ဦးဘသာနှင့်ဦးသူတော်

ပေါ့၊ ဦးဘသာလည်း ကျုပ်တို့ကိုကြည့်ပြီးတော့ ရယ်ပါရော။

“မင်းတို့ကောင်တွေကတော့ လုပ်တော့မယ်ကွာ”

“အဲဒါကျုပ်အကြံံမဟုတ်ဘူး ဦးဘသာ၊ ဒီကောင်ချိုတူးအရင်စတာ၊ ကျုပ်က သူ့အနောက်ကနေအသာကလေး လိုက်လုပ်တာပဲ”

ချိုတူးက ရယ်ရင်းနဲ့

“မနေ့က ဦးလူဝပြောထားတယ်မဟုတ်လား၊ ဒီရွာမှာ မျက်နှာစိမ်းဈေးဝယ်ရင် ကျတ်လို့ပဲထင်ကြတယ်ဆိုဗျ၊ ဒီကြားထဲ ကျုပ်တို့က ရှေးခေတ်ကလူတွေပြောသလို ဇာတ်သံနှောပြီးပြောလိုက်တော့ ဒီမိန်းမယုံသွားတာပေါ့ဗျာ၊ အခုတောင်ကြည့်ပါအုံး၊ ကျတ်တွေကို ဈေးရောင်းလိုက်ရပြီဆိုပြီးတော့ ပျော်ပြီးထွက်သွားတာ ခြေလှမ်းကိုသွက်နေတာပဲဗျာ”

ချိုတူးက မုန့်ဆီကြော်တစ်ခုကို ကိုက်စားတော့ ကျုပ်လည်းသူ့ဆီက မုန့်ဆီကြော်တစ်ခု လှမ်းယူပြီးစားလိုက်တာပေါ့ဗျာ၊ မုန့်ဆီကြော်က ထန်းလျက်နိုင်နိုင်ထည့်ထားပြီး နှမ်းလည်းဖြူးထားတာဆိုတော့ ချိုမွှေးပြီးဆိမ့်နေပါရောဗျာ၊ ဦးဘသာက ကျုပ်တို့နှစ်ယောက်ကိုလက်ညှိုးထိုးပြီး

“မင်းတို့ တတ်လည်းတတ်နိုင်ကြတဲ့ကောင်တွေကွာ၊ ဒါပေမယ့် သူများပစ္စည်းအလကားလိုချင်တာတော့ မကောင်းပါဘူး၊ နောက်ကြုံရင် ပိုက်ဆံပြန်ပေးလိုက်ပေါ့ကွာ”

ကျုပ်တို့လည်း ဦးလူဝအိမ်ကိုပြန်လာခဲ့တယ်ဗျ၊ မုန့်ဆီကြော်တစ်ခုကတော့ ငညိုအတွက်ပေါ့ဗျာ။

ကျုပ်တို့အိမ်ပြန်ရောက်တော့ ဦးလူဝတောင်နိုးနေပြီဗျ၊ အိမ်ရှေ့ကစဉ့်အိုးမှာ မျက်နှာသစ်နေလေရဲ့။

“အိမ်မှာဧည့်သည်ရောက်နေတာကို မေ့သွားလို့ အိပ်ရာထနောက်ကျသွားတယ် ဘသာရေ”

“ရပါတယ် လူဝရာ၊ ငါတို့လည်းအခုပဲလမ်းလျှောက်ပြီး ပြန်လာတာ”

“မင်းတို့တစ်ရက်လောက်တော့ နေပါအုံးကွ၊ ရောက်တုန်းရောက်ခိုက် အေးအေးဆေးဆေးစကားပြောချင်လို့ပါ”

“အေးပါလူဝရာ”

ကျုပ်တို့လည်း ကွပ်ပျစ်ပေါ်မှာဝင်ထိုင်လိုက်ကြတယ်ဗျ၊ ငညိုလည်းအိပ်မှုန်စုံမွှားနဲ့ဆင်းလာတယ်၊ ငညိုအတွက်ချန်ထားတဲ့ မုန့်ဆီကြော်ကိုလှမ်းပေးလိုက်တော့ မျက်နှာတောင်မသစ်ဘဲ စားနေပါရောဗျာ၊ ဦးလူဝက ကျုပ်တို့နားလာထိုင်ရင်း သူ့ပုခုံးမှာတင်ထားတဲ့ သဘက်ပိုင်းနဲ့မျက်နှာသုတ်တယ်။

“မင်းတို့ရောက်လက်စနဲ့ လျှိုမြောင်ကြားက လွမ်းစေတီကို သွားဖူးကြကွာ၊ အဲဒီဘုရားက တန်ခိုးကြီးတယ်၊ ဆုတောင်းပြည့်တယ်လို့လည်း နာမည်ကြီးတယ်၊ ဒါ့အပြင် ရေတံခွန်၊ စိမ့်စမ်းတွေနဲ့ဆိုတော့ တော်တော်သာယာတာကွ”

ဦးဘသာကတော့ ကျုပ်တို့ကိုကြည့်ပြီး

“မင်းတို့နှစ်ယောက် သွားချင်သွားပေါ့ကွ၊ ဒါပေမယ့် ငါနဲ့ ငညိုကတော့ မလိုက်တော့ဘူး”

ဒီတော့မှ ဦးလူဝက တစ်ခုခုကိုသတိရသွားသလိုနဲ့ ခေါင်းညိတ်တယ်။

“အေးနော်၊ မင်းနဲ့ငါနဲ့ အိမ်မှာ အေးအေးဆေးဆေးစကားပြောရတာပေါ့ကွာ၊ ဘုတ်ဆုံနဲ့ မင်းတို့နှစ်ယောက်သွားကြပေါ့”

ဦးဘသာမပါဘူးဆိုတော့ ကျုပ်ကတော့ မသွားချင်ပါဘူးဗျာ။

“သွားထားအလတ်ကောင်ရေ၊ ရောက်တုန်းသွားမှ သွားဖူးတာ၊ သီးသန့်ပြန်လာမယ်ဆိုရင်လည်း လွယ်တာမဟုတ်ဘူး”

ဟိုကောင်ချိုတူးကတော့ ရေတံခွန်ဆိုတဲ့အသံကိုကြားလိုက်တာနဲ့ သွားချင်လွန်းလို့ မနေနိုင်မထိုင်နိုင်ကိုဖြစ်နေရောဗျို့။

(၂)

နေ့လည်စာ ထမင်းစားသောက်ပြီးတော့ ကျုပ်တို့တွေလည်းထွက်လာခဲ့တာပေါ့ဗျာ။ ဦးလူဝကတော့ လှည်းနဲ့သွားမလားလို့ပြောနေသေးတယ်၊ ဒါပေမယ့် ကျုပ်တို့သုံးယောက်တည်းဆိုတော့ လှည်းလည်းမဆင်တော့ဘူးပေါ့ဗျာ၊ လူငယ်တွေချည်းဘဲဆိုတော့ လမ်းလျှောက်ပြီးတော့ပဲ သွားကြတာပေါ့ဗျာ၊ ကျတ်ကွင်းရွာကနေ ယာခင်းတွေဖြတ်ပြီး မြောက်ဘက်ကိုတက်သွားလိုက်ရင် တောင်ရိုးကလေးတစ်ခုရှိတယ်ဗျ၊ တောင်ကတော့ သိပ်မမြင့်ပါဘူးဗျာ၊ ဒါပေမယ့် သစ်တောသစ်ပင်တွေထူလို့ စိမ်းညှို့ညှို့နဲ့လှမ်းမြင်ရတယ်ဗျ၊ ကျုပ်တို့လည်းသွားရင်း ထန်းတောတစ်ခုကိုဖြတ်တော့ မိန်းကလေးတစ်ယောက်ထွက်လာတယ်ဗျ။

“ဘုတ်ဆုံတို့ ဘယ်သွားကြမလို့လဲ”

အဲဒီမိန်းကလေးကို ဘုတ်ဆုံကလှမ်းကြည့်ပြီးတော့

“ဟင်၊ မမမြပါလား၊ ကျွန်မတို့က မြောင်ကြားက လွမ်းစေတီကလေးဆီ ဘုရားဖူးသွားကြမလို့”

မမမြဆိုတဲ့မိန်းကလေးက အရပ်မြင့်မြင့်နဲ့ဗျ၊ အသက်ကတော့ ကျုပ်တို့ထက် လေးငါးနှစ်လောက်ကြီးမယ်ထင်ရတယ်၊ သုံးဆယ်ဝန်းကျင်နီးပါးလောက်ရှိမှာပေါ့၊ ကိုယ်လုံးကိုယ်ပေါက်ကတော့ မပိန်မဝပဲဗျ၊ အသားညိုညိုမှာ သနပ်ခါးပါးကွက်ကြားအကြီးကြီးလိမ်းထားတာ တစ်မျိုးယဉ်သဗျာ၊ ကျုပ်တို့နှစ်ယောက်ကို မမမြကလှမ်းကြည့်ရင်း

“ဒါနဲ့ မမမြရော လိုက်လို့ရရဲ့လား”

“ရတာပေါ့ မမမြရယ်”

ဘုတ်ဆုံကခေါ်တော့ ကျုပ်တို့ကလည်း

“ရပါတယ်၊ ကျုပ်တို့ကလည်းခင်တတ်ပါတယ်”

လို့ပြောရင်း နွားပြာကြီးတွေလို သွားဖြီးပြလိုက်တာပေါ့ဗျာ၊ ဘာပဲပြောပြော မိန်းကလေးတစ်ယောက်ထပ်ပြီးအဖော်ပါတာက ကျုပ်တို့အတွက် အရှုံးမှမရှိတာဗျ။ မမမြကလည်း ဘဘက်ပိုင်းကလေး ခေါင်းပေါ်မှာအုပ်ပြီးတော့ လိုက်လာတယ်ဗျ၊ လမ်းတစ်လျှောက်လုံး ဘုတ်ဆုံကိုစနောက်လိုက်၊ မမမြကို စနောက်လိုက်နဲ့ သွားကြတာ ဘယ်လိုရောက်သွားမှန်းတောင်မသိပါဘူး၊ ကျုပ်တို့တွေလည်း ပိုပြီးရင်းနှီးသွားကြတာပေါ့။

ယာခင်းတွေဖြတ်ပြီးတာနဲ့ တောတန်းအစပ်ကလေးရောက်လာတယ်၊ တောတန်းထဲဖြတ်တော့ အရိပ်ရသွားပြီး နေမပူတော့ဘူးဗျ၊ လမ်းကလေးကလည်း ဖြူးနေတာပဲဗျို့၊ လမ်းအတိုင်းလျှောက်လာရင်း တောင်ရိုးပေါ်တက်ပြီး မြောင်ကြားကလေးထဲဆင်းလိုက်တာနဲ့ အေးစိမ့်သွားတာပဲဗျာ၊ အဲဒီမှာ စေတီကလေးတစ်ဆူရှိတယ်ဗျ။ စေတီကလေးက ကျောက်ဖျာကြီး အကြီးကြီးပေါ်မှာတည်ထားတဲ့စေတီကလေးပါ၊ စေတီရဲ့ဘေးနားမှာတော့ ရေကန်ကြီးရှိတယ်၊ မြောင်ကြားမှာရှိတာဆိုတော့ တစ်မိုးလုံးရွာထားတဲ့ရေတွေ စုပြုံပြီးအိုင်နေတာဖြစ်မှာပေါ့ဗျာ၊ ရေအိုင်က ပေါင်လယ်လောက်တော့ နက်မယ်ထင်တာပဲ၊ တောတောင်ကြားထဲမှာရှိတာဆိုတော့ ရေတွေက ကြည်ပြီးအေးနေတာပဲဗျာ၊ ရေအိုင်ထဲမှာ တစ်တောင်လောက်ရှိတဲ့ ငါးတွေလည်း ကူးခတ်သွားလာနေသဗျ။

ချိုတူးတစ်ယောက်တော့ ရေမြင်တာနဲ့မနေနိုင်တော့ဘူးဗျို့၊ ရေကန်ထဲကို ဒိုင်ဗင်ထိုးပြီးဆင်းလိုက်တော့တာပဲ၊ ဘုတ်ဆုံက ကျုပ်တို့ကိုခါးထောက်ကြည့်ပြီး

“ဘုရားလာဖူးတာပဲ၊ ဘုရားအရင်ရှိခိုးမှပေါ့”

ကျုပ်လည်း ဘုတ်ဆုံအနောက်လိုက်ခဲ့တယ်၊ ကျောက်ဖျာကြီးအပေါ်ကို တက်လိုက်တော့ စေတီကလေးကိုလှမ်းမြင်ရတယ်၊ စေတီကလေးအရှေ့မှာတော့ သစ်သားနဲ့ရိုက်ထားတဲ့ ခုံကလေးတစ်ခုရှိတယ်ဗျ၊ ဘုရားရှိခိုးရင်ထိုင်ဖို့လုပ်ထားတာဖြစ်မှာပါ၊ အဲဒီခုံကလေးမှာ မမမြက ထိုင်ပြီးတော့ ဘုရားကိုရိုရိုသေသေ လေးလေးစားစားနဲ့ ရှိခိုးနေသဗျ၊ ကျုပ်လည်း ဘုတ်ဆုံနဲ့သွားနေရင်း ဘုတ်ဆုံလက်ကိုလှမ်းတို့လိုက်တယ်။

“ဘုတ်ဆုံ၊ နင့်ကိုငါတစ်ခုမေးချင်လို့”

“ဘာမေးမှာလဲ”

“အဲဒီ မမမြက အိမ်ထောင်သည်လားဟ”

ဘုတ်ဆုံမဆိုရင် ခွိခနဲကို ရယ်လိုက်တာပဲဗျာ။

“ရှင် တော်တော်ညံ့တာပဲ၊ မမမြက အပျိုပါရှင့်”

ကျုပ်ရင်ထဲပျော်သွားလိုက်တာ ပြောမနေပါနဲ့ဗျာ”

“ဒါနဲ့ ဒီလောက်ကြည့်ပျော်ရှုပျော်ရှိတာဗျာ၊ ခင်ဗျားတို့ရွာကယောက်ျားတွေက မမမြကို မလိုချင်ကြဘူးလား”

ဘုတ်ဆုံက ပြုံးစိစိနဲ့ဗျ။

“ဘာလဲ ရှင်ကဘာလို့သိချင်ရတာလဲ”

ကျုပ်လည်း ဘာပြန်ဖြေရမလဲမသိဘူးဗျ၊ ခေါင်းကိုတဗြင်းဗြင်းကုပ်ရင်း ဘာပြောရင်ကောင်းမလဲဆိုပြီး စဉ်းစားနေတာပေါ့။

“ဟို၊ ဟိုလေ . . . ဟိုဒင်း”

“ဟိုဒင်းတွေ ဟိုဟာတွေလုပ်မနေပါနဲ့၊ ရှင် မမမြကိုစိတ်ဝင်စားနေတာမဟုတ်လား”

ကျုပ်လည်း ရှက်ပြုံးပြုံးပြိးတော့ ခေါင်းကိုအသာဆတ်ခနဲညိတ်ပြလိုက်တာပေါ့ဗျာ။

“စိတ်ဝင်စားရင်လည်း ကြိုးစားပေါ့၊ မမမြအိမ်ထောင်မကျတာ သူ့အဖေကြီးကြောင့်ပေါ့၊ သူ့အဖေကြီးက ကျွန်မတို့ရွာသားတွေနဲ့ သဘောမတူဘူးတဲ့၊ တစ်ရွာသားနဲ့မှ ကြည်ဖြူမတဲ့ရှင်”

ကျုပ်လည်း ပိုင်ပြီဟေ့လို့တွေးပြီးတော့ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း အံကြိတ်လိုက်တာပေါ့ဗျာ၊ ဘုတ်ဆုံကတော့ ပြုံးစိစိ ပြီတီတီပဲ။

“လုပ်စမ်းပါရှင်၊ မမမြနဲ့ရှင်နဲ့ညားတော့လည်း ကျွန်မတို့ရွာမယ် ရွာသားတစ်ယောက်အင်အားတိုးတာပေါ့”

ဘုတ်ဆုံကလည်း မြှောက်ပေးနေပြီဆိုတော့ ကျုပ်လည်း ရှေ့ဆက်တိုးဖို့ပဲ ရှိတော့တာပေါ့ဗျာ၊ ဘုတ်ဆုံက စေတီကလေးအနားကိုလျှောက်သွားတာ့ ကျုပ်လည်း ယောင်ပေပေနဲ့လိုက်သွားတာပေါ့။ မမမြဘုရားရှိခိုးနေတာကို ဘေးကနေကြည့်ရင်း ကျုပ်ဖြင့်ရင်တွေ တဒုန်းဒုန်းခုန်လာတယ်ဗျာ၊ မျက်လွှာကိုချပြီးတော့ ယုံယုံကြည်ကြည် လေးလေးနက်နက်နဲ့ဆုတောင်းနေတာမျိုးဗျ၊ ကျုပ်လည်း ဘေးကနေကြည့်ရင်း အားမရလို့ အရှေ့နားကနေပတ်ကြည့်တာပေါ့၊ ဒီတော့ မမမြက မျက်လုံးဖွင့်ကြည့်တယ်ဗျ။ ပြီးတော့ လန့်သွားတဲ့ပုံစံမျိုးပဲ။

“လန့်လိုက်တာရှင်၊ လူတစ်ယောက်လာရပ်တယ်လို့ထင်လို့ မျက်လုံးဖွင့်ကြည့်လိုက်တာ”

“အိုဗျာ၊ ကျုပ်ကိုမြင်တာ လန့်ရသလား မမမြရဲ့၊ ကျုပ်က ဒီလောက်ရုပ်ဆိုးနေလို့လား”

“မဟုတ်ပါဘူး၊ မကောင်းဆိုးဝါး နာနာဘာဝများလားလို့ပါ”

ဘုတ်ဆုံက ခွိခနဲရယ်ပြီးတော့ မမမြအနားမှာထိုင်ပြီး ဘုရားရှိခိုးဦးချနေပါရောဗျာ၊ မမမြက ထသွားတာနဲ့ ကျုပ်လည်း ဘုရားကန်တော့ဖို့တောင်မေ့သွားပြီးတော့ မမမြအနောက်ကို ပြေးလိုက်ခဲ့တာပေါ့။ ရေကန်ကလေးရဲ့ တစ်ဖက်အဆုံးမှာ ရေတံခွန်ကလေးရှိတယ်ဗျ။ တောင်ပေါ်ကနေဆင်းလာတဲ့ စမ်းချောင်းကြောင့် ဖြစ်နေတဲ့ပုံပဲ၊ ဒါပေမယ့် အခုကရေနည်းချိန်ဆိုတော့ ရေက ပါးပါးကလေးပဲကျတော့တာဗျ၊ ရေတံခွန်က လူတစ်ရပ်၊ လက်တစ်ဖောင်ကျော်ကျော်မြင့်တယ်၊ ဟိုကောင် ချိုတူးကတော့ ရေကန်ထဲကူးနေရင်း ကျုပ်တို့အနားကိုပြေးလာတယ်။

“ရေက အေးနေတာပဲဗျာ၊ ကူးလို့ကောင်းလိုက်တာမှ မပြောပါနဲ့တော့၊ မမမြတို့လည်း ရေထဲဆင်းပါလား”

“အိုတော်၊ မဆင်းရဲပါဘူး၊ ကန်စောင့်နတ်မင်းကြီးက မိန်းကလေးဆင်းတာ မကြိုက်ဘူးတဲ့”

ချိုတူးမျက်နှာက အောင့်သက်သက်ရယ်ဗျ၊ ဒီကောင်ချိုတူးကလည်း အကြောတော့မသေးဘူးဗျ၊ မမမြကို စကားရောဖောရောနဲ့ အတင်းလိုက်လုပ်နေတာ၊ မြွေမြွေချင်းခြေမြင်ဆိုသလို ဒီကောင်ဘယ်အကွက်လှမ်းတယ်ဆိုတာ ကျုပ်သိတာပေါ့ဗျာ၊ ကျုပ်ကလည်း စိတ်ဆုံးဖြတ်ပြီးသားပါ၊ တခြားနေရာမှာသာ ဘယ်လောက်ခင်ခင် အချစ်ရေးမှာတော့ လာပြီးလုလို့မရဘူးဗျ၊ စစ်ခင်းသင့်ရင် စစ်ခင်းပြီးတော့ကို တိုက်ယူမှာ။

မမမြက ရေတံံခွန်ဆီလျှောက်သွားတယ်ဗျ၊ ရေတံခွန်က ရေနည်းနည်းကလေးအောက်မှာ လက်ဝါးခံပြီးတော့ မျက်နှာတွေဘာတွေသစ်နေတယ်၊ ဟိုကောင်ချိုတူးကလည်း အနားမှာတဝဲလည်လည်ပေါ့ဗျာ၊ ကျုပ်လည်း ရေတံခွန်က ရေကိုလက်ဝါးနဲ့ခံပြီးတော့ မမမြကိုလှမ်းပက်လိုက်တော့ မမမြက ရေအေးအေးတွေထိမှန်သွားပြီး သိမ့်ခနဲတုန်သွားတယ်။

“သင်္ကြန်မရောက်သေးဘူးနော် ရှင်တို့”

“ရေမြင်တာနဲ့ ဆော့ချင်သွားလို့ပါ မမမြက စိတ်ဆိုးသွားတာလား”

ကျုပ်မေးတော့ မမမြက ခေါင်းခါပြတယ်ဗျ၊ နောက်တော့ သူ့လက်ဝါးနှစ်ဖက်နဲ့ရေခံပြီးတော့ ကျုပ်ကိုပြန်ပက်တယ်၊ ရေတွေက အေးနေတာပဲဗျာ၊ ကျုပ်လည်း ရုတ်တရက် ရေပက်ခံရတော့ ချမ်းပြီးကြက်သီးတောင် ထသွားသေးတယ်၊ နောက်တော့ သူနဲ့ကျုပ်နဲ့ ရေတွေနဲ့အပြန်အလှန်ပက်ပါရောဗျာ။ နောက်တော့ ချိုတူးလည်း ကျုပ်တို့အနားကို ရေကူးပြီးလာတယ်၊ ကန်ထဲကရေတွေကို လက်နဲ့ကျုံးကျုံးပြီးတော့ မမမြကိုပက်တော့တာပဲဗျာ၊ ရေကန်ထဲက ကျုံးပက်တာဆိုတော့ ရေတွေအများကြီးထိတာပေါ့ဗျာ၊ မမမြက သူ့ကိုယ်လုံးကို ရေစိုတာ မကြိုက်ဘူးထင်ပါတယ်။

“အို၊ အဲဒီလိုမလုပ်နဲ့လေ”

အော်ပြီးတော့ ပြောရှာပေမယ့် ဟိုကောင်ချိုတူး မျက်နှာရူးက မရပ်တဲ့အပြင် ပိုပြီးတော့တောင်ပက်သေးတာဗျာ၊ ကျုပ်လည်းမနေသာတာနဲ့ မမမြဘေးနားကိုဝင်ပြီး ကျောကုန်းနဲ့ကာထားပေးရတယ်။

“ဟေ့ကောင်ချိုတူး၊ မမမြမကြိုက်ဘူး၊ တော်တော့လို့ ပြောနေတယ်လေကွာ”

ဒါပေမယ့် ကျုပ်မမမြဘေးမှာအရပ် ရေညှိတက်နေတဲ့ကျောက်တုံးကို နင်းမိပြီးတော့ ချောသွားတာပေ့ါဗျာ၊ အနားမှာလည်း ဆွဲစရာဆိုလို့ မမမြပဲရှိတာမဟုတ်လား၊ ကျုပ်လည်း ဘာပြောကောင်းမလဲ၊ ကြောက်အားလန့်အားနဲ့ မမမြကိုယ်လုံးကိုပွေ့ဖက်ထည့်လိုက်တာပေါ့ဗျာ၊ ချော်တဲ့အရှိန်ကြောင့် ကျုပ်ရော၊ မမမြရော ရေကန်ထဲကိုကျသွားတော့တာပေါ့ဗျာ။ ကျုပ်ကလည်း ရတဲ့အခွင့်အရေးကို သုံးတတ်တဲ့သူမျိုးဆိုတော့ မမမြကိုယ်လုံးကို တင်းနေအောင်ဖက်ထားတာပေါ့။

မမမြကိုယ်လုံးက နွေးနွေးကလေးဗျာ၊ ကျုပ်ဖြင့် အမိအရအသားယူနေတာ ရေထဲရောက်တာတောင်မှ မမမြကိုမလွတ်မိဘူးဗျို့၊ မမမြကအသည်းအသန်ကျုပ်ကိုတွန်းတယ်။

“ရှင် ဒါဘာလုပ်တာလဲ သွား”

ကျုပ်ရင်ဘတ်ကို ခပ်ပြင်းပြင်းတွန်းထုတ်လိုက်တော့ ကျုပ်လည်းလွတ်လိုက်ရတာပေါ့ဗျာ၊ ရေမစိုချင်တဲ့မမမြတော့ အခုတစ်ကိုယ်လုံးရေစိုသွားပြီဗျ၊ ရေကန်အစပ်ကို တဖြည်းဖြည်းကူးခတ်သွားပြီးတော့ ကုန်းပေါ်ကိုတက်သွားတယ်၊ ကျုပ်တို့နှစ်ယောက်လည်း ရေစိုနေတဲ့ မမမြရဲ့အလှအပကို အနောက်ကနေငေးကြည့်နေမိတယ်။ မမမြကစိတ်ဆိုးသွားတယ်ထင်ပါရဲ့ဗျာ၊ ကျုပ်တို့ကိုမျက်စောင်းထိုးပြီးထွက်သွားတော့တာပဲ။

“ဟေ့ကောင်၊ အဲဒါမင်းကြောင့်ကွ ချိုတူးရ”

ကျုပ်လည်း ချိုတူးကို မကျေမချမ်းနဲ့ကြည့်ပြီးတော့ ရေထဲမှာ နပမ်းလုံးတော့တာပဲဗျာ၊ ချိုတူးနဲ့ ကျုပ်နဲ့ရေကန်ထဲမှာ တဝုန်းဝုန်းနဲ့နပမ်းလုံးနေတာကို ဘုတ်ဆုံက ကျောက်ဖျာကြီးပေါ်ကနေ ခွက်ထိုးခွက်လန်ရယ်မောရင်း ကြည့်နေပါရောဗျာ။

(၃)

မမမြက ရေပေါ်ကနေတက်ပြီးတော့ ကျောက်ဖျာပေါ်မှာ တင်ပါးလွှဲကလေးထိုင်ရင်း သူ့ဆံပင်ကရေတွေကို ညှစ်ချနေတယ်ဗျ၊ ဆံပင်ကလည်း ကောင်းလိုက်တာ ပြောမနေပါနဲ့တော့၊ ကျုပ်လည်း မမမြအနားကိုလျှောက်သွားပြီးတော့ အနားမှာအသာသွားထိုင်လိုက်တာပဲ။

“မမမြ စိတ်ဆိုးသွားတာလားဗျ”

မမမြက ခေါင်းခါပြတယ်။ စိတ်မဆိုးဘူးဆိုတော့ ကျုပ်စိတ်ထဲပေါ့သွားတာပေါ့ဗျာ၊ ဒါနဲ့ကျုပ်လည်း ကျုပ်ဖွက်ပြီးယူလာတဲ့ တောစံပယ်ဖြူဖြူအဆုပ်လိုက်ကလေးကို မမမြဆီကိုလှမ်းပေးလိုက်တာပေါ့ဗျာ၊ ရေကန်စောင်းဟိုဘက်နားက ချုံထဲမှာ တောစံပယ်တွေပွင့်နေတာများ ဖွေးဖွေးလှုှုပ်ပြီး အဆုပ်လိုက်၊ အဆုပ်လိုက်ဗျို့။ မမမြက စံပယ်ပန်းတွေ့တော့ အံ့သြဝမ်းသာသွားတဲ့ပုံဖြစ်သွားတယ်၊ နောက်တော့ ချက်ချင်းမျက်နှာကိုတည်လိုက်တယ်။

“တစ်ရွာသားပေးတဲ့ ပန်းမို့ မပန်ပါရစေနဲ့ရှင်”

မမမြငြင်းတာကလေးကိုက ချစ်စရာကလေးဗျာ။ ကျုပ်လည်း ပန်းကိုအတင်းထိုးပေးရင်း

“ယူပါမမရယ်၊ တစ်ရွာသားလို့တော့ သဘောမထားပါနဲ့ဗျာ၊ ကျုပ်က ဖြစ်နိုင်ရင် မမမြနဲ့တစ်ရွာတည်းသားဖြစ်ချင်တာပါ”

ကျုပ်ပြောတဲ့စကားပြီးတော့ မမမြမျက်နှာကြီး ရှက်ကိုးရှက်ကန်းဖြစ်သွားတာပဲဗျာ၊ ခေါင်းကိုလည်းငုံ့သွားတယ်၊

“မပန်ချင်ရင်တောင်မှ ခူးပေးတဲ့လူရဲ့စေတနာကိုအသိအမှတ်ပြုရင် လက်ခံလိုက်ပါ မမမြရာ”

ဒီတော့မှ မမမြက ပန်းကိုလှမ်းယူပြီး လက်ထဲကိုင်ထားလိုက်တယ်ဗျ၊ မိန်းကလေးဗီဇက ပြင်မရဘူးဗျို့၊ သူ့လက်ထဲပန်းရောက်သွားတာနဲ့ ယောင်ယမ်းပြီးပန်းကိုမွှေးကြည့်လိုက်သေးတယ်၊ နောက်တော့ ကျုပ်အနားကနေ ထသွားပါရော၊ ချိုတူးကတော့ ရေထဲကတက်လာပြီး ကျုပ်တို့ကိုငေးကြည့်လို့ဗျ၊ ကျုပ်ကတော့ ခါးထောက်ရင်ကော့ပြီးတော့ ချိုတူးကို မင်းဘာတတ်နိုင်သေးလဲဆိုတဲ့ မျက်နှာပေးနဲ့ မေးငေါ့ပြလိုက်တာပေါ့ဗျာ၊ ဒီပွဲမှာ ကျုပ်က အောင်နိုင်သူကိုး။

အချိန်ကုန်တာမြန်လိုက်တာဗျာ၊ ညနေရောက်လာတာနဲ့ ပတ်ဝန်းကျင်က ချက်ချင်းမှောင်ကျလာတာပဲ၊ ကျုပ်တို့လည်း ပြန်ဖို့ပြင်ရတာပေါ့၊ အပြန်လမ်းကျတော့ မမမြက စကားမပြောတော့ဘူးဗျ၊ တိတ်တိတ်ကလေးလိုက်လာတယ်၊ လမ်းလျှောက်လာရင်း တောတန်းထဲဖြတ်လာတော့ အဘိုးကြီးတစ်ယောက်က သစ်ပင်တွေကြားကနေထွက်လာတယ်ဗျ။ တော်တော်အသက်ကြီးနေပြီ၊ ခေါင်းပေါင်းကြီးကိုလည်းပေါင်းလို့ဗျ၊ လက်ထဲမှာလည်း ဓါးမတစ်ချောင်းနဲ့

“ဟဲ့သမီး”

တစ်ချက်အော်လိုက်တော့ ဘုတ်ဆုံမဆိုရင် ကြောက်လွန်းလို့တွန့်သွားတာပါပဲ။

“ဦး၊ ဦးတောက်တဲ့ကြီးလာပြီ”

ဘုတ်ဆုံမက ရေရွတ်လိုက်တယ်၊ အဘိုးကြီးက ကျုပ်တို့ကို ဒေါသခိုးဝေနေတဲ့ မျက်လုံးတွေနဲ့ သေသေချာချာကြည့်ပြီးတော့

“ဒီကောင်တွေက ဘယ်ကကောင်တွေလဲ”

အဲဒီလိုပြောပြီးတော့ ကျုပ်တို့ဆီကိုလျှောက်လာတာပါပဲ၊ ချိုတူးကလည်း ကြောက်လို့ ကျုပ်နောက်ကျောဖက်ကို ပြေးဝင်လိုက်တယ်ဗျ၊ ဒီတော့ မမမြက ကျုပ်အရှေ့မှာဝင်ကာလိုက်ပြီး

“မလုပ်ပါနဲ့အဖေကြီးရယ်၊ သူတို့က တစ်ရွာသားတွေပါ”

“တစ်ရွာသားတွေ၊ နှစ်ရွာသားတွေ မသိချင်ဘူး”

အဘိုးကြီးက ဒေါသမလျော့သေးဘူးဗျ၊ မမမြကတော့ သူ့အဖေကြီး ကျုပ်တို့ကိုတစ်ခုခုလုပ်မှာစိုးလို့ စိုးရိမ်နေတဲ့ပုံစံပါပဲ။ နောက်တော့ အဘိုးကြီးက မကျေမချမ်းနဲ့ တောက်ခေါက်တယ်ဗျ။

“တောက်၊ ငါလုပ်လိုက်ရ၊ ကဲ သမီး၊ လာ၊ ငါနဲ့လိုက်ခဲ့”

အဲဒီလိုပြောပြီး ခြေလှမ်းကျဲကြီးတွေနဲ့ လှည့်ထွက်သွားတာပဲ၊ မမမြကတော့ ကျုပ်တိုအားနာတဲ့အကြည့်နဲ့ တစ်ချက်လှည့်ကြည့်ပြီး အဘိုးကြီးအနောက်ကနေ အပြေးတစ်ပိုင်းနဲ့လိုက်သွားရောဗျို့၊ ဘုတ်ဆုံက ရင်ဘတ်ပေါ်လက်ဖိပြီးသက်ပြင်းချလိုက်တယ်။

“တော်သေးတာပေါ့”

ချိုတူးက လှမ်းထွက်သွားတဲ့ မမမြတို့သားအဖကိုကြည့်ရင်း

“သူ့ကိုဘာလို့ကြောက်နေတာလဲ၊ ကျုပ်ကတော့ ဓါးဓါးချင်း တုတ်တုတ်ချင်းဆိုရင် ဒီအဘိုးကြီးနဲ့ စိန်ခေါ်ပြီး နွှဲလိုက်ချင်တယ်ဗျာ”

“သွားမလုပ်နဲ့၊ သူက တော်တော်ကြောက်ဖို့ကောင်းတယ်၊ ကဲပါ၊ အချိန်လည်းလင့်နေပြီ၊ မမှောင်ခင် ရွာရောက်အောင်ပြန်ကြစို့”

ကျုပ်တို့သုံးယောက်လည်း ရွာကိုပြန်ခဲ့တာပေါ့ဗျာ။

ကျုပ်တို့ပြန်လာရင်း ရွာအဝင်နားရောက်တော့ ဦးသူတော်ကြီးတစ်ပါးကိုတွေ့လိုက်တယ်ဗျ၊ အသားကအတော်မည်းတာဗျာ၊ ကတုံးကလည်း ပြောင်နေတာပဲ၊ အဲဒီအပေါ်မှာ အဖြူရောင်အဝတ်စကို သင်္ကန်းလိုပတ်ထားပြီးတော့ အောက်ကလည်း အဖြူရောင်သင်းပိုင်နဲ့ဆိုတော့ လိုက်ကိုမလိုက်ပါဘူး၊ ဦးသူတော်က တောင်းကြီးတစ်တောင်းကိုပိုက်လာတယ်ဗျ။ ကျုပ်တို့ဝင်လာတာကိုမြင်တာနဲ့ ဦးသူတော်က ကျုပ်ကိုစိုက်ကြည့်နေတယ်။

ကျုပ်လည်း သူ့ကိုကြည့်နေရင်း တစ်ခုသတိရသွားတယ်၊ ကျတ်တွေရွာကိုရောက်တဲ့ညက ကျုပ်နားထဲ ကြေးစည်သံကြားတယ်မဟုတ်လား၊ ကြေးစည်ကို တီးခတ်လာတဲ့လူက အဖြူဝတ်စုံဝတ်ထားတဲ့သူလေဗျာ၊ ကျုပ်အမြင်တွေေ၀ဝါးနေလို့သာ ကောင်းကောင်းမတွေ့ရပေမယ့် ဒီဦးသူတော်ကြီးများလားလို့ စိတ်ထဲတွေးမိတယ်။

ဦးသူတော်က ကျုပ်ကိုကြည့်ပြီးတော့ ပါးစပ်ကြီးဖြဲပြီး တဟားဟားနဲ့ရယ်တာပဲဗျာ၊ ပြီးတော့ ရွာဘေးက ယာခင်းထဲကိုဆင်းသွားတော့တာပဲ။ ကျုပ်လည်း ဘုတ်ဆုံကိုလက်တို့လိုက်ရင်း

“ဟဲ့ ဘုတ်ဆုံ၊ ခုနက ဖိုးသူတော်ကြီးက ဘယ်သူလဲဟ”

“မသိပါဘူး၊ သူ့ကိုတော့ ဒီကလူတွေက ဦးသူတော်လို့ပဲခေါ်တယ်၊ ရွာအပြင်ခင်တန်းအနားမှာ တစ်ယောက်တည်း တဲထိုးပြီးတော့ တရားကျင့်တယ်ဆိုလား၊ ကျင့်စဉ်ကျင့်တယ်ဆိုလားပဲ”

“ခုရော ရွာကိုဘာလာလုပ်တာလဲမသိဘူးနော်”

“ရွာကလူတွေက သူ့ကိုလှူဖွယ်ပစ္စည်းတွေ လှူတယ်လေ၊ အခုလည်း တစ်အိမ်အိမ်ကနေ အလှူခံပြီးတော့ ပြန်လာတာဖြစ်မှာပေါ့”

ကျုပ်လည်း ဦးသူတော်ကြီးထွက်သွားတာကို မျက်စိတစ်ဆုံးကြည့်ပြီးတော့ ဘုတ်ဆုံနဲ့ချိုတူးတို့အနောက်ကို အပြေးလိုက်ခဲ့တာပေါ့ဗျာ။

ညစာထမင်းကို စောစောစားပြီးတော့ လက်ဖက်တစ်ပန်းကန်၊ ရေနွေးတစ်အိုးနဲ့ ဦးဘသာတို့က အိမ်ပေါ်မှာစကားဝိုင်းဖွဲ့နေကြတာပေါ့ဗျာ၊ ကျုပ်ကတော့ သူတို့နဲ့စကားလက်ဆုံ မပြောချင်တော့တာနဲ့ အိမ်အတက်အဆင်းလှေကားမှာထိုင်ရင်း အိမ်ပြင်ကိုငေးကြည့်နေမိတယ်၊ လကလည်း သာလိုက်တာ ဝင်းလို့ဗျ၊ ကျုပ်က မျက်စိကသာ ဟိုဟိုဒီဒီလိုက်ကြည့်နေမိပေမယ့် စိတ်ထဲမှာတော့ မမမြအကြောင်းပဲရှိနေတယ်ဗျ၊ ဟိုးကောင်းကင်ပေါ်က လမင်းကိုငေးကြည့်ရင်း လမင်းပေါ်မှာတောင်မှ မမမြမျက်နှာပုံစံက တဖြည်းဖြည်းပေါ်လာတယ်လို့တောင် ထင်ရသေးတယ်ဗျာ။ အိမ်က ခြေတံရှည်အိမ်ကြီးဆိုတော့ မြင့်တော့မြင့်တာပေါ့ဗျာ၊ အိမ်လှေကားကနေ ထိုင်ကြည့်လိုက်ရင်း ဟိုးဝေးဝေးက တောင်ရိုးကိုတောင်မှ ခပ်ရေးရေးကလေးမြင်နေရသေးတယ်။

“အလတ်ကောင်၊ မှိုင်လှချည်လားကွ”

ကျုပ်အနောက်က အသံကြားလို့လှည့်ကြည့်လိုက်တော့ ဦးဘသာကြီးဖြစ်နေပါရော၊ ဦးဘသာက လှေကားခွင်မှာမတ်တပ်ရပ်လို့ဗျ။

“ဒီလိုပါပဲဗျာ”

“ညည့်နက်နေပြီ မအိပ်သေးဘူးလားကွ၊ လူဝတောင်မှ အိပ်တော့မယ်ဆိုပြီး အခန်းထဲဝင်သွားပြီ၊ ဟိုကောင်ချိုတူးလည်း တခေါခေါနဲ့အိပ်မောကျနေပြီ”

ကျုပ်ရင်ထဲမှာ ခံစားနေရတာတွေကို ဦးဘသာသိမလား၊ မသိဘူးလားတော့ ကျုပ်မသိပါဘူးဗျာ၊ ဒါနဲ့ ညနေက ဦးသူတော်ကိုတွေ့ခဲ့တဲ့ကိစ္စကို သတိရသွားတယ်။

“ဒါနဲ့ ဦးဘသာရေ၊ ညနေက ရွာအထွက်မှာ ဦးသူတော်ကြီးကိုတွေ့လိုက်ရတယ်ဗျ”

“အေး၊ ငါလည်းအဲဒါပြောမလို့၊ ဒီဦးသူတော်ကြီးက ငါတို့ကိုကယ်တင်သွားတဲ့လူမဟုတ်လား”

“ဟုတ်တယ်ဗျ၊ ကျတ်ရွာမှာ ကျုပ်ဘုရားစာရွတ်ရင်း နောက်တော့ ကြေးစည်သံကြားရတယ်မဟုတ်လား၊ အဲဒီကြေးစည်ကို ထုတဲ့သူကတော့ ဝတ်ဖြူစင်ကြယ်နဲ့လူတစ်ယောက်ပဲဗျ၊ ကျုပ်အထင်ကတော့ အဲဒီဦးသူတော်ကြီးလားလို့”

“သေချာတာပေါ့ကွာ၊ ညနေကပဲ ဒီအိမ်ကိုလာသွားသေးတယ်၊ လူဝက ဦးသူတော်ကြီးကို ပုံမှန်လှူနေတဲ့လူဖြစ်မယ်၊ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ အခြောက်အခြမ်းတွေလှူလိုက်သေးတယ်ကွ”

ကျုပ်လည်းဘာမှမပြောတော့ဘူးပေါ့ဗျာ၊ ဦးဘသာက ကျုပ်ပုခုံးကိုပုတ်ရင်း

“ကဲ အလတ်ကောင်၊ သိပ်ညည့်နက်မခံနဲ့ အိပ်တော့ဟေ့၊ နောက်နေ့တို့တွေ ခရီးဆက်ရအုံးမယ်မဟုတ်လား”

“ကျုပ်ဆက်မလိုက်ချင်တော့ဘူးဆိုရင်ရော ဦးဘသာ”

“ဟ၊ အလတ်ကောင် မင်းဘာထဖောက်ပြန်ပြီလဲ”

“ကျုပ် ဒီရွာမှာနေချင်သေးတယ်”

ဦးဘသာက အသံတိတ်နေတယ်ဗျ။ နောက်တော့မှ

“မဟုတ်မှလွဲရော၊ မင်း ချစ်သူတွေ့နေပြီထင်တယ်၊ မလုပ်ကောင်းပါဘူးကွာ၊ ဘုတ်ဆုံဆိုတာက တို့တည်းနေတဲ့အိမ်ရှင်ကွ”

“ဟာဗျာ၊ ဘုတ်ဆုံမဟုတ်ပါဘူး၊ ဘုတ်ဆုံလို ၀၀ကစ်ကစ်ဖက်တီးမကြိးကို ကျုပ်က ကြိုက်မလားဗျ၊ အခုက သူနဲ့ဆန့်ကျင်ဘက်၊ ပိန်ပိန်သွယ်သွယ် အရပ်ကလည်းရှည်ရှည်နဲ့”

“နေပါအုံး ဘယ်သူတဲ့လဲကွ”

“နာမည်အရင်းတော့ မသိဘူးဗျာ။ ဘုတ်ဆုံကတော့ မမမြလို့ခေါ်တာပဲ၊ နေတာကလည်း ဒီရွာမှာပဲ နေတယ်ထင်ပါရဲ့”

“အလတ်ကောင်တို့ကတော့ကွာ မပိုင်ဘဲခြင်ရိုက်ချင်ပြန်ပြီ”

“ဟာ၊ ဘာဖြစ်လို့လဲဗျ”

“ဘာမှမဖြစ်ပါဘူးကွာ၊ မပိုင်ဘဲခြင်ရိုက်တော့ ခြင်မမိဘဲ လက်ဝါးနာတတ်လို့ပါကွ၊ ကဲကဲ၊ ငါတော့အိပ်တော့မယ် အချစ်သူရဲကောင်းကြီးရေ၊ မင်းလည်း အိပ်ချင်အိပ်၊ မအိပ်ချင်ရင်လည်း ဟောဟိုက လမင်းကြီးကို မင်းရဲ့ မမမြအမှတ်နဲ့ကြည့်နေပေါ့ကွာ၊ ဟား၊ ဟား”

ဦးဘသာက ရယ်ကျဲကျဲနဲ့ပြောရင်း အိမ်ထဲဝင်သွားတော့တယ်၊ ကျုပ်ကိုတမင်လှောင်သွားမှန်းကျုပ်သိတာပေါ့ဗျာ၊ ကျုပ်ကလည်း စဉ်းစားထားပြီးသားပါ၊ မိုးလင်းတာနဲ့ ဦးလူဝကို မမမြအကြောင်းမေးမယ်၊ ပြီးတော့ မမမြအဖေကြီး ကျုပ်ကိုလက်ခံလာအောင်ကြိုးစားမယ်၊ မမမြက ကျုပ်ကိုနှစ်သက်တယ်ဆိုမှဖြင့် အဖေတို့ကိုဖွင့်ပြောပြီး လူကြီးစုံရာနဲ့ကို လာတင်တောင်းမယ်လို့ စိတ်ကူးထားပြီးသားဗျ၊ ကျုပ်လည်း လမင်းကြီးကိုကြည့်ရင်း အတွေးထဲမှာတော့ မမမြနဲ့ကျုပ်နဲ့ မင်္ဂလာတောင်ဆောင်နေကြပေါ့ဗျာ။

(၄)

ဘယ်လောက်အထိစွဲလမ်းသလဲဆိုတော့ ညအိပ်တာတောင်မှ မမမြက အိပ်မက်ထဲကိုရောက်လာတယ်ဗျာ၊ အညာလက်ဖြစ်ထည် အကွက်ကြမ်းကလေးကို ဝမ်းဆက်ဝတ်ထားတာဗျ၊ အံမယ် ခေါင်းမှာလည်း ကျုပ်ပေးထားတဲ့ တောစံပယ်ပန်းကလေး ပန်လို့ဗျို့။

“မမမြကို ကျုပ်ချစ်တယ်၊ ကျုပ်တို့က အသက်အရွယ်ကွာတယ်ဆိုပေမယ့် မမမြကိုကျုပ်ချစ်တဲ့အချစ်တွေကတော့ ရိုမီယိုထက်တော့ မလျော့ပါဘူး မမမြရယ်”

မမမြက တစ်ချက်ကြောင်သွားတယ်။

“ရိုမီယိုက ဘယ်သူလဲ”

“ရိုမီယိုဆိုတာ ဂျူးလိယက်ရဲ့ ရည်းစားပေါ့”

“ဂျူးလိယက်ကရော ဘယ်သူလဲ”

ကျုပ်တို့စကားပြောတာက အပ်ချည်လုံးအစဆွဲထုတ်သလိုဖြစ်နေပြီဗျ၊ ဒါနဲ့ ကျုပ်လည်းဘာမှမပြောတော့ဘဲ မမမြကိုယ်လုံးကို သိမ်းကြုံးပြီးဖက်လိုက်တာပေါ့ဗျာ၊ မမမြက ကျုပ်ကိုတွန်းတယ်ဗျ၊ ကျုပ်ကလည်းမလွှတ်ဘူး၊ တင်းနေအောင်ဖက်ထားတာ၊ ဒီတော့ မမမြက ကျုပ်ရင်ဘတ်ကို တံတောင်နဲ့ထိုးတယ်၊ ကျုပ်မလွတ်တာ့ ဒူးနဲ့တိုက်တယ်ဗျ။ ကျုပ်လည်း အောင့်သွားပြီးလွတ်လိုက်တော့မှ လန့်နိုးသွားတာပဲဗျာ၊ ကျုပ်ဖက်ထားတာ မမမြမဟုတ်ဘဲ ငညိုဖြစ်နေတယ်။ ငညိုက နိုးတော့မနိုးဘူးဗျ၊

ကျုပ်လည်းတစ်ဖက်လှည့်ပြီး အိပ်မယ်လုပ်လိုက်တော့ အိမ်ပေါက်ဝမှာ လူရိပ်တစ်ခုတွေ့တယ်ဗျ၊ တောကအိမ်တွေက အိမ်တံခါးပိတ်ပြီး အိပ်လေ့မရှိကြဘူးမဟုတ်လား၊ လကလည်းသာနေတော့ အဲဒီလူရိပ်ကို သေသေချာချာကြီးကို မြင်လိုက်ရသဗျ။

“ဟင်၊ မမမြ”

ကျုပ်လည်း ရေရွတ်လိုက်မိတယ်ဗျ၊ ကျုပ်က အိပ်မက်မက်နေလို့များလား၊ စိတ်ထဲ ထင်ယောင်ထင်မှားဖြစ်နေလို့များလားဆိုပြီး သေချာကြည့်ပေမယ့် မမမြမှ၊ မမမြအစစ်ဗျ၊ အိပ်မက်ထဲကအတိုင်း အညာချည်ထည်ဝမ်းဆက်ဝတ်ထားပြီးတော့ တောစံပယ်တွေကိုလည်း ဖွေးအောင်ပန်ထားလို့ဗျ၊ လေအဝေ့မှာ စံပယ်ပန်းရနံ့က သင်းနေပါရော။

“မမ၊ မမမှ”

ကျုပ်လည်း အိပ်ရာထဲက အတင်းကုန်းထလိုက်တော့ မမမြက အိမ်ပေါ်ကဆင်းပြေးတော့တာပဲဗျာ၊ ကျုပ်လည်းထပြီး ပြေးလိုက်ခဲ့တာပေါ့၊ ကျုပ်အိမ်ပေါ်က အဆင်းလှေကားထိပ်ရောက်တော့ မမမြက ခြံဝရောက်နေပြီ။

“မမမြ၊ ကျုပ်ကိုစောင့်ပါအုံး”

ကျုပ်ခေါင်းထဲ ဘာအသိစိတ်မှ မရှိတော့ဘူးဗျ၊ ရှိတဲ့အသိစိတ်ကတော့ မမမြအနောက်ကို အမီလိုက်ရမယ်ဆိုတဲ့အသိပဲဗျာ။ ပြေးရင်းပြေးရင်းနဲ့ ရွာအထွက်ကိုရောက်သွားပါရောဗျာ၊ မမမြက ယာခင်းတွေကို ဖြတ်ပြေးနေတယ်၊ ကျုုပ်လည်း အားကုန်ပြေးလိုက်တာပေါ့၊ ဒါပေမယ့် မမမြက ကျုပ်အရှေ့မလှမ်းမကမ်းလောက်မှာပဲရှိနေတာဗျ၊ ကျုပ်အားကုန်ပြေးပေမယ့်လည်း သူ့ကိုမမီဘူး။ ပြေးရင်းလွှားရင်းနဲ့ နောက်ဆုံးတော့ တောင်ရိုးကလေး အနားကိုရောက်လာတယ်ဗျ၊ တောတန်းကလေးအတိုင်းဆက်ပြေးနေရင်းနဲ့ မကြာပါဘူး လွမ်းစေတီကလေးဆီကိုရောက်လာခဲ့တယ်၊

လွမ်းစေတီ ကျောက်ဖျာကြီးပေါ်မှာ မမမြနဲ့ သူ့အဖေကြီး ဦးတောက်တဲ့နဲ့က ဒူးတုပ်ထိုင်လို့ဗျ၊ လက်နှစ်ဖက်ကလည်း ခါးအနားမှာကပ်ထားကြတယ်။ သူတို့အရှေ့မှာတော့ ဦးသူတော်ကြီးဗျာ။ မမမြက တရှုံ့ရှုံ့နဲ့ငိုနေတာဗျ၊ ဦးတောက်တဲ့ကြီးကတော့ အံကိုကြိတ်ရင်း ကြိတ်မနိုင်ခဲမရတဲ့အကြည့်မျိုးနဲ့ ဦးသူတော်ကို ကြည့်နေပါရော။ ဦးသူတော်အရှေ့မှာတော့ ကြေးလင်ပန်းကြီးတစ်ခုချထားပြီး ဖယောင်းတိုင်တွေထွန်းထားတယ်၊ လွမ်းစေတီဘေးနား ပတ်ပတ်လည်မှာလည်း ဆီမီးခွက်တွေထွန်းထားလို့ဗျ။

“တောက်၊ မင်းသတ္တိရှိရင် ငါ့ကိုလွတ်လိုက်စမ်း၊ မင်းဆယ်ခါပြန်တောင် သေသွားစေရမယ်ကွ”

ဦးသူတော်က တဟားဟားနဲ့ရယ်တယ်။

“ဟား၊ ဟား ခင်ဗျားတို့သတ္တိတကယ်ရှိရင် ကျုပ်ချုပ်ထားတာကို ရအောင်ဖြေလေဗျ၊ ဟား၊ ဟား”

ကျုပ်လည်း အခြေအနေမဟန်မှန်းသိတာနဲ့ အနားကချုံတစ်ခုမှာ ကွယ်နေလိုက်တာပေါ့ဗျာ၊ ဦးသူတော်က သူ့အာရုံနဲ့သူမို့ ကျုပ်ကိုမြင်ပုံမရပါဘူး။ မမမြကတော့ ငိုလို့ဗျ။

“ကျွန်မတောင်းပန်ပါတယ်ဆရာကြီးရယ်၊ ဘုရားပစ္စည်းတွေကို မပြစ်မှားပါနဲ့ရှင်၊ ကျွန်မတို့ မြေးအဘိုးကိုလည်း သက်ညှာပေးပါ”

ဦးသူတော်က မတ်တပ်ထလိုက်ပြီးတော့

“ကောင်မ၊ နင့်ပါးစပ်ကိုပိတ်ထား၊ နင့်ရုပ်ရည်ကလည်း မဆိုးပါဘူး၊ ဟောဒီဘုရားထဲက မဟိဒ္ဓိဓါတ်လုံးကို ငါရပြီးတာနဲ့ အဘိုးကြီးကိုရှင်းပစ်မယ်၊ နင့်ကိုတော့ သူယောင်ရုပ်ထဲ ထည့်ပိတ်ပြီးတော့ ငါလိုတဲ့အခါကျမှ နင့်ကိုထုတ်ပြီး ပေါင်းသင်းမဟဲ့၊ ဟား၊ ဟား”

ဦးသူတော်က မတ်တပ်ရပ်ပြီးထသွားတယ်၊ ကျုပ်လည်းမနေသာတာနဲ့ ကျောက်ဖျာပေါ်ကို လွှားခနဲခုန်တက်လိုက်တာပေါ့ဗျာ။

“ဟေ့လူကြီး ခင်ဗျားလုပ်နေတာတွေကို ချက်ချင်းရပ်လိုက်”

“အောင်မာ၊ ငါကယ်ထားတဲ့ကောင်လေးကများ ငါ့ကိုပြန်ပြီးခြိမ်းခြောက်နေသေးတယ်”

“ခင်ဗျားကယ်တာ မကယ်တာကျုပ်မသိဘူးဗျာ၊ မမမြတို့ကိုလွှတ်ပေးမလား မလွှတ်ပေးဘူးလား”

“ဟား၊ ဟား မင်းကများငါ့ကို မေးရတယ်ရှိသေးတယ်”

ဦးသူတော်က သူ့ခါးမှာချိတ်ထားတဲ့ ပိတ်ဖြူအိတ်ကလေးတစ်လုံးထဲကို လက်နှိုက်ပြီးတော့ အထဲက ဆေးလုံးကလေးတွေ နှိုက်လိုက်တယ်ဗျ၊ ပြီးတော့ ဆေးလုံးကလေးတစ်လုံးကို ကျုပ်ဆီကိုလှမ်းပစ်လိုက်တာပဲ၊ ဆေးလုံးကလေးက ကျုပ်ခြေထောက်အရှေ့တည့်တည့်ကိုပြုတ်ကျတယ်ဗျ၊ ဖောင်းခနဲပေါက်သွားပြီးတော့ အငွေ့တွေထွက်လာလိုက်တာ မနည်းဘူး၊ ကျုပ်လည်း အဲဒီအငွေ့တွေရှူမိသွားတာနဲ့ စိတ်ထဲတစ်မျိုးကြီးဖြစ်သွားတယ်၊ သူ့အလိုလို ဒူးထောက်ထိုင်ချပြီးသားဖြစ်ပြီးတော့ လက်နှစ်ဖက်ကလည်း အနောက်ပစ်လိုက်ပြီးတော့ တင်ပါးအနားမှာ သူ့အလိုလိုစုသွားတယ်ဗျာ။

ကျုပ်ကိုချုပ်ထားလိုက်ပြီပေါ့၊ ကြိုးတစ်ချောင်းမှ မပါပေမယ့် ကျုပ်ခြေလက်တွေက လှုပ်မရတော့ဘူးဗျ၊ မသိရင် ကြိုးအထပ်ထပ်နဲ့ရစ်ထားသလိုပဲ၊ ကျုပ်လည်းအားကုန်သုံးပြီး ရုန်းကန်ပေမယ့် ရုန်းမရဘူး။ ဦးသူတော်က မမမြအနားကိုကပ်သွားတာနဲ့ ကျုပ်လည်း ပါးစပ်ကိုဖြဲပြီး အကျယ်ကြီးအော်လိုက်မိတယ်ဗျ။

“ဦးဘသာ၊ ဦးဘသာ ကျုပ်ကိုကယ်ပါအုံး”

ဦးသူတော်က လှည့်ကြည့်တယ်။

“ဟ၊ ဒီကောင်က ချုပ်ထားရုံနဲ့မရဘူးပဲ၊ ဒီတော့ ပါးစပ်ပါ ပိတ်ပေးမှထင်တယ်”

ဦးသူတော်က အလုံးကလေးတစ်လုံးနှိုက်ပြီးတော့ ကျုပ်ဆီကိုထပ်ပစ်ရောဗျို့၊ ဒီအချိန်မှာပဲ အနားကသစ်ပင်တွေက လေတိုက်သလိုတဖြန်းဖြန်းလှုပ်ခတ်သွားပြီးတော့ မိုးပေါ်ကနေ တစ်ခုခုက အရှိန်နဲ့ပြုတ်ကျလာတယ်ဗျာ၊ ကျုပ်အရှေ့နားကိုဖုတ်ခနဲအကျ၊ ဦးသူတော်ပစ်လိုက်တဲ့ ဆေးလုံးကလေးကလည်း ဟုန်းခနဲအပေါက်ပေါ့၊ ဆေးမှုန်တွေက ပတ်ဝန်းကျင်တစ်ခွင်ကို ပျံ့လွင့်သွားတာပဲဗျာ၊ နောက်တော့မှ ကျုပ်သေချာကြည့်လိုက်တော့ ကျုပ်အရှေ့ကိုကျလာတာ ဦးဘသာဗျ၊ ဒူးတစ်ဖက်ထောက်လျှက်သားနဲ့ မုဆိုးထိုင်ထိုင်ပြီး ကျလာခဲ့တာပဲ။

ဦးသူတော်က ဦးဘသာကိုတွေ့တော့ အံ့သြသွားတဲ့ပုံပဲဗျ။

“ခင်ဗျားကြီးလည်း ရောက်လာပြီကိုး”

ဦးဘသာက ပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီးတော့ ဦးသူတော်ဘာလုပ်နေတယ်ဆိုတာ သိသွားတဲ့ပုံပဲ။

“ဦးသူတော်၊ ခင်ဗျားလုပ်နေတာတွေကို ရပ်တန်းကရပ်လိုက်စမ်းပါ”

“ဟား၊ ဟား ခင်ဗျားလိုစုန်းက ကျုပ်ကိုလာပြီးတားမလို့တဲ့လား”

ဦးသူတော်က ဆေးလုံးကလေး ငါးလုံးကို ဦးဘသာဆီကိုလှမ်းပစ်ထည့်လိုက်တယ်ဗျ၊ ဦးဘသာက လက်ဝါးတစ်ဖက်ဖြန့်ပြီးကာထားလိုက်တော့ ဆေးလုံးငါးလုံးက လေပေါ်မှာတန့်ခနဲရပ်တန့်သွားပါရော၊ တစ်ခါ ဦးဘသာက လက်ဝါးနဲ့တွန်းလိုက်တော့ ဆေးငါးလုံးက ဦးသူတော်ဆီကို ပျံဝင်သွားတယ်၊ ဦးသူတော်အနားရောက်တော့ ဆေးလုံးကလေးတွေက တဝုန်းဝုန်းနဲ့ပေါက်ကွဲပြီးတော့ အဖြူရောင်၊ အနီရောင်၊ အဝါရောင် မီးခိုးတွေဖြစ်ကုန်တာပေါ့၊ မီးခိုးတွေကြားကနေ ဦးသူတော်က ထွက်လာတယ်။

“သြော်၊ ခင်ဗျားက ကျုပ်နဲ့တစ်ပွဲတစ်လမ်းစမ်းချင်ပြီပေါ့”

ဦးသူတော်က ဆေးလုံးတွေ လက်တစ်ဆုပ်လောက်နှိုက်ပြီးတော့ မိုးပေါ်ကိုပစ်တင်လိုက်တယ်ဗျ။

“ခင်ဗျားတို့မှတ်ထား၊ ကျုပ်က အဂ္ဂိရတ်လိုင်းမှာ အောင်မြင်ကျော်ကြားနေတဲ့ ဦးသူတော်ကြီးပဲဗျ၊ ကျုပ်ဖော်ထားတဲ့ ဓါတ်ဆေးပြာတွေအစွမ်းကို ခင်ဗျားကောင်းကောင်းကြီး သိစေရမယ်”

ဆေးလုံးတွေက မိုးပေါ်ကိုပျံတက်ပြီးတာနဲ့ ဥသျှစ်သီးလောက်ကြီးတဲ့ ဝါဖန့်ဖန့်အလုံးကြီးတွေဖြစ်သွားတယ်ဗျာ၊ အဲဒီအလုံးကြီးတွေရဲ့ အလယ်လောက်မှာ အဖြူရောင်အကွင်းတစ်ကွင်းစီပါတယ်ဗျ၊ မသိရင် မျက်လုံးကြီးတွေနဲ့တောင်တူသေးတယ်၊ အဲဒီဝလုံးပုံတွေထဲကနေပြီးတော့ ဝင်းခနဲ၊ လက်ခနဲဖြစ်သွားပြီးတော့ စက်ရောင်ခြည်တွေနဲ့ ပစ်ပါရောဗျာ။

အလုံးကြီးတွေက အလုံးသုံးဆယ်လောက်ရှိမယ်ဗျ၊ အလုံးသုံးဆယ်က ဦးဘသာကို တစ်ပြိုင်တည်းပစ်တော့တာ၊ ဦးဘသာက လက်ဝါးနဲ့တားပေမယ့် မဟန်တဲ့ပုံပေါ်တယ်ဗျ၊ သုံးခါလောက်လည်း တားပြီးရော ဦးဘသာတစ်ယောက် ပျောက်ခြင်းမလှပျောက်သွားတော့တာပဲဗျာ။ ဦးသူတော်လည်း အံ့သြသွားသလို၊ ကျုပ်လည်း အံ့သြပြီးတော့ လိုက်ရှာနေမိတယ်။

“ဦးဘသာ၊ ဦးဘသာ၊ ဘယ်ရောက်သွားတာလဲ”

တကယ်ပါ၊ ပတ်ဝန်းကျင်မှာ ဦးဘသာနဲ့တူတာကိုမရှိတော့တာ၊ ကျုပ်ဖြင့်စိတ်ထဲထင့်သွားတယ်ဗျာ၊ ဦးဘသာများ ဟိုမျက်လုံးကြီးတွေကနေပစ်တဲ့ ရောင်ခြည်တွေထိပြီး သေသွားပြီလားလို့ပေါ့၊ ဦးသူတော်ကလည်း ကျီးကန်းတောင်းမှောက်လိုက်ကြည့်တယ်ဗျ။

“ဟေ့စုန်းကောင်၊ မင်းကြောက်လို့ ပြေးပြီမဟုတ်လားကွ၊ မပြေးစမ်းပါနဲ့၊ သတ္တိရှိရင် ထွက်လာခဲ့စမ်း”

ဦးဘသာကိုမတွေ့ရတော့ဘူးဆိုတော့မှ ဦးသူတော်က သူလုပ်စရာရှိတာဆက်လုပ်တယ်ဗျ၊ ကျောက်ဖျာပေါ်က စေတီကလေးဆီကိုသွားပြီးတော့ ဆေးမှုှုန့်တွေပက်ထည့်လိုက်တာပဲဗျာ။

“ဟောဒီမှာ ကျောက်ကြေဆေးတဲ့ကွ”

ဆေးမှုှုန့်ဖြူဖြူတွေက စေတီကိုထိပြီးတော့ မကြာပါဘူးဗျာ၊ စေတီတစ်ခုလုံးက ရွံ့လုံး၊ မြေလုံးကွဲသလိုမျိုး ခလွမ်းခနဲကို ကွဲကျသွားတာဗျ၊ စေတီမှာတင်ထားတဲ့ ထီးတောင် အောက်ကိုလိမ့်ကျသွားတယ်၊ စေတီတည်ထားတဲ့ အုတ်တွေ၊ ကျောက်တွေ၊ ဘိလပ်မြေသရိုးတွေအကုန်လုံး ကျောက်တုံးသေးသေးကလေးတွေအဖြစ် ကြေမွသွားတာပဲဗျာ။

စေတီကြေမွသွားပေမယ့် အထဲမှာ လေးထောင့်စပ်စပ်ကျောက်တုံးတစ်ခု ကျန်နေခဲ့တယ်ဗျ၊ ကျုပ်အထင်တော့ အဲဒီကျောက်တုံးကလေးကို ငုံပြီး အပေါ်ကနေစေတီတည်ထားတာဖြစ်မယ်။ အဲဒီလေးထောင့်ကျောက်တုံးကလေးဘေးနားမှာ ဦးသူတော်က မတ်တပ်ရပ်လိုက်ပြီးတော့ သင်းပိုင်ခါးပန်းကျိုးကြား ညှပ်ထားတဲ့ အဝတ်စတစ်ခုကိုထုတ်လိုက်တယ်၊ အဲဒီအဝတ်စကိုဖြေလိုက်တော့ အထဲမှာ စက္ကူတစ်ရွက်ဗျ၊ စက္ကူလိပ်ကိုသေသေချာချာကိုဖြေတယ်၊ ပြီးတာနဲ့ အဲဒီအထဲက ဆေးမှုန့်တွေကို ကျောက်တုံးပေါ်ဖြူးလိုက်တာပဲ။

“ဒါကတော့ ကျောက်ကွဲဆေးပေါ့”

ကျောက်ဖျာကြီးတစ်ခုလုံး ငလျင်လှုပ်သလို တသိမ့်သိမ့်နဲ့လှုပ်လာပြီးတော့ သူဆေးမှုန့်ဖြူးထားတဲ့ လေးထောင့်ကျောက်တုံးကလေးက ကျောက်တွေကွာကျကုန်တာပဲဗျာ၊ အဖတ်အဖတ်တွေဖြစ်ပြီးတော့ တစ်လွှာချင်းစီကိုကွာကျတာ၊ အကုန်လုံးလည်းကွာကျပြီးရော အထဲမှာ ပြဿဒ်ကလေးတစ်ခုပေါ်လာပါရော၊ ရွှေရောင်တဝင်းဝင်းနဲ့ ပြဿဒ်ကလေးဗျ၊ ပြဿဒ်အလယ်မှာတော့ ဘုရားဆင်းတုတော်ကလေးတစ်ဆူရှိတယ်။ ဉာဏ်တော်ကတော့ အလွန်ဆုံးရှိလှ သုံးလက်မလောက်ပဲဗျ။ ဘုရားဆင်းတုက ဘာသတ္တုနဲ့လုပ်ထားသလဲတော့မသိဘူးဗျာ၊ ဝင်းလက်နေတာပဲ၊ အရောင်ကလည်း သက်တံ့ရောင်လိုလိုအရောင်ပြေးကလေးဗျ၊ ဦးသူတော်က ဘုရားဆင်းတုကိုသေချာကြည့်ရင်း ပြုံးနေတယ်၊ မမမြတို့ကတော့ ငိုတော့တာပဲဗျာ။

“ဟေး၊ ဟေး ရပြီ၊ သတ္တုငါးပါးနဲ့ လုပ်ထားတဲ့ ပဉ္စလောဟာဆိုတဲ့ ဆင်းတုတော်ပဲ၊ ဒီဆင်းတုထဲမှာ ငါလိုချင်တဲ့ မဟိဒ္ဓိဓါတ်လုံးရှိတာပေါ့၊ ဓါတ်လုံးရရင် ငါအောင်ပြီ၊ ငါဝိဇ္ဇာဖြစ်ပြီကွ၊ ဟား၊ ဟား”

ဒီအချိန်မှာပဲ ကျုပ်နားထဲမှာ ပျားပျံတာလိုလို ပိတုန်းပျံတာလိုလို တဝီဝီနဲ့ကြားရတယ်၊

“ဟေ့ကောင်၊ အလတ်ကောင်”

“ဟင်၊ ဦးဘသာ၊ ခင်ဗျားဘယ်မှာလဲ”

ကျုပ်လည်း ကျီးကန်းတောင်းမှောက် လိုက်ရှာတာပေါ့။

“ရှာမနေနဲ့ကွ၊ ငါမင်းရဲ့ နားအနားမှာ ရောက်နေတာကွ၊ အမေးအမြန်းထူမနေနဲ့ ငါပြောတာကိုနားထောင်စမ်းပါ”

ကျုပ်လည်း ခေါင်းညိတ်လိုက်တာပေါ့။

“မင်းက စည်းဝိုင်းအတွင်းမရောက်သေးဘူးကွ၊ ငါလည်း စည်းအတွင်းကို ဝင်မရဘူး၊ ဒီတော့ မင်းကိုငါဖြေပြီးတာနဲ့ မင်းကစည်းဝိုင်းထဲကို ဝင်ပြေးစမ်းကွာ၊ ပြီးတော့ ကြေးလင်ဗန်းထဲက ဖယောင်းတိုင်တွေကို ငြိမ်းရမယ်၊ ဒါဆိုရင် မင်းရဲ့မမမြတို့ လွတ်သွားလိမ့်မယ်၊ တစ်ခုခုတော့ ထူးပြီသာမှတ်ဟေ့”

ဦးသူတော်ကတော့ သတိထားမိပုံမရဘူးဗျ၊ ပြဿဒ်ထဲက ဘုရားဆင်းတုကိုလက်တစ်ဖက်နဲ့နှိုက်ယူုပြီးတော့ သေသေချာချာကြည့်နေတယ်၊ ဒီအချိန်မှာပဲ ကျုပ်ဇက်ပိုးအနားမှာ ပျားတုပ်ခံရသလို ဆစ်ခနဲဖြစ်သွားတော့တာပဲဗျာ၊ ကျုပ်လည်း ယောင်ယမ်းပြီးတော့ ဇက်ပိုးကို လက်နဲ့ရိုက်ထည့်လိုက်တာပေါ့၊ ဘာမှတော့မမိပေမယ့် နာတာတော့အတော်နာတယ်ဗျ၊ ကျုပ်က ဇက်ပိုးကိုဖြောင်းခနဲရိုက်လိုက်တော့ ဦးသူတော်က ကျုပ်ကိုတအံ့တသြနဲ့လှည့်ကြည့်တယ်ဗျ။

“ဟင်၊ မင်း၊ မင်းဘယ်လုပ်ပြီး လွတ်သွားတာလဲ”

ကျုပ်လည်း ဘာမှပြောမနေတော့ဘူးဗျာ၊ ဦးဘသာပြောထားတဲ့အတိုင်း ကြေးလင်ဗန်းထဲမှာ ထွန်းထားတဲ့ ဖယောင်းတိုင်တွေကို ပြေးပြီး လေနဲ့ကုန်းမှုတ်ပါရော၊ ဖယောင်းတိုင်တွေက မငြိမ်းဘူးဗျာ၊ ဒါ့အပြင် ကုန်းမှုတ်တဲ့ကျုပ်ရဲ့အရှေ့ဆံပင်ဘုတ်သိုက်ကို ဖယောင်းတိုင်မီးက စွဲပြီးဆံပင်တွေလောင်ပါရောဗျို့။ ကျုပ်လည်း ကြောက်ကြောက်နဲ့ခုန်ပေါက်ပြီး ဆံပင်မှာစွဲနေတဲ့ မီးတွေကိုငြိမ်းရတာ၊ အဲဒီတော့မှ ကြေးလင်ဗန်းကိုတက်နင်းမိပြီး ဖယောင်းတိုင်တွေအကုန် ကျိုးကုန်ရောဗျို့။

“ဟေ့ကောင်၊ မလုပ်နဲ့”

ဦးသူတော်က အော်တယ်ဗျ၊ သူအော်ပြီးတာနဲ့ မမမြနဲ့ ဦးတောက်တဲ့တို့က ငေါက်ခနဲ မတ်တပ်ထရပ်တယ်။ ဒီအချိန်မှာပဲ ပိတုန်းကြီးတစ်ကောင်က လေထဲမှာပျံဝဲပြီးတော့ ခုနက ဥသျှစ်သီးလို မျက်လုံးကြီးတွေကို လိုက်ထိုးဆိတ်တာပဲဗျာ၊ ပိတုန်းကြီးနဲ့ထိလိုက်တိုင်း မျက်လုံးကြီးတွေက တခွမ်းခွမ်းနဲ့ကွဲပါရော၊ ကျောက်ဖျာပေါ်မှာတော့ ဦးတောက်တဲ့တို့နဲ့ ဦးသူတော်နဲ့ လုံးထွေးနေကြတာပဲဗျာ။

မျက်လုံးကြီးတွေကွဲသွားပြီးတော့ ပိတုန်းကြီးက ကျုပ်ဘေးနားကိုပျံလာတယ်ဗျ၊ မြေမှာနားလိုက်တာနဲ့ ဦးဘသာကြီးဖြစ်သွားတာပဲ။

“ဟာ၊ ဦးဘသာ၊ ဦးဘသာက ပိတုန်းဖြစ်နေတယ်လား”

“အကောင်သေးတော့ ပစ်မှတ်သေးတာပေါ့ကွာ၊ ဒါပါပဲ”

ဦးသူတော်ကြီးကိုလည်း ဦးတောက်တဲ့က ဖမ်းမိသွားတယ်ဗျ၊ ဦးသူတော်ရဲ့ နဖူးကို သူ့လက်ဝါးနဲ့ပိတ်ရိုက်ထည့်လိုက်တော့ ဦးသူတော်တစ်ယောက် ကျောက်ဖျာကြီးထဲကို ခြေထောက်နှစ်ချောင်းက နစ်ဝင်သွားပါရော။

“အား၊ အောင်မယ်လေး”

ဦးသူတော်က အော်ဟစ်နေတယ်ဗျ၊ ကျောက်ဖျာကြီးဆိုပေမယ့်် ဦးသူတော်ခြေထောက်အနားမှာတော့ ရွံ့ဗွက်တွေလို ပျော့စိစိနဲ့ဖြစ်နေတာဗျို့၊ ဦးသူတော်က အဲဒီအထဲကို တအိအိနဲ့နစ်ဝင်သွားတာ၊ ကြည့်နေရင်းနဲ့တောင် ဒူးလောက်အထိရောက်သွားပြီ။ ဦးတောက်တဲ့က ဦးသူတော်လက်ထဲက ဘုရားဆင်းတုတော်ကို ပြန်ဆွဲယူလိုက်ပြီးတော့ ပြဿဒ်ထဲကို ပြန်ထည့်လိုက်တယ်၊ ဦးသူတော်ကတော့ ငိုရှာပါပြီဗျာ၊

“တောင်းပန်ပါတယ်၊ ကျုပ်တောင်းပန်ပါတယ်၊ ကျုပ်ကိုခွင့်လွှတ်ကြပါ”

ဦးတောက်တဲ့က ဒေါသတကြီးနဲ့ကြည့်ပြီး

“မင်းကိုငါတို့ကခွင့်လွှတ်ပါတယ်၊ ဒါပေမယ့် ဒီဓါတ်လုံးက ခွင့်မလွတ်တာပါ၊ မင်းက ဒီဓါတ်လုံးနဲ့မထိုက်တန်ဘူးကွ၊ မထိုက်တန်တဲ့လူတွေအကုန် ဒီဓါတ်လုံးက ပေးတဲ့ပြစ်ဒဏ်ကို ခံယူရမှာပဲ”

ဦးသူတော် ခါးလယ်လောက်နစ်သွားတော့ မျက်နှာကအချိုးပြောင်းသွားတယ်ဗျ၊ ပြီးတော့ ဦးဘသာကိုလှမ်းကြည့်ရင်း

“ဒင်းကြောင့်၊ ဒင်းတို့ရောက်လာလို့ ငါ့အစီအစဉ်တွေပျက်တာ”

ဦးသူတော်က ချိုင်းအောက်ကိုနှိုက်လိုက်တော့ သူ့လက်ထဲမှာ သတ္တုအချောင်းကလေးတစ်ခုပါလာတယ်ဗျ၊ အဲဒီသတ္တုအချောင်းကလေးနဲ့ ဦးဘသာကို လှမ်းပစ်တာဗျို့၊ သတ္တုချောင်းကလေး ပျံတာလည်း မြန်သလားမပြောနဲ့ဗျာ၊ လှစ်ခနဲပဲ၊ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတာနဲ့ ရှေ့ခြေတစ်လှမ်းတိုးပြီးတော့ ဦးဘသာအရှေ့ကိုပစ်ဝင်ပစ်လိုက်တော့တယ်။

“အလတ်ကောင် . . .”

ဦးဘသာခေါ်သံက ဆူညံသွားတာပဲဗျာ၊ ကျုပ်ရင်ဝမှာ ဆစ်ခနဲပူရှိန်းသွားပြီးတော့ ကျုပ်လည်း ပက်လက်ကြီးလဲကျသွားတော့တာပါပဲ၊ ကျုပ်မျက်စိတွေဝါးလာတယ်ဗျ၊ ကျုပ်နားထဲမှာ အသံပေါင်းစုံကြားနေရတယ်။

“မောင်လေး၊ မောင်လေး”

အဲဒါကတော့ မမမြရဲ့အသံပဲဗျ။

“ဟေ့ကောင်လေး၊ လူလေး”

ဒီအသံက အဘိုးကြီးသံနဲ့ဆိုတော့ ဦးတောက်တဲ့ရဲ့အသံပဲဖြစ်မှာ။

“ဟာ၊ ဒီဟာက ပဉ္စလောဟာလှံ၊ ဓါတ်လှံသွားပဲ၊ မြေကိုပစ်ရင် မီးတောက်၊ ရေထဲချရင် ရေခမ်းပြီး၊ မိုးပေါ်မြှောက်ရင် လေပွေမွှေ့သတဲ့၊ ငါတို့တော့ ကိုယ်ကျိုးနည်းပါပေါ့၊ ဟေ့ အလတ်ကောင်၊ အလတ်ကောင် . . .”

ဦးဘသာရဲ့ အသံကိုကြားလိုက်ပြီးတော့ ကျုပ်နားထဲကြားနေတဲ့အသံတွေလည်း အကုန်လုံးပျောက်ပြီး တိတ်ဆိတ်သွားတော့တာပါပဲဗျာ။

ပြီးပါပြီ

ရွင်လန်းချမ်းမြေ့ကြပါစေ

စာဖတ်သူအပေါင်းလေးစားလျက်