ကျိန်စာသင့်စေတီ

ခင်ဗျာ…”

“အေးချမ်းမှုကိုဖျက်ဆီးတဲ့သူပုန်တွေ
ရှိရင်လည်းပြောပါ…
အဲ့သည်လိုကောင်တွေကိုသာဖမ်းမိရင်
ခင်ဗျားလည်းဆုချီးမြှင့်ခံရမှာပါ…”

“ဟုတ်ကဲ့ အရာရှိမင်း…
ကျုပ်ရွာမှာအဲ့သည်လိုလူတွေရှိလာရင်လည်း
ကျုပ်ဘက်က
​အရာရှိမင်းကိုပြောဖို့လက်မနှေးပါဘူးခင်ဗျာ…”

သူကြီးဦးနောင်ချိုစကားကြောင့်
အရာရှိမင်းကပြုံးသွားသည်။
သူကြီးကတော်ပြင်ဆင်ပေးထားသော ဆီရွဲရွဲစိမ်ထားသည့်
ဆိတ်သားခြောက်ဖတ်များကိုနှိုက်စားယုံတင်မက
ရေနွေးကြမ်းလေးကိုလည်းမော့သောက်နေခဲ့၏။
စားသောက်နေရင်းမှ…

“ကျုပ်…ဒီကိုလာတာအကြောင်းရှိတယ်…”

“ဟုတ်ကဲ့…”

“ခင်ဗျားရွာမှာ…ဘွားမယ်စိန်ဆိုတဲ့
အမေကြီးရှိတယ်မဟုတ်လား…”

“ဟုတ်…ရှိ…ရှိပါတယ်ခင်ဗျာ…
ဘွားနဲ့ဘာအကြောင်းများရှိလို့လဲဆိုတာ
ကျုပ်သိလို့များရမလား…”

“ရတာပေါ့…
ကျုပ်တို့ကဒီအမေကြီးကိုလာခေါ်တာပါ”

“ခင်ဗျာ…”

အရာရှိမင်းစကားကြောင့် သူကြီးဦးနောင်ချို
မျက်လုံးပြူးသွားသည်။
ဘွားမယ်စိန်ကိုတစ်ခုခုကြောင့်များလာဖမ်းလေခြင်းလားဟု
စိုးရိမ်သွားခဲ့၏။

“မလန့်ပါနဲ့သူကြီး…
ကျုပ်တို့က…ဒီအမေကြီးကို
အကူအညီတောင်းချင်လို့လာခေါ်ရတာပါ…”

“သြော်…ဟုတ်ကဲ့ခင်ဗျ…”

အရာရှိမင်းကဆက်ပြောလေမှသူကြီးဦးနောင်ချို
စိတ်ထဲမှ တော်ပါသေးရဲ့ဟု ပြောရင်း နှာခေါင်းတွင်းမှ
လေပူများကိုမှုတ်ထုတ်လိုက်၏။

“ကဲ…သူကြီး…သူကြီးခေါ်ပေးမလား…
ကျုပ်တို့ဘဲ သွားတွေ့ရမလား ”

“အယ်ဗျာ…ကျုပ်ပဲသွားခေါ်ပေးပါ့မယ်…
အရာရှိမင်းတို့လည်းပင်ပန်းလာမှာပဲ…
အနားယူကြပါဦးဗျာ…”

“ကောင်းပြီ…ကောင်းပြီ…”

သူကြီးဦးနောင်ချိုလည်းသူကြီးကတော်ကို
မျက်လုံးဖြင့်အရိပ်အကဲပြလိုက်ပြီး
ဘွားမယ်စိန်အိမ်သို့ထွက်လာခဲ့တော့သည်။

“သူကြီးဘယ်တုန်းဗျ”

လမ်း၌တွေ့သောရွာသားတွေကမေးတော့…

“ဘွား အိမ်ဆီကိုသွားမလို့ကွ…
ဒါနဲ့ မင်းတို့ကဘာလို့အုပ်စုလိုက်ဖြစ်နေကြတာတုန်း”

“သူကြီးအိမ်ကိုလာမလို့လေဗျာ…
မြို့ကပုလိပ်အရာရှိတွေရောက်နေတယ်ဆိုလို့…”

“ဟ…ခွေးမသားတွေ…
ဟိုအကောင်မောင်အုန်းမပြောဘူးလား”

“ဗျာ…ကိုကြီးအုန်းကအစောလေးကမှ..
ပုလိပ်တွေသူကြီးအိမ်မှာရောက်နေပြီလို့လာပြောသွားတယ်လေ…ဘာများဖြစ်လို့တုန်းသူကြီး”

“ဟာ…ဒီကောင်တွေကတော့…
မင်းတို့ပထွေးတွေရောက်နေတာသိရဲ့နဲ့
ငါ့ဆီအုပ်စုလိုက်လာပြီးဘာလုပ်ကြမှာတုန်း…
ဟိုကတစ်ခုခုမှားရင်ဖမ်းခေါ်သွားကုန်မှ
ခက်ကုန်တော့မယ်ကွာ…
သွားကြ…သွား…ကိုယ့်အိမ်မှာကိုယ်လုပ်စရာရှိတာကို
လုပ်နေကြ…ရွာထဲ အလေလိုက်မနေကြနဲ့…”

သူကြီးကအော်ငေါက်လိုက်တော့မှ
ရွာသားတွေလည်း အလျှိုအလျှိုပြန်ကုန်ကြတော့သည်။
ရွာသားတွေကိုကြည့်ရင်းသူကြီးဦးနောင်ချိူလည်း
သက်ပြင်းတစ်ချက်ချလိုက်သည်။
ပြီးနောက် ဘွားမယ်စိန်အိမ်ဆီသို့ခြေလှမ်းကျဲကြီးဖြင့်
ခပ်မြန်မြန်လျှောက်လာခဲ့တော့၏။

“ဘွားရေ…ဘွား…ဘွားရှိလားဗျ”

“ဟဲ့…ဘယ်သူတုန်း…
အိမ်နားတောင်မရောက်သေးဘူးအော်ခေါ်နေရတယ်လို့”

ဒေါ်ဝင်းကလည်းအော်ခေါ်သံကြောင့်လှမ်းကြည့်ရင်း
ပြောလိုက်သည်။

“မိဝင်း…အဲ့တာညည်းတို့သူကြီးရဲ့အသံဟဲ့…
ဘာတွေလောနေတယ်မသိဘူး…
သွားကြည့်စမ်းပါအေ”

ဘွားမယ်စိန်စကားကြောင့်ဒေါ်ဝင်းလည်း
ကွပ်ပျစ်ခင်းမှဆင်းပြီး ခြံတံခါးဆီသို့သွားလေသည်။
သူကြီးကခြံနားရောက်လာတော့…

“ဟုတ်သားပဲတော့်…
သူကြီး ဘာတွေလောနေတာတုန်း”

“အစ်မဝင်း…ဘွားရှိတယ်မဟုတ်လား”

“ရှိပါ့တော်…”

သူကြီးဦးနောင်ချိိုက ခြံဝိုင်းထဲဝင်လာသည်။
ဘွားမယ်စိန်က သူကြီးဦးနောင်ချိုကိုကြည့်နေခဲ့၏။
သူကြီးဦးနောင်ချိုကမတ်တပ်ရပ်လျှက်နှင့်

“ဘွား…ကျုပ်အိမ်မှာ ပုလိပ်တွေရောက်နေတယ်ဗျ…”

“ဟေ…ဟုတ်လား…ဘာလာလုပ်ကြတာတဲ့တုန်း”

သူကြီးဦးနောင်ချိုစကားကြောင့်
ဒေါ်ဝင်းမှာပြာပြာသလဲအနားရောက်လာခဲ့သည်။

“အရာရှိမင်းပြောတာကတော့
ဘွားဆီကိုအကူအညီလာတောင်းကြတာဆိုပဲဗျ”

“ဟေ…ဒီအကောင်တွေက
ဘာများအကူအညီလိုကြတာတုန်း…”

“အဲ့တာတော့ကျုပ်လည်းမသိဘူးဗျ…”

“အေးလေ…လာခေါ်တယ်ဆိုတော့
လိုက်ခဲ့ရမှာပေါ့ကွယ်…”

“အမေ…ဖြစ်ပါ့မလား”

“ဖြစ်ပါတယ်မိဝင်းရယ်…
ဘာမှစိတ်မပူနဲ့…
ငါ့ကံကြမ္မာကသူများသတ်လို့တော့မသေပါဘူးအေ”

“အမေကလည်းတော်…
ဒင်းတို့က လုပ်ချင်တာလုပ်တာ…
ကျုပ်စိတ်မချဘူးတော်…
ကျုပ်ကောလိုက်ခဲ့လိုက်မယ်”

“အိမ်မှာပဲနေခဲ့…
စိတ်သာချ…ဘာမှစိတ်မပူနဲ့…”

ဘွားမယ်စိန်ကဒေါ်ဝင်းကိုပြောရင်းကွပ်ပျစ်ခင်းမှ
ဆင်းလိုက်သည်။
​ဒေါ်ဝင်းလည်းဘွားမယ်စိန်စကားကိုပြန်၍မပြောတော့ဘဲ
ကွပ်ပျစ်ခင်း၌ စိတ်ပျက်လက်ပျက်ထိုင်နေခဲ့၏။
ဘွားမယ်စိန်အိမ်အပေါ်ကိုတက်သွားချိန်၌…

“ကျုပ်တို့ရှိပါတယ်မမဝင်းရယ်…
ဒီကောင်တွေကပြသာဒ်နာလာရှာတာမဟုတ်လောက်ပါဘူး…
ဘွားဆီကနေအကူအညီတစ်ခုခုယူချင်လို့လာကြပုံပါပဲ”

ဟုသူကြီးကပြောလေတော့မှ…

“ဒီလိုဆိုရင်လည်း သူကြီးပြောတာကိုပဲ
ကျုပ်ယုံလိုက်မယ်…ကျုပ်အမေ့ကိုတော့
စောင့်ရှောက်ပေးကြပါတော်…”

“ဟုတ်ကဲ့ပါဗျာ…”

ဘွားမယ်စိန်လည်း တောင်ဝှေးကြီးကိုယူပြီး
အိမ်ပေါ်မှဆင်းလာခဲ့သည်။

“ကဲ…သွားကြတာပေါ့…
မိဝင်း…ညည်းသမီးကိုအိမ်မှာပဲနေခိုင်း…
သားအမိနှစ်ယောက်လုံးအပြင်မထွက်ကြနဲ့”

“ဟုတ်ကဲ့အမေ”

ဘွားမယ်စိန်သည်
ဒေါ်ဝင်းကိုမှာစရာရှိတာမှာ​ပြီးနောက်
သူကြီးဦးနောင်ချိုနှင့်လိုက်လာခဲ့လေသည်။
ဘွားမယ်စိန်နှင့်သူကြီးဦးနောင်ချိုကို တွဲမြင်ကြသော
ရွာသူ၊ရွာသားများမှာ တစ်ခုခုများဖြစ်လေသလား
အတွေးများဖြင့်စိုးရိမ်တကြီးကြည့်နေကြရှာသည်။
ဘွားမယ်စ်ိန်တို့လမ်းလျှောက်လာသောရွာလမ်းမလေးအတိုင်း
ပုဆိုးကိုစလွယ်သိုင်းပြီးအပြေးလာနေသော
မောင်တိုးနဲ့မောင်အုန်းကြောင့် လမ်းမှာဖုန်များပင်တထောင်းထောင်းထလို့နေခဲ့၏။

“သူကြီး…သူကြီး
ဘာဖြစ်တာလဲဗျ…”

“ကျုပ်တ်ို့ဘွားကို…ဘာလို့ခေါ်ရတာလဲ”

ဟု…မောင်တိုးနဲ့မောင်အုန်းက မောဟိုက်နေသည့်ကြားမှ
မေးကြလေသည်။

“ဟေ့ကောင်တွေမင်းတို့ဘာဖြစ်လာကြတာတုန်း”

သူကြီးကမောင်တိုးတို့နှစ်ယောက်ကို
မေးနေစဥ်…နံဘေးရွာသူ၊ရွာသားများကပါ
ဝိုင်းလာကြသည်။

“ဘာဖြစ်ရမှာလဲဗျ…
သူကြီးကဘွားကိုသွားခေါ်တယ်ဆိုလို့…
နောက်ပြီးဟိုမျက်နှာဖြူတွေကလည်း
သူကြီးအိမ်မှာရှိနေတာလေဗျာ…”

ဟုမောင်တိုးက လေသံကျယ်ကျယ်ဖြင့်ပြောလိုက်တော့မှ
သူကြီးဦးနောင်ချိုကသဘောပေါက်သွားသည်။

“နေပါဦး…ငါပြောပါ့မယ်ကွာ…
ဘွားကိုခေါ်တယ်ဆိုတာကလည်းအရာရှိမင်းက
အကူအညီတောင်း စရာရှိတယ်ဆိုလို့ပါဟ…”

“ဘာပဲဖြစ်ဖြစ်ဗျာ…
ကျုပ်ကတော့မယုံဘူး”

မောင်တိုးကခေါင်းကိုခါရမ်းပြီးပြောလေရာ
မောင်အုန်းကလည်း…

“ဟုတ်တယ်…ကျုပ်လည်းဒင်းတို့ကိုမယုံဘူး”

ဟုပြောလေတော့နံဘေးရှိရွာသူရွာသားများကလည်း
ထောက်ခံကြပြန်သည်။

“ဟုတ်တယ်…ကျုပ်တို့လည်းမယုံဘူး”

အားလုံးကစိုးရိမ်နေကြသည်မလို့ဘွားမယ်စိန်မှ…

“ကဲ…အခုလိုအားလုံးကစိုးရိမ်နေကြတာကို
ဘွားနားလည်ပါတယ်ကွယ်…
မောင်ရင်တို့လည်းဘွားနဲ့မြို့ကိုလိုက်တုန်းက
အရေးပိုင်တွေ…ဝန်ထောက်တွေနဲ့တွေ့ဖူးကြတာပဲကွယ်…
အခုလာတာကလည်းသူတို့တစ်ခုခု
အကူအညီတောင်းဖို့ပဲဖြစ်မှာပါ…
ဒီလိုမှစိတ်မချရင်တော့
မောင်ရင်တို့နှစ်ယောက်လည်းဘွားနဲ့အတူသာလိုက်ခဲ့ကြ…
ကျန်တဲ့လူတွေကတော့ နေမြဲအတိုင်းပဲနေခဲ့ကြကွဲ့…
ကဲ…ကဲ…သွားကြရအောင်…”

ဟုပြောလေမှအားလုံးကနားထောင်ကြသည်။
မောင်တိုးနဲ့မောင်အုန်းကလည်း
ဘွားမယ်စိန်ပြောသည့်အတိုင်း
လိုက်လာခဲ့ကြသလို ကျန်ရွာသူ၊ရွာသားတို့မှာလည်း
ကျန်နေရစ်ခဲ့ကြတော့၏။

သူကြီးဦးနောင်ချို၏အိမ်သို့ရောက်လာတော့…

“အရာရှိမင်း…ဒါအရာရှိမင်းခေါ်ခိုင်းတဲ့
ဘွားမယ်စိန်ပါခင်ဗျ…”

“သြော်…ဟုတ်ပြီ…ထိုင်ပါဦး…”

အရာရှိမင်းကဘွားမယ််စိန်ကိုခုံ၌ဝင်ထိုင်စေသည်။
မောင်တိုးနဲ့မောင်အုန်းကတော့
ဘွားမယ်စိန်အနောက်၌မတ်တပ်ရပ်နေကြ၏။
အရာရှိမင်းကမောင်တိုးတို့ကိုလက်ညိုးထိုးပြီး…

“သူတို့က…ဘယ်သူတွေလဲ”

ဟုမေးပြန်တော့ သူကြီးဦးနောင်ချိုကပဲ…

“သူတို့ကဘွားမယ်စိန်ရဲ့သားတွေပါ…”

“သြော်…ဟုတ်ပြီ…
ကဲ…အမေကြီးရဲ့အကြောင်းကိုတော့
ကျုပ်ကြားဖူးထားပါတယ်…
အတော်လည်းထက်တယ်လို့သိထားတယ်…”

ဟုအရာရှိမင်းကပြောတော့ဘွားမယ်စိန်က
မည်သည့်စကားမှပြန်မပြောဘဲ
ခေါင်းသာညိတ်ပြလိုက်သည်။

“ကျုပ်အခုလာတာကအမေကြီးဆီကနေ​ပြီး
အကူအညီယူချင်လို့ပါ…
ဒီအတွက်လည်းအမေကြီးအကျိုးမနည်းစေရပါဘူး”

“အရာရှိမင်း ကျုပ်ဆီကနေ
ဘာအကူအညီများလိုချင်တာလဲ…ဒါကို
ကျုပ်အရင်သိခွင့်ရနိုင်မလား…”

“သိလို့ရပါတယ်…
ဒီလိုပါ…ကျုပ်သိထားတဲ့ ကျ်ိန်စာသင့်စေတီဆိုတဲ့
ရှေးဟောင်းစေတီတစ်ဆူကို တူးဖော်ချင်တာပါ…
ကျုပ်ရှေ့မှာလည်းဒီစေတီကိုတူးဖော်ထားတဲ့
အရာရှိမင်းတစ်ယောက်ရှိပါတယ်…”

“ကျိန်စာသင့်စေတီ…
ဘယ်လိုမျိုးကိုကျိန်စာသင့်စေတီလို့ခေါ်တာလဲအရာရှိမင်း”

“အဲ့သည်စေတီမှာမမြင်အပ်တဲ့အရာတွေရှိနေတယ်…
ဒီအရာတွေကအထဲကရွှေ…ငွေ…တွေကို
တူးဖော်လို့မရအောင်နှောက်ယှက်နေတယ်…
ကျုပ်ရှေ့ကအရာရှိမင်းဆိုရင်အဲ့သည်
စေတီဟောင်းကနေပြီး
ရွှေတွေတော်တော်များများရဖူးပါတယ်…”

“ဒါဆိုရင်တော့ကျိန်စာသင့်စေတီဆိုပြီး
ခေါ်ဖို့ထက်…
ကျုပ်တို့အခေါ်အရသိုက်လို့ပဲပြောရမှာပေါ့
အရာရှိမင်းရဲ့…”

“No…No…No…
ဒါဟာသိုက်မဟုတ်ဖူး…
ကျိန်စာသင့်စေတီလို့ခေါ်ရမှာ…
ဘာလို့ဆိုရင်ရှေ့ကရွှေတွေရသွားတဲ့အရာရှိမင်းဆိုရင်
သူနဲ့သူ့မိသားစုနယ်ပြောင်းသွားတော့
ရွှေတွေလည်းအတူပါသွားတယ်လို့သိရတယ်…
ဒါပေမယ့်…သူနဲ့သူ့မိသားစုလည်း ချောက်ထဲကို
ကျပြီးဆုံးသွားခဲ့ရတယ်…အဲ့သည်တော့
ရွှေတွေလည်းအကုန်ပါသွားခဲ့တာပေါ့…”

“အရာရှိမင်းပြောတာလည်းဖြစ်နိုင်ပါတယ်…
သိုက်ဆိုတာ ကျုပ်တို့ဘာသာအရ
နောင်ပွင့်လာမယ့်ဘုရားအတွက်ရည်စူးပြီး
သိမ်းဆည်းထားတဲ့နေရာတစ်ခုပါ…
အဲ့သည်လိုကြောင့်လည်း
သိုက်ကပစ္စည်းကိုမလိုသူတွေလက်ကနေကာကွယ်ဖို့…
မြင်အပ်…မမြင်အပ်တဲ့ပုဂ္ဂိုလ်တွေကစောင့်ရှောက်ရပါတယ်…”

ဘွားမယ်စိန်စကားကြောင့်
အရာရှိမင်းကခေါင်းည်ိတ်သည်။

“ကျုပ်ကလည်း အမေကြီးတို့ဘာသာရဲ့
အယူအဆတွေကိုသိထားပါတယ်…
အခုလာရတဲ့အကြောင်းအရင်းကတော့
အဲ့သည်ဘုရားပျက်ထဲက ကျန်ရှိဦးမယ့်…
ရွှေတွေ..ငွေတွေကိုတူးဖော်ချင်တာပါ…
အမေကြီးဆီမလာခင်က…ကျုပ်ဒီကိစ္စကိုစတင်နေပါပြီ…
ဒါပေမယ့်အနှောက်အယှက်တွေရှိနေလို့
ခရီးကမတွင်ဖြစ်နေကြောင့် အမေကြီးကိုအကူအညီလာတောင်းရတာပါ…”

အရာရှိမင်းစကားကြောင့် သူကြီးဦးနောင်ချိုနှင့်
မောင်တိုးတို့မျက်လုံးပြူးသွားခဲ့သည်။
ဘွားမယ်စိန်မည်သို့ပြန်ပြောလေမလဲကိုလည်း
သိချင်နေကြရှာသည်။

“အရင်သေဆုံးသွားတဲ့အရာရှိမင်းကတော့
ဘယ်လိုကတ်ိတွေပေးပြီး…
ရွှေတွေကိုယူခဲ့သလဲတော့ကျုပ်မသိပါဘူး…
ဒါပေယ့် အခုအရာရှိမင်းလေးတို့ဘက်က
ဒီစေတီဟောင်းကိုရအောင်ဖြိုဖျက်ပြီး
တူးဖိုးကြိုးစားနေတယ်ဆိုရင်တော့
လက်လျော့လိုက်တာပဲကောင်းပါတယ်…
ကျုပ်ရဲ့ပညာကိုအရာရှိမင်းလေးသိထားတယ်ဆိုရင်
အခုကျုပ်ပြောနေတဲ့ကိစ္စကိုလည်းအရာရှိမင်းလေး
စဥ်းစားပေးပါ…
ရှေ့လူဘယ်လိုဖြစ်သွားသလဲဆိုတာသိရင်တော့
မတော်လောဘတွေကိုအဆုံးသတ်သင့်ပါတယ်…”

“အမေကြီးက မကူညီနိုင်ဖူးလို့ဆိုလိုတာလား”

“ဟုတ်ပါတယ်…”

အရာရှိမင်းလေးက သူကိုဘွားမယ်စိန်ကငြင်းလိုက်၍
ဘွားမယ်စိန်ကိုသေချာစူးစိုက်ကြည့်နေခဲ့သည်။
ဘွားမယ်စိန်ကလည်း ပြန်၍
တည်တည်ငြိမ်ငြိမ်သာကြည့်နေခဲ့၏။
သူကြီးဦးနောင်ချိုကတော့ ချွေးများပင်ထွက်နေပြီး
နေရခက်နေသလို…မောင်တိုးနဲ့မောင်အုန်းကလည်း
ဘွားမယ်စိန်ကိုကာကွယ်ပေးဖို့အသင့်ရှိနေကြသည်။
မျက်လုံးချင်းအားပြိုင်ကာကြည့်ပြီးနောက်
အရာရှိမင်းလေးက ခုံမှထရပ်လိုက်ပြီး…

“ကောင်းပြီလေ…အမေကြီးမကူညီနိုင်ဖူးဆိုရင်တော့…
ကျုပ်လည်းတခြားကူညီနိုင်သူကိုရှာရမှ​ပေါ့…
ပြန်နိုင်ပါပြီ…”

ဟု​ပြောလိုက်တော့မှသူကြီးဦးနောင်ချို…

“ဟင်း” ခနဲသက်ပြင်းချရှာသည်။
ဘွားမယ်စိန်ကလည်းခုံမှ ထပြီး ပြန်လာလေတော့
မောင်တိုးနဲ့မောင်အုန်းလည်းအတူတူလိုက်လာခဲ့ကြ၏။
လမြး၌…

“ဘွား…အခုလိုငြင်းလိုက်တော့…
အဲ့သည်မျက်နှာဖြူကဒီတိုင်းအသာတကြည်ပြန်ခိုင်းတာ
ရိုးကောရိုးရဲ့လားဗျ…”

ဟုမောင်အုန်းကမေးလိုက်သည်။

“ဟာဗျာ…ကိုကြီးအုန်းမေ့များနေသလားဗျ…
ကျုပ်တို့​ဘွားက မြို့မှာအရေးပိုင်မင်းနဲ့ကအစသိထားတဲ့
သူလေဗျာ…
သူ့လိုအရာရှိမင်းအဆင့်လေးနဲ့ဘွားကိုလာပြီး
အန္တရာယ်ပေးနိုင်မှာတဲ့လား..တကယ်လို့
အန္တရာယ်ပေးခဲ့ရင်တောင်
သူလည်းဘွားရဲ့ပညာကိုသိထားတာပဲ…
ဒါကိုသိထားလို့သာ
အသာတကြည်ပြန်ခိုင်းတာပေါ့ဗျာ…”

“အေး…မင်း​ပြောတာလည်းဟုတ်သားပဲ”

မောင်တိုးနဲ့မောင်အုန်းပြောနေသောစကားများကို
ဘွားမယ်စိန်ကလမ်းလျှောက်ရင်းနားထောင်နေခဲ့သည်။
အိမ်သို့ရောက်တော့ ဒေါ်ဝင်းကပြာပြာသလဲ​မေးပြန်သည်။

“အမေ…ဘာတဲ့လဲ”

ဒေါ်ဝင်းမေးတာကိုမောင်တိုးကသေချာရှင်းပြလိုက်၏။
ဒီတော့မှ…

“အမယ်လေး…ငရဲလားမယ့်မသာတွေ…
ဘုရားပစ္စည်းကိုအတော်လေးလိုချင်နေကြတာ…
သေတာတောင်နည်းသေးတယ်…”

“ဟုတ်ပါ့အရီးရာ…
ကျုပ်ဖြင့် ဒီကောင်တွေကို
အသေသတ်ပစ်ချင်လိုက်တာဆိုတာ
လက်ကိုယားနေတာပဲ”

မောင်တိုးကပါသံယောင်လိုက်ပြောလေတော့
ဘွားမယ်စိန်ကရယ်နေခဲ့သည်။

“ကျုပ်ကတကယ်ပြောတာဘွားရဲ့…
ဒင်းတို့မျက်နှာဖြူတွေက…
ကျုပ်တို့မြေပေါ်…မြေအောက်ပစ္စည်းမှန်သမျှကို
သိမ်းထားယုံတင်မကဘူး…
ဘုရားပစ္စည်းကိုပါလုချင်နေကြတာလေ…
အတော်ခံပြင်းစရာကောင်းပါတယ်ဗျာ…”

ဟု…မောင်တိုးကအံတကြိတ်ကြိတ်ပြောတော့…

“သူ့လောဘကသူ့ကိုဒဏ်ခတ်ပါလိမ့်မယ်ကွယ်…
သူလည်းကျိန်စာသင့်စေတီအကြောင်းသိထားပြီပဲ…
သူမိုက်ရင်သူခံရတော့မှာပေါ့ကွဲ့…”

ဟုဘွားမယ်စိန်ကပြောတော့အားလုံးခေါင်းညိတ်ကြသည်။

“ဒါနဲ့…အဲ့သည်စေတီကဘယ်မှာရှိတာလဲဗျ”

ဟုမောင်အုန်းကမေးတော့…

“ကျုပ်လည်းမသိခဲ့ရဘူး…သိရအောင်လို့
ကိုကြီးအုန်းသွားမေးကြည့်ပါလားဗျ…”

“ဟာ…သွားမေးစရာလားကွ”

မောင်အုန်းရုပ်ကြီးရှုံ့တွသွားတာကိုကြည့်ပြီး
မောင်တိုးကရယ်လေသည်။
ဘွားမယ်စိန်ကမကူညီနိုင်ဖူးပြောလိုက်၍
မျက်နှာဖြူတို့လည်းသူကြီးအိမ်၌တစ်ညအိပ်ပြီး
နောက်ရက်မနက်၌ပြန်သွားကြတော့သည်။
မျက်နှာဖြုများကိုမကြောက်မရွံ့ငြင်းလိုက်သော
ဘွားမယ်စိန်၏သတင်းကတော့သောင်ထွန်းနယ်ဘက်၌
ဟိုးလေးတကျော်ကျော်ဖြစ်လို့သွားခဲ့သည်။

ဘွားမယ်စိန်ကိုမျက်နှာဖြူတို့
အကူအညီလာတောင်းသော
ကျ်ိန်စာသင့်စေတီဆိုတာကလည်း
မြန်မာနိုင်ငံ၏တစ်နေရာ၌သာ …ရှိနေပါလိမ့်မည်။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)