေတာပဲ ဦးတင်အုန်းရေ အခု မိုးချုပ်ခါနီးမို့ ပြန်လာတာ ”
“မင်းနဲ့တော့ ခက်တယ်ကွာ အကြော်စားဖို့အတွက်နဲ့များ နွားပျောက်တာတောင် ထားခဲ့ပြီး လာရတယ်လို့ ”
“ကိစ္စမရှိပါဘူးဗျာ ပြန်တွေ့ မှာပါ ”
ပြုံးချိုသည် နွားပျောက်သည်ကို စိတ်မပူ အကြော်ကိုသာ အေးဆေးစွာ စားနေလေ၏။ဦးဖိုးဝေသည် အကြော်စားနေသော သူ့အား ကြည့်ကာ
“မောင်ရင် ဦးကြီးက ဗေဒင်လေး နည်းနည်းပါးပါးကြည့်တတ်တယ် ငါ့တူ နွားပျောက်တာကို တွက်ပေးကြည့်ရမလား ”
“ဦးကြီးက ဗေဒင်တွက်တတ်တာလား ကျုပ်လည်း ဗေဒင် ဝါသနာပါတာနဲ့ အတော်ပဲ တွက်ပေးဗျာ ”
“အခု နိမိတ်ကောက်ပြီး ပြောရမှာဆိုတော့ ခဏလေး မောင် ရင် ”
ဦးဖိုးဝေသည် ပြောပြောဆိုဆို သူ၏မျက်လုံးကို ပိတ်ပြီး အာရုံပြုနေလိုက်သည်။ထို့နောက် မျက်လုံးကို ပြန်ဖွင့်ကာ
“မောင်ရင် မင်းနွားတွေက အဖမ်းခံထားရတာကွယ့် မင်းတို့ နွားကျောင်းတဲ့နေရာရဲ့ မြောက်ဘက်တည့်တည့်က ရွာမှာ ”
ပြုံးချိုသည် ခဏ စဉ်းစားနေလိုက်သည်။သူ စဉ်းစားနေ သည်က သူတို့ နွားကျောင်းသည့် စားကျက်၏ မြောက်ဘက် တည့်တည့်မှ ရွာကို ဖြစ်သည်။ဦးဖိုးဝေ ပြောသည့်စကားကို ကြားသော ဦးတင်အုန်းသည် အတန်ကြာစဉ်းစားကာ
“ပြုံးချို မင်းတို့ နွားကျောင်းတာ ဒေါ်မြလေးလျှိုဘက် မဟုတ်လား ”
“ဟုတ်တယ်လေ ”
“အဲ့တာဆို မြောက်ဘက်ကရွာဆိုရင် ယွမ်းအိုင်ရွာပဲ မဟုတ်လား ”
“ဟုတ်တယ် ဦးလေးရေ ကျုပ်မေ့နေတာဗျ ”
” ဒီက ဧည်သည့်ကြီး ပြောပုံအရဆိုရင် အဲ့ဒီရွာကို ပြောတာ နေမယ် ”
“အဲ့တာဆိုလည်း နောက်နေ့ မိုးလင်းမှ သွားကြတာပေါ့ ”
“မင်းနွားပျောက်တာ အတော်ကြာနေပြီ ထင်တယ် ”
“ရပါတယ်ဗျာ ဘာမှ မဖြစ်ဘူး ”
ပြုံးချိုသည် နွားပျောက်သည်ကို စိတ်မဝင်စား အကြော်တဲ နှင့် မျက်နှာချင်းဆိုင်မှ အကြော်သည်မိသားစုပိုင်သည့် အိမ် ဆီသို့သာ မကြာမကြာ ကြည့်နေလေသည်။ဦးဖိုးဝေ နှင့် သူရိ ယ တို့လည်း အကြော်ဖိုးအား ရှင်းပေးပြီး အကြော်တဲထဲမှ ထွက်မည် ပြုလိုက်စဉ် လူတယောက်သည် ရေးကြီးသုတ်ပြာ နှင့် ဝင်လာပြီး ပြုံးချိုအား စကားဆိုလေသည်။
“ကိုပြုံးချို ”
” နိုင်ထူး ရေးကြီးသုတ်ပြာနဲ့ ဘာဖြစ်လို့လဲကွ”
“အကို့နွား တွေ့ပြီဗျ”
“ဟုတ်လား ကောင်းတာပေါ့ကွာ ”
“ကောင်းတာပေါ့ လုပ်မနေနဲ့ ပြဿနာက ရှင်းရဦးမှာ ဟိုကိုလိုက်ခဲ့ဦး”
“ဘယ်လိုဖြစ်လို့လဲ နိုင်ထူးရ”
“ယွမ်းအိုင်ရွာက ကြံခင်းကို စားပစ်တာ အခင်းပိုင်ရှင်က သူတို့ ရွာလူကြီးရဲ့အိမ်ကို ဖမ်းပြီး ပို့ထားတယ် ”
“ဟေ ဟုတ်လား ”
အံ့ဩသွားကြသူနှစ်ယောက်မှာ ပြုံးချို နှင့် ဦးတင်အုန်း ဖြစ် သည်။ထို့နောက် ဦးဖိုးဝေမှ အကြော်ဆိုင်တွင် ရှိနေသူများကို နှုတ်ဆက်ကာ သူရိယနှင့်အတူ အပြင်သို့ထွက်သွားရာ ကျန်သူများသည် ဦးဖိုးဝေအကြောင်း တီးတိုးပြောရင်းသာ ကျန်ခဲ့ကြပါတော့သည်။
*အခန်း (၂)
မြောက်တဲစုရွာလေး၏ ရွာပြင်ရှိ ဇရပ်လေးသည် အကာအရံ မရှိသော်ငြား သန့်ရှင်းသပ်ရပ်မှု ရှိလေ၏။ရေအိုးစင်လေးရှိပြီး ရေလည်း အပြည့်ဖြည့်ထားကာ အုန်းမှုတ်ခွက်ကို ကျွန်းသား အရိုးတံလေး တပ်ထားပြီး ဇရပ်တိုင်တွင် ကြိုးဖြင့် ချည်ထား သည်။ဦးဖိုးဝေ နှင့် သူရိယသည် ထိုဇရပ်ပေါ်တွင် သူတို့၏ လွယ်အိတ်ကို ကိုယ်စီချလိုက်ပြီးနောက် ထိုင်လိုက်ကြသည်။ ထို့နောက် ဦးဖိုးဝေသည်
“လူလေး ဦးဇင်းတုက ဦးဇင်းဝတ်နဲ့ပဲ ရှိနေဦးမယ်လို့ အဘတော့ မထင်ဘူး ”
“ကျနော်လည်း မထင်ဘူးအဘ ”
“အဘ တွေးကြည့်ရသလောက်တော့ ဗိုလ်စောင့်တောင်မှာ ရှိနိုင်မယ် ထင်တယ် ”
“ဗိုလ်စောင့်တောင် ဟုတ်လား အဘ ”
“ဟုတ်တယ် လူလေး အဘတို့ တန်းသွားလို့တော့ မဖြစ်သေး ဘူး ရွာထဲမှာ ထူးခြားမှု ရှာရဦးမယ် ”
သူတို့နှစ်ယောက် စကားပြောနေစဉ် ဇရပ်ဆီသို့ လူတယောက် လာနေသည်ကို တွေ့လိုက်လေသည်။ထိုသူသည် ညမိုးချုပ်နေပြီမို့ ဓာတ်မီးဖြင့် လာနေခြင်း ဖြစ်သည်။ဇရပ်ပေါ်သို့ တက်လာပြီးနောက်တွင် ဦးဖိုးဝေတို့ကို တွေ့သောအခါ ဓာတ်မီးကို ပိတ်လိုက်ပြီး
“ဦးကြီး ကျုပ်ပြုံးချိုပါ အကြော်ဆိုင်မှာ တွေ့တဲ့ တယောက်လေ ”
“အော် အေး ဘာကိစ္စလဲကွယ့် ”
“ဦးကြီးတို့ကို ကျုပ် အိမ်မှာ တည်းဖို့ လာခေါ်ဝာာပါ ”
“အပန်းကြီး နေပါ့မယ် ဦးကြီးတို့ ဒီမှာလည်း အဆင်ပြေပါတယ် ”
“မဟုတ်တာ လိုက်ခဲ့ပါ ကျုပ်အိမ်မှာက ကျုပ် တယောက်တည်း ဘာမှ အားနာစရာမရှိဘူး ဦးကြီးရဲ့ ဗေဒင်ပညာ တကယ် တော်လို့ လေးစားလို့ လာပင့်တာပါ မငြင်းလိုက်ပါနဲ့ဗျာ ”
ဦးဖိုးဝေ မည်သည့်စကားမှ ပြန်မပြောသောအခါ ပြုံးချိုသည် သူရိယအား
“ညီလေး ကူပြောပါဦးကွာ အကိုက စေတနာသန့်သန့် နဲ့ ခေါ်တာ ပါ ”
အတန်ကြာအောင် ပြုံးချိုမှ ခေါ် နေသဖြင့် နောက်ဆုံးငြင်း၍ မကောင်းသောကြောင့် ဦးဖိုးဝေ နှင့် သူရိယ သည် လွယ်အိတ် လေးများကို ကောက်လွယ်ကာ ပြုံးချို၏နောက်သို့ လိုက်လာခဲ့ကြပါတော့သည် ။
*အခန်း (၃)
မြောက်တဲစုဟု အမည်ရသော ရွာလေးမှာ တဲစုအိမ်လေးများ ချည်း ရှိသည်တော့ မဟုတ်ပေ။အိမ်ကြီးအိမ်ကောင်းများလည်း အများအပြားရှိသော ရွာတရွာ ဖြစ်၏။အချို့အိမ်များဆိုလျှင် အုတ်ကျွတ်ပြားများ မိုးထားကြသလို တချို့အိမ်များဆိုလျှင်ဖြင့် သွပ်မိုးထားနိုင်၏။အိမ်အများစုသည်သာ သက်ငယ်မိုးထားကြလေသည်။ယခု ပြုံးချို၏ အိမ်သည် သွပ်မိုးပျဉ်ထောင်ပျဉ်ခင်း နှစ်ထပ်အိမ်ဖြစ်သည်။ရေနံချေးများ ဝနေသော အိမ်ကြီး၏ သက်တမ်းသည်က နည်းမည် မထင်ပေ။ပြုံးချိုသည်် အိမ်ပေါ်သို့ ဦးဆောင်တက်သွားပြီး ဦးဖိုးဝေတို့အား ကောင်းမွန်စွာ ဧည့်ဝတ်ပြုလေသည် ။
“ဦးကြီး နဲ့ ညီလေး ရေချိုးချင်ရင် အိမ်အနောက်ဘက်မှာ စည်ပိုင်း ရှိတယ် ”
“အင်း ခဏနေရင်တော့ ရေချိုးချင်သား ”
“ဦးကြီး ရေနွေးကြမ်းသောက်ဦး ကျုပ် ထမင်းပြင်ပေးထားမယ် ”
“မစားတော့ပါဘူး ငါ့တူ ”
“အိမ်ရှင် ဧည့်ခံတာကိုတော့ မငြင်းပါနဲ့ဗျာ ဦးကြီးရာ ”
“အဲ့ဝာာဆိုရင်လည်း ဦးကြီး အရင် ရေချိုးလိုက်ဦးမယ် ”
“ကျုပ် လိုက်ပို့ပေးမယ် ဒီက ညီလေးရော မချိုးဘူးလား ”
“အဘ ပြီးမှပဲ ချိုးလိုက်တော့မယ် ”
ပြုံးချိုသည် ဦးဖိုးဝေကို ခေါ်ကာ အိမ်ပေါ်မှ ဆင်းသွားလေသည်။မကြာသော အချိန်တွင်တော့ ပြုံးချို ပြန်လည်ရောက်ရှိ လာပြီး သူရိယနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်ကာ
“ညီလေး အကို့နာမည်က ပြုံးချိုတဲ့ကွ”
“ကျနော့် နာမည်က သူရိယပါ ခုနက ကျနော့်ရဲ့ဆရာ ဦးဖိုးဝေ တဲ့ ”
“အင်း မင်းတို့ ဆရာတပည့်နှစ်ယောက်ကြည့်ရတာ သာမာန် တော့ မဟုတ်ဘူးဆိုတာ အကို သတိထားမိတယ်။အကို တခု လောက် မေးချင်လို့ ရမလား ”
“မေးလေ အကို ”
“ဟိုလေ ကောင်မလေး ပြန်ကြိုက်စေမဲ့ ပီယဆေးလေးများ ရနိုင်မလားလို့ ”
ပြုံးစစနှင့် ပြောသော ပြုံးချိုအား သူရိယ စူးစမ်းသလို ကြည့်လိုက်မိသည်။အကြော်ဆိုင်မှာ တွေ့ကတည်းက ခန့်မှန်းမိသော သူရိယသည် ပြုံးချိုမှ ပီယဆေးတောင်းလာသောအခါ သူစိတ်ထဲမှာ ခန့်မှန်းမိသော အရာအား ပြောလိုက်လေ၏။
“ကိုပြုံးချိုက အကြော်ဆိုင်က မိန်းကလေးကို သဘောကျနေတာမဟုတ်လား”
“ဟာ ဟုတ်ပါ့ကွာ မင်း ဘယ်လိုသိလဲ ”
“ခန့်မှန်းကြည့်တာပါ မိန်းကလေးတယောက်ကပြန်ပြီး မေတ္တာရှိဖို့အတွက် တခြားဆေးတွေ မလိုပါဘူးဗျာ ”
“မင်း မသိလို့နော် ဆေးကလိုတယ်ကွ အရင်ဆို ဦးတင်အုန်းတို့က ငါနဲ့ သူ့သမီးကို သဘောတူပါတယ် အခုရက်ပိုင်းထဲ ဘာဖြစ်သွားမှန်းမသိဘူး အရင်ကဆို ငါ့ကိုကြည်ဖြူတဲ့ သူ့သမီး မိသေးကပါ အခုနောက်ပိုင်း မကြည်ဖြူတော့ဘူး ”
“ဘယ်လိုဖြစ်တာလဲဗျ ”
“မသိပါဘူးကွာ ဖေသျှင် ဆိုလား ဘာလား လူကြီးတယောက်က ဗိုလ်စောင့်တောင်ဘက် ထင်းသွားခုတ်တဲ့ ဦးတင်အုန်းကို ကျားရန်က ကယ်တယ်ဆိုလားကွာ အဲ့တာနဲ့ အဲ့ဖေသျှင် ဆိုတဲ့လူက မိသေးကို အိမ်ထောင်ပြုဖို့ မပြောနဲ့ ရည်းစားသနာတောင် မထားရဘူးလို့ ပြောတယ်တဲ့ကွာ ဦးတင်အုန်းကလည်း သူရဲ့ အသက်ကို ကယ်ထားတဲ့သူဆိုတော့ လိုက်နာရတာပေါ့ ”
“ဖေသျှင် ဟုတ်လား အကို ”
“အေးကွာ ဟုတ်တယ် ဦးတင်အုန်း ပြောပုံအရဆို ကျားကြီးကို သံလုံးလို ဟာလေးနဲ့ ပစ်လိုက်တာနဲ့နင် သေသွားတယ်ဆိုပဲ ”
“အဲ့တာဆို ကိုပြုံးချို အချစ်ရေးကို ဖျက်ဆီးတာ ဖေသျှင်ပေါ့ ”
“အေးပေါ့ကွာ ”
သူရိယ နှင့် ပြုံးချို စကားကောင်းနေစဉ်မှာပင် ဦးဖိုးဝေ ရေချိုးပြီးပြီ ဖြစ်၍ အိမ်ပေါ်သို့ တက်လာလေသည်။ဦးဖိုးဝေ တက်လာသည်ကို မြင်သည် နှင့် သူရိယသည်
“အဘ ကျနော်တို့ ရှာနေတဲ့လူတော့ တွေ့ပြီ ထင်တယ် ”
“ဘယ်လိုကြောင့်လဲ လူလေး ”
သူရိယသည် ပြုံးချိုပြောသော စကားများအား ပြန်ပြောပြလိုက်ရာ ဦးဖိုးဝေ ခေါင်းတညိတ်ညိတ်ဖြင့်
“အဲ့ကောင်ပဲ ဖြစ်မှာ”
“နေကြပါဦး ကျုပ်ကိုလည်း နည်းနည်းလောက် ရှင်းပြလို့ ရမလားဗျ ”
ပြုံးချိုသည် မသိနားမလည်သောမျက်နှာဖြင့် ဦးဖိုဝေအားမေးလိုက်လေသော် ဦးဖိုးဝေမှ
“ငါ့တူရေ ဦးကြီးတို့ကို ယုံတယ်ဆိုရင်တော့ အဲ့ဒီအကြောင်း ပြောပြနိုင်ပါတယ် မယုံဘူးဆိုရင်တော့ အကျိုးမရှိတာမို့ မပြောပါရစေနဲ့ကွယ်”
“ယုံပါတယ် ဦးကြီး ယုံကြည်လို့လဲ ကျုပ်က အိမ်အထိ ခေါ်လာတာပေါ့ ”
“အင်း အဲ့တာဆိုရင်တော့ ပြောပြရတာပေါ့ ”
ဤသို့ဖြင့် ဦးဖိုးဝေသည် ကြာတောရွာဦးကျောင်းတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများအား ပြောပြလိုက်ရာ ဦးဖိုးဝေ၏ စကားအဆုံးတွင် ပြုံးချို တောက်တချက်ကို ပြင်းစွာ ခေါက်လိုက်ပြီး
“အတော်ဆိုးတဲ့ သူပဲ ကျုပ် ကူညီနိုင်တာရှိရင် ပြောပါ အစွမ်းကုန် ကူညီပါ့မယ် ”
“အကူညီကတော့ လိုတယ်ကွ မနက်ဖြန် အကြော်ဆိုင်ကို သွားပြီး ဦးကြီးတို့ ရှာနေတဲ့ လူဟုတ်မဟုတ်ဆိုတာ စနည်းနာကြည့်တာပေါ့ ”
“စိတ်ချ ကျုပ် ကူညီမယ် ဒီပြဿနာ ရှင်းမှ ကောင်းမှာ ”
ပြုံးချိုမှာ တက်ကြွနေသည်။သူ၏ မေတ္တာရေး အနှောက် အယှက်ဖြစ်နေသည်မှာ ထိုဖေသျှင် ဆိုသည့် လူကြောင့်သာ ဖြစ်သည်။ထိုလူ၏ သရုပ်အမှန်ကိုသာ အားလုံးသိရလျှင် သူနှင့် မိသေး၏ အချစ်ရေးသည်က ဖြောင့်ဖြူးသာယာမည် ဟု သူ ယုံကြည်နေခြင်းကြောင့် ဖြစ်ပါသည် ။
*အခန်း (၄)
မြောက်တဲစုရွာလေး၏ နံနက်ခင်းသည်က ပြန်လည်ရောက်ရှိ လို့ လာလေပြီ ဖြစ်သည်။ဦးတင်အုန်း နှင့် ဒေါ်မိညို တို့၏ အကြော်ဆိုင်လေးတွင်တော့ လူများစည်ကားနေပေသည် ။
“မညိုရေ အကြော်နှစ်ခုလောက်ဗျာ ဈေးဦးပေါက်ပြီလား ကျုပ် အကြွေးယူချင်လို့ ငွေကလည်း ပြတ်နေတာဗျာ သမီးလေးက အကြော်စားချင်တယ်ဆိုလို့သာ လာရတာ ”
“ကျော်မိုးရာ ပြောရမဲ့သူတွေကျနေတာပဲ နင့်သမီးလေးရော သက်သာလား ”
“သက်သာပါတယ် ”
“ကဲ ကဲ ငွေ ပေးစရာမလိုပါဘူး ယူသွားလိုက်”
“မဟုတ်တာ ကျုပ် အဆင်ပြေရင် လာပေးပါ့မယ်ဗျာ ”
ဒေါ်မိညိုတယောက် သူမ၏ ရွာမှ အဆင်မပြေသူများကို တတ်နိုင်သလောက် ကူညီစောင့်ရှောက်လေ့ရှိသည်မှာ အရင်ကတည်းကပင် ဖြစ်၏။သူမနည်းတူ ခင်ပွန်းဖြစ်သူနှင့် သမီး ဖြစ်သူမှာလည်း စိတ်စေတနာ ကောင်းသူများဖြစ်လေ၏၊၊ ဈေးရောင်းကောင်းနေသော အချိန်တွင် အိမ်ဝင်းထဲသို့ ပြုံးချို ဦးဆောင်ပြီး ဦးဖိုးဝေတို့ ရောက်ရှိလာလေသည်။ သူတို့ကို မြင်သည်နှင့် ဦးတင်အုန်းသည် စားပွဲခုံကို အဝတ်စုတ်နှင့် သုတ်နေရင်းမှ ပြုံးရွှင်စွာ စကားဆိုလေသည် ။
“ဧည့်သည်ကြီးတွေနဲ့ ပြုံးချို ပါလားကွ လာကြ လာကြ ”
“အေးဗျို့ ဆရာကြီးတို့က ကျုပ်အိမ်မှာ တည်းတာလေ ဦးတင်အုန်းရဲ့ ”
“ကောင်းတာပေါ့ကွာ မိသေး နင် အိမ်ပေါ်မှာ ထမင်းချက်ရဦးမှာ မဟုတ်လား သွား သွား ”
“အဖေကလည်း မေ့တတ်ရန်ကော ထမင်းက ချက်ပြီးပြီလေ ”
“တက်ဆို တက်စမ်းပါ အိမ်ပေါ် မှာ လုပ်စရာရှိတာတွေ သွားလုပ်နေ ”
ဦးတင်အုန်းသည် ပြုံးချိုကို စကားပြောနေရင်းမှ အကြော် ကူရောင်းပေးနေသောသမီးဖြစ်သူအား အိမ်ပေါ်သို့ အကြောင်းမရှိ အကြောင်းရှာပြီး တက်ခိုင်းလိုက်၏။ထို့နောက် ဦးဖိုးဝေတို့ ရှေ့စားပွဲခုံတွင် အကြော်နှစ်ပွဲ ချပေးလိုက်ကာ
“ဧည့်သည်ကြီးတို့ စားဗျာ စား ”
“ဘယ်လိုလဲ ဦးတင်အုန်း မနက်ဖြန် ဆရာကြီး ဖေသျှင်ဆီ သွားမယ်လို့ သတင်းကြားတယ် ဟုတ်လားဗျ ”
“ဟုတ်တယ် မင်းရော လိုက်မလို့လား ”
“လိုက်ခဲ့လို့ရရင်တော့ လိုက်ချင်တာပေါ့ဗျာ ”
“ရတာပေါ့ ဆရာကြီးဖေသျှင်က တကယ်အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးဗျ ကျုပ်အထင်တော့ တပဿီတပါးထင်တယ် ကံ ထူးလို့သာပဲ ဖူးရတာ ”
“အဲ့တာဆိုရင်တော့ ကျုပ်တို့လည်း လိုက်ချင်တယ်ဗျာ ”
“ရတာပေါ့ဗျာ ရတာပေါ့ မနက်ဖြန် ကျုပ်အိမ်ကိုပဲ လာခဲ့လိုက်ကြ ”
ထို့နောက် ဦးဖိုးဝေသည် အကြော်တခုကို ကောက်ယူဝါးလိုက်ပြီး
“မိတ်ဆွေကြီး တခုလောက် မေးလို့ရမလား ”
“မေးပါဗျ ”
“ဆရာကြီး ဖေသျှင်ဆိုတာ ဘယ်လိုပုံစံမျိုးလဲ ပြောပြလို့ရနိုင်မလား ”
“ဆရာကြီး ဖေသျှင်က ဘုန်းကြီးတပါးလိုပဲဗျ ဒါပေမဲ့ အညိုရောင် ယောဂီအင်္ကျီ နဲ့ ယောဂီလုံချည် အမြဲဝတ်နဲ့ပဲဗျ အင်း သူပြောတာတော့ ဘုန်းကြီး ထွက်လာတာလည်း မကြာသေးဘူးတဲ့သူတတ်မြောက်ထားတဲ့ ပညာနဲ့ ဘုန်းကြီးဘဝက မသင့်လျော်လို့ ထွက်လိုက်တာလို့ ပြောတယ် ”
“အသက်ကရော ”
“လေးဆယ်ကျော်ကျော် လောက်ပဲ ရှိဦးမယ် ”
ဦးဖိုးဝေသည် ဦးတင်အုန်း၏ စကားကိုနားထောင်ပြီးနောက် တချက်ပြုံးလိုက်ကာ ခေါင်းတဆတ်ဆတ် ညိတ်နေမိပါတော့ သည်။
*အခန်း (၅)
နံနက်အလင်းရောင်ခြည်သည် အတော်စူးရှစွာထွန်းလင်း နေပြီ ဖြစ်သည်။နွေရာသီဖြစ်၍ လှည်းလမ်းတလျှောက် ဖုန်တ ထောင်းထောင်း ထနေသည့်အတွက် လှည်းသုံးစီးသည် တစီး နှင့် တစီး အတော်ဝေးဝေးမှ ခွာ၍သာ မောင်းနေကြရသည်။ရှေ့ဆုံးလှည်းလေးတွင်တော့ အကြော်ရောင်းသော ဦးတင်အုန်းတို့ မိသားစုနှင့် အသက်ငါးဆယ်ကျော် အမျိုးသမီး ကြီးတဦးတို့ လိုက်ပါလာကြပြီး သူတို့၏ နောက်လှည်းတွင်တော့ ရွာမှ ဖေသျှင်ကို ယုံကြည်ကိုးကွယ်သော အမျိုးသား၊အမျိုးသမီး ငါးဦးတို့ ဖြစ်ကြပြီး နောက်ဆုံးမှ လှည်းတွင်တော့ ပြုံးချို၊ဦးဖိုးဝေ နှင့်သူရိယ တို့ဖြစ်ကြ၏။လှည်းလေးသည် တရွေ့ရွေ့ နှင့် တောင်တန်းပြာပြာများရှိရာဘက် ဗိုလ်စောင့်တောင်သို့ ဦးတည်မောင်းနေကြလေသည် ။
သုံးနာရီမျှ လှည်းမောင်းပြီးချိန်တွင် တောင်ခြေသို့ ဦးတင်အုန်းတို့ လှည်းလေးအရင် ရောက်ရှိလာလေသည်။တောင်ခြေသို့ ရောက်သည်နှင့် တောင်ပေါ်မှ အညှိုရောင် ယောဂီဝတ်စုံနှင့် ဖေသျှင် အမည်ရသော လူကြီးသည် ခရီးဦးကြိုပြုလေသည် ။
“သားတော်ကြီးတို့ လာမဲ့နေ့ကို ဖေကြီး လာစောင့်နေတာ သမီးတော်လေးလည်း ပါလာတာကိုး ”
“ပါ ပါတယ် ဖေကြီး ခင်ဗျ”
“အေး အေး သမီးတော်လေးက စိတ်ရော လူရော လှတော့ ဖေကြီး ဓာတ်ကျတယ် အဲ့တော့ မစမယ်ကွယ့် ”
ဖေသျှင်သည် လှည်းပေါ်မှာ ဆင်းနေသောမိသေးအား ပြုံး၍ ကြည့်ရင်းမှ စကားဆိုနေခြင်းဖြစ်၏။တောသူတောင်သားများ သည် ဖေသျှင်၏ အကြည့်ကို နားမလည်ကြ၍သာ ထိုလူ၏ အကြည့်တို့သည် တဏှာရမ္မက် အခိုးများဝေ့လို့နေသည်။ဦးတင် အုန်း နှင့် မိညို တို့မှာတော့ သူတို့၏ သမီးလေးအား ပစားပေးနေသော ဖေသျှင်ကို ကျေးဇူးတင်၍သာ နေလေသည်။ဦးတင် အုန်းတို့ ယုံမည်ဆိုလည်း ယုံချင်စရာပင် ဖြစ်၏။ အဘယ် ကြောင့်ဆိုသော် ဖေသျှင်သည် ဟိတ်ဟန်ကောင်းပြီး သူပိုင် ဆိုင်ထားသော ဓာတ်လုံးဖြင့် တန်ခိုးအချို့ကို ပြထားသော ကြောင့် ဖြစ်သည်။ထို့နောက် ဖေသျှင် တောင်ပေါ်သို့ ရှေ့မှ ဦးဆောင် တက်လိုက်၏။ ဦးတင်အုန်းလည်း နောက်မှ နေ၍ လိုက်ပါလာရင်း စဂာားဆိုလေသည် ။
“ဖေကြီး နောက်မှာ လှည်းနှစ်စီး ပါသေးတယ် ခင်ဗျ ”
“ရတယ် ဖေကြီး ကိုယ်ပွား ထားခဲ့မယ် ”
“ဗျာ ”
“တက်ခဲ့ပါ ”
ဦးတင်အုန်းလည်း မည်သည့်စကားမှ ပြန်မပြောနိုင်တော့ပဲ တောင်ပေါ်တက်နေရင်းမှ အမှတ်မထင် နောက်ပြန်လှည့်ကြည့်လိုက်ရာ တောင်ခြေတွင် ထိုင်နေသော ဖေသျှင် နောက်တယောက်အား တွေ့ လိုက်ရလေတော့သည်။ ။
*အခန်း (၆)
ပြုံးချိုသည် ဦးဖိုးဝေ၏ တောင်းဆိုမှုဖြင့် လှည်းကို ဖြည်း ညင်းစွာ မောင်းနေသည်။အခြားလှည်းများ တောင်ခြေရောက် ၍ တောင်ပေါ်သို့တက်သွားသည့်တိုင် သူတို့လှည်းမှာ တောင် ခြေနှင့် အတော်လှမ်းသော နေရာတွင်သာ ရှိသေး၏။အတော် အတန်ကြာမှသာ လှည်းကို ပုံမှန်မောင်းစေရာ မကြာသောအချိန်တော့ တောင်ခြေသို့ ရောက်ရှိလာပြီ ဖြစ်သည်။ထို့နောက် သူတို့ သုံးယောက်လည်း လှည်းပေါ်မှ ဆင်းလိုက်ပြီး တောင်ပေါ်သို့ လိုက်တက်သွားကြသည်။မကြာသောအချိန်တွင်တော့ သပ်ရပ်စွာတည်ဆောက်ထားသော တဲတလုံးကို တွေ့ လိုက်ရသည်။တဲရှေ့ကွပ်ပျစ်တွင် ဖျာခင်းထားပြီး ထိုဖျာပေါ်တွင် ဦးတင်အုန်းတို့ ထိုင်နေကြသည်။ဦးတင်အုန်းသည် ဦးဖိုးဝေ တို့ကို မြင်သည့်အခါ ထလာလိုက်ပြီး
“ဦးဖိုးဝေတို့ လာ လာ ထိုင် ဒီမှာ နေရာရှိတယ် ”
“နေပါဦး ဦးတင်အုန်းရဲ့ ခင်ဗျားတို့က ဒီမှာ ဘာလုပ်နေကြတာ လဲ ”
“ဖေကြီးက သူရဲ့ ဓာတ်လုံးနဲ့ ကျုပ်တို့ကို လာဘ်လာဘ ပေါများပြီး ကျန်းမာချမ်းသာအောင် ဓာတ်စီးပေးနေတာ ”
“နေပါဦး ထစမ်းပါဦး ကိုတင်အုန်းရဲ့သမီးကရော ဘယ်မှာ လဲ ”
ဦးဖိုးဝေသည် ဖျာပေါ် မှာ လူများအား ဝေ့ကြည့်ပြီး မေးလိုက်ရာ ဦးတင်အုန်းသည် ခပ်လှမ်းလှမ်းမှ ထရံဖြင့် သေသပ်စွာကာရံထားသော တဲတလုံးကို လက်ညှိုးထိုးပြလိုက်ပြီး
“ဖေကြီးက ဓာတ်စီးပေးဖို့ အဲ့ဒီတဲကို ခေါ်သွားတယ်”
“မိုက်လိုက်တဲ့ တင်အုန်း ထစမ်း ငါ့နောက်လိုက်ခဲ့ ”
ဦးဖိုးဝေ၏ ပြောင်းလဲသွားသော စကားသံကြောင့် ဦးတင်အုန်း မည်သည့်စကားမှ ပြန်မပြောရဲပဲ ဦးဖိုးဝေ ခေါ်ရာနောက် သို့ လိုက်ပါလာရင်းမှ တဲနှင့် ခပ်လှမ်းလှမ်းတွင် ရပ်လိုက်ကြပြီးနောက်
“ဟဲ့ တင်အုန်း ထရံပေါက်ကနေ ကြည့်စမ်း ”
“ဗျာ ဟုတ် ဟုတ်ကဲ့ ”
ဦးတင်အုန်း ထရံပေါက်မှ ချောင်းကြည့်လိုက်သည်။သူမြင်တွေ့ရသည်က သမီးဖြစ်သူ မိသေးအား သူတို့ယုံကြည်ကိုး ကွယ်နေသော ဖေသျှအမည်ရ လူလိမ်သည် ရမ္မက်ခိုးငွေ့ဝေနေသော မျက်နှာနှင့် သမီးဖြစ်သူ၏ ပခုံးနှစ်ဖက်ကို ဖက်ထား၏။ မိသေးသည် အညှို့ခံထားရသော လူတယောက်ပမာ ရုန်းကန် ခြင်းမရှိပဲ ရီဝေသော မျက်လုံးတို့ဖြင့်သာ ဖေသျှင်အား ပြန် လည်ကြည့်နေလေသည်။ထိုမြင်ကွင်းအား မြင်တွေ့လိုက်ရသော ဦးတင်အုန်းသည် အသားများတဆတ်တုန်လာကာ တဲ အပေါက်ဝရှိ ပိတ်ထားသော တံခါးအား ခြေဖြင့် ဆောင့်ကန် ဖွင့်ပြီး ဝင်လိုက်ရာ အတွင်းသို့ဝင်မရပဲ နောက်ပြန်လဲကျကာ မြေပြင်တွင် လဲကျသွားပြီးနောက် ဦးဖိုးဝေအားကြည့်ကာ
“ဆရာကြီး ကျုပ်သမီးလေးကို ကယ်ပါဦး ”
“စိတ်ချ ငါ ကယ်ပေးမယ် မင်းတို့နောက်တခါ အမှောင်မဖုံးစေနဲ့ သူတော်ယောင်တွေ ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ တွေ့ ပြီ မဟုတ်လား ”
ရုတ်ရုတ်သဲသဲ ဖြစ်သွားသော အခြေအနေကြောင့် ဖျာပေါ်တွင် ထိုင်နေသော သူများနှင့်အတူ သူရိယ၊ပြုံးချိုတို့လည်း ဦးဖိုးဝေတို့ အနားသို့ ပြေးလာကြသည်။တဲထဲမှ ဖေသျှင်သည်လည်း စိတ်ဆိုးမာန်ဆိုးဖြင့် တဲအပြင်သို့ထွက်လာပြီး မြေပြင် တွင် လဲကျနေသော ဦးတင်အုန်းအား ကြည့်၍ ခပ်မာမာ စကားဆိုလေသည် ။
“တောက် ငါလိုကောင်က မင်းရဲ့သမီးကို သနားလို့ လက်ထပ် ဖို့လုပ်တာ မင်းက ဘာဖြစ်နေတာလဲ လူ့လောကမှာ မနေချင် တော့ဘူးလား ”
“မင်းက အတော်ယုတ်မာတာပဲ အလကားကောင် ငါ မင်းကိုသူတော်ကောင်းလို့ ထင်ထားတာ မှားတာပဲ ”
“ဟားးး ဟားးး ငါက မင်းကို သူတော်ကောင်းပါလို့ ပြောဖူးလား ”
ဦးဖိုးဝေကို သတိမထားမိပဲ တဟားဟား ရယ်မောနေသော ဖေသျှင်သည် သူ့အား ဝိုင်းကြည့်နေသော လူများကို ကြည့်ကာ
“မင်းတို့ ငါ့ကို အာခံချင်တဲ့သူ ရှိလား ပြောစမ်း နေဦး ဟိုကောင်လေးကို ငါ ရင်းရင်းနှီးနှီး မြင်ဖူးတယ် ”
“ငါ့ကိုရော မှတ်မိလား လူလိမ် အခု မင်းက ဘုန်းကြီး မဟုတ်တော့ပဲ ထပ်ပြီးတော့ မတန်မရာ ယောဂီဝတ်စုံ ဝတ်ထားပြန်ပြီလား”
“မင်း မင်း ကြာတောကျောင်းက ငါ နဲ့ ငါ့တပည့်ကို ဖမ်းတဲ့ ကောင်မဟုတ်လား မင်းသေရမယ် ဒီနေ့တော့ ကဲ တမလွန်ကို သွားပေတော့ ရော့ ”
ဖေသျှင်သည် သူ၏လက်ထဲမှ အသင့်ကိုင်ထားသော သံလုံး လေးဖြင့် ပစ်ပေါက်လိုက်ရာ ဦးဖိုးဝေ ထိုသံလုံးလေးအား ဖမ်း လိုက်လေ၏။သံလုံးကို ဖမ်းထားသော ဦးဖိုးဝေ၏ လက်သည် တဖြည်းဖြည်း မီးတောက်များလောင်ကျွမ်းလာရာ သူရိယမှ လွဲ၍ ကျန်သူများသည် စိုးရိမ်စိတ်ပူမိသွားသည်။သူရိယသည် စိုးရိမ်နေကြသော သူများအား
“မစိုးရိမ်ကြနဲ့ ဘာမှ မဖြစ်ဘူး တိတ်တိတ်ဆိတ်ဆိတ်သာ နေပေးကြပါ ”
သူရိယ၏ပြောစကားကြောင့် လူများသည် အသံတိတ်သွားကြသည်။ဦးဖိုးဝေ၏ လက်မှာ မီးဟုန်းဟုန်းတောက် စွဲလောင် နေသည့်အတွက် ဖေသျှင်မှာ သူနိုင်ပြီဟု ထင်မှတ်နေသည်။ထိုခဏတွင် ဦးဖိုးဝေသည် မျက်လုံးကိုမှိတ်လိုက်ရာ မီးတို့သည် တဖြည်းဖြည်းနည်းလာပြီး ငြိမ်းလို့သွား၏။ထူးဆန်းအံ့ဩစွာ ဦးဖိုးဝေ၏ မီးလောင်ခံရသော လက်မှ အဝတ်အစားပင် မီးမခပေ။ဦးဖိုးဝေသည် ပိတ်ထားသော မျက်လုံးတို့ကို ပြန်ဖွင့်ချိန်တွင်တော့ ဖေသျှင်သည် မျက်စိမျက်နှာ ပျက်နေပြီ ဖြစ်၏။မျက်စိမျက်နှာပျက်နေသော ဖေသျှင်အား ကြည့်ပြီး ဦးဖိုးဝေသည် သူ၏ လက်ထဲမှ သံဓာတ်လုံးအား လက်ညှိုး၊လက်မ နှင့် ညှပ်ကိုင်လိုက်ပြီးနောက်
“မင်းလို သူယုတ်မာရဲ့လက်ထဲကို ဒီဓာတ်လုံးက ဘယ်လို လုပ်ရောက်နေတာလဲ အင်း ဝိဇ္ဇာဆိုတိုင်း ကောင်းတယ် ထင်နေတဲ့ လူတွေကြောင့် လောကီပညာကို တဖက်ကမ်းခတ်တတ်တဲ့သူတွေက မကောင်းမှုကို လွယ်လွယ်လေး လုပ်နေတာပဲ ကဲ မင်း အပစ်ခံရတော့မယ် ”
ဦးဖိုးဝေသည် ဓာတ်လုံးအား လွယ်အိတ်ထဲသို့ ထည့်နေချိန် လျှင်မြန်သော အရှိန် နှင့်အတူ အနီရောင် အလင်းတန်းတခု ရုတ်တရက် ရောက်လာပြီး ဖေသျှင်မှာ ထပ်မံ ပျောက်ကွယ်လို့ သွားပြန်၏။ဦးဖိုးဝေသည်လည်း ခေါင်းကို ယမ်းပြီး
“အတ္တကြီးတဲ့ ဝိဇ္ဇာတွေပါလား ကဲ ကဲ တဲထဲက ကလေးမကို ခေါ်လိုက်ချေ။ကျုပ်တို့ အလုပ်ရှိသေးလို့ မောင်ပြုံးချိုရေ ကျုပ်တို့ကို ထပ်ပြီး တည်းခိုခွင့်ပြုပါဦး ”
“ဆရာကြီးရယ် ပြောဆရာကို မလိုတာပါ ”
ထို့နောက် ဦးဖိုးဝေတို့သည် ဗိုလ်စောင့်တောင်ပေါ် မှ ပြန်ဆင်းလို့ သွားကြပါလေတော့သည်။
ပြီးပါပြီ။
ရေးသားသူ- မောင်တင်ဆန်း
Leave a Reply