၏။
“ဘွား…ကျုပ်ဒီရုက္ခစိုးကို မကျေနပ်ဘူးဗျာ……”
ကိုဖိုးမောင်သည် ဘွားမယ်စိန်ကိုကြည့်၍ပြောလေသည်။
ဘွားမယ်စိန်မှမပြောသေးခင် သူကြီးဦးနောင်ချိုမှ…
“ဟ…တောင်ပိုင်းက ညောင်ပင်က
ဘာလို့ပါလာရတာလဲ ဖိုးမောင်…”
ဟုမေးလေတော် ကိုဖိုးမောင်သည်…
“ကျုပ်သားသူငယ်ချင်း ငပေကပြောတယ်…
ကျုပ်သားတနေ့ကအဲ့အပင်နားမှာ အပေါ့ မထိန်းနိုင်တာနဲ့
စွန့်ခဲ့မိတယ်ပြောတယ်…တကယ်ဆိုဗျာ…ကလေးတွေကို
ဒီလောက်ထိတော့မလုပ်သင့်ပါဘူးဗျာ…”
ကိုဖိုးမောင်၏အဖြေကြောင့် သူကြီးဦးနောင်ချိုတို့မှာ
ဘွားမယ်စိန်ကိုကြည့်မိကြတော့သည်။
ဘွားမယ်စိန်သည်က တည်ငြိမ်စွာဖြင့် ရေနွေးပန်းကန်းလုံးအတွင်းမှ လက်ကျန်ရေနွေးများကိုမော့သောက်နေ၏။
ပြီးလေမှ ကိုဖိုးမောင်ကိုကြည့်၍…
“ကလေးရဲ့အသုဘကိုသာသေချာလုပ်ပေးလိုက်ပါကွယ်…
ကျန်ကိစ္စကဘွားကိုယ်တိုင်ဖြေရှင်းပေးပါ့မယ်…
ဒါပေမယ့်တစ်ခုတော့ပြောထားမယ်ကွဲ့…
ဘယ်ကိစ္စကိုမှ ဆုံးဖြတ်ချက်တခု…ထင်မြင်ချက်တခုကိုအလျင်စလိုမချမှတ်လေနဲ့……….”
ဟုသာပြောလိုက်လေတော့ ကိုဖိုးမောင်သည်
ခေါင်းကိုညိတ်၍…
“ဟုတ်ကဲ့ပါဘွား…ကျုပ်တို့…ကျုပ်တို့သားအတွက်
တခုခုတော့လုပ်ပေးပါဗျာ…”
ဟု ထပ်မံတောင်းဆိုလေရာ…
“ဟဲ့…ဖိုးမောင်…ဘွားက ဘာလုပ်ပေးလို့ရမှာလဲကွဲ့…
မောင်ရင်တို့ဘက်ကသာ သေသူ ကလေးရဲ့နောက်ဆုံးခရီးကို
ပြည့်ပြည့်စုံစုံလေးပြင်ဆင်ပေးကြ…ဒါဆိုရပြီလေ…”
ဟု…ပြောလိုက်လေမှ သူကြီးဦးနောင်ချိုသည်
ကိုဖိုးမောင်၏ ပုခုံးအပေါ်လက်လေးတင်ကာအားပေးနှစ်သိမ့်ဟန်ပြု၍…
“ကဲပါဖိုးမောင်ရာ…ဘွားပြောတဲ့အတိုင်းသာ
ပြင်ဆင်စမ်းပါကွာနော့…တို့ဘွားပြောတာကို
တို့တွေအမြဲအလေးထားကြတာပဲ…
မင်းရဲ့သားအတွက်တကယ်သာ ရုက္ခစိုးနတ်ရဲ့ပရောဂပါတယ်ဆိုရင် ဘွားကဘယ်နေမလဲကွာ…
မင်းလည်းစဥ်းစားကြည့်စမ်းပါ”
သူကြီးဦးနောက်ချို၏စကားကိုနံဘေးရှိလူများကပါ
ထောက်ခံကြသည်။
ထိုအခါမှ ကိုဖိုးမောင်လည်း စိတ်ကိုဖြေ၍
နာရေးကိစ္စကိုသာ ဦးဆောင်ကာပြင်ဆင်ရှာတော့သည်။
ကိုဖိုးမောင်တို့၏နာရေးမှပြန်လာသော
ဘွားမယ်စိန်၏အိမ်ဆီသို့
သူကြီးဦးနောင်ချိုနဲ့ဦးဘစီတို့အတူလိုက်ပါလာခဲ့ကြသည်။
မောင်တိုးနဲ့မောင်အုန်းတို့လူငယ်များသည်က
အသုဘအခင်းအကျင်းများကိုကူညီလုပ်ဆောင်ပေးနေကြ၍
ကိုဖိုးမောင်၏အိမ်၌သာကျန်ရစ်ခဲ့ကြ၏။
ဘွားမယ်စိန်၏နေအိမ်သို့ရောက်လေတော့
ကွပ်ပျစ်ခင်း၌ ထိုင်နေကြသော ဒေါ်ဝင်းတို့သားအမိ ကွပ်ပျစ်ပေါ်မှဆင်းပေးကြလေသည်။
“အမေ…ပြန်လာပြီလား…သူကြီးတို့လည်းပါလာတာပဲ…
ကျုပ်ဘာပြင်ပေးရဦးမလဲ”
ဟု…မေးလေတော့ သူကြီးဦးနောင်ချိုမှ…
“အစ်မဝင်းရတယ်ဗျို့…ကျုပ်တို့ကဘွားနဲ့စကားပြောစရာရှိလို့
တခါထဲအတူလိုက်လာခဲ့ကြတာ…”
ဟု…ပြောလေတော့ ဒေါ်ဝင်းသည်
ခေါင်းအထက်သို့
တဘက်လေးတခုတင်လိုက်ပြီး…
“ဒီလိုဆို ထိုင်ကြတော်…ကျုပ်တို့သားအမိ နာရေးအိမ်
ကြက်သွန်သင်သွားကူဦးမယ်…”
“အေး..အေး..သွားကြ…သွားကြ…
လာမောင်နောင်ချိုတ်ို့ကဝင်ထိုင်ကြကွဲ့”
ဘွားမယ်စိန်သည် သူကိုယ်တိုင်လည်း ကွပ်ပျစ်ခင်း၌
ဝင်ထိုင်ရင်းသူကြီးဦးနောင်ချိုတို့ကိုလည်းဝင်ထိုင်စေသည်။
ထို့နောက်…
ကွပ်ပျစ်ပေါ်ရှိအကြမ်းရည်အိုးလေးကိုငှဲ့ကာ
ခွက်များအတွင်းထည့်ပေးရင်း သူကြီးဦးနောင်ချိုမှ…
“ဘွား ဘယ်လိုထင်မြင်မိလဲဗျ…ကျုပ်တော့
ဖိုးမောင်စကားကမဖြစ်နိုင်ဘူးလို့ပဲထင်တယ်…”
“ကျုပ်လည်းသူကြီးအတိုင်းပဲဗျ…ဖိုးမောင်အလကားနေ
ရုက္ခစိုးကို အထင်မှားနေတာပဲဖြစ်ရမယ်…”
ဟု…သူကြီးဦးနောင်ချိုနှင့်ဦးဘစီတို့ပြောကြလေသည်။
ဘွားမယ်စိန်မှာ သူ၏သောက်လက်စ
ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို ဖွာကာရှိုက်ရင်း…
“အင်း…မောင်ရင်တို့ပြောသလိုပဲ ဘွားလည်းထင်ပါတယ်..
အခုကိစ္စက ရုက္ခစိုးကြီးဘိုးဒီပနဲ့လုံးလုံးမှ
မသက်ဆိုင်လောက်ဘူး”
“ဗျာ…ဘိုးဒီပ…ဘိုးဒီပဆိုတာ ရုက္ခစိုးကြီးနာမည်လားဘွား”
ဟု…မေးကြပြန်လေသောအခါ ဘွားမယ်စိန်သည်
ခေါင်းကိုသာညိတ်ကာပြလိုက်၏။
ပြီးလေမှ…
“မောင်ရင်တို့မသိတာလေးရှိသေးတယ်…
ဘွား ပြောမယ့်အကြောင်းအရာကိုနားထောင်ပြီးရင်တော့
မောင်ဖိုးမောင်ပြောတာ ဟုတ်သလား…
မဟုတ်ပေဘူးလားဆိုတာ မောင်ရင်တို့တွေစဥ်းစားသာကြည့်ပေတော့”
ဘွားမယ်စိန်စကားကြောင့် သူကြီးဦးနောင်ချိုတို့မှာ
အလွန်စိတ်ဝင်စားသွားကြသည်။
ဘွားမယ်စ်န်သည်က
သူ၏ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို
ဖွာရှိုက်ရင်း အဝေးသို့ငေးမောနေပြန်သည်။
ပြီးလေမှ…
“ဒီလိုကွဲ့…………….”
ဟုအစချီကာပြောပြတော့လေသည်။
********************************
ညအချိန်အခါ၌
လူများနှစ်ခြိုက်စွာအိပ်မောကျနေကြသောသန်းခေါင်ကျော်
လောက်တွင်…
“မယ်စိန်…နှမ……………”
ဟုသောခေါ်သံသည် ဘွားမယ်စိန်နားအတွင်းဝင်ရောက်လာခဲ့တော့၏။
အိပ်ပျော်နေသော ဘွားမယ်စိန်သည်ခေါ်သံကြောင့်
အိပ်ပျော်နေရာမှ မျက်လုံးပွင့်လာခဲ့သည်။
ခေါ်သံသည် အိမ်၏အရှေ့မှဖြစ်တာကြောင့်
ချက်ချင်းအိပ်ရာမှထ၍ အိမ်အရှေ့ဆီသို့သွားလေသည်။
ဘွားမယ်စိန်အိမ်အပေါ်ထပ်တံခါးကိုဖွင့်လိုက်စဥ်
မြင်ရသည်မှာက ဝတ်ဖြူစင်ကြယ်ဝတ်ဆင်ထားသော
အဘိုးအိုတဦးဖြစ်နေခဲ့၏။
မိမိအားအမည်ခေါ်သော ထိုအဘိုးအိုကို
ဘွားမယ်စိန်အကဲခတ်နေစဥ် အဘိုးအိုမှ…
“မယ်စိန်…နှမ…ကျုပ်က
တောင်ပိုင်းညောင်ပင်မှာနေတဲ့ရုက္ခစိုးပါကွဲ့…”
ဟုပြောလေတော့ ဘွားမယ်စိန်သည်…
“အလို…ရုက္ခစိုးနတ်ကြီးက မယ်စိန်ကိုသိလေသလား”
ဟု…မေးလိုက်ပြန်သည်။
“သိတာပေါ့ကွယ်…အခုလာတာကလည်း
ချစ်နှမဆီကို ကျုပ်အကူအညီလေးတောင်းချင်လို့ပါ…”
“ဘာများလဲတော်…”
ရုက္ခစိုးအဘိုးအိုသည် ဘွားမယ်စိန်ကို
“ကျုပ်…နေတဲ့ညောင်ပင်နားမှာ
ဟောသည်ရွာကလူတွေ အညစ်အကြေးတွေလာလာစွန့်ကြတယ်…တခါတရံဆိုကျုပ်နားလည်နိုင်ပေမယ့်…
နေ့ရှိသ၍ ကြုံတွေ့နေရတော့ မသင့်တော်လို့ပါနှမရယ်…”
“သြော်…ဟုတ်ပြီလေ ဒီကိစ္စကို ကျွန်မဘက်က
ကူညီပေးပါ့မယ်…ဒါနဲ့ ရုက္ခစိုးကြီးနာမည်ကဘယ်လိုခေါ်သလဲ”
“ကျုပ်နာမည်က ဘိုးဒီပ ပါ…”
“ကောင်းပါပြီဘိုးဒီပ…ဘိုးဒီပအတွက် ကျုပ်ကူညီပေးမှာမို့
စိတ်ဖြောင့်ဖြောင့်နဲ့သာ လာရာကိုပြန်ပါ…”
“ကျေးဇူးတင်ပါတယ်ကွယ်…”
ရာက္ခစိုးနတ်ဘိုးဒီပလည်းလိုတာကိုရ၍ ပျောက်ကွယ်သွားတော့သည်။
နောက်တစ်ရက်၌ ရွာသူကြီးဦးနောင်ချိုတို့ကိုခေါ်ယူပြီး…
“ဘွားတို့ရွာတောင်ပိုင်းမှာ
ညောင်ပင်ရှိတာသိကြတယ်မဟုတ်လားကွဲ့”
“ဟုတ်ကဲ့သိပါတယ်ဘွား”
“အေး…အဲ့သည်ညောင်ပင်မှာ ရုက္ခစိုးနတ်ရှိတယ်ကွဲ့….
ဒါကြောင့် မောင်ရင်တို့ကို ညောင်ပင်ကိုစည်းခတ်ပြီး
ရုက္ခစိုးနတ်ကွန်းလေးပြင်ဆင်ပေးစေချင်တယ်…
နောက်ပြီး အဲ့သည်ညောင်ပင်နားမှာ
အပေါ့အပါးသွားတာကအစ မကြလုပ်ဖို့
ရွာသူ၊ရွာသားတွေကို သတိပေးပါဦးကွယ်…”
“ဘွားလုပ်စေချင်တာ ကျုပ်တို့လုပ်ပေးမှာပေါ့ဘွားရယ်…
စိတ်ချဗျာ…ကျုပ်ရွာကလူတွေကို သေချာပြောပေးပါ့မယ်…”
ထိုသို့ဖြင့် သူကြီးဦးနောင်ချိုတို့လူစုသည်
ဘွားမယ်စိန်ပြောသည့်အတိုင်းပြင်ဆင်ပေးကြတော့သည်။
ရွာမှလူများကိုလည်းအပေါ့အပါးမသွားစေဖို့
တားမြစ်ထားတော့၏။
ရုက္ခစိုးနတ်ကွန်းကိုတော့ တောင်ပိုင်းမှ ကိုဖိုးဝတို့ညီအစ်ကိုက
နေ့စဥ် တံမြတ်စည်းလှည်းအမှိုက်ရှင်းဖြင့်
ကုသိုလ်ပြုပေးကြလေသည်။
ရုက္ခစိုးနတ်ကွန်းလေးရှိလာချိန်၌ ရွာမှလူတင်မက…
တခြားရွာများမှပါ သားဆုပန်ခြင်း…နှင့်ဆုတောင်းခြင်းများလာရောက်ပြုလုပ်ကြသည်။
ထိုသူများမှနတ်ကွန်းပေါ်သို့အကြွေစေ့များ လှူဒါန်းကြသောအခါ၌ ကိုဖိုးဝတို့ညီအစ်ကိုမှ
ရုက္ခစိုးအရုပ်လေးတစ်ခုလှူဒါန်းပေးကြပြန်သည်။
ထိုအခါ၌ ရုက္ခစိုးနတ်ကွန်းလေးမှာပို၍
ပြည့်စုံလာခဲ့တော့၏။
ဘွားမယ်စိန်ပြောပြသော ရုက္ခစိုးဘိုးဒီပ၏
အကြောင်းကို သူကြီးဦးနောင်ချိုတို့သိရှိသွားကြသည်။
“ဒီလိုဆိုရင် ဘွားကျုပ်တို့ကိုခိုင်းတာက ရုက္ခစိုးကြီး
လာပြောလို့ပေါ့…”
“ဟုတ်တာပေါ့ကွယ်…ဘွားအထင်အရပြောရရင်
အခု မောင်ဖိုးမောင်ရဲ့သားလေး ဆုံးရတာ
အဲ့သည် ဘိုးဒီပနဲ့မသက်ဆိုင်ဘူး…။
ဘိုးဒီပက ရွာကို ကာကွယ်ပေးရှာတယ်…
အဖြစ်အပျက်တခုကိုဘွားပြောပြပါဦးမယ်………”
ဟုဆိုကာ…အဖြစ်အပျက်တခုကိုပြောပြတော့လေသည်။
********************************
တခုသော ညသန်းခေါင်ယံအချိန်၌ သောင်ထွန်းရွာဆီသို့
လူတစုသည် အမှောင်ကိုကွယ်ကာ ချည်းကပ်လာကြတော့၏။
တရွာလုံးမှာလည်း အိပ်မောကျနေကြပြီဖြစ်သည်။
ထိုလူစုသည် ရွာတောင်ပိုင်းညောင်ပင်အောက်သို့
အရင်ဝင်လာခဲ့ကြပြီး ထိပ်ဆုံးမှခေါင်းဆောင်ဟု ထင်ရသော
သူသည် သူ၏လက်အတွင်းရှိကိုင်ဆောင်ထားသော
ငှက်ကြီးတောင်ဓားကို ညောင်ပင်ခြေရင်း၌ ထိုးစိုက်လိုက်ပြီး…
“အသင်ရုက္ခစိုးကြီး…သင်ဟာ ဒီရွာကိုစောင့်ရှောက်နေတာ
ကျုပ်တို့သိပါတယ်…ကျုပ်တို့ကလည်း ဝမ်းရေးအတွက်မို့…
အခုလိုလုပ်ရတာပါ…ရွှေတွေ…ငွေတွေပဲကျုပ်တို့ယူပါမယ်
လူ့အသက်ကိုတော့လက်ဖျားနဲ့တောင်မထိပါဘူးလို့ဂတိပြုပါတယ်…ဒါကြောင့်ကျုပ်တို့အစီအစဥ်ကို လက်ခံတယ်ဆိုရင်
ဟောသည်ဓားထောင်မတ်ပါစေ…”
ဟု ပြောလေတော့…ညောင်ပင်ခြေရင်းရှိဓားမှာ
ချက်ချင်းပင်လဲကျသွားတော့၏။
အကြောင်းမှာရုက္ခစိုးနတ်မှသဘောမတူသောကြောင့်ပင်။
ခေါင်းဆောင်ဖြစ်သူသည် အလိုမကျဟန်ဖြင့်
လဲကျနေသော ဓားကိုပြန်ယူ၍ မြေပေါ်သို့စိုက်ချလိုက်ပြီး
ထပ်မံ၍အလားတူပြောပြန်သည်။
သို့သော် ဓားမှာလည်းချက်ချင်းလဲကျသွားပြန်၏။
ခေါင်းဆောင်မှာ တပည့်များ၏ စိုးရိမ်နေကြပုံကြောင့်…
“ဟေ့…ဒင်းသဘောမတူလည်း ငါတို့ရအောင်တိုက်မှာပဲ…
ဘယ်ဂတိ…ဘယ်ခွင့်တောင်းမှုမှမလုပ်ဘူးကွ….”
ဟုဆိုကာ ဓားကို ဆတ်ခနဲပြန်ကောက်ယူ၍
ရွာထဲသို့ဝင်ရန်ဦးဆောင်ကာ ထွက်သွားတော့သည်။
ညောင်ပင်အောက်မှ ထွက်သောအခါ သူတို့၏ရှေ့မှ….
“ဟိတ်ရပ်ကြစမ်း…………”
“ဟင်…ခင်ဗျားဘယ်သူတုန်း….”
ဝတ်ဖြူစင်ကြယ်ဖြင့် တောင်ဝှေးတစ်ခုကို ကိုင်ဆောင်ထားသော အဘိုးအိုသည် ထိုသူတို့အား တားမြစ်နေ၏။
ခေါင်းဆောင်မှ ထိုအဘိုးအိုကိုမေးလေတော့…
“ဟေ့…ငါဘယ်သူဆိုတာ အရေးမကြီးဘူး…
မင်းတို့သာ လာရာလမ်းက်ိုပြန်ကြ…”
ဟု…စကားကိုတိုပြတ်ပြတ်ပြောလိုက်လေရာ…
“ကျုပ်တို့ကိစ္စနဲ့ကျုပ်တို့လာတာ…
ခင်ဗျားစကားကိုနားထောင်ဖို့အချ်ိန်မရှိဘူးအဘိုးကြီး…
ဟေ့…ဘယ်သူမှမသိအောင်
ဒီဘိုးတော်ကိုရှင်းပစ်လိုက်ကြစမ်း”
ခေါင်းဆောင်သည် သူ၏တပည့်များအား အဘိုးအိုကိုသတ်ခိုင်း၏။
ဓားများကိုင်ဆောင်ထားသော သူ၏တပည့်များမှာ
အဘိုးအိုကို ဝန်းရံထားကြလေပြီ။
ထိုစဥ်မှာပင်…အဘိုးအိုသည် ရုတ်ချည်းဆိုသလိုနေရာမှ
ပျောက်ကွယ်သွားခဲ့၏။
“ဟင်………..”
“ဟာ………”
အားလုံးအံ့သြသင့်ကုန်ကြသည်။
ထိုသူတို့အံ့သြသင့်နေကြစဥ် ထိုသူတို့၏နောက်ဆီမှ…
“ဖြန်း………”
“ဖြန်း…….”
“အားးးးး……”
“အမလေးဗျ…..”
ဘယ်ဆီဘယ်ဝယ်ကပေါ်လာမှန်းမသိသော တောင်ဝှေးသည်
ထိုသူတို့၏ကျောများကို အသားကုန်ရိုက်နေတော့၏။
တောင်ဝှေး၏ရိုက်ချက်များကြောင့် ဓားပြများမှာ
ဓားများပင်မြေပေါ်သို့ ပြုတ်ကျကုန်ပြီး
မြေပေါ်သို့ လူးကာလှိမ့်ကာ အော်ဟစ်ကုန်ကြတော့သည်။
ထိုထဲ၌ သူတို့၏ခေါင်းဆောင်ဖြစ်သူလည်းပါဝင်ခဲ့ပေသည်။
ထိုသူတို့၏အော်ဟစ်သံတို့ကြောင့် သောင်ထွန်းရွာရှိလူများ
နိုးကုန်ကြတော့သည်။
“ဟေ့…ဘယ်သူတွေလဲ”
“ဟာ…လူတွေနိုးကုန်ပြီ…ပြေးကြ…ပြေးကြဟ”
ဟုအော်၍ အရိုက်ခံနေရာမှ လူးလဲကာထ၍ ပြေးကုန်ကြသောအခါ သူတို့၏ဓားများမှာတော့နေရာတွင်
ကျန်ရစ်ခဲ့တော့၏။
********************************
“ဟာ…ဒါဆိုရင်အဲ့သည်ညက ကျုပ်တို့ရတဲ့ ဓားတွေက
ဓားပြတွေဟာပေါ့…”
သူကြီးဦးနောင်ချို၏အံ့သြတကြီးမေးသံကြောင့်
ဘွားမယ်စိန်ခေါင်းကိုညိတ်၍…
“ဒါပေါ့ မောင်နောင်ချိုရယ်…ဒီအဖြစ်အပျက်ကို
ဘွားတယောက်ပဲ သိထားခဲ့တာ…ဒါပေမယ့် အခုတော့မောင်ရင်တို့လည်း သိဖို့အချိန်တန်ပြီလေ…ဘာလို့ဆိုရင်မောင်ဖိုးမောင်ရဲ့သားလေးသေရတာ ရုက္ခစိုးဘိုးဒီပကြောင့်မဟုတ်ဘဲ…
သာမာန်မြွေကိုက်လို့သေရတာဆိုတာ
အားလုံးကိုသိစေချင်လို့ပဲ…”
“ကျုပ်တို့နားလည်ပါပြီဘွား…ဘိုးဒီပက ကျုပ်တို့ရွာက်ိုတောင်ကာကွယ်ပေးခဲ့သေးတာပဲ…အခုကိစ္စက ဘိုးဒီပနဲ့လားလားမှ
မသက်ဆိုင်ဘူးဆိုတာ အသေချာပါပဲဗျာ……..”
ဟု…သူကြီးဦးနောင်ချိုမှပြောလိုက်တော့သည်။
ထိုသို့ဖြင့် ရုက္ခစိုး ဘိုးဒီပကို အထင်လွဲမှားနေသော
ကိုဖိုးမောင်တို့အတွက်လည်း သူကြီးဦးနောင်ချိုမှ တာဝန်ယူကာ ဖြေရှင်းပေးတော့ပေမည်။
ထိုအခါ၌ ရုက္ခစိုးကြီးဘိုးဒီပ၏အကြောင်းများကို တရွာလုံးမှသိရှိပေတော့မည်ဖြစ်၏။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)
Leave a Reply