ပြန်၍ မပြောနိုင်ရှာ။
ဆက်လျှောက်လာကြရင်း
ရွာတံခါးကိုလှမ်း၍မြင်သောနေရာကို
ရောက်တော့အရှေ့မှလူ၏
ခြေလှမ်းများကရပ်တန့်သွားတော့သည်။
ထိုလူခြေလှမ်းရပ်သွားတော့ အောင်မိုးမှ…
“ငါ့ကိုမကြားချင်ယောင်ဆောင်ပြီးစနေတာ
ဘယ်သူလဲကွ…ဟေ…”
ဟုမေးပြန်သည်။
“ဟေ့ကောင်…မင်းဘယ်သူတုန်း”
အောင်မိုးကစိတ်မရှည်စွာဖြင့် ထိုလူရဲ့အနီးဆီကို
သွားကာမေးသည်။
ဖိုးသောင်းကတော့အောင်မိုးအနောက်၌သာနေခဲ့၏။
ဒီတစ်ခါတော့ရှေ့ရှိလူက
အောင်မိုးအသံကိုကြားဟန်ဖြင့်
အနောက်သို့ခေါင်းကိုငှဲ့စောင်းကာကြည့်လေသည်။
လရောင်အောက်၌မြင်ရသော
ကြောက်စရာမျက်နှာသေကြီးနှင့်
အေးစက်စက်အပြုံးကြီးကြောင့်…
“အောင်မလေးဗျ….သရဲ…သရဲ….
သရဲ စိန်တိုး…စိန်တိုးသရဲ….”
ဟုအော်ဟစ်ပြီး အောင်မိုးကရွာထဲသို့
ပြေးဝင်သွားတော့သည်။
ဖိုးသောင်းခမျာ စိန်တိုးရဲ့မျက်နှာကြီးကိုမြင်ကတည်းက
အကြောက်လွန်ကာနေရာ၌ခွေခနဲလဲကျသွားရှာသည်။
သရဲစိန်တိုးကလည်း
သတိလစ်လဲကျနေသောဖိုးသောင်းကိုကြည့်ရင်း…
“ဟားး…ဟား…ဟားးး….ဟားး…ဟားးးးးး…….”
ဟုခြောက်ကပ်ကပ်အက်ကွဲကွဲအသံကြီးဖြင့်
ရယ်မောလေသည်။
ထိုသို့ရယ်မောရင်းသူလာရာလမ်းအတိုင်း
တရွေ့ရွေ့ပြန်လျှောက်သွားတော့၏။
အောင်မိုး၏အော်သံကြောင့်
ယင်းမာတစ်ရွာလုံးလည်းအထိတ်ထိတ်အလန့်လန့်ဖြင့်
နိုးလာခဲ့ကြရသည်။
“ဘယ်သူဘာဖြစ်တာလဲဟေ့…”
“ဘယ်သူ့အသံတုန်း”
ယောကျာ်းသားများကအိမ်ထဲမှ
ထွက်ကာမေးကြတော့သည်။
“အော်ဟစ်ပြီးရွာထဲပြေးဝင်လာတာက
အောင်မိုးအသံထင်တာပဲကွ…”
“ဒီကောင်ဘာဖြစ်တာတုန်း”
ရွာသားတွေကအောင်မိုးအိမ်သို့သွားကြတော့သည်။
အောင်မိုးကတော့မိဘတွေကြား၌ထိုင်ရင်း
တုန်တုန်ရီရီဖြစ်လို့နေသည်ကိုမြင်ကြရသောအခါ…
“အရီး…ဒီကောင်ဘာဖြစ်လာတာလဲဗျ”
ဟုဝိုင်းမေးကြတော့၏။
“အရီးတို့လည်းဘာမှမသိဘူးဖိုးပေါက်ရယ်…
မေးနေတာလည်းမဖြေဘူး…
မင်းတို့တွေမြင်တဲ့အတိုင်းပဲကွယ်…”
“စိန်…စိန်တိုး….သရဲ…
သရဲ…စိန်တိုး…….အီး….ဟီးးးး….အမေ…
ကျုပ်….ကျုပ်ကြောက်တယ်…”
ဟုပြောကာအောင်မိုးသည်
မိခင်ဖြစ်သူရင်ခွင်ထဲ၌ခွေကာနေလေသည်။
“ကြည့်ရတာ ဒီကောင့်ကိုစိန်တိုးခြောက်လိုက်ပုံပဲ…”
“နေပါဦး…ဒီကောင်တစ်ယောက်ထဲဒီအချိန်ကြီး
ရွာပြင်မှာဘာသွားလုပ်လို့စိန်တိုးကခြောက်ရတာလဲကွ”
ရွာသားများကအချင်းချင်းအဖြေရှာနေကြသည်။
ထိုစဥ်အောင်မိုးအဖေမှ….
“ငါ့သားတစ်ယောက်ထဲမဟုတ်ဘူးကွ…
သွားတုန်းကဖိုးသောင်းပါသွားသေးတယ်…
ဒီကောင်တွေမနက်ကတည်းကဟိုဘက်ရွာက
မင်္ဂလာဆောင်ကိုသွားကြတာ…
အခုမှပြန်လာကြပုံရတယ်…”
“ဟာ…ဒါဆိုဖိုးသောင်းကရော…
ဘယ်ကျန်နေခဲ့တာတုန်း…”
“အေး…ဖိုးသောင်းကဟိုဘက်ရွာမှာနေခဲ့တာလား”
“အဲ့သည်လိုတော့မဟုတ်လောက်ဘူးနော်…
ဒီနှစ်ကောင်ကသွားအတူ…စားအတူတွေ
မနေခဲ့လောက်ဘူး…”
ရွာသားများစကားကြောင့်အောင်မိုးတစ်ယောက်
ခေါင်းထောင်လာခဲ့သည်။
ပြီးနောက်အလန့်တကြားဖြင့်…
“ဟင်…ဖိုးသောင်းက….
ဟိုနေရာမှာ…ကျန်ခဲ့ပြီ…အမေ…အဖေ…
လုပ်ပါဦး…ကျုပ်ကကြောက်ပြီးအရင်ထွက်ပြေးလာတာ…
ဟိုကောင်ကျန်နေခဲ့ပြီဗျ…”
ဟုအော်ဟစ်ကာပြောလိုက်တော့သည်။
ထိုအခါအောင်မိုးမိဘများနဲ့ရွာသားများမှာလည်း
ဖိုးသောင်းအတွက်စိုးရိမ်ကုန်ကြသည်။
“ဒီလိုဆိုတို့တွေလူစုပြီးသွားရှာရအောင်…
အောင်မိုး မင်းကတော့အိမ်မှာပဲနေခဲ့တော့…”
ဖိုးသောင်းကိုရှာဖို့ရွာသားဆယ်ယောက်ရွာပြင်ကို
ထွက်လာခဲ့ကြသည်။
“တို့သူကြီးရွာမှာမရှိတဲ့နေ့ကြရင်
ဖြစ်လိုက်တဲ့ကိစ္စကွာ…
လင်မယားရန်ဖြစ်တာနဲ့…
ညီအစ်ကိုချင်းသတ်တာနဲ့…
ဟောအခုလည်းကြည့်သရဲခြောက်ခံရတာနဲ့…ဟူး…”
ရွာသားတစ်ယောက်ကငြီးတွားလေတော့
ကျန်ရွာသားများကလည်း
ခေါင်းလေးတညိတ်ညိတ်ဖြင့်ထောက်ခံကြသည်။
“ဟာ…ဟိုရှေ့မှာဘယ်သူလဲကွ”
မြေပေါ်၌ခွေခွေလေးလဲကျနေသောလူတစ်ယောက်ကို
မြင်သောအခါအားလုံးမှာချီတုံချတုံဖြစ်ကုန်ကြရသည်။
“ဟေ့…ဘယ်သူလဲ…”
“မင်းသွားကြည့်စမ်းပါကွာ…”
“ဟာ…ခင်ဗျားကလည်းကျုပ်ကဘာလို့ကြည့်ရမှာလဲ”
“စိန်…စိန်တိုးဖြစ်နေမလားမသိဘူးနော်…”
“ဟုတ်ပါ့မလား…စိန်တိုးကဒီလိုညှပ်သေးသေးမှ
မဟုတ်တာကွာ…”
“ဟ…မင်းကလည်းသရဲပါဆိုနေ
ပုံသဏ္ဍန်အမျိုးမျိုးပြောင်းလို့ရတယ်လေကွာ…
ဒါကလည်းသူပုံပြောင်းထားတာနေမှာပေါ့…”
“အေးနော်…ငါတော့ကြောက်တယ်…
သွားမကြည့်ရဲဘူးကွာ…”
ရွာသားဆယ်ယောက်မှာ
မြေပေါ်လဲကျနေသူထံမသွားရဲကြဘဲ
တစ်ယောက်တစ်ပေါက်ဖြင့်ပြောဆိုနေကြသည်။
ထိုစဥြ…
“အင်း….ဟင်း…”
ဟုသောငြီးတွားသံကြီးထွက်လာ၍အားလုံးမှာ
ကြောက်လန့်ပြီးနောက်သို့ဆုတ်ကုန်ကြတော့၏။
“ငါတို့ကိုစိန်တိုးခြောက်နေတာထင်တယ်…”
“အသံတွေတောင်ထွက်ပြီးငြီးပြနေတာကွ”
“နေကြပါဦးကွာ…မင်းတို့အသံတွေနဲ့
သူပြောနေတာကိုမကြားရဘူးကွ…”
“ဟာ…သရဲခြောက်နေပါတယ်ဆို…
မင်းကဘာကြားချင်တာတုန်း”
“မင်းတို့တိတ်ကြစမ်းပါကွာ…
နေပါဦး…ဒီကောင့်ကိုငါသိသလိုပါ…”
ဟု…ပြောနေသောရွာသားက ရှေ့သို့ထွက်လာပြီး
လဲကျနေသူဆီကိုခပ်သွက်သွက်သွားလေသည်။
“ဟာ…ဒီလူကတော့ ဟိုကဂုတ်ချိုးသတ်နေမှ
ဖြင့်ကွာ…”
ဟု…ကျန်လူများကစိုးရိမ်တကြီးဖြင့်လှမ်းအော်ကြသည်။
သို့သော်ထိုရွာသားကတော့
လဲကျနေသူကိုသေချာစိုက်ကြည့်ပြီး…
“မင်း…ဖိုးသောင်းမလား…”
ဟုပြောရင်း ပုခုံးကိုဆွဲကာလှည့်လိုက်တော့…
“ဟာ…ဟုတ်နေတာပဲ…
ဟေ့ကောင်တွေလာကြ…
ဘာသရဲမှမဟုတ်ဘူး…ဒါဖိုးသောင်းကွ”
ဟုအော်ကာခေါ်လေသည်။
ကျန်လူများကလည်းထိုအခါမှအပြေးရောက်လာပြီး
ကြည့်ကြတော့သည်။
“ဟာ…ဖိုးသောင်းပဲကွ”
“အေးကွာ…ငါတို့ကသရဲမှတ်နေတာ…”
“မင်းတို့အထင်တွေနောက်မှပြောကွာ…
လာကြ…ဖိုးသောင်းက်ိုရွာထဲခေါ်သွားရမယ်…
ဒီကောင်အကြောက်လွန်ပြီးမြောနေတာထင်တယ်…”
“အေး…အေး…ငါထမ်းခဲ့မယ်..
မင်းတို့ မ ပေးကြ”
ရွာသားဆယ်ယောက်ထဲမှလူကောင်ပိုထွားသော
ရွာသားကဖိုးသောင်းကိုပုခုံးဖြင့်ထမ်းကာ
ခေါ်လာခဲ့၏။
ရွာထဲ၌လည်းဖိုးသောင်း၏မိဘများနဲ့အတူကျန်လူများက
စောင့်မျှော်နေကြသည်။
သတိမရသောဖိုးသောင်းကိုသယ်လာကြသည်ကိုမြင်တော့
အားလုံးလည်းဖိုးသောင်းအတွက်စိတ်ပူကုန်ကြသည်။
သို့သော်အတွေ့အကြုံရှိသောလူကြီးများက
ဖိုးသောင်းကိုပရိတ်ရေတိုက်ယုံသာမက…ယခန္ဓာကိုယ်ပေါ်၌လည်းပရိတ်ရေကိုပတ်ဖြန်းပေးကြလေသည်။
အားလုံးဝိုင်းပြုစုပေးမှုကြောင့်
ဖိုးသောင်းတစ်ယောက်သတိလည်လာခဲ့သည်။
ယင်းမာရွာ၌သရဲအခြောက်အလန့်ခံရမှုများတွင်
ယခုတစ်ခေါက်ကရွာပင်လန့်ခဲ့ရသည်။
ထို့ကြောင့်လူပြောများပြီး
သရဲစိန်တိုးကိုပို၍ကြောက်လန့်လာခဲ့ကြရ၏။
ညရေးညတာကိစ္စများရှိရာ၌လည်း
ထိုလမ်းကသွားလာသူမရှိတော့ပေ။
တစ်ရက်မှာတော့ တစ်ဖက်ရွာမှ
ဝက်သားရောင်းသူတစ်ဦး ညနေပိုင်းအချိန်တွင်
ကျန်နေသောဟင်းတွဲများကို ယင်းမာရွာထဲ၌ရောင်းချချင်၍
ရွာအနောက်ဘက်လမ်းဆီမှလျှောက်လာခဲ့သည်။
ထိုလမ်း၏အကြောင်းကိုလည်းမသိ၍
လာပုံရပေသည်။
“ရှက်…ရှက်…ရှက်…ရှက်…”
တစ်ဦးထဲဟင်းတောင်းကို
ရွက်၍လာနေရင်းမှ သူ၏အနောက်ဆီမှခြေသံကြား၍
လှည့်ကြည့်သောအခါ…
“ဟောတော်…ဘယ်သူမှလည်းမရှိပါလား”
ဟု…ကြည့်နေရင်းမှရေရွတ်လိုက်သည်။
အနောက်ကိုမျက်စိလေးဟိုကြည့်ဒီကြည့်ကြည့်ရင်း
ရှေ့ကိုပြန်လှည့်၍ခြေလှမ်းကို
ခပ်သွက်သွက်လှမ်းရတော့သည်။
“ရှက်…ရှက်…ရှက်…”
ရွာသို့မရောက်ခင်အထိခြေသံကိုကြားနေရသည်။
သို့သော်အနောက်ကိုလှည့်မကြည့်ဘဲအရှေ့ကို
ဒုန်းစိုင်းသွားရ၏။
နှုတ်မှလည်းရသမျှဘုရားစာလေးကိုသာ
အားခဲ၍ရွှတ်နေခဲ့ရှာသည်။
ရွာထဲဝင်လေမှ စိတ်ကိုလျော့ချရတော့သည်။
ရွာထဲကိုရောက်တော့ဝက်သားတွဲများရောင်းဖို့
တောင်းကိုချတော့ ဟင်းတောင်းက
သိသိသာသာပေါ့နေခဲ့သည်။
အုပ်ထားသောပုဆိုးစကိုဖယ်ကြည့်ချိန်၌…
“အမယ်လေး…အသားတွဲတွေ
ဘယ်များရောက်ကုန်ပါလိမ့်…သွားပါပြီ…
ငါ့အသားတွဲတွေကုန်ပါပြီ……”
ဟုဝမ်းနည်းပက်လက်အော်ဟစ်ရင်းငိုကြွေးရှာသည်။
ယင်းမာရွာသူ၊ရွာသားတို့ကလည်း
အကျိုးအကြောင်းမေးကြည့်ကြတော့
အသားသည်ကလည်းဖြစ်ကြောင်းကိုပြောပြသောအခါ
သရဲစိန်တိုးလက်ချက်မှန်းသိကုန်ကြတော့သည်။
အသားသည်ကြီးကတော့ရောင်းဖို့ယူလာသောအသားတွဲ
လေးတွဲလုံးသရဲဆွဲခြင်းကိုခံလိုက်ရ၍
ငိုယိုပြီးရွာအရှေ့ဘက်လမ်းဆီမှပြန်သွားတော့သည်။
အသားသည်ကြီး၏အဖြစ်ကြောင့်ဘေးရွာများပါ
ထိုလမ်းအကြောင်းကိုသိရှိသွားကြတော့၏။
*********************************
“ဘွားရှိလားဗျို့…ဟောမမဝင်းပါလား…”
“ဟယ်…အောင်မောင်း…လာဟဲ့…
ဘယ်ကများရောက်လာတာတုန်း…”
အောင်မောင်းဆိုသောသူနှင့်အမျိုးသားတစ်ဦးတို့
ဘွားမယ်စိန်၏နေအိမ်သို့ရောက်ရှိလာခဲ့သည်။
“ဒီကိုပဲလာခဲ့တာမမဝင်း…
ကျုပ်လည်းဗျာ…မြို့အနေများတော့
ရွာကိုသိပ်မရောက်ဖြစ်ဘူး”
“အမယ်လေး… မြို့သားကြီးဆိုတော့
တို့တောကိုမေ့နေတာမဟုတ်လား…”
“မေ့စရာလားဗျာ…ကျုပ်ကတောမှာပဲပျော်တဲ့ကောင်ဗျ…
မြို့မှာကျတော့အလုပ်လေးရှိဝင်ငွေလေးမှန်တော့
နေနေရတာပါမမဝင်းရာ…”
“အေးပါဟယ်…အခုကရောဘာအကြောင်းရှိလို့
ရွာကိုပြန်ရောက်လာတာလဲ”
“အကြောင်းထက်…အရင်မိတ်ဆက်ပေးဦးမယ်…
ဒါကျုပ်ညီဝမ်းကွဲလေး…ထူးသာလို့ခေါ်တယ်ဗျ…
သူကယင်းမာရွာသားလေ…ကျုပ်အဖေဘက်ကအမျိုးပေါ့ဗျာ”
“အေးပါ…တွေ့ရတာဝမ်းသာပါတယ်…
အရီးတို့နဲ့ဒီအောင်မောင်း ကတော့အမျိုးတွေလိုကို
ခင်ခဲ့ကြတာကွဲ့…”
ဒေါ်ဝင်းကပြုံးပြုံးရွှင်ရွှင်ပင်ပြောလေသည်။
ကိုအောင်မောင်း ကတော့မျက်လုံးကိုဟိုကြည့်…
ဒီကြည့်ဖြင့်…
“မမဝင်း…ဘွားကောဘယ်သွားလဲဗျ…”
“နင့်အဘွားကသူ့သားအိမ်ခဏသွားတယ်ဟဲ့…
ဘာလဲနင်တို့ကအမေ့ဆီကိုလာကြတာလား”
“အဲ့သည်လိုပဲပြောရမှာပဲဗျာ…
ဘွားဆီကနေပြီး အကူအညီလေးတောင်းချင်လို့ပါ…”
“အေးပါ…ဒါဆိုရင်ငါ့သမီးကိုလိုက်ခေါ်ခိုင်းချေမယ်…
အမေကစောစောကမှထွက်သွားတာဟဲ့”
“သြော်…ဒီလိုဆိုရင်နေပါစေမမဝင်း…
ကျုပ်တို့ညနေထမင်းစားပြီးမှလာလိုက်မယ်…
အဲ့အချိန်တော့ ဘွားအိမ်မှာရှိမယ်မဟုတ်လား”
“အဲ့အချိန်ဆိုရင်တော့ ဘယ်မှမသွားတော့ဘူး
အိမ်မှာပဲရှိတယ်…”
“ဟုတ်ပြီဗျာ…ဒါဆိုရင်ကျုပ်တို့အခုပြန်လိုက်ဦးမယ်..
ညနေထမင်းစားပြီးမှလာတော့မယ်မမဝင်း”
“အေး…အေး…ဟုတ်ပြီ…ဟုတ်ပြီ”
ကိုအောင်မောင်းတို့လည်းဒေါ်ဝင်းကို
အကျိုးအကြောင်းပြောပြီးပြန်သွားကြသည်။
ဘွားမယ်စိန်ကလည်းနေစောင်းခါနီးမှ
အိမ်ကိုပြန်ရောက်လာခဲ့၏။
“အမေကလည်း…ကျုပ်အခုပဲလိုက်ခေါ်တော့မလို့…
ဘာတွေများအဲ့သည်လောက်ကြာနေတာတုန်းတော့်”
“အိုအေ…ဟိုမှာလူကြီးတွေလည်းရှိတော့
စကားပြောနေကြလို့ပေါ့အေ…”
“ဟုတ်ပါပြီတော်…ထမင်းစားတော့မလားအမေ”
“ထမင်းမစားတော့ဘူးလေ..
ဟိုကနေပဲစားခဲ့လိုက်တယ်…”
“အမေကအဲ့သည်အတိုင်းကြီးပဲ…ကျုပ်တို့သားအမိက
အမေနဲ့ထမင်းအတူစားဖို့စောင့်နေတာကို…”
“နောက်ရက်လည်းအတူစားလို့ရပါတယ်မိဝင်းရယ်…
ကဲ…အမေခြေလက်ဆေးပြီးဘုရားဝတ်ပြုဦးမယ်…”
“ဟုတ်အမေ…သြော်…ဒါနဲ့နေ့လယ်က
အောင်မောင်းလာသွားသေးတယ်
အမေ့ဆီကအကူအညီလေးတောင်းချင်လို့တဲ့…
ကျုပ်လည်းအမေ့လိုက်ခေါ်ပေးမယ်ဆိုတော့
မခေါ်ပါနဲ့တဲ့ညနေထမင်းစားပြီးမှလာမယ်ပြောသွားတယ်…”
“အောင်မောင်းကဘယ်အောင်မောင်းတုန်းအေ့”
“ဟိုမြို့တက်အလုပ်လုပ်နေတဲ့
အောင်မောင်းလေအမေရယ်…
အမေ့သားသူငယ်ချင်းလေ”
“သြော်…အေး…အေး…သိပြီ…သိပြီ..
ဒါဆိုအမေဘုရားအရင်ဝတ်ပြုလိုက်ဦးမယ်…
သူတို့လာရင်ခဏထိုင်စောင့်ခိုင်းလိုက်ဦး”
“ဟုတ်အမေ”
ဘွားမယ်စိန်လည်းခြေရေလက်ရေများဆေးကြောပြီးလေမှ
ဘုရားဝတ်ပြုဖို့အိမ်ပေါ်သို့တက်သွားတော့သည်။
ခဏမျှကြာတော့ ကိုအောင်မောင်းတို့ရောက်လာခဲ့၏။
“မမဝင်း…ဘွားရောက်ပြီမလား”
“အေး…ရောက်ပြီဟဲ့…
လာကြလေ…”
ကိုအောင်မောင်းတို့လည်းကွပ်ပျစ်၌ဝင်ထိုင်ကြသည်။
“ခဏစောင့်ကြဦး…အမေကဘုရားကန်တော့နေလို့ဟဲ့…
ဒီမှာနင်တို့လာမှာမလို့လက်ဖက်သုပ်ပေးထားတယ်…
အကြမ်းရည်လေးနဲ့စားကြဦး…”
“ဟုတ်ကဲ့မမဝင်း”
ဘွားမယ်စိန်မလာသေး၍ဒေါ်ဝင်းကကိုအောင်မောင်းတို့နှင့်
စကားအတူထိုင်ပြောနေခဲ့သည်။
နန်းကြိုင်လေးကတော့မီးဖိုထဲ၌ထမင်းစားနေခဲ့၏။
ဘုရားကန်တော့ပြီးလေတော့ဘွားမယ်စိန်လည်း
ကွပ်ပျစ်ခင်းဆီသို့ရောက်လာခဲ့ပြီး
ဒေါ်ဝင်းဘေး၌ထိုင်လိုက်သည်။
“အောင်မောင်း”
“ဗျာ…ဘွား”
“မမြင်ရတာတောင်ကြာပြီနော်…”
“ဟုတ်ပဗျာ…ကျုပ်ကမြို့မှာအနေများနေလို့ပါဘွားရယ်…”
“အေး…မြို့မှာအနေများတယ်ဆိုပြီး…အခု
ဘွားကိုလာရှာတာဘာကိစ္စများရှိလို့တုန်းကွဲ့”
ကိုအောင်မောင်းကဘွားမယ်စိန်အမေးကိုမဖြေခင်
အတူပါလာသောထူးသာကိုကြည့်၍…
“ကျုပ်ညီဝမ်းကွဲလေးအခက်အခဲဖြစ်နေလို့ပါဘွားရယ်…
ကျုပ်လည်းမနေသာတာနဲ့မြို့ကအလုပ်တွေပစ်ထားခဲ့ပြီး
ဘွားဆီကိုခေါ်လာခဲ့တာဗျ…”
“သြော်မောင်ရင်လေးမှာ
ဘာအခက်အခဲများရှိနေလို့တုန်းကွဲ့ …”
ဘွားမယ်စိန်ကထူးသာကိုကြည့်ပြီးမေးလိုက်သည်။
ထူးသာကမျက်နှာလေးမသာမယာဖြင့်…
“ကျုပ်ကယင်းမာရွာမှာနေတာပါ…
မြို့တက်လိုတာဝယ်ရင်း
ဒီကအစ်ကိုကြီးအောင်မောင်းတို့အိမ်မှာတည်းခဲ့တော့
ကျုပ်အခက်အခဲလေးကိုရင်ဖွင့်မိတာနဲ့
အစ်ကိုကြီးက သောင်ထွန်းရွာကိုလိုက်ခဲ့…
ဘွားဆီကနေအကူအညီတောင်းပေးမယ်လို့ပြောပါတယ်”
ထူးသာစကားကိုဘွားမယ်စိန်နားထောင်နေသည်။
ထူးသာကဆက်ပြီး…
“တကယ်တော့…
ကျွန်တော့်အခက်ခဲက ဒီလိုပါဘွားရယ်…”
ဟုအစချီကာ သူ၏အကြောင်းကိုပြန်၍ပြောပြ လေသည်။
ထူးသာနှင့်မခင်နုတို့မှာမိဘများရှေ့မှောက်၌
နှစ်ဦးသဘောတူလက်ထပ်ထားကြသောလင်မယားပင်။
သူတို့၏အိမ်ထောင်သက်လည်းမကြာသေး၍
တယုတယဖြင့်ချစ်ခင်ကြရှာသည်။
မခင်နုကလည်းယင်းမာရွာသူဖြစ်သလို
ထူးသာကလည်းယင်းမာရွာသားပင်။
သူတို့နှစ်ဦးချစ်ကြိုက်၍လက်ထပ်ယူခဲ့ခြင်းဖြစ်ပေသည်။
မခင်နုကလည်းထူးသာ၏အိမ်၌လိုက်၍
ထူးသာမိဘများနဲ့အတူနေထိုင်ရှာသည်။
“ခင်နုတို့များ…စိန်တိုးကိုတောင်မေ့နေလောက်ရောပေါ့…”
“ဟယ်ကောင်မတွေဘာတွေလျှောက်ပြောနေကြတာလဲ”
အိမ်အလည်လာကြသောသူငယ်ချင်းမများက
ဝိုင်းစကြ၍မခင်နုမှာထူးသာ၏
မိဘများကြားသွားလေမလားစိုးရိမ်နေရှာသည်။
“ဟုတ်ပအေ…ဒီကောင်မက သူ့ကိုအသေအလဲကြိုက်တဲ့
စိန်တိုးကိုမေ့နေမှာပေါ့…သူ့ဘေးမှာထူးသာရှိနေပြီကိုးအေ့”
“မဟုတ်တာတွေမပြောစမ်းနဲ့အေ…
တော်နေကြားသွားရင်မကောင်းပေဘူး”
“အို…ညည်းကိုစိန်တိုးက
အသေအလဲကြိုက်ခဲ့တယ်ဆိုတာ
တို့တစ်ရွာလုံးသိတာပဲ…
စိန်တိုးကိုမရွေးဘဲ…ညည်းကထူးသာကိုရွေးတာလည်း
တစ်ရွာလုံးသိနေတာကို ဘာတွေစိုးရိမ်နေတာလဲအေ့…
ဘာလဲ…ညည်းစိန်တိုးကိုသတိရနေတာမလား…”
“ညည်းတို့နဲ့ ခက်ပါရဲ့အေ”
သူငယ်ချင်းများကဝိုင်းစနေကြ၍
မခင်နုမှာ အနေရခက်နေသည်။
သူတို့စကားကြောင့်စိန်တိုးကိုပင်သတိရမိ၏။
စိန်တိုးသည် အသားကညိိုညို…
ခန္ဓာကိုယ်ကတောင့်တောင့်…
ဆံပင်ရှည်ကြီးကိုသျှောင်ထုံး ထုံးထားပြီးအမြဲတမ်း
စစနောက်နောက်နေတတ်သည့်လူပျော်ကြီးဖြစ်သည်။
ထိုလူပျော်ကြီးက မခင်နုကိုကြိုက်တာလည်းရွာက
ကလေးမှခွေးအဆုံးအားလုံးသိကြ၏။
“ခင်နု…နင်ရေခပ်မလို့လား…
ပေး…ပေး…ငါရေငင်ပေးပါ့မယ်ဟ”
“ရပါတယ်စိန်တိုးရယ်…ငါ့ဘာသာပဲငင်ပါ့မယ်”
“အမယ် ကိုစိန်တိုးကြီးက ကျုပ်တို့ကိုတောင်မမြင်ဘူး…
ခင်နုကိုပဲကွက်မေးသတော်…”
“ဟဲ့…ညည်းတို့အသားအရည်ကမည်းချိတ်နေတာ
ငါကမြင်မလား…ညည်းတို့က
ခင်နုလိုဖြူဖြူဖွေးဖွေးမှ မဟုတ်တာ…”
“အလိုတော်…သူတနှာရူးပြီးခင်နုကိုပဲမြင်တာများ
တို့အသားကိုမည်းတယ်တဲ့…
ကြားလို့မှကောင်းကြသေးရဲ့လားတော်”
“အောင်မယ်…ငါ့ကိုများတနှာရူးသလေးဘာလေးနဲ့…
ညည်းတို့တော့နာတော့မယ်…”
“ခင်နုရေ…ကယ်ပါဦးဟဲ့…တနှာရူးကြီး
တို့တွေကိုရန်လိုနေပြီ…”
ရေတွင်း၌ခင်နု၏သူငယ်ချင်းများက
စိန်တိုးကိုဝိုင်းစကြသည်။
စိန်တိုးကိုဒေါသထွက်သည်အထိစကြတော့
စိန်တိုးကလည်းအသည်းအသန်လိုက်ရိုက်တော့၏။
ခင်နု၏သူငယ်ချင်းများကလည်းစိန်တိုးလက်မှ
လွှတ်အောင်ပြေးလွှားနေကြသည်။
ခင်နုအိမ်အပြင်ထွက်သည်နှင့်စိန်တိုးက
အနောက်ကအမြဲပါတတ်သည်။
“စိန်တိုး…နင်ဟာ…ငါ့နောက်ကဘာလို့အမြဲလိုက်နေရတာလဲ”
“ခင်နုရယ်…မေးမှမေးတတ်ပါပေတယ်…
နင်သွားရာကိုငါအမြဲလိုက်နေတာဆန်းသလားဟ…”
“မဆန်းတာကိုသိပါတယ်စိန်တိုးရယ်…
ငါလည်းနင့်ကိုအခါတစ်ရာမကပြောပြီးပြီပဲ…
ငါနင့်ကိုသူငယ်ချင်းတစ်ယောက်လိုပဲခင်တာပါဟယ်…
ဒါပေမယ့်အဲ့သည်ထက်တော့ပိုမလာနိုင်ဘူးဆိုတာ
နင်လည်းသိရဲ့သားနဲ့…”
“အေးလေ…နင်ကလည်းဒီစကားတွေပဲဲပြောနေမှတော့
ငါ့ဘက်ကလည်းပြောနေကြစကားပဲပြောရမှာပေါ့ဟာ…
နင့်မှာချစ်ရတဲ့သူမရှိခင်အထိတော့
ငါ့အချစ်ကိုနင်မြင်ပေးပါခင်နုရယ်…
နင်နဲ့ဒီအတိုင်းလေးပဲဆက်နေပါရစေဟာ…”
“ခက်လိုက်တာစိန်တိုးရယ်…ဟင်း….”
မခင်နုလည်းစိန်တိုးကိုပြောပြနေသော်လည်း
စိန်တိုးကလက်မလျော့၍ သက်ပြင်းသာချမိသည်။
ဒီလိုနဲ့နေလာရင်းမှ မခင်နုတစ်ယောက် တစ်ရွာထဲသား
ဖြစ်သောထူးသာနှင့်ချစ်ကြိုက်မိလေသည်။
မခင်နုနဲ့ထူးသာ၏အကြောင်းကိုသိလေတော့
စိန်တိုးတစ်ယောက်ရင်ကွဲပက်လက်ဖြစ်ရှာတော့၏။
သို့သော်မည်သူ့ကိုမှလည်းရန်လုပ်ခြင်းမလုပ်သလို…
မည်သူနဲ့မှလည်းမတွေ့တော့ဘဲအရက်ကိုသာ
ဖိသောက်လေသည်။
အကြောင်းသိသူများကလည်းစိန်တိုးကိုသာ
သနားနေကြရှာသည်။
မခင်နုနဲ့ထူးသာတို့၏မင်္ဂလာပွဲကျင်းပသောရက်၌
စိန်တိုးတစ်ယောက်အရက်ပုလင်းကိုဆွဲ
ရွာအနောက်ဘက်သို့ထွက်သွားခဲ့သည်။
နောက်ဆုံး၌ရွာအနောက်လမ်း၌စိန်တိုး၏အလောင်းကိုသာ
အားလုံးတွေ့လိုက်ကြရသည်။
အများကတော့စိန်တိုးတစ်ယောက်ရင်ကွဲ၍
သေသည်ဟုဆိုကြသော်လည်း
တချို့ကတော့အရက်ကြောင့်သေသည်ဟုဆိုကြပြန်သည်။
မည်သို့ကြောင့်ဖြစ်ဖြစ်မခင်နုတို့မင်္ဂလာဆောင်နေ့၌ပင်
စိန်တိုးသေခဲ့လေသည်။
ထိုအကြောင်းများကိုပြန်တွေးမိတော့
မခင်နုမျက်ရည်ဝဲလာခဲ့၏။
စိန်တိုးကိုလည်းသနားမိသည်။
ဒီကြားထဲရွာအနောက်ဘက်လမ်း၌သရဲစိန်တိုးခြောက်လန့်နေသည်ဆိုသောသတင်းကြောင့်ပို၍သနားမိသည်။
စိန်တိုးကလည်းဘုန်းကြီးပင့်ပရိတ်ရွတ်အမျှဝေသည်
ကိုပင်မကျွတ်မလွတ်ဖြစ်နေခဲ့သည်။
မခင်နု၏အိမ်မက်ထဲသို့လည်းစိန်တိုး
မကြာခဏလာတတ်သေးသည်။
အိမ်မက်ထဲ၌မျက်နှာငယ်လေးဖြင့်မခင်နုကို
ကြည့်နေတတ်၏။
မက်လိုက်တိုင်းလည်းထိုသို့ဖြစ်နေလေရာ
မခင်နုမှာစိန်တိုးအတွက်စိတ်မချမ်းသာပေ။
စိန်တိုးအတွက်ကုသိုလ်များလုပ်ပေးပါသော်လည်း
စိန်တိုးကမကျွတ်လွတ်နိုင်သေး…။
တစ်ရက်မှာတော့ မခင်နုက…
“ကိုထူးသာ…”
“ဟေ…”
“ကျုပ်ပြောစရာရှိလို့…”
“အေး…ပြောလေမိန်းမရဲ့…”
ထူးသာကမခင်နုပြောမည့်စကားကိုနားစွင့်နေ၏။
“ကျုပ်လေ…စိန်တိုးကိုဒီဘဝကနေ
ကျွတ်လွတ်စေချင်တယ်တော်..”
“ဟေ…စိန်တိုးဟုတ်လား…”
“တော်လည်းသိသားပဲ…
စိန်တိုးက ကျုပ်အပေါ်ကိုအတော်သံယောဇဥ်တွယ်ရှာတာ…
သူအခုလိုဘဝမျိုးရောက်နေရတာလဲ
ကျုပ်ကြောင့်လို့ထင်ပါရဲ့…”
“ဘာဆိုင်လို့လည်းမိန်းမရာ…”
“ဆိုင်တယ်လို့ကျုပ်ထင်တယ်ကိုထူးသာရဲ့…
ကျုပ်ကိုဒါလေးတော့လိုက်ရောပေးပါတော်…”
“မင်းကဘယ်လိုဖြစ်ချင်လို့လဲမိန်းမရဲ့…
ငါကရောဘာလုပ်ပေးရမှာတုန်း”
“ဆရာကောင်းသမားကောင်းရှာပြီး
စိန်တိုးကိုကျွတ်လွှတ်ဖို့ကူညီပေးချင်တာပါ
ကိုထူးသာရယ်…ပြောသာပြောရတာပါ…
ကျုပ်ကိုတော်ငြိုငြင်မှာလည်းဆိုးပါတယ်တော်…”
“ဒါလေးများမိန်းမရာ….
စိတ်သာချ မင်းဖြစ်စေချင်သလိုဖြစ်ရစေမယ်…
စိန်တိုးဆိုတာကလည်းတခြားသူမှမဟုတ်တာကွာ…
တစ်ရွာထဲအတူနေတဲ့သူတွေပဲ
ဒီလောက်တော့ငါကူညီပေးနိုင်ပါတယ်ကွာ…”
ထူးသာစကားကြောင့်မခင်နုမျက်နှာက
ကျေနပ်မှုအပြည့်ဖြင့်ပြုံး၍နေလေသည်။
ထူးသာစကားဆုံးတော့ဘွားမယ်စ်ိန်ကခေါင်းလေး
တညိတ်ညိတ်ဖြင့်…
“ဒီလိုဆိုရင်စိန်တိုးကိုကျွတ်လွတ်ဖို့
ဘွားအကူအညီလိုတာပေါ့လေ”
“ဟုတ်ပါတယ်ဗျာ…
ကျုပ်လည်းမိန်းမသဘောအတိုင်းဆရာကောင်းရှာနေတာပါ…
ခက်တာကအောက်လမ်းဆရာနဲ့တိုးပြီး
စိန်တိုးကိုခိုင်းစားမှာလည်းစိုးရိမ်မိတာနဲ့,..
ကျုပ်မှာဆရာကောင်းဘယ်လိုရှာရမလဲဆိုပြီး
အခက်တွေ့နေခဲ့ရတာပါ…
အဲ့သည်လိုနဲ့ကံကောင်းချင်တော့
မြို့တက်လာတုန်းကိုအောင်မောင်းနဲ့ဆုံချိန်
ကျုပ်အခက်အခဲကိုပြောပြမိရာကနေ
သူကဘွားအကြောင်းတွေပြောပြလို့
ကျုပ်လည်းဒီကိုလိုက်ပို့ပေးပါလို့ပူဆာပြီး
ပို့ခိုင်းရတာပါ…”
ထူးသာစကားဆုံးတော့
ဘွားမယ်စိန်ကခေါင်းကိုညိတ်၍…
“ကောင်းပြီလေ…မောင်ရင်က ကောင်းတဲ့ကိစ္စကို
လုပ်ဖို့ဘွားဆီလာအကူအညီတောင်းတာပဲ…
ဒီအဘွားကြီးက ကူညီရမှာပေါ့ကွယ်…”
ဟုပြောလိုက်လေတော့ကိုအောင်မောင်းနဲ့ထူးသာတို့က
တစ်ယောက်နဲ့တစ်ယောက်ကြည့်၍
ကျေနပ်အပြုံးများပြုံးသွားကြတော့သည်။
ခဏကြာတော့…
“စိတ်တော့မရှိပါနဲ့ဘွားရယ်…
ကျုပ်ဘက်ကသိချင်ယုံတင်ပါ…
ယင်းမာရွာကိုဘွားဘယ်နေ့လောက်များ
လိုက်လာနိုင်မလဲဗျာ”
ဟုမေးလေသည်။
“အိုကွယ်…ရက်မကြာမနက်ဖြန်ပဲ
လိုက်ခဲ့ပေးပါ့မယ်မောင်ရင်ရယ်…”
ဟုဘွားမယ်စိန်ကပြုံး၍ပြောလိုက်လေတော့
ထူးသာမှာအလွန်ဝမ်းသာသွားပြီး…
“အမယ်လေးဗျာ…ကျေးဇူးတင်လိုက်တာဘွားရယ်”
ဟုပြောရှာတော့သည်။
ထိုသို့ဖြင့်နောက်တစ်ရက်မနက်ရောက်တော့
မောင်တိုးနဲ့မောင်အုန်းတို့ကလွယ်အိတ်ကိုယ်စီဖြင့်
ဘွားမယ်စိန်အိမ်သို့ရောက်ချလာကြသည်။
“ဘွား…ခရီးသွားမယ်ဆိုအသင့်ပဲဗျို့…
ညက ကိုအောင်မောင်းကြီးပြောပြကတည်းက
ကျုပ်ကအထုပ်ပြင်ပြီးသားဗျ”
ဟုမောင်တိုးကဝိုင်းထဲဝင်လာလာခြင်းပြောလေသည်။
မောင်အုန်းကတော့ရယ်မော၍သာနေသည်။
“ဒီလောက်အိမ်မကပ်ချင်တဲ့သားကိုရထားတဲ့
မောင်တိုးအမေခမျာအတော်လေး
ရင်နာမဆုံးဖြစ်ချေတော့မှာပဲ…”
ဟုဘွားမယ်စိန်ကပြောတော့…
“အမေကိုယ်တိုင်ကိုက ကျုပ်ကိုမီးထွန်းပေးထားတာဗျ…
အမေကဆို ကျုပ်အိမ်မှာနေတာထက်
ဘွားနောက်လိုက်တာကိုပိုပြီးသဘောကျတယ်တဲ့ဗျ…”
ဟုမောင်တိုးကပြောတော့ဘွားမယ်စိန်ကပြုံး၍သာနေတော့သည်။
ခဏကြာတော့ ကိုအောင်မောင်းနဲ့ထူးသာတို့လည်း
ရောက်လာကြတော့ ခရီးစထွက်ကြတော့၏။
ထုံးစံအတိုင်းမောင်တိုးကနွားလှည်းမောင်း၍
ဘွားမယ်စိန်နဲ့မောင်အုန်းကအသင့်လိုက်လာကြသလို
ကိုအောင်မောင်းကလည်းမြို့ကိုမပြန်သေးဘဲ
ထူးသာ၏လှည်းဖြင့် ယင်းမာရွာကိုလိုက်လာခဲ့လေသည်။
*********************************
ညသန်းခေါင်ကျော်အချိန်၌
ပတ်ဝန်းကျင်တွင်ခွေးအူသံမှ
အပမည်သည့်အသံမှမကြားရအောင်တိတ်ဆိတ်နေခဲ့သည်။
ထိုသို့တိတ်ဆိတ်နေသည့်အချိန်တွင်
ရွာအနောက်ဘက်လမ်းအတိုင်းလျှောက်လာသည့်…
“ရှက်…ရှက်…ရှက်…”
ဟုသောခြေသံတစ်စုံ…။
ထိုခြေသံပိုင်ရှင်သည် တောင်ဝှေးတစ်ချောင်းကိုမြေပေါ်၌
ထောက်၍ လိုရာဆီကိုဆက်လျှောက်လာခဲ့သည်။
ထိုသူသည်ကအခြားသူမဟုတ် ဘွားမယ်စိန်ပင်၏။
ဘွားမယ်စိန်သည်ရွာအနောက်ဘက်လမ်းရှိ
တမာပင်အောက်သို့ရောက်လာချိန်…
ခြေစုံကိုရပ်တန့်လိုက်ပြီး…
“ဒုတ်”ခနဲတောင်ဝှေးကြီးကိုဆောင့်ချလိုက်၏။
“ဒီနေရာမှာနေတဲ့ စိန်တိုးဆိုတဲ့ကောင်
အခုချက်ချင်းကြားရာအရပ်မှအရောက်လာစေ…”
ဟုပြောလိုက်သည်။
ဘွားမယ်စ်ိန်စကားဆုံးပြီးမကြာပါ…
ဘွားမယ်စိန်နှင့်မလှမ်းသောနေရာ၌
မတ်တပ်ရပ်လျှက်ပင်ကိုယ်ထင်ပြလေသည်။
“စိန်တိုး…ဟုတ်သလား”
ဟုဘွားမယ်စိန်ကမေးလေသောအခါ
ခေါင်းကြီးကိုညိတ်ပြ၏။
“လူတွေဒုက္ခရောက်အောင်…
ဒီလမ်းကိုမသုံးရဲအောင်ခြောက်လန့်နေတာက
ဘာသဘောလဲဟဲ့…”
ဟုမေးတော့ခေါင်းကြီးကိုငုံ့၍မည်သည့်စကားမှမဖြေ။
“ဘာလဲငါ့ဘက်က နင့်ကိုအပြစ်ပေးရမလား…
နင်က ဆိုးသွမ်းတဲ့သရဲလား ဟဲ့…”
ဟုလေသံမာမာဖြင့်ပြောလိုက်သောအခါ
သရဲစိန်တိုးမှာချက်ချင်းမြေပေါ်သို့ဒူးထောက်၍…
“မဟုတ်ရပါဘူးဗျာ…
ကျုပ်သရဲဆိုးမဟုတ်ပါဘူး…”
“အေး…ငါဘာကောင်မလဲနင်သိသလား…
ဒါမှမဟုတ်သိချင်သေးသလား…”
“အမေကြီးကိုကျုပ်သိပါတယ်ဗျာ…
အမေကြီးပညာလည်းအတော်ထက်ပုံရပါတယ်…
ကျုပ်ကိုအပြစ်မပေးပါနဲ့အမေကြီးရယ်…”
ဟု…အသနားခံလေသည်။
“အေး…ဒီလိုဆိုရင်ဘာလို့ဒီဘဝက
မကျွတ်လွှတ်သေးတာလဲဆိုတာအရင်ပြောကွဲ့…
ကျွတ်လွှတ်ဖို့အတွက်အချိန်လိုအပ်သေးလို့လား…”
“မဟုတ်ပါဘူးဗျာ…
ကျုပ်စိတ်ကြောင့်ပါ…”
“ဟဲ့…နင့်စိတ်ကဘာဖြစ်ချင်တာတုန်း”
“ကျုပ်စိတ်ကခင်နုအပေါ်စွဲလမ်းနေတာပါ…”
“အလိုလေး…မေတ္တာဓာတ်တို့ကြီးမားပါပေတယ်ကွယ်…
ဒါပေမယ့်တစ်ခုတော့ရွေးရလိမ့်မယ်…
အဲ့သည်မောင်ရင်စွဲလမ်းနေတဲ့ခင်နုကိုယ်တိုင်က
မောင်ရင့်ကိုဒီဘဝမျိုးရောက်နေတာမကြည့်ရက်ဘူးဆိုပြီး
ဘွားကိုအကူအညီတောင်းထားတယ်…
သူ့ခမျာလည်းစိတ်မချမ်းသာရှာဘူး…”
“ခင်နုက…ကျုပ်ကြောင့်စိတ်မချမ်းသာနေရတာဆိုတော့
ကျုပ်ဘာလုပ်ပေးရမလဲဗျာ…”
“ခင်နုကိုယ်တိုင်က မောင်ရင့်အတွက်သဘက်ခါကျရင်
အလှူအတန်းလုပ်ပေးလိမ့်မယ်…
အဲ့သည်နေ့ကြရင်လည်းသာဓုခေါ်ဖို့မောင်ရင့်ကို
လာခေါ်ကြလိမ့်မယ်…မောင်ရင့်ဘက်ကသာ
သာဓုခေါ်ပေးရင်ခင်နုလည်းစိတ်ချမ်းသာပြီပေါ့ကွယ်…”
ဟုဘွားမယ်စိန်ပြောတော့သရဲစိန်တိုးကတရှုံ့ရှုံ့ငိုနေလေသည်။
ခေါင်းကြီးကိုလည်းတဆတ်ဆတ်ညိတ်ရင်း…
“ကျုပ်သာဓုခေါ်ပါ့မယ်ဗျာ…”
ဟုငိုသံကြီးဖြင့်ပြောရှာသည်။
“ကောင်းပြီ…ဒီလိုဆိုရင်ခင်နုလည်း
စိတ်ချမ်းသာပြီပေါ့ကွယ်…”
ဟုပြောပြီးဘွားမယ်စိန်ကသရဲစိန်တိုးကို
ကျောခိုင်း၍ရွာထဲပြန်ဝင်လာတော့သည်။
ထူးသာတို့အိမ်၌မောင်တိုးတို့ကိုလည်းထားခဲ့သည်မလို့
အားလုံးက လည်တဆန့်ဆန့်ဖြင့်မျှော်နေကြသည်။
ဘွားမယ်စိန်ပြန်ရောက်လာမှအကျိုးအကြောင်း
ပြောပြလေတော့ဝမ်းသာကုန်ကြသည်။
သရဲစိန်တိုးကျွတ်လွှတ်စေရန်အလှူလေးလှူမည်
ဆိုပြန်တော့လည်းတစ်ရွာလုံးကဝိုင်းဝန်းကူညီကြပြန်သည်။
သာဓုခေါ်လာပေးဖို့လည်း ထူးသာရယ်မောင်တိုးတို့
နှစ်ယောက်ရယ်က သရဲစိန်တိုးနေသောတမာပင်ဆီသွား၍ခေါ်ကြပြန်သည်။
ထိုသို့ဖြင့်သရဲစိန်တိုးကိုရည်စူးလှူဒါန်းပေးအပြီး
အမျှအတန်းပေးဝေကြလေသည်။
အလှူပြီးတော့အားလုံးမှာရင်တမမဖြင့်သရဲစိန်တိုး
ကျွတ်လွတ်ပါစေဟုဆုတောင်းကြ၏။
ထိုည၌ပင် မခင်နု၏အိမ်မက်အတွင်းသို့
စိန်တိုးရောက်လာပြန်သည်။
ယခင်က ကဲ့သို့မျက်နှာထားမဟုတ်ဘဲ
ပြုံးရွှင်ကာနေပြီး…
“ခင်နု…ငါနင်နဲ့လာနေပါရစေဟာ…”
ဟုပြောလေတော့
“လာနေချင်တာများလာနေပေါ့ဟာ…”
ဟုမခင်နုကပြန်ဖြေလိုက်သည်။
နောက်တစ်ရက်၌ဘွားမယ်စိန်ကိုသူ့အိမ်မက်အကြောင်းပြောပြလေတော့…
“ဒါဆိုရင်သေချာပြီအေ့…
စိန်တိုးလက်ရှိဘဝကနေလည်းကျွတ်လွှတ်တော့မယ်…
နောက်ပြီးညည်းရင်သွေးလေးအဖြစ်သူလာနေလိမ့်မယ်…”
“ရှင်…”
ဘွားမယ်စိန်စကားကြောင့်အားလုံးအံ့သြကုန်ကြသည်။
ပြီးမှနားလည်သွားကြပြီး ရယ်ကြမောကြဖြစ်လို့
သွားကြတော့၏။
ကိစ္စပြီးလေမှဘွားမယ်စိန်တို့လည်းသောင်ထွန်းရွာကို
ပြန်လာကြရသည်။
မပြန်ပါနှင့်ဦးဟုတားကြပါသော်လည်း ခရီးကကြာနေပြီဖြစ်တာကြောင့်ပြန်တော့မည်ဟုဟာနှုတ်ဆက်ခဲ့ကြရသည်။
ယင်းမာရွာ၌မေ့မရသောစိန်တိုးခြောက်လန့်သည့်
ရွာအနောက်ဘက်လမ်းဟာလည်းယခုတော့လူများပြန်လည်သွားလာနေကြပြီဖြစ်ပေသည်။
ထိုသို့ဖြင့်အစွဲအလမ်းကြီးရှာသောသရဲစိန်တိုး၏
စာမူလေးလည်းပြီးဆုံးသွားပါပြီ။
ယဥ်မင်း(ကန့်ဘလူ)
Leave a Reply