ရုပ်က္ခစိုးနတ်ကိုကျွန်ပြုသူ

နားမလည်ဘူး… ငါလည်းမသင်္ကာတာနဲ့ချောင်းကြည့်နေတုန်း… ကိုစံတုတ်က ဟားတိုက်ရယ်ပြီး သူ့ရှေ့ကအရုပ်ကို…. ကြိုးတစ်ချောင်းနဲ့ပတ်ပလိုက်တာကွ… အရုပ်ကအဲဒီကြိုးနဲ့အပတ်ခံရပြီး ကိုစံတုတ်လက်ကလွှတ်လိုက်တော့ ခုန်ပေါက်နေတာကွ… ပြီးတော့အကောင်အထည်လည်းမမြင်ရပဲ… အော်ဟစ်အသံကြီးကြားရတာ။ ငါလည်းကြောက်ပြီး ဆက်မကြည့်ရဲတော့တာနဲ့ မြန်မြန်ပြန်ထွက်ခဲ့လိုက်တယ်ကွ။”

   “မင်းစကားအရဆို တော်တော်ထူးဆန်းတာပဲ… ဒီလူ့မှာ ငါတို့မသိနိုင်တဲ့လျို့ဝှက်ချက်တွေရှိနေနိုင်တယ်။ စဥ်းစားကြည့်စမ်းဘသိန်း… သူနဲ့ပြဿနာတက်တဲ့လူတိုင်း… ရောဂါတစ်ခုမဟုတ်တစ်ခုတော့ဖြစ်ကြတယ်နော်… အဲဒီရောဂါကအနည်းဆုံး၁လလောက်တော့ခံရတာ… ငါ့စိတ်အထင်တော့ ကိုစံတုတ်ကမကောင်းတဲ့ပညာတွေများ တတ်နေတာလားမသိဘူး။”

   “ကိုကြီးရန်နိုင်ပြောတာလည်းဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့နှစ်​ယောက် ကိုစံတုတ်နဲ့ ဝေးဝေးနေရမယ်။”

   “မင်းပြောတာမှန်တယ်… ငါတို့ ကိုစံတုတ်နဲ့မပတ်သက်မိအောင်နေရမယ်… ကဲအခုတော့မွန်းတည့်ချိန်တောင်ကျော်သွားပြီပဲ… ပြန်ကြမယ်။”

  ထိုသူတို့နှစ်ဦးသည် ဇရပ်ပေါ်မှထသွားကာ လူသွားလမ်းအတိုင်း လျှောက်သွားကြလေ၏။ သူရသည် ထိုသူတို့နှစ်ဦး၏ စကားများကိုစဥ်းစားဆင်ခြင်တွေးတောကာ သုံးသပ်နေခိုက် ဇရပ်အနီးက မန်းကျည်းပင်ပေါ်ကနေ ရုက္ခစိုးနတ်တစ်ပါး ဆင်းလာလေသည်။

   “ဆရာလေးလိုလူတစ်ယောက်တောင်ရောက်လာပြီဆိုတော့… ​ဒတ္ထရုက္ခစိုးနတ်မင်းကို ချုပ်နှောင်ပြီး မိတ်ဆွေဖွဲ့ထားတဲ့ စံတုတ်ဆိုတဲ့သူတို့နှစ်ဦး​ကြောင့်ထင်တယ်။”

   ” အထက်ကတာဝန်ပေးလိုက်တော့လည်း ဒီအရပ်ကိုရောက်လာရတော့တာပေါ့ဗျာ။ ဒါနဲ့အဲဒီရွာကို လမ်းညွှန်ပေးပါအုံး။”

    “ဒီကနေ ထမင်းအိုးတစ်လုံးချက်လောက်လျှောက်ရင် အသီးမပွင့်ကျေးရွာကိုရောက်ပါပြီ အဲဒီရွာမှာ ဆရာလေးဆုံးမရမဲ့လူရှိပါတယ်။”

   “ကောင်းပါပြီ ဒီလိုဆိုရင် ကျွန်တော့်ကိုသွားခွင့်ပြုပါအုံး။”

    မန်းကျည်းပင်စောင့်ရုက္ခစိုးနတ်ကို သူရလည်းနှုတ်ဆက်ကာ ဆက်လက်လျှောက်လှမ်းလာခဲ့သည်။ ထမင်းအိုးတစ်လုံးချက်အကြာ၌ အသီးမပွင့်ကျေးရွာဆိုသည့် ဆိုင်းဘုတ်နှင့်အတူ ရွာတစ်ရွာကို တွေ့လိုက်ရသည်။ သူရလည်း ထိုရွာအတွင်းကိုဝင်လာခဲ့တော့သည်။

          &&&                                  &&&

   အသီးမပွင့်ကျေးတော်ရွာသည် အိမ်ခြေပေါင်းလေးရာကျော်ခန့်မျှရှိသည်။ ထိုရွာသည် လယ်အလုပ်ကိုသာ အားထား၍ ဝမ်းစာရှာဖွေနေသောရွာတစ်ရွာဖြစ်သည်။ ဦးစိတ်ထွန်းနှင့်​ဒေါ်ကြာခိုင်ဆိုသော လင်မယားနှစ်ဦးကလည်း သည်ရွာမှာမွေး၊ သည်ရွာမှာကြီးလာသူနှစ်ဦးဖြစ်၏။ သူတို့နှစ်ဦးသည် အိမ်ထောင်သက် ၂နှစ်အကြာ၌ သားလေးတစ်ယောက်မွေးဖွားခဲ့သည်။

    ထိုကလေး၏အမည်ကို မောင်စံတုတ်ဟူ၍ မှည့်ခဲ့ကြသည်။ မောင်စံတုတ်ကလေးသည် ရွယ်တူအပေါင်းသင်းသူငယ်ချင်းများထက် လူကောင်ထွား၏။ ခွန်အားရှိ၏။ ဉာဏ်ကောင်း၏။ သို့သော် မောင်စံတုတ်သည် ငယ်စဥ်အခါကတည်းက အသတ်အပုတ်ဆော့ကစားရတာ ကြိုက်နှစ်သက်ခဲ့သည်။

   ဝါသနာဟုဆိုရင်လည်း ရ၏။ ထိုဝါသနာသည် ငယ်စဥ်အခါက ပြဿနာမရှိသော်လည်း စံတုတ်အသက်ကြီးလာသောအခါ ရန်အမြဲဖြစ်နေသည်။ ရန်ဖြစ်တိုင်းလည်း စံတုတ်က မည်သည့်အငြိုးအတေး၊ မည်သည့်အကြောင်းမယ်မယ်ရရမရှိပါပဲနှင့် တစ်ဦးတစ်ယောက်ကို ပြဿနာရှာလေ့ရှိ၏။ ထို့ကြောင့် သူကြီးအိမ်ကထိပ်တုံးသည် စံတုတ်၏ ခြေထောက်တင်ခုံသာ ဖြစ်နေတော့သည်။

    “စံတုတ်..စံတုတ်စံတုတ်… မင်းဟာလေ ငါလိုသူကြီးတစ်ယောက်လုံးဆိုဆုံးမနေတာတောင်မှ… နားမထောင်ဘူး။ မင်းကိုဒီနေ့ထိပ်တုံးကလွှတ်ပေးလိုက်လည်း နောက်နေ့ပြဿနာဖြစ်ပြီး ထိပ်တုံးထပ်ခပ်ခံရပြီ… တစ်နေ့တစ်နေ့မင်းပြဿနာကို လိုက်ဖြေရှင်းပေးနေရလို့ မင်းအမေနဲ့အဖေကိုကြည့်အုံး လူရုပ်တောင်မထွက်တော့ဘူးကွ…. ဒီတစ်ခါတော့မင်းကိုမှတ်လောက်အောင်… ငါမြို့ဂတ်ပို့ပြစ်မယ်။”

    သူကြီး၏စကားသံအဆုံး၌ စံတုတ်၏မိခင်က ပျာပျာသလဲ သူကြီးကိုတောင်းပန်သည်။

“အဲဒီလိုတော့မလုပ်ပါနဲ့သူကြီးရယ်….. ကျွန်မတို့မှာဒီသားလေးတစ်ယောက်တည်းရှိတာ… မြို့ဂတ်ကိုတော့မပို့ပါနဲ့ရှင်… ကျွန်မတောင်းပန်ပါတယ်။ ဒီတစ်ခါလည်း ကျွန်မဘကြီးမျက်နှာကိုထောက်ထားပေးပါအုံးတော်။”

“နင့်ဘကြီးမျက်နှာထောက်နေလို့ နင့်တို့သားအမိသားအဖသုံးယောက်လုံး အချုပ်ထဲမရောက်တယ်မှတ် မိကြာခိုင် မဟုတ်လို့ကတော့ နင်တို့ကိုပါလူမိုက်အားပေးဆိုပြီး ငါမြို့ဂတ်ပို့ပြစ်တယ်။”

   ထိုအခါ စံတုတ်၏ဖခင်က အံကြိတ်၍လက်သီးဆုပ်ကာ စံတုတ်ကိုလှမ်းမာန်လိုက်သည်။

    “ဟိုကောင် မင်းကြားလား… မင်းကြောင့်နဲ့ငါတို့အ​ပြောဆိုခံနေရပြီ… ရိုက်လည်းမရငေါက်လည်းမရနဲ့… မင်းနဲ့ငါအိမ်ကြမှတွေ့မယ်။”

    “ကဲကဲ စိန်ထွန်းလည်း တော်တော့… မောင်စံတုတ်ကလည်း နောက်ဒီလိုမဖြစ်စေနဲ့ပေါ့ကွယ်… ထောက်ထားရမဲ့မျက်နှာတွေရှိနေတော့ဒီတစ်ခါရှိပါစေတော့… ကြာခိုင်ညည်းသားကိုပြန်ခေါ်သွားလို့ရပြီ။”

    “ကျေးဇူးတင်ပါတယ်သူကြီးကတော်ရယ်… ဘယ်လိုမှတော့မအောင့်မေ့ပါနဲ့နော်.. ဒါသူကြီးကတော်အတွက် ကျွန်မမြို့ကဝယ်လာတဲ့လုံချည်လေးပါ။”

   “အမလေးရပါတယ်ဟယ်… တစ်ရွာတည်းသားချင်းဒါတွေမလိုပါဘူး…ပေးပေး။”

    “ဪ…ဟုတ်ဟုတ်..ရော့။”

    စံတုတ်သည် အမိအဖနှစ်ဦးနှင့်အတူ အိမ်ကိုပြန်လာခဲ့သည်။ အိမ်ကိုရောက်သောအခါ စံတုတ်သည် အိမ်ရှေ့တန်းလျားခုံပေါ်ထိုင်ကာ ရေနွေးတစ်ခွက်ငှဲ့သောက်လိုက်သည်။ သူ၏ဖခင်သည် သူ့ဘေးမှာဝင်ထိုင်ကာ ဇာတ်ပိုးကိုအုပ်ခံလိုက်ရသည်။

   “ဘုန်း။!!”

  “အ… ဟာအဘကလည်းဗျာ.. ကျုပ်ရေနွေးသောက်နေတာ သီးပြီးသေသွားပါအုံးမယ်ဗျ။”

  “သေသွားတော့ကောင်းတာပေါ့ကွ… မိဘအပေါ်တချက်မှ ပြန်မကြည့်ဘဲ ဒုက္ခပေးနေတဲ့ကောင် ငါတို့ဝဋ်ကျွတ်တာပေါ့။ မင်းကွာ.. ငါဒီလောက်အတန်တန်ဆုံးမနေတဲ့ကြားက ရန်မဖြစ်ဖြစ်အောင်ကို ဖြစ်သေးတယ်။ မင်းအခုလုပ်တာကောင်းလား။”

   ”ကောင်းပါတယ်။”

   “ဘာကွ!!.. ဘာကောင်းတာလဲ။”

  “ဪဒီလိုလေအဘရဲ့… ဒီကောင်က ကျုပ်ဟာကျုပ်ထိုင်နေတာကို လာကြည့်တာလေ… ကျုပ်လည်းဘာကြည့်တာတုန်းဆိုပြီးတီးထည့်လိုက်တာ… ဒီကောင်နောက် ​ကျုပ်ကိုမကြည့်ရဲတော့ဘူး။ အဲဒါကောင်းတယ်လို့ပြောတာ။”

   “တော်စမ်းပါ ငစံတုတ်ရာ မင်းရဲ့အရည်မရအဖတ်မရစကားတွေငါမကြားချင်ဘူး… မင်းအခုထိုးလိုက်တာဘယ်သူလို့ထင်လဲ… အဲဒါရွာကိုလာတဲ့​မြို့ကဧည့်သည်ကွ.. မင်းလုပ်လိုက်တာ ငါတို့ရွာဘယ်လောက်မျက်နှာပျက်ရလဲ။”

   “ကျုပ်လည်း ဘယ်သိမလဲအဘရယ် တခြားရွာကကောင်ထင်လို့ပေါ့ မြို့ကလာတဲ့ဧည့်သည်ဆို ကျုပ်မလုပ်ပါဘူးဗျ။”

    “တောက်ကွာ။”

   “ဟမ်.. အဘဘယ်ကိုတောက်ခိုင်းနေတာလဲ။”

  “မင်းငါ့ကိုလာမရွဲ့နဲ့နော်ဟိတ်ကောင် မင်းကိုဒေါသထွက်လွန်း​ပြီး တောက်​တောင်မခတ်နိုင်တော့လို့ ပါးစပ်ကရွတ်လိုက်တာကွ။”

   “အဟက်ဟက်ဟက်… အဘကလည်းတစ်မျိုးလေး။”

  “ဘာကွ။”

   “ဘာမှမဟုတ်ပါဘူး ထမင်းစားရအောင်လို့ အဘဗိုက်ဆာနေပြီမလား။ အမေရေ သားဗိုက်ဆာပြီထမင်းခူးထားပါအုံးဗျို့။”

    ဦးစိန်ထွန်းသည် အိမ်ထဲဝင်သွားသော စံတုတ်ကိုကြည့်ကာ အံတကြိတ်ကြိတ်ဖြစ်နေခဲ့သည်။

    “စံတုတ်စံတုတ်စံတုတ်… မင်းဖအေစကားနားမထောင်ဘူး တစ်နေ့မင်းကောင်း​ကောင်းဒုက္ခရောက်မယ်။ ကျွတ်ကျွတ် ခေါင်းကလည်းနေရင်းထိုင်ရင်းမူးလာပါ့လား။”

   ဦးစိန်ထွန်းဆိုဆုံးမသော်လည်း စံတုတ်သည် နည်းနည်းမှမလိမ္မာခဲ့ခါ၊ ဆိုးမြဲတိုင်းဆိုး၊ ရန်ဖြစ်မြဲဖြစ်နေခဲ့သည်။ စံတုတ်၏စိတ်ကြောင့် ဦးစိန်ထွန်းသည် သွေးတိုးရောဂါဖြစ်ခါ၊ ထိုသွေးတိုးရောဂါနှင့် ကွယ်လွန်အနိစ္စရောက်ခဲ့ရရှာသည်။ ဦးစိန်ထွန်းမရှိတော့သည့် နောက်ပိုင်း စံတုတ်လိမ္မာလာသလားဆိုသော်လည်း၊ ပို၍ဆိုးလာခဲ့သည်။

   အရင်ကရန်ပဲဖြစ်သော်လည်း ဦးစိန်ထွန်းဆုံးပြီးသည့်နောက် အရက်သောက်တတ်လာသည်။ လောင်းကစားဝါသနာပါလာသည်။ အပျော်အပါးပို၍ မက်လာသည်။ စံတုတ်၏ဒဏ်ကိုမခံနိုင်သော ဒေါ်ကြာခိုင်လည်း ဦးစိန်ထွန်း၏နောက်ကို လိုက်သွားခဲ့ရတော့သည်။ မိဘနှစ်ပါးမရှိတော့သောအခါ စံတုတ်က တစ်ဦးတည်းသောသား ဖြစ်တာကြောင့် လယ်၊ မြေ၊ ယာ၊ ကျွဲ၊ နွားအကုန် အမွေရလိုက်၏။

    စံတုတ်က အလုပ်မယ်မယ်ရရမလုပ်။ အပေါင်းအသင်းများနှင့် အပျော်ရှာရင်း အချိန်ကုန်ခဲ့သည်။ ဤသို့ဖြင့် တစ်နေ့သော နံနက်ခင်းအချိန်အခါ၌ စံတုတ်က အိမ်မှာမူးရူး၍အိပ်ပျော်နေသည်။ သူ၏အိမ်ကို သူငယ်ချင်းဖြစ်သူ ပြူးကျယ်က အသက်အနည်းငယ်​ကြီးရင့်နေသော လူကြီးတစ်ဦးနှင့်အတူ ရောက်လာခဲ့သည်။

   “စံတုတ်ရေစံတုတ်… ဟေ့ကောင်စံတုတ်။”

    ”ဘယ်ကောင်လဲကွ… ငါ့ကိုခေါ်တာ။”

  စံတုတ်သည် အိပ်နေရာကနေ မျက်လုံးများပွတ်သတ်ခါ ခေါင်းရင်းကပြတင်းတံခါးကိုဖွင့်ကြည့်လိုက်သည်။

   “ငါပါကွစံတုတ်ရ ပြူးကျယ်ပါ။”

   “အေး ဘာကိစ္စလဲကွ စောစောစီးစီး။”

  “ကိစ္စက မင်းနဲ့ငါမနေ့ညက အရက်သောက်ရင်းပြောထားတာလေ။”

   “ဘာလဲပြူးကျယ်ရ ငါမေ့သွားပြီ။”

   “မင်းကတော့လုပ်ပြီကွာ… ငါတို့ဝင်ခဲ့မယ် အိမ်အပေါ်ရောက်တော့ရှင်းပြမယ်။”

  “အေးလာလေ တက်ခဲ့လိုက်။”

   ပြူးကျယ်ဆိုသောလူသည် ဘေးကလူကြီးကို ခေါင်းညိမ့်၍ ပြုံးပြကာ ရှေ့ကသွားပါဆိုသောပုံစံနှင့် လုပ်လိုက်သည်။ ထိုလူကြီးသည် စံတုတ်၏အိမ်ထဲကိုအရင်ဝင်လာကာ အိမ်အပေါ်ကိုတက်သော လှေတံခါးကနေတက်လာခဲ့သည်။ စံတုတ်သည် ထိုလူကြီးအား ထိုင်ပါဆိုသော ဟန်လုပ်ပြကာ သူကတင်ပလ္လင်ခွေထိုင်၍ ဆေးလိပ်ခွက်ထဲက ဆေးလိပ်တိုထုတ်သောက်နေသည်။

  “ဆိုစမ်းပါအုံး ​ပြူးကျယ်ရ ဘာကိစ္စလဲ။”

   “ဒီလိုလေကွာ  မနေ့ညက မင်းငါ့ကိုပြောတယ်လေ… မင်းကနတ်နဲ့သူငယ်ချင်းဖြစ်ချင်တယ်ဆို… ငါ့ကိုသာလုပ်ပေးနိုင်တဲ့လူတစ်ယောက်ခေါ်လာနိုင်ရင် ပိုက်ဆံပေးမယ်ဆိုလို့ ငါခေါ်လာတာ။”

     “အေး မင်းပြောတာ ငါမေ့နေတာတော့အမှန်ပဲကွ…. ဒါပေမဲ့ငါစိတ်ဝင်စားတယ်.. ဒီလူကြီးကလုပ်ပေးနိုင်တာသေချာလား။”

   ထိုအခါ လူကြီးကစကားဝင်ပြော၏။

    “ဒီမယ်မောင်ရင်… ကျုပ်ကဒီပညာနဲ့အသက်မွေးဝမ်းကြောင်းပြုနေတာပါ… မဖြစ်နိုင်ဘူးဆိုတာဘာမှမရှိစေရဘူး မောင်ရင်သာကျုပ်ကို ငွေအလုံလောက်ပေးနိုင်ပါစေ။”

    “ကြိုက်တယ်လေ… ခင်ဗျားကသာဖြစ်အောင်လုပ်ပေးလို့ကတော့.. အခုခင်ဗျားလွယ်လာတဲ့အိတ်ထဲ ငွေတွေပြည့်နေစေရမယ်။”

   “ဟား… ကျုပ်ကလည်းငွေသာမြိုးမြိုးမြက်မြက်ရမယ်ဆိုလို့ကတော့ လုပ်ပေးပြီးသား။”

  “ကဲဆိုစမ်းပါအုံး.. ခင်ဗျားကျုပ်ကိုနတ်နဲ့ဘယ်လိုသူငယ်ချင်းဖြစ်အောင်လုပ်ပေးမလဲ။”

  “ပထမဦးဆုံးကတော့ မောင်ရင့်မှာ ပဋ္ဌာန်းဆက်ရှိသလားဆိုတာ ကျုပ်အရင်စစ်မယ် စစ်လို့တွေ့ခဲ့ရင် ကျုပ်အဲဒီပဋ္ဌာန်းဆက်နဲ့သူငယ်ချင်းလုပ်ပေးမယ်… နတ်နဲ့လူမိတ်ဆွေလုပ်တာ လွယ်မယ်မထင်နဲ့နော်… သူတို့ဘက်ကလိုလိုလားလားဆန္ဒရှိမှရမှာ။”

   “ဟင်းဟင်း.. အဲဒီနတ်ဘက်က ကျုပ်နဲ့သူငယ်ချင်းမဖြစ်ချင်ရင်တောင်… ဖြစ်ချင်လာအောင်ခင်ဗျားလုပ်ပေးနိုင်ရင်… နောက်ထပ်လွယ်အိတ်တစ်လုံးနဲ့ငွေအပြည့်ထပ်ပေးမယ်။”

   စံတုတ်စကားကြောင့် ထိုလူကြီးကမျက်လုံးများဝင်းလတ်သွားကာ လက်ဖျောက်တစ်ချက်တီးလိုက်သည်။

   “ကြိုက်သွားပြီ… မောင်ရင်သာကတိတည်ပါစေ… ကျုပ်အနေနဲ့ကလွယ်လွယ်လေးဘာမှမခက်ဘူး။”

   “စောင့်ကြည့်ရသေးတာပေါ့ဗျာ။ ဒါနဲ့ခင်ဗျားဘယ်တော့စမလဲ။”

    “မနက်ဖြန်ကျုပ်တစ်ခေါက်ပြန်လာခဲ့မယ် လိုအပ်တဲ့ပစ္စည်းတွေကျန်ခဲ့လို့။”

   “ကောင်းပြီ ကျုပ်မျှော်နေပါ့မယ် …ခင်ဗျားနာမည်က။”

   “ဦးစိုးထိုက်တဲ့။”

   “ကောင်းပါပြီ ဦးစိုးထိုက် ကျုပ်နာမည်စံတုတ်ပါ။”

    ဤသို့ဖြင့် နောင်တစ်နေ့ မနက်၌ ဦးစိုးထိုက်ပြန်ရောက်လာခဲ့သည်။ အခန်းတစ်ခုထဲကို စံတုတ်နှင့်ဦးစိုးထိုက်တို့ဝင်ခဲ့သည်။ ဦးစိုးထိုက်သည် စံတုတ်ကိုသူ၏အရှေ့၌ ထိုင်ခိုင်းကာ လွယ်အိတ်ထဲကနေ အင်းစမဖယောင်းတိုင်များထုတ်၍ မီးထွန်းလိုက်သည်။ ထို့နောက် ဂါထာတစ်ပုဒ်ကိုရွတ်ကာ ဖယောင်းတိုင်ပေါ်ကို စံတုတ်၏ ညာလက်ညိုးပေါ်က သွေးများတစ်စက်ခြင်းချလိုက်သည်။

    ဤကဲ့သို့ ပြုလုပ်တာ တစ်နာရီကျော်ကြာသည်အထိ မည်သည့်ထူးခြားချက်မှ ရှိမလာသောကြောင့် စံတုတ်စိတ်ပျက်လာသည်။ ဦးစိုးထိုက်သည် အပြင်းထန်ကြိုးစား၍ ပြုလုပ်သော်လည်း မည်သည့်ထူးချက်မှထပ်မရရှိခဲ့။ သူသည် စကားကျွံခဲ့ပြီ။ မဖြစ်နိုင်တာဘာမှမရှိဘူးဟု ဆိုခဲ့သည်။ ဤကိစ္စအား သူမစွမ်းဆောင်နိုင်ပါက စံတုတ်သည် သူ့ပညာကို ပျက်ရယ်ပြုတော့မည်ကို တွေးမိသွားသည်။

    လွယ်အိတ်ထဲကနေအင်းတစ်ချပ်ကို ထုတ်ကာ စံတုတ်ကို သူပြန်လာခဲ့မည်ဟုပြော၍ သည်ရွာအပြင်ကိုထွက်လာခဲ့သည်။ ထို့နောက် အပင်တစ်ပင်ကို ရွေးကာ သစ်ပင်ပင်စည်ကိုပုတ်ပြီး သစ်ပင်ကအကြီးဆုံးပုဂ္ဂိုလ်ကိုခေါ်လိုက်သည်။ သစ်ပင်ပေါ်ကနေ ရုက္ခစိုးနတ်တစ်ပါး ဆင်းလာခဲ့လေသည်။ ဦးစိုးထိုက်သည် ရုက္ခစိုးကို စံတုတ်နဲ့သူငယ်ချင်းဖြစ်ဖို့ပြောသည်။

   ရုက္ခစိုးက ငြင်းသည်။ သို့သော် ဦးစိုးထိုက်သည် ဂါထာတစ်ပုဒ်ကိုရွတ်ကာ လက်ထဲကအင်းချပ်ကို ရုက္ခစိုး၏နဖူးပေါ် ကပ်လိုက်သည်။ ရုက္ခစိုးနတ်အား အင်းချပ်ကစုပ်ယူသွားကာ၊ ကွက်လပ်ကလေးဖြစ်နေသော အင်းချပ်၏အလယ်၌ လက်ပိုက်ကာ မတ်တပ်ရပ်နေသည့် နတ်တစ်ပါးပေါ်လာခဲ့သည်။ ဦးစိုးထိုက်သည် အောင်နိုင်သူ၏အပြုံးမျိုးပြုံးကာ စံတုတ်အိမ်ကိုပြန်လာခဲ့သည်။

    စံတုတ်၏အိမ်ကိုရောက်တာနှင့် စံတုတ်ကိုအကျိုးကြောင်းပြောပြကာ ရုက္ခစိုးနတ်ကို အလိုရှိတိုင်းခိုင်းစေဖို့ အင်းချပ်ကလေးပေးလိုက်သည်။ ကိစ္စများပြီးစီး​​သောအခါ စံတုတ်က သူ၏ကတိတိုင်း ဦးစိုးထိုက်ကို လွယ်အိတ်နှစ်လုံးနှင့်ငွေအပြည့်ထည့်ပေးလိုက်သည်။ ဦးစိုးထိုက်ကလည်း အပျော်ကြီးပျော်ကာ အလိုရှိတိုင်း သူ့ကိုခေါ်ဖို့တဖွဖွမှာရင်း ပြန်သွားတော့သည်။

      &&&                                           &&&

    ”အဲဒီစံတုတ်ဆိုတဲ့ကောင်လေးက ရုက္ခစိုးနတ်ကို သူအလိုရှိတိုင်းခိုင်းတော့တာပဲဆရာလေးရေ… လွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းကလည်း ကရင်သိုက်နန်းတစ်ခုရဲ့ အပြင်စည်းကအစောင့်ကို သူ့အိမ်မှာအစောင့်ထားပြစ်တယ်တဲ့လေ။”

   “သိုက်ရဲ့အပြင်စည်းစောင့်ကို ရုက္ခစိုးနတ်က အဲဒီလိုလုပ်ခိုင်းလို့မရဘူးမလား ရွာတော်ရှင်ရဲ့။”

   “ရုက္ခစိုးနတ်လုပ်တာမဟုတ်ဘူးဆရာလေးရ… အဲဒီဦးစိုးထိုက်ပဲ လုပ်တာ။ စံတုတ်က သူစိတ်ကူးပေါက်ရာ ဦးစိုက်ထိုက်ကိုငွေပေးခိုင်းနေတာ… ဦးစိုးထိုက်ကလည်း… ငွေရရင်ဘာမဆိုလုပ်မဲ့အောက်ပညာရှင်ကိုဗျ… လုပ်ပေးတာပေါ့ဗျာ။”

    ”အင်း… ဒီလိုကိစ္စမျိုးတွေက သဘာဝတရားကြီးကိုဆန့်ကျင်နေတယ်… အချိန်မီမတားဆီးနိုင်ရင် မဖြစ်သင့်တာတွေဖြစ်ကုန်တော့မယ်။ အခုလိုပြောပြပေးတာ ကျေးဇူးတင်ပါတယ်ရွာတော်ရှင် ကျွန်တော့်ကိုသွားခွင့်ပြုပါအုံး။”

  ”ကောင်းပါပြီဆရာလေး။”

   သူရသည် ရွာတော်ရှင်ကို နှုတ်ဆက်ကာ ရွာထဲကိုဆက်လက်လျှောက်လှမ်းဝင်လာခဲ့သည်။ သူရ လမ်းလျှောက်နေရင်း တိုးမျှလွန်းလှသည့် အသံစူးစူးနှင့် ‘ရွာထဲမှာ လူတစ်ယောက် ပယောဂဖြစ်နေတယ်’ ဆိုသော အသံကိုကြားလိုက်ရသည်။ သူရသည် ထို့ကြောင့် ဘေးဘီဘေးယာကို အကဲခတ်လိုက်သောအခါ အိမ်တစ်အိမ်ထဲကနေ အသက်နည်းနည်းကြီးတဲ့လူတစ်ဦးက ကပျာကယာထွက်လာခဲ့သည်။

   သူရသည် ထိုသူ၏ပုံစံမှာ အရေးကြီးကိစ္စတစ်ခုခုသို့ သွားနေသောဟန်နှင့်တူမည်။ ထိုသူ၏အနောက်ကနေ သူရလိုက်လာခဲ့သောအခါ သူရတွေးထင်မိသည့်အတိုင်း ထိုသူမှာ ဆေးဆရာတစ်ဦးဖြစ်၍ အိမ်တစ်အိမ်ကိုဆေးကုပေးရန်လာခြင်းဖြစ်သည်။ ဆေးကုရန်လာသော အိမ်ခြံအတွင်း၌လည်း လူအများပြား​ရောက်နေတာကြောင့် သာမာန်ဆေးကုခြင်းဖြစ်ဟန် မတူကြောင်းရိပ်မိလိုက်သည်။

   လူအများကြားတိုး၍ သူရသည် ရှေ့ဆုံးကနေ ကြည့်လိုက်သည်။ ဆေးဆရာသည် လူနာကိုခြေဆင်းထိုင်စေ၍ ပယောဂအတိုက်ခိုက်အနှောက်ယှက်ကိုစစ်ဆေးကြည့်သောအခါ ပယောဂရှိနေကြောင်းသိလိုက်သည်။ လူနာမိန်းကလေးကို သူ၏အရှေ့၌ထိုင်ခိုင်းကာ သူတို့နှစ်ဦးကြားထဲ၌ ဆီမီးခွက်တစ်ခွက်ပေါ် ဖယောင်းတိုင်ထွန်း၍ ပယောဂအစွဲကိုခေါ်တော့သည်။

    ”ဘုရားမကြိုက်၊ တရားမ​ကြိုက်၊ သံဃာမကြိုက်တဲ့ ပညာနဲ့ ဒီအိမ်က ဗုဒ္ဓဟူးသမီးကို ရောဂါဝေဒနာခံစားရအောင် လုပ်နေတဲ့ လူ့ငမိုက်ကောင် ငါဆရာရှေ့မှောက်အခုရောက်စမ်း၊ အထက်ပုဂ္ဂိုလ်ဆရာကြီးများရဲ့အမိန့်၊ ခေါင်းမာပြီးအသာတကြည်မလာရင် ဆိုင်ရာက ရိုက်နှက်ပြီးဆွဲသွင်းလိုက်စမ်း။”

  ဤကဲ့သို့ အာဏာစက်နှင့် ခေါ်ယူပြီး တခဏအကြာ၌ လူနာမိန်းကလေးသည် ရှေ့နောက်ယိမ်းထိုးကာ မိန်းမပုံထိုင်နေရာက တင်ပလ္လင်ခွေထိုင်လိုက်သည်။ အသက်ရှူနှုန်းမြန်နေကာ အံကိုကြိတ်၍ လက်သီးဆုပ်နေ၏။

    “မင်းရောက်လာပြီလား… ရောက်ရင် ဘုရားကိုဦးတိုက်စမ်း။”

   “အောင်မယ်… မင်းလိုမတောက်တခေါက်ပညာနဲ့ ငါ့ကိုလာစမ်းသာလားကွဟေ။ ငါအခုရောက်လာတာမင်းအာဏာစက်ကြောင့်ဆိုပြီး ဘဝင်မဟပ်နဲ့သောက်ရူးကောင်… မင်းအာဏာစက်အဲဒီလောက်မရှိဘူး… အထင်ပုဂ္ဂိုလ်ကြီးရဲ့အမိန့်ကြောင့်ငါမလွန်ဆန်နိုင်လို့ရောက်လာရတာကွ… ဟားဟားဟား သီလကျိုးပျက်နေတဲ့ကောင်က ငါ့ကိုနိုင်မတဲ့လား ငါထလုပ်လိုက်ရင်မင်းသေတော့မယ်။

   လူပုံအလယ်၌ အရှက်ခွဲခံလိုက်ရသောကြောင့် ဆေးဆရာကြီး ရှူးတူရှဲတဲနှင့် ဒေါသထွက်သွားကာ ဘေး၌ချထားသော ကြိမ်နှင့် ရိုက်လေသည်။ သို့သော်လည်း ပယောဂအစွဲက နာကျင်မှုအနည်းငယ်မျှရရှိပုံမရပဲ ဟားတိုက်ရယ်မောနေခဲ့သည်။

   “ဟားဟားဟား… မင်းငါ့ကိုရိုက်လည်းအပိုပဲကွ.. မင်းအခုရိုက်တဲ့ကြိမ်က ငါ့ကိုမထိဘူး…. အခုငါဝင်ထားတဲ့မိန်းကလေးခန္ဓာကိုယ်ပဲ ငါထွက်သွားရင် မင်းရိုက်တဲ့အရှိုးရာတွေနဲ့ကျန်ခဲ့မှာ။ ငါမင်းကိုထမသတ်သေးတာ… ဒီအစီအရင်ဖယောင်းတိုင်ကြောင့်ပဲ အဲဒါကိုသာမင်းငြိမ်းလိုက် မင်းအသတ်အပျောက်ပဲကွ။ မယုံရင်စမ်းကြည့်လိုက်လေ ဝင်းမောင်။”

   “အို!!။”

“ဟောတော်!!။”

”ယောက်ျားအသံ​ကြီးပါ့လား။”

   လာကြည့်ကြသော လူများသည်လူနာ မိန်းကလေးဆီက ယောက်ျားရင့်မာကြီးတစ်ယောက်အသံထွက်လာတာကြောင့် အံ့သြသွားခဲ့ကြသည်။ သူရသည် အခြေအနေမဟန်မှန်းသိကာ ထိုဆေးဆရာကြီးဘေးကို သွား၍ သူကုပါရစေဟုခွင့်တောင်းလေသည်။ ဆေးဆရာကြီးသည် ဝေခွဲမရဖြစ်နေချိန်၌ လူပုံအလယ် သူမနိုင်တာလူမသိစေချင်၍ မတ်တပ်ထရပ်ကာ’ဒီကောင်လေးက သူကုပါရစေဆိုလို့ ကျုပ်သူ့ကိုကုခိုင်းလိုက်ပါ့မယ် လူနာရှင်မိဘတွေဘက်ကလက်ခံပေးပါ’ဟူ၍ ပြောကြားလိုက်သည်။

    လူနာရှင်မိဘများက သူတို့သမီးဝေဒနာပျောက်ဖို့အရေးကြီးတာကြောင့် သူရကိုကုခွင့်ပေး၏။ သူရထံကိုလူနာအပ်လိုက်သည်။ သူရသည် ပွင့်တော်မူပြီးသော ဘုရားအဆူဆူတို့ကို ရှိခိုးကာ နောင်ပွင့်လာမည့် အရိမေတ္တယျဘုရားကိုလည်း ရှိခိုးလိုက်သည်။ သူရသည် လူနာ၏ရှေ့ကဖယောင်းတိုင်မီးကိုမှုတ်ကာ ပါးချိုင့်အသေးလေးနှစ်ဖက်ပေါ်သည်အထိ ပြုံးလိုက်သည်။

    “သင့်လိုခေါင်းမာပြီး ပညာဂုဏ်မာန်တက်မောက်မာနေတဲ့သူကို ကျုပ်ကသက်ညှာမှာမဟုတ်ဘူး ဦးစိုးထိုက်။ လောကကိုအလင်းဆောင်ဖို့သူရသတ္တိနဲ့ မွေးဖွားလာခဲ့လို့ ကျုပ်နာမည်သူရလို့ခေါ်တယ်… ခင်ဗျားအခုလုပ်ထားတဲ့ပယောဂမှန်သမျှကို တစ်ခုမကျန်အကုန်ပြန်ယူသွားပါ ကျုပ်မေတ္တာရပ်ခံပါတယ်။”

    “ဟားဟားဟား… ငါ့နာမည်ကိုသိရုံနဲ့ မင်းကိုမင်းအဟုတ်မှတ်နေသလား ကောင်လေး… မင်းရဲ့အမှားက ခုဏကအစီရင်ဖယောင်းတိုင်းမီးကိုငြိမ်းလိုက်တာပဲ… ရော့ဒီမှာငါ့ရဲ့ပညာစက် မင်းသေပေတော့။”

   ဦးစိုးထိုက်က သူ၏ဘေးနားမှာရှိသည့် အကြမ်းပန်းကန်လုံးကိုကောက်ယူကာ ဆက်ခနဲထုလိုက်သည်။ သာမာန်လူများမြင်ရတာက ရေနွေးပန်းကန်လုံးဆိုသော်ငြားလည်း သူရ၏အမြင်၌ စိမ်းပြာရောင်ရှိသည့် ပညာစက်တစ်မျိုးဖြစ်နေသည်။ ထိုပညာစက်သည် (ရေနွေးပန်းကန်လုံးသည်) သူရ၏မျက်နှာဆီတည့်တည့်ဝင်လာသော်လည်း သူရ၏ဦးခေါင်းအထက်က ခေါင်းပေါင်းဆီကနေ ရွှေရောင်အကာရံတစ်ခုက ချက်ချင်းထွက်လာကာ ထိုပညာစက်ကို တွန်းထုန်ပစ်လိုက်သည်။

    “ဟာ!!။”

   ”အို!!”

   “ဆရာလေးကစွမ်းလိုက်တာ။”

လူနာရှင်မိန်းကလေး(ပူးကပ်နေသည့်ဦးစိုးထိုက်) ပစ်လိုက်သောရေနွေးပန်းကန်လုံး(ပညာစက်)က လေပေါ်မှာတင်ပြန်ကန်ထွက်လာသောကြောင့် လူအများအံ့သြကာ သူရကိုချီးမွမ်းကြလေသည်။ ဦးစိုးထိုက်ကလည်း အံ့သြသွားကာ သူ၏ဘေးနားကပစ္စည်းများနှင့်တစ်ဖုံ၊ လေထဲ၌ တစုံတခုပစ်ပေါက်ဟန်တဖုံပြုလုပ်နေသည်။

  သူရကတော့ သူ့ထံဝင်လာသော ပညာစက်(ပစ္စည်း)များကို အနည်းငယ်မျှရှောင်တိမ်းခြင်းမပြုပဲ ငြိမ်နေခဲ့သည်။ ဦးစိုးထိုက်က ပညာစုံထုတ်သုံးလိုက်သောကြောင့် အတော်မောသွားလေ၏။ သူရသည် လွယ်အိတ်ထဲက အင်းတစ်ချပ်ကို ထုတ်ကာ သိဒ္ဓိတင်၍ ဦးစိုးထိုက်ကိုထုတ်ပြလိုက်သည်။

   ”ဒီအင်းကိုသာကျုပ်မီးရှို့လိုက်ရင် ခင်ဗျားဘာဖြစ်သွားမယ်ထင်လဲဦးစိုးထိုက်။”

    ဦးစိုးထိုက်က သူရပြသောအင်းကိုကြည့်လိုက်သောအခါ တန်ပြန်အင်းတော်ကြီးဖြစ်နေ၏။ မျက်လုံးမျက်ဆန်ပြူးကာ သူရကိုတောင်းပန်လေသည်။

    “မ..မလုပ်ပါနဲ့ဆရာလေးရယ်…ကျုပ်မှားပါပြီ… ကျုပ်အပြစ်တွေကိုဝန်ခံပါတယ်… ဒီမိန်းကလေးကိုလုပ်ထားတဲ့ပယောဂတွေ ကျုပ်အကုန်ပြန်သိမ်းပေးပါ့မယ်။”

    “ကျုပ်မေးတာအရင်ဖြေ… ဒီမိန်းကလေးကို ဘာလို့အခုလိုလုပ်တာလဲ။ နောက်ပြီးတော့ ရွာအပြင်က ကုက္ကိုပင်မှာနေတဲ့ရုက္ခစိုးနတ်မင်းကို ခင်ဗျားဖမ်းချုပ်ပြီးလူတစ်ယောက်ကို ပေးခဲ့တယ်မဟုတ်လား။ နောက်ဆုံးတစ်ခုကတော့ ကရင်သိုက်တစ်ခုရဲ့အပြင်စည်းစောင့်ကို ဖမ်းပြီး အိမ်တစ်အိမ်မှာ အစောင့်ထားလိုက်တယ်ဆို။”

   “ဆရာလေးပြောတာတွေကအမှန်ပါပဲ… ကျုပ်ကိုလူတစ်​ယောက်ကငွေပေး​ပြီးခိုင်းလို့လုပ်ရတာပါ… ဒီမိန်းကလေးကို ရောဂါဝေဒနာအလူးလဲခံစားရအောင်လည်း သူကခိုင်းလို့လု​ပ်ရတာပါ။”

   “ဘာအငြိုးအတေးကြောင့်လဲ။”

   “ဒီမိန်းကလေးက သူ့ကိုလူပုံအလယ်မှာပါးရိုက်ပြီးအရှက်ခွဲခဲ့လို့ပါ။”

   “ဟာ…ဒါဆိုစံတုတ်ပေါ့။”

   “အေးပေါ့ကွ.. မြဝတ်မှုံကဒီလောက်အနေအေးပြီးသိမ်မွေ့တာ ဘယ်သူ့ကိုပါးရိုက်ဖူးတဲ့အထိစိတ်တိိုလို့လဲ.. အရင်တစ်ပတ်က စမ်းချောင်းမှာစံတုတ်ကိုစိတ်တိုပြီးပါးရိုက်လိုက်တာ။”

   လူအများဆီကစကားသံများ ထွက်လာခြင်းဖြစ်သည်။ သူရသည် ရေတစ်ခွက်တောင်းလိုက်သည်။

   “ကဲဦးစိုးထိုက် ဒီလိုဆိုရင် ရုက္ခစိုးနတ်ကိုရောဘာလို့ဖမ်းတာလဲ။”

   “သူက နတ်နဲ့သူငယ်ချင်းဖြစ်ချင်တယ်ဆိုလို့ပါ။”

    “ကောင်းပြီ ကရင်သိုက်စောင့်ကရော။”

  “ဒါကတော့ ကျုပ်အဲဒီသိုက်ကိုတူးဖို့ကြိုးစားခဲ့ပါတယ်။ အပြင်စည်းကိုပဲနိုင်ပြီး ကျန်တဲ့စည်းတွေမနိုင်ခဲ့လို့ စိတ်ဆိုးပြီးအဲဒီအပြင်စည်းစောင့်ကိုဖမ်းလာခဲ့တာပါ… ကျုပ်ဆီမှာလည်းအလိုမရှိတာနဲ့… စည်းစောင့်ကိုအရုပ်တစ်ခုထဲသွင်းပြီး လူတစ်ယောက်ဆီမှာ အစောင့်အဖြစ်သွားရောင်းခဲ့တာပါ။”

   “တယ်လည်းစီးပွားရေးသောင်းကျန်းလှချည်လားဦးစိုးထိုက် ကျုပ်တစ်သက် ခင်ဗျားလိုငွေမက်လွန်းတဲ့အောက်ပညာရှင်မျိုး အခုမှတွေ့ဖူးတယ်။ ကဲထားတော့ အခုခင်ဗျားလုပ်ထားတဲ့ မကောင်းမှုမှန်သမျှကို ပြန်သိမ်းလိုက်တော့ ရုက္ခစိုးနတ်ကိုလည်းလွှတ်ပေးပြီး ကရင်သိုက်စောင့်ကိုလည်းသူ့နေရာသူ ပြန်ပါစေ။ အခုခင်ဗျားဒီခန္ဓာကိုယ်ကနေခွာပြီး အစီအရင်အားလုံးသိမ်းလိုက်တော့။”

  သူရဤသို့ပြောပြီးခဏအကြာ၌ လူနာရှင်မိန်းကလေးက ဘေးကိုယိုင်လဲကျသွားသည်။ သတိပြန်ရလာသောအခါ ခဏအမောဖြေခိုင်းထားလိုက်သည်။ နာရီဝက်ခန့်အကြာ၌ ဦးစိုးထိုက်ကို အာဏာစက်နှင့် ပြန်ခေါ်ယူလိုက်သည်။

   “အစီအရင်အကုန်ဖျက်ပြီးပြီလားဦးစိုးထိုက်။”

   “ဖျက်ပြီးပါပြီ။”

   “ကောင်းပြီးအခု ဒီမိန်းက​လေး​ကိုယ်ကမကောင်းတဲ့ပယောဂမှန်သမျှကို ခင်ဗျားကိုယ်တိုင်ထုတ်လိုက်အုံး။”

     ဦးစိုးထိုက်သည် လက်နှစ်ဖက်နှင့်ခေါင်းကိုရိုက်ခါ၏။ ပေါင်အရင်းကနေ ခြေဖျားအထိသပ်ချ၏။ ပယောဂအကုန်ထုတ်ပြီးကြောင်းပြောသောအခါ သူရသည် ခုဏကတောင်းထားသောရေခွက်ထဲ ပညာဖျက်အင်းမီးရှို့ပြာချလိုက်သည်။

    “ကဲဦးစိုးထိုက် အခုခင်ဗျားက ခင်ဗျားတတ်ထားတဲ့ပညာနဲ့ လူတွေကိုကောင်းကျိုးမပြုပဲ ဆိုးကျိုးပဲပြုနေတယ်။ ဒီပညာတတ်တဲ့သူတိုင်းက လူတွေကိုဒုက္ခပေးရမယ်လို့ ကျုပ်မကြားဖူးဘူး။ ခင်ဗျားပညာကကောင်းတဲ့ပညာတော့မဟုတ်လို့ ကျုပ်ကိုလှူပါလို့ပြောပါရစေ။”

    “ကျုပ်အမြင်မှန်ရပါပြီဆရာလေးရယ်… ဆရာလေးကိုကျုပ်ပညာတွေလှူပါတယ်။”

     “သာဓုသာဓုသာဓုပါဗျာ.. အခုဒီရေကိုသောက်ပြီး ခင်ဗျားပြန်နိုင်ပါပြီ။”

   ဦးစိုးထိုက်သည် သူရကမ်းပေးသော ရေကိုသောက်လိုက်တော့လေ၏။ ရေသောက်ပြီးချိန်၌ လူနာရှင်မိန်းကလေးက ဘေးသို့ယိမ်းထိုးသွားသည်။ ဦးစိုးထိုက်ထွက်သားပြီဖြစ်သည်။ မိန်းက​လေးက ပွနေသောဆံပင်များကို လက်နှင့်သပ်လိုက်ကာ သူရကိုထိုင်ကန်တော့သည်။ သူရကို ဆေးဆရာကြီးနှင့်လူနာရှင်မိန်းကလေးမိဘနှစ်ပါးအပါဝင် ရွာသူရွာသားများက ချီးမွမ်းနေကြလေသည်။

   မကြာမီအချိန်၌ လူတစ်ယောက်အမောတကောပြေးလာကာ ‘စံတုတ် သူ့ခြံဝိုင်းထဲမှာ သွေးတွေအန်ပြီးသေနေတယ်’ဆိုသောကြောင့် လူများသည် သူ့ထက်ငါအပြိုင် စံတုတ်အလောင်းကိုကြည့်ရန်ပြေးလေသည်။ ထိုအချိန်၌ သူရက မည်သူ့ကိုမှ နှုတ်ဆက်ခြင်းမပြုပဲ ရွာထဲကထွက်လာခဲ့သည်။

    ရွာထိပ်ကိုအရောက်၌ ဒတ္ထရုက္ခစိုးနတ်မင်းနှင့် သူရအားဘုရားပေါ်၌ အကူညီလာတောင်းသော သားအမိနှစ်ဦး၏ဘေး၌ မျက်ဝန်းတစ်ခုလုံးမျက်ဆံသာပြည့်နေသော အပြင်စည်းစောင့်ကိုတွေ့လိုက်ရ၏။ ထိုသူတို့သည် သူရကိုကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောကြသည်။ သူရသည် ခေါင်းညိမ့်၍ ပါးချိုင့်လေးများပေါ်သည်အထိ ပြုံးကာ ထိုနေရာကနေ ထွက်လာခဲ့တော့လေသတည်း။

~~~~~
ပြီးပါပြီ။

    ဤစာမူသည် စိတ်ကူးအတွေးပုံရိပ်ခန့်မျှသာဖြစ်ပေသည်။ အမှားအယွင်းတစ်စုံတရာပါရှိခဲ့ပါက ဝေဖန်အကြံပေးကြပါရန် ကျွန်တော်မိုးထွန်းမှ မေတ္တာရပ်ခံအပ်ပါသည်။

(ဆက်လက်ကြိုးစားပါဦးမည်။)
စာရေးသူ၊ စာဖတ်သူများအား
အစဥ်ထာဝရ၊ ချစ်ခင်လေးစားလျှက်
#မိုးထွန်း(မကွေး)