လူခြောက်မောင်ရှိန်

ဆင်းရဲခြင်းမှ ရုန်းထွက်ချင်လာကြ၍မတားဆီးမိကြတော့။
သို့သော် ဖမ်းဆီးခံရမည်ဆိုးသောကြောင့် အနည်းငယ်ကိုသာ ထုတ်ယူသုံးစွဲနေကြရ၏။

“ငါသိပြီ…။ငါ့သူငယ်ချင်းရွာကို သွားကြမယ်…။အဲ့သည်ရောက်မှအခြေအနေကို ဆက်ပြီးစဥ်းစားကြတာပေါ့”

“အင်းပါတော်…အဲ့သည်နည်းက ကျုပ်တို့ အတွက်အဆင်ပြေမှာပါနော်…”

“စိတ်ချစမ်းပါကွာ…ငါတစ်ယောက်လုံးရှိပါတယ်…
ဘာကိုမှမပူနဲ့ ဟုတ်ပြီလား”

“မပူတော့ဘူးတော်…ရှင့်ကိုပဲအားကိုးလိုက်တော့မယ် ကိုမြဖေရေ…”

“အေးပါကွာ…ဟားး…ဟားး..ဟားး….”

ထိုသို့ဖြင့် ဦးမြဖေတို့မိသားစုသည် သူငယ်ချင်းဖြစ်သူရှိရာရွာဆီသို့ပြောင်းရွေ့လာခဲ့ကြ၏။
ပတ်ဝန်းကျင်ကိုတော့ လုပ်ကိုင်စားရသည်မှာအဆင်မပြေတော့၍
ပြောင်းရွေ့ရခြင်းဟူ၍သာ ပြောဆိုခဲ့ကြ၏။

***

ထိုရွာရှိသူငယ်ချင်း၏အကူအညီဖြင့် အိမ်ဝိုင်းကျယ်ကြီးတစ်ခုဝယ်ယူကာ ပျဥ်ထောင်နှစ်ထပ်အိမ်ကြီးအား ဆောက်လုပ်ပြီး နေထိုင်ခဲ့ကြလေသည်။
ထိုကုန်ကျငွေများသည် သားဖြစ်သူ မောင်ကျော်ရှိန်၏ ခိုးယူပေးသော ပစ္စည်းများအားရောင်းချရာမှ ရရှိခြင်းဖြစ်၏။
ထိုပစ္စည်းများကြောင့် ဦးမြဖေတို့မိသားစုဟာ
ရွာ၌သူဌေး စာရင်းပင်ဝင်ကြလေသည်။

***
တစ်နေ့သ၌…

“တောက်…ငါ့ပစ္စည်းတွေ
ဘယ်လိုဖြစ်ပြီး ပျောက်ရတာလဲ…။
ငပု မင်းကဘယ်ရောက်နေလို့ သူခိုးဝင်ခိုးသွားတာကိုမသိရတာလဲ”

“သူဌေး…သူဌေး… ကျုပ်ဘယ်မှမသွားပါဘူးဗျာ…
ကျုပ် ခြံထဲမှာပဲ အိမ်စောင့်ရင်းအိပ်တာပါ”

“ဟ..မင်းရှိရဲ့သားနဲ့
သူခိုးက ဘယ်လိုဝင်သွားတာလဲ။ငါ့ပစ္စည်းတွေက ငါပင်ပင်ပန်းပန်းရှာဖွေထားတာတွေကွ…တောက်”

“ကျုပ်…ညကဘာသံမှမကြားလိုက်မိတာပါ သူဌေးရယ်…ကျုပ်ပေါ့ဆမိတာပါ…
ကျုပ်တောင်းပန်ပါတယ်ဗျာ”

“တောက်…လုပ်ရင်လည်းသေဦးမယ်…။မင်းငါ့အိမ်ကလူရင်းမို့လို့ ငါယုံကြည်လို့အိမ်စောင့်ထားခဲ့တာကိုကွာ…။
နေဦး… ဒီကိစ္စ ရွာသူကြီးဦးနောင်ချိုကိုသွားပြောမှပဲရမယ်…
ဒါမှ သူခိုးမိမှာ…”

သူဌေးဦးဝင်းမောင်ရွာသူကြီးထံ
အကျိုးအကြောင်းပြေးပြောရ၏။

သူကြီးကိုအကြောင်းစုံပြောပြပြီးလေတော့သူကြီးက…

“ဟာ…ကျုပ်တို့သောင်ထွန်းရွာမှာ…
သူခိုးရယ်လို့မရှိပါဘူးဗျာ…။
အားလုံးစည်းစည်းလုံးလုံးနေနေတဲ့ရွာက…
အခုမှဘယ်ကသူခိုးကပေါ်လာရတာတုန်းဗျာ”

“ဟုတ်တယ်သူကြီးရေ…ကျုပ်လည်းအဲ့တာကိုပဲ အံ့သြနေတာဗျို့…။
အခုတော့ အံ့သြဖို့အစား
ကျုပ်ပစ္စည်းတွေပါကုန်တော့ ကျုပ်တော့ ဒေါသထွက်ရမလိုလို…ထိုင်ပြီးပဲငိုရမလိုလိုဖြစ်နေပါပြီဗျာ”

“စိတ်ချဗျာ…ကျုပ်ရွာကကာလသားတွေနဲ့ သေချာစောင့်ကြည့်ပါ့မယ်…။ဒီသူခိုးက တစ်ခါခိုးယုံနဲ့တော့
နောက်ကိုထပ်မခိုးတော့ဘူးလို့တော့မပြောနိုင်ဘူးဗျ။
နောက်ခိုးတာနဲ့ကျုပ်တို့အမိဖမ်းနိုင်အောင်
ပြင်ဆင်ထားပါ့မယ်…”

“ဟုတ်ကဲ့ပါသူကြီး…ဒီကောင်ကပေါ့လို့တော့မဖြစ်ဘူးနော်။ကျုပ်တပည့် ငပုလိုနားပါးပြီး
အအိပ်ဆတ်တဲ့ကောင်တောင်
မသိလိုက်အောင်အလှစ်ဝင်ခိုးတာဆိုတော့
အတော်လျင်တာပဲဗျ”

“အင်းဗျာ…ခက်တော့ခက်သားပါလား…”

ထိုသို့ဖြင့် သူကြီးဦးနောင်ချိုဟာ ရွာကာလသားခေါင်းဆောင် မောင်အုန်းတို့အဖွဲ့နှင့်တိုင်ပင်ကာ သူခိုးဖမ်ဖို့ကိစ္စစတင်ကြလေသည်။

***
ဘွားမယ်စိန် ဘုန်းကြီးကျောင်းမှာပြန်လာခဲ့လေသည်။ပြန်လာရာလမ်း၌ ညောင်ပင်အကြီးကြီးတစ်ပင်ရှိလေသည်။
ထိုအပင်ကြီးအောက်၌ လမ်းသွားလမ်းလာများထိုင်ဖို့ရန် ခုံတန်းရှည်ကြီးတစ်ခုကို အလှူရှင်များကလှူဒါန်းလို့ထား၏။
ဘွားမယ်စိန်ထိုညောင်ပင်အနီးသို့ရောက်တော့ ခုံတန်းပေါ်သို့ ခုန်တက်လိုက်…
အောက်သို့ ခုန်ချလိုက်ဆော့ကစားနေသော အဝတ်အစားသပ်သပ်ရပ်ရပ်ဖြင့်ကလေးငယ်တစ်ဦးအားတွေ့လေတော့…

“ဟဲ့…ငါ့မြေး ပြုတ်ကျမှ ခက်ကုန်တော့မယ်ကွယ်…”

ဟု…
သတိပေးစကားဆိုလေတော့…။
ကလေးငယ်က ဘွားမယ်စိန်အား တအံ့တသြ ကြည့်၏။
ပြီးလေတော့ ခုံတန်းပေါ်မှဆင်းကာ ဘွားမယ်စိန်အား တစ်ချက်မျှစိုက်ကြည့်ပြီးနောက် ချာကနဲလှည့်ထွက်ပြေးတော့လေသည်။
ဘွားမယ်စိန်ကတော့ ကလေးငယ်၏ ပြောင်းလဲသွားသောအဖြစ်ကြောင့် ရပ်ကြည့်နေခဲ့လေသည်။
ပြီးနောက် …

“အင်း….။ဘယ်လိုဖြစ်ရတာပါလိမ့်….နေစမ်းပါဦး…
တစ်ခုခုငါ့စိတ်ထဲအလိုမကျလှပါ့လား…”

ဟု…ဆိုကာ သူ၏မျက်လုံးများအားမှိတ်လိုက်လေသည်။
ခဏကြာလေ​တော့ ဘွားမယ်စိန်မျက်လုံးများပြန်ဖွင့်လာပြီး…

“သြော်…တို့ရွာမှာ သားခြောက်ရှိတာမသိလိုက်ပါလား…။အင်း…စောရနက္ခတ်ပါတဲ့ကလေးဆိုတော့ မိဘများလည်း
အခက်တော့ကြုံရဦးမှာပဲ…ဘုရား…ဘုရား…ဘုရား”

ဘွားမယ်စိန်သိရှိသွားသော အမှန်တရားကြောင့် စိတ်ပူသွားရှာသည်။
ပြီးလေတော့ မိမိအိမ်ဆီကိုသာ ပြန်လာခဲ့ရှာတော့၏။

အမှန်မှာ ဦးမြဖေတို့ပြောင်းလာသည့်ရွာသည်ကား “သောင်ထွန်းရွာ”ပင်ဖြစ်၏။

ဦးမြဖေသား မောင်ကျော်ရှိန်ဟာ သူ့အား ဘွားမယ်စိန်ကမြင်သွား၍ ကြောက်လန့်တကြားဖြင့် အိမ်ပြန်ပြေးလေသည်။

“မင်း သားကွာ…ထပ်မခိုးပါနဲ့တော့ပြောတာကို…။အခုကြည့်စမ်း အခြေ ချတာမှမကြာသေးဘူး…ထပ်ဖြစ်ပြန်ပြီ”

ဦးမြဖေ သားဖြစ်သူအားဒေါသထွက်နေမိ၏။

“ကျုပ်လည်းပြောပါတယ်တော်…အမေတို့မှာပြည့်စုံနေပါပြီ ထပ်မယူလာပါနဲ့တော့လို့ကျုပ်ကပြောတာကို
ရှင့်သားကဘာပြန်​ပြောတယ်ထင်တုန်း”

“ဘာပြောတုန်းသူက”

“အင်း….။ကျုပ်ကမခိုးရရင် မနေနိုင်ဘူးအမေတဲ့တော်ရေ…”

“ဟာကွာ…ဒုက္ခပါပဲကွာ…။
သားလူခြောက်ရှိတာ
ဒီရွာကလူတွေ
ဘယ်သူမှ မသိပေလို့တော်တော့တယ်ဟေ့…။မဟုတ်ရင်တို့အတွက်အခက်တွေ့မှာပဲ”

“ဟုတ်ပါ့ ကိုမြဖေရေ…
ကျုပ်တော့ ချမ်းသာရမှာကိုတောင်ကြောက်လာပြီတော်”

ဟု…လင်မယားနှစ်ယောက် စိတ်ပျက်လက်ပျက်ဖြစ်နေကြရှာ၏။
ဦးမြဖေတို့လင်မယားသည်က မောင်ကျော်ရှိန်လေးအား အခန်းတစ်ခုအတွင်းထားရှိလေသည်။
ထိုအခန်းအတွင်းသို့ ဦးမြဖေတို့လင်မယားမှလွဲ၍ သားအကြီးဖြစ်သူ မောင်ကျော်မြပင်မဝင်ရပေ။
ထို့ကြောင့် မောင်ကျော်မြသည် ညီဖြစ်သူရှိသည်ဟုပင် စိတ်ထဲမရှိ။
ကစားစရာကစား၍အေးအေးလူလူသာနေရှာ၏။

မောင်ကျော်ရှိန်၏အခန်းအတွင်းမှာတော့ ကုတင်တစ်ခု…
ထိုကုတင်ထက်၌ မောင်ကျော်ရှိန်အား ထားရှိလေသည်။
မောင်ကျော်ရှိန်၏ဘေးတွင်တော့ အဝတ်အစားများအား ဖြန့်၍ထားပေး၏။
ထိုအဝတ်အစားများကိုလည်း ဦးမြဖေတို့လင်မယားက
နေ့စဥ်လဲလှယ်ထားပေးတတ်ကြသည်။
ကုတင်၏ဘေးတွင်တော့ ​ခြေတံရှည်စားပွဲတစ်လုံးရှိ၏။
ထိုစားပွဲပေါ်၌ မောင်ကျော်ရှိန်စားဖို့ ထမင်းဟင်းများ…သစ်သီးများအား ပန်းကန်များဖြင့် ပြင်ဆင်ကာအချိန်အလိုက်လာတင်ပေးထားကြပြန်သည်။
ထိုသည်က ယခုရွာ၌ စတင်နေထိုင်ကတည်းကပင် ပြင်ဆင်ပေးကြခြင်းဖြစ်လေသည်။
မိဘများသည်ကမောင်ကျော်ရှိန်အားမြင်တွေ့ကြရ၏။
မြင်တွေ့ရခြင်းသည်က ဦးမြဖေ၏အိမ်မက်အတွင်းလာရောက်
စကားပြောတတ်သကဲ့သို့ တစ်ခါတစ်ရံ မိခင်ဖြစ်သူ ဒေါ်ကြွယ်၏အိမ်မက်ထဲသို့လာရောက်တတ်လေသည်။
ပစ္စည်းများမခိုးယူတော့ရန်မိဘများကတားဆီးကြ
သော်လည်း မောင်ကျော်ရှိန်ကပြောမရခဲ့။
ခိုးမြဲတိုင်းခိုး၍ သူ၏ထမင်းစား စားပွဲထက်၌ တင်ထားပေးတတ်လေသည်။
ထိုသို့ ထိန်းမရသောအခြေအနေ၌ ဦးမြဖေတို့လင်မယား စိတ်ဆင်းရဲနေခဲ့ကြရ၏။

****

တစ်နေ့မှာတော့…
ဦးမြဖေတို့၏
အိမ်ဆီသို့
အဘွားအိုတစ်ဦး
တောင်ဝှေးတစ်လက်ကိုထောက်ရင်း
ရောက်ရှိလာခဲ့လေသည်။
ထိုသူသည်က ဘွားမယ်စိန်ဖြစ်၏။

“အိမ်ရှင်တို့…အိမ်ရှင်တို့ရှိကြလား…..”

ဘွားမယ်စိန်လှမ်းအသံပြုလိုက်သည်။
ဘွားမယ်စိန်အသံကြောင့်အိမ်အတွင်းမှ ဒေါ်ကြွယ်ထွက်လာခဲ့ပြီး…

“ဘာကိစ္စရှိလို့လဲရှင့်…”

ဒေါ်ကြွယ်ကမေးလေတော့…

“ဘွားနာမည်က ဘွားမယ်စိန်ပါ…ဒီရွာက ပါပဲ”

“ရှင်…ဘွားမယ်စိန်….သြော်…ဘွား…ဝင်ပါ့ရှင် ဝင်ပါ”

ဒေါ်ကြွယ် ဘွားမယ်စိန်ဆိုသည့်နာမည်အားကြားဖူး၏။
သို့သော်လူကိုတော့ယခုမှမြင်ဖူးလေသည်။
ဘွားမယ်စိန် အိမ်အတွင်းဝင်လာခဲ့သည်။
အိမ်အတွင်းအသားခုံတန်းရှည်ပေါ်၌ ကောင်လေး
တစ်ယောက်ထိုင်နေ၏။
ထို့နေရာနှင့်မလှမ်းမကမ်းတွင်လည်း ထိုင်နေသောကောင်လေးထက်အရွယ်ကြီးသော ကောင်လေးတစ်ယောက်က အရုပ်များဖြင့်ဆော့ကစားနေခဲ့လေသည်။
ဘွားမယ်စိန်လာသည်ကို ခုံတန်းပေါ်ရှိကောင်လေးမြင်သွားလေတော့ချက်ချင်းပင် လှေကားပေါ်သို့တက်ပြေးသွားတော့၏။

“သားကြီးရေ ကျော်မြ..ဆော့နေတာတွေခဏထားခဲ့ဦး ခြံနောက်ဖေးမှာ မင်းအဖေရှိတယ် သွားခေါ်ခဲ့ ဒီမှာဧည့်သည်လာတယ်လို့”

“ဟုတ်ကဲ့အမေ…”

ဟု…
ပြောကာ ကျော်မြ ကစားနေရာမှထွက်သွားလေသည်။

ခဏကြာလေတော့ ကျော်မြနှင့်အတူ ဦးမြဖေ အိမ်အတွင်းဝင်ရောက်လာလေသည်။
အိမ်အတွင်း ဧည့်ခန်းရှိခုံတန်း၌ ဘွားမယ်စိန်ကိုဦးမြဖေမြင်လေတော့ ထူးဆန်းသလိုကြည့်ကာ ဒေါ်ကြွယ်အား.
မျက်ခုံးပင့်ပြလိုက်၏။

“အဘွားနာမည်က ဘွားမယ်စိန်တဲ့ ကိုမြဖေရဲ့”

ဟု…ဒေါ်ကြွယ်ကနာမည်
ပြောလေတော့ ဦးမြဖေ ရုတ်တရက်သူငယ်ချင်းဖြစ်သူပြောပြသောရွာ၏ ထူးဆန်းသောအဘွားကြီးကိုသတိရသွားလေသည်။
ထိုအဘွားကြီးသည် ယခုသူ၏ရှေ့၌ရောက်လာလေပြီ။
မကြာသေးခင်ကလည်း သားငယ်ဖြစ်သူ ကျော်ရှိန်က…

“အဖေ…ကျုပ်ဟိုတစ်နေ့က
ညောင်ပင်ကြီးအောက်မှာ ကစားနေတုန်း အဘွားကြီးတစ်ယောက်က ကျုပ်ကိုစကားတွေလာပြောတယ်…
ကျုပ်ဖြင့် အခုချိန်ထိဘယ်သူမှကျုပ်ကို မမြင်ကြတော့ ရုတ်တရက်ဆိုတော့လန့်သွားတာပဲဗျာ။
အဲ့အဘွားကြီးကိုကြည့်တော့သူကလည်း
ကျုပ်ကို​သေချာစိုက်ကြည့်ရင်းပြောနေတာဗျ။
အဲ့တော့ကျုပ်ဖြင့်
သူ့ကိုကြောက်ကြောက်နဲ့ထွက်ပြေးခဲ့ရတာ…။
ပြေးရင်းလှည့်ကြည့်မိတော့လည်း အဲ့အဘွားကြီးက ကျုပ်ထွက်ပြေးလာတာကိုရပ်ကြည့်ကျန်ခဲ့တာဗျ”

ဟု…သူ့အားအိမ်မက်ထဲ၌ပြောဖူးလေသည်။

“ကိုမြဖေ…ထိုင်လေ…။ဘာရပ်လုပ်နေတာတုန်း”

မတ်တပ်ရပ်ရင်းငေးမောနေသော ဦးမြဖေအား ဒေါ်ကြွယ်အော်ခေါ်လေတော့မှ…

“သြော်…အေး…အေး…”

ဦးမြဖေတစ်ယောက် ဘွားမယ်စိန်နှင့် မျက်နှာခြင်းဆိုင်၌ ဝင်ထိုင်လေ၏။
ဦးမြဖေ၏အသွင်ကြောင့် ဘွားမယ်စိန်က…

“ဘွားကိုမလန့်ပါနဲ့ကွယ်…။ဘွား ဒီကိုလာတာမောင်ရင်တို့အခက်အခဲကို ကူညီပေးဖို့ပါ”

“ဗျာ…”

“ရှင်…”

ဦးမြဖေတို့လင်မယား ဘွားမယ်စိန်၏စကားကြောင့်အံ့သြ သွားကြ၏။
ဘွားမယ်စိန်ကဆက်ပြီး…

“မောင်ရင်တို့ဆီမှာ သားတစ်ယောက်ထဲမဟုတ်ဘဲ…နောက်သားတစ်ယောက်ရှိသေးတယ်မလား…။ဘွားကိုအမှန်တိုင်းပဲပြောကြပါ…
ဘွားအဲ့ကလေးလေးကိုလည်းတွေ့ဖူးပါတယ်ကွယ်”

“ဟို…ဟိုလေ…သားငယ်ကလည်း ဘွားနဲ့ဆုံခဲ့တာကို ကျုပ်ကိုပြောပြပါတယ်ဘွား…”

ဦးမြဖေ ဖြေလိုက်၏။
ဦးမြဖေ၏အဖြေကြောင့် ဘွားမယ်စိန်က…

“အင်းးးး….။မောင်ရင်တို့ကိစ္စကသာမာန်ဆိုရင်
ဘွားဝင်ပါမိမှာမဟုတ်ပါဘူး…။အခုကျတော့ ရွာမှာလည်း ပစ္စည်းပျောက်သူတွေကများနေပြီဆိုတာ မောင်ရင်တို့လည်းသိကြတာပဲလေ”

“အဲ့တာက…ဘွားရယ်…ကျုပ်တို့လည်း တားကြပါတယ်…။သားငယ်ကိုယ်တိုင်ကမခိုးရရင်ကို
မနေနိုင်ဖြစ်နေတာပါဗျာ…။အဲ့ကိစ္စကြောင့် ကျုပ်တို့လင်မယားလည်း
စိတ်အတော်ဆင်းရဲနေကြရပါတယ်ဘွားရယ်…”

ဦးမြဖေ ဖြစ်သမျှအားပြောပြလေသည်။

“သူ့ခမျာလည်း စောရနက္ခတ်နဲ့အချိန်ကိုက်မွေးလာတာကိုးမောင်ရင်ရဲ့။
ဘွားအခုလာတာကလည်း အဲ့ကိစ္စကိုဖြေရှင်းပေးဖို့ပါပဲ…”

“ကူညီနိုင်တာရှိရင်ကူညီပါဦးဘွားရယ်။သားငယ်လေး ရွာကလူတွေဆီကခိုးထားတဲ့ပစ္စည်းတွေလည်း ကျုပ်တို့သိမ်းထားပါတယ်…။ဒါပေမယ့်လို့ပြန်ပေးလိုက်ရင်လည်း လူတွေသိရင်ပိုဆိုးလာမှာလည်းဆိုးလို့ပါဘွား…”

“အေး…အေး…အေး….။ဘွားကူညီမှာပါကွယ်….ကူညီဖို့ဒီကိုရောက်လာခဲ့တာပဲလေ။

“ဟုတ်ကဲ့ဘွား….”

“ကဲ…​ဘွားပြောမယ်…မောင်ရင်သားရဲ့ ဘယ်ဘက်လက်မှာ ဒီချည်မန်းကွင်းလေးကို ဝတ်ပေးထားလိုက်…ဒီချည်မန်းကွင်းလေးက သူ့အတွက်ရည်စူးပြီး ဘွားကိုယ်တိုင်စီမံပေးထားခဲ့တာပဲ… ဒါလေးသူ့ရဲ့လက်မှာရှိသ၍ သူ့ရဲ့ခိုးချင်ဝှက်ချင်စိတ်တွေ
ပျောက်ကွယ်နေလိမ့်မယ် မောင်ရင်…။
ရော့…ရော့…တစ်ခါထဲပဲ သွားချည်ပေးထားလိုက်တော့”

“ဟုတ်…ဟုတ်ကဲ့ဘွား…”

ဦးမြဖေ ဝမ်းသာအားရဖြင့်ဘွားမယ်စိန်ထံမှ
ချည်မန်းကွင်းအားယူလိုက်လေသည်။
ပြီးလေတော့
ချက်ချင်းပင်သားဖြစ်သူအခန်းဆီသို့ထွက်သွားတော့၏။
ခဏကြာတော့မှ ဦးမြဖေပြန်ရောက်လာလေသည်။
သို့သော်ဦးမြဖေ၏နောက်ပါး၌မောင်ကျော်ရှိန်
လိုက်လာခဲ့၏။
မည်သူကမှ မောင်ကျော်ရှိန်အား မမြင်ကြရသော်လည်း ဘွားမယ်စိန်ကမြင်ရလေသည်။
မောင်ကျော်ရှိန်အား ဘွားမယ်စိန် ပြုံးကြည့်ရင်း…

“မောင်ရင်တို့လင်မယားက သားချောလေးတွေပိုင်ဆိုင်ထားကြတာပဲကွယ်…
အလှူအတန်းလေးတွေလုပ်ပြီး နောင်သံသရာကောင်းဖို့အတွက် မျိုးစေ့လေးတွေကျဲထားကြပေါ့”

“ဟုတ်ကဲ့ပါဘွား…။ကျုပ်တို့လည်း စဥ်းစားထားပါတယ်”

ဦးမြဖေကပြောလေသည်။
ပြောရင်းမှာပင် သူ၏လက်အတွင်းကပုဆိုးထုပ်လေးအား…

“ဒါတွေက…ရွာကလူတွေဆီက သားငယ်လေးခိုးထားတဲ့ပစ္စည်းတွေပါ။တစ်ခုတစ်လေမှမလျော့ပါဘူးဘွား…
ဒါတွေကို ဘွားဆီအပ်ပါရစေဗျာ…။
ကျုပ်တို့ကိုနောက်ဆုံးအနေနဲ့ ကူညီပေးပါဘွားရယ်”

“အင်းပါမောင်ရင်…။ဒီပစ္စည်းတွေကိုသူကြီးဆီအပ်ပြီး
ပိုင်ရှင်တွေဆီပြန်ရောက်အောင်ဘွားစီစဥ်ပေးပါ့မယ်။
နောက်ပြီး…မောင်ရင်တို့အကြောင်းကို
ဘွား ဘယ်သူ့ကိုမှ မပြောပြပါဘူးကွယ်…ဒါကြောင့် စိတ်ချလက်ချသာနေကြပါ….”

” ကျေးဇူးတင်ပါတယ်ဘွားရယ်….
ကျုပ်တို့တကယ်ကိုကျေးဇူးတင်ရတာပါ။ဘွားကူညီလို့သာကျုပ်တို့စိတ်ချမ်းသာရတာပါဗျာ….”

ဟု…ဆိုကာ ဦးမြဖေနှင့် ဒေါ်ကြွယ်တို့သည်
ဘွားမယ်စိန်အား ထိုင်ရှစ်ခိုးကြ၏။
မောင််ကျော်ရှိန်သည်လည်း ဘွားမယ်စိန်အားပြုံးကြည့်နေရှာသည်။

********
နောက်တစ်ရက်မှာ​တော့ဖြင့်”သောင်ထွန်းရွာ”ထဲ၌….

“ဟဲ့…ကြားပြီးကြပြီလားအေ့….။ရွာမှာသောင်ကျန်းနေတဲ့သူခိုးက ပစ္စည်းတွေ သူကြီးအိမ်ရှေ့လာချသွားတယ်ဆိုပဲ…အခုဆိုရင် ပစ္စည်းပျောက်သူတွေလည်း သူတို့ပစ္စည်းတွေ ပြန်ရကြတော့ ပျော်နေကြတယ်လေ”

“အေးနော်…။သူခိုးကလည်းအဆန်းကြီးပါလားဟယ်…”

“အေးပါဆို…။ခိုးတာတွေလာပြန်ထားတာခုမှပဲကြားဖူးတယ်အေ…”

အမှန်သည်ကား….ဘွားမယ်စိန်ကိုယ်တိုင်သူကြီအိမ်ရှေ့၌ ထိုပစ္စည်းထုပ်အားချပေးခဲ့လိုက်ခြင်းဖြစ်သည်။

နောက်ပိုင်းမှာတော့ ရွာ၌သူခိုး၏ရန်သည်လည်းကင်းဝေးသွားတော့လေသည်။

မောင်ကျော်ရှိန်တစ်ယောက်လည်း ဘွားမယ်စိန်၏ ချည်မန်းကွင်းကြောင့်
ခိုးချင်စိတ်များပျောက်ကွယ်သွားပြီး မိဘများနှင့် အေးချမ်းစွာနေထိုင်သွားတော့လေသည်။

စာဖတ်သူတို့အတွေးကရော……?

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)