Categories

တေစ္ဆကလေးနေတဲ့အိမ်

တွေဆီကို
ပဲပို့ ၊ ဆီပို့၊ ဆန်ပို့၊ ဟင်းပို့ အမြဲလုပ်နေကြတာဗျ။

ကံကြမ္မာနည်းလို့ လူဆင်းရဲချင် ဆင်းရဲမယ်၊
စေတနာ စိတ်ကတော့ မဆင်းရဲဘူးဗျ။
အဲဒါ ကျုပ်တို့ အညာဒေသရဲ့ စိတ်ရင်းပဲဗျ။

“ကိုကြီးအောင်သစ် ကိစ္စရှိလား”

“ဟေ့အေး ၊ မရှိပါဘူးကွာ၊ ပျင်းပျင်းရှိတာနဲ့
မင်းဆီကို သက်သက်လာလည်တာပါ ”

ကျုပ်တို့နှစ်ယောက် နှီးထိုးရင်း စကားပြောကြတာပေါ့ဗျာ။
သွားလေသူ ကိုအောင်ချစ်အကြောင်းလည်း ပါရဲ့။
ကိုအောင်ချစ် ဆုံးတော့ သူ့သေတ္တာထဲမှာ ကိုအောင်သစ်
ဖဲနိုင်ထားတဲ့ ငွေတွေ တော်တော်များများ ကျန်ခဲ့တဲ့
အကြောင်းလည်း ပါတာပေါ့ဗျာ။

ဒီလိုနဲ့ ခပ်ပေပေနေကြတဲ့ ထနောင်းကုန်းသားတွေ
အကြောင်း ပြောပြောပြီးရယ်ကြရတာပေါ့ဗျာ။

“တာတေ ၊ မင်းမြောက်ပိုင်းက ကြက်သမား
ငထွန်း အကြောင်းရော သိသလား”

“ကိုထွန်းလား၊ လူတော့ သိတယ်ဗျ၊
ဒါပေမဲ့ သူ့အကြောင်းတွေ သိပ်မသိဘူး ”

“ဟာ ငထွန်းက ကြက်တိုက်ပေမယ့် လူက
လူလည်ဗျာ ကိုကြီးကျော်နတ်ကို
လွှတ်ကိုးကွယ်တဲ့ကောင်ကွ”

“ဟာ ဟုတ်လား၊ အေးပေါ့ ကိုကြီးအောင်သစ်ရ၊
ကိုကြီးကျော်ကလည်း ကြက်သမားပဲကိုဗျ”

“အေးလေ ၊ ဒီကောင်ငထွန်းက သူ့အိမ်မှာ
ကိုကြီးကျော်ကို အရက်ပုလင်း အမြဲဆက်ထားတာကွ၊
ကြက်ဝိုင်းရှိလို့ ကြက်တိုက်သွားတော့မယ်ဆိုရင်
အရက်ပုလင်းကို စွန့်လိုက်ပြီးတော့ ခွက်ကလေး
တစ်လုံးထဲကို နည်းနည်းငှဲ့လိုက်တယ်၊
ပြီးရင် သူ့ကြက်ကို ကိုကြီးကျော်ရဲ့
အရက်သောက်ခိုင်းရောဟေ့၊
တစ်ခါ တစ်ခါတော့လည်း သူ့ကြက်က
သောက်တယ်ကွ၊ တစ်ခါ တစ်ခါတော့လည်း
မသောက်ဘူး၊ ငထွန်းမှာက သင်္ကေတရှိတယ်၊
သူ့ကြက်၊ ကိုကြီးကျော် အရက်သောက်လိုက်ပြီဆိုရင်
အဲဒီနေ့ ကြက်နိုင်ပြီသာ မှတ်ပေတော့ ။
တိုက်သလောက်ကို နိုင်တာတဲ့ဟေ့၊
ကြက်က အရက်မသောက်တဲ့နေ့ဆိုရင်
နိုင်ဖို့ မသေချာဘူးဆိုပဲ”

“ဟာ ဟုတ်လား၊ တယ်လည်း ထူးပါလားဗျ”

“အေးကွ၊ ပြောရဦးမယ်၊ တစ်ရက်ကျတော့
သူက ကြက်ဝိုင်းကို အရင်သွားနှင့်တယ်။
သူ့တပည့် မောင်လေးဆိုတဲ့ ကောင်ကို
ငထွန်းက မှာခဲ့တယ်၊ ကြက်ကို နှိပ်ပြုဆုပ်နယ်ပေးပြီးရင်
ကိုကြီးကျော်အရက် သောက်ခိုင်းလိုက်လို့
မှာခဲ့တယ်။ ကြက်ဝိုင်းရောက်တော့
ငထွန်းက သူ့တပည့် မောင်လေးကို မေးသတဲ့။

“မောင်လေး ဒီကောင် အရက်သောက်သလား”

“ဟာ သောက်တယ် ကိုထွန်း ၊သောက်တယ် ”

လို့ ပြောတော့ ငထွန်းက ဝမ်းသာသွားတာပေါ့ကွာ။
ဒီနေ့တော့ သေချာပေါက် နိုင်ပြီပေါ့။ ဒါနဲ့ ပါသမျှ
ပိုက်ဆံကို ပုံပြီးလောင်းလိုက်တဲ့ဟေ့။

“ဟာ နိုင်ရောပေါ့”

“ဘယ်က နိုင်ရမှာတုံးကွာ”

“ဟင်၊ ဘာဖြစ်လို့တုံး၊သူ့ကြက်က ကိုကြီးကျော်
အရက်သောက်တယ်လေ”

“အေး သောက်တော့ သောက်တယ်ကွ၊
ခါတိုင်းဆိုရင် ကြက်က တစ်ပေါက်ကောက်ပြီး
သောက်ပြီးတာနဲ့ ငထွန်းက ကြက်ကို
ကောက်ယူသွားတော့တာ၊
အခု သူ့တပည် မောင်လေးကတော့ ဒီအထာကို
မသိဘူးလေကွာ၊ဒီတော့ ကြက်ကို ထားပြီး
ကြိုက်သလောက် သောက်ခိုင်းတာတဲ့ဟေ့၊
ကြက်ကို ကြိုးဝိုင်းထဲလည်း ချလိုက်ရော
ငထွန်းကြက်ကြီးက အရက်တွေမူးပြီး
ဒယီးဒယိုင် ဖြစ်နေရောတဲ့ဟေ့၊ ဟိုဘက်က
ကြက်ကချည်း သူ့ကို ခွပ်ပစ်တာဆိုပဲ။
ငထွန်းကြက်ကြီးဆိုတာ ရင်ဘတ်က
အမွေးတွေလည်း ကျွတ်ထွက်၊
လည်ပင်းမွေးတွေလည်း ကျွတ်ထွက်ပြီး
ပေပေကြီး ရပ်ခံနေတာတဲ့ဟေ့၊
တစ်ချက်မှလည်း မခွပ်နိုင်ဘူးတဲ့ကွ၊
နောက်ဆုံးတော့ ဟိုဘက်ကြက်က
အားကုန်ခွပ်ချလိုက်တာ ကြက်ဘက်က
ရင်ဘတ်ကို ဖောက်ဝင်သွားပြီး ဘိုင်းကနဲ
လဲကျသွားရောတဲ့ကွာ”

“ငါ့ကိုထွန်းကြက် သေရောလား”

သေတော့ မသေဘူးတဲ့၊ ဆန့်ငင် ဆန့်ငင် ဖြစ်နေတာ
ငထွန်းက ဆက်ကနဲ ကောက်ပြီး ခြေထောက်နှစ်ချောင်းက
ကိုင်ပြီး ရိုက်သတ်လိုက်ရောတဲ့ဟေ့၊ ပြီးတော့မှ
သူ့တပည့်ကို မေးသတဲ့။

“ဒီကောင် အရက် ဘယ်လောက်သောက်တုံး”

ဆိုတော့ သူ့တပည့်က ပြောသတဲ့။

“ခင်ဗျားကြက်က ခွက်ထဲရှိတာ အကုန်သောက်ပစ်လိုက်တယ်”

ဒီတော့ ကြက်ငထွန်းက …

“သေပါတော့ မောင်လေးရယ်၊ တစ်ပေါက်ပဲ သောက်ခိုင်းရတာကွ”

လို့ ပြောပြီး သူ့တပည့် မောင်လေးကိုပါ သူ့ဆီကနေ
နှင်ထုတ်ပစ်လိုက်ရောတဲ့ဟေ့။

“ဖြစ်မှဖြစ်ရလေဗျာ ၊ ကိုထွန်းဆိုတဲ့လူက တော်တော်ကို
ပေါက်ပေါက်ရှာရှာ လုပ်တဲ့သူပဲကိုး”

“ရွာရှေ့ပိုင်းမှာနေတဲ့ ထန်းသမားငမြိုင်ဆိုတဲ့ ကောင်ရော
မင်းသိလား တာတေ”

“ဟာ သိတယ်ဗျ၊ ဒီကောင်ကျတော့လည်း တစ်မျိုးကွ”

“ဟင် ဘယ်လိုတုံးဗျ ကိုကြီးအောင်သစ်ရဲ့ ”

“ဒီကောင်က ဘိုးညီလေးထန်းတောမှာ တက်တဲ့ကောင်လေကွာ”

“ဟုတ်တယ် ၊ဟုတ်တယ် ”

“အေး ဘိုးညီလေး ထန်းတောထဲမှာက တစ္ဆေတစ်ကောင်
ရှိတယ်လို့ ပြောတယ် ”

“ဟာ ဟုတ်လား၊ ဒါတော့ ကျုပ် မသိဘူးဗျ”

“ငါ့ကို ထန်းတောကန်ထရိုက်ဆွဲပြီး
ထန်းလျက်ချက်တဲ့ကိုညိုပြောတာ၊
အဲဒီတစ္ဆေကို ကိုညိုလည်း တစ်ခါတစ်လေ
မြင်ရတယ်ဆိုပဲ၊ ဒါပေမဲ့ ကိုညိုကတော့
မသိချင်ယောင်ဆောင်နေတာ
တယ်ဆိုပဲ ။ဒါပေမဲ့ ကိုညိုကတော့
မသိချင်ယောင်ဆောင်နေတာတဲ့ဟေ့၊
ဒီတစ္ဆေက ထန်းရည် တော်တော်ကြိုက်တယ်ဆိုပဲကွ”

“ဗျာ …တစ္ဆေက ထန်းရည်သောက်တယ် ဟုတ်လား
ကိုကြီးအောင်သစ်ရဲ့ ”

“ဟုတ်ပါ့ကွာ ၊ ကိုညိုက ဒီကောင်သောက်ဖို့ မြူအိုးတစ်လုံးနဲ့
ထည့်ထည့်ပေးထားရတယ်ဆိုပဲ။ အိုးထဲမှာ ပြောင်နေအောင်ကို
သောက်တာတဲ့ဟေ့၊ ဒါပေမဲ့ ကိုညိုက သူ့ကို အရောမဝင်ဘဲ
မသိချင်ယောင်ဘဲ ဆောင်နေတော့ ကိုညို့ကို တစ္ဆေက
ကြောက်တယ်တဲ့ကွ၊ အဲဒီကောင်ကို ငမြိုင်က မြင်သွားပြီး
ထန်းရည်တိုက်ပြီး မိတ်ဖွဲ့သတဲ့၊ ဒီကောင်နဲ့ တစ္ဆေနဲ့က
တော်တော်လေး ခင်သွားတော့ တစ္ဆေက ထန်းပင်တက်ပြီး
မြူအိုးချပေးတယ်ဆိုပဲ၊ ဒီကောင်က ရှေ့ကတက်ပြီး
မြူအိုးဖြုတ်ပြီး အသစ်လဲရင် ဖြုတ်တဲ့ အိုးကို
တစ္ဆေက လက်ကြီး အရှည်ကြီးထုတ်ပြီး ထန်းပင်အောက်ကို
ချပေးတာတဲ့ဟေ့၊ ငမြိုင်ဆိုတာ ထန်းတော့ တစ်တောလုံးကို
ခဏနဲ့ပြီးအောင် တက်နိုင်တာတဲ့ဟေ့”

“ဟာ …ကိုမြိုင်၊ တော်တော်အဆင်ပြေနေတာပေါ့ဗျ”

“အေး ပြေတာပေါ့ကွာ၊ ဒါပေမဲ့ တစ်ရက်ကျတော့
တစ္ဆေနဲ့ ငမြိုင်နဲ့ ဘာဖြစ်ကြတယ် မသိဘူးတဲ့ဟေ့၊
တစ္ဆေက ငမြိုင်ကို ထန်းပင်ပေါ်က ဆွဲချလိုက်တာ
ကံကောင်းလို့ မသေတာ ဆိုပဲ၊ အောက်မှာ
ပုံထားတဲ့ ထန်းလက်ပုံပေါ်ကို ကျလို့တဲ့ကွာ”

အဲဒါကို တွေ့တာမှ ကိုညိုက တစ္ဆေကို
အပြီးနှင်ထုတ်ပြီး ထန်းတောထဲမှာ ပရိတ်တွေ ဘာတွေ
ရွတ်ပစ်လိုက်ရတယ်ဆိုပဲ။

“အင်း ခက်တယ်ဗျ၊ ကိုကြီးအောင်သစ်ရဲ့၊
ဒီကောင်တွေနဲ့က ခပ်ကင်းကင်းနေတာ အကောင်းဆုံးပဲဗျ၊
သူတို့က ကျွတ်လွတ်ဖို့ လိုသေးတဲ့ အချိန်မှာ အရိုင်းစိတ်တွေမှ
ရှိကြတာ၊ ကောင်းမှုကုသိုလ်ဆိုတာ ဘာမှန်းမှသိတာ မဟုတ်ဘူးဗျ၊
သူတို့ သိတဲ့အသိဆိုတာလည်း လူတစ်ယောက်လို
သိတာမဟုတ်ဘူး၊ အဲဒီထဲမှာမှ သူတို့ကို ကျွေးမွေးပြီး
ကိုယ်ကျိုးစီးပွားရှာကြမယ်ဆိုရင် ပိုတောင်ဆိုးသေးတယ်
သူတို့နဲ့ စိတ်အခန့်မသင့်ဖြစ်ရင် သူတို့ရှာပေးထားတဲ့
စီးပွားဆိုပြီး အကုန်လုံးကို ဖျက်ဆီးပစ်တတ်ကြတာ၊
အကောင်းဆုံးကတော့ ဘုံဘဝချင်း မတူတဲ့
သူတွေဟာ မပတ်သတ်တာပဲ ကောင်းပါတယ်ဗျာ”

ညနေ တော်တော်စောင်းတော့မှ ကိုအောင်သစ်
ပြန်သွားတယ်၊ ကျုပ်လည်း ထမင်းစားသောက်ပြီးတော့
အမေတို့ အဘတို့နဲ့ စကားထိုင်နေတာ ။ ကိုးနာရီကျော်တော့
အိပ်ရာဝင်ခဲ့တယ်။

ရွာဓလေ့ဆိုတော့ ဒီလိုပဲဗျ၊
စောစောအိပ်ရာဝင်ကြတာလေ၊
တစ်နေ့လုံး တောက်တက် တောက်တက်နဲ့
တစ်ခု မဟုတ် တစ်ခုလုပ်နေကြတာလေဗျာ။
ညရောက်တော့ စောစော အိပ်ချင်ကြတာပေါ့လေ၊

“ဟဲ့ တာတေ၊ တာတေ၊ ထစမ်းပါဦးဟဲ့ ”

အမေ ကျုပ်ကို လာပြီးလှုပ်နှိုးလို့ ကျုပ် နှိုးလာတာဗျ။

“အေမ ဘာတုံး ”

“ဟဲ့ လူသံတွေကြားလို့ ရွာထဲမှာ ဘာဖြစ်တုံး မသိဘူး”

“ဟင် ဟုတ်လား ၊ဘယ်ဘက်က ကြားတာတုံး”

“မြောက်ပိုင်းကလို့ ထင်တာပဲ ”

ကျုပ် အိပ်ရာက ကပျာကယာထပြီး အသံကို
နားစွင့်လိုက်တယ် ။ ဟုတ်တယ်ဗျ။ လူသံတွေကြားတယ်။
မီးလောင်တာတော့ မဖြစ်နိုင်ဘူး ။ ကင်းတဲတွေက
သံချောင်းမှ မခေါက်တာ။ ရန်တွေ ဘာတွေများ
ဖြစ်ကြလို့ လူသတ်မှုတွေ ဘာတွေများ ဖြစ်သလား။
ကျုပ် ဟိုတွေး ဒီတွေး လုပ်နေတုန်း ရှိသေးတယ်ဗျို့။

“ကိုကြီး တာတေ၊ ကိုကြီးတာတေ”

ဟော ကျောက်ခဲအသံဗျ၊ ဒီရွာမှာ ကျုပ်ထက်
ဆယ်ဆလောက် စပ်စုတဲ့ကောင် ပေါ်လာပြီလေဗျာ၊
ကျုပ်က ဓါတ်မီးလေးထိုးပြီး ဝိုင်းထဲကို ဆင်းလာခဲ့တယ်။

“ကျောက်ခဲ၊ ဘာသံတွေတုံးကွ”

“ဟာ …မြောင်ပိုင်းက ကိုအာလူးတို့အိမ်ကြီးဗျာ”

“ဟေ …ကိုအာလူးတို့ အိမ်ကြီး ဘာဖြစ်လို့တုန်း၊
မီးလောင်တာလား”

“မီးလောင်တာ မဟုတ်ဘူး ကိုကြီးတာတေ၊
အပေါ်ကို ကြွတက်သွားတာဗျ”

“ဘာ …ဘယ်လို ၊ အိမ်ကြီးက အပေါ်ကို ကြွတက်သွားတာ
ဟုတ်လား ကျောက်ခဲ”

“ဟုတ်တယ် ကိုကြီးတာတေ၊ အိမ်ကြီးက ပထမတော့
ငလျင်လှုပ်သလို လှုပ်နေတာတဲ့ဗျ၊ နောက်တော့ မြေကြီးက
ကျွတ်ထွက်ပြီး ကြိုးနဲ့ဆွဲသလို လေထဲမှာ မြောက်နေတယ်ဗျို့ ”

“ဟာ လေထဲမှာ မြောက်နေတာ ဟုတ်လား”

“ဟုတ်တယ်ဗျ၊ မြေကြီးကနေ နှစ်တောင်လောက်ကို
မြောက်နေတာ၊ လူတွေကတော့ ဆင်းပြေးကုန်ကြပြီ
ဒါပေမဲ့ ကိုအာလူး ဆင်းလာတာ မတွေ့လို့ ဝိုင်းခေါ်နေကြတာ
ဆူညံနေတာပဲဗျာ”

“ကိုအာလူးက ဘာလို့ ဆင်းမလာတာတုံးကွ၊
အိပ်ပျော်နေလို့လား”

“မဟုတ်ဘူးဗျ ကိုကြီးတာတေရဲ့၊ ခေါ်လို့မရတဲ့အဆုံး
သူတို့ဝိုင်းမြောက်ဘက်က ကိုစိန်ညို ဆိုတဲ့လူက
အိမ်ပေါ်ကို ဖက်တက်ပြီး သွားကြည့်တယ်။
လူတွေက ဝိုင်းအော် ဆူညံနေတာပါဗျာ”

“ဘာတွေကို အော်ကြတာတုံးကွ”

“ဟဲ့ စိန်ညို သတိထား၊ သတိထား၊ အိမ်ကြီးလှုပ်နေတယ်။
တက်လို့ မရရင် ပြန်ဆင်းခဲ့ဆိုပြီး အော်နေတာဗျ။
ဟုတ်တော့လည်း ဟုတ်တယ်ဗျ၊ အိမ်ကြီးကို
အလယ်တည့်တည့်လောက်ကနေ ကြိုးတစ်ချောင်းနဲ့
ဆွဲထားသလိုပါပဲဗျ။ ဟိုဘက်လည်လိုက်၊
ဒီဘက်လည်လိုက် ဖြစ်နေတာ”

“ဒါနဲ့ နေပါဦးကွ၊ ကိုစိန်ညိုက ကိုအာလူးကို နှိုးပြီး
ခေါ်လာရောလား ”

“ကိုအာလူးက သေနေတာဗျ”

“ဟေ…ဘယ်လိုကွ ၊ ကိုအာလူးက သေနေပြီ
ဟုတ်လား ကျောက်ခဲ ”

“ဟုတ်တယ်ဗျ၊ ကိုစိန်ညိုက အောက်ကို လှမ်းပြောလို့
ယောင်္ကျား နှစ်ယောက် သုံးယောက် လှုပ်ယမ်းနေတဲ့
အိမ်ကြီးပေါ်ကို ဖက်တက်သွားကြပြီး ကိုအာလူးရဲ့
အလောင်းကို ခဲရာခဲဆစ် အောက်ကို ချလာကြတယ်
အခု ကိုအာလူးအလောင်းက ဝိုင်းထဲက တန်းလျားပေါ်မှာဗျ။
လူတွေ အုံကြည့်နေတယ် ”

“ကဲ လာကွာ၊ သွားကြည့်ရအောင် ”

ကျုပ်က အမေနဲ့ အဘကို အကျိုးအကြောင်းပြောပြီး
ကျောက်ခဲနဲ့ ရွာမြောက်ပိုင်းကို ထွက်လာခဲ့တယ်
ဟုတ်ပါဗျာ့။ ကိုအာလူးတို့ဝိုင်းထဲမှာ လူတွေအုံနေတာဗျို့။
ကျုပ်ရောက်တော့ သူကြီးတောင် ဝိုင်းထဲက ထွက်သွားပြီ။
ဆယ်အိမ်ခေါင်းတွေ နေခဲ့တယ်။ ရာအိမ်မှူးနှစ်ယောက်တော့
သူကြီးနဲ့ ပါသွားတာ တွေ့လိုက်တယ်ဗျ။

“ငါတော့ မသင်္ကာဘူးကွ မောင်ကံရ၊ အာလူးသေတာ
ပုံမှန်မဟုတ်ဘူးလို့ထင်တယ် ”

ကျုပ်က တန်းလျားပေါ်မှာ တင်ထားတဲ့ ကိုအာလူးက
အလောင်းကို ကြည့်လိုက်တယ်။ စောင်အနီကြာလေး
လွှမ်းထားလို့ဗျ။ ကျုပ်ကြည့်တဲ့အချိန်မှာပဲ ဆယ်အိမ်ခေါင်း
ကိုကံက အုပ်ထားတဲ့ စောင်ကို ဖယ်ပြီး အလောင်းကို
သေသေချာချာ စစ်ကြည့်တယ်ဗျ။ ဒီတော့ ကျုပ်က
ကိုအာလူးကို မြင်တာဗျို့။ ကျောက်ခဲလည်း
အလောင်းကို မြင်ရသေးပုံ မပေါ်ဘူးဗျ၊
ကျုပ်ဘေးမှာ ကပ်ပါလာပြီး အခုမှ ကြည့်တာ။

“ဟာ”

ကျုပ်ရော ကျောက်ခဲရော ပြိုင်တူအော်လိုက်ကြတာဗျို့။
ကိုအာလူးရဲ့ မျက်လုံးကြီးတွေက ကြောက်စရာတစ်ခုခုကို
တွေ့ပြီး တအားကြောက်သွားတဲ့ပုံဗျ။ ပါးစပ်ကြီးဟပြီး
မျက်လုံးကြီးတွေ ပြူးထွက်နေတယ်။ ခေါင်းက ဆံပင်တွေတောင်
ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ပုံပဲဗျ။ ဒီလူ မသေခင်
တော်တော်ကို ကြောက်လန့်ပြီး သေသွားပုံပဲဗျို့။

ကျုပ်မြင်ဖူးသမျှ အလောင်းတွေထဲမှာတော့
ကိုအာလူးအလောင်းလောက် ကြောက်စရာကောင်းတာမျိုး
တစ်ခါမှကို မမြင်ဖူးပါဘူးဗျာ။ ဟာ ကျုပ် ခုမှကြည့်မိတာဗျို့
ကိုအာလူးရဲ့ အလောင်းမှာ ဗိုက်ကြီးက ပြားချပ်နေပါရောလားဗျ။
ဒါ ဘယ်လို ဖြစ်တာပါလိမ့်။

ကျုပ်လိုပဲဗျ၊ ဆယ်ခေါင်းတွေကလည်း အလောင်းရဲ့
ဗိုက်ကို ဖိပြီးစမ်းကြည့်နေကြတယ်။ နောက်တော့
ဆယ်အိမ်ခေါင်းတွေ စုပြီး တိုးတိုးနဲ့ မသင်္ဂြိုဟ်ခင်
အလောင်းကို ဗိုက်ခွဲကြည့်ဖို့ ပြောနေကြတယ်

မနက်မိုးလင်းခင်ပဲ အလောင်းစင်လုပ်၊ အလောင်းကို
ရေချိုးပေးဖို့ ဆယ်အိမ်ခေါင်းတွေက ဝိုင်းနောက်ဘက်ကို
သယ်သွားတယ်။ လူတွေကို တစ်ယောက်မှ မလိုက်ရဘူးဆိုပြီး
တားထားလိုက်တယ်။

“တာတေ ၊ မင်းလိုက်ခဲ့၊ မင်းက အတွေ့အကြုံရှိတယ် ”

ကိုကံက ကျုပ်ကို ခေါ်တာနဲ့ ကျုပ် အသာလိုက်သွား
လိုက်တယ်ဗျ၊ ဝိုင်းနောက်ဘက်ရောက်တော့
တန်းလျားဟောင်းပေါ်မှာ ကိုအာလူးရဲ့ မျက်လုံးကြီးတွေ
ပြူးပြီး ပါးစပ်ကြီးဟနေတဲ့ အလောင်းကို တင်လိုက်ကြတယ်
ပြီးတာနဲ့ ရေချိုးဖို့ အဝတ်အစားတွေ ချွတ်တယ်
ပြီးတော့ စတိသဘော ရေနှစ်မှုတ် သုံးမှုတ်
လောင်းလိုက်ကြတယ်။ ပြီးတာနဲ့ အသင့်ပါလာတဲ့
ဓါးလေးနဲ့ ကိုကံက အလောင်းရဲ့ဗိုက်ကို
ခွဲလိုက်တယ်ဗျ။

“ဟာ”

ဗိုက်ထဲမှာ အူတွေ၊ အသည်းတွေ၊ နှလုံးတွေ ဘာမှကို
မရှိတော့ဘူးဗျို့။ ဟောင်းလောင်းကြီးဗျာ၊ ဗိုက်က
အခွံကြီးပဲ ရှိတော့တာဗျ။

“ကဲ ငါမပြောဘူးလားကွ၊ မောင်ကံရ၊
ကဲ မြန်မြန်ပြန်ချုပ်လိုက်တော့ ”

သူတို့ဖွက်ယူလာတဲ့ အပ်ချည်ကြိုးအနက်နဲ့ ဗိုက်ကို
မြန်မြန်ပြန်ပြီး ချုပ်လိုက်ကြတယ်။ သွေးဆိုတာ
တစ်စက်တောင် မရှိဘူးဗျ။ အရုပ်ကြီးတစ်ရုပ်ကို
ခွဲလိုက်သလိုပဲ။

ဗိုက်ကို ပြန်ချုပ်ပြီး အဝတ်အစား ပြန်ဝတ်ပြီး
ဝိုင်းရှေ့ကို ပြန်သယ်လာကြတယ်

အလောင်းစင်ပေါ်မှာ အလောင်းကို သေသေချာချာ
ပြင်ပေးပြီး ထုံးစံအတိုင်း ကန်တော့ပွဲပြင်တယ်
အလောင်းရဲ့ ခေါင်းရင်းမှာ ဖယောင်းတိုင် ထွန်းလိုက်တယ်။

ပြောရဦးမယ်ဗျ။ ကိုအာလူးဆိုတာက
အသက်သုံးဆယ်ကျော်လောက် ရှိပြီ။
သူ့မိဘယာမှာပဲ လုပ်ကိုင်နေတာဗျ။
အိမ်ထောင်လည်း မပြုဘူး ။ လူက
ခပ်ရိုးရိုးပဲနေတာပါ။

ဒါပေမဲ့ ကိုအာလူးမှာ ဝါသနာတစ်ခုတော့
ရှိတယ်ဗျ၊ ယုန်လိုက်တော့ တော်တော်ဝါသနာပါတယ်။
သူ့မှာ ယုန်လိုက်တဲ့ ခွေးကောင်းနှစ်ကောင်ရှိတယ်။
တစ်ခါ တစ်ခါ ခွေးနှစ်ကောင် ခေါ်ပြီး ယုန်လိုက်တတ်တယ်
ကိုအာလူး ယုန်လိုက်ရင် မရတဲ့အခါ မရှိဘူးဗျ။

ကျုပ်က လေထဲမှာ ကြိုးနဲ့ဆွဲထားသလို
ဖြစ်နေတဲ့ အိမ်ကြီးကို သေသေချာချာ
ကြည့်နေတာဗျ။သူများတွေလည်း
ကျုပ်လိုပဲ ကြည့်နေကြတယ်။

ကြည့်ဆို ထူးဆန်းနေတာကိုဗျ၊ မြေကြီးထဲမှာ
စိုက်ထားတဲ့ အိမ်တိုင်တွေက မြေကြီးထဲကနေ
ကျွတ်ထွက်ပြီး မြေကြီးပေါ်မှာ နှစ်ယောက်လောက်ကို
လွတ်နေတာဗျ။ ပြီးတော့ အိမ်ကို ကြိုးနဲ့ချည်ပြီး
ချိတ်ထားသလို လေထဲမှာ မြောက်နေတာ။

လေပြင်းပြင်းတိုက်ရင် အိမ်ကြီးက လေထဲမှာ
လှုပ်စိ လှုပ်စိနဲ့ ယမ်းနေတယ်၊ ဆယ်အိမ်ခေါင်းတွေက
ရွာထဲမှာ ညထဲက ကင်းချထားလိုက်တယ်
ထူးတာတွေ့ရင် သံချောင်းခေါက်ဖို့လည်း
မှာထားကြတယ်။ ခေါင်းမသွင်းခင် အလောင်းကို
ဘယ်သူမှ ကြည့်ခွင့် မပေးတော့ဘူး။

ဟုတ်တော့ ဟုတ်တယ်ဗျ။ ဝိုင်းနောက်မှာ
ရေချိုးနေတုန်းကတည်းက ကျုပ်ကြည့်နေတာ။
ကြည့်ရင်းနဲ့ကို ကြောက်စရာကောင်းလာတာဗျ

ကိုအာလူးက နဂိုကတည်းက သွားလည်းနည်းနည်းခေါတော့
မျက်လုံးကြီးတွေ ပြူးထွက်နေပြီး ပါးစပ်ကြီးက
ကြောက်လွန်းလို့ အော်နေတဲ့ ပါးစပ်ကြီးဗျ။
ဟလို့။ ပြီးတော့ လူဆိုတာ သေပြီးသွားရင် နှုတ်ခမ်းတွေ
ဘာတွေ တိုတက်သွားတာလေဗျာ။

ဒီတော့ ကိုအာလူးရဲ့ ခေါနေတဲ့ သွားတွေက
ပိုခေါထွက်လာတော့ ဗြန်းစားကြီး မြင်လိုက်ရရင်
လူတိုင်း လန့်သွားမယ်ပုံပဲဗျို့။ ဒါကြောင့်လည်း
ဆယ်အိမ်ခေါင်းတွေက အလောင်းကို
ကြည့်ခွင့်မပေးတော့တာဗျ။

နောက်တစ်နေ့ရောက်တော့ ဆယ်အိမ်ခေါင်းတွေက
လူစုပြီး အိမ်ကို ပြန်ဆွဲချဖို့ လုပ်ကြတယ်။

အိမ်ကို ကြိုးလုံးကြီးကြီးနှစ်ချောင်းနဲ့ အိမ်ထဲကနေပြီး
သိုင်းလိုက်တယ်။ ပြီးတာနဲ့ လူစုပြီး အောက်ကို
ဆွဲချကြရောဗျို့။ ဟာ အိမ်ကြီးကို ဟိုဘက် ဒီဘက်
တအားကို ယမ်းခါနေတော့တာဗျို့။

“ဟေ့ တော်ကြတော့၊ မဆွဲကြနဲ့တော့ ၊ဟာ ဟာ
မြင့်တက်သွားပြီဟေ့၊ ရပ်တော့ ရပ်တော့ ၊
ထပ်တက်သွားပြီ ”

ကြောက်လန့်တကြားနဲ့ ဝိုင်းအော်ကြတာဗျ။
ဟုတ်တော့လည်း ဟုတ်တယ်ဗျို့။ အိမ်ကြီးကို
ကြိုးနဲ့သိုင်းပြီး ဆွဲချကြတာ။ အောက်ကို နိမ့်မလာဘဲ
အပေါ်ကိုသာ တပ်ထပ်သွားတယ်ဗျ။

“တာတေ ၊ဒါ ဘယ်လို ဖြစ်တာတုံး”

ဆယ်အိမ်ခေါင်းတွေ ကျုပ်ကို မေးတာဗျ။

“လေးလေးတို့ ဘာမှထပ်ပြီး မလုပ်နဲ့တော့ဗျ။
ဒီအ်ိမ်ကို နောက်ထပ် အောက်ဆွဲချရင် အပေါ်ကို
ထပ်တင်ပေးလိုက်လိမ့်မယ် ”

“ဟေ ဟုတ်လား ၊ဒါဆိုရင် ဒီအိမ်ကို တစ်ယောက်ယောက်က
အပေါ်ကို ဆွဲထားတာလားကွ ၊ တာတေရ”

“ဟုတ်တယ်ဗျ၊ ဒါပေမဲ့ ဘယ်သူလုပ်ထားတာတုံး
ဆိုတာတော့ ကျုပ်လည်း မသိနိုင်သေးဘူး။
လေးလေးတို့ကို ကျုပ် တစ်ခုမေးမယ်ဗျာ။
ဒီလိုအိမ်အကြီးကြီးတစ်လုံးကို အခုလို လေထဲမှာ
ချိတ်ဆွဲထားတာသလို လုပ်ထားတာ အရင်တုန်းက
လေးလေးတို့ မြင်ဖူးကြသလား”

“ဟာ …ဘယ်မြင်ဖူးမှာတုံး ၊ တာတေရ”

“ဒါ မဖြစ်နိုင်တာကို လုပ်ထားတာဗျ။ ဘယ်သူမှ
မလုပ်နိုင်တာမျိုးကို လုပ်ထားနိုင်တဲ့သူရဲ့ အစွမ်းဟာ
နည်းနည်းနောနော ဟုတ်ပါ့မလားဗျာ”

“အေးကွ၊ တာတေပြောတာ ဟုတ်တယ်၊
ဒါဆိုရင် ငါတို့ ဘာဆက်လုပ်တုန်း”

“ဘာမှမလုပ်ဘဲ ဒီအတိုင်းထားဗျာ ၊
ကိုအာလူးအလောင်းကိုသာ မြေအမြန်ကျအောင်
လုပ်ပေတော့ လေးလေးရေ”

“အေး ညက ညဦးကတည်းက ဆုံးတာဆိုတော့
ဒီနေ့ဆိုရင် နှစ်ရက်ရပြီပေါ့ကွာ၊ မနက်ဖြန် သုံးရက်ဆို
သင်္ဂြိုဟ်မှာပဲလေကွာ”

ကိုကံကပြောတော့ ကျန်တဲ့ဆယ်ခေါင်းတွေလည်း
သဘောတူကြတယ်။

“ကဲ ဒါဆိုရင် ဖိုးဝင်းရေ၊ ခေါင်းမြန်မြန်စပ်ခိုင်းကွာ၊
ပြီးတာနဲ့ ခေါင်းသာ သွင်းထားလိုက်ကွာ”

“ဟုတ်ကဲ့ ကိုကံ၊ ကျုပ် ပျဉ်ပုတ်သွားဝယ်ခိုင်းလိုက်တယ်၊
ရောက်တာနဲ့ တိုင်းထွာပြီး ခေါင်းစပ်တော့မှာပဲ ”

ကျုပ်လည်း အိမ်ပြန်လာခဲ့တယ်ဗျ။
ကျောက်ခဲကတော့ မနက်အစောကြီးတည်းက
ပြန်သွားတာ။ ကျုပ်အိမ်ရောက်တော့ အမေတို့
အဘတို့တောင် ထမင်းစားတော့မလို့ လုပ်နေကြပြီ။

ကျုပ်က ရေကပျာကယာချိုးပြီး အဝတ်အစားလဲလိုက်တယ်။
ပြီးတော့ အဘနဲ့ တစ်ခါတည်း ဝင်စားလိုက်တယ်။
အမေက မောင်မခေါ်ပဲလေး နှပ်ထားတာဗျ။
စားလို့ ကောင်းပါဗျ။ အိနေတာပဲ။ အမဲခြောက်ကို
ရေစိမ်ပြီး အတုံးလေးတွေလည်း ခရမ်းချဉ်သီးနိုင်နိုင်
ချက်ထားတာကလည်း ချဉ်ချဉ်လေးဆိုတော့
ညက အိပ်ရေးပျက်နေတာနဲ့ အတော်ပေါ့ဗျာ။

ဗိုက်တင်းသွားတာနဲ့ အိပ်ရေးပျက်တာက
ပြတော့တာပေါ့ဗျာ၊ မျက်လုံးတွေလေးပြီး
ပိတ်ကျလာရောဗျို့။ ကျုပ်လည်း ထုံးစံအတိုင်း
မန်ကျည်းပင်အောက်က သစ်သားကွပ်ပျစ်
ပေါ်ကို ရောက်လာတော့တာပေါ့ဗျာ။

ဝါးဘိုးခြမ်းလေးပေါ်ကို ပုဆိုးဟောင်းလေးခင်းပြီး
လှဲချလိုက်တာနဲ့ အိပ်ပျော်သွားတော့တာဗျို့။

အိပ်ပျော်ကာစမှာ တစ်ချက် တစ်ချက်
ကိုယ့်ဟောက်သံကိုယ် ကြားပြီး လန့်လန့်တောင်
နိုးလာရောဗျာ။ ကျုပ်တောင်ပေါ်ကို တက်နေတာဗျ။
ကျုပ်တစ်ယောက်တည်း မဟုတ်ဘူး။ ကိုအာလူးနဲ့
ကျုပ်နဲ့ဗျ။ကိုအာလူးရဲ့ ယုန်လိုက်အင်မတန်ကောင်းတယ်ဆိုတဲ့
ခွေးညိုကြီးနှစ်ကောင်လည်း ပါတယ်ဗျို့။

ခွေးတွေက အမဲလိုက်ခွေး ပီသပါပေရဲ့ဗျာ။
တရှူးရှူးနဲ့ အနံ့ခံနေကြတာဗျ။ မျက်လုံးတွေကလည်း
အရောင်လက်လက်လက်လက်နဲ့ဗျို့။

တောင်ပေါ်ကို တက်လာလိုက်တာ တော်တော်
ရောက်လာတဲ့အထိ ယုန်တစ်ကောင်မှကို မတွေ့တာဗျ။

“ကိုအာလူး ခင်ဗျား အရင်တုန်းက ဒီတောင်ပေါ်မှာ
ယုန်လိုက်ဖူးလား”

ဟေ့အေး မလိုက်ဖူးဘူးကွ ၊ ဘာဖြစ်လို့တုန်း တာတေရ”

“ယုန်တွေရှိတဲ့ အရိပ်အခြေ မမြင်လို့ဗျ၊
ဒါကို ဘာတောင်လို့ ခေါ်တုန်း”

“ခွေးမတက်တောင်လို့ ခေါ်တာပဲကွ”

“ဟင် …ဟုတ်လား၊ ခင်ဗျားခွေးတွေကတော့
တက်လို့ပါလားဗျ”

“အေးလေကွာ၊ ရှေးတုန်းက လူကြီးတွေက
ဘာရည်ရွယ်နဲ့များ ခေါ်ခဲ့တာလည်းမှ မသိတာ”

ကျုပ်တို့ ပြောနေတုန်းပဲ ရှိသေးတာဗျ၊
ကိုအာလူးရဲ့ ခွေးတွေက တုန့်ကနဲ့ ရပ်ပစ်လိုက်ကြတယ်။

“ဟော ပြောရင်းဆိုရင်း ခင်ဗျားခွေးတွေ ရပ်လိုက်ကြပြီ
ဆက်မသွားတော့ဘူး တွေ့လား ကိုအာလူး”

ကိုအာလူးက သူ့ခွေးတွေကို ချော့ခေါ်ကြည့်တယ်။
ခွေးတွေကတော့ ရှေ့ဆက်ပြီးတော့ မသွားတော့ဘူးဗျ။
မသွားရုံတင် မဟုတ်ဘူး၊ အမြီးတွေပါ ကုပ်နေကြတာဗျ၊

“ကိုအာလူး ဒီကောင်တွေ ကျားနံ့တွေဘာတွေ
ရလို့လားမှ မသိတာ”

“ဟာ တာတေကလည်း ဒီတောတွေမှာ ကျားမှ မရှိတာ”

ပြောပြောဆိုဆိုနဲ့ ကိုအာလူးက ရှေ့ကို ဆက်သွားတယ်။
ကျုပ်က သူ့နောက်က လိုက်တယ်။ ခြေသုံးလေးလှမ်းလောက်
လှမ်းပြီးတော့ ကိုအာလူး ရှေ့ကို ဆက်မသွားတော့ဘဲ
တုန့်ကနဲ ရပ်လိုက်တယ်ဗျ။

“ဘာတွေ့လို့တုံး ကိုအာလူး”

“ရှေ့မှာ တောင်တစ်လုံးကွ”

ဟာ ဟုတ်သားပဲဗျ။ ရှေ့မှာ တောင်တစ်လုံး ရှိနေတာပဲ။
ဒါကြောင့် ခွေးတွေ ဆက်မသွားတာကိုး။

“ကိုအာလူး ခင်ဗျားပြောတဲ့ ခွေးမတက်တောင်ဆိုတာ
ဒီတောင်ဖြစ်လိမ့်မယ်ဗျ၊ ဒါကြောင့် ခင်ဗျားခွေးတွေ
ဆက်မတက်တော့တာဗျ”

“အေး ဟုတ်မယ်ကွ၊ ကဲ ခွေးတွေ ဒီမှာပဲ ထားခဲ့ကွာ၊
မင်းနဲ့ ငါနဲ့ ဆက်တက်ကြရအောင် ၊ရောက်ဖူးတာပေါ့
တာတေရာ”

ကျုပ်နဲ့ ကိုအာလူး တောင်ပေါ်ကို ဆက်တက်ကြတယ်။
သိပ်မတက်ရဘူးဗျ။ ခွေးမတက်တောင်ပေါ်ကို
ရောက်လာတယ်။ ဟာ တောင်ထိပ်က သန့်ရှင်းနေတာပဲဗျာ၊
မြေကြီးပေါ်မှာ အမှိုက်တစ်စ မရှိဘူးဗျ။
သန့်ရှင်းပြီး ပြောင်လက်နေတာပဲဗျာ။

“ကိုအာလူး ဒီတောင်ထိပ်မှာ ရသေ့တွေ ဘာတွေများ
သီတင်းသုံးသလား မသိဘူးဗျ”

“ဟေ …ဘာဖြစ်လို့တုံးကွ”

“ကြည့်လေဗျာ…တောင်ထိပ်တစ်ခုလုံး
အမှိုက်သေသေချာချာ လှည်းထားတာဗျ”

“အေးကွ၊ မင်းပြောတာလည်း ဟုတ်တာပဲ
တော်တော်တော့ ထူးခြားတဲ့ နေရာကွ”

ကျုပ်နဲ့ ကိုအာလူး ရသေ့ကျောင်းတွေ ဘာတွေများ
တွေ့မလားဆိုပြီး လိုက်ရှာကြည့်ကြတာဗျာ…

“ဟာ …ဟိုမှာ ဟိုမှာ ကြည့်စမ်း…တာတေ ”

ကိုအာလူးက လက်ညှိုးထိုးပြတဲ့ နေရာကို ကျုပ်
ကြည့်လိုက်တော့ ပြောင်ရှင်းနေတဲ့
ကုန်းပြောင်ပြောင်လေးပေါ်မှာ အိမ်ကလေး
တစ်လုံးဗျ။ အိမ်က အမြင့်တစ်ပေလောက်ပဲ ရှိတာ။
ကလေးတွေ ကစားတာမျိုးလည်း မဟုတ်ဘူးဗျ။
အိမ်အကြီးကြီးတစ်လုံး မဆောက်ခင် နာမူနာ
ပုံစံထုတ်ထားတဲ့ အိမ်လေးမျိုးဗျ။

ခေါင်းမိုးမှာလည်း စုလစ်မွန်းချွန်တွေ ပါတယ်ဗျ။
သစ်သားနဲ့ ဆောက်ထားတာ၊ နက်မှောင်နေတဲ့
သစ်သားဗျ။ အိမ်က အဆောင်ဆောင် အခန်းခန်းတွေနဲ့
အိမ်အကြီးကြီးကို အိမ်အသေးလေး ချုံ့ထားတဲ့
ပုံမျိုးဗျာ။

“ဟား ဟား ဟား ဟား ”

ကိုအာလူးက သဘောကျပြီး ရယ်တော့တာပဲဗျ။
ကျုပ်က မှင်တက်မိသလို ဖြစ်ပြီး ဘာမှကို
မပြောနိုင်တော့တာဗျ။

ကိုအာလူးက သူ့ခါးမှာ ထိုးထားတဲ့ ဓါးချွန်နဲ့
အိမ်ကလေးရဲ့ တိုင်တွေကို တူးပါလေရောဗျာ။
ကျုပ်လည်း ပါးစပ်က ဘာမှ မပြောနိုင်တော့ဘဲ
ငေးကြည့်နေမိတော့တာဗျို့။

ကိုအာလူးက အိမ်လေးကို တူးပြီးတာနဲ့ ဆွဲမလိုက်တယ်။
အိမ်လေးက အကိုက်ကို ကျွတ်ထွက်လာတာဗျို့။

“ဒီအိမ်လေးကွာ ချစ်စရာကောင်းလိုက်တာ၊
တို့ရွာက ကလေးတွေကြည့်ဖို့ အိမ်ယူသွားရမယ်ကွ”

လို့ ပြောပြီး အိမ်ကလေးကို သေသေချာချာကြည့်ပြီး
ပြုံးပြုံးကြီး လုပ်နေတယ်ဗျ။ ပြီးတော့မှ
ဘာစိတ်ကူးရသွားတယ် မသိပါဘူးဗျာ။
သူမှာပါတဲ့ ကြိုးနဲ့ အိမ်ကလေးကို ချည်တယ်။

ပြီးတော့ ပေါက်ပင်ကြီးတစ်ပင်ရဲ့ ကိုင်းကျနေတဲ့
ကိုင်းမှာ ကြိုးကိုချည်လိုက်တယ်၊ အိမ်ကလေးက
လေထဲမှာ လှုပ်လှုပ် လှုပ်လှုပ်နဲ့ ဖြစ်နေတော့တာပေါ့ဗျာ။

ပြီးတော့မှ အိမ်ကလေးကို တံခါးတွေဖွင့် ၊ပြတင်းပေါက်တွေ
ဖွင့်ပြီး ပြောသဗျ။

“ငှက်ကလေးတွေ နေချင်ရင် နေလို့ရတာပေါ့ကွာ”

လို့ ပြောပြီး တောင်ပေါ်ကနေ ပြန်ဆင်းသွားတယ်။
ကျုပ်လည်း သူ့နောက်က ကပ်ပြီး လိုက်လာခဲ့တယ်။
ကျုပ်ပါးစပ်ကတော့ စကားတစ်ခွန်းမှကို ပြောလို့
မထွက်တာဗျာ။

“တာတေ ထတော့လေ၊ နေတောင်စောင်းနေပြီ၊
အကြာကြီးအိပ်လို့ နေထိုင်မကောင်း ဖြစ်နေဦးမယ်
ထေတာ့ ”

အမေက နှိုးမှ ကျုပ်နှိုးသွားတာဗျ။ ဒီတော့မှ နေ့ခင်း
ကြောင်တောင်ကြီး အိပ်မက်တွေ မက်နေမှန်း ကျုပ်သိသွားတာ။

ဒါပေမဲ့ အိပ်မက်က တော်တော်လေးကို ဆန်းနေတာဗျ။
ဘယ့်နှယ်ဗျာ ၊ သေသွားတဲ့ ကိုအာလူးနဲ့ ကျုပ်နဲ့
ယုန်လိုက်သွားကြလို့တဲ့ ။ ပြီးတော့ တောင်ပေါ်မှာ
ထူးထူးဆန်းဆန်း အိမ်ကလေး တစ်လုံးတွေ့လို့တဲ့ဗျာ။

ဟိုလူကလည်း လက်ဆော့လိုက်တာ လွန်ပါရောလား၊
အိမ်ကို မြေကြီးထဲက တူးယူပြီး သစ်ပင်မှာ ကြိုးနဲ့
ဆွဲထားခဲ့တယ်။

ဟာ …ဒါ ဒါ တကယ်ဖြစ်တာထင်တယ်။ကိုအာလူး
တောထဲမှာ တကယ်လုပ်ခဲ့တာထင်တယ်။ ဒါကြောင့်
သူတို့အိမ်ကြီး လေထဲမှာ မြောက်တက်နေတာ ဖြစ်မယ်။

ဟာ ဒုက္ခပါပဲဗျာ၊ ကိုအာလူး ကျုပ်ကို အိပ်မက်ပေးတာ
ထင်တယ်ဗျ။ သူတစ်ယောက်တည်း ယုန်လိုက်သွားတော့
ဘာဖြစ်ခဲ့တယ်ဆိုတာ ဘယ်သူမှ မသိတော့ ကျုပ်ကို
အသိပေးပြီး အကူအညီတောင်းတာဖြစ်မယ်။
ကျုပ် အိပ်နေရာကနေ ကပျာကယာထပြီး အဘကို
သွားမေးလိုက်တယ်။

“အဘ ခွေးမတက်တောင်ဆိုတာ ရှိလား”

“ဟာ ရှိတာပေါ့ကွ၊ ကပ္ပလီစုကနေ ညောင်ဝိုင်းဘက်ကို
နည်းနည်းဆက်လျှောက်ပြီး တောင်ပေါ်တက်ရတာလို့
ပြောကြတယ်၊ အဘတော့ တစ်ခါမှ မသွားဖူးဘူး၊
ဘာဖြစ်လို့တုံး”

“ကိုအာလူးတို့ကိစ္စက အဲဒီတောင်ပေါ်မှာ ဖြစ်ခဲ့ပုံရတယ်
အဘရဲ့ ”

“အေးလေ၊ ဒီသူငယ်က ခွေးတွေခေါ်သွားပြီး
တောင်တွေပေါ်မှာ ယုန်လိုက်တတ်တယ် ပြောတာပဲ။
ဘာတွေများ လုပ်ခဲ့လို့တုန်းမှ မသိတာ၊ သူတို့အိမ်ကြီးကလည်း
လေထဲမှာ မြောက်နေတယ်ဆိုတော့ တော်တောကို
ဒေါသတကြီးနဲ့ လုပ်လိုက်တာပဲ လူလေးရ ”

“ဟာ …ဒေါသဘယ်လောက်ကြီးကြီးနဲ့ လုပ်လဲဆိုရင်
ကိုအာလူးဗိုက်ထဲမှာ အူတွေ၊ အသည်းတွေ ဘာမှကို
မရှိတော့တာသာ ကြည့်လေ အဘရာ”

ကျုပ် ကိုအာလူးအသုဘကို မသွားတော့ဘူးဗျ။
အိမ်မှာပဲ ငြိမ်ပြီး တွေးနေလိုက်တယ်။
ညကျတော့ ကျောက်ခဲ ရောက်တယ်။

“ဘယ်လိုလဲကွ ကျောက်ခဲ၊ ဘာထူးသေးလဲ”

“ဘာမှမထူးပါဘူးဗျာ၊အိမ်ကြီးကတော့ ဒီအတိုင်းပဲဗျ။
လေထဲမှာ တွဲလွဲကြီး ဖြစ်တုန်းပဲဗျ၊ ကိုကြီးတာတေရော
ဘာတွေသိပြီလဲ”

“သိတော့ သိပြီ ကျောက်ခဲရဲ့၊ ဒါပေမဲ့ မသေချာသေးဘူး၊
ငါ နေ့ခင်းက အိပ်ပျော်သွားတဲ့အချိန်မှာ ကိုအာလူး
ငါ့ကို အိပ်မက်ပေးတယ်၊ သူ ဘာလုပ်ခဲ့တယ်ဆိုတာကို
ပြတယ်ကွ၊ ဒါပေမဲ့ မသေချာသေးဘူး၊တကယ်လို့
အဲဒီအိပ်မက်ထဲကအတိုင်း ဟုတ်တယ်ဆိုရင်တောင်မှ
ငါ့သဘောနဲ့ငါ မလုပ်ရဲဘူးကွ၊ ဒီကိစ္စဟာ
ဘယ်လိုပုဂ္ဂိုလ်မျိုးနဲ့ ပတ်သက်နေမှန်းကို မသိတာကွ”

“ဟာ ဟုတ်လား ကိုကြီးတာတေ”

ဒီကောင် ပါးစပ်လုံတယ်ဆိုတာတော့ ကျုပ်က သိပြီးသားဗျ။
ဒါကြောင့်လည်း အရိပ်အမြွက်လောက် ပြောပြလိုက်တာ
ညရောက်တော့ ကျုပ်မှာ တော်တော်နဲ့ အိပ်မပျော်ဘူးဗျ။
ဒါနဲ့ အမေတို့နဲ့ ထိုင်ပြီး စကားပြောနေတာ
ညသန်းခေါင်ကျော်မှပဲ အိပ်ဖြစ်တော့တယ်ဗျို့။

ကျုပ် မဖဲဝါရဲ့ ကိုယ်ပွားရုပ်ကလေးကို ထုတ်ယူပြီး
မဖဲဝါကို အကြောင်းကြားလိုက်တယ်။

“မဖဲဝါ ကျုပ်တို့ရွာမှာတော့ တော်တော်ကို ထူးဆန်းတဲ့
အဖြစ်အပျက် ဖြစ်နေတယ်၊ ကိုအာလူးဆိုတဲ့လူ
ကြောက်စရာကောင်းအောင် အသေဆိုးနဲ့ သေသွားတယ်၊
အူတွေ အသည်းတွေ ထုတ်စားသွားတာဗျ။
ပြီးတော့ ကိုအာလူးတို့နေတဲ့ အိမ်ကြီးက
မြေကြီးထဲကနေ ကျွတ်ထွက်ပြီး လေထဲမှာ တစ်ခုခုနဲ့
ချိတ်ထားသလို တွဲလောင်းကြီး ဖြစ်နေလို့ဗျ။
ကျုပ် ဘာလုပ်ပေးရမယ်ဆိုတာ ပြောပြပါ၊
သင်္ချိုင်းရှင်မကြီး မဖဲဝါ”

ခေါင်းအုံးနဲ့ ခေါင်းနဲ့ ထိတာနဲ့ ကျုပ်အိပ်ပျော်သွားရောဗျာ၊
အိပ်မက်ထဲမှာ မဖဲဝါကို မမြင်ရဘူးဗျ၊ လေတွေက တဟူးဟူး
တိုက်နေတာ။ ဘယ်နေရာမှန်းလည်း ကျုပ်မသိဘူး။
ကျုပ် အဝတ်ဆိုတာလည်း တိုက်ထဲမှာ တဖျတ်ဖျတ်
လွင့်နေတာဗျ။ ကျုပ်ဆံပင်တွေတောင်လေ တိုက်ထဲမှာ
လွင့်နေတာ ။

“တာတေ ငါပြောမယ်၊ အာလူးဆိုတဲ့ကောင်
ခွေးမတက်တောင်မှာနေတဲ့ တစ္ဆေလေးရဲ့ အိမ်ကို
မြေကြီးထဲကနေ တူးပြီး သစ်ကိုင်းမှာ ကြိုးနဲ့ တွဲလောင်း
ဆွဲထားခဲ့တယ်။ အဲဒီအချိန်က တစ္ဆေလေး ခရီးသွားနေလို့
မသိလိုက်တာ၊ မဟုတ်ရင် အဲဒီနေရာမှာတင်
ပွဲချင်းပြီးသွားမှာ။ တစ္ဆေလေးဆိုတာ သက်တမ်းထောင်ကျော်
ရှိနေပြီ။ သူ့မှာရှိတဲ့ အစွမ်းတွေက တစ်ချို့
နတ်တွေတောင် တုလို့မရဘူးဟဲ့ ကြားလား၊
နင့်အကောင်က တကယ့်ပုဂ္ဂိုလ်ကိုမှ သွားပြီး
စော်ကားမိတာကိုး၊ တော်သေးတာပေါ့
တာတေရာ ၊ အာလူးတစ်ယောက်ပဲ သတ်လို့၊
တစ်အိမ်လုံး သတ်သွားလည်း ငါက အံ့သြမှာ
မဟုတ်ဘူး”

“ဟာ ကျုပ်တို့ကို ကူညီပါ မဖဲဝါရယ်၊
ကျုပ်တို့ ဘယ်လိုလုပ်မလဲ ”

“အေး တစ္ဆေလေးက လူတစ်ယောက်ရဲ့
လက်သန်းလောက်ပဲရှိတာ။ ဒါပေမဲ့ သူ့အလိုရှိရင်
အိမ်လောက်ဖြစ်ဖြစ်တောင်ဖြစ်ဖြစ် ဖန်ဆင်းနိုင်တယ်
ခွေးမတက်အောင်တောင် ကြောကြီး တစ်ခုလုံးရဲ့
တောင်ပိုင်ကြီးက တစ္ဆေလေးပဲဟဲ့ ၊
နင်တို့ သိလား”

“ကျုပ်တော့ ဘာမှကို မသိတာပါဗျ”

“ဒါဆိုရင် ငါပြောမယ်၊ သုံးရက်အတွင်း နင်တို့
အရောက်သွား၊ တစ္ဆေလေးရဲ့ လျှို့ဝှက်ချက်က
အူတွေ အသည်းတွေ သိပ်ကြိုက်တာ
နင်တို့ အမဲအူ အသည်း ကလီစာစုံအောင်ချက်ပြီး
သွားကျွေးကြ။ ပြီးရင် အာလူးအစား နင်တို့
တောင်းပန်ကြ၊ ချည်ထားတဲ့ တစ္ဆေလေးနေတဲ့အိမ်ကို
သေသေချာချာယူပြီး နဂိုနေရာမှာ ပြန်ပြီး တည်ပေးလိုက်၊
ပြီးတော့ သူ့အိမ်နဲ့ ဘေးပတ်ဝန်းကျင်ကို
အမွှေးနံ့သာဖျန်းပေး၊ လက်သမား ခေါ်သွားခိုင်းတာက
အိမ်ကို သေသေချာချာ စရွေးကိုက်ပြီး
ပြန်တည်ပေးဖို့ သိလား၊ သူ့အိမ်ကို ရွဲ့ရွဲ့စောင်းစောင်း
တည်ပေးလို့ကတော့ နင်တို့အကုန်လုံးကို
သတ်လိမ့်မယ် တာတေ၊ နင် ဦးဆောင်ပြီး
သေသေချာချာ လုပ်ပေးလိုက် ကြားလား”

“ဟုတ်၊ ဟုတ်ကဲ့ပါ ၊ မဖဲဝါ ၊ ကျုပ် လိုက်သွားပါ့မယ် ”

ကျုပ် လန့်နိုးလာတော့ အရုဏ်တောင်
မတက်သေးဘူးဗျ၊ ဒါနဲ့ ကျုပ် ပြန်အိပ်လိုက်တယ်။

ကိုအာလူး အသုဘချပြီးလို့ နှစ်ရက်ကြာတော့
ကျုပ်နဲ့ ဆယ်အိမ်ခေါင်းသုံးယောက် လက်သမား
ကောင်းကောင်း နှစ်ယောက်ခေါ်ပြီး အမဲသား
ဟင်းအိုးကြီးကို ဝါးပိုးလုံးနဲ့ လျှိုထမ်းပြီး
ခွေးမတက်တောင်ကို တက်ခဲ့ကြတယ်။

တောင်ပေါ်ရောက်တော့ ကျုပ်အိပ်မက်ထဲမှာ
တွေ့ရတဲ့အတိုင်းပါပဲဗျာ၊ ကိုအာလူး
အိပ်မက်ပေးဘူးတဲ့နေရာမှာ အိမ်ကလေးကို
ကြိုးနဲ့ချည်ပြီး ပေါက်ကိုင်းကြီးမှာ
တွဲလွဲဆွဲထားတာကို ကျုပ်တို့ တွေ့ရောဗျို့။

ကိုကံတို့ ဆယ်အိမ်ခေါင်းတွေလည်း ကျုပ်ပြောထားတာကို
ကြိုသိနေကြတာဆိုတော့ အခုလို မြင်လိုက်ရတဲ့အချိန်မှာ
တော်တော်ကို အံ့သြသွားကြတာဗျို့။

လက်သမားဆရာနှစ်ယောက်က သစ်ပင်မှာ
တွဲလောင်းဆွဲထားတဲ့ အိမ်ကလေးကို ဖြုတ်ချပြီး
နဂိုနေရာက တိုင်ပေါက်ကလေးတွေမှာ တိတိပပလေး
စွပ်ချပြီး ရွဲ့စောင်းမနေအောင် သေသေချာချာ
တိုင်းထွာကြတယ်ဗျ၊ ပြီးတော့မှ အိမ်ကလေးကို
ခိုင်နေအောင် မလှုပ်အောင် ပြန်လုပ်ပေးကြတယ်။

ကျုပ်စိတ်ထင်တော့ တစ္ဆေလေးကို မဖဲဝါက
ကြိုတင်ပြီး တောင်းပန်ထားတဲ့ပုံပဲဗျ။
ကျုပ်တို့ လာမယ်ဆိုတာကိုလည်း တစ္ဆေလေး
ကြိုသိနေတယ်ထင်တယ်။

ဒါကြောင့် ကျုပ်တို့ကို ဘာမှ မလုပ်ဘဲ
ကြည့်နေတာ ဖြစ်မယ်ဗျ။ အိမ်ကို ကျကျနန
ပြန်ဆောက်ပေးပြီးတော့မှ ကျုပ်တို့ ယူလာတဲ့
အမဲကလီစာ ဟင်းအိုးကို အဖုံး ဖွင့်ပြီး
ကျွေးလိုက်တယ်။

“ခွေးမတက်တောင်ပိုင်ကြီး တစ္ဆေလေးခင်ဗျာ၊
ကျုပ်တို့ရွာသား ကိုအာလူးရဲ့ မသိမှု မိုက်မဲမှုတွေအတွက်
ကျုပ်တို့ရွာသားအားလုံးက တစ္ဆေလေးကို
တောင်းပန်ပါတယ်ဗျာ၊ ကျုပ်က မဖဲဝါရဲ့
မိတ်ဆွေ တာတေပါ၊ တစ္ဆေလေးကြိုက်တဲ့
အမဲကလီစာများကို တစ္ဆေလေးစားဖို့
ယူဆောင်လာပါတယ်၊ ပျော်ပျော်ကြီး
စားပါ ၊ တစ္ဆေလေးဗျာ”

ကျုပ်က မျက်ကွင်းဆေးကွင်းထားတော့
မြင်ရပြီဗျာ။ ဟုတ်ပါ့ဗျာ၊ လက်သန်းလောက်ကလေး
ရှိတာဗျ၊ သူ့အိမ်ကလေးကို တံခါးဖွင့်ပြီး
ထွက်လာတာ၊

“တစ္ဆေလေးဗျာ ၊ထနောင်းကုန်းရွာသားတွေက
အမိုက်အမဲ အာလူးအစား တောင်းပန်ပါတယ်၊
တွဲလောင်းပါတယ် ၊ တွဲလောင်းဆွဲထားတဲ့
အိမ်ကြီးကို ပြန်ချပေးပါဗျာ။ မဖဲဝါရဲ့ မိတ်ဆွေ
ကျုပ် တာတေက တောင်းပန်ပါတယ်ဗျာ”

ဟော တစ္ဆေလေးက ခေါင်းမှာ ဦးထုပ်အနီလေး
ဆောင်းထားတာဗျ၊ သူ့ခေါင်းက ဦးထုပ်ကလေးကို
ချွတ်ပြီး ကျုပ်ကို ဝှေ့ပြတယ်၊
ပြီးတော့ပြန်တော့ဆိုတဲ့ ပုံစံမျိုး လက်ဟန်ပြတယ်ဗျ။

ကျုပ်လည်း ကိုကံတို့ ဆယ်အိမ်ခေါင်းတွေကို လက်ကုတ်ပြီး သုတ်ခြေတင်ခဲ့ကြရောဗျို့။

ရွာပြန်ရောက်တော့ ရွာထဲမှာ ကျွတ်စီ ကျွတ်စီဖြစ်နေတယ်ဗျ။

ဘာဖြစ်ကြပြန်ပြီလဲလို့
စုံစမ်းလိုက်တော့ ကိုအာလူးတို့ အိမ်ကြီး
နဂိုအတိုင်း ပြန်ဖြစ်သွားလို့ ဆိုပြီး သွားကြည့်နေကြတာတဲ့ဗျို့။

ဒီတော့မှ ကိုကံရော ဆယ်အိမ်ခေါင်းတွေရော
လက်သမားဆရာနှစ်ယောက်ရော ပြုံးနိုင်ကြတော့တာပေါ့ဗျာ၊
ကျုပ် အိမ်ပြန်ရောက်တော့ နေတောင်အတော်စောင်းနေပြီဗျ။

ပြီးပါပြီခဗျာ

‘မဖဲဝါအသကျ ၄၄ နှစျ ‘စာအုပျမှာ ကူးယူတင်ပြထားချင်းဖွစျသည်။

စာဖတ်ပရိတ်သတ်များ အားလုံး ပဲ စိတ်ရွှင်လန်းပါစေခဗျာ။

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အားပေးသွားပါအုံးဗျာ။